စုန်းမကြီး ဒေါ်ငွေစိန်

Posted on

စုန်းမကြီး ဒေါ်ငွေစိန် (အစ/အဆုံး)

——————————

အောက်စုရွာများက အိမ်အိုကြီးအတွင်း တစ်ဦးတည်း
နေထိုင်သည့် ဒေါ်ငွေစိန်တစ်ယောက် ဂျပန်များ
သေနတ်နှင့် ဝိုင်းပစ်၍ ခန္ဓာကိုယ်ဇကာပေါက်ဖြစ်ကာ
သေဆုံးသွားခဲ့သည်။

ထိုညမှာပင် ခြံထဲမှာ ဂျပန်များက သူ့အလောင်းအား
မီးရှို့ပစ်လိုက်သည်။

ထိုသတင်း ရွာထဲပျံ့နှံ့သွားသော်လည်း ဒေါ်ငွေစိန်အား
သနားသည်ဟု တစ်ယောက်မှမပြော။

သည့်ထက်မက အသေဆုံးနှင့်သေသင့်သည်ဟု
ပြောကြသည်။သတ်တဲ့ ဂျပန်တွေကိုပင် ကျေးဇူးတင်ကြ
သေးသည်။
လူတိုင်းနီးပါး ဒေါ်ငွေစိန်သေဆုံးသည်ကို
လိုလားကြသည်။ကိုယ်တိုင်သတ်ခွင့်ကြုံလျှင်
သတ်ပစ်ချင်ကြသည်။

ဒါပေမဲ့ စိတ်ရှိသော်လည်း မည်သူမျှ ဒေါ်ငွေစိန်ကို
မသတ်ရဲ။မျက်နှာချင်းဆိုင် စေ့စေ့မကြည့်ရဲ။
ဒေါ်ငွေစိန်ကလည်း လူတကာကြောက်နိုင်လောက်
သော အစွမ်းအစတို့ ရှိနေပါသည်။

အောက်လမ်း စုန်းမ ကဝေမဟု ကွယ်ရာမှာ
အမည်တပ်ကြသည်။ဒေါ်ငွေစိန်တစ်ယောက်
ကဝေဘယ်အဆင့်ထိ တတ်မှန်းတော့ မသိကြ။
ယခင်က ဒေါ်ငွေစိန် အောက်လမ်းပညာတတ်မှန်း
သိကြသည်။သူ့ကြောင့် လူသေဆုံးသ်ာဟု
သတင်းမထွက်ခဲ့။လူသတ်ဖူးလား မသတ်ဖူးလား
မသိကြ။

ဒေါ်ငွေစိန်အကြောင်းသိ၍ ရွာကလူအများ ကင်းကင်း
ရှင်းရှင်း နေထိုင်ခဲ့ကြသည်။
ထိုကဲ့သို့ နေထိုင်လာခဲ့ကြရာက လူတစ်ယောက်က
သွားပတ်သတ်ခဲ့သည်။

ထိုအချိန်မှာစ၍ ဒေါ်ငွေစိန် အောက်စုရွာသားတွေကို
တစ်ယောက်ပြီးတစ်ယောက် သတ်ပစ်တော့သည်။
ခြောက်လအတွင်းမှာ လူဆယ်ယောက်မက
သတ်ပစ်တော့သည်။
ေ ဒ်ါငွေစိန်က သူနှင့်တည့်သည်ဖြစ်စေ မတည့်ဖြစ်စေ
လူကောင်းဖြစ်စေ လူဆိုးဖြစ်စေ သူကို အကူအညီ
တောင်းပြီး သူကျေနပ်လောက်သည့် ငွေကြေးရရှိလို့
ကတော့ လူသတ်ပေးရန် လက်မနှေးချေ။

ဒေါ်ငွေစိန် အောက်လမ်းနည်းသုံး၍ လူသတ်မှန်းသိသည်
သူကြီးကလည်း အရေးမယူရဲ…

ခေတ်ကာလအခြေအနေက အင်္ဂလိပ်ကထွက်
ဂျပန်အုပ်ချုပ်ရေး စပ်ကူးမတ်ကူးကာလ…

တော်လှန်ရေးရဲဘော်များကလည်း အခြေအနေကို
စောင့်ကြည့်နေသည့်အချိန် ။
ဂျပန်များ အုပ်ချုပ်ရေးစီစဉ်နေသည့်ကာလ …အင်္ဂလိပ်
အုပ်ချုပ်ရေး ရပ်နားလိုက်သည့်အချိန်…သူကြီးအာဏာ
ကလည်း ထင်သလောက် မထိရောက်တော့။
သို့အတွက်ကြောင့် စုန်းမကြီးဒေါ်ငွေစိန်တစ်ယောက်
လူတွေ သတ်ဖြတ်နေသည့် ကိစ္စ မည့်သည့် အာဏာ
ပိုင်ကမှ အရေးယူနိုင်ခြင်း မရှိသေးပေ။

ထိုအချိန်မှာ ဒေါ်ငွေစိန်လည်း တစ်ရွာလုံး ဖိန့်ဖိန့်တုန်
အောင် ကြောက်လှန့်ရသော စုန်းမကြီးတစ်ယောက်
ဖြစ်မှန်းမသိဖြစ်လာပေတော့သည်။
ပထမဆုံး ဒေါ်ငွေစိန် လူစသတ်ဖြစ်ရသည့်အကြောင်းက
သူ့ပိုင်ဘောက်တူလှေလေး ပျောက်သွားသည်မှ
အစပြုခဲ့သည်။

ယခင်က ဒေါ်ငွေစိန် စုန်းပညာတတ်သည်ဟုသာ
လူတွေ သိထားသည်။

ဒေါ်ငွေစိန် စုန်းပြုစားသည်။အောက်လမ်းပညာနှင့်
လုပ်သည့်ဟု မကြားရ။စုန်းပညာ တကယ်တတ်သည်မှ
ဟုတ်ပါလေစ လူတွေ လန့်အောင် သတင်းဖြန့်သည်ဟုပင်
ထင်းထားသည်။

ဒေါ်ငွေစိန်က အသက်ခြောက်ခန့်ရှိပြီး အသားဖြူဖြူ
ပိန်ပိန်ပါးပါးဖြစ်သည်။ယခင်က ဒေါ်ငွေစိန်တွင်
သားတစ်ယောက်နှင့် သမီးနှစ်ယောက်ရှိခဲ့သည်။
သားဖြစ်သူက အင်္ဂလိပ်အုပ်စိုးစဉ်က ထောင်ကျခဲ့ပြီး
ထောင်တွင်းမှ သေဆုံးသွားသည်ဟုဆိုသည်။

သမီးနှစ်ယောက်ထဲမှ အကြီးက ချောင်းကျိုရွာမှာ
အိမ်ထောင်ကျနေသည်။ထိုသမီးက စပါးပေါ်ချိန်ရောက်နှင့်
ဒေါ်ငွေစိန်အတွက် တစ်နွေတစ်မိုးစာ ဆန်နှင့် ငါးပိ
အလုံအလောက် ပို့ပေးခဲ့သည်။

အငယ်မိန်းကလေးက ဆယ်နှစ်သမီးအရွယ်မှာပင်
ကျောက်ရောဂါနှင့် သေဆုံးသွားခဲ့သည်။
သို့ကြောင့် ရွာအစွန်က အိမ်ကြီးမှာ ဒေါ်ငွေစိန်တစ်
ယောက်တည်း နေထိုင်ခဲ့သည်။

ခြံထဲမှာ ဟင်းသီးဟင်းရွက်မျိုးစုံ စိုက်ပျိုးထားသည်။
မနက်စောစော ပဲပြုတ်ရွာထဲ လှည့်ရောင်းသည်။
ဒေါ်ငွေစိန်နှင့်ပြသာနာ မဖြစ်ခင်ကတော့ ဒေါ်ငွေစိန်၏
ပဲပြုတ်ကို ရွာသားတွေ ဝယ်ယူ စားသုံးခဲ့သည်။

အောက်စုရွာက ရွာတန်းရှည်ဖြစ်သည်။
နွေ မိုး ဆောင်းသုံးရာသီလုံး လှေဖြင့်သွား၍ရသော
ရွာလယ် ချောင်းလေးရှိသည်။လမ်းက ချောင်းနှင့်
အလျားလိုက်ရှိနေသည်။

ထိုချောင်းအတွင်း ဘောက်တူလှေကို လှော်၍
ဒေါ်ငွေစိန် ပဲပြုတ်လှည့်ရောင်းသည်။
နွေအခါ လှေနှင့် ဟိုဘက်ကမ်း သည်ဘက်ကမ်း
ထပ်ပြီး ကုန်းပေါ်တက်၍ ရောင်းသည်။

မိုးအခါရောက်တော့ အိမ်စေ့လှေလှော်ပြီး
သွားရောင်းသည်။ယခု ဒေါ်ငွေစိန်၏လက်တစ်ဖက်ကို
ဖြုတ်ယူခြင်း ခံလိုက်ရသကဲ့သို့ မနက်စောစော
ပဲပြုတ်ထွက်ရောင်းမည်အပြု ဘောက်တူလှေလေး
မည်သူ ခိုးယူ လှော်ခတ်သွားသည်မသိ။
ငုတ်တိုင်မှာ ချည်ထားရင်းမှ ပျောက်သွားသည်။
သို့ကြောင့် ဒေါ်ငွေစိန်အိမ်ရှေ့လမ်းပေါ်ထွက်ပြီး
လှည့်ပတ်ဆဲဆိုပါတော့သည်။

