ကျိန်စာသင့် ရေတွင်း

Posted on

ကျိန်စာသင့် ရေတွင်း(စ/ဆုံး)

—————————-

ကျွန်မသည် အထပ်တန်းကျောင်းသူတစ်ယောက်ဖြစ်သည် ။ ကျွန်မ နေ့စဉ် တက်နေရသည့် ကျောင်းမှာ အိမ်နှင့် အတော်အတန် ဝေးကွာလှသည် ။ ထို့ကြောင့် များသောအားဖြင့် ကျွန်မသည် ကျောင်းအနီးအနားများတွင် နေထိုင်ကြသော … ဆရာများ ၊ သူငယ်ချင်းများ၏ အိမ်များတွင် မကြာခဏဆိုသလို ရက်တိုမျှ နေထိုင်တတ်သည် ။ အိမ်တစ်ခေါက်ပြန်လိုက် ကျောင်းပြန်လာလိုက် လုပ်ရခြင်းသည်ပင် တစ်နေ့တာ၏ နေ့တစ်ပိုင်းကို ကုန်မြန်စေသည် ။

တစ်ညနေတွင် အကြောင်းပြချက်မရှိဘဲ ကျွန်မတို့ သူငယ်ချင်းနှစ်ဦးသား ကျောင်စာကြည့်တိုက်တွင် အချိန်ကုန်ခဲ့ကြသည် ။ ကျွန်မ တည်းခိုနေကျ သူငယ်ချင်းအိမ်တစ်ချို့က ပွဲတော်အတွက် ပြင်ဆင်ခရီးထွက်ကြသည် ။ ဆရာများလည်း ထိုနည်းတူပင် ။ ခါတိုင်းဆိုလျှင် ကျွန်တော် ညဘက်ဝင်တည်းမည့် အိမ်များဆီသို့ မနက်ကတည်းက ကြိုတင်ပြောထားလေ့ရှိပြီး … ယနေ့ မပြောလိုက်ရသောကြောင့်လည်း သူတို့၏ အိမ်များဆီ တံခါးခေါက်ပြီး မသွားဝံ့ ။ အားလည်းနာမိသည် ။ ကျွန်မကို အဖော်ပြုပေးမည့် သူငယ်ချင်းသည်လည်း သူ့အိမ်မှာ ကျွန်မနည်းတူ ဝေးကွာလွန်းသောကြောင့် အိမ်မပြန်တော့ဘဲ ကျွန်မနှင့်အတူတူ တစ်ညတာ ကုန်ဆုံးဖို့ ဆုံးဖြတ်ခဲ့သည် ။ ကျွန်မတို့ နှစ်ဦးသားအတွက် တစ်ညတာ အိပ်စက်ရန် နေရာတစ်ခုလိုနေသည် ။ တည်းခိုခန်းများတည်းနိုင်လောက်သည့် ငွေပမာဏလည်း ကျွန်မတို့မတတ်နိုင်ကြ ။ ထို့ကြောင့် နောက်ဆုံးအဖြစ် ကျွန်မနှင့် သူငယ်ချင်းတို့ နှစ်ဦးသား ကျောင်းဝင်းအတွင်းရှိ … နှစ်ထပ် လင့်စင်ပုံစံဆောက်ထားသော အဆောက်အဦးတွင် တည်းရန် ဆုံးဖြတ်ခဲ့သည် ။ ထိုအဆောင်မှာ ကျောင်းလုံခြုံရေးအတွက် မျှော်စင်ပုံစံ ဆောက်ထားသည့် နှစ်ထပ်ဆောင်သေးသေးလေးဖြစ်သည် ။ အပေါ်ဆုံးတွင် မီးဆလိုက်ကြီးများ ထားရှိပြီး အောက်ဘက်တွင် မီးလင်းဖိုများရှိသည် ။ ကျွန်မတို့ တစ်ညတာ နွေးထွေးဖို့ ဒီလောက်ဆို လုံလောက်ပြီဖြစ်သည် ။ ကျွန်မတို့ကျောင်းမှာ မိသားစုဆန်သည် … ။ ကျွန်မတို့သည်လည်း ဒီကျောင်း၏ ငယ်မွေးခြံပေါက်များ ဖြစ်သောကြောင့် မည်သူမျှ စစ်ဆေးမေးမြန်းမည်မဟုတ်ကြောင်း သိပြီးဖြစ်သည် ။ လုံခြုံရေးများသည်လည်း သူ့အဆောင်နှင့်သူပင် ။ ယခုအဆောင်မှာ လူမနေဘဲ ဒီအတိုင်း ထားထားသည့် အဆောင်ဖြစ်သည် ။

