ဆင်ထူးဆန်းနဲ့ မာယာဆန်သောရွာ
Posted on
တစ်ပွဲစားမုဆိုး
ဆင်ထူးဆန်းနဲ့ မာယာဆန်သောရွာ ( အပိုင္​း ၁)
ရေးသူ- ထမံ(တောင်ငူ)
********
ရွာနာမည်က ထူးဆန်းတယ်။
မာယာတဲ့။
နာမည်နဲ့ လိုက်ဖက်လွန်းအောင်ပဲ ရွာဆီမှာနေသူတွေက မိန်းမသားတွေချည်းပဲ။ ယောကျာ်းသားရယ်လို့ တစ်ဦးတစ်ယောက်တောင် မရှိဘူး။
ရှိခဲ့ရင်လည်း အဲ့ဒီ့ယောက်ျားဟာ မနက်ဖြန်ဆိုတာ ဘာမှန်းသိရဖို့ အခွင့်အရေးမရှိနိုင်တော့ဘူးရယ်လေ။
သို့ပေမယ့်လည်း ဒီရွာက သာမန်ရွာတွေလို လူတွေမြင်နိုင်တဲ့ ရွာတစ်ရွာတော့ မဟုတ်ဘူး။
အခွင့်ကြုံမှ မြင်၊ အခွင့်ကြုံမှ ရောက်ရတတ်တဲ့နေရာ။
ပြီးတော့ ထူးဆန်းတာက ရွာထဲက မိန်းမသားတိုင်းဟာ အရွယ်ကောင်း အချောအလှတွေချည်းပါပဲ။
******
မြို့လေးတစ်ခုရဲ့ ကျောင်းဆင်းချိန်…။
အသက်ဆယ့်လေးနှစ်အရွယ် ကောင်လေးတစ်ယောက် လမ်းနံဘေးမှာ ထိုင်နေတယ်။
သူက မျက်နှာမူထားရာ လမ်းဆီကို လည်တမျှော်မျှော်နဲ့ တစ်စုံတစ်ယောက် စောင့်မျှော်နေတဲ့ဟန်ရှိနေတယ်။
အချိန်အတော်လေးကြာတော့ စောင့်နေတဲ့ ကောင်လေးနဲ့ သက်တူရွယ်တူရှိမယ့် အနောက်တိုင်း ကျောင်း၀တ်စုံပြည့်၀တ်ထားပြီး လက်မှာ လက်ဆွဲအိတ်ကို ဆွဲထားတဲ့ ကောင်လေးတစ်ယောက် အပြေးအလွှား ရောက်လာခဲ့တယ်။
အဲ့ဒီ့ကောင်လေးက ပမးထမကောင်လေးအနားကိုရောက်တော့ အတော့်ကို မောလှနေတဲ့ဟန်နဲ့ရှိနေရတာ။
” မောင်ကောင်း…”
ပြေးလာတဲ့ ကျောင်းသားလေးက စောင့်နေတဲ့ ကောင်လေးကို ခေါ်လိုက်တာ။
” အေး…ငတေ။ မင်း ငါ့ကြောင့် ပြေးလာရတာ မောနေပြီလား…”
” အင်း…မောတော့မောတယ်။ ဒါပေမယ့် မင်းကိစ္စကို ပိုမောမိတယ်…”
မောင်ကောင်း ခပ်သာသာ ပြုံးလိုက်မိပါတယ်။
” ဘယ်လိုဖြစ်ရတာလဲ သူငယ်ချင်းရာ။ မင်း…အလုပ်ထွက်လုပ်ရတော့မယ်ဆို…”
ငတေက စိုးရိမ်တကြီးမေးတယ်။
မောင်ကောင်းရဲ့ မျက်နှာက ပြိုတော့မယ် မိုးတိမ်များလို မှိုင်းညို့သွားရတယ်။
” အင်း…ဟုတ်တယ်…”
” ဘာလို့များလဲ သူငယ်ချင်းရာ။ မင်းအဖေ မရှိတော့တာကြောင့်လား…”
” အင်း ဆိုပါတော့ သူငယ်ချင်းရယ်။ အမှန်တော့ ငါလည်း ဦးလေးဖြူတုတ်ဆီမှာ စာသင်ချင်ပါသေးတယ်။ ဒါပေမယ့်လည်း အဖေမရှိတော့ဘူးဆိုတော့ အိမ်ရဲ့ စား၀တ်နေရေးက ရှိလာရပြီလေ…”
ငတေတစ်ယောက် ငကောင်းမသိအောင် သက်ပြင်းကို ခိုးချလိုက်တယ်။
သူက မောင်ကောင်းက အသွင်မတူဘူး။
သူက မောင်ကောင်းတို့ထက် စီးပွားရေးအခြေအနေကောင်းသူ၊ ပြီးတော့ မိဘမောင်ဘွားတို့ စုံလင်သူ။ အဖေဖြစ်သူကလည်း အင်္ဂလိပ်အစိုးရရုံးတစ်ခုဆီက အရာရှိတစ်ယောက်ဆိုတော့ ပြည့်ပြည့်စုံစုံပဲ။
ပြီးတော့ သူက အင်္ဂလိပ်ကျောင်းသားတစ်ယောက်။ ကျောင်းတက်၊ အိမ်ပြန်၊ ပြီးရင် ဘီအေဘွဲ့ရထားတဲ့ ဦးလေးဖြူတုတ်ဆီမှာ ပြင်ပဘာသာရပ်စာပေအချို့ကိုသင်။ သူ့ဘ၀က ဘာမှ ပူပင်မှုမရှိရဘူး။
မောင်ကောင်းကတော့ သူနဲ့ ဆန့်ကျင်ဘက်။
အဖေက ကျပန်းသမား၊ အမေက မှီခို။ မောင်နှမက လေးယောက်၊ မောင်ကောင်းက အကြီးဆုံးသား။ စီးပွားရေးကလည်း အဆင်မပြေ။
ပြီးတော့ မကြာခင်ကမှ မောင်ကောင်းရဲ့ အဖေဖြစ်သူဟာ အလုပ်ထဲ မတော်တဆဖြစ်ပြီး ဆုံးပါးခဲ့တယ်။ ဒီတော့ နဂိုကမှ စီးပွားရေးအဆင်မပြေတဲ့ မိသားစုရဲ့ စား၀တ်နေရေး တာ၀န်အားလုံးက မောင်ကောင်းပခုံးပေါ် ကျရောက်လာတော့တာပေါ့။
ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့နှစ်ယောက်က အခြေအနေ မတူ။ သို့ပေမယ့် ကံရှိလာတော့ ကျောင်းမတက်နိုင်တဲ့ မောင်ကောင်းကို ဦးလေးဖြူတုတ်က သူ့ဆီမှာ ဗမာစာလာသင်ဖို့ ခေါ်တယ်။ စာတတ်ချင်တဲ့ မောင်ကောင်းကလည်း စာလာသင်တယ်။
အဲ့ဒီအချိန်မှာ သူကလည်း တိုက်တိုက်ဆိုင်ဆိုင် ဗမာစာသင်ဖို့နဲ့ ဘ၀အတွေ့အကြုံကို လေ့လာဖို့ ဦးလေးဖြူတုတ်ဆီကို ရောက်နေခဲ့တာ။
မြင်မြင်ချင်း အသွင်နွမ်းပါးတဲ့ မောင်ကောင်းကို သူ သတိထားမိခဲ့တယ်။ နောက်တော့ တတ်နိုင်သလောက် ဖေးမကူညီရင်း အခင်ဆုံးသူငယ်ချင်းတွေဖြစ်လာခဲ့တယ်။
မောင်ကောင်းနဲ့သူ မခွဲတမ်းပဲ စာအတူအံ၊ စာအတူ ကျက်ခဲ့ကြတယ်။ နောက်တော့ သူ့ရဲ့ ကျောင်းပိတ်ရက်တွေဆို ဦးလေးဖြူတုတ်အိမ်ကနေတစ်ဆင့် နေရာစုံ လျှောက်သွားကြပြီး မခွဲတမ်း ဖြတ်သန်းခဲ့ကြတာ လေးငါးနှစ်၀န်းကျင်။
ယခု မောင်ကောင်းက စာမသင်ရတော့ဘူး။
သူငယ်ချင်းအတွက် ငတေ တကယ်ကို ရင်ထဲ မချိသာလှဘူး။ သူကိုယ်တိုင်ကလည်း ကျောင်းသားဘ၀မို့ ဘာကိုမှ အကူအညီမပေးနိုင်။
” ဒါနဲ့ မင်းဘာအလုပ်လုပ်မယ်လို့ တွေးထားလဲ…”
မောင်ကောင်း သက်ပြင်းကို ခိုးချလိုက်တယ်။
” အမေ့ဘက်က ဦးလေးတစ်ယောက် ငါ့ကို လာခေါ်မယ်လို့တော့ ပြောတယ်။ သူက ဆင်ဦးစီးလေ။ သူလက်ရှိ ရှိနေတဲ့ ပဲခူးရိုးမပေါ်က သစ်ထုတ်စခန်းမှာ အလုပ်ပြောပေးမယ် ပြောတယ်…”
” ဟင်…ပဲခူးရိုးမ သစ်ထုတ်စခန်း ဟုတ်လား။ အဝေးကြီးပဲလေ…”
” အေး…ဟုတ်တယ်။ သစ်ထုတ်စခန်းဆိုပေမယ့် ငါ့အတွက်တော့ ဆင်တွေနဲ့ နေရမှာမို့ ငါ သိပ်ပျော်ပါတယ်…”
မောင်ကောင်းက ဆင်တွေကို ချစ်တတ်တယ်ဆိုတာ ငတေကို အစောကတည်းက ပြောပြဖူးထားတယ်။
” အေးပါကွာ…မင်းအတွက် ရွေးချယ်စရာမှ မရှိဘဲ။ ငါကိုယ်တိုင်လည်း လတ်တလောတော့ မှီခိုရာက မကင်းသေးတော့ မင်းကို မကူညီနိုင်သေးဘူး။ ဘာပဲ ဖြစ်ဖြစ် တစ်နေ့တော့ ငါမင်းကို ကူညီနိုင်မှာပါ…”
ငတေရဲ့ စကားအဆုံး မောင်ကောင်း ပြုံးလိုက်မိလေတယ်။
” အင်းပါကွာ။ ငါ မင်းဆီက ဘာမှ မျှော်လင့်မထားပေမယ့် ဒီစကားအတွက်တော့ တကယ့်ကို အားရှိရပါတယ် သူငယ်ချင်း။ ကျေးဇူးတင်ပါတယ်ကွာ…”
