” ပြောမယုံကြုံမှသိ ” (စ/ဆုံး)

Posted on

” ပြောမယုံကြုံမှသိ ” (စ/ဆုံး)

===================================

“ကွယ်လွန်သူ မြတ်လေးငုံ အသက် (၂၀)နှစ်”

သူရေးလိုက် သော အုတ်ဂူပေါ်မှ
စာကြောင်းကိုကြည့်၍ ပီယ ခဏနားရင်း
အိတ်ကပ်ထဲမှ စီးကရက်
တစ်လိပ်ကိုထုတ်၍ ဖွာနေမိ၏။
တဖြည်းဖြည်းနှင့် မှောင်လာတာကိုလည်း သူ သတိပြုမိသည်။
ဆောင်းနေ့တာကလည်း တိုလွန်းသည်။ မနက်စောစောကတည်းက
သူ တယောက်တည်း မနားမနေ လိုင်းကျင်းတူး အင်္ဂတေ ဖျော် အုတ်သရိုးကိုင် ဇယ်ဆက်အောင်ကို လုပ်လိုက်ရသည်။ခါတိုင်းတော့ ဒီအလုပ်ကို
သူတစ်ယောက်တည်း လုပ်ခြင်းမဟုတ်
သူငယ်ချင်း ဖြစ်သူ ကိုစိုင်းနှင့် နှစ်ယောက် လုပ်ကြသည်။ ဒီကနေ့မှ ကိုစိုင်း နေမကောင်း၍
ပီယ တစ်ယောက်ထဲ လုပ်နေရခြင်းဖြစ်သည်။ သူတို့အလုပ်ကလည်း
လက်ခံပြီးပါက ရက်ရွှေ့ဆိုင်း၍ရသောအလုပ်မဟုတ်။
အပြီး သက်အောင်လုပ်ရသည်မဟုတ်ပါလား။
ယခု သူ လုပ်နေသော အလုပ်ကား
တစ်ဘ၀တာ ချုပ်ငြိမ်း၍ အေးချမ်းစွာအနားယူ
သွားသော တမလွန်ရောက်သေသူ အိပ်စက်ဖို့ အုတ်ဂူ
လုပ်ပေးရသောအလုပ်။
အလင်းရောင် အားနည်းလာတာနှင့်အမျှ
အမှောင်ထုက တဖြည်းဖြည်းနေရာယူလာ၏ ပီယ အတွက် လုပ်ရန် နှစ်မျိုးသာကျန်တော့၏ ။
အချောကိုင်ပြီးသော အုတ်ဂူလေးအား ဆေးသုတ်ရန်နှင့် သေဆုံးသူကောင်မလေး၏ဓာတ်ပုံ ကို ဂူ၏ အထက်ပိုင်း၌ အကွက်ဖော်၍ ထည့်သွင်းပေးရန်ဖြစ်၏ ။
ဤဓလေ့ကား တရုတ်လူမျိုးတို့ လုပ်လေ့ရှိသော စရိုက်
တမျိုးဖြစ်၍ မြတ်ပန်းငုံ ဆိုသာ ကောင်မလေးမှာ
တရုတ် ကပြားမလေးများဖြစ်လေမလားဟု ပီယ တွေးမိ၏။ ထို့နောက် ထိုင်ရာမှ ထ၍ ဆေးပုံးများကို
ခပ်မြန်မြန်ဖျော်စပ်နေလိုက်၏။

“အလင်းရောင်လေးရှိတုန်း ခပ်မြန်မြန် သုတ်မှ”

“ဖျက်ဖျက် ဖျက် ဖျက်”

အလုပ်ထဲ၌ စိတ်နှစ်၍ လုပ်နေ သော ပီယ တစ်ယာက် ပြေးလွှားနေသော ခြေသံတွေကြောင့် အသံကြားရာဘက်သို့ လှည်၍ကြည့်လိုက်မိ၏။

မှုန်ဝါးဝါး အလင်းရောင်ထဲမှ မိန်းကလေးတစ်ယောက်သူ့ထံသို့ပြေးလာနေသည်ကို တွေ့ရ၏။

တဖြည်းဖြည်းနှင့် သူ့အနားသို့ ထိုမိန်းကလေး နီးကပ်၍လာ၏။

မိန်းကလေးကို မြင်မြင်ခြင်း သူ့တကိုယ်လုံး ရှိန်းတိန်းဖိန်းတိန်း ဖြစ်၍သွား၏။ ထိုကြောင့် ပီယ တဖက်သို့ ချာကနဲ့ လှည့်လိုက်မိ၏။

