ငတောတွေ့ခဲ့ဖူးသော သားစားကျူးဘီလူး

Posted on

#တွင်းကြီးဝမ်းမောင်
ငတောတွေ့ခဲ့ဖူးသော သားစားကျူးဘီလူး

“တောက် နင်တော့လား၊ ကြက်ဝယ် အခုလာ၊ အခု ရောင်းပစ်မယ် … သေမင်းငင်မ”

ကြက်ပြာမကြီးကို ကြည့်၍ ပျစ်ပျစ်နှစ်နှစ် ဆဲဆိုရေရွတ်နေသူက ကြက်ပြာမကြီး၏ ပိုင်ရှင် မြောင်မြို့နယ် ချိုင့်ကြီးကျေးရွာသား ငပိုက်။

ငပိုက်သည် ရွာအပြင်ထန်းတော၌ အမြဲနေသော ထန်းသမား။ ငပိုက် ထန်းတောက ချိုင့်ကြီးရွာနှင့်လည်း ၁ တိုင်၊ အုတ်နှဲရွာနှင့်လည်း ၁တိုင်၊ ကျောက် စစ်ရွာနှင့်လည်း ၁ တိုင် (၂)မိုင် ဝေးသော သုံးပွင့်ဖိုခနောက်ဆိုင်နေရာမှာ ရှိသည်။

ထန်းရာသီထန်းတက်၊ ထန်းရာသီကုန်ချိန်၌ ပျံကျလုပ်ငန်းလုပ်၊ ခြောက်ကန့် (၄ဧက)ကျယ်သော ထန်းတောမှာ စိုက်ကောင်းပျိုးကောင်းသော ကွက်လပ်၌ ခြေနင်းရေတွင်းဖြင့် စိုက်စားပျိုးစား။

သူ့ညီအရင်းငထိုက်က ရေစကြိုမြို့နယ် သာစည်ကျေးရွာ ဦးလှိုင်တို့ရွာမှာ ထန်းအငှားတက်ရင်း အိမ်ထောင်ကျသည်။ ညီအရင်းငထိုက်က သူ့ သားသမီးများ လှူပါမည်။ အစ်ကိုသားလည်း ရှင်ပြု၊ သမီးလေးလည်း နားထွင်းထည့်ပေးပါဟု တောင်းခံလာတော့ ငပိုက် မနေသာ။ မိသားစု တစ်စုလုံး သုံးရက်သုံးညတိတိ တဲပစ်၊ ထန်းပစ် သွားရသည်။

လှမ်းကြည့်က မြင်နေရသော သူ့တဲနီးနားချင်း ခင်ကြူးကို ဘဲရှစ်ကောင်ဖောက်ထားသည့် ကြက်ပြာမကြီးနှင့် ဘဲကလေးများလည်း ဂရုစိုက်
ပါ။

သုံးလသား ခွေးပေါက်စလေးငကျားလည်း ပစ်မထားပါနဲ့။

ငါးကန်ထဲက ငါးခူများကိုလည်း ပစ်မထားပါနဲ့။ ငါးခူများအတွက် တဲနှင့် ခပ်လှမ်းလှမ်းရှိ နွားသတ်ရုံမှ အရိအရွဲ၊ အကျိအချွဲ၊ အရိုးအရင်း တောင်းကျွေးဖို့ မမေ့ပါနဲ့ ဟု မှာပြီး ထန်းတဲအနောက်ခန်းပေါ်၌ မီးတောက်အရက်သုံးလုံး၊ မြေပဲဆံကြော်နှင့် သရက်ချဉ်၊ ကိုကြီးငတော တဲဝင်ရင်း ပေးသွား၍ ကြော်ထားသော ချိုးကြော်၊ ဆန်းဆန်းကွမ်းယာကြိုက်သော ခင်ကြူးအတွက် ကွမ်းဖိုးငွေတစ်ထောင် ပေးခဲ့သည်။ မှာစရာကို သေသေချာချာ မှာခဲ့၏။

ကနေ့မနက် အလှူက သူပြန်လာတော့ ပီကင်းဘဲရှစ်ကောင် ပေါက်နေသော ကြက်ပြာမကြီးကိုသာ တစ်ကိုယ်တော်မယ်အဖြစ် တွေ့ရသည်။ ဘဲရှစ်ကောင်စလုံး မတွေ့တော့။

