ခေါင်းပြားကြီး(စဆုံး)
——————-
အချိန်ကား ၂၀၀၃ ခုနှစ်ခန့်ကဖြစ်သည်။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကြံရာသီဟုခေါ်သည့် ရာသီသို့ရောက်ရှိလာပြီဖြစ်သည်။ တရုတ်သူဌေးများမှာ ရှမ်းပြည်နယ်သို့ရောက်ရှိလာကာ ကြံစိုက်ပျိုးကြလေသည်။ ထိုအခါ အထက်အညာဒေသမှ အလုပ်သမားများမှာ တရုတ်သူဌေးများ၏ ကြံစိုက်ခင်းများတွင် ဝင်ရောက်အလုပ်လုပ်ကိုင်ကြလေ့ရှိသည်။ တရုတ်သူဌေးများမှာ အလုပ်သမားများကိုကြံရာသီအလိုက် စာချုပ်ချုပ်ကိုင်ကာ အလုပ်လုပ်ကြသဖြင့် ရာသီပြီးဆုံးသည့်အခါ ငွေလုံးငွေခဲကျန်သဖြင့် အလုပ်သမားများလည်းအကြိုက်တွေ့ကြသည့်လုပ်ငန်းဖြစ်သည်။
လုပ်ငန်းရှားပါးသည့် အထက်အညာဒေသတွင် ကြံစိုက်ခင်းသို့လိုက်ပါလုပ်ကိုင်ရန်မှာလည်း ခဲယဉ်းလှပေသည်။ မိမိတို့နှင့်အသိအကျွမ်းဆွေမျိုးရှိမှသာ ကြံလုပ်ငန်းခွင်သို့ လိုက်ပါလုပ်ကိုင်နီုင်ခြင်းဖြစ်သည်။ အသိအကျွမ်းရှိသော်လည်း လုပ်ငန်းခွင်တွင် လူလိုသည့်အခါမှသာ လိုက်ပါခွင့်ရလေသည်။ အလုပ်သမားများကို ရာသီအလိုက်ငှားထားသဖြင့် အလုပ်သမား များများစားစားအသုံးပြုသည့်အခါ ငွေကိုများများခွဲဝေပေးရသည်မို့ အလုပ်သမားခေါင်းများမှာ လူနည်းနည်းဖြင့်လုပ်နိုင်ကိုင်နိုင်သူများကိုသာ ခေါ်ဆောင်ကြလေ့ရှိသည်။ ထို့ကြောင့် ကြံစိုက်ခင်းသို့လိုက်ရသည်မှာပင် နိုင်ငံခြားထွက်လုပ်ရသကဲ့သို့ ခက်ခဲလှပေသည်။
ပေတိုးမှာ အကိုဝမ်းကွဲဖြစ်သူ ကိုမျိုးသူထံမှ စာတစ်စောင်ရ၍ ပျော်ရွှင်နေမိသည်။ အကြောင်းမှာ ကိုမျိုးသူတို့ကြံလုပ်ငန်းခွင်တွင် လူလိုအပ်နေသဖြင့် ပေတိုးအားလှမ်းခေါ်သည့်စာဖြစ်သည်။ ထိုခေတ်က ပေတိုးတို့ရွာတွင် ဖုန်းလိုင်းများမရှိသေးသည်မို့ လူကြုံနှင့်စာပို့စာယူအဆက်အသွယ်လုပ်ရစမြဲဖြစ်သည်။ ပေတိုးမှာ ထိုစာရသည့်အတွက် အလွန်ပျော်ရွင်နေမိသည်။ အကိုဖြစ်သူထံသို့လိုက်သွားရန်အတွက် အဝတ်အစားအထုပ်အပိုးများကို ပြင်ဆင်ပြီးသောအခါ မိခင်ဖြစ်သူကိုကန်တော့လိုက်လေသည်။
“သား ပေတိုး၊ လူလေး သူတစ်ပါးအရပ်သွားတဲ့အခါ သတိဝီရိယတော့ ထားနော်သားလေးရဲ့”
“စိတ်ချပါအမေရာ၊ သား ဒီနှစ်ကြံလုပ်ငန်းပြီးတာနဲ့ ငွေထုပ်ကြီးပိုက်ပြီးပြန်လာပါ့မယ်၊ သားတို့အိမ်ကလေးကို ပြန်ပြင်ဆောက်မယ်၊ ပြီးတော့ အဖေနေမကောင်းတုန်းက သူများဆီသွားပေါင်ထားရတဲ့ ယာတွေကိုလည်း ပြန်ရွေးမယ်အမေ”
“အေးပါသားရယ်၊ ငွေရဖို့ထက် ငါ့သားအန္တရာယ်ကင်းဖို့ပဲ အရေးကြီးပါတယ်”
မိခင်ဖြစ်သူမှာ ပေတိုးကိုဆုံးမနေလေသည်။ ပေတိုးကလည်း နံဘေးတွင်ထိုင်နေသည့် ညီမဖြစ်သူကိုကြည့်လိုက်ရင်း
“ဘုတ်ဆုံမ၊ ငါမရှိတုန်း နင်အမေ့ကို ကောင်းကောင်းစောင့်ရှောက်လိုက်နော်”
“စိတ်သာချပါအကိုကြီးရယ်၊ ဒါနဲ့ အကိုကြီးပြန်လာရင်သာ သမီးကိုဝမ်းဆက်တွေ ပိတ်စတွေဝယ်လာခဲ့နော်”
“အေးပါ၊ ငါ့ညီမလေးတစ်ယောက်တည်းရှိတာ ငါကမေ့မလားဟ”
ထိုညတွင် မိသားစုလက်ဆုံစားပြီး ကိုယ်စီအတွေးမျိုးစုံဖြင့် ပျော်မြူးနေကြလေသည်။ ပေတိုးမှာ ညည့်နက်သည့်အခါ အိမ်မှထွက်ခွာသွားကာ ရွာထိပ်ရှိ ဗီဒီယိုရုံအနားတွင် ရစ်သီရစ်သီလုပ်နေလေသည်။ မကြာခင် ဗီဒီယိုရုံလွှတ်လိုက်သည်မို့ ရွာသူရွာသားများက ပြန်ထွက်လာကြသည်။ ပေတိုးက သူ့ချစ်သူ ခင်ဝိုင်းလက်ကိုဖမ်းဆွဲလိုက်ကာ မန်ကျည်းပင်ရိပ်အောက်သို့ဆွဲခေါ်လာခဲ့သည်။
“ကိုပေတိုး ရှင်ဘယ်လိုလုပ်တာလဲ၊ ဟိုမှာ အရီးတို့တွေ့သွားရင် ဒုက္ခပဲ”
“ငါနင့်ကိုနှုတ်ဆက်ချင်လို့ပါ ခင်ဝိုင်းရာ၊ မနက်ဖြန် ငါသွားရတော့မှာဟ”
ပေတိုးပြောလိုက်သည့်အခါ ခင်ဝိုင်းမှာ မျက်နှာကလေးသုန်မှုန်သွားလေသည်။
“ကိုပေတိုးသွားတော့မယ်ဆိုတော့လည်း ခင်ဝိုင်းစိတ်ထဲ တစ်မျိုးကြီးပဲတော်”
“ခင်ဝိုင်းရာ အဲဒါတွေတွေးမနေစမ်းပါနဲ့၊ အခု အကိုသွားတယ်ဆိုတာလည်း ခင်ဝိုင်းအတွက်ပါပဲ၊ အကိုအလုပ်လုပ်ပြီး ငွေတွေအများကြီးရှာခဲ့မယ်၊ ကြံရာသီ သုံးလေးခုလောက်ပြီးရင်တော့ ခင်ဝိုင်းကို တင်တောင်းနိုင်မှာပါ ခင်ဝိုင်းရဲ့”
“အင်းပေါ့လေ၊ ခင်ဝိုင်းက အကို့ကိုတားပိုင်ခွင့်မှမရှိတာပဲ၊ ဒါနဲ့အကို ဟိုရောက်ရင် ကောင်မလေးတွေမထားရဘူးနော်”
ပေတိုးက ရယ်လိုက်ကာ
“အောင်မယ်လေး အကို့ရင်ထဲမှာ ခင်ဝိုင်းတစ်ယောက်ပဲရှိတယ်ဆိုတာ ခင်ဝိုင်းသိတယ်မဟုတ်လား”
ပေတိုးက ပြောပြောဆိုဆိုနှင့် ခင်ဝိုင်း၏ကိုယ်လုံးကလေးအား သိမ်းကြုံးကာဆွဲဖက်လိုက်လေသည်။ ခင်ဝိုင်းမှာ မျက်ရည်များသွင်သွင်စီးကျလာလေသည်။ ထိုအခိုက် မန်ကျည်းပင်စပ်မှ ခင်ဝိုင်း၏အရီးက ချောင်းဟန့်သံတစ်ချက်ပေးလိုက်သည်။ ခင်ဝိုင်းက ပေတိုးရင်ခွင်ထဲမှ ရုန်းထွက်လိုက်ပြီး
“သွားတော့မယ်နော် ကိုပေတိုး၊ ကိုပေတိုးလည်း ကျန်းမာရေးဂရုစိုက်ပါ”
ခင်ဝိုင်းမှာ အရီးဖြစ်သူအနောက်သို့ ယက်ကန်ယက်ကန်ဖြင့်လိုက်သွားတော့သည်။ ပေတိုးမှာ ခင်ဝိုင်းမျက်ရည်ကျသည်ကိုမြင်လိုက်ရသည့်အခါ စိတ်ထဲမကောင်းပေ၊ သို့သော်လည်း နှစ်ကိုယ်တူရှေ့ရေးအတွက် ကြိုးစားရဦးမည်မို့ စိတ်အားတင်းထားလိုက်ရသည်။
နောက်တစ်နေ့ မနက်လေးနာရီခန့်မှာပင် ပေတိုးတစ်ယောက်ရွာမှလှည်းတစ်စီးဖြင့်ထွက်လာခဲ့သည်။ ရွာအထွက်ကုန်းကလေးဆီသို့ရောက်သည့်အခါ ရွာကိုတစ်ချက်ကြည့်ကာ လက်ပြနှုတ်ဆက်လိုက်သည်။ ပေတိုးမှာ ကားတစ်တန်ရထားတစ်တန်ဖြင့် အကိုဝမ်းကွဲအလုပ်လုပ်ကိုင်သည့် နောင်ချိုမြို့သို့ လိုက်လာခဲ့ရသည်။ ကိုမျိုးသူ၏ ကြံစိုက်ခင်းသို့ရောက်သည့်အခါ ကိုမျိုးသူက လှိုက်လှိုက်လှဲလှဲကြိုဆိုသော်လည်း ကျန်အလုပ်သမားများမှာ ဟက်ဟက်ပက်ပက်မရှိလှပေ။
ပေတိုးမှာ လူပျိုလူလွတ်ဖြစ်သည်မို့ အခြားလူလွတ်များနှင့် တစ်ဆောင်တည်းနေထိုင်ရလေသည်။ ရောက်စမို့ ပေတိုးက အခြားအလုပ်သမားများကိုလိုက်နှုတ်ဆက်သည်။ သို့သော် ထိုသူများမှာ ပေတိုးအား စကားမပြောချင်သလိုလိုနှင့် စကားပြောပြန်လျှင်လည်း ပြန်မပြောဘဲ၊ အချို့မှာ တငူငူတငိုင်ငိုင်နှင့်ထိုင်နေကြလေသည်။ အချို့မှာ တစ်စုံတစ်ခုကိုကြောက်ရွံ့ကြသည့်နှယ် ထိတ်ထိတ်ပြာပြာဖြစ်နေလေသည်။
ပေတိုးမှာ ထိုလူများ၏ အမူအရာကိုမကြိုက်သဖြင့် အဆောင်အတွင်းမှထွက်ကာ ကိုမျိုးသူတို့အဆောင်ဘက်သို့ကူးသန်းလာခဲ့သည်။ အဆောင်ဆိုသော်လည်း သစ်ဝါးတိုင်များထောင်ကာ တာလပတ်အစိမ်းစများဖြင့် အဖြစ်တည်ဆောက်ထားသည့် တာလပတ်မိုး တာလပတ်ကာထားသည့် တဲကြီးများဖြစ်သည်။ တဲများမှာ မြေစိုက်တဲများဖြစ်ကာ တဲအကာအရံတာလတ်မှာ အောက်ခြေတွင် ခွေးတစ်ကောင်တိုးစာမျှလွတ်နေလေသည်။ တဲအတွင်းတွင် ဝါးတိုင်များ၊ ဝါးကပ်များဖြင့် ကွပ်ပျစ်သဖွယ်ကြမ်းခင်းအရှည်ကြီးကိုခင်းထားလေသည်။ ထိုကြမ်းခင်းမှာ တစ်တောင့်တစ်ထွာခန့်မြင့်ကာ အလုပ်သမားများမှာ ထိုကြမ်းခင်းပေါ်တွင်အိပ်စက်ကြရသည်။ တဲအဝင်အထွက်တွင်လည်း တံခါးမရှိဘဲ တာလပတ်စကို ခန်းဆီးသဖွယ်ကာဆီးထားသည်။
