ကျိန်စာသင့်ဓါး*![]()
(စ/ဆုံး)
တာတေတို့အညာမှာ အအေးဆုံးလပေါ့ဗျာ။
ပြာသိုလလေ။ မြောက်လေလေးများ ခပ်ကြမ်း
ကြမ်း ဝှေ့တိုက်လိုက်ရင် ခိုက်ခိုက်တုန်အောင်
ချမ်းတဲ့လပေါ့ဗျာ။ဒါပေမဲ့ ဒီလိုလမှာပဲ နှစ်သက်
စရာ အညာဓလေ့လေးကလည်း ရှိနေပြန်ရော
ဗျ။ ညတိုင်းရောက်ရင် သက်ကြီးရွယ်အိုတွေ
ရှိတဲ့ ဝိုင်းကိုသွား၊ မီးလှုံရင်း စကားဝိုင်းဖွဲ့ကြ။
သက်ကြားအိုတွေ ပြန်ပြောပြတဲ့ ရှေးဟောင်း
နှောင်းဖြစ်တွေ နားထောင်ကြ။ ဗဟုသုတ
ရစရာတွေကို မှတ်သားကြနဲ့ ကျေနပ်စရာ
ကောင်းတဲ့ ဆောင်းညတွေပေါ့ဗျာ။
ကျုပ်တို့လူငယ်တွေက အိမ်ကထင်းတုံးကြီး
တွေ ထမ်းလာကြ၊ စားစရာသောက်စရာတွေ
စီစဉ်ကြ၊ဝိုင်းပိုင်ရှင် အဘိုးရဲ့ မိသားစုကလည်း
သူတို့ဝိုင်းထဲမှာ အခုလိုလာပြီး သူတို့အဘကို
တရိုတသေနဲ့ မေးကြမြန်းကြတဲ့ ရွာထဲက လူ
ငယ်တွေကို လက်ဖက်သုတ်၊ ထန်းလျက်ခဲ၊
ပဲကြီးလှော်၊ မြေပဲကြော်၊ မြေပဲပြုတ်၊ တစ်ည
တစ်မျိုး ကျွေးကြတာဗျ။
ကျုပ်တို့အသွားဆုံးဝိုင်းက ဘိုးလိပ်ပု ဝိုင်းပဲဗျ။
ကျုပ်တို့ရွာမှာတော့ ဘိုးလိပ်ပုက ဗဟုသုတ
အလွန်များတဲ့ ပုဂ္ဂိုလ်ကြီးပေါ့ဗျာ။ စာပေကျမ်း
ဂန်ကလည်း တတ်ဗျ။ အနယ်နယ်အရပ်ရပ်
ကိုလည်း နှံ့အောင် သွားဖူးခဲ့တာဆိုတော့ ဘိုး
လိပ်ပုမို့လို့ စကားပြောရင် ကျုပ်တို့လူငယ်တွေ
ဆိုတာ မျက်တောင်ခတ်ဖို့တောင် မေ့နေကြ
တာဗျို့။ လူငယ်တွေကတော့ ဘိုးလိပ်ပုကို
ဘိုးပုကြီးလို့ပဲ ခေါ်ကြတာပါ။
အခုလို မီးလှုံရတဲ့ညတွေဆိုရင် လူငယ်တွေ
တင်မကဘူးဗျ။လူကြီးတွေတောင် ဘိုးပုကြီး
ဆီကို လာပြီးပြောကြဆိုကြမေးကြ မြန်းကြ
လုပ်ကြတာဗျ။ဒီညလည်း ဘိုးပုဝိုင်းမှာ ထင်း
ရုံကြီးတွေ မီးဖိုပြီး မီးလှုံနေကြတာ။ လူဆယ်
ယောက်လောက်ရှိတယ်ဗျ။ကျောက်ခဲနဲ့ သံမ
ဏိကလည်း ကျုပ်သွားလေရာ တကောက်
ကောက်ပါတဲ့ ကောင်တွေလေဗျာ၊ အညာ
သားလေးတွေဆိုတော့ အနွေးထည် ညစ်ပေ
ပေလေးတွေဝတ်ပြီး ပုဆိုးအပိုတစ်ထည်ကို
ခြုံကြလို့ပေါ့ဗျာ။
ကြုံလို့ပြောရဦးမယ်ဗျ။ ဒီလိုအေးလွန်းတဲ့
ညတွေဆိုရင် ကျုပ်တို့ အညာသားတွေက
ဝါစပ်စောင်ပွပွကြီးတွေနဲ့ အခေါက်ကြားမှာ
ဂုန်နီအိတ်ညှပ်ပြီး ခြုံကြတာဗျ။နွေးမှနွေးဗျာ။
ဒါလည်း အညာသား စည်းစိမ်တစ်မျိုးပဲဗျ။
ပထမတော့ စကားဝိုင်းက ဟိုရောက်
ဒီရောက်တွေ ပြောနေကြတာပေါ့ဗျာ။
နောက်တော့ တဖြည်းဖြည်းနဲ့ ဦးတည်
ချက် ပါလာတယ်ဗျ။
“ဘိုးရေ ပြောရဦးမယ်၊ ဟိုနေ့က ငါးပိလာ
ရောင်းတဲမိန်းမကြီးဗျာ၊ ကျိန်လိုက်တာ ဘိုး
ရယ်၊ အလေးမမှန်ရင် မိုးကြိုးပစ်ပါစေလို့
ချိန်ခွင်ခိုးရင် မြွေပွေးကိုက်ပါစေလို့ သူ့ဆီ
မယ် ငါးပိဝယ်ရတာတောင် သူ အကျိန်ရဲ
တာ ကြားပြီး ကြောက်မိတယ်ဘိုးရယ်”
လေးလေးတင်သောင်းက ပြောတာဗျ။
လေးလေးတင်သောင်းဆိုတာက သံမဏိ
တို့နဲ့ ဘထွေး တော်တယ်ဗျ။ လွှတ်ရိုးတဲ့
လူပျိုကြီးပါဗျာ။
“တင်သောင်းရေ၊ ကျိန်စာဆိုလို့ ပြောရဦး
မကွဲ့၊ ဘိုးက ထိန်ကုန်းသားကွ၊အိမ်ထောင်
ကျတော့မှ ဟောဒီထနောင်းကုန်းကိုရောက်
တာ။ ဘိုးတို့ ထိန်ကုန်းမှာ ကိုညိုဆိုတဲ့ လူ
တစ်ယောက် ရှိတယ်တဲ့။ ကိုညိုက ဦးမင်း
ဒင်တို့ ဒေါ်လုံးစိန်တို့အိမ်မှာ အလုပ်သမား
လုပ်ရတာဆိုပဲ။ ဦးမင်းဒင်မှာက မယ်တင်ဆို
တဲ့ သမီးတစ်ယောက် ရှိတယ်ဆိုပဲ။ကိုညိုနဲ့
မယ်တင်က သက်တူရွယ်တူတွေတဲ့ကွ။ဒီ
တော့လည်း လူငယ်ဘဝ မယ်တင်အပေါ်
မှာ ကိုညိုက စိတ်ဖောက်ပြားမိတာမျိုး ရှိ
ချင်ရှိမှာပေါ့လေ။ ဒါကို မယ်တင်က ရိပ်မိ
တော့ ကိုညိုကို မေးသတဲ့။
“ဟဲ့ ငညို၊ နင့်ပုံစံကြည့်ရတာ တစ်မျိုးပဲ၊
နင့်စိတ်က ငါ့အပေါ်မှာ ရိုးကော ရိုးရဲ့လား”
ဒီတော့ ကိုညိုက ရှက်ကိုးရှက်ကန်း ဖြစ်
သွားပြီး ပြန်ပြောလိုက်သတဲ့။
“မမယ်တင်ရယ်၊ ခင်ဗျားအပေါ်မှာ ကျုပ်
မရိုးမသား စိတ်များထားခဲ့ရင် ခင်ဗျားအိမ်
မှာ နွားချည်းဖြစ်ရပါစေရဲ့ဗျာ”
ကိုညိုကရှက်ရှက်နဲ့ ကျိန်ပြောလိုက်တာကွဲ့၊
တကယ်ကတော့ သူ မယ်တင်ကို ကြိတ်ပြီး
ကြိုက်နေတာ ဘဝချင်းက မတူတော့ သူ
ဖွင့်မပြောရဲဘူး။ အဲဒီနောက် သိပ်မကြာခင်
ပဲ ကိုညိုပိုးထိပြီး ဆုံးသွားတယ်တဲ့။မယ်တင်
ကလည်း ရုံးထောင့်က ကိုသစ်ဆိုတဲ့လူနဲ့
အိမ်ထောင်ကျသွားသတဲ့ဟေ့။
ကိုသစ်က ထိန်ကုန်းကို လိုက်လာပြီး မယ်
တင်တို့အိမ်မှာနေတယ်။ ဒါပေမဲ့ မယ်တင်
ရဲ့အဖေ ဦးမင်းဒင်က ကိုသစ်တို့ မယ်တင်
တို့ကို ရွာထဲမှာအိမ်ခွဲပေးပြီး ယာလည်းလုပ်
ကိုင်စားဖို့ ခွဲပေးတယ်။ နွားတစ်ရှဉ်းလည်း
ပေးသတဲ့။ ကိုသစ်မိဘတွေကတော့ နွားမ
တစ်ကောင် ပေးသတဲ့။
နောက်တော့ မယ်တင်တို့အိမ်မှာ နွားလေး
တစ်ကောင် ပေါက်ရောတဲ့ဟေ့။ အဲဒီနွား
ဇီးတည်ချိန်မှာ မယ်တင်အိပ်မက် မက်သ
တဲ့။ အိပ်မက်ထဲမှာ ကိုညို ရောက်လာပြီး
မယ်တင်ကို ပြောသတဲ့။
“မယ်တင် ငါတော့ မှားသွားပြီ၊ နင့်ကို ကြိုက်
ရဲ့သားနဲ့ ငါက လိမ်ပြီးကျိန်ခဲ့တာ။ အခုတော့
အဲဒီကျိန်စာကြောင့် နင့်အိမ်မှာ ငါ နွားဖြစ်ရ
တော့မယ်”
