တွင်းကြီးသားတင်ဝင်းဦး
နေနှင့်အတူပြေး လနှင့်အတူလိုက်
တောတစ်ခုလုံးငြိမ်သက်နေသည်။ စိမ်းစိုသော တောတောင်တစ်ဝန်းရှိ တိတ်ဆိတ်ခြင်းသည် အသည်းယားဖွယ် ကောင်းလေစွ။ လေညင်းက တိုးတိုးလေးဝှေ့နေ၏။ လေညင်းအရှေ့တွင် သစ်ပင်အဖျားမှ သစ်ရွက်ကလေးများသည် လှုပ်သည်ဆိုရုံ ဝတ်ကျေတန်းကျေ လှုပ်နေသည်မှအပ အသံညင်းညင်းမျှပင်မပြု။
သူသည် အပင်တစ်ပင်ပေါ်တွင် နားခိုရင်း ရှိသည်။ သူ့နှုတ်က တအာအာ တအအ အသံပြုဖို့ပင် သတိမရ။ သူသည် ဟိုဟိုဒီဒီကြည့်ရင်း ရှိနေသည်။သူ၏လှုပ်ရှားမှုက ညင်သာလွန်း၏။
သူသည် တိတ်ဆိတ်မှုကို အခွင့်ကောင်းယူလိုက်သည်။ အချိန်ကြာကြာ မဖြုန်းတော့။ ရလာသည့် အခွင့်အရေးကောင်းကို အသုံးချလိုက်သည်။ ဖျတ်ခနဲ ပျံဝဲလိုက်ပြီး သူသည် အသံပြုလိုက်သည်။
“အ-အ-အာ-အာ”
သူနှင့်သူတို့အမျိုးများသည် ထင်ကောင်းကင်တွင်ဝဲပျံရင်း တစ်နေကုန် အစာရှာခဲ့ကြသည်။ တောနှင့် တောင်စွယ်တို့မှာ ရှာလိုက်၊ လူသားတွေနေသည့် အရပ်တွေမှာ အစာရှာလိုက်နှင့် သူတို့ ဝမ်းဝခဲ့ပြီ၏
သူတို့၏ အစာသည် သူများအသိုက်အအုံမှ ဥများ၊ သားပေါက်များနှင့် အခြားအသေကောင်များ၊ ခွေးပုပ်၊ နွားပုပ်၊ ကျွဲပုပ်များသာဖြစ်သည်။ တစ်ခါတစ်ရံလူတွေအိမ်မှာရှိသည့် သူတို့စားရမည့်အစာဆိုလျှင် လစ်ရင်လစ်သလို ခိုးဝှက်စားကြ၏။
ခိုးစားရမှ၊ သူများအသားမှ အရသာတွေ့သည့်သဘော။ ပျော်သည့်သဘော။
သူစဉ်းစားသည်။ သူတို့အမျိုးတွေကိုလူတိုင်းကမကြည်ဖြူကြ။ ကြည်ဖြူစရာလည်း အခြေအနေမရှိ။ လူသားတွေ ကြည်ဖြူအောင်၊ ချစ်ခင်အောင် လည်း သူတို့မနေကြ။ အသံကိုက ကျက်သရေမရှိသည့်အသံ။ ကြည့်လေ အ-အ-တဲ့။ အာ-အာ- တဲ့။ ပြီးတော့ အား-အား- တဲ့။ အသံက အမင်္ဂလာ အသံမျိုး။ အာသည့်အသံများ။ နာကျင်ခံခက် ဝေဒနာခံစားလို့ ညည်းတွားသည့် အသံမျိုး။
ပြီးတော့ကော အမွေးအတောင်ကအစ နှုတ်ဖျားမှ ခြေသည်းအထိ အနက်အရောင်။ လူသားတွေ မသတီစရာအကောင်၊ လူသားတွေ အမင်္ဂလာဟု သတ်မှတ်သည့်အရောင်မျိုး။
အမွေးအတောင်နှင့် အသံသည် အမင်္ဂလာဖြစ်သလို၊ သူတို့၏ စရိုက်ကိုလည်းကြည့်။ လူတွေ အမုန်းပွားအောင် တမင်တကာ ပြုမူနေသည့် ဉာဉ်ဆိုးစရိုက်မျိုး။
အရောင်မည်း စိတ်ပုပ်ဖြစ်ကြရသည့် သူတို့အမျိုးတွေသည် ဘယ်တော့မှ လူသားတွေ၏မေတ္တာကို ခံယူကြရသည်မရှိ။ လူတွေ အထင်တသေးနှင့် အမုန်းပွားခံနေရသည့်ဘဝမျိုး။
ကြည့်စမ်း သူတို့မှာ အသား အရိုးရှိ၏။ အကြောအခြင်ရှိ၏။ သို့သော် အဆီမရှိ။ ပုံပြင်လား ဒဏ္ဍာရီလားမသိသော ပုံပြင်တစ်ပုဒ်တွင် ကျီးတွေမှာ ဘာပြုလို့ အဆီမရှိသလဲဟု အမေးခံရသည်။
ကျီးတစ်ကောင်က ဖြေသည်။ သူများ မသထာရေစာကို ခိုးဝှက်စားရလို့ အဆီမရှိခြင်းဖြစ်သည်ဟု ဖြေခဲ့သည်တဲ့။ ကဲ သူတို့မှာ အဆီမရှိ၊ တကယ် အဆီ မကပ်။