ကျွန်မတို့ နှစ်ဦးသား နှစ်ထပ်ဆောင်လေးထဲတွင် ရှင်းလင်းမှုများပြုရင်း နေရာများချပြီးနောက် ညစာအတွက် ခေါက်ဆွဲများ ပြင်ဆင်ကြသည် ။ အိုးခွက် ပန်းကန်များ အနည်းငယ်နှင့် ရေနွေးကြိုနိုင်လောက်သည့် အိုးအလတ်ဆိုဒ်များလည်း အဆောင်အတွင်း အသင့်ရှိပြီးသားမို့ အထွေအထူး ရှာစရာမလို ။ ကျွန်မတို့ ညစာ ခေါက်ဆွဲပြုပ် ပူပူနွေးနွေးကို စားသုံးခဲ့ကြသည် ။ ထို့နောက် သန့်ရှင်းရေး ပြန်လုပ်နေကြသည် ။ ထိုအချိန်တွင် အဆောင်အတွင်းမှ ဖုန်းမြည်သံကို ကြားလိုက်ရသည် ။ ကျွန်မက ဖုန်းကို ကောက်ကိုင်လိုက်သည် ။ ဖုန်းဆက်သူမှာ ကျောင်းအစောင့်တစ်ဦးဖြစ်ပြီး ကျွန်မတို့ နေရထိုင်ရတာ အဆင်ပြေမပြေ လှမ်းမေးခြင်းဖြစ်သည် ။ သူ့ဘက်မှ ဖုန်းမချမှီတွင်လည်း အဆောင်၏ အနောက်ဘက်ရှိ ပြတင်းပေါက်များအား သေချာစွာ ပိတ်ပြီးမှ အိပ်ရန် သတိပေးခဲ့သည် ။

ကျွန်မလည်း ဖုန်းပြောပြီးနောက် သူငယ်ချင်းကိုလည်း ပြန်ပြောပြခဲ့သည် ။ ပြီးနောက် ကျွန်မတို့ နှစ်ဦးသား အဆာင်၏ အနောက်ဘက်ခြမ်းတွင် မည်သည့်အရာများ ရှိသည်ကို သိလို၍ ပြတင်းပေါက်မှတစ်ဆင့် လှမ်းကြည့်မိကြသည် ။ စွန့်ပစ်ထားသည့် ကြိုးတစ်ချောင်းနှင့် သစ်ပင် ၊ ၀ါးပင်များ ၊ စွန့်ပစ်ပစ္စည်းတစ်ချို့သာ မြင်ရပြီး ဘာမျှ ထွေထွေ ထူးထူး မမြင်ကြပါ ။ ကျွန်မတို့လည်း သူခိုးရန်ကြောင့်ဟုပဲ သုံးသပ်လိုက်ကြပြီး အစောင့်ပြောသလို ပြတင်းများအား လုံခြုံအောင် ပိတ်ခဲ့ကြသည် ။

