နွံထဲကကြာ

Posted on

နွံထဲကကြာ(စ/ဆုံး)

—————

“အဖွား နားတော့လေ သမီးပဲ သိမ်းလိုက်တော့မယ်”

“ရပါတယ် ငါ့မြေးရယ်။မြေးလေးက ကျောင်းက တစ်ဖက်။အဖွားအလုပ်ကိုလည်း ကူရတယ်။အိမ်အလုပ်တွေလည်း မနားရဘူး။ အိမ်မှာ နားပါဆိုတာ မြေးရယ်”

“အဖွားကလည်း မြေးက လူငယ်ပဲ ။ပိုလုပ်နိုင်တာပေါ့။ ခု အသက်ခြောက်ဆယ် အဖွားတောင် ဒီလောက်လုပ်နိုင်တာ။မြေးက အဖွားထက် ပိုလုပ်ရမှာပေါ့ မဟုတ်ဖူးလား”

မြေးလေးရဲ့ စကားကို ကြားပြီး မျက်ရည်စို့ရသည့်အထိ ကြည်နူးပီတိဖြာသွားရသည်။ ရှစ်တန်းအရွယ် ကျောင်းသူလေး ဖြစ်နေတာတောင်။ မရှက်မကြောက် အဖွားအလုပ်ကို လိုက်လုပ်ကူပေးသည်။
ဒေါ်မြနှစ်က စည်ပင်ဝန်ထမ်း။ နေ့တိုင်း ကျရာနေရာနေရာလေးမှာ တာဝန်ကျေပွန်စွာ အမှိုက်သိမ်း။သန့်ရှင်းရသူဖြစ်သည်။ နေတာကတော့ စည်ပင်ဝန်ထမ်း အိမ်ရာလေးမှာမို့ မြေးအဖွားနှစ်ယောက် နေထိုင်ဖို့မပူရပေ။ ငယ်စဉ်ကတည်းက မိဘမဲ့ရှာသော မြေးမလေး ကြာဖြူနှင့်အတူ ဘဝကိုရပ်တည်လာတာ ဆယ်နှစ်ပြည့်တော့မည်။ မြေးမလေးပင် ရှစ်တန်းရောက်နေပြီ။ ရတဲ့လခလေးက မလောက်ငတော့ အမှိုက်ရှင်းရင်း ရောင်းလို့ရမယ့် ပုလင်း၊ဗူးခွံ၊ကော်ကြွပ် စတာတွေကို ထိုးဆွရှာရသည်။ အမှိုက်ကောက်သမား၊အမှိုက်ရှင်းသမား၊တချို့တွေဆို သူတောင်းစားလို့ပင်ပြောကြပေမယ့်
ဒေါ်မြနှစ် မနာခဲ့ပေ။ သူတစ်ပါးပစ္စည်းခိုးယူတာမဟုတ်။လိမ်ယူတာမဟုတ်။ စွန့်ပစ္စည်းကို သမာအာဇီဝကျကျ ကောက်ယူတာမို့ သန့်ရှင်း စင်ကြယ်သည့် အလုပ်မို့ ဆင်းရဲပင်ပန်းပေမယ့် ဂုဏ်ယူမိသည်။

“ဒီမယ် ငါ့မြေးရဲ့ အဖွားတို့အလုပ်ကလေ။ကုသိုလ်လည်းရ။ဝမ်းလည်းဝတယ်။လမ်းသန့်ရှင်းရေးလုပ်ရတယ်။အများသူတွေ သွားလာဖို့အဆင်ပြေသလို၊ဟော သန့်ရှင်းနေတော့ ရောဂါဘေးလည်း ဝေးကြတယ်လေကွယ်။သံဃာတော်တွေလည်း သွားတဲ့လမ်း။သီလရှင်တွေလည်းသွားတဲ့လမ်း၊အရွယ်စုံ၊လူစုံ သွားတဲ့လမ်းကို နေ့တိုင်းမပြတ် ကုသိုလ်ယူ သန့်ရှင်းပေးရတာလို့ စိတ်ကမှတ်ယူလိုက်ရင် ကုသိုလ်တွေ အများကြီးရတာပါကွယ်”

