*ကျားမ၏ ရန်ငြိုး*📖📖📖
*******************************
ကျား၊ ခြင်္သေ့နှင့် ကျားသစ်တို့သည် တော၏ အရှင်သခင် ဘုရင်များပင် ဖြစ်ပါသည်။
ကျားသည် အာရှတိုက်ရှိ တောများတွင် ဘုရင်ဖြစ်သကဲ့သို့ ခြင်္သေ့သည် အာဖရိကတိုက်ရှိ တောများတွင် ကြီးစိုးမင်းမူပါသည်။
တောတွင်းရှိ မြက်စားသည့် ခြေလေးချောင်းသတ္တဝါများသည် ထိုတောဘုရင်များ၏ အစာဖြစ်ပါသည်။
ထို့ကြောင့် သတ္တဝါများသည် ထိုတောဘုရင်များကို အလွန်ကြောက်ကြရပါသည်။ သို့သော်လည်း ထိုတောဘုရင်များသည် တောကောင်များကို မတရားသတ်ဖြတ်နှိပ်စက်ခြင်းတော့ မရှိပါ။ သူတို့ ဆာလောင်မွတ်သိပ်သည့်အခါများတွင် အစာအာဟာရအဖြစ် ဖမ်းယူသတ်ဖြတ်စားသောက်လေ့ ရှိပါသည်။သူတို့သည် အပိုရိက္ခာရရန်အတွက် အကြောင်းမဲ့ သားကောင်များကို သတ်ဖြတ်ခြင်းမရှိပါ။ လိုမှသာ လိုသလောက် ဖမ်းယူစားသောက်လေ့ ရှိပါသည်။
တောဘုရင်ကြီးများသည် ကြောင်အမျိုးများ ဖြစ်ကြသဖြင့် သတ္တဗေဒပညာရှင်များက ၎င်းတို့ကို ကြောင်ကြီးများဟု ခေါ်ဝေါ်ကြပါသည်။ ကျားမျိုးများတွင် ဘင်္ဂလားကျား၊ မွန်ဂိုလီးယားကျား၊ ဆိုက်ဘေးရီးယားကျား ဟူ၍ ကျားမျိုးကွဲပေါင်းများစွာ ရှိပါသည်။
ခြင်္သေ့မျိုးတွင် ခြင်္သေ့ကြီးမျိုးနှင့် တောင်ခြင်္သေ့ဆိုပြီး နှစ်မျိုးရှိပါသည်။ တောင်ခြင်္သေ့သည် ခွေးအကြီးစားတစ်ကောင်ခန့်ရှိပြီး မြောက်အမေရိကတိုက်၊ ဆော်ဒီအာရေဗျ၊ အီရတ်နှင့် အီရန်နိုင်ငံများတွင် ရှိပါသည်။
ကျားသစ်မျိုးများတွင်လည်း ဂျိုက်ဂွား၊ ချီတာ စသည်ဖြင့် မျိုးကွဲများ ရှိပါသည်။ အရွယ်အစားနှင့် ပုံသဏ္ဍာန်မှာ ကွာခြားမှု မရှိကြပါ။
မိမိတို့တောတွင် မည်သည့်သတ္တဝါကိုမျှ အလေးထားရန်မလိုသည့် တောဘုရင်ကြီးများသည် သာမာန်သွားလာလှုပ်ရှားနေထိုင်ရာတွင် အမြင်အာရုံကိုဂရုထားလေ့ မရှိပါ။ ထိုအချိန်အခါမျိုးတွင် မလှုပ်ရှားပဲ ငြိမ်သက်စွာ နေလိုက်ပါက မိမိအား အန္တရာယ်ပြုကြမည် မဟုတ်ပါ။ တကယ်မမြင်၍သော်လည်းကောင်း၊ မြင်သော်လည်းကောင်း အန္တရာယ်မပြုလိုသောကြောင့် ဖြစ်ပေလိမ့်မည်။
အစာရှာနေသည့်အချိန် သို့မဟုတ် ရန်သူအား ကလဲ့စားချေလိုသည့် အခါများတွင်တော့ တော်တော်အန္တရာယ်များပါသည်။