အချို့အလုပ်သမားများမှာ အိမ်သူသက်ထား ဇနီးမယားများကိုပါ ခေါ်ဆောင်လာလေ့ရှိသည်မို့ လူပျိုဆောင်တွင်အတူမနေထိုင်ဘဲ ခပ်လှမ်းလှမ်းရှိ အိမ်ထောင်သည်အဆောင်တွင်နေထိုင်သည်။ ထိုအဆောင်မှာလည်း တာလပတ်များဖြင့် ဆောက်လုပ်ထားကာ ဆယ်ပေပတ်လည်ခန့် အခန်းကလေးများကာရံထားသည်မို့ မိသားစုများနေနိုင်ပေသည်။ အိမ်ထောင်သည်ဆောင်အတွင်းသို့ဝင်လိုက်သည့်အခါ ကိုမျိုးသူနှင့် သူ့ဇနီးသာရှိသည်။ အခြားအခန်းများတွင် လူနေသည်ကိုမတွေ့ရပေ။
“ဟာ ပေတိုးပါလား၊ လာကွာ ထိုင်”
ပေတိုးက ကိုမျိုးသူအနီးတွင်ထိုင်လိုက်သည့်အခါ ကိုမျိုးသူက သူသောက်လက်စအရက်ပုလင်းကို ထိုးပေးလေသည်။
“ရော့ ကြိုက်တတ်ရင်သောက်ဟေ့”
“မသောက်တော့ပါဘူး ကိုမျိူးသူရယ်၊ ဒါနဲ့ အလုပ်သမားတွေက ဆက်ဆံရေးကျဲလိုက်တာဗျာ၊ ကျုပ်စကားလိုက်ပြောနေတာတောင်မှ သူတို့က မသိချင်ယောင်ဆောင်နေကြတယ်”
“သြော်၊ ဒါကတော့ ညနေလုပ်ငန်းသိမ်းတဲ့အချိန်ဆိုတော့ သူတို့ပင်ပန်းနေကြတာဖြစ်ပါလိမ့်မယ်ကွ၊ ပြီးတော့ မင်းကလည်း ဒီနေ့မှရောက်တာဆိုတော့ လူစိမ်းဖြစ်နေတာမို့ပါ၊ သူတို့က ရိုးရိုးသားသားလူတွေပါကွ”
“ဒါနဲ့ ကျုပ်ကြည့်ရသလောက် ဒီစခန်းမှာ ကိုမျိုးသူက အကြီးဆုံးပဲနော်ဗျ”
ကိုမျိုးသူက အရက်တစ်ခွက်ကောက်သောက်လိုက်ပြီး ပြုံးလိုက်ကာ
“အေးပါ့၊ ငါက ဒီစခန်းက အလုပ်သမားတွေရဲ့ခေါင်းဆောင်ပေါ့ကွာ၊ ခေတ်စကားနဲ့ပြောရင် မန်နေဂျာပေါ့၊ ဒီစခန်းက အလုပ်သမားတွေရဲ့ နေရေးထိုင်ရေး စားရေးသောက်ရေး အားလုံးကိုငါတာဝန်ယူထားရတာကွ၊ တရုတ်သူဌေးကတော့ တစ်ပတ်တစ်ခါလောက်လာတယ်ကွ၊ လုပ်ငန်းအခြေအနေလာကြည့်ပြီးတော့ ဈေးဖိုးတွေဘာတွေချသွားပေးတယ်”
“ဒါနဲ့ အလုပ်သမားတွေကိုကြည့်ရတာ တစ်ခုခုကိုကြောက်လန့်နေကြသလိုပဲဗျ၊ မဟုတ်မှလွဲရော ဒီစခန်းမှာ သရဲတွေဘာတွေရှိလို့လား”
ကိုမျိုးသူက တစ်ချက်တွေဝေသွားကာ ခေါင်းကိုဖြေးညှင်းစွာညိတ်လိုက်လေသည်။
“အေးပေါ့၊ ကြံစိုက်တယ်ဆိုတာက တောတွေတောင်တွေကိုရှင်းလင်းပြီး စိုက်ရတာမျိုးကွ၊ ဒီနေရာဆိုရင်လည်း အရင်တုန်းက လူသူမရောက်တဲ့ တောနက်ကြီးပေါ့ကွာ၊ တောနက်ဆိုတော့လည်း သရဲတွေ တစ္ဆေတွေတော့ရှိမှာပေါ့၊ ဒါနဲ့ မင်းကသရဲကြောက်တတ်လို့လား ပေတိုး”
ပေတိုးက ရယ်လိုက်ကာ
“ဟာဗျာ၊ ကျုပ်က မွေးကတည်းက သရဲတစ္ဆေဆိုတာကို အယုံအကြည်လည်းမရှိသလို ကြောက်လည်းမကြောက်တတ်တဲ့လူဆိုတာ ကိုမျိုးသူသိရဲ့သားနဲ့၊ ရွာမှာဆိုရင်လည်း သချိုင်းကုန်းကို ညည့်နက်သန်းခောင်ကြီး လောင်းကြေးစားကြေးနဲ့ သွားတဲ့လူပါဗျ”
“အေး၊ ငါလည်း ဒါကြောင့်မင်းကိုခေါ်လိုက်တာကွ ပေတိုးရ”
“မပူပါနဲ့ဗျာ၊ ကျုပ်က သရဲကြောက်ဖို့နေနေသာသာ သရဲကကျုပ်ကိုပြန်ပြီးကြောက်နေရမှာဗျ”
“အေးပါပေတိုးရာ၊ မင်းမကြောက်တတ်ဘူးဆိုရင်လဲ ပြီးတာပါပဲ၊ ခရီးပန်းလာတယ်ဆိုတော့ နားလိုက်ပေါ့ကွာ၊ မနက်ဖြန်ကျရင် မင်းအလုပ်စဆင်းရမယ်၊ တို့အလုပ်က သိပ်တော့ခက်ခက်ခဲခဲမဟုတ်ပါဘူး၊ ကြံပင်တွေခုတ်ရမယ်၊ ပြီးတော့ ကြံစည်းတွေသယ်လာပြီး ကြံရည်ကြိတ်မယ်၊ ကြံသကာချက်မယ်၊ ဒါလောက်ပါပဲကွ”
ပေတိုးတစ်ယောက် ကိုမျိုးသူကိုနှုတ်ဆက်ပြီး အဆောင်သို့ပြန်ကူးလာခဲ့သည်။ အဆောင်သို့ရောက်သည့်အခါ အလုပ်သမားများက အရက်ဝိုင်းဖွဲ့ကာ သောက်စားနေကြလေသည်။ ထိုအထဲမှ အသက်ကြီးကြီး ဆံပင်မွှေးဖြူဖြူနှင့် ခေါင်းဖြူကြီးက
“ဟေ့ကောင်လေး ငါတို့နဲ့လာသောက်အုံးမလား”
“ကျုပ်အရက်မသောက်တတ်လို့ပါဗျာ၊ ခင်ဗျားတို့ပဲသောက်ကြပါ”
“လူသစ်တစ်ယောက်တော့ ရောက်လာပြီဟေ့၊ ဘယ်နေ့ပြန်ပြေးမလဲဆိုတာတော့ ကြည့်ရအုံးမယ်”
အလုပ်သမားများက ကျယ်လောင်စွာအော်ဟစ်လိုက်ကြလေသည်။ ပေတိုးလည်း ပါလာသည့်လွယ်အိတ်ကိုခေါင်းအုံးလုပ်ကာ အိပ်စက်လိုက်ရသည်။ မည်မျှကြာအောင်အိပ်ပျော်သွားသည်မသိပေ၊ ခွေးအူသံများကြားသည့်အခါမှ ပေတိုးလန့်နိုးလာခဲ့သည်။ ခွေးအူသံမှာ သာမန်ကြားနေကျအသံနှင့်မတူဘဲ တစ်ဆို့ဆို့နှင့်တစ်မျိုးကြီးဖြစ်နေလေသည်။
“တောတောင်အတွင်းဆိုတော့ တောခွေးတွေများအူနေကြတာလား”
ပေတိုးမှာထိုသို့တွေးလိုက်မိပြီး ငုတ်တုတ်ထထိုင်လိုက်သည်။ အလုပ်သမားဆောင်အတွင်းမှ အလုပ်သမားများမှာ လူသေကောင်များသဖွယ် တုတ်တုတ်မျှမလှုပ်ဘဲ အိပ်မောကျနေလေသည်။ တောင်ပေါ်ဒေသမို့ ခြင်မရှိသဖြင့် ခြင်ထောင်ထောင်ရန်မလိုဘဲ ဒီအတိုင်းအိပ်စက်ကြခြင်းဖြစ်သည်။ ပေတိုးမှာ ဘေးဘီဝဲယာသို့ကြည့်ရင်း အပေါ့သွားချင်လာသည်။ သို့နှင့် အပေါ့သွားရန်အတွက် အဆောင်ထဲမှထွက်လိုက်လေသည်။
ချမ်းအေးလှသည့် လေများက တဝူးဝူးနှင့်တိုက်ခတ်နေသည်။ အဆောင်ရှေ့မှကြည့်လိုက်သည့်အခါ တောင်ကုန်းဆင်ခြေလျှောကြီးတွင် ကြံပင်များက တစ်ပင်နှင့်တစ်ပင်ထိကပ်ကာ မျက်စိတစ်ဆုံး ခပ်စိပ်စိပ်ပေါက်နေကြသည်။ ကြံတောကြီးကိုလေတိုးသည့်အခါ ကြံရွက်များက တရိပ်ရိပ်နှင့်လှုပ်ရှားနေကြသည်မှာ ရေလှိုင်းများနှင့်ပင်တူညီကြသည်။ လပြည့်ညနီးပြီမို့ လရောင်က တောင်ကုန်းအပေါ်ဖြာကျနေလေသည်။ လရောင်အောက်တွင် မျက်စိတစ်ဆုံကျယ်ပြောသည့် ကြံတောကြီးက တဖိတ်ဖိတ်ဝင်းလက်လှုပ်ရှားနေသည်ကပင် အလွန်ကြည့်၍ကောင်းလှပေသည်။
ထိုစဉ် ဆီးစပ်ကကျင်တက်လာပြီမို့ ပေတိုးမှာ အဆောင်များအနောက်ဘက်သို့ပြေးလာခဲ့လိုက်သည်။ အိမ်သာမှာ အဆောင်နှင့် ကိုက်တစ်ရာခန့်အဝေး တောစပ်တွင်တည်ရှိသည်။ အိမ်သာ၏အနောက်ဘက်တွင်တော့ သစ်ပင်ကြီးများပေါက်ရောက်နေသည့် တောအုပ်ကြီးရှိလေသည်။ ပေတိုးတစ်ယောက် မြေစိုက်အိမ်သာကလေးဆီသို့ပြေးလာခဲ့လိုက်သည်။ တောအုပ်ကြီးမှာ လေတိုက်သည့်အခါတိုင်း တရှဲရှဲအသံမြည်လျှက် တစ္ဆေကြီးတစ်ကောင် ညည်းတွားနေသည်နှင့်ပင် တူညီလှသည်။ ပေတိုးမှာ သရဲမကြောက်သော်လည်း မြွေပါးကင်းပါးကြောက်သဖြင့် သတိကြီးကြီးထားကာ လှမ်းလာရသည်။ အိမ်သာမှာလည်း မြေစိုက်အိမ်သာကလေးဖြစ်ကာ တာလပတ်စများဖြင့် လေးဘက်လေးတန်ကာရံထားပြီး အမိုးမပါရှိပေ၊ တံခါးမှာလည်း ခန်းဆီးစသဖွယ်သာဖြစ်သည်။ ပေတိုးက အိမ်သာတံခါးဖွင့်လိုက်ပြီး အပြင်မှပင်လှမ်း၍ ဆီးသွားလိုက်သည်။ ထိုစဉ် အနောက်ဘက်မှ တရှပ်ရှပ်နှင့်လျှောက်လှမ်းလာသည့် ခြေသံကိုကြားလိုက်ရလေသည်။ ပေတိုးက လှည့်ကြည့်လိုက်သည့်အခါ လူကြီးတစ်ယောက်က ပေတိုးအားလက်ပိုက်၍ကြည့်နေသည်ကိုတွေ့လိုက်ရသည်။
“ခင်ဗျားအိမ်သာတက်ချင်လို့လားဗျ၊ ခဏလေးနော်”
ပေတိုးက အိမ်သာတက်ချင်သဖြင့်ထလာသည့်လူတစ်ယောက်ဖြစ်မည်ဟု တွေးလိုက်ကာ ကိစ္စကိုအမြန်ရှင်းလိုက်ပြီး တစ်ဖက်သို့လှည့်လိုက်လေသည်။ ထိုအခါ ထိုလူမှာရုတ်ခြည်းပျောက်ကွယ်သွားသည်ကိုတွေ့လိုက်ရသည်။
“ဟင် ဟိုလူဘယ်ရောက်သွားပါလိမ့်”
ပေတိုးကြည့်လိုက်သည့်အခါ ထိုလူမှာ အဆောင်များအနီးသို့ရောက်နေသည်ကိုတွေ့ရလေသည်။ အဆောင်နှင့် အိမ်သာမှာ ကိုက်တစ်ရာခန့်ဝေးသည်မို့ ပေတိုးလည်းထူးဆန်းမိသွားသည်။ သို့နှင့် အဆောင်အနီးလှမ်းလျှောက်လာခဲ့သည့်အခါ ထိုလူမှာ ကြံခင်းကြီးများအတွင်းတိုးဝင်သွားသည်ကိုတွေ့ရပြန်သည်။ ပေတိုးမှာ အထူးအဆန်းသဖွယ်ငေးကြည့်နေမိသည်။ ကြံခင်းတစ်ဖက်တွင် လူနေသည့်အဆောင်များရှိနေမလားဟု တွေးလိုက်မိကာ အဆောင်ထဲသို့ပြန်ဝင်လာခဲ့သည်။ အိပ်ရာပေါ်သို့ပြန်လည်လှဲချကာ အိပ်စက်လိုက်သော်လည်း ထိုလူနှင့်ပတ်သက်သည့်အတွေးများမှာ ခေါင်းထဲသို့ဝင်လာပြန်သည်။ ပေတိုးမှာ ညည့်အတော်နက်သည်အထိ အိပ်မရဘဲ မနက်ခင်းမိုးလင်းပိုင်းရောက်မှသာ မှေးခနဲအိပ်ပျော်သွားလေသည်။
