တောဘဲကလေးတွေ ချစ်စရာ

Posted on
သော်တာဆွေ
တောဘဲကလေးတွေ ချစ်စရာ (အပိုင်း ၁)
ပြာမှောင်မှောင် ခိုမင်အသွေးရယ်နဲ့
ရွာမယောင် မိုးဆင်လို့ပေးပြန်တော့
ပျိုးပင်ကလေးတွေ စိမ်းလဲ့ကြည်။
ဓနိတောမှာလေ ငါးပိပေါသနဲ့
မိချောထဘီ ရေတွေစိုလို့
စိန်ရွှေကို ပျိုမမက်ပါဘူး
ဣန္ဒြေနဂိုအရှက်ကို ဖုံးဝှက်လို့ငို။
အာလူးကြော် အညှီတပွဲရယ်နဲ့
ငါမူးပြီးနော် အတည်ဆဲမိလ်ိမ့်
ဟေ့ … ဒီငနဲက သောက်လေကွာ
နောက်တခါဖြင့် ဝီစကီတလုံး။
ထွေးလုံးသည် တကြော်ကြော် အော်၍နေလေရာ သူ့အမေဒေါ်သန်းရွှေက …
“ဟဲ့သား … ဘာတွေ ပေါက်ကရ လျှောက်ဆိုနေတာလဲ”
ထွေးလုံး မှာ သူ့ဘဲကလေး (၁၀) ကောင်နှင့် သိပ်ပျော်နေသည်။ မိုးရာသီ သူတို့ခြံထဲ မြေစိုစိုမှာ တီကျစ်စာပုံတွေတူးဆွ၍ သူ့ဘဲကလေးများအား တီကောင်တွေ ကျွေးနေလေသည်။
ဝမ်းဘဲတို့မည်သည် တီကောင်ကို အကြိုက်ဆုံးဖြစ်၏။ တချက်တူးလိုက်၊ တီကောင်တွေ ပေါ်လာလိုက်၊ ဝမ်းဘဲကလေးတွေ တွီစလီ … တွီစလီ မြည်လျက် လုစားလိုက်၊ သူတို့နှုတ်သီးလေးတွေ တူရွင်းနှင့်မထိအောင် မနည်းသတိထားရသည်။
ထွေးလုံးသည် ပျော်လွန်း၍ သူ့နှုတ်ထဲ ရရာတွေ လျှောက်ဆိုနေသည်။ မအေလည်း သူ့သားလှမ်း ကြည့်၍ စိတ်ထဲ ကျေနပ်အားရလျက် …
“ဒီ မဟုတ်တရုတ်သီချင်းတွေ မင်း ဘယ်ကရလာတာလဲကွ”
“သြော် … အမေကလဲ၊ အရက်ဆရာ ဦးဦးသော်တာ သူမူးရင် အရပ်ထဲ အော်အော်ဆိုသွားတာ ကြားရဖန် များလို့ တချို့တဝက် ကျွန်တော်ရနေတာ အမေရဲ့”
ဒေါ်သန်းရွှေသည် နောက်ဖေးကြမ်းပြင်မှာ ပန်းကန်ဆေးရင်း …
“အရက်သမား သီချင်းတွေဟယ်”
စင်စစ် သီချင်းမဟုတ်ပေ။ ရှေးခေတ် ဒဂုန်မဂ္ဂဇင်းကြီးထဲတွင် ဆရာဒဂုန်နတ်ရှင်က ‘ပါနောက်’ အမည်နှင့် ရေးခဲ့သော ဟာသလေးချိုးတွေထဲမှ ဟိုတပိုဒ် သည်တပိုဒ် ဖြစ်သည်။
ထိုအချိန်က ဆယ့်လေးငါးနှစ်မျှ ရှိခဲ့သော မောင်သော်တာလေးက အလွတ်ကျက်မှတ်ခဲ့ရာ ယခု အသက် (၆၀) ကျော် ပင်စင်ရ ကျောင်းဆရာကြီး ဦးသော်တာက အရက်မူးရင်း ဆိုလေ့ရှိသဖြင့် အရက်သမားသီချင်းဟု မအေက ပြောသည်ကို ထွေးလုံးက တယ်ပြီး မကျေနပ်လှ။
“ဆိုလို့တော့ ကောင်းတာပဲ အမေရယ် ”
“ကဲ … ကဲ ဒါဖြင့် ဆိုတော်မူပါရှင်။ ပါးစပ်ကဆိုရင်း လက်က တူးနေတော့ ဘဲကလေးတွေခေါင်းလဲ ထိမိခိုက်မိနေဦးမယ်။ သြော် … ဒါနဲ့ သားရေ၊ မင်းဘဲလေးတွေ တီကောင်တွေကျွေးပြီးရင် ညိုမနဲ့ ကြန်စုံတို့ သားအမိကို သွားပြီး မောင်းတိုင်ရွှေ့ခိုင်းလိုက်ဦး ”
“ဟုတ်ကဲ့ အမေ”
“နောက်ပြီး အင်းထဲက ကန်စွန်းရွက်ညွန့်ကလေးများလဲ ခူးခဲ့ပါကွယ် ”
“ဟုတ်ကဲ့ အမေ … ကျွန်တော့် ငါ့လူးတွင်းတွေက ငါးရချင်လဲ ရဦးမှာ ”
ထွေးလုံးသည် (၁၁) နှစ်အရွယ် (၅) တန်းကျောင်းသားကလေး ဖြစ်၏။ သူတို့ရွာကျောင်းမှ မူလတန်း အောင်ပြီးနောက် နှစ်မိုင်မျှဝေးသော မြို့ပေါ်ရှိ အထက်တန်းကျောင်းသို့ ပြောင်းခဲ့ရသည်။ ထွေးလုံး၏ အမေ ဒေါ်သန်းရွှေနှင့် အဖေ ဦးထွန်းစိန်က ကျရာအလုပ်ကို လုပ်၏။
ဒေါ်သန်းရွှေက ရွာမှထွက်သော ဟင်းသီးဟင်းရွက်များကို နေ့စဉ် မြို့ပေါ်သို့ သွားရောင်းလေ့ရှိ၏။ သို့ဖြင့် သူတို့ ချွေချွေတာတာ စုစုဆောင်းဆောင်း လုပ်ခဲ့ရာ နွားမတကောင် ဝယ်၍ မွေးနိုင်ခဲ့၏။ ညိုမဟု နာမည်ပင် ပေးသည်။
ညိုမ ဇီးနှင့် အရင့်အမာရှိသော တနေ့၌ ထွေးလုံး ညနေကျောင်းက ပြန်အလာတွင် …
“သားရေ … ညိုမကို သွားရှာချေဦး။ သူ့မှာ မွေးခါနီးနေပြီ။ ကောင်မက မြက်နုက ကြိုက်ပါဘိသနဲ့။ မတော်တဆ အင်းစပ်ထဲက နွံထဲ မွေးနေမှဖြင့် နွားကလေး နစ်နေမှာ စိုးတယ်”
ထွေးလုံးသည် သူတို့ရွာအနီးက ရွှေကြာအင်းဆီသို့ ဒုန်းစိုင်းခဲ့လေ၏။ အင်းစပ်က တောင်ကမူစာ ရောက်သောအခါ မြက်နုကလေးတွေ တဝကြီးစားပြီး ကိုယ်ဝန်အရင့်အမာနှင့် မြက်ခင်းပေါ် တစောင်းလှဲကာ ခေါင်းထောင်၍ ပါးစပ်တလှုပ်လှုပ်နှင့် စားမြုံ့ပြန်နေသော ညိုမကို လှမ်းမြင်ရသည်နှင့် လက်ထဲရှိ တုတ်ကလေးကို ဝှေ့ယမ်းလျက် တအားပြေးဆင်းသွားလေ၏။
တောင်ကမူစာခြေရင်းရောက်သော် သူ့ခေါင်းပေါ်မှာ တဖျပ်ဖျပ် တောင်ပံခတ်သံ ကြားရသောကြောင့် အသာမော့ကြည့်လိုက်တော့ လားလား … တောဘဲငန်းဖြူကြီးတကောင် တောင်ပံမှာ ခရမ်းရောင်မှန်ကူကွက်နှင့် လှလိုက်တဲ့ဖြစ်ခြင်း။
ထွေးလုံးသည် ထိုဝမ်းဘဲကို တအံ့တသြ ငေးမောကြည့်ရှုနေစဉ် ဝမ်းဘဲက အင်းလက်တက်ဖြစ်သော ချောင်းရိုးတလျှောက် ပျံသွားပြီး အင်းစပ်ရှိ ကိုင်းတောပေါ် အရောက်တွင် သုံးလေးပတ် လှည့်၍ဝဲသည်။ ထို့နောက် ကိုင်းပင်များအကြားသို့ ထိုးဆင်းသွား၏။
တိရစ္ဆာန်ကို ချစ်ခင်နှစ်သက်တတ်သော ထွေးလုံးသည် ယင်းဝမ်းဘဲကို အနီးကပ်မြင်လိုစိတ် ပေါ် လာသောကြောင့် ချောင်းရိုးအတိုင်း အင်းစပ် ကိုင်းတောရှိရာသို့ ခြေဖွဖွကလေးနင်းကာ သွားလေ၏။
မိုးဦးကျသည်မှာ သိပ်ကြာသေးသည် မဟုတ်သောကြောင့် ချောင်းကလေးသည် ရေက သူ့ခြေသလုံးဝက်မျှသာ ရှိသေးသည်။
ကိုင်းတောအနီးရောက်လျှင် သူသည် ချောင်းထဲဆင်းကာ ခါးကို ကုန်း၍ ကုန်း၍ ဖြည်းဖြည်းချင်း လှမ်းကာ ကိုင်းတောချုံပုတ်များအတွင်းသို့ မျက်စိကစားရင်း အခုန ဝမ်းဘဲကြီးကို ရှာသည်။
ချောင်းကွေ့တနေရာ၌ သူသည် ရုတ်တရက် နွံဗွက်အိုင်လေးတခုကို နင်းမိ၍ စွပ်ခနဲ ဒူးဆစ်ထိ ဝင်သွားသည်၌ လျှာကလေးတစ်လစ်ထုတ်မိကာ ခေါင်းနားပန်းကြီးသွားလေသည်။
