ဇရပ်အိုကြီးဆီက ကိုရင်လေး

Posted on

အရူးသူတော်
ဇရပ်အိုကြီးဆီက ကိုရင်လေး ( စ၊ ဆုံး)
———————————————

လရောင်ပြပြ ရှိနေတဲ့ ညခင်းအချိန်…။

လှည်းလမ်းအတိုင်း သင်္ကန်းကိုရုံ၊ လွယ်အိတ်ကလေးကို လွယ်ပြီး လှမ်းကြွနေတဲ့ ကိုရင်လေး တစ်ပါး…။

ကိုရင်လေးဟာ ခရီးရှည်တစ်ခုကို လှမ်းကြွနေသူဖြစ်ပြီး နွေကာလရဲ့ နေ့ဘက်အပူဒဏ်ကြောင့် အခုလို ညဘက်မှသာ ခရီးကို ကြွနေတာ ဖြစ်ပါတယ်။

ညနေနေစောင်းချိန်ကတည်းက နေ့ဘက်တည်းခိုရာဆီကနေ လှမ်းကြွလာတဲ့ ကိုရင်လေးဟာ အခု သန်းခေါင်ယံတိုင်ပေတော့မယ်။ တစ်ကြိမ်တစ်ခါမှ မနားခဲ့သေးဘူး။

ကိုရင်လေးရဲ့ မျက်ဝန်းမှာ ရည်မှန်းချက်ဆီကိုသာ ရောက်ရှိဖို့ စိတ်လောဆောနေတဲ့ အရိပ်တွေက လွှမ်းယှက်နေတယ်။

လရောင်ပြပြကြောင့် ကိုရင်လေးဟာ လမ်းကို လှမ်းကြွနေတာ အဆင်ပြေပြေ ရှိလွန်းပေမယ့် တစ်နေရာအရောက်မှာတော့ ဖုတ်လူးနေတဲ့ မြွေပွေးငယ်တစ်ကောင်ကို မမြင်လိုက်ဘဲ နင်းမိလိုက်လေတယ်။

” ဖွီး…”

” အ…”

မြွေပွေးငယ်ရဲ့ ကိုက်ခဲမှုကြောင့် ကိုရင်လေးရဲ့ ခြေခုံဟာ မီးစနဲ့ ထိုးလိုက်သလို ပူခနဲ ဖြစ်သွားရတယ်။

ကိုရင်လေးဟာ နေရာမှာတင် အသာထိုင်ချလိုက်ပြီး ခြေခုံဆီက ဒဏ်ရာကို အရင်မကြည့်၊ သူ့ကို ကိုက်တဲ့ မြွေပွေးငယ်ကို အရင် ကြည့်လိုက်တယ်။

မြွေပွေးငယ်က လှည်းလမ်းကြောင်းက ဖုန်ထဲမှာ လူးလူးလွန့်လွန့်နဲ့…။

ကိုရင်လေးဟာ သူစီးထားတဲ့ ဖိနပ်ကလေးကို ချွတ်လိုက်တယ်။

” နောက်လူတွေကို မကိုက်ပါနဲ့တော့နော်။ ဒါက လူသွားလမ်းမို့ မြွေပွေးကလေးအတွက်ကော သွားလာသူတွေအတွက်ကော အဆင်မပြေလှဘူး။ ဒါကြောင့် လွတ်ရာကို သွားပါ…”

ကိုရင်လေးက မြွေပွေးကလေးကို ပြောပြီး ဖိနပ်ကလေးနဲ့ အသာအယာပဲ နံဘေးခြုံပင်များဘက်ကို တွန်းထုတ်၊ ကလော်လိုက်တယ်။

မြွေပွေးကလေးက ခြုံပင်များအထဲကို တိုးဝင်သွားတဲ့အခါကျမှ ကိုရင်လေးက သူ့ခြေခုံက ဒဏ်ရာကို ကြည့်လိုက်တယ်။

မည်းပုပ်ပုပ် သွေးတို့က ဒဏ်ရာဆီကနေ စိမ့်ထွက်စီးကျနေလေတယ်။

” ဒီပုံနဲ့ ခရီးတာကိုတော့ အဆုံးထိ လှမ်းနိုင်မှာ မဟုတ်တော့ဘူး…”

ကိုရင်လေးက ခပ်ညည်းညည်း ရေရွတ်လိုက်တယ်။

ကိုရင်လေးရဲ့ ခန္ဓာကိုယ်ထဲမှာ သွေးတွေက ပူထူလာပြီး ဆူဝေနေသလို ခံစားနေရတယ်။ ကိုရင်လေးဟာ နေရာဆီကနေ ထရပ်လိုက်ပြီး အနီးအနားမှာ သူ့အတွက် နားခိုလို့ ရနိုင်မယ့် နေရာတစ်ခုကို ရှာဖွေလိုက်လေတယ်။

​မှောင်ယံမည်းမည်း ကြယ်ရောင်သဲ့သဲ့အောက်မှာ ဇရပ်အိုကြီးတစ်ခုကို ကိုရင်လေး တွေ့လိုက်ရတယ်။

ဇရပ်အိုကြီးဆီကို လှမ်းသွားဖို့ ဆုံးဖြတ်ပြီး ခြေလှမ်းကို စလိုက်တယ်။ ဇရပ်အိုကြီးအနားကို ရောက်လာချိန်မှာ နှာခေါင်းနဲ့ ပါးစပ်ဆီက သွေးတို့ ပွက်ခနဲ အန်ကျလာတယ်။

ဦးခေါင်းက ရီဝေမူးမိုက်လာပြီး တစ်ချက်တစ်ချက် မြင်ကွင်းတွေက မှုန်ရီဝေဝါးသွားသလို ဖြစ်လာတယ်။

ကိုရင်လေးဟာ ဇရပ်ကြီးဆီကို ရောက်အောင်သွားပြီး အပေါ်ကို ရောက်တဲ့အခါ စိတ်နှစ်ကိုယ်နှစ် အိပ်စက်လိုက်မယ်လို့ တွေးတောမိတယ်။ ခြေလှမ်းတွေကို ဆက်လှမ်းတယ်။

တစ်လှမ်း၊ နှစ်လှမ်း၊ သုံးလှမ်း…။

လေးလှမ်းမြောက် ခြေလှမ်းကို လှမ်းလိုက်ချိန်မှာတော့…။

ကိုရင်လေးရဲ့ ​ခြေထော​က်ဟာ လေဟာနယ်ထဲကို နင်းမိသွားရပြီးနောက်မှာ လူတစ်ကိုယ်လုံးဟာလည်း လွင့်ခနဲ ဖြစ်ကာ လေဟာနယ်ထဲကို ပြုတ်ကျ ရောက်ရှိခဲ့ရပါတော့တယ်။

********

သုံးရက်ကြာပြီးနောက် ညဘက်သက်ကြီးခေါင်းချချိန်…။

ဘိုးကတောရွာက ကိုပေါက်တစ်ယောက် ညအိပ်ကာနီး အပေါ့အပါးထသွားရင်း အိမ်ပေါ်ကို ပြန်တက်မယ်အလုပ် သူ့အနောက်ဘက်က တစ်စုံတစ်ခုကို မြင်မိသလို ရှိမိရတာမို့ လှည့်ကြည့်လိုက်တယ်။

