ဆေးပေးမီးယူ

Posted on

ဆေးပေးမီးယူ(စ/ဆုံး)

———————

ဝမ်းထဲမှာ တကျုတ်ကျုတ်မြည်နေသလို ကျုပ်ရင်ထဲမှာလည်း သောကတွေ တမြေ့မြေ့နဲ့ပေါ့။

ခါတိုင်းဆို ညခုနစ်နာရီကျော်ကျော်၊ ရှစ်နာရီလောက်ရှိတာနဲ့ ဘယ်သူအိပ်အိပ်မအိပ်အိပ် ကျုပ် အိပ်ရာဝင်နေကျပေမဲ့ ခုတော့ ကျုပ်မျက်လုံးတွေက အိပ်လို့မရဘူးဖြစ်နေတယ်။ အိပ်ရေးပျက်ရင်တော့ သွေးတိုးရောဂါထလာမှာပဲ။ ထူးတော့မထူးပါဘူး။ ခုလည်း ကျုပ်ခေါင်းတွေ အုံနေပါပြီ။ သမီးက တစ်မျိုး၊ ဖအေက တစ်မျိုး။ ပြောလိုက်ပြန်ရင်လည်း ကျုပ်ပဲ အလွန်။ သူတို့လွန်တာလို့ တစ်ခါမှ မကြားဖူးဘူး။

“ နင့်အမေ မစိတ်ကောက်ကြီးကို သွားသွားမ,စစမ်းပါနဲ့ဟ”တဲ့။ ဒါ ဖအေက ပြောရမယ့်စကားလား။ ဘေးပတ်ဝန်းကျင်ကကြားရင် ကျုပ်ကပဲ လူကြီးတန်မဲ့ ကလေးကလားအလုပ်တွေ လုပ်နေသလိုလို။ စိတ်မကောက်ဘူးလားဆိုရင် ကောက်တော့ကောက်တာပေါ့။ ဒါပေမဲ့ အလကားနေရင်း ထစ်ခနဲရှိ စိတ်ချည်းကောက်နေတာတော့ မဟုတ်ပါဘူး။ သူတို့တွေကိုက ကျုပ်ကို မထိခလုတ်၊ ထိခလုတ်လာလာတိုက်ကြလွန်းလို့ မကောက်ချင်ဘဲ ကောက်နေရတာပါ။ မကောက်ဘဲနဲ့လည်း မနေနိုင်ဘူးလေ။ ကျုပ်က အင်္ဂါသမီး။ စိတ်ကြီးတယ်။ ဒါပေမဲ့ ကောက်တုန်းခဏတစ်ဖြတ်ပါ။ ပြီးရင် ပြီးသွားတာပါပဲ။ ရင်ထဲ ငြိုးဖွဲ့မနေဘူး။ တေးမှတ် နာကျည်းမနေဘူး။

အဲ… လောလောလတ်လတ် စိတ်ကောက်နေတုန်းဆိုရင်တော့ ဘယ်လိုချော့ချော့ စိတ်မပြေဘူးမှတ်။ ကျုပ်စိတ်ဆိုး စိတ်ကောက်အောင်လုပ်တဲ့လူကို မျက်နှာလည်း မကြည့်ဘူး။ စကားလည်း လုံးဝမပြောဘူး။ သူကျွေးတာလည်း မစားဘူး။ ပေးသမျှလည်း မယူဘူး။

ငယ်ငယ်တုန်းကများဆို နှစ်ရက်တိတိ ထမင်းမစားဘဲ ရေသောက်ဗိုက်မှောက်ပြီး အမေ့ကို ကျုပ်စိတ်ကောက်ဖူးတယ်။ ငယ်သေးတဲ့အရွယ်ကြောင့်ပဲလား။ စိတ်ဇောကြောင့်လားတော့မသိဘူး။ ဗိုက်ထဲဟာပြီး လူနုံးနေတာကလွဲလို့ ဘာမှ ထွေထွေထူးထူး မခံစားရဘူးတော့်။ ခါတိုင်းစားနေကျအချိန်မှာ မစားရတဲ့အတွက် ခဏတစ်ဖြုတ်သာ ဆာတာ။ နောက်တော့ အဆာလွန်သွားလို့လား မသိဘူး။ မဆာတော့ဘူး။ အမေဆိုလေ စိတ်ကြီးလွန်းတဲ့ကျုပ်ကို ကြည့်ပြီး မျက်ရည်တောက်တောက် ကျရယူရတယ်။

