မြေလတ်မင်းလွင်
ငါးယောင်ပြန်ချိန်
တပေါင်းနေသည် ရွက်ဟောင်းတွေကို ခြွေချပစ်၏။ အဟောင်းတို့နေရာတွင်ကား အသစ်များ အစားထိုး၍ ဖြိုးဖြိုးလှလှ၊ ကြွကြွတက်တက်၊ မက်မက်မင်မင်၊ လျင်လျင်လျားလျား၊ ကြွားကြွားဝင့်ဝင့်နှင့် တင့်တယ်ချင်တိုင်း တင့်တယ်နေကြပါ၏။
အသစ်အသစ်သော အရွက်တို့သည် ပုရစ်မှ ရွှေရောင်၊ ရွှေရောင်မှ စိမ်းရွှင်၍ တောတစ်ခွင်လုံး သာယာနေကြတော့သည်။ မြန်မာတို့၏ ဆယ့်နှစ်လအစဉ်တွင် တပေါင်းလသည် နောက်ဆုံးလဖြစ်သလို မြိုင်တစ်ခွင်တောလည်း သာမောစုံညီ နတ်ပန်းချီသို့ စုံညီဆေးချက် ရွှေရောင်စွက်၍ နှစ်သက်ဖွယ်ရာ သာယာချင်တိုင်း သာယာနေတော့သည်။
ထို့ကြောင့် “တပေါင်းသာခေါင် လများနောင်” သာယာသည့်နေရာတွင် ထိပ်ခေါင်တင်ရသည့်လဟု ရှေးလူကြီးများ ဆိုရိုးထားခဲ့ကြသည်။
တပေါင်းသည် သာယာသည့်နေရာတွင် စာဖွဲ့ကြရသလို အပူကြမ်း၍ အချမ်းလွန်သည့်နေရာတွင်လည်း “နေ့ပူလို့ ညချမ်း၊ တပေါင်းလသရမ်း” ဟု ဆိုရိုးပြုခဲ့ကြပြန်သည်။
မည်သို့ပင်ဆိုစေ ညိုဝင်းတို့လို ရေလုပ်သားများအတွက် ငါးထောင်ငါးဖမ်း၍ ကောင်းသောလဖြစ်သည်ကိုတော့ တံငါတိုင်း မှတ်ယူထားကြသည်။
မှန်သည် ရေလုပ်သားများအတွက် စက်တင်ဘာလ သို့မဟုတ် ဝါခေါင်၊ တော်သလင်းလများမှ စ၍ ငါးဖမ်းခြင်းအလုပ်ကို စတင်လုပ်ကိုင်ကြသည်။
ယင်းသို့ ထောင်ရသည့် ဝါခေါင်၊ တော်သလင်းသည် မိုးအောက်လေအောက်ရောက်နေ၍ မှန်းသလောက်ခရီးပေါက်သည်ရှိသလို မပေါက်သည်လည်း ရှိသည်။ သီတင်းကျွတ်၊ တန်ဆောင်မုန်းလများသည် မိုးလေကင်းပြီဟု ထင်ရသော်လည်း မိုးကိုလွန်၍ ဆောင်းကို ပြောင်းပေးမည့် ဆောင်းပြောင်းမိုး သို့မဟုတ် အရှေ့မိုး၊ အရှေ့လေကို ကြောက်နေရသေးသည်။
အရှေ့မိုး အရှေ့လေ နှိပ်စက်မှုကြောင့် အချို့ရေလုပ်သားများသည် ပင်လယ်ထဲတွင် ဆုံးပါး၍ အချို့ရေလုပ်သားများမှာ အိန္ဒိယပြည် ကာလကတ္တားသို့တိုင်အောင် မျောပါကုန်ကြတော့သည်။ ထို့ကြောင့် ရေလုပ်သားတို့သည် ငါးမဖမ်းနိုင်ကြ။ ကျီးလန့်စာ စားသဘောမျိုးသာ ငါးဖမ်းနေကြရသည်။
နတ်တော်၊ ပြာသို၊ တပို့တွဲလများသည် လေသာ ရေသာ၍ မိုးကင်းသောလများ ဖြစ်သည်ကား မှန်၏။ သို့သော် လေသာ ရေသာ၍ မိုးကင်းသလောက် ပင်လယ်သားငါးတို့သည်လည်း ရေနက်ပိုင်းသို့ သွားရောက်ကျက်စားကာ မြူးထူးပျော်ပါးနေကြတော့သည်။
ကမ်းနီးတွင် ငါးဖမ်းသူတို့မှာကား ရေစီးသာသည့် ရေတိမ်ရာသို့ လာ၍ သားပေါက် သားမွေးနေကြသည့် ငါးရောင်း၊ ကဘီလူး၊ ကဘလဲစသော ငါးများသာရှိ၍ ယင်းတို့ကိုသာရကြသည်။
သားကြီးငါးကြီး၊ သားကောင်းငါးကောင်းလိုချင် ပါက ရေနက်ရာ ကမ်းဝေးသို့ သွားရောက်ဖမ်းဆီးမှသာ ရနိုင်သည်။