” ဟင်…ကိုရင်လေးတစ်ပါပါလား။ ​ဒီအချိန်ကြီး ဘာလာလုပ်တာပါလိမ့်…”

ကိုဆုံ သူ့ကို ကျောခိုင်းပြီး ရပ်နေတဲ့ ကိုရင်လေးတစ်ပါးကို မြင်တွေ့လိုက်ရတယ်။

ရွာကျောင်းက ကိုရင်တစ်ပါးဖြစ်လိမ့်မယ်လို့ တွေးမိသွားခဲ့ရပြီး ရွာကျောင်းမှာများ တစ်ခုခု ဖြစ်သလားဆိုတဲ့ အတွေးနဲ့ မေးမြန်းဖို့ရာ အနားကို လှမ်းသွားမိလိုက်တယ်။

ဒီအခါ ကိုရင်လေးက မျက်နှာမးရာအတိုင်း ခြံပြင်ဘက်ကို လှမ်းထွက်သွားတယ်။

” ကိုရင်လေး…ကိုရင်လေး…”

ကိုပေါက် လှမ်းခေါ်ပေမယ့် ကိုရင်လေးက လှည့်တောင် မကြည့်ဘဲ ခြံအပြင်ကို ရောက်သွားခဲ့ပါပြီ။

” ကိုရင်က ဘာလာလုပ်တာပါလိမ့်…”

ကိုပေါက် ဇဝေဇဝါနဲ့ အိမ်ပေါ်ကို ပြန်တက်ခဲ့မိတယ်။

အိမ်ပေါ်ရောက်တော့ အိပ်ရာထဲ အိပ်နေပြီဖြစ်တဲ့ သူ့မိန်းမ မငယ်က…။

” ကိုပေါက်…ဘာဖြစ်တာလဲ…”

” ရွာကျောင်းက ကိုရင်လေး တစ်ပါးဟ။ ခြံထဲလာရပ်နေတာ။ အဲ့ဒါ ငါမေးတော့ ဘာမှမပြောဘဲ ပြန်ထွက်သွားတယ်…”

” ဟင်…”

မငယ် လှဲအိပ်နေရာကနေ ထထိုင်လိုက်တယ်။

” ကျောင်းမှာ တစ်ခုခု ဖြစ်လို့များလား…”

” မပြောတတ်ဘူး…”

လင်မယားနှစ်ယောက်လုံး စိတ်ထဲ ဒွိဟတွေနဲ့ ငြိမ်သက်သွားကြတယ်။ သူတို့ရွာကျောင်းမှာ ဘာများဖြစ်သလဲလို့ အပြိုင်အဆိုင် တွေးနေမိကြတယ်။

ခဏကြာတော့ မငယ်က တစ်စုံတစ်ခုကို တွေးမိသွားလေပြီး…။

” ကိုပေါက်…ဆရာတော်ကြီးက သက်တော်ကြီးနေပြီ။ တစ်ခုခုများ ဖြစ်လို့လား မသိဘူးနော်…”

” အေး…ငါလည်း တွေးမိနေတာ…”

သူတို့ရွာကျောင်းက ကျောင်းထိုင်ဆရာတော် အရှင်သောန’ဟာ သက်တော် ၇၀ ကျော်ပြီ။ ကျန်းမာရေးက ကောင်းနေသေးတယ်ဆိုပေမယ့် ကောက်ခနဲ ငင်ခနဲများ တစ်ခုခုဖြစ်လေသလားလို့ တွေးမိရတယ်။

ဒီအခိုက်မှာပဲ သူတို့အိမ်အရှေ့ ရွာလမ်းမကြီးဆီက လူသံသူသံတွေကို ကြားလိုက်ရတယ်။

” ကိုပေါက်…အသံတွေ။ ဘာဖြစ်တာလဲ မသိဘူး…”

” ရွာထဲမှာ တစ်ခုခု ဖြစ်တာထင်တယ်။ ငါ ထကြည့်ဦးမယ်…”

ကိုပေါက်က ထပြီး အိမ်ပြင် ထွက်ကြည့်တော့ မငယ်လည်း လိုက်ပါလာတယ်။

ရွာလမ်းမဆီမှာတော့ လူလေးငါးဆယ်ယောက်ရှိမယ့် လူအုပ်က တုတ်မီးတွေနဲ့ ရုတ်ရုတ်ရုတ်ရုတ် ဖြစ်နေတယ်။

ကိုပေါက်တို့ လင်မယားလည်း ဝိုင်းအပြင်ကို ထွက်ပြီး လူအုပ်ကြီးဆီကို သွားလိုက်ကြတယ်။

” ကိုကြီးအုံး။ ဘာဖြစ်ကြတာလဲဗျ…”

လူအုပ်ထဲက မြင့်အုံးဆိုတဲ့ အစ်ကိုဝမ်းကွဲတော်သူကို ကိုပေါက် မေးမြန်းလိုက်တယ်။

” ကိုရင်တစ်ပါး ငါတို့ ​အိမ်တွေ အရှေ့မှာ လာရပ်လို့ကွ…”

အုံးမြင့်ရဲ့ အဖြေစကားကြောင့် ကိုပေါက်တို့လင်မယားလည်း အံ့အားသင့်မိသွားကြပြီး…။

” ကိုရင်တစ်ပါး ဟုတ်လား။ အခုလေးတင်ပဲ ကျုပ်တို့ အိမ်ရှေ့တောင် လာရပ်သွားသေးတယ်…”

” ဟေ…ဟုတ်လား…”

” ဒါနဲ့ အခု ကိုအုံးတို့ လူအုပ်ကြီးနဲ့က…”

” ဪ…အေး။ အဲ့ဒါက ငါတို့အိမ်တွေ အရှေ့မှာ ကိုရင်လေးလာရပ်တော့ အကုန်လုံးက ဆရာတော်ကို စိတ်ပူပြီး သွားကြည့်မလို့ ထွက်လာကြတာက လူစုမိသွားတာ…”

” ရွာကျောင်းကိုကော ရောက်ပြီးပြီလား…”

” ဟင့်အင်း…မရောက်သေးဘူးကွ။ အနောက်မှာ မိနိးမတွေလည်း လူစုပြီး လိုက်လာကြတယ်ဆိုလို့ စောင့်နေကြတာ…”

” ဟုတ်လား…ဒါ့ဖြင့် ကျုပ်တို့လည်း လိုက်ခဲ့မယ်ဗျာ…”

ရွာကနေ ဘုန်းကြီးကျောင်းကို သွားမယ်ဆိုရင် ကြားထဲမှာ တောတန်းကလေးတစ်ခုကို ဖြတ်ရသေးတယ်။

မိန်းမသားတွေချည်း တောတန်းလေးကို ဖြတ်သွားဖို့က မဖြစ်နိုင်။ ဒါကြောင့် မြင့်အုံးတို့ လူစုက စောင့်နေကြတာဖြစ်တယ်။

