ကိုးလောင်းကွေ့ (စ/ဆုံး)
———————–
ဒီအဖြစ်အပျက်လေးက ၁၉၇၁ခုနှစ်လောက်တုန်းက ဟင်္သာတမှာ ဖြစ်ခဲ့ တဲ့ အဖြစ်အပျက်လေးတစ်ခုလို သိရပါတယ်။ စိတ်မကောင်းစရာအဖြစ်အပျက်လေး ဖြစ်ခဲ့တဲ့ ကားလမ်းအကွေ့လေးကို တစ်ချိန်တုန်းကတော့ နယ်ခံတွေက “ကိုးလောင်း” ကွေ့လို့ ခေါ်ဆိုကြတာပေါ့။ သို့ပေမယ့်လည်း အခုတော့ “ကိုးနဝင်း” ကွေ့လို့ ပြောင်းလဲခေါ်ဆိုလိုက်ကြပြီတဲ့။
“ကိုးလောင်းကွေ့” လို့ ဘာလို့ ခေါ်ဆိုကြတာလဲ? ဆရာဒဿကျော်စွာ ရေးသားထားတဲ့ “သစ်ခြောက်ကုန်း” ဆိုတဲ့ ဇတ်လမ်းလေးကို အတိုချုံ့ ပြန်လည်ပြောပြရရင်တော့ ………..
ဧရာဝတီတိုင်းမှာရှိတဲ့ ကျေးရွာလေးတခုကို တာဝန်ကျ မန္တလေး တက္ကသိုလ် တွဲဘက် ပါမောက္ခ ဆရာတစ်ယောက် ဦးဆောင်တဲ့ “အ” သုံးလုံး လုပ်အားပေး ကျောင်းသားအဖွဲ့ တာဝန်ပြီးဆုံးသွားတဲ့ အတွက် ကျေးရွာကလေးကို နှုတ်ဆက်ရင်း ပုသိမ် – ဟင်္သာတ ကားလမ်းကြောင်းအတိုင်း အစိုးရ ယဉ်တန်းနဲ့ ပြန်လာခဲ့ကြပါတယ်။
မတ်လ၂၇ရက်နေ့ ည၈နာရီအချိန်မှာ ဟင်္သာတဒီဂရီကောလိပ်တွင် ပြုလုပ်ကြမယ့် ဂုဏ်ပြု ညစာစားပွဲကို အချိန်မှီတက်ရောက်နိုင်ရန် ယဉ်တန်းကို ခက်သွက် သွက်လေးမောင်းပြီး အပြန်ခရီးကိုထွက်ခွာလာခဲ့ကြတာပေါ့။
တွဲဘက်ပါမောက္ခ ဆရာဦးဆောင်တဲ့ ကျောင်းသူ ၇ဦးအဖွဲ့က ရှေ့ဆုံးကားမှ ဖြစ်ပြီး ကျောင်းသားအများစုပါတဲ့ ကား၂စီးကတော့ အနောက်မှ လိုက်လာကြပါတယ်။
ကားကို သွက်သွက်ကလေးမောင်းလာရင်း ည ၇:၃၀ အချိန်မှာတော့ ဟင်္သာတ မြို့မှ ကြိုဆိုပါ၏ ဆိုတဲ့မုခ်ဦးလေး ကို ဖြတ်ကျော်လာပါတော့တယ်…။
ဟင်္သာတ မြို့မှာရှိတဲ့ ကနောင်စုရပ်ကွက်ကို လက်ဝဲရစ် ဂငယ် ကွေ့ ဖောက်လုပ်ထားတဲ့ အန္တရာယ်ကွေ့ အရှည်မှာ ကိုက်၇ရာ ခန့်ရှည်လျားသလို ကားလမ်းကိုဖျက်ဖောက်ထားတဲ့ ရေနှုတ်မြောင်း ဂုံးတံတားပေါက် တခုလဲရှိပါတယ်။
ကားဆရာဟာ ကားကို ညာဘက်သို့ဝိုက်ပြီး အလိုက်သင့် အကွေ့အတိုင်းမောင်းလာ လိုက်ပါတယ်။
ဂုံးပေါက်သို့မရောက်ခင် ကိုက်၅၀အကွာကို…..ရောက်တဲ့အခါ…ကားမှာ…အရှိန်များနေတဲ့အတွက် မျှော်လင့်သလို ဖြစ်မလာပဲ ဂျွမ်းတပါတ်လည်ကာ….ဂုံးတံတားအောက်ကို…ကားထဲက ကျောင်းသူလေးတွေရဲ့ အော်ဟစ်သံတွေနဲ့အတူ…ဇောက်ထိုးကျသွားပါတော့တယ်..။