လို့ ပြောသတဲ့ဟေ့။ အချိန်တန်လို့ ပေါက်
လာတော့ နွားညိုလေးတဲ့ဗျာ။ မယ်တင်က
လည်း ဒီအကြောင်းကို ဘယ်သူ့မှ မပြောဘဲ
နွားလေးကို ငညိုလို့ ခေါ်သတဲ့။ နွားငညိုက
လည်း မယ်တင်ကများ ခိုင်းရင် ကျုံးရုန်းလုပ်
ဆိုပဲ။ ဒါပေမဲ့ သူ့ခမျာ သက်တမ်းသိပ်မရှည်
ဘူးတဲ့ဟေ့၊ ပိုးထိပြီး သေပြန်ရောတဲ့။ သေပြီး
တော့လည်း နောက်တစ်ခါ အိပ်မက်ပေးပြန်
တာပဲတဲ့။
“မယ်တင်ရေ၊ နင့်ဆီကို ငါပြန်လာဦးမယ်”
လို့ ပြောပြီး မယ်တင်တို့အိမ်မှာ နွားပေါက်
ပြန်တာပဲတဲ့။ ဒီတစ်ခါတော့ နွားဖြူလေးတဲ့။
မယ်တင်က အဲဒီနွားကိုလည်း ငညိုလို့ပဲ ခေါ်
တာပဲတဲ့။ ဒီတော့ ရွာထဲက လူတွေက ပြော
ကြတာပေါ့။
“မမယ်တင်၊ ခင်ဗျားနွားက အဖြူကြီးကို ဘာ
ဖြစ်လို့ ငညိုလို့ ခေါ်တာတုံး၊ ငဖြူလို့ ခေါ်ရမှာ
မဟုတ်ဘူးလား”
“ငါ့နွား ငညိုပြန်ပြီးဝင်စားလို့ ငညိလို့ ခေါ်
တာဟေ့”
လို့ ပြောတော့ ရွာသားတွေလည်း ဘာမှ
မပြောသာတော့ဘူးပေါ့ကွာ။ ဒီတစ်ခါတော့
မယ်တင်က အလှူအတန်းလုပ်တိုင်း တိတ်
တိတ်သွားပြီး နွားဖြူကြီးကို အမျှဝေသတဲ့။
“ကိုညိုရေ အမျှ အမျှ အမျှ ဒီဘဝမျိုး ဒီ
တစ်ခါပဲ ဖြစ်ပါစေတော့၊ လူ့ဘဝကို ပြန်
ရောက်ပါစေ”
လို့ အမြဲပြောတယ်ဆိုပဲ။ နွားဖြူကြီးသေ
တော့နောက်တစ်ခါ နွားလာမဖြစ်တော့ဘူး
ဆိုပဲ။ဒါကြောင့် ကျိန်တယ်ဆိုတာပါးစပ်က
ပြောလိုက်တာပဲ။ ပြောပြီးပျောက်သွားတဲ့
ကိစ္စ ဘာမှ ထိခိုက်စရာ မရှိဘူးလို့ မထင်
ကြနဲ့ ကျိန်တယ်ဆိုတာ ထိတတ်တယ်။
လေထဲမှာတင် ပြီးပျောက်သွားတဲ့ကိစ္စ
မျိုး မဟုတ်ဘူးကွဲ့”
“ဘိုးပြောသလိုဆိုရင် ကျိန်စာဆိုတာ
ကြောက်စရာ တော်တော်ကောင်းတာ
ပဲကိုး”
လေးလေးတင်သောင်းနဲ့ အတူတူပါလာတဲ့
လေးလေးချက်ကြီးက ပြောတာဗျ။ လေး
လေးချက်ကြီးဆိုတာ ကျုပ်တို့ရွာက ဝက်
သားချက် လွှတ်ကောင်းတဲ့လူလေဗျာ။
‘ဘင်ဂျိုဘစော’ဝတ္ထုမှာ လေးလေးချက်
ကြီးအကြောင်း ကျုပ်ရေးခဲ့ဖူးပါတယ်။
“ဘိုးပုက ကျိန်တတ်တဲ့ ကိုညိုအကြောင်း
ပြောလို့ ကျုပ်သတိရတာလေးတစ်ခု ပြော
ရဦးမယ်ဗျ”
ဘိုးရုံက ဝင်ပြောတာဗျ။ ဘိုးရုံဆိုတာက
ဘိုးပုနဲ့ အသက်သိပ်မကွာဘူးဗျ။ အလွန်
ဆုံးကွာရင် သုံးလေးနှစ်ပဲ။ ဘိုးရုံက ဘိုးပု
လောက်သာ စာပေမတတ်တာဗျ။ အတွေ့
အကြုံကတော့ မနည်းဘူး။
“ကျုပ်ငယ်ငယ်က နွားကျောင်းဖက် သူငယ်
ချင်းတစ်ယောက် ရှိတယ်၊ ဒီကောင့်နာမည်
က ငဆင်တဲ့ဗျ။ ကစားရင် လွတ်ငြင်းတဲ့
ကောင်ဗျို့။ ငြင်းခုန်လို့ မနိုင်ရင် ငဆင်က
ကျိန်တွယ်ပြောတော့တာဗျ။ ဒီကောင်ကျိန်
တာ နှစ်မျိုးပဲကျိန်တာ။ မိုးကြိုးပစ်ရပါစေရဲ့
ဆိုတာရယ်၊ အမြင့်က ကျရပါစေရဲ့ ဆိုတာ
ရယ်ပဲ။နောက်တော့ နွားကျောင်းရင်း ငဆင်
က သစ်ပင်တက်ပြီး သရက်သီးခူးတယ်။
ဒီတုန်းမှာ မိုးလေးမဆိုသလောက်ကလေး
ညို့သွားပြီး…
“ဂျိန်း”
ဆိုတဲ့ အသံကြီး ကြားလိုက်ရတာပဲဗျာ။
အဲဒီအချိန်မှာ ကျုပ်နဲ့ တခြားနွားကျောင်း
သားတွေက ငဆင်နဲ့ ခပ်လှမ်းလှမ်းမှာ
ရောက်နေကြတာ။ သရက်ပင်ပေါ်ကနေ
ငဆင်ပြုတ်ကြသွားတာ ကျုပ်တို့ လှမ်း
မြင်ရတယ်။ ဒါပေမဲ့ မိုးကြိုးထပ်ပစ်မှာ
ကြောက်လို့ ဘယ်သူမှ ချက်ချင်းမသွား
ရဲကြဘူးဗျ။ ကောင်းကင်မှာကလည်း
လျှပ်စီးတွေ တဝင်းဝင်းလက်နေတာ
ကိုး။ဘယ်သွားရဲကြမတုံး။နောက်တော့
ကောင်းကင်က တိမ်တိုက်တွေ လွင့်သွား
ပြီး လင်းသွားတော့မှ ကျုပ်တို့တွေ သရက်
ပင်အောက်ကို ပြေးကြည့်ကြတာပေါ့ဗျာ။
ငဆင်ဆိုတဲ့ကောင် တစ်ကိုယ်လုံး မဲပြီး
မီးကျွမ်းသလိုကို ဖြစ်သွားတာဗျ”
“အသက်ရော ရှိသေးလား ဘိုး”
“ဟား ဟား ဟား ဟား”
နားထောင်နေတဲ့သူတွေ ဝိုင်းရယ်ကြတယ်။
ထမေးလိုက်တာက ကျောက်ခဲဗျ။
“ကျောက်ခဲရယ်၊ ငါ့မြေး စဉ်းစားကြည့်လေ
ကွာ၊ မိုးကြိုးတည့်တည့်ပစ်ချလိုက်လို့ တစ်
ကိုယ်လုံး မီးကျွမ်းသွားမှတော့ အသက်က
ဘယ်ရှိတော့မလဲ”
ကျောက်ခဲက ရှက်ကိုးရှက်ကိုးနဲ့ ခေါင်းငုံ့
သွားရောဗျ။
“အဲဒါ ဘိုးပြောမလို့ကွ၊ ငဆင်သေတာ သူ
အမြဲကျိန်ခဲ့သလိုလေ၊ မိုးကြိုးပစ်ခံရပြီး အ
မြင့်က ကျသေရတာလေကွာ။ ဒါကြောင့်
ဘယ်တော့မှ မကျိန်ကြနဲ့။ကိုယ့်ကိုယ်ကိုယ်
လည်း မကျိန်နဲ့။ သူများကိုလည်း မကျိန်နဲ့။
ကျိန်စာဆိုတာ ထိတတ်တဲ့သဘောရှိတယ်”
ကျုပ်တို့လည်း ဘိုးရုံပြောတာကို ငြိမ်ပြီး
နားထောင်နေကြတာပေါ့ဗျာ။ ခဏကြာ
တော့ စကားဝိုင်းက ဟိုရောက် ဒီရောက်
ရောက်သွားပြန်ရောဗျ။ အဲဒီလို ရောက်
သွားရင်းနဲ့ ဓါးအကြောင်းကို ရောက်သွား
ပြန်ရောဗျို့။
” ဘိုးပုက ထိန်ကုန်းကဆိုလို့ ပြောရဦး
မယ်ဗျ၊ ထိန်ကုန်းက သော်ရွှေဆိုတဲ့လူ
တော့ တော်တော်ကို ပိုက်ဆံရသွားတာဗျ”
ဗိုလ်ပုချိုလို့ခေါ်တဲ့ လေးလေးကိုချိုက ပြော
တာဗျ။ လေးလေးကိုချိုက အရပ်ပုပြတ်ပြတ်
ကလေးမို့ သူ့ကို ဗိုလ်ပုချိုလို့ ခေါ်ကြတာ။
“ပုချို မင်းပြောတဲ့ သော်ရွှေဆိုတာ ကျော်
သောင်းကြီးရဲ့ သားထင်တယ်”
“ဟာ ဟုတ်တာပေါ့ ဘိုးပုရဲ့၊ ဘိုးကျော်
သောင်းကြီးရဲ့ သား သော်ရွှေကို ပြော