တပေါင်းလကား မျှင်ကောင် (ဂွေးကောင်) လေးများ ပေါက်ဖွားသောလဖြစ်၍ ကမ်းဝေးသွား၍ ငါးဖမ်း စရာ မလိုပေ။
လက်လံ ခြောက်လံ၊ ခုနစ်လံ (၂၄ တောင်မှ အတောင် ၃၀) အတွင်း၌ ဖမ်းကြရုံသာ ရှိသည်။ ထို့ကြောင့် တပေါင်းလသည် သဘာဝအားဖြင့် သာယာသောလဖြစ်သလို တံငါများအတွက်လည်း အဆင်ပြေသောလဖြစ်သည်။
ညိုဝင်းတို့အဖွဲ့သည် အတောင် ၂ဝ ကျော် ၃ဝ ခန့် နက်မည့် ကမ်းနှင့် မနီးမဝေးနေရာတွင် ကျားပိုက်များကား၍ ငါးထောင်နေကြသည်။ ပြီးခဲ့သည့်လများက ကမ်းဝေးရေနက်ပိုင်းသို့ သွား၍ သားငါးဖမ်းရသည်နှင့်စာလျှင် ယခုနေရာတွင် ပိုက်ကားငါးဖမ်းရသည်မှာ အလွန်ပင် သက်သောင့်သက်သာ ရှိလှသည်။
ဤလ ဤရာသီမျိုးတွင် ဤနေရာမျိုး၌ ငါးထောင် နေခြင်းကို ပင်လယ်သားများက “ခြင်ထောင်ထဲမှာ ငါးထောင်သည်” ဟု ဆိုကြသည်။ အဓိပ္ပာယ်မှာ လှိုင်းသာ၊ လေသာ၊ ရေသာရှိလှသော ဤရာသီ၊ ဤနေရာမျိုးတွင် ငါးထောင်ရသည်မှာ မိမိအိမ်မှ ခြင်ထောင်ထဲတွင် နေရသည်နှင့် မထူးသောကြောင့် “ခြင်ထောင်ထဲမှာ ငါးထောင်သည်” ဟု ပြောခြင်း ဖြစ်သည်။
“တင်ဝင်းရေ ထိုးဝါးတွေကို လိုက်မြှုပ်လိုက်ဦးဟေ့။ အပေါ်ကနေ နာနာဖိထားကွ။ တို့တစ်တွေ ကမ်းဝေးမှာ ငါးသွားဖမ်းနေတော့ ထိုးဝါးတွေရော၊ ကွင်းတွေပါ ခြောက်သယောင်းနေပြီကွ။ မြေကြီးထဲ ထိုးသွင်းရတာ သိပ်အထာမကျချင်ဘူး။ ညိုကြီးတို့ သန်းစိုးတို့လည်း လိုက်ပြီး ဖိထားကြဟေ့။ ကျော်လှိုင်ကတော့ စက်လှေကို နည်းနည်းချင်းလိုက်ပြီး ရွှေ့ပေးပေါ့ကွာ”
“ဟုတ်ကဲ့ အစ်ကို … ဟုတ်ကဲ့ … ဟုတ်ကဲ့”
ညိုဝင်းသည် သူကိုယ်တိုင်က ထိုးတံဝါးများအား လိုက်ဖိနေသလို အဖွဲ့သားများကိုလည်း တိုက်တွန်းနှိုးဆော်ကာ စေခိုင်းနေ၏။ ပိုက်များ၊ ထိုးတံဝါးများ၊ ကွင်းများသည် ဤရေမှစချရသည်မို့ အထူးဂရုစိုက်နေရ၏။
ယင်းသို့ ဂရုတစိုက်လိုက်၍ မဖိပါက ထိုးတံဝါးများ၊ ကွင်းများ ကြွထလာကြကာ သားငါးတို့သည် ပိုက်အောက်မှ ဝင်သွားကြ၍ လွတ်သွားကြရုံသာ ရှိတော့သည်။
ယင်းသို့သာ သားငါးမမိပါက လုပ်သမျှ အချည်းနှီးဖြစ်ရုံမျှမက စရိတ်ပါ ထပ်ရှုံးသွားနိုင်သည်။
ထို့ကြောင့် ဦးစီးဖြစ်သည့် ညိုဝင်းက ကွင်းသစ် ပိုက်သစ် ထိုးတံဝါးအသစ်လိုမျိုးဖြစ်နေသော ငါးဖမ်းကိရိယာများကို သေချာစွာ ဂရုစိုက်နေခြင်း ဖြစ်သည်။
“အစ်ကိုရေ … ဒီထိုးတံဝါးက ဖိမြှုပ်လို့ကို မရဘူးဖြစ်နေတယ်။ လာကြည့်ပေးစမ်းပါဦးဗျာ”
သန်းစိုးက ထိုးတံဝါးကို ထိုးမြှုပ်ရင်းမှ စိတ်ပျက်စွာ လှမ်းပြောနေ၏။
