ဆန္ဒတစ်စုံတစ်ရာ(စ/ဆုံး)
———————–
`ဟဲ့ မသာ မိုးတောင်စင်စင်မလင်းသေးဘူး အရည်ဖိုးကလာတောင်းနေပြီ
သောက်လုပ်ကျအကြောတင်းတင်းမလုပ်ချင်ဘူး´
`အလုပ်ကလေးများ နှစ်ရက် သုံးရက် ဆက်နေရင်ဖင်နာသလေး ခေါင်းကိုက်သလေးနဲ့ မျောက်များငါးပိနဲ့တို့လိုက်သလို တွန့်ဆုတ်တွန့်ဆုတ်နဲ့ ´
`အရည်ကျတော့ နေ့တိုင်း မြိုတယ် မရိုးနိုင်မမုန်းနိုင် တကယ်ထဲတော်´
ဘေးကပ်လျက် အခန်းမှ ဒေါ်ကျင်နု၏ မြည်တွန်တောက်တီးနေသံသည်ကား ကျွန်မတို့ဆိုင်ခန်းတွဲ၏ အချိန်မှန်ထွက်ပေါ်လာနေကြ နံနက်ချိန်ခါတေးသံသာပင်ဖြစ်သည်။သူမအလှည့်ပြီးလျင်တော့ ဒေါ်သေးသေးတို့သားအမိ၏ ဖျော်ဖြေမှုအလှည့်ကျပေလိမ့်မည်။
ကျွန်မတို့သည် ပျံကျစျေးသည်များသာဖြစ်ကြသည်။သည်အရပ်ဇာတိမဟုတ် တစ်မြို့တစ်ရွာဆီမှ ဆယ့်နှစ်ပွဲစျေးလည်ရောင်းကြရင်းဖြင့် မိတ်ထီလာမြို့၌ အခြေချမိနေကြသကဲ့သို့ဖြစ်နေကြခြင်းဖြစ်သည်။ကျွန်မသည်ပင် မိတ်ထီလာမြို့၌ နေထိုင်ခဲ့သည်မှာ တစ်နှစ်ကျော်ခန့်ရှိနေပြီမို့ ကိုယ့်မြို့ကိုယ့်ရပ်မဟုတ်သည့်တိုင် သည်မြို့နှင့် အသားကျနေသကဲ့သို့ခံစားနေရချေပြီ။ဒေါ်ကြီးကျင် နှင့် အန်တီသေးတို့ဆိုလျင် သည်ရောက်နေသည်မှာ လေး ငါး နှစ်ခန့်ပင် ရှိနေကြပြီဖြစ်သည်။
ကျွန်မတို့၏ ဆိုင်ခန်းတွဲများသည် မိတ်ထီလာမြို့ရှိ ကုန်တင်ကားကွင်းကြီးအတွင်း၌ တည်ရှိသည်။ကျွန်မတို့၏နေထိုင်ရာ အိမ်ပင်ဖြစ်သော်ငြား ဆိုင်ခန်းတွဲဟု သုံးနှုန်းခေါ်ဆိုရခြင်းမှာ ကိုးပေပတ်လည်ခန့်အခန်းကျဥ်းလေးများအား သုံးခန်းဆက်ထားပေးခြင်းကြောင့်ပင်ဖြစ်သည်။ကုန်တင်ကုန်ချကားကွင်းဖြစ်သည့်အလျောက် ဂိုဒေါင်များ ကားဂိတ်များအတွက်သာ ရည်ရွယ်ဆောက်လုပ်ထားကြဟန်တူသော အခန်းကျဥ်းကလေးထဲ၌ အဆင်သင့်သလိုသာနေထိုင်ကြရသည်။
ကျွန်မတို့သည် လင်ကိုယ်မယားနှစ်ယောက်တည်းသာမို့ တော်သေး၏ ။အန်တီသေးတို့ဆိုလျင် မိသားစုခြောက်ယောက်ရှိလေသည်မို့ အနည်းဆုံး မိသားစု သုံးယောက်လောက်တော့ အရှေ့ တံစက်မြိတ်အောက်၌ ခြင်ထောင်ချကာ အိပ်ကြရသည်။နွေ နှင့် ဆောင်းတွင်တော့ အိပ်၍ အဆင်ပြေနိုင်သေးသည်။မိုးတွင်းဆိုလျင်တော့ အတော့်ကို အဆင်မပြေဖြစ်ကြရသည်။
`ကျင်နုကလည်းဟာ တစ်ထောင်လောက်အရင်ပေးစမ်းပါဟ ´
`တော့် ဗမာလိုပြောနေတာ နားမလည်ဘူးလား တစ်ထောင်မပြောနဲ့ တစ်ပြားတောင် မပေးနိုင်ဘူး ငါ့ ဟောသည့်က •••••°ပဲရမယ် ´
ဒေါ်ကျင်နု၏ ဆဲဆိုကျိန်းမောင်းသံသည် မိုးထိတိုင်အောင်လွင့်ပျံလေသည်။ထို့နောက်
`မာမီကြီး ကနေ့ စျေးတောင်ဘက်ကို ဆီကားလာမှာတဲ့တော့် ´
ဘေးအခန်းမှ အန်တီသေး၏ စကားသံကြောင့် ဒေါ်ကျင်နု၏ ကျိန်းမောင်းဆူပူသံသည် ငြိမ်သက်သွားလေတော့သည်။အသက် ငါးဆယ်ကျော်နေပြီဖြစ်သော ဒေါ်ကျင်နုအား ကျွန်မတို့အားလုံးက မာမီကြီးဟု တင်စားခေါ်ဝေါကြသည်။ကျွန်မတို့ဆိုင်ခန်းတွဲ၌ အသက်အကြီးဆုံးဖြစ်သကဲ့သို့ သူမချက်သမျှ ဟင်းရည်တစ်ခွက်မျှဖြစ်စေ ထမင်းကြော်တစ်ပန်းကန်မျှဖြစ်စေ ကျွန်မတို့အခန်းဖော်များအား ကျွေးမွေးစောင့်ရှောက်ပေးတတ်ခြင်းကြောင့်လည်း ပါသည်။