သူသည် သူတို့အမျိုးတွေ၏ စရိုက်အကျင့်နှင့် အမူအရာကို တွေးမိ၏။ တကယ်တော့ သူတို့အမျိုးတွေမှာ ကျင့်ဝတ်ငါးပါး ရှိကြ၏။ လုံ့လရှိတာ၊ အစာနဲ့ ရန်သူကို တစ်ပြိုင်နက်ကြည့်တာ၊ မေထုန်အမှုကို လျှို့ဝှက်စွာကျင့်တာ၊ ရန်သူများကို အခါမလပ်ကြည့်ကြတာ၊ ပြီးတော့ အစာကိုတွေ့လျှင် အဖော်ကိုခေါ်ပြီးမှ စားကြတာ။ ဒါတွေက သူတို့အမျိုးတွေ၏ကျင့်ဝတ်။
သူ စဉ်းစားသည်။ လုံ့လထားတဲ့အရာမှာတော့ သူတို့အမျိုးတွေက သာသည်။ ပြီးတော့ ချစ်ခင်စည်းလုံးကြသည်။ အစာကို မျှတစွာစားသည်။
အဲ တစ်ခုတော့ရှိသည်။ သူတို့အမျိုးတွေသည် သူအပါအဝင် စရိုက်မကောင်းကြ။ သူတစ်ပါးကို ရန်စချင်သည်။ သူတစ်ပါး၏အသိုက်ကို ဖျက်ချင်သည်။ ဥက အစ၊ သားပေါက်အထိ ထိုးသုတ်စားသည်။ လူသားတွေ ပြင်ဆင်ထားသည့် စားစရာကို အလစ်ခိုးဝှက် ထိုးသုတ်စားကြသည်။
ထိုအတွက်လူတွေက သူတို့ကို မေတ္တာပို့ကြ၏။ သေနာကျငှက်၊ ငှက်ယုတ် ငှက်နာ ငှက်ဆိုး ကျီးမျိုးတွေတဲ့။ ဒါကြောင့်လည်း ဒင်းတို့မှာ အဆီမကပ်တာတဲ့။
သူသည် တွေးရင်းနှင့် နေ့တစ်နေ့အတွက် အစာရှာထွက်ဖို့ ပြင်ကြပြန်ပြီး သူသည်အခြားအကောင်များနည်းတူ တောင်ပံကိုဖြန့်လိုက်သည်။ နှုတ်ဖျားဆီမှ ပွင့်အံထွက်လာသည့် အာသံက ဝမ်းခေါင်းထဲမှတစ်ဆင့် နှုတ်သီးမည်း အာပြဲပြဲမှ တအအ တအာအာ မြည်ဟစ်နေသည်။
“အ-အ-အ”
“အာ-အာ-အာ”
သူတို့မြည်သံသည် ဝန်းကျင်ကို ဖုံးလွှမ်းသွားသည်။အော်ဟစ်မြည်ရင်းနှင့် အပင်များထက်တွင် ဆူညံနေသည်။ သူအိပ်စက်ရာအပင်မှ သူ့အမျိုးများ မြည်ကြတော့ အခြားအပင်မှ အကောင်များ မြည်ကြ၏။ တစ်ပင်မှ နှစ်ပင်၊ နှစ်ပင်မှ တစ်တောလုံးရှိ သူ့အမျိုးများ မြည်ကြ၏။ မြည်သံက ဝန်းကျင်ကို ဖုံးလွှမ်းနေသည်။
မကြာပါ၊ လင်းအရုဏ်ဘက် ကူးခဲ့၏။ လင်းပြီဆိုသည်နှင့် သူနှင့် သူ့အဖွဲ့သည် စားကျက်တောကို ပျံသူပျံ၊ အချို့က ရွာနီးစပ် သွားသူ သွား၊ ဝဲသူပဲ။ စားစရာပေါသည့်အရပ်ကို ပြေးသူ ပြေး။ သူတို့အိပ်စက်ရာက တစ်တော၊ အစာရှာရာက တစ်နေရာ။
ဒီတော့ မနက်လင်းပြီဆိုသည်နှင့် စားကျက်ရှာကြပြီး အိပ်တန်းဝင်ဖို့ ညနေမှာ တောကိုပြန်။ ဒါ နေ့စဉ်အလုပ်၊ နေ့စဉ် တာဝန်။ အိပ်တန်းဝင်တောနှင့် အစာရှာတောသည် သူတို့ဘဝ၊ သူတို့ စားကျက်။
ဒီကနေ့လည်း သူသည် တောထဲကို မဝင်တော့။ အပင်ထက်ဖျားဆီမှ ငှက်အသိုက်များမှာ ငှက်ဥတွေ၊ ငှက်သားပေါက်တွေ ရှိမည်မထင်။ မနေ့ကပင် သူတို့အဖွဲ့သည် ငှက်ဥနှင့် သားပေါက်များကို ထိုးသုတ်စားပစ်ခဲ့ပြီးပြီ။
