ငြိုးသူရန်ဘက်

Posted on

ငြိုးသူရန်ဘက်(စ/ဆုံး)
—————————
ကသပင်းရွာတွင် အပ်ချုပ်ဆိုင် တစ်ဆိုင်တည်းရှိသည်။ ဆိုင်ရှင်နာမည်ကား ဦးပုဖြစ်သည်။ ဆိုင်နာမည်ကား ရွှေစင်။ ဆိုင်နာမည်နှင့်တွဲကာ ခေါ်ကြသည်မှာ ရွှေစင်ဦးပု။

ဦးပု အပ်ချုပ်ဆိုင်သည် သူ့အိမ်ဝင်းထဲမှာပင်ရှိသည်။ အိမ်နှင့်တွဲနေသည်။ ရွာတွင် စပါးပေါ်ချိန် နှမ်းပေါ်ချိန် လောက်ဆိုလျှင် ဦးပုကို မျက်နှာချိုသွေးကြရသည်။ ထိုကာလတွင် မင်္ဂလာဆောင်၊ ရှင်ပြု၊ အလှူပေါသဖြင့် အဝတ်အစားတွေ အပြိုင်ချုပ်ကြချိန်ဖြစ်သည်။ ၁၉၇၀ ဝန်းကျင်ကာလတွင် ရွာလည်းဖြစ်ပြန်၊ မြို့နှင့်လည်း ဝေး သောကြောင့် အဝတ်အစားတွေကလည်း ပေါပေါများများမရှိ။ ထို့ကြောင့် ပပက တို့ သမဝါယမတို့က ပေးသော အဝတ်စလေးတွေကို မဲပေါက်ပြီဆိုလျှင် ဦးပုအပ်ချုပ်ဆိုင်ကို အပြိုင်အဆိုင်ရောက်လာကြပြီ။

ဦးပုကလည်း တစ်ဦးတည်းသော အပ်ချုပ်တတ်သူဖြစ်သောကြောင့် ဂုဏ်ဆာသည့်အပြင် အပေါက်လည်း ဆိုးသည်။ ရွာသားတွေမှာ မလွှဲမကင်းသာ ဦးပုကို ဆက်ဆံ ပြောဆိုနေရသော်လည်း လိုတစ်မျိုး၊ မလိုတစ်မျိုး ပိုက်ဆံလာပေးသူကို ဟောက်တတ်သောကြောင့် သည်းခံကာ ဆက်ဆံနေကြရရှာသည်။

ကသပင်း ရွာ မူလတန်းကျောင်းသို့ လက်ထောက်ဆရာအဖြစ် ကိုလှအောင်ဆိုသူ ရောက်လာသည်။ ဆရာကြီး ဦးဝင်းကိုအတွက် အားတက်ရသည်။ ကျေးလက်များသို့ ဆရာအရောက်နည်းနေချိန်တွင်ကိုလှအောင်ရောက် လာခြင်းမှာ ဆရာကြီးအတွက် အားဆေးဖြစ်သည်။ ထို့ကြောင့် ဆရာကြီးကိုယ်တိုင် ဆရာကိုလှအောင်ကို ကြိုဆိုကာ သူနေထိုင်ရာအိမ်တွင်ပင် နေရာပေးထားသည်။ တစ်နေ့

“ဆရာကြီး”

“ဘာလဲ ကိုလှအောင်ပြောဗျာ”

“ကျွန်တော် မိန်းမကို ရွာကိုခေါ်ထားချင်တယ်”

“ရွာမှာ အနေအထိုင် ဆင်းရဲမှာပေါ့ … ခင်ဗျား မိန်းမ နေနိုင်ပါ့မလား”

“နေနိုင်အောင် ကြိုးစားရမှာပဲ ဆရာကြီးရယ် … မိန်းမကို အမေတို့နဲ့ ထားခဲ့တာ အဆင်မပြေလောက်ဘူး။ သူကလည်း ယောက္ခမနဲ့ မနေချင်ရှာပါဘူး။ ဒါကြောင့် ဒီလ လစာထုတ်ဆင်းရင် ခေါ်လာခွင့် ပြုပါဆရာကြီး”

“အေးဗျာ ခေါ်မှ ဖြစ်မယ်ဆိုလည်း ခေါ်ပေါ့။ နေရေးကတော့ ကျွန်တော် ကြည့်ပြီး စီမံပေးပါ့မယ်”