`ဟုတ်သလား မိသေး ညည်းကော သွားမှာမလား´
`သွားရမှာပေါ့တော် အပြင်မှာ ဒီလောက်ရှားပါးနေတဲ့ဟာကို သူတို့ပေးတုန်း သွားတန်းရမှာပေါ့ ´
`အေးဟယ် ငါတို့လည်း ဝဠ်ကြီးလိုက်ကြတာနော်
ငွေပေးပြီးဝယ်တာတောင် ဝယ်မရတဲ့ခေတ်ကြီးတဲ့ ဘုရားဟောခဲ့တဲ့ ကပ်ကြီးဆိုက်နေပြီလားမသိကွယ်´
`ကပ်ဆိုက်တာ မဆိုက်တာ နောက်ထား မာမီကြီးရေ့ တော့် လိုက်မှာဆို ပြင်တော့ ကျုပ်တော့ခဏနေသွားတန်းတော့မှာ ´
`ဟဲ့ ဆီ ကားကဘယ်ချိန်တဲ့လဲ´
`ရှစ်နာရီပြောတာပဲ အခုလောက်ထဲက ကြိုတန်းထားမှ ဒါတောင် ကိုယ့်ထက်ဦးတဲ့ရွာတန်းရှည်တွေက ရှိနေအုန်းမှာ ကိုယ်ဇွဲကောင်းလှပြီမမှတ်နဲ့ သွားကြည့်လိုက်ရင် ကိုယ့်ထက်ပိုဇွဲကောင်းတဲ့သူတွေကအများကြီး သူတို့တွေလေ ညအိပ်ပြီးများစောင့်နေကြသလားမှတ်ရတယ်´
နားစိုက်ထောင်စရာမလိုပါဘဲနှင့် ကြားသိနေရသောသူမတို့နှစ်ဦး၏ စကားသံများကြောင့် ကျွန်မ ငုံးဥပြုတ်အိုးတည်နေရင်းမှ တိုင်ကပ်နာရီအား တစ်ချက်မော့ကြည့်လိုက်မိသည်။အချိန်ကား မနက် ခြောက်နာရီ ငါးမိနစ်အတိ။
`စောင့်ကြမှာပဲလေ အေရယ် အပြင်ပေါက်စျေးက တစ်သောင်းနှစ်ထောင် တစ်သောင်းသုံးထောင်လေ ဟော ခွဲတမ်းကား ရောင်းတဲ့စျေးက ငါးထောင်ကျော်ကျော်ဆိုတော့လည်း စောင့်ရတာပေါ့အေ´
`ကျုပ်တို့တော့ ကြုံ ကြုံဖူးပေါင် မာမီကြီးရယ် ဒီလောက်ကြီးထိပဲ အစားအသောက်အတွက် ဒုက္ခခံနေရတယ်လို့ ´
`အေးး ဝဠ်ပါလာတယ်သာမှတ်ပါအေ ဆီ ထည့်စားလို့ရသခိုက်တော့ ထည့်စားရမှာပါပဲ မရနိုင်တော့တဲ့အဆုံးကျရင်တော့ ရေလုံပြုတ်ပဲစားရတော့မှာပဲ ဟေ့´
`ဒီနေ့ အငယ်ကောင်ရော ခေါ်သွားမှာ တစ်ဘူးပိုရလည်း တစ်ဘူးလေ´
`အေး ညည်းပြောမှပဲ ငါလည်း ဒင်းပါခေါ်သွားမယ် သောက်လုပ်လည်းရှိတာမဟုတ် အားနေမဲ့အတူတူ ဒင်းလည်း တန်းစီခိုင်းရမယ် ကြားလား ကသောင်းစိန်´
မာမီကြီးတို့သည်လည်း လင်ကိုယ်မယားနှစ်ယောက်တည်းသာဖြစ်သည်။ဦးသောင်းစိန်သည် ကုန်တင်ကုန်ချ (ကူလီ)အလုပ်သမားဖြစ်သည်။မာမီကြီးသည် ကားကွင်းထဲသို့ ထိုးဆိုက်လာသော ခရီးသည်ကားများအပေါ်၌ ထိုးမုန့် လမုန့် ပဲချောင်း ဖရုံယိုအစရှိသဖြင့် မုန့်ဘူးကလေးများအား ရောင်းသည့် ခေါင်းရွက်စျေးသည်ဖြစ်သည်။
အန်တီသေးတို့၌ သားသမီးလေးရောက်ရှိသည်။သူတို့၏ အဓိကလုပ်ငန်းသည်ကား ယိုးဒယားသင်္ဘောသီးထောင်းနှင့် အချဥ်ပေါင်းလှည်း ဖြစ်သည်။အန်တီသေး၏ ယောက်ကျား နှင့် သားသုံးယောက်သည် အချဥ်ပေါင်းလှည်းကိုယ်စီဖြင့် မိတ်ထီလာမြို့အနှံ့ ကိုယ်စီကိုယ်စီ လှည့်လည်ရောင်းချကြသဖြင့် သူမသည် အိမ်၌သာလိုအပ်သည့်ကိစ္စအ၀၀အား တာဝန်ယူပြုလုပ်ပေးရသည်။ဤဆိုင်ခန်းတွဲ၌ အန်တီသေးသည် ကျွန်မတို့ထက် အနည်းငယ်ပို၍ချောင်လည်သဖြင့် ရံခါအသုံးလိုလျင်လည်း ငွေချေးလို့ရနိုင်သည်။
`ဟဲ့ အငယ်မ ညည်းကော လိုက်ခဲ့ပါ့လား ကနေ့´
အန်တီသေးသည် ကျွန်မအခန်းဘက်သို့ အားစိုက်အသံပြုသဖြင့် ကျွန်မ အခန်းအရှေ့သို့ထွက်လာခဲ့လိုက်သည်။
`သမီးက စျေးရောင်းပျက်မှာကြောက်လို့လေ ငုံးငုအိုးကလည်းပြုတ်ပြီးနေပြီ´
