ကိုယ့်ဆီလာတော့ရွှေဧည့်သည်(စ/ဆုံး)
———————————————–
သမီးရေ ငါးသလောက်တွေက အမေအရသာနှပ်ပြီးသား ပေါင်းအိုးအောက်ခြေကို ထုထားတဲ့ကြံပိုင်းလေးတွေခင်းပြီးစီထားပေး ။ အကောင်မပျက်ပေါင်းရအောင်။ ငါးပြေမအကြီးကြီးတွေက ချဉ်ရည်ချက်မှအရသာရှိတာ ဆားနဲ့သံပုရာသီးနဲ့သေချာပွတ်ဆေးပေး။ အင်းငါးဆိုတော့ညှိမှာစိုးလို့။ ပြီးရင် ငရုတ်ပုနဲ့ဂျင်းကြက်သွန် ထောင်းထားပေးအုံး ငါးပြေမချဉ်ရည်ချက်ရအောင်လို့နော်။ လယ်ငါးခူလေးတွေက အသားလွှာပြီးသား စင်းကောလုပ်ထားပေးအုံး။ ရဲယိုရွက်နဲ့ချက်ရအောင်။ ငါးပနော်လေးတွေနဲ့ ကုလားအော်ငရုတ်သီး သုံးတောင့်လောက် ကြက်သွန်ဖြူနီလေးပါမီးအုံးထားပေး။ သုံးမျိုးစပ်ငါးပိရည်လေးကျိုပြီး ငပိရည်ဖျော်ဖို့နော်။ တို့စရာအတွက် ရှောက်ရွက်နဲ့လယ်သရက်ကင်းလေးတွေရေဆေးထားပေး။ သရက်သီးဆားရည်စိမ်လေးတွေစိတ်၊ မာလာဖူးနဲ့ကန်စွန်းရိုးနီရေနွေးဖျောပေး။ အရွက်စုံဟင်းချိုနဲ့ အစိမ်းကြော်လေးကြော်ရအောင် အမေရွာထဲက ကုန်စိမ်းဆိုင်ပြေးလိုက်အုံးမယ်။ ပြောလည်းပြော အပြေးတပိုင်းနဲ့ထထွက်သွားတဲ့ အမေ့ကိုကြည့်ပြီး ထားရီ မောမိတယ်။ တကယ်ဆိုကျန်တဲ့ညီအစ်ကိုမောင်နှမတွေအသီးသီး အိမ်ထောင်ကျသွားပြီး လက်တွင်း အပျိုကြီး ထားရီတစ်ယောက်သာရှိတာမို့ ဘုန်းကြီး၀တ်သွားပြီဖြစ်တဲ့အဖေ ဦးထွန်းမြ တစ်ဖြစ်လဲ ဥူးဓမ္မိက ကိုယ်တော်ကြီးအတွက်ဆွမ်းချိုင့်ချက်ပြီး ပိုတာလေး သားအမိနှစ်ယောက်စား ဘာမှအပန်းမကြီးပါ။
အဖေရောအမေရော ငယ်တုန်းရွယ်တုန်းတက်ညီလက်ညီကြိုးစားရှာခဲ့တာမို့ နှစ်ထပ်ပျဉ်ထောင်အိမ်ကြီးတစ်လုံးရယ် မြေ ဧက နှစ်ဆယ်လောက်နဲ့အတွင်းပစ္စည်းအချို့ရှိတာမို့ထားရီတို့သားအမိအတွက်မပူရပါ။ ထားရီရဲ့အထက်တန်းပြဆရာမလခလေးရယ် မြေတွေအငှားချထားတဲ့သီးစားခနဲ့တင်လူတန်းစေ့တော့စားနိုင်၀တ်နိုင်လှူနိုင်ပါတယ်။ သားအမိနှစ်ယောက် ရိုးရိုးကုပ်ကုပ်အပူအပင်မရှိနေလာခဲ့ကြတာ ထားရီပင်သုံးဆယ်ကျော်အပျိုကြီးစာရင်း၀င်လာသလို့ အမေဒါ်လှတင်သည်ပင် ခြောက်ဆယ်ကျော်အရီးလှတင်ဖြစ်လာပေပြီ။
