တစ်ဝက်ဟင်းစား

Posted on

မောင်မြင့်မား(ဘိုကလေး)
တစ်ဝက်ဟင်းစား

“အမြုတေကတော့ တကယ်ကောင်းကွာ၊ ငါ့မိန်းမတောင် ခေါ်ပြရမလိုဖြစ်နေပြီကွ”

“အေးကွ မင်းကောင်မကတော့ နိပ်တယ်။ လုပ်စားလို့တော့ ရပြီကွ”

“အဲဒါကြောင့် မင်းအဖော်လိုက်ခဲ့၊ လိုက်ခကတော့ မင်းတစ်ဝက် ငါတစ်ဝက်ပေါ့ကွ၊ ငါကဆံထိုးရော၊ ဆီရော စိုက်မှာ။ မင်းက အသားတင်ရမှာ”

“စားဖို့သောက်ဖို့ရော”

“စားဖို့သောက်ဖိုကတော့ ငါ့မိန်းမ မပုစိန်ကို နှစ်ယောက်စာ စီစဉ်ခိုင်းလိုက်ပါ့မယ်။ သောက်ဖိုကတော့ မင်းဘာသာမင်း ရှာခဲ့ပေါ့ကွာ။ ငါမှ မသောက်တတ်တာ“

xxx xxx xxx

သူကြီးကိုစိန်ဘန်းအိမ်သို့ ရောက်ချိန်တွင် ကိုစိန်ဘန်းမရှိသောကြောင့် သူကြီးကတော် တည်ခင်းထားသော ရေနွေးကြမ်းနှင့် ဆတ်သားခြောက်ဖုတ်ကို ထိုင်စားနေကြရင်း တစ်ဘက်အိမ်မှ လူနှစ်ယောက်ပြောဆိုနေသံကို စောဂျိမ်းနှင့် ကျော်မိုးက ကြားနေရခြင်း ဖြစ်သည်။

ထိုလူနှစ်ယောက် ရှေ့ရှိ မြေကွက်လပ်တွင် ကြက်မ တစ်ကောင်က မြေကြီးကိုယက်လိုက်၊ “ကရော်ကရော်” အသံပေးလိုက်၊ ဖုတ်လူးလိုက်နှင့် အလုပ်ရှုပ်နေလေသည်။ စောဂျိမ်းက ရေနွေးကြမ်းသောက်လိုက် ဆတ်သားခြောက်ဝါးလိုက်နှင့် ငြိမ်၍နားထောင်နေသော်လည်း ကျော်စိုးက-

“စောဂျိမ်း ဒီလူတွေ ကြက်ကိုကြည့်ပြီး ဘာတွေပြော နေကြတာလဲ”

“ကြက်တည်သမားတွေပါကွာ၊ ကြက်အကြောင်းပြောနေကြတာပေါ့”

ထိုအချိန်တွင်ခြံဝမှ သူကြီးဦးစိန်ဘန်းက အသံကျယ်ကျယ်နှင့်အော်ကာ ဝင်လာသည်။

“ဟေ့ မုဆိုးတွေ ဘယ်တုန်းကရောက်သလဲကွ။ မလာတာတောင် အတော်ကြာပြီ”

“ကိုစိန်ဘန်းရေ မရောက်တာအတော်ကြာလို့ မျက်စိ လည်လာတာပေါ့ဗျာ။ နောက်ပြီး သူကြီး ကတော်ကျွေးတဲ့ ပတတ်ဆီပြန်နဲ့ လဲလူးဆူးပုပ်ဟင်းချို မသောက်ရတာကြာလို့ဗျို့။”

သူကြီးကိုစိန်ဘန်းက သူကြီးဆိုသော်လည်း အသက်က (၄ဝ)ဝန်းကျင်လောက်သာ ရှိသေးသည်။ စကားပြောလျှင် အားရပါးရနှင့် ကျယ်ကျယ်ပြောတတ်သည်။ ရိုးသားသည်။ ပွင့်လင်းသည်။