(၂)
“ဟေ့ကောင် ပေတိုး၊ ထတော့ကွ၊ ဒါမင်းအိမ်မဟုတ်ဘူး၊ မင်းနေမြင့်မှထလို့မရဘူး”
ကိုမျိုးသူက နှိုးလိုက်သဖြင့် ပေတိုးမှာအိပ်ရာမှထလိုက်မိသည်။
“ညက သိပ်အိပ်မပျော်လို့ပါ ကိုမျိုးသူရာ”
“ဒါက မနေ့ညက ဘာထူးသေးသလဲကွ”
ကိုမျိုးသူအမေးက တစ်မျိုးဖြစ်နေသည်။ ပေတိုးမှာ ညကတွေ့ခဲ့သည့်လူအကြောင်းပြောရန်စိတ်ကူးမိသော်လည်း စကားရှည်နေမည်စိုးရိမ်သဖြင့် ဘာမှမပြောတော့ပေ၊ မနက်ခြောက်နာရီခန့်သာရှိသေးသည်။ အလုပ်သမားများမှာ ကိုမျိုးသူ၏ ဇနီးက ချက်ပြုတ်ပေးသည့် မနက်စာထမင်းဟင်းကိုစားသောက်နေကြသည်။ ထမင်းမှာ ဆန်ကြမ်းထမင်းများဖြစ်၍ ကြမ်းထော်ကာ မုန့်စိမ်းပေါင်းတုံးကြီးသဖွယ် အတုံးကြီးဖြစ်သည်။ ဟင်းမှာလည်း မျစ်ချဉ်ကို ချဉ်ဟင်းချက်ထားပြီး ငရုတ်သီးဆားထောင်းနှင့် တွဲဖက်စားသောက်ရသည်။ ပေတိုးမှာ ထမင်းနှင့်ဟင်းကိုကြည့်ကာ စိတ်ပျက်သွားမိသည်။
“အိုကွာ၊ အလုပ်လုပ်ဖို့လာတာပဲ ဒီလောက်တော့ သည်းခံပြီးစားသောက်ရမှာပေါ့”
ပေတိုးတစ်ယောက် စိတ်ဆုံးဖြတ်လိုက်ကာ ကြိတ်မှိတ်ပြီးမြိုချစားသောက်လိုက်ရလေသည်။ စားသောက်ပြီးသည့်အခါ ကြံခုတ်ဓါးများကိုယူဆောင်ကာ ကြံခင်းကြီးအတွင်းသို့ဆင်းလာကြသည်။ ကြံခင်းအတွင်းမှ ကြံများကိုခုတ်ထွင်ပြီးသည့်နောက် လျှော်ကြိုးများ၊ ကြံရွက်များဖြင့် အစည်းများစည်းနှောင်ကာ ကြံစည်းများကို လက်တွန်းလှည်းပေါ်တွင်တင်ကြရသည်။ ထို့နောက် လက်တွန်းလှည်းအား တောင်ကုန်းအပေါ်သို့တွန်းတင်ကာ ကြံရည်ကြိတ်စက်ဆီသို့ပို့ပေးရလေသည်။
ကြံရည်ကြိတ်စက်ကိုလည်း တာလပတ်မိုး၊ တာလပတ်ကာထားသည့် အဆောင်ကြီးတစ်ခုအတွင်းထားရှိသည်။ ကြံရည်ကြိတ်စက်ဆိုသော်လည်း ပေတိုးတို့မြင်ဖူးသည့် ကြံကြိတ်စက်နှင့်မတူပေ၊ ကြံကြိတ်စက်ကို ကူဘိုတာအင်ဂျင်ကြီးနှင့်လည်ပတ်ကာ ကြံကြိတ်စက်အား မော်တာကြိုးကြီးဖြင့်သွယ်တန်းထားသည်။ ကြံကြိတ်စက်အတွင်းကြံအစည်းလိုက် ထိုးထည့်ကာ ကြိတ်နေကြခြင်းဖြစ်သည်။ ကြံကြိတ်စက်အောက်တွင် အုတ်ကန်များတည်ဆောက်ထားကာ ကြံရည်များမှာ အုတ်ကန်အတွင်းသို့ကျဆင်းကုန်လေသည်။ အုတ်ကန်အတွင်းမှ ကြံရေများကို သံပုံးများနှင့်ခပ်ယူကာ မိုးပြဲဒယ်ကြီးများဖြင့် ကြံသကာချက်လေသည်။ မိုးပြဲဒယ်ကြီး လေးငါးဒယ်ခန့်ရှိကာ ထင်းမီးများကတဟုန်းဟုန်းတောက်လောင်နေသည်။ ရရှိလာသည့် ကြံသကာများကို သံစည်ပိုင်းများကြီးအတွင်းထည့်၍ အအေးခံကာ ရောင်းချရန်အတွက်တင်ပို့ကြခြင်းဖြစ်သည်။
ကြံရည်ကြိတ်စက် နှစ်စက်ရှိသော်လည်း စက်တစ်ခုကိုသာလည်ပတ်၍ ကျန်စက်ကိုပိတ်ထားကြသည်။ အလုပ်လုပ်ကိုင်တွင်လည်း ကြံခုတ်သူ၊ ကြံကြိတ်သူ၊ ကြံသကာချက်သူ စသည်ဖြင့် ကိုမျိုးသူက အလုပ်တာဝန်များကို အဆိုင်းခွဲပေးထားကာ လှည့်လည်လုပ်ဆောင်ရလေသည်။
ကြံခုတ်သူမှာ အပင်ပန်းဆုံးဖြစ်ကာ လုပ်သားများများဖြင့်အလုပ်လုပ်ကိုင်ရသည်။ ကြံကြိတ်သူမှာ နှစ်ဦးခန့်ရှိကာ တစ်ဦးမှာ ကြံစည်းများကိုကြိတ်စက်အတွင်းထည့်ပေးရပြီး တစ်ဦးမှာတော့ ကြံကြိတ်စက်မှထွက်လာသည့် ကြံဖတ်များအား တစ်နေရာတွင်စွန့်ပစ်ပေးရခြင်းဖြစ်သည်။ ကြံသကာချက်သူမှာလည်း နှစ်ဦးရှိကာ မီးထည့်ခြင်း၊ မွှေပေးခြင်းများပြုလုပ်နေကြလေသည်။
ပေတိုးမှာ ကြံကြိတ်ရသည့်အခါ ကြံကြိတ်စက်ကိုကြည့်၍ အသည်းယားနေမိသည်။ ကြံကြိတ်စက်ကြီးမှာ စက်အတွင်းသို့ဝင်လာသမျှ ကြံစည်းကြီးများကို တဂျွမ်းဂျွမ်းနှင့် ဝါးမြိုကိုက်ဝါးနေလေသည်။ ပေတိုးမှာ ကြံစည်းများကို ကြိတ်စက်အတွင်းသို့ သတိကြီးကြီးထားကာ ထည့်ပေးနေရင်း
“ဒီစက်ကြီးနဲ့ကြိတ်ရတာ ကြောက်စရာကြီးဗျာ၊ မတော်လို့ ဒီစက်ကြီးထဲလက်များဝင်သွားရင် မတွေးရဲစရာပဲနော်”
ထိုအခါ ကြံဖတ်များကို ကောက်သိမ်းနေသည့်အလုပ်သမားမှာ ထိတ်လန့်သွားပြီး
“ဟေ့ကောင်ပေတိုး၊ နမိတ်မရှိနမာမရှိတွေ မပြောစမ်းပါနဲ့ကွာ”
“ကျုပ်ကလည်း အဖြစ်ပြောပြတာပါဗျ”
“အဖြစ်ပဲဖြစ်ဖြစ် မဖြစ်ပဲဖြစ်ဖြစ် ဘာဆိုဘာမှမပြောစမ်းနဲ့ကွာ”
ထိုလူမှာပြောဆိုပြီး ကြံဖတ်များကို တောင်းကြီးတစ်လုံးထဲထည့်ယူကာ ထမ်းထွက်သွားလေတော့သည်။ ပေတိုးမှာ ဘာမဟုတ်သည့် ကိစ္စကလေးဖြင့် သူ့အားစိတ်ဆိုးသွားခဲ့သည့် အလုပ်သမားကိုကြည့်ကာ အံံ့သြနေမိသည်။ မကြာမီ ကိုမျိုးသူတစ်ယောက် ကြံစက်အတွင်းသို့ရောက်လာလေသည်။ ပေတိုးကလည်း
“ကိုမျိုးသူ၊ ခုနက လူက ဘယ်လိုလူလဲဗျ၊ ကျုပ်က ဒီကြံစက်ထဲလက်ညပ်ပါသွားရင် ဘယ်လိုနေမလဲမသိဘူးနော်လို့ပြောလိုက်တာကို ဒီလူက ကျုပ်ကိုဒေါသထွက်ပြီး အော်သွားသေးတယ်ဗျ”
ကိုမျိုးသူက မျက်နှာတစ်ချက်ပျက်သွားကာ
“ဒီလိုပါပဲ ပေတိုးရာ၊ ဒီကောင်တွေက အစွဲအလမ်းကြီးနေတာကွ၊ ကြံကြိတ်စက်ကိုင်တဲ့လူက ဒီလိုစကားတွေပြောတာ မကြိုက်ကြဘူးကွ၊ အဲဒါအသာထားစမ်းပါ၊ ကြံကြိတ်စက်ကိုင်ရင် ကြိတ်စက်ကိုဘယ်လိုမောင်းရမလဲဆိုတာလောက်တော့ သိထားရမယ်ကွ၊ မင်းကိုငါသင်ပေးမယ်ဟေ့”
“ဒါနဲ့ ကိုမျိုးသူ၊ ဟိုဘက်က ကြံကြိတ်စက်ကြီးက ရပ်ထားပါလားဗျ၊ စက်နှစ်လုံးနဲ့ကြိတ်မယ်ဆိုရင် ပိုပြီးတော့ အလုပ်တွင်မှာနော်”
“အေးကွ၊ အဲဒီစက်က ညာဉ်နည်းနည်းဆိုးတယ်၊ ဒါကြောင့်ပိတ်ထားတာ”
“ညာဉ်ဆိုးတယ်ဆိုတာ ဘာလဲဗျ”
“သြော်၊ ခဏခဏဟိုဟာပျက်လိုက် ဒီဟာပျက်လိုက်နဲ့ ချူချာလို့ပါကွာ၊ ကဲကဲ မင်းကိုစက်ပိတ်တာ စက်နှိုးတာသင်ပေးမယ်ဟုတ်ပြီလား၊ ကြံကြိတ်စက်ရဲ့အဓိကကတော့ ဟောဒီကူဘိုတာ အင်ဂျင်ကြီးပဲကွ၊ ဒါကြီးကိုနှိုးရင် မော်တာကြိုးနဲ့ဆက်ထားတဲ့ ကြိတ်စက်ကလည်မယ်၊ ဒါကြီးပိတ်ရင် ကြံစက်ပိတ်မယ် ဒီလောက်ပါပဲကွာ”
ကိုမျိုးသူမှာ ပေတိုးအား အင်ဂျင်စက်ဖွင့်နည်း ပိတ်နည်းအပြင် ဆီထောက်နည်း၊ ရေချိန်ကြည့်နည်း စသည်များကိုပါ သင်ပြပေးလေသည်။ ကူဘိုတာအင်ဂျင်ကြီးမှာ ပိတ်သည့်အခါလွယ်ကူသော်လည်း စက်နှိုးသည့်အခါတွင်တော့ ဂေါက်တံကြီးနှင့်လှည့်ကာ နှိုးရလေသည်။ ပေတိုးမှာ အတွေ့အကြုံမရှိသူမို့ သုံးလေးခါစမ်းသပ်နှိုးကြည့်မှ စက်နိုးလေသည်။
ထိုနေ့ညနေတွင် အလုပ်သမားများမှာ ပေတိုးနှင့်ရင်းနှီးလာကြပြီဖြစ်သည်။ ညနေစာစားသောက်ပြီးသည့်အခါ အလုပ်သမားများမှာ ရောက်တတ်ရာရာစုဝေးကာပြောဆိုကြသည်။ အရက်ကြိုက်တတ်သည့်သူမှာ အရက်သောက်ကာ ဆေးလိပ်သောက်တတ်သူမှာ ဆေးလိပ်သောက်ကြလေသည်။ ပေတိုးမှာ အရက်မသောက်သော်လည်း ဆေးလိပ်သောက်တတ်သူဖြစ်ရာ ရွာမှသယ်ဆောင်လာသည့် ဆေးပေါ့လိပ်အားထုတ်ကာ ဖွာရှိုက်နေမိသည်။ ခေါင်းဖြူကြီး၏ အမည်မှာ ဦးဘိုးဖြူဟုခေါ်တွင်လေသည်။ အသက်ငါးဆယ်ခန့်ရှိကာ ဇနီးဖြစ်သူသေဆုံးသွားသည့် မုဆိုးဖိုကြီးဖြစ်သည်။ လူပျိုလူလွတ်များနေထိုင်သည့်အဆောင်တွင် ဦးဘိုးဖြူမှာ ခေါင်းဆောင်သဖွယ်ဖြစ်နေလေသည်။
“မင်း ညရေးညတာ အပေါ့အလေးထသွားမယ်ဆိုရင် ငါတို့ကိုနှိုးကွ၊ ငါတို့လည်း သုံးလေးယောက်စုပြီးမှသွားကြတာပဲ”
“ဘာဖြစ်လို့လဲ အဘဖြူရ”