မတော်တဆ သည်အသံကို ဝမ်းဘဲများ ကြားသွား၍ ထပျံပြေလေမလားပေါ့။ သို့သော် တော်ပါသေး၏။ ဝမ်းဘဲ ထပျံသည် မမြင်ရ။ ထို့နောက် သူ့ခြေထောက်ကို နွံထဲမှ ဆွဲထုတ်ကာ တလှမ်းချင်း ချွတ်နင်းလျှောက်ရင်း ကိုင်းပင်များ ချုံပုတ်များကို အသာ ဖြဲကာ ဖြဲကာ ချောင်းကြည့်ခဲ့ရာ လေးငါးကိုက်မျှ သွားမိလျှင် ဆင်ငိုမြက်ကြီးများ ဝန်းရံလျက်ရှိသော မြက်ခြောက် သစ်ရွက်ခြောက်များပေါ်၌ ကျကျနန ဝပ်နေသော ဝမ်းဘဲမကို တွေ့ရလေ၏။
ဝမ်းဘဲမသည် ဖြူဖွေးနေသော သူ့အမွေးအတောင် များကို နှုတ်သီးဖြင့် ထိုးဆွကာ သူ့ကိုယ်သူ သနေသည်။ ဦးခေါင်းကို ရှေ့တိုးနောက်ငင်လုပ်ကာ ဟန်ရေးပြနေသည်။
ထွေးလုံးမှာ ပီတိဖြာနေ၏။
နောက်တခဏအကြာ၌ ဝမ်းဘဲမသည် ဝပ်နေရာမှ ဖြုန်းခနဲထကာ တဟုန်ထိုး ပျံတက်သွားလေသည်။
သူသည် လှုပ်ရှားသမှု မပြုဝံ့သေး။ ဝမ်းဘဲမသည် အပေါ်မှနေ၍ သူ့ဝပ်ကျင်းရှိရာကို သုံးလေးပတ်မျှ ပါးစပ်က ‘ဂတ် ဂတ် ဂီး’ အော်မြည်လျက် ဝဲပျံပြီးနောက် သူ့လာလမ်းအတိုင်း ပျံသွားလေ၏။
အောက်က ချောင်းကြည့်နေသော ထွေးလုံးမှာ ဝမ်းဘဲမ သူ့မျက်စိတဆုံး ရောက်သွားတော့မှ အသက်ရှူ ဖြောင့်လျက် တဒိတ်ဒိတ်ခုန်နေသောရင်ဖြင့် ဝမ်းဘဲမအသိုက်ရှိရာသို့ ခပ်သွက်သွက် သွားလေ၏။
ဟာ … ဆင်ငိုမြက်ဖုတ်အလယ်မှာ ကိုင်းရွက်ခြောက်တွေ၊ ဘဲမွေးတွေအပုံကြီး။ ၎င်းကို ဖြဲကြည့်လိုက် တော့ ထွေးလုံး ဝမ်းသာလိုက်တဲ့ ဖြစ်ခြင်း။ ဝမ်းဘဲဥပြာပြာကြီးတွေ ငါးလုံး။ အပေါ်ဆုံးတလုံး လက်နဲ့ အသာကိုင်ကြည့်လိုက်တော့ ပူပူနွေးနွေးရှိသေး။ ခုနကလေးမှ ဥခဲ့တာကိုး။
ထိုစဉ် ထွေးလုံး စိတ်ထဲဝယ် အကြံတခု ဒိုင်းခနဲ ရောက်လာသဖြင့် ဥတွေကို မူလအတိုင်းဖြစ်အောင် ဘဲမွေးတို့ဖြင့် ပြန်ဖုံးလိုက်ပြီး သူ့စိတ်ကူးနှင့်သူ အလွန်ပီတိဖြစ်လျက် သူ့လာလမ်းအတိုင်း ပြန်ခဲ့ကာ ညိုမကို အိမ်သို့ ပြန်မောင်းခဲ့လေ၏။
ထွေးလုံးတွင် အချစ်ဆုံးသူငယ်ချင်း သူ့ထက် နှစ်နှစ်ကြီးသော ခုနှစ်တန်းကျောင်းသားကြီး ဂွေးနီ မည် သော လူငယ်ရှိ၏။ ထွေးလုံးက သူတွေ့ထားသော ဝမ်းဘဲမအသိုက်နှင့် သူ့ဆန္ဒပြောသောအခါ …
“အေး … မင်း ဘဲလေးတွေ လိုချင်တယ်ဆိုရင် မင်းဒီဘဲသိုက်တွေ့ထားတာကို ဘဲမကြီး မသိစေနဲ့။ ဝမ်းဘဲ ထုံးစံ ဆယ့်လေးငါးလုံး ဥပြီးရင် ဝပ်လ်ိမ့်မယ်။ သီတင်းလေးပတ် (၂၈) ရက်ကြာတော့ အကောင်လေး တွေပေါက်မယ်။ ဒီတော့ တို့ သူ့အမေကြီးပါ သွားဖမ်းယူမယ် ”
“ဘဲမကြီးက အဖမ်းခံပါ့မလား။ ထွက်မပြေးဘူးလား ”
“သူ့ကလေးတွေ ချစ်တဲ့ဇောနဲ့ ထွက်မပြေးတဲ့အပြင် မင်းကိုတောင် သူ့နှုတ်သီးနဲ့ ဆွဲလိမ့်ဦးမယ်ကွာ ”
သို့သော် ကြေကွဲဖွယ်ရာကား ဘဲမကြီး ဥ တဆယ့်နှစ်လုံးမြောက် ဥပြီးသော နောက်တနေ့၌ မြို့မှ ရွှေကြာအင်းသို့ ပျော်ပွဲစားထွက်လာကြသော လူတွေလက်ချက်နှင့် သေနတ်မှန်၍ သေဆုံးသွား၏။
နေ့စဉ် လာသောဘဲမကြီးသည် ထိုနေ့၌ မလာတော့သည်နှင့် မနေ့က တနင်္ဂနွေမှာ မြို့ကြီးသားတွေ သေနတ်နှင့် ပျော်ပွဲစားလာကြသည်ကို ဆက်နွယ်ကြည့်ခြင်းအားဖြင့် ဘဲမကြီး ကံကြမ္မာကို သိလေပြီ။
ထွေးလုံးသည် ထိုအကြောင်းကို ဂွေးနီနှင့် ဆွေးနွေးသောအခါ သူတို့အိမ်မှာ ကြက်ဘဲများ မွေးမြူသည်ဖြစ်၍ ထိုတိရစ္ဆာန်တို့အကြောင်း သိနေသော ဂွေးနီက …
“ဟေ့ … ထွေးလုံး၊ မင်း ဒီဘဲဥတွေ စားပစ်ချင်သလား၊ ဒါမှမဟုတ် ဘဲကလေးတွေ မွေးချင်သလား”
“ဟာ … ငါ ဘဲကလေးတွေ သိပ်မွေးချင်တယ်ကွာ”
“ဒါဖြင့် ဒီလိုလုပ်။ ငါတို့အိမ်မှာ နေမကောင်းတဲ့ ငါ့ညီမလေးကို နေ့တိုင်း ကြက်ဥတလုံး ကျွေးနေရလို့ ဥတွေကုန်ပြီး ဝပ်ချင်နေတဲ့ ကြက်မရှိနေတယ်။ အဲဒီတော့ မင်းဘဲဥတွေကို ငါတို့ ကြက်မဥကျင်းထဲ ယူထည့်။ ပေါက်တော့ရင် ဘဲကလေးတွေ မင်းအိမ်ယူသွား”
ယင်းသို့ဖြင့် ထွေလုံးတို့အိမ်က ညိုမက သူ့သားကလေး ကြန်စုံမွေးဖွားပြီး သုံးပတ်မျှအကြာတွင် ထွေးလုံး၏ တောဘဲဆယ့်နှစ်လုံးသည် ဘဲကလေးဆယ်ကောင် ပေါက်သဖြင့် သူ့အိမ်သို့ ယူဆောင်ခဲ့လေ၏။
ဤနည်းဖြင့် အမိမဲ့ဘဲကလေးများအား မွေးစားအဖေလုပ်ခဲ့သော ထွေးလုံးမှာ သူ့ဘဲကလေးဆယ်ကောင်နှင့် ပျော်လှသည်။ နောက်ပြီး သူတို့အိမ်မှာ မိခင်နွားမကြီး ညိုမနှင့် သား ကြန်စုံကလည်း ရှိနေသည်။ ယခု ကြန်စုံက နှစ်လသားရှိပြီ။ ဘဲကလေးတွေက တလကျော်ကျော်လောက် ရှိပြီ။ အထီးအမတော့ ခွဲမရသေး။
ထွေးလုံးသည် ထိုဘဲလေးများအား တီကောင် ဝလောက်အောင် ကျွေးခဲ့ပြီးနောက် ဓားမတိုလေးတချောင်း ခါးထိုးပြီး အိမ်မှ ထွက်လာခဲ့သည်။ ညနေ နေထန်းတဖျားခန့်ရှိ၍ မိုးသားမိုးတိမ်ကင်းစင်လျက် ရာသီဥတု သာယာနေသည်။ ရွာထိပ်က ညောင်ပိန္နဲပင်ကြီးအောက် ရောက်သောအခါ သူတို့ ရွာသား ကျောင်းနေဖက်များ ဖြစ်ကြသော ဂွေးနီ၊ အောင်ထွန်း၊ အုန်းကျော် စသော ကလေးများ ကစားနေကြသည်။
ထိုနေ့သည် ကျောင်းပိတ်ရက်ဖြစ်သဖြင့် နေ့ခင်းကြီးကတည်းက လာရောက် ကစားနေသည်။
မီးခြစ်ဆံတမ်း ဂေါ်လီရိုက်ကြသည်။ သားရေကွင်း ပစ်ကြသည်။ မျောက်ပန်းလှန်ကြသည်။ ပိုက်ဆံတမ်း။
ကြည့်စမ်း သည်ခေတ်ကလေးတွေ သည်လောင်းကစားမှုမကင်းသော နည်းတွေ ကစားနေကြသည်။ ထွေးလုံးမူ သူ့အိမ်မှာ သူချစ်သော တိရိစ္ဆာန်ကလေးတွေ ရှိနေသည်မို့ အခြားကလေးအဖော်များနှင့် ကစားစရာ မလိုတော့။
ဒါကလေးတွေ ကျွေးမွေးပြုစုရသည်နှင့်ပဲ ပျော်နေသဖြင့် သူ့အချစ်ဆုံးသူငယ်ချင်း ဂွေးနီက ကစားရန် ဆီးခေါ်သည်မှ …
“ဟေ့အေးကွာ … ငါ အင်းထဲသွားပြီး နွားသားအမိ မောင်းတိုင်ရွှေ့ပေးရဦးမယ်”