`အမလေး အငယ်မရယ် ညည်းတစ်နေကုန်ရောင်းလို့ မြတ်လိမ့်မပေါ့ လေးငါးခြောက်ထောင် ဟိုမှာဆီတစ်ဘူးရရင် အပြင်ပေါက်စျေးနဲ့ဆို ခုနှစ်ထောင် ရှစ်ထောင်ကွာတယ် ´
`ညည်းမလိုချင်လို့ပြန်ရောင်းစားတောင် သုံးလေးထောင်အသာလေးမြတ်ပါတယ်အေ နှစ်ဘူးသုံးဘူးရတော့ ပိုမကိုက်ချေဘူးလား ပြီးပြန်လာမှ စျေးရောင်းထွက်လည်း ရနေတာပဲကို ငါတောင် ပြန်လာမှရောင်းတော့မာ´
မာမီကြီးပါ ဝင်ပြောလာနေသဖြင့် ကျွန်မငြင်းလို့မဖြစ်တော့ပါချေ။ကျွန်မ၌လည်း ဆီလက်ကျန်နည်းနေပြီဖြစ်သည်။ယခင် ပစ္စည်းမရှားခင်က ဝယ်ထားသောတစ်ပိဿာဆီဘူးကလေးသည်လည်း လက်သုံးလုံးခန့်သာကျန်တော့သည်လေ။လင်ကိုယ်မယားနှစ်ယောက်စာအတွက် ဖြစ်သလိုသာချက်ပြုတ်စားကြသည်မို့ ကျွန်မတို့အိမ်၌ ဆီသိပ်မကုန်ပါ။ထို့ကြောင့် ယခင်ဝယ်ထားပြီးသည့်ဆီကိုသာ သုံး၍ ရနေသေးသည်။ယခုကဲ့သို့ ခွဲတမ်းဖြင့်ရောင်းချသည့်နေရာသို့ တစ်ခါမျှ သွားမဝယ်ဖူးသေးပါချေ။
`မောင်မြင့်ကော အိပ်တုန်းလား´
`မဟုတ်ဘူး မာမီကြီး မနက်အစော ကြက်ကားချဖို့ရှိလို့ဆိုပြီး လေးနာရီလောက်ကတည်းကထသွားပြီ´
`အေး ဒါဖြင့်လိုက်ခဲ့ပေါ့အေ´
သည်လိုနှင့် ကျွန်မသည်လည်း ဆေးကြောသန့်စင်ထားပြီးသောရေသန့်ဘူးခွံ သုံးဘူးအား ပလက်စတစ်အိတ်ထဲထည့်ကာ သူမတို့နှင့် အတူလိုက်ပါလာခဲ့ရလေတော့သည်။
——————————
`ဟဲ့ အငယ်မ ညည်းကတစ်ခါမှမတန်းဘူးသေးတော့ ကြောမနပ်လောက်သေးဘူး တို့နောက်နားပဲကပ်နေ ကြောက်သလို ရွံ့သလိုလုပ်မနေနဲ့ ကြားလား´
`ဟုတ်ကဲ့ မာမီကြီး ´
`မောင်လုံးးးး မင့် အမေလုံချည်စကိုဆွဲထားနော် တော်ကြာလွတ်သွားလို့ မင်းနေရာသူများဝင်တိုးသွားရင် ဗိုက်ကြောလိမ်ဆွဲမှာနော် ပြန်ရောက်တော့ကျ အမေက မုန့်ဝယ်ကျွေးလိမ့်မယ်´
စျေးသို့သွားရာလမ်းတစ်လျောက် မာမီကြီးသည် ကျွန်မအားတစ်လှည့် အန်တီသေး၏ အငယ်ဆုံးသားလေးကိုတစ်ဖုံ လှည့်၍ ပြောနေသည်။
`ဟဲ့ မိသေး ညည်းခြင်းတောင်းကြီးတကားကားနဲ့ တော်ကြာ ဆိုင်ရှင်ကမှတ်မိနေအုန်းမယ်နော်´
`ခြင်းက မယူလို့မဖြစ်ဘူးမာမီကြီးရဲ့ လေးငါးခြောက်ဘူးဝိတ်ကျ အိတ်နဲ့က ဆွဲမကောင်းလို့လေ အဆင်ပြေသလိုကြည့်ထားရမှာပဲလေ တတ်နိုင်ဘူး´
သည်လိုဖြင့် ကျွန်မတို့ ခွဲတမ်းကျဖြင့်ရောင်းချပေးမည့်ဆိုင်နေရာသို့ရောက်ရှိလာခဲ့ကြလေတော့သည်။
`တွေ့လား ကျွန်မပြောသားပဲ ကိုယ်စောလှပြီးမထင်နဲ့ ဟိုမှာကိုယ့်ထက်စောတဲ့သူတွေက တစ်စီတစ်တန်းကြီးလို့´
အန်တီသေးပြောတာလည်း ဟုတ်ပေသည်။ကျွန်မတို့အိမ်မှ ထွက်လာချိန်သည် မနက်ခြောက်နာရီ ဆယ့်ငါးမိနစ်ခန့်သာရှိသည်။သည်နေရာသို့လျောက်လှမ်းလာရသည်မှာဆယ့်ငါးမိနစ်ခန့်ကြာလိမ့်မည်ထင်သည်။ဆီကားလာမည့်အချိန်သည် ရှစ်နာရီမှသာဖြစ်သော်လည်း လူအများသည် ယခုမနက်ခြောက်နာရီခွဲကတည်းမှစ၍ စုဝေးတန်းစီထားနှင့်ကြလေသည်။
ကျွန်မတို့အရှေ့ရှိ လူအုပ်တန်းကြီးသည် နှစ်ဆယ်ကျော်သုံးဆယ်လောက်ရှိမည်ထင်သည်။သို့သော် လူအုပ်အတန်းကြီးသည်ကား တစ်ဆက်တည်းဖြစ်၍မနေပါ။တစ်ယောက်နှင့် တစ်ယောက်အကြားတွင် အတော်လေးကွာဟနေသောနေရာလပ်များရှိနေသည်မို့ လူတန်းကြီးသည် ပို၍ရှည်လျားနေသည်ဟုထင်ရသည်။
