ကံတရား၏ စေ စားရာ

Posted on

ကံတရား၏ စေ စားရာ(စ/ဆုံး)
—————————-
ဦးလှမော်သည် အိပ်ရာထဲက အသာလေးထွက်လိုက်သည်။ သူမည်မျှ ကြိုးစားအိပ်သည်ဖြစ်စေ အိပ်မပျော် နိုင်ခဲ့ပေ။ သူက မီးကို ဖွင့်လိုက်သည်။

“စာဖတ်လိုက်ရင် အိပ်ပျော်မှာပဲ”

သူက စာအုပ်တစ်အုပ်ကိုဆွဲကာဖတ်လိုက်သည်။ တစ်နာရီမျှကြာသည့်အခါတွင် မျက်စိညောင်းလာသဖြင့် စာဖတ်ခြင်းကို ခေတ္တရပ်ကာ မီးမှိတ်လိုက်သည်။ အိပ်ပျော်ရန် ပြန်ကြိုးစားသည်။ သို့သော် ခဏအကြာတွင် မီးပြန်ဖွင့်ကာ ငုတ်တုတ်ထိုင်နေသည်။

သူခြံထဲကို ဆင်းလာသည်။

“လမ်းလျှောက်လိုက်ရင် ကောင်းမယ်”

သူက ခြံထဲတွင် ခေါက်တုံ့ ခေါက်ပြန် လမ်းလျှောက်သည်။ လမ်းလျှောက်ရင်း တွေးနေသည်။ သူ့အတွေးထဲတွင်

“အရှုံးပေါ်လာသည့် လုပ်ငန်းတွေ”

“အသုံးအဖြုန်းကြီးသည့် သားသမီးတွေ”

“ထင်တိုင်းလုပ်နေသည့် သူ့ဇနီး”

“ယောက္ခမတွေ၏ နိုင့်ထက်စီးနင်းကိစ္စတွေ”

သူက လမ်းလျှောက်ခြင်းကို ရပ်လိုက်သည်။ ချွေးတွေက နဖူးပေါ်မှ စီးကျလာသည်။ သူက အိမ်ထဲကို ပြန်ဝင် လိုက်သည်။ အဝတ်အစား လဲလိုက်သည်။ နာရီကိုကြည့်လိုက်သည်

“၁၁ နာရီ”

သူက ကားသော့ကိုယူပြီး ကားပေါ်တက်လိုက်သည်။ ခြံစောင့်က လာမေးသည်

“ဆရာ ညကြီးမင်း ဘယ်သွားမလို့လဲ”

“ငြီးစီစီကြီး ဖြစ်လာလို့ဗျာ … ကားတစ်ပတ်လောက် လျှောက်မောင်းမလို့”

“မမလေး ပြန်လာရင် ဘာပြောလိုက်ရမလဲဆရာ”

“ခုထိ ပြန်မလာသေးဘူးလား”

“မလာသေးဘူးဆရာ”

“ကလေးတွေရော”

“သူတို့လည်း ပြန်မရောက်ကြသေးဘူးဆရာ”

“ကောင်းလိုက်တာ … ဘာမှ ပြောစရာမလိုဘူး … ခြံတံခါးကိုသာ ပိတ်ထား”

“ဟုတ်ကဲ့ဆရာ”

သူက ကားကို မောင်းထွက်သွားသည်။ ဘယ်ကိုဟူ၍ ဦးတည်ရာမရှိ။ လူရှင်းနေသော လမ်းမကြီးတွင် ကားကို အပြင်းမောင်းနေမိသည်။ ကားက မြို့ပြင်တစ်နေရာကို ရောက်လာသည်။ သူက ကားမှန်တံခါးကို ချလိုက်ပြီး သဘာဝအတိုင်း တိုးဝင်လာသည့် လေတွေကိုရှူကာ

“ဟာ ကောင်းလိုက်တာ” ဟု တစ်ယောက်တည်း ပြောနေမိသည်။

သူက အဝေးတွင် ဘုရားတစ်ဆူကို လှမ်းမြင်လိုက်သည်။ ဘုရားက ဆလိုက်မီးများ ထိုးထားသည့်အတွက် ရွှေရောင်နှင့် ဝင်းကာ သပ္ပာယ်နေသည်

“အလို သပ္ပာယ်လိုက်တာ”

သူက ဘုရားဘေးတွင် ကားကို ရပ်လိုက်သည်။ ထို့နောက် ဘုရားကုန်းပေါ်ကို တက်လာသည်။

ဘုရားပေါ်တွင် လူမရှိလောက်ဟု ထင်နေသော်လည်း လူတစ်ယောက်ကို သူတွေ့လိုက်ရသည်။ ထိုသူက ဘုရား ရင်ပြင်တွင် ကျုံ့ကျုံ့လေးထိုင်ကာ ဆုတောင်းနေသည်

“အရှင်ဘုရား တပည့်တော် ရင်ဆိုင်ကြုံတွေ့ နေရသော ဒုက္ခအပေါင်းမှ ကယ်တင်တော် မူပါဘုရား” ဟု တတွတ်တွတ်ရွတ်နေသည်။

