ပြန်ဆုံခွင့်ပေးပါ(စ/ဆုံး)
———————–
“ဦးလှထွန်း ရှိလားဟေ့ … ”
အိမ်ရှေ့က ဆူညံသံကြောင့် အဖေအမေနှင့် အဘွားတို့ အိမ်အပြင်ထွက်သွားကြည့်ကြသည်။ မမျှော်လင့် သော မြင်ကွင်းမို့ အားလုံး အံ့ဩသင့်နေကြသည်။
ရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ လူအများက ဟိုတစ်စုဒီတစ်စု နှင့် ဦးလှထွန်းတို့ အိမ်ကို စူးစမ်းသလို ကြည့်နေကြပြီး … ကျေးရွာအုပ်ချုပ်ရေးမှူးက ဦးလှထွန်းကို လက်ညှိုးထိုး၍ –
“ဆရာ … ဦးလှထွန်းဆိုတာ သူပါပဲ”
အုပ်ချုပ်ရေးမှူးဘေးမှ ပါလာသည့် ရဲတပ်ဖွဲ့အကြီးအကဲက ဦးလှထွန်းကို ခြေအဆုံး၊ ခေါင်းအဆုံးကြည့်၍
“ကျွန်တော်တို့ ဦးလှထွန်းကို လာခေါ်တာပါခင်ဗျ”
“ခင်ဗျာ” … “ရှင်”
“ကျွန်တော့်ကို ဘာကိစ္စရှိလို့ လာခေါ်တာလဲ ခင်ဗျ”
“ဟုတ်ကဲ့… ဟိုတစ်လောက ဦးလှထွန်း မောင်းပို့တဲ့ ကုန်ကားက အထဲမှာ မူးယစ်ဆေးဝါးတွေ ဝှက်သယ်လာလို့ ကျွန်တော်တို့ တာဝန်အရ စစ်မေးစရာရှိလို့ လာခေါ်ရတာပါ ခင်ဗျ”
“ဟာ … ဆရာ … ကျွန်တော်က အငှားကားမောင်းတာပါ ခင်ဗျ။ ကျွန်တော် အဲ့ဒါတွေ မလုပ်ပါဘူး။ သူများပို့ခိုင်းတာ မောင်းပို့တာပါပဲ ။ ကျန်တာ ဘာမှမသိပါဘူး … ဆရာ”
“ဟုတ်ကဲ့ … ကျန်တာ စခန်းရောက်မှ ရှင်းလင်းကြပါ။ အခုတော့ ကျွန်တော်တို့နဲ့ ခဏလိုက်ခဲ့ပါ”
“ဆရာရယ်… ကျွန်မယောက်ျားက ရိုးရိုးသားသားပါ။ ဒါတွေ သူမလုပ်တတ်ပါဘူး။ ကျွန်မတို့က အငှားကားမောင်းသမားပါပဲ၊ ကျွန်မယောကျ်ားမှာ အပြစ်မရှိပါဘူးရှင်…”
“ဟုတ်ပါတယ် … ငါ့တူတို့ရယ်။ အဘွားသားက တစ်သက်လုံး အေးအေးဆေးဆေး နေလာခဲ့တာ အရပ်က သိပါတယ်။ မယုံ မေးကြည့်ကြပါကွယ်… အဘွားသားမှာ အပြစ်မရှိပါဘူး…”
အမေ၊ အဘွားတို့ ငိုသံစွက် ပြောနေချိန်မှာပင် အိမ်ပေါက်ဝသို့ ရှစ်နှစ်အရွယ်ကလေးတစ်ယောက် ခေါင်းပြူ ထွက်လာပြီး –
“အဖေ … သား မွေးနေ့ပွဲ လုပ်တော့မယ်လေ ။ ဖယောင်းတိုင်တွေ ထွန်းပြီးပြီ”
“အေးအေး … အမေနဲ့ အဘွားတို့ လုပ်ပေးလိမ့်မယ်နော် သား ။ အဖေ ခဏ လိုက်သွားဦးမယ်။ အေးခင်နဲ့ အမေ … ကျွန်တော် စခန်းကို ခဏလိုက်သွားဦးမယ်။ နောက်ပြီး ပြန်လာခဲ့မယ်နော်…”