ကျုပ် ဆိုးခဲ့တာလေ။

နောက်တော့ အဲ့ဒီဒဏ်ကို ကျုပ်ပဲပြန်ခံစားရတယ်။ မုဆိုးမဖြစ်တဲ့ အမေက ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးသွားတော့ ကျုပ်ကို ဟော့ဒီမြို့က အမေ့အစ်ကို ကျုပ်ဘကြီးက လာခေါ်တယ်။ အမေဆုံးတော့ ကျုပ်အသက် ဆယ့်ခြောက်နှစ်သာသာမို့ ကိုယ့်ခြေထောက်ပေါ်ကိုယ် မရပ်တည်နိုင်သေးဘူးလေ။ တောရွာလည်းဖြစ်တော့ ပညာကလည်း ဆုံးခန်းတိုင်အောင် မသင်ခဲ့ရဘူး။ ဘကြီးအိမ်ရောက်လာတော့ ကျုပ်စိတ်ကောက်လို့ မရတော့ဘူး။ ဘကြီးက အိမ်ထောင်ဦးစီးပီပီ အပြင်ထွက် စီးပွားရှာနေတာများများမို့ ကျုပ်က ဘကြီးမိန်းမမျက်နှာကိုကြည့်ပြီး နေနေရတာကိုး။ ဘကြီးနဲ့စပ်မှ အဒေါ်တော်ရတာမို့ ကျုပ်အတွက်တော့ သူစိမ်းနဲ့အတူတူပါပဲ။ အဲ့ဒီတော့မှ ကျုပ်ဆိုးချင်တိုင်း ဆိုးလို့ရခဲ့တဲ့ သွားလေသူအမေ့အရိပ်ကို တ,တပြီး ကျုပ်မှာ မျက်ရည်ခဏခဏကျရတယ်။ ဒါပေမဲ့ ဘကြီးအိမ်မှာ သိပ်ကြာကြာ မနေလိုက်ရပါဘူး။ ဘကြီးက သူ့မိတ်ဆွေရဲ့သားနဲ့ လူကြီးချင်းစပ်ဟပ်ပြီး ကျုပ်ကို ပေးစားလိုက်ပါရော။ “နင်… ကြိုက်နိုင်ရဲ့လား” လို့ကို မေးမနေတော့ပါဘူး။ မေးလည်း ကျုပ်မှာ ရွေးစရာလမ်းမရှိပါဘူး။ ဆယ့်ရှစ်နှစ်သာသာဆိုတာ ဘာရှိသေးတာမှတ်လို့။

ရွာမှာဆို ကျုပ်မှာ ဂေါ်လီပစ်တုန်း၊ ဇယ်တောက်တုန်း၊ ထုပ်ဆီးတိုးတုန်း။ ကျုပ်သိတာက ဘကြီးက ကျုပ်ရဲ့ဘကြီး၊ လောကကြီးအကြောင်းကို ကျုပ်ထက် ပိုနားလည်တယ်။ ပြီးတော့ ကျုပ်ကို မျက်နှာသာမပေးတဲ့ ဘကြီးမိန်းမနဲ့လည်း ကျုပ်ရေရှည်မဖြစ်ဘူးလေ။

အံ့သြချင်အံ့သြ။ တကယ်ပြောတာ…။ ကလေးတို့အဖေ ဖြစ်လာမယ့် ကျုပ်ခင်ပွန်းကို မင်္ဂလာဆောင်တဲ့နေ့မှ မျက်နှာချင်းဆိုင် ကျုပ်မြင်ဖူးတာ။ အစောပိုင်းရက်တွေတုန်းက ဆုံတော့ ဆုံဖူးပါတယ်။ ဒါပေမဲ့ နှစ်ဖက်လူကြီးတွေပဲ ပြောစရာရှိတာ သူတို့ဘာသာပြောဆိုသွားကြတော့ သူနဲ့ကျုပ်စကားတစ်ခွန်းမှ ပြောစရာမလိုလိုက်ဘူးလေ။ ပြီးတော့ ကျုပ်ကလည်း သူ့မျက်နှာကြီးကို ကြည့်ပေါင်။ ခြေထောက်တွေပဲ ကြည့်နေတာ။ ရှက်လို့…။ သူ ကျုပ်ထက် ဆယ်နှစ်တိတိကြီးတာကိုတောင် မင်္ဂလာဆောင်ပြီးမှ သိပါတယ်ဆို…။

အဲ့ဒါကို ကျုပ်သမီးအစွာမက လက်ဖျားခါလောက်အောင် အံ့သြသတဲ့။

“ အမေတို့ခေတ်က လူတွေကလည်း အံ့ရောပဲ။ မမြင်ဖူးဘဲနဲ့လည်း အဲ့ဒီလိုယူလို့ရသလား”