ကိုပေါက်တို့ လင်မယားလည်း အိမ်ဘက်ဝင်ပြီး တံခါးကို ပိတ်တယ်။

သူတို့ ပြန်ထွက်လာတော့ မြင့်အုံးတို့ မိန်းမတွေလည်း ရောက်လာကြပြီ။

” မင်းတို့က ဘယ်လိုဖြစ်ပြီး လိုက်လာကြတာလဲ။ မင်းတို့ကို စောင့်နေရတော့ ခရီးက ဖင့်နေရတယ်…”

” အို…ကျုပ်တို့လည်း တော်တို့လိုပဲ ဆရာတော်ကို စိတ်ပူကြတာပဲ…”

လူအုပ်ထဲက လင်မယားတစ်ချို့ အခြေအတင် ပြောစကားတွေ။

” ကဲ…ကဲ…လူစုံပြီလား။ သွားကြမယ်…”

လူအုပ်ထဲက သြဇာညောင်းသူ တစ်ယောက်က ထပြောတော့ အားလုံးအသံတိတ်ကုန်ပြီး ရွာဦးဘုန်းကြီးကျောင်းကို ဆက်ထွက်ခဲ့ကြတယ်။

လမ်းခုလတ်မှာ နောက်ထပ် ကိုရင်လေးကို မြင်ကြပြီး ရွာဦးကျောင်းကို သွားမယ်သူတွေနဲ့ ထပ်ဆုံပြန်တယ်။

လူအုပ်ကြီးက စုပေါင်းသွားပြီး ရွာအပြင်ကို ထွက်တော့ အင်အားက လူ ၇၀ လောက် ဖြစ်နေခဲ့ပြီ။

အားလုံးစိတ်ထဲတော့ ဆရာတော်အတွက် စိုးရိမ်စိတ်တွေနဲ့ပေါ့…။

လူအုပ်ကြီးက တောတန်းကို ဖြတ်ပြီး ရွာဦးဘုန်းကြီးကျောင်းထဲကို ဝင်ရောက်လာခဲ့ကြတယ်။

သူတို့ ဝင်ရောက်လာချိန် ကျောင်းပေါ်ကနေ ဆရာတော်နဲ့ ဦးဇင်းတစ်ပါးက ဆင်းလာတာကို ဖူးတွေ့ကြရတယ်။

ဆရာတော်က လူအုပ်ကြီးကို မြင်တော့ အံ့သြသွားပြီး ​လှေကားမှာရပ်ပြီး ကြည့်နေတာမိတာပေါ့…။

” ဆရာတော်ဘုရား ဘာမှမဖြစ်ဘူးလား ဘုရား…”

လူအုပ်ထိပ်ဆုံးကနေ တစ်ယောက်က လျှောက်တင်လိုက်တော့ ဆရာတော်က…။

” ဟဲ့…မောင်တင်။ ငါက ဘာဖြစ်ရမှာတုန်း…”

ဆရာတော်ရဲ့ အဖြေကြောင့် အားလုံး သင်ပြင်းချကုန်ကြတယ်။ ရင်ထဲက ပူပန်နေကြတာတွေ လျော့ပါးသွားကြရပြီလေ။

” တော်သေးတာပေါ့ဘုရား။ တပည့်တော်တို့ ဆရာတော်ကို စိုးရိမ်နေမိကြတာ…”

” အေး…ဒါနဲ့ နင်တို့က လူအုပ်လိုက်ကြီး ကျောင်းထဲကို ရောက်လာကြတာ၊ ဘာတွေဖြစ်လာကြတာလဲ…”

ဆရာတော်က အမေးရှိလာတယ်။

” တပည့်တော်တို့ အိမ်တွေ အရှေ့မှာ ကိုရင်တစ်ပါး လာရပ်လို့။ မေးမြန်းတော့လည်း ကိုရင်က ဘာမှမပြောဘဲ ထွက်သွားတယ်။ အဲ့ဒါနဲ့ ဆက်စပ်လိုက်တွေးရင်း နောက်ဆုံး ဆရာတော်များ တစ်ခုခု ဖြစ်သလားဆိုပြီး တွေးမိကြတာနဲ့ အပြေးရောက်လာကြတာ…”

” ကိုရင်တစ်ပါး ဟုတ်လား။ ဘယ်ကိုရင်တုန်း…”

” ကိုရင်ရဲ့ မျက်နှာကိုတော့ မမြင်ရဘူးဘုရား။ နောက်ကျောဘက်ကိုပဲ မြင်ရတာပါ…”

” ဟော…”

ဆရာတော်လည်း တစ်ခဏ တွေးလိုက်တယ်။ ပြီးတော့ နံဘေးက ဦးဇင်းကို ကြည့်ပြီး…။

” ဟဲ့ ဦးဇင်လေး။ ကျောင်းပေါ်က ကိုရင်တွေကို သွားကြည့်ချေစမ်းပါဦး။ ဒီအချိန်ကြီးကို ဘယ်သူများ ရွာထဲသွားတာလဲလို့…”

” တင်ပါ့ဘုရား…”

ဦးဇင်းလေးလည်း ကျောင်းပေါ်ပြန်တက်သွားတယ်။

ဦးဇင်းလေး ပြန်လာပြီး ပြောလာမယ့် အဖြေကိက အားလုံးက မျှော်လင့်နေကြတာပေါ့…။

ဦးဇင်းလေး ပြန်ဆင်းလာပါပြီ။

” ကိုရင်တွေ အားလုံး စုံပါတယ် ဘုရား။ အကုန်လုံးလည်း အိပ်မောကျနေကြပါတယ်…”

” ဟော…”

ဆရာတော်ရဲ့ အသံအဆုံး လူအုပ်ကြီးဆီကလည်း ကျွတ်ကျွတ်ဆူသံတွေ ထွက်ပေါ်လာကြတယ်။

” ဒါနဲ့ ဆရာတော်က အခု ဘာဆင်းလုပ်တာလဲဘုရား…”

လေရှည်ပေရှည်သူတစ်ယောက်က မေးမြန်းလိုက်တယ်။

” ငါက ကုဋီသွားမလို့။ ဒီက ဦးဇင်းလေးက ငါ့လိုက်ပို့တာ…”

” တင်ပါ့ဘုရား…”

” အေး…ကိုရင်ကိစ္စကတော့ ငါ့ကျောင်းက ကိုရင်မဟုတ်ဘူး။ ဘယ်ကကိုရင်လဲ။ အဲ့ဒါ မနက်ကျရင် စုံစမ်းကြဦး…”

” တင်ပါ့…”

” ကဲ…ငါ ဘာမှမဖြစ်ဘူးဆိုတော့ နင်တို့လည်း ပြန်ကြတော့…”

” တင်ပါ့ဘုရား…”

အားလုံး ဆရာတော်ကို ဝတ်ပြုပြီး ကျောင်းဝန်းထဲကနေ ပြန်ထွက်လာခဲ့ကြတယ်။

ရွာထိပ်ကို ပြန်ရောက်တော့ ရွာထဲကနေ တောင်ဘက်ကုန်းက လူစု ထွက်လာတာကို မြင်ရတယ်။

တောင်ဘက်ကုန်းဆိုတာက သူတို့ဘိုးကတော ရွာမကြီးရဲ့ တောင်ဘက်အခြမ်းမှာ ကုန်းကလေးရှိတယ်။