မောင်းတိုင်ဆိုသည်မှာ ဆုံလည်တိုင်ပေါ်တွင် ဝါးဆစ်ခေါင်းတလုံးနှင့် မောင်တံစွပ်ထား၍ ထိုမောင်း တံအဖျားမှာ နွားကြိုးကို ချည်၍ထားသည်။ မောင်းတံအရင်းဘက်မှာ အလေးဆွဲထား၍ မောင်းတံအဖျားသည် အစဉ်သဖြင့် အပေါ်ထောင်နေသဖြင့် နွား၏ခြေထောက်ကို ကြိုးမညှိနိုင်။
နွားသည် သူ့ချည်သောကြိုးနှင့် မောင်းတံအရှည်နှစ်ခုပေါင်း အချင်းဝက်ရှိသော စက်ဝိုင်းအတွင်းမှာ လှည့်ကာပတ်ကာ အစာစားနေရသည်။
ယခုလို မိုးတွင်းအချိန်မှာ လယ်များတွင် ကောက်ပင်များရှိနေပြီဖြစ်သောကြောင့် နွားများကို လွှတ်ထား၍ မဖြစ်တော့။ သည်လိုစားကျက်တွင် နွားများကို မောင်းတံနှင့် လှန်၍ ထားရသည်။
ထွေလုံးသည် ရောက်သွားသောအခါ ညိုမသားအမိသည် သူတို့ လှည့်ပတ်နိုင်သော စက်ဝိုင်းအတွင်းမှာ ခွာရာချင်းထပ်နေပြီဖြစ်သောကြောင့် အဆင်သင့်ပဲ ထွေးလုံးက မောင်းတိုင်ကို နေရာပြောင်းပေးလိုက်သည်။
ပထမမောင်းတံကို ချွတ်၊ ထို့နောက် မောင်းတိုင်ကို နှဲ့နှဲ့နုတ်၊ ပြီးလျှင် အခြားတနေရာသို့ မောင်းတံကို ယူသွားပြီး လန်းဆန်းစိုပြည်သော မြက်များရှိရာနေရာမှ မောင်းတံအဖျားချွန်ချွန်ကို မြေပျော့ပျော့တွင် ဆောင့်စိုက်၊ ထို့နောက် နွားမချည်ထားသော မောင်းတံကို နွားမနှင့် ဆွဲယူလာပြီး မောင်းတိုင်မှာ ပြန်စွပ်ပေးလိုက်သည်။ သူအဖေ ဦးထွန်းစိန် လုပ်ပေးထားသော မောင်းတိုင်။
ယင်းကိစ္စပြီးသောအခါ ထွေးလုံးသည် မောင်းတိုင်နှင့် တယ်ပြီး မဝေးလှသော ရွှေကြာအင်းထဲဆင်း၍ ကန်စွန်းညွန့်ခူးသည်။ သို့ခူးရင်း အင်းကမ်းစပ်မှ သူလုပ်ထားသော ငါးလူးတွင်းကလေးတွေကို လျှောက်ကြည့်ရာ ငါးရံ့ခေါင်းတိုကလေးနှစ်ကောင်နှင့် လယ်ငါးခူကြီးတကောင် ရလိုက်သဖြင့် ထွေးလုံး ဝမ်းသာလှ၏။
နေကို မော့ကြည့်လိုက်သော် အချိန်ရှိသေးသဖြင့် ထွေးလုံးသည် အင်းကမ်းစပ်မှ ငါးလူးတွင်းကလေးတွေ ထပ်ပြီးလုပ်သည်။ သူ့ဓားမတိုလေးနှင့် ရေစပ်မှာ တတောင်လောက်နက်အောင် အချင်း တမိုက်မျှရှိသော တွင်းဝိုင်းဝိုင်းကို တူးသည်။
ပြီးလျှင် ရေစပ်က တွင်းနှုတ်ခမ်းတခြမ်းမှာ ရွှံ့ကိုချောပြောင်နေအောင် ပွတ်သပ်ထားလိုက်သည်။ ငါးခူ၊ ငါးရံ့ကလေးတို့သည် သည်လိုချောပြောင်နေသော ရွှံ့သားကိုတွေ့လျှင် တက်ပြီးလူးတတ်သည်။
ဤအခါ တဖက်သို့ လွန်ပြီး တွင်းထဲကျ၊ ဤတွင်းထဲမှာ ရေမရှိ။
ထွေးလုံးသည် သူ၏ ငါးလူးတွင်းကလေးများသို့ အင်းကမ်းပါးမှ လျှောက်သွားသူတို့ မမြင်ရ မသိရ အောင် တွင်းဝအပေါ်ဘက်မှာ ကိုင်းရိုးဆက် ကိုင်းဇောက်ကလေးတွေနှင့် အုပ်ထားသည်။
အချိန်မရွေး ငါးကလေးတွေက ကျနေတတ်တာပဲ။ မိုးရွာသည်၊ ငါးမြူးသည် ဆိုသောအခါများတွင် တတွင်းတည်း နှစ်ကောင် သုံးကောင်ပင် ရတတ်သည်။
သည်နေ့တော့ နေသာသဖြင့် ငါးမမြူး။ ထို့ကြောင့် သူ့ငါးလူးတွင်း ဆယ့်လေးငါးတွင်းမှ ငါးသုံးကောင်တည်းသာ ရခဲ့သည်။
ညနေစောင်း နေဝင်ရီသရောအချိန်ခန့်တွင် နွားသားအမိကို မ၍ ကန်စွန်းရွက်စည်းကြိုးနှင့် ငါးသုံးကောင်ကို သီတံနှင့်ဆွဲပြီး ရွာတွင်းသို့ ဝင်လာသော ဆယ်နှစ်ကျော်ကျော်မျှ ရှိသေးသော သူငယ်ကလေးသည် မည်မျှကျက်သရေရှိပါသနည်း။
(ဘဲကလေးတွေနာမည်)
“အမေရေ … ကျွန်တော် သူတို့လေးတွေကို နာမည်ပေးထားပြီ။ သူက မီးခိုး၊ သူက မဲလုံး၊ သူက မှိုင်းပြာ၊ သူက ညိုမောင်၊ သူက ဖြူရော်၊ သူက ဝါနု၊ သူက ရင်ကျား၊ သူက ကျောကွက်၊ သူက ဘေးဖြူ၊ သူက ရောင်စုံတဲ့ အမေ”
ဘဲကလေးများသည် သူနှင့် လက်ပွန်းတတီး နေနေကျ၍ အလွန်ယဉ်ကျေးနေသည်။ ထွေးလုံး ပတ်ချာလည်မှာ ပါးစပ်ကလေးတွေ တွီစလီ … တွီစလီ မြည်လျက် လှုပ်လှုပ်ရွရွနေသည်ကို ထွေးလုံးက သူ့အမေအား တကောင်စီ တကောင်စီ ဦးခေါင်းကလေးတွေ လက်ညိုးနှင့် ထောက်ပြ၍ နာမည်ကလေးတွေ မှည့်ခေါ်နေလေရာ သူ့အမေက …
“သားရဲ့ … နင့်ဘဲကလေးတွေက ငါ့မျက်စိထဲမှာတော့ ညိုညိုပြာပြာ၊ ဖြူဖြူဝါဝါကလေးတွေချည်း ပါပဲကွယ်။ တကောင်နဲ့ တကောင် ခွဲမသိပါဘူး ”
“ကျွန်တော်ကတော့ သိတယ်။ ဟောဒါ ညိုမောင်၊ ဟောဒါ ရင်ကျား၊ ဟောဒါ ရောင်စုံ၊ ဟောဒါ ဘေးကွက်”
“မင်း ဘယ်လိုမှတ်သလဲ”
“မြင်နေကျတော့ အလိုလိုသိနေတာပေါ့ အမေရယ်။ ကဲ… မကြီး မငယ်တို့ အမြွာပူးညီအစ်မလေ၊ နံဘေးကလူတွေက ခွဲမသိကြဘူး။ ဟော … သူ့အမေကတော့ သိနေတာပေါ့။ အဲဒီလိုပေါ့။ နောက်ပြီး သူများကျွဲတွေကို စုကျောင်းတဲ့ ကိုပေတူးကြီးလေ။ ကဲ … ကျွဲတွေ အကောင်နှစ်ဆယ် အစိတ်ကို ဘယ်သင်း ဘယ်သူ့အိမ်က ကျွဲဆိုတာကို သူ ခွဲခြားသိနေတာကော၊ အဲဒါမှ အံ့သြဖို့ကောင်းတာ။ မကြီး မငယ်တို့က ညီအစ်မနှစ်ယောက်တည်းရယ်။ ကျွန်တော့် ဘဲကလေးတွေ ဆိုတာကလဲ အမွေးအရောင်လေးတွေ နည်းနည်းစီ ကွဲကြသေးတယ်။ ကဲ… ကျွဲတွေကျတော့ အားလုံး အရောင်တူ ချိုတူတွေလေ။ မဟုတ်ဘူးလား အမေ”
“ဟုတ်ကဲ့ပါ သားရယ်”
“ကဲ ဘုန်းကြီးတွေ ကြည့်ဦး။ အလှူမှာ ဘုန်ကြီးဆယ့်လေးငါးပါး ကြွလာတယ်။ သင်္ကန်းဝါဝါချည်းပဲ
ဒါပေမယ့် အမေတို့ ကိုယ့်ကျောင်းကဘုန်းကြီးတော့ ကိုယ် မှတ်မိတယ်၊ ခွဲခြားပြီးသိတယ် မဟုတ်လား”
“ဟယ် … ငထွေလုံး၊ နင့်ဟာ တော်တော့။ ဘယ်နှယ်တော် … ဘဲကနေ မကြီး မငယ်ရောက်၊ မကြီး မငယ်ကနေ ကျွဲရောက်၊ ကျွဲကနေ ဘုန်းကြီးရောက် … မစပ်မရာတွေ”