သုံးလသား ခွေးပေါက်စနလေး ငကျားလည်း သေလေသလား၊ ရှင်လေသလား၊ လူဖမ်းသွားလေသလား မသိတော့။ တဲမှာတော့ မရှိ။ မျက်စိတစ်စေ့အတွင်းမှာ မမြင်။ တဲအနောက်ခန်း ဖွင့်ကြည့်ရာ တဲစောင့်ခ၊ ဘဲစောင့်ခ၊ ခွေးကြည့်ခ ပေးခဲ့၊ ပြသခဲ့၊ ယူသောက် ယူစားခိုင်းခဲ့သော အရက်လည်း ထိရာမရှိ။ အမြည်းလည်း စားရာမရှိ။ မီးတောက်အရက်ကို အလွန်မက်သော ချိုးကြော်ကို အားပါးတရ စားလေ့ရှိသော ခင်ကြူး ဘာလို့ မသောက်မစားပါလိမ့်။ စဉ်းစားစရာ အနန္တ။

စဉ်းစားနေက ခေါင်းသာ ပိုရှုပ်မည်။ ကိုယ်ထန်းတဲ ကန်သင်းကျော်က ခင်ကြူးတဲ ရောက်မည်။ အခြေအနေ သိရှိစေရန် ငပိုက် အမြန်သွား၊ သိချင်ဇောဖြင့် မေးသည်။

ငပိုက်မေးခဲ့ရသောသူမှာ ခင်ကြူးကိုယ်တိုင် မဟုတ်။ ခင်ကြူးသမီး ရှစ်တန်းကျောင်းသူမလေး။ တဲမှာ သူနှင့် ဘုစုခရုစုကလေးများသာ တဲစောင့် ရှိသည်။

“လေးလေးပိုက်သွားတဲ့ မနက်ဆွမ်းခံစည်တီးလောက်မှာ အဖေ ဘဲခြံသွားဖွင့်လွှတ်နေတုန်း အဖေ့ရွာက လာခေါ်တယ်၊ အမေကြီး ရုတ်တရက် လေဖြတ်လဲလို့တဲ့၊ မနေ့ညနေက အဖေက ခေါ်ခိုင်းလို့ အမေ့ကို လာခေါ် သွားကြတယ်၊ အမေကြီးဆုံးလို့တဲ့၊ ကနေ့ညနေ သုံးနာရီမှ အသုဘချမှာတဲ့ လေးလေးပိုက်၊ သမီးတို့လည်း ကြောက်ကြောက်နဲ့ တောင်ဘက်တဲက ကြီးဒေါ်မြကို တဲခေါ်အိပ်ရတယ်၊ အမေက အသုဘချပြီး ပြန်လာမှာ၊ အဖေက သူ့အမေ ရက်လည်ဆွမ်းသွပ်ပြီးမှ ပြန်မယ်လို့ မှာလိုက်တယ်”

“ကဲ၊ မီးမလောင်တာ တော်သေးတာပဲ၊ ဟိုခမျာ အမေအရင်းခေါက်ခေါက် သေရှာတာပဲ၊ ငါ့ဘဲက ဘာအဖိုးတန်လို့လဲ”

ဟု ခင်ကြူးပိုင်နက် နယ်နိမိတ်၌ ငပိုက် ဖြေသာသည်။ တဲရောက်၍ ကြက်ပြာမကြီးကို မြင်ရသောအခါ မျောက်မြင်လေ၊ အုတ်ခဲနှင့်ပစ်ချင်လေလေ စိတ်ဖြစ်ကာ ငပိုက်စိတ်ဖောက်လာပြန်သည်။ မကျေနပ်မှု ပြန်ဖြစ်လာသည်။

စွန်ချီချီ၊ သိမ်းကုတ်ကုတ်၊ ကျီးထိုးထိုး၊ မြွေမျိုမျို၊ တစ်ကောင်စ၊ နှစ်ကောင်စဆို ထားပါတော့။ ခုအဖြစ်က အုပ်လုံးတစ်ကောင်မကျန် ပျောက်သတဲ့။ ဒင်းကို ဆက်ထားက ငပိုက် ညံ့ရာကျရော့မည်။ ကြက်သည် ကြက်ဝယ် ခုလာ ခုရောင်းပစ်မည်။

ငါးခူများကို နွားသတ်ရုံမှ အရိအရွဲ၊ အကျိအချွဲ၊ အရိုးကပ်အသားကပ်ကို သွားတောင်းဖို့က အချိန်မရောက်သေး။ ညနေပိုင်းမှ နွားထုနွားသတ် စမြဲမို့ ညနေပိုင်းမှ သွားရမည်။

ယခုအချိန်က ထန်းနားချိန်မို့ ထန်းရည်ခါး မပေးနိုင်တော့သော်လည်း ထန်းတက်ချိန်က တစ်ညနေနှစ်လုံး (ထန်းရည်ခါး မြူအိုးနှစ်လုံး) အခမဲ့ ပေးခဲ့သည်။