ငယ်စဉ်ကတည်းက မြေးမလေး ကြာဖြူကို အလုပ်ရဲ့ ဂုဏ်ယူစရာတွေကို သွန်သင်ဆုံးမခဲ့တာမို့ သိရှိနာလည်တာကိုကြည်နူးမဆုံးပင်။ ကျောင်းမသွားခင်။
ကျောင်းပိတ်ရက် အဖွားရဲ့ အလုပ်တွေကူလုပ်ပေးခဲ့တာ ခုအသက်အရွယ်ထိပင်။ လိမ်မ္မာရေးခြားရှိလှသော မြေးမလေးကြောင့် သူအသက်ရှင်ရတာ တန်ဖိုးရှိလှသည်ဟု မှတ်ယူခဲ့မိသည်။

(၂)

“ဟဲ့ သဇင် သည်လပတ်လဲ ဟိုကောင်မကြာဖြူ ပထမပဲနော်။နင်လည်း သူ့ကို အမြဲရှူံးနေတာပဲ”

“ဟုတ်ပ နော်။ သဇင် နင်သူကို့ မနိုင်ဘူးလားဟယ်။ ကျူရှင်တွေကော။အိမ်မှာ အကောင်းဆုံး စာသင်ဂိုက်တွေ ခေါ်သင်နေတာကို”

သူငယ်ချင်းတွေရဲ့ စကားက ပန်းသဇင်ရဲ့နားထဲ သံရည်ပူတွေလောင်းထည့်သလို ခံစားရသည်။ အမြဲတမ်းကြိုးစားရက်နဲ့ ဘာမဟုတ်တဲ့ အမှိုက်ရှင်းတဲ့ကောင်မ။အမှိုက်ကောက်တဲ့ ကောင်မကို ရှုံးနေတာ ခုထိ စိတ်ထဲ ခံပြင်းမိသည်။ ပန်းသဇင်ဆိုတဲ့ နာမည်နဲ့လိုက်အောင် အဖိုးတန်ပန်း။တန်ဖိုးမဖြတ်နိုင်တဲ့ပန်း။ရွေနန်းထိုက်တန်တဲ့ပန်းအဖြစ် ဂုဏ်ယူရပေမယ့် အမြဲတမ်း ဒုတိယနေရာရနေတာ စိတ်ထဲ ခံပြင်းမိသည်။ ဘာမဟုတ်တဲ့ အလေ့ကျပေါက်တဲ့ ကြာဖြူဆိုတဲ့ ကောင်မက သူ့ထက် နှာတဖျားသာနေတာ မနာလိုစိတ်က ထိန်းမရနိုင်တော့ပေ။

“အမလေး သဇင်က ဒုတိယနေရာရပေမယ့် ကျန်တဲ့နေရာ ဟိုကောင်မထက် သာပြီးသားပါ။ဝတ်နိုင်စားနိုင်တာကော။ရုပ်ရည်ကော။ဘာမှ ပြောစရာမလိုဘူး။ အဲကောင်မ ကျောင်းပြီးတဲ့ အထိ တက်နိုင်မလား စောင့်ကြည့်ပါ”

“ဟုတ်ပနော်”

သူငယ်ချင်းတွေရဲ့ စကားကြောင့် ပန်းသဇင်ကျေနပ်သွားသည်။ခဏနေက ခံစားနေတဲ့ ဝေဒနာ လျော့ပါးသွားပြီး မုန့်သွားစားဖို့ အခန်းပြင်ထွက်မည့်အလုပ် ကြာဖြူတို့ ဝင်လာ၍ မျက်နှာ ပျက်သွားမိသည်။

“လာဟေ့ မြန်မြန်သွားမယ်။ အမှိုက်စော်နံတယ်။ ငါတို့မလည်း နေ့တိုင်း ဒီအနံ့ကြီးခံနေရတာ ဝဋ်ကြွေးပါ။ ”

“ဟုတ်ပ ။အမှိုက်သိမ်း။အမှိုက်ကောက်နေတဲ့သူတွေ။လက်တောင်သေချာဆေးရဲ့လားမသိဘူး”