” နေပါစေကွာ…ငါက ဘာမှမလုပ်ပေးနိုင်သေးတာမို့ မင်းရဲ့ ကျေးဇူးတင်စကားကို လက်မခံပါရစေနဲ့…”
“ဘာပဲဖြစ်ဖြစ် မင်းရဲ့ စကားက ငါ့ကို အားရှိစေတယ်လေ…”
” အေးပါကွာ အေးပါ…”
သူငယ်ချင်းနှစ်ယောက် ပြိုင်တူရယ်မောမိလိုက်ကြတယ်။
ဒါပေမယ့် ဘယ်လောက်ပဲ ဖုံးကွယ်ပြီး ပြောနေပါစေ၊ သူတို့ အပြုံးတွေက ပြည့်၀မှု မရှိခဲ့တာတော့ သေချာပါတယ်။
******
မောင်ကောင်းတစ်ယောက် တကယ့်ကိုပဲ လူသားတို့ ရုန်းကန်ရှင်သန်ရာ ဘ၀ဆီကို အချိန်မတိုင်ခင်ဘဲ ဆင်းသက်ခဲ့ရတယ်။
ဒါပေမယ့်လည်း ဦးလေးဖြစ်သူရဲ့ ဖေးမမှုကြောင့် သစ်ကွက်လုပ်သားတွေလိုတော့ သိပ်ပြီးပင်ပန်းကြီးစွာ မရှိခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့ ဦးလေးက ဆင်ဦးစီးဖြစ်တာမို့ ဆင်တွေကို ချစ်တတ်တဲ့ မောင်ကောင်းကိုလည်း ဆင်ဦးစီးပဲ ဖြစ်စေချင်ခဲ့တယ်။
ဒါကြောင့် ဆင်နောက်လိုက် ပညာသင်အနေနဲ့ထားပြီး ဆင်ပိုင်ဆီက လုပ်ခလစာအချို့ရအောင် ပြောဆိုစီမံပေးခဲ့လေတယ်။
သို့ပေမယ့်လည်း ဆင်နဲ့ပက်သက်တဲ့ ကိစ္စွတွေအပြင် ဆင်ဦးစီးတို့ရဲ့ ဝေယျာ၀စ္စတွေကိုလည်း လုပ်ပေးရလေရဲ့။
ဘာပဲဖြစ်ဖြစ် မောင်ကောင်းကတော့ ပျော်နေပါတယ်။
သူရတဲ့ လစာတိုင်းကို တစ်ကျပ်တစ်ပြား မလျော့ဘဲ အိမ်ကို ပြန်ပို့တတ်ပြီး သူကိုယ်၌ကတော့ အသုံးရယ်လို့ မရှိဘဲ ဆင်တွေကြားမှာပဲ နေခဲ့ပါတယ်။
အနေရိုးအေးပြီး အလုပ်ကြိုးစားတယ်။ စေခိုင်းရာကိုလည်း မညည်းမညူနဲ့ စေတနာထားတတ်တဲ့ မောင်ကောင်း။ အားလုံးရဲ့ ချစ်ခင်မှုကို မောင်ကောင်း ပြန်လည်ရရှိခဲ့ပါတယ်။
တစ်ရက်သားကျတော့…။
” မောင်ကောင်း…”
” မနက်ဖြန်ကျရင် မြို့ကနေ ငါတို့ရဲ့ ဆင်ပိုင်ကြီးဦးခက်နဲ့ သူ့မိသားစုတွေ ဒီကို အလည်အပတ် ရောက်လာလိမ့်မယ်။ သူတို့က နှစ်တိုင်းဒီမှာ အပန်းလာဖြေတတ်တယ်။ အဲ့ဒီ့အခါကျရင် မင်းက သူ့ရဲ့အနားမှာ အနီးကပ်နေပြီး သူ လိုအပ်တာတွေကို အငြိုငြင် မခံရအောင် လုပ်ပေးရမယ်နော်…”
” ဟုတ်ကဲ့ ဦးလေးတက်ခါး။ ကျုပ် စေတနာထား ဂရုစိုက်ပြီး လုပ်ပါ့မယ်…”
“အေးအေး…ထမင်းရှင်ကို တန်ဖိုးထားကွာ။ မင်းဘ၀ တိုးတက်လာမှာပါ…”
ဦးလေးတက်ခါးရဲ့ တာ၀န်ပေးမှုကြောင့် မောင်ကောင်းတစ်ယောက် ဆင်ပိုင်ကြီးတို့မိသားစုလာရင် လုပ်ဆောင်ရမှာတွေကို တွေးတောပြီး စိတ်မှန်းနဲ့ ရင်ခုန်နေမိတယ်။
ဒီလိုနဲ့ပဲ နောက်တစ်ရက်အကြာမှာတော့ ဆင်ပိုင်ကြီးတို့ မိသားစုတွေ အကြိုသွားတဲ့ ဆင်နှစ်စီးနဲ့အတူ ရောက်ရှိလာကြပါတယ်။ မိသားစုက သိပ်တော့ မများပါဘူး။ ဆင်ပိုင်ကြီးရယ် သူ့ဇနီးရယ်၊ သူ့သမီးရယ် ဒါပါပဲ။
သို့ပေမယ့်လည်း ယူဆောင်လာတဲ့ ပစ္စည်းတွေကတော့ အနောက်က ဆင်အပေါ်မှာ အပြည့်ရယ်။ ဒါတွေကလည်း သူ့တပည့်လုပ်သားတွေကို လက်ဆောင်ပေးဖို့ဆိုတာ နောက်မှ မောင်ကောင်တို့လည်း သိခဲ့ကြရပါတယ်။
မောင်ကောင်းကတော့ ဘာကိုမှ ဂရုမစိုက်နိုင်။ သူလုပ်ရမယ့် အလုပ်ကိုသာ အာရုံစိုက်တယ်။
ဆင်ပိုင်ကြီးတို့မိသားစုတောင် ဆင်ပေါ်ကတောင် မဆင်းရသေးဘူး မောင်ကောင်းတစ်ယောက်က တက်ကြွစွာနဲ့ အနောက်က ဆင်ပေါ်က ပစ္စည်းတွေချ တည်းခိုမယ့်နေရာဆီကို တန်းပြီး သယ်ယူပို့ဆောင်ပေးနေတော့တာ။
သိပ်မကြာလိုက်ပါဘူး။
ဆင်သမားတွေနဲ့ စကားပြောနေတဲ့ ဆင်ပိုင်ကြီးက သွက်လက်လွန်းတဲ့ မောင်ကောင်းကို ဆင်ပိုင်ကြီးက သတိထားမိသွားတယ်။
” တက်ခါး…ဒီကောင်လေးက ဘယ်သူလဲ။ ဟိုတစ်ခါ အလုပ်ပြောပေးထားတဲ့ မင်းတူဆိုတာလား…”
” ဟုတ်ကဲ့ပါ ဆင်ပိုင်ကြီး။ ကျုပ်အစ်မရဲ့သားပါ။ သူတို့အဖေဆုံးပြီးကတည်းက မိသားစုလည်း အဆင်မပြေတော့တာမို့ပါ။ သူ့နာမည်ကတော့ မောင်ကောင်းပါတဲ့…”
ဆင်ပိုင်ကြီးက မောင်ကောင်းကို ကြည့်ပြီး ခေါင်းကိုညိတ်တယ်။
” မောင်ကောင်း…အင်း…နာမည်ကအစ လူအဆုံး သဘောကျမိရသားပဲ။ ဒီကောင်လေးက အတော့်ကို သွက်သွက်ချာချာရှိသားပဲရယ်…”
ဆင်ပိုင်ကြီးက ထိုနေ့က မောင်ကောင်းအကြောင်းကို မေးပေမယ့် မောင်ကောင်းကတော့ သူ့အလုပ်ကိုသာ အာရုံစိုက်ပြီး ကြိုးစားလုပ်ဆောင်နေပါတယ်။
ဒီလိုနဲ့ပဲ နောက်တစ်နေ့ မနက်အရောက်မှာတော့…။
ဆင်ပိုင်ကြီးတို့ မိသားစု အိပ်ရာကတောင် မနိုးသေးဘူး။ မောင်ကောင်းက သူတို့ ချိုးဖို့အတွက် ရေအိုးတွေဆီမှာ ရေတွေ အပြည့်ခပ်ပြီးထားလိုက်တယ်။
ဆင်ပိုင်ကြီးတို့ အိပ်ရာက နိုးလာတော့ မောင်ကောင်းခပ်တဲ့ ရေတွေကို ချိုးကြတယ်။ အရင်တစ်ခါက ရေချိုးကာနီးမှ လူရှာပြီး ခပ်ခိုင်းရတာ။ ဒီတစ်ခေါက်က ရေက အဆင်သင့်ဆိုတော့ ဆင်ပိုင်ကြီးဆို အံ့သြနေသေးတာ။
နောက်တော့ မနက်စာစားရင်း မေးစမ်းကြည့်တော့ မောင်ကောင်းခပ်ထားမှန်း သိသွားတယ်။
စိတ်ထဲက မောင်ကောင်းအပေါ် သဘောကျစိတ်က သာမန်ထက်ပိုသွားရတာပေါ့။
စားသောက်ပြီးတော့ ဆင်ပိုင်ကြီးတို့ မိသားစု လုပ်ကွက်တွေဘက်ကို လှည့်ကြတယ်။
မောင်ကောင်းလည်း အနောက်က လိုအပ်တာ လုပ်ကူဖို့ လိုက်လာခဲ့ရတာပေါ့။
ဒီအခါကျမှ မောင်ကောင်းတစ်ယောက် ဆင်ပိုင်ကြီးတို့ ဆင်ပေါ်က ဖြူလွှလွှပုံရိပ်ကလေးကို သတိထားမိရတယ်။
ဆင်ပိုင်ကြီးရဲ့ သမီးလေ…။
သူနဲ့ သက်တူရွယ်တူလောက်ပါပဲ။ ရုပ်ရည်သွင်ပြင်ကတော့ မြို့သူမို့ထင်။ ဘယ်လိုပဲ ကြည့်ကြည့် အပြစ်ရယ်လို့ ဆိုသာဖွယ်မရှိဘူး။ အသားအရည်ကတော့ အကြောစိမ်းလေးတွေတောင် မြင်ရလောက်အောင် ကြည်လဲ့နေတယ်။
လူပျိုဖော်၀င်ကာစ မောင်ကောင်းရဲ့ ရင်ခုန်သံတွေက မိန်းကလေးကို ကြည့်ရင်း ပူနွေးလှိုက်ဖိုနေလေရဲ့။