“တခြားတော့မဟုတ်ပါဘူးကွာ၊ အိမ်သာအနောက်က တောစပ်ဆိုတော့ တောကောင်တွေဘာတွေရှိတတ်တယ်မဟုတ်လား၊ မြွေပါးကင်းပါး မတော်တဆဖြစ်ခဲ့ရင် အဖော်ပါတော့ အားကိုးရတယ်မဟုတ်လား”
“ဒါနဲ့ ညကတောင်ကျုပ်တစ်ယောက်တည်း အပေါ့ထသွားသေးတယ် အဘဖြူရ”
ပေတိုးပြောလိုက်သည့်အခါ အလုပ်သမားများက ပေတိုးအားဝိုင်းကြည့်လိုက်ကြသည်။
“ထူးဆန်းတာတစ်ခုက ကျုပ်အပေါ့သွားနေတုန်း လူတစ်ယောက် ကျုပ်အနောက်ကိုရောက်လာတာပဲဗျ”
ထိုအခါအလုပ်သမားတစ်ဦးက တအံ့တသြနှင့်
“မင်းတွေ့လိုက်တဲ့လူက အင်္ကျီအနီရောင်ကွက်ကျဲနဲ့ ပုဆိုးတိုတိုဝတ်ထားတဲ့လူမဟုတ်လား”
“ဟုတ်တယ်ဗျ၊ အဲဒီလူပဲ၊ ဒါနဲ့ကျုပ်လည်း လှည့်ကြည့်လိုက်တော့ ဒီလူက အဆောင်နားတောင်ရောက်နေပြီ၊ ကျုပ်အဆောင်ထဲဝင်တော့ လိုက်ဝင်မလာဘဲ ကြံတောကြီးထဲကိုဆင်းသွားတာပဲဗျာ၊ ခင်ဗျားတို့အဲဒီလူကိုသိသလား”
“သိတယ်၊ အဲဒီလူနာမည်က စိုးမိုးတဲ့ကွ၊ သူ့ကို ငစိုးလို့ခေါ်ကြတယ်”
“ဒါနဲ့ သူကကြံတောထဲကဖြတ်သွားတော့ အဲဒီအောက်ဘက်မှာ တခြားအလုပ်သမားအဆောင်တွေရှိသေးလို့လား”
“ဒီနားမှာ ကြံစိုက်တဲ့လူဆိုလို့ တို့တွေတစ်စုပဲရှိတာပါကွ”
ထိုအခါ အလုပ်သမားများမှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။ အဘဖြူက အရက်ခွက်ကိုမော့လိုက်ရင်း ခေါင်းကိုအသာခါရမ်းလိုက်သဖြင့် ထိုလူများမှာ ငြိမ်သက်သွားကြလေသည်။ ပေတိုးမှာ တစ်ခုခုကိုရိပ်စားမိသော်လည်း ထိုလူများက စကားလမ်းကြောင်းလွှဲလိုက်သဖြင့် ထိုအကြောင်းကိုဆက်မပြောမိတော့ပေ။ ညကိုးနာရီခန့်ရောက်သည့်အခါ အလုပ်သမားတစ်ချို့မှာ အိပ်ပျော်ကုန်ကြလေသည်။ အချို့မှာလည်း အရက်ရှိန်ကြောင့် ငိုက်မြည်းလျှက်စကားပြောနေကြသေးသည်။ ထိုအခိုက် ကြံကြိတ်စက်အတွင်းမှ အင်ဂျင်လည်ပတ်သံတဒုန်းဒုန်းကိုကြားလိုက်ရသည်။ ကူဘိုတာအင်ဂျင်မှာ အတော်အသံကျယ်သည်ဖြစ်ရာ တိတ်ဆိတ်လှသည့်ညအမှောင်ထုကို စက်သံကဖုံးလွှမ်းသွားလေသည်။
ပေတိုးမှာ မျက်မှောင်ကြုတ်လိုက်ရင်း
“ညဆိုင်းဆင်းမလို့ စက်နှိုးတာထင်တယ်နော် အဘဖြူ”
“ဘယ်ကလာ ညဆိုင်းရမှာလဲကွာ၊ အဲဒါ ပိတ်ထားတဲ့ကြံကြိတ်စက်က မြည်နေတာကွ”
“သြော်၊ ကိုမျိုးသူက စက်ကြောင်နေတယ်လို့ပြောတာ ဒါကြောင့်ကိုး”
အဘဖြူက အလုပ်သမားများကိုကြည့်လိုက်ကာ
“ဟေ့ကောင်တွေ၊ အဲဒီစက်ကို ဘယ်သူသွားပိတ်မလဲဟေ့”
အလုပ်သမားများမှာ အဘဖြူအမေးကိုပြန်မဖြေကြပေ၊ တစ်နေ့တာလုံးပင်ပန်းထားသဖြင့် အနားယူချိန်တွင် အပြည့်အဝအနားယူနေကြခြင်းဖြစ်မည်။ ထို့ကြောင့် ဖင်ပေါ့သည့်ပေတိုးကပင် မတ်တပ်ထရပ်လိုက်ကာ
“ထားလိုက်ပါ အဘဖြူရာ၊ ကျုပ်ပဲသွားပိတ်လိုက်ပါ့မယ်”
“မင်းကပိတ်တတ်လို့လားကွ ပေတိုးရ”
“ကျုပ်ကိုနေ့လည်က ကိုမျိုးသူသင်ပေးထားပါတယ်ဗျာ၊ ဒီလောက်ကတော့ ပိတ်တတ်ပါတယ်”
“အေးဒါဆိုရင်လည်း ဓါတ်မီးယူသွားကွာ၊ အဲဒီစက်ကိုသွားပိတ်ပြီးပြန်လာခဲ့ ဟုတ်ပြီလား”
ပေတိုးလည်း အဘဖြူပေးသည့် သုံးတောင့်ထိုးဓါတ်မီးကိုယူကာ ကြံကြိတ်စက်ဘက်သို့ထွက်လာခဲ့သည်။ ကြံကြိတ်စက်ကြီးမှာ လူမရှိဘဲ တဝုန်းဝုန်းနှင့်လည်ပတ်နေလေသည်။ ပေတိုးက ကြံကြိတ်စက်ကိုဓါတ်မီးနှင့်ထိုးကြည့်လိုက်ပြီး အင်ဂျင်ကြီးကိုပိတ်ချလိုက်လေသည်။
ထို့နောက် ကြံကြိတ်စက်အတွင်းမှထွက်လာခဲ့သည်၊ ခြေဆယ်လှမ်းခန့်လှမ်းပြီးသည့်အချိန်မှာပင် ကြံကြိတ်စက်ကြီးမှာ တဝုန်းဝုန်းနှင့်ထမြည်ပြန်သည်။ ပေတိုးတစ်ယောက်ထူးဆန်းသွားကာ ကြိတ်စက်အတွင်းသို့ပြန်ဝင်လိုက်ပြီး စက်ကိုပိတ်လိုက်ရသည်။ ထိုစဉ် ပေတိုးအတွေးတစ်ခုဝင်လာသည်။
“မဟုတ်သေးပါဘူး ကြံကြိတ်စက်ဆိုတာ ဖွင့်ရင်တောင် ဂေါက်တံနဲ့လှည့်ပြီး ခက်ခက်ခဲခဲဖွင့်ယူရတာ၊ ဘာဖြစ်လို့ သူ့အလိုလိုပွင့်နေပါလိမ့်”
ပေတိုးမှာ မစဉ်းစားတတ်အောင်ဖြစ်နေသည်။ ထိုစဉ် ကြံရည်စက်အနောက်ဘက်ရှိ မိုးပြဲဒယ်ကြီးများကို တုတ်ချောင်းဖြင့် တတောင်တောင်ခေါက်သည့်အသံများကြားရကာ ကြံသကာများထည့်သည့် သံစည်ပိုင်းကြီးများမှလည်း တဝုန်းဝုန်းအသံများထွက်ပေါ်နေလေသည်။ ပေတိုးမှာ သူခိုးသူဝှက်ဝင်နေသည်ဟုထင်မိလိုက်ကာ စက်နှိုးသည့် သံဂေါက်ကြီးအား ဆွဲကိုင်လိုက်ပြီး အနောက်ခန်းသို့ဝင်လာခဲ့သည်။ အနောက်ခန်းတစ်လျှောက်လှည့်ပတ်ကြည့်သည့်အခါတွင်လည်း ပစ္စည်းကိရိယာများမှာ နေသားတကျဖြစ်နေလေသည်။ အနောက်ခန်းမှာ လူတစ်ယောက်ထွက်နိုင်လောက်သည့် အပေါက်မရှိဘဲ တာလပတ်များအပြည့်ကာရံထားခြင်းဖြစ်သည်။ အကယ်၍ တာလပတ်အောက်မှ လူတိုးထွက်မည်ဆိုပါကလည်း ပေတိုးမြင်တွေ့လိုက်ရမည်ဖြစ်သည်။
ပေတိုးမှာ ဘေးဘီသို့ကြည့်လိုက်ရင်း
“ဟေ့ကောင်ခွေးသား၊ နောက်သလိုလိုပြောင်သလိုလို လုပ်မနေနဲ့နော်၊ ဒီတစ်ခါမင်းငါ့အကြောင်းသိမယ်”
ပေတိုးမှာ ကြိမ်းဝါးပြီးသည့်နောက် ကြံကြိတ်စက်ကြီးအတွင်းမှထွက်လာခဲ့လေသည်။ အဆောင်သို့ရောက်သည့်အခါ ထိုအကြောင်းကိုမစဉ်းစားတော့ဘဲ မောမောပန်းပန်းနှင့်အိပ်ချလိုက်တော့သည်။
ထိုညသန်းခေါင်အချိန်ရောက်သည့်အခါ တောခွေးအူသံများကိုကြားရပြန်သည်။ ထိုစဉ်အလုပ်သမားတစ်ယောက်က အဘဖြူကိုနှိုးနေသည်။
“အဘဖြူ၊ ထပါအုံးဗျာ၊ ကျုပ်အိမ်သာတက်ချင်လို့ လိုက်ခဲ့စမ်းပါအုံးဗျ”
အဘဖြူမှာ အရက်တန်ခိုးဖြင့် တခူးခူးအိပ်ပျော်နေလေသည်။ ထို့ကြောင့် ပေတိုးကပင်ထထိုင်လိုက်ပြီး
“ဟေ့လူ ခင်ဗျားသွားချင်ရင် ကျုပ်အဖော်လိုက်ပေးမယ်လေဗျာ၊ သူတို့ကိုနှိုးမနေပါနဲ့ဗျာ၊ အလုပ်ပင်ပန်းတော့လည်း အိပ်ချင်ရှာကြမှာပေါ့ဗျ”
ထိုလူမှာခေါင်းညိတ်လိုက်လေသည်။ ပေတိုးက ပါးစပ်များချဉ်လာသဖြင့် လွယ်အိတ်အတွင်းမှ ဆေးလိပ်သုံးလိပ်ခန့်ကိုယူလိုက်ကာ အင်္ကျီအိတ်ထဲထည့်လိုက်ပြီး ထိုလူအနောက်သို့လိုက်လာခဲ့သည်။ ထိုလူမှာ အရှေ့မှသွားနေသော်လည်း ဓါတ်မီးဖြင့် ဟိုထိုးဒီထိုး ထိုးနေသည်ကိုတွေ့ရသည်။ မျက်နှာတွင်လည်း ကြောက်လန့်နေသည့် အရိပ်အယောင်ကိုမြင်တွေ့လိုက်ရသည်။
“မကြောက်ပါနဲ့ကိုယ့်လူရ ကျုပ်တစ်ယောက်လုံးရှိပါတယ်”
ထိုလူမှာ အိမ်သာအတွင်းသို့ဝင်သွားသည့်အချိန် ပေတိုးက အိမ်သာအရှေ့တွင်ရပ်စောင့်ပေးနေလိုက်သည်။ စိတ်ထဲမှလည်း ထိုလူကိုကြိတ်ရယ်နေမိသည်။ အသက်လေးဆယ်ခန့်ရှိသော်လည်း ကလေးတစ်ဦးသဖွယ်ကြောက်လန့်စိုးရွံ့နေလေသည်။ လသာနေသော်လည်း ကောင်းကင်တွင်တိမ်တိုက်များရှိသဖြင့် လရောင်က လင်းတစ်လှည့် မှောင်တစ်လှည့်ဖြစ်နေလေသည်။ ပေတိုးမှာ ဆေးလိပ်ကိုအရသာခံကာ သောက်နေစဉ်တွင် အနောက်သို့လမ်းလျှောက်လာသည့်အသံကြားရသည်။ လမ်းလျှောက်လာသူမှာ ပေတိုးအနောက်တည့်တည့်တွင်ရပ်တန့်သွားပြီး
“ဟေ့လူ ခင်ဗျားမှာ ဆေးလိပ်ရှိရင် တစ်လိပ်လောက်တိုက်စမ်းပါဗျာ”
ပေတိုးကလည်း အနောက်သို့လှည့်ကြည့်လိုက်သည်။ ထိုလူမှာ အင်္ကျီအနီရောင်ကွက်ကျဲကိုဝတ်ဆင်ထားပြီး ပုဆိုးတိုတိုနှင့်ဖြစ်သည်။ ပုဆိုး၏ အနားစများမှာ ခွေးဆွဲထားသကဲ့သို့ စုတ်ပြဲနေသေးသည်။ လကိုတိမ်ဖုံးထားသဖြင့် ပတ်ဝန်းကျင်မှာ အမှောင်ကျနေကာ ထိုလူ၏မျက်နှာကိုလည်း သဲသဲကွဲကွဲမမြင်ရပေ။
“သြော်၊ ခင်ဗျားက ငစိုးဆိုတဲ့လူမဟုတ်လား”