ဘယ်ခံလိမ့်မလဲ။ ကျုပ်ကလည်း ရင်ကော့ပြီး ပြန်ပြောပစ်တာပေါ့။

“ ဟဲ့… ငါတို့့ ခေတ်ကောင်းကို မီလိုက်တယ်ဟဲ့။ ငါတို့ခေတ်က မမြင်ဖူးဘဲနဲ့ယူယူ ခုတွေ့ခုကြိုက်ပြီးပဲ ယူယူ ဘာမှမဖြစ်ဘူး။ အေအိုင်ဒီအက်မရှိဘူး။ အရေးကြီးတာက လူလွတ်ဖြစ်ဖို့ပဲ” လို့။

ဟုတ်တယ်လေ။ ကျုပ်တို့ခေတ်တုန်းက မိဘပေးစားလို့ ယူကြတဲ့စုံတွဲတွေမှ အများကြီးပဲ။ ဘယ်အတွဲကများ အဆင်မပြေလို့ ကွဲပြဲကြသံကြားဖူးလို့တုံး။ သေကွဲနဲ့ တချို့တလေကလွဲလို့ ကိုးဆယ်ရာခိုင်နှုန်းလောက်က အိုအောင်မင်းအောင်ပေါင်းကြရပါစေဆိုတဲ့ဆုနဲ့ ပြည့်စုံအောင် ရိုးမြေကျပေါင်းသွားကြတာပဲ။ ပေါင်းနေကြတာပဲ။ အဲ့ဒီလို လူကြီးချင်းပေးစားတာကို ခုခေတ်လူငယ်တွေက ခေတ်မမီဘူး၊ ဘာညာပြောချင်ပြောမယ်။ ကျုပ်ကတော့ ကိုယ်တိုင်လည်း သာယာတဲ့အိမ်ထောင်တစ်ခု ထူထောင်နိုင်ခဲ့လို့လား မပြောတတ်ဘူး။ လူကြီးချင်းစပ်ဟပ်ပေးစားတဲ့နည်းက ကိုယ့်ဘာသာတွေးယူကြတာထက် စိတ်ချရတယ်ထင်တာပဲ။

မိဘဝတ်ထဲမှာလည်း “ ထိမ်းမြားခြင်းလျှင်…” ဆိုတာ ပါတယ်လေ။ မိဘဆိုတာ ကိုယ့်သားသမီးအကြောင်း ကိုယ်အသိဆုံးပါ။ သူတို့မျက်စိတွေ့စရာအချက် တစ်ခုမှမရှိတဲ့ သူစိမ်းတစ်ယောက်လက်ထဲကို ဘယ်မိဘကမှ ကိုယ့်သားသမီးကိုယ် လွယ်လွယ်ထိုးမအပ်ပါဘူး။ ပြီးတော့ ကိုယ်တိုင်လည်း ငယ်ရာကကြီးလာကြတာမို့ ဘယ်လူငယ်က ဘယ်လိုခြေလှမ်းလှမ်းနေတယ်ဆိုတာ လူငယ်ချင်းထက် လူကြီးတွေက ပိုမြင်နိုင်တယ်။ ပိုကြိုတွေးနိုင်တယ်။ ကိုယ့်သားသမီး ဒုက္ခရောက်မှာကို သူတို့က ပိုတောင်ကြောက်သေးတယ်။ ကံမကောင်းအကြောင်းမလှလို့ မျှော်မှန်းထားသလို မဟုတ်ဘဲ လွဲချော်သွားခဲ့ရင်တော့ မပြောတတ်ဘူးပေါ့လေ။

ကျုပ်ကိုယ်တိုင်တော့ ကံကောင်းတဲ့ထဲမပါရင်တောင် ကံဆိုးတဲ့ထဲတော့ မပါဘူးထင်တာပါပဲ။

ဘာဖြစ်လို့လဲဆိုတော့ ကျုပ်ခင်ပွန်းက လူရိုးလူကောင်းမို့ပါ။ လူတော်လို့တော့ မညွှန်းပါဘူး။ ကျုပ်အပေါ်လည်း ဇနီးမယားရယ်ထက် နှမငယ်တစ်ယောက်လို ကြင်ကြင်နာနာဖေးဖေးမမရှိရှာတယ်။ ဒါက သူ့ထက် ဆယ်နှစ်ငယ်တယ်ဆိုတာထက် သူ့ပင်ကိုယ်စိတ်ရင်းကိုက သူတစ်ဖက်သားအပေါ် မတရားစိတ် မရှိတာပါ။