“သြော် … သဘောပြောတာပါ အမေရဲ့။ ဒါနဲ့ အမေ …ဘုန်းကြီးနဲ့ ကျွဲနဲ့ မတည့်ဘူးနော်။ ကျွဲတွေဟာ ဘုန်းကြီးတွေမြင်ရင် လိုက်ခတ်တာပဲ။ ဘုန်းကြီးတွေ လယ်ကွင်းထဲများ ကြွရရင် ကျွဲအုပ်ကို ဝေးဝေးက ရှောင်ရတယ်။ ကျွဲတွေက ဘုန်းကြီးတွေကို ဘာလို့ လိုက်ခတ်တာလဲ အမေ”
“ဟဲ့ … ကျွဲတွေက ဘုန်းကြီးတွေရယ်လို့ ခတ်တာမဟုတ်ဘူး။ သူတို့မျက်စိထဲမှာ နီနီဝါဝါ အရောင်တွေကို လိုက်ခတ်တာ”
“ဟုတ်တယ် အမေ … ဟုတ်မယ်။ တခါက ကျောင်းက ကိုရင်ကြီး ရှင်တိဿနဲ့ ကျွန်တော် ဥသျှစ်ကုန်းရွာက မသာ သွားတော့ အပြန်မှာ ချုံကွယ်တခုကနေ ရုတ်တရက် ကျွဲတကောင် ထွက်ပြေးလာပြီး ကိုရင်ကြီးကို လိုက်ခတ်တာ။ ကိုရင်ကြီးက ပြေးရင်း စိတ်ကူးရပြီး သူ့ ဧကသီကြီး ချွတ်၊ ချုံတခုပေါ်မှာ တင်ပစ်ခဲ့တော့ အဲဒီကျွဲကြီးဟာလေ … ကိုရင်ကြီးကို ဆက်မလိုက်တော့ဘူး။ အဲဒီချုံပေါ်က သင်္ကန်းကြီးကိုချည်း ဆောင့်ဆောင့်ခတ်နေတော့တာပဲ။ ဟီး ဟီး … ရယ်ဖို့ကောင်းလိုက်တာ”
“ရယ်မနေနဲ့ ငါ့သား။ မင်းလဲ တနေ့ ကိုရင်ဖြစ်နေရဦးမှာ”
“ဘယ်တော့လဲ အမေ”
“ကြန်စုံ ကြီးတော့လေ … ကြန်စုံကို ရောင်းပြီး မင်းကို ရှင်ပြုဖို့ တို့ စိတ်ကူးထားတာပဲ”
“ဟင် … ကြန်စုံကို မရောင်းနဲ့ အမေ။ ကြန်စုံကို မရောင်းရဘူး။ ကြန်စုံမရှိတော့ ကျွန်တော်ငိုနေမှာ။ ဘယ့်နှယ်လုပ် ရှင်ပြုဖြစ်တော့မလဲ”
“ဟယ် … နောက် လေးငါးနှစ် လိုပါသေးတယ်ကွာ။ ကြီးတော့ စိတ်ပြောင်းလာဦးမှာပေါ့”
“မပြောင်းဘူး အမေ၊ ဘယ်တော့မှ မပြောင်းဘူး”
(ရန်သူ)
ထွေးလုံးက သူ့ဘဲကလေးတွေ နာမည်ပေးသောအချိန်မှာ ဘဲကလေးတွေက ငယ်လှသေးသည်။ ကျောမကုန်းသေး၊ မွေးကြမ်း မထိုးသေး၊ ဥမှထွက်ခဲ့သော မွေးနုမွေးညင်းကလေးတွေသာ ရှိသေးသည်။ အဲသည်အရွယ်မှာ အင်မတန်ပျောက်တတ်ရှတတ်သည်။
နေ့အချိန်မှာ ကျီးရန် စွန်ရန်တွေ ရှိသည်။ ထို့ကြောင့် ထွေးလုံးသည် နေ့အချိန်မှာ သူမကြည့်နိုင်လျှင် ဘဲကလေးတွေကို အပြင်သို့ မလွှတ်တော့ဘူး။ ညအချိန်မှာ သူ့ဘဲကလေးတွေ အိပ်သောနေရာသို့ မြေကြွက်ကြီးများ မဝင်နိုင်ရန် ရေနီဆီပုံးအပျက်များမှ သံပြားတွေကို လုံခြုံစွာ ဝိုင်းထားသည်။
သို့တိုင် သူ့ဘဲကလေးတွေ နာမည်ပေးပြီး လေးငါးရက်လောက်အကြာမှာ ဘဲကလေးတကောင် စတင်၍ ပျောက်လေသည်။
ထွေးလုံးသည် ညနေကျောင်းမှအပြန် သူတို့နွားမ ညိုမတို့ သားအမိကို မောင်းလှန်ထားသော ကွင်းပြင်ထဲမှ ပြန်မရုပ်သိမ်းမီ ဘဲကလေးတို့အား တီကောင်တူး၍ ကျွေးနေကျ။ နေ့စဉ် အချိန်မှန်မှန် အပြင်ထွက် အစာစားနေကျဖြစ်သော ဘဲကလေးတို့သည် ထွေးလုံးလာသည်ကိုမြင်လျှင် ဝပ်နေရာမှ ထကြပြီး ပါးစပ်ကလေးတွေဖြဲ၍ တွီစလီ မြည်လျက် ဘဲခြံတံခါး ဖွင့်ပေးလိုသည်နှင့်တပြိုင်နက် ရှေ့မှ ပေါက်ပြား သို့မဟုတ် တူရွင်းကို ထမ်းသွားသော ထွေးလုံးနောက်သို့ ခြေထောက်နားမှကပ်၍ လိုက်ကြသည်။
ထိုနေ့ညနေ၌ ထွေးလုံးသည် တဖက်မှာ ချုံပုတ်များရှိသော ခြံစည်းရိုးအနီးမှာ ဘဲကလေးတွေ တီကောင်တူးကျွေးနေစဉ် သူ့အမေက အိမ်နောက်ဖေး ရေကပြင်မှနေ၍ …
“သားရေ … မင်းဘဲကလေးတွေ ခဏထားပြီး အမေ့ကို ရေတခေါက်လောက် တင်ပေးစမ်းပါကွယ်”
ဟု ဆိုသဖြင့် “ဟုတ်ကဲ့ အမေ” ဟု ပြန်ပြောပြီး လက်ထဲက ပေါက်ပြားကို ချခဲ့၍ အိမ်ဆီသို့ ပြန်လာခဲ့သည်။ ပေါက်ပြားကို ချမထားခဲ့၍ကား မဖြစ်။ ထိုပေါက်ပြားနှင့် ထွေးလုံး သွားမည်ဆိုပါလျှင် ဘဲကလေးတွေက နောက်မှ စုပြုံလိုက်မည်သာ။
သူတို့သဘောမှာ လူ့ထက် ပေါက်ပြားက သူတို့အား တီကောင်ကျွေးသည်ဟု ယူဆဟန်တူသည်။ ပေါက်ပြားနားမှာ ဝိုင်းအုံ၍ ကျန်ရစ်ခဲ့သည်။
အကယ်တန္တိ အခြားတစုံတယောက်က ဤပေါက် ပြားကို လာ၍ ယူသွားအံ့။ ထိုလူနောက်သို့ သူတို့ စုပြုံလိုက်ကြပေလ်ိမ့်မည်။ စင်စစ် သူတို့စိတ်ထဲတွင် သူတို့အား တီကောင်ကျွေးသည်မှာ လူကမဟုတ်၊ ပေါက်ပြားသာ ပဓာနဟု အောက်မေ့ကြကုန်သည်။
ဥပမာ…ကြည့်ပါ။ ထွေးလုံးအဖေရယ်၊ ထွေးလုံးရယ်၊ အမေရယ် သုံးယောက်အတူလာပြီး ဘဲခြံကို ဖွင့်ပေး၊ ပေါက်ပြား ကိုင်သူ၏နောက်ကိုသာ သူတို့လိုက်ကြသည်။ ဤပေါက်ပြားက သူတို့အား တီကောင်ကျွေးသည်ဟု ဘယ့်ကလောက် အစွဲအလမ်းကြီးနေသလဲဟူမူ သူတို့နေ့စဉ်မြင်နေကျ ထွေးလုံးတို့မိသားစု မဟုတ်ဘဲ အခြားတယောက် ပေါက်ပြားထမ်းသွားသည်ကို မြင်လျှင်လည်း ထိုလူနောက်မှ စုပြုံလိုက်သွားတတ်သည်။
ထို့ကြောင့် ထွေးလုံးတို့၏ အိမ်ခြံတံခါးဝမှာ ဘဲမထွက်နိုင်အောင် တတောင်သာသာမြင့်သော ဝါးထရံ ကလေးယက်၍ ကာထားရသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့သည် လမ်းမက လူတယောက် ပေါက်ပြားထမ်းသွာသည်ကိုမြင်လျှင် နောက်မှ စုပြုံလိုက်သွားတတ်သောကြောင့် ဖြစ်၏။
အတော်ခက်တဲ့ အကောင်မျိုး။
ပြန်ဆက်စို့…
ထိုနေ့ညနေက ထွေးလုံးသည် သူ့အမေအား ရေခပ်ပေးပြီနောက် (ဆယ်မိနစ်လောက်ပဲကြာတယ်) ပြန်လာပြီး ဘဲကလေးတို့အား တီကောင်ဆက်၍ တူးကျွေးနေသည်။ သို့စဉ် ထွေးလုံးသည် သူ့ဘဲအုပ်ကို ကြည့်ရသည်မှာ တစုံတခု ချွတ်ယွင်းနေသည်ဟု အောက်မေ့လာ၍ တစ်နှစ်သုံးလေး ရေတွက်ကြည့်တော့ ဟိုက်… ကိုးကောင်တည်း။
သူထပ်ရေပြန်သည်။ ဟုတ်တယ် … ကိုးကောင်တည်းပဲ။ ဟိုက် … တကောင် ဘယ်ရောက်သွာပါလိမ့်။ အနီးပတ်ဝန်းကျင်ကို ကြည့်တယ်၊ မမြင်။ ဘဲတို့၏ သဘာဝမှာ တကောင်နှင့် တကောင်လည်း ခွဲမနေတတ်။
ဧကန္တ ဘဲကလေးတကောင်တော့ ပျောက်ပါပြီ။ ငါ ရေခပ်နေတုန်း ကျီးကန်းများ သုတ်သွားလေသလား။ ဟင့်အင်း … ကျီးကန်းလည်း သည်အနီးပတ်ဝန်းကျင်မှာ မမြင်ပါဘူး။