အမဲလိုက်ခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုရသည့် မုဆိုးကြီးများသည် မုဆိုးချင်း စာနာထောက်ထားခြင်းပြုသည့်သဘောဖြင့် ထိုတောမုဆိုးကြီးများအား ရှောင်ကြဉ်ကြပါသည်။ မလွဲမရှောင်သာမှသာလျှင် ထိုတောဘုရင်ကြီးများကို အပိုင်ပစ်လေ့ ရှိပါသည်။
မိမိတို့လည်နေကျတောကို အလွန်အကျွမ်းတဝင်ရှိသည့် ဒေသခံမုဆိုးကြီးများ ရှိတတ်ပါသည်။ ထိုမုဆိုးကြီးများသည် မည်သည့်အချိန်တွင် မည်သည့်အရပ်၌ မည်သည့်တောကောင်များ ကျက်စားတတ်သည်ကို အတိအကျ ပြောနိုင်ကြပါသည်။ ထိုမုဆိုးကြီးများကို ဒေသခံများက တစ်ပွဲစားကြီးများဟု ခေါ်ကြပါသည်။ မုဆိုးများကတော့ လေးစားကြပြီး သာမန်လူများကတော့ ထိုမုဆိုးကြီးများသည် လူစင်စစ်က သူရဲတစ်ပိုင်းဖြစ်နေကြသည်ဟု ယူဆပြီး ကြောက်ရွံ့ကာခေါ်ကြသည်ဟု ယူဆပါသည်။
စာရေးသူငယ်စဉ်က သူများအသက်ကို သတ်ခြင်းဖြင့် အကုသိုလ် မလုပ်ကြရန် နမူနာပြပြီး ပြောဆိုဆုံးမသည်ကို အမှတ်ရနေပါသည်။
တစ်ခါက အင်းဒိုင်ကြီးတစ်ဦးသည် အတော်ချမ်းသာလာသဖြင့် ရွှေတိဂုံဘုရားကြီးအား ရွှေသင်္ကန်းကပ်လှူရန် ရန်ကုန်သို့တက်လာပါသည်။ သူ၏ အကုသိုလ်များ အလွန်များသောကြောင့် ဘုရားကြီးအားမမြင်ရဟု ဆိုပါသည်။ ထို့ကြောင့် သူသည် မိမိအင်းသို့ ပြန်သွားပြီး ဆယ်တိုင်ကို ရွှေချလိုက်သည်ဟု ဆိုပါသည်။
ကျွန်တော်သည် လွန်ခဲ့သော အနှစ်လေးဆယ်ခန့်က တစ်ပွဲစားမုဆိုးလေး ဖြစ်ခဲ့သည်ကို ပြန်ပြီး သတိရမိပါသည်။
ထိုစဉ်က ကျွန်တော်တို့ မုဆိုးအဖွဲ့သည် ပြည်ခရိုင် ပန်းတောင်းမြို့နယ်ရှိ ရခိုင်ရိုးမပေါ်မှ ညောင်ကျိုး စခန်းကို ဗဟိုပြု၍ တစ်လလျှင် နှစ်ခေါက်ခန့် အမဲကြီးများကို ပစ်လေ့ရှိပါသည်။
ညောင်ကျိုးစခန်းရှိ ပစ်ကွင်းများကို လွန်စွာကျွမ်းနေသည့် တစ်ပွဲစား ရိုးမမုဆိုးကြီး ဦးဘိုးကို အရင်တိုင်ပင်ပါသည်။ ပစ်ကွင်းပစ်ကွက်များကို ရွေးလိုက်ပါသည်။ အခေါက်တိုင်းလိုလို အမဲကြီးများကို ရရှိပါသည်။