“ငါ့ချီး မင်းတို့က မေ့တုန်းကမေ့နေပြီး ငါ့မိန်းမလက်ရာ သတိရတော့မှ ရောက်လာကြတာကိုးကွ”

“တောဆိုတာ မုဆိုးခဏခဏလာရင် သားကောင်ရှားတတ်တယ်ဗျ။ ခုလိုမေ့လောက်မှ တစ်ခါလာတော့ ပေါပေါများများ ပစ်ရတာပေါ့ဗျာ”

စောဂျိမ်းတို့နှင့် သူကြီးကိုစိန်ဘန်းတို့ အပြန်အလှန်ပြောနေကြသံကို တစ်ဘက်အိမ်မှ ကြက်တည်သမားနှစ်ယောက်က ကြားသွားသောကြောင့် သူကြီးအိမ်ကို ကူးလာသည်။ တစ်ယောက်က

“သူကြီး သူတို့က မုဆိုးတွေလား”

“အေး”

“ဒါဆိုရင် အတော်ပဲ။ မုဆိုးကြီးတွေ ဘယ်တော့မှ တောပစ်ထွက်ကြမလဲ”

“စိန်သောင်း … မင်းက ဘာဖြစ်လို့ မေးတာလဲ”

“သူကြီးရယ် ကျွန်တော်တို့ ကြက်တည်ထွက်တာမကြာခဏဆိုတာ သူကြီးအသိပါ။ တစ်ခါတလေ အဆင်မပြေဘူး သူကြီးရဲ့။ တောဝက်လိုက်လို့ပြေးရတာတို့ ကျားသစ်တွေ့လို့ ပြေးရတာတို့ မကြာခဏပဲ။ ကြက်တည်တဲ့ပိုက်တွေတောင် ဆုံးခဲ့ဖူးတယ်။ အခုလို မုဆိုးတွေပါတော့ ကျွန်တော်တို့ အားရှိတာပေါ့”

“မင်းတို့ကို မုဆိုးတွေက ခေါ်ချင်ဦးမှကိုးကွ”

“တောထဲရောက်ရင်တော့ ကိုယ့်အလုပ် ကိုယ်လုပ်ရင် ဖြစ်ပါတယ်။ တစ်ယောက်အလုပ်ကို တစ်ယောက် အနှောက်အယှက်မဖြစ်ရင် ပြီးတာပါပဲ”

စောဂျိမ်းစကားကြောင့် စိန်သောင်းခမျာ အားတက်သွားသည်။

“ကျေးဇူးပါပဲ မုဆိုးကြီးရယ်၊ ကျွန်တော်တို့ ကြက်တည်လို့ရရင်လဲ တစ်ဝက်ပေးပါ့မယ်”

“ကျွန်တော်တိုရရင်လဲ ဟင်းစားပေးပါ့မယ်ဗျာ၊ မပူပါနဲ့”

သူကြီးကိုစိန်ဘန်းက

“ကဲ ဒါဆိုရင် စောဂျိမ်းတို့ရော စိန်သောင်းတို့ရော အလုပ်ဖြစ်သွားပြီ။ စောဂျိမ်းတို့က ဘယ်တော့ထွက်ကြမလဲ”

“ဒီနေ့တော့ ပင်ပန်းလာတယ်ဗျာ။ နားဦးမယ် နောက်နေ့မှ ထွက်ကြတာပေါ့”

“အေး ဒါဆိုလဲ ညနေစာအတွက် မင်းတို့အကြိုက်လဲ လူဆူးပုတ်ဟင်းချိုကတော့ ရတယ်ကွ။ ပတတ်ဆီပြန်ကတော့ ဒီရာသီက ပတတ်မရကြဘူးကွ။ ရွာထဲက ဝက်တစ်ကောင်ပေါ်ခိုင်းပြီး မျှင်ငါးပိကို မရမ်းသီးနဲ့ ထောင်းလိုက်ရင် မကောင်းဘူးလား”