“သား …”
“ကိုလှထွန်း … ရှင်ဘာမှ အားမငယ်နဲ့နော် ။ ကလေးမွေးနေ့လုပ်ပြီးရင် ကျွန်မ နောက်က လိုက်လာခဲ့မယ်”
ရဲတွေခေါ်ဆောင်ရာ နောက်သို့ လိုက်ပါသွားသော အဖေ့ကို ကြည့်ကာ အမေ၊ အဘွားနှင့် ရဲတပ်ဖွဲ့ဝင် တွေကို တစ်လှည့်စီကြည့်ရင်း ရှစ်နှစ်အရွယ် ကလေးလေး၏ မျက်နှာပေါ်တွင်တော့ ဝမ်းသာ၊ ဝမ်းနည်း ဘာမှမသိ။ ပကတိ အပြစ်ကင်းစင် ချစ်စရာ ကောင်းနေလေတော့၏။
(၂)
ကျောင်းဆင်းချိန်မို့ ထင်သည်။ ထုံးစံအတိုင်း မိုးက အုံ့လာပြန်သည်။ အရေးထဲ ထီးက ပါမလာသူမို့ စန္ဒာခိုင်တစ်ယောက် နောက်တစ်ချိန် အတန်းမတက်တော့ဘဲ အိမ်ပြန်ရန် ခုံပေါ်က စာအုပ်တွေကို အလျင်စလို အိတ်ထဲ ထည့်နေသည်။
အခန်းထဲမှာ ဘယ်သူမှ မရှိတော့ပြီ။ မိုးရိပ်ကြောင့် အားလုံး တပ်ဆုပ်ပြန်ကြပြီ ထင်သည်။
“ဒီမှာ ခင်ဗျ…”
“အံမယ်လေး …”
ရှေ့မှာ အာရုံနှင့် စာအုပ်တွေ စုထည့်နေတုန်း နောက်က ရုတ်တရက် ခေါ်လိုက်သည့် အသံကြောင့် စန္ဒာခိုင်တစ်ယောက် လန့်အော်မိလိုက်သည်။
“မျိုးလှိုင် တစ်ယောက် တွေ့မိလားခင်ဗျ…”
“ဘယ်သိမလဲ … ဘယ်က မျိုးလှိုင်လဲ ။ ကျွန်မက သူ့လိုက်ကြည့်နေတာမှ မဟုတ်တာ … ။ လူဖြင့် လန့်သွားတာပဲ…”
“ကျွန်တော်မေးတာ တိုးတိုးပါဗျာ …။ ခင်ဗျားကိုက အသည်းငယ်တာပါ”
“ဘာ … ရှင် … ရှင်တော်တော်စွာပါလား။ မိန်းကလေးတစ်ယောက်ကို …”
“ကျုပ်က စွာတာ မဟုတ်ဘူး။ ခင်ဗျားက စွာတာ … ။ နေပါဦး … ခင်ဗျားက ကျောင်းသူအသစ်လား ။ ကျုပ်တစ်ခါမှ မတွေ့မိပါဘူး”
“ကျွန်မဘာသာ ဘာဖြစ်ဖြစ်၊ ရှင် နဲ့ ဘာဆိုင်လဲ။ ကင်းထောက်လိုလို၊ ထောက်လှမ်းရေး လိုလိုနဲ့ …”
“ဟာ … ခင်ဗျား တော်တော်စွာပါလား … ။ ကျုပ်က EC ဗျ …”
” ရှင် … EC ဖြစ်တော့ ကျွန်မက ဘာလုပ်ရမလဲ”
“တော်တော့ … တော်တော့ဗျာ ။ မိန်းကလေးတစ်ယောက်နဲ့ ယှဉ်ပြိုင်ရန်မဖြစ်ချင်ဘူး။ စကားကို ပြေလည်အောင် ပြောလည်း ရရဲ့သားနဲ့ …”
ပြောပြီး လှည့်ထွက်သွားသော ကျော်မျိုးသူကို စန္ဒာခိုင်တစ်ယောက် မျက်စောင်းတစ်ခဲခဲ ထိုးလျက်…။