တာဗ်”
“အေး ပြောစမ်းပါဦးကွ၊ ကျော်သောင်းကြီး
သားက ထီတွေ ဘာတွေ ပေါက်လို့လား”
“ဟာ မဟုတ်ဘူး ဘိုးပုရဲ့၊ ဓါးရောင်းလိုက်
တာ ဆယ်သိန်းတောင် ရဆိုပဲ”
“ဟေ၊ ဓါး ဟုတ်လား၊ ဘာဓါးမို့ ဒီလောက်
ပိုက်ဆံရတာတုံးကွ ပုချိုရဲ့”
“ဂျပန်ဓါးတဲ့ ဘိုးပုရဲ့၊သော်ရွှေ တောထဲသွား
ပြီး ထင်းခုတ်ရင်းနဲ့ ရလာတာတဲ့ဗျို့၊ ဓါးကြီး
က သံချေးတွေတက်နေလို့ တဖြည်းဖြည်း
ချွတ်ယူရတာဆိုပဲ။ဓါးက ဂျပန်ဗိုလ်တွေကိုင်
တဲ့ ကင်ဒိုဓါးတဲ့ဗျ။ ဓါးပေါ်မှာလည်း ဂျပန်စာ
တွေ ပါတယ်ဆိုပဲ”
“အေး ဟုတ်တယ်၊ ဂျပန်တွေ ကိုင်တဲ့ ဓါးက
ဓါးပေါ်မှာကို သူတို့နာမည် ထိုးထားတာကွ”
ဘိုးရုံက ဝင်ပြောတာဗျ။
“ဟုတ်တာပေါ့ ဘိုးရုံရာ၊ အဲဒီနာမည်ကြောင့်
သော်ရွှေကြီး ပိုက်ဆံတွေ ရသွားတာပေါ့ဗျာ။
ဒီလိုတဲ့ဗျို့၊ ဂျပန်ပြည်က အဲဒီစစ်ဗိုလ်ရဲ့ အ
မျိုးအဆွေတွေ လိုက်လာပြီး စုံစမ်းတဲ့အချိန်
မှာ သော်ရွှေက သူရထားတဲ့ ဓါးကို ပြလိုက်
သတဲ့။ ဒီမှာတင် တည့်တည့်ကို တိုးတော့
တာတဲ့ဗျာ။ ဓါးပေါ်မှာ အဲဒီဂျပန်ရဲ့ နာမည်
ပါတယ်ဆိုပဲဗျ။ ဒီမှာတင် ဂျပန်စစ်ဗိုလ်ရဲ့
အမျိုးတွေက သော်ရွှေကို ဆယ်သိန်းပေး
ပြီး ဂျပန်ဗိုလ်ရဲ့ဓါးကို ယူသွားကြသတဲ့ဗျို့”
“ဟ ဒါဆိုရင် ကျော်သောင်းသား ပွသွား
တာပေါ့”
“ပွသွားတာပေါ့ ဘိုးပုရဲ့၊ အောင်မာ သော်
ရွှေက သူ့အိမ်မှာ ဘုန်းကြီးတွေပင့်ပြီး ဆွမ်း
တွေ ဘာတွေ ကပ်လို့ဗျ။ပြီးတော့ ဂျပန်စစ်
ဗိုလ်ရဲ့နာမည်ကို သူမေးထားလိုက်တယ်။
အဲဒီစစ်ဗိုလ်ရဲ့နာမည်ကို ခေါ်ပြီး အမျှတွေ
ဘာတွေ ဝေလို့ဆိုပဲ”
“ဟာ အဲဒီဂျပန်စစ်ဗိုလ်ရဲ့နာမည်က ဘယ်
သူတဲ့တုံး လေးလေးရဲ့”
ကျုပ်က လွှတ်စပ်စုတဲ့ကောင်ဆိုတော့
လေးလေးဗိုလ်ပုချိုကို မေးလိုက်တာဗျ။
လေးလေးကိုချိုက မျက်မှောင်ကြုက်ပြီး
စဉ်းစားတယ်ဗျို့။
” နေဦးကွ တာတေရ၊ ငါမှတ်ထားပါတယ်
အဲ နေပါဦး၊ ရာမာအိုကီတဲ့ကွ”
“ရာမာအိုကီ၊ ရာမာအိုကီ”
“ကျောက်ခဲနဲ့ သံမဏိက ဂျပန်စစ်ဗိုလ်
ရဲ့နာမည်ကို ရွတ်ကြည့်နေကြရောဗျို့။
“ဘာတဲ့၊ ရာမာအိုကီ ဟုတ်လား”
“ဟုတ်တယ် ဘိုးရဲ့၊ ရာမာအိုကီတဲ့၊ ဓါး
ပေါ်မှာကို သူ့နာမည်ထွင်းထားတာတဲ့၊
သူတို့ပြောတော့ သူတို့ဘုရင်ကိုယ်တိုင်
အပ်နှင်းတဲ့ ဓါးဆိုလားပဲ ဘိုးရဲ့”
“ဟုတ်မှာပေါ့၊ ပုချိုရဲ့၊ ဒါကြောင့် ဒီအထိလာ
ပြီး ဒီဓါးကို ရှာကြ၊ ဖွေကြတာပေါ့ကွ၊ပြီးတော့
ဓါးတစ်လက်ကို ငွေတွေ ဒီလောက်ပေးပြီး
ဝယ်တာကိုပဲ ကြည့်လေကွာ”
ဘိုးပုကြီးပြောတာ မဟုတ်ဘူးဗျ။ ဘိုးရုံ
က ဝင်ပြောတာ။ဘိုးပုက တွေပြီးစဉ်းစား
နေတယ်။ ဘာကို စဉ်းစားနေမှန်းတော့
မသိဘူးဗျိူ့။
“ဘန့်ဘွေးကုန်းက ကိုမိုးညွန့်ကို ခေါင်း
ဖြတ်သတ်သွားတာ၊ အဲဒီဂျပန်ဗိုလ်ပေါ့
ကွာ၊ သေချာတာပေါ့ ရာမာအိုကီ သတ်
သွားတာကွ”
“ဗျာ၊ ဘာဖြစ်လို့ သတ်ရတာတုံး ဘိုးရဲ့”
ကျုပ်ရဲ့ သိချင်စိတ်က မနေနိုင်တော့လို့
မေးလိုက်တာဗျို့။
“တာတေရဲ့၊ ကိုမိုးညွန့်က ဂျပန်တော်လှန်
ရေးတပ်သားကွ၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့
တပ်တွေနဲ့ အချိတ်အဆက်ယူပြီး တော်
လှန်ရေး လုပ်နေတာပဲကွ။ နောက်တော့
ဘယ်လိုပေါ်သွားတယ် မသိဘူး၊ ဂျပန်စစ်
တပ် ရောက်လာပြီး ကိုမိုးညွန့်တို့ ဖမ်းတော့
တာပဲ။ လူလေးမြင်မှာပေါ့။ ထနောင်းကုန်း
ကနေ ဘန့်ဘွေးကုန်းကိုသွားတဲ့လမ်းမှာ
ဘန့်ဘွေးပင်ကြီးသုံးပင်ပေါက်နေတဲ့နေရာ
မှာ ကျင်းတူးပြီး ခေါင်းဖြတ်သတ်ခဲ့တာကွ”
“သြော်၊ အဲဒီဘန့်ဘွေးကုန်းပင်ကြီးတွေ
နားမှာလား”
လေးလေးချက်ကြီးက ဝင်ပြောတာဗျ။
“သြော် ဘိုးပြောတဲ့ ကိုမိုးညွန့်ဆိုတာ
ဘန့်ဘွေးကုန်းက ဦးရွှေလင်းရဲ့ညီဆို
တာ ထင်တယ်”
လေးလေးပုချိုက ပြောတာဗျ။
“အေး ဟုတ်တယ်၊ ဟုတ်တယ်၊ ရွှေလင်း
ရဲ့ညီ မဟုတ်ဘူး၊ အစ်ကိုကွ၊ ကိုမိုးညွန့်က
အိမ်ထောင်မရှိဘူး လူပျိုကြီးကွ”
“ဟင်၊ ဂျပန်က ဘယ်လိုများ သိသွား
တာတုံး ဘိုးရာ”
“ဂျပန်အလိုတော်ရိတွေ သတင်းပေးတာ
ရှိမှာပေါ့ကွာ”
“အဲဒီအလိုတော်ရိတွေကို ဖော်ထုတ်ပြီး
ရွာက လူတွေက သတ်ပစ်ရမှာ ဘိုးရဲ့”
လေးလေးတင်သောင်းကြီးက ပြောတာဗျို့။
“ဟ တင်သောင်းရဲ့၊ ဒီလိုလုပ်ချင်တိုင်းလုပ်
လို့ရမလား၊ မင်းတို့က သိမှ မသိတာ၊ဒီတုန်း
က ဂျပန်ကို တုန်နေအောင် ကြောက်နေရ
တဲ့အချိန်ကွ”
ဘိုးပုက လေးလေးတင်သောင်းကို ပြော
လိုက်တာဗျ။
“နေဦး ကိုပုရဲ့၊ ကျုပ်ကြားတာတော့
ဘန့်ဘွေးကုန်းက ကိုရှင်းရယ်၊ ကိုထင်
ရယ်၊ ကျုပ်တို့ရွာက ကိုမှတ်ကြီးရယ်
သုံးယောက်ပေါင်းပြီး ဖော်တာဆိုပဲဗျ”
“ကိုရုံး ဒီအကြောင်း ကျုပ်က မသိလို့ မပြော
တာ မဟုတ်ဘူးဗျ၊ ကလေးတွေရှေ့မှာမို့ မ
ပြောချင်လို့ မပြောတာ၊ ကိုရုံးပြောသလို အဲ
ဒီသုံးယောက် ဖော်လိုက်တယ်ဆိုတာ ဟုတ်
တယ်။ ဒါပေမဲ့ ဘာကြောင့် ဖော်ရတယ်ဆို
တာလည်း အကြောင်းရှိတယ်။ဂျပန်က သူ
တို့သုံးယောက်ကိုဖမ်းပြီး စစ်တာဗျ။ ဘယ်
သူဆိုတာကို ဖော်ရင်ဖော်၊မဖော်ရင် ထ