“သန်းစိုးရေ အခုထိုးနေတဲ့နေရာက မရရင် အတွင်းကို တစ်ထွာလောက်ရွှေ့ပြီး ထိုးကြည့်ပါလားကွ။ မင်းဟာကလည်း ဒီတစ်နေရာဆို တစ်နေရာတည်း လုပ်နေလို့ မဖြစ်ဘူးလေကွာ”
“မသိဘူးလေဗျာ။ ထိုးတံဝါးဆိုတာ အထောင်တိုင်အခြေမှာပဲ ထိုးရမယ်ထင်နေတာ အစ်ကိုရ”
“ကောင်းတာကတော့ ထိုးတံဝါးဟာ အထောင်တိုင် အခြေမှာပဲစိုက်တာ အကောင်းဆုံးပေါ့ကွာ။ ဒါပေမဲ့ အခြေအနေမပေးတဲ့အခါတော့လည်း တစ်ထွာတစ်မိုက် ခွာပြီး ထိုးရတော့မှာပေါ့။ အဲဒီလောက် ခွာထားရုံနဲ့တော့ ငါးဖမ်းရာမှာ သိပ်ပြီး အနှောင့်အယှက်မဖြစ်နိုင်ဘူးကွာ”
“ဟုတ်ကဲ့ပါဗျာ။ ဒါဆိုလည်း မှတ်ထားပါ့မယ်”
သန်းစိုးသည် ချက်ချင်းပင် ထိုးဝါးကို နုတ်ကာ ရွှေ့ရန်ပြင်ဆင်နေ၏။ ထိုစဉ် ညိုဝင်းက လှမ်းအော်ပြောလိုက်၏။
“ဟေ့ကောင် သန်းစိုး”
“ဗျာ အစ်ကို့”
သန်းစိုးသည် မိမိနုတ်နေသည့် ထိုးဝါးကို ကိုင်လျက် ညိုဝင်းထံ ကြည့်နေ၏။
“ပိုက်ထောင်ပြီးသား ထိုးတံဝါးကို … အို နေပါဦးကွာ။ ငါလာပါ့မယ်”
ညိုဝင်းသည် ပြောပြောဆိုဆိုနှင့် သန်းစိုးထံသွား၏။ ရောက်သည်နှင့် သန်းစိုးကိုင်ထားသည့် ထိုးတံဝါးကို ကိုင်လိုက်၏။
“ဒီလိုကွ သန်းစိုးရ။ ငါလုပ်ပြမယ် မှတ်ထား။ ပိုက်ထောင်ပြီးသား ထိုးတံဝါးဆိုတာ လွတ်လွတ်ကျွတ်ကျွတ်ကြီး ဆွဲနုတ်မပစ်ရဘူး။ ဟောဒီလိုဆွဲပြီး မြေကြီးနဲ့ မလွတ်တလွတ်ကလေး မှေးထားရတယ်။ ပြီးမှ ကိုယ်လိုချင်တဲ့အနေအထား တစ်ထွာတစ်မိုက်ခန့်ကို အသာလေးရွှေ့ပြီး ဒီလို ထိုးစိုက်လိုက်ရတယ်ကွ”
ညိုဝင်းသည် ပါးစပ်က ပြောနေသလို လက်ကလည်း ထိုးတံဝါး ထိုးပုံ၊ ပြန်ရွှေ့ပုံတို့ကို လက်တွေ့ပြသနေ၏။ ထိုစဉ် သန်းစိုးက မေးလာ၏။
“အစ်ကိုရေ … ကျွန်တော်မသိလို့ တစ်ခုလောက် မေးချင်တယ်ဗျာ”
“ဘာမေးချင်လို့လည်း သန်းစိုးရာ မေးစမ်းပါဦး”
“တခြားတော့ မဟုတ်ပါဘူး အစ်ကိုရာ။ ခုနပြောတဲ့ထဲမှာ ထိုးတံဝါးကို နုတ်တဲ့အခါ မြေကြီးနဲ့ မခွာရဘူးဆို”
“ဟုတ်တယ်လေ သန်းစိုးရာ”
“မြေကြီးနဲ့ခွာရင် ဘာဖြစ်တတ်သလဲ အစ်ကို”
“ထိုးတံဝါးကို မြေကြီးက ခွာလိုက်တာနဲ့ တို့ကာထားတဲ့ ပိုက်ကလည်း မြေကြီးက ကွာသွားတာပဲ။ ပိုက် မြေကြီးက ကွာနေတဲ့အချိန်မှာ ရေက တောက်လျှောက်စီးဝင်နေတော့ ပိုက်က မြေကြီးကို ပြန်မကပ်တော့ဘူး။ ပိုက်က မြေကြီးကို ပြန်မကပ်တာနဲ့ ဝင်လာတဲ့သားငါးတွေဟာ ပိုက်အောက်က ရေစီးအတိုင်း ပါကုန်တော့ တို့ထောင်တာ အလကားပေါ့ကွာ”
“ဒါဆိုရင် ကျွန်တော်တို့ စပြီး ပိုက်ချချိန်ကရော၊ ချတဲ့ ပိုက်တွေဟာ မြေကြီးနဲ့ ကွာနေတာတို့ ဟနေတာတို့ မဖြစ်နိုင်ဘူးလားဗျာ’
“ဪ ဒါလား။ မင်းကတော့ အ,စရာမရှိ၊ ငှားအ, နေပြီနဲ့တူပါတယ် သန်းစိုးရာ”
“ဘာကို ဆိုလိုတာလဲ အစ်ကို”