“ကျော်မျိုးသူ … လာဟေ့ကောင် ။ ငါက မင်းပျောက်လို့ လိုက်ရှာနေတာ ။ မင်းက အလန်းလေးနဲ့ စကားပြောနေတာကိုး … ”
“မဟုတ်ပါဘူးကွာ … မင်းပျောက်သွားလို့ မေးနေတာပါ။ စကားအကောင်းမပြောလို့ စိတ်တိုနေတာကွ”
“ငါ … Toilet ခဏဝင်နေလို့ကွ …။ မိုးမမိခင် ငါတို့ ပြန်မယ်ဟေ့”
“အေး … အေး”
အပြင်မှာ လေနည်းနည်း တိုက်စပြုလာပြီမို့ မကြာခင် မိုးရွာလာနိုင်သည်။ ဆိုင်ကယ်ကို အရှိန်လေးနဲ့ မောင်းလာရင်း စိတ်က ခုနက ကောင်မလေးကို ပြန်မြင်မိသဖြင့် “တောက်” ခေါက်မိလေသည်။
(၃)
“အားလုံး … နားထောင်ပါ ခင်ဗျ… ကျွန်တော်က ဒီအခန်းရဲ့ EC ပါ”
EC ဆိုလို့ စန္ဒာခိုင် စာရေးနေရင်း အရှေ့ကို မော့ကြည့်လိုက်တော့ ဟိုတစ်နေ့က ဘုဆတ်ဆတ်နဲ့လူ။ သူမကို ပြန်ကြည့်နေသည်မို့ အိတ်ထဲက တရုတ်ယပ်တောင် အနီကို ဖြန့်ပြီး တဖျတ်ဖျတ်ခပ်ရင်း မျက်နှာတစ်ဖက် လှည့်နေလိုက်သည်။
သူ့ကို မြင်မှ တစ်ဖက်လှည့်သွားသည်မို့ ကျော်မျိုးသူကလည်း သူမ မရှိတဲ့ ဘက်လှည့်ပြီး …
“ကျောင်းတွေ ဖွင့်ပြီမို့လို့ အားကစားပြိုင်ပွဲတွေ စတော့မှာ ဖြစ်ပါတယ် ခင်ဗျ။ ပါဝင်ဆင်နွှဲလိုရင် ကျွန်တော့ဆီမှာ စာရင်းပေးလို့ ရပါတယ်။ နောက်ပြီးတော့လည်း ကျောင်းရဲ့ ဝါဆိုသင်္ကန်းကပ်ဖို့ ရှိလို့ နည်းများမဆို ကျွန်တော်တို့ အလှူခံပါတယ်ခင်ဗျ”
အလှူခံဆိုလို့ စန္ဒာခိုင် အိတ်ထဲက တစ်ထောင်တန် တစ်ရွက် ထုတ်လိုက်သည်။ ဖလားကိုင်ပြီး သူ့ရှေ့ရောက်လာသူက ဘုဆတ်ဆတ်နဲ့လူ။ ထည့်ရမလိုလိုနဲ့ တွေဝေနေပြီး ဖလားထဲကို အလှူငွေ လှမ်းအထည့်၊ ကျော်မျိုးသူကလည်း ဖလားရှေ့ချပေမယ့် တဖက်လှည့်နေသည်မို့ မထည့်တော့ဘူး အထင်နဲ့ ရှေ့အတိုး … ဖလားကို လှမ်းဆွဲချသလို ဖြစ်သွားပြီး…
“ခွမ်း ” … “ဟာ” … “ဟင်”
တစ်ခန်းလုံးရဲ့ အကြည့်တွေက သူတို့နှစ်ယောက်ဆီကို ရောက်လာလေတော့သည်။
“ခင်ဗျား … ဘယ်လို လုပ်လိုက်တာလဲ”
“အလှူငွေ လှမ်းထည့်တာပဲလေ …။ ရှင်က ဝရမ်းပြေးလို အလှူခံနေတော့ တိုက်မိတာပေါ့”
“ဟာ … ခင်ဗျား တော်တော့ဗျာ”