ညအတော်လေး နက်သည့်အခါ ကျွန်မ အိပ်ပျော်နေရာမှ တစ်ရေးနိုးလာခဲ့သည် ။ ကျွန်မသတိထားမိသည်မှာ ကျွန်မဘေးတွင် အိပ်ပျော်နေသည့် သူငယ်ချင်း မရှိတော့ ။ သူငယ်ချင်းပျောက်၍ လိုက်ရှာမည်ပြုစဉ် အသံတစ်ချို့ ကြားလိုက်ရသည် ။ အသံကြားသည့်ဘက်မှာ အဆောင်၏ အနောက်ဘက်ဆီမှ ဖြစ်နေသည် ။ ကျွန်မလည်း အစောင့်က ပြတင်းပေါက်ပိတ်ရန်သတိပေးသည်ကို ပြန်သတိရပြီး သူခိုးဟုထင်ကာ ထိုနေရာသို့သွားလိုက်သည် ။ ပြီးနောက် ပြတင်းမှတစ်ဆင့် အပြင်ဘက်ဆီ ချောင်းကြည့်လိုက်သည် ။ ကျွန်မမြင်လိုက်သည်မှာ ကျွန်မသူငယ်ချင်းဖြစ်နေသည် ။ သူငယ်ချင်းက အပြင်ဘက်ဆီမှ ပစ္စည်းအဟောင်းများကြားထဲရှိ ကြိုးတစ်ချောင်းကို ယူကာ သူ့ကိုယ်လုံးတစ်ခုလုံးကို တင်းတင်း ပတ်နေသည် ။ သူပြုမူနေဟန်က သံပတ်ပေးထားသည့် အရုပ်တစ်ရုပ်လိုမျိုး ၊ အိပ်နေရင်းယောင်ပြီး လမ်းထလျှောက်သူလိုမျိုးဖြစ်နေသည် ။ ကျွန်မလည်း သူငယ်ချင်း၏ မူမမှန်မှုများအား အံ့သြသင့်စွာ စောင့်ကြည့်နေမိသည် ။ သူငယ်ချင်းက သူ့ကိုယ်သူ ကြိုးချည်ပြီးနောက် ကျွန်မတို့ အဆောင်နေရာဆီ လျှောက်လာခဲ့သည် ။ အတိအကျဆိုရလျှင် ကျွန်မ သူ့ကိုချောင်းကြည့်နေသည့် ပြတင်းပေါက်မှန်နေရာ တည့်တည့်သို့ လျှောက်လာခြင်းဖြစ်သည် ။ ပြတင်းပေါက်မှန်မှာ အပြင်ဘက်မှ ကြည့်လျှင် အတွင်းသို့ မမြင်ရ ၊ တစ်ဖက်သာမြင်ရသည့် နေကာမှန်ဖြစ်သည် ။ သူငယ်ချင်းနှင့် ကျွန်မ မှန်တစ်ချက်သာ ခြားသည် ။ သာမာန်မဟုတ်သည့် သူ့အပြုအမူများနှင့် မျက်နှာသေကြီးသည့် ကျွန်မကို ဆောင်းတွင်းကြီး

ဇောချွေးပြန်စေသည် ။ ထို့နောက် သူငယ်ချင်းက ပြတင်းပေါက်မှန်ဆီ တည့်တည့်ကြီး စိုက်ကြည့်နေရင်းမှ အောက်သို့ ငုံ့ချလိုက်သည် ။ ပြီးနောက် ပျောက်သွားသည် ။ ကျွန်မလည်း စဉ်းစားမရဖြစ်နေမိသည် ။