သည်တော့ ဒီကနေ့ ရွာတွေရှိရာအရပ်ကို သွားမည်။ လူတွေသိမ်းဆည်းရာ၊ လူတွေစားသောက်ရာ အစာကို ရှာမည်။ အလစ်ထိုးသုတ်မည်။ လူတွေ၏ အမဲခြောက်ဖုတ်တွေ၊ အမဲညှင်းလှန်းထားတာတွေ၊ ငါးပိငါးခြောက်ငါးတွေ လှန်းထားတာတွေရှိသည်။ ထိုအစာများကို ခိုးဝှက်မည်၊ အလစ်သုတ်ရမည်။ ဝမ်းဝအောင် စားရမည်။
ထိုအစာတွေအပြင်လူတွေမွေးထားသည့် ကြက်ပေါက်တွေ၊ ဘဲပေါက် တွေရှိမည်။ ကာရံသင့်လျှင် ကြက်မြုံမှ ကြက်ဥတွေ ရနိုင်သလို၊ ဘဲခြံမှ ဘဲဥ တွေလည်းစားရမည်။
သူမှတ်မိသေးသည်။ လွန်ခဲ့သည့်ရက်တွေက သူနှင့် သူ့အဖွဲ့က ရွာတစ်ရွာသို့ ဝင်သည်။ လူတွေအလစ်တွေ အမဲခြောက်လှန်းထားတာတွေ ခိုးဝှက်လစ်ကာစားခဲ့၏။ နောက်ရက်တွင် ကြက်သားပေါက်များကို ချီခဲ့သည်။ ဟော နောက်ရက်ကျတော့ ဘဲသားပေါက်။
ပြီးတော့ ကြက်မတွေ မြုံဆင်းချိန်မှာစောင့်ပြီး ကြက်ဥတွေကို တစ်ဝတစ်ပြဲ စုပ်ယူစားသောက်ခဲ့ဖူးသလို ဘဲခြံထဲမှ ဘဲဥများကိုလည်း ချီယူရင်း သစ်ပင်ထိပ်မှာ စားခဲ့ဖူးသည်။
ထိုအခါက အရသာမျိုး မတွေ့ဘူး။ ကြက်ဘဲဥဆိုတာ တကယ်ဆိမ့်မှ ဆိမ့်။ ရင်ထဲမှာ အေးမြသွားခဲ့၏။ အားအင်တွေ ပြည့်သွားခဲ့သည်။ လန်းဆန်း သွားသည်ဟုထင်ခဲ့သည်။
ပြီးတော့ ကြက်သားပေါက်တစ်ကောင်ကို ခြေသည်းတွေနှင့် ချီကုတ်ရင်း သူ သယ်ခဲ့ဖူးသည်။ ကြက်ကလေးမှာ ပိညှပ်ပိညှပ်နှင့် အော်ရင်း တောင်းပန်သည်။ သူ အလွတ်မပေးခဲ့။ ကြက်ပေါက်ကလေးကို ကုတ်ယူရင်း သစ်ပင်ထက် နားသည်။ နားပြီး ရင်ဝကို ခြေသည်းနှင့်ကုတ်ဖြဲ၍ နှုတ်သီးနှင့်ထိုးဆိတ်ဆွဲကာအူ အသည်းနုတွေ စားခဲ့၏။
ကောင်းလိုက်သည့် အရသာ၊သွေးသံရဲရဲနှင့် ခံတွင်းတွေ့ပါဘိတော့။
ဘဲပေါက်တစ်ကောင် ကုတ်ယူစဉ်ကလည်း ထို့အတူပင်။ အရသာရှိရှိ ခံတွင်းတွေ့တွေ့ မျိုဆို့ခဲ့ဖူးသည်။
သည်တော့ သူနှင့် သူတို့အမျိုးတွေအနေနှင့် မတရားသည် တရားသည်မသိ။ လူတွေ မုန်းသည် ချစ်သည် မဝေခွဲ။ ဝမ်းဝဖို့က အဓိက။ သူတို့တစ်မျိုးလုံး အဆာပြေဖို့က အဓိက။
ဟော ဒီကနေ့လည်း ရွာများဆီ ဦးတည်ပျံဝဲခဲ့ကြသည်။ တအအ တအာအာ အသံပြုရင်း ဝဲပျံလာသည့် သူတို့အဖွဲ့သည် ကောင်းကင်ပြာပြာထက်တွင် မည်းမည်းမှောင်မှောင်။
မှန်သည်။ သူတို့ကျီးမည်းအဖွဲ့အင်အားက များသည်ဆိုတော့ ကျီးမည်းတွေက ထက်ကောင်းကင်မှာအပြည့်။ မည်းလို့ မှောင်လို့။
သည်ကနေ့ သူသည် စိတ်တွေတစ်မျိုးပြောင်းလာသည်။ တကယ်တော့ ထိုအဖွဲ့တွင် သူသည် ခေါင်းဆောင်မဟုတ်။ ခေါင်းဆောင်ဦးစီးက သူ့ထက်ကြီးသည့် ကျီးတစ်ကောင် ဖြစ်သည်။ သူသည် သဘာဝက ပေးလာသည့် အသိများထက်သာလွန်သည့်အတွေးတစ်ခုဝင်လာသည်။ ထိုအတွေးသည် အတွေးကောင်းလား၊ အတွေးညစ်လားဆိုတာ သူမသိ။ အဲ သူသိသည်က သူ့အတွေး၊ သူ့အသိသည် သစ်လွင်သည်သတ္တိမျိုးဆိုတာပဲ သိ၏။
သူသည် နေ့စဉ်နေ့တိုင်း နေကို မြင်ဖူး၏။ နေဆိုတာ သူ မသိသေး။ ထို့အတူ ရံဖန်ရံခါ လပြည့်ဝန်းကိုမြင်ဖူး၏။ လဆိုတာ သူမသိခဲ့။ နောက် အရွယ်ရောက်မှ နေမှာ အလင်းရောင်ပေးသော နေ၊ ညမှာ အမှောင်ခွင်းတာ လမင်း ဟုသိခဲ့၏။