“ငါ့ အကြောင်းမသိလို့ ငါ့လှေကို ခိုးဝံ့တာလား။
ခိုးတဲ့ကောင် ဘယ်သူဖြစ်ဖြစ် မသာပေါ်စေရမယ်
ငွေစိန်တဲ့ဟေ့ …ငါ့လှေကိုခိုးတဲ့ကောင် သွေးပွက်ပွက်
အံပြီး သေစေရမယ်”

တစ်မနက်လုံး ဒေါ်ငွေစိန် အော်ဟစ်ဆဲဆိုနေခြင်းကြောင့်
အားလုံးဂရုစိုက်မိသွားတော့သည်။
ထိုရက်မှစပြီး ဒေါ်ငွေစိန် ပဲပြုတ်ရောင်းခြင်း လက်စသတ်
သွားသည်။သူရောင်းလျှင်လည်း မည်သူမှ ဝယ်စားဝံ့
တော့မည်မဟုတ်။

နောက်နေ့ ချောက်ကျိုရွာမှ ဌေးပုတစ်ယောက်
ဘောက်တူလှေလှော်ပြီး ဒေါ်ငွေစိန်အိမ်ရှေ့
ရောက်လာသည်။

“ဒေါ်လေး…ဒေါ်လေး”

“ဟဲ့ ဘယ်သူလဲ”

“ကျနော် ဌေးပုပါ”

“ဘယ်က ဌေးပုလဲ ကိစ္စမရှိရင်သွား”

“ကျနော် ဒေါ်လေးကို တောင်းပန်စရာရှိလို့ပါ”

“နင်က ဘာကိစ္စနဲ့ တောင်းပန်ရမှာလဲ”

“ကျနော် မနေ့ မနက်က အရေးတကြီး ကိစ္စပေါ်လာလို့
ဒေါ်လေးရဲ့ ဘောက်တူကို မပြောမဆိုဘဲ ယူသွားမိပါတယ်
အခု ကိစ္စပြီးလို့ လာမှ …ဒေါ်လေးကို အသိပေးရင်း
တောင်းပန်တာပါ”

“နင်က ခိုးတုန်းကတော့ ခိုးသွားပြီး အခုမှာ
ဘာလို့ လာပြန်ပေးတာလဲ”

“ဟာ…ခိုးတာမဟုတ်ဘူးဗျာ ချောင်ကျိုရွာမှာရှိတဲ့
ကျနော်အမေ့ ဆုံးသွားတယ်ဆိုတဲ့ သတင်းရောက်လာလို့
ထူပူပြီး မပြောမဆို ယူသွားမိတာပါ။
အခုအပြန် လှေလာထားပြီးမှ အိမ်ကို ပြန်မှာပါ”

“အေး …နင်ဘယ်လိုပဲယူယူ ခိုးတာပဲဖြစ်ဖြစ် ခဏယူတာပဲ
ဖြစ်ဖြစ် နင့်မှာ အပြစ်ရှိတယ် လက်လွန်သွားပြီ
ငါ့ရဲ့ လှေကို ငါမသိအောင် ယူသွားတဲ့အတွက်
သုံးရက်အတွင်း အသေလုပ်ပြီးပြီ”

“ဗျာ…ကျနော်ကို သေအောင်လုပ်တယ်”

“စိတ်မကောင်းပါဘူး ငါလည်း ထူပူပြီး လုပ်လိုက်တာ”

“ဟာ မဟုတ်သေးပါဘူး ကျနော်ရဲ့အပြစ်ကို
ခွင့်လွှတ်ပေးပါလို့…တောင်းပန်ပါတယ် လှေကိုလည်း
ငုတ်မှာ ချည်ထားပြီးပါပြီ”

“ငါပညာက လုပ်ပြီးရင် ပြန်နှုတ်လို့ မရဘူး
တစ်ပွဲထိုးပဲ”

ဌေးပုလည်း ဘာမှန်းမသိ ဇဝေဇဝါဖြစ်လျက် အိမ်ပြန်လာခဲ့သည်။

အမေသေသွားပြီဆိုသည့်သတင်းကြောင့်
အမြန်သွားပြီး စိစဉ်စရာရှိတာ စီစဉ်၍
နာရေးအိမ်မှာ တစ်ညအိပ်ကာ ရွာသို့ ပြန်လာပြီး
နောက်နေ့ ဇနီးနှင့် ကလေးများကို ခေါ်သွားမည့်ဖြစ်သည်

ဒေါ်ငွေစိန်စကားကြောင့် စိတ်လေးလံစွာနှင့် အိမ်ပြန်လာသည်။
ဌေးပုံနှင့် ဒေါ်ငွေစိန်တို့ အိမ်ပေါ်နှင့်အိမ်အောက်
လှမ်းပြောနေသည်ကို အိမ်နီးချင်းများ ကြားကြသည်။

“ဟယ်…ဌေးပုံကို သေအောင် အောက်လမ်းနဲ့ လုပ်ထား
ပြီးပြီ ဆိုပါလား”

“အမယ်လေး ကြားရုံနဲ့တင် ကြောက်လိုက်တာ”

ဒေါ်ငွေစိန်ကြီးက သူတို့သတင်း ကြားထားသကဲ့သို့
တကယ်စုန်းမကြီးများလားလို့ ဟု…စိတ်မှာ အတွေးတွေ
ပိုသွားကြတော့သည်။

ဒေါ်ငွေစိန်ပြောလိုက်သည့်အတိုင်း နောက်နေ့မနက်
မိုးလင်းသည်နှင့် ဌေးပုအိမ်မှ ဇနီးနှင့် ကလေးများ
အော်ငိုသံကို ကြားကြရသည်။

ထိုမနက်က ဌေးပုပါးစပ်မှ သွေးများ ပွတ်ပွတ်အံကျကာ
အသက်ပါ ပါသွားသည်ဟု ဆိုသည်။
တစ်ယောက်စကား တစ်ယောက်ပြောကြရင်း
ဌေးပု၏ဇနီးလည်း ဒေါ်ငွေစိန်အောက်လမ်းနှင့်လုပ်၍
သေဆုံးရကြောင်း ကြားသိသွားသည်။

သို့ကြောင့် မိန်းမပီပီ ဒေါ်ငွေစိန်အိမ်ရှေ့သို့သွား၍
အမျိုးမျိုးဆဲဆိုစိန်ခေါ်ပါတော့သည်။

“သတ္တိရှိရင် အောက်ဆင်းခဲ့ အဘွားကြီး စုန်းမကြီး
နင် …ငါကို ကြိုက်သလိုလုပ် မကြောက်ဘူး ကောင်မကြီး
ငါ့လင်က ခွင့်မတောင်းမိဘဲ ယူသွားတာကို
သေအောင်လုပ်တယ်ပေါ့ ဟုတ်လား အဘွားကြီး
အခု အောက်ဆင်းခဲ့ အောက်ဆင်းလို့ကတော့
ပါးရှစ်စိတ်ကွဲအောင် ရိုက်ပစ်မယ် ဘာလို့ငြိမ်နေတာလဲ
လာခဲ့လေ သေချင်းဆိုးမကြီး …စုန်းမကြီး”

လူကြီးမှန်း စုန်းမမှန်း ဘာမှမစဉ်းစား။
ပါးစပ်ထဲရှိသမျှ အယုတ္တ နတ္တကုန်စင်အောင်
ဆဲဆိုပြီး အိမ်ပြန်လာခဲ့သည်။
ဒေါ်ငွေစိန်က လူလုံးပင်ထွက်မပြ အိမ်ထဲမှ
ငြိမ်ချက်သား ကောင်းနေသည်။
ဒါပေမဲ့ ဒေါ်ငွေစိန်တစ်ယောက် သူအောက်လမ်း
စီရင်သောပစ္စည်းအဆောင်မျိုးစုံထားသည့် အခန်းထဲတွင်
အလုပ်ရှုပ်နေသည်။ဒေါ်ငွေစိန်၏လက်ထဲမှာ
တစ်ထွာခန့်သာရှိသည့် အရုပ်လေးတစ်ခု ရှိနေသည်။

“ကောင်မ ငါဘယ်သူဆိုတာ မသိလို့လား
ငါကိုများ လာစိန်ခေါ်ဝံ့သေးတယ်
ဒီနေ့ ဒီအချိန်ကစပြီး ငွေစိန် ဘာကောင်မလည်းဆိုတာ
တစ်ရွာလုံး သိစေရမယ် ငါကောင်းရောင်းကောင်းဝယ်
နေထိုင်စားသောက်နေတာ မရှုစိမ့်ကြဘူး ငါကို
အနှောင့်အယှက်ပေးကြတယ် ဒီရှေ့လျှောက်တဲ့
ကောင်တွေ ကောင်မတွေ ငါကို မလေးမစား လုပ်ဝံ့လည်း
ကြည့်သေးတာပေါ့”

ပါးစပ်မှ မကျေမနပ် ရေရွတ်ရင်း အရုပ်ကလေးကို
အစီအရင်များ လုပ်နေသည်။ထို့နောက် ပါးစပ်က
ဂါထာမန္တန်များ ရွတ်ဖတ်နေသည်။ရွတ်ဖတ်ပြီးသည့်နှင့်
အရုပ်ကလေး၏လည်းပင်းကို နောက်သို့ လှန်ချိုးချ
လိုက်သည်။
“ဟား ဟား ဟား ဟား သေချင်ဆိုးနဲ့ သေပေတော့
ကောင်မ”