ထွေးလုံး အိမ်မှာရှိနေလျှင် ကျီးကန်း သူတို့ခြံထဲတောင် မလာဝံ့ပါဘူး။
အဘယ့်ကြောင့်ဆိုသော် ထွေးလုံး လက်ထဲမှ သို့မဟုတ် ခါးမှ ခွလေးက အမြဲရှိနေ၏။
ကဲ… ဒါဖြင့် စွန်များလား။ ဟင့်အင်း … စွန်တို့မည်သည် သည်လိုမိုးရာသီတွင် လူတို့ရပ်ရွာတွင် မနေတတ်။ ဝါတွင်းကာလမှာ ဟိမဝန္တာတောသို့ သွား၍ ဝါဆိုနေကြသည်ဟု လူကြီးသူမများ ပြောကြ၏။
ထွေးလုံးသည် သည်ရာသီမှာ စွန် တကောင်တမြီးမျှလည်း မမြင်တော့ သူ့ဘဲကလေးတကောင် ပျောက်နေသည်ကို မစဉ်းစားတတ်အောင် ဖြစ်နေတော့၏။
သူ့ဘဲအုပ်ကို သူ ထပ်၍ထပ်၍ ရေသည်။ ဘယ်နှခါရေရေ ကိုးကောင်ဟာ ကိုးကောင်ပဲ။ နောက်ဆုံး၌ ထွေးလုံးသည် သူ့ပုဆိုးစထဲသို့ တကောင် … နှစ်ကောင် … ကိုးကောင်ဟု ရေတွက်ထည့်ခဲ့ပြီး ထိုင်ရာမှထ၍ ငိုယိုကာ အိမ်သို့ ပြန်ခဲ့လေ၏။
“အမေရေ … ဘဲကလေးတကောင် ပျောက်သွားပြီဗျ”
ဝမ်းခေါင်းသံနှင့် လှမ်းအောင်ပြောလိုက်တော့ သူ့အမေက မီးဖိုချောင်ထဲမှ…
“ဟဲ့… ဘယ့်နှယ်လုပ် ပျောက်တာတုံး”
“သိဘူး… အမေ ရေခပ်ခိုင်းလို့ ရေခပ်ပြီးပြန်လာတော့ တကောင်လျော့နေတာပဲ”
“မင်း မျက်စိမှားသလားကွယ်”
“မှားပါဘူး၊ အခုပဲ တကောင်စီဖမ်းပြီး ကျွန်တော့်ပုဆိုးထဲ ထည့်ခဲ့ပြီ။ အမေ လာကြည့်ပါဦး”
သူ့အမေလည်း အိမ်အောက် ဘဲခြံသို့ ဆင်းလာတော့ ထွေးလုံးသည် ဘဲခြံဝမှာ ဆောင့်ကြောင့်ထိုင်၍ သူ့ပုဆိုးခါးပုံစထဲမှ တကောင်စီထုတ်ကာ …
“ဟောဒါက ဝါနု၊ ဟောဒါက ညိုမောင်၊ ဟောဒါက မီးခိုး၊ ဟောဒါက ရင်ကျား၊ ဟောဒါက ဖြူရော်၊ ဟောဒါက မှိုင်းပြာ၊ ဟောဒါက မဲလုံး၊ ဟောဒါက ကျောကွက်၊ ဟောဒါက ရောင်စုံ။ ကဲ… ကုန်ပြီ၊ ဘေးဖြူရယ် ပျောက်သွားတာပေါ့”
“ကျီးကန်းများ ထိုးသလားကွယ်”
“ကျွန်တော်တို့ခြံထဲ ကျွန်တော်ရှိရင် ဘယ်ကျီးကန်းမှ မလာရဲဘူး”
“စွန်တို့ ချိုးသိန်းတို့လဲ ဒီအချိန်မှာ မရှိပါဘူး။ ကြွက်တွေများ ဆွဲသွားသလား။ အဲဒီအနားမှာ ကြွက်တွင်းရှိသလား”
“ဘာတွင်းမှ မရှိပါဘူး။ ကျွန်တော် ပေါက်ပြားနဲ့လျှောက်ပေါက်ထားတာ မြေတွေမွလို့”
“ဒါဖြင့် မြွေများလား”
“မြွေဆို ကျွန်တော် တွေ့ရမှာပဲ။ မြွေဆိုတာ သူ့သားကောင်ကို ဘယ်တော့မှ ချီယူမသွားဘူး။ ရတဲ့နေ ရာမှာ မျိုတာပဲ။ ကဲ… ဒီတော့ ကျွန်တော် ရေခပ်နေတဲ့အချိန်ဟာ ခဏလေးပဲ။ အဲဒီအတွင်းမှာ ဘဲက အငယ်လေးမို့ သူမျိုပြီးသွားလဲ မဝသေးဘူး။ နောက် တကောင်ပြီး တကောင် သူ ဗိုက်မပြည့်မချင်း မျိုနေဦးမှာပဲ”
“အင်း… ငါ့သားပြောတာ မှန်ပါတယ်။ ဒါဖြင့် ဘယ်လိုက ဘယ်လိုများ ပျောက်ပါလိမ့်ကွယ်။ ကဲ… တိတ်ပါ သားရယ်။ ကိုယ့်မှာ ကိုးကောင်ကြီးများတောင် ကျန်သေးတာပဲ”
“ဘေးဖြူလေးကို သနားတာ အမေရဲ့။ ဘာကောင်များ စားသွားတာပါလိမ့်”
“ကဲ… တိတ်တိတ်၊ ဘဲခြံကိုပိတ်ခဲ့။ ညိုမတို့သားအမိဆီ သွားချေဦး”
ဘဲခြံတို့မည်သည် ကြက်ခြံလိုမဟုတ်။ အပေါ်က အုပ်စရာ မလို။ ဒူးဆစ်လောက်မြင့်သော အကာရှိ လျှင်ပင် ဘဲများ မထွက်နိုင်တော့ပြီ။
ထွေးလုံးသည် သူ့ ဘေးဖြူလေးအတွက် ရင်ထဲက ဆွေးတသသနှင့် ရွာမှ ကွင်းထဲသို့ ထွက်ရလေရာ သူ့အမေဘေး၌ ခုန်ပေါက်မြူးထူးနေသော ကြန်စုံလေးကို မြင်လိုက်ရတော့မှ သူ့ဘဲကိစ္စကို ခေတ္တမေ့ပျောက်သလို ရှိသွား၏။
သို့သော် ထွေးလုံးခမျာ သူ့ဘဲကလေးများအတွက် ပူရသည်မှာ ဘေးဖြူတယောက်တည်းနှင့် မပြီးသေးချေ။ နောက်တနေ့နံနက်တွင် ဘဲခြံထဲ၌ပင် နောက်ထပ်နှစ်ကောင် ပျောက်နေပြန်လေ၏။
“အောင်မယ်လေး အမေရဲ့(ငိုသံပါကြီးနှင့်) … လာကြည့်ပါဦးဗျ။ ရောင်စုံနဲ့ မှိုင်းပြာ နှစ်ကောင် မရှိတော့ပြန်ဘူးဗျ”
ထွေးလုံးအဖေ ကိုထွန်းစိန်မှာ ပန်းရန်ဆရာဖြစ်၍ ထိုအချိန်၌ အခြားရွာတွင် ပန်းရန်သွားလုပ်နေသဖြင့် သူတို့အိမ်မှာ သည်သားအမိနှစ်ယောက်တည်း။ မအေကြီးပဲ ဘဲခြံရှိရာ ဆင်းလာပြီး…
“ဟင်… ဘယ်လိုများ ပျောက်ရပြန်ပါလိမ့်ကွယ်။ လူဝင်ခိုးတာဆိုလဲ …”
“တကောင်မှ မချန်ဘူး၊ အားလုံးယူသွားမှာပေါ့ အမေရယ်”
“ဒါဖြင့် ခွေးဝင်ကိုက်သွားတာများလား”
“ဒီအနီးအနားမှာက ကြက်၊ ဘဲ ကိုက်တတ်တဲ့ ခွေး မရှိပါဘူး။ ရှိလဲ ကျွန်တော်တို့ခွေး မျောက်ညိုက ကျွန်တော်တို့ခြံထဲ တခြားခွေး အဝင်မှမခံတာ။ ဟင်း… ဘေးဖြူရယ်၊ ရောင်စုံရယ်၊ မှိုင်းပြာရယ်၊ နင်တို့ ကုသိုလ်ကံလေးတွေက ဆိုးလိုက်တာဟယ်”
“သြော်… သားရယ်၊ သတ္တဝါတခု ကံတခု။ သေနေ့စေ့တော့ တနည်းနည်း သေရမှာပဲ။ တရားနဲ့ ဖြေ ပါကွယ်”
“အဖေ ရှိရင်တော့ ကောင်းမှာပဲ“
“မင်းအဖေ ရှိတော့ကော ဘာတတ်နိုင်မှာလဲ”
“တရားခံ ရှာနိုင်မှာပေါ့ဗျာ”
“ကဲ… သား မျက်ရည်တွေ သုတ်ကွယ်။ ကျောင်းသွားဖို့ ပြင်တော့”
“ကျွန်တော် မသွားနိုင်ဘူး။ ဒီဘဲကလေးတွေကို စိတ်မချဘူး”
“ကျောင်းမသွားလို့ ဘယ်ဖြစ်မလဲ သားရယ်။ သွားသာ သွားပါ။ အမေ ကြည့်ထားလိုက်ပါ့မယ်”
“အမေ ဈေးရောင်းသွားရင်ကော”
“တောင်းနဲ့အုပ်ပြီး အပေါ်က ခဲဖိခဲ့ပါမယ့်။ ငါ့သား စိတ်ချလက်ချသာ သွား…”
“ခု သူတို့ကို အမေ အစာကျွေးလိုက်ပါဦး”
“ညက ထမင်းကြမ်းကျန်ကို ရေဖျော်ပြီး ကျွေးလိုက်ပါ့မယ်”
ထွေးလုံးသည် ယခုမနက် သူ့အမေ ချက်ထားသော ထမင်းပူပူနွေးနွေးကို မနေ့က သူ့ငါးလူးတွင်းမှ ရခဲ့သော ငါးဟင်းနှင့် စားပြီး အိမ်မှ ထွက်ခဲ့လေ၏။