ဘေးနားက စန္ဒာခိုင် သူငယ်ချင်းတွေက အားနာနာနှင့် ပြန့်ကျဲသွားသည့် အလှူငွေများကို ပြန်ကောက် ထည့်ပေးကြလေသည်။
ထိုအချိန်မှစ၍ ကျော်မျိုးသူနှင့် စန္ဒာခိုင်တို့၏ မပြေလည်မှုများကို နှစ်ဖက် သူငယ်ချင်းများက ညှိနှိုင်း ဆောင်ရွက်ပေးကြရင်း ခင်မင်ရင်းနှီးသွားကြလေတော့သည်။ ထိုခင်မင်မှုများသည် နောင်တစ်ချိန် ဒုတိယနှစ်သို့ ရောက်လာသောအခါ သံယောဇဉ်အဖြစ်သို့ ပြောင်းလာပြီး၊ သူတို့နှစ်ယောက်၏ အချစ်ဇာတ်လမ်းကို တတိယနှစ် မှာ စတင်ခဲ့လေတော့၏။
(၄)
တိမ်ကင်းစင်ပြီး သာယာသော နေ့တစ်နေ့၏ တစ်ခုသော နံနက်ခင်းဝယ်-
“ခိုင်”
“ပြောလေ”
“ကျွန်တော် … ခိုင့်ကို ချစ်တယ်”
ကျော်မျိုးသူပေးသော နှင်းဆီပန်းကလေးကို ငုံ့နမ်းမလို လုပ်ပြီးမှ သူပြောလိုက်တဲ့ စကားကြောင့် အံ့ဩသင့်သလို ခဏစူးစိုက်ကြည့်ပြီး …
“ဒီလိုပဲ စကားကို လွယ်လွယ်ပြောတတ်သလား”
“ကျွန်တော် လွယ်လွယ် မပြောတတ်ပါဘူး။ ခိုင့်ကို စတွေ့တဲ့နေ့၊ စကားများရတဲ့ နေ့တည်းက ခိုင့်ကို ချစ်မိသွားတာပါ”
“အပိုတွေ … အဲ့နေ့ကဆို လူကိုကြည့်ပြီး ပြောတဲ့စကားတွေက ရန်သူလိုပဲ…”
“အဲ့နေ့အထိ ကျွန်တော်မှ အချစ်ကို မတွေ့ရသေးတာ … အခုတော့ တွေ့ပါပြီ။ နောက်ဆို ကြမ်းကြမ်းတမ်းတမ်း မပြောတော့ဘူးနော်…”
နှလုံးသားချင်း နီးစပ်ကြပြီ ဆိုတော့ လူချင်းနီးစပ်ဖို့သာ ကျန်လေတော့သည်။
“ခိုင့်ကို ချစ်တဲ့ ကျွန်တော့အချစ်တွေက မြန်မာပြည်က ကုန်ဈေးနှုန်းတွေလိုပဲနော်”
“ဘာဆိုင်လို့လဲ”
“ဟုတ်တယ်လေ … တိုးပဲ တိုးလာတာပါ။ ဘယ်တော့မှ လျှော့မသွားဘူးလေ…”
သံယောဇဉ်တို့ တွယ်နှောင်ကြပြီး လူငယ်များပီပီ အချစ်၏ ပျော်ရွှင်ဖွယ် နေ့ရက်များကို အတူတကွ ဖြတ်သန်းခဲ့ကြသည်။
“ကျွန်တော်တို့ ကျောင်းပြီးရင် လက်ထပ်ကြမယ်နော်”
တစ်ယောက်စိတ်ကို တစ်ယောက် နားလည်ကြပြီဆိုတော့ ကတိတွေ ထားခဲ့လေသည်။ အမှန်တော့ အချစ်စစ်ဆိုသည်မှာ နားလည်မှုနှင့် အနစ်နာခံမှုတို့ ရောပြွန်းနေသည်ဟု ဆိုရပေမည်။ တစ်ဦးဘာလုပ်လုပ် နားလည်ပေးနိုင်ပြီး ဘယ်လောက် အနစ်နာခံရမလဲ ဆိုတာပဲ တွေးတောနေခြင်း ဖြစ်ပေလိမ့်မည်။
