ဒုက္ခမာယာ

Posted on

ဒုက္ခမာယာ(စ/ဆုံး)
—————

အသံချဲ့စက်မှ ပျံ့လွင့်လာသော မင်္ဂလာတေးသံ နှင့်အတူ မင်္ဂလာမဏ္ဍပ်အတွင်း၌ သတို့သားနှင့် သတို့သမီးတို့က ပြုံးရွှင်စွာ ဧည့်ခံလျက်ရှိ၏။

”သတို့သားနဲ့သတို့သမီးက နေနဲ့လ ရွှေနဲ့မြပဲနော်။ တကယ်လိုက်ဖက်တယ်”
”ဟုတ်တယ်ဟ။ နှစ်ယောက်စလုံး ချောချောလေးတွေ။ သူတို့အတွဲကိုကြည့်ပြီး အားကျတယ်ဟယ်”
မင်္ဂလာပွဲလာသည့် အပျိုတစ်သိုက် ကလည်း အားကျသောမျက်လုံးများဖြင့် စကားတွတ်ထိုး ချီးမွမ်းနေကြသည်။

”သွားဖူးသမျှ မင်္ဂလာပွဲတွေထဲမှာ ဒီအတွဲ လောက် လိုက်ဖက်ညီအောင်လှတာ မတွေ့ ဖူးဘူး။ မွေးလာတဲ့ သားသမီးတွေတော့ နတ်သမီး၊ နတ်သားတွေလို အချောကြီးထဲ နေဦးမှာ”ဟု ကလေးမိခင်များကလည်း ချီးမွမ်း ခန်းဖွင့်နေကြ၏။
အများတကာ ချီးမွမ်းကြသည့်အတိုင်း သတို့သားဖြစ်သူ မောင်ကောင်းမြတ်လင်းမှာ အရပ်စွင့်စွင့်၊ ကိုယ်ဟန်ကောင်းကောင်း၊ လတ်သည့်အသားအရေကြောင့် နက်မှောင် သည့် မျက်ခုံးမွေးတို့က ပို၍ထင်ပေါ်လျက် ရှိသည်။ ပြုံးလိုက်သည့်အခါတိုင်း ညီညာဖြူဖွေး သည့် သွားများကြောင့် အပြုံးက ပို၍လှနေ၏။ ချွန်ချွန်သွယ်သွယ် ဖြောင့်စင်းသည့် နှာတံနှင့် ကားထွက်မနေသည့် မေးရိုးများကြောင့် မိန်းမချောဟုဆိုလျှင် ပိုမှန်မည်။

သတို့သမီး မနန်းခမ်းဝါမှာလည်း သတို့သားနှင့် လိုက်ဖက်ညီစွာပင် အရပ်မနိမ့် မမြင့်ဖြင့် ကောက်ကြောင်းစုံစွာလှသည့် ကိုယ်ခန္ဓာပေါ်မှ ဖြူဝင်းသောအသားအရေက ဝတ်ထားသည့် ရွှေရောင်ဝတ်စုံနှင့် လိုက်ဖက် လျက်ရှိသည်။

သေးသွယ် ကွေးကိုင်း နက်မှောင်နေသည့် မျက်ခုံး၊ ရှည်ထွက်ကော့တက်နေသည့် မျက်တောင်၊ တောက်ပရွှန်းလက်နေသည့် မျက်လုံးဝိုင်း၊ ဖြောင့်စင်းသော နှာတံ၊ ပန်းနုရောင် နှုတ်ခမ်းတစ်စုံက နှင်းဆီဖူးငုံလို မပွင့်လွန်း မအာလွန်း၊ မေးချွန်ချွန် ပါးမို့မို့ဖြင့် လှနေသည့် မျက်နှာလေးမှာ ပြုံးရယ်လိုက်တိုင်း သွားတက်လေးများကပါ ပင့်ကူနေသော ကြောင့် မြင်သူတိုင်း ထိုအပြုံးကို မမေ့နိုင်ရှိ၏။ ထို့ကြောင့်လည်း ပျိုပျိုအိုအို မြင်သူတိုင်းက သူတို့အတွဲအား အားကျချီးမွမ်းကြခြင်း ဖြစ်သည်။
——
တစ်ချိန်က ကောင်းမြတ်လင်းသည် လူကုံထံ သူဌေးသားမဟုတ်သော်လည်း လယ်ယာ ကျွဲ၊ နွားများ ပြည့်စုံ၏။ မိသားစု လေးယောက်တွင် မိခင်နှင့် ညီမလေးတို့၏ ပြင်ဆင်ပေးမှုကြောင့် အဝတ်အစား၊ ထမင်း၊ ဟင်း အားလုံးအဆင်သင့်ရှိ၏။ သူကိုယ်တိုင် အထူးတလည် လုပ်စရာမလို။ မိဘပိုင် လယ်ကို အလုပ်သမားများဖြင့် ဦးဆောင်လုပ်ပေးရုံသာ ရှိသည်။ လယ်သမားချင်းအတူတူ ကောင်းမြတ် လင်းက ကြော့ကြော့လေး နေခဲ့ရသည်ဟု ဆိုရမည်။