နွားသတ်သမားတို့ ဧည့်သည်လာ၍ ကြိုတင်မှာကြားလာပါက လိုသလောက် အလကားပေးခဲ့သည်မို့ ယခု အချိန်၌ မပေးနိုင်သော်လည်း မျက်နှာပူစရာ မရှိ။ ငါးခူကန်ဖော်မှ ကြော်စား ချက်စား ဟင်းစားပေးမည်ဟု ပြောထားပြီးပြီ။ နွားသတ်သမားများ ကလည်း သူကတိကို ကျေကျေနပ်နပ်။

ငပိုက်မွေးထားသော ငါးခူက တိုင်းရင်းမြန်မာဒေသမျိုး ငါးခူ မဟုတ်။ ငပိုက် မွေးထားသော ငါးခူများက အာဖရိကအသားစားငါးခူ။

ပခုက္ကူသို့ ငပိုက်ရောက်စဉ်က သူမြင်ခဲ့ရသည်မှာ စားသောက်ဆိုင်တစ်ဆိုင်၏ရှေ့တွင် ကားရပ်ရန် ထိုးထားသော ပြန့်(ကြန့်)အောက်၌ ရေအလုံပလတ်စတစ်ကန် သဏ္ဌာန်လေးများဖြင့် ကန်ငါးကန်၊ တစ်ကန် ငါးခူတစ်ကောင် မွေးထားသည်။ ငါးကန် ငါးကောင် ကြည့်၍ ခပ်ကောင်းကောင်း။

အကြီးဆုံးအကောင်က သုံးပိဿာခန့်။ ဒုတိယအကြီးဆုံးအကောင်က နှစ်ပိဿာခွဲခန့်။ ကျန်အကောင်များက တစ်ပိဿာ၊ တစ်ပိဿာအစိတ် ခန့်၊ မွေးထားတဲ့လကို မေးတော့ ဆယ့်လေးလသာ ရှိသေးသည်တဲ့။ ဘာကျွေးရသလဲ မေးတော့ အသားတို့၊ အသားစအညှီအဟောက်၊ အရိအရွဲ၊ အရိုးအရင်းတဲ့။

ဖြစ်နိုင်သည်။ ငပိုက်တို့ ငါးခူမွေးဖို့ ဖြစ်နိုင်သည်။

ငပိုက် ထန်းတောအကျယ်က အရပ်အခေါ် ခြောက်ကန့်၊ မြေစာရင်းအခေါ် ၄ ဧက၊ မြေက တနယ်မြေစေး၊ ရွှံ့စေးမြေ၊ ရေထိန်းအား အလွန်ကောင်းသောမြေ၊ ယာတကာမှ စုပေါင်းထွက်လာသော ပိုလျှံမိုးရေမြောင်းက ငပိုက်တဲဘေး ရှေးရိုးစဉ်လာရေကြောင်းမှ မိုးရွာတိုင်း စီးသည်။

ရေချိုအတွက် သူ့တဲထိပ်၌ တူးထားသော ကိုယ်ပိုင်ကန်မှာ ရေနေမှနေ။ ခြေနင်း ရေတွင်း အနောက်ဘေးမှာ ကန်ငယ်တူးမွေးလျှင် မရလား၊ သေချာပေါက် ရမည်။

သူ့ထန်းရာသီမှာ ထန်းရည်ခါးလပြတ်ယူ အမြဲသောက်သော နွားသတ်သမားများထံမှ စွန့်ပစ်အတိုအစ၊ အရိအရွဲ ရနိုင်သည်။ သားသတ်လိုင်စင်ပိုင်ရှင်ကို ထန်းရည်ချို ထန်းရည်ခါး ထန်းလျက်ဖြူဆုပ်ပေး။

ထန်းနားချိန် ထင်းတစီးစ နှစ်စီးစ အခမဲ့ လိုက်ပို့မည်။ ငါးခူမျိုး ဝယ်ဖို့ လွယ် မလွယ် မေးကြည့်တော့ ကြိုက်တဲ့အချိန် လာခဲ့ပါ။ သူ့အရွယ်၊ သူ့အစား၊ သူ့အချိန်၊ သူ့ပေါက်ဈေး မရရအောင် ဝယ်ပေးပါမည်တဲ့။

နိပ်သဟ .. ပိုင်လိုက်လေ၊ ငပိုက်တို့ ငါးခူ မွေးလိုက်ရဦးမည်။ ခရုအဆန် လူ့အကြံတဲ့။

ကန်သစ်တူးမည့်နေရာ နွားငှား၊ ထည်ထိုး၊ ထွန်ကပ်ဖြင့်တင်။ နွားတက်လန်လန့်နေမှ ကန်ကို လက်ဖြင့်တူး။ ကန်ဘောင်မြင့်မြင့်မြှင့်၊ ရေနေအောင် နက်နက်တူး၊ ရေဝင်ပေါက်ကို ထန်းလုံးပြွန်တပ်။