အစာရှာသည့်နေ့တိုင်း နေ၏ နှေးကွေးမှုကို ဂရုပြုမိသလို၊ ညအခါ အိပ်ရာဝင်တိုင်း လမင်းအသွားနှုန်းကို ရယ်ချင်လာ၏။ တကယ်တော့ သူသည် နှေးကွေးသည့်နေနှင့် ရွေ့လျားမှုနည်းသည် လ၏ သွားလာမှုကို ပြက်ရယ်ပြုချင်လာ၏။
မှန်သည်။ သူ့အနေနှင့် နေသည် အရှေ့မှ အနောက်အရပ်သို့ သွားနေခြင်းဟုသိခဲ့၏။ ပြီးတော့ လဆိုတာကလည်း အရပ်တစ်ခုမှ အရပ်တစ်ခုသို့ ရာသီအချိန်အလိုက် သွားခဲ့သည်ကို နားလည်၏။
“ဟင်း အလကား လူတွေကို အလင်းရောင်ပေးပြီး နေ့ဖြစ်အောင် ဖန်တီးတဲ့နေက အပြေးမသန်ရှာဘူး။ ပြီးတော့ ညအမှောင်ကို အလင်းဆောင်တဲ့ လရဲ့သွားလာမှုကလည်း မမြန်ဘူး”
အစက အပေါ်ယံအတွေးနှင့် နေနှင့် လကို ကြည့်ကာတွေးခဲ့၏။ ကြာလာသည်နှင့်အမျှ သူသည် အတွေးသစ်တစ်ရပ်၊ အသိထဲမှာ မသိမသာ သိလာ၏။ သိလာသည့်အသိသည်လည်း သိသည်ထက် သိလာ၏။ ရင့်ကျက်သထက် ရင့်ကျက်လာ၏။ သို့နှင့် သူသည် အဖော်များကို ပြောကြားလိုက်သည်။
“အပေါင်းအသင်းကျီးတို့ ငါသည် အရွယ်ရောက်လာပြီး ကိုယ့်ခြေပေါ် ကိုယ်ရပ်နိုင်ပြီ။ အသင်တို့ ငါတို့အမျိုးအတွက် ဝင့်ကြွားထည်ဝါနိုင်မည့် အစွမ်းမျိုးငါ့မှာရှိနေပြီ”
သူသည် ဝင့်ကြွားစွာနှင့် ပြောသောအခါအပေါင်းဆွေမျိုးက မေးကြ၏။
“အသင်ကျီး အဘယ်မည်သောအစွမ်းမျိုးနည်း”
“အသင်၏အကြံကို ပြောပါဦး”
အမေးစကားအဆုံး သူသည် တအာအာ အော်ဟစ်လိုက်သေးသည်။ ပြီးမှ သူ ဖြေသည်။
“အခြားမဟုတ် ငါ၏ တောင်ပံများကို အားပြုဝဲရင်း ဟိုးထက်ကောင်းကင်က နေမင်းနှင့် အပြေးပြိုင်ပြအံ့။ ငါသာ အနိုင်ရအံ့။ ပြီးတော့ နေမင်းကို နိုင်ပြီးပါက လမင်းနှင့်လည်း အပြေးပြိုင်ပြအံ့။ ငါပင် နိုင်ရအံ့”
“အို အသင်ကျီး ထိုအကြံကောင်း၏”
“အသင်နိုင်ရင် ကျွန်ုပ်တို့ကျီးမျိုးတွေ အမျိုးဂုဏ်တက်စေတာပေါ့“
“ဟုတ်ပါသည် အသင်ကျီး၊ အသင်နိုင်ပါက လောကဝန်းကျင်အားလုံးရှိ ငှက်များသည် ငါတို့ကျီးမျိုးကို ချီးမွမ်းကြအံ့။ အသင် ပြိုင်လော့”
သူ့ဆွေမျိုးများ၏ အားပေးအားမြှောက်ပြုသည့်စကားကို သူသည် နှစ်ခြိုက်သွားသည်။ သဘောကျသွားသည်။ သူ့လိုကျီးမျိုး ဇမ္ဗူမှာမရှိဟု ခေါင်းမော့လိုက်၏။ ရင်ကော့လိုက်၏။ တအာအာ အသံပြုကာရည်ပြလိုက်၏။ သူသည် အမျိုး၏ဂုဏ်သတ္တိ ပြောင်မြောက်ဖို့ အားမွေးလိုက်၏။
“အသင်ကျီး ဘယ်တော့ပြိုင်မည်လဲ”
“နေနှင့်လကို ဘယ်တော့စိန်ခေါ်မလဲ”
အဖွဲ့က မေးလိုက်သည်။ သူသည် သူနှင့် အပြေးပြိုင်မည့် နေမင်းကို အထင်သေးစွာနှင့် မော်ကြည့်လိုက်သည်။ ပြက်ရယ်ပြုလိုက်သည်။ နေမင်းသည် ထက်ကောင်းကင်တွင် တထိန်ထိန်လင်းလက်ကာအပူရှိန်ကိုပေးနေသည်။ သူသည် နေမင်းကိုကြည့်နေသည်။ သူ့အမြင် သူ့အကြည့်ထဲမှာတော့ နေမင်းသည်ရွေ့လျားသည် မထင်။ သူသည် အနိုင်ရရမည်ဟူသောသဘောနှင့် အဖွဲ့၏အမေးကို အမြန်ဖြေလိုက်၏။
