ခေါက်ဆွဲကြော်

Posted on

ခေါက်ဆွဲကြော်(စ/ဆုံး)

—————————-

‎မြညိုတယောက် မနက်ဝေလီဝေလင်းအစောကြီးထကာ ကန်စွန်းရွက်ခူးဖို့ပြင်ဆင်ရ‌ေလသည်။အိမ်တွင်မြညိုမှာ အမကြီးအမိရာဆိုသလို မောင်လေးနှစ်ယောက်ကို ကန်စွန်းရွက်ရောင်းပြီးရှာကျွေးခဲ့သည်မှာ လွန်ခဲ့တဲ့၁နှစ် မေမေတို့ဆုံးပြီးကတည်းကဖြစ်သည်။
‎ကျောင်းစိမ်းလေးတွေဝတ်ပြီးကျောင်းသွားကျတဲ့သူတွေကိုတွေ့တိုင်း မြညိုသိပ်အားကျမိတာဘဲ။ဖေဖေမေမေတို့သာရှိသေးလျှင် မြညို ၁၀တန်းကိုဆက်တက်နိုင်မှာလေ။မောင်လေးနှစ်ယောက်ကိုလဲ ကျောင်းထားနိုင်လောက်မှာ။
‎မြညိုမှာ ဆွေမျိုးလဲမရှိပါ။ပိုင်ဆိုင်တာဆိုလို့ ဖေဖေမေမေတို့ထားခဲ့တဲ့အိမ်လေးတလုံးသာရှိသည်။ကန်စွန်းရွက်ခူးပြီး အိမ်နားရောက်ခါနီးနေပြီဖြစ်၍ အတွေးစကိုဖြတ်ကာ မောင်လေးတွေကို နှိုးဖို့အိမ်ပေါ်သို့တက်လာသည်။
‎”မောင်လေးထတော့ မမဈေးသွားရောင်းတော့မယ်
‎ အုပ်ဆောင်းအောက်မှာ ထမင်းကြမ်းနဲ့ အကြော်နှစ်ခုလဲထားထားခဲ့တယ် ညီလေးနဲ့မျှစားလိုက်နော်”
‎”အွန်း အွန်း”
‎မောင်လေးကိုနှိုးပြီး ကန်စွန်းရွက်ဗန်းကိုရွက်ကာဈေးရောင်းဖို့ထွက်လာခဲ့ရသည်။ဗိုက်ထဲမှာတော့ တဂွီဂွီမည်လျက်။လက်ထဲတွင်ပိုက်ဆံမရှိတော့သောကြောင့် အကြော်ကိုတောင် မအေးဆီကအကြွေးယူလာခဲ့ရသည်မဟုတ်လား။
‎”ကန်စွန်းရွက် လတ်လတ်ဆတ်ဆတ်လေးတွေရမယ်နော်”
‎”တူမ ရေ လာပါဦး တစည်းဘယ်လောက်တုံး”
‎”တစည်းတစ်ရာပါ ဒေါ်ဒေါ်”
‎”ဟယ်များလိုက်တာတော် ၃စည်းယူမယ်နှစ်ရာထားလိုက်အေ”
‎”မရလို့ပါ ဒေါ်ဒေါ်ရယ် သမီးမှာ တနေ့ကို ၃ထောင်လောက်ဘဲရတာပါ”
‎”အမလေးဟယ် မြောင်းဘေးပေါက်တဲ့ကန်စွန်းရွက်ဘဲ နှစ်ရာမရရင်မယူဘူး”
‎”ကဲပါ အန်တီရယ် ဈေးဦးပေါက်ကြီးမို့ နှစ်ရာနဲ့ဘဲယူလိုက်ပါ”
‎အန်တီကြီးမှာ ပိုက်ဆံနှစ်ရာကိုဆောင့်အောင့်ပေးသွားပြီး မျက်စောင်းပါထိုးသွားလေသည်။
‎မြညိုလဲ ဗိုက်ဆာနေသည်မို့ ဘာမှမတတ်နိုင်ဘဲလျှော့ပေးလိုက်ရသည်။ထို့နောက်အကြော်တခုကိုစားကာ ရပ်ကွက်တကာပတ်ပြီး ကန်စွန်းရွက်ကိုကုန်အောင်ရောင်းရလေသည်။
‎”မမ ပြန်လာပြီလား”
‎”အေးးး ရော့ဒီမှာနင်စားချင်တဲ့ကြက်သားဟင်းဝယ်လာတယ် ကိုကြီးနဲ့တယောက်တ‌ဝက်စားလိုက်နော်”
‎အငယ်ကောင်မှာဆူပုပ်သွားပြီး
‎”သားတယောက်တည်းတတုံးစားလို့ မရဘူးလား ဒီမှာနှစ်တုံးပါတာကို”