ထန်းလုံးပြွန်ကို ငါးမထွက်စေရန် အတွင်းရော အပြင်ပါ ဇကာအကျဲ၊ ဇကာအစိပ်တပ်။ ရေအားရအောင်သွင်း၊ ရေအနယ်ထိုင်မှ ငါးခူကောင်ရေနှစ်ရာအထိ ဝယ်ထည့်ခဲ့သည်။

နွားသတ်ရုံမှ အတိုအစ၊ အရိအရွဲ၊ အရိုးကပ်၊ အသားကပ်တို့ကို လိုင်စင်ပိုင်ရှင်ရှိသောနေ့၌ ဝတ်ကျေတန်းကျေ။ လိုင်စင်ပိုင်ရှင်မှ နွားသတ် သမားများကို မျက်နှာလွှဲသောနေ့၌ ဖောဖောသီသီ သူယူ၍ ကျွေးခဲ့သည်။

နွားသတ်သောနေ့တိုင်း သူ ဝတ္တရား မပျက်ကွက်စေရ။

ယခုမှသာ သူကလည်း အလှူကိစ္စ၊ ကိုယ်စားစောင့်ရှောက်မည့် ခင်ကြူးကလည်း အသုဘနာရေးအပူကိစ္စမို့ တောင်မင်းကို မြောက်မင်း မကယ်နိုင်။

သည်တော့ သူ့ငါးခူတွေ အစာသုံးလေးရက် ပြတ်ငတ်ရသည်။ သူရှိနေလို့ကတော့ ကျွေးချိန်ရောက်လျှင် ငါးခူးကိုလည်း ကျွေးစမြဲ။ ခွေးလေးငကျားကိုလည်း ကျွေးစမြဲ။ ကြက်မကြီးနှင့် ကြက်မကြီးဝပ်ပေး၍ ပေါက်လာသော ပီကင်းဘဲလေး ရှစ်ကောင်ကိုလည်း ကျွေးစမြဲ။

ညီ အရင်းခေါက်ခေါက် ငထိုက်အလှူမို့သာ မသွားမဖြစ်၍ သွားခဲ့ရသည်။ တဲစိတ်မချ၊ ဘဲစိတ်မချ၊ ငါးစိတ်မချ၊ ခွေးငကျား စိတ်မချ။

စိတ်မချသည့်အတိုင်း ယခု လာဖြစ်သည်။ ထို့ကြောင့် ငပိုက် မကျေမနပ်။

ကြက်ပြာမကြီးသည် တိရိစ္ဆာန်။ တိရိစ္ဆာန်ပီပီ ငပိုက်က ဘာဖြစ်နေသည်၊ ညာဖြစ်နေသည်၊ သူ့ကို တစ်တစ်ခွခွ ဆဲရေးနေသည်ဟု နားလည်းမလည်။ သိလည်းမသိ။ ခါတိုင်းဆိုလျှင် သူရစ်ဝဲနေက ငပိုက်က ပြောင်းဖြစ်ဖြစ်၊ ဆန်ကွဲဖြစ်ဖြစ် ပက်ကျွေးနေကြ၊ ယခုလည်း ငပိုက်က ကျွေးနိုးကျွေးနိုး တမျှော်မျှော်၊ တရစ်သီသီ။

ကြက်ပြာမကြီးက သူ့ကို ချာလည်ပတ်လည် လုပ်နေလေလေ ငပိုက် ဒေါပွလေ။

“သေမင်းငင်မကြီး၊ နင်တော့လား၊ ငပိုက်အကြောင်း သိမယ်၊ ခု ကြက်ဝယ်လာ ခုရောင်းမယ်”

သည်အသံကို ကြားလာသူက ငတော။ ငတောသည် သမင်ချောက်ရန်၊ ယုန်လိုက်ရန် ခြေရာခံရင်း ဝင်ထွက်နေကြ ငပိုက်တဲကို ဝင်လာစဉ် ငပိုက်ဒေါပွသံ ကြားလိုက်ရ၏။

“ဟေ့ကောင် ငပိုက်၊ အလှူက ဘယ်တုန်းက ပြန်လာသလဲ၊ ဘာတွေ ဒေါပွဆဲဆိုနေသလဲ”

ဖိနပ်သံ၊ လှမ်းမေးသံနောက်က ထပ်ချပ်မကွာ ပါလာသော ငတောကို ငပိုက်က သုန်သုန်မှုန်မှုန်ဖြစ်နေရာက မျက်နှာပြောင်းပြီး နှုတ်ဆက်သည်။