ချောမောသော ရုပ်ရည်နှင့် သင့်တင့်သော ငွေကြေးအခြေအနေကြောင့် ရွာထဲတွင် သားမက်တော်ချင်သူများသလို စောင်းကာ တစ်မျိုး တိုးတိုးတစ်ဖုံ မိန်းမပျိုလေးများ ကလည်း ဝိုင်းဝိုင်းလည်လျက်ရှိသည်။ သို့သော် ဖူးစာရေးနတ်က ရွာလည်သဖြင့် ခန္တီးရွှေတွင်း ဘက်သို့ တက်လာရင်း မိဘအိမ်နှင့် မိုင်များစွာ ဝေးရာ ရှမ်းရွာလေးတစ်ရွာတွင် သူ အိမ်ထောင် ကျခဲ့သည်။

ဇနီးမှာ တစ်ဦးတည်းသော သမီးဖြစ်သော ကြောင့် ယောက္ခမအိမ်တွင် လိုက်နေရ၏။ ညားခါစအချိန်တွင် မိဘအိမ်ကဲ့သို့ပင် ဇနီး ဖြစ်သူက အစားအသောက်၊ အဝတ်အစား များကို အဆင်သင့် ပြင်ဆင်ပေး၏။ ယောက္ခမ များက ကုန်စုံဆိုင်ဖွင့်သဖြင့် တစ်ခါတစ်ရံ မြို့ပေါ်တက်ပြီး ဈေးဝယ်ပေးရသည်တော့ ရှိသည်။ အရာရာတိုင်းက သူ့အတွက် ပေါ့ပေါ့ ပါးပါးပင် ဖြစ်သည်။

မကြာမီ သူ့အတွက် ခက်ခဲစွာ ဖြတ်သန်း ရမည့်နေ့ ရောက်လာတော့သည်။ သူ၏ဇနီး မီးဖွားသည့်နေ့ပင် ဖြစ်၏။ မီးမဖွားမီ ၁၅ ရက်ခန့်အလိုတွင် ဇနီးမီးထိုင်ရန် မီးကျီးခဲ ကောင်းသော စကတ်ပင်ကို တောထဲတွင် ရှာဖွေ၍ ဖြတ်တောက်ခွဲစိတ်ကာ ထင်းခွေ နေလှန်းရသည်။ မီးဖွားရာတွင် လွယ်ကူစေရန် အင်္ဂုလိမာလသုတ်ကို အပြေးအလွှားကျက်မှတ် ထားပြန်၏။ မီးတွင်းဆေးများဖြစ်သည့် နနွင်း၊ မိဿလင်၊ ရှိန်းခို၊ စမုန်နက်၊ ဇာတိပ္ဖိုလ်သီး၊ ဆားပုပ်၊ ဆားလှော်၊ ကလေးအနှီးသုံးရန် ပုဆိုးစ၊ ပိတ်စများကို ကြိုတင်၍ စုဆောင်း ရသေး၏။

နောက်ဆုံး၌ ဇနီးက သားဖွားဆရာမနှစ်ဦး ဖြင့် ရွာရှိ ကျေးလက်ဆေးပေးခန်းလေးတွင် မိရိုးဖလာအတိုင်း အဆင်ပြေချောမွေ့စွာ သားငယ်လေးကို မွေးဖွားနိုင်ခဲ့သည်။
ကောင်းမြတ်လင်းသည် မနေ့ကမှ မွေးထားသည့် သားငယ်လေး၏ အနှီးဝတ် များကို ကြိုးစား၍ လျှော်ဖွတ်နေရသည်။