သူ ကျောင်းသွားရသည်မှာ ဖြောင့်ဖြောင့်တန်းတန်းမဟုတ်သေးချေ။ လွတ်အိတ်ကို ပုခုံးစလွယ်သိုင်းပြီး ညိုမတို့သားအမိကို ကွင်းစားကျက်ထဲသို့ ပို့ခဲ့ရသေး၏။ ရောက်သော် နွားကြိုးကို မောင်းတံတွင် ချည်ပြီးမှ ကျောင်းသွားရန် တာလမ်းမကြီးသို့ တက်ခဲ့ရ၏။
တာလမ်းပေါ်တွင် သူ့အား အသင့်စောင့်နေသော သူငယ်ချင်းဂွေးနီနှင့်တွေ့လျှင် သူ့ဘဲကလေး သုံးကောင် ပျောက်ရပုံကို အသေးစိတ်ပြောပြသည်။ သူတို့အိမ်မှာ ကြက်၊ ဘဲ မွေးနေကျဖြစ်သာ ဂွေးနီသည် အတော်ကြာ စဉ်းစားပြီးနောက် …
“ငါ့စိတ်ထဲမှာ ဒီရန်သူတော့ ပေါ်လာပြီဟေ့”
“ဘယ်သူလဲ… ဘာကောင်လဲ”
“မပြောသေးဘူးကွာ။ မျက်ဝါးထင်ထင်မိမှ မင်း သိရစေ့မယ်။ ညနေ ကျောင်းဆင်းတော့ ငါ မင်းတို့အိမ် လိုက်ခဲ့မယ်”
သူ့စကားအတိုင်း ဂွေးနီသည် ထွေးလုံးတို့အိမ် လိုက်လာပြီး ဘဲခြံကို ကြည့်လျက် ခေါင်းတချက် နှစ်ချက် ညိတ်၏။
“မင် ဘာခေါင်းညိတ်တာလဲ”
“ငါ့တွေးတောချက် မှန်နိုင်လို့ပါကွာ။ကဲ… မင်းဘဲကလေးတွေကော ဟိုတောင်းအောက်မှာလား”
“အေး… အမေက သူမရှိရင် အုပ်ပစ်ခဲ့တာကွ”
“ကဲ… ဖွင့်လိုက်ပါတော့”
ထွေးလုံးက ဖွင့်လိုက်၏။
“ဟိုက်… တကောင်ပျောက်သွားပြန်ပြီ။ ခုနစ်ကောင်ရှိရမှာ ခြောက်ကောင်တည်း”
ထွေးလုံးသည် မျက်ရည်တွေဝဲလျက် …
“အမေရေ… တကောင် ပျောက်ပြန်ပြီဗျ။ ကျောကွက်ရယ် … မရှိတော့ပြန်ဘူး”
မီးဖိုချောင်မှ သူ့အမေက ထလာပြီး…
“ဟဲ့… ငါအပြင်ထွက်မယ်လုပ်တော့ အဲဒီတောင်းနဲ့ အုပ်ပစ်ခဲ့တာပဲ။ ပြန်တောင် ဖွင့်မပေးရသေးဘူး။ ငါ မေ့နေလို့။ ဒီတောင်းထဲမှာ ဘာကောင်က ဝင်နိုင်မှာမို့လဲ။ အောက်က မြေကြီးမှာများ ကြွက်ဖောက်ရာ ရှိသလား”
ထွေးလုံး…
“မရှိဘူး”
ဂွေးနီ…
“အရီသန်းရွှေ ဘဲကလေးတွေ တောင်းအုပ်တော့ ဘယ်အချိန်လဲ”
“နာရီပြန် တချက်လောက်ပါဟယ်”
“သူတို့ကိုအုပ်တော့ ဘယ်နှကောင်ရှိသလဲ။ အရီးသန်းရွှေ ရေကြည့်မိသေးလား”
“ဒီ ရွစိရွစိကလေးတွေ ငါ မရေနိုင်ပါဘူးဟယ်။ သူတို့ စုဝပ်နေတာ အပေါ်က တောင်းအုပ်လိုက်တာပဲ”
ဂွေးနီသည် ချောင်းတချက်ဆတ်လိုက်ပြီးနောက် …
“ကဲ ထွေးလုံး၊ ဘဲကလေးတွေ အပေါက်ဖွင့်ထုတ်လိုက်။ မနေ့က တကောင်ပျောက်တဲ့နေရာ ခေါ် သွားပြီး မနေ့ကလို တီတူးကျွေးနေ။ အဲ… မင်း မနေ့က ရေခပ်တဲ့အချိန်ကျတော့ ငါ့ဆီပြန်လာခဲ့”
ထွေးလုံးသည် ပေါက်ပြားထမ်း၍ ဘဲကလေးတွေ သူ့နောက်မှ တွီစလီ တွီစလီ မြည်လျက် ဝမ်းသာအားရ လိုက်သွားကြသည်။ မနေ့ကနေရာ ရောက်တော့ ဂွေးနီ မှာသည့်အတိုင်းပင် တီတူးကျွေးနေသည်။ ဂွေးနီကတော့ သူတို့အိမ်ရေကပြင်မှာထိုင်၍ ကြည့်နေသည်။
ထွေးလုံးသည် သူ မနေ့က ရေခပ်ချိန်ရောက်ပြီလို့ထင်သောအခါ ပေါက်ပြားချခဲ့၍ ဂွေးနီရှိရာသို့ ပြန်လာခဲ့သည်။
ဂွေးနီ…
“လာ… ဒီကနေ အသာကြည့်နေ။ ငါထင်တာ မှန်ရင်တာ့ ဘဲကလေးတကောင်တော့ စတေးရဦးမှာပဲကွ”
ဘဲကလေးများသည် ထွေးလုံး ချထားခဲ့သော ပေါက်ပြားပတ်လည်မှာ တူးဆွထားသော မြေပွပွတွင် နှုတ်သီးနှင့် လျှောက်ထိုး၍ တီကောင်ရှာနေကြသည်။
တယ်ပြီး မကြာလိုက်ပါ။ ခြံစည်းရိုးဟိုဘက် ချုံ ပုတ်ထဲရှိ ကျောဝါဝါ ဗိုက်ဖြူဖြူ ကြောင်ကြီးတကောင် ရုတ်တရက် ခုန်ထွက်လာတဲ့ပြီး ဘဲကလေး တကောင်ကို ချီသုတ်သွားလေ၏။
ထွေးလုံးက ရေကပြင်မှ ခုန်ချကာ ထိုကြောင်အား သူ အမိဖမ်းနိုင်မည်ဟု ဆဲဆိုရေရွတ်လျက် တအား ပြေးလိုက်သည်။
သို့သော် ထိုကြောင်၏ အရိပ်အယောင်မျှ မမြင်ရတော့ပြီ။ ဂွေးနီက အေးဆေးလျက် ခြံစည်းရိုးဟိုဘက်ကူးမည်ပြုနေသော ထွေးလုံးအား …
“ဟေ့… မင်းလိုက်နေလို့ အပိုပေါ့ကွ။ ဒီအချိန်မှာ ဟိုကြောင်က သူပုန်းခိုနေကျနေရာမှာ မင်းဘဲကလေးစားရလို့ တဝက်လောက် ကုန်နေရော့မယ်”
ထွေးလုံး ကိုယ်မှ အသားများ တဆတ်ဆတ်တုန်လျက်…
“ကျွန်တော် အဲဒီကြောင်ကို သတ်ချင်လိုက်တာ”
“ဒီကြောင် သတ်ချင်တဲ့လူဟာ မင်းတယောက်တည်း မဟုတ်ဘူး။ တို့အပိုင်းမှာ ကြက်ဘဲမွေးတဲ့သူ အားလုံးကပဲ”
“ဘယ်သူ့အိမ်က ကြောင်လဲကွ … မင်းသိလား”
“သိတာပေါ့။ ဦးဘသိန်း ဒေါ်ထွေးနွယ်တို့အိမ်က သူတို့အချစ်တော်ကြီးပဲ။ မင်းအိမ် ဘဲကလေးရှိမှန်း သူ မနေ့ကမှ စသိလို့ သိသိချင်းတကောင်၊ ဟော … ညက နှစ်ကောင်၊ နေ့လယ်က မင်းအမေ တောင်းနဲ့မအုပ်ခင် တကောင်၊ အခု တကောင်”
ထွေးလုံး မျက်ရည်ရွှဲရွှဲနှင့် သူ့ဘဲကလေးတွေ စိုက်ကြည့်နေရာမှ …
“အခု ပါသွားတာ ညိုမောင်ရယ်ကွ။ တောက်… မနေ့က ဒီအချိန်ကနေပြီး အခုဒီအချိန် (၂၄)နာရီ အတွင်းမှာ ငါးကောင်ဆွဲတော့ မလွန်လွန်းဘူးလားကွ”
“အေး… မနေ့ညက သူလာတဲ့အချိန်မှာပဲ ခုည သူ လာလိမ့်ဦးမယ်”
“ငါ မအိပ်ဘဲ စောင့်ချောင်းနေပြီး လှံနဲ့ ထိုးသတ်မယ်”
“ရမလားကွ။ ကြောင်က ညမျက်စိမြင်တဲ့အမျိုး။ မင်းက သူ့ဘယ့်နှယ်လုပ် မြင်မလဲ။ မီးခွက်ကြီးကိုင် စောင့်နေရင် ကြောင်က ဟီးဟီးလို့တောင် ရယ်သွားလိမ့်ဦးမယ်”
“တောက်… အဖေရှိရင် ကောင်းမှာကွာ”
“မင်းအဖေရှိရင်လဲ ဒီလိုနေရာမျိုးမှာ ကြောင်ကို ဘာမှ မတတ်နိုင်ဘူး”
“ဒါဖြင့် တို့ ဒီကြောင်ကို ဘယ့်နှယ်လုပ်ရမလဲကွာ။ ဒီလိုပဲ ကြည့်နေရတော့မှာလားကွ”
“ရပါတယ်၊ ကဲ … ဒီညနေ မင်း လုပ်စရာရှိတာလုပ်။ ငါအိမ်ပြန်မယ်၊ ညစာ ထမင်းစားပြီးတော့ ငါလာခဲ့မယ်။ ဘဲကလေးတွေကို လူမကြည့်နိုင်တဲ့အချိန်မှာ တောင်းနဲ့အုပ်ထားနော်။ မင်းတို့ဘဲခြံက ကြောင်မလုံဘဲကိုးကွ”
ပြောပြီး ဂွေးနီ ပြန်သွားသည်။
ညရီတမှောင်ရှိသောအချိန်၌ ဂွေးနီသည် သူ့စကားအတိုင်း ပြန်လာ၍ ထွေးလုံးက …