“ကောင်းတာပေါ့ ကိုစိန်ဘန်းရယ်”

“အေး ငါ့မိန်းမကို စီစဉ်ခိုင်းလိုက်မယ်။မင်းတို့ ရေချိုးကြ နားကြအုန်း”

စောဂျိမ်း၊ ကျော်စိုး၊ စိန်သောင်းနှင့် ဥာဏ်မြင့်တို့လေးယောက်သား အထုတ်အပိုးကိုယ်စီနှင့် ရွာထဲမှထွက်လာခဲ့ကြသည်မှာ တစ်နာရီနီးပါးလောက်ကြာမှ တောစပ်ကို ရောက်လာကြသည်။ တောစပ်ကိုရောက်တော့ အထုတ်အပိုးများကိုချကာ နားကြရင်း စိန်သောင်းနှင့် ဉာဏ်မြင့်က လက်ဖက်များ၊ ဘဲဥပြုတ်များကိုထုတ်ကာ သစ်ပင်တစ်ပင်အောက်တွင် တင်မြောက်လိုက်ကြသည်။

ဒေသအလိုက် တောဝင်မည်သူများ၏ အစဉ်အလာဖြစ်သည်။

ခဏနားကြပြီးနောက် တောတွင်းလူသွားလမ်းကလေးအတိုင်း လျှောက်လာကြပြီးနောက် တစ်နေရာအရောက်တွင် စိန်သောင်းက

“ကျွန်တော်တို့ ဒီနားတစ်ဝိုက်မှာ ကြက်တည်ကြမယ်။ မုဆိုးကြီးတိုကကော …

“ဒါဆိုရင် တို့လဲ ဒီနားတစ်ဝိုက်လောက်မှာ တောကောင်လိုက်ပစ်ဦးမယ်။ မရောက်တာကြာတော့ တောကို မေ့တေ့တေ့ဖြစ်နေပြီ။ သိပ်ဝေးဝေးမသွားရဲဘူး”

စောဂျိမ်းက ပတ်ဝန်းကျင်ကို လေ့လာလိုက်ရင်း တစ်နေရာမှ လုံးပတ်အတော်ကြီး၍ အတော်မြင့်သော ကညင်ပင်ကြီးကိုကြည်ကာ

“နေမွန်းတည်ချိန်လောက်မှာ ဒီကညင်ပင်အောက်မှာ အားလုံးဆုံကြမယ်။ တို့လဲ သားကောင် ရရ မရရ ဒီနေရာကို အရောက်လာမယ် … ဟုတ်ပြီလား။ နောက်တစ်ခု မှာစရာရှိတာက ခင်ဗျားတို့ ဒုက္ခအခက်အခဲတစ်ခုခုတွေ့ရင် လက်ခေါက်မှုတ်ပြီး အချက်ပေး … ဒါဆို ဖြစ်တယ်နော်”

“ဖြစ်တယ် … ဖြစ်တယ်”

“ဒါဆို ကျုပ်တို့သွားပြီ”

အောက်ခြေတွင် ခြုံနွယ်များရှုပ်သလောက် အပေါ်တွင်လည်း သစ်ပင်ကြီးများက ရှုပ်နေသည်။ ထင်းခုတ် ဝါးခုတ်သမားများ သွားလာကြသော လူသွားလမ်းကလေးများကလည်း သစ်ပင် ခြုံနွယ်များပိတ်ကာ တချို့နေရာများတွင် လမ်းပျောက်နေသည်။

နာရီဝက်လောက်လျှောက်လာကြသည်အထိ သားကောင် အရိပ်အယောင်မျှပင် မတွေ့ရသေး။

“ကျော်စိုး … တောကတော့ ပိတ်နေတာပဲကွ။ သတိတော့ရှိ ပစေနော်။ ငြိမ်နေတာ ပိုဂရုစိုက်ရမယ်”