နောင်းကုန်းနဲ့ ဘန့်ဘွေးကုန်းက ယော
က်ျားမှန်သမျှ အကုန်သတ်ပစ်မယ်။ပြီးရင်
နှစ်ရွာစလုံး မီးရှို့ပစ်မယ်ဆိုလို့ အများဒုက္ခ
မရောက်အောင် ဖော်လိုက်ရတာဗျ”
“နေပါဦး ဘိုးရဲ့၊ အဲဒီ ဘိုးတော်က ထွက်
ပြေးလို့ မလွတ်လို့လား”
“ဟာ မဟုတ်ဘူးကွ၊ ဂျပန်က ညဘက်ကြီး
ရောက်လာပြီး ထနောင်းကုန်းနဲ့ ဘန့်ဘွေး
ကုန်းကို ဝိုင်းလိုက်တာကွ။ရွာထဲက လူတွေ
သိတော့ နောက်ကျသွားပြီ။ကိုမိုးညွန့်လည်း
ပြေးလို့မလွတ်တော့ဘူး”
“ကြုံတုံး ကိုမိုးညွန့်ရဲ့စိတ်ဓါတ်ကို ပြောရ
ဦးမယ်”
ဘိုးပုက စကားစလိုက်တော့ ကျုပ်တို့
အားလုံးငြိမ်ပြီး နားထောင်ကြတာပေါ့ဗျာ။
“သူ့ကိုသတ်တာ ထနောင်းကုန်းက လူဆယ်
ယောက်နဲ့ ဘန့်ဘွေးကုန်းက ဆယ်ယောက်
ထွက်ရမယ်ဆိုလို့ ကျုပ်ပါသွားတယ်။ ဘန့်
ဘွေးကုန်းပင်ကြီးတွေနားမှာ တချို့ကိုကျင်း
တူးခိုင်းတယ်။ ကျုပ်ကတော့ မတူးရပါဘူး
ကြည့်ရုံပဲ ကြည့်ရတာဗျ။ အဲဒီမှာ ကိုမိုးညွန့်
ကို လက်ပြန်ကြိုးတုပ်ပြီး ဆွဲခေါ်လာတယ်။
ကျင်းနှုတ်ခမ်းရောက်တော့ ဒူးတုပ်ထိုင်ခိုင်း
တယ်။ကိုမိုးညွန့်က အဲဒီမှာ ပြောတော့တာဗျို့”
“ဟင် ဘာပြောတာတုံး ဘိုးရဲ့”
လေးလေးချက်ကြီးက အတင်းကို မေး
တော့တာဗျ။
“ငါ့ကို ဖော်လိုက်တဲ့ ဂျပန်အလိုတော်ရိ
သုံးကောင် မင်းတို့ကို ငါမကျေနပ်ဘူးကွ၊
မင်းတို့ ခေါင်းတွေကို ငါ့ဓါးနဲ့ ဖြတ်ကိုဖြတ်
မယ်ဟေ့”
လို့ အော်တာကွ၊ ပြီးတော့ ဒူးမတုပ်ဘူး။
ဂျပန်စစ်သားတွေက သူ့ဒူးကောက်ကွေး
ကို စစ်ဖိနပ်တွေနဲ့ အတင်းကို နင်းချကြ
ရတာ။ သူ့ကို ခေါင်းဖြတ်တာ စောစော
က ပုချိုပြောတဲ့ ရာမာအိုကီကိုယ်တိုင်ပဲ
ကွ။ အဲဒီမှာ ပြောရဦးမယ်ဟေ့၊ကိုမိုးညွန့်
က မသေခင် အံတကြိတ်ကြိတ်နဲ့ နေတာ
ကွ။ ဓါးနဲ့ ခေါင်းလည်း ဖြတ်လိုက်ရော
ကိုမိုးညွန့်ရဲ့ ခေါင်းပြတ်ကြီးက ကျင်းထဲ
ကို မကျဘဲ ဘေးကို လွင့်ထွက်သွားတာ
ဟေ့။ ဘေးမှာ သေနတ်ကိုင်ပြီး ရပ်နေ
တဲ့ ဂျပန်စစ်သားရဲ့ လက်မောင်းကို
ကိုက်ရက်သားတန်းလန်းကြီးဖြစ်နေလို့
ဂျပန်စစ်သားဆိုတာ အော်လိုက်တာကွာ။
ဂျပန်စစ်ဗိုလ် ရာမာအိုကီက သူဓါးနဲ့ သွား
တွေကို ကလန့်ပြီး ဖြုတ်ပေးလိုက်ရတာ”
“ဟာ”
ကျုပ်တို့အားလုံး အံ့သြလိုက်ကြတာဗျာ။
တော်လှန်ရေးသမား ဘိုးတော်ကြီးအတွက်
စိတ်မကောင်းဖြစ်သွားကြတာပေါ့ဗျာ။ ဒီအ
ကြောင်းတွေ ကျုပ်တစ်ခါမှ မကြားဖူးဘူးဗျ။
ရွာက လူကြီးတွေကလည်း ဒီအကြောင်း
တွေကို နောင်လာနောင်သားတွေ မသိစေ
ချင်ဘူး ထင်ပါရဲ့ဗျာ။ ဒါပေမဲ့ လေးလေး
ပုချိုပြောတဲ့ ဘန့်ဘွေးကုန်းက ဘိုးရွှေလင်း
ရဲ့သား လင်းဦးတို့ လင်းထူးတို့ဆိုတာ ကျုပ်
နဲ့ မြို့ကျောင်းမှာ အတူတူတက်ခဲ့တဲ့ ကောင်
တွေဗျ။
ဒီကောင်တွေလည်း သူတို့ဘကြီးအကြောင်း
တစ်ခါမှကျုပ်ကို မပြောဖူးဘူးဗျ။ဒီည စကား
ဝိုင်းမှာတော့ ကျုပ်မကြားဖူးတာတွေ ကြား
လိုက်ရလို့ ကျုပ်တော်တော်ကျေနပ်သွားတာ
ဗျို့။ဒါပေမဲ့ အိမ်ပြန်ရောက်တဲ့အထိ ဘန့်ဘွေး
ကုန်းက လင်းဦးတို့ဘကြီး တော်လှန်ရေးရဲ
ဘော်ကြီးအကြောင်းကိုပဲ တတွေးတွေးလုပ်
နေမိတာပေါ့ဗျာ။ အိမ်ပြန်ရောက်တော့ ကျုပ်
က အဘကို ဒီအကြောင်းမေးတော့ အဘက
ကျုပ်ကို ပြောတယ်ဗျ။
“လူလေးရယ်၊ ဒီအကြောင်းတွေက ပြောလို့
ကောင်းတဲ့အကြောင်းတွေမှ မဟုတ်တာကွာ၊
ပြောမနေပါနဲ့တော့”
“ဟဲ့ တာတေ၊ ဂျပန်ခေတ်ဆိုတာ ခေတ်ဆိုး
ခေတ်ပျက်ကြီးဟဲ့၊ အားလုံး ဆင်းရဲငတ်ပြတ်
ပြီး ရောဂါတွေ အမျိုးမျိုးဖြစ်ကြ၊ တော်လှန်
ကြတာပေါ့။ ဒီတော့လည်း ခုနကပြောသလို
ဂျပန်သတ်တာ ခံကြရတဲ့သူတွေ ရှိတာပေါ့
ဟယ်၊ ဒါကြောင့်လည်း ဂျပန်တွေ စစ်ရှုံးလို့
ပြေးကြရတော့ လမ်းကနေ စောင့်ပြီး ဝိုင်း
သတ်ကြဖြတ်ကြတာ သူတို့လည်း အတုံး
အရုံးပါပဲ။ ဒီအကြောင်းတွေ ပြောတာ စိတ်
မကောင်းစရာတွေချည်းမို့လို့ လူတွေက မေ့
မေ့ပျောက်ပျောက်ပဲ နေကြတော့တာ။ဂျပန်
ခေတ်ပျက်ကြီးထဲမှာ အကောင်းပြောစရာ
ဆိုလို့ တစ်ခုမှ မရှိတာဟဲ့”
အမေ ရှင်းပြတော့မှပဲ ကျုပ်လည်း သ
ဘောပေါက်သွားတော့တာဗျို့။ဒါကြောင့်
ဒီအကြောင်းတွေကို လူတွေ သိပ်မပြော
ကြတော့တာကိုး။ မနက်အစောကြီး အ
ဘနဲ့ အမေက ကောက်ညှင်းပေါင်းနှမ်း
လှော်ထောင်း၊ အမဲခြောက်ဖုတ် လုပ်နေ
ကြတာဗျ။ ကျုပ်ကတော့ စောင်နှစ်ထပ်
ခြုံပြီး ကွေးလို့ဗျ။ ဒါလည်း အညာသား
စည်းစိမ်ပေါ့ဗျာ။
“ဟဲ့ တာတေ၊ ထတော့လေ၊ ကောက်ညှင်း
ပေါင်းနဲ့ အမဲခြောက် စားရအောင်”
အမေ နှိုးတော့မှ ကျုပ်က အိပ်ရာက ထ
တာဗျ။အဘနဲ့ အမေက ကျုပ်ကို စောင့်
နေကြတာ။ကျုပ်လာမှ ကောက်ညှင်းပေါင်း
ထည့်ပြီးစားတာ။ ကောက်ညှင်းပေါင်းက အ
ဖြူပေါင်း ပဲပေါင်းလေးဗျ။နှမ်းထောင်းလေးနဲ့
တို့ပြီးစားလိုက်၊အမဲခြောက်ကို ဆီမြုပ်အောင်
စိမ်ထားတာလေးနဲ့ စားလိုက် ကောင်းချက်ဗျာ
ဝိုင်းထဲကို လှမ်းကြည့်လိုက်တော့ မိုးလင်းနေ
ပေမယ့် နှင်းတွေ ကျနေတော့ ပိတ်နေတာဗျို့
“ကိုကြီးတာတေ နိုးပြီလား”
“ဟဲ့ စောစောစီးစီး ဘယ်သူတုံး”