——
သားရော ဇနီးပါ ကျန်းမာသဖြင့် ကျေးလက်ဆေးခန်းတွင် သုံးရက်တာမျှ ဆေးပတ်လည်အောင် ဆေးသွင်းပြီး အိမ်သို့ ပြန်ခဲ့ကြ၏။ အိမ်ရောက်သည်နှင့် မိရိုးဖလာ နည်းအတိုင်း ဇနီးနှင့်ကလေးကို မီးနေခန်း သွင်းရပြန်၏။ သားဖွားဆရာမများက မိရိုး ဖလာ မီးထိုင်ခြင်း(မီးဖွားပြီးစ မိခင်၏သားငယ် အိမ်ရှိရာ ခါးကို ခုနစ်ရက်တိုင် မီးကင်ခြင်း) ကို အားမပေးပေ။ သားဖွားဆရာမများ၏အဆိုကို မိခင်ကြီးက ကန့်ကွက်သည်။

”မီးထိုင်တယ်ဆိုတာ မိခင်အတွက် ထိုင်ရ တာ။ မီးထိုင်ရမှ ခေါင်းမူး၊ ခေါင်းကိုက်၊ ကိုယ်ရောင်ကိုယ်ဖော၊ မီးယပ်ချမ်းဖျား အဲဒါ တွေ နောင်မဖြစ်မှာ။ နင်တို့ သိပ္ပံခေတ်မို့ပါအေ။

ငါတို့တုန်းကဆိုရင် မိဿလင် အဝစားပြီး အင်္ကျီ မီးသင်းနံ့ထွက်အောင် ထိုင်ရတာ။ မီးရအောင်ထိုင်နော် သမီး။ စမုံနက်ထုပ်ကို မကြာမကြာ ရှူပေး။ ဒါမှ ခေါင်းမူး မကျန်မှာ”
ဒေါ်နန်းအေးသည် သမီးအား တရစပ် ရှင်းပြရင်း မီးကို ဂရုတစိုက်စောင့်ရှောက်ရန် ကောင်းမြတ်လင်းကိုပါ မှာကြားပြန်သည်။
”ယောက်ျားဖောင်စီး၊ မိန်းမ မီးနေ” ဟု ဆိုသည့်အတိုင်း မီးနေသည် ဇနီးကို အထူး ဂရုစိုက်ပေးရသည်။ ဇနီးမှာ မီးဖွားပြီးစ ဖြစ်သဖြင့် အရာရာကို ကောင်းမြတ်လင်းကသာ လုပ်ပေးရသည်။

နို့တိုက်ရန် သားငယ်ကို ချီပေးရ၏။ ထမင်း၊ ဟင်း ခူးခပ်ပေးရ၏။ စောင်ခြုံပေးရ၏။ အဝတ်အစားလျှော်ဖွတ်ပေးရ၏။ ဆေးဝါးများ တိုက်ကျွေးပေးရ၏။ သားငယ်ကို သေးချေး အနှီးဝတ်များ မကြာမကြာ လဲပေးရ၏။

ဆောင်းရာသီဖြစ်သဖြင့် မီးဖိုကို မီးငြိမ်းမသွား စေရန် အထူးဂရုစိုက်ရ၏။
အိပ်ရေးပျက် များသောကြောင့် ကောင်းမြတ်လင်းမှာ သွေးအားများကျ၍ ပိန်လာသည်။ ညအချိန်တွင် မီးဖိုဘေးတွင် အိပ်ငိုက်လာသည်။ သားငယ်အိပ်နေချိန်တွင် ခဏမှေးအိပ်ရသည်။ သားငယ်ငိုလာပါက ပွေ့ချီ၍ ချော့ရပြန်သည်။ ဇနီးသည် မီးဝင် သည်မှာ ယနေ့နှင့်ဆို ခြောက်ရက်တိုင်ပြီ။ မီးဖိုသိမ်းရန် ဒီတစ်ညသာ လိုတော့သည်။

