ဖောက်ပြန်သူမှာသာ အပြစ်ရှိလေသည်

Posted on

ဖောက်ပြန်သူမှာသာ အပြစ်ရှိလေသည်(စ/ဆုံး)

————————————————–

“ညည်းမမတော့ငါမပြောချင်တော့ဘူးခင်ရေ
ဘယ်လိုမှလည်းဆုံးမလို့ကိုမရဘူး နေချင်သလိုနေနေ
တော့တာပဲ”

မမတို့အိမ်မှပြန်လာပြီး မကျေမချမ်းပြောနေတဲ့
မေ့မေ့ကိုကြည့်ပြီး ခင်ပြုံးမိလေသည်။မေမေ မမတို့
အိမ်ကပြန်လာတိုင်းညည်းညူနေကြ စကားဖြစ်သဖြင့်
ခင့်အတွက်မထူးဆန်းတော့ပေ။

“ဒီတစ်ခေါက်ရောမမကဘာတွေလုပ်နေပြန်ပြီလဲ
မေမေရဲ့”

“ဘာတွေလုပ်ရမှာလဲ ဘာမှမလုပ်လို့ခက်နေတာပေါ့
ခင်ရဲ့ တစ်နေ့တစ်နေ့တီဗွီကြည့်လိုက်စားလိုက်အိပ်လိုက်
ပဲလုပ်နေတာလေ ခန္ဓာကိုယ်ကိုကြည့်ဦးပေါင် ၁၄၀
ကျော်နေပြီလေ ဝိတ်လေးဘာလေးချ အလှလေး
ဘာလေးပြင်ဖို့စိတ်မကူးပဲ ဖြစ်သလိုနေနေလို့ပြောနေ
ရတာလေ”

“သူတို့မှာတီတီတာတာချွဲတတ်တဲ့ကလေးသံယောဇဉ်က
လည်းမရှိ လူကြည့်တော့လည်းရောဂါကအမျိုးမျိုး
ဖြစ်သေး ဒီကြားထဲအပျင်းကထူပြီးကိုယ့်ကိုကိုယ်
ဂရုမစိုက်လို့ဝနေလိုက်တာများ သူနဲ့ငါနဲ့ဆိုမသိတဲ့သူတွေ
ကသားအမိလို့ထင်မှာမဟုတ်ဘူး ငါ့အမများလား
တောင်ထင်ကြမှာ”

“အဟင်း……ဟင်း….ခစ်……ခစ်”

မေမေ့စကားကြောင့်ခင်ရယ်လိုက်မိလေသည်။ရယ်နေသော
ခင့်ကိုမေမေက မျက်မှောင်ကုပ်ကာကြည့်ပြီး

“မရယ်နဲ့ခင်မေမေကအမှန်တွေပြောနေတာ
သူ့ကိုဘယ်နေ့မောင်ကျော်အောင်ပစ်သွားမလဲဆိုပြီး
မေမေ့မှာစိုးရိမ်နေရတာ သူကတော့အပူပင်မရှိတဲ့
မအူပင်ငပိလိုပဲ ယောကျာ်းသူများနောက်ပါသွားမှာလဲ
မစိုးရိမ်ဘူး ခပ်အေးအေးပဲ”

“မေမေကအစိုးရိမ်ပိုနေတာပါမေမေရယ် အကိုကျော်
အောင်ကမမကိုချစ်ပါတယ်”

“ဟဲ့ယောကျာ်းတစ်ယောက်ကမိန်းမကိုဘယ်လောက်ပဲ
ချစ်ချစ်သာယာမှုတော့လိုချင်ကြတာပဲလေ ညည်းအမ
ကစကားလည်းချိုချိုသာသာမပြောတတ် ပြင်ဆင်မှု
လည်းမရှိ ဒီကြားထဲသားအိမ်ကလည်းထုတ်ထားရ
သေးတော့ နောက်တစ်ယောက်နောက်မပါသွားဘူး
လို့ပြောနိုင်မလားအေ့”

“ဒါကြောင့်ငါကသူ့ကိုယောကျာ်းအလုပ်ကပြန်လာရင်
ကိုယ့်နားကပ်ချင်အောင် ပြင်ပြင်ဆင်ဆင်နဲ့လှလှပပ
လေးနေဖို့ပြောတာကို သူကကိုကျော်အောင်ပစ်သွား
လည်းမေမေရှိတာပဲ မေမေကျွေးထားမယ်မဟုတ်လား
တဲ့လေ”

“ငါ့မှာဘယ်လောက်စိတ်တိုရတယ်မှတ်လဲ သူ့အတွက်
စိုးရိမ်လို့ပြောနေတာကိုမတုန်မလှုပ်နဲ့ မောင်ကျော်
အောင်တို့supermarketမှာက မိန်းကလေးဝန်ထမ်း
အများသားမဟုတ်လား အကုန်လုံးကလည်းငယ်ငယ်
ချောချောလေးတွေဆိုတော့ စိုးရိမ်စရာလေ
မပြောကောင်းမဆိုကောင်း ဖွဟဲ့လွဲပါစေ ဖယ်ပါစေလေ
အခုတောင် တိတ်တိတ်ပုန်းယူထားတဲ့မိန်းမတွေ
ဘာတွေများရှိနေလားမသိဘူး တော်တော်ကြာဖွက်ထား
တဲ့ကလေးတွေဘာတွေပေါ်လာမှဖြင့် ဘုရား ဘုရား”