ကျွန်မလည်း ဖြစ်ချင်ရာဖြစ်ဆိုပြီး ပြတင်းတံခါးကို ဖွင့်ချလိုက်သည် ။ သူငယ်ချင်းကိုမတွေ့ရ ၊ ကျွန်မဟိုဒီလိုက်ရှာရင်း ပြတင်းအောက်ခြေနားသို့ ငုံ့ကြည့်လိုက်ရာ သူငယ်ချင်း၏ ခြေတစ်ချောင်းမှာ အဆောင်အောက်က ခြုံထဲ တိုးဝင်သွားသည်ကို မြင်လိုက်ရသည် ။ ကျွန်မလည်း ပြတင်းပေါက်မှ အပြင်ဆီ ကျော်ထွက်လိုက်ရင်း သူငယ်ချင်းဝင်သွားသည့် ခြုံထဲသို့ ခြေထောက်ဖြင့် ဖြည်းဖြည်း လိုက်ကန်ကြည့်သည် ။ ခြုံထဲသို့ ထိကန်သည့်တိုုင် ကျွန်မတို့ အဆောင်အောက်ခြေနံရံကို ခြေထိပ်ဖြင့် မစမ်းမိဘဲဖြစ်နေသည် ။ ကျွန်မလည်း တစ်ခုခုကို သဘောပေါက်သွားပြီး ဖုန်းမီးလေးဖွင့်ကာ ခြုံကို ဖြဲကြည့်လိုက်သည် ။ ခြုံထဲတွင် လျှိုပေါက်တစ်ခုကိုမြင်လိုက်ရသည် ။ ထိုလျှိုပေါက်မှာ ကျွန်မတို့ အဆောင် အောက်ခြေဘက်ဆီ ရောက်သည့် လျှိုဖြစ်နေသည် ။ ကျွန်မလည်း သဲများ ၊ အပစ်များ ကြားထဲ မြေပြင်ပေါ် ဒူးလေး ထောက်ရင်း တိုးဝင်ကြည့်လိုက်သည် ။ ဖုန်းမီးလေးကိုလည်း မပိတ်ရဲ ။ လေးဘက်ကုန်းလျှက် သုံးချက်မျှ ရွှေ့လျားပြီးနောက်တွင် မြေအောက်ခန်းသဖွယ် စိုထိုင်းနေသည့် နေရာတစ်ခုဆီရောက်ခဲ့သည် ။ ပတ်ပတ်လည်မှာ မှောင်မိုက်နေပြီး အလယ်တည့်တည့် တွင် ဖုန်းမီးအလင်းအောက်၌ ရေတွင်းအိုကြီးတစ်ခုကို မြင်လိုက်ရသည် ။