အိပ်ရေးပျက် သက်သာတော့မည်။ တစ်ည လုံး မီးစောင့်ရသည်မှာ လွယ်ကူသည်တော့ မဟုတ်။ မီးဖိုပေါ်မှ ထင်းချောင်းများကျလာပြီး ဖျာနှင့်စောင်များ မီးမလောင်စေရန်၊ မီးငြိမ်း မသွားစေရန် အထူးဂရုစိုက်ရ၏။

ည ၉ နာရီသာ ရှိသေးသည်။ သူ အိပ်ငိုက် ချင်လာ၏။ နှာစေးနေသဖြင့် မိုးချုပ်ခါစက ဒီကိုဂျင်ဆေးပြား သောက်ထားသောကြောင့် ဖြစ်မည်။ ဇနီးနှင့်ကလေးကို သူကြည့်လိုက် သည်။ အိပ်ရေးငတ်သဖြင့် တရှူးရှူးဖြင့် အိပ်ပျော်နေကြပြီ။ မီးဖိုပေါ်မှ စကတ်သား ထင်းချောင်းမှ မီးကျီးခဲများကြောင့် ဝါးထရံ အခန်းပင်ဖြစ်လင့်ကစား တစ်ခန်းလုံး နွေးနေ သည်။
မီးထိုင်ရန် လုပ်ထားသည့် ယာယီမီးဖို ဖြစ်သဖြင့် မီးဖိုမှာငယ်ပြီး ထင်းချောင်းများက မီးဖိုနှုတ်ခမ်းကို ကျော်လွန်လျက်ရှိသည်။ မီးအရှိန်ပိုတက်လာသည်။
——
”မီးတွေ…မီးတွေ” ဘယ်အချိန် အိပ်ပျော် သွားသည် မသိ။ ဇနီး၏ အော်သံကြောင့် ကောင်းမြတ်လင်း လန့်နိုးသွားသည်။ မီးလောင် ရာဘက်သို့ ကမန်းကတန်းကြည့်လိုက်သည့် အခါ မီးစတစ်ချောင်းက မီးဖိုပေါ်မှ လျှောကျပြီး မီးဖိုဘေးတွင် လှန်းထားသည့် အနှီးဝတ်များကို မီးလောင်နေပြီဖြစ်သည်။

”မိန်းမ။ သားသားကို ပွေ့ပြီး အခန်းအပြင် ကို မြန်မြန်ထွက်တော့” မီးတောက်ကြီး လာပါက လန့်သွားမှာ စိုးရိမ်သဖြင့် မိန်းမကို ကပျာကယာ သူသတိပေးလိုက်သည်။
ကလေးငယ်ကို ပွေ့ချီ၍ ဇနီးက အခန်း အပြင် ထွက်သွားစဉ် မီးတောက်ကို ငြှိမ်းသတ် ရန် သူခြုံထားသည့် စောင်ဖြင့် လှမ်းရိုက်လိုက် သည်။ မီးမှာ ငြိမ်းမသွားသည့်အပြင် ရိုက်လိုက် သည့် လေအရှိန်ကြောင့် မီးလောင်နေသည့် အနှီးဝတ်များမှာအပေါ်သို့ တက်ပြီးသူ၏ ခေါင်းပေါ်သို့ ကျလာသည်။ ချည်အနွေးထည်၊ ဦးထုပ်နှင့်လည်ပင်းတွင် ပတ်ထားသည့် မာဖလာတဘက်ကို မီးစွဲပြန်၏။ မီးတောက် များကိုဖယ်ရှားရင်း အခန်းအပြင်သို့ ကမူးရှူးထိုး သူပြေးထွက်လိုက်သည်။ ကြမ်းပြင်ပေါ်တွင် လူးလှိမ့်ရင်း သူဘာကိုမျှ မသိတော့ပေ။
——
ဆေးရုံတက်၍ ၁၀ ရက်ခန့်ကြာသောအခါ နန်းခမ်းဝါ သက်သာလာ၏။ ထိုအခါ ဆရာဝန် က ဦးစိုင်းအောင်အား တိတ်တဆိတ် သတိပေး စကားဆိုသည်။
”နန်းခမ်းဝါကို သေသေချာချာလေး ဂရုစိုက်ပေးနော် ဦးလေး။ လုံးဝစိတ်ချရတဲ့ အဆင့်တော့ မဟုတ်သေးဘူး။ အားလုံးကိုတော့ သူမှတ်မိဦးမှာ မဟုတ်ဘူး။ မေ့သွားတဲ့ အရာ တွေကို ဇွတ်အတင်းကြီးလည်း မမေးပါနဲ့။ အထိတ်တလန့်တွေ မဖြစ်စေနဲ့ဦး။ ဒါပေမယ့် စိတ်မပူပါနဲ့။ ပေးထားတဲ့ ဆေးလေးတွေကို အချိန်မှန်တိုက်ပေးပါ။ တဖြည်းဖြည်းနဲ့ အားလုံးကို ပြန်သတိရလာမှာပါ ”
”ဟုတ်ကဲ့ ဆရာ။ ကျွန်တော်တို့ ဂရုစိုက် မှာပါ။