`ဟဲ့မိသေး ညည်းအရှေ့မှာနေ ပေးညည်းခြင်းတောင်း ´
`သွား မောင်လုံး မင်းအမေနောက်နားကပ်နေချေ´
မာမီကြီးသည် နောက်ဆုံးရောက်ရှိနေသော လူ၏ အနောက်ကပ်လျက်မှ စတင်၍ နေရာချနေလေတော့သည်။အန်တီသေး နှင့် မောင်လုံးလေး၏ အနောက်ကပ်လျက်တွင် ခြင်းတောင်းကြီးအား ချထားလေတော့သည်။ထို့နောက် အသင့်ယူလာဟန်တူသော ပလက်စတစ်အိတ်အကြီးကြီးများအား ခြင်းတောင်းကြီးအနောက်ဘက်တွင် သုံးနေရာစာခန့်ဖြန့်ကာ ခဲလုံးကြီးကြီးဖြင့် ဖိထားလေသည်။
`အငယ်မ ညည်းက ဒီနားမှာနေ´
ဖြန့်ခင်းထားသော အိတ်၏ အနောက်ပါး၌ ကျွန်မအား နေရာချပြန်ပါသည်။ထို့နောက် ကျွန်မ၏ အနောက်၌လည်း ရှေးနည်းတူပင် အိတ်ခွံများအားချထားပြန်ပါသည်။
`ကသောင်းစိန် လာဒီကို လေချဥ်တက်ပြမနေနဲ့ တော့်ကို ဆီသုံးဘူး မရမချင်း အရက်ဖိုးမပေးဘူး ´
ထို့နောက် ဦးသောင်းစိန်၏ အနောက်ပါး၌လည်း အိတ်များအား ဆက်လက်ခင်းကျင်းဖို့ပြင်နေပြန်ပါသည်။
`ဗျို့ ဘွားတော် ခဗျားနေရာက ဒီတစ်သက်ဦးလို့ကော ပြီးပါအုန်းမလား နောက်လူတွေလည်း လိုချင်တယ်လေဗျာ ခဗျားတစ်ယောက်ထဲနဲ့ကို ဘယ်နေရာစာတွေ ဦးနေတာတုန်း ရောင်းပေးမှာက တစ်ယောက်မှ ငါးဆယ်သားတစ်ဘူးနော်´
`နင်က ဘာလာဆရာကြီးဝင်လုပ်နေတာတုံး သူများလာပြောမနေနဲ့ နင့်အနောက်က ဖိနပ်စုပ် တွေကို အရင်ရှင်းပြီးမှ ငါ့လာပြော ဘူဘူချင်းကို တစ်လာမလုပ်နဲ့´
မာမီကြီး၏ ဘုဘောက်ရန်တွေ့စကားသံကြောင့် ကျွန်မ မာမီကြီးအား လှည့်၍ ကြည့်လိုက်မိသည့်အခါ ကျွန်မတို့၏ နောက်အနားရှိလူအများစုထဲမှ အချို့သည်လည်း ထို့နည်းတူစွာပင်နေရာဦးထားကြလေသည်။
မာမီကြီးသည် ကျွန်မအား မေးဆတ်အချက်ပြကာ လက်ကာပြလေသည်။အဲ့အတိုင်းသာနေ ဘာမှမဖြစ်ဘူးဟူ၍ အဓိပ္ပါယ်ပင်ဖြစ်သည်။
`အတူတူနဲ့ အနုနုပဲကို ဘာလာဇောင်းကြွနေသလဲမသိဘူး ဒီလောက်နေရာဦးထားတာတောင်မှ တကယ့်တကယ်ဆီကားလာတဲ့အချိန်ဆို နေရာဖြတ်ဝင်တဲ့ဟာတွေက ရှိသေးတာကို´
မာမီကြီး၏ ဗျစ်စိတောက်တောက်စကားသံနှင့်အတူ မြည်စီဆူညံလာလေသော လူအုပ်ကြီးသည်လည်း တစ်စထက်တစ်စ ပို၍ ပို၍ တိုးလာနေလေတော့သည်။အရွယ်စုံ ပုံစံစုံသော အခြေခံလူတန်းစားများကို တွေ့ရသည်။နွမ်းဖက်လွင့်ပျယ်နေသော အင်္ကျီကလေးများ ဝတ်ဆင်ထားကြသူများသာမက ရွှေတိုရွှေစကလေးများနှင့် တောက်တောက်ပြောင်ပြောင်ရှိလှသော သူများကိုလည်းတွေ့ရသည်။လေးငါးခြောက်နှစ်အရွယ် ကလေးများမှသည် သက်ကြီးရွယ်အို အဘိုးအဘွားများအထိ ပင်ပန်းကြီးစွာလာရောက်စီတန်းနေကြလေသည်။
`ဟဲ့ အဲ့တာ ငါတို့နေရာ လူလာအုန်းမှာမို့လို့ ဦးထားတာ ´
`ဟိုကောင်မလေး အဲ့တာငါ့နေရာနော် နေပူလို့ သည်မှာခဏထိုင်နေတာ အဲ့မှာဖိနပ်ချထားတာမမြင်ဘူးလား´
နေအပူချိန်သည်ကား တဖြည်းဖြည်းမြင့်တက်လာလေသည်မို့ တန်းစီစောင့်ဆိုင်းနေရသောလူအများသည်လည်း ချွေးစီးပြိုက်ပြိုက်ဖြင့် ရွှဲနစ်နေကြပြီဖြစ်သည်။လူအုပ်ကြီးသည်လည်း များသည်ထက်များလာခဲ့သည်မို့ စီတန်းဦးထားကြသောနေရာကလေးများသည်လည်း ကျုံ့သည်ထက်ကျုံ့လာခဲ့သည်။ထို့အပြင် ယာဥ်ကြီးယာဥ်ငယ်တို့သည်လည်းစျေးကြီးအတွင်း၌ ခက်ခက်ခဲခဲသွားလာလှုပ်ရှားနေကြရသဖြင့် ပို၍ပင် စိတ်ပျက်ပင်ပန်းဖွယ်ကောင်းလွန်းလာခဲ့သည်။