မကြားတကြားပြောသွားကြသော စကားတွေကြားပြီးကြာဖြူစိတ်မကောင်းဖြစ်မိသည်။ နေ့တိုင်းကြားရဖန်များလာတော့ ရိုးသွားပြီဖြစ်ပေမယ့် အသက်အရွယ်ကြီးလာတော့ ရှက်စိတ်ကလေးဝင်လာမိသည်။ ဒါ ကြာဖြူ ဒီလပတ်မှာ ပထမရလို့ မကျေနပ် လို့ ပြောတာလို့ပဲထင်မိသည်။

“ဒီ ပန်းသဇင်ဟာလေ ရုပ်လေးနဲ့ မလိုက်ဘူးနော်။စိတ်ဓါတ်အောက်တန်းကျတယ်။ကြာဖြူ ဒါ နင် ပထမရလို့ မနာလိုဖြစ်နေတာ သိသာလိုက်ကြီးဟာ။လိုတာထက်ပိုလာရင် နင်ဆရာမနားတိုင်ဟာ သည်းခံမနေနဲ့”

သူငယ်ချင်းနွယ်နွယ်စကားကြောင့် ကြာဖြူပြုံးလိုက်မိသည်။ အတန်းထဲမှာလည်း ကြာဖြူကို ပေါင်းတာဆိုလို့ နွယ်နွယ် တစ်ယောက်ထဲရှိသည်။
ဘယ်သူမှ မေးထူးခေါ်ပြောမလုပ်ချင်ကြပေ။

“ရပါတယ် နွယ်ရယ်။ ကြာဖြူ့အသားပဲ့ပါသွားတာမဟုတ်ဘူးလေ။ ရန်ငြိုးတွေ များကုန်ပါ့မယ်လေ။ သူ ကျေနပ်သလောက်ပြောပါစေ။ သူမောရင် နားသွားပါလိမ့်မယ်”

အရွယ်နဲ့ မလိုက် ဖြူစင်သည်းခံလွန်းလှသော ကြာဖြူကို ကြည့်၍ နွယ်နွယ် ခေါင်းလေးရမ်းကာ သက်ပျင်းချမိသည်။ စိတ်သဘောထားဖြူစင်လွန်းသူမို့ ဒီသူငယ်ချင်းလေးကို နွယ်နွယ် ချစ်ခင်ရတာဖြစ်သည်။ အဝတ်အစားအနွမ်းလေးနဲ့ နာမည်နဲ့လိုက်အောင် ကြာပန်းဖြူလေးလို ဖြူစင်လွန်းသူမို့
အတုယူစရာမိန်းခလေးလို့ အမြဲချီးကျူးမိသည်။

(၃)

“အဖွားရယ်။ တချို့တွေကလေ ကြာဖြူတို့လို့ အမှိုက်သိမ်းတဲ့ လူတွေကို ချိုးနှိမ်ချင်ကြတယ်နော်။
မတူသလိုမတန်သလို ကြည့်သွားကြတယ်။ တချို့ကတော့လည်း သနားလို့ အဝတ်အထည်။အစားအသောက်လေးပါ ပေးသွားကြရော။လူအမျိုးမျိုးပေါ့လေ”

“ပြောရခက်တာပေါ့မြေးရယ်။ တချို့က အမှိုက်ကောက်သလိုလိုနဲ့ သူများအိမ်ထဲ ပစ္စည်းခိုးတယ်။၊သူတစ်ပါးအဝတ်လှန်းထားတာတွေ ခိုးကြတယ်လေ။ ဒါကြောင့် သူတို့ အထင်မကြီးတာကိုလည်း အဖွားစိတ်မဆိုးဘူး။အကျိုးကြောင့် အကြောင်းဖြစ်တာလေ။ စာရိတ္တမကောင်းတဲ့ လူတွေကြောင့် အားလုံးအထင်သေးခံရတာပေါ့ကွယ်။ ဒါပေမယ့် စာရိတ္တပျက်တဲ့ အထဲ ကိုယ်မပါဖို့လိုတာပေါ့။ နေရာစုံ၊အလွှာစုံ၊အလုပ်အစုံမှာ သည်လိုတွေရှိပါတယ်လေ။မြေးကြီးလာရင် လူတွေအကြောင်း ပိုသိလာလိမ့်မယ်”