“တို့ ပိုက်ချစက ပိုက်အောက်စပ်က မြေကြီးနဲ့ ကွာတာတို့ ဟတာတို့ ဖြစ်ရအောင် ရေကရော စီးသေးလို့လားကွာ”
“ရေစစ်ဆိုတာတော့ မစီးဘူးလေ အစ်ကို”
“ရေမှ မစီးရင် တို့ထောင်တဲ့ပိုက်တွေ တို့ထားချင်တဲ့ နေရာထား၊ တို့ကားချင်တဲ့နေရာ ကား၊ တို့ထောင်ချင်တဲ့နေရာ ထောင်လို့ရတာပေါ့။ တို့ပိုက်တွေ ဘယ်ကိုမှ ရွှေ့စရာမလိုတော့ဘူးဆိုတာ သဘောပေါက်စမ်းပါ သန်းစိုးရာ”
“ဟုတ်ပြီဗျို့ အခုမှ ကျွန်တော် သဘောပေါက်တော့တယ်။ ဒါကြောင့် ကျွန်တော်တို့ ပိုက်ချတိုင်း ပိုက်ကားတိုင်း ရေမစီးတော့တဲ့အချိန်တွေဖြစ်တဲ့ ရေစစ်ချိန် ဖြစ်ရင်ဖြစ်၊ ရေစစ်ချိန်မဟုတ်ရင် ရေပြည့်ချိန်ဖြစ်နေတာကိုးဗျ။ အဲဒီလို အချိန်တွေမှာလည်း ရေက မစီးဘဲနေတော့ ပိုက်တွေကို ကိုယ်ကားချင်သလိုကား၊ ကိုယ်ထားချင်သလိုထားနိုင်တာပေါ့နော် အစ်ကို ညိုဝင်း”
“ဒါပေါ့ သန်းစိုးရာ။ ပိုက်ချတယ် ပိုက်ကားတယ်ဆိုတာ ပိုက်တွေကို လိုသလိုလုပ်လို့ရတဲ့ ရေစစ် သို့မဟုတ် ရေပြည့်တွေကို လုပ်မှ ပိုက်တွေ၊ ထိုးတံဝါးတွေဟာ ကိုယ်ထားသလို နေတာကတစ်ကြောင်း၊ နောက်တစ်ခုက သားငါးတွေကလည်း ရေမစီးရင် မသွားမလာကြဘူးကွာ။ ဒီတော့ တို့ပိုက်ချ၊ ပိုက်ကား၊ ထိုးတံဝါးတွေ ထိုးနေခြင်းကြောင့် လန့်ဖျပ်ပြီး ပြေးစရာလည်း အကြောင်းမရှိဘူးပေါ့ကွာ။ ဒါကြောင့် ရေငြိမ် ချိန်ဖြစ်တဲ့ ရေစစ် သို့မဟုတ် ရေပြည့်တန်းကို ရွေးပြီး ပိုက်ကားကြတာကွ”
“ဟာ . . . ကျွန်တော်လည်း မမေးသာ မမေးမိတာ။ အဲဒီလောက်ထိအောင်တော့ သဘောမပေါက်ဘူး အစ်ကိုရေ။ အခု အစ်ကို ပြောပြမှပဲ စိတ်ထဲမှာ ရှင်းရှင်းလင်းလင်း သဘောပေါက်သွားတော့တယ်ဗျာ’
“ဟုတ်တယ်ဗျို့ ကျွန်တော်လည်း အခုမှပဲ ရှင်းသွားတော့တာဗျ”
ညိုကြီးနှင့် တင်ဝင်းတို့က ညိုဝင်းစကားကို ထောက်ခံသည့်သဘောဖြင့် ဝင်ပြောနေကြခြင်း ဖြစ်၏။ အဖွဲ့သားအားလုံးတို့သည် စကားတပြောပြောနှင့် ထိုးတံဝါးများကို လိုက်၍ ဖိခြင်း၊ တန်းကြိုးများ ခိုင် မခိုင် စမ်းသပ်ခြင်း၊ အထောင်တိုင်များကို တန်းကြိုးများဖြင့် ထိန်း၍ အကွာအဝေးလိုက်ညှိပေးခြင်း စသည်များကို ဂရုတစိုက်လုပ်နေကြ၏။
ယင်းသို့ လိုက်လံလုပ်ကိုင်နေကြစဉ်မှာပင် ပိုက်များသည် တစ်စွန်းတစ်စ ပေါ်လာကြ၏။ ယင်းသို့ တစ်စွန်းတစ်စပေါ် လာခြင်းသည် ပိုက်များ ဖော်ရတော့မည်ဟူသော သင်္ကေတပင် ဖြစ်သည်။
ပိုက်အိတ်များပါ ပေါ်လာပါက ပိုက်များဖော်ရုံသာရှိတော့သည်။ ထို့ကြောင့် ညိုဝင်းက အဖွဲ့သားများအား သတိပေးဆော်ဩလိုက်၏။
“ကဲ ညိုကြီးတို့ သန်းစိုးတို့ရေ ၊ တို့အဖွဲ့ သားတွေ အဆင်သင့်ဖြစ်နေပေ့စေနော်။ ခဏနေရင် ပိုက်ဖော်ကြရတော့မယ်ကွ”