ထိုရေတွင်းပျက်ကြီးတစ်ခုဘေးတွင် သူ့တစ်ကိုယ်လုံးအား ကြိုးများ ချည်ထားသည့် ကျွန်မသူငယ်ချင်းက ရပ်နေသည် ။ ကျွန်မလည်း သူငယ်ချင်းဆီသွားရင်း သူ့နားရောက်မှ သူ့ကို ကိုင်လှုပ်ရင်း သူ့နာမည်ကို ခေါ်နေမိသည် ။ သူက တစ်စုံတစ်ရာ၏ ညှို့ယူခံထားရသလို တောင့်တောင့်ကြီးဖြစ်နေသည် ။ ကျွန်မခေါ်သည်ကိုလည်း ကြားဟန်မပေါ် ။ မကြာခင် ကျွန်မတို့ဘေးနားရှိ ရေတွင်းပျက်ကြီးဆီမှ အသံတစ်ချို့ကြားလိုက်ရသည် ။ ကျွန်မအတော်လေး ထိတ်လန့်သွားမိသည် ။ စကားပြောသံလိုမျိုးအသံပေါင်းများစွာ ရေတွင်းအောက်ခြေဆီမှ ထွက်လာခဲ့သည် ။ ကျွန်မ ရေတွင်းကို ဖုန်းမီးလေးထိုးကြည့်သည် ။ ရေတွင်းထဲတွင် နင်မှောင်နေပြီး မည်သည့် လှုပ်ရှားမှုမျှ မမြင် ။ မည်မျှ အနက်ရှိသည်ကိုလည်း မခန်မှန်းနိုင် ။ ကျွန်မ အနီးအနာရှိ ကျောက်ခဲလေးတစ်လုံးအား ယူလိုက်ရင်း ရေတွင်းဆီ ပစ်ချကြည့်လိုက်သည် ။ ရေတွင်းမှာ မည်မျှ နက်သည်မသိ ၊ ကျောက်ခဲနှင့် ရေတွင်းအောက်ခြေ ထိသံကိုပင် မကြားရ ။ ကျွန်မလည်း နောက်ထပ် ကျောက်ခဲများကို ထပ်ချကြည့်သည် ။ မည်သည့်အသံမျှ မကြားရ ။ ကျွန်မတို့ ကျောင်းထဲရှိ ကင်းစောင့်နှစ်ထပ်တဲကြီးအောက်တွင် ရေတွင်းကြီးတစ်ခုရှိနေခြင်းမှာ ကျွန်မကို ရူးသွပ်သွားစေသည် ။ ပို၍ဆိုးသည်မှာ ကျွန်မဘေးတွင် တောင့်တောင့်ကြီး ရပ်နေသော သူငယ်ချင်းဖြစ်သည် ။ ကျွန်မလည်း ဘာဆက်လုပ်ရမည်ကိုမသိ၍ သူငယ်ချင်း သူ့ကိုယ်သူချည်ထားသည့် ကြိုးများကို ဖြည်ပေးလိုက်သည် ။ ထိုစဉ် ကြိုး၏ အစတစ်ဖက်မှာ ရေတွင်းနှုတ်ခမ်းဝဆီရောက်သွားခဲ့သည် ။ ထိုအခါ ရေတွင်းထဲမှ ဖြူစွပ်နေသည့် လက်ကြီးတစ်ဖက်ထွက်လာပြီး ထိုကြိုးစအား လှမ်းဆွဲတော့သည် ။ ဒီတစ်ကြိမ်တွင် ကျွန်မ ဘယ်လိုမှ ဟန်မဆောင်နိုင်တော့ဘဲ ငယ်သံပါအောင်ထအော်လိုက်မိသည် ။ ထိုလက်ကြီးက ကြိုးစကို အားနှင့် ဆောင့်ဆွဲချသွားသည် ။ ကံကောင်းသည်မှ ကျွန်မသူငယ်ချင်းကို်ယ်လုံးတွင် ကြိုးများ ပြေသွားပြီဖြစ်သည် ။ ကြိုးပြေသွားပြီးနောက် ကျွန်မအော်သံကိုကြား၍ သူငယ်ချင်းလည်း သတိပြန်ဝင်လာခဲ့သည် ။ ထို့နောက် ကျွန်မဘာစကားမှ မပြောတော့ဘဲ သူငယ်ချင်းအား ရေတွင်းပျက်ကြီး နှုတ်ခမ်းဆီမှ လက်ဖြူဖြူကြီးကို ဖုန်းမီးဖြင့် ထိုးပြလိုက်သည် ။ သူငယ်ချင်းလည်း ကျွန်မနည်းတူ ထအော်သည် ။ ထိုစဉ် ထိုလက်ကြီးသည် တဖြည်းဖြည်း အပြင်ပိုထွက်လာပြီး ရေတွင်းဘောင်များအား စမ်းပြီး တစ်စုံတစ်ရာက ရေတွင်းထဲမှ ကုန်းတက်လာသလို လက်၏ တံတောင်နေရာထိ ပေါ်လာသည် ။ ကျွန်မလည်း ဘာကိုမှမစဉ်းစားတော့ဘဲ သူငယ်ချင်းလက်ကို ဆွဲပြီး ဒီနေရာကို ကျွန်မ လျှိုဝင်ခဲ့သည့် လျှိုပေါက်ဆီ ခေါ်သွားခဲ့သည် ။ ထို့နောက် သူ့ကို အရင် အပေါ်ဘက်ဆီ တွန်းတင်ပေးလိုက်သည် ။ ပြီးနောက် ကျွန်မ အပေါ်ဆီ ကြိုးစားတက်ခဲ့သည် ။ ကျွန်မအနောက်တွင် တစ်စုံတစ်ရာသည် ရေတွင်းဆီမှ တစ်ကိုယ်လုံး အပေါ်သို့ ရောက်နေပြီကိုလည်း တစ်စုံတစ်ရာ၏ ခန္ဓာကိုယ်ပေါ်မှ ရေကျသံများကြောင့် အတပ်သိလိုက်သည် ။ ကျွန်မ ကိုယ်တစ်ပိုင်းမှာ အောက်ခြေတွင် ကျန်သေးသည် ။ ကျွန်မခြေထောက်အား တစ်စုံတစ်ရာက လှမ်းဆွဲတော့မည်ကို ကျွန်မမသိစိတ်မှ သိနေမိသည် ။ ကျွန်မလည်း ကြောက်လှန့်တကြား လွှတ်မြောက်အောင် အမြန်ဆုံး ရုန်းထွက်ခဲ့သည် ။ မကြာခင် တစ်ကိုယ်လုံး ရွံ့ဗွက်များဖြင့် ပေတေနေပြီး ကျွန်မတို့ သူငယ်ချင်းနှစ်ယောက်သား အပြင်ဘက် မြေပြင်ဆီ ပြန်ရောက်ခဲ့ကြသည် ။ ပြီးနောက် ဘာကိုမှ မတွေးတော့ဘဲ ကျွန်မတို့ စတည်းချသည့် ကင်းတဲအတွင်း ပြေးဝင်သွားခဲ့သည် ။ အတွင်းဆီမှ ကျွန်မတို့ဆီသို့ အစောင့်ဆီမှ ဖုန်းဝင်လာဖူးသည့် ဖုန်းခွက်ဆီ ပြေးသွားလိုက်သည် ။ ဖုန်းကို ကျွန်မကောက်ယူလိုက်သည် ။ ဖုန်းမှာ ယခင်ကျွန်မကိုင်ခဲ့ဖူးသလိုမဟုတ်တော့ဘဲ အထဲတွင် မည်သည့် စကားပြေ် စက်ကိရိယာ ၀ိုင်ယာမျှ မရှိဘဲ