“လူကြီးဆုံရာနဲ့ အမေ့ဆီ လာတောင်းပေါ့”
“ကောင်းပြီလေ … ဘဘုန်းနဲ့ ကြီးကြီးတို့ကို လာတောင်းခိုင်းမယ်”
လူကြီးတွေ စကားပြောပြီး နေ့ကောင်းရက်သား ရွေးချယ်ခဲ့ကြသည်။ နှစ်ဖက်စလုံး သဘောတူသဖြင့် ကျော်မျိုးသူနှင့် စန္ဒာခိုင်တို့၏ အချစ်လမ်းခရီးသည် ဖြောင့်တန်းနေလေ၏။
သို့သော် …
သူတို့နှစ်ဦး၏ အချစ်ခရီး၌ အဖုအထစ်တွေ ဖြစ်ပေါ်စေတဲ့ ကိစ္စတစ်ခုက မရည်ရွယ်ပဲ ပေါ်လာခဲ့၏။ မင်္ဂလာ မဆောင်ခင် တစ်ရက်အလို ခိုင်တို့ အိမ် ပြင်ဆင်၊ သန့်ရှင်းရေးလုပ်ရင်း ဓာတ်ပုံတစ်ပုံ ချိတ်ဆွဲရာမှ အစပြုသည်ဟု ဆိုရပေမည်။
“ခိုင် … ဒီပုံက ဘယ်သူ့ပုံလဲ”
“ခိုင့် ဖေဖေလေ … ဖေဖေဆုံးတာ ကြာပြီ။ သံချိတ်က တစ်ခါ ပြုတ်ကျဖူးလို့ နိမိတ်မကောင်းဘူး ဆိုပြီး မချိတ်ဘဲ ထားတာ ကြာပြီလေ။ မနက်ဖြန် မင်္ဂလာဆောင်ဆိုတော့ ပြန်ချိတ်ထားတာ … ဘာဖြစ်လို့လဲ အစ်ကို”
“ဘာမှ မဖြစ်ပါဘူး…။ ဒီအတိုင်း မေးကြည့်တာပါပဲ”
ကျော်မျိုးသူတစ်ယောက် ဓာတ်ပုံကို သေချာကြည့်ပြီး ရင်ထဲတစ်မျိုး ဖြစ်လာသဖြင့် မျက်နှာ ချက်ချင်း လွှဲလိုက်သည်။
“ဖေဖေက … ရဲမှူးကြီး ရာထူးနဲ့ ပင်စင်ယူထားတာလေ…။ ခိုင့်ကို အရမ်းချစ်တာ …။ အခုတော့လည်း ခိုင့် မင်္ဂလာဆောင်တောင် မကြည့်နိုင်တော့ဘူး”
ခိုင်လည်း ဝမ်းနည်းသွားဟန်ဖြင့် ဆက်မပြောတော့ပေ။ ကျော်မျိုးသူလည်း ခိုင်ပြောတာကို ကြားတစ်ချက်၊ မကြားတစ်ချက်ဖြင့် အတွေးပေါင်းများစွာဖြင့် ချာချာလည်နေတော့၏။
ကံတရား၏ ဆန်းကြယ်မှုသည် လွန်စွာအံ့ဩဖို့ ကောင်းကြောင်း တွေးမိရင်း နှုတ်ဆိတ်သွားရလေတော့ ၏။
(၅)
“ကြီးကြီး … အစ်ကို မလာသေးဘူးလားဟင် … လူလည်း ဆုံနေကြပြီ”
“သူလာလိမ့်မယ့် သမီး ။ သူ့အဖေအမေကို သွားကန်တော့နေတာပါ”
ခိုင်တစ်ယောက် လူစုံလာလေလေ၊ ဗျာများရလေလေပင်။
ဇာတိမြေ၏ သုဿန်တစ်စပြင်မှာတော့ ကျော်မျိုးသူတစ်ယောက် အဖေအမေနှင့် အဘွား၏ မြေပုံလေး ရှေ့မှာ ပုဆစ်တုပ်ထိုင်ပြီး ဦးသုံးကြိမ်ချလိုက်သည်။ နှုတ်မှလည်း –