လည်လိမ်ချိုးထားသော အရုပ်ကို ပစ်ချလိုက်ပြီး
အိမ်ရှေ့သို့ ထွက်လာခဲ့သည်။သူ၏လုပ်ရပ်
သူ၏ပညာအပေါ် စိတ်ချယုံကြည်ပုံနှင့် တစ်ချက်မှ
ပြန်မကြည့်တော့ဘဲ သည်အတိုင်း ထားခဲ့သည်။
ထိုအချိန်နှင့် တူညီစွာ ဌေးပုမိန်းမ အုံးတင်တစ်ယောက်
ဌေးပုသေပြီး ညပင်မကူး ညနေငါးနာရီခွဲခန့်မှ
ရုတ်တရက်လည်ပင်းနောက်သို့ လန်ကျိုးပြီး
သေဆုံးသွားတော့သည်။

ဌေးပု အသုဘအတွက် ရောက်နေကြသော လူများလည်း
ရုတ်တရက်ထိုင်နေရာမှ ပက်လက်လှန်ကာ
ဇက်လိမ်ကျိုးပြီး သေဆုံးသွားသော အုံးတင်ကြည့်ပြီး
ကြောက်လန့် ကုန်သည်။

“ဒါ …ဒါ ဒေါ်ငွေစိန် အောက်လမ်းနဲ့ လုပ်လိုက်တာပဲ
စောစောကတင် အုံးတင် အဘွားငွေစိန်ကြီးကို
ဘယ်လို အော်ဟစ်ဆဲဆိုခဲ့တယ်ဆိုပြီး အားရပါးရ
ပြောနေတာ အခု ချက်ချင်းသေသွားပြီ”

“အေး သူယောင်္ကျားသေတော့ စိတ်ဆိုးဒေါသထွက်ပြီး
သွားပြောခဲ့တာ အခု ဟိုကလုပ်လို့ သေရပြန်ပြီ”

“ကဲ ကဲ ပြီးတော့တွေ လျှောက်ပြောမနေကြနဲ့တော့
တနေ့တည်း အသုဘနှစ်လောင်းဖြစ်သွားတော့
နောက်သေတဲ့ အသုဘကို ညတွင်းချင်း ချပစ်ရမယ်”

“ကဲ…ရွာထဲက လူငယ်လူကြီးတွေ လိုက်ခေါ်
အုံးတင်ရဲ့အသုဘကို သင်္ဂြ ိုဟ်ဖို့လို့ပြော”

အောက်စုရွာ၏သင်္ချ ိုင်းကလည်း ရွာနှင့်သိပ်မဝေး
ချောင်းစပ်အနီးမှာပင်ရှိသည် ။
ယောင်္ကျားလူငယ်အချို့ အသုဘအလောင်းနှစ်လောင်း
ထည့်ရန်အခေါင်းအမြန် စပ်နေကြသည်။အခေါင်းနှစ်
ခေါင်းကို တစ်ပြိုင်နက်တည်းစပ်ပြီး ဌေးပုကိုပါ
အလောင်းသွင်းထားရန် ဖြစ်သည်။

ညခုနှစ်နာရီခန့် အုံးတင်အသုဘကို သင်္ချိုင်းသို့သွားပြီး
မြေမြှုပ်လိုက်ရသည်။ဌေးပုနှင့်အုံးတင်တို့မှာ
ကလေးနှစ်ယောက် ကျန်ခဲ့သည်။
ထိုကလေးနှစ်ယောက်ကို အုံးတင်၏အမေနှင့်အစ်မတို့က
ခေါ်ထားရမည်ဟု ဆိုသည်။
သို့ဖြင့် ဒေါ်ငွေစိန်၏ရက်စက်မှုအောက်မှာ
ဌေးပုတို့လင်မယားပထမဆုံးသားကောင်
ဖြစ်သွားတော့သည်

ထိုကိစ္စဖြစ်ပြီး အောက်စုရွာတစ်ရွာလုံး ကျီးလန့်အစာရှာ
သကဲ့သို့ ဖြစ်ကုန်သည်။ဒေါ်ငွေစိန်ရောင်းခဲ့သော
ပဲပြုတ်ကို ပင်တိုင်ဝယ်စားခဲ့သော ရွာထဲကလူများလည်း
ဘယ်နေ့ ဘာဖြစ်လာမလဲ ဟု တွေးရင် ရင်တမမ
ရှိနေတော့သည်။
ချက်ချင်းလက်ငင်း အစိမ်းသေ သေကုန်သော
ဌေးပုတို့ လင်မယားအဖြစ်ကြောင့် ဒေါ်ငွေစိန်အား
တစ်ရွာလုံး အောက်လမ်းစုန်းမကြီးဟု သတ်မှတ်လိုက်ကြသည်။
ဒေါ်ငွေစိန်ကလည်း သူစုန်းမဖြစ်ကြောင်း
အတိအလင်း စိန်ခေါ်ပါတော့သည်။

ထိုကဲ့သို့ ဖြစ်ပြီးနောက် ဤမျှပြီးဆုံးမည် ထင်ထားကြသည်။
ရွာသူရွာသားများတို့က ဒေါ်ငွေစိန်ကို ရှောင်ကြသည်။
အတတ်နိုင်ဆုံး မျက်လုံးချင်းပင် မဆုံမိအောင်
ကြိုးစားနေထိုင်ခဲ့ကြတော့သည်။

သို့ကြောင့် အောက်စုရွာနှင့် ဒေါ်ငွေစိန်တို့ ပြသာနာတစ်
စုံတစ်ရာ ဖြစ်ပေါ်ခြင်း မရှိသေး။
ဒါပေမဲ့ မိုးတွင်းကာလ ဝါဆိုလအရောက်မှာ
မထင်မှတ်သော ပြသာနာတစ်ခုက အောက်စုရွာ
လယ်ကွင်းမှ စတင်လာသည်။
အောက်စုရွာသား လယ်နီးနားချင်း စကားများရာမှ
စတင်လာသည်။မိုးတွင်းကာလ စပါးစိုက်ပျိုးရန်
မိမိပိုင်လယ်များကို ထွန်ယက်ကြသည်။
ကန်သင်းများပေါ်မှာ မြက်ပင်များ ပေါက်ရောက်နေသည်
ဖြစ်၍ လယ်ကန်သင်းနှုတ်ခမ်းသားများ ပေါက်တူးဖြင့်
ခုတ်ချပြီး ပေါင်းမြက် ရှင်းကြသည်။

ဦးဘိုးသိန်းက လယ်ကန်သင်းမျက်နှာသစ်ရင်း သူ့လယ်
ဘက်အခြမ်းရှိ ကန်သင်းမျက်နှာပြင်ကို ရှပ်မခုတ်ဘဲ
ပေါက်တူးတစ်ပြားစာမက ခုတ်ချပစ်သည်။တစ်ဘက်
လယ်ပိုင်ရှင် ဦးမြင့်နိုင်၏လယ်ကန်သင်း ငါးဧကအရှည်ထိ
ထိစပ်နေသည့် အတွက် ပြသာနာဖြစ်တော့သည်။
လယ်ကန်သင်းမျက်နှာပြင်က ပုံမှန်ဆိုလျှင် တစ်ပေခွဲခန့်
အကျယ်အနည်းဆုံး ရှိရမည်ဖြစ်သည်။ယခု ဦးဘိုးသိန်းက
သူ့လယ်ဘက်က ပေါက်တူးတစ်ပြားစာမက
ပေါက်ချလိုက်သဖြင့် ကန်သင်းမျက်နှာပြင် တစ်ပေပင်
မကျန်တော့။

ထိုကဲ့သို့ ဦးဘိုးသိန်း လယ်ကန်သင်းခုတ်ချထားသည်ကို
ဦးမြင့်နိုင်က မြင်သည်နှင့် သူ့ဘက်ကလည်း တစ်ပြားစာ
ခုတ်ချမည်ဟု ဆိုတော့သည်။

“ဟေ့လူ …ခင်ဗျား ကန်သင်းပေါင်းခုတ်တာ
တရားမလွန်ဘူးလား”

“ဘာဆိုင်လို့လဲကွ ကိုယ့်ဘက်ကိုယ်ခုတ်တာပဲ
မင်းဘက်ကို ခုတ်တာ မဟုတ်ဘူး”

“ထုံးစံမဟုတ် ထုံးစံစကား လာပြောနေတယ်”

“ဘာထုံးစံလဲ သွားစမ်းပါကွာ”

“အများနဲ့ ဆိုင်တဲ့ ကန်သင်းရိုးတွေ ခုတ်တဲ့အခါ သူ့ဘက်
ကိုယ့်ဘက် ပေါင်းမြက်ပါရုံပဲ ခုတ်ချရမှာ ဒါမှ နှစ်ဦးနှစ်ဘက်
မျှတမှာပေါ့ ခင်ဗျားဘက်က ပေါက်တူးတစ်ပြားစာ
ခုတ်ချသလို ကျုပ်ဘက်ကလည်း တစ်ပြားစာ
ခုတ်ချရင် လယ်ကန်သင်းက တစ်ထွာလောက်ပဲ
ကျန်တော့တယ် ခင်ဗျား…ခုတ်ချသလို
ကျုပ်ဘက်ကလည်း ခုတ်ချမယ်”

“ဘာကွ… မင်း…ခုတ်ရဲခုတ်ကြည့်”

ခင်ဗျား မခံနိုင်ဘူးဆိုရင် ခင်ဗျားဘက်က လက်ဦးမှု
ရအောင် ဘာကြောင့် ခုတ်ချပစ်တာလဲ ကျုပ်လည်း
ခုတ်ချမယ် မကျေနပ်ရင် တိုင်ချင်ရာတိုင်”

ဦးမြင့်နိုင်က ပါးစပ်ကပြော လက်ကလည်း
ကန်သင်းရိုးတို့ ခုတ်ချနေတော့ရာ အလယ်တွင်
တကယ်ပင်တစ်ထွာခန့်သာ ကျန်တော့သည်။
“မင်းရပ်မလား မရပ်ဘူးလား”