တစ်ခေါက်မှာတော့ စိုင်နှစ်ကောင်ကို ကျွန်တော်ကိုယ်တိုင် တစ်နံနက်အတွင်း ပစ်နိုင်ခဲ့ပါသည်။ စိုင်သားများကို ရေခဲရိုက်ပြီး ရန်ကုန်သို့ ယူလာရာတွင် လမ်းမှာရှိသည့် မိတ်ဆွေများ၊ ဆရာသမားများနှင့် တပည့်များအား ပေးကမ်းလှူဒါန်းရသောကြောင့် အိမ်သို့ အရောက်တွင် ငါးပိဿာခန့်သာ ကျန်ပါတော့သည်။
လွန်ခဲ့သော အနှစ်နှစ်ဆယ်ကျော်ခန့်က ကျွန်တော်သည် ရဲဘော်တစ်ထောင်နှင့် ရဲဘက်တစ်သောင်းတို့ကို ဦးစီးပြီး ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကို ဖောက်လုပ်ရန် ထောင်ပိုင်ကြီးရာထူးဖြင့် အကျဉ်းဦးစီး ဌာနသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ပါသည်။
လမ်းသည် ရှိရင်းလမ်းများထက် များစွာတိုသွားသော်လည်း ပဲခူးရိုးမကြီးကို အလျားလိုက်ဖြတ်ပြီး ဖောက်လုပ်ရသဖြင့် တောတောင်အလွန်ထူထပ်ပြီး အတော်ခက်ခက်ခဲခဲ ဖောက်ရမည်ဖြစ်ပါသည်။ လမ်းနယ်နိမိတ် ပေခုနစ်ဆယ်အကျယ် တောရှင်း ရပြီး ပေခြောက်ရာအကျယ် သစ်ငုတ်များ ထုတ်ပစ်ရပါသည်။
တောတောင်များ မည်သို့ပင်ထူထပ်စေကာမူ လုပ်အားက အသာရနေသဖြင့် တစ်နှစ်ကျော်ကျော်အတွင်းမှာပင် ဇောင်းတူကိုကျော်ပြီး ပဲခူးရိုးမအလယ် တောတွင်းသို့ မိုင်ငါးဆယ်ခန့် ခရီးပေါက်ပြီး အလုပ်တွင်ကျယ်ခဲ့ပါသည်။
ရဲဘော်ရဲဘက်များလည်း သေကြေဒဏ်ရာရရှိမူများ အတော်များပါသည်။ အထူးသဖြင့် ငှက်ဖျားကြောင့် ဖြစ်ပါသည်။
အလုပ်များ အတော်လေး အသားကျသွားသည့်အခါ တောတောင်ရေမြေ၏ ဆွဲဆောင်မှုကြောင့် ကျွန်တော်သည် အမဲပစ်လိုသည့်ဆန္ဒ ဖြစ်ပေါ် လာပါသည်။
ထို့ကြောင့် ရဲဘော်များထဲမှ သင့်တော်သည့်မုဆိုးတစ်ဦးအား ရွေးချယ်ပေးရန် ထောင်မှူးကြီး ဦသိန်းမြင့်အား တာဝန်ပေးလိုက်ပါသည်။ ထောင်မှူးကြီး ဦးသိန်းမြင့်သည် တစ်နေ့တွင် ဝန်ထမ်းတစ်ဦးအားခေါ်ပြီး ကျွန်တော့ထံသို့ ရောက်လာပါသည်။
“ဗိုလ်ကြီး … သူက တပ်ကြပ်ကြီး မဂူဂန်ပါ။ ကချင်အမျိုးသားတစ်ဦး ဖြစ်ပါတယ်။ သစ္စာရှိပြီး စိတ်ချရတဲ့ မုဆိုးကောင်းတစ်ဦး ဖြစ်ပါတယ်”
ဆရာကြီးမရူဂန်သည် အသက်လေးဆယ်ခန့်ရှိပြီး အရပ်ငါးပေခွဲခန့်ရှိကာ အသားလတ်လတ် တောင့်တောင့်တင်းတင်းပုံ ဖြစ်ပါသည်။