`လာပြီ လာပြီ ဆီကားလာပြီ ဆီကားလာပြီ ဘေးကပ်ကြအုန်း ဘေးဖယ်ပေးကြအုန်း ´
ဆီကားရောက်လာပြီဖြစ်သဖြင့် လူအုပ်ကြီးသည်လည်း ယခင်ထက်ပို၍ လှုပ်လှုပ်ရှားရှားဖြစ်လာခဲ့သည်။
`တန်းစီနော် တန်းစီကြနော် အတင်းလုဝယ်တဲ့သူတွေကို မရောင်းပေးဘူးနော် မရောင်းဘူးနော်´
သည်လိုဖြင့် တန်းစီနေကြသောသူ တစ်ဦးချင်းစီအားစတင်ရောင်းချပေးလေတော့သည်။လူအုပ်ကြီးသည် ပို၍ တိုးဝှေ့လာကြသဖြင့် တစ်ယောက်နှင့်တစ်ယောက်အတင်းဖိညှပ်ထားသကဲ့သို့ဖြစ်လာနေခဲ့သည်။
`ဟိတ် ဟိတ် မတွန်းကြနဲ့နော် ဆီပုံးတွေ မှောက်ကုန်ရင် ဘယ်သူ့မှ ရောင်းမပေးဘူးနော် ကိုယ့်နေရာနဲ့ကိုယ် တန်းစီ ´
ရောင်းချပေးနေသော ဆိုင်အတွင်းမှ ဆူပူကျိန်းအော်သံသည်လည်း ခဏတိုင်း ထွက်ပေါ်လေသည်။
`ဟဲ့ကောင် ဘာလို့တအားလာကပ်နေတာတုံး နှမချင်းမစာမနာလာမလုပ်နဲ့နော် လူလိုအသိတရားရှိ´
`ဟိုသူတောင်းစားလေး ဘယ်ငေးနေတာတုန်း ကိုယ့်နေရာကိုယူလေ သူများဦးတော့မယ် ငါနော် လာလုပ်ထည့်လိုက်ရင်နာတော့မယ်´
`ဟဲ့ ဟိုးရှေ့ကနေဖြတ်မဝင်ကြနဲ့ဟေ့ ငါတို့လည်း လိုချင်လွန်းလို့ ခွေးချေးမစားခင်ကတည်းက လာစောင့်နေရတာဟေ့´
အမျိုးမျိုးအထွေထွေသော စကားသံများသည် နေရာအနှံ့မှ ထွက်ပေါ်၍လာနေလေသည်။လူအများကြုံတွေ့ခံစားနေရသော ဒုက္ခများသည် ခက်ခဲပင်ပန်းခြင်းထပ်လောင်းပေါင်းစပ်ထားသဖြင့် သည်နေရာရှိလူတိုင်းသည် ဒေါသ မောဟ သောကအပူမီးကိုယ်စီတောက်လောင်နေကြရလေသည်။ယခုအချိန်မျိုး၌ ထိုသူများဆီမှ ကိုယ်ချင်းစာတရား ဂရုဏာတရားများအား ဘယ်လိုမှ ရှာဖွေ့၍ရနိုင်မည်မဟုတ်ပါချေ။သူတို့အားလုံး၌ ဆီ ရရန်ဟူသော ဆန္ဒကိုယ်စီသာရှိကြသည်။
အမျိုးမျိုးအထွေထွေသော စကားသံ အခြေအနေများအား ကျွန်မ ငေးကြည့်နေမိချိန်တွင် အန်တီသေးသေးသည် ကျွန်မအားလက်ကုတ်ကာသွားလေသည်။သူမ၏ လက်ထဲ၌လည်း ဆီဘူးကလေးအား ကိုင်ဆောင်၍ သွားလေသည်ကိုတွေ့လိုက်ရသဖြင့် ဆီတစ်ဘူးတော့ ရသွားချေပြီ။ထို့နောက် မောင်လုံးကလေး၏ အလှည့်ပင် ဖြစ်သည်။မောင်လုံး၏ အနောက်၌ ခင်း၍နေရာဦးထားသော အိတ်များအပေါ်၌ ဦးသောင်းစိန်နှင့် မာမီကြီးရောက်လာလေသည်။မာမီကြီး၏ အနောက်၌ အန်တီသေးကပြန်လည်၍ ဝင်ရောက်သည်။နေရာကြိုဦးထားခြင်း၏ ရည်ရွယ်ချက်သည်ကား သည်လိုပါ့လားဟူ၍ ကျွန်မတွေးမိရသည်။သည်လိုဖြင့် ကျွန်မ၏ လက်ထဲ၌လည်း ဆီတစ်ဘူးရောက်ရှိနေပြီဖြစ်သည်။
`အငယ်မ ပေးပေး ညည်းဆီဘူး ခြင်းထဲစုထည့်ထား ´
မာမီကြီးသည် ရရှိထားပြီးသောဆီဘူးများအား ခြင်းတောင်းထဲသို့စုထည့်ကာ အနီးအနားရှိဆိုင်တစ်ဆိုင်သို့ သွားရောက်အပ်နှံထားလေသည်။ထို့နောက် ကျွန်မအနောက်ပါးရှိ ဦးထားပြီးသော နေရာဆီသို့ ကျွန်မတို့အစဥ်လိုက် ပြန်လည်ဝင်ရောက်ကာ တန်းကြပြန်ပါသည်။
`ဟဲ့ ဟဲ့ တော်တို့ မလွန်လွန်းဘူးလား နောက်လူတွေကို တစ်ဘူးမှမရသေးဘူး တော်တို့နားတင်အဝိုင်းလည်လို့ကိုမဆုံးတော့ဘူး´