အဲ့ဒီ့ကုန်းဘက်မှာ အိမ်ခြေနှစ်ဆယ်လောက်က သီးသန့်သူ့အုပ်စုလေးနဲ့သူ နေကြတယ်။

ဒီကုန်းလေးက ဘိုးကတောရွာထဲမှာပဲ အကျုံးဝင်ပေမယ့် တောင်ဘက်ကုန်းလို့ပဲ အများက ခေါ်ကြတယ်။

တောင်ဘက်ကုန်းက လူတွေနဲ့ ကိုပေါက်တို့ ထိပ်တိုက်ဆုံကြတော့ တောင်ဘက်ကုန်းက လူတွေက လှမ်းမေးတယ်။

” ဟေး…သက်တင်။ မင်းတို့က ဘယ်က ပြန်လာကြတာလဲ…”

” ဘုန်းကြီးကျောင်းက ပြန်လာကြတာ…”

” ဟေ…ဟုတ်လား။ ဆရာတော် နေကော ကောင်းရဲ့လား ငါတို့ စိတ်ပူလို့ သွားကြည့်ကြမလို​့…”

” မင်းတို့ အိမ်ရှေ့မှာကော ကိုရင်တစ်ပါး လာရပ်ပြန်ပြီ ထင်တယ်…”

” အေး…ဟုတ်တယ်။ ငါတို့အိမ်တွေ အရှေ့ ကိုရင်တစ်ပါး လာရပ်လို့။ မေးတော့လည်း ဘာမှမပြောပဲ ထွက်သွားတယ်။ ဒါနဲ့ ကျောင်းက ကိုရင်တစ်ပါးပါးများ ဆရာတော် တစ်ခုခု ဖြစ်လို့ လာပြောတာလားလို​့…”

တောင်ကုန်းဘက်ကလူတွေကလည်း ကိုပေါက်တို့ ကြုံသလို ကြုံရတာပါပဲ။ သက်တင်က…

” ဆရာတော်က ဘာမှမဖြစ်ဘူးဗျ။ ကိုရင်တွေလည်း အကုန်လုံး ကျောင်းမှာ စုံကြတယ်…”

” ဟေ…ဒါဖြင့် ကိုရင်က ဘယ်သူလဲ။ ဘယ်က ရောက်လာတာလဲ…”

” အဲ့ဒါတော့ မပြောတတ်ဘူး။ ကျုပ်တို့လည်း ခင်ဗျားတို့လိုပဲ။ အိမ်ရှေ့မှာ ကိုရင်တစ်ပါး လာရပ်လို့ ဆရာတော်ကို စိတ်ပူပြီး ထွက်ကြည့်ကြတာ…”

အကုန်လုံး ထင်ကြေးတွေ အမျိုးမျိုး ပေးကုန်ကြတယ်။

” ရွာနီးချုပ်စပ်က ကိုရင်တစ်ပါးပါးများ ဖြစ်နေမလားပဲ…”

” အေး…ဆရာတော်ကတော့ မနက်ကျရင် သေချာစုံစမ်းကြဦးလို့ မှာလိုက်တယ်…”

” အင်း…ဘာလဲ မသိတတ်တော့ပါဘူးဗျာ…”

” ကဲ…ကဲ…သိတာတွေ မသိတာတွေ အသာထား။ အခုတော့ ညဥ့်နက်လှပြီ။ မနက် လယ်ထဲဆင်းရမှာတွေ ဘာတွေနဲ့ဆိုတော့ ပြန်ကြစို့လား…”

” အေး…အေး…ဟုတ်တယ်။ ပြန်ကြမယ် ပြန်ကြမယ်…”

ကိုပေါက်​တို့ ရွာထဲကို ပြန်ဝင်တော့ တောင်ဘက်ကုန်းက လူတွေလည်း ပြန်လိုက်ပါလာကြပါတယ်။

*********

မနက်ခင်းချိန်…။

ရွာထဲမှာ ညတုန်းက ကိုရင်လေးအကြောင်းက သောသောညံနေကြတယ်။

အိမ်ခြေနှစ်ရာကျော်ရှိတဲ့ ရွာကြီးတစ်ရွာလုံးမှာ ကိုရင်လေးကို တွေ့ကြရတဲ့ အိမ်က ထက်ဝက်ကျိုးလောက် ရှိကြတယ်။

ဒီကိစ္စအတွက်ကိုပဲ အနီးအနား ပတ်ချာလည်က ရွာတွေဆီကို သတင်းစုံစမ်းကြတယ်။ ဒါပေမယ့်လည်းလေ။ တစ်ခြားရွာက ကိုရင်က ဘိုးကတောရွာကို ညဘက်ကြီး ဘယ့်အတွက်ကြောင့် လာရမှာတုန်း…။

ဒိတော့ စုံစမ်းမှုကလည်း အကြောင်းမထူးခဲ့ဘူး။

နောက်တစ်ညကို ရောက်ရှိလာခဲ့တယ်။

ဒီတစ်ညမှာ ကိုရင်လေးက အိမ်တွေအရှေ့မှာ ကျောခိုင်းရက်သား လာရပ်မြဲရပ်နေပြန်တယ်။

ဒီတစ်ကြိမ်မှာတော့ ရွာသားတွေက မနေ့ညက ဖြစ်ထားတဲ့ ကိစ္စမှာ ကိုရင်ကို ဘယ်ကကိုရင်မှန်း မသိလေခဲ့တော့ တွေ့တာနဲ့ အရ မေးမြန်းကြတယ်လေ။

ဒီအခါမှာတော့ ကိုရင်လေးက မနေ့ညတုန်းကလို ခြံအပြင်ကို ထွက်မသွားတော့ဘဲ ဗြုန်းခနဲဆို ပျောက်သွားခဲ့ပါကောလား…။

အားလုံးလည်း ကိုရင်လေးက တစ္ဆေဆိုတာ သိလိုက်ကြရပါပြီ။

ဘိုးကတောရွာရဲ့ ညခင်းအချိန်က အသံဗလံတွေနဲ့ ဆူညံပွက်လောရိုက်ကုန်ကြတယ်။

ကိုရင်တစ္ဆေအတွက်ကို ဘုရားစာရွတ်သူရွတ်၊ ကလေးတွေကို ပရိတ်ကြိုးဆွဲသူဆွဲ။ ခြံထဲကို ပရိတ်သဲ၊ ပရိတ်ဆန်၊ သဲမန်း ရေမန်းတွေနဲ့ ပက်ဖြန်းကုန်ကြတယ်။

သူတို့တစ်တွေ အခုလို လုပ်ကြပေမယ့်လည်း ကိုရင်လေးကတော့ တစ်ညလုံးနီးပါး ဟိုအိမ်အရှေ့ရက်လိုက် ဒီအိမ်အရှေ့ရပ်လိုက်နဲ့…။