“ဆရာကြီးမဂူဂန်ကို ကျွန်တော်၏သေနတ်များ အပ်ပါတယ်။ ရိက္ခာစိုနဲ့ ရိက္ခာခြောက်တော့ ဆရာကြီးကပဲ တာဝန်ယူပါ”
ကျွန်တော်သည် လေးရာငါးဆယ်ငါး နှစ်လုံးပူး ရိုင်ဖယ်ကြီးနှင့် တစ်ဆယ့်နှစ်ဘိုး ပြောင်းချောနှစ်လုံးပူးသေနတ်နှင့် ကျည်ဆံများကို ဆရာ မဂူဂန် အား ကူညီကြရန် မှာလိုက်ပါသည်။ နောက်ပိုင်းတွင် ဆရာ ကြီးမဂူဂန်ထံမှာ ရိက္ခာစို ရိက္ခာခြောက်ခြောက်များ မကြာမကြာ ရရှိပါသည်။
အလုပ်များစခန်းဖွင့်ပြီး တစ်နှစ်ကျော်ကျော်ခန့် ကြာသည့်အခါတွင် မိုင်တစ်ရာကျော်ခန့်ရှိသည့် တောင်ပေါ် တစ်ဆယ့်လေးရွာ တည်ခဲ့သော နေရာများသို့ ရဲဘက်တစ်ထောင်အင်အားရှိသည့် စခန်းနှစ်ခု တိုးချဲ့ပြီး တောခုတ်ခြင်းလုပ်ငန်းလုပ်ရန် အထက်မှ အမိန့်ကျလာသည်။
ကျွန်တော်၊ ထောင်ပိုင်ဦးညီစိန်နှင့် ဆရာဝန် ဦးသန်းလွင်တို့သည် ရဲဘော်ရဲဘက်များနှင့် ရိက္ခာများ ရွှေ့ပြောင်းခြင်း၊ စခန်းများတည်ဆောက်ခြင်းလုပ်ငန်းတို့ကြောင့် တစ်လနီးပါးခန့် အလုပ်များသွားကြပါသည်။
ပထမစခန်းကို ရဲနွယ်ချောင်းနှင့် ပင်းချောင်းဆုံရာ ချောင်းဂွတွင် လည်းကောင်း၊ ဒုတိယစခန်းကို ဝါးမီး ရွာဟောင်းနေရာတွင် လည်းကောင်း တည်ဆောက်လိုက်ပါသည်။
တောင်ပေါ် တစ်ဆယ့်လေးရွာကို ပဲခူးရိုးမအတွင်း စစ်ဆင်ရေးများ ပြုလုပ်ချိန်က ဖတိုအနီးတွင် ရွာကြီးတစ်ရွာတည်ပေးထားပြီး ပြောင်းရွှေ့ခဲ့ပါသည်။ စည်းရုံးရေးအတွက် ရည်စူးပြီး ရွာသားများကို ဝန်ထမ်းအဖြစ် အမှုထမ်းလိုပါက ထမ်းခွင့်ပြုပါရန် အထက်မှ မူတစ်ရပ် ချမှတ်လိုက်ပါသည်။
ဝန်ထမ်းတစ်ဆယ့်ခြောက်ဦး စုဆောင်းရရှိပါသည်။ ထိုအထဲတွင် ကျော်သန်းဆိုသည့် မုဆိုးကျော်တစ်ဦး ပါလာပါသည်။ သူသည် အမဲကြီးများကို အလွယ်တကူ ပစ်နိုင်ပါသည်။
ရန်ကုန်မှ ဧည့်သည်လူကြီးများ လာမည်ဖြစ်သဖြင့် တောကောင်သားဖြင့် ဧည့်ခံရန် အမဲပစ်ခိုင်းရာ တစ်နေ့တည်းနှင့် ဆတ် ရှစ်ကောင် ပစ်ခတ်ရရှိပါသည်။ တပ်သားကျော်သန်းသည် တပ်ကြပ်ကြီးမရူဂန်ထက် ပိုပြီး အစွမ်းထက်နေပါသည်။
ထို့ပြင် ဒေသခံများကလည်း သူ၏ဘကြီးသည် ဤတောတွင် တစ်ပွဲစားကြီး ဖြစ်နေသည်ဟုလည်း ပြောကြပါသည်။ ထို့ကြောင့် ကျွန်တော်သည် တပ်သားကျော်သန်းအား ခေါ်ပြီး မေးရပါသည်။