ကားမှောက်တယ်ဆိုတဲ့ သတင်းကြားတာနဲ့…အနားမှာရှိတဲ့ဆိုက်ကားသမားတွေ အခင်းဖြစ်တဲ့နေရာကိုရောက်လာကြတဲ့အခါ…ကားက မီးစတင်လောင်ကျွမ်းနေပြီဖြစ်ပါတယ်..။
ဆိုက်ကားသမားများနှင့် နောက်မှလိုက်လာတဲ့ ကျောင်းသား အုပ်စုကလည်း လောင်နေတဲ့မီးကို ခက်ခက်ခဲခဲ…ငြိမ်းသက်လိုက်ကြတယ်ဆိုပေမယ့်လည်း….. အရာရာဟာ နောက်ကျကုန်ပြီဖြစ်ပါတယ်…။
ကားမှောက်တဲ့ နေရာမှာ ကားရှေ့ခန်းက (ကျောင်းဆရာ နဲ့ ကားသမား) အမျိုးသား၂ဦး ၊ နောက်ကလိုက်ပါလာတဲ့ ကျောင်းသူ ၇ဦး ၊ (အားလုံးပေါင်း) ၉ဦး ပွဲချင်းပြီး သေဆုံးသွားကြပါတယ်..။ အဲ့နေ့ကစပြီး အန္တရယ်ကွေ့ကို ကိုးလောင်းပြိုင် သေဆုံးသွားတဲ့အတွက် “ကိုးလောင်းကွေ့” လို့ နယ်ခံတွေက သတ်မှတ်ခေါ်ဆိုကြတာပေါ့…..။
ဒီအဖြစ်အပျက်ဆိုးကြီး ဖြစ်ပြီး ၇ရက် မြောက်နေ့မှာတော့ အဲ့အကွေ့နားမှာ ထူးဆန်းတာတွေ ဖြစ်လာပါတော့တယ်….။
တစ်နေ့မှာ …. ဘယာကြော်ရောင်းတဲ့ ကုလားကြီး တစ်ယောက် စျေးရောင်းမကောင်းတဲ့ အပြင် အရင်းတောင်မကျေသေးတော့စိတ်ညစ်နေတာပေါ့။ ပြန်ရမယ့် အချိန်ကလည်း ည ၉နာရီထိုးတော့မယ်…။ ပြန်ရမယ့်နေရာကလည်း နာမည်ကြီးနေတဲ့ “ကိုးလောင်းကွေ့” ကိုပတ်ပြန်ရမယ့်ပုံ ဖြစ်နေပါတယ်။စိတ်ညစ်ညစ်နဲ့ ဘယာကြော်တွန်းလှည်းလေးကို တွန်းနေရင်း…ကိုးလောင်းကွေ့ ဂုံးတံတား နားရောက်တော့…
“ဘယာကြော် ၁ကျပ်ဖိုး ပေးပါရှင့်” ဆိုတဲ့ အသံကို ကြားလိုက်ရပါတော့တယ်..။
ရုတ်တရက် ထွက်လာတဲ့ အသံကြောင့် လန့်ပြီးနောက်လှည့်ကြည့်လိုက်တဲ့အခါ…. “ဟာ! ကောင်မလေး ၄ယောက်” “ဟဲ့… ညည်းတို့ ဒီအချိန်ကြီး ဒီမှာ ဘာလုပ်နေကြတာလဲ?” လို့ လှမ်းမေးလိုက်ပါတော့တယ်…။
ထိုအခါ … ကောင်မလေး တွေကလည်း ” ဗိုက်ဆာလွန်းလို့ပါ… ဘယာကြော် ၁ကျပ်ဖိုး ပေးပါ” လို့ပဲ ဆက်ပြောနေကြပါတယ်..။
ဘယာကြော်သည်ကြီးလည်း ကောင်မလေးတွေကို သနားတာနဲ့ “ရော့! တစ်ထုပ်ကို ၁မတ်၊ ၁ကျပ်ဖိုး ၄ထုပ်ယူသွား” ဆိုပြီး နောက်ထပ် ၁ထုပ်ပါ လက်ဆောင်ထည့်ပေးလိုက်ပါတယ်။
အဲ့အချိန်မှာ….ကောင်မလေးတွေ ထဲက ၁ယောက်က ဘယာကြော်ထုပ်တွေကို လှမ်းယူလိုက်ပြီး….. ရုတ်တရက်.. ၁ကျပ်တန် အကြွေစေ့ တစ်စေ့ကို အာခေါင်ထဲက နှိုက်ယူလိုက်ပါတယ်.။ ထို့နောက် “ရော့! ဒါက ငါတို့ကို ကူးတို့ခ ထည့်ပေးလိုက်တဲ့ ငွေ၁ကျပ်..သုံးလို့တော့ ရတယ်မလား? ဆိုပြီး ဘယာကြော်သည်ရဲ့ လက်ထဲကိုထည့်လိုက်တော့ ….