“လာဗျို့ ကိုကြီးတော၊ အလှူက ခုမှပြန်လာတာ၊ မိန်းမနဲ့ကလေးတွေကတော့ ကိုရင်သုံးရက်ပြည့်အောင်၊ မယ်သီလသုံးရက်ပြည့်အောင် ဝတ်ပါဦးလို့ ဝိုင်းတားနေလို့ နေရစ်ခဲ့ကြလေရဲ့။ ကျုပ်ကသာ တဲစိတ်မချလို့ တစ်ယောက်ထဲ ပြန်ပြေးလာတာ။ စိတ်မချတဲ့အတိုင်းပဲ၊ ကိုကြီးတော ဂရုစိုက်မွေးခိုင်းတဲ့ ဘဲလေးရှစ်ကောင် တစ်ကောင်မှ မရှိတော့ဘူး”

“ဟောဗျာ”

ငတောက အရင်ကလည်း ငပိုက်တဲရောက်လျှင် မြေကြီးပေါ် ထိုင်နေကြဖြစ်ရာ ဆီးဖြူပင်ရိပ် မြေကြီးပေါ် ထိုင်သည်။ ငပိုက်လည်း ထိုင်သည်။

“ဒါကြောင့် သားထိန်းညံ့လှတဲ့ ကြက်ပြာမကြီး ဒေါပွတာနဲ့ ကလော်ဆဲနေတာ။ ကြက်ဝယ် ခုလာ ခုရောင်းပစ်မှာဗျ။ အကျိုးမပေးတဲ့ ကြက်မ ဆက်ထားနေလို့ မတော်ဘူး”

“ရောင်း မရောင်းကတော့ မင်းသဘောပဲ ငပိုက်၊ အဟုတ်ရောင်းချင်ရင်တော့ မင်းခဏသာစောင့်၊ မင်းတောင်ဘက်က တဲတစ်တဲခြားမှာ ကိုခင်မောင်တင့် ကြက်ဖမ်းနေတယ်၊ ငါ ဝင်တွေ့ပြီး ငါ့အိမ်က ကြက်တွေ ရောင်းချင်လို့ ရွာထဲ ခေါ်လာတယ်၊ သူ့ကို မင်းတဲက ငါစောင့်မယ်လို့ ချိန်းခဲ့တယ်၊ လာမှာဗျ”

“ကြိုက်မှကြိုက် ကိုကြီးတော။ အကျိုးမပေးမှတော့ သံယောဇဉ်ပြတ်တာ အကောင်းဆုံးပဲ။ ဘယ်ဈေးရရ ရောင်းမယ်ဗျာ။ ကိုကြီးတောလဲ ကျုပ် ကြက်ဖမ်းပြီးမှ ကိုခင်မောင်တင့်နဲ့အတူ ပြန်ပါ”

ကြက်ဝယ်ကြက်သည် ကိုခင်မောင်တင့်သည် မြောင်မြို့နယ်၊ နဘက်ကျေးရွာအုပ်စု၊ ဘရင်ဂျီရပ်ကွက်၌ နေထိုင်သောသူ။

အလေးမှန် ဈေးမှန် ဆက်ဆံရေးကောင်းသူမို့ ရွာနီးဝန်းကျင်ရော၊ ထန်းတောများ၊ သနပ်ခါးတောများရော ကြက်ရောင်းက ကိုခင်မောင်တင့်မှ ကိုခင်မောင်တင့်၊ ငွေကြိုယူလိုပါကလည်း သူတတ်နိုင်သမျှ ဝေမျှပေးပြီး အဆင်းရဲအပင်ပန်းခံကာ စက်ဘီးဖြင့် ခေါက်တုံ့ခေါက်ပြန် လာသယ် လာဝယ်တတ် စေတနာထားတတ်၍ ကြက်ရောင်းသူတို့က အားကိုးကြ ခင်မင်ကြသည်။

သူ့ကို ငပိုက်နှင့် ငတောတို့ မျှော်နေဆဲမှာပင်လျှင် စက်ဘီးရပ်သံ၊ ချောင်းဟန့်သံ၊ စက်ဘီး၌ တွဲလောင်းချိတ်ထားသော ကြက်များအော်သံ၊ ငပိုက်တို့ ထိုင်နေရာလာနေသော အသံကို ကြားရ၏။

“ဟေး ငပိုက်၊ အလှူက ပြန်လာပလားဟ။ ကြက်ရောင်းစရာများ ရှိသေးလား။ ကိုကြီးတောအိမ် သွားမဖမ်းခင် ထည့်စရာရှိရင်ထည့်လိုက်“

“ခုမနက်မှ ပြန်ရောက်တယ်။ ကိုကြီးတော ပြောကတဲက ရောင်းဖို့ စိတ်စောနေတာ။ ပိုက်သာယူခဲ့ဗျာ။ ပီကင်းဘဲဥဆယ်လုံးကို ခက်ခက်ခဲခဲ ဝယ်ဖောက်ခဲ့တာ။ ဘဲရှစ်ကောင်ပေါက်လို့ အရိပ်တကြည့်ကြည့်နဲ့နေခဲ့တဲ့ ကြက်မကြီးဗျာ၊ အလှူသွားနေတုန်း တစ်ကောင်မှမကျန်အောင် ပြောင်သလင်းခါကုန်ရော။ ဒင်းကို ကြက်ခြင်းထဲ ထည့်ချင်တာ ယားနေတာပဲ။ ကဲ ပိုက်ထောင်ဗျာ”