”နောက်ပြီး သတိပေးစရာရှိလို့”
ဆရာဝန်ကြီးက စိတ်မကောင်းဟန်ဖြင့် ဦးစိုင်းအောင်ကို ကြည့်နေ၏။
”ဟုတ်ကဲ့ ဆရာ။ ပြောသာပြောပါ”
ဦးစိုင်းအောင် တိုက်တွန်းလိုက်သည်။
”လင်မယားရယ်လို့ ဖြစ်လာရင် အေးအတူ၊ ပူအမျှဆိုတာတော့ ကျွန်တော်နားလည်တယ်။ ခုက သူတို့လင်မယားကို ပေးတွေ့လို့ မရသေး ဘူးဗျ။ မိန်းမဖြစ်သူက မီးယပ်သွေးလန့် ထားတယ်။

အထိတ်တလန့်ဖြစ်လို့ မရသေးဘူး။ ယောက်ျားဖြစ်သူက မီးလောင်ဒဏ်ရာကြောင့် မျက်နှာပျက်စီးသွားတယ်။ မျက်စိတစ်ဖက် ပျက်တယ်။ လက်တစ်ဖက်အကြောထိ သွားတယ်။ ကောင်းမြတ်လင်းရဲ့ရုပ်က သာမန် လူတောင် မြင်တာနဲ့ လန့်မှာပဲ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ယောက်ျားကိုမြင်တာနဲ့ ဇနီးက ထိတ်လန့်ပြီး ပြန်ရူးသွားနိုင်တယ်။ အဲဒီတော့ နန်းခမ်းဝါ အကောင်းပကတိ မဖြစ်မချင်း သူ့ယောက်ျားနဲ့ ပေးမတွေ့စေချင်ဘူး”
သားမက်နှင့်သမီးတို့၏ အဖြစ်ကို ကြားရ သည့်အခါ ဦးစိုင်းအောင် စိတ်မကောင်းဖြစ်ရပြန် သည်။
”အဖြစ်ဆိုးလိုက်တာ သားတို့ရယ်”
စိတ်ထဲမှ ရေရွတ်မိသည်။
—-
နန်းခမ်းဝါ သက်သာလာသောအခါ ကောင်းမြတ်လင်းအကြောင်း မေးတော့သည်။
”အမေ အစ်ကိုရော ဘယ်လိုနေသေးလဲ ဟင်”
ထိုအမေးကို ဒေါ်နန်းအေး မဖြေချင် ဆုံးပင်။
ဆရာဝန်ကြီးက ပေးမတွေ့ဖို့ မှာထား သည်။
”ဟိုဘက်မှာရှိတယ်”ဟု ပြော၍မဖြစ်။
တစ်မေးတည်း မေးနေသည့် သမီးကို သနားသော်လည်း လိမ်ရဦးမည်။ ”အမေ့ကို ခွင့်လွှတ်ပါ သမီးရယ်” ဒေါ်နန်းအေး စိတ်ထဲက တောင်းပန်လိုက်သည်။ ပြီးနောက် ”စိတ်မကောင်းပါဘူး သမီးရယ်။ ကောင်းမြတ် လင်းလေ … ”
”ဟီး… အဖြစ်ဆိုးလိုက်တာ အစ်ကိုရယ်”
ဒေါ်နန်းအေး စကားပင်မဆုံးသေး။ နန်းခမ်းဝါမှာ ချုံးပွဲချကာ ငိုလေတော့သည်။