‎”ဟဲ့ နင်ညနေဘာသွားစားမှာလည်း လျှာမရှည်နဲ့ တယောက်တဝက်စားဟယ်”
‎ထိုအချိန် နောက်ဖေးမှ အလတ်ကောင်
‎ ဖိုးချစ်ထွက်လာသည်။
‎”သားကရတယ် မမ ဖိုးညီကိုဘဲကျွေးလိုက်ပါ”
‎” မရဘူး တူတူစားကျ ငါ့ကိုလာပြီးအတွန့်မတက်ကျနဲ့ ”
‎အလတ်ကောင်‌ေလးဖိုးချစ်မှာ အသက်အရွယ်နဲ့မလိုက်အောင်သိတတ်လွန်းသည်။မြညိုမရှိသည့်အချိန်တွင် အဝတ်တွေလဲလျှော်ပေးထားတတ်သလို အငယ်ကောင်လေးအနိုင်ကျင့်သမျှကိုလဲခံရရှာသည်။
‎ထို့နောက်ဗိုက်တအားဆာနေပြီဖြစ်၍ ဝယ်လာသောထမင်းဟင်းများကိုထည့်ကာ စားဖို့ပြင်လိုက်သည်။
‎”မမကကျဘာလို့ ကြက်ဥကြော်နဲ့စားတာလဲ သားကြက်သားကို မမယူလိုက်ပါ”
‎”ငါကြက်သားမကြိုက်လို့ပါ ဖိုးချစ်ရယ်နင့်ဟာနင်စားစမ်းပါ”
‎အငယ်ကောင်လေး ဖိုးညီမှာ အသက်၄နှစ်သာရှိသေး၍ အပူအပင်မရှ်ိ ထမင်းကိုသာအားရပါးရစားနေလေသည်။
‎ထမင်းစားပြီးသွားသောအခါ ခြံရှေ့ကကွပ်ပျစ်ဆီသို့ မြညိုထွက်လာခဲ့သည်။
‎”ဟူး တနေ့၃ထောင်နဲ့ဘယ်လိုမှလောက်ငှဘူး မောင်လေးတွေကိုလဲကျောင်းထားချင်သေးတယ် ဟင်းလဲဝအောင်ကျွေးချင်တယ်
‎ငါညနေပိုင်းကို ဦးတုတ်တို့ စားသောက်ဆိုင်မှာ ပန်းကန်ဆေးဝင်လုပ်ရင်ကောင်းမလား အဲ့တာကျရင်လဲမောင်လေးတွေနှစ်ယောက်ဘဲ အိမ်မှာကျန်ခဲ့မှာ စိတ်မချဘူး ဟင်းးး”
‎ထို့နောက် ချုပ်ရာများနှင့်အဝတ်အစားနှစ်စုံကိုလှည့်ပတ်ဝတ်နေရသော အလတ်ကောင်ဖိုးချစ်လေးနှင့် ဝဝလင်လင်မစားရ၍ ပိန်လိန်နေသောအငယ်ကောင်လေးအားမြင်ယောင်ကာ မျက်ရည်များကျလာသည်။

‎နောက်နေ့မနက်ခင်းတွင် မိုးများသည်းနေ၍
‎ မြညို မိုးစဲမည့်အချိန်ကိုစောင့်နေသည်။
‎”မမ နောက်ကျနေပြီမဟုတ်လား ကန်စွန်းရွက်သွားမခူးဘူးလား”
‎အနောက်ဘက်မှ အလတ်ကောင်ဖိုးချစ်၏အသံဖြစ်သည်။
‎”မိုးတွေအရမ်းသည်းနေတာလေ ခူးပြီးရင်လဲ ပတ်ရောင်းဖို့အဆင်ပြေမှာမဟုတ်ဘူး
‎စိတ်ညစ်လိုက်တာဟယ်”
‎”သားခူးပြီး ပတ်ရောင်းခဲ့မယ်မမ
‎စိတ်မပူနဲ့ ခူးသမျှ အကုန်ကုန်အောင်ရောင်းခဲ့မယ်”
‎”အံမယ် နင်ကရောင်းတတ်လို့လား”
‎”ဟားဟား သားကဆရာကြီးပါ မယုံရင်
‎မမစောင့်ကြည့်”
‎ထို့နောက်ပြောပြောဆိုဆိုနှင့် ဖိုးချစ်မှာမိုးရွာထဲသို့ထွက်သွားလေသည်။အငယ်ကောင်လေးမှာ မူဟောက်တောင်ဟောက်နေလေသည်။
‎”သူအိပ်နေတာဘဲကောင်းတယ် နောက်မို့ဆို မနက်စာကျွေးစရာမရှိတာနဲ့ တိုင်ပတ်ဦးမယ်”