ကျောက်တွင်း ခေတ်ကောင်းစဉ်ကလည်း ခေတ်အခါနဲ့ လိုက်အောင် ကျုပ်ကို လုပ်ကျွေးခဲ့တယ်။ မချမ်းသာတာကတော့ ကံပေါ့လေ။ သူကိုယ်တိုင်ကလည်း လောဘသိပ်နည်းတာပဲ။ “ သူဋ္ဌေးမဖြစ်ချင်ပါဘူးကွာ။ သေခါနီးမှာ ကိုယ့်ကို နောက်ဆံတင်းစေမယ့်ဟာတွေ ကိုယ့်ဆီ များများစုမထားနိုင်လေ ကောင်းလေပဲပေါ့”တဲ့။

ဒီလိုပြောလို့ ဒီလူကြီးက တရားသမားလာလို့ ထင်မိရင်တော့ မှားလိမ့်မယ်။ တရားသမား မဟုတ်ဘူးတော်ရေ့။ ငယ်တုန်းက မလုပ်ခဲ့တဲ့အပြင် အခုကြီးလာတော့ ကုလားကား ပရိသတ်ဖြစ်လာတာတောင် ပိုသေး။ အခုနောက်ပိုင်းအားပြီဆိုတာနဲ့ သူတို့ဆွေမျိုးတစ်သိုက်ရဲ့ အပျော်တမ်း ပိုကာဝိုင်းဘက် လှစ်ခနဲ ရောက်ရောက်သွားတတ်တာကို ပြောတာ။ ကျုပ်တို့ သားသမီးတွေက အရွယ်ပြိုင်းပြိုင်း ရောက်လာကုန်ပြီဆိုပေမယ့် တစ်ယောက်မှ ခုထိ အိမ်ထောင်မပြုကြတော့ ကျုပ်တို့ အေးအေးနေနိုင်တာပေါ့။ တစ်ယောက်တစ်လက် တက်ညီလက်ညီ ဝိုင်းရှာကြတော့ ကျုပ်တို့မှာ မချမ်းသာရင်တောင် စားဖို့၊ ဝတ်ဖို့ မပူပင်ရပါဘူး။ ဒါပေမဲ့ သိတဲ့အတိုင်းပဲ။ လူတစ်ခု ပူမှုရယ်ဆယ်ကုဋေဆိုသလို အိမ်တိုင်းမှာ လူတိုင်းဟာ ကိုယ့်အပူနဲ့ကိုယ်တော့ ရှိကြတာချည်းပါပဲ။ ကျုပ်မှာလည်း မကြာခဏ စိတ်ရှုပ်ရတာတွေရှိတယ်။ ဥပမာ… သမီးနဲ့စိတ်ကောက်ရတဲ့အချိန်၊ ဒါမှမဟုတ် ကလေးတွေအဖေက ကျုပ်ပြောစကား နားမထောင်လို့ စိတ်တိုရတဲ့ အချိန်တွေပေါ့။

ကျုပ်ပြောတာက အသက်ပဲ ခုနစ်ဆယ်နားကပ်နေပြီ။ လတ်လျားလတ်လျား အချိန်ဖြုန်းမနေနဲ့တော့။ ဒီအသက်အရွယ်အထိ ကံကောင်းထောက်မလို့ သန်တုန်းမြန်တုန်းလေး ရှိနေတာကို တန်ဖိုးထားပြီး ဘုရားတရားလေး မြဲစေချင်တယ်။ ဒီအရွယ်ဆိုတာ ပြောလို့ရတာမဟုတ်ဘူး။ ခုနေ ငေါက်ခနဲ ရောဂါထဖြစ်ရင် ဖြစ်မှာ။ အသက်ကြီးရင် ဘာရောဂါနဲ့လဲလဲ တော်ရုံနလံပြန်ထူဖို့ လွယ်တာမဟုတ်ဘူး။ အိပ်ရာထဲလဲပြီး ထူမရ၊ ထမရမှ တရားအားထုတ်ချင်ပါတယ်ဆိုရင်လည်း မဖြစ်နိုင်တော့ဘူး။

ဒါကို အာပေါက်မတတ် ပြောလည်း နည်းနည်းမှ သဘောမပေါက်ဘူး။

“ အေးပါကွာ… မင်းကလည်း” နဲ့တင် တွင်းခေတ်အကုန် သားသမီးတွေ ရှာဖွေကျွေးမွေးလာကတည်းက ဒီအတိုင်းနေလာခဲ့တာ။ စီးပွားဖြစ်တော့မဟုတ်ပါဘူး။ သူတို့အမျိုးက တောင့်တော့ အမျိုးထဲက အလုပ်အားတဲ့သူတွေစုစုပြီး အပျော်တမ်း ဖဲရိုက်ကြတဲ့သဘောပေါ့်။ သူကလည်း နိုင်ရင်နိုင်သလို ကျုပ်ကြိုက်တဲ့ မုန့်လေးဘာလေးဝယ်လာ၊ မုန့်ဖိုးပေးတန်ပေးနဲ့ ကျုပ်ကျေနပ်အောင် လုပ်ပေးရှာတယ်။ ကျုပ်ကတော့ အပျော်သဘောဖြစ်ဖြစ် ဘာဖြစ်ဖြစ် ဒီအသက်အရွယ်မှာ ဒါမျိုးအလုပ်တွေ မလုပ်စေချင်တော့ပါဘူး။