“အဖေ၊ အမေ၊ အဘွား … သား ဘာဆက်လုပ်ရမလဲဟင်။ ဘာဖြစ်လို့ သားကျမှ ဒီလို လာဆုံးဆည်းရ တာလဲ အဖေရာ။ သား… နောက်ဆုတ်ရမှာလား …အီး ဟီး…ဟီး…”
ကျော်မျိုးသူ ဝမ်းနည်းစွာ ငိုချလိုက်သည်။ မြောက်ပြန်လေက သူ့ကိုကျီစယ်သွားသလို့ သစ်ရွက်ခြောက် ကလေးများကလည်း … သူ့ကို တီးတိုး စကား ပြောသွားသေးသည်။
“ကျော်မျိုးသူ … မင်း … သူတို့နဲ့ ဘာဆိုင်လို့လဲ ။ သူတို့က တာဝန်အရ လုပ်ရတာလေ။ တစ်ကယ့် တရားခံက မင်းအဖေကို ကုန်ပစ္စည်းပါဆိုပြီး … မူးယစ်ဆေးသယ်ခိုင်းတဲ့ နောက်ကွယ်က လူတွေဟ ။ သူတို့နဲ့ မဆိုင်ဘူး။ သူနဲ့ ဆိုင်တယ် ဆိုရင်တောင် သူ့သမီးနဲ့ ဘာဆိုင်လို့လဲ ။ မင်းမြန်မြန်သွားတော့ ။ သူတို့ မင်းကို စောင့်နေကြတယ်။ သူ့အဖေက တာဝန်အရ …”
“ဟုတ်တယ် … ။ ခိုင်တို့ မိသားစုနဲ့ မဆိုင်ဘူး။ သူတို့ စောင့်နေကြပြီ။ နောက်ကျနေပြီ အဖေ။ သား … သွားတော့မယ်နော်…”
ကျော်မျိုးသူ လက်ကနာရီကို ကြည့်ပြီး ဆိုင်ကယ်ကို ဝူးခနဲ မောင်းထွက်လာသည်။ ဒီနေ့မှ လမ်းက ရှည်နေသလို၊ ကားက ပိတ်နေလေသည်။ လမ်းဆုံတစ်ခုအရောက်မှာ မီးမနီခင် အဝါရောင်သို့ ပြောင်းနေလေပြီ။ မီးနီမိရင် စောင့်ဆိုင်းရမယ့် ကာတန်းကြီးက အရှည်ကြီးပင်။ သူက အလျင်လိုနေသူမို့ မီးနီမပြခင် ဟွန်းတီးပြီး ဖြတ်အထွက်၊ တစ်ဖက်က လှည့်ဝင်လာတဲ့ ကုန်တင်ကားကြီးက သူ့ဆီသို့ အရှိန်ပြင်းစွာဖြင့် ဝင်လာပြီး …
“ဒုန်း”
သူ့ခန္ဓာကိုယ်တစ်ခုလုံး မြှောက်တက်သွားပြီး ပြန်အကျမှာတော့ ငှက်မွှေးပမာ၊ ဝါဂွမ်းလိုလို ပေါ့ပါးစွာဖြင့် လေနှင်ရာသို့ တစ်ဖြည်းဖြည်းချင်း ပြန်ကျနေလေတော့သည်။
ငယ်စဉ်က ဖခင်ဖြစ်သူ မူးယစ်ဆေးဝါး သယ်ယူရောင်းချမှုဖြင့် လာရောက်ခေါ်ယူသွားစဉ် မြင်တွေ့ရသည့် ဖခင်၏ နောက်ဆုံးအချိန်၊ အဖေ့ကို ခေါ်သွားသည့် ရဲမှူးကြီး မျက်နှာ၊ အဖေထောင်ထဲမှာ ဆုံးသွားပြီး မရှေးမနှောင်းမှာပင် အမေလည်း ဆုံးသွားခဲ့သော ဖြစ်ရပ်တွေ၊ အဘွားနဲ့အတူ နေခဲ့ရတဲ့ နေ့ရက်များ၊ အဘွားဆုံးသွားပြန်သဖြင့် အဒေါ်ဖြစ်သူနှင့် နေထိုင်ခဲ့တဲ့ ကလေးဘဝ၊ အနှိမ်ခံဘဝဖြင့် အရိုက်အနှက်ခံခဲ့ရသော တစ်ကောင်ကြွက်အချိန်၊ ဘုန်းဘုန်း၏ ခေါ်ယူမွေးစားမှု၊ ခိုင်နဲ့ တွေ့ဆုံခဲ့ပုံ၊ ခိုင်ရဲ့ ဖခင်ဟာ အဖေ့ကို ဖမ်းခေါ်သွားတဲ့ ရဲမှူးကြီး ဖြစ်ပုံတွေဟာ တစ်လှည့်စီ အနှေးကွက်ပြသလို ပြန်ပေါ်လာလေတော့သည်။