“ကျေးဇူးပါဆရာကြီးရယ်”

ဆရာကိုလှအောင်သည် သူ့ဇနီးသည် မမြင့်အေးကို ရွာကိုခေါ်လာသည်။ မမြင့်အေးကား အလွန်ချောမော လှပသူဖြစ်သည်။ ဆရာကြီးက သူတို့လင်မယားကို ရွာထဲရှိ အိမ်တစ်အိမ်တွင် နေထိုင်နိုင်ရန် စီစဉ်ပေးသည်။

ဆရာကိုလှအောင်တို့ လင်မယားကား သားသမီး မထွန်းကားသေး။ သူတို့နှင့်အတူ ယူလာသော အပ်ချုပ်စက် တစ်လုံးကို ကားပေါ်က ချကတည်းက တစ်ရွာလုံး စိတ်ဝင်စားနေကြသည်။ သမီးတော်အပ်ချုပ်စက် အသစ်ကြီး ဖြစ်သည်။

“ကိုလှအောင်”

“ဗျာ ဆရာကြီး”

“ခင်ဗျား မိန်းမက စက်ချုပ်တတ်သလား”

“ချုပ်တတ်တယ်ဆရာကြီး”

“အပ်ချုပ်စက်ကလည်း ကောင်းလှပါလား … အသစ်ကြီးနော်”

“မင်္ဂလာ လက်ဖွဲ့ရတဲ့ ငွေလေးနဲ့ စုဆောင်းပြီး ဝယ်ထားတာ ဆရာကြီး။ ကျွန်တော်တို့မှာ ချမ်းသာတာ ဆိုလို့ ဒါလေး တစ်လုံးပဲရှိတာ”

“ကိုလှအောင် … အပ်ချုပ်စက် ယူလာတာ ကောင်းသဗျ။ ကျုပ်တို့ရွာမှာ ကိုပုတစ်ယောက်တည်းနဲ့ အပ်ချုပ်ရတာ အဆင်မပြေကြဘူး။ အဲဒါကြောင့် ခင်ဗျားမိန်းမကို အပ်ချုပ်တိုင် ဖွင့်ခိုင်းဗျာ”

“မလုပ်ပါနဲ့ ဆရာကြီးရယ် … ကျွန်တော်က စုဆောင်းထားတာလေး သူခိုးရန်ကြောက်လို့ ယူလာတာပါ။ သူများနဲ့ စီးပွားမပြိုင်ချင်ပါဘူး”

“ဒီလိုလည်း ဘယ်ဟုတ်မလဲဗျ … ကျောင်းဆရာလစာနဲ့ ဘာစားလောက်မှာလဲ။ ကျွန်တော်တောင် မိန်းမက ဝါးကုန်သည်လုပ်နေလို့ အိမ်တစ်ဆောင်နဲ့ နေနိုင်တာ။ တောမှာက မလွယ်ဘူး။ သူ့ကို စက်ချုပ်ခိုင်းလိုက်တော့ အပျင်းလည်းပြေ ငွေလည်းဝင်တာပေါ့”

ဤသို့ဖြင့် ဆရာကိုလှအောင်၏ အိမ်လေးတွင် ဆရာ့အမျိုးသမီး စက်ချုပ်နေသည်ဆိုသော သတင်းမှာ တစ်ဆင့်စကား တစ်ဆင့်နားရောက်ကာ လူစည်ကားလာလေတော့သည်။

ဆရာလေးကလည်း ကျောင်းတွင် အသင်အပြကောင်းသဖြင့် လူချစ်လူခင်များလာသည်။ လင်မယား နှစ်ယောက်လုံးကလည်း ဆက်ဆံပြောဆိုမှု အလွန်ညက်သည်။ ထို့ကြောင့် အဝတ်တွေချုပ်လျှင် “ဆရာလေးဆိုင်” ဆိုကာရောက်လာကြသည်က များသည်။ အိမ်တွင် ချုပ်ထည်လက်ခံသဖြင့် မမြင့်အေးမှာ အပ်ချုပ်စက်လေးကို တဂျောင်းဂျောင်းနင်းက နားရသည်မရှိ။