“စိတ်ချ စောဂျိမ်း၊ သေနတ်ကို အဆင်သင့်လုပ်ထားတယ်”

“ဘူး … ဘူး … ဘူး”

အတော်ကြီးသော ထောက်ကြန်ပင်ကြီးပေါ်မှ လာသောအသံဖြစ်သည်။

စောဂျိမ်းရော ကျော်စိုးပါသဘောပေါက်လိုက်သည်။ ငှက်ငနွား တစ်ကောင်အော်သံဖြစ်သည်။ ကျော်စိုးက

“ဘယ်လိုလဲ စောဂျိမ်း ချောင်းပြီး ဆော်ထည့်လိုက်ရမလား”

“အေးကွ ငှက်ငနွားက တစ်ကောင်ကို ကြက်မတန်းလောက် အချိန်စီးတာ။ ပြုတ်ကြော်လေး လုပ်စားရင် သိပ်ကောင်းတယ်ကွ။ ဒါပေမယ့် သေနတ်သံကြားရင် သူ့ထက်ကြီးတဲ့ တောကောင်တွေ လွတ်သွားပါ့မယ်ကွာ၊ လုပ်မနေပါနဲ့တော့”

ထောက်ကြန့်ပင်ကို ကျော်၍ ဆင်ခြေလျောတောင်း စောင်းကလေးအတိုင်း လျှောက်လာကြရင်း တစ်နေရာအရောက်တွင် ရှေ့ကသွားနေသော စောဂျိမ်းကတစ်စုံတစ်ခုကို တိုက်မိကာ ရှေ့ကို ဟပ်ထိုးလဲကျသွားတော့သည်။ ကျော်စိုးက ပြေးထူရင်း

“စောဂျိမ်း ဘာကိုတိုက်ပြီး လဲတာလဲ … သိလား”

“မသိဘူးကွ ခြေထောက်တော့အတော်အီသွားတယ်”

“လိပ်ကြီးတစ်ကောင်ကို တိုက်မိတာဗျ”

စောဂျိမ်းက ကုန်းရုန်းထရင်း ခလုတ်တိုက်မိသော လိပ်ကိုကြည့်လိုက်သည်။ ပြီးမှ …”

“တော်သေးတယ်”

“ဘာဖြစ်လိုလဲ စောဂျိမ်း”

“မုဆိုးက တောထဲမှာ လိပ်ကိုတွေ့ရင် နိမိတ်မကောင်းဘူးလို အစွဲရှိကြတယ်။ ငါ့အမြင်တော့ လိပ်ကိုတွေ့ရင် ဟင်းမျိုးကိုတွေ့တတ်လို နိမိတ်မကောင်းဘူးလို့ ထင်ကြတယ်လို့ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟင်းမျိုး(ကျား)ဆိုတဲ့အကောင်က လိပ်ကိုတွေ့ရင် ကိုက်စားလို့ မရတော့ ဆော့တတ်တယ်ကွ။

လိပ်က ပက်လက်လန်ပြီး ပတ်ချာလည်နေရင် လက်နဲ့ ပုတ်ပြီးဆော့တတ်တယ်။ ဒါ့ကြောင့် လိပ်ပက်လက်လန်နေတာတွေ့ရင် အနီးပတ်ဝန်းကျင်မှာ ဟင်းမျိုးရှိတတ်တယ်။

အတွေ့အကြုံမရှိတဲ့ မုဆိုးဆိုရင် လိပ်ကိုတွေ့ ပြီး ဟင်းမျိုးနဲ့ ရင်ဆိုင်တိုးတော့တာပဲ။ ဒါကြောင့်မို့ ပက်လက်လား၊ မှောက်ခုံလား ထကြည်တာ၊ အခုတော့ မှောက်ခုံတွေ့လို့ စိတ်အေးသွားတာ”