“ဟုတ်ကဲ့ … ဟုတ်ကဲ့”
အဖွဲ့သားအားလုံးတို့၏ အသံမှာ ပြိုင်တူလိုလို ထွက်ပေါ် လာကြ၏။
စည်းလုံးခြင်း၊ ညီညွတ်ခြင်း၊ ရေသာမခိုခြင်း၊ အားတိုက်အင်တိုက်ရှိခြင်း စသော စွမ်းရည်များဖြင့် ပေါင်းစပ်ပေါင်းစပ် လုပ်ကိုင်ကြရသော ရေလုပ်သားတို့၏ဘဝသည် အမြဲတမ်းပင် လန်းဆန်းတက်ကြွ နေကြတော့သည်။
ရေပြည့်လာသည်နှင့် ပိုက်များအားလုံး ရေပေါ်သို့ ပေါ်လာကြသည်မှာ ကျွဲအုပ်ကြီးရေကူးနေသည်နှင့်ပင် တူလှပါ၏။ ညိုဝင်းတို့အဖွဲ့သားများသည် ပိုက်များကို တက်ညီလက်ညီ ဆွဲယူမ,တင်လျက် သားငါးများကို စက်လှေဝမ်းထဲသို့ သွန်လောင်းကာ ဖော်ပြီးသားပိုက်များကိုလည်း ပြန်၍ကားခဲ့ကြ၏။
မ,သူမ၊ ဆွဲသူဆွဲ၊ တင်သူတင်၊ လောင်းသူလောင်း၊ ပြန်၍ ပိုက်ကားသူပိုက်ကား၊ ထိုးတံဝါး စိုက်သူစိုက်နှင့် သိုက်သိုက်မြိုက်မြိုက် ရှိလှပါ၏။ ရေလုပ်သားတို့သည် ပိုက်ထောင်ထားစဉ်တွင် နားနေကြရသော်လည်း ပိုက်ဖော် ပိုက်ကားသည့်အခါတွင်ကား အင်တိုက်အားတိုက်လုပ်ကြရသောကြောင့် မသက်သာလှ။
စက်လှေဝမ်းထဲတွင်ကား ဖွေးဖွေးဥဥ နုနုခက်ခက် ရှိလှသည့် မျှင်များနှင့် တစ်ပိဿာဝန်းကျင်ခန့် ငါးယောင်များသာ ရှိကြပါ၏။ ပိုက်များအားလုံး ဖော်ပြီးသွားသောအခါ မျှင်နှင့် ငါးယောင် နှစ်ရပ်ပေါင်းလျှင် ကုန်ပိဿာချိန် နှစ်ထောင်ကျော်လောက် ရှိသွားပြီဖြစ်၍ စက်လှေသည်လည်း ဖောင်းရစ်နီးပါးခန့်အထိ လေးသွားတော့သည်။
ညိုဝင်းသည် ပြန်ကား၍ပြီးသွားသော ပိုက်များ၏ တစ်ဖက်တစ်ချက်စီတွင် ထိုးထားသည့် ထိုးတံဝါးများကို စမ်းသပ်ထိုးသွင်းနေ၏။ စောစောကထောင်ခဲ့သည့် ရေနှင့်စာလျှင် ထိုးတံဝါးများမှာ အထိုက်အလျောက် အသားကျနေကြ၏။ သို့နှင့် ညိုဝင်းသည် သန်းစိုးဘက်သို့ လှည့်၍ ပြောလိုက်၏။
“သန်းစိုးရေ စက်နှိုးတော့ဟေ့။ ကျော်လှိုင် တက်မကိုင်ကွာ။ စက်လှေ လေးနေပြီဟေ့။ ကုန်တွေ အိမ်ပြန်ပို့လိုက်ကြဦးစို့ရဲ့”
ညိုဝင်းပြောလိုက်သည်နှင့် သန်းစိုးသည် စက်ကိုကောက် (ဂေါက်) တပ်၍ လှည့်ချလိုက်၏။ စက်သည် သန်းစိုး၏လက်ချက်ကြောင့် တဒုန်းဒုန်း တဝုန်းဝုန်းမြည်ကာ နိုးထလာတော့သည်။
ညိုဝင်းသည် စက်လှေဦးနှင့် အထောင်တိုင်လွတ် သွားစေရန်အတွက် အသာအယာ တွန်းပေးလိုက်၏။ စက်လှေသည် အထောင်တိုင်နှင့် တဖြည်းဖြည်းဝေးသွားသောအခါ ကျော်လှိုင်သည် စက်ကို ဖြည်းဖြည်းတင်၍ မောင်းလိုက်၏။ ဝန်လေးနေခြင်းကြောင့် လမ်းကြောင်းမှန်ပေါ် မရောက်မချင်း ဖြည်းဖြည်းသာ မောင်းသင့်သည်,ဟု သိထားသည့် ကျော်လှိုင်သည် သင်္ကန်းကြီးရွာဆီသို့ ဦးတည်ကာ စက်လှေကို ဖြည်းဖြည်း ချင်းမောင်းနှင်နေ၏။