“မရပ်ဘူးဗျာ ခင်ဗျားရှေ့တိုးလာရင် ပေါက်တူးစာ
မိပြီမှတ်”

ဦးမြင့်နိုင်လည်း ပြောသည့်အတိုင်း ကန်သင်းရိုးများကို
ခုတ်ချနေသည်။ကန်သင်းရိုးမျက်နှာပြင် တစ်ပေခွဲခန့်
မရှိ၍မဖြစ် ထိုကန်ရိုးပေါ်မှ နွားများလည်း သွားရသည်။
ကောက်ရိတ်သူများ ကောက်စိုက်သူများ လယ်ထဲ
အကြောင်း ကိစ္စရှိ၍ လယ်ကွင်းထဲ သွားလာသည့်အခါ
လယ်ကန်သင်းများပေါ်မှ သွားရသည်။
တစ်ထွာတစ်မိုက် မျက်နှာပြင်ပေါ် လမ်းလျှောက်၍
မရပေ သို့ကြောင့် ဦးဘိုးသိန်းက အတင်းတားသည်။

“ဟေ့ကောင် မင်းရပ်မလား မရပ်ဘူးလား”

ဦးဘိုးသိန်းက မကြားဝံ့မနာသာ ဦးမြင့်နိုင်အား
အော်ဆဲပြီး စိန်ခေါ်ပါတော့သည်။

“ခင်ဗျားကို မကြောက်လို့ … အခုလိုလုပ်တာ
ခင်ဗျား အရင်လုပ်လို့ ကျုပ်လိုက်လုပ်တာ
ခင်ဗျားသတ္တိရှိရင် လာခဲ့”

“မင်းသေချင်လို့ ဂြိုဟ်ကြွနေတယ် ငါလာပြီး
မင်းသေပေတော့ ……”

“ဟေ့ကောင်တွေ ဘိုးသိန်း …မင်းလက်ထဲက
ပေါက်တူးကို ချလိုက်စမ်း”

တဲနီးနားချင်း ဦးပေါက်စက အနားသို့ ရောက်လာသလို
ဦးမြင့်နိုင်အနီးသို့လည်း တဲနီးနားချင်းများ ရောက်လာပြီး
ဆွဲကြသည်။

“မင်းတို့ လုပ်နေတာတွေက မဟုတ်သေးပါဘူး
ပေါက်တူးတစ်ပြားစာ မြေလုယူလိုက်လို့ စီးပွား
ဘယ်လောက်တက်လာမှာလဲ လူကြားလို့လည်း
မကောင်းပါဘူးကွာ အချင်းချင်းတွေ သိက္ခာရှိရှိနေကြစမ်းပါ
တစ်ယောက်နဲ့ တစ်ယောက် အမြဲတမ်းမြင်တွေ့နေကြရမှာ
ရုံးရောက် ဂတ်ရောက်ဖြစ်ရင် မကောင်းဘူး
နှစ်ယောက်လုံး ပြီးတဲ့ဟာ ပြီးပစေတော့
ဦးဘိုးသိန်းလည်း တဲပေါ်တက်တော့ မြင်နိုင်လည်း
ဒီနေ့ နားလိုက်တော့”

“ဦးလေး မြင်တဲ့အတိုင်းပဲ သူ့လယ်နဲ့ ကျနော်လယ်
ထိစပ်နေတဲ့ ငါးဧကအရှည်အတိုင်း ခုတ်ချထားတာ
တစ်ပေလောက်ပဲ ကျန်တော့တယ် ကျနော်ဘက်က
သူလို ခုတ်ချရင် အခု ကျနော်ခုတ်ပစ်လိုက်တဲ့အတိုင်း
တစ်ထွာလောက်ပဲ ကျန်တော့တယ်”

“အေး … လူကြားလို့လည်း မကောင်းပါဘူးကွာ
နောက်မဖြစ်ကြပါနဲ့ မြင့်နိုင် ပြီးတာပြီးပစေတော့
မင်းဘက်က မြက်ပါရုံ ခုတ်ချတော့ သူနဲ့ပြိုင်ပြီး
လိုက်မမိုက်နဲ့”

ဦးပေါက်စ ဝင်လာ၍ အားလုံးငြိမ်ပြီး တဲပေါ်ပြန်သွားကြသည်။
ဦးပေါ်စက အသက်ခြောက်ဆယ်ခန့်ရှိပြီး အနီးအနား
တဲစုမှာ အသက်အကြီးဆုံးဖြစ်သည်။
ဦးဘိုသိန်းက အသက်ငါးဆယ်ခန့်ရှိသည်။
ဦးမြင့်နိုင်က အသက်လေးဆယ့်ငါးနှစ်ခန့်ရှိသည်။

ရန်ပွဲက ထိုမျှနှင့် ပြီးသွားသည်ထင်ရသည်။ဦးမြင့်နိုင်က
ဦးပေါက်စပြောသည့်အတိုင်း နောက်ရက်မှာ ကန်သင်းရိုး
မျက်နှာသစ်သည့်အခါ မြေသားကို မြက်ပါသည်
ဆိုရုံသာ ခုတ်ချခဲ့သည်။
သူတစ်ပါးမြေ မတရားမယူချင် လုပ်သူရှိကလည်း
ခွင့်လွှတ်လိုက်မည်။နောက်ဘဝမှာတော့ မတရားယူတဲ့
မြေအတွက် မကောင်းမှုဒဏ် ကိုယ်သာခံပေတော့ဟု
တေးမှတ်ရင်း မြက်များကို ကြည့်ကောင်းရုံ ခုတ်ချပြီး
ရန်ပွဲကို ပြီးစေလိုက်တော့သည်။

ဒါပေမဲ့ ဦးမြင့်နိုင်နှင့်လယ်နီးနားချင်းများက ရန်မီးငြိမ်းပြီး
ထင်းထားပေမဲ့ ဦးဘိုးသိန်းတစ်ယောက်ကတော့
အခဲမကျေနိုင်။ ကြိတ်မနိုင် ခဲမရ ဖြစ်နေသည်။

သူ့ကို လူတွေသိအောင် အရှက်ခွဲတဲ့ အကောင်ဟု
စိတ်မှတ်ထားပြီး ဦးမြင့်နိုင်ကို မုန်းတီးနေသည်။
သေစေချင်သည့်စိတ်တွေ တဖွားဖွားပေါ်နေသည်။
သို့ကြောင့် တစ်ရက်မှာ ဦးဘိုးသိန်းတစ်ယောက်
ဒေါ်ငွေစိန်အိမ်သို့ ရောက်သွားသည်။

“ကဲ …ဘာကိစ္စလဲ ဆိုစမ်း”

“အစ်မကြီးကို အကူအညီတောင်းစရာရှိလို့ လာခဲ့တာပါ”

“အေး…ပြော မင်း …ငါ့အကြောင်း သိတယ် မဟုတ်လား”

“သိလို့လည်း အားကိုးပြီး ရောက်လာတာပါ”

“အေး…သူများတွေအတွက်ဆို ငါ့ပညာက အလကား
မဖြစ်စေရဘူး”

“ဟုတ်ပါတယ် …ပညာအတွက် ပူဇော်ပသပါ့မယ်”

ဦးဘိုးသိန်းက ဒေါ်ငွေစိန်အား ငွေတစ်ရာ ကန်တော့
လိုက်သည်။ငွေတစ်ရာကိုမြင်တော့ ဒေါ်ငွေစိန်မျက်နှာ
ပြုံးသွားသည်။ထိုခေတ်ကာလ ငွေတစ်ရာဆိုသည်
နည်းသောငွေကြေးမဟုတ်။

“ကဲ…ငါဘာလုပ်ပေးရမလဲ”

“လူသတ်ပေးရမယ်…ကျနော်နဲ့ လယ်နီးချင်းမြင့်နိုင်ဆိုတဲ့
ကောင်ကို အသေသတ်ပေးရမယ်”

“မင်း မနက်ဖြန် သူလယ်ကွင်းထဲက သူပိုင်ပစ္စည်းတစ်ခုခု
ယူလာပေး”

“သူပိုင်ပစ္စည်းဆိုတာ ဘာကိုပြောတာလဲ အစ်မ”

“သူလယ်ထဲက ဘာပစ္စည်းပဲဖြစ်ဖြစ်ရတယ်”

“သူတဲကိုသွားလို့ မလွယ်ဘူး”

“ဟာ…မင်း…တယ်နားဝေးတာပဲ သူလယ်ကွင်းထဲက
မြက်တစ်ပင်ဖြစ်ဖြစ် တုတ်တစ်ချောင်းဖြစ်ဖြစ် ပါလာရင်
ငါ့စီရင်ပေးနိုင်တယ်”

“ဟုတ်ကဲ့ အဲဒီလို သိရင် …မခက်ပါဘူး”

“ကဲ…သွားတော့ မနက်ဖြန်လယ်ထဲက ပြန်လာရင်
ငါမှာတာယူပြီး အိမ်ဝင်လာခဲ့ …နောက်နေ့ မင်းရန်သူ
သေနေစေရမယ်”

နောက်နေ့ရောက်တော့ ဒေါ်ငွေစိန်မှာသည့်အတိုင်း
ဦးဘိုးသိန်းလည်း မြက်တဆုပ်ကို ဦးမြင့်နိုင်၏
လယ်ကွင်းအတွင်းမှ နှုတ်ခဲ့ပြီး ဒေါ်ငွေစိန်အား လာပေးသည်

“ရပြီ မင်းစိတ်ချလက်ချပြန် နောက်နေ့ သတင်း
ကောင်း စောင့်ပြီး နားထောင်ပေတော့”