‎မြညိုလဲ အိပ်ယာထဲသို့ဝင်ကာ ပြန်အိပ်ပျော်သွားလေသည်။
‎”မမရေ မမ သားပြန်လာပြီ ဝက်သားဟင်းလဲဝယ်လာတယ် ဟီးဟီး”
‎မြညိုလဲအိပ်ယာကနေ ကုန်းရုန်းထကာ ဖိုးချစ်ကိုလှမ်းကြည့်လိုက်သည်။ဖိုးချစ်မှာ ချမ်း၍နှုတ်ခမ်းတွေပင်တုန်နေသော်လည်း လက်ထဲက ထမင်းဟင်းထုတ်များကို ပန်းကန်ထဲသို့လှယ်ထည့်ပေးနေလေသည်။
‎”မမ သားအဝတ်အစားလဲလိုက်ဦးမယ်နော် နေရတာဘယ်လိုကြီးလဲမသိဘူး ချမ်းလိုက်တာ”
‎”ခေါင်းခြောက်အောင်သုတ်ဦးနော်ဖိုးချစ် ဖျားနေမယ်”
‎မြညိုလဲ အငယ်ကောင်ကိုနှိုးကာ စားပွဲဝိုင်းတွင် ဖိုးချစ်ကိုစောင့်နေလေသည်။ဖိုးချစ်မှာအတော်ကြာသည်အထိထွက်မလာသေး၍ မြညို သူရှိရာအခန်းဘက်သို့ထွက်လာသည်။
‎”အင်းး ဟင်းးဟင်းး”
‎”မောင်လေး နေမကောင်းဘူးလား”
‎ဖိုးချစ် အိပ်ယာထဲတွင်စောင်ခြုံပြီးတကိုယ်လုံးတုန်ကာငြီးနေ‌သည်။
‎”ဟာ ကိုယ်တွေပူကျစ်နေတာဘဲ ဖိုးချစ်ရယ်
‎နင်ပိုက်ဆံပိုသေးလား ငါဆေးသွားဝယ်ပေးမယ်”
‎”မပိုတော့ဘူးမမ သားအကုန်လုံးဟင်းဝယ်လာတာ
‎ ရတယ် သားကိုရေနွေးလေးဘဲတိုက်ပါ သက်သာသွားလိမ့်မယ်”
‎မြညို ရေနွေးတခွက်နှင့် ထမင်းလေးယူလာသည်။
‎”ရော့ မောင်လေးထမင်းလေးနဲနဲစားလိုက်နော် ”
‎မြညိုလဲဖိုးချစ်ကို ထမင်းလေးရသလာက်ခွံ့ကျွေးသော်လည်း သိပ်မကြာခင်ပြန်အန်လေသည်။ရေပက်ဝတ်လည်းတိုက်ပေးသော်လည်းအဖျားက ကျမလာ၍ မြညို စိတ်ပူလာသည်။
‎လက်ထဲတွင်လဲဆေးဝယ်ဖို့တပြားမှမရှ်ိပါ။ပတ်ဝန်းကျင်ကလည်း ဖာသိဖာသာနေတတ်ကျ၍ မြညိုပိုက်ဆံမချေးရဲပေ။
‎”အင်းး ညနေလဲစောင်းနေပြီဆိုတော့ ဦးတုတ်တို့ဆိုင်မှာ ပန်းကန်သွားဆေးလို့ရသေးတယ်။
‎ အငယ်လေးရေ ကိုကြီးကနေမကောင်းဘူးနော်
‎မမကလဲ ဆေးဝယ်ဖို့ အပြင်သွားရဦးမှာ နဲနဲနောက်ကျမှာ မောင်လေးကလိမ်လိမ်မာမာနေခဲ့နော် တအားမဆော့နဲ့အပြင်လဲမသွားနဲ့ မမအပြန်ကျရင်ခေါက်ဆွဲကြော်ဝယ်ခဲ့မယ်”
‎”ရေးး ခေါက်ဆွဲကြော်စားရတော့မယ် သားလိမ်လိမ်မာမာနေမယ်နော် မမ ”
‎မြညိုလဲ ဖိုးချစ်ကိုခြင်ထောင်ချပေးကာ ဖယောင်းတိုင်တတိုင်ထွန်းပေး၍ ဦးချစ်တို့ဆိုင်ဘက်သို့ထွက်လာသည်။
‎”တူမကြီး ပန်းကန်လာဆေးတာလား အနောက်မှာတထပ်လိုက်ကြီးရှိတယ်
‎ညည်း ၈နာရီမှ ပြန်ရမှာနော် ပိုက်ဆံ၅ထောင်ရမယ်”
‎”ဟုတ် လေးလေး”
‎မြညိုပန်းကန်တွေဆေးနေသော်လည်း စိတ်ကတော့ မောင်လေးတွေဆီရောက်နေလေသည်။