ငပိုက်နှင့် ကိုခင်မောင်တင့်တို့ ထန်းတဲနှင့် ထန်းပင်ကြား ကြက်ဖမ်းပိုက်ထောင်သည်။ ကြက်မကြီးက နှစ်နှစ်ကျော်ကျော် သုံးနှစ်သမီး ခေါ်ရမည့်အရွယ်ဖြစ်ရာ ကြက်ဖမ်းပိုက်ထဲ အကြိမ်ကြိမ်တိုးဖူး၊ အခါများစွာ ပြန်လွှတ်ပေးခဲ့ရဖူးသော ပိုက်မှန်း တန်းမှန်း သိနေသည့် ကြက်ကျင်။

ငတောဝင်လာကာစက ငပိုက်ဘေး တရစ်သီသီ လုပ်နေသော်လည်း ကိုခင်မောင်တင့် ကြက်ခြင်းနှင့် တိုးလို့တွဲလောင်း ချိတ်ထားသောကြက်တို့ အော်က တည်းက ဝေးရာလစ်ပြေးသည်။ ငတော၊ ငပိုက်နှင့် ကိုခင်မောင်တင့်တို့ သုံးယောက်သား ဝိုင်းခြောက်ရာပိုက်ဆီတော့ ဝေ့ဝေ့ဝဲဝဲ သွားသည်။ ပိုက်အနားရောက်လျှင် နောက်လှန်လှန် ပြန်ထွက်သည်။ ဘေးတိမ်းငဲ့စောင်း ပြေးသည်။

အလိုလိုနေရင်းမှ ကြက်ပြာမကြီးအပေါ် စိတ်မကြည်နေသော ငပိုက်ကလည်း လုံးဝမလျော့။ အာဖရိက သားစားငါးခူကန်ဘေးရှိ ဒဟတ်ပင်နှင့် တမလန်းပင်ကြားသို့ ပိုက်ကိုပြောင်း၍ ထောင်ကွင်းအသစ် ပြောင်းထောင်ခိုင်းသည်။

ထောင်ကွင်းသစ်ဆီသို့ ကြက်ပြာမကြီးအား ချောက်သွင်းရာတွင် ယခင်ကဲ့သို့ ရေးကြီးသုတ်ပျာ မချောက်။ ငတောက အသာလူယောင်ပြ၊ နေရာရွှေ့ပေးလိုက်၊ ကိုခင်မောင်တင့်က မသိမသာ ယားသွင်းပေးလိုက်၊ ငပိုက်က ကြက်ပြာမကြီး ပိုက်ထောင်ထားရာ ခေါင်းလှည့်စေရန် ခပ်ဖြေးဖြေး လူက ကပ်ပေးလိုက် လုပ်ယူသည်။

ဤကဲ့သို့ စိတ်ရှည်လက်ရှည် အအေးဖမ်းဖမ်းမှ ကြက်မကြီးက ပိုက်ရှေ့ကို ဇောင်းငမ်းဇောင်းငမ်းဖြင့် ရောက်လာသည်။ ရှေ့ကိုကြည့်သောအခါ သူ့ကို ထောင်ဖမ်းမည့်ပိုက်ဟု သိသွားပြီး တစ်ချက်တွေကာ ခေတ္တကြောင်ကြည့်နေသည်။

“ကိုကြီးတော ငပိုက် … ဒုန်းခြောက်၊ ခုနေ ဒုန်းခြောက်၊ နောက်ပြန်လှန် အန်ထွက်တော့မှာ”

ကိုခင်မောင်တင့်က စတင်သတိပေးလာသဖြင့် ငတောရော ငပိုက်ပါ ပိုက်ဝရပ်နေသည့် ကြက်ပြာမကို ဒုန်းခြောက်၊ ဒုန်းသွင်းသကဲ့သို့ ရှေ့တိုးလက်ရ ဖမ်းဆီးရန် ရင်ပေါင်တန်းတက်သည်။ ခရုခါးတောင်းကျိုက်ဖမ်းလုပ်လာသော ငပိုက်တို့အဖွဲ့ သူ့အနီး ရောက်သည်နှင့် တစ်ပြိုင်နက် လူ့လက်ခုပ်တစ်ဖောင်ခန့်မြင့်သည့် ပိုက်ကို ကြက်မကြီးက လွှားကနဲ လန့်ခုန် ခုန်သည်။ လန့်ခုန်ခုန်ရာမှ အားလွန်ပြီး အာဖရိက သားစားငါးခူများမွေးထားရာ ကန်ထဲသို့ ဗွမ်းကနဲ ဂျွမ်းစိုက်ကျသွားသည်။