“မနက်ဖြန်”
သူမျှော်လင့်ခဲ့သော မနက်ဖြန်ဆိုသည့် နောက်တစ်ရက်ကို ရောက်ခဲ့၏။ ညပိုင်း၏အမှောင်သည် လုံးဝပျောက်ပျက်မသွားသေး။ နေ့ဖြစ်ခွင့်မပြုသေး။ ထိုအချိန်တွင် သူသည် ခပ်စောစောနိုးလာ၏။ နိုးသည်နှင့် သူသည်တအာအာအသံနှင့် အဖော်များကို နှိုးလိုက်သည်။ သူ့အော်သံကြောင့် ဆွေမျိုးအားလုံး အသံပြုကြသည်က အမှောင်လွှမ်းသော လင်းပိုင်အချိန်တွင် ပွက်ပွက်ဆူသွား၏။
“အ-အ-အ”
“အား-အား-အား”
သူသည် နေနှင့် ပြိုင်မည်ကို သူ့အဖွဲ့အားလုံး သိကြပြီးသား။ တစ်တောလုံးရှိ ကျီးများ ညပိုင်းကတည်းက သိပြီးသား။ သိထားသည်နှင့်အမျှ သူ့ကို ချီးကျူးကြသည်။ သူ့ကို အာဂသတ္တိခဲ၊ အာဂသတ္တိရှင်တဲ့။ နေနှင့်ပြိုင်လို့ အနိုင်ရလျှင် သူတို့အမျိုးတွေဂုဏ်တက်မည်။ အဲ – နေနှင့်ပြိုင်ပြီး အနိုင်ရပြီး ပါက လမင်းနှင့် ဆက်ပြိုင်လို့ အနိုင်ထပ်ရလျှင် ပိုပြီးသိက္ခာရှိ။ အမျိုးတွေ မော်ကြွားနိုင်မည်တဲ့။ ဒီတော့ သူ့အနေနှင့် ဘာကိုကြောက်ရမလဲ။ ဘာမှ ကြောက်စရာမလို။ တစ်မျိုးတစ်ဆွေလုံးက သူ့ဘက်၊ နေနှင့်လဆိုတာ အသက်ရှိတာမဟုတ်။ သွားလာလှုပ်ရှားနေတာက နှေးကွေးလွန်းသည်။ ဒီတော့ သူ နိုင်ရမည်။
သူတွေးနေစဉ်လုံးဝလင်းပြီ။ သူသည်အဖွဲ့ကို ပြောလိုက်၏။
“မိတ်ဆွေတို့ ကောင်းကင်ပျံငှက်တွေနှင့် တောင်ပံနှစ်ဖက်ပါငှက်တွေကို ပြောပြကြလော့”
“ကောင်းပြီ အသင်ကျီး”
“ပြီးတော့ – ကျွန်ုပ်ပြန်အလာကို ဝမ်းသာစွာ ကြိုလော့”
“ကောင်းပြီ အသင်ကျီး”
သူသည် နေထွက်အလာကို မျှော်သည်။ နေမင်းသည် ရဲရဲနီတာနှင့် ထွက်လာပြီ။ ကြက်သွေးရင့်ရင့်နှင့် တည်ငြိမ်သည့်နေမင်းကြီး လာနေပြီ။ သူ့အမျိုးများသည် နေမင်းကိုမျှော်ကြည့်ရင်း အပင်များထက်တွင် နားကြ၏။
တကယ်တော့ နေမင်းကိုစောင့်မည်။ နေက ယခုမှအရှေ့အရပ်မှ လာနေဆဲ။ သူက အရင်ပျံနှင့်လျှင် မတရား။ အရင်ပျံလို့နိုင်သည်ဟု ဆိုကြမည်။ သူ့သဘောက နေမင်း ခေါင်းပေါ်တည့်တည့်ရောက်မှ ပျံမည်။ တာထွက်မည်။ သို့ကြောင့် သူ့ဆွေမျိုးများသည် အစာရှာမထွက်ကြ။ နေမင်း ခေါင်းပေါ် အရောက် စောင့်ကြ၏။ သူ့ကို အားပေးကြ၏။ အားပေးသံတွေက အပြိုင်။
သူသည် မနေ့က ချန်ထားသည့် ကြက်သားပေါက်အချို့အသေကောင်များကို တစ်ဝတစ်ပြဲစားလိုက်သည်။ စားရင်း နေ ခေါင်းပေါ်ရောက်မည့်အချိန် ကို စောင့်သည်။ စောင့်ရင်း စားရင်း၊ စားရင်း စောင့်ရင်းနှင့် မကြာပါ။ နေမင်းသည် မြင့်သထက် မြင့်လာ၏။ နီးသထက် နီးလာ၏။
“နေမင်းကြီး လာနေပြီ”
“အသင်ကျီး အသင့်ပြင်လော့”