သူက ထိုသူနှင့် မနီးမဝေးတွင်ထိုင်ကာ ဘုရားကို ဝတ်ပြုလိုက်ပြီး မျက်လုံးကို မှိတ်ထားလိုက်သည်။ ရင်ထဲတွင် ငြိမ်းချမ်းခြင်းတို့ကို ခံစားလိုက်ရသည်။ ဘုရားပေါ်က ဆည်းလည်းသံလေးတွေက ရင်ထဲကို ဂီတသံများအဖြစ် ရောက်လာသလို ဖြစ်သွားသည်။

သူက မျက်လုံးကို ဖွင့်လိုက်သည်။ သူ့ဘေးမှာ ရှိနေသောသူကို ကြည့်လိုက်သည်။ မီးရောင်ထဲတွင် သူ့ထံက စီးကျနေသည့် မျက်ရည်တွေကို လက်ခနဲ မြင်လိုက်ရသည်။

“ဒီက ညီလေး ဘာဖြစ်လို့ ငိုနေတာလဲကွာ … အစ်ကို့ကို စပ်စုတယ်လို့တော့ မထင်စေချင်ဘူး”

“မပြောပါရစေနဲ့တော့ အစ်ကိုရာ ဒုက္ခတွေက များလွန်းလို့ ဘယ်ကစပြောရမှန်းတောင် မသိပါဘူး”

“ညီလေးကို မျက်ရည်ကျစေတဲ့ ဒုက္ခကစပြီးတော့ ပြောပေါ့ကွာ”

“ကျွန်တော့်မိန်းမ ဆေးရုံတင်ထားရတယ်။ ကျွန်တော် ဆေးရုံစရိတ် ပေးစရာမရှိဘူး။ သူ သေမလား ရှင်မလား ဖြစ်နေတယ်။ ကျွန်တော် ပိုက်ဆံမရှာနိုင်လို့ ဘုရားမှာလာပြီး ဆုတောင်းနေတာ”

“ဘယ်လောက်တောင် လိုနေလို့လဲ”

“ငါးသိန်းလောက်ကုန်မယ် ပြောတာပဲ”

“ငါးသိန်းရရင် အသက်ရှင်မှာလား”

“ဒါတော့ ကျွန်တော် မပြောတတ်ဘူး … ခွဲစိတ်ခန်းဝင်ရဖို့ ပိုက်ဆံလိုနေတာတော့ အမှန်ပါ”

“အဲဒီ ငါးသိန်းကို အစ်ကို ပေးမယ်ဆိုရင်ရော”

“အရှင်ဘုရား … ကျေးဇူးတင်ပါတယ်ဘုရား … တပည့်တော်ကို ကူညီမည့်သူ ပေါ်လာပါစေလို့ ဆုတောင်းတာ ခုတော့ ပေါ်လာပါပြီဘုရား”

“ညီလေးမိန်းမက ဘယ်ဆေးရုံမှာ တင်ထားသလဲ … လာ … အစ်ကိုနဲ့ သွားရအောင် … အစ်ကို့မှာ ကားပါတယ်။ ငွေတော့ မပါဘူးကွ။ ဒါပေမဲ့ ဆေးရုံရောက်ရင် အစ်ကို ဖြေရှင်းလို့ ရနိုင်လောက်ပါတယ်”

သူတို့ကားမောင်းထွက်ခဲ့ကြသည်။ ဆေးရုံကို ရောက်လာကြသည်။ ထိုသူက ဆေးရုံရှိ ကောင်တာတွင် သွားဆွေးနွေးနေသည်။ ထို့နောက် သူ့ထံတွင် ပါလာသည့် ဘဏ်ကတ်နှင့် ငွေလွှဲပေးလိုက်ကာ

“ညီလေး အစ်ကို ငွေပေးပြီးပြီ … ရော့ ဒီမှာ အစ်ကို့ လိပ်စာကတ် … နောက်လည်း အကူအညီရှိရင်ပြော”

သူက ကားကိုပြန်မောင်းလာခဲ့သည်။ ခြံဝကို ရောက်သည့်အခါတွင် ဟွန်းတီးလိုက်သည်။ ခြံစောင့်က တံခါး လာဖွင့်ပေးသည်။

“ပြန်လာကြပြီလား”

“မလာကြသေးဘူးဆရာ”

သူက ကားကို သွားရပ်လိုက်သည်။ ထို့နောက် ရေချိုးသည်။ အိပ်ရာထဲကို ဝင်လိုက်သည်။ ကြည်နူးစွာဖြင့် မျက်လုံးတွေကို မှိတ်လိုက်သည်။

“အသက်ရှင်ပြီး ကျန်းမာပါစေ”

သူလှူခဲ့သော ကောင်လေး၏ ဇနီးအတွက် ဆုတောင်းပေးလိုက်သည်။

ထို့နောက် မီးကို မှိတ်လိုက်သည်။ သူမျက်စိတွေကို မှိတ်လိုက်သည်။ ချက်ချင်းပဲ အိပ်ပျော်သွားသည်။

#တင်ညွန့်

၃.၉.၂၀၂၂