—–
ရွာဦးဘုန်းကြီးကျောင်းတွင် ကောင်းမြတ် လင်း နေသည်မှာ နှစ်နှစ်ပြည့်ပြီဖြစ်သည်။ ဆိုးရွားလှသည့် သူ၏မီးလောင်ရာမျက်နှာကို အခြားသူများ မြင်တွေ့သွားပါက ထိတ်လန့်မှာ စိုးရိမ်သဖြင့် ဘုန်းကြီးကျောင်းတွင် တိတ်တဆိတ် နေထိုင်ခြင်း ဖြစ်သည်။ ကပ္ပိယ ကြီးပင် သူ့ကို မြင်တွေ့စအချိန်က လန့်ပြီး မေ့လဲသွား၏။ ဆရာတော်ကိုယ်တိုင် နှာထိုး ယူခဲ့ရသည်။ လွန်ခဲ့သည့် ငါးလကျော်က နန်းခမ်းဝါလည်း သူ့ကို မြင်သည်နှင့် လန့်ပြီး မေ့မြောသွားသဖြင့် ဆေးရုံပေါ်တွင် တစ်လခန့် ဆေးကုသခဲ့ရသေးသည်။ ကြောက်မက်ဖွယ် ကောင်းသည့် သူ၏ရုပ်ကို ရင်းနှီးသူမှာ ရွာထဲ၌ ယောက္ခမ မိဘနှစ်ပါး အပါအဝင် ဆရာတော် နှင့် ကပ္ပိယကြီး လေးဦးသာ ရှိသည်။ ကောင်းမြတ်လင်းသည် နေ့ခင်းတွင် ဘယ်မှ မထွက်။ ကပ္ပိယကြီး ပို့ပေးသည့် ထမင်းကို စား၍ ကျောင်းအနောက်ဘက် ကွမ်းသီးပင် များကြားတွင်ရှိသော တစ်ချိန်က ဆရာတော် ဖိုထိုးသည့် ဖိုတဲဟောင်းတွင် တစ်ယောက် တည်းသာ နေ၏။

ကောင်းမြတ်လင်းသည် တစ်လလျှင် နှစ်ကြိမ်ခန့် လူခြေတိတ်ချိန်တွင် သူ၏ သားနှင့် ဇနီးကို လာကြည့်တတ်သည်။ လမှ နှစ်ကူးခဲ့ သော်လည်း သူတို့မိသားစုမှာ ပေါင်းစပ်၍ မရသေး။ မြင်နေပါရက် အတူနေခွင့်မရသည့် သူ၏ဘဝကိုတွေးကာ နေ့စဉ်ငိုခဲ့ရသည်။ ဒီလို ဘဝမျိုး သူမလိုချင်တော့။ ဆရာတော်နှင့် ကပ္ပိယကြီးကို နှုတ်ဆက်ကန်တော့ပြီး ဇနီးနှင့် သားကို နောက်ဆုံးအကြိမ် နှုတ်ဆက်ကြည့်ရှု ရန် သူထွက်လာခဲ့သည်။