အတော်လေး အရှိန်ရ၍ စက်လှေလမ်းကြောင်း ဖြောင့်တန်းလာသောအခါတွင်မှ စက်ရှိန်ကို ဖြည်းဖြည်း ချင်းမြှင့်၍ မောင်းနှင်လိုက်တော့သည်။ ဝန်လေးနေသည့် စက်လှေသည် စက်တင်၍ မောင်းလိုက်သောအခါ ရေပြင်ကို စူးစူးရဲရဲ ထိုးခွဲ၍ ယက်ပန်းများ ဖြာထွက်လာ၏။
လေလည်းငြိမ်၊ လှိုင်းလည်းသာနေသောကြောင့် ကျော်လှိုင် မည်မျှ စက်ကို တင်မောင်းနေသော်လည်း အန္တရာယ်မရှိနိုင်,ဟု သိထားသော ညိုဝင်းသည် ကျော်လှိုင် စိတ်ကြိုက်တင်မောင်းနေသည်ကို လှေဦးမှထိုင်၍ အသာအယာပင် ကြည့်နေလိုက်တော့သည်။
“အစ်ကိုရေ မျှင်နဲ့ ငါးယောင်တွေကတော့ အားရစရာကြီးဗျနော်”
တင်ဝင်းက ထ,ပြောလိုက်ခြင်း ဖြစ်၏။ ထိုအခါ သန်းစိုးကပါ ထ,၍ ပြောလာပြန်၏။
“အားရစရာဆိုကွာ။ ဒီမျှင်နဲ့ ငါးရဲ့တန်ဖိုးကလည်း နည်းမှာမဟုတ်ဘူးကွ”
“ဘယ်နည်းမလဲကွာ။ အနည်းဆုံး ဆယ့်ငါးသိန်းကျော်ဖိုးလောက်တော့ ရှိမှာပဲကွ”
ညိုကြီးက ဝင်ပြောလိုက်ခြင်းဖြစ်၏။ ထို့နောက် တင်ဝင်းက ပြောလာပြန်၏။
“ဒီ ငါးယောင်တွေရဲ့ အရွယ်အစားကတော့ တစ်ညီတည်းပဲ ကိုညိုဝင်းရေ။ လုံးတူရွယ်တူဆိုက်တူအောင် ညှိများထားကြသလား အောက်မေ့ရတယ်ဗျ”
“ညှိထားသလားလို့ အောက်မေ့မနေနဲ့ တင်ဝင်းရေ။
ညှိကို ထားကြတာကွ”
ညိုဝင်း၏ အဖြေစကားကြောင့် အဖွဲ့သားအားလုံးမှာ အံ့ဩသည့် အမူအရာများဖြင့် ညိုဝင်းထံ အကြည့်ရောက်သွားကြ၏။ ထို့နောက် တင်ဝင်းကပင် စကားဆက်ပြန်၏။
“အစ်ကို ညိုဝင်းကလည်း ပေါက်ပေါက်ရှာရှာဗျာ။ ငါးတွေကိုများ ညှိထားရတယ်လို့ ကြားဘူးပါဘူးဗျာ။ ကဲ … ညှိထားတဲ့အကြောင်းလေးလည်း ပြောစမ်းပါဦး”
တင်ဝင်းသည် ညိုဝင်း၏ စကားကို နားမလည်ဟန်ဖြင့် ပြန်မေးနေ၏။
“ဒီလိုကွ တင်ဝင်းရဒီ ငါးယောင်ဆိုတဲ့ အမျိုးအစားဟာ မိုးတွင်းမှာတော့ ကမ်းဝေးဖြစ်တဲ့ ရေနက်ပိုင်းမှာ နေတာကွ။ တန်ဆောင်မုန်းလပြည့်ကျော်၊ နတ်တော်လဆန်းလောက်မှ ကမ်းနီးကမ်းစပ်ကို လာကြတာလေ”
“မိုးတွင်းတုန်းက ကမ်းဝေးရေနက်မှာနေပြီး ရေသာတဲ့ ဆောင်းကျမှ ဘာဖြစ်လို့ ကမ်းနီးလာရတာလဲ အစ်ကိုရ”
“သားငါးတွေမှာလည်း မိခင်မေတ္တာဆိုတာ ရှိတာပေါ့ကွာ”
“ကမ်းနီးလာတာနဲ့ မိခင်မေတ္တာနဲ့က ဘယ်လိုပတ်သက်နေလို့လဲ အစ်ကိုရ။ ကျွန်တော်ဖြင့် မရှင်းဘူး အစ်ကိုရာ။ ရှင်းအောင်ပြောပြစမ်းပါဦး”
“ဒီငါးယောင်တွေဟာ ဆောင်းရာသီဆိုရင် သားပေါက်ကြတယ်လေကွာ။ ရေနက်ထဲမှာ သားပေါက်ရင် သားကြီးငါးကြီးတွေက ပေါက်ကာစ ငါးယောင်ငယ်လေးတွေကို လိုက်စားတတ်ကြတယ်။ ငါးယောင်ငယ်တင် မဟုတ်ပါဘူးကွာ။ ရေထဲမှာတော့ နိုင်ရာစားပါပဲ။ ဒါကြောင့် အဲဒီလို သားကြီးငါးကြီးတွေရဲ့ရန်က လွတ်အောင်လို့ ကမ်းနီးကမ်းစပ်ကို ကပ်ပြီး သားပေါက်ကြတာကွ”