ဘယာကြော်သည်လည်း… ဗြုန်းခနဲ ကြက်သေသေပြီး ပါးစပ်အဟောင်းသားဖြစ်သွားတာပေါ့….။
“နင်….နင်တို့က!”
“ငါတို့က ဒီအကွေ့မှာ ကားမှောက်တုန်းက သေခဲ့တဲ့ ကျောင်းသူတွေဘဲ…
ဒီနေ့ ငါတို့၇ရက်လည်တဲ့နေ့လေ…ဘာမှမစားရသေးလို့ ဝယ်စားကြတာ”
အား….ပါး….ပါး…..သရဲဗျို့….သရဲ….ကယ်ကြပါဦးဗျို့! ဆိုပြီး အကြော်လှည်းကိုတောင် နောက်မှာထားခဲ့ပြီး တစ်ချိုးထဲ ပြေးပါတော့တယ်….။
နောက်နေ့မနက်ရောက်တော့ ကိုးလောင်းကွေ့ သရဲခြောက် ခံရတဲ့အဖြစ်ဟာ…ဟိုးလေးတကြော်ကြော်ဖြစ်သွားတာပေါ့….။
နောက်အလှည့်ကျတာကတော့ ပရလောက ကို အယုံအကြည်လုံး၀မရှိတဲ့ ဆိုက်ကားဆရာတပည့် နှစ်ယောက် အလှည့်ဖြစ်ပါတယ်…။
ဆရာတပည့် နှစ်ယောက်စကားတစ်ပြောပြော နဲ့ ဆိုက်ကားနင်းလာရင်း ကိုးလောင်းကွေ့ နားရောက်တော့ …..
“အကိုတို့ …. အကိုတို့!” ဆိုတဲ့ လှမ်းခေါ်သံကိုကြားလိုက်ရပါတော့တယ်…။
ဘယ်သူလဲဆိုပြီး လှည့်ကြည့်လိုက်တော့ အမျိုးသမီးတစ်ယောက် ဆိုက်ကား နောက်ကို ပြေးလိုက်လာတာကို တွေ့လိုက်ကြရပါတယ်..။ ခြေထောက်မှာလည်း ပွန်းပဲ့ရာတွေ နဲ့ ဒဏ်ရာတွေကို လှမ်းမြင်လိုက်ကြပါတယ်…။
ဟဲ့! ကလေးမ….ဘာဖြစ်လာတာလဲ….နင်ဘယ်သူလဲ?
“ဟို…ကျွန်မက ဒီဟင်္သာတကောလိပ်မှာ ကျောင်းတက်နေတဲ့ ကျောင်းသူတယောက်ပါ။ ဒီရှေ့နားက ဂုံးတံတားနားက ချောက်ထဲကို….ကျွန်မသူငယ်ချင်း ပြုတ်ကျသွားလို့ ဘာဖြစ်သွားလဲမသိဘူး …ခေါ်လို့လည်းမရတော့ဘူး…”
“ဟေ!အဲ့တာဆိုရင်….နေရာလိုက်ပြ….ငါတို့ … အခုလိုက်ကြည့်ပေးမယ်”
ဆရာတပည့် နှစ်ယောက် ချက်ချင်းဆိုသလို …. ကလေးမလေး နောက်ကို လိုက်ပြီး…. ကိုးလောင်းကွေ့ ဂုံးတံတားနားရောက်တော့…. ချောက်ထဲကို အလောတကြီး ဆင်းလိုက်ကြပါတော့တယ်…။ ချောက်ထဲမှာ မိန်းကလေး တစ်ယောက် လဲကျနေတာကို တွေ့လိုက်တော့ ပါလာတဲ့ ဓါတ်မီးနဲ့ ထိုးကြည့်လိုက်ကြတာပေါ့….။ လဲကျနေတဲ့ မိန်းကလေးနားလဲ ရောက်ကော….