“ကျော်သန်း … မင်း အမဲတွေ ဒါလောက်ရအောင် ဘယ်လိုလုပ်ပြီး ပစ်တာလဲ”
“ဗိုလ်ကြီး … ကျွန်တော် ကျည်ဆံနှမျောလို့ လုပ်ကျည်ဆံနဲ့ပဲ ပစ်တာပါ။ ဒါပေမယ့် တောထဲက ကျွန်တော့်ရဲ့ဘကြီးကို တိုင်တည်ပြီး ပစ်ပါတယ်”
ဟု ပြန်ဖြေပါသည်။
ပဲခူးရိုးမသည် အစားအသောက် အလွန်ပေါပါသည်။ အထူးသဖြင့် ငါးပေါပါသည်။ လူနှစ်ထောင်ကျော်ရှိသော်လည်း နေ့တိုင်းလိုလို ငါးစားရပါသည်။
ထောင်ပိုင်လေး ဦးညီစိန်သည် ငါးဖမ်းအဖွဲ့၊ ငှက်ပစ်အဖွဲ့၊ အမဲပစ်အဖွဲ့၊ ထန်းတက်အဖွဲ့ စသည့်ဖြင့် ကျွမ်းကျင်သူရဲဘက်များဖြင့် ဘုတ်အဖွဲ့များက ကျွန်တော်တို့အတွက် အပိုဆောင်းရိက္ခာများ ရှာပေးကြပါသည်။
တောင်ပေါ်တစ်ဆယ့်လေးရွာသည် အစားအသောက် အလွန်ပေါပါသည်။ ထို့ကြောင့် ဗကပများ ဤနေရာဝန်းကျင်တွင် နှစ်ရှည်လများ ခိုအောင်းနေနိုင်ကြခြင်း ဖြစ်ပါသည်။
ချောင်းဂွစခန်းနှင့် သခင်သန်းထွန်း ကျဆုံးသည့် “ဖွတ်ကျားချောင်း” သည် ခြောက်မိုင်ခန့်သာ ဝေးပါသည်။
ရွာပျက်များတွင် သရက်ပင်၊ ပိန္နဲပင်၊ အုန်းပင်၊ ထန်းပင် စသည့် စားပင်များ အတော်လေး ပေါများပါသည်။ ထန်းပင်တစ်ရာကျော် ရှိပါသည်။
ထန်းထက်အဖွဲ့မှ ထန်းရေများ လုပ်ပြီး ထန်းလျက်ချက်ခြင်း၊ ထန်းရေအချို ချိုပြင်းနှင့် အခါးများပါ ထုတ်လုပ်ပေးကြပါသည်။
လူကြီးဧည့်သည်များလာလျှင် ထန်းရေအချို ချိုပြင်းနှင့် အခါးများဖြင့် စိတ်တိုင်းကျ အမြည်းကောင်းကောင်းဖြင့် ဧည့်ခံနိုင်ပါသည်။
ဆရာဝန်ဦးသန့်လွင်၊ ထောင်ပိုင်လေးဦးညီစိန်နှင့် ကျွန်တော်တို့သည် ညနေခြောက်နာရီခန့်မှစပြီး မီးပုံဘေးတွင် ပုလင်းထောင်ကြပါသည်။
စကားပြောရင်းသောက်ကြရာ ညတစ်ဆယ့်တစ်နာရီခန့် အိပ်ချိန်ရောက်သည့်အခါတွင် အာမီရမ်နှစ်လုံးကုန်ပါသည်။ ထမင်းသိပ်ပြီး မစားကြဘဲ အမြည်းအမျိုးမျိုးကို စားရင်းဖြင့် ဗိုက်ပြည့်သွားရပါသည်။
သို့သော်လည်း ကျွန်တော်တို့သည် တောတွင်းစည်းစိမ်ကို ကြာကြာမခံစားလိုက်ကြရပါ။ နှစ်ရှစ်ဆယ် (၂/ ၈ဝ) လွတ်ငြိမ်းချမ်းသာခွင့်အမိန့်သည် ၁၉၈ဝ ခုနှစ် မေလတွင် ထွက်လာပါသည်။ ထို့ကြောင့် ရဲဘော်တော်တော်များများ လွတ်ကုန်ကြသဖြင့် မူလတစ်သောင်းခန့်ရှိရာမှ နှစ်ထောင်ခန့်သာ ကျန်ပါတော့သည်။