မနက်လင်းပိုင်း အချိန်ကျမှသာ ကိုရင်လေးက အပြီးသတ်ပျောက်ကွယ်သွားခဲ့ပါတယ်။

********

မနက်ခင်းအချိန်…။

တစ်ရွာလုံးနီးပါးပဲ။ ရွာဦးဘုန်းကြီးကျောင်းဆီကို ရောက်ရှိနေကြတယ်။

ဆရာတော်အရှင်သောနကို ညတုန်းက အဖြစ်မပျက်အတွက် ရွာသူရွာသားတွေက လာရောက်လျှောက်တင်ကြတာပါ။

ဆရာတော်က ရွာသားတွေ လျှောက်တင်တာကို နားထောင်ပြီးစီးချိန်ကျ…။

” အင်း…ခက်တော့ခက်ပြီ။ ဘယ်ကဘယ်လိုတွေ ဖြစ်ရပြန်ပါ့…”

ဆရာတော်က ဒီလောက်သာ မှတ်ချက်ပြုနိုင်တယ်။

” အရှင်ဘုရား…ဒီကိစ္စအတွက်ကို တစ်စုံတစ်ခု လုပ်ပေးပါဦးဘုရား။ မဟုတ်ရင် တစ်ရွာလုံး ခြောက်ခြားနေကြရပါပြီ…”

” အင်း…ခက်တာက ဒီကိုရင်က ဘုန်းကြီးဆီရောက်မလာဘူး။ ရောက်လာခဲ့လို့ရှိရင်လည်း ဘုန်းကြီးက ဘာကြောင့်ဘယ်ကြောင့်ဆိုတာ မေးမြန်းလို့ ရသေးတယ်။ အခုတော့ ခက်ပြီ။ ဒါပေမယ့်လည်း ​ဘုန်းကြီးက တတ်နိုင်ရာဘက်ကနေတော့ လုပ်ပေးနိုင်တာ လုပ်ပေးတာပေါ့။ ဒီလို လုပ်ပေးတယ်ဆိုပေမယ့်လည်း အားလုံးမှတ်ထားကြရမှာက ကိုရင်လေးဟာ နင်တို့ကို ခြောက်လှန့်လိုတဲ့ သဘောနဲ့ အခုလို အထင်အရှားပြသနေတယ်လို့ ဘုန်းကြီးတော့ မထင်ဘူး။ အကြောင်းတစ်ခုကတော့ အသေအချာ ရှိနေလိမ့်မယ်။ ဒီတော့ အရမ်းကာရောလည်း ထိတ်လန့်မနေကြနဲ့ ကြားကြလား…”

” ကြားပါတယ်ဘုရား…”

” ဒါဖြင့်လည်း ဒီညနေသုံးနာရီမှာ ပရိတ်တရားတော်တွေကို ရွာစဥ်လှည့်ပြီး ရွတ်ဖတ်ပေးမယ်။ စီစဥ်ထားကြချေတော့…”

” တင်ပါ့ဘုရား…”

ဘိုးကတော ရွာသူရွာသားတွေလည်း ကျောင်းကပြန်ချိန်မှာ ညနေခင်း ပရိတ်တရား ရွတ်ဖတ်ပွဲအတွက်ကို ပြင်ဆင်ကြလေတယ်။

ညနေခင်း သုံးနာရီအချိန်ကကျတော့ ဆရာတော် အရှင်သောနကိုယ်တိုင်ဦးစီးပြီ ရွာစဥ်လှည့်လို့ ပရိတ်တရားတော်များကို ရွတ်ဖတ်ပေးတယ်။

ပရိတ်ရွတ်ပြီးတဲ့နောက် ဆရာတော်အရှင်သောနတို့ ကျောင်းကို ပြန်ကြွကြလေတယ်။

ဒီကနေ ညနေစောင်း နွားရိုင်းသွင်းချိန်ကျတော့ ရွာသူရွာသားတွေက သူတို့ရပ်ရွာရဲ့ ဓလေ့အတိုင်း သံပုံးသံခွက်တို့ကို တီးလို့ ငလျင်နှင်ခြင်းအမှုကို ပြုကြတယ်။

ဒီလိုပြုလုပ်လို့ ပြီးစီးပြီး နောက်မှာတော့ ညခင်းအတွက် ကိုရင်လေးများ ထပ်ပေါ်လာပါဦးမလားဆိုပြီး ရင်တထိတ်ထိတ် စောင့်နေကြတော့တာပေါ့…။

********

” ဘုရား…ဘုရား…ကိုရင်လေးက ထပ်ပြီး ရှိနေတုန်းပါလား…”

အိမ်အရှေ့မှာ ကျောခိုင်းပြီး ရပ်နေတဲ့ တစ္ဆေကိုရင်လေးကို ထရံပေါက်ဆီကနေ ချောင်းကြည့်ပြီး ကြက်သီးမွေညှင်းထလို့ ကိုပေါက် ရေရွတ်မိတယ်။

လူ့သဘောရယ်ကလည်း ထူးတော့ထူးဆန်းသား။ စတွေ့ချိန်တုန်းက တစ္ဆေမှန်း မသိလေတော့ ပြောရဲဆိုရဲ ရင်ဆိုင်ရဲခဲ့တယ်။ အခုတစ္ဆေမှန်းလည်း သိကြကော ဘယ်သူကမှ ညရေးညတာကို အပြင်မထွက်ကြတော့ဘူး။

အခုလည်း ကိုပေါက် အိမ်ပေါ်က မဆင်းရဲပါဘူး။ ထရံပေါက်ကနေသာ ချောင်းကြည့်နေမိခဲ့တာပါ။ မငယ်ကတော့ ကြည့်တောင်မကြည့်ရဲဘူးဆိုပြီး စောင်ကြီးကို ​ခေါင်းမြှီးခြုံလို့ရယ်…။

ကိုရင်လေးက သူတို့အိမ်အရှေ့မှာ တစ်ခဏကြာ ရပ်နေပြီးနောက်တော့ ခြံအပြင်ဘက်ကို လှည့်ထွက်သွားခဲ့ပါတယ်။

ဒိပုံအတိုင်းဆို ပရိတ်တရားတော်များ ရွတ်ဖတ်ထားပေမယ့်လည်း ကိုရင်လေးကတော့ တစ်ရွာလုံးကို သွားနေဦးမယ့် ပုံစံ ရှိနေပါတယ်။

ဘယ်လိုဖြစ်ဖြစ် ကိုပေါက်တို့ လင်မယားအတွက်ကတော့ ဒိညအတွက်ကို ကိုရင်တစ္ဆေက ရောက်လာခဲ့ပြီးပြီမို့ ထပ်ပြီး ကြုံစရာ မရှိတော့ပါဘူး။

ဒါပေမယ့်လည်း ကိုပေါက်ကော မငယ်ကော တစ်ညလုံး စောင်ကို ခေါင်းမြှီးခြုံမလွတ်တမ်းတော့ အိပ်စက်ခဲ့ကြရပါတယ်။

မနက်ခင်းကျတော့ ကိုပေါက်ယူဆသလိုပါပဲ။

ညတုန်းက တစ်ရွာလုံး ကိုရင်တစ္ဆေလေးကို ထပ်ပြီး မြင်ကြရတဲ့အတွက် ကျွတ်ကျွတ်ကို ညံစီနေကြပါတယ်။