ချွေးထွက်၍ အပေါ်အင်္ကျီချွတ်ထားသော သူ၏ကျောပြင်သို့ အလွန်
နုညံ့၍ နွေးထွေး အိစက်သော
အရာ နှစ်ခုက ကျောပြင်နှင့် ဖိကပ်၍လာသည်။

သူ ၏ရင်ဘတ်တစ်ခုလုံး ဗြောင်းဆန်သွားရ၏။အမည်တပ်၍ မရသော
ရနံ့က သူ့နှာခေါင်း၀ သို့ အတင်းတိုး၀င်လာ၏။

“ညီမကို ကယ်ပါ အစ်ကို”

ရှိုက်သံ စွတ်၍ပြောလိုက်သော မိန်းကလေး၏
အသံကြောင့် ပီယ မိန်းကလေးဘက်သို့လှည့်၍ မျက်နှာချင်းဆိုင်လိုက်၏။
သူ့နောက်ကို သိုင်း၍ဖက်ထားသော လက်ကို လွှတ်၍ မိန်းကလေးက လက်နှစ်ဖက်ကိုကြက်ခြေခတ်၍ ဆွတ်ဆွတ်ဖြူပြီး ဖွံ့ထွားနေသော ရင်အစုံ
ကို အရှက်သဲစွာဖြင့် ကွယ်ဖုံးထားရှာ၏။

“ညီမက မိကောင်း ဖခင် သားသမီးပါအစ်ကို”

မိန်းကလေး၏ ကိုယ်ခန္ဓာ အထက်ပိုင်းကား မိမွေးတိုင်း ဖမွေးတိုင်းအ၀တ်ဗလာကျင်းနေပြီး လုံချည်လေးကလည်း စုတ်ပြဲနေလေသည်။
တွေတွေကြီးဖြစ်နေသော ပီယ ကိုကြည့်၍ မိန်းကလေးက

“ညီမ ဒုက္ခရောက်လာလို့ပါ အစ်ကို ကူညီပါနော်”

ငေးကြည့်နေမိသော သူ့အဖြစ်ကို သတိရ၍ ပီယ မိန်းကလေးကိုအားနာသွားမိသည်။
ထို့နောက် သူ၏ အပေါ် ၀တ် ဂျင်းအင်္ကျီကို
ချွတ်ထားရာမှ ကောက်၍ မိန်းကလေးအား ၀တ်၍ ပေးလိုက်၏။

ဒီတိုင်းထားလို့လည်း မဖြစ် သူသည် ကိလေသာကင်းသော
အရိယာ သူတော်စင်မဟုတ် ။
အ၀တ်မပါသော မိန်းမပျိုတစ်ယောက်
ကိုရှေ့တွင်ထား၍ သူ့စိတ်တွေကို မချုပ်တည်းနိူင်မှာ ပီယ စိုးရိမ်မိ၏။

မမြင်အပ်သော အရာများကို မမြင်ရခြင်းသည်သာ အကောင်းဆုံးဟုသူထင်၏ ။
ဒါကြောင့်မို့လည်း မိန်းကလေးအား အမြန် အင်္ကျီ၀တ်ပေး
လိုကမြိ၏။

“စိတ်ချပါ ညီမ ကျွန်တော့်အနား ရောက်လာရင် ညီမအတွက်ဘာအန္တရာယ်မှ မဖြစ်စေရပါဘူး ဒါနဲ့ ညီမက ဘယ်မှာနေတာလဲ”

မိန်းကလေးကို ကြည့်ရင်း ပီယမေးမိ၏ ဖြူဖွေးနေသော အသားအရေနှင့် မိန်းကလေးမှာ အလွန်လှသော မိန်းမတစ်ယောက်ဟု သူ ကောက်ချက်ချမိ၏။

“ညီမက ဒီမြို့က ပြည်သာယာ ရပ်ကွပ်ထဲကပါ အစ်ကို”

“ဒါဆို ကျွန်တော့်သူငယ်ချင်း ကိုစိုင်းတို့ ရပ်ကွက်ထဲကပေါ့ ကိုစိုင်းကိုညီမသိလား ဟင် ”

“သိပ်သိတာပေါ့ရှင် မိန်းကလေးတစ်ယောက်ကို မြင်ရင် ဂဏန်းကောင်ရဲ့ မျက်လုံးလို ရှေ့ကို ကျွတ်ထွက်မတက် ကြည့်တဲ့ ဒါလူကြီးမဟုတ်လား..