“မေမေကအစိုးရိမ်လွန်နေတာပါမေမေရယ် အကိုကျော်
အောင် မမကိုပစ်ထားချင်မှတော့ ခုချိန်ထိစောင့်နေ
ပါ့မလား ဟိုးအရင်ထဲကပစ်ပြေးမှာပေါ့
တကယ်လို့အကိုကျော်အောင်ပစ်သွားလည်း ဘာစိုးရိမ်
စရာလိုလဲ မမပြောသလိုပဲခင်တို့မမကိုခေါ်ထားမှာ
ပေါ့ မမစိတ်ချမ်းသာသလိုသာနေပါစေမေမေရယ် မမကခင့်လိုဟိုးအရင်ကတည်းကပင်ပင်ပန်းပန်းတွေဆို ဘာမှလုပ်ချင်တာမဟုတ်ဘူး သူသက်သာသလိုနေခဲ့တဲ့သူမဟုတ်လားမေမေရဲ့”

“ခင်နဲ့မတူလို့ကိုစိုးရိမ်နေရတာခင်ရေ ခင်လိုအပြစ်ပြော
စရာဘာမှမရှိတဲ့သူကိုဘယ်သူကပစ်ထားနိုင်မှာလဲ
ခင်လိုသာဆိုမေမေသူ့ကိုမစိုးရိမ်ပါဘူးလေ ခုတော့…..”

“ကဲပါမေမေရယ် မဖြစ်သေးတဲ့ကိစ္စကိုတွေးပူမနေပါနဲ့
မေမေ့မှာကသွေးတိုးလည်းရှိတယ်မဟုတ်လား
တော်ကြာသွေးပေါင်တွေတက်နေပါအုံးမယ်”