အခွံချည်းသပ်သပ်ဖြစ်နေသည်ကို အံ့အားသင့်ဖွယ် ထပ်ကြုံလိုက်ရပြန်သည် ။ ထို့နောက် တစ်ဆက်တည်းမှာပင် အတောင်၏ အနောက်ဘက် ပြတင်းဆီမှ ပြတင်ေးပါက်မှန်အား တစ်စုံတစ်ရာက လက်ဝါးဖြင့် လှမ်းရိုက်သံအကျယ်ကြီး ကြားလိုက်ကြရသည် ။ ကျွန်မနှင့်သူငယ်ချင်းလည်း ဘာကိုမှ သိပ်မတွေးတော့ဘဲ လူချည်းသပ်သပ် တစ်ယောက်လက်တစ်ယောက်ဆွဲပြီး ထိုအဆောင်အတွင်းမှ ထွက်ပြေးခဲ့ကြတော့သည် ။ ကျွန်မတို့ ဦးတည်ချက်မှာ ကျောင်းစောင့်များရှိသည့် အဆောင်ဘက်ဆီဖြစ်သည် ။ နောက်ဆုံးတော့ ကျွန်မတို့ အစာင့်များဆီရောက်ခဲ့ကြသည် ။ တစ်စုံတစ်ရာဆီမှ လွတ်မြောက်ခဲ့ကြပြီဖြစ်သည် ။