—–
”ဝုတ် ဝုတ် ဝုတ် ဝူး…”
ည ၁၁ နာရီခန့် ရှိပြီဖြစ်သည်။ ရွာလေး တွင် ခွေးဟောင်သံ၊ ခွေးအူသံများ ဆူညံလျက် ရှိ၏။
”ရွာထဲကို သရဲတွေ ဝင်လာရင် ခွေးတွေက ဝိုင်းဟောင်ကြတာတဲ့။ ခု ခွေးဟောင်သံတွေ ကြားရတယ်။ အိပ်တော့နော် သားသား ”
”မေမေ တားတား ကြောက်တယ်”
တစ်ရေးနိုးကာ ငိုနေသည့် နှစ်နှစ်အရွယ် သားငယ်သည် ခွေးဟောင်သံများ ကြားသဖြင့် နန်းခမ်းဝါအား တင်းတင်းဖက်ကာ အိပ်ပျော် သွားပြန်၏။ နန်းခမ်းဝါလည်း အိပ်ပျော်သွားပြန် သည်။
အိမ်နောက်ဖေးခန်းမှ သမီးနှင့် မြေးလေး တို့၏ ပြောဆိုသံကို ကြားရသည့်အခါ တစ်ဖက် အခန်းမှ ဦးစိုင်းအောင်တို့ လင်မယားမှာ သားမက်အတွက် မျက်ရည်စို့ရပြန်၏။ မကြာမီ နန်းခမ်းဝါတို့ သားအမိကို ကြည့်ရန် ကောင်းမြတ်လင်း ရောက်လာတော့မည်။
ခွေးဟောင်သံများကား တခြားမဟုတ်။ လွယ်အိတ်ကြီးတစ်လုံးကို စလွယ်သိုင်းလျက် ခြေထောက်ထော့နဲ့ထော့နဲ့ဖြင့် လျှောက်လာ သည့် ကောင်းမြတ်လင်းကို ဝိုင်းဟောင်ကြခြင်း ဖြစ်သည်။

ခွေးဟောင်သံများ တဖြည်းဖြည်း နီးလာ သဖြင့် ဦးစိုင်းအောင်တို့ လင်မယားသည် အိမ်တံခါးဖွင့်၍ သားမက်ကို စောင့်နေကြသည်။ ကောင်းမြတ်လင်း ရောက်လာသောအခါ ဒေါ်နန်းအေးသည် လက်နှိပ်ဓာတ်မီးကို ထွန်းလျက် အိမ်နောက်ဖေးခန်းတွင် အိပ်နေ သည့် သမီးနှင့် မြေးကိုစောင်ခြုံပေးဟန်ပြု၍ သားမက်အား ပြရှာသည်။ သုံးဦးသားမျက်လုံး များ၌ မျက်ရည်ကိုယ်စီပြည့်လျက်ရှိသည်။

ကောင်းမြတ်လင်းသည် ဇနီးနှင့် သားကို အားရအောင် ကြည့်ပြီးသောအခါ မိဘနှစ်ပါး
အား ခွင့်ပန်စကားဆိုလေသည်။
”အဖေနဲ့ အမေ။ ကျွန်တော်တို့မိသားစု ပြန်လည်ပေါင်းစည်းဖို့ကံက ဒီထက်ပိုမပါ တော့ဘူး ထင်ပါတယ်။ ကျွန်တော် အဝေးကို သွားတော့မယ်။ အဖေနဲ့ အမေကို ကန်တော့ခဲ့ ပါရစေ”
ကောင်းမြတ်လင်းက လက်အုပ်ချီကာ ကန်တော့နေ၏။ ဦးစိုင်းအောင်တို့ လင်မယား မှာ သားအတွက် ဘယ်လိုစကားနှင့် အားပေး ရမည်မသိ ဖြစ်နေ၏။ မျက်ရည်စို့ကာ ဖြေမဆည်နိုင်ဖြစ်ရပြန်သည်။
”အဖေတို့ရဲ့သားလေး မိသားစုနဲ့အမြန်ဆုံး ပြန်နေနိုင်ပါစေကွယ်”
ဦးစိုင်းအောင်က ငိုရင်း ဆုပေးရှာသည်။

ဒေါ်နန်းအေးမှာ စကားပင် မပြောနိုင်ရှာ။ ခေါင်းကြီးငုံ့လျက် ဝတ်ထားသည့် အပေါ်အင်္ကျီ ကိုပင့်၍ မျက်ရည်ကိုသာ တွင်တွင်သုတ်နေ သည်။
သန်းခေါင်ကြက်တွန်သံကို ကြားရ၏။ သက်ကြီးခေါင်းချချိန်ရောက်ပြီ ဖြစ်သည်။ ရွာထဲမှ ခွေးဟောင်သံများ ဆူညံလာပြန်သည်။ ထို့နောက် ခွေးဟောင်သံများသည် ရွာအပြင် ဘက်သို့ တဖြည်းဖြည်း ဝေး၍ဝေး၍ ကွယ်ပျောက်သွားတော့သည်။ ။

အေးချမ်းအောင်(ခမိုင်း)
ကြေးမုံသတင်းစာ