“အင်း … ငါးတိရစ္ဆာန်ဖြစ်ပေမယ့် ကိုယ့်သားသမီး ကိုတော့ အချစ်ကြသားပဲနော်”
ညိုကြီးက ဝင်ပြောလိုက်ခြင်း ဖြစ်၏။ ထိုအခါ သန်းစိုးကပါ ဝင်၍ ပြောလိုက်ပြန်၏။
“ငါးတွေကသာ အန္တရာယ်ကလွတ်မယ်ထင်လို့ ကမ်းစပ်ကိုလာပြီး သားပေါက်ကြတာ။ ကမ်းစပ်ကျတော့ သားကြီး ငါးကြီးအန္တရာယ်က လွတ်ပေမယ့်လူတွေရဲ့အန္တရာယ်နဲ့တော့ ကြုံရတော့တာပေါ့ဗျာနော်”
“အင်း … မင်းတို့ပြောတာလည်း မဆိုးပါဘူးကွာ။ သားကြီးငါးကြီးအန္တရာယ်က လွတ်ကြပေမယ့် လူတွေထောင်ထားတဲ့ ပိုက်ထဲမှာတော့ ကားခနဲမိကြရတာပေါ့ကွာ။ ဒါကြောင့် ပြာသိုလထဲ ကမ်းနီးမှာထောင်တဲ့ ပိုက်တန်းတွေမှာဆို ငါးယောင်ပေါက်ကလေးတွေကို ဖွေးနေတာပဲကွ”
“ဟုတ်ပြီ … ဟုတ်ပြီ အစ်ကို ညိုဝင်းရေ၊ ပြာသိုလ ချမ်းရတဲ့အထဲ ငါးယောင်ပေါက်ကလေးတွေရဲ့ ဆူးကို တက်နင်းမိလို့ အသည်းခိုက်အောင်နာခဲ့ရတဲ့ အတွေ့အထိကို အခုမှပဲ ပြန်ပြီး သတိရမြင်ယောင်လာတော့တယ်ဗျာ”
ညိုကြီးက ဝင်ပြောလိုက်ခြင်း ဖြစ်၏။ ထို့နောက် ညိုဝင်းက သူ့စကားကို ဆက်ပြန်၏။
“အဲဒီလို ကမ်းနီးမှာ သားပေါက်ကြတဲ့ ငါးယောင်ပေါက်လေးတွေဟာ တချို့လည်း ပိုက်ထဲပါပြီး သေကြရသလို တချို့လည်း တံငါရန်ကလွတ်ပြီး ကြီးပြင်းလာကြတာပေါ့ကွာ။ အခု တို့စက်လှေပေါ်မှာလာတဲ့ ငါးယောင်တွေဟာ ကမ်းနီးမှာ လာပေါက်ကြတဲ့ ငါးယောင်ပေါက်တွေပဲကွ”
“ဟင် … ငါးပေါက်တွေသာ ပြောတယ်။ တစ်ပိဿာ လောက်တောင်ရှိနေပြီဗျ အစ်ကိုရ”
သန်းစိုးက ဝင်ထောက်လိုက်ခြင်း ဖြစ်၏။
“ရှိတာပေါ့ကွာ။ ငါးဆိုတာ လွတ်လွတ်လပ်လပ်နဲ့ သူတို့ စားချင်တာ စားနေရရင် ကြီးလွယ်တာပဲ။ အခုလည်း ဒီငါးယောင်တွေဟာ ပိဿာစီးအရွယ်ရောက်လာကြတော့ ရေနက်ထဲကို ပြန်ဖို့ အုပ်လိုက်ဖွဲ့လာကြတာကွ။ ဒီကောင်တွေ အုပ်ဖွဲ့နေချိန်မှာ တို့ကားထားတဲ့ပိုက်နဲ့ လာမိသွားတာပဲကွ”
ညိုဝင်းသည် စကားကို ခေတ္တနား၍ ဆေးလိပ်တိုကို မီးညှိကာ ရှိုက်ဖွာနေ၏။ အဖွဲ့သားတို့မှာမူ ညိုဝင်း၏စကားကို စိတ်ပါဝင်စားစွာ စောင့်လင့်နားထောင်နေကြ၏။ သည်အချိန်တွင် သန်းစိုးက ဝင်၍ မေးလိုက်ပြန်၏။
“နေပါဦး … အစ်ကိုညိုဝင်းက ဒီငါးယောင်တွေဟာ ရေနက်ထဲကို ပြန်တယ်ဆိုတာ သေချာလို့လား။ ဘာဖြစ်လို့ ပြန်ကြတာလဲ အစ်ကိုရ”