တစ်ခါကလည်း သူသွားလုိ့မရအောင် သူ့ဖိနပ်တွေကို ခုတင်အောက်ဖွက်ထားတာ။ သူက အရေးတောင်မစိုက်ဘူး။ ရေချိုးစီးဖိနပ် နောက်မြီးတိုကို ကောက်စွပ်ပြီး လေလေးတချွန်ချွန်နဲ့ ထွက်သွားရော။ ကျုပ်ကိုပဲ ကလေးတွေက ရယ်ကြတယ်။ ဘယ်လိုလူကြီးမှန်းမသိဘူး။ ကျုပ်စိတ်ကောက်လည်း ဘယ်လိုမှ မနေဘူး။ ကျုပ်ဘက်က ပြောပြောမပြောပြော သူပြောစရာရှိတာ ပြောတယ်။ လုပ်ပေးစရာရှိတာ လုပ်ပေးတယ်။ “ မင်းစိတ်ကောက်နေလား”လို့ တစ်ခွန်းမေးဖော်မရဘူး။ ကြာတော့ စိတ်ကောက်နေတဲ့ကျုပ်မှာ စိတ်ကောက်ခံရသူက အရေးတယူမရှိတော့ ကိုယ့်ဘာသာကိုယ် အူကြောင်ကြောင်နဲ့ စိတ်ကောက်ပြေလိုက်ရရော။

တစ်ခါတလေကျတော့လည်း သူနဲ့နေရတာ တကယ်အူကြောင်ကြောင်နိုင်တယ် ပြောရမယ်။ တစ်ခါတုန်းက သူနဲ့ကျုပ် မြို့ကလေးရဲ့ တပေါင်းပွဲသွားကြတယ်။ “ ပွဲကို… ပွဲကို”လို့ အော်တဲ့လိုင်းကား တက်စီးသွားကြရတာပေါ့။ ဖြစ်ချင်တော့ ကားကသိပ်ကျပ်ပြီး ကျုပ်အသက်ရှူမဝလာတော့လို့ “ကိုကြီးရေ… ဆင်းရအောင်”လို့ ပြောပြီး ဆင်းနေခဲ့တယ်။ ဒါကို သူက မသိဘဲ ကားပေါ်ကျန်နေရစ်သတဲ့။ ကျုပ်မှာ နေပူကျဲတဲ လမ်းလယ်ခေါင်မှာ တစ်ယောက်တည်း ဒေါသတွေထွက်ပြီး မျက်ရည်ကလယ်ကလယ်နဲ့ အိမ်အထိ အဝေးကြီး လမ်းလျှောက်ပြန်လာခဲ့ရတယ်။ ကျုပ်ပြန်ရောက်လို့ တော်တော်ကြာမှ သူပြန်လာတယ်။ “မင်း ဘယ်အချိန်က ဆင်းကျန်ခဲ့တာတုံး။ ငါ့မှာ ပွဲစျေးထဲလျှောက်နေတုံး မိတ်ဆွေတစ်ယောက်နဲ့တွေ့လို့ “ ခင်ဗျားတစ်ယောက်တည်းလား” လို့ နှုတ်ဆက်မှ မင်းပါမလာမှန်းသိတာ” တဲ့။

ကဲ… ကောင်းကြသေးရဲ့လား။ မွေးထားတဲ့ကလေး လေးယောက်ဆိုလည်း ဒီအသက်ဒီအရွယ်ထိသာ ရောက်လာကြတာ။ သူတစ်ချက်မဆူဖူးဘူး။ မငေါက်ဖူးဘူး။ သူ့ရှေ့မှာ ကလေးနှစ်ယောက်လုံး သတ်နေတာတောင် သူ စာဖတ်မပျက်ပါဘူးဆို။ အမြင်ကတ်လာတဲ့ကျုပ်က သူ့နားနားကပ်ပြီး “ ရှင့်သားနှစ်ယောက် ရန်ဖြစ်နေတယ်လေ” လို့ ကျုံးအော်ပေးလိုက်တော့မှ “ ဟေ… ဟုတ်လား။ မင်းတို့ရန်ဖြစ်နေကြတာလား။ သားကြီးလည်း တော်တော့၊ သားငယ်လည်း တော်တော့”တဲ့။ ကျုပ်သာ မပြောရင် သူ ဒီအတိုင်းနေနေဦးမှာ။ နေလည်း နေတတ်တယ်။ နေလည်းနေနိုင်တယ်။