နှာခေါင်းကို သူမ၏လက်ညိုးဖြင့် ထိုး၍ပြောနေသော
မိန်းကလေးကိုကြည့်၍ ပီယပြုံးမိ၏။

“ယောက်ျားတွေက ဒီလိုပါပဲ ညီမ ကိုစိုင်းမှ မဟုတ်ပါဘူး..

“ဟင့် ဒါဆို အစ်ကိုကလည်း အဲလိုမျိုးကြီးပေါ့”

ပီယ က မိန်းကလေး အမေးကို ခပ်ဟဟရယ်၍

“ဖြစ်နိုင်ပါတယ်.. ညီမ သြော် ဒါနဲ့ ညီမ ဘာဖြစ်လာတာလည်း”

မိန်းကလေး က ပီယ အမေးကြောင့် မျက်နှာကွက်ခနဲ့ပျက်သွား၏။

“အိမ်ရောက်မှ ညီမ ပြောပါရစေ အကို
ခုတော့ ညီမ အရမ်း ကြောက်လို့ပါ ဒါနဲ့အကိုက ဒီမြို့ ကမဟုတ်ဖူးထင်တယ်နော်”

“ဟုတ်ပါတယ် ညီမ ကျွန်တော်က
သူငယ်ချင်းဆီ လာရင်း အလုပ်
လုပ်နေတာ မကြာသေးပါဘူး
အခု အလုပ်လေးလက်စ သိမ်းပြီးရင်
ညီမကိုကျွန်တော် ပြန်ပို့ပေးပါ့မယ်”

ထို့နောက် ပီယက အုတ်ဂူလေးအား ခပ်သွက်သွက် ဆေးသုတ်နေလိုက်၏။

“မြတ်လေးငုံ အသက် ၂၀ ဆိုတော့ ညီမတို့အရွယ်ပဲ
ဒါနဲ့ အကိုရောသေသွားတဲ့ ကောင်မလေးကို မြင်ဘူးလားဟင်”

“မမြင်ဖူးဘူး ညီမ ဒါပေမဲ့ ကောင်မလေး ဓာတ်ပုံကို ဒီနေရာ
မှာ ထည့်ပေးရအုံးမယ်”

ဆေးသုတ်ခြင်း ကို လက်စသက်၍ ပီယ က မိန်းကလေးအား ပြန်ပြော
နေမိ၏။ဂုံကြမ်းစက္ကူ အထပ်၂ထုပ်ထားသော သေသူကောင်မလေး၏ဓာတ်ပုံမှ စက္ကူများကို ခွာချလိုက်၏။ဓာတ်ပုံထဲမှ မြတ်လေးငုံ ဆိုသော
ကောင်မလေးမှာ လွန်စွာလှပသော မိန်းကလေး တစ်ယောက်ဖြစ်နေ၏။

“ကောင်မလေးက လှလား အကို”

နောက်ဖက်ဆီမှ မိန်းကလေးက ပီယ အားမေး၏။

“လှတယ် ညီမ ဒါပေမဲ့ သူ့ကို ကျွန်တော်မြင်ဖူးနေသလိုပဲဗျ ဘယ်နေရာမှာမြင်ဘူးတယ်ဆိုတာ ကျွန်တော် စဉ်းစားမရဘူးဖြစ်နေတယ်”

ပုံထဲက မြတ်လေးငုံဆိုသော မိန်းကလေးကို
သူတရင်းတနှီး သိကျွမ်းနေတယ်ဟု ပီယ ခံစားမိ၏။

စဉ်းစားရင်း သူ့တကိုယ်လုံး အေးစက်တောင့်
တင်းသွား၏။ခေါင်းမှ ဆံပင်များပင် ထောင်ထလာ၏ အမြင်မှားလေသလားဟု ဓာတ်ပုံကို သေချာကြည့်မိ၏။ ပီယ ချာကနဲ့ နောက်သို့ လှည့်
ကြည့်လိုက်သည်။မိန်းကလေးက မှောင်လာသည်နှင့် ချမ်းလေဟန်လက်နှစ်ဖက်ကို ခပ်တင်းတင်းပိုက်၍ သူ့အားပြုံး၍ကြည့်နေ၏။

“မင်း.. မင်း … မြတ်လေးငုံ”

ပီယက လက်ထဲ၌ကိုင်ထားသော ဓာတ်ပုံကို
လွှတ်ချ၍ တဟုန်းထိုးသင်္ချိုင်းနှင့် ဝေးရာသို့ ထွက်ပြေးသွားလေတော့သည်။

“ကဲ ပီယနေရာမှာ စာဖတ်သူ ဆိုရင်ရော ဘာလုပ်မှာလဲဗျာ”

ပြီး။။

#ပီယ_ရွှေညာမြေ

#crd