`ဟုတ်ပါ့အေ တော်ရုံတန်ရုံရပြီးရင်လည်း တစ်ခြားသူကို ပေး စားပါအုန်းတော့လား တကယ်တည်း သူတို့ပဲ ပါးစပ်ပေါက်ပါတယ်ထင်သလားမသိဘူး´
`ဟဲ့ကောင်မတွေ ငါတို့ဦးထားတဲ့နေရာ ငါတို့ဝင်တာလေ ညည်းတို့လည်း ငါတို့လိုရချင်ရင် ငါတို့လိုစောစောစီးစီ လာ ဦးထားကြပါ့လား အလကားရလို့ ပျော်လို့ လာတန်းစီနေတာမဟုတ်ဘူးဟေ့ ငွေပေးဝယ်ရင်တောင် မရောင်းကြလို့ အခုလို ဒုက္ခလာခံနေကြရတာ အတူတူနဲ့အနူနူချည်းပဲ ဘယ်သူ့မှ ကိုယ်ချင်းမစာနိုင်ဘူးတော်ရေ့´
မာမီကြီးသည် ပြောဆိုသံများအား ပြန်လည်ချေပကာ စီမြဲအတိုင်းစီတန်းနေလျက်ရှိသည်။ကျွန်မသည် ကျွန်မတို့အနောက်ပါး၌ စီတန်းလျက်ရှိနေသော သူများနှင့်မျက်လုံးချင်းမဆုံမိစေရန်သာ ကြိုးစားနေရသည်။မျက်နှာပူကာ ရှက်ရွံ့အားနာမိသကဲ့သို့ခံစားရသောကြောင့်ဖြစ်သည်။
`အားးးး အမလေးး နာတယ် နာတယ် ကယ်ကြပါအုန်း ကယ်ကြပါအုန်းးးအမလေး´
အမျိုးသမီးတစ်ယောက်၏ စူးရှသောအော်သံကြောင့် လူအများသည် အသံလာရာဆီသို့ ဝိုင်းအုံကြည်ရှုလိုက်ကြသည်။အသံလာရာသည်ကား ကိုယ်ဝန်သည်အမျိုးသမီးတစ်ယောက်ထံမှ ဖြစ်သည်။သူမ လွယ်ပိုးထားသော ကိုယ်ဝန်အရင့်အမာကြီးအား အုပ်ကိုင်ကာ မခံမရပ်နိုင်လောက်အောင်ပင် အော်နေလေတော့သည်။
`ဟဲ့ ဟဲ့ ဗိုက်ကြီးသည်တော့ ဗိုက်ကြီးသည်ဘာဖြစ်သလဲ မသိဘူး´
`လုပ်ကြပါအုန်းဟဲ့ တစ်ခုခု လုပ်ကြပါအုန်း´
`ဟယ် ဒုက္ခပဲတော် ရေမွှာတွေပေါက်နေတာ မွေးတော့မယ်ထင်တယ် လုပ်ကြပါအုန်း တစ်ခုခု လုပ်ပေးကြပါအုန်း ´
`ဒုက္ခတွေတော့များကုန်တော့မှာပဲ ဗိုက်ကြီးသည်ကလည်း မွေးခါနီးကိုတောင် ဆီလာတန်းစီနေရသလားး´
`ပရဟိတကားတွေခေါ်ပေးလိုက်ကြပါအုန်းဟဲ့ သနားပါတယ်ဟယ်´
မြင်တွေ့လိုက်ရသော မြင်ကွင်းအား ကျွန်မအံ့အောကြီးစွာပင် ငေးကြည့်နေမိသည်။ဘယ်လောက်တောင်များ ခက်ခဲ ဒုက္ခကြီးမားနေလို့ ကိုယ်ဝန်အရင့်အမာကြီးကိုတောင်ဂရုမထားနိုင်ဘဲ ခွဲတမ်းကျ ဆီအရောင်းဆိုင်အထိ လာရောက်တန်းစီနေရလေသည်မသိ။ခက်ခဲသော ကြပ်တည်းသော ပင်ပန်းဆင်းရဲလွန်းပါသောခေတ်ကာလကြီးသည် ကပ်ကြီးတစ်ပါးအဖြစ်ကျွန်မတို့အခြေခံလူတန်းစားများအား အရှိန်ပြင်းပြင်း ရိုက်ခတ်နေလျက်ရှိသည်။
ရှုပ်ယှက်ခက်သွားသော တဒင်္ဂအခြေအနေကြောင့် ဆီရောင်းချမှုအား ခေတ္တရပ်ဆိုင်းထားလေသည်။
`ဘာလို့များ လူတွေကို ဒီလောက်တောင် ဒုက္ခပေးနေကြတာလဲ မသိဘူးနော် ရောင်းစရာရှိရောင်းပေးလိုက်ကြပေါ့ ဘာကိစ္စလူတွေကို နေပူကျဲတဲတန်းစီစောင့်ခိုင်းပြီးမှ ရောင်းနေရတာတုန်း´
`မသိတော့ပါဘူးဟယ် အပြင်မှာ သောင်းကျော်ပေးဝယ်ရတာတောင် ဝယ်ချင်းတိုင်းဝယ်မရတော့လို့ သည်လိုလာရောင်းသခိုက် ဝယ်ရတာပဲ စျေးတော့သက်သာပါရဲ့ ခံစားရတဲ့ဒုက္ခနဲ့ကမမျှလိုက်တာအေ´
`ဘာပဲဖြစ်ဖြစ် အဲ့တာ သူတို့ကုန်သည်တွေ အမြတ်ကြီးစားချင်လို့ နေမှာ စျေးတက်ရောင်းချင်လို့ မရှိဘူး မရှိဘူးပြောနေကြတာအဲ့တော့ရှိတဲ့ဆိုင်တွေက စျေးတွေတင်ရောင်းကြရော´