အမေကအသက်ကြီးလာလို့လားမသိ ဧည်သည်မျှော်သလို ဧည်သည်လာရင်ပျော်လည်းပျော် ဧည်၀တ်လည်းအလွန်ကျေပါသည် ။ သွေးရင်းရင်း မရင်းရင်း ဘယ်နှစ်၀မ်းကွဲကွဲ လာပြီဆိုအမျိုးစပ်ပြီး အလျှံအပယ်ကျွေးမွေးသလို အပြန်လက်ဆောင်ဆိုလည်းတနင့်တပိုးပေးရမှာကျေနပ်သူပါ။ ထားရီက စေတနာနည်းလို့မဟုတ်ပေမဲ့ ၀န်ထမ်းဖြစ်တဲ့ထားရီက အချိန်လုပြီးလုပ်ရသလို နှလုံးအားနည်းတဲ့အမေအတွက်ပင်ပန်းတာမို့ ဧည်သည်လာမယ်ဆို အနည်းငယ်ညိုငြင်မိတာတော့၀န်ခံရပါသည်။
အခုလည်းမြို့က အဒေါ်၀မ်းကွဲမိသားစုတွေပိတ်ရက်လာကြမယ်ဆိုလို့ မိုးမလင်းခင်ထဲက ကောင်းနိုးရာရာအလျှံအပယ်ချတ်တဲ့အပြင် အပြန်လက်ဆောင်ပေးဖို့ ခြံထွက်အသီးအနှံ ပဲမျိုးစုံ ငါးရံခြောက်စုံစိနေအောင်ပြင်ပြီးပြီ။။ ထားရီနည်းနည်းပါးပါးညိုငြင်မိရင် အိမ်သာလို့ ဧည့်လာတာသမီးရဲ့ ကိုယ့်ဆီလာတော့ ရွှေဧည့်သည်တဲ့မညိုငြင်ရဘူးဆိုတာအမေ့လက်သုံးစကားလေ။ မျှော်လင့်လို့မဟုတ်ပေမဲ့ ကိုယ့်ဆီလာလို့ဧည့်၀တ်ကျေရင် အရေးအကြောင်းရှိတော့အကူအညီရတာ့ပေါ့ဆိုလို့ ထားရီလည်းဘာမှမပြောတော့ပါ ။ အမေစိတ်ချမ်းသာရင်ပြီးတာပဲလို့တွေးလိုက်မိတော့တယ်။
”
“ဒီနေ့မောတယ်အမေရေ စာမေးပွဲခန်း ကသုံးချိန်ဆတ်စောင့်ခဲ့ရတယ် အတန်း၀င်အမှတ်ခြစ် တစ်စက်မှမနားခဲ့ရဘူး။”။ ပြောလည်းပြောအမေ့ဆီထုံးစံအတိုင်း ပြေးဖက်လိုက်တဲ့ထားရီ အမေချွေးစေးတွေပြန်ပြီး တစ်ကိုယ်လုံး အေးစက်နေတာမို့ လန့်သွားမိတယ်။ မောတယ်သမီးရယ်အသက်ရှူမ၀ဘူး ။ လေသံယဲ့ယဲ့နဲ့အမေပြောတာမို့ ထားရီလည်းထူပူပြီး ရွာထိပ်က လိုင်းကားဆွဲတဲ့ ဦးချစ်မောင်တို့ဆီ ဖုန်းဆတ် ကားအော်ဒါခေါ်လို့ အမေပြနေကြနှလုံးအထူးကု ဆရာ၀န်ကြီး ထိုင်တဲ့ ပန်းလှိုင်ဆေးရုံကိုအားချင်းထွက်လာခဲ့တော့တယ်။