ဦးဘိုးသိန်းပြန်သွားသည်နှင့် ဒေါ်ငွေစိန်လည်း မြက်
တစ်ဆုပ်ကို အရှည်လိုက်ဖြစ်အောင် အပ်ချည်ကြိုးနှင့်
ရစ်ပတ်လိုက်သည်။ရစ်ပတ်ပြီ။စားပွဲပေါ် တင်ထား
လိုက်သည်။ထို့နောက် အမွှေးတိုင် ဖယောင်းတိုင်များ
ထွန်း၍ စောစောကမြက်စည်းလေးကို လက်ဝါးပေါ်
တင်လိုက်ပြီး မန္တန်များရွတ်ဆိုနေသည်။

မန္တန်များရွတ်ဆိုပြီးသည့်နောက် …

“ဝူး …ဝူး …ဝူး”

ပါးစပ်မှ လေပြင်းပြင်းသုံးချက် မှုတ်လိုက်သည်။
သုံးချက်မှုတ်ပြီးးသည်နှင့် လက်ပေါ်က မြက်ပင်
အစည်းလေးမှာ တဖြည်းဖြည်းတွန့်လိမ့်လှုပ်ရှားလာသည်။
တစ်ထွာသာသာ မြွေစိမ်းလေးဖြစ်သွားသည်။

“ကဲ …သွား နင်လာခဲ့ရာ နေရာက နင့်သခင်မြင့်နိုင်ကို
ပေါက်သတ် ပေါက်သတ် ပေါက်သတ်”

မြက်စည်းလေးက ဒေါ်ငွေစိန်၏လက်ပေါ်မှာ
ကင်းတိုက်မြွေတစ်ကောင်အဖြစ်သို့ ပြောင်းသွားပြီး
အောက်သို့လူးလွန့်ဆင်းသွားသည်။

“ဟင်း ဟင်း ဟင်း ဟင်း ငါရဲ့တိုက်မြွေတစ်ချက်လောက်
အကိုက်ခံလိုက်ဦး မြင့်နိုင်ရေ”

နောက်နေ့ ဦးမြင့်နိုင်တစ်ယောက် အိပ်ယာထဲမှာ
အိပ်နေရင်း တစ်ကိုယ်လုံးပြာနှမ်းကာ သေဆုံးနေ
ပါတော့သည်။ဤသို့ဖြင့် စုန်းမကြီး ဒေါ်ငွေစိန်တစ်ယောက်
ငွေတစ်ရာနှင့်လူသတ်ပေးသည်ဆိုသောသတင်း
တိုးတိုးတိတ်တိတ် ထွက်ခဲ့သည်။

မြင့်နိုင်မြွေပေါက်ခံရ၍ သေဆုံးသွားပြီးနောက်ပိုင်း
ဒေါ်ငွေစိန်ခြောက်လခန့် ခြံထဲမှာပင် အသီးအနှံစိုက်ပြီး
ရရှိသော အသီးအနှံအညွန့် အရွက်တို့ကို ပြွန်တန်ဆာ
မြို့သို့ မနက်စောစောသွားရောင်းချ စားသောက်နေထိုင်
ခဲ့သည်။ဆန်နဲ့ ငါးပိက သမီးထောက်ပံ့၍ ပူစရာမလို
သော်လည်း ဟင်းစားအတွက် ပိုက်ဆံလိုသည်။

အသီးအနှံရောင်းရသည့် ပိုက်ဆံဖြင့် ဆီ ဆား ကြက်သွန်
အသားငါးဝယ်ပြီး ပြန်လာလေ့ရှိသည်။
တစ်ရက် ဒေါ်ငွေစိန်တစ်ယောက် ကုန်ခြောက်ဆိုင်မှာ
စျေးဝယ်ရင်း ပြသာနာတစ်ခု ကြီးကြီးမားမား
ဖြစ်သွားသည်။ကုန်စိမ်းဖောက်သည်ပေးပြီး ရရှိသော
ပိုက်ဆံနှင့် ကုန်စုံဆိုင်မှာ ဆီ ဆား ကြက်သွန် ငရုတ်သီး
အစုံဝယ်ပြီး ပိုက်ဆံတစ်ကျပ်ပေးလိုက်သည်။

ထိုအချိန် ဝယ်သူသုံးလေးယောက်ဝင်လာ၍
ဒေါ်ငွေစိန်ပေးသော် ပိုက်ဆံကို ပြန်မအမ်းသေးဘဲ
အခြားဝယ်သူများကို ဆက်လက်ချိန်တွယ်ပေးနေ
သည်။ဒေါ်ငွေစိန်က ပိုသောအကြွေ ပြန်အမ်းရန်
ရပ်စောင့်နေစဉ် ကြာနေသဖြင့် သတိပေးလိုက်ရာ
စျေးရောင်းနေသော မိန်းခလေးက ပိုက်ဆံမပေးရသေးဟု
ပြောပါသည်။
ထိုစကားကြားသည်နှင့် ဒေါ်ငွေစိန် စိတ်ဆိုးထွက်မှု
အထိပ်အထိပ်သို့ရောက်သွားသည်။

စျေးဝယ်လာသူထဲမှာ…အမျိုးသမီးတစ်ယောက်ကလည်း
ဒေါ်ငွေစိန်ပေးသည့်ကို မမြင်ဟုဆိုသည်။

“နင့်တို့ မရောက်ခင်ကတည်းက ငါအရင်ဝယ်တာ
ငါပိုက်ဆံပေးပြီးပြီးချင်း ညည်းတို့ဝင်လာတာနဲ့
ငါ့ကို ပိုက်ဆံပြန်မအမ်းသေးဘဲ ညည်းတို့ပြောသမျှ
ချိန်တွယ်ပေးနေတာ”

“မဟုတ်ဘူးအဘွား …ကျမက အဘွားပိုက်ဆံပေးမလို့
လူရှင်းအောင်စောင့်နေတယ်ထင်တာ အဘွား
မေ့နေလို့ဖြစ်မယ် ပြန်စဉ်းစားပါဦး”

“ငါစျေးရောင်းလို့ရတဲ့ ပိုက်ဆံနဲ့ တွက်ချက်ပြီးဝယ်တာ
ငါ့လက်ထဲမှာဆယ့်ငါးပြားပဲကျန်တော့တယ်
နင့်အသက်ကဆယ်ငါး ဆယ်ခြောက်လောက်ပဲရှိဦးမယ်
ငါလိုအဘွားကြီးတွေဆီက ပိုက်ဆံကို မေ့ချင်ယောင်ပြီး
ညာယူနေတာပဲလား”

“အဘွားနော်…အဘွား အသက်ကြီးလို့ ဘာမှမပြောတာ
အဘွားက အခုလိုပဲ ဆိုင်တကာလှည့်ပြီး ညာယူနေတာ
ပဲလား။အခုသိသာနေတာက ဒီမှာစျေးဝယ်သူတွေကလည်း
မပေးရသေးဘူးလို့ ပြောနေတယ်”

“ဟုတ်တယ် ဒေါ်လေး ကျမတော့ ပေးတာမတွေ့ဘူး”

“ညည်းက…ဘာဆိုင်လို့ ဝင်ပြောရတာလဲ”

“မဆိုင်ပါဘူး ဒေါ်လေးမေ့များနေလားလို့ အသိပေးတာပါ

ထိုအမျိုးသမီးက ဒေါ်ငွေစိန်အား အထင်သေးသောအကြည့်နှင့်
ကြည့်ရင်း ထေ့ငေါ့သည်လေသံနှင့်ပြောလာသည်။

“တောက် …နင်တို့ငါကို လူကြားထဲ အရှက်ခွဲတာပဲ”

“အဘွားကြီးကပဲ…လိမ်ညာပြီးယူသေးတယ်
အရှက်ခွဲတယ်လို့သူမို့ပြောတယ်။သွား…သွား
ထွက်သွား လက်ထဲက အထုပ်တွေ ပြန်ပေးထားခဲ့”

.
စျေးရောင်းသည့် မိန်းကလေး…ဒေါ်ငွေစိန်လက်ထဲ
ကိုင်ထားသောကြိမ်ဆွဲခြင်းထဲမှာချိန်တွယ်ပေးထားပြီးသော
ကုန်ခြောက်ပစ္စည်းများကို အတင်းပြန်ဆွဲယူသည်။

“ဟဲ့…ကောင်မ ငါ ပိုက်ဆံပေးထားပြီးပြီ”

“သူခိုးမကြီး…ပြန်ပေး…”

“အဘွားကြီး မရှက်မကြောက် အတင်းအဓမ္မပဲ”

“ကဲ…ကဲ ငါကို ပြောဦး”

“အား… သေပါပြီတော့”

ဒေါ်ငွေစိန်လည်း စိတ်ဆိုးဒေါသထွက်ပြီး သူ့ကို
စောင်းချိတ်ပြောဆိုနေသော မိန်းမ၏ဆောင့်ဆွဲလိုက်ရာ
ဆံပင်ဆယ့်လေးငါးပင်ခန့် လက်ထဲပြတ်၍
ပါလာသည်။
“ရော့ …ကောင်မလေး ဒီမှာ နင့်ပစ္စည်းကျန်သေးတယ်”

လက်ဆွဲခြင်းထဲမှ ကြက်သွန်ထုတ်ကို ပြန်လည်းပေး
မိန်းခလေး၏ခေါင်းမှ ဆံပင်ကို အမိအရ ဆောင့်ဆွဲ
ဖြတ်လိုက်သည်။မိန်းခလေးက နာကျင်၍ ဆဲဆိုပါ
တော့သည်။ဘယ်လက်ရော ညာလက်မှာပါ
မိန်းခလေးဆံပင်နှင့် အမျိုးသမီးဆံပင်တို့ ပါလာသည်။