လိပ်က အချင်းတစ်ပေလောက်ရှိသော တောင်လိပ် တစ်ကောင်ဖြစ်သည်။ တရွေ့ရွေ့နှင့် ခြုံတောထဲသို့ ဝင်သွားသည်။ ဆင်ခြေလျော တောင်စောင်းကလေးအတိုင်း တက်လာကြရင်း ကိုက် (၁၀၀)လောက်အ ရောက်တွင် …

“တောက် … တောက် … တောက် … တောက်”

စောဂျိမ်းရော ကျော်စိုးပါ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ထိုအသံများက ရှဥ့်များ ရန်သူကိုမြင်၍ တစ်ကောင်နှင့်တစ်ကောင် အချက်ပေးသံဖြစ်သည်။

စောဂျိမ်းတို့ကို ရန်သူထင်၍ အချက်ပေးသံလား၊ တခြားရန်သူတွေ့၍ အချက်ပေးသံလားတော့ ခွဲခြား၍ မသိနိုင်။ ထို့ကြောင့်နှစ်ယောက်သား မျက်ရိပ် မျက်ခြည်ပြကာ တဖြည်းဖြည်း ချီတက်လာကြရာ တောင်စောင်းထိပ်နားအရောက်တွင် စွန်လက်သည်း ခြုံနှင့် ခေါင်ပဲ့ခြုံများရောထွေးကာ ပေါက်နေသော ခြံကြီးတစ်ခုထဲမှထဲမှ သိမ့်ကနဲ သိမ့်ကနဲ လှုပ်ရမ်းနေကာ သတ္တဝါတစ်ကောင်၏ မချိမဆန့်အော်သံကိုပါ ကြားလိုက်ကြရသည်။

ခြုံကြီးက လှုပ်ရမ်းနေဆဲ၊ သတ္တဝါတစ်ကောင်၏ မချိမဆန့် အော်သံကိုလည်း ကြားနေရဆဲ။

စောဂျိမ်းနှင့် ကျော်စိုးက တောင်စောင်းထိပ်ရှိ မြရာပင်အစုလေးတစ်ခု၏ အကွယ်မှ မျက်တောင်မခတ် ကြည့်နေကြသည်။

ခြုံကြီးက တဖြည်းဖြည်း မြေပြင်ပေါ်သို့ အိကျလာသည်။

သိပ်မကြာလိုက်၊ ထုထည်ကြီးလှသော အစိုင်အခဲကြီးတစ်ခုက ခြုံထဲမှ လျောထွက်လာကာ တောင်စောင်းအတိုင်း တလိမ့်လိမ့်နှင့် ဆင်းသွားတော့သည်။

“ဟာ…”

“စောဂျိမ်း စပါးကြီးမြွေကြီး ထင်တယ်”

“အေး ဟုတ်မယ်၊ လုံးထွေးပြီး လိမ့်ဆင်းသွားတာဆိုတော့ မြွေတစ်ကောင်ထဲတော့ ဖြစ်နိုင်မယ်မထင်ဘူးကွ”

လိမ့်ဆင်းသွားသော အစိုင်အခဲကြီးက ဆင်ခြေလျောတစ်လျောက် သစ်ရွက်ခြောက်များ သစ်ကိုင်းခြောက်များကို တဗြောဗြောမြည်အောင် တိုက်ချသွားလေသည်။ ခြုံတစ်ခုထဲသို လိမ့်ဝင်သွားပြီးနောက် တိတ်ဆိတ်ငြိမ်သက်သွားသည်။

“စောဂျိမ်း သွားကြည်ရအောင်”

“အေး”

စောဂျိမ်းတို့နှစ်ယောက် တိတ်ဆိတ်စွာနှင့် ခြုံတောရှိရာသို့ ချဉ်းကပ်သွားကြသည်။ ခြုံတောကြီးကတော့ ငြိမ်သက်နေဆဲ။ ခြုံပင်များကိုဖြဲကာ တရွေ့ရွေ့တိုးလာရင်း တစ်နေရာအရောက်တွင် ဘွားကနဲ တွေ့လိုက်ရသည်ကား …