” ဘယ်လိုတွေတောင် လုပ်ရပါတော့မလဲ…”

” ဟုတ်ပါ့…ဘာဖြစ်ချင်တာမှန်းလည်း မသိဘူး။ သိရရင်လည်း တစ်ခုခု လုပ်ပေးကြရအောင်။ အခုတော့ အိမ်ရှေ့မှာပဲ လာလာပြီး ကိုယ်ထင်ပြနေတယ်။ ကြာရင် လူတွေလည်း အကြောက်လွန်ပြီး ရူးကုန်ကြရတော့မယ်…”

သုံးရက်ဆက်တိုက်ဖြစိနေပြီမို့ လူတွေလည်း ညည်းတွားကုန်ကြတယ်။

ဒါပေမယ့်လည်း သူတို့အားလုံး ဒီလို ညည်းတွားကြရုံက လွဲပြီး ဘာများ တတ်နိုင်ကြဦးမှာလဲ…။

********

သူတော်တစ်ယောက် အုန်းလက်မြင်းကြီးကို စီးပြီး လှည်းလမ်းကြောင်းကြီးအတိုင်း ပြေးလွှားနေမိတယ်။

ပြေးလွှားနေရင်း သူ့နားထဲမှာ ဘိုးသိကြားပြောတဲ့ စကားတွေကို ပြန်ကြားနေမိတယ်။

” ဘိုးကတောဆိုတဲ့ ရွာအနားမှာ ကိုရင်လေးတစ်ပါး မကျွတ်လွတ်တဲ့ ဘဝနဲ့ ရှိနေရတယ်။ အဲ့ဒီ့ကိုရင်လေးကို ဘာလိုချင်လဲ ဘာဖြစ်ချင်လဲ မေးမြန်းပြီး လွတ်ကျွတ်အောင် နင် ကူညီခဲ့လိုက်ပါ…”

ဒီစကားကြောင့် သူတော်တစ်ယော​က် ဘိုးကတောရွာကို ဦးတည်သွားနေမိပါတယ်။

မကြာ…။

လမ်းနံဘေးဆီက တောတန်းကလေးဆီမှာ ရှိနေတဲ့ ဇရပ်အိုကြီးတစ်ခုဆီကို သူတော်ရောက်ရှိလာတယ်။

အပေါ်ဘက်က နေရောင်က ပြင်းပြင်းပြပြပူနေလေတော့ သူတော်လည်း ချွေးပြိုက်ပြိုက်ကျပြီး မောပန်းရပြီလေ။

” လူလည်းမော မြင်းလည်း မောပြီ။ တစ်ခဏတော့ ဝင်နားဦးမှပဲ…”

သူတော် ပြောပြောဆိုဆိုနဲ့ ဇရပ်အိုကြီးဆီကို လှည့်ဝင်လိုက်တယ်။

ဇရပ်အိုကြီးဆီကို ရောက်တော့ မြင်းကို အတက်အဆင်းလှေကားဆီမှာ ပစ်ချလိုက်ပြီး ဇရပ်အပေါ်ကို တက်လာတယ်။

” ဟင်…ကိုရင်လေးပါလား…”

ဇရပ်အိုကြီးရဲ့ ထောင့်တစ်နေရာမှာ ထိုင်နေတဲ့ ကိုရင်လေးကို မြင်တော့ သူတော် စိတ်ဝင်စားမိသွားရတယ်။

ကိုရင်လေးက ငေးငိုင်ပြီး ထိုင်နေရာက သူတော်ကို လှည့်ကြည့်လာတယ်။ မျက်နှာက ပုပ်ပွဖောရောင်ပြီး အပေါက်ပေါက်တွေနဲ့ ဖြစ်နေလေတယ်။ ကိုရင်လေးရဲ့ အသားအရည်ဟာလည်း နက်ပြာနေတာကို သူတော် သတိထားမိသွားရတယ်။ ကိုရင်လေးကို ကြည့်ပြီး သူတော့်ရင်ထဲ နင့်ခနဲပဲ။

ဒီခံစားချက်နဲ့အတူ သူတော်ရဲ့ အသွင်ကလည်း မူလပြန်ခြင်းအသွင်ဆီကို ရောက်ကာ ယောဂီဝတ်နဲ့ ဖြစ်သွားလေတယ်။

ကိုရင်လေးက သူတော်ကို တအံ့အသြကြည့်တယ်။

သူတော်က ကိုရင်လေးဆီကို ဦးတည်လို့ လှမ်းလျှောက်သွားမိတယ်။

ကိုရင်လေးက သူတော် သူ့ဆီကို လာနေတာမြင်တော့ အလွန်အမင်း ဝမ်းသာသွားတဲ့ ဟန်နဲ့ ချက်ချင်းထရပ်လာခဲ့ပြီး…။

” တ…တကာကြီးက ကိုရင့်ကို မြင်နေရတာလားဟင်…”

ကိုရင်လေးက မေးလာတော့ သူတော်လည်း ရင်ထဲ ဆို့နင့်ရင်း ခေါင်းကို ညိတ်ပြလိုက်တယ်။ ပြီးတော့…

” ကိုရင်လေးရယ်…ဘယ်လိုဖြစ်ရတာလဲ။ တပည့်တော်ကို အထက်က လာရှာခိုင်းတာ ကိုရင်လေးပဲ ဖြစ်မယ်ထင်တယ်…”

သူတော်ရဲ့ စကားအဆုံး ကိုရင်လေးက သက်ပြင်းကို ချလိုက်ပြီး…။

” ကိုရင်က မြကျောင်းဆောင်အတွက် ခုနှစ်လုံးမြောက် အဓိဌာန်​ကျောက်ကလေးကို သွားပို့ရမယ့် သူပါ။ အဲ့ဒီ့ခရီးအတွက် နေ့ဘက်က ပူလို့ ညဘက်မှာ ခရီးသွားနေရင်း ဒီနားမှာ ပိုးထိခံခဲ့ရတယ်။ ပိုးထိတဲ့အတွက် အနားယူဖို့ရာ ဒီဇရပ်ကြီးကိုလာတော့ မမြင်မစမ်းနဲ့ အမှောင်ထဲမှာ ဟိုးက ရေတွင်းပျက်ထဲကို ပြုတ်ကျခဲ့ရပါတယ်…”

” ဖြစ်မှ ဖြစ်ရလေ ကိုရင်လေးရယ်…”