“ဟား ဟား ဟား ငါ့ကို ဘယ်သူများ
မှတ်နေလဲမသိဘူး ပိုက်ဆံတစ်ကျပ်ဆုံးသွားလို့ စာမဖွဲ့လောက်ဘူး
ဟား ဟား ဟား ဟား”

ဒေါ်ငွေစိန် အရှက်ကြီးရှက်၍ ဒေါသစိတ်ကို ဖြေသည့်
အနေနှင့် အားရပါးရ အော်ရယ်ရင်း စျေးဆိုင်တွင်းက
ထွက်သွားသည်။
ဒေါ်ငွေစိန် ထိုကဲ့သို့ ပြောဆိုရယ်မောပြီး ထွက်သွား
သည်ကို အောက်စုရမှ ဒေါ်ငွေစိန်အကြောင်းသိသော
အမျိုးသမီးတစ်ယောက်က စျေးဆိုင်ထဲကို ကသောကမြော
ဝင်လာသည်။
“ဘယ်လိုဖြစ်လို့ အော်ဟစ်သွားတာလဲ”

“ဆိုက်ကပစ္စည်းတွေလာပြီး ပိုက်ဆံမပေးရသေးပဲ
ပေးပြီးပြီဆိုလို့ ဒီကလေးမဘက်က ဝိုင်းပြောပေးနေတာ
ရှက်ရမ်း ရမ်း သွားတာပဲ”

“အဲဒါမှ ပြသာနာပဲ…ဒီကအစ်မကြီးနဲ့့တူမလေးက
သူ့နောက်လိုက်ပြီး သူကျေနပ်အောင်
တောင်းပန်လိုက်ရင် ကောင်းမယ်”

“ဘာဆိုင်လို့ တောင်းပန်ရမှာလဲ မတောင်းပန်ပါဘူး
သူကပဲ ညာသေးတယ် ဝိုင်းပြောတော့ စိတ်ဆိုး
ရသေးတယ်”

“ဘယ်သူပဲမှားမှား တောင်းပန်းလိုက်တာ မမှားပါဘူး”

“သူက ဘာမို့လို့လဲ ဘာဆိုင်လို့တောင်းပန်ရမှာလဲ
သူကြီးမိန်းမလား မြို့အုပ်အမေလား ဂျပန်ကတော်ကြီးလား”

“သူခိုးဟာ…သူူခိုးပဲ”

“သူက ဘယ်သူကတော် ဘယ်သူမိန်းမမှ မဟုတ်ဘူး
အောက်စုရွာစွန်က အောက်လမ်းစုန်းမကြီး ဒေါ်ငွေစိန်
ဆိုတာ သူပဲ။သူနဲ့ဖက်ပြိုင်ရန်ဖြစ်သူဟာ
သေမိန့်ချခံရသလိုပဲ ကြားဖူးလား”

“ဘာ… ဘာ…ဒေါ်ငွေစိန်…ကြား…ကြားဖူးတယ်”

“ဒုက္ခတော့ ရောက်ပါပြီ”

“ဒါကြောင့် သူကို လိုက်တောင်းပန်လို့ ပြောတာ
သူ…မကျေနပ်ရင် သူ့နာမည်ကြားရုံနဲ့ အဲဒီနာမည်ရှင်ကို
သေအောင်လုပ်နိုင်တဲ့ အဓိပတိစုန်းမကြီးပဲ”

“အမလေး…ဘုရား ဘုရား ငါးငါးတော့ မှောက်ပါပြီ”
“တောင်း…တောင်းပန်ရအောင် ဘယ်ရောက်သွားပြီလဲ”

“သူ့အိမ် ပြန်သွားမှာပေါ့”

ဆိုင်မှာ စျေးရောင်းနေသော မိန်းကလေးက ပိုက်ဆံ
ထည့်သောခြင်းထဲမှ ပိုက်ဆံများကို ချတွက်နေရင်းက

“ကျမလည်း စုန်းမကြီးမှန်း မသိပါဘူး…အခုပိုက်ဆံတေချတွက်လိုက်တော့
တသ်ကျပ်တိတိ ပိုနေတယ်”

“ငါနဲ့ စောစောက နှစ်ယောက်ဝယ်သွားတဲ့ ပိုက်ဆံရှိသေးတယ်လေ”

“ဒီမှာအဒေါ်နဲ့ နှစ်ယောက်ဝယ်တဲ့ ပိုက်ဆံဖယ်ပြီးပြီ
ဆိုင်မဖွင့်ခင်က ပိုက်ဆံအကြွေနဲ့ ကျပ်တန်အားလုံး
သုံးကျပ်ထည့်ထားတယ် အခု လေးကျပ်တိတိဖြစ်နေတယ် အဲဒီအဘွားကြီးက
ပြားခုနှစ်ဆယ်ဖိုးဝယ်တဲ့ ပြားသုံးဆယ်အမ်းပေးရမှာ
သူစောင့်နေတာ မေ့သွားတယ် …ကျမလည်း
မပေးရဘူးလို့ အတင်းငြင်းလိုက်တာ”

“အဲဒါဆို အဘွားကြီး အပြစ်မဟုတ်ပဲ ညည်းမေ့ပီး
မပေးရသေးဘူးလို့ ပြောတာပေါ့ ငါကလည်း
ငါဝင်လာတဲ့အချိန် ပေးတာမတွေ့လို့ ညည်းဘက်က
ဝင်ပြောမိတာ …ငါအမှားပဲ
ဒုက္ခပါပဲ သေသာသေလိုက်ချင်တော့တယ် ငါ့ပါးစပ်ကိုက
အငြိမ်မနေမိဘူး နေရာတကာ ဝင်ပါမိတာနေတယ်
ညီမ အဲဒီအဘွားကြီးအိမ်ကို သိလား လိုက်ပို့ပေးပါလား”

“ဟာ မလိုက်ရဲပါဘူး သူကိုစေ့စေ့တောင် မကြည့်ရဲပါဘူး
ကျမသွားတော့မယ် တော်ကြာ ကျမပါ အဆစ်ပါနေဦးမယ်”

စပ်စပ်စုစု ပြောမိသော အမျိုးသမီးသည် စျေးထဲပင်
မဝင်တော့ဘဲ အိမ်ပြန်သွားတော့သည်။
စျေးရောင်းပြီး ချိုးချိုးဖဲ့ဖဲ့ ပြောခဲ့သော မိန်းခလေးက
ခြေတုန်လက်တုန်နှင့် အမှားမှားအယွင်းယွင်း
ဖြစ်နေသည်။ဖိခင်ဖြစ်သူ ဆိုင်သို့ ရောက်လာသည်နှင့်
အိမ်ခဏပြန်ဦးမည်ပြောကာ အိမ်သို့ပြေးလေတော့သည်

ဒေါ်ငွေစိန် အိမ်ကို ဘယ်လိုခြေလှမ်းနှင့် လျှောက်ပြီး
ပြန်ရောက်ခဲ့သည် မသိနိုင်တော့ ။စိတ်ကောင်း
စေတနာကောင်းနှင့် လူတွေကို ဆက်ဆံပေမဲ့
လူတွေက လူကို လူလိုမမြင် ။ပိုဆိုးသည်က အသက်ကြီးသူ
ရုပ်ရည်မလှမပသူများကို အထင်သေးသောအကြည့်
အပြောအဆို ယုတ်ရင့်စွာ ပြောဆိုတက်ခြင်းပင်ဖြစ်သည်
ယခု…စျေးဆိုင်က မိန်းခလေးက ပိုက်ဆံမပေးဟု
အတင်းငြင်းကာ သူခိုးဟုစွပ်စွဲသည်။

စျေးဆိုင်တကာ လှည့်ပြီး လိမ်စားနေသူဟု အပြောအဆို
ခံလိုက်ရသည်။သူ့ကဲ့သို့ ပင် စျေးလာဝယ်သူအမျိုးသမီး
တစ်ယောက်ကလည်း လိုက်လိမ်စားနေတဲ့ အဘွားကြီးဟု
ဝင်ပြောဆိုလိုက်သေးသည်။

သို့ကြောင့် ဒေါသနှင့်အရှက်က အထွတ်အထိပ်သို့
ရောက်ခဲ့သည်။
ဒေါ်ငွေစိန် အိမ်ရောက်သည်နှင့် အောက်လမ်းစီရင်သည့်
အခန်းကိုတန်းသွားသည်။ဒေါသမပြေသေးသည့်အတွက်
အချိန်ဆိုင်းရန် မစဉ်းစားတော့ စီရင်စရာရှိသည်ကို
အမြန်စီရင်ရှိသည်ကို အမြန်စီရင်ရန် ဆုံးဖြတ်လိုက်သည်
သို့ကြောင့် လက်ထဲပါလာသော ဆံပင်များကို တစ်ပုံစီ
နှစ်ပုံချလိုက်သည်။

အရုပ်ကလေးနှစ်ရုပ် ယူလိုက်ပြီး တစ်ရုပ်၏ခေါင်းကို
မိန်းခလေး၏ဆံပင်ပတ်လိုက်သလို ကျန်အရုပ်၏
ခေါင်းကို ဝင်ပြောဆိုသော အမျိုးသမီး၏ဆံပင်ကို
ပတ်လိုက်သည်။အစီအရင်များ ချက်ချင်းလုပ်သည်…
ဆေးစီရင်ထားသော ဖယောင်တိုင်ကို မီးထွန်းလိုက်သည်

ထို့နောက် တောက်လောင်နေသည့် ဖယောင်တိုင်
မီးညွှန့်ထဲသို့ အစီအရင်လုပ်ထားသော အရုပ်လေး၏
ခေါင်းများကို ထိုးထည့်လိုက် ပြန်ထုတ်လိုက်နှင့်
အကြိမ်များစွာ လုပ်နေသည်။