နောက်ရက်တွေမှာ ကျွန်မတို့ ကြုံခဲ့ရသည့်အကြောင်းများနှင့် ရေတွင်းအိုပျက်ကြီး၏ သမိုင်းကြောင်းများကို ကျောင်းစောင့်များမှတစ်ဆင့်သော်လည်းကောင်း ၊ ဆရာများထံမှသော်လည်းကောင်း ၊ ကျောင်းသားအဟောင်းကြီးများဆီမှလည်းကောင်း ၊ အင်တာနက်များဆီမှလည်းကောင်း ကျွန်မရှာတွေ့ .. သိရှိခဲ့ရသည် ။

ယခုကျောင်းကြီး စတင်တည်ခါကစ ဒီနေရာတွင် ရွာလေးတစ်ရွာရှိနှင့်ခဲ့သည် ။ နောက်ပိုင်း ကျောင်းဧရိယာအဖြစ်သတ်မှတ်လိုက်သည့်အခါ ထိုရွာမှဖယ်ရှားပေးခဲ့ကြသည် ။ ထိုအခါ အများသူငှာအသုံးပြုခဲ့ကြဟန်ရှိသည့် ရေတွွင်းတစ်တွင်းကျန်ရန်ခဲ့သည် ။ ကျောင်းမှ တာဝန်ရှိသူများလည်း … ကျောင်းအတွက် လိုအပ်သည့် ရေများကိုအသုံးပြုနိုင်ကောင်းရဲ့ဟု သဘောထားကာ ထိုရေတွင်းအား မြေမဖို့ခဲ့ ။ နောက်ပိုင်းတွင် ထိုရေတွင်းမှာ သူတို့အတွက် အိပ်မက်ဆိုးဖြစ်လာမည်ကို ကြိုမသိခဲ့ကြ ။

ကျောင်းကြီး၏ စာမေးပွဲများတစ်ခုပြီးတိုင်း ကျောင်းသားများ ပျောက်ပျောက်သွားတတ်သည် ။ ပြီးလျှင် ထိုရေတွင်းဆီမှ အပုပ်နံ့များ ရနေတတ်သည် ။ ရေတွင်းထဲ ရှာဖွေကြည့်တိုင်း ကျောင်းသားအလောင်းများကို ရှာတွေ့တတ်ကြသည် ။ ထိုရေတွင်းသည် စိတ်ဓါတ်ကျနေသူများ ၊ ကျောင်းသား / ကျောင်းသားများ အတွက် ထွက်ပေါက်ရှာသည့်နေရာလိုဖြစ်နေခဲ့သည် ။ နောက်ပိုင်းတွင် စိတ်ဓါတ်လည်းမကျ ၊ ဘာပြသနာမျှလည်းမရှိသည့် လူများပါ ထိုရေတွင်းထဲသို့ အကြောင်းမဲ့ ခုန်ချလာခဲ့သည် ။ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုများ များလာသည့်အခါ ပြည်နယ်အစိုးရမှ ထိုရေတွင်းအား ဖျက်စီးပြီး မြေများပိတ်ဆို့ဖို့အမိန့်ချခဲ့သည် ။ ထိုသို့အမိန့်ချသည့်အရာရှိကိုယ်တိုင်ပင် အမိန့်ချပြီး မကြာခင်မှာပင် ယဉ်တိုက်မှုကြီးကြီးကျယ်ကျယ်ဖြစ်ပြီး ရုပ်ပျက်ဆင်းပျက် သေဆုံးသွားခဲ့သည် ။ တိုက်ဆိုင်မှုတစ်ခုထက် ပိုလွန်းသည်ဟု ထင်စရာပင် ။ ဒီ့ထက် ပိုတိုက်ဆိုင်သည်မှာ ထိုရေတွင်းအား မြေဖို့ရန် ၊ ဖျက်စီးရန် ကြိုးစားကြသည့် အလုပ်သမား ၊ ကျောင်းဆရာ ၊ တာဝန်ခံတိုင်းလည်း တစ်နည်းမဟုတ် တစ်နည်းဖြင့် တိုက်ဆိုင်စွာ အကြောင်းမဲ့ သေဆုံးခဲ့ကြသည် ။ ထိုအချိန်မှစ၍ တာဝန်ရှိသူများက ရေတွင်းအား မည်သူမျှ တာဝန်ယူ မဖျက်စီးရဲကြတော့ ။