တော်ပါသေးရဲ့ ဆရာ၀န်ကြီးနဲ့တိုက်ရိုက်တွေ့ လိုအပ်တဲ့စစ်ဆေးမှု့တွေလုပ် ပြီး နောက်နှစ်ရက်ကြာမှ ပြန်ကြည့်မယ်ဆိုတော့ ထားရီလည်းအားကိုးတကြီး အမေ့အမျိုးတွေရှိတဲ့ အင်းစိန်ကို ဆက်သွားလိုက်တော့တယ်။
အရင်ဆုံး အိမ်လာရင် ဆေးခန်းလာပြတဲ့အခါ ဆက်ဆက်၀င်ဖို့ မရမက မှာထားတဲ့ အမေ့ အမ၀မ်းကွဲ ကြီးကြီးမြဆီဖုန်းဆတ်လိုက်တယ်။ “ကြီးမြရေ အမေဆေးခန်းလာပြတာ။ ဆရာ၀န်ကြီးက နှစ်ရက်ခွာချိန်းတာနဲ့ကြီးမြတို့ဆီထွက်လာတာ”။ ကိုယ့်စကားလည်းဆုံးရော အားရ၀မ်းသာခေါ်မယ်ထင်တဲ့ကြီးမြအသံက ခပ်တိမ်တိမ်လေးထွက်လာတယ်။ “ဟယ် ထားရီရယ် နင့်အစ်မတွေက ကလေးတွေ စာမေးပွဲနောက် လိုက်နေရတာနဲ့ မအားကြဘူး။ ကြီးမြကလည်း သိပ်မမာတော့ အိမ်မှာတည်းလို့အဆင်မပြေမှာအားနာတယ်။ ခဏလာနားရင်လည်းနားလေတဲ့။” စနေသမီးပီပီ စိတ်ထက်တဲ့ထားရီကတော့ ရတယ်ကြီးမြ ခဏလည်းမနားတော့ဘူး။ နောက်ကြုံလည်းမ၀င်တော့ဘူးလို့ ပြောထည့်လိုက်မိရော။
အဲဒါနဲ့ ကျန်တဲ့ညီအစ်ကိုမောင်နှမနီးစပ်ရာတွေဆီ၀င်တော့လည်း ထိုနည်းအတိုင်းထူးမခြားနားပါ။ ဟန်ဆောင်ပန်ဆောင် ညအိပ်ခေါ်မဲ့သူမရှိသလို့ ကော်ဖီကျဲကျဲနဲ့ ကိတ်မုန့်ပါးပါးလေး သုံးချပ်လောက်၀တ္တရားကျေချပေးပြီး ထမင်းတောင်ဟိုအိမ်ကကျွေးမလို ဒီအိမ်ကကျွေးမလိုနဲ့ အကုန်လုံး ကုလသမ္မဂ အတွင်းရေးမှူးချုပ်ထက်အလုပ်များနေကြတာမို့ ထားရီတို့သားအမိမှာမျက်လုံးလေးတလယ်လယ်နဲ့ ဘာလုပ်ရမှန်းကိုမသိတော့ပေ။
နောက်တော့ ထားရီဆုံးဖြတ်လိုက်သည် ပိုက်ဆံပါတယ် ပါးစပ်ပါတယ် ဘာလိုသေးလဲလို့ တွေးပြီး သားအမိနှစ်ယောက် ထထွက်လာခဲ့ကာ အဆင့်မြင့်ဧည့်ရိပ်သာတစ်ခုမှာတည်း၊ စားသောက်ဆိုင်ကမှာစားပြီး ဆေးခန်းပြလို့ပြန်လာခဲ့ရပါရောလား။ အခုတော့အမေနေမကောင်းလို့မပြောသေးဘူး။ နေကောင်းလာရင်တော့ အမေရေ ကိုယ့်ဆီလာတော့ရွှေဧည့်သည် ၊သူတို့ဆီသွားတော့ ငွေဧည့်သည်၊ကြေးဧည့်သည် တောင်မဟုတ်ဘူး ပလပ်စတစ်ဧည့်သည်လို့ ပတ်၀န်းကျင်ညစ်ညမ်းမှာစိုးတဲ့အတိုင်းဘယ်သူမှလက်မခံချင်ဘူးလို့ပြောမိမှာအမှန်ပဲဖြစ်ပါတယ်။
ခတ္တာဖူးငုံ