“ဟား ဟား ဟား ဟား တော်တော်လေး
ခံနေရပြီတူတယ် …နာနာကျင်ကျင်လေး ခံစားလိုက်ကြဦး
ပြီးမှ ခေါင်းကို မီးကျွမ်းအောင် ရှို့ပေးမယ်”

ဒေါ်ငွေစိန်က အရုပ်ကလေးများ၏ခေါင်းပိုင်းကို
မီးညွှန့်ထဲသို့ အကြိမ်ကြိမ်ထိုးသွင်းနေသည်။
အရုပ်မှာစည်းနှောင်ထားသော ဆံပင်အားလုံး
လောင်ကျွမ်းကုန်ပြီ။

“ကဲ ဒီလောက်ခံစားနေရတာ နာကျင်လွန်းလို့
သေချင်စိတ်ပေါက်နေရော့ပေါ့ ကဲ”

“ဖျစ်…ဖျစ်…ဖျစ်”
အရုပ်လေးများ၏ခေါင်းပိုင်းမှာ ဖယောင်းတိုင်မီး၏
လောင်ကျွမ်းမှုကြောင့် ပြာကျသွားသည်။
ထိုမီးလောင်ထားသော အရုပ်လေးနှစ်ရုပ်ကို
စားပွဲပေါ်တင်ထားလိုက်ပြီး ဖယောင်တိုင်ကို
မီးငြိမ်းလိုက်ကာ အခန်းအပြင်သို့ ထွက်လာခဲ့သည်။
ထိုကဲ့သို့ စုန်းမကြီးဒေါ်ငွေစိန် အစီအရင်များ
လုပ်ကိုင်နေသည့်အချိန် စျေးရောင်းသူမိန်းခလေးနှင့်
ဝင်ပြောသူ အမျိုးသမီးနှစ်ယောက်တို့ ဦးခေါင်းတစ်ခုလုံး
မီးအပူဟပ်သကဲ့သို့ မခံမရပ်နိုင်အောင် နာကျင်မှုကို
ခံစားရပြီ အော်ဟစ်လူးလှိမ့်နေသည်။

အိမ်သားများလည်း မည်ကဲ့သို့ လုပ်ပေးရမှန်းမသိ
ဘာရောဂါမှန်းလည်းမသိ အလွန်ပြင်းထန်စွာ
နာကျင်နေသည်ကိုသာ တွေ့မြင်နေရသည်။
စုန်းမကြီးတစ်ယောက်နှင့် စျေးဝယ်ရင်း စကားများကြသည်ဟု
တစ်ဆင့်စကား တစ်ဆင့်ကြားကြသည်။
အမျိုးသမီးကြီး၏ ယောင်္ကျားနှင့်မောင်များ
အစ်ကိုများကလည်း စုန်းမကြီး လုပ်ကိုင်ပြုစားသည်
ဆိုလျှင် လူနာတစ်ခုခုဖြစ်သည်နှင့် ဓါးဆွဲပြီး
ရင်ဆိုင်ဖြေရှင်းမည်ဟု ဆိုသည်။

မကြာခင် မျက်စိအောက်မှာပင် မျက်နှာနှင့်ဦးခေါင်း
တစ်ခုလုံးမီးကျွမ်းသလို အရည်ကြည်ဖုများထကာ
လူရုပ်ပင်မပေါ်အောင်ဖြစ်ပြီး အသက်ရှုကြပ်၍
သေဆုံးသွားတော့သည်။
အချို့က မြို့မှာ အုပ်ချုပ်နေသော ဂျပန်များကိုတိုင်ရန်
အကြံပေးခဲ့ကြသည်။သူကြီးတိုင်ရန်လည်း အကြံပေးသည်။

စျေူသည်မိန်းခလေး၏မိသားစုကတော့ သူကြီးကို
တိုင်သည်။

အမျိုးသမီးကြီး၏မိသားစုကတော့ဤအရေးကိစ္စကို
မည့်သူကိုမှမတိုင်ပဲ ကိုယ်နည်းကိုယ်ဟန်နှင့်
ဖြေရှင်းရန် လူကြီးလူငယ်တစ်စု တိုင်ပင်ကြသည်။
စိတ်ထက်သော လူရွယ်တစ်စုက သူတို့၏ အဒေါ်
အစ်မသွေးသားရင်း ယခုလို ပိုးစိုးပက်စက်
သေဆုံးရသလို စုန်းမကြီးကို ဖြစ်သည့်နည်းနှင့်
ရင်ဆိုင်သတ်ဖြတ်မည်ဟု တညီတညွှတ် ဆုံးဖြတ်
လိုက်ကြသည်။

သို့ကြောင့် လူငယ်လူကြီးခြောက်ယောက်အရက်မူး
အောင်သောက်ပြီး တုတ် ဓါး ကိုယ်စီဆွဲကာ ဒေါ်ငွေစိန်
အိမ်သို့ ထွက်လာကြသည်။ဒေါ်ငွေစိန်က
ဆယ့်နှစ်ကြိုးစုန်းကဝေမကြီးပဲ…ဖြစ်နေပါစေ
သူသေကိုယ်သေ ရင်ဆိုင်မည်။လူကိုဓါးနဲ့ခုတ်မည်
တုတ်နဲ့ရိုက်မည်။အိမ်ကြီးကို မီးရှို့မည်။

မည်ကဲ့သို့ ကြောက်လန့်စရာတွေ့တွေ့ နောက်မဆုတ်
စတမ်းဟု အခိုင်အမာ ဆုံးဖြတ်ထားကြသည်။
သို့ကြောင့် အောက်စုရွာအရှေ့ပိုင်း ဒေါ်ငွေစိန်၏အိမ်သို့
လျင်မြန်သော ခြေလှမ်းများနှင့် ထွက်လာကြသည်။
အချိန်က ညနေလေးနာရီခန့်ဖြစ်သည်။
ဒေါ်ငွေစိန်လည်း ခြံထဲသို့ တုတ် ဓါးများကိုင်၍ ဝင်လာသော
လူတစ်စုကို အိမ်ပေါ်မှ မြင်လိုက်သဖြင့် တံခါးကို
အသေအချာပိတ်ပြီးနေသည်။

အိမ်ကခြေတံရှည် တစ်ထပ်ပျဉ်ထောင်အိမ်ဖြစ်၍
တံခါးများပိတ်လိုက်လျှင် ချက်ချင်းပင် ဝင်၍မလွယ်။

သူတို့လူစုမှာ လူခုတ်ရန် ငှက်ကြီးတောင်ဓါးများနှင့်
တစ်လံခန့်ရှိ တုတ်များသာပါသည်။
“ဒုန်း…ဒုန်း…ဒုန်း…”

“ဟေ့ အဘွားကြီး တံခါးဖွင့်ပေးစမ်း”

“စုန်းမကြီး မသေချင်ရင်…တံခါးဖွင့် မဖွင့်ရင် အိမ်ကို
မီးရှို့ပစ်မယ်”

တံခါးကို တုတ်ချောင်းများနှင့် အားရပါးရ ထုရိုက်သည်။
“ဟေ့ကောင်လေးတွေ …နင်တို့ပါ မသာပေါ်သွားချင်လို့လား
အခုပြန်”

“ခင်ဗျားကိုသတ်ပြီးမှပြန်မယ် …ခင်ဗျားကြောင့်
ကျုပ်မိန်းမသေသွားရပြီ”

“ဟုတ်တယ် ခင်ဗျားကြောင့် ကျုပ်အစ်မ သေသွားရတယ်
ခင်ဗျားကို သတ်ပြီးမှ ပြန်မယ်”

“ဟား ဟား ဟား ငါ့ကိုပဲ သတ်လို့ရမလား
နင်တို့ပဲ မသာပေါ်မလား”

ထိုစဉ် အိမ်ခြံဝမှ အသက်ငါးဆယ်ခန့် လူကြီးတစ်ယောက်က
လှမ်းအော်လိုက်သည်။

“ဟေ့…ဟေ့ ကောင်လေးတွေ ပြန် ပြန်
မြန်မြန်ပြန်ကြ ဂျပန်တွေ ဒီရွာဘက်ကို လာနေကြတယ်
မင်းတို့ကို တွေ့ရင် ချွေးတပ်ဆွဲလိမ့်မယ်”

“ဘာဆိုင်လို့လဲဗျ”

“ဆိုင်လား …မဆိုင်လားတော့ မသိဘူး
ဟိုဘက်ရွာက ယောင်္ကျားမှန်သမျှ ညက ဆွဲသွားပြီးပြီ
အခု ဒီရွာဘက်ကို လာနေပြီ သံဖြူဇရပ်မှာ ရထား
ဖောက်တဲ့ဆီ ပို့မလို့တဲ့”
ဒေါ်ငွေစိန်ပဲ ကံကောင်းသွားသည်လား လူငယ်တွေပဲ
ကံဆိုးသွားသည်လားမသိ။
တုတ် ဓါး ကိုင်ဆောင်ထားသော လူကြီးလူရွယ်
ခြောက်ယောက်လည်း ဒေါ်ငွေစိန်၏လှေကားပေါ်မှ
ပြန်ဆင်း ပြီးခြံထဲမှ ပြန်ထွက်သွားကြသည်။

မထွက်သွားခင် လူရွယ်တစ်ယောက်က ဒေါ်ငွေစိန်အား
အော်ပြောသွားသေးသည်။

“တောက် အရေးထဲမှ အရာပေါ်လာသေးတယ် နောက်နေ့မှ ခင်ဗျားကြီးကို ကျုပ်လာပြန်သတ်မယ်
ထမင်းဝအောင် စားထား စုန်းမကြီး”