“ကဲ… တို့ ဘာလုပ်ကြမလဲ”
ဂွေးနီက …
“တို့ ဘာမှ မလုပ်နိုင်ဘူး။ လုပ်နိုင်တဲ့လူဆီကို သွားကြရလိမ့်မယ်”
“ဘယ်သူ့ဆီလဲ”
“ရွာတောင်ပိုင်းက စစ်ပြန်လက်သမားဆရာကြီး ဦးတေနောင်”
ထွေးလုံးသည် သူ့အမေအားပြောပြီး သူငယ်ချင်းနှစ်ယောက် ရွာရိုးလျှောက်ခဲ့ကြရာ ဦးတေနောင်၏ အိမ်သို့ ရောက်သောအခါ ကျောင်းဆရာကြီး ဦးသော်တာကိုပါ နှစ်ယောက်သား လက်ဖက်ရည်ကြမ်းသောက်နေသည်ကို တွေ့ရလေသည်။
ဦးတေနောင်က…
“ဟေ့… သူငယ်လေးတွေ ၊ ဘာကိစ္စ”
လူကြီးတွေအနား သူတို့ကိုယ်ကလေးတွေ ယို့ယို့နှင့် ထိုင်လိုက်ကြပြီး ဂွေးနီက…
“ကျွန်တော်တို့အပိုင်းမှာ ကြောင် သောင်းကျန်းနေပြန်ပြီ အဘရဲ့”
“ဘယ်သူ့အိမ်က ကြောင်လဲကွ”
“ဦးဘသိန်း ဒေါ်ထွေးနွယ်တို့အိမ်က ကြောင်ပါခင်ဗျာ့”
“တော်တော်ဆိုးနေပြီလား”
“ကမ်းကုန်နေပါပြီ ခင်ဗျား။ ဟောဒီ ထွေးလုံးတို့အိမ်က ဘဲကလေးတွေတောင် (၂၄) နာရီအတွင်းမှာ ငါးကောင် စားပစ်ပါပြီ ခင်ဗျာ့”
ဤတွင် ကျောင်းဆရာကြီး ဦးသော်တာက မျက်မှောင်ကုတ်စဉ်းစားလျက်…
“ဦးတေနောင်ရဲ့ .. ဒီကြောင်တို့ ခွေးတို့ဆိုတာဟာ ဆုံးမပေးရင် ရပါတယ်။ ဥပမာ… ခွေးတကောင် ကြက်ကိုက်လာမယ်ဆိုရင် အဲဒီကြက်ပြပြီး ခပ်စပ်စပ်ကလေး ရိုက်ထားလိုက် … မှတ်သွားရော၊ နောက်မကိုက်တော့ဘူး။ ကြောင်လဲ ဒီလိုပဲ”
ဤတွင် ဂွေးနီက…
“ဆရာကြီး ပြောတာ ဟုတ်ပါတယ်။ ဒါပေမယ့် အဲဒီအိမ်က ကြောင်ရှင်အမျိုးသမီးတွေက သူတို့ ကြောင် ကြက်ဘဲကိုက်တာကိုပဲ ဝမ်းသာနေကြတယ်လေ။ ဘာကြောင့်ဆို သူတို့ခြံထဲကို ကြက်ဘဲ လာတာကို မကြိုက်ဘူးတဲ့ ခင်ဗျာ့”
ဆရာကြီး…
“ဘာလို့လဲ။ သူတို့ခြံထဲ ကြက်ဘဲ ဖျက်ဆီးနိုင်တဲ့ အပင်များ စိုက်ထားလို့လား”
“ဘာမှ ဖြစ်ဖြစ်မြောက်မြောက် စိုက်တာလဲ မဟုတ်ပါဘူး။ ကြက်တွေက အမှိုက်တွေ လာလာယက်တာ မကြိုက်ဘူးတဲ့လေ”
“တယ်… မသိသား ဆိုးရွားတာတွေပဲ။ ဒီလို သစ်ရွက်တွေ အမှိုက်တွေဆိုတာက ကြက်ဘဲရှိမှ သူတို့က ယက်ပြုထိုးဆွနေကြတော့ ခြတွေ၊ ပုရွက်ဆိတ်တွေ မနေနိုင်ဘူး။ မြွေ ကင်း မခိုအောင်းနိုင်ဘူးဆိုတာ နားမလည်ကြဘဲကိုး…”
ဦးတေနောင်…
“ဒီ ဦးဘသိန်းတို့ ဒေါ်ထွေးနွယ်တို့ဆိုတာ ခြံကြီးကျယ်ကျယ်၊ အိမ်ကြီးရခိုင်နဲ့နေပြီး အောက်သက်ကျေတာမဟုတ်ဘူးဗျ၊ သူတို့အိမ်မှာ ကြက်ဘဲတိရစ္ဆာန်မမွေးဘူး။ တခြားကလာတာလဲ မကြိုက်ဘူးဆိုတာကိုပဲ သူတို့ကိုယ်သူတို့ အထက်တန်းကျလှပြီ၊ လူကြီးလူကောင်းတွေဖြစ်နေပြီလို့ ယူဆနေကြတာဗျ”
ဦးသော်က …
“ကဲ… ဒါဖြင့် သူတို့အိမ်က ကြောင်က တခြားအိမ်ကကြက်ကလေး ဘဲကလေးတွေ လိုက်ကိုက်နေတယ်ဆိုတာ မသိကြဘူးလား”
ဂွေးနီ…
“သိပါတယ် ခင်ဗျာ၊ သူတို့အိမ်နားက ကိုကံညွှန်တို့၊ ကိုအောင်ချစ်တို့ ကြက်ကလေးတွေ တအုပ်ပြီးတအုပ် ကုန်ပေါင်းများလှလို့ သွားပြောတော့ သူတိုခြံထဲ လာရင်ကိုက်မှာပဲ၊ ကိုက်ပစေ၊ မလာအောင် ကိုယ့်ကြက် ကိုယ်ထိန်းကြတဲ့။
ကိုကံညွှန်တို့က ခင်ဗျားတို့ခြံထဲတင် မဟုတ်ဘူး။ ကျုပ်တို့ခြံထဲ လာပြီးတော့ နေ့ရော ညရော ကိုက်တာပဲဆိုတော့ သူတို့ကြောင်ဟာ သူတို့အိမ်နဲ့ သူတို့ခြံဝင်းထဲက ဘယ်မှသွားတာ မဟုတ်ဘူးတဲ့လေ”
ဦးတေနောင်…
“အဲဒါ မသိသားဆိုးရွာတာပဲဗျ။ ကြောင်ဆိုတဲ့အကောင်မျိုးဟာ ကြက်ကလေး ဘဲကလေး စားဖူးပြီး ခံတွင်းတွေ့သွားပြီဆိုရင် မစားရ မနေနိုင်တော့ဘူး။ ရွာရိုးကိုးပေါက် လျှောက်ကိုက်တော့တာပဲ။ အဲဒါကို မိန်းမဉာဏ်တွေနဲ့ ဘယ်စဉ်းစားတတ်မလဲလေ”
ဦးသော်တာ…
“ဒါဖြင့် သူတို့အိမ်က ဦးဆောင်ယောက်ျား ဖိုးဘသိန်းကို ပြောပါလား”
ဂွေးနီ…
“အဲဒီလူကြီးကလဲ မယားက ငါးခြောက်ဆိုရင် ဆီဆမ်းပြီးသား လူစားကြီဗျ။ ကျွန်တော်တို့က ပြောတော့… ငါ့ကြောင် မင်းတို့ဆီလာကိုက်တယ်ဆို ဖမ်းသတ်လိုက်ပေါ့ကွ တဲ့။ ခက်တာက ကြောင်ဆိုတာ အပြင်ဘက်မှာ သူစိမ်းဖမ်းလို့ ဘယ်တော့မှ ရတာမျိုး မဟုတ်ဘဲ။ သူတို့အိမ်ထဲ အတင်းဝင်ဖမ်းမှပဲ ရမယ်”
ဦးသော်တာ…
“ဒါဖြင့် ရပ်ကွက်လူကြီး သွားတိုင်ကွာ။ ကြက်ဘဲဆိုတာ ပြည်သူ့ဟင်းလျာ။ ဒီကြောင်ဟာ ရွာရိုးကိုးပေါက် ပြည်သူ့ပစ္စည်းကို ဖျက်ဆီးနေတာပဲ။ ရပ်ရွာလူကြီးက အရေးယူသင့်တယ်”
ဦးတေနောင်…
“ဦးသော်တာ ပြောတာ မှန်တယ်။ ရပ်ရွာလူကြီးတာဝန်ပဲ။ ဒါနဲ့ ကျုပ်တို့မြန်မာပြည်မှာ ဒီလိုရပ်ရွာလူကြီးတွေ မဖွဲ့ခင်ကတည်းက ကချင်ပြည်နယ်မှာရှိတဲ့ ဓလေ့ထုံးစံလေး သဘောကျသဗျာ”
ဦးသော်တာ…
“ဘယ်လိုတုံး စစ်ပြန်ကြီးရဲ့”
ဦးတေနောင်…
“ဒီလို အိမ်ကြောင်ဆိုးလဲ ရွာထဲမှာ မရှိရဘူးဗျ။ ဒါပေမယ့် ညညမှာ တောကြောင်တွေက လာတတ်ကြတယ်။ အဲဒီတောကြောင်တွေကို ရအောင်ဖမ်းနိုင်တဲ့သူကို ရွာထဲမှာ ကြက်ဘဲ မွေးတဲ့အိမ်တိုင်းက ကြက်သားခွဲလေး တကောင်စီ ပေးရတယ်။ ကြက်ကလေးမရှိရင် ကြက်ဥ ပေးပေါ့လေ။ သူတို့ ကျေးရွာ အန္တရာယ်ကာကွယ်တဲ့ ဆုကြေးပေါ့”
ဦးသော်တာ…
“တယ်နိပ်ပါလားဗျ၊ ကောင်းတဲ့ဓလေ့ပဲ”
ဦးတေနောင် …
“ဒီတောကြောင်သာ မဟုတ်သေးဘူး။ ကြက်ဘဲအကောင်ကြီးတွေတောင် သုတ်တတ် ကုတ်တတ်တဲ့ စွန်တို့၊ ချိုးသိမ်းတို့၊ လင်းယုန်တို့ကို ထောင်လို့သော်လည်းကောင်း၊ ပစ်ခစ်လို့သော်လည်းကောင်း ရရင် အဲဒီလူကိုလဲ အားလုံး ကြက်ကလေး တကောင်စီ ပေးရတာပဲ”
ဦးသော်တာ…
“ဟန်သဗျ၊ အဲဒီစနစ်ကတော့… ”
ထွေးလုံး…
“ဒါနဲ့ မသိလို့ မေးပါရစေ ဘကြီး။ ဒီလို မိုးရာသီ ဝါတွင်းကာလမှာ စွန်တွေ၊ သိမ်းတွေ၊ လင်းယုန်တွေ ကျွန်တော်တို့ဆီ မလာကြတာဟာ သူတို့ဟာ ဟိမဝန္တာတောထဲသွားပြီး ဝါဆိုနေကြလို့ဆို”