နောက်ပိုင်း မင်းကုန်းစခန်း(ဖောင်ကြီး)တွင် အခြေပြုပြီး လုပ်ငန်းများကို လုပ်ကြရပါသည်။ ထောင်ပိုင်လေးဦးညီစိန်၏ နေရာတွင် ထောင်ပိုင်လေး ဦးသောင်းလွင်ကိုထားခဲ့ပြီး ထောင်မှူးတစ်ဦး ဝန်ထမ်းဆယ်ဦးနှင့် ရဲဘက်သုံးဆယ်ခန့် ချန်ထားခဲ့ပါသည်။
ကျန်ရဲဘော်ရဲဘက်များသည် မိုင်နှစ်ဆယ်ခန့်ဝေးသည့် မြို့ချောင်းသို့ ခြေလျင်ဖြင့်လည်းကောင်း၊ ဖောင်ဖွဲ့ပြီး ရဲနွယ်ချောင်းအတိုင်းလည်းကောင်း၊ ထွန်စက်ဖြင့်လည်းကောင်း၊ ဆုတ်ခွာလာကြပါသည်။ မိုးရွာနေပြီဖြစ်သဖြင့် ကားများမတတ်နိုင်တော့ပါ။ မြို့ချောင်းတွင် ယာယီစခန်းဖွင့်ကာ ရဲဘော်ရဲဘက်များကို စုစည်းပြီး မင်းကုန်းစခန်းသို့ ကားဖြင့် ပြန်သယ်ရပါသည်။
တပ်သားကျော်သန်း ချောင်းဂွစခန်းတွင် ကျန်ခဲ့ပြီး တပ်ကြပ်ကြီး မရူဂန် ပြန်လိုက်လာပါသည်။
ကျော်သန်းသည် ခလရ ၅၆ မြို့ချောင်းမှ ရဲဘော်နှစ်ဦးနှင့် ပေါင်းမိကြပြီး စီးပွားဖြစ် အမဲလိုက်ကြပါသည်။ တစ်မိုးတွင်းလုံး ပစ်ကြပြီး အသားစို၊ အခြောက်နှင့် ကျပ်တင်ခြောက်များ၊ ဆတ်ချိုများ၊ ပြောင်ချိုများ ရောင်းရသဖြင့် စီးပွားအတော်ဖြောင့်နေ ကြပါသည်။ ထို့ကြောင့် စီးပွားရေးတိုးချဲ့ရန် ကြံစည်လာကြပါသည်။
“ကိုကျော်သန်း ဆင်စွယ်၊ ကျားရိုးရေဟာ တန်ဖိုးတော်တော်ရတယ်။ အခု မိုးလည်း ကုန်သွားပြီ။ ဒီတစ်ခေါက် အဲဒီအကောင်ကြီးတွေကို ပစ်ကြမယ်”
“စိတ်ချပါ၊ ပစ်ဖို့ကတော့ ကျွန်တော့်တာဝန်ထားပါ။ သေနတ်နဲ့ ကျည်ဆန်ပဲ လိုပါတယ်”
“ဒီတစ်ခေါက် ကျွန်တော်တို့ ဂျီသရီးနှစ်လက်နဲ့ ကျည်ဆန်နှစ်ရာ ပါလာမယ်”
ထိုနှစ်ဆောင်းဦးပေါက်တွင် ကျော်သန်းတို့သုံးဦး အမဲကြီးများပစ်ရန် ပဲခူးရိုးမတောသို့ လက်နက်၊ ရိက္ခာများနှင့် တက်သွားကြပြီး စခန်းကောင်းတစ်ခု ရွေးလိုက်ကြပါသည်။
နောက်နေ့တွင် နံနက်စောစောထပြီး အမဲကြီးများလိုက်ကြပါသည်။ ဂျီ ဆတ် တောဝက် စသည့် အကောင်များ တွေ့သော်လည်း မပစ်ကြပါ။ အဓိကအကောင်များကိုသာ မဲပြီး လိုက်နေကြပါသည်။