ဒါပေမယ့်လည်း မောင်ကောင်းမှည သတိတော့ ရှိနေပါတယ်။
သူ့အနေနဲ့ မြေခ’ခရေ ကိုယ့်အစွမ်းအစနဲ့ကိုယ် ကောင်းကင်မှာ စံမြန်းဖို့ဆိုတာက အိပ်မက်မက်ဖို့တောင် အခွင့်မရှိဘူးရယ်လေ။
ဒါကြောင့်ပဲ မောင်ကောင်း သူ့ခံစားချက်တွေကို မဖြစ်တန်ဘူးရယ်လို့ ချိုးနှိမ်လိုက်ပြီး အလုပ်ကိုသာ အာရုံပြန်စိုက်မိလိုက်ပါတယ်။
ဆင်ပိုင်ကြီးတို့ မိသားစု လုပ်ကွက်တွေထဲဆင်းပြီး သူ့ဆင်တွေနဲ့ သူ့လုပ်သားတွေကို ကြည့်တာ နေ့တစ်ပိုင်းကျိုးသွားတယ်။
ပြီးတော့ စခန်းဆီကို ပြန်လာခဲ့ကြပြီး စားသောက်လို့ အနားယူကြလေတယ်။
နေ့လည်ဘက်ရောက်တော့ ဆင်ပိုင်ကြီးတို့ နားနတာမို့ မောင်ကောင်းတစ်ယောက်လည်း အလုပ်မရှိသလိုဖြစ်ရတယ်။
ဒါနဲ့ပဲ ပျင်းပျင်းရှိတာနဲ့ လမ်းလျှောက်ထွက်ရင်း စခန်းနံဘေးက တောင်ကျချောင်းလေးဆီကို ရောက်လာခဲ့ရတယ်။
နွေအခါပေမို့ ချောင်းထဲမှာ ရေက နဲနေပြီး ကြည်စင်နေတယ်။ ကျောက်တုံးကျောက်ဆွယ်တို့အကြားက ဖြတ်သန်းစီးဆင်းနတဲ့ ရေအလျင်ကို ကြည့်ရတာ စိတ်ပါလိုက်ပြီး အေးကြည်နေရသလိုပါပဲ။
ကမ်းနံဖူးမှာတော့ ရွက်ခြောက်တွေကြွေနေတဲ့ သစ်ပင်အချို့၊ ရွက်သစ်ဝေနေတဲ့ သစ်ပင်အချို့က အရောင်အသွေးစုံစွာနဲ့ ရောပြွန်းနေတယ်။ အချို့ဆို ပန်းတွေတောင် ပွင့်နေသေးတာပဲ။
ကျေးငှက်အချို့ရဲ့ ကျီကျီကျာကျာ အော်မြည်သံတို့ကိုလည်း ကြားနေရတယ်။ ဘာကြောင့်ရယ်မသိ၊ မောင်ကောင်းစိတ်ထဲ အလိုလို လွမ်းမိလာရသလိုပဲ။
ပထမ လွမ်းမိတာက သူ့ရဲ့ မိသားစု။ စိတ်ထဲက အမေနဲ့ ညီ၊ ညီမလေးတွေ အဆင်မှပြေကြပါရဲ့လားပေါ့။
မိသားစုကို လွမ်းဆွတ်ပြီးနောက် ထပ်မံပြီး သတိရမိပြန်တာက သူငယ်ချင်း ငတေ။
ငတေက အင်္ဂလိပ်ကျောင်းသား။
သူနဲ့ဆို အဆင့်အတန်းက မိုးနဲ့မြေ။ ဒါပေမယ့် မြို့ထဲက ဘီအေဘွဲရ ဆရာဖြူတုတ်ဆီမှာ စာသင်ရင်းဆုံခဲ့ကြတယ်။
ငတေက သူ့ကို သိပ်ခင်တယ်။
အတူသွားအတူလာ။ အတူစာသင်။ ပြီးတော့ ငတေက သူတစ်ခါမှ မစားဖူးခဲ့တဲ့ ဘိုအစားအစာတွေကိုလည်း အမြဲလို မျှကျွေးတတ်တယ်။
သူကတော့ ခြံထဲက ရတဲ့ သစ်သီးသစ်ဖုတို့ကို ပြန်ကျွေးတာပေါ့။ ဘာကြောင့်ရယ်တော့ မသိ၊ ငတေက သူရှာဖွေကျွေးတဲ့ သစ်သီးသစ်ဥတွေကို ကြိုက်တယ်ပြောတယ်။
ပြီးတော့ ဒါနဲ့ ပက်သက်ပြီး ငတေအမြဲပြောဖူးတာရှိတယ်။
” အထက်တန်းဆန်တဲ့ စားစရာတွေကို ငါမကြိုက်ဘူး မောင်ကောင်းရ။ သဘာ၀ကရတဲ့ အစားအစာတွေကိုပဲ ငါကြိုက်မိတယ်။ မင်း ခူးလာတဲ့ အသီးတွေလိုမျိုးလေကွာ။ လတ်လတ်ဆတ်ဆတ်နဲ့ စားရတာ တကယ်ကောင်းတာပဲ…”
အစကတော့ ငတေ ဒီစကားကို ပြောတာ သူ့ကို စိတ်ချမ်းသာစေချင်လို့ပဲ ထင်မိတယ်။
ဒါပေမယ့် နောက်ပိုင်းကျ ငတေက အမှန်တကယ်ကို နှစ်သက်စွာနဲ့ ပြောတာဖြစ်ကြောင်း သူသိလာရတယ်။
တစ်ခါက သူ အမှည့်လွန်တဲ့ အသီးအချို့ကို ခူးပြီး ငတေကို ကျွေးမိတယ်။ ညကျတော့ ငတေ ၀မ်းလျှောပြီး ဆေးခန်းဆီသွားလို့ ဆေးထိုးရတယ်လို့ သိရတယ်။
ဆေးထိုးတယ်ဆိုတာက အသားထဲကို အပ်ကြီးနဲ့ ထိုးရတာ။ ငတေတစ်ယောက် သူ့ကြောင့် ၀မ်းလျှောပြီး အသားနာရတာမို့ သူ့ကို မုန်းသွားပြီလို့ ထင်ခဲ့မိတယ်။
ဒါပေမယ့်လည်း သုံးရက်မြောက်လို့ ငတေနဲ့ ပြန်ဆုံချိန်မှာတော့ သူ့အတွေးက လွဲနေကြောင်းသိရတယ်။
ဘာကြောင့်လဲဆိုတော့ ငတေရယ်လေ။ ရောက်ရောက်ချင်းပဲ သူ့ကို အဲ့ဒီ့နေ့က စားတဲ့ အသီး ထပ်ပြီးခူးကျွေးဖို့ ပြောလာတာ။
အစက သူ့ကို တမင် ရွဲ့ပြောတယ်အထင်ရှိမိသေးတာ။ ဒါပေမယ့်လည်း မရမက ကလေးတစ်ယောက်လို ပြောနေတဲ့ ငတေကြောင့် မဟုတ်မှန်းကို တဖြေးဖြေးသိလာရတယ်။
အဲ့ဒီ့နေ့က မဖြစ်မနေ ငတေ့ကို အသီးခူးကျွေးခဲ့ရတာပ။
မောင်ကောင်း ငတေနဲ့ သူ့အကြောင်းတွေ ပြန်တွေးရင်း အလိုလို ပြုံးမိသွားရတယ်။
” တစ်နေ့တော့ ငါတို့ ပြန်ဆုံကြမယ်ကွာ…”
မောင်ကောင်း တစ်ကိုယ်ထဲ ရေရွတ်လိုက်မိတယ်။ အမှတ်မထင် မြေပြင်ဆီက အတွေးလွန်ရင်း သူရေးခြစ်ထားတဲ့အရာကို ကြည့်မိတော့ “ငတေ”တဲ့။
မောင်ကောင်း ထပ်ပြီး ပြုံးမိရပြန်တာပေါ့။
အဲ့ဒီ့အချိန် သူ့အနောက်ဆီက ခြေသံကို ကြားလိုက်ရတယ်။
လှည့်ကြည့်လိုက်တော့ ဆင်ပိုင်ကြီးရဲ့ သမီး၊ ဖြူလွှလွှ အရိပ်ကလေး။
သူ လှည့်ကြည့်တာကို မြင်တော့ အရိပ်ကလေးက ပြုံးပြတယ်။ ပြီးတော့ အနားကို ရောက်လာပြီး…။
” ပျို…ခဏ ထိုင်မယ်နော်…”
” ဪ…ဟုတ်ကဲ့ ထိုင်ပါဗျာ…”
မောင်ကောင်းက ရိုရိုကျိုးကျိုးနဲ့ ပြောပြီး တစ်ဖက်ကို ကပ်ပေးတယ်။
မိန်းကလေးက သူ့ကိုယ်သူ ပျိုလို့ ပြောပြီး ၀င်ထိုင်လာတယ်။
ထိုင်ထိုင်ချင်း မြေပြင်က မောင်ကောင်းရေးထားတဲ့ ငတေဆိုတာကို မြင်သွားတော့ မိန်းကလေးက အံ့သြသွားဟန်နဲ့ “ငတေ” ဆိုပြီး အသံထွက်ဖတ်တယ်။ ပြီးတော့ မောင်ကောင်းဘက်ကို ငဲ့ကြည့်လာပြီး…။
” Who)( ဟူး… အဲ…ဆောရီး သူက ဘယ်သူလဲဟင်…”
မိန်းကလေးက ပထမအင်္ဂလိပ်လို ရောစွက် မေးပြီး နောက်မှ မောင်ကောင်း နားမလည်လောက်ဘူး အထင်ရှိသွားဟန်နဲ့ ပြင်ပြောလာတယ်။
ဒီတော့ မောင်ကောင်းက ခေါင်းညိတ်ပြပြီး…။
” သူက င​ေတ… ငါ့ရဲ့ အချစ်ဆုံး သူငယ်ချင်းပါ…”
မောင်ကောင်း ပြန်မဖြေမိဘူး။ ခပ်ယို့ယို့သာပဲ။ ရှက်နေမိတာလည်းပါတာပေါ့။ မိန်းကလေးက…
” သူ့နာမည်က ငတေ။ အင်း ဘာပဲဖြစ်ဖြစ် ပျို့ရဲ့ နာမည်ထက်တော့ ခေါ်လို့တော့ ကောင်းပါတယ်…”
မောင်ကောင်း စိတ်၀င်စားမိသွားတယ်။
မိန်းကလေးရဲ့ နာမည်က ပျို တဲ့လေ။ နုပျိုလတ်ဆတ်နေတဲ့ နာမည်လေးကို ခေါ်လို့ မကောင်းဘူးတဲ့လား။