ဆွေမျိုးများက ပြော၏။ သူသည် ဘေးဝဲယာကို ကြည့်သည်။ အခြား အမျိုးများကပါ သူ စတင်ပျံမည့် အပင်ထက်တွင် လာပြီး အားပေးကြ၏။ အချို့က အပင်မှာနား၊ အချို့က ထက်ကောင်းကင်တွင် ဝဲပျံကြ၏။ သူသည် သူ့အမျိုးများကိုကြည့်ကာ အားတက်သွား၏။ သူ့ဝန်းကျင်က အပင်၊ တောင် ကုန်းနှင့် တောတန်းတွေမှာ သူ့အမျိုးတွေကအပြည့်။
“အသင်ကျီး နေနှင့် အသင့်ခေါင်းတို့ ညီပြီ။ အသင် ပျံလော့”
“မိတ်ဆွေတို့ ငါ ပျံပြီ။ အသင်တို့ ကျွန်ုပ် ပြန်အလာကို စောင့်ကြလော့”
“ကောင်းပြီ”
“အသင် ပျံလော့”
သူသည် နားခိုရာအပင်ထက်မှတစ်ဆင့် လှစ်ခနဲ နေသွားရာအနောက်အရပ်ကို ပျံလိုက်သည်။ အရင်ကထက် အဆများစွာသာသည့်နှုန်းထက် ပိုသည်။ သူ နားခိုရာ တောအရပ်ဆီမှာတော့ သူ့ဆွေမျိုးကျီးတွေ၏ ဩဘာပေးသံ တအာအာက ကမ္ဘာပျက်သည့်အလား။ တောလုံးညံ၊တစ်တောင်လုံး ထပ်သွားသည်။
သူပျံခဲ့၏။ ဝဲခဲ့၏။ သူသည်နောက်ကို လှည့်မကြည့်။ သူ၏အမျိုးများမှာ တစာစာအော်ရင်း အားပေးမြဲ။ သူ့အသိထဲမှာ သိသောအသိသည် သူသာ နိုင်ရမည်။ သူနိုင်ပါက သူ ဝင့်ကြွားနိုင်သလို သူ့အမျိုးများ သိက္ခာရှိမည်။ ဒါ သူ့အသိ၊ ဒါ သူ့မာန်၊ သူ့အတ္တ။
သူ ပျံခဲ့၏။ ပျံခဲ့သော မိုင်ပေါင်းများပြီ။ အတော်အသင့် ဝေးခဲ့ပြီ။ ပျံရင်းနှင့် မြေပြင်ကိုကြည့်၏။ တောင်တန်းတွေ မြင်ရသည်။ တောအုပ်ကို တွေ့ရသည်။ရေပြင်ကျယ်ကြီးကိုတွေ့ရသည်။ လယ်ကွင်းတွေ၊ ပဲခင်းတွေမြင်ရ၏။ သူသည် နေမင်းသွားရာအရပ်ကို ပျံရင်းရှိသည်။ ပျံရင်း တွေး၏။
“အင်း နေမင်းဆိုတဲ့အကောင် ညပိုင်းမှာ အိပ်မှာပဲ။ ဒီကောင်အိပ်တဲ့ဆီကို ငါအရင်ရောက်ရင် ငါ နိုင်ပြီ”
သူ တွေးရင်း သတ္တိမွေးလိုက်သည်။ သတ္တိမွေးရင်း သူ ပျံ၏။ သူ ပျံရင်း နိုင်ရမည်ဆိုသောအသိထား၏။ ထိုအသိတရားကြောင့် သူ ပျံမြဲပျံနေသည်။ ပျံရင်းနှင့် အားထည့်၏။ အားထည့်ရင်းနှင့် ပျံသည်။ မလျှော့သောဇွဲရှိပါက အောင်ရမည်။ ဒါသူ၏ အတွေး။ အတွေးနှင့် အတူ သူ ပျံဆဲ။
သူ ပျံနေစဉ် အတွင်း အခြားငှက်များကို တွေ့ရ၏။ ကောင်းကင်မှာတွေ့ရသည့် ဗျိုင်းငှက်၊ ဟင်္သာငှက်နှင့် အခြားငှက်တွေက မေးသည်။
“အသင်ကျီး ဘာကြောင့် အပြင်းအထန်ပျံရတာလဲ”
ဒါ ဗျိုင်း၏ အမေး။
ဗျိုင်းငှက်မေးသလို ဟင်္သာငှက်ကလည်း –
“အသင်ကျီး အလောတကြီး ပျံရခြင်းသည် အသင့်နောက်မှာ ရန်သူ ရှိပါသလော့။ ဒါမှမဟုတ် ဘာအကြောင်းကြောင့်ပါလဲ”
ထိုငှက်များ၏အမေးကို သူက ဖြေသည်။
“အသင်တို့ထင်တာ တစ်ခုမှမဟုတ်။ အသင်တို့ အထက်ကောင်းကင်ကိုကြည့်ကြ။ နေမင်းကို မြင်၏လော့”
သူ့အပြောကြောင့် ထိုငှက်များက ကောင်းကင်ကို ကြည့်၏။
“မြင်ပါ၏ အသင်ကျီး”
“ထိုနေမင်းနှင့် ငါ အပြေးပြိုင်နေခြင်းပါပင်တည်း”
“အလို….”