ထိုလူမှာခေါင်းညိတ်လိုက်လေသည်။ ပေတိုးက အင်္ကျီအိတ်ကပ်အတွင်းထည့်ထားသည့် ဆေးပေါ့လိပ်တစ်လိပ်ကိုထုတ်ယူလိုက်ကာ ငစိုးထံသို့လှမ်းပေးလိုက်သည်။ ထိုအချိန် အိမ်သာတက်နေသည့်သူမှာ အိမ်သာထဲမှ ကမန်းကတန်းပြေးထွက်လာပြီး ပေတိုးတို့နှစ်ဦးထံသို့ ဓါတ်မီးနှင့်လှမ်းထိုးလိုက်သည်။ ထိုအချိန် ငစိုးအား ဆေးလိပ်ကမ်းပေးနေသည့် ပေတိုး၏လက်ပေါ်သို့ရေစက်တစ်စက်က ပြုတ်ကျလာလေသည်။ ပေတိုးမှာ ငစိုး၏မျက်နှာအား အမှတ်မထင်ကြည့်လိုက်မိသည်။ ဓါတ်မီးအလင်းရောငင် ဝါကျင်ကျင်အောက်တွင် ငစိုး၏မျက်နှာကိုသဲသဲကွဲကွဲမြင်တွေ့လိုက်ရလေသည်။ ငစိုး၏မျက်နှာမှာ နံပြားတစ်ချပ်ကဲ့သို့ ပြားကပ်နေပြီး ပြားပြားဝိုင်းဝိုင်းကြီးဖြစ်နေလေသည်။ ငစိုးက ပေတိုးအား ရယ်ပြလိုက်သည့်ခါ ခေါင်းပြားကြီးမှသွေးစက်များမှာ ပေတိုးလက်ပေါ်သို့ တစက်စက်ကျဆင်းနေလေသည်။
“ငစိုးပဲ . . . အဲဒါ ငစိုးပဲ”
အိမ်သာတက်သည့် အလုပ်သမားမှာ ဓါတ်မီးအားပစ်ချလိုက်ကာ အဆောင်ဆီသို့ ဝရုန်းသုန်းကားနှင့်ပြေးလွှားလေတော့သည်။ ခေါင်းပြားငစိုးနှင့်ပေတိုးမှာ တောစပ်တွင်မျက်နှာချင်းဆိုင်လျှက် ကျန်ရစ်နေခဲ့လေသည်။ ပေတိုးမှာ သရဲတစ္ဆေအား ယခင်က မကြောက်လန့်ခဲ့သော်လည်း ခေါင်းပြားကြီးကိုတွေ့လိုက်ရသည့်အခါ စိတ်ထဲအလွန်ကြောက်လန့်မိသွားပြီး ဒူးများမှာလည်း တဆတ်ဆတ်တုန်ယင်လာခဲ့သည်။ ခေါင်းပြားကြီးက ပေတိုးလက်အတွင်းမှဆေးလိပ်ကိုလှမ်းယူလိုက်ပြီး ပါးစပ်တွင်တပ်လိုက်လေသည်။
“မင်းမှာ မီးခြစ်ပါသလား”
ပေတိုးမှာ အိတ်ကပ်ထဲမှ မီးခြစ်ကိုနှိုက်ယူလိုက်ကာ တုန်တုန်ယင်ယင်နှင့်ပေးလိုက်လေသည်။ ပေတိုးစိတ်ထဲတွင် ပြေးလွှားချင်လိုက်သော်လည်း ဒူးများတုန်ယင်နေသဖြင့် လမ်းလျှောက်ဖို့ပင်အနိုင်နိုင်ဖြစ်နေလေသည်။
ငစိုးက မီးခြစ်ကိုဆွဲယူလိုက်ကာ ပါးစပ်တွင်တပ်ထားသည့် ဆေးလိပ်အား မီးညှိကာဖွာရှိုက်နေလေသည်။ ဆေးလိပ်ငွေ့များမှာ ပေတိုး၏ပါးစပ်မှတိုးဝင်သွားကာ ခေါင်းပြားကြီးအတွင်းမှ တငွေ့ငွေ့တိုးထွက်နေလေသည်။ ငစိုးက ပေတိုးအား ကြောက်မယ်ဖွယ်ကောင်းသည့်အပြုံးကြီးဖြင့်ပြုံးပြလိုက်လေသည်။ ထိုအခါ ပေတိုးတစ်ယောက် မေ့လဲကျသွားတော့သည်။
“ပေတိုး၊ ဟေ့ကောင်ပေတိုး သတိထားစမ်းပါအုံးကွာ”
ပေတိုးအားလူအများက လှုပ်နှိုးနေကြသဖြင့် ပေတိုးမှာလန့်နိုးသွားသည်။ အိမ်သာအရှေ့မြေပြင်မှာပင် ပေတိုးကလဲကျနေပြီး အဘဖြူတို့လူတစ်သိုက်က လှုပ်နှိုးနေကြခြင်းဖြစ်သည်။ ပေတိုးမှာ ငုတ်တုတ်ထထိုင်လိုက်သည့်အချိန်တွင် ပုဆိုးထဲတွင် ဆီးများထွက်ကျကာ အိုင်ထွန်းနေသည်ကိုတွေ့လိုက်ရသည်။ ပေတိုးအား အဘဖြူတို့က အဆောင်အတွင်းသို့ခေါ်သွားလေသည်။ ပေတိုးမှာ အလွန်ကြောက်လန့်နေပြီး ဆောင့်ကြောင့်ကလေးထိုင်က ခြေလက်များက တဆတ်ဆတ်တုန်ယင်နေလေသည်။ အဘဖြူတို့က ပေတိုးအဝတ်အစားများအားလဲလှယ်ပေးကြပြီး ပေတိုးအနားတွင် ပြုစုပေးနေကြသည်။
“ပေတိုးရာ သတိလေးဘာလေးထားပါအုံးကွာ”
ပေတိုးမှာ သတိကပ်နေပြီဖြစ်သော်လည်း စိတ်ထဲတွင်အလွန်ကြောက်လန့်ကာ ထိုခံစားချက်ကို မည်သို့မည်ပုံပြောပြရမည်မသိပေ။
“မင်းသတ္တိကောင်းတာပဲ ပေတိုးရ တခြားလူဆို အဲဒီနေရာတင် အသက်ထွက်သွားလောက်တယ်၊ ရော့ အရက်လေးသောက်လိုက် မင်းစိတ်နည်းနည်းပြေသွားလိမ့်မယ်”
ပေတိုးက အဘဖြူကမ်းပေးသည့်အရက်ခွက်အား ဖြတ်ခနဲလှမ်းယူလိုက်ကာ တစ်ကျိုက်တည်းမော့ချလိုက်လေသည်။ အရက်သုံးခွက်ခန့်ဝင်သွားသည့်အခါမှ လူတစ်ကိုယ်လုံး ပူရှိန်းရှိန်းဖြစ်လာကာ အနည်းငယ်နေသာထိုင်သာရှိသွားသည်။
အလုပ်သမားတစ်ဦးက သွားခေါ်လာသဖြင့် ကိုမျိုးသူတစ်ယောက် အဆောင်ထဲသို့ဝင်လာခဲ့သည်။ ပေတိုးက ကိုမျိုးသူအားတွေ့သည့်အခါ ဘာမပြောညာမပြောနှင့် ထထိုးလိုက်လေသည်။ ပေတိုးက ကိုမျိုးသူအားဆက်လက်ထိုးနှက်ရန် ပြင်ဆင်နေသဖြင့် အလုပ်သမားများက ဝိုင်းတားထားရသည်။
“ဟေ့လူ၊ ခင်ဗျားဒီအကြောင်းတွေသိရက်နဲ့ ကျုပ်ကိုတမင်သက်သက်ဒီကိုခေါ်ခဲ့တာမဟုတ်လား၊ အဲဒီငစိုးဆိုတာ သရဲမဟုတ်လား၊ ကျုပ်အစကတည်းက ထူးဆန်းပါတယ်လို့ထင်နေတာ၊ လတ်စသတ်တော့ ခင်ဗျားတို့အားလုံးက သရဲရှိတဲ့အကြောင်း ကျုပ်ကိုဖုံးကွယ်ထားကြတယ်ပေါ့”
ကိုမျိုးသူမှာ ပါးကိုလက်ဝါးဖြင့်ပွတ်ရင်း
“ငါက တမင်မပြောတာမဟုတ်ပါဘူးကွာ၊ မင်းသိသွားရင်ကြောက်သွားမှာစိုးလို့ပါ၊ မင်းကိုဒီကိုခေါ်ရတာကလည်း မင်းက သရဲမကြောက်တတ်ဘူးဆိုလို့ ခေါ်လိုက်တာပါကွာ”
ပေတိုးမှာ ဒေါသထွက်ထွက်ဖြင့် ဝါးကြမ်းခင်းအား လက်သီးဖြင့် တဝုန်းဝုန်းထိုးနှက်လေသည်။
“ခင်ဗျားတို့ဗျာ၊ ခင်ဗျားတို့အားလုံးပေါင်းပြီးတော့ ကျုပ်ကိုဖုံးကွယ်ထားကြတယ်”
အဘဖြူက
“ငါတို့တမင်လုပ်တာမဟုတ်ပါဘူးကွာ”
“ဒါဆိုအခုပြောဗျာ၊ အဲဒီ ငစိုးဆိုတဲ့ ခေါင်းပြားကြီးက ဘယ်သူလဲ ဘယ်ကကောင်လဲ”
အဘဖြူက ကိုမျိုးသူအားကြည့်လိုက်ကာ
“မျိုးသူ၊ မင်းပြောတာပဲကောင်းလိမ့်မယ်”
ကိုမျိုးသူက ခေါင်းညိတ်ပြီး
“အဖြစ်အပျက်ကတော့ ဒီလိုကွ ပေတိုးရ”
(၃)
စိုးမိုးခေါ် ငစိုးမှာ အဘဖြူတို့ရွာမှဖြစ်သည်။ အဘဖြူမှာ ကိုမျိုးသူနှင့်လက်တွဲ၍ အလုပ်လုပ်ကိုင်လာခဲ့သည်မှာ ကြံရာသီ လေးငါးရာသီပင် ရှိနေခဲ့ပြီဖြစ်သည်။ ကိုမျိုးသူက အဘဖြူအားယုံကြည်သည့်အတွက် အလုပ်သမားများကိုလည်း အဘဖြူရှာဖွေပေးသည့်အလုပ်သမားများကိုအသုံးပြုသည်။ အဘဖြူမှာလည်း တောထဲတောင်ထဲတွင် ကြမ်းကြမ်းတမ်းတမ်းလုပ်ကိုင်နိုင်သည့်လူများကိုသာ ရှာဖွေခန့်အပ်လေ့ရှိရာ စိုးမိုးမှာလည်း အဘဖြူနှင့်ဆုံတွေ့မိပြီး ယခုနှစ်ကြံရာသီတွင် ရောက်လာခဲ့ခြင်းဖြစ်သည်။
ထိုစဉ်က အလုပ်သမားအယောက်နှစ်ဆယ်ခန့်ရှိကာ ကြံကြိတ်စက်ကြီးနှစ်လုံးဖြင့် မြိုင်မြိုင်ဆိုင်ဆိုင်လုပ်ကိုင်နေကြခြင်းဖြစ်သည်။ ငစိုးမှာ ဆေးလိပ်အလွန်စွဲလမ်းနေသူဖြစ်သည်။ ထိုစဉ်က စီးကရက်များမှာ ဈေးကြီးကာ ဝယ်ရခက်သည်မို့ ငစိုးမှာ ဆေးပေါ့လိပ်ဖက်ကြမ်းအား စီးကရက်ထက်ကြိုက်နှစ်သက်သူဖြစ်သည်။ ငစိုးက အသောက်အစားလည်းမကင်းပေ၊ အလုပ်သမားများမှာ အလုပ်ပင်ပန်းသည်ကိုအကြောင်းပြကာ ညပိုင်းတွင်အရက်ဝိုင်းဖွဲ့၍ သောက်စားလေ့ရှိသည်။
ထိုနေ့က ငစိုးမှာ ကြံကြိတ်စက်တာဝန်ကျလေသည်။ ညပိုင်းတွင် အသောက်များသွားသဖြင့် မနက်ရောက်သည့်အခါ ခေါင်းတစ်ခုလုံးကိုက်ခဲ၍ မူးဝေနေလေသည်။ ဒယိမ်းဒယိုင်ဖြစ်နေသည့် ငစိုးအား အဘဖြူကကြည့်ရင်း
“ဟေ့ကောင်ငစိုး၊ မင်းအဆင်ပြေရဲ့လားကွ”
“ပြေပါတယ် အဘဖြူရ၊ ညကနည်းနည်းများသွားလို့ ခေါင်းတွေထိုးကိုက်နေတာပါဗျ”
“အရက်က ငါလည်းသောက်တာပဲကွ၊ ဒါပေမယ့် သောက်တိုင်းမကောင်းဘူးဟေ့၊ ဒီအရက်တွေက ဘာတွေနဲ့ချက်မှန်းမသိတဲ့ ချက်အရက်တောအရက်တွေကွ၊ နည်းနည်းပါးပါးသောက်ရင် ခြေဆင်းလက်ဆင်းကောင်းပေမယ့် များများသောက်ရင် ခေါင်းထိုးကိုက်တယ်၊ အလုပ်မဆင်းနိုင်ရင်လည်း နားလိုက်ကွာ၊ ငါမောင်မျိုးသူကိုပြောလိုက်မယ်”
“ဟာဗျာ၊ နားတော့မနားပါရစေနဲ့၊ တစ်ရက်နားတော့ လုပ်အားခတစ်ရက်နစ်နာတယ်မဟုတ်လားဗျ၊ ကျုပ်လုပ်နိုင်ပါတယ်”
ငစိုးမှာ အရက်ပုလင်းပြေးစွဲလိုက်ပြီး ရေပင်မရောဘဲ မော့သောက်ချလိုက်သည်။
“ဟ ငစိုးမင်းဘာလုပ်တာလဲကွ”