အဖွားရဲ့ စကားကြောင့် ကြာဖြူပြုံးလိုက်မိသည်။ ခုဆို ကြာဖြူ ကိုးတန်းစာမေးပွဲကြီးဖြေထားပြီပြီ။ ကြာဖြူဆယ်တန်းကို နှစ်ချင်းပေါက်အောင်အောင် ကြိုးစားမည်။ အဖွားကို နားစေချင်ပြီ။ အသက်အရွယ်ကြီးလာပြီ ဖြစ်တဲ့ အဖွားကို အေးအေးဆေးဆေးနေစေချင်ပြီဖြစ်သည်။

“နောက်နှစ်ဆယ်တန်းအောင်ရင် အဖွား အလုပ်နားတော့နော်အဖွား”

“မြေးမနားခိုင်လည်း နားရတော့မှာပါကွယ်။ မနေ့က အထက်လူကြီးကတောင် ပြောနေတာ။ ပင်စင်ယူဖို့တစ်နှစ်ပဲကျန်တယ်တဲ့။မြေးလေးဆယ်တန်းဖြေပြီးတာနဲ့ အဖွားစိတ်ချမ်းသာပါပြီကွယ်။ ခုတော့ အားတင်းထားအုံးမယ်”

စကားတပြောပြောနဲ့ အလုပ်ကို လက်စသတ်ပြီး မြေးအဖွားနှစ်ယောက်ပြန်လာကြသည်။ နွေလလယ်မို့ ကိုးနာရီမထိုးသေးပေမယ့် အပူရှိန်ကပြင်းလာပြီ။ညနေပိုင်းမှ အမှိုက်တွေ သွားရှင်းရမှာမို့ ခဏနားမှဖြစ်မည်။ မြေးလေးကျောင်းပိတ်ရက် ဝိုင်းကူတာမို့ သူသက်သာနေခြင်းဖြစ်သည်။
သည်တစ်နှစ်လေးတော့ ကျန်းကျန်းမာမာအလုပ်လုပ်ချင်သေးသည်။မြေးလေး ဆယ်တန်းဖြေပြီးရင်တော့ စိတ်ချမ်းသာစွာ နားနိုင်မည်။ ပညာအမွေလေးသာ ပေးနိုင်တာမို့ သူမရှိတော့ရင် လောကကြီးအလယ်မှာ မြေးမလေးကြာဖြူ့ကို ပညာတတ်ဘွဲ့ရအဖြစ်နဲ့ တင့်တင့်တယ်တယ် ရပ်တည်နေတာ မြင်ချင်မိသည်။စိတ်ချချင်သည်။
ဆန္ဒလေးကို ဖြည့်ဆည်းပေးနိုင်ဖို့ သူကျန်းမာစွာ အလုပ်လုပ်နိုင်မှ ဖြစ်မည်မဟုတ်ပါလား။

(၄)

ကျောင်းဖွင့်ရက် ရောက်လာပြန်တော့ ပန်းသဇင်တို့ရဲ့ စောင်းမြောင်းပြောဆိုမှုက နေ့ရက်တိုင်း ခံနေရပေမယ့် ကြာဖြူစိတ်မပျက်ခဲ့ပေ။ ရည်မှန်းချက်ကို ဦးစားပေးထားတာမို့ ဘာမှ အာရုံမထားခဲ့ပေ။ မသိသလိုသာ နေခဲ့သည်။ စာကိုသာ ပို၍ဂရုစိုက်ကြိုးစားတော့သည်။

“ဟဲ့ ဒီကောင်မက ဆယ်တန်းတောင်နေနိုင်တယ်ပေါ့။ ငါက ကျောင်းထွက်ပြီး သူ့အဖွားလို့ အမှိုက်ကြုံးနေတယ်ထင်တာ။ခုတော့”

“ဟုတ်ပ။ ငါတို့လည်း ဒီနှစ်လည်း အမှိုက်စော်နံအုံးမှာပေါ့”