“ကျော်စိုးရေ ဘယ်လိုပြောရမှန်းတောင်မသိတော့ဘူး”

ကျော်စိုးကလည်း မြင်ကွင်းကို တအံ့တသြကြည့်ရင်း …

“အေး ဟုတ်ပါ့”

“စောဂျိမ်းရ ဘယ်လိုပြောရမလဲ၊ အဲဒါ စားရကံကြုံလို့ မုတ်ဆိတ်ပျားစွဲတယ် ဆိုတာပေါ့”

စပါးကြီးမြွေကြီးက ဆတ်တစ်ကောင်ကိုမြိုရန် အားထုတ်နေရင်း ဆတ်ကောင်က ရုန်းကန်နေသောကြောင့် ခြုံထဲကနေ အရှိန်လွန်ကာ တောင်စောင်းအတိုင်း နှစ်ကောင်စလုံး လုံးထွေးလျှက် လိမ့်ကျလာခြင်းဖြစ်သည်။

တောင်စောင်းအောက်က ခြုံတောထဲသို လိမ့်ဆင်းလာရင်း ခြုံတောထဲမှ သစ်ခြောက်ပင်တစ်ခုနှင့် ဝင်ဆောင့်မိသည်။ သစ်ခြောက်ပင်၏ ကျိုးနေသောငုတ်အချွန်တစ်ခုက စပါးကြီးမြွေ၏ ခေါင်းကို တည့်တည့်စိုက်ဝင်သွားသည်။

အနားတွင်လည်း စပါးကြီးမြွေက ဆွဲဆန့်ထားသောကြောင့် မသေမရှင်ဖြစ်နေသော ဆတ်ကောင် ကလည်း တုံးလုံးလဲလျှက်။ စပါးကြီးမြွေ၏ ခေါင်းကို သစ်ပင်ငုတ်က ထုတ်ချင်းခတ် စိုက်ဝင်နေသော်လည်း မြွေကြီး၏ ခန္ဓာကိုယ်က တွန့်လိမ်ရစ်ပတ်ကာ လှုပ်ရှားနေလျှက်။

စောဂျိမ်းရော ကျော်စိုးပါ ပျော်နေကြသည်။ သေနတ်တစ်ချက်မျှ မပစ်၊ ကျည်တစ်တောင့်မျှ မကုန်ပဲ ဟင်းစားနှစ်ကောင် ရလိုက်သောကြောင့်ဖြစ်သည်။ ထို့အပြင်စပါးကြီးသည်းခြေကို ရောင်းပါက ဈေးကောင်းပင် ရဦးမည်ဖြစ်သည်။

စပါးကြီးအကောင်ကြီးကို အိတ်တစ်လုံးတွင် ထည့်၍ ဆတ်ကောင်ကို ခြေထောက်လက်ထောက်များတုတ်ချည်ကာ နှစ်ကောင်စလုံး ဝါးလုံးတစ်လုံးနှင့် ရှေ့နောက်တစ်ယောက်စီထမ်းကာ ကညင်ပင်ကြီးဆီသို့ မှန်း၍ လျောက်လာခဲ့ကြသည်။

စိန်သောင်းနှင့် ဥာဏ်မြင့်က စောစီးစွာ ရောက်နေကြသည်။ သူတို့အနားတွင် တောကြက် ၄ ၊၅ ကောင်ကို ကြိုးချည်လျှက်သား အတွဲများဖြင့် တွေ့ရသည်။ စိန်သောင်းက …

“မုဆိုးကြီးတို့လဲ အဆင်ပြေလာတယ် ထင်တယ်”

“ဟာ မင်းတို့အမြင်ပဲ ၊ သိပ်အဆင်ပြေတာပေါ့ကွာ။ မင်းတို့ရော”