သူတော် ကိုရင်လေးကို ကြည့်ပြီး မချိတင်ကဲ ရေရွတ်မိတယ်။

” တကာကြီး ကိုရင့်ကို ကူညီနိုင်မယ်ဆိုရင် ကူညီပေးပါ။ ကိုရင့်မှာ ကျွတ်လွတ်ခွင့် ရှိနေပေမယ့် မြကျောင်းဆောငိဆီ သွားရမယ့် တာဝန်က မပြီးဆုံးသေးတော့ ကိုရင် လက်မခံမိသေးဘူး။ ဒါပေမယ့်လည်း ဒိပုံစံနဲ့ ဖြစ်နေတဲ့ ကိုရင့်အတွက် ဒိကနေက သွားမရသေးတဲ့ အဖြစ်က ရှိနေတယ်။ ခန္ဓာကိုယ်ကို ဆယ်ယူပြီး သဂြိုဟ်ပြီးမှ ကိုရင် တာဝန်အတွက်ကို ဆက်သွားလို့ရမှာ ဖြစ်နေတယ်။ ဒီအတွက်ကို ဟိုးဘက်က ရွာဆီ အကူအညီဝင်တောင်းနေတာ သုံးညရှိပြီ။ ကိုရင့်မျက်နှာက ပျက်ဆီးနေတော့ မြင်ရင် သူတို့ လန့်ကြမှာစိုးလို့ ကျောခိုင်းပြီး အကူအညီတောင်းဖြစ်တယ်။ ဒါပေမယ့်လည်း သူတို့ ကိုရင် အကူအညီတောင်းနေတာကို မကြားရဘူးထင်တယ်။ သူတို့ ကိုရင့်ကို မြင်ပြီး ကြောက်ပဲ ကြောက်နေကြတယ် တကာကြီးရယ်…”

ကိုရင်လေးအတွက် သူတော် အလွန်အမင်းကို စိတ်မကောင်းဖြစ်နေမိတယ်။ သူတော် ခေါင်းကို ညိတ်လိုက်တယ်။

” တပည့်တော်က ကိုရင်လေးကို အကူအညီပေးဖို့အတွက် ရောက်လာတာပါ။ တပည့်တော် ကိုရင်လေးကို ကူညီပါ့မယ်…”

” ကိုရင် ဝမ်းသာရပါပြီ။ တကာကြီး ကူညီပေးမယ်ဆိုရင်တော့ အမြန်ဆုံးသာ ကူညီပေးပါ။ ဒါမှ ကိုရင်လည်း တာဝန်ကို အပြီးသတ်လုပ်ဆောင်ပြီး ကျွတ်လွတ်ခွင့်ကို လက်ခံမိမှာမို့လို့ပါ…”

” စိတ်ချပါ ကိုရင်လေး။ တပည့်တော် အခုပဲ လုပ်ဆောင်ပေးပါ့မယ်…”

” ဪ…တကာကြီး။ ကိုရင့်ရုပ်ကို ဆယ်ယူမယ်ဆိုရငိတော့ တကာကြီးတစ်ယောက်ထဲ မလုပ်ပါနဲ့။ ရွာထဲကို သွားပါ။ ကိုရင် အကူအညီတောင်းနေတာပါဆိုတာကို ပြောပြပါ။ ပြီးတော့ သူတို့ကိုလည်း ဆယ်ယူခိုင်းပါလေ…”

” ကောင်းပါပြီ ကိုရင်။ တပည့်တော် အခုပဲ ရွာထဲကို သွားပါ့မယ်…”

” ကိုရင် ဒီကပဲ စောင့်ဆိုင်းနေပါ့မယ်…”

သူတော်လည်း မူလပြန်ထားတဲ့ အသွင်နဲ့ပဲ ဇရပ်အိုကြီးကနေ ထွက်ပြီး ရွာထဲကို ဝင်ခဲ့လိုက်တယ်။

ရွာထဲရောက်တော့ သူတော်ရဲ့ ခန့်ညားချောမောနေတဲ့ အသွင်ကြောင့် ရွာသူရွာသားတို့က တအံ့တသြ ကြည့်ကြတယ်။

သူတော်က သူ့အနားက လူသူသုံးလေးယောက်ကို ခေါ်ယူလိုက်တယ်။

” ဒီက မိတ်ဆွေတို့ အားလုံးပဲ။ ကျုပ် နာမည်က သူတော်ပါ။ ဂန္ဓာရီ ခရီးသွားတစ်ယောက်ပေါ့။ အခု ဒီရွာကို ရောက်လာရတဲ့ အကြောင်းကတော့ ဟော့ဒီက မိတ်ဆွေတို့ရွာဆီမှာ ကြုံ​ကြိုက်နေကြရတဲ့ ကိုရင်လေးရဲ့ ကိစ္စပါပဲ…”

ကိုရင်လေးဆိုတဲ့ အသုံးအနှုန်းကြောင့် သူတော်ရဲ့ စကားအဆုံးမှာ အနီးအနား အိမ်ထဲက လူတွေပါ ထွက်လာကုန်ကြတယ်။

” တကယ်တော့ မိတ်ဆွေတို့ဆီကို ညဘက်တွေရောက်လာနေခဲ့တဲ့ ကိုရင်လေးက မိတ်ဆွေတို့ဆီမှာ အကူအညီလာတောင်းနေတာပါ။ တကယ်တမ်းတော့ ကိုရင်​လေးက ညအချိန် ခရီးသွားရင်း ဒီရွာအနားမှာ ပိုးထိခဲ့ပြီးနောက် ရွာအပြင်က ဇရပ်ကြီးဆီကို အနားယူဖို့အသွား ရေတွင်းပျက်တစ်ခုကို ပြုတ်ကျခဲ့သူပါ။ သူ့ရဲ့ ရုပ်ကလ္လာပ်က အခုထိ ရေတွင်းထဲမှာပဲ ရှိနေပါသေးတယ်။ ကိုရင်လေးက မိတ်ဆွေတို့ကို ခြောက်လှန့်လိုလို့ မဟုတ်ဘဲ သူ့ကို ရေတွင်းထဲရနေ ဆယ်ယူပေးဖို့ အကူအညီလာလာတောင်းနေတာပါ…”

” အို…ဘုရား…ဘုရား…”

” ကိုရင်လေးရယ် ဖြစ်မှဖြစ်ရလေကွယ်…”

ကိုရင်လေးအတွက် ဘိုးကတောရွာတစ်ရွာလုံး ရင်ကွဲပက်လက် ယူကြုံးမရဖြစ်ကုန်ကြရပါတယ်။

*********

ကိုရင်လေးရဲ့ အလောင်းကို ရေတွင်းပျက်ထဲကနေ ဆယ်ယူကြပါပြီ။

ယောကျ်ားသားသုံးယောက်လောက်က ရေတွင်းထဲကို ဆင်းကြပြီး ပုပ်ပွနေပြီဖြစ်တဲ့ ကိုရင်လေးရဲ့ အလောင်းကို ပုခက်တွေဆင် ကြိုးတွေနဲ့ တုပ်နှောင်လို့ အပေါ်ကို ဆွဲတင်ကြတယ်။

အလောင်းက ရေဝပြီး နူးနေတော့ အထိမခံဘူး။ အသေအချာ ဆွဲယူတင်ကြရတယ်။

အပေါ်ကိုရောက်တော့ ကိုရင်လေးရဲ့ ရုပ်အလောင်းကို ဝိုင်းဝန်းကြည့်ကြပြီး ငိုသူငို အော်သူအော်နဲ့…။

ဘိုးကတောရွာသူရွာသားတွေဟာ ကိုရင်လေး သူတို့ကို အကူအညီလာတောင်းတာအတွက် မသိနိုင်ခဲ့ကြတာကို ဝိုင်းဝန်းလို့ တောင်းပန်ကြတယ်။