ကြက်ဟူသည် အတောင်ရေစိုက ချက်ခြင်း ပျံသန်းနိုင်သော အကောင်မဟုတ်။ ရေကူး၍ ရေပေါ်တက်၊ အတောင်နေလှန်း၊ အတောင်ခြောက်မှ ပျံသန်းနိုင်သည်။

ကြက်ပြာမကြီးမှာ မပျံသန်းနိုင်တော့ဘဲ ရေကူးကာ ကမ်းပေါ်တက်လာမည်မို့ လက်ရစောင့်ဖမ်းရန် ငတော၊ငပိုက်နှင့် ကိုခင်မောင်တင့်တို့ ကြက်ဖမ်းပိုက်ပတ်ကာ ကြက်မကြီး ရေထဲကျသွားရာ ကန်ဆီ ဒုန်းပြေးကြသည်။

“ဟာ “

“ဟင်”

“ဟယ်”

ငပိုက်နှင့် ကိုခင်မောင်တင့်ရော ငတောပါ ဟာကနဲ၊ ဟင်ကနဲ ဟယ်ကနဲ ဖြစ်သွားရသည်အထိ ကန်တွင်းမြင်ကွင်းက ထူးထူးခြားခြား။

ကြက်ပြာမကြီးကို အာဖရိကသားစားငါးခူများက သမင် မသေမရှင်ကို တောခွေးတစ်အုပ်တို့က သူဦးငါဦး ဝိုင်းဝန်းလုယက် အမဲဖျက်နေသကဲ့သို့ သူ့ထက်ငါဦး ဝိုင်းဝန်းကိုက်ခဲကာ ရေအောက်သို့ ဆွဲယူသွားသည်။

မိရာနေရာ၊ မိရာအသားကို လုယက်စားသောက်ရာမှ ကြက်မကြီး အစိတ်စိတ် အမြွှာမြွှာ အပိုင်းပိုင်းဖြစ်သွားပြီး ကြက်အမွှေးများ၊ ကြက်အတောင်များ ရေပေါ် အနှံ့အပြား ပေါ်ထွက်လာသည်။ ကန်အတွင်း၌ အသားစားဗဒူတို့ ခြေကျွံကျလာသော တောဝက်ကို စုပြုံဝိုင်းအုံစားသကဲ့သို့ တဝုန်းဝုန်း တဗြုန်း ဗြုန်း ဆူဆူညံညံ။

ငတောရော၊ ကိုခင်မောင်တင့်ပါ လုံးဝ မျှော်လင့်မထားသော ဖြစ်ရပ်ဆန်းကို ကိုယ်တိုင်ကြုံတွေ့လာ၍ တအံ့တသြဖြစ်နေသကဲ့သို့ မှင်သက်မိလျက် ငေးငေးကြောင်ကြောင်။

ကန်ပိုင်ရှင်ငပိုက်အဖို့ ကြက်သည်းဖျန်းဖျန်းထသကဲ့သို့ ရင်တခုန်ခုန်၊ အသဲတယားယား။

ငပိုက်ရှိစဉ်က သူ့ဘဲလေးများကို ငယ်သေး၍ လေစိမ်းတိုက်မှာ၊ အအေးပတ်မှာ၊ ကြောင်၊ ခွေး၊ စွန်၊ သိမ်းတို့ တွေ့မှာ စိုးရိမ်၍ ခြံထဲမှမလွှတ်ခဲ့။

သူ အလှူသွားနေ၍ မရှိခိုက် ခင်ကြူးက လွှတ်နေကြ ထင်၍ ဘဲခြံကို ဖွင့်လွှတ်ခဲ့မည်။ ဘဲတို့၏ သဘောသဘာဝအရ ရေကန်ထဲ ရေဆင်းကူးရာမှ တစ်ကောင်မကျန် ငါးခူစားခံရခြင်း ဖြစ်လိမ့်မည်။

ခွေးလေးငကျားလည်း သုံးလသားကျော် ခွေးပေါက်စနလေးဖြစ်ရာ လူဖမ်းသွား၊ အပြင်ထွက်ရာက မျက်စိလည်၍ အဝေးရောက်မသွားဘဲ ကန်ထဲလိမ့်ကျ သို့မဟုတ် ရေဆင်းကူးပါက ခွေးငကျားအရွယ်လောက်ကိုဖြင့် ငါးခူများက စားပစ်နိုင်သည်။