`ဟဲ့ အစိုးရက မရောင်းခိုင်းတာလို့လည်း ပြောကြတာပဲ ဒို့တော့ ဘာတွေမှန်းကိုမသိပါဘူးအေ သေချာတာတစ်ခုကတော့ လူကိုဖြစ်ချင်စိတ်မရှိတော့တာပဲ ထမင်းတစ်လုပ်စားရဖို့အတွက် သေလောက်အောင် ဒုက္ခဆင်းရဲခံနေရတဲ့ဘဝကြီး ကို တကယ်ကိုစိတ်ကုန်နေပါပြီအေ´
`တို့အမေ တို့အဘွားတို့ပြောနေကျစကားလေ ထမင်းသုံးနပ်တော့ ဘယ်လိုနေနေမငတ်ဘူး ရှာစားလို့ရတယ်ဆိုတဲ့စကား မှားများနေသလားမသိဘူး´
ဆီအရောင်း ရပ်နားထားချိန်၌ ပြောဆိုငြီးတွားနေကြသော စကားသံများအားကြားလိုက်ရသည်မှာ ဖြတ်သန်းရင်ဆိုင်ရမည့် တစ်ရက်တာအတွက် ရှင်သန်ကြိုးစားရမည့်အားအင်များသည်ပင် ဆုတ်ယုတ်သွားသကဲ့သို့ခံစားလိုက်ရသည်။
တစ်နေ့ထက် တစ်နေ့ ကြီးမြင့်လာသောကုန်စျေးနှုန်းနှင့်အတူ ကြပ်တည်းလာသော စားဝတ်နေရေးသည် ကျွန်မတို့လို အခြေခံလူတန်းစားများအတွက် နတ်ဆိုး ကပ်ဆိုးကြီးသဖွယ်နေ့စဥ်နှင့်အမျှ နှိပ်စက်ခြောက်လှန့်နေခဲ့သည်မှာ တစ်ရက်ထက် တစ်ရက်ပို၍ ဆိုးဆိုးလာခဲ့သည်မှာအမှန်ပင်ဖြစ်သည်။သည်ကပ်ဆိုးကြီးသည် မည်သည့်အချိန်မှ ပြီးဆုံးသွားမည်နည်း ရပ်တန့်သွားပါမည်နည်း။အသေအချာမသိပါချေ။သို့သော် သေချာသည်ကား ကျွန်မတို့အခြေခံလူတန်းစားများ၏ သေဆုံးခဲ့ရသည့်ဘဝများသည်ကား တစ်ရက်ထက် တစ်ရက်ပို၍ပင်များပြားလာနေခဲ့သည်။
ခေတ္တကြာပြီးနောက် ပုံမှန်အတိုင်းပြန်လည်ရောင်းချပေးနေပြီဖြစ်သဖြင့် လူအများ၏ အာရုံသည် သူ့ထက်ငါ ဆီ ဝယ်လို့ ရရေးကိုသာ အားစိုက်နေကြရသည်။
`မရတော့ဘူး ခွဲတမ်းပြည့်သွားလို့ အရောင်းရပ်လိုက်ပါပြီ´
`ဟင် ´
ကျွန်မအရှေ့တစ်ယောက်အကျော်တွင် ရပ်တန့်နေသော အဘွားကြီးအိုအလှည့်ရောက်ချိန်တွင်ဆီပေးဝေမှုသည် ရပ်ဆိုင်းသွားခဲ့လေသည်။အချိန်ကား နေ့လည် ဆယ့်တစ်နာရီခန့်ရှိမည်ထင်သည်။
`တစ်ဘူးလောက်တောင် မရတော့ဘူးလား သားရယ် အမေကြီးမှာ မနက်ကတည်းကလာစောင့်ရတာ တစ်ဘူးမှကိုမရသေးလို့ပါကွယ်´
`မတတ်နိုင်ဘူးဗျာ ကျွန်တော်တို့လည်း သက်မှတ်ထားတဲ့စျေး သက်မှတ်ထားတဲ့ခွဲတမ်းအတိုင်းရောင်းပေးရတာ´
`ဒီနေ့အဖို့ကတော့မရှိတော့ဘူး မနက်ဖြန်တစ်ရက်ကျန်သေးတယ် မနက်ဖြန်ကျ သည်နေ့ထက်ပိုစောစောလာခဲ့´
အဘွားအိုသည် အဖုံးလှပ်ထားပြီးသော ဆီဘူးခွံကလေးအား တုန်ချိတုန်ချိဖြင့် အဖုံးပြန်ပိတ်ကာ ခေါင်းကလေးအသာငြိမ့်ပြကာ ခေါင်းငိုက်စိုက်ချလျက်လှည့်ထွက်သွားပေးရလေတော့သည်။
`ဆီမရတော့ဘူးတဲ့ဟေ့ ကုန်ပီတဲ့ဟ´
ကျွန်မ ၏အနောက်ဖက်သို့လှည့်၍ ကြည့်လိုက်မိသောအခါတွင်လည်း များပြားလှသောလူအုပ်ကြီးသည် စိတ်ပျက်ဝမ်းနည်းသောအမူအယာများဖြင့် ငြီးတွားနေကြသည်ကိုတွေ့လိုက်ရပြန်ပါသည်။
`စျေးဖိုးကလေးများကာမိမလားလို့ ဆီလာတန်းစီပါတယ်ဆို အိပ်ရေးပျက်ပြီး ဆိုင်ကယ်ကယ်ရီခကုန်သွားတာပဲ အဖက်တင်တယ်တော်´
`ရောင်းပေးတယ်သာအမည်ခံတာပါအေ ဆင့်ပါးစပ်နှမ်းပတ်သလိုပါပဲ´
`အမလေး မောင်မင်းကြီးသားတွေ ကျန်းမာကြပါစေ ချမ်းသာကြပါစေတော်´
ဆီမရလိုက်သော အဘွားအိုအား လှမ်း၍ ကြည့်လိုက်မိသောအခါ နှဖူးပေါ်ရှိချွေးစကလေးများအား သုတ်ဖယ်ကာ ခါးကလေးကိုင်းကိုင်းဖြင့် တရွေ့လျှောက်လှမ်းသွားနေသည်ကိုတွေ့လိုက်ရသည်။လူအုပ်ကြီးသည်လည်း တဖြည်းဖြည်း ကွဲ၍သွားလေပြီ။