“ခေါင်းကိုက်နေတာကို နည်းနည်းဖြေလိုက်တဲ့သဘောပါဗျ”
“မင်းသောက်စားထားပြီး အလုပ်လုပ်နိုင်လို့လားကွ၊ မင်းတာဝန်က ဒီနေ့ကြံကြိတ်စက်မောင်းရမှာနော်ကွ၊ မင်းမူးနေတယ်ဆိုရင်လည်း ကြံခုတ်တာဖြစ်ဖြစ်လုပ်ကွာ”
“ဟာ မလုပ်ပါဘူးဗျာ၊ ကြံခုတ်တာက ဘယ်လောက်ပင်ပန်းလိုက်သလဲဗျ၊ ကြံတွေခုတ်ပြီး တောင်ပေါ်တွန်းတင်ရတာ အတော်ပင်ပန်းတဲ့ဥစ္စာ၊ ကြံကြိတ်စက်မောင်းတာက ကြံစည်းတွေကို စက်ထဲထည့်ပေးရုံပဲ ဘယ်လောက်လွယ်သလဲ”
“သောက်စားထားပြီး စက်မောင်းတာ ငါကတော့ အားမပေးဘူးဟေ့၊ မင်းလုပ်နိုင်တယ်ဆိုရင်လဲ ပြီးတာပဲ”
ငစိုးမှာ အရက်မူးကာ ခပ်ထွေထွေကလေးဖြစ်နေရင်း ကြံစည်းများကို ကြိတ်စက်အတွင်းသို့ထိုးထည့်ပေးနေလိုက်သည်။ ငစိုးက သီချင်းကလေးတအေးအေးဖြင့် အလုပ်လုပ်နေစဉ် ပါးစပ်များချဉ်လာလေသည်။ သို့နှင့် ကြံရည်များကို သံပုံးနှင့်ခပ်ယူနေသည့် မှတ်ကြီးကိုကြည့်လိုက်ကာ
“ဟေ့မှတ်ကြီး၊ မင်းမှာ ဆေးလိပ်ပါသလားကွ”
“အေးပါတယ်လေကွာ၊ လာယူချေ”
ထိုအခါ ငစိုးမှာ ကြံကြိတ်စက်ကို ပတ်၍မဆင်းတော့ဘဲ ကြံကြိတ်စက်အပေါ်မှလွားခနဲခုန်ကျော်လိုက်ကာ မှတ်ကြီးဆီသို့ခုန်ဆင်းလိုက်သည်။ သို့သော် ကြံကြိတ်စက်လည်ပတ်သည့် မော်တာကြိုးနှင့် ပုဆိုးစမှာ ငြိတွယ်သွားကာ ငစိုးတစ်ယောက် ကြံကြိတ်စက်အတွင်းသို့ချော်လဲကျကာ ကြိတ်ဘီးကြီးအတွင်း ဦးခေါင်းကိုထိုးသွင်းလိုက်သည့်နှယ်ဖြစ်ပျက်သွားလေသည်။ မှတ်ကြီးမှာ ကြံကြိတ်စက်အား အမြန်ပြေးပိတ်သော်လည်း ငစိုး၏ဦးခေါင်းကြီးတစ်ခုလုံးမှာ ပြားချပ်ကာ သွေးများနှင့် ဦးနှောက်အပိုင်းအစများမှာ ကြံရည်ခံသည့် အုတ်ကန်အတွင်းပြန့်ကျဲနေလေတော့သည်။
ကြံကြိတ်စက်တစ်စက်ရပ်သွားသည့်အသံကြားသဖြင့် ကိုမျိုးသူမှာ ကြိတ်စက်အတွင်းပြေးဝင်လာခဲ့သည်။ ထိုအခါ မှတ်ကြီးမှာငူငူငိုင်ငိုင်ဖြစ်နေကြလေသည်။ အလုပ်သမားများအားလုံးမှာ ကြံကြိတ်စက်အတွင်း ဦးခေါင်းပြားချပ်ကာ သေဆုံးနေသည့် ငစိုးအားဝိုင်းကြည့်နေကြလေသည်။ စိတ်မခိုင်သူများမှာတဝေါ့ဝေါ့နှင့်ထိုးအန်ကြ၊ မူးလဲကုန်ကြသည်။
ငစိုးကိုမြှုပ်နှံရန်အတွက် ကိုမျိုးသူစီစဉ်ရလေတော့သည်။ တရုတ်သူဌေးရှိရာ နောင်ချိုမြို့သို့ လူလွတ်ကာ အကြောင်းကြားရသည်။
“ငါတို့ဘယ်လိုလုပ်ကြမလဲ မျိုးသူ၊ ဒီနားကရွာမှာ သွားမြှုပ်ကြမလား”
“မဖြစ်ဘူးအာစရိ၊ အနီးဆုံးရွာက ဒီကနေရှစ်မိုင်လောက်ဝေးတယ်၊ ပြီးတော့ ရွာသားတွေကလည်း အပြင်လူလာမြှုပ်တာကို ကြိုက်ကြမှာမဟုတ်ဘူး”
“ဒါဖြင့်ဘယ်လိုလုပ်ကြမလဲ”
“ဟောဒီတောထဲတောင်ထဲမှာပဲ မြှုပ်ရမှာပေါ့ အာစရိရယ်”
သို့နှင့်ငစိုးအား ကြံတောအနောက်ဘက်ရှိ တောအုပ်အတွင်းတွင်သာ မြှုပ်နှံလိုက်ကြသည်။ ကိုမျိုးသူက အနီးအပါးရွာမှ သံဃာတစ်ပါးပင့်ကာ ငစိုးအတွက်ရည်ရွယ်ကာ အမျှအတန်းပေးဝေလိုက်ကြသည်။ ဆွမ်းသွပ်၊ ရက်လည်သည့်ကိစ္စကိုမလုပ်ဖြစ်တော့ပေ၊ တရုတ်သူဌေးမှပေးသည့် ငစိုးအတွက်လျော်ကြေးနှင့်လစာငွေများကို ငစိုး၏ မိသားစုထံသို့ ငွေလွှဲပေးလိုက်ရလေသည်။
ငစိုးသေပြီးသုံးရက်ခန့်အကြာတွင် ပြဿနာများစတင်ပေါ်ပေါက်လာသည်။ ခေါင်းပြားငစိုးကို ကြံကြိတ်စက်နှင့် အဆောင်အနီးတွင် တွေ့နေရခြင်းဖြစ်သည်။ ငစိုးအားကြိတ်မိသည့်ကြံစက်မှာ မည်သို့မှအသုံးပြု၍မရသဖြင့် ပိတ်ထားလိုက်ရသည်။ ကြံစက်မောင်းနှင်နေစဉ်တွင် ကြံစက်မှာ ထိုးပိတ်သွားခြင်း၊ စက်ပြင်ဆရာများက ပြင်ဆင်သော်လည်း မည်သည့်ချို့ယွင်းမှုမှမတွေ့ရခြင်း၊ ကြံစက်မှာ ညလူခြေတိတ်သည့်အခါ သူ့အလိုလိုမောင်းနှင်နေခြင်း အစရှိသည့် အဖြစ်အပျက်များဖြစ်ပွားကြလေသည်။ အလုပ်သမားများမှာ ခေါင်းပြားငစိုးခြောက်လှန့်နေမှန်းသိသော်လည်း ယောက်ျားသားများဖြစ်သည်မို့ ကြောက်စိတ်ကိုထိန်းထားကြလေသည်။
သို့သော် ပိုမိုဆိုးရွားသည့်ဖြစ်ရပ်များက ထပ်မံဖြစ်ပေါ်လာခဲ့သည်။ မှတ်ကြီးနှင့် အချို့အလုပ်သမားများမှာ ငစိုးအားကြောက်ရွံ့ကာ ရွာသို့ပြန်သွားကြလေသည်။ ထိုအခါ အဘဖြူက ရွာမှသတ္တိကောင်းသော လူများကိုရှာဖွေကာ အလုပ်ခန့်အပ်လိုက်လေသည်။ အဘဖြူတို့ရွာမှ သံခဲဆိုသည့်လူတစ်ယောက်မှာ လုပ်ငန်းခွင်အတွင်းသို့ရောက်ရှိလာလေသည်။ သံခဲမှာ ဂျစ်ကန်ကန်နှင့် မိုက်တိမိုက်ကန်းလူတစ်ဦးဖြစ်သည်။ တောထဲမှ သဘက်ကြီးနှင့် ယှဉ်ပြိုင်ထိုးသတ်ပုံများ၊ အခြောက်အလှန့်ကြမ်းသည့် သရဲသဘက်များပင် သူနဲ့တွေ့လျှင် ထွက်ပြေးကြရသည့်အကြောင်းများကို ပြောဆိုနေလေ့ရှိသည်။
လုပ်ငန်းခွင်သို့ရောက်သည့်အခါ သံခဲမှာ ငစိုးနှင့်တွေ့လေတော့သည်။ သံခဲတစ်ယောက် ကြံသကာချက်လုပ်နေစဉ်တွင် ငစိုးက စည်ပိုင်းကြီးများကို တဝုန်းဝုန်းနှင့်ရိုက်ပုတ်ကာ ခြောက်လှန့်နေလေသည်။ သံခဲမှာ အကြိမ်ဖန်များစွာကြုံတွေ့ရသည့်အခါ စိတ်ဆိုးသွားပြီး
“ဟေ့ကောင် ငစိုးဆိုတဲ့ခွေးကောင်၊ မင်းအဲဒီလိုက်ခြောက်မနေနဲ့ကွာ၊ သတ္တိရှိရင် ငါနဲ့နပမ်းလုံးမယ်၊ မင်းထွက်လာခဲ့စမ်း”
သံခဲမှာ ကြံသကာချက်သည့် မီးဖိုအတွင်းမှ ထင်းချောင်းကြီးတစ်ချောင်းကိုင်ကာ ငစိုးကိုစိန်ခေါ်လိုက်လေသည်။ သံခဲစိန်ခေါ်ပြီး သုံးလေးရက်ကြာသည်အထိ ငစိုးမှာမခြောက်လှန့်တော့ဘဲ ငြိမ်သက်သွားလေသည်။ သံခဲက ထိုအဖြစ်ကိုလူတွေ့တိုင်းပြောသည်။ အလုပ်သမားများလည်း အစကနဦးက မယုံကြည်ကြပေ၊ သို့သော် သုံးလေးရက်ခန့် အခြောက်မခံရသည့်အခါ သံခဲစကားကိုယုံကြည်ကြလေသည်။
“အလကားပါကွာ၊ မင်းတို့သရဲငစိုးက ငါ့တော့ကြောက်သားကွ၊ လူကြမ်းရင် နတ်ကြမ်းမခံနိုင်ဘူးတဲ့ကွ၊ ဒီကောင် ပြေးလောက်ပြီထင်ပါရဲ့ကွာ”
ထိုနေ့ညတွင် အလုပ်သမားများမှာ အောင်ပွဲခံသည့်အနေဖြင့် သောက်စားပျော်မြူးကြလေသည်။ ညည့်နက်သည့်အခါ အဆောင်တံခါးအဖြစ်ပြုလုပ်ထားသည့် တာလပတ်ခန်းစီးစမှာ ဝုန်းခနဲပွင့်ထွက်သွားလေသည်။ ထို့နောက် အဆောင်အတွင်းသို့ လေအေးများတဝူးဝူးနှင့်တိုက်ခတ်လာပြန်သည်။ အဆောင်အပြင်ဘက်တွင် လရောင်ကထိန်ထိန်သာနေသည်။ လရောင်အောက်တွင် ငစိုးကိုမြင်တွေ့လိုက်ကြရသည်။ ငစိုးမှာ ခြေလှမ်းကျဲကြီးဖြင့် အဆောင်အတွင်းသို့ဝင်ရောက်လာသည်။ အဘဖြူမှာလန့်နိုးသွားကာ ဓါတ်မီးနှင့်ထိုးလိုက်သည့်အချိန်တွင် ခေါင်းပြားငစိုး၏ ရုပ်ရည်ကိုအတိုင်းသားမြင်ရသည်။ ငစိုးမှာ တခေါခေါနှင့်အိပ်မောကျနေသည့် သံခဲ၏ခြေထောက်နှစ်ဖက်အား လက်ဖြင့်ကိုင်ဆွဲလိုက်ကာ ဝါးကြမ်းခင်းပေါ်မှဆွဲချလေသည်။
သံခဲမှာမြေပေါ်သို့ပြုတ်ကျသဖြင့် လန့်နိုးသွားသည်။ ငစိုးက သံခဲကိုခြေထောက်နှစ်ချောင်းမှကိုင်၍ တဲအပြင်ဘက်သို့တရွတ်တိုက်ဆွဲခေါ်သွားလေသည်။ သံခဲတစ်ယောက် အော်ဟစ်ရုန်းကန်ရင်း ငစိုးခေါ်ဆောင်ရာအနောက်သို့ လိုက်ပါသွားသည်။
အပြင်သို့ရောက်သည့်အခါ ငစိုးကသံခဲအား တက်ဖိထားပြီး ဆောင့်ကြောင့်ကြီးထိုင်နေလေသည်။ သံခဲတစ်ကိုယ်လုံးမှာ နတ်ပူးသကဲ့သို့ တဆတ်ဆတ်တုန်ယင်နေပြီး ပါးစပ်မှလဲ ဝူးဝူးဝါးဝါးနှင့်အော်ဟစ်နေသည်ကို အလုပ်သမားများက တွေ့လိုက်ရသည်။