ဆရာလေးအပ်ချုပ်ဆိုင်တွင် လူစည်ကားလာသည်နှင့်အမျှ ဦးပု၏ ရွှေစင်အပ်ချုပ်ဆိုင်တွင် လူမသွား သလောက်ဖြစ်လာသည်။ ဆရာလေးနေသည့် အိမ်ရှေ့က ဖြတ်လျှောက်ကာ တောက်တခတ်ခတ်ဖြစ်နေသူမှာ ဦးပုဖြစ်သည်။ မည်သူမဆို ဆက်ဆံပြောဆိုရေးမှာ စီးပွားဖြစ်ခြင်း၏ အကြောင်းရင်း ဖြစ်သည်။ ဆရာလေး ကိုလှအောင်ကလည်း မြို့က လစာထုတ်ပြန်လာလျှင် ထဘီလေး၊ လုံချည်လေး၊ အထည်စလေးတွေကို ဝယ်ပြီး ပြန်လာတတ်သည်။ အထည်ချုပ်ရုံမက အရောင်းအဝယ်ကြောင့်လည်း ငွေစလေးရွှင်လာသည်။ သူတို့ထံတွင် အထည်တွေ ပုံနေပြီး အချိန်မီမရနိုင်မှသာ ဦးပုဆိုင်ကို ရောက်သွားကြတော့သည်။

စီးပွားပြိုင်လာလျှင် ထုံးစံမှာ အကြံတူ ရန်သူဖြစ်လာကြသည်က များသည်။ ဆရာလေး ကိုလှအောင်က ဦးပုကို ရိုသေလေးစားစွာ ပြောဆိုဆက်ဆံသော်လည်း ဦးပုကား ရန်သူကြီးတစ်ယောက်လို ဆက်ဆံနေသဖြင့် ဆရာကြီးက

“ကိုပုရယ် … ကိုယ့်ရွာကိုရောက်လာတဲ့ ဧည့်သည်ကို ခင်ဗျားဆက်ဆံတာကို ဆိုးလှတယ်”

“ဘာဧည့်သည်လဲဗျ … ကျွန်တော့်စီးပွားရေးကို လာပြိုင်တာ”

“အေးလေ ခင်ဗျားက ပြိုင်တယ်လို့ သတ်မှတ်နေတာ … ဟိုက သူ့အလုပ် သူလုပ်နေတာ”

“ကျွန်တော့်အလုပ်ကို လာပြိုင်နေတာရော”

“ပြိုင်တယ်လို့ မပြောနဲ့လေဗျာ … သူလည်း စက်ချုပ်တတ်တော့ စက်ချုပ်တာ အပြစ်လား။ ဒီရွာမှာ ခင်ဗျား တစ်ယောက်တည်း စက်ချုပ်ခွင့်ရှိတာမှ မဟုတ်တာ။ ကိုပုရယ် အကြံတူရင် ရန်သူမလုပ်ပါနဲ့။ ဉာဏ်ကူစမ်း ပါဗျာ”

“အို ကျုပ်အတွက်ကတော့ ကျုပ်ကိုပြိုင်လာရင် ကျုပ်ရန်သူပဲ”

ယင်းမှာ ဦးပု၏ သဘောထားဖြစ်သည်။

ဤသို့ဖြင့် ၂ နှစ်တာမျှ ဦးပုသည် ဆရာကိုလှအောင်ကို အငြိုးကြီးစွာ ရန်လုပ်သည်။ ပညာတတ် လူရည်လည်သူ တစ်ယောက်ဖြစ်သောကြောင့် ကိုလှအောင်မှာ ဦးပုကိုရှောင်နေသည်။ ဆရာကြီး ဦးဝင်းကိုကြောင့်ပင် ကိုလှအောင် ရန်လုပ်ခြင်းမခံရ။ အဘယ်ကြောင့်ဆိုသော် ဦးပု၏ သောက်ဖော်စားဖက်တွေက လူမိုက်တွေ ဖြစ်နေသောကြောင့်ပင်။

တစ်နေ့ ဆရာကိုလှအောင် မြို့ကပြန်လာသည်။

“ဆရာကြီး ဝမ်းသာစရာလား … ဝမ်းနည်းစရာလားတော့မသိဘူး ကျွန်တော် ရာထူးတိုးတယ်”

“ဟုတ်လား ဘယ်ကိုလဲဗျ”

“ပဲခူး အင်းတကော်ကိုဆရာကြီး အလယ်တန်းပြရာထူးတိုးတာ။ တစ်လအတွင်း အလုပ်သွားဝင်ရမတဲ့”