`ဟဲ့ မိသေး ညည်းဘယ်နှစ်ဘူးရလိုက်လဲ´
`နှစ်ကြော့ပဲ ရလိုက်ပါတယ်တော် ဒီမှာ အားလုံးပေါင်း၅ဘူးတော့ ရလိုက်တယ်´
`အေးး ငါလည်း ငါးဘူးပဲ အငယ်မ ညည်းကော´
မာမီကြီးနှင့် အန်တီသေးတို့သည် ကျွန်မအားခေါ်ဆောင်ကာ ဆီခြင်းတောင်းအပ်နှံထားသောဆိုင်သို့ သွားနေကြသည်။
`သမီးက နှစ်ဘူးရတယ် ဒါပေမဲ့ တစ်ချို့သူတွေဆို တစ်ဘူးမှတောင်မရလိုက်ကြဘူးနော်´
`အေးပေါ့ဟယ် လူတိုင်းတော့ ဘယ်ရပါ့မလဲ ဒီလိုပဲ ကိုယ့်အတွက်ကိုယ်တော့ ရတဲ့နည်းနဲ့အဆင်ပြေအောင် လုပ်ရတာပေါ့အေ´
ဆီခြင်းတောင်းအတွင်းမှ ဆီဘူးများအားမြင်တွေ့လိုက်ရသောအခါ ဆီဘူးခွံအလွတ်ကလေးအား ကိုင်ဆောင်လျက် ညိုးငယ်စွာလျောက်လှမ်းသွားလေသည့် အဘွားအို၏ ကျောပြင်ကလေးအား ကျွန်မပြန်လည်မြင်ယောင်လိုက်မိသည်။
`ဟဲ့ ဘယ်တုန်း အတူတူပြန်မယ်လေ´
ကျွန်မ ခြင်းတောင်းအတွင်းမှ ဆီဘူးတစ်ဘူးအား ယူဆောင်ကာ အဘွားအိုထွက်သွားရာဆီသို့ ပြေးလိုက်သွားလိုက်သည်။ခပ်လှမ်းလှမ်းတွင်မြင်တွေ့နေရသော ခါးကိုင်းကိုင်းကလေးဆီသို့ ကျွန်မဦးတည်ပြေးသွားလိုက်သည်။
`အဘွား ရော့ ဒီမှာ´
ကျွန်မကမ်းလင့်ပေးသော ဆီဘူးကလေးအား အဘွားအိုသည် ချက်ချင်းမယူနိုင်သေးဘဲ ကြောင်အ စွာဖြင့် ကျွန်မအားမော့ကြည့်နေလေသည်။
`ဘာလို့လဲ သမီးလေး´
`သမီးတို့က ရထားတာများလို့ အဘွားအတွက် တစ်ဘူးလာပေးတာပါ´
`အေးးကျေးဇူးပါပဲကွယ် ကျေးဇူးပါပဲ အစောင့်ကြီးစောင့်နေရပြီးမှ မရလိုက်လို့စိတ်မကောင်းဖြစ်နေတာ စျေးတွေကတက်လွန်းတော့ အပြင်ကလည်းမဝယ်နိုင်တော့ဘူးလေ ကျေးဇူးပါပဲ သမီးလေးရယ်´
ထို့နောက် အဘွားအိုသည် အင်္ကျီအတွင်းအိမ်ထောင်ထဲမှ ချွေးစို့နေသည့်ငွေစက္ကူလေးများအားထုတ်ကာ ကျွန်မအား ကမ်းလင့်ပေးလေသည်။
`မယူတော့ပါဘူး အဘွားရယ် သမီးကန်တော့လိုက်ပါတယ်´
`ဟင် ဆီဖိုးလေးတော့ ယူလိုက်ပါကွယ် အပြင်မှာဝယ်လိုက်ရတာထက်စာရင် ဒီကဝယ်ရတဲ့ငွေကနည်းပါတယ် ယူလိုက်ပါ သမီးရယ်´
`မယူတော့ဘူးအဘွားရဲ့ အဘွားပဲပြန်ယူထားလိုက် သမီးက ကန်တော့တာပါဆို´
`သာဓု သာဓု သာဓု ပါကွယ် ဒါဖြင့် သမီးလေးကုသိုလ်ရအောင် အမေကြီး ဒီပိုက်ဆံနဲ့ ကယ်ရီငှားစီးသွားလိုက်မယ်နော် ကျန်းမာပါစေ ချမ်းသာပါစေ ကပ်ကြီးသုံးပါးဘေးကနေ ကင်းလွတ်ပါစေကွယ်´
အဘွား၏ ဆုပေးစကားသံများအား လက်အုပ်ကလေးချီကာ ခံယူပြီးသည့်နောက် ကျွန်မ ပြန်ထွက်လာခဲ့လိုက်သည်။အဘွား၏ဆုတောင်းမေတ္တာများသည် သည်ဘဝတွင်တော့ပြည့်ဝလိမ့်မည်မဟုတ်တော့ပါချေ။အဘယ့်ကြောင့်ဆိုသော် ကျွန်မတို့တစ်တွေသည် ယခုမျက်မှောက်၌ပင် ကပ်ကြီးသုံးပါးအား ထိပ်တိုက်ရင်ဆိုင်နေကြရသည်မို့ပင်။
ကျွန်မသည်လည်း ပြန်လမ်းတစ်လျောက်တွင်တောင်းဆုမေတ္တာများ ပို့ပေးနေမိသည်။
`မြန်မာပြည်သူ ပြည်သားများ ခံစားရင်ဆိုင်နေကြရသော ဘေးဒုက္ခအန္တရာယ်များလည်း ငြိမ်းအေးကြပါစေ ´
`ခက်ခဲဆင်းရဲခြင်းများလည်း ပပျောက်ကြပါစေ´
` တစ်ဦးတစ်ယောက်ချင်းစီရဲ့ ဆန္ဒတစ်စုံတစ်ရာများလည်း ပြည့်ဝကြပါစေ´
ကိုဇင်အညာသား