“ပြေမှ ပြေပေါ့ဗျာ။ ဒီတောက လူအလာနည်းတယ်ထင်တယ်။ ကျွန်တော်တို့ကောင်မက မူယာမာယာတောင် မပြလိုက်ရဘူး။ အသံပေးရုံလေးနဲ့တင် ဟောတစ်ကောင် ဟောတစ်ကောင်ပဲဗျို့။ မုဆိုးကြီးတိုနဲ့ ဟင်းစားလဲစားကြတာပေါ့ဗျာ။ ဟို အထုပ်ကြီးထဲက ဘာကြီးလဲဗျ”

“စပါးကြီးမြွေကွ”

“ဟာ ဒါဆိုရင်ထောပြန်ပြီဗျို့။ စပါးကြီးသည်းခြေက သိပ်အဖိုးတန်ဗျ”

“မင်းတို့တောကြက်ဘယ်နှကောင်ရလဲ”

“၁၆ ကောင်ပါ”

“ဘာအရင်းအနှီးစိုက်လိုက်ရလဲ”

“ဘာမှမစိုက်ရပါဘူး။ ကျွန်တော်တို့ကောင်မပဲ လာကာနီး အစာကျွေးရတဲ့ အစာဖိုးပါပဲ၊ ဘာဖြစ်လို့မေးတာလဲ”

“တို့လဲ ကျည်တစ်တောင့်မှမကုန်၊ သေနတ်တစ်ချက်တောင် မပစ်လိုက်ရပါဘူးကွာ”

စောဂျိမ်းက ဖြစ်ပုံကို ရှင်းပြလိုက်သည်။

စိန်သောင်းနှင့် ဉာဏ်မြင့် အံ့ဩသွားကြသည်။

“မုဆိုးကြီးတို့ ဒီတစ်ခါလာတာ ကံကောင်းတယ်ဗျာ။ အင်း … ကံကောင်းတယ်ပဲပြောရမလား၊ ကျွန်တော်တို့တော့ ဝင်ဝင်ချင်း ပိုင်ရာ ဆိုင်ရာတွေကို တင်မြှောက်ပသလို့ ပေးကမ်းစွန့်ကျဲတယ်ပဲ ပြောရ မလား …”

“ထားပါတော့ကွာ … သားကောင်ရဘို့ပဲ အရေးကြီးပါတယ်။ အဲဒီတော့ တို့လဲ တောကြက်ဆီပြန် မစားရတာကြာပြီကွ။ တို့ဆီက ဆတ်တစ်ခြမ်းယူ၊ မင်းတို့က တောကြက်ဘယ်နှစ်ကောင် ပေးမှာလဲ”

“တစ်ယောက်တစ်ဝက်ဆိုတော့ ရှစ်ကောင်ယူပေါ့ဗျာ”

“အေး ဟုတ်ပြီ၊ နောက်ပြီး မင်းတို့က စပါးကြီးသား စားရဲလား”

“စားလိုရတာ အကုန်စားပဲ”

“အေး ဟုတ်ပြီ၊ ဒါဆိုတစ်ဝက်ယူပေါ့ကွာ။ တောကြက်ဆီပြန်၊ မြွေသားပြုတ်ကြော်၊ ဆတ်သားခြောက်ဖုတ် အဆင်ပြေတယ်ဟေ့ “

“တစ်ဝက်စီဆိုရင် မုဆိုးကြီးက ပေးစရာကျန်သေးတာပေါ့”

“ဟေ … ဘာပေးရမှာတုန်းကွ”

“စပါးကြီးသည်းခြေတစ်ဝက်. . .“

“ဟေ . . . ဒါကတော့ မင်းတို့က ငါ့ချီး…”

စိန်သောင်း၊ ဉာဏ်မြင့်နှင့် ကျော်စိုးတို့သုံးယောက် ဝိုင်းရယ်လိုက်ကြမှ စောဂျိမ်းက သူကိုနောက်မှန်း သဘောပေါက်ကာ ရောယောင်၍ ဝိုင်းရယ်လိုက်တော့သည်။

– ပြီး –

စာရေးသူ – မောင်မြင့်မား(ဘိုကလေး)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