“ကျောက်ခဲအသံပဲ အမေရ”
“နိုးပါပြီကွ၊ ဝင်ခဲ့လေ ကျောက်ခဲ”
နှင်းတောထဲကဖြတ်ပြီး ကျောက်ခဲက ဝိုင်းထဲ
ဝင်လာတယ်။ သူ့နောက်မှာ ချမ်းလို့ကုပ်ပြီးပါ
လာတာက သံမဏိဗျ။ ဒီကောင်နှစ်ကောင်
အိပ်ပေါ်ကို တန်းတက်လာကြတယ်။
“လာကြဟေ့၊ ကျောက်ခဲနဲ့ သံမဏိ ဘိုးဥာဏ်
တို့ ကောက်ညှင်းပေါင်း စားတာကွ လာကြ”
အဘက ကောက်ညှင်းပေါင်းစားဖို့ ခေါ်ပေ
မယ့် ဒီကောင်နှစ်ကောင်က ဘာမှပြန်မပြော
ဘူးဗျ။ မျက်နှာလည်း မကောင်းကြဘူး။
“ဟေ့ကောင်တွေ မင်းတို့ ဘာဖြစ်လာ
တာတုံး”
ကျုပ်က ဒီကောင်နှစ်ကောင်နဲ့ တွဲလာတာ
ကြာပြီဆိုတော့ ဒီကောင်တွေအကဲကို သိ
ပြီးသားဗျ။
“ကျုပ်တို့ ဘာမှမဖြစ်ပါဘူး ကိုကြီးတာတေ
ရာ၊ ရွာထဲမှာ ဖြစ်တာပါ”
“ဟေ ဟုတ်လား ကျောက်ခဲ၊ ရွာထဲမှာ
ဘာဖြစ်လို့တုံး”
“ဘိုးမှတ်ကြီး ခေါင်းဖြတ်အသတ်ခံရလို့ဗျ”
“ဘာကွ၊ အောင်ကွန့်တို့ အဘိုးလား”
“ဟုတ်တယ်ဗျ၊ ညနှစ်ချက်တီးလောက်မှ
တံခါးဖွင့်ပြီး ဆင်းသွားတာတဲ့”
“ကိုကြီးအောင်ကွန့်က သူ့အဘိုးနဲ့ အိပ်
တာဆိုတော့ ‘ဘိုး ဘယ်သွားမှာတုံး’လို့
မေးလိုက်သတဲ့၊ ဘိုးမှတ်ကြီးက အိပ်သာ
တက်မလို့ဆိုပြီး ပြောသွားသတဲ့၊ ကိုကြီး
အောင်ကွန့်လည်း ပြန်အိပ်ပျော်သွားပြီး
မနက်ငါးနာရီလောက်မှာ နိုးလာတော့
သူ့ဘေးမှာ ဘိုးမှတ်ကြီးကို မတွေ့လို့
ခေါင်းတွေဘာတွေများ မူးပြီးလဲနေလား
လို့ ဝိုင်းထဲကို ဆင်းပြီး ဓါတ်မီးနဲ့ လိုက်
ထိုးတော့ အိပ်သာသွားတဲ့လမ်းမှာ ဘိုး
မှတ်ကြီး ခေါင်းပြတ်ပြီး သေနေတာ
တွေ့ရတာတဲ့ဗျို့”
“ဟင်၊ ဘယ်လိုဖြစ်တာတုံး”
အဘနဲ့ အမေက အံ့သြပြီး ပြောတာဗျ။
“ဘိုးမှတ်ကြီးတို့ဝိုင်းမှာ လူတွေမှ အိုး
ကြိတ်ကြိတ်ကို တိုးလို့ဗျ”
သံမဏိက အသံလေးလေးကြီးနဲ့ တစ်ခွန်း
ဝင်ပြောတယ်။ ကျုပ်က မျက်မှောင်ကြုတ်
ပြီး စဉ်းစားနေတာဗျ။ ဒီအကြောင်းကို ည
ကတင် ဘိုးပု ပြောသေးတယ်လေဗျာ။
ဘန့်ဘွေးကုန်းမှာ ဂျပန်ခေတ်တုန်းက
အသတ်ခံရတဲ့ တော်လှန်ရေးသမားကြီး
ဦးမိုးညွန့် မသေခင်က သူ့ကို ဖော်ထုပ်ပြီး
ဂျပန်လက်ထဲအပ်တဲ့ကောင်တွေကို သူ့
ဓါးနဲ့ ခေါင်းဖြတ်သတ်မယ်လို့ ပြောသွား
တာတဲ့။ဒါပေမဲ့ သေကာနီးလူတစ်ယောက်
ရဲ့ မကျေနပ်မှုတွေ ဒေါသတွေပဲ ဖြစ်မှာ
ပေါ့ဗျာ။ သေပြီးသွားတဲ့ လူတစ်ယောက်
ကတော့ ဘယ်လိုလုပ် လူသတ်မှာတုံး။
ကျုပ် စဉ်းစားတယ်။ ထပ်စဉ်းစားတယ်။
ဟာ တစ်ခုတော့ ရှိတယ်ဗျ။ ဦးမိုးညွန့်
သေတာ အခုဆိုရင် အနှစ်သုံးလေး
ဆယ် ရှိပြီဆိုတော့ တကယ်လို့များ ဦး
မိုးညွန့် လူပြန်ဖြစ်နေရင် အသက်သုံး
ဆယ်ကျော်လောက်တော့ အသာလေး
ရှိမှာဗျ။ နောက်ဘဝကို ရောက်သွားတဲ့
လူတစ်ယောက်အဖို့ အရင်ဘဝက မ
ကျေနပ်မှုတွေကို မှတ်မိပါ့မလားလို့
ကျုပ် တွေးမိတယ်။
ဒါတော့ မပြောနိုင်ဘူးဗျ။ သေကာနီး
မှာ ဦးမိုးညွန့်ရဲ့စိတ်က တော်တော်ကို
ဒေါသဖြစ်သွားတာ။ နောက်ဘဝရောက်
ရင်လည်း သတိရရင် ရနေမှာ။
ဒါဆိုရင် တော်လှန်ရေးသမားကြီး ဦးမိုး
ညွန့်က ကျုပ်တို့ရွာမှာများ လူပြန်ဖြစ်နေ
သလား။ ကျုပ်လည်း မတွေးတတ်တော့
ဘူးဗျ။ ကျုပ် ချက်ချင်းပဲ ကျောက်ခဲနဲ့
သံမဏိတို့နောက်ကို လိုက်ခဲ့တယ်။ ဘိုး
မှတ်ကြီးတို့ဝိုင်းက ရွာတောင်ပိုင်းမှာဗျ။
ကျုပ်တို့ရောက်တော့ တစ်ရွားလုံးလိုလို
ရောက်နေကြပါပြီဗျာ။ ဝိုင်းရှေ့က လမ်း
ပေါ်မှာရော ဝိုင်းထဲမှာရော လူတွေမှ ပြည့်
ကျပ်သိပ်နေတော့တာဗျ။
ကျုပ်တို့လည်း လူကြားကပဲ တိုးဝှေ့ပြီး
ဝင်ခဲ့ရတာပေါ့ဗျာ။ အောင်ကွန့်တို့ဝိုင်း
က သိပ်မကျယ်ဘူးဗျ။အိမ်သာကတော့
အိမ်အနောက်ဘက်က ဝိုင်းထောင့်မှာ
ပေါ့ဗျာ။ ဟုတ်တယ်ဗျ။
အိမ်သာသွားတဲ့ လမ်းပေါ်မှာ ဘိုးမှတ်ကြီး
မှောက်ခုံလဲနေတာဗျ။ ခေါင်းက ကိုယ်နဲ့
တစ်လံလောက်မှာ ကျနေတာဗျ။ မျက်
လုံးကြီး ပြူးထွက်ပြီး ပါးစပ်ကြီးက ဟနေ
တာဗျ။ ဒီပုံစံကို ကြည့်ရတာ မသေခင်မှာ
ဘိုးမှတ်ကြီးတစ်ခုခုကို တအားကြောက်
လန့်သွားတဲ့ပုံပဲဗျ။ဓါးချက်ကလည်း တစ်
ချက်တည်းလို့ လူကြီးတွေပြောသံ ကျုပ်
ကြားရတယ်။ တော်တော်ကို ပြတ်တဲ့ဓါး
နဲ့ ခုတ်သွားတာဗျ။
ခုတ်တဲ့လူက အားလည်းတော်တော်သန်
ပုံရသတဲ့။ ဓါးလည်းကောင်း အားလည်း
သန်လို့သာ။ ခေါင်းကို တစ်ချက်တည်း
ခုတ်ဖြတ်သွားတာလို့ လူကြီးတွေဝေဖန်
နေကြတယ်ဗျ။ ဒါပေမဲ့ဗျာ။အသက်ခုနှစ်
ဆယ်ကျော် လူကြီးတစ်ယောက်ကို ဒီ
လောက်ရက်ရက်စက်စက် သတ်သွား
တာ ကျုပ်ဖြင့် အံ့သြလို့ မဆုံးပါဘူးဗျာ။
ထုံးစံအတိုင်းပေါ့ဗျာ။ လူသတ်မှုဖြစ်လာ
တော့ သူနဲ့ ရာအိမ်မှူးတွေ၊ ဆယ်အိမ်
ခေါင်းတွေက ရောက်နေရတော့တာပေါ့
မြို့ကို လွှတ်ပြီး ရဲစခန်းကို သတင်းပို့တဲ့
လူက သွားပို့ပေါ့ဗျာ။
နောက်တော့ ရဲတွေရောက်လာပြီး အ
လောင်းကိုစစ်ဆေးလူတွေကို စစ်ဆေး
ပြီးတော့မှ အမှုဖွင့် အလောင်းကို သင်္ဂြု ိဟ်
ခွင့်ပြုကြတာပေါ့ဗျာ။ ကျုပ်တို့တစ်ရွာလုံး
လည်း တိတ်ကိုသွားတာဗျ။ ဒါပေမဲ့ ဟို
အိမ်မှာစုစု၊ ဒီအိမ်မှာစုစုနဲ့ တိုးတိုး လုပ်နေ