“ဟဲ့ ငါ့အမေက ပြောတယ်။ သူတို့ အမှိုက်သိမ်းတဲ့ သူတွေက လခနည်းနည်းလေးရတာ။သူများပစ်ထားတဲ့ အမှိုက်ပုံမှာ ရောင်းလို့ရတဲ့ဟာလေးတွေ
မရွံ့မရှာ ရှာပြီး အပိုဝင်ငွေရအောင်လုပ်ကြတာတဲ့။
သူလည်း တူတူပဲလေ”

“ဟုတ်ပ။ ဒါကြောင့် သူ့နားက အမှိုက်နံ့၊မြောင်းပုပ်နံ့တွေ နံတာပေါ့”

“ဟား ဟား ဟုတ်ပ”

အမြဲတမ်းအပြောခံနေရတာမို့ ကြာဖြူ့အတွက် မဆန်းတော့ပေ။ အပြုံးလေးနဲ့ နားထောင်ရင်း အနာဂါတ်ရည်မှန်းချက်အတွက် စာကိုသာပိုကြိုးစားသည်။ အားတဲ့ အချိန်ဟာ ကြာဖြူ့အတွက် စာကြည့်ချိန်မို့ စာအုပ်နဲ့ မျက်နှာ မပြတ်ခဲ့ပေ။ စိတ်ထဲမှာ တင်းထားမိသည်။ ကြာဖြူ ဒီဆယ်တန်း စာမေးပွဲကို အမှတ်ကောင်းကောင်းနဲ့ နှစ်ချင်းပေါက် အောင်ရမယ်လို့ ကြုံးဝါးလိုက်သည်။ သူများတွေလို ကျူရှင်မယူနိုင်သူမို့ ကျောင်းစာကိုသာ အားကိုးကျက်မှတ်ရသည်။ ကျောင်းမှ သင်သော သင်ခန်းစာများကိုလည်း သေချာဂရုစိုက်သင်ယူသည်။ မရသည့်စာများကို ဘာသာပြဆရာမတွေထံမေးရင်း ဆယ်တန်းစာမေးပွဲကြီးအတွက် ကြာဖြူ အဆင်သင့် ဖြစ်ခဲ့လေပြီ။

ရက်က်ိုလစားလို့ ဆယ်တန်းစာမေးပွဲကြီးကို ကြာဖြူ အခက်အခဲမရှိ ဖြေဆိုနိုင်ခဲ့သည်။
မိုးစက်ပွင့်တွေ တဖွဲဖွဲ ကြွေကျနေတဲ့ ဇွန်လရဲ့ ပထမပတ်။

“အဖွားရေ အဖွား ကြာဖြူ စာမေးပွဲအောင်ပြီ။ဂုဏ်ထူးတစ်ဘာသာပါတယ် အဖွားရေ”

ကြာဖြူရဲ့ အသံလေးက စည်ပင်ဝန်ထမ်းတန်းလျားလေးကို ဖုံးလွှမ်းသွားတော့သည်။မြေးအဖွားနှစ်ယောက် ဖက်ပြီူ ငိုလိုက်ကြတာ တော်တော်နဲ့ မတိတ်ကြတော့။ ဘဝတူ စည်ပင်ဝန်ထမ်းတွေရဲ့ ချီးကျူးလက်ခုပ်သံတွေကလည်း တစ်ဝန်းလုံးကို လွှမ်းခြုံသွားတော့သည်။

“တော်လိုက်တာဟယ်။ကြာဖြုရယ်”

“ဟုတ်ပအေ။ ငါ့သားငနိုင် သုံးခါဖြေတာ ခုထိ ကျတုန်း။စာမှ မကျက်တာ ။အလေလိုက်နေတာလေ”

“ငါ့သမီးလည်း ဘာထူးလည်း အေ။ ခုထိ ကိုးတန်းကမတက်လို့ ကျောင်းထုတ်လိုက်ပြီ။ဈေးရောင်းပေါ့”

အားလုံးက ကြာဖြူလေးအတွက် ဂုဏ်ယူနေကြသည်။ ဒေါ်မြနှစ်ကတော့ ပီတိအပြုံးတွေနဲ့ ပါးစပ်ပင် မပိတ်နိုင်တော့ပေ။