‎ည၈နာရီထိုးသောအခါ ဦးချစ်က ပိုက်ဆံ၅ထောင်နှင့် ခေါက်ဆွဲကြော်ပွဲအကြီးကြီးတပွဲပေးလေသည်။
‎”ကျေးဇူးတင်လိုက်တာ လေးလေးရယ် သမီးမောင်လေးအရမ်းဖျားနေတာ ဒီနားမှာဆေးဆိုင်ရှိသေးလားဟင်”
‎”ဟိုရှေ့နားမှာတော့တဆိုင်‌ရှိသေးတယ် ညည်းမြန်မြန်တော့သွား ဆိုင်ကပိတ်တော့မယ်”
‎မြညိုလဲဆေးဆိုင်ကိုအမြန်သွားပြီအဖျားပျောက်ဆေးတချို့ကိုဝယ်ကာ အိမ်လမ်းအတိုင်းပြန်လာလေသည်။ထို့နောက်ပြန်လာရင်း
‎”ဖောင်း”
‎အနောက်ကနေအရှိန်ပြင်းပြင်းတခုကတိုက်သွားသဖြင့်မြညိုလွင့်ထွက်သွားလေသည်။လက်ထဲတွင်တော့ဆေးထုတ်နှင့်ခေါက်ဆွဲကြော်ထုတ်ကိုတော့ ကျစ်ကျစ်ပါအောင်ကိုင်ထားလျက်။မြညိုအနောက်သို့လှမ်းကြည့်သောအခါအမဲရောင်ကားတစီးကိုတွေ့လိုက်ရသည်။ ကားပေါ်ကလူများမှာမြညိုကိုမထူပေးဘဲ ‌အမြန်မောင်းပြီး ထွက်ပြေးသွားလေသည်။
‎မြညိုခြေထောက်အလွန်နာသွားသည်။ခြေ‌တလှမ်းလှမ်းတိုင်း ခြေချင်းဝတ်မှာသေမတတ်နာနေသော်လည်း စိတ်ကိုတင်းကာအိမ်သို့ပြန်လာလေသည်။အိမ်နားရောက်သောအခါ မီးအလင်းရောင်အကြီးကြီး‌နှင့်လူတွေအများကြီး စုရုံး စုရုံးဖြစ်‌နေကျသည်ကိုတွေ့လိုက်ရသဖြင့် မြညိုထိတ်လန့်သွားသည်။မြညိုတို့အိမ်လေးမှာ မီးတွေနဲ့အတူလောင်မြိုက်နေလေသည်။မြညိုရဲ့ရင်ထဲလည်း ထိုမီးနှင့်အတူလောင်မြိုက်လျက်။
‎”မောင်‌ မောင်လေးတွေရော အန်တီ သမီးမောင်လေးတွေရော”
‎”စိတ်မကောင်းပါဘူးတူမကြီးရယ်”
‎”ရှင်က ဘာကိုစိတ်မကောင်းတာလည်း ကျွန်မမောင်တွေရောလို့မေးနေတယ် ဟဲ့ ဖိုးချစ်ရေ ဖိုးညီရေ မောင်လေးတို့မမပြန်လာပြီလေ နင်တို့ဘယ်မှာလဲဟာ”
‎မြညိုကမ္ဘာကြီးပျက်ဆီးသွားလေပြီ မျက်ရည်များပင်မထွက်နိုင်တော့ဘဲ ရင်ထဲမှာတစ်ဆို့နေသည်။
‎”သမီးရယ် စိတ်ထိန်းပါငိုချင်ရင်ငိုချလိုက်နော် တင်းမထားနဲ့”
‎ဘေးနားတွင်မီးငြိမ်း‌ေပးနေသောသူများအသံနှင့် တခါမှမကူညီဖူးတဲ့ပတ်ဝန်းကျင်ကသူတွေက နှစ်သိမ့်ပေးနေသဖြင့် မြညိုဟက်ခနဲရီမိသည်။
‎ထို့နောက်မီးထဲတွင် ဖေဖေမေမေနှင့်အတူမောင်လေးနှစ်ယောက်ကိုတွေ့လိုက်ရသဖြင့်မြညိုပျော်သွားသည်။
‎” ဖေဖေမေမေ
‎မောင်လေးတွေရေငါလာပြီနော် နင်တို့အတွက်ခေါက်ဆွဲကြော်လဲပါတယ် ”
‎မြညို အနောက်ကတားနေသောလက်များကိုတွန်းဖယ်ပြီး မီးထဲသို့တိုးဝင်ကာ အရာအားလုံးလည်းတိတ်ဆိတ်သွားလေသည်။
‎#Yamin