” နင်ပဲ စဉ်းစားကြည့်လေ။ ဂျက်စမင်ပျိုတဲ့။ ဗမာလိုလည်း မဟုတ်၊ အင်္ဂလိပ်လိုသီးသန့်လည်းမဟုတ်။ ဟိုမရောက်ဒီမရောက်နဲ့…”
” ဂျက်စမင်ပျို ဆိုတော့ စံပယ်ပျိုလို့ ခေါ်ရမှာပေါ့။ လှပါတယ် နာမည်က…”
” ဟင်…နင်က အင်္ဂလိပ်လို နားလည်တယ်လား…”
ပျိုဆီက တအံ့တသြမေးလာတာ။
” အင်း…နဲနဲပါးပါးပါ။ ငတေက အင်္ဂလိပ်ကျောင်းသားလေ။ သူက ငါ့ကို သင်ပေးထားတာ…”
” ဟုတ်လား။ ပျိုလည်း အင်္ဂလိပ်ကျောင်းတက်တာပဲ။ ဒါဖြင့် နင့်ကို ပျိုက စာမေးမယ်ဆို နင်ဖြေမလား…”
” အင်း…ဖြေတော့ ဖြေချင်တယ်။ ဒါပေမယ့် ငါ မဖြေနိုင်မှာကိုလည်း စိုးမိတယ်…”
” အို…စိုးရိမ်မနေစမ်းပါနဲ့ဟာ။ နင်ဖြေနိုင်လောက်မယ်ထင်တာကိုပဲ ပျိုက မေးမှာပေါ့။ ဘာပဲဖြစ်ဖြစ် အပျင်းပြေလောက်မှာပါ…”
” အင်း…အဲ့ဒါဆို ငါဖြေမယ်လေ…”
” ဟုတ်ပြီလေ။ ဒါဖြင့် ပျို မေးမယ်။ နင်က ဖြေ။ နင် အများကြီးဖြေနိုင်တယ်ဆိုရင် ပျိုက နင့်ကို ပျို့မှာ ပါလာတဲ့ မုန့်တွေကျွေးမယ်…”
မောင်ကောင်း ခေါင်းညိတ်မိပါတယ်။
ဒါဟာ အစားအစာကို မက်မောတာကြောင့် မဟုတ်ပါဘဲ ဂျက်စမင်ပျိုဆိုတဲ့ မိန်းကလေးကို ပျော်စေချင်တာကြောင့်ပေါ့။
ဒီလိုနဲ့ပဲ ညနေပိုင်းအချိန်လေးဟာ သူတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် အမေးအဖြေပြုကြရင်း ကြည်ရွှင်ဖွယ်ရာလေး ဖြစ်ခဲ့ရပါတယ်။
အဲ့ဒီ့လိုပဲ တစ်ဖက်မှာလည်း ရင်းနီးမှုလည်း ရှိခဲ့ရတာရယ်ပေါ့။
******
သစ်ထုတ်စခန်းမှာ ဆင်ပိုင်ကြီးတို့ မိသားစု အပန်းဖြေနေတဲ့ကာလက တစ်လနီးပါးကြာခဲ့တယ်။
ဒီအတောအတွင်းမှာ မောင်ကောင်းက ဆင်ပိုင်ကြီးတို့ တစ်မိသားစုလုံးကို လိုအပ်ချက်မရှိအောင် စေတနာပါပါနဲ့ လုပ်ဆောင်ပေးတယ်။
ဒီ့အတူ တစ်ဖက်မှာလည်း ပျိုနဲ့ သိပ်ကို ရင်းနီးမှုတွေပိုခဲ့ရလေရဲ့။
မောင်ကောင်းဘက်ကလည်း ခင်မင်မှုထက်ပိုတဲ့ ရင်ခုန်သံတွေရှိနေတယ်ဆိုပေမယ့်လည်း အသက်အရွယ်နဲ့ အခြေအနေကြောင့် အရာရာကို ဖုံးကွယ်လို့ရယ်။ အားလပ်ချိန်များမှာတော့ မိကူးမဆိုတဲ့ ဆင်မကြီးက မွေးထားတဲ့ ဆင်ပေါက်ကလေး ပေါက်စဆီကို သူတို့အတူသွားပြီး ဆော့လေ့လည်းရှိကြတယ်။
ပျိုက သူ့ကို ဂျက်စမင်ပျိုလို့ ခေါ်တာကို မကြိုက်တတ်ဘူး။ ဒါကို တစ်ခါက ပြောပြဖူးတယ်။ သို့ပေမယ့် တစ်ခါတစ်ရံ မောင်ကောင်းက နာမည်အပြည့်အစုံခေါ်ပြီး စနောက်တဲ့အခါ နှုတ်ခမ်းစူပြီး လက်သီးဆုပ်နုနုနဲ့ လိုက်လံထုထောင်းချေတာ။
ဒီအခါမျိုးဆိုရင် မောင်ကောင်းတစ်ယောက် လေဟာနယ်ထဲ လွင့်နေရသူလိုပဲ။ နတ်ပြည်ဆိုတာ ဒါလားလို့သာ မေးလိုက်ချင်တော့တဲ့အထိရယ်။
ဆင်ပိုင်ကြီးကလည်း မောင်ကောင်းနဲ့ ပျိုတို့ရဲ့ ရင်းနီးမှုကို သံသယမထားဘူး။ ကန့်သတ်ချက် မထားဘူး။
ပြီးတော့ မောင်ကောင်းရဲ့ လုပ်ရည်ကိုင်ရည်ကိုလည်း ဆင်ပိုင်ကြီးက သိပ်ကို သဘောကျနေတယ်။
ဒါပေမယ့် သာမန်အဆင့်ထက်တော့ မပိုပါဘူး။ အလုပ်ကြိုးစားတဲ့ အလုပ်သမားတစ်ယောက် အဖြစ်ရယ်သာပဲ။
ဒီလိုနဲ့ တစ်ရက်သားမှာတော့…။
” ဆင်ပိုင်ကြီးရဲ့ သမီးလေး ရေနစ်လို့တဲ့…”
ညနေပိုင်းအချိန် တောင်ကျချောင်းဆီကို ပန်ခူးသွားဦးမယ်ဆိုပြီး သားအမိတွေက ပူဆာတာမို့ ဆင်ပိုင်ကြီးက ခွင့်ပြုခဲ့တယ်။
သားအမိတွေက အပျော်ကြီးပျော်ပြီး ဆင်ဦးစီးအချို့ရဲ့ အမျိုးသမီးတွေနဲ့အတူ ချောင်းဆီကို ပန်းခူးဖို့ ထွက်သွားကြတယ်။
မကြာပါဘူး အထက်ပါသတင်းက ပြန်ရောက်လာခဲ့တယ်။
ဆင်ပိုင်ကြီးလည်း ထိတ်ပြာသွားပြီး ချောင်းရှိရာဆီကို အတင်းပြေးတော့တာ။
ဖြစ်စဉ်နေရာကို ရောက်တော့ သားအမိနှစ်ယောက်အပြင် လူတွေဝိုင်းအုံနေတာကို မြင်ရလေတယ်။
” သမီး…သမီး…”
လူအုပ်ကြီး အလယ်ဆီမှာ ဇနီးဖြစ်သူက ငိုနေပြီး မြေပြင်မှာတော့ ရေတွေစိုရွှဲလို့ လဲကျနေတဲ့ သမီးလေး ပျို။
ပျို့ရဲ့ နံဘေးမှာတော့ ရေစိုနေတဲ့ မောင်ကောင်းက သမီးလေးကို သတိရအောင်.လှုပ်ခတ်နှိုးနေတယ်။
” သမီး သမီးလေး…”
ဆင်ပိုင်ကြီးဦးခက် ထိုင်ချလိုက်စဉ်မှာပဲ ပျိုတစ်ယောက် လူးလွန့်ရင်း ရေတွေအန်ထုတ်လို့ နိုးထလာခဲ့ပြီ။
” အဟွတ်…အဟွတ်…”
” ဟင်…သ…သမီးလေး…”
တစ်ဦးထဲသော သမီးလေးဆိုတော် တင်ပိုင်ကြီးခမျာ လူကြားသူကြားလည်း ဟန်မဆောင်နိုင်တော့ပါဘူး။ စိုးရိမ်စိတ်နဲ့ အတင်းဖက်လို့ ငိုမိတော့တာ။
ပျိုကလည်း အဖေဖြစ်သူကို ပြန်ဖက်ပြီး ငိုပါတယ်။
” သမီးလေးရယ် တစ်ခုခုသာဆို အဖေဖြင့် ရင်ကျိုးရချည်ရဲ့…”
” သမီးလေ ကမ်းပါးယံက ပန်းပင်က ပန်းလေးကို လိုချင်မိလိုက်တာ။ ကိုယ်တိုင်လည်း ခူးချင်မိရတယ်။ အဲ့ဒါနဲ့ သွားခူးတော့ပြုတ်ကျသွားရတယ်…”
ပျိုက ငိုရှိုက်ရင်း ပြောပြတယ်။
” တော်သေးတာပေါ့။ ဆင်ရေချိုးပေးနေတဲ့ မောင်ကောင်းလေးသာ ရောက်မလာရင် သမီးလးတော့ ရေတိမ်နစ်မှာ အကိုရယ်…”
ပျို့ရဲ့ အမေ ဒေါ်ကလျာက ငိုကြီးချက်မနဲ့ ၀င်ပြောတယ်။
အဲ့ဒီ့အချိန်မှာ ဆင်ပိုင်ကြီးက ထင်မှတ်မထားတဲ့ အပြုအမူကို ပြုမူလိုက်တယ်။
ဒေါ်ကလျာ့ ပါးကို ဖြန်းခနဲ ရိုက်လိုက်တာ။
” မင်း သိပ်ပေါ့တာပဲ။ သမီးလေးကို သေချာမစောင့်ရှောက်ဘူး။ သမီးလေး ဘာမှမဖြစ်လို့။ မဟုတ်ရင် မင်းဒီအချိန် အသက်မရှိတော့ဘူးမှတ်…”
ဆင်ပိုင်ကြီးဦးခက်က ဒေါနဲ့မောနဲ့ ပြောလိုက်တယ်။ ပြီးတော့ သမီးဖြစ်သူကို ကောက်ချီပြီး နေရာက ထွက်သွားတော့တာ။
မောင်ကောင်းကတော့ အဖြစ်သနစ်ကို ကြည့်ရင်း သူ့ကိုပါ စိတ်တိုသွားပြီလို့ ထင်မိလေရဲ့။
******
ရေနစ်တဲ့ ဖြစ်စဉ်ကြောင့်ထင့်။
ဆင်ပိုင်ကြီးတို့ မိသားစု သဘက်ခါကို ပြန်ကြတော့မယ်တဲ့။