အထက်လူကြီးကခေါ်၍ ကြာဖြု့ကိုဆုချသည်။ ကြာဖြူအဝေးသင်ပဲ တက်မယ်ပြော၍ အသက်ဆယ့်ရှစ်ပြည့်သွားပြီမို့ စည်ပင်ဌာနမှာ အငယ်တန်းစားရေးကို ရရှိခဲ့သည်။ ညနေပိုင်း စည်ပင်တန်းလျားမှာ အခမဲ့ စာသင်ဝိုင်းလေး ထောင်ကာ ဘဝတူစည်ပင်ဝန်ထမ်း သားသမီးတွေကို စာပြ ပေးခဲ့သည်။ ‌ဒေါ်မြနှစ်လည်း ပင်စင်ယူပြီး၍ အေးအေးဆေးဆေး ဘုရား၊တရားအလုပ်ကို လုပ်နိုင်ပြီဖြစ်သည်။

(၅)

ရက်ကိုလစား၍ နှစ်တွေတောင် ထပ်ခဲ့ပြီ။ ခုတော့ ကြာဖြူလည်း ရာထူးကြီးကြီးနဲ့ လခကောင်းတဲ့ ဝန်ထမ်းတစ်ဦးဖြစ်နေပြီ။

“မကြာဖြူ ဧည့်သည်တစ်ယောက် အလုပ်ကိစ္စနဲ့ တွေ့ချင်လို့တဲ့”

စာရေးမလေး စန္ဒာလာပြော၍ ကြာဖြူ ရုံးခန်းထဲ ပေးဝင်ခိုင်းလိုက်သည်။ အလုပ်လုပ်နေရင်း စာပွဲနားလူရိပ်ရောက်လာမှ ကြာဖြူ ခေါင်းထောင်ကြည့်မိသည်။

“မင်း မင်း ကြာဖြူ ကြာဖြူ မဟုတ်လား”

“ဟယ် မင်းက မင်းက ပန်းသဇင်နော်”

“ဟယ် ထိုင်လေ သူငယ်ချင်း သဇင်။ထိုင်ပါ”

ကြာဖြူက ခုံမှာ ထိုင်ခိုင်းသည်။

“ကဲပြော သူငယ်ချင်း ကြာဖြူ ဘာကူညီပေးရမလဲ။ ဘာအခက်အခဲရှိလည်းကွယ်”

ကြာဖြူ့စကားကြောင့် ပန်းသဇင်မျက်နှာငယ်စွာနဲ့ မျက်နှာချင်းဆိုင်ထိုင်ရတာကို အားနာနေမိသည်။ ငယ်ငယ်တုန်းက ကြာဖြု့ကို ပြောခဲ့တဲ့ စကားတွေ ပြန်တွေးရင်း ကိုယ်တိုင် ဝမ်းနည်းစိတ်မကောင်းဖြစ်မိသည်။ ခုတော့ တိုက်တိုက်ဆိုင်ဆိုင် ထိပ်တိုက်တွေ့နေပြီမို့ ကိုယ့်လိုအပ်ချက်ကတော့ တင်ပြရတော့မည်။

“ဟုတ်ပါတယ်ကြာဖြူ။ဟို လေ ဟို။ ငါ တို့ အိမ်ရှေ့ အမှိုက်ပုံကြီးဖြစ်နေတာ ကြာပြီလေ။ အဲဒါ ပြောင်းလဲပေးဖို့ လာပြောရတာပါ။ ခုက အဲဒီ့အမှိုက်တွေကြောင့် မြောင်းတွေပါပိတ်သွားခဲ့လို့လေ။ ဝန်ထမ်းလေးတွေနဲ့ပြောတာ မထိရောက်မှာစိုးလို့ ရုံးထိလာခဲ့တာပါ”

ပန်းသဇင်စကားကြောင့် ကြာဖြူပြုံးလိုက်မိသည်။

“ရပါတယ်သဇင်ရယ်။ ကြာဖြူ အထက်ကို တင်ပြပြီး အမြန်ဆုံးဖြေရှင်းပေးမယ်နော်။စိတ်ချသိလား”