တစ်ခါကလည်း ကျုပ်ခရီးတစ်ခုသွားတယ်။

အပြန် မြို့အဝင်ဂိတ်ရောက်တော့ အဖွဲ့အစည်းတစ်ခုအတွက် အလှူခံနေတာနဲ့ ကြုံရော။ ရပ်ကွက်အသီးသီးက ရပ်မိရပ်ဖတွေ ဝင်လုပ်အားပေးကောက်ခံကြရတာပါ။ ကားပေါ်ထိုင်နေတဲ့ ကျုပ်ရှေ့တည့်တည့် အလှူခံဖလားရောက်လာလို့ မော့လည်း ကြည့်လိုက်ရော ကျုပ်ယောက်ျားတော်။ ဖလားသာ ထိုးခံနေတာ လူက ကျုပ်ကိုမမြင်ဘူး။ မျက်လွှာချပြီး ခပ်တည်တည်နဲ့ ဆုတွေ တစ်သီကြီးပေးလို့။ ကျုပ်မှာ ရယ်ရအခက်၊ ငိုရအခက်နဲ့။ အဲ့ဒီလို အူကြောင်ကြောင်တွေကြောင့် ရယ်ရတာတွေ ရှိသလို ဒေါသထွက်ရတာတွေလည်း ရှိတယ်။

တစ်ခေါက်မှာ ကျုပ်တို့နဲ့ဆွေမျိုးမကင်းတဲ့ထဲက ပိုက်ဆံလာချေးတယ်။ သူတို့ကောင်းစားစဉ်က ကျုပ်တို့ကို လှည့်ကြည့်ဖော်တစ်စက်မှမရခဲ့တဲ့ဟာတွေ ဆိုပါတော့။ ချေးပြီးရင်လည်း သတိတရ ပြန်ဆပ်မယ့်သူတွေ မဟုတ်ပါဘူး။ ကျုပ်က ခြူသံပါအောင် ပြန်ညည်းပြပြီး အလိမ္မာနဲ့ ငြင်းလွှတ်တယ်။ ဒါကို သင်းက ဘေးက နားထောင်နေပြီး ဘာမပြောညာမပြောနဲ့ အခန်းထဲ စွတ်ခနဲဝင်သွားတယ်။ ပြန်ထွက်လာတော့ ကျုပ်ဗီရိုအံဝှက်ထဲ ထည့်ထားမိတဲ့ ငွေတွေလာချရော…။

“မင်း မေ့နေတာမလား”တဲ့။

ကျုပ်လေ သူ့နဖူးပြောင်ပြောင်ကြီးကို ပိတ်ပိတ်ထုပစ်လိုက်ချင်တာများ…။ ကိုယ်က ဖွက်ထားပါတယ်ဆိုမှ ဘုမသိဘမသိနဲ့ လူစွမ်းကောင်းလုပ်ပြီး ရင်ကော့ပြီးကို လာချပေးတာ။ တွေ့သွားမှတော့ မချေးရင် မရတော့ဘူးလေ။ တကယ်မေ့နေသလို ချော်လဲရောထိုင်ပြီး ချေးပေးလိုက်ရတော့တယ်။ ငွေလာချေးသူတွေလည်း ပြန်ရော သူနဲ့ကျုပ် ရန်ဖြစ်တော့တာပဲ။ စိတ်ဆိုးလွန်းလို့ တစ်ပတ်တိတိ မခေါ်မပြောဘူး။ သူကတော့ မျက်နှာငယ်လေးနဲ့ပေါ့။ သူနဲ့ကျုပ် ရန်ဖြစ်တယ်ဆိုတာလည်း စကားအရပဲရှိတာပါ။ ကျုပ်ဘက်ကချည်း သူ့ကို စိတ်ဆိုးစိတ်ကောက်တာ။ ရန်လုပ်တာ။ သူကတော့ ကျုပ်ကို ဘယ်တုန်းကမှ လေသံမာမာနဲ့ မပြောဖူးဘူး။ နင်ပဲငဆမပြောဖူးဘူး။ ကျုပ်ဘာလုပ်လုပ် အပြစ်တင်စကားမပြောဖူးဘူး။ သူနဲ့ အိမ်ထောင်ကျစကတည်းက ကျုပ်ငွေတစ်ပြားမှာ မရှာခဲ့ရဖူးပါဘူး။ မချမ်းသာပေမဲ့ ကျုပ်တို့သားအမိတစ်တွေ ဝမ်းဝခါးလှအောင်တော့ သူ ရှာဖွေကျွေးမွေးခဲ့တယ်။ အဲ့ဒီအတွက် ကံကောင်းတယ်လို့ပြောရင်လည်း ရမယ်ထင်ပါရဲ့။