“အမေ… သူမလာတော့ဘူးလား မသိဘူး။ သမီးတို့ အရှက်ကွဲပြီ ထင်ပါရဲ့”
ခိုင်တစ်ယောက် အမေဖြစ်သူကို ပြောပြီး မျက်ရည်စီးတွေ ကျနေလေတော့၏။ လူတစ်ယောက် ပျာယီပျာယာဖြင့် ရောက်လာပြီး-
“ကိုကျော်မျိုးသူ … မင်္ဂလာဆောင်ကို လာရင်း လမ်းမှာ ကားတိုက်ပြီး ဆုံးပြီ” တဲ့ … ။
“ရှင် ”
ခိုင်တစ်ယောက် ကြားလိုက်ရသော စကားကြောင့် ရင်ဝမှ စူးအောင့်မှုနှင့်အတူ အရုပ်ကြိုးပြတ် လဲကျသွားလေသည်။
“သမီး … သမီးလေး … အံမယ်လေး ကယ်ကြပါဦးရှင်… သမီးလေးကို ကယ်ပါဦး ဟီး …ဟီး …”
လူတွေ စုရုံးရောက်ရှိလာပြီး ဆေးရုံပို့ဖို့ သယ်ယူပြင်ဆင်ကြလေသည်။
“ဆေးရုံအုပ်ကြီး Round လှည့်လာပါပြီရှင် … လူနာစောင့်မှ လွဲ၍ ကျန်သူများ အပြင် ထွက်ပေးကြပါ”
“ဆရာမ … လူနာတွေ များလှချည်လား …။ ဘာဖြစ်ကြတာလဲ”
“တစ်ယောက်က ကားတိုက်ပြီး ရောက်လာတဲ့ Case ပါ ဆရာ။ ဆေးရုံရောက်လာကတည်းက အသက်မရှိတော့ပါဘူး။ မိန်းကလေးကတော့ Heart attack နဲ့ ခုနကပဲ ဆုံးသွားပါတယ် ဆရာ”
“ကောင်လေးနဲ့ ကောင်မလေးတို့ သနားပါတယ်ဟယ်”
“အေးလေ”
တစ်ယောက်တစ်ပေါက်နဲ့ ပြောနေကြသော တစ်ဆက်တစ်ဆက်သော စကားတို့သည် အဓိပ္ပာယ်မဲ့စွာ ဟိုမှ ဒီမှ ထွက်ပေါ်လာလေတော့၏။
အလွန်ချစ်ခင်ကြသော ချစ်သူနှစ်ဦး၏ ကွေ့ကွင်းမှုသည် ဆန်းကြယ်သော ကံကြမ္မာနှင့်အတူ မယုံကြည်နိုင်လောက်အောင် ထူးခြားထွေပြားလှ၏။
မတူကွဲပြားသော ကံကြမ္မာဖန်တီးမှု အခက်အခဲတွေနဲ့ ရုန်းကန်ခဲ့ရသော ကောင်လေးနှင့် အလွန်ချစ်ခင်တတ်သော ကောင်မလေးတို့၏ ချစ်ဇာတ်လမ်းသည် အပြစ်မဲ့ပေးဆပ်မှု့ သက်သက်သာ ဖြစ်ကြောင်း သိရှိကြ၍ ဘဝတစ်ခုခုတွင် ပြန်ဆုံကြမည် ဆိုပါက –
“သူတို့နှစ်ယောက်ကို ပြန်ဆုံခွင့် ပေးပါ” ဟူ၍သာ … … … ။
ဇင်မင်းစိုး (ဗိုလ်ကလေး)