ငစိုးမှာ သံခဲ၏လက်နှစ်ဖက်အား သူ့လက်ဖြင့်ဖိထားကာ ရင်ဘတ်ပေါ်တွင် ဆောင့်ကြောင့်တက်ထိုင်နေခြင်းဖြစ်သည်။ သံခဲမှာ အစပိုင်းတွင် ရုန်းကန်နိုင်သော်လည်း နောက်ပိုင်းတွင် တဖြည်းဖြည်းအားလျော့လာကာ တဂစ်ဂစ်နှင့်အော်ဟစ်နေလေသည်။
“ဒီအတိုင်းထားရင်တော့ သံခဲသေတော့မှာပဲဟေ့”
အဘဖြူကပြောဆိုလိုက်ပြီးနောက် တဲအပြင်သို့ပြေးထွက်ခဲ့သည်။
“ဟေ့ကောင်ငစိုး၊ မင်းဒီလိုဆက်လုပ်နေရင် သံခဲသေသွားလိမ့်မယ်ကွ၊ သူ့ကိုလွတ်လိုက်စမ်းပါ ငစိုးရာ၊ သံခဲအစား ငါတောင်းပန်ပါတယ်ကွာ”
အဘဖြူက တောင်းတောင်းပန်ပန်ပြောဆိုလိုက်သည့်အခါမှ ငစိုးက သံခဲရင်ဘတ်ပေါ်မတ်တပ်ထရပ်လိုက်ပြီးနောက် ကြံတောကြီးအတွင်းသို့ ခုန်ဝင်သွားလေသည်။ သံခဲမှာ အပြင်းဖျားပြီး ကယောင်ကတမ်းဖြစ်နေလေရာ နောင်ချိုမြို့ဆေးရုံသို့ ပို့ဆောင်ကုသလိုက်ရလေသည်။ ဆေးရုံမှဆင်းသော်လည်း သံခဲမှာ လုပ်ငန်းခွင်အတွင်းမဝင်တော့ဘဲ ရွာသို့ပြန်သွားလေသည်။ ထိုနောက်ပိုင်းတွင် ငစိုး၏ အခြောက်အလှန့်မှာ ပိုပိုကြမ်းလာခဲ့သည်။ အဆောင်တံခါးဖွင့်ကာ အဆောင်အတွင်းလှည့်ပတ်သွားလာခြင်း၊ အဆောင်တွင်ကာရံထားသည့် တာလပတ်စကြီးများကို လက်ဖြင့်တဘုန်းဘုန်းထုရိုက်ခြင်းများအပြင် ညရေးညတာ အိမ်သာထသွားသည့်အခါမျိုးတွင် ခြောက်လှန့်ခြင်းများကိုပြုလုပ်သဖြင့် အလုပ်သမားများမှာ စိတ်ဓါတ်ပျက်ပြားကာ လုပ်ခလစာတင်မယူကြတော့ဘဲ လုပ်ငန်းခွင်အတွင်းမှထွက်ပြေးကြလေသည်။
လူအင်အားမရှိတော့သဖြင့် အခြားကြံလုပ်ကွက်များမှ အလုပ်သမားများကိုလိုက်လံစည်းရုံးရသည်။ နီးစပ်ရာကျေးရွာမှအလုပ်သမားများကို နေ့စားသဘောဖြင့် စည်းရုံးလုပ်ကိုင်ခိုင်းရသည်။ သို့သော်လည်း ကြံလုပ်သားများအကြားတွင် ခေါင်းပြားငစိုး၏သတင်းက ပြန့်နှံ့လျှက်ရှိကာ ကိုမျိုးသူတို့ ကြံတောကိုပင် ငစိုးကြံတော၊ ခေါင်းပြားကြီးစိုက်ခင်းဟု အမည်တွင်နေပြီဖြစ်လေသည်။
စိုက်ခင်းတွင် အဘဖြူနှင့်ရွာသားလေးငါးဦးသာ ကျန်နေခဲ့တော့သည်။ အလုပ်သမားများမှာ အခြောက်အလှန့်မခံရစေရန်အတွက် ညရောက်သည့်အခါ အရက်ကိုမူးအောင်သောက်ကာ အိပ်ပစ်ကြရသည်။ ငစိုးက ညစဉ်ညတိုင်းခြောက်လှန့်နေသော်လည်း အိပ်ပျော်နေသည့်အခါ ခြောက်လှန့်မှုကို မသိရှိကြသဖြင့် ထိုနည်းက ဟန်ကျသည်ဟုဆိုနိုင်သည်။ ယခင်က ခြေဆင်းလက်ဆင်းကောင်းရုံသောက်ခဲ့သည့် အဘဖြူပင် အရက်သမားကြီးလုံးလုံးဖြစ်နေပြီဖြစ်သည်။
ကိုမျိုးသူပြောပြသမျှကို ပေတိုးကနားထောင်ကာ ထိတ်လန့်နေမိသည်။
“ဒါဆို ခင်ဗျားက သိသိကြီးနဲ့ကျုပ်ကိုလှမ်းခေါ်တာပေါ့ ကိုမျိုးသူ”
“မင်းက သရဲမကြောက်တတ်ဘူးဆိုတာကိုးကွ၊ ဒီမှာလည်းလူရှာမရတဲ့အဆုံး မင်းကိုပဲခေါ်လိုက်ရတာ”
“မဖြစ်ဘူး၊ ဒီအတိုင်းနေလို့မဖြစ်ဘူးဗျ၊ ဘုန်းကြီးတွေဘာတွေပင့်ပြီး ပရိတ်တွေဘာတွေရွတ်ရမှာ ကိုမျိုးသူရ”
“ငါတို့လည်းလုပ်ချင်တာပေါ့ကွ၊ လစာက ရာသီကုန်မှရှင်းမှာလေကွာ၊ ဒီကြားထဲ ဈေးဖိုးဘာဖိုးလောက်ပဲ သူဌေးကပေးတာဆိုတော့ ဘယ့်နှယ့်လုပ်မလဲကွ”
“ရတယ်ဗျာ၊ မရှိလည်းချေးငှားပြီးလုပ်တာပေါ့၊ ကျုပ်ရဖို့ရှိတဲ့ထဲက လစာတွေမယူဘူးဗျာ၊ အရေးကြီးတဲ့ တရားနာဖို့သာ လုပ်ပေတော့ ကိုမျိုးသူ”
ထိုအခါ အဘဖြူကလည်း ခေါင်းညိတ်လေသည်။
“ငါတို့ရတဲ့လခထဲကနေလည်း မင်းသင့်သလောက်ဖြတ်ထားလိုက် မောင်မျိုးသူ၊ ပေတိုးပြောတာ သဘာဝကျတယ်၊ ဘုန်းကြီးပင့်ပြီး ပရိတ်ရွတ်မယ်၊ အမျှအတန်းပေးဝေလိုက်မယ်ဆိုရင် ငစိုးလည်းကျွတ်လွတ်ချင် ကျွတ်လွတ်သွားမှာကွ၊ သူမရှိတဲ့အခါ ငါတို့လည်းအလုပ်ကောင်းကောင်းလုပ်ရတာပေါ့”
သို့နှင့် ကိုမျိုးသူမှာခေါင်းညိတ်လိုက်ရသည်။ ကြံခင်းသူဌေးအား ထိုအကြောင်းပြောပြပြီး ငွေကြိုထုတ်ချေးကာ ဘုန်းကြီးပင့်ဖို့လုပ်ကြရသည်။ နေ့ဆွမ်းမကပ်နိုင်သဖြင့် ညနေသုံးနာရီခန့်တွင် ဘုန်းကြီးပင့်ဆောင်ကာ အချိုရည်ကပ်၊ သင်္ကန်းလှူပြီး ပရိတ်ရွတ်ကြရန် အဘဖြူက အကြံပေးသည်။ တရုတ်သူဌေး၏ ဒဗယ်ကတ်ခေါ်ကားကလေးနှင့်ပင် အနီးရှိရွာမှ ဘုန်းကြီးသုံးပါးပင့်ကာ ပရိတ်ရွတ်ကြသည်။ ဘုန်းကြီးများကို သင်္ကန်းကပ်လှူပြီးသည့်နောက်
“ငစိုးရေ၊ ငါတို့မင်းအတွက် ဆရာတော်သံဃာတော်တွေကို သင်္ကန်းလှူဒါန်းပေးပါတယ်ကွာ၊ မင်းရောက်ရာအရပ်က သာဓုခေါ်စမ်းပါကွ၊ သာဓုခေါ်ပြီးရင် မင်းလည်းလွတ်ရာလွတ်ကြောင်းသွားပါကွာ၊ ငါတို့ကို ဒုက္ခမပေးနဲ့တော့နော်”
ကိုမျိုးသူက ထိုသို့ပြောဆိုပြီး လှူဒါန်းသည့်ကုသိုလ်များကို ငစိုးအတွက် အမျှအတန်းပေးဝေလိုက်ကြသည်။ ထိုစဉ် ကြံစက်ကြီးမှာ တဝုန်းဝုန်းနှင့်ထမြည်ကာ သံစည်ပိုင်းကြီးများမှာလည်း တဝုန်းဝုန်းနှင့်မြည်ဟီးကြလေသည်။ ပရိတ်ရွတ်သည့်နေရာမှာ ကြံစက်အနီးတွင်ရှိသည်မို့ ကြံစက်အတွင်းမည်သူမှမရှိမှန်းကို အတိုင်းသားမြင်တွေ့နေရလေသည်။ ထိုတော့မှ ကြံခင်းသူဌေးမှာ ငစိုးသရဲခြောက်လှန့်နေသည်ကို ယုံကြည်သွားမိတော့သည်။
ပရိတ်ရွတ် တရားနာပြီးသည့်အခါ ငစိုးမှာပျောက်ခြင်းမလှပျောက်ကွယ်သွားလေသည်။ သုံးလေးရက်ခန့်ကြာသည်အထိ မခြောက်လှန့်တော့သဖြင့် ငစိုးတစ်ယောက် ကျွတ်လွတ်သွားပြီဟုထင်မြင်ယူဆကြလေသည်။ အလုပ်သမားများမှာလည်း ထိုတော့မှ ကောင်းကောင်းအလုပ်လုပ်ကိုင်နိုင်သည်။ ငစိုးကျွတ်လွတ်သွားသည့် သတင်းကြားပြီးသည့်အခါမှ အလုပ်သမားသစ်များ ထပ်ခန့်ရတော့သည်။ ပေတိုးရောက်ရှိလာပြီးသည့်နောက် အလုပ်သမားသုံးဦးထပ်မံရောက်ရှိလာခဲ့သည်။
တရားနာပြီး တစ်ပတ်ခန့်အကြာတွင်ဖြစ်သည်။ ညနေငါးနာရီခန့်ရှိပြီမို့ အလုပ်သမားများအလုပ်သိမ်းကြလေသည်။ ပေတိုးမှာ ကြံကြိတ်စက်တာဝန်ကျသည်မို့ ကြိတ်ခွဲပြီးကြံဖတ်များကို တောင်းကြီးတစ်လုံးနှင့် ကျုံးသယ်ကာ အမှိုက်ပုံသို့ပို့ဆောင်နေလေသည်။ ပေတိုးက ကြံဖတ်များကိုသိမ်းကျုံးနေစဉ်တွင် အနောက်သို့လူတစ်ယောက်ရောက်လာခဲ့သည်။
“ဟေ့ ပေတိုး၊ မင်းဆီမှာ ဆေးလိပ်တစ်လိပ်လောက်ပါသလားကွ”
အသံမှာ ခပ်အစ်အစ်ဖြစ်နေသည်။ ပေတိုးမှာ အသစ်ရောက်လာသည့် အလုပ်သမားတစ်ယောက် တောင်းနေသည်ဟုထင်မှတ်ကာ နားရွက်ကြားတွင်ညှပ်ထားသည့် ဆေးပေါ့လိပ်အသစ်တလိပ်အားဖြုတ်၍ အနောက်သို့ပင်လှည့်မကြည့်တော့ဘဲ ပေးလိုက်လေသည်။
“ငါ့ကိုမီးခြစ်ပေးအုံးလေကွာ”
“ဟာကွာ၊ ဆေးလိပ်သောက်တတ်ရင် မီးခြစ်လေးတော့ ဆောင်ထားပေါ့ကွ”
ပေတိုးက ပြောပြောဆိုဆိုနှင့် မီးခြစ်ကိုနှိုက်ယူလိုက်ကာ အနောက်သို့လှည့်လိုက်သည်။ ထိုအခါ ပေတိုးမြင်တွေ့လိုက်ရသည့်သူမှာ ငစိုးဖြစ်နေလေသည်။ ပေတိုးတစ်ကိုယ်လုံး ကြက်သီးများတဖြန်းဖြန်းထလာကာ ခေါင်းနားပန်းများကြီးလာလေသည်။ ညနေစောင်းအချိန်ဖြစ်သည်မို့ တာလပတ်များကာရံထားသည့် ကြံကြိတ်စက်ကြီးအတွင်းတွင် အနည်းငယ်မှောင်မိုက်နေပြီဖြစ်သည်။ ငစိုးမှာ ပေတိုး၏လက်တွင်ကိုင်ထားသည့် မီးခြစ်ကိုဆွဲယူလိုက်သည်။ ငစိုး၏လက်မှာ ပုပ်ပွကာ ဖောင်းအစ်အစ်ကြီးဖြစ်နေသည်။
“ငစိုး . . .ငစိုး . . .ခင်ဗျားမကျွတ်သေးဘူးနော်”
ငစိုးက ဆေးလိပ်အားဖွာရှိုက်လျှက်
“ဟုတ်တယ်ပေတိုး၊ ငါဒီကနေထွက်သွားချင်ပေမယ့် ထွက်သွားလို့မရသေးဘူး”
“ခင်ဗျားကို အမျှပေးလိုက်ပြီလေဗျာ၊ ခင်ဗျားသာဓုမခေါ်ဘူးလား”
ခေါင်းပြားကြီးက ပြားချပ်နေသည့်ခေါင်းအား ဘယ်ညာလှည့်ကာခါရမ်းပြလိုက်လေသည်။