“သေချာတာပေါ့ သန်းစိုးရာ။ ဒီငါးတွေဟာ အရွယ် ရောက်လာပြီဆိုတော့ ရေနက်ထဲမှာ ကြုံရမယ့် သားကြီးငါးကြီး အန္တရာယ်တွေလည်း ရှောင်နိုင်ပြီ။ ရေပိုးရေမွှားတွေကိုလည်း ရှာစားနိုင်ပြီ။ ဒါကြောင့် အုပ်ဖွဲ့ပြီး ရေနက်ထဲကို ပြန်ကြတာကွ။ မင်းတို့ သတိထားကြည့်ကြ။ ဒီလို တပေါင်းလနွေဦးပေါက်မှာ ငါးယောင်မိပြီဆိုရင် ဘယ်တော့မှ တစ်ကောင်နှစ်ကောင်တည်း မမိဘူး။ ဘယ်ပိုက်တန်းမှာပဲမိမိ အုပ်ဖွဲ့ပြီးနေတဲ့ သားငါးတွေကိုပဲ မိတာကွ။ ဒီရာသီဟာ ငါးယောင်တွေ အုပ်ဖွဲ့ပြီး ရေနက်ထဲ ပြန်တဲ့အချိန်လေကွာ။
ဒါကြောင့် ရှေးရှေးက တံငါကြီးတွေက ‘နွေဦးပေါက်ပြန် ငါးယောင်ပြန်’ လို့ ဆိုထားခဲ့ကြတာပေါ့ကွာ”
ညိုဝင်းသည် အဖွဲ့သားများအား စိတ်ရှည်လက်ရှည် ပြောပြနေ၏။ ညိုကြီးတို့အဖွဲ့သည်လည်း ညိုဝင်း၏စကားကို စိတ်ဝင်တစား နားထောင်မှတ်သားနေကြ၏။ ထိုအထဲမှ တင်ဝင်းက မိမိယူဆချက်တို့ကို ပြောပြလိုက်ပြန်၏။
“အစ်ကို ညိုဝင်းရေ၊ ကျွန်တော်လည်း ခုန အစ်ကိုပြောတဲ့ ‘နွေဦးပေါက်ပြန် ငါးယောင်ပြန်’ ဆိုတာ ကြားဖူးနေတာပဲဗျ။ ကျွန်တော်က အဲဒီစကားကို အစ်ကို့လို မယူဆဘဲ တစ်မျိုး ယူဆနေတာဗျ”
“မင်းက ဘယ်လိုယူဆနေလို့လဲ ပြောစမ်းပါဦး”
“ကျွန်တော်ယူဆတာက ‘နွေဦးပေါက်ပြန် ငါးရောင်ပြန်’ ဆိုတာ ငါးတွေဆီက အရောင်တွေ ထွက်လာတာ။ အဆီတွေတက်ပြီး အရောင်ပြန်လာတာလို့ ယူဆထားတာဗျ။
အခု အစ်ကို ပြောလိုက်မှပဲ ငါးယောင်တွေ ရေနက်ထဲ ပြန်တယ်ဆိုတာ သိရတော့တယ် အစ်ကိုရာ”
“အင်း မင်းအယူအဆကလည်း မမှန်ပေမယ့် သိပ်တော့ မဆိုးလှပါဘူးကွာ”
ထိုစဉ်တွင် ငြိမ်နေသည့် ညိုကြီးထံမှ စကားသံထွက်ပေါ် လာ၏။
“အင်း … အစ်ကိုက ငါးယောင်ပြန်ချိန်ဆိုတော့ ကျွန်တော်က ဟိုသီချင်းလေးတောင် သွားသတိရတယ် အစ်ကိုရာ”
“အင်း … ပြောစမ်းပါဦး ညိုကြီးရာ”
“ခင်ဝမ်းဆိုထားတဲ့ ‘ဆော်လမွန်ငါးတို့အပြန်’ ဆိုတဲ့
သီချင်းကိုလေဗျာ”
“ဒါဆိုလည်း တို့က သီချင်းတစ်မျိုး စပ်ကြသေးတာ ပေါ့ကွာ”
တင်ဝင်းက ဝင်ပြောလိုက်ရာ သန်းစိုးက ပြန်မေးလိုက်၏။
“ဘယ်လိုစပ်မှာလဲကွ တင်ဝင်းရ”
“ငါးယောင်အုပ်တို့ အပြန် လို့ စပ်လိုက်ရင် ကောင်းမလားလို့ကွ”
ညိုဝင်းတို့အဖွဲ့သားများသည် ရယ်ကာမောကာဖြင့် တက်ကြွနေကြ၏။
အနောက်ရမ်းလေသည်လည်း ဖြူးဖြူးဆော်သွေးနေ၏။ စက်လှေနောက်မှ အုပ်ဖွဲ့လိုက်ပါလာကြသော စင်ရော်လေးများသည် တစ်ကစ်ကစ် တစ်ကီကီဖြင့် အော်မြည်၍ ပင်လယ်တေးတို့ကို သီဆိုနေကြပါသည်။
ရေလုပ်သားတို့၏ ဘဝကား ကြုံသလိုမွေ့၊ တွေ့ သလိုလျော်၊ တော်သလိုလုပ်၍ စွမ်းအားများ ထုတ်နေကြလေပြီ။
အလုပ်ဟူက ဂုဏ်ရှိစွဟူသောစကားကို သရုပ်ပေါ်အောင် လုပ်ဆောင်နေကြသော ရေလုပ်သားတို့သည် ဂုဏ်အရှိဆုံးလူသားများပင် မဟုတ်ပါလားလေ ….။
– ပြီး –
စာရေးသူ – မြေလတ်မင်းလွင်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