ဖြူစင်လွန်းပြီး အငြိုးအာဃာတမရှိတဲ့ ကြာဖြူအပြောကြောင့် ပန်းသဇင်ရှက်သွားသလို။နောင်တလည်း အကြီးအကျယ်ရမိသည်။ ဒီလောက် ချိုးနှိမ်စောက်ကားခဲ့တဲ့ သူကို အပြစ်မမြင်တဲ့ ကြာဖြူ့ရှေ့မှာ လိပ်ပြာမလုံသလိုခံစားလာမိသည်။

“ကြာဖြူ သဇင် ငယ်ငယ်တုန်းက ကြာဖြူ့အပေါ် ပြောပြော….”

ပန်းသဇင်စကား မဆုံးလိုက်ပေ။

“ရပါတယ် သဇင်ရယ်။ ကြာဖြူ့စိတ်ထဲ ဘာမှမရှိဘူး။ပြီးခဲ့တာတွေကို မေ့ပစ်လိုက်ပါ သဇင်ရယ်နော်။ နောက်ပြီး အတော်ပဲ နောက်တစ်ပတ်ထဲမှာ ကြာဖြူ့မဂ်လာဆောင်ရှိတယ်လေ။ တစ်ခါတည်း ဖိတ်လိုက်မယ်နော်”

လှပလွန်းသော အကောင်းစား မဂ်လာဆောင်ဖိတ်စာလေးကို ယူပြီး ပန်းသဇင် ကြာဖြူ့ကို နှုတ်ဆက်ကာ ထွက်လာခဲ့သည်။ ကားပေါ်ရောက်မှ မဂ်လာဆောင်ဖိတ်စာလေးကို ဖွင့်ဖတ်လိုက်သည်။ ဖိတ်စာလွှတ်ကျတဲ့အထိ တုန်လှုပ်သွားမိသည်။
ကြာဖြူ့အပေါ်မှာ ပက်ပက်စက်စက်ချိုးနှိမ်ခဲ့တာတွေ တွေးရင်း နောင်တရကာ ဝမ်းနည်းမျက်ရည်တွေပါ ကျလာတော့သည်။
အထူးကုဆရာဝန်ကြီးနဲ့ လက်ထပ်တော့မယ့် စည်ပင်ဌာနရဲ့ ဦးစီးအရာရှိ ကြာဖြူဟာ ငယ်ငယ်က အမှိုက်ကြုံး။အမှိုက်လှဲ။အမှိုက် လိုက်ကောက်ခဲ့တယ်ဆိုတာ ပြောရင် ဘယ်သူက ယုံကြတော့မှာမဟုတ်ပေ။
နွံထဲကနေ အစွမ်းကုန်ပွင့်လန်းလာတဲ့ ကြာဖြူလေးတစ်ပွင့် လောကအလယ်မှာ ဂုဏ်တင့်နေပါပြီလေ။
ပကတိဖြူစင်လွန်းတဲ့ ကြာဖြူလေးရဲ့ မဂ်လာပွဲကို တက်ဖြစ်အောင်တက်မယ်လို့ စိတ်ထဲ ပြောလိုက်ရင်း ပန်းသဇင်တစ်ယောက် အိမ်ကိုပြန်လာခဲ့တော့သည်။ စိတ်ထဲတွေးမိတာ ပန်းကလေးတိုင်း သူ့တန်ဖိုးသူ ရှိကြပေမယ့် ကိုယ်တိုင်ဂုဏ်တင့်အောင်တော့ အခက်အခဲအချိုးအကွေ့ကြားက ရှင်သန်ပွင့်လန်းဖို့ ကိုယ်တိုင်ကြိုးစားရမည်။ကြိုးစားသူတိုင်း အောင်မြင်မှုရမယ်ဆိုတာ ကြာဖြူဆိုတဲ့ ပန်းလေးတစ်ပွင့်က သက်သေပြခဲ့ပြီမဟုတ်ပါလား။

ပြီး
ဆောင်းမာန်ဝင့်အောင်
(တောင်ကြီး)
Photo.Crd