သတင်းကို ကြားကြားချင်း မောင်ကောင်း ရူးသွပ်သလို ခံစားမိသွားရတယ်။
ပျိုနဲ့ အတူရှိနေခဲ့ရတဲ့ တစ်လဆိုတဲ့ အချိန်က မောင်ကောင်းအတွက်တော့ ခဏတာလို့ပဲ ထင်နေမိတာ။
ဒါပေမယ့် အဲ့ဒီ့တစ်ခဏတာအချိန်လေးက မောင်ကောင်းအတွက်တော့ တစ်သက်တာ မေ့မရနိုင်ဘူးလို့ ထင်မိတယ်။
ထပ်ကြားရတဲ့ သတင်းအရ ဆင်ပိုင်ကြီးက ချက်ချင်းတောင် ပြန်ချင်တာတဲ့။ ဒါပေမယ့် အလုပ်သမားတွေကို အလေးထားသူပီပီ အရင်ကတည်းက ထုံးစံရှိထားတဲ့ နှုတ်ဆက်ပွဲကို လုပ်ချင်သေးတာမို့ သဘက်ခါမှပြန်မယ်လုပ်တာလို့ သိရတယ်။
အဲ့ဒီ့တစ်နေ့ခင်းလုံး မောင်ကောင်းမှာ ပျို့ကို မြင်ချင်မိပေမယ့် ရေနစ်တဲ့ကိစ္စမှာ သူ့ကို ဆင်ပိုင်ကြီးက စိတ်ဆိုးနေတယ်လို့ ယူဆတာကြောင့် မသွားရဲခဲ့တာ။
ညကျတော့ ဆင်ပိုင်ကြီးက ကတိထားတဲ့အတိုင်း သူ့အလုပ်သမားတွေကို နှုတ်ဆက်တဲ့အနေနဲ့ ပျော်ပွဲရွှင်ပွဲလုပ်ပေးတယ်။
မောင်ကောင်းလည်း နှုတ်ဆက်ပွဲကို မဖြစ်မနေ တက်ရတယ်။ အဲ့ဒီ့မှာ အဖြူရောင်ဘိုအ၀တ်အစားကို ၀တ်ဆင်ထားတဲ့ ပျိုရဲ့ ပုံရိပ်လေးက နတ်သမီးလေးလိုပဲ သိပ်ကို လှပလွန်းနေတယ်လို့ မောင်ကောင်းထင်မြင်မိပါရဲ့။
ပျိုတစ်ယောက် မောင်ကောင်းဆီကို ရောက်လာခဲ့ပါတယ်။
ပျို့ဘက်က ကျေးဇူးတင်စကားပြောပြီး နှုတ်ဆက်စကားကို ထပ်ဆိုတော့ မောင်ကောင်းရင်ထဲ နင့်သွားရသလိုပဲ။
မောင်ကောင်းဆီက စကားသံ ထွက်မလာခဲ့ဘူး။
ပျိုကလည်း မှိုင်းညို့နေတဲ့ အသွင်နဲ့။
စကားသံတွေက တိတ်ဆိတ်နေတယ်။ တအောင့်ကြာတော့ ပျိုရဲ့ အမေရောက်လာတယ်။
မောင်ကောင်းကို ကျေးဇူးတင်စကား ပြောလေတယ်။
နောက် သူ့သမီးကို ခေါ်ပြီး မိသားစုဝိုင်းကို သွားကြမယ်ပြောတယ်။ ပျိုက သူ့အမေစကားကို မပါယ်ရှားပါဘူး။
မောင်ကောင်းမျက်နှာကို စူးစိုက်စိုက်နဲ့ တစ်ချက်ကြည့်ပြီး မျက်ရည်စသီသီလေးနဲ့ အပြီးသတ်နှုတ်ဆက်စကားဆိုလို့ လှည့်ထွက်သွားတယ်။
” ပျိုရယ်…ငါ့ဆီမှာ ရှိနေတဲ့ သံယောဇဉ်တရားကို ဒီနည်းနဲ့ပဲ အပြီးသတ်ဖြတ်လိုက်နိုင်ရင် သိပ်ကောင်းမှာပဲနော်…”
မောင်ကောင်းခမျာ တီးတိုးရေရွတ်ရင်း ပျိုရဲ့ ကျောပြင်ကို နှုတ်ဆက်ကြည့် ကြည့်ခြင်းငှါ မစွမ်းသာတာမို့ အကြည့်ကို ဘေးဘီဆီလွှဲလို့သာရယ်။
******
ညဉ့်နက်လာခဲ့ပြီ။
စခန်းဆီက အကြီးအကဲအချို့လည်း ပြန်သွားခဲ့ကြပြီ။
အဲ့ဒီအချိန် ဆင်ပိုင်ကြီးကလည်း နဲနဲထွေနေပြီဖြစ်ပြီး သူ့လူတစ်ယောက်နဲ့ ဆင်ဦးစီးကိုတက်ခါးကို အခေါ်ခိုင်းတယ်။
ကိုတက်ခါး ရောက်လာတော့…။
” ဟေ့ တက်ခါး…”
” ဗျာ…ဆရာ…”
” ငါ မင်းကို ဘာကြောင့်ခေါ်တာလဲလို့ မင်းသိချင်သလား…”
တက်ခါးလည်း လာသာလာရတာ ဘာကြောင့်ရယ်ဆိုတာ မသိဘူး။ ဒီတော့ ခေါင်းကို ညိတ်ပြီး…။
” ဟုတ်ကဲ့ ကျုပ် သိချင်ပါတယ် ဆရာ…”
ဆင်ပိုင်ကြီးက တက်ခါးမျက်နှာကို စေ့စေ့ကြည့်လာတယ်။
” မင်းရဲ့ တူလေး ဟိုဟာ ကံကောင်း…”
” ကံကောင်းမဟုတ်ပါဘူး ဆရာ။ မောင်ကောင်းပါ…”
” ဪ…အေး…အေး မောင်ကောင်း…”
ဆင်ပိုင်ကြီးက မောင်ကောင်းအကြောင်း တကူးတက ပြောလာတာဆိုတော့ ကိုတက်ခါးစိတ်ထဲ ရေနစ်တဲ့ ကိစ္စလားလို့ စိုးရိမ်မိသွားရတယ်။ စခန်းတွင်းက စကားအချို့အရ ဆင်ပိုင်ကြီး အတော့်ကို စိတ်တိုဒေါသထွကိနေတာတဲ့။ တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ မရိုက်နှက်ဖူးတဲ့ ဇနီးသည်ကိုတောင် လူပုံအလယ်ပါးရိုက်တဲ့အထိပဲတဲ့။ မောင်ကောင်းကိုလည်း ဒေါသမျက်၀န်းတွေနဲ့ ကြည့်သွားပြန်တယ်လို့ သိရပြန်တယ်။ အဲ့ဒီ့တုန်းက သူတို့ဆင်သမားတွေက လုပ်ကွက်ကနေ ပြန်ဖို့ လုပ်နေတုန်းရယ်မို့ ဘာကိုမှတော့ မသိလိုက်ရဘူး။
တစ်ဆင့်ပြောစကားအရသာ သူတို့သိထားကြရတာ။ အခု ဆင်ပိုင်ကြီးက ခေါ်တယ်ဆိုတော့ ထိုကိစ္စပဲရယ်လို့ ကိုတက်ခါး တစ်ထစ်ချ မှတ်ယူလိုက်မိတယ်။
ဒါပေမယ့်လည်း ဟန်ကို မသိမသာ ထိန်းလိုက်ပြီး…။
” ပြောပါ ဆရာ။ သူ ဘာများအပြစ်လုက်မိထားလဲ။ ဆရာ့အပေါ် တစ်ခုခု လုပ်ထားတယ်ဆိုရင် ကျုပ် သူ့ကို ဆုံးမပေးပါ့မယ်…”
ဆင်ပိုင်ကြီးက ခေါင်းကို ခါရမ်းတယ်။ ပြီးတော့…။
” ငါ ဒီကောင်လေးကို လုပ်ရည်ကိုင်ရည်ကောင်းလို့ သဘောကျတယ်။ ဒီကောင်လေးဟာ မဆိုးဘူးကွ။ ဝီရိယရှိတယ်။ ကြိုးစားတယ်။ အရာရာကို စေ့စေ့စပ်စပ်လုပ်ဆောင်တတ်တယ်။ ပြီးတော့ သူက ငါ့သမီးရဲ့ အသက်သခင် ကျေးဇူးရှင်…”
ထင်ထားတဲ့ စကားမဟုတ်ဘဲ ချီးကျူးစကား ပြောလာတာမို့ ကိုတက်ခါး ပူပန်မှုတွေ လျော့သွားရတယ်။
” ဒါကြောင့် ငါအခု မပြန်ခင် သူ့အတွက် တစ်ခုခု ပြန်လုပ်ပေးချင်တယ်။ ဆုချတာမျိုးပေါ့…”
” ဟုတ်ကဲ့ ဆရာ…”
” အေး…အဲ့ဒါ ငါ သူ့ကို ဘာလုပ်ပေးသင့်လဲ…”
ကိုတက်ခါး တစ်ခဏ စဉ်းစားလိုက်တယ်။ တူဖြစ်သူအတွက် ဆင်ပိုင်ကြီးပေးအပ်လာမယ့်ဆုဟာ တစ်ခါသုံးမဖြစ်စေရဖို့အတွက် အလျင်အမြန်ပဲ တွေးတောကြံစည်နေတယ်။
” ဘာပေးသင့်လဲ တက်ခါး အမြန်ပြောကွာ။ ငါ နားချင်နေပြီ…”
” ဪ…ဟုတ်ဟုတ်ကဲ့ ဆရာ။ ဟို…ဟိုလေ…ကောင်လေးအတွက် ဆရာ ဆန္ဒရှိမယ်ဆိုရင်…”
တက်ခါးက ပြောသင့်မပြောသင့် ချင့်ချိန်သလို စဉ်းစားလိုက်တယ်။
” ပြောကွာ…ဘာများလဲ…”
” ဟို…ဟိုလေ ဆရာ။ အခု မိကူးမကြီးရဲ့သား ပေါက်စကိုလေ ဆရာ။ အဲ့ဒါ အဲ့ဒီ့ဆင်လေးကို အရွယ်ရောက်ရင် မောင်ကောင်းအတွက်…”
” ရပြီ ရပြီ…ငါ သိပြီ။ မင်းပြောတာ မှန်တယ်။ တင့်တယ်တယ်။ ဒီကောင်လေးက ငါ့သမီးရဲ့ အသက်သခင်ဆိုတော့ ကျေးဇူးကြီးကြီးဆပ်သင့်တယ်။ ဒါကြောင့် မိကူးမကြီးရဲ့သား ပေါက်စကို ကောင်းလေးဆီ ငါ အပိုင်ပေးလိုက်မယ်…”