“ဟုတ်လား … ဒီသတင်းက ဝမ်းသာစရာပေါ့ဗျာ … ကျွန်တော့် ကျောင်းမှာ ဆရာမရှိတော့လို့ တစ်အား လျှော့သွားပေမယ့် လိုအပ်နေတဲ့နေရာမှာ ဆရာဝင်ဖြည့်ပေးရမှာ အဲဒီရွာအတွက်တော့ကောင်းတာပေါ့”

“ဒါပေမဲ့ ဆရာကြီးရယ် ကျွန်တော့်အတွက်မဟုတ်ဘူး … မြင့်အေးက စက်မချုပ်ရတော့ဘူးပေါ့။ ခုပြောင်းမယ့် ရွာမှာကလည်း အပ်ချုပ်ဆိုင်က သုံးဆိုင်လောက်ရှိတာ”

“စက်မချုပ်ရလည်း တခြားစီးပွားရေး လုပ်မှာပေါ့ဗျ … ဥပမာဗျာ ဈေးရောင်းမှာပေါ့”

“ဟုတ်တယ်နော် ဆရာကြီး ဈေးရောင်းခိုင်းရမှာ … ဒါပေမဲ့ အရင်းအနှီးလိုသေးတယ်”

“အေးဗျာ … ဒါတော့ ကျွန်တော် မကူညီနိုင်ဘူး”

“ဆရာကြီး ဒီလိုလုပ်ပါလား”

“ဘယ်လိုလဲဗျ”

“ကျွန်တော့် အပ်ချုပ်စက်လေးကို ရောင်းခဲ့မယ်လေ … အဲဒါ ဆရာကြီး အနေနဲ့ ဝယ်ထားလိုက်ပါလား”

“အင်း အပ်ချုပ်စက် ဝယ်တယ်ဆိုတာ ချုပ်တတ်မှ ဖြစ်မှာပေါ့ … ဒီရွာမှာကလည်း ဦးပုနဲ့ သူ့မိန်းမပဲ ချုပ်တတ်တာ ဆိုတော့ … ဪ ဟုတ်သားပဲ … ကျွန်တော် ဦးပုနဲ့တော့ စကား မပြောချင်ဘူး … သူ့မိန်းမကို ပြောကြည့်မယ်”

ဤသို့ဖြင့် ဆရာကြီး ဦးဝင်းကိုသည် ဦးပု၏ ဇနီးဖြစ်သူကို စက်ရောင်းလိုကြောင်း စကားစကြည့်သည်။

“ဟယ် ဆရာကြီးရယ် ဝယ်မှာပေါ့” ဟု ဝမ်းသာအားရပြောသည်။

ထို့နောက် သူတို့အချင်းချင်း အရောင်းအဝယ်ကိစ္စတွေ ပြောကြသည်။

“ကိုပု မသိစေနဲ့ဦး … ကျွန်မက ဒီလောက်နဲ့ ဝယ်လိုက်တာသိရင် ကျွန်မကို ရန်လုပ်နေမှာ … မနက်ဖြန်မှ စက်ကို ယူခိုင်းလိုက်မယ်။ ဈေးကိုလည်း လျှော့ပြောရမှာဆိုတော့လေ”

ထိုညတွင် ည ၁ နာရီအချိန်လောက်၌ ဆရာလေးကိုလှအောင်အိမ်ကို ဓားပြဝင်တိုက်သည်။ ဓားပြတွေက အပ်ချုပ်စက်လေးကို အိမ်အောက်ကို ချပြီးလျှင် အငြိုးနှင့် ရိုက်ချိုးဖျက်ဆီးသည်။ ထိုအချိန်မှာပင် ရွာကသိသဖြင့် ဓားပြတွေကို လိုက်ဖမ်းရာ တစ်ယောက်ကိုမိသည်။

ထိုတစ်ယောက်ကို စစ်ဆေးရာတွင် ဦးပုကခိုင်းသဖြင့် လုပ်ရကြောင်း ဝန်ခံသည်။

ဦးပုမိန်းမက

“အမလေး ကိုပုရယ် … လုပ်ရက်လိုက်တာ … အဲဒီစက်ကကျွန်မဝယ်ထားတာ” ဆိုသည့် အသံမှာ ညဉ့်ယံကို ထိုးဖောက်သွားသည်။

#တင်ညွန့်

၉.၇.၂၀၂၂