ဒေါ်ငွေစိန် အိမ်ပေါ်ကနေပြီး ပြတင်းတံခါးဟပြီး
ကြည့်နေသည်။အိမ်ထဲဝင်လာသော လူအားလုံး
ထွက်သွားသည်ကို သေချာမှ ခဏစောင့်ကာ အိမ်တံခါး
ဖွင့်ပြီး အောက်ဆင်းခဲ့သည်။ဒေါ်ငွေစိန်လက်ထဲမှာ
ဖလားဟောင်းတစ်လုံး ကိုင်လာသည်။

“အင်း…ငါ့ကို နှယ်နှယ်ရမှတ်လို့ ရန်လာစကြတယ်
နင်တို့အားလုံး ဒီညကနေပြီး နောက်နေ့မျက်နှာ
မသစ်စေရဘူး”

ပါးစပ်ကပြောရင်း အိမ်ရှေ့သဲမြေကွက်ပေါ်က
ခြေရာများကို အသေအချာကြည့်ပြီး ခြံပြင်ပြန်ထွက်သော
ခြေရာများမှ သဲမြေတစ်ဆုပ်စီ တစ်ဆုပ်စီကျုံးယူကာ
ခွက်ထဲထည့်သည်။

“အင်း ခြောက်ယောက်လုံးရဲ့ ခြေရာလက်ရာတွေကောင်းပါရဲ့”

သဲများကျုံးထည့်ထားသော ခွက်ကို ကိုင်ရင်း
အိမ်ပေါ်သို့ ပြန်တက်ခဲ့သည်။
မီးဖိုထဲတန်းသွားပြီး မီးမွှေးလိုက်သည်။
ထို့နောက် သံဒယ်အိုးအဟောင်းကြီးကို မီးဖိုပေါ်
တင်လိုက်သည်။
ထိုဒယ်အိုးအတွင်းသို့ ခွက်ထဲက သဲများထည့်လိုက်သည်။
ဒေါ်ငွေစိန်အစီအရင်ပစ္စည်းများထားသော
အခန်းထဲဝင်သွားပြီး ယောက်မတစ်ခုကို ယူခဲ့သည်
ထိုယောက်မက အစီအရင်နှင့် ပြုလုပ်ထားခြင်းဖြစ်သည်

ထိုယောက်မနှင့် စီရင်မည့်အရာကို ထိုးမွှေပေးပြီး
ပါးစပ်မှ အောက်လမ်းမန္တန် ရွတ်ဖတ်ရသည်။
ထိုအခါ အစီရင်ခံရသူ မရှုမလှ ခံရတော့သည်။
မီးဖိုထဲထည့်ပြီး မီးရှို့ကြော်လှော်သကဲ့သို့ သေလုမတတ်
ခံစားရသည်။မန္တန်တစ်ခေါက် ရွတ်ခြင်းကြောင်ထိုကဲ့သို့
ခံစားရပေမဲ့ မန္တန်တစ်ခေါက်မကရွတ်ပြီး အဆက်မပြတ်
မွှေပေးနေပါက စီရင်ခြင်း ခံရသူ မန္တန်ခုနှစ်ခေါက်
မပြည့်မီမှာပင် အသက်ဇိဝိန်ချုပ်ငြိမ်းသွားရလေတော့
သည်။

ယခု ဒေါ်ငွေစိန်လည်း ယောက်မကို အဆက်မပြတ်
မွှေရင်းဂါထာမန္တန်ရွတ်နေသည်မှာ ခုနှစ်ခေါက်ပင်မကတော့။

ဒေါသကြီး စိတ်ကြီးလှသော ဒေါ်ငွေစိန် အတော်ကြာမှ
သတိဝင်လာပြီး မန္တန်ရွတ်ခြင်းကို ရပ်၍ မီးဖိုပေါ်မှ
ဒယ်အိုးကိုချပြီး မီးငြိမ်းလိုက်တော့သည်။
ဒေါ်ငွေစိန် ကြိမ်းဝါးသည့်အတိုင်း တုတ် ဓါးကိုင်ပြီး
သတ်မယ် ဖြတ်မယ်လုပ်ခဲ့သော လူငယ်လူကြီး
ခြောက်ယောက်တို့ ထိုညမှာပင် တစ်ကိုယ်လုံး
မီးလောင်ဒဏ်ရာများကဲ့သို့ အရေပြားများ ဖုယောင်
ထွက်ကာ မခံခရပ်နိုင် လူးလိမ့်ရင်း သေဆုံး
သွားကုန်တော့သည်။

ထိုကဲ့သို့ ဖြစ်ပြီး သုံးရက်ခန့်အကြာ ညကိုးနာရီခန့်
ဒေါ်ငွေစိန်၏အိမ်ကြီးကို ဂျပန်ဆယ်ယောက်ခန့်
သေနတ်အသင့်တင်ပြီး ဝိုင်းလာကြသည်။
ပိတ်ထားသော ဒေါ်ငွေစိန်၏တံခါးကို ဂျပန်တစ်ယောက်က
သေနတ်ဖြင့် တရစပ်ပစ်ဖွင့်လိုက်သည်။

ထို့နောက် အိမ်ပေါ်မှာ ပုန်းနေသော ဒေါ်ငွေစိန်အား
ထိုနေရာမှာပင် ဂျပန်များဝိုင်း၍ ပစ်သတ်လိုက်ကြတော့သည်။

တစ်လအတွင်း လူဆယ်ယောက်မက အောက်လမ်း
နည်းဖြင့် သတ်ဖြတ်ခဲ့သော အောက်လမ်းစုန်းမကြီး
ဒေါ်ငွေစိန်တစ်ယောက် ဂျပန်များ၏လက်ချက်နှင့်
သေပွဲဝင်သွားတော့သည်။ဂျပန်များကို
အောက်စုရွာသူကြီးကဂျန်စကားပြန်ကို
အကျိုးအကြောင်း သွားရှင်းပြလိုက်သဖြင့် ယခုကဲ့သို့
အုပ်စုလိုက်လာပြီး သတ်ဖြတ်ပစ်ခြင်းဖြစ်သည်။

ဒေါ်ငွေစိန်သေဆုံးသွားသည့်နှင့် ဒေါ်ငွေစိန်၏အလောင်းကို
ခြံထဲဆွဲချပြီး မီးရှို့သင်္ဂြ ိုဟ်လိုက်သည်။

ထို့နောက်ပိုင်း ဂျပန်များလည်း ထိုအိမ်မှမပြန်တော့ဘဲ
စခန်းချနေထိုင်တော့သည်။ရွာအစွန်ဖြစ်၍ ရွာထိပ်မှာ
ကင်းဝပ်နေရာယူသည့် သဘောဖြစ်ဟန်တူသည်။
ပြန်တန်ဆာမြို့ထဲမှာ ဂျပန်ကင်ပေတိုင်ရုံး ဖွင့်ထားသည်
အောက်စုရွာမှာ တပ်စိတ်တစ်စိတ်ထားသည်။

ထိုဂျပန်များ ဒေါ်ငွေစိန်၏အိမ်ကြီးပေါ်မှာ တစ်ပတ်ပြည့်
အောင်ပင်မနေဘဲ ခြံထောင့်မှာသာ တဲထိုးပြီး
နေကြတော့သည်။ဒေါ်ငွေစိန်က မကျွတ်မလွတ်ဘဲ
ဂျပန်တွေ အိမ်ကြီးပေါ်မှာ မနေဝံ့အောင် သရဲခြောက်
လိုက်သည်မှာ လွန်ရောဟု သတင်းထွက်လာသည်။

ထို့ထက်မက တစ်ယောက်နဲ့တစ်ယောက် အထင်အမြင်
မှားမြင်ပြီး အပြန်အလှန် ပစ်ခတ်ကြသဖြင့် ဂျပန်စစ်သား
သုံးယောက် သေသည့်အထိ ဖြစ်သည်။

အိမ်ကြီးပေါ်မှာ မနေဝံ့၍ ခြံထဲဆင်းနေကြသော်လည်း
တစ်ညမှ ကောင်းကောင်းမအိပ်ရဟု သတင်းထွက်လာသည်။

ဒေါ်ငွေစိန်သေဆုံးသွားပြီး နှစ်မကြာခင်မှာပင် ဂျပန်များကို
တော်လှန်ရေးရဲဘော်များက တိုက်တုတ်သဖြင့်
ဂျပန်များထွက်ပြေးရင်း ဒေါ်ငွေစိန်၏ အိမ်ကြီးကို
မီးရှို့ထားခဲ့တော့သည်။
သရဲအခြောက်ကြမ်းသည်ဆိုသော ဒေါ်ငွေစိန်လည်း
အိမ်ကြီးမီးလောင်ပြီးနောက်ပိုင်း ခြံထဲမှာ ခိုကပ်နေသည်။

ခြံထဲဝင်မိသည့် လူများကို နည်းမျိုးစုံနှင့် ခြောက်လှန့်
သေးသည်ဟု သတင်းထွက်ပေါ်ခဲ့သည်။
သို့ကြောင့် ထိုသရဲအခြောက်ကြမ်းသည်ဆိုသော
ဒေါ်ငွေစိန်၏ခြံကြီးကို သမီးဖြစ်သူကလည်း
လာရောက်နေထိုင်ခြင်း မရှိ။ဝယ်မည့်သူလည်းမရှိ။

ယနေ့တိုင် လူမနေသော ခြံကြီးအဖြစ် ရှိနေပါတော့သည်

ပြီးပါပြီ
စာဖတ်သူများစိတ်ရွှင်လန်းပါဇေ
မူရင်းရေးသူ ဆရာ ဧကန်မင်း
စာဖတ်သူကို ကူးယူဝေမျှသူ လက်ခ

Credit