ထိုငါးခူကို ဆက်မွေးမြူထားပါက သူ ကျောပိုး မြွေပွေး ကြေးတိုးမွေး ဖြစ်လိမ့်မည်။

သားစားကျုးဘီလူးမှန်း လက်တွေ့ မြင်သိလျက်နှင့် ငပိုက် ဆက်မထားလိုတော့။

ရေစုပ်ထုတ်ပစ်၊ ကိုကြီးတော အကူအညီခေါ် ဖမ်းရောင်း၊ ကန်အခြောက်လှန်း၊ နောက်နှစ်မှ ရေသွင်းမည်။

“ကိုကြီးတော၊ မနက်ဖြန်မှာ ကျုပ်ကို အကူအညီတစ်ခုပေးပါ၊ နေ့တွက်ပေးပါ့မယ်”

“ပြောလေ ငပိုက်။ ငါကူနိုင်တာဆို ကူပါ့မယ်”

“မနက်ဖြန် ငါးခူတွေကို ရေစုပ်ထုတ်ပစ် ဖမ်းရောင်းမယ်၊ အဲဒါ ကူပြီး ဖမ်းပေးလှည့်ပါ”

“ရပါတယ်၊ ပိုက်ဆံပေးပေး မပေးပေး၊ မင်းရင်ထဲက ခံစားချက် ငါ နားလည်ပါတယ်၊ လာခဲ့မယ်”

နောက်တနေ့မနက်တွင် ရေစုပ်ထုတ်ပစ်ပြီး ငတော အကူအညီဖြင့် အာဖရိကသားစားငါးခူများကို ငပိုက် ဖမ်းခဲ့သည်။

အကောင်ရေနှစ်ရာ ဝယ်လွှတ်ထားခဲ့သော်လည်း ဖမ်းချိန်၌ အကောင်ငါးဆယ်ကျော်မျှသာ ကျန် တော့သည်။

ခွေးလေးငကျား၏ ဦးခေါင်းခွံနှင့် အရိုးများကိုလည်း ကန်အတွင်းမှ တွေ့ခဲ့ရသည်။ ကြက်မကြီးအရိုးစုကိုလည်း ကန်အတွင်းမှ တွေ့ ခဲ့ရသည်။

ထိုမျှ သားစားကျူးသော အာဖရိကအသားစားငါးခူတို့ကို မွေးမြူထားရာကန်အတွင်းမှ အကြောင်းကြောင်းကြောင့် လွတ်၍ ရေမြောင်းထဲရောက်၊ မြောင်းထဲမှ ကန်၊ ချောင်း၊ မြစ်ထဲ ရောက်သွားက ငပိုက်သည် ဆက်မတွေးဝံ့ပဲ ရင်ထဲတလှပ်လှပ်။

ငါးဖောက်သည်လာ၊ မချိန်မတွယ်သေးမီ စဥ့်အင်တုံကြီးနှစ်လုံးထဲ ရေထည့်၍ ငါးမသေစေရန် ငပိုက်တို့ အရေးပေါ်ထည့် ခေတ္တလှောင်ခဲ့သည်။

ဒဏ်ရာရ အသားပဲ့ အရေစုတ် သွေးပန်းထွက်သည်အထိ ဖမ်းဆီးရာ၌ ထိခိုက်ပွန်းပဲ့စုတ်ကျေနေသည့် ငါးခူတို့အား သွေးနံ့ အသားနံ့ အရေနံ့ ရသော အခြားအကောင်များက ဝိုင်းအုံစုပြုံကိုက်ခဲနေသည်။

သာမန်ဒဏ်ရာရ ငါးခူများကလည်း ဇာက်စင်း အသေမခံ။ အားအားချင်း၊ သွားသွားချင်း၊ ကိုယ်လုံးကိုယ်လုံးချင်း ပြန်ရိုက်၊ ပြန်ကိုက်၊ ပြန်တိုက်ရာ စဥ့်အင်တုံကြီးနှစ်လုံးအတွင်း တဗွမ်းဗွမ်း တစွမ်းစွမ်း။

“ငပိုက်”

“ဗျာ ကိုကြီးတော”

“သားစဉ်မြေးဆက် မှာခဲ့ပါကွာ၊ နောက်များ ဒီလိုငါးမျိုး ဘယ်တော့မှ မမွေးနဲ့လို့၊ လွန် .. လွန်လွန်း”

(မှတ်ချက်။ အာဖရိကသားစားငါးခူမွေးမြူခြင်းကို သက်ဆိုင်ရာက တရားဝင် တားမြစ်ချက်)၌ ဘီလူးကြီးသည် သန်လျက်မကိုင်၊ ဓားမကိုင် လှံမထမ်း တင်းပုတ်ကြီးကိုထမ်းကာ ပလ္လင်ပေါ်မထုတ်မီက ဖြစ်ရပ်ကို အခြေခံပါသည်။)

– ပြီး –

စာရေးသူ – တွင်းကြီးဝမ်းမောင်