” ဗျာ…”
ကိုတက်ခါး အံ့သြသွားရပြီ။
သူ့အနေနဲ့ လုံး၀ထင်မထားဘူးလေ။
သူ ပြောချင်တဲ့ စကားက မိကူးမကြီးရဲ့သား ပေါက်စကို အရွယ်ရောက်လာရင် မောင်ကောင်းကို ဦးစီးစေဖို့ ပြောလိုတာ။
အခုတော့ သူထင်ထားတာထက်ကိုပင် မကတော့။ ဆင်ပိုင်ကြီးများ သူ့ကို စနောက်နေသရော့လားလို့ တွေးမိလိုက်ပြီး…။
” မ…မဟုတ်ပါဘူး ဆရာ။ ကျုပ် ကျုပ်…”
” ကဲ…တက်ခါး ဘာမှဟုတ်တာတွေ ဟုတ်တာတွေ လုပ်မနေနဲ့တော့။ ငါနားချင်ပြီ အခုကစပြီး မင်းဘာမှမပြောနဲ့တော့။ မနက်ဖြန်ကျရင် အဲ့ဒီ့ဆင်ပေါက်လေးကို မင်းတူဆီကို ငါ စာရွက်စာတမ်းနဲ့ အပိုင်ပေးခဲ့မယ်…”
ဆင်ပိုင်ကြီးက ပြောပြီးတော့ ထွက်သွားပြီ။
အဖေဖြစ်သူ သွားတော့ ပျိုတို့လည်း လိုက်သွားရပြီ။
မသွားခင် ပျိုတစ်ယောက် မောင်ကောင်းကို လှမ်းရှာကြည့်ပေမယ့် မတွေ့ရဘူး။
နေရာဆီမှာ မောင်ကောင်းက ရှိမနေတော့ဘူးလေ။ အခြား စားသောက်ပွဲရဲ့ ရပ်၀န်းဆီကို ကြည့်ပြန်တော့လည်း မောင်ကောင်းရဲ့ အရိပ်အယောင်ကိုတောင် မမြင်ရတော့ဘူး။
တကယ်တမ်းမှာလည်း မောင်ကောင်းတစ်ယောက် ခံစားချက်တို့ရဲ့ လောင်မြိုက်မှုကို မခံနိုင်တော့တဲ့အတွက် စားသောက်ပွဲက ထွက်ပြီး သူနဲ့ ပျိုတို့ စတင်ဆုံဆည်းခဲ့တဲ့ ချောင်းအစပ်နေရာလေးဆီမှာ တစ်ယောက်ထဲ ထိုင်နေမိတယ်။
နွေကာလမို့ လဆန်းရက်ရဲ့ လတစ်ခြမ်းလေးက ပတ်၀န်းကျင်တခွင်ကို လင်းရှင်းအောင် မစွမ်းနိုင်ပေမယ့် မြင်နိုင်အောင်တော့ စွမ်းနေလေရဲ့။
တုတ်ကလေးတစ်ချောင်းကို ကောက်လို့ မောင်ကောင်း မြေပြင်ဆီမှာ ရေးခြစ်လိုက်တယ်။
” ပျို…”
စာလုံးလေးကို မြေပြင်မှာ ရေးထွင်းနေမိတယ်ဆိုပေမယ့် နှလုံးသားမှာ ရေးထိုးနေသလို မောင်ကောင်း ခံစားမိနေရတယ်။
တောဆီက တောင်ကောင်ငယ်နဲ့ ညဉ့်ငှက်တို့ အော်မြည်သံအချို့က မောင်ကောင်းနားဆီကို လာရောက်ရိုက်ခတ်တယ်။
အဲ့ဒီ့အသံတွေက အဆွေးဇာတ်ကို ဇာတ်ရှိန်မြှင့်နေသလို မောင်ကောင်းခံစားမိရတယ်။
အဲ့ဒီ့ညက ခပ်ဆွေးဆွေးနဲ့ မောင်ကောင်း ထိုင်နေမိခဲ့တာ ညဉ့်အတော်နက်တဲ့အထိပါပဲ။
မနက်ပိုင်းဆီကို ရောက်လုမှ မောုကောင်း တဲဆီကို ပြန်ခဲ့မိတယ်။
အိပ်ရာထဲ လှဲပေမယ့် ပျိုရဲ့ ပုံရိပ်တွေကြောင့် အိပ်မရနိုင်ခဲ့ဘူး။
တွေးရင်းမောရင်း အချိန်အတော်လွန်မှပဲ မောင်ကောင်း လှစ်ခနဲအိပ်ပျော်သွားခဲ့တော့တာ။
*******
တဲအပြင်ဘက်က ဆူညံသံတွေကြောင့် မောင်ကောင်းနိုးလာရတယ်။
ပြန်မှေးမလို့ ကြိုးစားရင်း ခဏကြာတော့ ခြေသံအချို့ ကြားလိုက်ရပြီး ဦးလေးတက်ခါးရဲ့ လှုပ်နှိုးသံ ထွက်ပေါ်လာတယ်။
” မောင်ကောင်း အိပ်လိုက်တာကွာ။ ကဲ ကဲ ခဏ ထချေစမ်းဦး။ ဆင်ပိုင်ကြီးက မင်းအတွက် လက်ဆောင်ပေးထားခဲ့တယ်ကွ။ ထကြည့်ချေဦး…”
မောင်ကောင်း မထချင်သေးဘူး။
သို့ပေမယ့် ဦးလေးတက်ခါးဆိုတာက သူရိုသေရမယ်သူဆိုတော့ ချက်ချင်းပဲ လူးလဲထလိုက်တယ်။ အိပ်မှုန်စုံမွှားနဲ့ဆိုတော့ မျက်လုံးက ချက်ချင်းမဖွင့်နိုင်သေးဘူး။ အဲ့ဒီအခိုက် လက်ဆီကို လာရောက်ထိတွေ့တဲ့ တစ်စုံတစ်ခုသောအရာ။
” ဟင်…”
အိစက်စက်အထိအတွေ့။
မောင်ကောင်း မျက်လုံးကို ပြူးပြဲဖွင့်ပြီး ကြည့်လိုက်တယ်။
သူ့ကို ထိတွေ့နေတာ ငါးနှစ်သားအရွယ် ဆင်ပေါက်လေး ပေါက်စ။
” အို ပေါက်စပါလား…မင်းက ဘယ်လို လုပ် ဒီိကို ရောက်လာရတာလဲ…”
မောင်ကောင်းက အားလပ်ချိန်တိုင်း ပေါက်စဆီသွားပြီး အစာကျွေးမွေးဆော့ကစားနေကျဆိုတော့ ပေါက်စက ရင်းနေတယ်။ ပေါက်စရဲ့ နဖူးဆီမှာ ဗွေကွက်လိုလို အဖြူကွက်လေးနဲ့ဆိုတော့ သိပ်ကို ချစ်စရာကောင်းတာ။
ဦးလေးတက်ခါးက ပြုံးပြီး ကြည့်နေချိန်မှာပဲ ပေါက်စက မောင်ကောင်းကို နှာမောင်းနဲ့ ပွေ့ဖက်လိုက်လေရဲ့။
” ဟာ…ဟေ့ကောင် ငါ မျက်နှာတောင် မသစ်ရသေးဘူး။ မင်းက ဘယ်လိုဖြစ်ရတာလဲ…”
မောင်ကောင်းက ထအော်တော့ ဥိးလေးတက်ခါးက မနေသာတော့ဘဲ ပြုံးရက်သားက…။
” ပေါက်စက သူ့သခင်ကို ကျီစယ်နေတာလေကွာ…”
” ဗျာ…သူ့သခင်။ ဟို…ဟို…ဦးလေးတက်ခါး။ ကျုပ် ကျုပ်က သူ့သခင်ဟုတ်လား…”
” အေး…ဟုတ်တယ်။ မင်းက သူ့သခင်ပဲ မောင်ကောင်းရ…”
” ဗျာ…ဘယ်က ဘယ်လို…”
မောင်ကောင်းက ဇဝေဇ၀ါပါပဲ။
ဒီတော့ ဦးလေးတက်ခါးမှာ မနေသာတော့ဘူး။ ဖြစ်ကြောင်းအကုန်ကို ပြောပြလိုက်တယ်။
မောင်ကောင်းမှာ နားထောင်ပြီး အတော့်ကို အံ့သြနေတာ။ ပြီးတော့ အတုန့်အားနာနဲ့…။
” ဖြစ်မှဖြစ်ရလေ ဦးလေးရာ။ ကျုပ်ဖြင့် ဆင်ပိုင်ကြီးကို အားနာလိုက်တာ။ ကျုပ် အဲ့ဒီ့လို မျှော်လင့်ချက်နဲ့ ပျို့ကို ကယ်မိတာ မဟုတ်ပါဘူး…”
” အေး…ဟုတ်ပါတယ်။ ငါလည်း မင်းစိတ်ကို နားလည်တယ်။ ဒါပေမယ့် ဆင်ပိုင်ကြီးကိုယ်၌ကကို ရက်ရက်ရောရော ပေးသွားတာ…”
မောင်ကောင်းငိုင်သွားတယ်။
” ဦးလေးရယ် ကျုပ် သူတို့ကို အားနာတယ်ဗျာ…”
” မင်း အဲ့ဒီ့လို ပြောမယ်ဆိုတာ ငါသိပါတယ်။ ဒါပေမယ့် အခုအချိန်မှာ မင်းအနေနဲ့ အားနာရမှာမဟုတ်တော့ဘူး။ ၀မ်းသာရမှာကွ၊ ၀မ်းသာရမှာ…”
” အင်းလေ…ကျုပ်လည်း ၀မ်းမသာဘူးတော့ မဟုတ်ပါဘူး။ ၀မ်းတော့သာမိပါတယ်။ ဒါပေမယ့် ဆင်တစ်ကောင်လုံးကြီးဆိုတော့က…”
မောင်ကောင်းစကားတောင် မဆုံးသေးဘူး။ ဦးလေးတက်ခါးက…