ဝေါ့……ထွီ!….လောက်တဖွားဖွားနှင့်….အပုပ်နံ့လှိုင်းထနေသော အလောင်းကောင်ကြီး….ကိုတွေ့လိုက်ကြပါတော့တယ်….။
ဟဲ့….ဟိုကောင်မလေး…..နင်ပြောတော့ ခုနကမှ ပြုတ်ကျတာဆို…အခုက ပုပ်ပွ နေပြီ…ဘလိုဖြစ်ရတာတုန်း!
အဲ့အလောင်းက…..ကျွန်မသူငယ်ချင်းအလောင်းလေ….သေပြီးတာ….၁ပါတ်ကျော်ပြီ….
ဟာ!….ဒါ….ဒါ….ဆို..နင်ကရော?
ကျွန်မလား…..ကျွန်မလည်း သေပြီးတာ၇ရက်ကျော်နေပြီရှင့်…ဘယ်သူ့အကူအညီတောင်းရမလဲမသိဖြစ်နေလို့…..
ဟကောင်ရေ! ပြေး….ပြေး……
ဆရာတပည့်နှစ်ယောက်….ပါလာတဲ့ဆိုက်ကားကို ပစ်ထားခဲ့ပြီး ကနောင်စုရပ် ကွက်ဘက်သို့ ဦးတည်ပြီး အော်ပြေးကြရပါတော့တယ်..။
ဒီလိုနဲ့ ကိုးလောင်းကွေ့က တဖြည်းဖြည်းနဲ့ သရဲခြောက်တယ်ဆိုပြီး နာမည်ကြီးလာတာပေါ့….။ နေ့ခင်းပိုင်းတောင် ဘယ်သူမှ မဖြတ်သွားရဲကြတော့ပါဘူး…။
တစ်နေ့တော့ …. ဟင်္သာတကောလိပ် ပါချုပ်ကြီးရောက်လာပါတယ်….။ ပါချုပ်ကြီး နှင့် တကွ မြို့ခံနယ်ခံ တွေကိုယ်တိုင် သေချာ တိုင်ပင်ကြပြီး ကိုးလောင်းကွေ့နားမှာ ဘုန်းကြီးပင့် ပရိတ်ရွတ် အလှူအတန်းတွေ ပြုလုပ်ကာ ရေစက်ချ အမျှဝေလိုက်ကြတာပေါ့….။
နောက်ပြီးတော့… အဲ့ကိုးလောင်းကွေ့နားက ကုန်းလေးတစ်ခုမှာပဲ…သေဆုံးသွားတဲ့ သူတွေအတွက် လွမ်းစေတီသဘော “ကိုးနဝင်း စေတီ” ဆိုပြီး စေတီလေးတစ်ဆူ တည်ထားလိုက်ပါတော့တယ်…။
အခုတော့ ကိုးလောင်းကွေ့ မှာ ဘာအဖြစ်အပျက်မှ မဖြစ်တော့ဘူးလို့ ပြောကြပါတယ်..။ဒီအရာတွေက တစ်ချိန်တုန်းက ဝမ်းနည်းစရာ စိတ်မကောင်းစရာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်လေးတွေပေါ့…။ ကိုးလောင်းကွေ့ဆိုတာ….ပုံပြင်လေး တစ်ပုဒ်အဖြစ်ပြောင်းလဲသွားပြီးတော့ …. “ကိုလောင်းကွေ့” ဆိုတဲ့ လမ်းကွေ့လေးကို “ကိုးနဝင်းကွေ့” လို့ ပြောင်းလဲ ခေါ်ဆိုလိုက်ကြပါတော့တယ်…။
Source : ဒဿကျော်စွာ “သစ်ခြောက်ကုန်း”၊ ဟင်္သာတမြို့ပုံပြင်များ
#မူရင်းတင်ထားသူအားလည်းcredit