ဦးသော်တာက ဟက်ဟက်ပက်ပက် ရယ်လိုက်ပြီး …
“တို့မြန်မာများ ကြံဖန်ပြီးတော့ ဝါတွင်းကာလနဲ့ ပတ်သက်ပြီး ပြောတတ်ကြာတာကွ”
ဂွေးနီ…
“နို့ … မဟုတ်ဘူးလား”
ဦးသော်တာ…
“ဘယ်ဟုတ်ရမှာလဲကွ။ စွန်တို့၊ သိမ်းငှက်တို့၊ လင်းယုန်တို့ဆိုတဲ့ သားစိမ်းငါးစိမ်းစား ငှက်တွေကို မိုးတွင်းမှာဆိုရင် သူတို့အတွက် အစာ ကြွတ်တို့၊ မြွေတို့၊ ဖားတို့၊ ငါးတို့ပေါတဲ့ အင်းအိုင်ဒေသတွေ သွားနေကြတာကွ။ မိုးကုန်လို့ အဲဒီမှာ ဖား ငါး ရှားလာတော့မှ လူတို့ရပ်ရွာဆီ စားကျက်ပြောင်းလာပြီး မင်းတို့မွေးတဲ့ ကြက်ဘဲတွေကို သုတ်ကြတော့တာကွ”
ထွေးလုံး…
“အင်း… ဟုတ်မှာပဲ။ ဒီ သားစိမ်းစားတဲ့ ငှက်တွေက ဝါဆိုတယ်လို့ပဲဗျာ၊ ကြံကြံဖန်ဖန်။ ဘုန်းကြီးတွေပဲ ဝါဆိုတာကြီးကို။ ဒီ စွန်တို့၊ သိမ်းတို့၊ လင်းယုန်တို့ဆိုရင် ကျွန်တော် မကြောက်ပါဘူးဗျာ။ လေးခွတချောင်းနဲ့ ကျွန်တော့်ဘဲတွေကို ကျောင်းနိုင်တာပဲ။ အခု ညဘက်ပါလာပြီး အလစ်သုတ်နေတဲ့ ကြောင်တော့ ဘယ်လိုလုပ်ရမယ် မသိဘူး”
ဦးသော်တာ…
“ငါ ခုနပြောသလို ရပ်ရွာသူကြီး သွားတိုင်ကွာ”
ဦးတေနောင်…
“ဒီအထိ မလိုပါဘူးဗျာ။ ဒီကြောင် ကျုပ် သုတ်သင်နိုင်ပါတယ်။ ဦးသော်တာ … ခင်ဗျား ကြောင်သား စားလား”
ဦးသော်တာ…
“ကျုပ်က လူစားတာမှန်သမျှ အကုန်စားတယ်”
ဦးတေနောင်…
“အဲ… ဟုတ်ပြီ၊ ဟေ့ ဂွေးနီ အဲဒီကြောင် ဘယ်လောက်ကြီးသလဲကွ”
ဂွေးနီ…
“နှစ်ပိဿာ သုံးပိဿာပဲ ဘကြီးရေ”
ဦးတေနောင်…
“ဒီအကောင်ကြီးဆိုရင် အုန်းနို့နဲ့နှပ်လိုက်ရ ပထမတန်းပေါ့ကွာ။ အုန်းသီး လိုနေပြီ”
ဦးသော်တာ…
“အုန်းသီးခြောက်တွေ ကျုပ်အပင်မှာ ရှိပါရဲ့။ တက်မယ့်လူ လိုနေတယ်”
ဂွေးနီ…
“ကျွန်တော် တက်နိုင်တယ် ဘကြီး”
ဦးတေနောင်…
“အေး… ဟုတ်ပြီ၊ ကဲ… မင်းတို့ ငါ့ထောင်ချောက် ယူရအောင်လာတာမဟုတ်လား။ ဟော့ဟို လှေကားခုံးအောက်မှာ ယူသွားကြပေရော့”
စစ်ပြန်လက်သမားကြီး ဦးတေနောင်၏ ကြောက်ထောင်ချောက်မှာ တပေပတ်လည် သေတ္တာရှည်၊ အလျားနှစ်ပေခွဲလောက် ရှိသည်။ ကြောင်ဝင်ပေါက်ကို ဖင်ပိုင်းဟု ဆိုကြပါစို့။ ခေါင်းပိုင်း၏ လက်တဝါးလောက်နေရာမှာ ကြောင်စာထားရန် သံဆန်ခါကာထားသော အကန့်ကလေးရှိသည်။ သေတ္တာ၏ လေးပုံတပုံနေရာမှ အပေါ်က မောင်းတိုင်ထူ၍ ကြောင်ဝင်ပြီး ပိတ်သွားရန် မောင်းတံဆင်ထားသည်။
သေတ္တာအတွင်းမှာ ပျဉ်ပြားတခု၊ ကြောက်တတ်နင်းလိုက်က မောင်းတံပြုတ်သွားရန် ကြိုးနှင့် စီမံ ထားသည်။
ဂွေးနီသည် ဤထောင်ချောက်အလုပ်ကို ကျွမ်းကျင်နေပြီဖြစ်၍ ထွေးလုံးတို့ခြံထဲမှာ မောင်းတင်လိုက်သည်။ အပေါ်ဘက်မှ ဖွင့်၍ ပိတ်၍ရသော ကြောင်စာအကန့်လေးထဲသို့ ဘဲကလေးတကောင်ကို ထည့်ပြီး ပိတ်ထားလိုက်သည်။ ကျန် ဘဲကလေးအားလုံးကို ကြောင်မမြင်ရအောင် တောင်းနှင့် မှောက်ထားလိုက်သည်။
ထိုကြောင် လာချိန်တန်လျှင်တော့ လာမည်။ ထောင်ချောက်ထဲက ဘဲကလေးကို သံဆန်ခါပေါက်မှ သူမြင်တော့ အပြေးဝင်၍ခုတ်မည်။ ဤမှာ ထောင်ချောက်မောင်းက ကျသွားကာ မောင်းတံနှင့် ဆွဲ ထားသော ပျဉ်ပြားက ဒေါက်ခနဲ့ကျ၍ ပိတ်သွားလေပြီ။
အားလုံး ပြင်ပြီးသွားသောအခါ ထွေးလုံးက မေးသည်။
“ဟေ့… ဂွေးနီ၊ အထဲက ဘဲကလေးကို ကြောင်လက်သည်းနဲ့ မကုတ်နိုင်ဘူးလားကွ”
“ဘယ်ကုတ်နိုင်မှာလဲ၊ သံဆန်ခါက သံကြိုးမျှင်မျှင်သေးသေးလေးတွေနဲ့ အပေါက်ကျဉ်းကျဉ်းကလေးတွေပဲ။ ကြောင်လက် မဝင်နိုင်ဘူး၊ မင်းဘဲကလေးအတွက် ဘာမှမစိုးရိမ်နဲ့။ ကြောင်မိပြီးတဲ့အခါ မှ မင်းဘဲကလေး ပြန်ထုတ်ပြီး သူ့အဖော်တွေနဲ့ အိပ်ပါစေတော့။ ကဲ… ငါပြန်မယ်၊ မနက်စောစောမှ လာခဲ့တော့မယ်”
“ဒီကြောင် လာမှာလား၊ မိမှာလား”
“စိတ်ချစမ်းပါကွာ၊ ဘကြီးတေနောင်နဲ့ ငါနဲ့ စားနေကျပါ”
“ငါတော့ အဲဒီကြောင် မမိမချင်း ထိုင်စောင့်နေမှာပဲ”
ထွေးလုံးသည် သူ့စကားအတိုင်း မအိပ်ဘဲ ခြံဆီနားစွင့်လျက် စာကျက်နေ၏။ တယ်ပြီး မကြာလိုက် … (၉)နာရီလောက်တွင် ဒေါက်ခနဲ ထောင်ချောက်ကျသံကြား၍ ထွေးလုံး ကပျာကသီ မီးခွက်နှင့် ဆင်း ကြည့်လိုက်တော့ ဟုတ်တာပေါ့ … ဟုတ်တာပေါ့၊ စားနေကျ ကြောင်ဖားကြီး အထဲက မာန်ဖီပြီး သံဆန်ခါကို လက်သည်းနှင့် ကုတ်ခြစ်နေလိုက်သေး။
ထွေးလုံး စိတ်ထဲ ဝမ်းသာလိုက်တဲ့ဖြစ်ခြင်း။
“ဟင်း… ငါ့ဘဲကလေး ငါးကောင် အပင်းဆို့သွားတဲ့ အယုတ်တမာကောင်ကြီး။ နင် ဝဋ်လည်ပြီမှတ်”
နံနက် ဝေလီဝေလင်းတွင် ဂွေးနီ ရောက်လာသော် ကြောင်ထောင်ချောက်နားမှာ ပီတိဖြစ်နေသော ထွေးလုံးကို တွေ့ရသည်။
သူတို့နှစ်ယောက်သည် ကြောင်ထောက်ချောက်ကို သယ်ဆောင်ကာ ဦးတေနောင်အိမ်သို့ ရွာအပြင်လမ်းမှ သွားကြလေ၏။
ရေနွေးကြမ်းတအိုးနှင့် ထိုင်နေသော ဦးတေနောင်ကို အသင့် တွေ့ရသည်။
“ကြောင်ဖြစ်လျက် ကြွတ်မခုတ်၊ ကြက်ဘဲ ခုတ်သည့် ထိုကြောင်ယုတ်ကို သုတ်သင်ရန်မှာ လူ့တာဝန်တည့်”
ထိုနေ့သည် ထွေးလုံးတို့ကျောင်းပိတ်ရက်ဖြစ်လေရာ ရပ်ရွာ၏ ရန်သူအသားကို ဦးသော်တာ၏ အုန်းနို့ နှင့်နှပ်ပြီး သူတို့လူသိုက် အောင်သေအောင်သား စားကြသတည်း။
တယ်ကောင်း…
ယခုအချိန်၌ ထွေးလုံးသည် အန္တရာယ်ကင်းရှင်းသွားပြီဖြစ်သော မီးခိုး၊ မဲလုံး၊ ဖြူရော်၊ ဝါနု၊ ရင်ကျား မည်သော ဘဲကလေးငါးကောင်နှင့် ပျော်ရွှင်စွာ ရှိလေသတည်း။
– ဆက်ရန် –
စာရေးသူ – သော်တာဆွေ
စာစီစာရိုက် – မုဆိုး တံငါ စာပေများ 2.0