ကြတော့တာပေါ့ဗျာ။ စကားဆိုတာ စပြီး
ကားလာတာဆိုတဲ့အတိုင်းပဲဗျို့။
ဘိုးမှတ်ကြီးတို့ဝိုင်းထဲမှာ ညဦးကတည်းက
အရိပ်မဲမဲကြီး တွေ့လိုက်သလိုလိုတွေလည်း
ပြောကြရဲ့ဗျ။ ဘိုးမှတ်ကြီးကပဲ မသေခင်မှာ
‘အောင်မယ်လေးဗျ’လို့ အော်သွားသလိုလို
တွေ ပြောကြတာပေါ့ဗျာ။ ကျုပ်က အောင်
ကွန့်ကို မေးကြည့်တော့ …
“ဘယ်ကဟုတ်ရမှာတုံး တာတေရာ၊ ဘာ
အရိပ်မဲမဲကြီးမှလည်း မတွေ့ဘူး၊ ငါ့ဘိုးက
လည်း အောင်မလေးဗျလို့ အော်မသွားဘူး။
အလကားစကားတွေ ကားပြောကြတာပါကွာ”
လို့ အောင်ကွန့်က ပြောတယ်။
“ဒါပေမဲ့ တာတေရဲ့၊ ငါ့ဘိုးက ခုတလော
မှိုင်မှိုင်နေတယ်ကွ၊ ငါက ဘိုးနေမကောင်း
ဘူးလားလို့ ခဏခဏမေးမိတယ်”
“ဒီတော့ ဘိုးမှတ်ကြီးက မင်းကို ဘာပြောတုံး”
“ကောင်းပါတယ် မြေးရဲ့၊ ဘိုး ဘာမှမဖြစ်ပါဘူး”
လို့ပဲ ပြောတာကွ။ တခြားတော့ ဘာမှ
မပြောဘူး တာတေရ”
“တို့ရွာထဲမှာရော ဘိုးမှတ်ကြီးနဲ့ ရန်ငြိုးရန်
စရှိတဲ့ လူများရှိဖူးသလားကွ အောင်ကွန့်ရဲ့”
“ဟာ တာတေရာ၊ မင်းလည်းသိတဲ့အတိုင်း
ပဲလေကွာ၊ငါ့ဘိုးက ဘယ်သူနဲ့မှ စကား ခွန်း
ကြီး ခွန်းငယ် မများဖူးပါဘူးကွာ”
ဒါလည်း ဟုတ်တာပဲဗျ။ ဘိုးမှတ်ကြီးက
အင်မတန်စကားနည်းတာ။လူတွေနဲ့လည်း
သိပ်မရောဘူး။ သူ့ဟာသူပဲ နေတဲ့လူဗျ။
မှတ်မှတ်ရရ ပြောရရင်တော့ ဘိုးမှတ်ကြီး
ခေါင်းဖြတ်အသတ်ခံရတာ လကွယ်ညဗျ။
တပို့တွဲလကွယ်ညကျတော့ ကျုပ်က မအိပ်
ခင် တွေးလိုက်မိသေးတယ်။ ဒီလကွယ်ည
မှာများ တစ်ယောက်ယောက် သေဦးမှာ
လားလို့ပေါ့ဗျာ။
“ကိုကြီးတာတေရေ၊ နောက်တစ်ယောက်
ခေါင်းပြတ်ပြန်ပြီဗျို့”
ဒီတစ်ခါတော့ ကျောက်ခဲတစ်ယောက်
တည်းဗျ။ အိမ်ပေါ်ကို တန်းပြီးတက်လာ
တာ။မျက်စိမျက်နှာလည်း ပျက်လို့ပေါ့ဗျာ။
ကျုပ်က ထမင်းကြမ်းစားပြီးလို့ နဂါးဆေး
လိပ်ကလေးထိုင်ပြီး ဖွာနေတာဗျ။ဒီကောင်
ကျုပ်ထိုင်နေတဲ့ တန်းလျားမှာဝင်ထိုင်လိုက်
တယ်။အဘနဲ့အမေကမီးဖိုချောင်ထဲရောက်
နေကြတော့ ကျောက်ခဲရောက်လာတာကို
မသိကြဘူးဗျ။
“ကျောက်ခဲ ဘယ်သူခေါင်းပြတ်ပြန်
တာတုံးကြ”
“ဘန့်ဘွေးကုန်းက ဘိုးရှင်းကြီးဗျ”
“ဟေ …ဟုတ်လား”
“ဟုတ်တယ် ကိုကြီးတာတေ၊ ဂျပန်တော်
လှန်ရေးသမားကြီး ဦးမိုးညွန့်ဆိုတဲ့ ဘိုး
တော်ကြီးများ သတ်နေတာလား ကိုကြီး
တာတေရာ”
“ဟာကွာ၊ဟိုက သေတာဖြင့်အနှစ်သုံးဆယ်
ကျော်နေပြီဥစ္စာ၊ဘိုးရှင်းသေတဲ့နေရာမှာ ဘာ
တွေများ ထူးထူးခြားခြား ဖြစ်သေးလို့တုံး”
“ဘာမှမဖြစ်ဘူးဗျ၊ ဘိုးရှင်း ဘယ်အချိန်က
တံခါးဖွင့်ပြီး ဝိုင်းထဲ ဆင်းသွားမှန်းတောင်
သိတဲ့လူ မရှိဘူးတဲ့၊ တစ်အိမ်လုံး အိပ်ပျော်
နေကြတာတဲ့ဗျာ။မနက်အိပ်ရာက နိုးတော့
မှ ဘိုးရှင်းရဲ့သား ဦးအောင်ကင်းကြီးက
သွားတွေ့တာတဲ့။ မှောက်ခုံကြီးလဲကျပြီး
ခေါင်းပြတ်ကြီးက တစ်လံလောက် ရောက်
နေတာဆိုပဲ။ ဘိုးမှတ်ကြီး သေတုန်းကလို
ပဲတဲ့။ မျက်လုံးကြီးပြူးပြီး ပါးစပ်ကြီးဟသေ
နေတာတဲ့ဗျ။မသေခင် တစ်ခုခုကို တအား
ကြောက်လန့်သွားတဲ့ပုံပဲတဲ့ဗျ”
“ဟေ ဟုတ်လား၊ ဒါနဲ့ နေပါဦးကွ၊ကျောက်
ခဲရဲ့ ဘိုးမှတ်ကြီးက ခေါင်းတုံးနဲ့နော်၊ ဘိုး
ရှင်းက သျှောင်ထုံးနဲ့မို့လား”
“သျှောင်ထုံး မဟုတ်တော့ဘူးဗျ၊ ခေါင်း
တုံးကြီးဖြစ်နေပြီဗျ၊ ဆံပင်တွေ ကျွတ်လို့
ဆိုပြီး ခေါင်းတုံး တုံးထားတာ ကြာပြီတဲ့ဗျ”
“ဟဲ့ ကျောက်ခဲပါလား”
အမေနဲ့ အဘက မီးဖိုချောင်က ထွက်လာ
ပြီး ကျောက်ခဲကိုမြင်တော့ နှုတ်ဆက်တယ်။
“ဟုတ်တယ် အရီးရေ၊ ဘန့်ဘွေးကုန်းက
ဘိုးရှင်းကြီး ခေါင်းဖြတ်အသတ်ခံရပြန်ပြီ
တဲ့ဗျာ”
“ဟေ…ဟုတ်လား၊ ဘယ်လိုဖြစ်လို့ အသက်
ခုနှစ်ဆယ်ကျော်ကြီးတွေကိုလိုက်သတ်နေရ
တာတုံး”
အမေက အံ့သြပြီး ပြောတာဗျ။အမေ့အသံ
မှာ ကြောက်ရွံ့တဲ့စိတ်ပါနေတာတော့ သေ
ချာတယ်ဗျ။
“ကိုကြီးတာတေ၊ ကျောက်ခဲ အဲဒီမှာလား”
“အေး ဟုတ်တယ်ဟေ့၊ သံမဏိ လာကွ”
သံမဏိပါ ရောက်လာပြီဗျို့။ဒီကောင်လည်း
မျက်စိ မျက်နှာတွေ ပျက်လို့ဗျ။
“သံမဏိ မင်းက ဘယ်ကလာတာတုံး”
ကျုပ်က သံမဏိကို မေးလိုက်တယ်။
“ကျုပ် အခုပဲ ဘန့်ဘွေးကုန်းက ပြန်လာ
တာဗျ၊ လူတွေကြားထဲမှာ ကိုကြီးတာတေ
တို့၊ ကျောက်ခဲတို့ကို တွေ့မလားလို့တောင်
လိုက်ရှာသေးတယ်”
“ငါတို့ မသွားတော့ပါဘူးကွာ၊ နို့ ဘိုးရှင်း
သေတာကို မင်းကြည့်ခဲ့သေးလား”
“ဟာ ကြည့်ခဲ့တာပေါ့ ကိုကြီးတာတေရ၊
ကျုပ်တို့ရွာက ဘိုးမှတ်ကြီးသေတဲ့ အတိုင်း
ပါပဲဗျာ၊ လူကြီးတွေက ပြောတယ်ဗျ။ဘိုး
မှတ်ကို သတ်တဲ့လူနဲ့ ဘိုးရှင်းကို သတ်တဲ့
လူက တစ်ယောက်တည်းဆိုပဲဗျ။ ဘိုးရှင်း
ကိုလည်း တစ်ချက်တည်း ခုတ်တာပဲတဲ့
ဗျ။ ဘိုးရှင်းမျက်နှာကြီးက ကြောက်စရာ
ကြီးပါဗျာ”
“ခေါင်းပြတ်ကြီးကလား”
ကျောက်ခဲက သံမဏိကို မေးလိုက်တာဗျ
“အေးပေါ့ ကျောက်ခဲရ၊ ခေါင်းကြီးက
ပြတ်နေတာပဲဟာ၊ ကိုယ်နဲ့ခေါင်းက
တော်တော်ဝေးတာကွ၊ မျက်နှာကြီး
က တစ်ခုခုကို ကြောက်ပြီး အော်
လိုက်တဲ့ ပုံစံကြီးကွ”
နို့ သူတို့အိမ်သားတွေက ဘိုးရှင်းအော်သံ