ဆင်ခြေရာ လတ်လတ်ဆတ်ဆတ်များ တွေ့သဖြင့် ဆင်အုပ်နောက်သို့ တစ်နေကုန်နီးပါး လိုက်နေကြပါသည်။ သို့သော် ခြေကုန်လက်ပန်းကျသဖြင့် ညနေပိုင်းတွင် အချိန်ကိုလုပြီး စခန်းသို့အရောက် သုတ်ခြေတင်ကြရပါသည်။
စခန်း ရောက်ကာနီးတွင် ကျားဟိန်းသံလိုလို ကြားလိုက်ရသဖြင့် မုဆိုးကြီးသုံးယောက် ရပ်သွားကြပါသည်။
“ကိုကျော်သန်း … ကျားဟိန်းသံဗျ”
“ဒါ ကျားဟိန်းသံ မဟုတ်ဘူးဗျ။ ဒါ ကျေနပ်ပြီးအော်တဲ့ အသံမျိုးပဲ”
ကျော်သန်းသည် ဂျီသရီးသေနတ်ကိုကိုင်ကာ ရှေ့သို့တိုးသွားပါသည်။ ကျားတို့သဘာဝ သူတို့ရာသီ ကျရောက်သဖြင့် ကျားဖို ကျားမ ကလူကျီစယ်နေကြသည်ကို ကိုက်တစ်ရာအကွာမှ တွေ့နေရပါသည်။
ကျော်သန်းသည် ပစ်ရကောင်းနိုးနိုးဖြင့် ချိန်ဆနေပါသည်။ ရဲဘော်များမှ အနားကပ်လာပြီး ပစ်ရန် ကျောကိုပုတ်၍ အချက်ပေးကြပါသည်။
“ဒိုင်း”
“ဝူး … ဝေါင်း … ဝေါင်း”
“ဒိုင်း … ဒိုင်း … ဒိုင်း”
ကျော်သန်းသည် ချစ်တင်းနှီးနှောနေကြသည့် ကျားစုံတွဲမှ ကျားထီးကြီးကို ချိန်ပြီး ပစ်လိုက်ပါသည်။
ကျားစုံတွဲသည် ဒေါသဖြင့် ဟိန်းဟောက်လိုက်ကြရာ ကျော်သန်းသည် လန့်ပြီး သုံးချက်ဆက်တိုက် ပစ်လိုက်ပါသည်။
“ကျားထီးကြီးတော့ ထိသွားပြီ၊ သေလောက်တဲ့ဒဏ်ရာပဲ။ ဆက်မလိုက်ကြနဲ့တော့၊ အန္တရာယ်များတယ်။ နောက်နေ့မှ လိုက်ကြတာပေါ့”
ကျော်သန်းသည် အားတင်းပြီး ပြောလိုက်သော်လည်း စိတ်ထဲမှာတော့ အတော်လေးနေပါသည်။
စခန်းသို့ ပြန်ရောက်ပြီး နေ့လည်က ချောင်းရိုးမှ ရှာလာသည့် ငါးများကို ချက်ပြီး ညနေစာကို ဖြစ်သလိုပဲ စားလိုက်ကြပါသည်။ ပတ်ပတ်လည်တွင် မီးဖိုကြီးများဖိုကာ တစ်ယောက်တစ်လှည့်စီ ကင်းစောင့်ပြီး အိပ်ကြပါသည်။
အချစ်စိတ်မွန်နေကြသည့် ကျားစုံတွဲအနီးသို့ ကပ်ပြီး ပစ်လိုက်ပါက နှစ်ကောင်စလုံး ရနိုင်ပါလျက် အဝေးမှ ပစ်မိခဲ့သည်ကို ကျော်သန်း စိတ်မကောင်းဖြစ်ပြီး အိပ်ပျော်သွားပါသည်။ ထိုညက ကျော်သန်း အိပ်မက်ဆိုးများ မက်ပါသည်။ ကျားမကြီးက လိုက်လို့ပြေးနေရသည်။ သူ့ဘကြီးနှင့်လည်း တွေ့ရသည်။
နောက်နေ့နံနက်တွင် ဒဏ်ရာရထားသည့် ကျားထီးကြီးနောက်သို့ သုံးယောက်သား ခြေရာခံပြီး လိုက်ကြပါသည်။ သွေးများ အိုင်ထွန်းနေလောက်အောင်တွေ့ရသဖြင့် ကျားထီးကြီး သေလောက်ပြီဟု ယူဆကြပါသည်။ သို့သော်လည်း ကျားသေကောင်ကို ရှာလို့မရပါ။