“နေမင်းကြီးနဲ့ အပြေးပြိုင်နေတာ”
သူကပြန်လည်ဖြေရင်း ဆက်ပျံလိုက်သည်။ သူပျံရာအရပ်ဆီပျံလိုက်လာရင်း မေးသည့် အခြားငှက်များ ရပ်တန့်ကျန်ရစ်၏။ ထိုငှက်များပြောသည့်စကားကို သူမကြားရတော့။ ငှက်များမှာ ပြောရင်း ကျန်ရစ်၏။
“အတော်မိုက်တဲ့ကျီး”
“မဖြစ်နိုင်တာကွာ။ နေနဲ့ အပြေးပြိုင်ရတယ်လို့ ၊ မိုက်ပါ့”
“အေး အဲသလို မိုက်လို့လည်း ကျီးတွေကို ကျီးမိုက်လို့ခေါ်တာဟ”
သူ ဘာမျှ အသံမကြားရတော့။ သူ ပျံမြဲပျံ၏။ အားတင်းမြဲ တင်း၏။ ပျံရင်းနှင့် လေသည် တိုက်ခတ်လာ၏။ လေတိုက်သည်ကို သူမမှု။ သူအဓိက ပစ်မှတ်က နေအိပ်ရာအရပ်ကို ရောက်ဖို့။ နေရဲ့အရင်ဦးအောင် ပန်းဝင်ဖို့။ ဒါ သူ့အသိ။
သူ ပျံရင်းနှင့် မြေပြင်ကို ကြည့်သည်။ လယ်ကွင်းတွေ မတွေ့ရတော့။ သဲပြင်ကျယ်ကြီးကို တွေ့ရ၏။ သဲပြင်ကျယ်ကြီးဘေးမှာ တောင်ခေါင်းတုံး တစ်ခုမြင့်မြင့်ကို ရှည်မျောမျော တွေ့ရ၏။ သူသည် ကောင်းကင်ကို မော့မကြည့်မိ။ သူ့စိတ်အထင်က နေမင်းသည် သူကျောပေးရာအရပ်ဆီမှာ အဝေးကြီးကျန်ခဲ့ပြီဟု သူ ထင်သည်။ သူ ပိုပြီးအားတက်သွား၏။ သူ့ကို နေမင်းရှုံးလိမ့်မည်ဟု ထင်နေဆဲ။ ထင်ရင်းပျံရင်းတွေးရင်းနှင့် ရှိနေသည်။
မကြာပါ။ သူသည် ဝန်းကျင်ကို ကြည့်မိ၏။
“ဟင် မှောင်လာသလိုလို”
မှန်သည်။ မှောင်စပြုတော့မည်။ သူသည် မြေပြင်ကို ကြည့်သည်။ သဲပြင်ကျယ်ကြီးကို ခပ်ရေးရေးသာ မြင်ရသည်။ ဝန်းကျင်သည် ငြိမ်သက်မှုနှင့် မည်းမှောင်လာပြီ။ တောင်တန်းတွေ မည်းမှောင်လာ၏။ ထိုအခါ သူသည် ထက်ကောင်းကင်ကို မော့ကြည့်၏။
“ဟင်”
သူ ထိတ်လန့်တုန်လှုပ်သွားသည်။ မတုန်လှုပ်ပဲနေမည်လား။ ကြည့်စမ်း မိုင်ပေါင်းများစွာ ကျန်ရစ်မည်ထင်သောနေသည် သူ့ရှေ့မှာရောက်နေပြီ။ သူသည် နေမင်းကိုကြည့်ကာ ဒေါပွသွားသည်။ ဒေါပွသည်နှင့်အမျှ သူ့ကိုယ်သူ သတိထားမိ၏။ အခြားမဟုတ်။ သူမောလာခြင်း၊ အတောင်တွေ ညောင်းလာခြင်း၊ ခြေတွေ ညောင်းလာခြင်းပင်တည်း။
သူသည် အသက်ကို ဝအောင်ရှူလိုက်၏။ အားအင်တွေ အသစ်ဖြည့်၏၊ တောင်ပံတွေ လှုပ်ခတ်၏။ သို့သော် သူ အသက်ဝအောင်ရှူဖို့ မစွမ်းသာပြီ။ အားအင်အသစ်မွေးဖို့ ချိနဲ့လာပြီ။ အတောင်ညောင်း ခြေညောင်းနှင့် ဝမ်းကဟာလာပြီ။ သူ့တောင်ပံအစုံမှအမွေးအချို့ပင်ကျွတ်ချင်ချင် ဖြစ်နေပြီ။ အချို့သူ့အမွေးတွေကျွတ်ကုန်ပြီ။ သူ့ကိုယ်သူ သိသည်။ မာန်မလျှော့။ အားမချ၊ သတ္တိအသစ်တွေမွေးပြီး ဆက်ပျံသည်။
သို့သော်-
သူသည် စိတ်သွားတိုင်းကိုယ်မပါတော့၊ ကိုယ်လှုပ်တိုင်း စိတ်မပါတော့။ သို့သော် သူသည် ရှိသမျှအင်အားနှင့် ပျံမြဲပျံနေ၏။ နေမင်းအိပ်ရာအရပ်ဆီ စိတ်က ရောက်နေသည်။ သူ နိုင်ရမည်။ အောင်ပန်းဆင်ရမည်။ ထိုအချိန် အမှောင်လွှမ်းလာသည်။ သူသည် မြေပြင်ကို ကြည့်သည်။ ကြည့်ရင်း တွေး ၏။
“အင်း – မြေပြင်မှာ နားမယ်။ နားပီးမှ လိုက်မယ်။ အား – ညောင်းကလည်း ညောင်း၊ ဆာက ဆာ၊ ရေကငတ်”
တွေးရင်းနဲ့အသေအချာကြည့်လိုက်၏။ သူ၏မျက်လုံးများ ပြာဝေသွားသည်။ မှုန်ဝါးသွားသည်။ သူ တုန်လှုပ်သွားသည်။ စောစောက သဲပြင်ဟုထင်ခဲ့သည့်အရာသည် ပင်လယ်ပြင်ကြီး ဖြစ်နေပါပေါ့လား။ သူ ပင်လယ်ကိုကြည့်ရင်း အနောက်ဘက်ဆီသို့ သမင်လည်ပြန်ကြည့်မိ၏။