တခါတလေကျတော့လည်း ဒီလိုမလှုပ်တလှုပ်၊ ထုံတုံတုံ၊ အူတူတူလူမျိုးကို ခင်ပွန်းတော်ထားရတာ နည်းနည်းစိတ်ညစ်မိတာပေါ့လေ။ ဒီနေ့ဆိုရင်ကြည့်… ကျုပ် သူ့ကို ပိုက်ဆံတောင်းတာကို “မရှိဘူး”တဲ့။ တိုပြတ်ပြတ်ပြောတယ်။ ပိုက်ဆံတောင်းတယ်ဆိုတာက ဒီလိုပါ။ ကျုပ်သမီးအပျိုကြီးက တစ်အိမ်လုံးကို တာဝန်ယူထားတယ်ဆိုပေမဲ့ သူနဲ့ကျုပ်စိတ်ကောက်ကြရင် ကျုပ် ဒုက္ခဖြစ်လေ့ရှိတယ်။ ပြောပြီးပါပကော… ကျုပ်က ကျုပ်စိတ်ကောက်နေတဲ့လူကို မခေါ်မပြောဘူး။ သူပေးတာကျွေးတာကို မယူဘူး၊ မစားဘူးလို့။ အဲ့ဒီပေးတာ၊ ကျွေးတာတွေထဲမှာ ကော်ဖီမစ်လည်း ပါတယ်။

ကျုပ်ရဲ့တစ်နေ့တာ မရှိမဖြစ် လိုအပ်ချက်စာရင်းထဲမှာ ကော်ဖီမစ်လည်း ထိပ်ဆုံးကပဲ။ တစ်ရက်တစ်ထုပ်ဖြစ်ဖြစ် သောက်ရမှကို အာသာပြေတာ။ ခါတိုင်းလည်း သမီးနဲ့ စိတ်ကောက်တိုင်း ကော်ဖီမစ်ကို ကျုပ်ပိုက်ဆံနဲ့ကျုပ် ၀ယ်သောက်နေကျပါ။ ဒီတစ်ခါခက်တာက လောလောဆယ် ကျုပ်လက်ထဲမှာ ခြူးတစ်ပြားမှ မကပ်တာပါပဲ။ သူများလာရောင်းလို့ ပါတိတ်လုံချည်တစ်ထည်ဝယ်လိုက်တာ ကျုပ်လက်ထဲ ကပ်ထားတဲ့ပိုက်ဆံတွေ ကုန်သွားတယ်။ ဖြစ်ချင်တော့ ဒီရက်မှာမှ သမီးနဲ့ကလည်း စိတ်ကောက်ကြတယ်လေ။ အထွေအထူးတော့ မဟုတ်ပါဘူး။ ကန်စွန်းရွက်ကြော်တဲ့ကိစ္စက စတာ။

ကျုပ်က အရွက်ကြော်ဆိုရင် လတ်လတ်ဆတ်ဆတ်မှ ကြိုက်တာ။ ဆီတအားပူအောင်စောင့်ပြီးမှ ဟင်းရွက်ကို ရှဲခနဲမြည်အောင် ထည့်ကြော်…။ သမီးအပျိုကြီး ခွစာမက “ ရှဲလို့ မြည်မြည် မမြည်မြည် အဓိကက ပါးစပ်ထဲ ထည့်စားလို့ရအောင် ဟင်းကျက်ရင် ပြီးတာပဲ” တဲ့။ ကျုပ်က “ မပြီးဘူး။ ဟင်းကျက်တိုင်း ပြီးမလား။ စားကောင်းဖို့ လိုသေးတာပေါ့” ကနေ အစချီပြီး ဗာရာဏသီချဲ့လိုက်ကြတာ နောက်ဆုံးတော့ ကျုပ်စိတ်ကောက်တာနဲ့ ပွဲသိမ်းရော။