တွေ ဘာတွေများ ကြားလိုက်သေးလား”
“သူတို့ အိမ်သားတွေရော မြောက်ဘက်
ဝိုင်းက လူတွေရော ဘာအသံမှ မကြား
ဘူးတဲ့ဗ်”
“ဒါဆိုရင်တော့ အော်ချိန်ကို မရလိုက်တာ
ဖြစ်မယ်ကွ”
“အခု ကျုပ်တို့ရွာထဲကလူတွေ ပြောသံ
တစ်ခု ကြားခဲ့ရတယ်ဗျ”
“ဘာများတုံး သံမဏိရဲ့”
ကျုပ်က သံမဏိကို မေးလိုက်တယ်
“သက်ကြီးရွယ်အို အဘိုးတွေကို မိုးချုပ်
တာနဲ့ ဝိုင်းထဲပေးဆင်းတော့ဘူးတဲ့ဗျို့”
“ဟား၊ ဟား၊ ဟား၊ ဟား ဟုတ်လားကွ
သံမဏိရဲ့၊ ဒါဆိုရင် ဘိုးဥာဏ်လည်း
ဆင်းလို့ မဖြစ်တော့ဘူးပေါ့ကွ”
အဘက သံမဏိပြောတာကို သဘောကျ
ပြီး ရယ်ရောဗျို့။နေ့လယ်စာထမင်းကြီးစား
ပြီးတော့ ကျုပ်က နဂါးဆေးလိပ်ကလေး
ဖွာရင်း စဉ်းစားနေတာဗျို့။ ပြာသိုလကွယ်
ညက ဘိုးမှတ်ကြီးကို ခေါင်းဖြတ်သတ်တယ်။
အခု တပို့တွဲလညမှာ ဘိုးရှင်းကို ခေါင်းဖြတ်
သတ်တယ်။ ဒါဆိုရင် တပေါင်းလကွယ်ည
မှာ ဘိုးထယ်ရဲ့ အလှည့်ဖြစ်ဖို့ သေချာနေ
တာပေါ့ဗျာ။
“တာတေ ရှိလားဗျို့”
ဝိုင်းဝက ကျုပ်ကို မေးတဲ့အသံကြားလို့
ကျုပ် လှမ်းကြည့်လိုက်တယ်။ ဟာ ဒါ
ဘန့်ဘွေးကုန်းက လင်းဦးဗျ။တစ်ခုခု
တော့ ထူးပြီး ထင်တယ်ဗျ။
“ဟေ့ကောင် လင်းဦး လာကွ၊ ငါရှိပါတယ်”
လင်းဦးလည်း မျက်နှာသိပ်မကောင်းဘူး
ဗျ။ မျက်နှာမကောင်းတာထက် တစ်ခုခု
ကို စိုးရိမ်နေပုံပဲဗျ။ အိမ်ထဲကို ဟိုကြည့်
ဒီကြည့်လုပ်နေတယ်။
“လင်းဦး မင်း ဘာဖြစ်လာတာတုံး။
အိမ်မှာ ဘယ်သူမှ မရှိဘူးကွ၊ အဘနဲ့
အမေက စောစောကလေးတင် ရွာထဲ
သွားကြတယ်”
“အေး ဒါဆိုရင်တော့ မင်းကို ငါပြောမယ်
တာတေ၊ဒီအကြောင်းကို လုံးဝပေါက်ကြား
လို့ မဖြစ်ဘူးနော် သူငယ်ချင်း”
ဒီကောင့်မျက်နှာက တော်တော်ကို စိုး
ရိမ်နေတဲ့ပုံဗျ။
“မင်း ငါ့ကိုဘကြီး ဦးမိုးညွန့်အကြောင်း
ကြားဖူးလား တာတေ”
“အေး ငါ ကြားဖူးတယ်၊အရင်တုန်းက
တော့မကြားဖူးဘူးကွ၊ လွန်ခဲ့တဲ့ တစ်
လလောက်ကမှ ကြားဖူးလား”
“ဒီလိုဆိုရင် ငါတိုတိုပဲ ပြောမယ်ကွာ၊
ငါ့ဘကြီး မသေခင်က အမြဲကိုင်ခဲ့တဲ့
ဓါးတစ်လက် ရှိတယ်ကွ”
“အေး”
“အဲဒီဓါးက တို့အိမ်ပေါ်ထပ်က ပစ္စည်း
ဟောင်းတွေထားတဲ့ အခန်းရဲ့နံရံက
ဝါးထရံမှာ ဓါးအိမ်နဲ့ ချိတ်ထားတာကွ၊
ငါတို့ အဲဒီအခန်းထဲကို တော်ရုံနဲ့ မဝင်
ကြဘူး။ ဒီမနက်မှ ငါ့အဘက ပစ္စည်း
တစ်ခု ရှာချင်လို့ ဝင်လိုက်တာ။ အဲဒီ
မှာတင် ဒါကို သွားတွေ့တာကွ”
“ဟေ ဘာကို တွေ့တာတုံး လင်းဦးရဲ့၊
ရှင်းရှင်းပြောစမ်းပါကွာ”
“ငါ့ဘကြီး ဦးမိုးညွန့် ကိုင်ခဲ့တဲ့ ဓါးက
သွေးတွေ စီးကျနေတာကွ။ ဘယ်တုန်း
ကတည်းက စီးကျနေမှန်း မသိဘူးကွ၊
ကြမ်းပြင်ပေါ်မှာချောက်ကပ်နေတဲ့သွေး
ကွက်ကြီးပေါ်ကို သွေးအသစ်တွေက
တပေါက်ပေါက် စီးကျနေတာ၊ခြောက်
တောင် မခြောက်သေးဘူးဟေ့၊ ဒါနဲ့
အဖေက ဓါးနဲ့ဆွဲထုတ်ပြီး ကြည့်လိုက်
တော့ ဓါးတစ်ချောင်းလုံး သွေးတွေရွှဲ
နေတာတဲ့ဟေ့”
“ဟေ ဟုတ်လား၊ လင်းဦး”
“အေး၊ ဟုတ်တယ် တာတေ၊ မင်းသိတဲ့
အတိုင်းပဲလေကွာ၊ ဟိုတစ်လက မင်းတို့
ရွာက ဘိုးမှတ်ကြီး အသတ်ခံရတယ်။ည
က ငါတို့ရွာက ဘိုးရှင်းအသတ်ခံရတယ်
ဒီလူကြီးတွေက ငါဘကြီး ဦးမိုးညွန့်နဲ့ အ
ကြောင်းရှိခဲ့တဲ့ လူတွေလေကွာ၊ ဒီအချိန်
မှာ ဒီအကြောင်းကို ငါတို့လူသိခံလို့ ဘယ်
ဖြစ်မှာတုံး တာတေရ၊ လူတွေသာ သိသွား
ရင် လူသတ်တာ၊ ငါ့အဘလို့ ထင်ကြမှာ
ပေါ့၊ သူ့အစ်ကိုအတွက် သူ့ညီက လက်
စားချေတာလို့ ပြောကြမှာပေါ့ကွ”
“အေး ဟုတ်တာပေါ့ လင်းဦးရ၊ စိတ်ချ
သူငယ်ချင်း၊ ဒီအကြောင်း ငါဆီက လုံး
ဝမပေါက်ကြားစေရဘူးကွာ”
“ပြီးတော့ ဒီလိုထူးဆန်းတဲ့ ကိစ္စတွေကို
မင်းက ကြုံဖူးတာ များနေလို့၊ မင်းကို
တိတ်တိတ်လာပြီး တိုင်ပင်တာကွ”
“အေးပါ လင်းဦးရာ၊ မင်းအခု ဣနြေ္ဒ
မပျက် ပြန်ပေတော့၊ ဒီည ငါလုပ်စရာ
တွေ လုပ်လိုက်မယ်၊ ဒါနဲ့ နေဦးကွ လင်း
ဦးရ၊ မင်းတို့ အဲဒီဓါးကို ဘာလုပ်ထားတုံး”
“အဘနဲ့ ငါနဲ့ ဓါးကသွေးတွေကို ဆေး
ပစ်လိုက်တယ်။ပြီးတော့ ကြမ်းပြင်က
သွေးတွေကိုလည်း ဘာမှမကျန်အောင်
တိုက်ချွတ်ဆေးလိုက်တယ်။ဓါးကိုတော့
သူ့နေရာမှာပဲ ပြန်ချိတ်ထားလိုက်တယ်။
အေး ၊ အံ့သြစရာတစ်ခု ပြောရဦးမယ်
တာတေရေ၊ဘကြီးရဲ့ဓါးကိုထုတ်တောင်
မကြည့်ဘဲ ဒီအတိုင်းပဲ ချိတ်ထားတာ။
နှစ်ပေါင်းလေးဆယ်နီးပါး ရှိပြီတဲ့ကွ။
ဒါပေမဲ့ ဓါးအိမ်က ဆွဲထုတ်လိုက်တဲ့
ဓါးကို ရေနဲ့ ဆေးလိုက်တော့ သံချေး
တက်ဖို့ နေနေသာသာ ဝင်းပြောင်ပြီး
ပြတ်လိုက်တာမှ မြည့်နေတာပဲကွာ”
“ဟာ ဟုတ်လားကွ၊ တော်တော်ထူး
ဆန်းပါလား၊ လင်းဦးရ”
ညရောက်တော့ မဖဲဝါရဲ့ ကိုယ်ပွားရုပ်
ကလေးကို ခေါင်းအုံးအောက်မှာထားပြီး
မဖဲဝါကို တိုင်တည်လိုက်တယ်
“သင်္ချိုင်းရှင်မ မဖဲဝါ ခင်ဗျာ၊ ဒီည ကျုပ်
ကို အိပ်မက်ပေးပါ၊ လူနှစ်ယောက်လည်း
ခေါင်းဖြတ်ပြီး အသတ်ခံထားရပါတယ်။
ဓါးတစ်လက်ကလည်း သွေးတွေ စီးကျ
နေတယ်ဗျာ။ ဘာတွေဖြစ်တယ်ဆိုတာ
သင်္ချိုင်းရှင်မကြီးပြောမှ သိရမှာမို့ပါ”
ကျုပ်နဲ့ မဖဲဝါ အိပ်မက်ထဲမှာ တွေ့နေကျ