ကျောင်းသားများမှာလည်း ရေတွင်းထဲ ခုန်ချပြီး ကိုယ်ကိုယ်ကိုယ် သတ်သေနေကြဆဲဖြစ်သည် ။ ယင်းအဖြစ်အပျက်များအား တားစီးနိုင်ရန်အတွက် ကျောင်းအုပ်ဆရာမကြီးမှ အကြံတစ်ခုထုတ်ခဲ့သည် ။ ထိုရေတွင်းနေရာအား မဖျက်စီးတော့ဘဲ ရေတွင်း၏ အပေါ်ဘက်တွင် အဆောင်နှစ်ထပ်အမြင့်ရှိ ကင်းမျှော်စင်အား အကြောင်းမဲ့ ဆောက်လုပ်ခဲ့သည် ။ ထိုအဆောင်ကြီးအား ခိုင်ခန့်စွာ ဆောက်လုပ်ပြီး ရေတွင်းပေါ်ဆီမှ ငုံလျှက်သား ဖုံးကာထားခဲ့သည် ။ သို့သော်လည်း ကိုယ့်ကိုယ်ကို်ယ် သတ်သေမှုများမှာ ရပ်တန့်မသွားခဲ့ပါ ။ ထိို့ကြောင့် ကျောင်းအုပ်ဆရာမကြီးမှ ထိုအဆောင်တွင် အမြဲ စောင့်နေရန်နှင့် ကိုယ့်ကိုယ်ကိုယ် သတ်သေရန် လာမည့်သူများအား တားစီးရန်အတွက် အစောင့်တစ်ဦးအား ငှားရမ်းခဲ့သည် ။ ထိုကျောင်းအစာင့်သည်ပင်လျှင် ရေတွင်းထဲသို့ ခုန်ချကာ သတ်သေသွားခဲ့သည် ။ ထိုအဖြစ်အပျက်ဆိုးများကြောင့် ထိုအဆောင်တွင် မည်သူမျှ မနေကြတော့ဘဲ စွန့်ပစ်နေရာလိုမျိုး ပစ်ထားခဲ့သည် ။ အတတ်နိုင်ဆုံး အဆောင်၏ အောက်ခြေ လူဝင်နိုင်သည့်နေရာမှန်သမျှကိုလည်း ပိတ်ဆို့ထားခဲ့သည် ။

ထိုသို့ပြုလုပ်ခဲ့သည့်နောက် ကိုယ့်ကိုယ်ကိုယ် သတ်သေမှုများ ရပ်တန့်သွားခဲ့သည် ။ သို့တည်းမဟုတ် ကိုယ့်ကိုယ်ကိုယ် သတ်သေမှုများ ဆက်ဖြစ်နေခြင်းကို လူများ မသိကြခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်ပေသည် ။

( <<< ဒီဇာတ်လမ်းလေးက ဂျပန်ဇာတ်လမ်းလေးဖြစ်ပါတယ် ၊ ဖြစ်ရပ်မှန်လေးလို့သိရပါတယ် ။ စာဖတ်သူတို့ အိမ်နားမှာရော ရေတွင်းတစ်ခုခု ရှိသလား ? ….. >>>)

#END

Credit: thesmartlocal.jp
Original Story’s Title: The cursed well
Original Author: Unknown

[ ဖတ်ရှုလို့ အဆင်ပြေအောင် ၊ ကျွန်တော့် ရေးဟန်လေးနဲ့ ဉာဏ်မှီသမျှ ကြိုးစား သာသာပြန်ဆိုထားပါတယ် ]

ကြိုးစားပါဦးမည် …

~ မိုးစွေ ~