သူက ပြောသေးတယ်။

“ အမေက သိပ်ကလေးဆန်တာပဲ”တဲ့။

ဒါ… ကလေးဆန်တာမှ မဟုတ်တာ။ သမီးက ပြန်ပြောလို့ ကျုပ်ဝမ်းနည်းတဲ့ဥစ္စာ။

အသက်ကြီးလာလို့လားမသိဘူး။ အားငယ်တတ်လာသလိုပဲ။ စဉ်းစားကြည့်လေ… အခုချိန်မှာ ကျုပ်တို့က သူတို့ကို တစ်ပြန်တစ်လှည့် မှီခိုနေရချိန်။ သူတို့ ဘာရယ်မဟုတ် ပြောလိုက်တာပေမဲ့ ခံစားရတဲ့ မိဘတွေအနေနဲ့တော့ “ သူတို့မျက်နှာကြည့်ပြီး စားနေရတဲ့ဘဝပါလား” ဆိုပြီး အားငယ်ဝမ်းနည်းမိတာပေါ့။ အဲ့ဒါနဲ့ ကလေးတွေကို အားမကိုးရလို့ သူ့များအားကိုးရမလားဆိုပြီး ပိုက်ဆံတောင်းလိုက်မိတာ “ မရှိဘူး” ပြောလွှတ်ရက်တယ်။ ကျုပ်အရမ်းစိတ်တိုသွားတယ်။ ဝမ်းလည်းနည်းတယ်။ လက်ဖြန့်တောင်းနေရတဲ့၊ ကိုယ့်ဘဝကိုယ်လည်း နာကျည်းမိတယ်။ ကျုပ်ကြိုးက အဲ့ဒီမှာ စပြတ်တာပဲ။ ပြီးပြီ… ဒီဘဝတော့။

ဟော… စကားပြောသံတွေ ကြားတယ်။ သင်းပြန်လာပြီပေါ့။ သူ အခန်းတံခါးဝရောက်လာသံကြားတာနဲ့ မျက်စိစုံမှိတ်ပြီး အိပ်ပျော်ချင်ယောင်ဆောင်နေလိုက်တယ်။ ဟွန့်… မျက်နှာချင်းမဆိုင်ချင်ပါဘူး သင်းကို။ တံခါးဖွင့်ဝင်လာတဲ့ သူ့ခြေသံဖွဖွက ကျုပ်ခုတင်ဘေး လာရပ်တာ သိနေတယ်။

“ ခင်မ”

ကျုပ်မထူးတော့ သူ့သက်ပြင်းရှိုက်သံကြားရတယ်။

“ မင်း မနက်ကတည်းက အခုထိ ဘာမှမစားသေးဘူးဆို”

သူ့သမီးအလိမ္မာတုံးက သူ့ကို သံတော်ဦးတင်လိုက်ပြီနေမှာပေါ့။

“ ငါက မင်းနဲ့သမီး စိတ်ကောက်နေမှန်းမသိလို့ မင်းပိုက်ဆံတောင်းတာကို မပေးလိုက်မိတာပါကွာ”

ကျုပ် နှုတ်ခမ်းမဲ့ပစ်လိုက်တယ်။ အပိုတွေ…။

“ ငါ မင်းကို မပေးချင်လို့ မဟုတ်ပါဘူး။ ငါ အခု ပိုက်ဆံစုနေတာ ငါ ဖဲမရိုက်တော့ပါဘူး။ အဲ့ဒီဖဲဝိုင်းနား သွားထိုင်နေရင် နိုင်တဲ့လူတွေပေးတဲ့ ပိုက်ဆံတွေ ငါရတယ်လေ။ အဲ့ဒါ ဘာလုပ်ဖို့လဲဆိုတော့…”

ကျုပ်… အသက်နည်းနည်းအောင့်လိုက်မိတယ်ထင်တာပဲ။

“ ငါ မရှိတော့တဲ့အခါ သမီးတို့နဲ့မင်း စိတ်ကောက်ရင်လည်း ကော်ဖီမစ်သောက်လုိ့ရအောင်ပါ။ အခုတော့ မထူးပါဘူး။ ရော့… ရော့… ဒီပိုက်ဆံလေးတွေ မင်းယူထားလိုက်နော် ”

ကျုပ်မျက်စိဖွင့်ကြည့်တော့ တွန့်လိပ်နေတဲ့ လက်တစ်စုံထဲက ထောင်တန်၊ ငါးရာတန်နဲ့ နှစ်ရာတန်လေးတွေကို အရင်မြင်ရတယ်။ တစ်ဆက်တည်းမှာပဲ မျက်ရည်လည်လာမိတဲ့ ကျုပ်မျက်လုံးအစုံက ဆံပင်တွေဖြူပြီး ပါးရေနားရေတွေ တွန့်လိပ်နေပြီဖြစ်တဲ့ အဘိုးကြီးမျက်နှာဆီ ရောက်သွားတယ်။

အလို… သူ့မျက်လုံးထဲမှာလည်း မျက်ရည်စတွေနဲ့ပါလား။

ငွေဇင်ယော်ဦး(မိုးကုတ်)

“ချောအိမာန်ပြီးတော့ ငွေဇင်ယော်ဦး၊ ငွေဇင်ယော်ဦးပြီးတော့ ချောအိမာန်” စာအုပ်မှ။
၂၀၁၁၊ ဖေဖော်ဝါရီလ