ဆယ့်နှစ်ရာသီပင်ကြီးအောက်မှာ တွေ့
တယ်။ ဆယ့်နှစ်ရာသီပင်ကြီးမှာ ပန်းအ
ဝါတွေ ထိန်နေအောင် ပွင့်လို့ဗျ။လေတွေ
ကလည်း တဝီဝီနဲ့ တိုက်နေတာဗျို့။ မဖဲ
ဝါကတော့ ခါတိုင်းလိုပဲဗျ။ ကျုပ်နဲ့ ရွယ်
တူကောင်မလေးလို ဖန်ဆင်းထားတယ်
ဆံပင်မှာ ဆယ့်နှစ်ရာသီပွင့်အဝါလေး
တစ်ပွင့် ပန်လို့ဗျို့။
“ဟဲ့ တာတေ အဲဒီဓါးက မိုးညွန့်ရဲ့ ကျိန်
စာသင့်နေတာ။အခုမှ ကျိန်စာက အသက်
ဝင်ပြီး လက်စားချေနေတာ၊ လာမယ့်လ
ကွယ်ညမှာ ငထယ်ကိုခေါင်းဖြတ်လိမ့်မယ်”
“ဟာ မဖဲဝါရယ်၊ ဒီဓါးကို ဘယ်လိုတား
ရမှာတုံးဗျာ”
“နင် မှတ်ထား၊ လကွယ်ညမှာ အဲဒီဓါးနား
မှာ နင်သွားပြီးစောင့်နေ၊ဓါးအိမ်က ဓါးကျွတ်
ထွက်တာနဲ့ ပျောက်သွားလိမ့်မယ်၊ လူသတ်
ပြီးမှပြန်ရောက်လာပြီး ဓါးအိမ်မှာ စွပ်မှာ၊ဒီ
တော့ နင်က ဓါးအိမ်က မကျွတ်ခင် တစူး
ဝါးနဲ့ ရိုက်ချလိုက်၊ ဓါးက ထခုန်လိမ့်မယ်
နင် ထပ်သာရိုက်၊ ဓါးလှုပ်တိုင်း နင်ရိုက်
ပေးတော့၊ အဲဒီအချိန်လေး ကျော်သွား
တာနဲ့ ကျိန်စာပျက်သွားလိမ့်မယ်”
ကျုပ်လန့်နိုးသွားတယ်။ နောက်နေ့ရောက်
တော့ လင်းဦး ကျုပ်ဆီကို ရောက်လာတယ်
ကျုပ်က လင်းဦးကို အကျိုးအကြောင်း ပြော
ပြလိုက်တယ်။
“ဒါဆိုရင် လကွယ်ညရောက်တော့ မင်း
ဆက်ဆက် လာခဲ့ တာတေ၊ ငါ တစူးဝါး
ရှာပြီး နှစ်တောင်လောက် ဖြတ်ထားလိုက်
မယ်”
(တစူးဝါးဆိုတာ လူသေကို မီးသင်္ဂြိုဟ်
တဲ့အခါ ထိုးတဲ့ ဝါးလုံးကို ပြောတာဗျ)
လကွယ်ညရောက်တော့ ညရှစ်နာရီ
လောက်မှာ ကျုပ်လင်းဦးတို့အိမ်ကို
ရောက်တယ်။ လင်းဦးက ကျုပ်ကို
အပေါ်ထပ်ခေါ်သွားပြီး ဝါးထရံမှာ
ချိတ်ထားတဲ့ဓါးကို ပြတယ်။
သြော် ကျိန်စာသင့်နေတဲ့ ဓါးပါလားလို့
ကျုပ်စိတ်က တွေးလိုက်မိတယ်။ လင်း
ဦးအဘ ဦးရွှေလင်းက ကျုပ်ကို အဆင်
သင့်လုပ်ထားတဲ့ တစူးဝါးတစ်ချောင်း
လာပေးတယ်။ ပြီးတော့ လင်းဦးရော၊
သူ့ညီ လင်းထူးရော၊ ဦးရွှေလင်းရော
က ရေနွေးကြမ်း၊ လက်ဖက်သုတ်၊
ငါးခြောက်ဖုတ်တွေနဲ့ ဧည့်ခံလိုက်ကြ
တာဗျာ။ သားအဖသုံးယောက် ပြာနေ
တော့တာဗျို့။ ညဆယ်နာရီထိုးတော့
အားလုံးကို အိမ်အောက်ထပ် ဆင်း
ခိုင်းလိုက်တယ်။
အပေါ်ထပ်မှာ ကျုပ်တစ်ယောက်တည်း
ကျန်ခဲ့တယ်။မှန်အိမ်လေး မှိန်မှိန်ကလေး
ထွန်းပြီး ကျုပ်စောင့်နေတယ်။ အဲ ပြော
ဖို့ မေ့နေတာဗျို့။ ဓါးကို အခန်းထဲမှာ
မထားတော့ဘဲ အပြင်ကို ထုတ်ထား
လိုက်တာဗျ။
ပစ္စည်းဟောင်းတွေထားတဲ့ အခန်းရဲ့
အပြင်ဘက်က ဝါးထရံမှာ ချိတ်ထား
လိုက်တယ်။ ကျုပ်က အိမ်နံရံရဲ့ ဝါး
ကပ်ထရံဘေးမှာကပ်ပြီး ထိုင်နေလိုက်
တယ်။ ညတစ်နာရီထိုးတော့ ဘန့်ဘွေး
ကုန်းကင်းတဲက တစ်နာရီ သံချောင်း
ခေါက်တယ်
“ချွင်”
ဟော ဓါးအိမ်ကနေ ဓါးကျွတ်လာပြီဗျို့။
ဓါးက’ချွင်’ ကနဲ မြည်ပြီး တစ်ထွာလောက်
ကျွတ်ထွက်လာတယ်။ ငှက်ကြီးတောင်ဓါး
ဗျ။ အရှည် နှစ်ပေခွဲလောက်ရှိမယ်
“ချွင်”
ဟော ဓါးကျွတ်သွားလာပြန်ပြီဗျို့။ကျုပ်က
လက်ထဲက တစူးဝါးကို ကျစ်ကျစ်ပါအောင်
ဆုပ်ရင်း မတ်တတ်ထရပ်လိုက်တယ်။ရှေ့ကို
လည်း ခြေတစ်လှမ်း တိုးထားလိုက်တယ်။
ဓါးက ဓါးအိမ်ကနေ တစ်ဝက်လောက်
ကျွတ်ထွက်နေပြီ။ တကယ့်ကို အံ့သြ
စရာပါဗျာ။ အသက်ဝိညာဉ်မရှိတဲ့ ဓါး
ဟာ ကျိန်စာသင့်ပြီး အသက်ရှိသလို
ဖြစ်နေတာကို ကိုယ်တိုင်မြင်နေရလို့
သာ ယုံတော့တာဗျို့။
ကျုပ်စိတ်ထဲက သိနေတယ်ဗျ။ ဒီတစ်ခါ
ဆိုရင် ဒီဓါး ဓါးအိမ်က အပြီးကျွတ်ထွက်
တော့မှာဗျ။ မဖဲဝါက ကျုပ်ကို ပြောလိုက်
တာက ဓါးအိမ်က ကျွတ်တာနဲ့ ဓါးက
ပျောက်သွားမှာဆိုပဲ။
လူသတ်ပြီးမှ ဓါးအိမ်ထဲကို သူ့အလိုလို
ပြန်ရောက်နေမှာတဲ့ဗျ။ ကျုပ် တစူးဝါး
ကို အပေါ်မြှောက်ပြီး အဆင်သင့်ပြင်ပြီး
ကိုင်ထားလိုက်တယ်
“ချွင်”
ကျုပ် လွှားကနဲ ခုန်ဝင်ပြီး ဓါးကို ရိုက်ချ
လိုက်တယ်။
“ဘုန်း”
ဝါးထရံကို တစူးဝါးနဲ့ ရိုက်မိတဲ့အသံဗျ။
“ချွင်၊ ချလွင်၊ ချလွင်”
ဓါးက ကြမ်းပြင်ပေါ်ကို ကျသွားတယ်။
ဟော ခုန်ပြီဗျို့။ ဓါးက တစ်ပေလောက်
မြင့်အောင် ထခုန်တယ်။
“ဒုန်း”
ထပ်ခုန်တယ်ဗျို့။
“ဒုန်း”
ခုန်ပြန်ပြီဗျို့။
“ဒုန်း”
ဟော ငြိမ်သွားပြီ။ ငြိမ်သွားပြီ။ ဒါပေမဲ့
ကျုပ်ကတော့ တစူးဝါးကို ကျစ်ကျစ်ပါ
အောင် ဆုပ်ပြီး သတိနဲ့ စောင့်နေရတာ
ဗျ။ ဟာ ဓါးက ခုန်တော့ မခုန်တော့ဘူး
ဗျ။ ဒါပေမဲ့ ကြမ်းပြင်ပေါ်မှာ တဆတ်
ဆတ်နဲ့ တုန်နေတယ်
ဒါဆိုရင် ကျိန်စာလည်း ပျက်ပြီပေါ့ဗျာ။
ကျုပ်ခေါ်လိုက်တော့မှ ဦးရွှေလင်းတို့
သားအဖတွေ အိမ်ပေါ်ထပ်ကို ပြေး
တက်လာတာဗျို့။ ကျုပ်က အဖြစ်အ
ပျက်ကို ရှင်းပြလိုက်တယ်။ ဘိုးထယ်
တစ်ယောက်ကိုတော့ ကယ်လိုက်နိုင်
တာပေါ့ဗျာ။
ဒီအကြောင်းကို ဘယ်သူမှ မသိအောင်
အုပ်ထားဖို့ ကျုပ်ကပဲ သတိပေးခဲ့တာ
ပါ။ အဲဒီညက လင်းကြက်တွန်တော့မှ
ပဲ ကျုပ်အိမ်ပြန်ရောက်ခဲ့တာပေါ့ဗျာ။
မူရင်းရေးသူ ဆရာ တာတေ
Credit
စုန်းကိုး မှော်ကိုး ကဝေကိုး စာအုပ်မှ
ကောက်နုတ်တင်ပြထားပါသည်
စာဖတ်သူများ စိတ်ရွှင်လန်းပါစေ