ထိုနေ့က ညနေစောစော စခန်းသို့ ပြန်လာကြပြီး သုံးယောက်သား ခေါင်းချင်းဆိုင် တိုင်ပင်ကြပါသည်။
“ဒဏ်ရာ ရသွားတဲ့ ကျားနောက်သို့ မလိုက်ရဘူးလို့ အဆိုရှိတယ်။ အဲဒီကျားကတော့ သေသွားတာ သေချာတယ်။ ဒါပေမယ့် အချစ်စိတ်မွန်နေတဲ့ ကျားမကြီးရဲ့ရန်ကို ကြောက်ရတယ်။ ကျွန်တော်တို့ ပြန်တာပဲ ကောင်းပါတယ်”
“ကိုကျော်သန်း ပြောတာကို ကျွန်တော်တို့ သဘောတူတယ်။ သုံးရက်လုံးလုံး ပင်ပန်းထားကြလို့ မနက်မှပဲ ပြန်ကြတာပေါ့ဗျာ”
ထိုနေ့ညက မီးဖိုများ ပိုပြီး ဖိုကြပြီး အလယ်တွင် သုံးယောက်သား အလှည့်ကျ ကင်းစောင့်ပြီး အိပ်ကြပါသည်။
ကျော်သန်း ကင်းတာဝန်ကျချိန် ညသန်းခေါင်ကျော်ခန့်တွင် …
“အား”
“ဒက် … ဒက် … ဒက်”
ကျော်သန်းအား ကျားမကြီးက ကိုက်ဆွဲသွားသည်ကို မြင်လိုက်သည့် ရဲဘော်နှစ်ယောက်သည် ဂျီသရီးတစ်ကတ်စီကုန်အောင် ကျားမကြီး ပြေးသွားသည့်ဘက်သို့ ပစ်ကြပါသည်။
ရဲဘော်နှစ်ယောက်သည် မအိပ်ကြတော့ဘဲ ကျောချင်းကပ်ထိုင်ကာ သေနတ်များကို အဆင်သင့်ကိုင်ပြီး စောင့်နေကြပါသည်။
နောက်နေ့နံနက်တွင် စခန်းသို့ပြန်ပြီး လူစုကာ ကျော်သန်း၏ အလောင်းကို တောနင်းရှာသော်လည်း မတွေ့ရတော့ပါ။
တောဘုရင်ကျားများသည် သူတို့အာရုံမစိုက်သည့် အချိန်များတွင် ပိုင်နက်အတွင်းရှိ သတ္တဝါများကို မမြင်ခြင်း (သို့မဟုတ်) ဂရုမစိုက်ခြင်းသာ ဖြစ်ပါသည်။
ယခုလို အချိန်အခါမျိုးတွင် အမြင်အာရုံနှင့် အကြားအာရုံများကိုပါသုံးပြီး ရန်သူကို တိုက်ခိုက်ချေမှုန်းတတ်ပါသည်။
အချစ်စိတ်မွှန်နေသည့် ကျားမကြီးသည် သူ၏ချစ်သူ ကျားထီးကြီးအတွက် ရန်ညှိုးကြီးစွာဖြင့် ကျော်သန်းအား ကလဲ့စားချေလိုက်ခြင်း ဖြစ်ပါသည်။
ကျော်သန်းသည် ထိုတောင်တွင် သူ၏ဘကြီး၏ အရိုက်အရာကို ခံယူသည့်တောပိုင်တောင်ပိုင် “တစ်ပွဲစားကြီး” ဖြစ်နေလေရော့သလားဟု ယူဆရပါတော့သတည်း။
လျှို့ဝှက်ဆန်းကြယ်မဂ္ဂဇင်း
အတွဲ ၅ ၊ အမှတ် ၇
ဧပြီ ၊ ၂၀၀၂
– ပြီး –
စာရေးသူ – ဗိုလ်လုံ
စာစီစာရိုက် – မုဆိုး တံငါ စာပေများ