အဖြစ်အပျက်ကတော့ တကယ်ကြုံတွေ့ရင်ဆိုင်နေကြရသူတို့အဖို့ တကယ့်ကို ကြေကွဲဝမ်းနည်းစရာကောင်းလှတယ်။

ကိုရင်လေးရဲ့ မိဘနေရာကနေဝင်ရောက်ခံစားပြီး ရင်ကွဲပက်လက် ဖြစ်ကြသူတွေလည်း ရှိကြတယ်။

အဓိကကတော့ ကိုရင်လေး အကူအညီလာတောင်းတာကို သူတို့ မသိ၊ မကြားနိုင်ခဲ့တာအတွက် ပိုလို့ ဝမ်းနည်းကြေကွဲ ကြရတာပါပဲ။

ဆရာတော်အရှင်သောနလည်း ကိုရင်လေးရုပ်ကလ္လာပ်ရှိရာ ဇရပ်အိုကြီးဆီကို ကြွရောက်လာခဲ့တယ်။

********

ကိုရင်လေးရဲ့ ရုပ်အလောင်းကို ဇရပ်အိုကြီးနေရာဆီမှာပဲ မီးသဂြိုဟ်ပေးခဲ့ကြတယ်။

ရုပ်အလောင်းက ရေဝနေလေတော့ မီးလောင်ကျွမ်းဖို့ရာကို အတော်ကြီး ​ကြိုးပမ်းယူကြရတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဘိုးကတောရွာသူရွာသားတို့ဟာ ကိုရင်လေးအတွက် နောက်ဆုံးအချိန်ကို အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းလို့ သဂြိုဟ်ပေးခဲ့ကြတယ်။

နောက်ဆုံးတော့ ကိုရင်လေးရဲ့ ရုပ်အလောင်းဟာ မီးစွဲလောင်နိုင်ခဲ့ပါပြီ။ အချိန်တစ်ခုကို ရောက်တဲ့အခါမှာတော့ ရုပ်အလောင်းဟာ ပြာအဖြစ်သာ ကြွင်းရစ်ပါတော့မယ်။

ဒီအခြေအနေအရပ်ရပ်ကိုတော့ သူတော်နဲ့ မကျွတ်လွတ်သေးသူ ကိုရင်လေးတို့ဟာ လူရှင်းတဲ့ ဇရပ်အိုကြီးရဲ့ ထောင့်နေဆီက ပြုံးလို့ ကြည့်မိနေကြပါတယ်။

” တကာကြီး…ကိုရင့်ကို ဆက်ပြီး ကူညီပေးနိုင်မလား…”

” ဘာဖြစ်ဖြစ် ပြောပါ။ တပည့်တော် ကူညီပါ့မယ်…”

” ကိုရင် မြကျောင်းဆောင်ဆီကို အဓိဌာန်ကျောက်ပို့ဖို့အတွက် တကာကြီးလိုက်ခဲ့ပေးနိုင်မလား။ မဖြစ်မနေတော့ မဟုတ်ပါဘူး။ တကာကြီးဘက်က လိုက်ပြီး ကူညီဖို့ အဆင်ပြေမှပါ…”

” တပည့်တော် အဆင်ပြေပါတယ်။ ကိုရင်နဲ့အတူ မြကျောင်းဆောင်ဆီကို လိုက်ခဲ့ပါ့မယ်…”

” ကောင်းပါပြီ။ ကျေးဇူးအများကြီးတင်ပါတယ် တကာကြီး…”

ကိုရင်လေးက ပြောပြီးတော့ သူ့အိတ်ကလေးအထဲက တစ်စုံတစ်ခုကို နှိုက်ထုတ်လိုက်တယ်။

ကြက်ဥတစ်လုံးစာ အရွယ်အစားရှိတဲ့ အစိမ်းရောင် ကျောက်ကလေးတစ်လုံး…။

” ဒီကျောက်က ခုနှစ်ခုမြောက် အဓိဌာန်ကျောက်ပါပဲ။ မြကျောင်းဆောင်ကြီး တိမ်မြုပ်ပျောက်ကွယ်နေရာက ပြန်လည်ပေါ်ပေါက်လာဖို့အတွက် အဓိဌာန်ကျောက် ခုနှစ်လုံးရှိတာမှာ ခုနှစ်လုံးစလုံး စုံလင်ရလိမ့်မယ်။ မြကျောင်းဆောင်ဆီမှာ အရှေ့က ခြောက်လုံးက စုံလင်ပြီးပြီမို့ ဒီကျောက်တစ်လုံးသာ လိုပါတော့တယ်…”

သူတော်လည်း အစိမ်းရောင် ကျောက်လုံးကလေးကို အသေအချာ ကြည့်လိုက်တယ်။

” ဒီကျောက်ကလေးကို တကာကြီးဆီ အပ်ထားပါရစေ…”

သူတော်လည်း ကိုရင်လေး ပေးတဲ့ အစိမ်းရောင် ကျောက်လုံးကလေးကို ယူလိုက်ပါတယ်။ ပြီးတော့ အနီးကပ် အသေအချာ ကြည့်တယ်။ နောက်တော့ ကိုရင်လေးရဲ့ လက်ကို လှမ်းကိုင်လိုက်ပြီး လက်ထဲ ပြန်ထည့်ပေးလိုက်ကာ…။

” နောက်ဆုံးသော တာဝန်ဖြစ်တဲ့ ဒီတာဝန်ကို ကိုရင်ကိုယ်တိုင်ပဲ အစ၊ အဆုံး အပြီးသတ် ဆောင်ရွက်ပါ။ တပည့်တော် ကြားမဝင်ပါရစေနဲ့။ ကိုရင်နဲ့ အဖော်လိုက်ပေးသူအဖြစ်သာ တပည့်တော် ရှိပါရစေ…”

ကိုရင်လေးရဲ့ မျက်နှာက ပြုံးသွားတယ်။

” ကောင်းပါပြီ တကာကြီး…”

” ဒါဖြင့်လည်း တပည့်တော်တို့ အခုပဲ သွားကြစို့လား…”

” သွားကြတာပေါ့…”

သူတော်နဲ့ ကိုရင်လေးတို့ဟာ ဇရပ်အိုကြီးဆီကနေ ဆင်းခဲ့လိုက်ကြပြီး မြကျောင်းဆောင်ဆီကို ဦးတည်ခြေလှမ်းတွေ လှမ်းကြပါပြီ။

သိပ်ကြာခင်အချိန်မှာတော့ သူတော်နဲ့ ကိုရင်လေးတို့ဟာ ဇရပ်အိုကြီးနဲ့ အတော်လှမ်းရာကို ရောက်ရှိခဲ့ကြပြီး အနောက်ကို လှည့်ကြည့်ချိန်မှာတော့ ဇရပ်အိုကြီးဆီက တငွေ့ငွေ့တက်နေတဲ့ ခန္ဓာကြွင်း မီးခိုးတန်းကလေးကို လှမ်းမြင်လိုက်ကြရပါတယ်။

ကိုရင်လေးကတော့ သူ့ခန္ဓာရဲ့ နောက်ဆုံးမီးခိုးတန်းကလေးကို နှုတ်ဆက်ကာ ကြည့်ရင်းနဲ့ပေါ့…။

ပြီးပါပြီ…။