” အို…ဟေ့ကောင်။ မင်းတောင်တောင်အီအီတွေ တွေးမနေနဲ့တော့။ ဆင်ပိုင်ကြီးမှာ ဆင်တွေက အကောင်ပေါင်းမနည်းဘူး။ တို့စခန်းမှာတင်ကိုပဲ သူ့ဆင်တွေက တစ်၀က်မကဘူး။ ဒီတစ်ကောင်နဲ့လည်း သူဘာမှမဖြစ်သွားပါဘူးကွာ။ ပြီးတော့ မင်းက သူ့ရဲ့ တစ်ဦးထဲသော သမီးကို အသက်ကယ်ထားတာ။ တန်ပါတယ်ကွာ။ ကဲ ကဲ အိပ်ရာက ထတော့။ ဪ…ဒါနဲ့ နေဦး။ မင်းအတွက် ဆင်ပိုင်ကြီးရဲ့သမီးလေးကလည်း လက်ဆောင်ထားခဲ့သေးတယ်။ မနက်က လာနှုတ်ဆက်တာ။ မင်းက မနိုးလို့ လှည့်ပြန်ရင်း ထားခဲ့တာ။ တဲရှေ့မှာ ငါတင်ထားတယ်။ ပြီးရင် သွားယူလိုက်ဦး…”
မောင်ကောင်း ရင်ထဲ အမည်မသိ ခံစားမှုတစ်ခုကို ခံစားလိုက်ရတယ်။
ပေါက်စကို ပွတ်သပ်ချော့ပြီး ချက်ချင်းပဲ တဲအိမ်ရှေ့ဆီသွားလို့ ပျိုထားခဲ့တဲ့ လက်ဆောင်ပစ္စည်းကို သွားယူလိုက်တယ်။
လှပစွာ ထုပ်ပိုးထားတဲ့ အထုပ်ကလေးတစ်ထုပ်။
မောင်ကောင်း အလျင်စလိုပဲ ဖွင့်ကြည့်လိုက်တယ်။
အထဲဆီမှာတော့ အဖြူရောင် လက်ကိုင်ပဝါလေးတစ်ထည်နဲ့ စားစရာမုန့်၊ ပြီးတော့ စာကလေးတစ်စောင်။
စာကို ဖြန့်ဖတ်ကြည့်တော့ သေသပ်တဲ့ လက်ရေးလက်သားနဲ့ ရေးသားထားတဲ့ အင်္ဂလိပ်စာအချို့။
မောင်ကောင်း စာကို ဖတ်ကြည့်လိုက်တယ်။
ဖတ်နေရင်းနဲ့ စိတ်ထဲ ပျို့ရဲ့ ပုံရိပ်ကို မြင်လာရလေရဲ့။
” သူ ငါ့ကို ကျေးဇူးတင်တဲ့အကြောင်း ရေးထားတာပဲ။ ပြီးတော့ ငါ့ကို အမြဲတမ်းသတိရနေမယ်တဲ့။ နောက်တစ်နှစ်ကျောင်းပိတ်ရက်ကျရင်လည်း ရောက်အောင်လာခဲ့မယ်လို့ သူပြောထားတယ်…”
မောင်ကောင်း အတွေးနဲ့ ပြုံးမိလိုက်တယ်။
” ဘာပဲဖြစ်ဖြစ် ဒီစကားအတွက် ငါတကယ်ပဲ ၀မ်းသာမိတယ် ပျိုရယ်။ နင်ပြောတဲ့ နောက်နှစ်ဆိုတာအတွက် ငါ ပျော်ပျော်ပါးပါး စောင့်နေပါ့မယ်ဟာ…”
အဲ့ဒီအချိန်က မောင်ကောင်းတစ်ယောက် စာကို ဖတ်ရင်း တွေးမိတဲ့ အတွေး။
ဒါပေမယ့် သူစောင့်မျှော်နေတဲ့ နောက်နှစ်ဆိုတာမှာ ပျိုတစ်ယောက် ရောက်မလာခဲ့နိုင်ဘူးဆိုတာကိုတော့ မောင်ကောင်း အဲ့ဒီ့တုန်းက မသိနိုင်ခဲ့ဘူးလေ။
*******
ငါးနှစ်ဆိုတဲ့ အချိန်အတိုင်းအတာအတွင်း မောင်ကောင်းတစ်ယောက် အသက်ဆယ့်ကိုးနှစ်အရွယ် အားကောင်းမောင်သန်ယောက်ျားပျိုတစ်ယောက် ဖြစ်လို့နေပါပြီ။
ငယ်ကတည်းက လုပ်ခဲ့ရတဲ့ အလုပ်နဲ့ တောတောင်ထဲမှာသာ အနေများတာမို့ မောင်ကောင်းရဲ့ ကိုယ်နေဟန်ထားက ညိမောင်းကျစ်လစ်လို့နေတယ်။
ဒီ့အတူပဲ တစ်ဖက်မှာလည်း ဆင်လေးပေါက်စက အသက်ဆယ်နှစ်အရွယ် ဆင်ပျိုတစ်ကောင်အဖြစ်နဲ့ပါပဲ။ ထူးခြားတာက ပေါက်စဟာ အရွယ်နဲ့မလိုက်အောင်ဘဲ သာမန်ထက်ကို ပိုမိုထွားကျိုင်းနေတယ်။
သူတို့တတွေက အမြဲလိုလို မခွဲခဲ့ဘူး။
ပေါက်စက မောင်ကောင်းကို မျက်စိအောက်က အပျောက်မခံနိုင်သလို မောင်ကောင်းကလည်း ပေါက်စနည်းတူပါ။
နေ့ဘက်ဆိုရင် သူတို့နှစ်ယောက် လုပ်ကွက်ထဲမှာ အလုပ်သင်တယ်။ အထူးသဖြင့် ပေါက်စကို လုပ်သားဆင်ဖြစ်အောင် သင်ပေးရတာ။
သူတို့က ငယ်ကတည်းက လုပ်ငန်းအတွင်းမှာပဲ ကြီးပြင်းခဲ့ကြတာမို့ အလုပ်အကိုင်နဲ့တော့ သိပ်မစိမ်းဘူး။
ဒါပေမယ့် အလုပ်စသင်တဲ့နေ့ကတော့ အလုပ်မလုပ်ချင်တဲ့ ပေါက်စတစ်ကောင် မောင်ကောင်းကို စိတ်ကောက်လေရဲ့။
သူကောက်ပုံကောက်နည်းက ချစ်စရာပါ။
တစ်ညနေနဲ့ တစ်ညလုံး မောင်ကောင်းကို သူ့အနားအကပ်မခံဘူးလေ။
မောင်ကောင်းအနားကပ်လာရင် တွန်းလွှတ်တယ်။ မရမက ထပ်ကပ်လာရင် သူ့ခန္ဓာကိုယ်ကြီးကိုမှ အားမနာ၊ မြေဆီကို ဘိုင်းခနဲ ပစ်လှဲချပစ်တတ်တာ။
အဲ့ဒီ့လို လှဲချပြီဆိုရင်တော့ မောင်ကောင်းဘယ်လိုလုပ်လုပ် ပေါက်စ ထမလာတော့ဘူး။
အဲ မောင်ကောင်းကွယ်ရာကို ထွက်သွားမှ ထလာတတ်တယ်။
နောက်ဆုံးတော့ မောင်ကောင်းမှာ ပေါက်စ စိတ်ကောက်တာကို ပြေအောင်လို့ အခြားသူနဲ့ ရင်းနီးနေပြမှ ပေါက်စတို့က သ၀န်တိုပြီး အတင်းကာရော ပြန်ကပ်ချေတော့တာ။
အချိန်တွေက ပြောင်းလဲလာတော့ မောင်ကောင်းအတွက် ပေါက်စကသာ အရာရာဖြစ်လာခဲ့တယ်။
ဒါပေမယ့် မိသားစုကိုလည်း မပျက်မကွက် ထောက်ပံ့ရင်း စိတ်သဏ္ဍာန်မှာ စွဲလန်းနေရတဲ့ သဏ္ဍာန်လေးနှစ်ခုကိုတော့ တစ်ခါတစ်ရံ သူသတိရမိတတ်သေးလေရဲ့။
ငတေနဲ့ ပျိုရယ်လေ…။
သူတို့နှစ်ယောက်က မောင်ကောင်းရဲ့ ဘ၀မှာ မေ့ဖျောက်မရတဲ့ သူနှစ်ယောက်ပါပဲ။
ဒါပေမယ့်လည်း လူတို့ရဲ့ သဘောအတိုင်း သတိရမိရုံကလွဲလို့ မောင်ကောင်း ဘာမှမတတ်နိုင်ပါ။
တောထဲကို ရောက်ပြီးကတည်းက ငတေနဲ့ ပြန်မဆုံဖြစ်ရတော့သလို ပျိုဆိုတာလည်း ငါးနှစ်အတွင်း တစ်ကြိမ်သာ ကြုံဆုံခဲ့ရပြီး ထပ်မံမတွေ့ရတော့ဘူး။
ကြားမိရသလောက် နောက်တစ်နှစ် လာခဲ့မယ်လို့ ကတိပေးခဲ့တဲ့ ပျိုဟာ ဖခင်ဆင်ပိာင်ကြီးက ရေနစ်တဲ့ကိစ္စနဲ့ ပက်သက်ပြီး အဲ့ဒီ့နှစ်က မလာတော့ဘူးလို့ ငြင်းလေတယ်တဲ့။
အဲ့ဒီ့ကနေ နောက်နှစ်တွေကျတော့ ပျို့အတွက် ကျောင်းစာက သိပ်ကို အရေးကြီးလာနေပြီဖြစ်တဲ့အတွက် မလာနိုင်ခဲ့တော့တာတဲ့။
ဘာကြောင့်ပဲဖြစ်ဖြစ်ပါ။
မလာနိုင်ခဲ့ပေမယ့် မောင်ကောင်းကတော့ တိုက်ဆိုင်မှုရှိတိုင်း သတိရမိနေတတ်မြဲပါ။
တစ်ခါတစ်ရံ နှစ်ကာလအပိုင်းအခြားအရ အရွယ်ရောက်လာပြီလို့ ယူဆရတဲ့ ပျိုရဲ့ ပုံစံက်ု မျက်လုံးထဲ မြင်ယောင်ကြည့်မိတယ်။
ဘယ်လို ပုံဖော်ကြည့်ကြည့် ငယ်ငယ်က ရုပ်ပုံလွှာလေးကသာ မောင်ကောင်းရဲ့ အမြင်လွှာထဲ ရစ်ဝဲနေလေရဲ့။
ပျို ပေးခဲ့တဲ့ လက်ဆောင်တွေကိုတော့ မောင်ကောင်း ဒီအတိုင်းသိမ်းထားမိခဲ့တာ။ စားစရာမုန့်တွေတောင် မစားဘဲ သိမ်းထားခဲ့တာမို့ အခုဆို မည်းခြောက်ကပ်လို့တောင် နေခဲ့ပြီရယ်။
ဒါပေမယ့်လည်း မောင်ကောင်းကတော့ အမြတ်တနိုးနဲ့ သိမ်းထားမိဆဲပါပဲ။
အင်း…။
အခုတောင်မှ နွေဦးကာလဆီကို တကျော့ပြန်ချေပါပေါ့လား။
*****
” မောင်ကောင်းရေ…မောင်ကောင်း…”
မောင်ကောင်းတစ်ယောက် အိပ်ရာက ထပြီး မျက်နှာသစ်ရုံရှိသေး၊ တဲတံခါး၀ဆီက ခေါ်သံကြောင့် ကြည့်မိလိုက်တယ်။