“ငါဒီမှာမနေချင်ဘူးကွ၊ ငါရွာပြန်ချင်တယ်၊ ငါ့အဖေနဲ့အမေက ရွာမှာပဲခေါင်းချခဲ့တာဆိုတော့ ငါလည်းရွာမှာပဲခေါင်းချချင်တယ်”
“ဒါကြောင့်ကိုး၊ ဒါကြောင့် ခင်ဗျားသာဓုမခေါ်တာကိုး”
“ဟုတ်တယ်ပေတိုး၊ ငါဒီတောအုပ်ထဲမှာ မနေချင်ဘူးကွာ၊ တောထဲမှာက ညညဆိုတအားမှောင်တယ်ကွ၊ ပြီးတော့ ချမ်းလည်းအရမ်းချမ်းတယ်၊ ငါရွာကိုပဲပြန်ချင်တယ်၊ ငါ့ကို ရွာပြန်ပို့ပေးပါကွာ”
ပေတိုးမှာ တွေဝေနေလေသည်။
“လုပ်စမ်းပါ ပေတိုးရာ၊ ငါဆေးလိပ်တောင်းသောက်ရင် တိုက်တဲ့လူဆိုလို့ မင်းပဲရှိတာပါကွ၊ ငါ့အပေါ်ကောင်းတဲ့လူက မင်းပဲရှိလို့ မင်းကိုတောင်းဆိုတာပါကွာ”
“ကောင်းပြီလေ၊ ကျုပ် ကိုမျိုးသူနဲ့တိုင်ပင်ကြည့်မယ်၊ ဒါနဲ့ ခင်ဗျားက ဘာဖြစ်လို့လူတွေကိုလိုက်ခြောက်နေတာလဲ”
“ခြောက်တာတော့မဟုတ်ပါဘူးပေတိုးရာ၊ ငါ့ကိုတွေ့ရင် ဒီကောင်တွေကြောက်လန့်ကုန်တာမြင်ပြီး ငါပျော်လို့ပါကွ”
“ဒါနဲ့ ခင်ဗျားက ကျုပ်တို့ပဲခြောက်တယ်နော်၊ ကိုမျိုးသူတို့လင်မယားကျတော့ သွားမခြောက်ဘူး”
“ဟ၊ ကိုမျိုးသူကိုတော့ ငါကြောက်တယ်ကွ၊ သူက အလုပ်သမားခေါင်းမဟုတ်လား”
ငစိုးမှာ အလုပ်သမားခေါင်းဖြစ်သည့် ကိုမျိုးသူအား လူဘဝကတည်းကပင် ခပ်ရှိန်ရှိန်ဖြစ်နေသဖြင့်မခြောက်လှန့်ရဲဘဲ လူပျိုလူလွတ်ဆောင်မှ လုပ်ဖော်ကိုင်ဖက်များကိုသာ စနောက်ခြောက်လှန့်နေခြင်းဖြစ်သည်။
“ကဲပါ ဒီကြားထဲ သူများကိုလိုက်မခြောက်နဲ့တော့၊ ခင်ဗျားဆေးလိပ်သောက်ချင်ရင် နေ့တိုင်း အိမ်သာရှေ့က သစ်ငုတ်တိုပေါ်မှာ ဆေးလိပ်နှစ်လိပ်တင်ထားပေးမယ်၊ ခင်ဗျားရွာပြန်ဖို့ကိုလည်း အဘဖြူကိုပြောပြပေးမယ်”
ပေတိုးပြောပြီးသည့်အခါ ခေါင်းပြားငစိုးမှာ ကြံသကာများထားသိုသည့်အနောက်ခန်းအတွင်းသို့ဝင်ရောက်ကာ ပျောက်ကွယ်သွားလေသည်။ ပေတိုးမှာလည်း ကြံဖတ်များမကျုံးတော့ဘဲ ကိုမျိုးသူ အဘဖြူတို့ကိုခေါ်ကာ ထိုအကြောင်းကိုတိုင်ပင်ကြရသည်။
“ဟ၊ ခေါင်းချချင်တယ်ဆိုတော့ သူ့အလောင်းကိုဖော်ပြီး သူတို့ရွာမှာ သွားပြန်မြှုပ်ရမယ့်ပုံစံပဲကွ”
“ဒီလိုလုပ်လို့ဖြစ်ပါ့မလား အဘဖြူရာ၊ အညာဘက်က ရွာတွေက အယူသီးတယ်လို့ ကြားဖူးတယ်နော်၊ ပြီးတော့ ဒီလူသေအလောင်းကြီးကို ဘယ်လိုပြန်ဖော်မလဲဗျာ၊ ပြန်ဖော်လို့ရပါပြီတဲ့ ဘယ်လိုသယ်ကြမလဲ”
“အေး၊ ဒါလည်းဟုတ်တာပဲ မောင်မျိုးသူ၊ ပုပ်ပွနေတဲ့အလောင်းကြိးကို ရွာအရောက်ဘယ်လိုသယ်ကြမလဲ၊ မတော်လို့လမ်းမှာ ရဲတွေဘာတွေက စစ်ကြပါပြီတဲ့၊ အလောင်းကြီးလက်ပူးလက်ကြပ်မိလို့ ပြဿနာက ပိုကြီးအုံးမယ်”
ပေတိုးက အကြံတစ်ခုရသွားကာ
“ခေါင်းချချင်တယ်လို့ပြောတာမဟုတ်လား အဘဖြူရာ၊ သူ့ခေါင်းက အရိုးတစ်ခုလောက်ယူပြီးတော့ သူ့ကိုခေါ်သွားရင်ရောဗျာ၊ ရွာရောက်တော့ အဲဒီအရိုးလေးမြှုပ်ပေးလိုက်ရင် အဆင်ပြေမယ်ထင်တာပဲ”
“အေးကွ၊ မင်းအကြံကောင်းတယ်ပေတိုး”
“ဒါပေမယ့် ဒီကိစ္စကို တခြားလူတွေမသိပါစေနဲ့ပေတိုးရေ၊ မင်းရယ် ငါရယ် အဘဖြူရယ် သုံးယောက်ပဲသိပါစေနော်”
“စိတ်ချပါ ကိုမျိုးသူ”
“အေး၊ အတော်ပဲ အခုနေအချိန်ဆို အလုပ်သမားတွေခြင်းခတ်နေကြမယ့်အချိန်ပဲကွ၊ ငါတို့တောထဲဝင်ပြီးတော့ သူ့အလောင်းကိုပြန်ဖော်ကြမယ်”
အဘဖြူက ပြောပြောဆိုဆိုနှင့််ပေါက်တူးတစ်လက်ကိုယူဆောင်လာခဲ့သည်။ ကိုမျိုးသူက ဓါတ်မီးကိုင်ကာ ပေတိုးနှင့်အတူ သုံးယောက်သား တောအုပ်အတွင်းသို့ဝင်လာခဲ့သည်။ တောအုပ်အတွင်း အတော်မှောင်မိုက်နေပြီဖြစ်သည်။ သွားလာကြရင်း တစ်နေရာအရောက်တွင် သစ်ပင်ကြီးတစ်ပင်အောက်သို့ရောက်လာခဲ့သည်။ အဘဖြူက မြေမို့မို့ကလေးကိုလက်ညှိုးထိုးပြပြီး
“အဲဒီနေရာပဲ ပေတိုးရေ၊ ငစိုးအလောင်းကို ဒီနားမှာမြှုပ်ခဲ့တာ”
ပေတိုးမှာ ပေါက်တူးဖြင့် မြေပုံကိုတူးရလေသည်။ မြှုပ်နှံထားသည်မှာ သိပ်မကြာသေးသည်မို့ မြေစာများမှာတူးဖော်ရလွယ်ကူသည်။ လေးပေခန့်အနက်တူးဖော်လိုက်ပြီးသည့်အခါ တာလပတ်စတစ်စကိုတွေ့ရသည်။ ထိုတာလပတ်အား လှန်လိုက်သည့်အခါ လောက်ကောင်များတဖွားဖွားကျကာ ပုပ်ပွနေသည့် ငစိုးအလောင်းကိုတွေ့လိုက်ရသည်။ နံစော်လှသဖြင့် ပေတိုးက နှာခေါင်းပိတ်ထားမိသည်။
“ကဲ ပေတိုးရေ၊ မြန်မြန်လုပ် သူ့ခေါင်းက အရိုးတစ်ခုခုကိုယူခဲ့ကွာ”
ပေတိုးမှာ ဦးခေါင်းနေရာသို့ကြည့်လိုက်သည့်အခါ ဦးခေါင်းခွံအရိုးများမှာ အိုးခြမ်းကွဲများကဲ့သို့ ပြားကပ်နေလေသည်။ ပေတိုးက ဆံပင်များကိုလက်နှင့်ဆွဲလိုက်သည့်အခါ ဦးရေပြားမှာကျွတ်ထွက်သွားပြီး ဆံပင်အဖုတ်လိုက် လက်ထဲသို့ပါလာသည်။ ဆံပင်အောက်မှ ဖြူဖြူလွလွအရိုးကို လက်ဖြင့်ကောက်ယူလိုက်ကာ အဘဖြူယူလာသည့် ကြွပ်ကြွပ်အိတ်တစ်လုံးအတွင်းသို့ ပစ်ထည့်လိုက်ရသည်။ အဘဖြူက အိတ်ကိုလုံအောင်ချည်ပိတ်နေရင်း
“ကဲ ငစိုးရေ၊ မင်းငါတို့နဲ့လိုက်လာခဲ့တော့ဟေ့၊ မင်းကို ငါကိုယ်တိုင်ရွာပြန်ပို့ပေးမယ်ကွ”
ပေတိုးမှာ အလောင်းကိုခပ်မြန်မြန်ဖုံးအုပ်လိုက်လေသည်။ ထို့နောက်သုံးဦးသား တောအုပ်အတွင်းမှထွက်လာခဲ့သည်။ ဓါတ်မီးကိုင်ထားသည့် ကိုမျိုးသူက အရှေ့ဆုံးမှသွားကာ အဘဖြူက အလယ်မှလိုက်သည်။ ပေါက်တူးထမ်းထားသည့် ပေတိုးမှာ အနောက်ဆုံးမှလိုက်ပါလာခဲ့သည်။ သို့သော် ပေတိုး၏အနောက်တွင် ခြေသံတရှပ်ရှပ်ကိုကြားနေရသည်။ ပေတိုးမှာလှည့်မကြည့်ဖြစ်သော်လည်း ထိုလူမှာ ငစိုးဖြစ်မှန်းသိလိုက်ရသည်။
အဘဖြူက ကြွပ်ကြွပ်အိတ်ကလေးအား အလုပ်သမားများ ရေချိုးသည့်နေရာအမိုးတွင် ချိတ်ထားလိုက်လေသည်။ ပေတိုးမှာ လူသေကောင်တူးလာရသည်မို့ ရေချိုးပစ်လိုက်ရသည်။ ရှမ်းပြည်၏ အအေးဓါတ်က လွမ်းခြုံထားသည်ဖြစ်ရာ ရေချိုးသည့်အခါတွင်လည်း အလွန်ချမ်းအေးလှပေသည်။ ပေတိုးရေချိုးနေစဉ် ရေချိုးခန်းထောင့်တွင် ငစိုးရပ်နေသည်ကို မျက်လုံးထောင့်မှ မြင်နေရလေသည်။
ထိုညတွင်ပင် အဘဖြူက ရွာသို့ပြန်ရင် ပြင်ဆင်ရလေသည်။ ကိုမျိုးသူကလည်း လမ်းစားရိတ်ထုတ်ပေးရသည်။ မနက်ဝေလီဝေလင်းအချိန်တွင် အဘဖြူက လွယ်အိတ်တစ်လုံးလွယ်လိုက်ကာ ရေချိုးခန်းတွင်ချိတ်ထားသည့် ကြွပ်ကြွပ်အိတ်ကလေးကိုဖြုတ်ယူလိုက်လေသည်။ ထို့နောက် ကြွပ်ကြွပ်အိတ်များနှင့် သုံးလေးပတ်ခန့်ထပ်ပတ်ပြီး တောင်ကုန်းကလေးအတိုင်းဆင်းသွားလေတော့သည်။ အဘဖြူအနောက်သို့ ပေတိုးမှာ မျက်စိတစ်ဆုံးလိုက်ကြည့်နေခဲ့ရာ အတော်လှမ်းလှမ်းရောက်သွားသည့်အခါ အင်္ကျီအနီရောင်ကွက်ကျဲနှင့် ငစိုး၏ ရုပ်သွင်ကိုမြင်လိုက်ရသည်။ ငစိုးမှာ ပျော်ရွှင်နေပုံရပြီး ပေတိုးအား လက်ကိုဝှေ့ယမ်းလျှက် နှုတ်ဆက်နေလေသည်။ ပေတိုးမှာလည်း လက်ပြနှုတ်ဆက်လိုက်ရင်း
“သွားတော့ ကိုစိုးရေ၊ ခင်ဗျားအဖေအမေတွေ ခေါင်းချခဲ့တဲ့ရွာမှာ ခင်ဗျားအေးအေးဆေးဆေးခေါင်းချနိုင်ပါစေလို့ ကျုပ်ဆုတောင်းပေးလိုက်ပါတယ်”
အဘဖြူမှာ တရွေ့ရွေ့နှင့် ဝေးသွားလေသည်။ မကြာခင် ကောင်းကင်တစ်ခွင်တွင် နေရောင်ခြည်များက လွှမ်းခြုံလာလေတော့သည်။ ပေတိုးအားလက်ပြနှုတ်ဆက်နေသည့် ငစိုးမှာလည်း နေရောင်ခြည်အောက်တွင် တဖြည်းဖြည်းပျောက်ကွယ်သွားလေတော့သည်။
ပြီးပါပြီ။
#အဂ္ဂဇော် #သရဲ #ဖြစ်ရပ်မှန်