ကမ်းမမြင် လမ်းမမြင် ပင်လယ်ထဲ ရောက်နေပြီပဲ သိ၏။ သူ ခဲလေသမျှ သဲရေကျဖြစ်နေပြီ။ သူ့အားအင်တွေ ဆုတ်ယုတ်လာနေပြီ။ သူသည် သတ္တိတွေမွေးလိုက်ပြန်၏။
အလို သူ့သတ္တိတွေ ဘယ်ရောက်ကုန်ပြီမသိ။ အင်အားတွေဘယ်ပြေးကုန်ပြီ မသိတော့။အတောင်ကညောင်း၊ အူဟောင်းလောင်းဘဝမို့ ခြေတွေ တောင်ပံတွေက လေးလံထိုင်းမှိုင်းနေပြီ။
သူသည် နေမင်း အိပ်တန်းဝင်ရာအရပ်ဆီ မော့ကြည့်လိုက်၏။ ကြည့်ရင်းနှင့် အမီလိုက်ပြန်သည်။ သိပ်ပြီး မပျံနိုင်တော့။ သူ့ခေါင်းတွေ မူးနေ၏၊ သူ့မျက်လုံးတွေ မမြင်ရတော့။ သူ့ပါးစပ်မှာ ပြဲနေပြီး လျှာမှာ တစ်လစ်ထွက်နေသည်။ သူ့ရင်ထဲက ဝမ်းတွင်းကလီစာတွေ မီးလောင်ကာပြောင်းပြန်လန်ကုန်ပြီဟုထင်ရသည်။ သူ့အသည်းတွေ ကြွေကျ၊ ကျေမွကုန်ပြီထင်ရသည်။ အဆီမပါသော သူ့အသားအရေ ခန်းခြောက်ကုန်ပြီထင်၏။
ထိုအချိန် နေသည် တောင်စွယ်တစ်ခုမှာ ကွယ်သွား၏။ သူသည်ရှိသမျှ အားအင်နှင့် နေမင်း၏နောက်သို့လိုက်သည်။ ထိုအခါ အရုပ်ကြိုးပြတ်သဘော ဖြင့် အောက်ကို တစ်ဟုန်ထိုးပြုတ်ကျလာ၏။ သူသည်ကြိုးစားပျံတက်လိုက်သေး၏။ တောင်ပံတွေကလှုပ်ရှားဖို့ငြင်းဆန်၏။ ခြေတွေက ရပ်တည်ဖို့ ခေါင်း ခါကြ၏။ မျက်လုံးတွေက ကြည့်ပေးဖို့ အားအင်မရှိ၍ တောင်းပန်ကြသည်။
သူသည် ထိုအခါတွေး၏။
“မှားပြီ- ငါမှားပြီ”
သူ တွေးအပြီး အောက်ကို ပြုတ်ကျသွားသည်။ လေဟာနယ်ထဲမှာ တိမ်တိုက်ထဲမှာ အရှိန်ဖြင့် ပြုတ်ကျလာရင်းဖြင့် သူ့အမှား သူ ဆင်ခြင်မှုမပြုနိုင်သေးဟုထင်မိသည်။ အေးစက်သော ထိတွေ့မှုကိုခံရ၏။ပင်လယ်ထဲ ကျသွားပြီဖြစ်ကြောင်း သူ့အာရုံက သိရုံသာ သိသည်။ သူ သိသည်က သူမသိတော့ခြင်းပင်။ သူ အသက်မရှိတော့။
သူသေသည့်အချိန် နေသည် သူ့ခရီးသူ သွားမြဲ။သူသေသည့် ပင်လယ်ပြင်သည် ညဖြစ်၍ မှောင်ပြီ။ သူ ဆက်ပြိုင်မည်ဟု အားခဲထားသည့် လမင်း ထွက်လာပြီဖြစ်၏။ သူသည် ဘာမျှမသိတော့။ အကယ်၍များ …။
အကယ်၍များ …
သူ့ကို မြှောက်ပင့်ပေးလိုက်သည့် ကျီးများသည် သူသေမည်ကို သိကြ၏။ ဘယ်တော့မှ ပြန်လာမည် မဟုတ်ဟု သိ၍ သူတို့ဝမ်း သူတို့ရှာစားနေမြဲကို သူ မသိ။ မဖြစ်နိုင်တာကို ဖြစ်ရမည်ဟု အတ္တလွန်သတ္တိနှင့် မာန်မာနတွေ ထားသည့်အတွက် သူ့ကို သေစေလို၍ လွှတ်လိုက်သည်ကိုလည်း သူမသိ။
ယခုတော့ သူ့ဆွေမျိုးများက အပြစ်ပြောကြ၏။ ပြောလည်း သူ မသိတော့။
“တော်တော်မိုက်တဲ့အကောင်၊ နေမင်းနဲ့ အပြေးပြိုင်သတဲ့ကွာ”
“ဟုတ်ပါ့ နေနဲ့တင်မကဘူး။ လနဲ့တောင် ထပ်ပြီးပြိုင်ဦးမှာတဲ့”
“ခုတော့ သေပြီ”
“အဲဒါ သူ့အတွက် အကောင်းဆုံးလမ်းပဲကွ”
“ကဲပါကွာ သူ့လမ်း သူသွားတာပဲ။ သွားပါစေတော့ ပြောမနေကြနဲ့။ ဒါ သင်ခန်းစာပဲ”
“အစာရှာဖို့သာ ကြိုးစားကြ”
သူ့ဆွေမျိုးများသည် သူအကြောင်းပြောရင်း သင်ခန်းစာယူရင်းနှင့် သူတို့အစာရှာနေကျ စားကျက်ဆီ ပျံခဲ့ကြပြီ။ အသံတွေပြုရင်း ဝဲနေကြသည်။
အစာကိုတွေ့တော့ ခိုးကြောင်ခိုးဝှက်နှင့် စားနေကြသည်။
ထိုအချိန် –
ကျယ်ဝန်းသည့်ပင်လယ်ပြင်ထဲမှာ အသက်မဲ့နေသည့် သူ့ခန္ဓာကိုယ်သည် မျောရင်း ပါရင်းဖြင့်……။
– ပြီး –
စာရေးသူ – တွင်းကြီးသားတင်ဝင်းဦး
စာစီစာရိုက် – မုဆိုး တံငါ စာပေများ