” ဪ…ဦးလေးတောက်၊ ဆင်ပါခေါ်လာတာလား။ အစောကြီး ဘာကိစ္စများရှိလို့လဲဗျ…”
ဦးလေးတောက်က တဲရှေ့မှာ ဆင်စီးရင်း ရပ်နေတယ်။ သူက ဦးလေးတက်ခါးနဲ့ သိပ်ကို ရင်းနီးတဲ့သူရယ်လေ။
လွန်ခဲ့တဲ့ ရက်က ဦးလေးတက်ခါးက မြို့ကို တက်သွားတယ်။ ဒါကြောင့် ဒီရက်ပိုင်း မောင်ကောင်းက ဦးလေးတက်ခါးရဲ့ ကိုယ်စား ဆင်ကြီးသိန်းမောင်ကို ထိန်းကျောင်းရင်း လုပ်ကွက်ဆီကို ၀င်ပေးနေရတာ။
ဒါကြောင့် အခု ဦးလေးတောက်လာရင်းကိစ္စက လုပ်ကွက်တွင်းက ကိစ္စရယ်လို့ မောင်ကောင်းထင်မှတ်မိလိုက်တယ်။
” အေး…မနက်က ငဂျော့တစ်ယောက် ဆင်ကောက်သွားရင်းနဲ့ တောတင်ရိုင်းတိုက်ခိုက်ခံရလို့…”
” ဗျာ…”
မောင်ကောင်း အံ့သြသွားရတယ်။
မနေ့ညကတင် ငဂျော့တစ်ယောက် အရက်ထွေထွေနဲ့ သူ့ဆီရောက်လာပြီး အမြည်းတောင်းချေသေးတာ။
” ဘယ်လိုဖြစ်တာလဲ၊ ဘာတွေများ ဖြစ်ကုန်သေးလဲ ဦးလေးတောက်ရ…”
” အေး…ငဂျော့ကတော့ အပြေးကောင်းလို့ ဘာမှမဖြစ်ချေဘူး။ ဒါပေမယ့် သူ့ဆင်ကတော့ ဆင်ရိုင်းအုပ်ထဲပါသွားတယ်။ အဲ့ဒါ ငါတို့ လိုက်ပြန်ခေါ်ဖို့ မင်းကိုလည်း လိုက်ဖို့ လာခေါ်တာပဲ…”
” ဟုတ်လား ဦးလေးတောက်။ ဒါဖြင့်လည်း လိုက်ရမှာပေါ့ဗျာ။ ဪ…ဒါနဲ့ လုပ်ကွက်တွင်းက ကိစ္စကကော…”
” အဲ့ဒီ့အတွက် ဘာမှမပူနဲ့။ နောက်ပိုင်းမှာ မောင်ကြီးတို့ ကျန်ရစ်မှာ။ သူတို့ကြည့်ကျက်ပြီး လုပ်ထားကြလိမ့်မယ်…”
” ဪ…ဟုတ်ဟုတ်။ အဲ့ဒါဆိုလည်း ခဏစောင့်ဗျာ။ ကျုပ် အ၀တ်အစားလဲလိုက်ဦးမယ်…”
” အေး…မြန်မြန်လုပ်…”
မောင်ကောင်း တဲပေါ်ကို တက်လိုက်တယ်။ ပြီးတော့ ၀တ်ထားတဲ့ ပုဆိုးကို တိုတို၀တ်လိုက်ပြီး ခါးဆီမှာ သူအမြဲသုံးနေကျဖြစ်တဲ့ စစ်သုံးခါးပတ်ဟောင်းနဲ့ ဓားမြှောင်ကို ချိတ်ပတ်လိုက်တယ်။
” ကဲ…ရပြီ ဦးလေးတောက်။ သွားကြစို့…”
မောင်ကောင်းလည်း အသင့်ရှိနေတဲ့ ပေါက်စအပေါ်ကို တက်လိုက်တယ်။ ပြီးတော့ နှစ်ဦးသား စုရပ်ဆီကို ထွက်ခဲ့ကြပါတယ်။
ဆင်ဆိုတာက ရတနာထိုက်တဲ့ သတ္တဝါတစ်မျိုးပါ။
ဒီအထဲမှာမှ ဆင်ရိုင်းနဲ့ ဆင်ယဉ်ဆိုပြီး အသုံးတည့်မှုနဲ့ အန္တရာယ်ရှိမှုတို့က ကွဲပြားသွားခဲ့ပါတယ်။
ဆင်ယဉ်က လူတို့အတွက် အသုံးတည့်လှပေမယ့် ဆင်ရိုင်းကတော့ လူတို့အတွက် သိပ်ကို အန္တရာယ်ကြီးလှပါတယ်။
ဆင်ရိုင်းတစ်ကောင်ကို ဆင်ယဉ်တစ်ကောင်ဖြစ်လာအောင်လုပ်ရတာက မလွယ်ပါဘူး။ လေ့ကျင့်မှုအဆင့်ဆင့်နဲ့ စတင်ရင်း အချိန်ယူသင်ကြားပေးရပါတယ်။
အခုတော့ အဲ့ဒီ့လို ရင်းနီးထားရတဲ့ ဆင်ယဉ်တစ်ကောင်က ဆင်ရိုင်းအုပ်နဲ့ ပါသွားရတဲ့အတွက် နစ်နာဆုံးရှုံးမှုက ပြောဖွယ်ရာမရှိလောက်အောင်ပါပဲ။
ဒါတောင် ဆင်ရိုင်းလက်ချက်နဲ့ လူမသေလို့။ အကယ်လို့ လူသာသေခဲ့မယ်ဆိုရင်တော့ နစ်နာမှုက ပိုပြီးသာကဲရတော့ပေမပေါ့။
ဒါကြောင့်လည်း ဆင်ယဉ်ကို ရအောင် ပြန်လိုက်ခေါ်ဖို့ လူတွေက ကြိုးစားကြတာရယ်။
မောင်ကောင်းတို့ လူစုဝေးရာဆီကို ရောက်တော့ လိုက်ပါမယ့်သူတွေက စုံလင်နေပြီ။ အားလုံး ဆင်ကိုယ်စီနဲ့။
ဆင်ပိုင်ရှင်ငဂျော့က မောင်ကောင်းဆင်ဆီကို တက်လာတယ်။
နောက်တော့ ချက်ချင်းပဲ အားလုံး တောဆီကို ထွက်ခဲ့ကြတော့တာပဲ။
******
ငဂျော့က သူနဲ့ ဆင်ရိုင်းအုပ်တွေ့တဲ့နေရာကို ပြတယ်။
အချင်းဖြစ်တဲ့နေရာက ဝါးတောအုပ်အုပ်ဆီမှာ။
ငဂျော့က သူ့ဆင်ကို ခြေရာခံရင်း ဝါးတောဆီကို ရောက်လာခဲ့တာ။
အဲ့ဒီမှာ ဝါးတောထဲမှာ သူ့ဆင်ကြီး အောင်စိန်က ဆင်ရိုင်းအုပ်နဲ့ ပေါင်းနေရော။
ဆင်အုပ်က ဝါးရွက်နုတွေကို ခူးစားရင်း ရှိနေတယ်။
ငဂျော့က သူ့ဆင်ကို ပြန်ရလိုတော့ ပုန်းလျိုးကွယ်လျိုးနဲ့ တတ်နိုင်သလောက် ကြိုးစားကြည့်မိတယ်။
ဒီမှာတင် ငဂျော့ရဲ့ အနောက်ကနေ သင်းကွဲနေတဲ့ ဆင်ရိုင်းကြီးတစ်ကောင်က ချောင်းမြောင်းပြီး တိုက်ခိုက်လာတာ။
ငဂျော့အသိဦးလို့ ရှောင်ရှားထွက်ပြေးနိုင်ခဲ့တယ်။
ဝါးရုံတွေကြားမို့လည်း လွတ်ခဲ့တာ။
မဟုတ်ရင်တော့လား၊ ဆင်ရိုင်းလက်ချက်နဲ့ ငဂျော့တစ်ယောက် ခေါင်းပြားကိုယ်ပြားဖြစ်နေတော့မှာပဲ။
ဝါးတောထဲမှာ ဆင်ရိုင်းအုပ်ကြောင့် အတော့်ကိုပဲ ဖရိုဖရဲဖြစ်နေတယ်။
စခန်းနဲ့ဆိုရင်တော့ ဝါးတောတည်နေရာက သုံးတိုင်စာလောက်ရှိမယ်ထင်ရဲ့။
ဝါးတောရဲ့ အခြေအနေကို ကြည့်မိပုံအရ ဆင်အုပ်က တောင်ဘက်ကြောကို စားသောက်ရင်း ဆင်းသွားတယ်လို့ မောင်ကောင်းတော့ ယူဆမိနေတယ်။
ဦးလေးတောက်ကတော့ ခြေရာခြေခင်းကို ကောက်နေတုန်းပဲ။
” တော်သေးတာပေါ့ ကိုဂျော့ရယ်။ မဟုတ်ရင် ခင်ဗျားတော့…”
ရယ်သွမ်းသွေးရင်း ပြောလိုက်တဲ့ မောင်ကောင်း စကားမဆုံးလိုက်ဘူး။ ငဂျော့က ပါးစပ်ကို လှမ်းပိတ်ပြီး…။
” အမလေးလေး မောင်ကောင်းရေ။ မင်းက ကိုယ်တိုင်မဟုတ်တော့ ရယ်နိုင်တာပေါ့။ ငါ့မှာတော့ ချွေးဇောကို ပျံလို့ဟ…”
မောင်ကောင်း သဘောကျပြီး ရယ်မိတယ်။
အသံထွက်ရင် ဦးလေးတောက်ဆူမှာစိုးတော့ ပါးစပ်ကို အုပ်ပြီးရယ်ရတာ။
ငဂျော့ကတော့ မောင်ကောင်းရယ်သလို လိုက်မရယ်နိုင်ပါဘူး။ အဲ့ဒီ့အခိုက်…
” ဝူး….ကျီး…”
ရုတ်တရက် ပေါက်စထအော်လိုက်တာ။
ရုတ်ခြည်းမို့ အားလုံးကြောင်ကုန်ကြတယ်။
ပေါက်စအော်သံကြောင့် ကျန်တဲ့ဆင်တွေအကုန်လုံးလည်း ငြိမ်ကုတ်နေကြကုန်တာ။
” အခြေအနေတော့ ထူးတယ်။ အားလုံးပဲ သတိမပြတ်စေနဲ့။.သင်းကွဲဆင် ဒီအနားမှာ ရှိနိုင်တယ်…”
သဘာရှိတဲ့ ဦးလေးတောက်က ပြောတာ။
အကုန်လုံး ငြိမ်သက်ရင်း ပတ်၀န်းကျင်ကို အကဲခတ်ကြည့်မိကြတယ်။
အရာရာတိတ်ဆိတ်လို့။