မေမေ့ကိုခင်ဖျောင်းဖျပြောဆိုပြီး အိမ်ခန်းထဲသို့
လိုက်ပို့လိုက်ရလေသည်။
ဦးကျော်ဝင်းနှင့်ဒေါ်ရွှေစင်ရတနာစိုးတို့တွင်
ရုပ်ရည်မတူ၊စိတ်ဓါတ်မတူ ဘာဆိုဘာမှမတူသောသမီး
နှစ်ယောက်ထွန်းကားခဲ့လေသည်။မမသည်ဖေဖေ့နှင့်ချွတ်
စွပ်တူသဖြင့် ဖေဖေ့လိုပဲအသားညိုကာ အရပ်ပုပျက်
ပျက်နှင့် ရုပ်ရည်မှာရွက်ကြမ်းရေကြိုအဆင့်ထက်မပို
ချေ။ဖေဖေကသူနှင့်တူသဖြင့်မမကို သူ့နာမည်ပါအောင်
မာလာကျော်ဝင်းဟူ၍အမည်ပေးခဲ့ပြီး ခင်ကတော့
မေမေ့အမေ ခင်တို့ဖွားဖွားနှင့်ဆင်ပြီး ဖြူဖြူသွယ်
သွယ်လေးနှင့်လှပသည့်မိန်းမချောစာရင်းတွင်ပါဝင်လေ
သည်။မေမေကခင့်ကိုသူမေမေနှင့်တူသဖြင့် ဖွားဖွား
ဝင်စားသည်ဆိုပြီး ဖွားဖွားနာမည်ခင်ရတနာစိုးကိုပင်
မှည့်ပေးခဲ့လေသည်။ထို့ကြောင်မမနှင့်ခင်သည်
နာမည်ကအစမတူသဖြင့် တစ်ချို့သူများကညီအမဟု
ပြောလျှင်ပင် ယုံကြည်ရန်ခက်ခဲကြလေသည်။
မမသည်ရုပ်ရည်သာဖေဖေနှင့်တူသော်လည်း
စိတ်ဓါတ်ကတော့တခြားစီပင်။ငယ်ငယ်ကတည်းကပင်ပန်း
တာတွေ၊စိတ်ညစ်စရာတွေဆို ဘာကိုမှသည်းမခံနိုင်ပဲ
ပျော်ပျော်သာနေတတ်ပြီး သက်သာသလိုသာနေတတ်
လေသည်။ဇွဲလည်းမရှိပေ။ခင်ကတော့စိတ်ဓါတ်မှာဖေဖေနှင့်
တူပြီးတစ်ခုခုကိုစမိပါက ဘယ်လောက်ခက်ခဲပါစေ
အရှုံးမပေးပဲ ဆုံးအောင်လုပ်တတ်လေသည်။ကြိုးစား
ချင်စိတ်ရှိလေသည်။မမကအပျင်းကြီးလေသည်။ခင်က
တစ်နေ့စာနှစ်နာရီလုပ်မည်ဟု သတ်မှတ်ထားလျှင်
နှစ်နာရီမပြည့်မချင်းစာကြည့်စားပွဲမှမထပေ။ကျက်စရာ
မရှိတော့ရင်သချာင်္တွက်တာဖြစ်ဖြစ် ပုံဆွဲလေ့ကျင့်တာ
ဖြစ်ဖြစ်တစ်ခုခုလုပ်နေတတ်လေသည်။မမကတော့
စာနည်းနည်းလေးကျက်ပြီးတာနဲ့ ပင်ပန်းသည်ဆိုပြီး
အိပ်နေတော့လေသည်။
ထို့ကြောင့်လည်းမမသည်မိဘကပိုက်ဆံရှိ၍
ကျူရှင်အကောင်းစားထားပေးနိုင်တာတောင်မှ ဆယ်တန်း
ကိုအောင် အောင်မဖြေခဲ့ပဲ နှစ်နှစ်ကျနှင့်ကျောင်း
ထွက်ခဲ့လေသည်။ကျောင်းမတက်တော့သဖြင့်စိတ်မလေ
စေရန်စက်ချုပ်သင်တန်းကိုပို့လိုက်ရာ ထိုသင်တန်းနှင့်
နီးသောsupermarketတွင် အလုပ်လုပ်နေသော
အကိုကျော်အောင်နှင့်ညားခဲ့ခြင်းဖြစ်လေသည်။မမအိမ်
ထောင်ကျတော့အသက်၂၀ပင်မပြည့်သေးပေ။အကိုကျော်
အောင်ကဘွဲ့ရပြီး၍ မမထက်ငါးနှစ်ကျော်ကြီးလေသည်။
အမှန်အတိုင်းဝန်ခံရလျှင် ခင်သာဆိုဘွဲ့ရတာတစ်ခုပဲ
ရှိပြီး မိဘတွေလည်းမရှိတော့ပဲ ဦးလေးအိမ်တွင်ကပ်
နေရသော အကိုကျော်အောင်လိုလူမျိုးကိုယူဖြစ်မည်
မထင်ပေ။
ခင်သည်မိမိကိုချစ်စကားကြိုက်စကားပြောသူ
များကြားမှ ကိုကို့ကိုရင်ခုန်မိလေသည်။သို့သော်ချက်ချင်း
အဖြေမပေးသေးပဲ ကိုကို့နောက်ကြောင်းကိုဦးစွာစုံစမ်း
ခဲ့လေသည်။ကိုကိုမှာကုမ္ပဏီပိုင်ရှင်သူဌေး၏သား ကိုယ်
တိုင်ကလည်းမန်နေဂျင်းဒါရိုက်တာ ဖြစ်တာကျိန်းသေ
သည်ဆိုမှအဖြေပြန်ပေးခဲ့ခြင်းဖြစ်လေသည်။
အကိုကျော်အောင်လိုဦးလေးအိမ်တွင်ကပ်နေရသူဆိုပါက
ခင်ကိုကို့ကိုချစ်ပင်ချစ်သော်ငြား လက်ထပ်ဖို့မဆိုထား
နဲ့ ချစ်တယ်ဟုပင်ပြန်ပြောမိမှာမဟုတ်ချေ။
ခင်ယူမည့်ယောကျာ်းသည်ထက်မြတ်နေမှ အရည်အချင်း
ရှိနေမှ အသိုင်းအဝိုင်းကောင်းမှသာခင်ကလိုချင်သူဖြစ်
လေသည်။ခင်ကံကောင်းသည်ဟုဆိုရပေမည်။ခင်ချစ်တဲ့
သူကထိုအရည်အချင်းတွေနဲ့ ပြည့်စုံသူမို့ခင်ပျော်ခဲ့ရလေ
သည်။
အသက်သုံးဆယ့်ငါးနှစ်တွင်မမမှာကိုယ်ဝန်ရှိ
လာလေသည်။အိမ်ထောင်သက်၁၆နှစ်တွင်ပထမဆုံးရ
သောကလေးမို့ မမအရမ်းပျော်နေခဲ့တာကို ခင်ခုထိ
မမေ့သေးချေ။သို့သော်ကလေးနှင့်အတူ သားအိမ်ထဲတွင်
အကြိတ်မှာလည်းတစ်ဖြေးဖြေးကြီးထွားလာသဖြင့် ဆရာ
ဝန်များကခွဲစိတ်ခိုင်းလေသည်။မမကသူ့အသက်သေရင်
သေပါစေမခွဲစိတ်ပဲ ကလေးမွေးပြီးမှခွဲစိတ်ချင်လေသည်။
သို့သော်အကြိတ်မှာပိုကြီးလာပြီး ကလေးမှာကြီးထွားမ
လာသဖြင့်မရတော့သည့်အဆုံးခွဲစိတ်ခဲ့ရလေသည်။
ကလေးလည်းဆုံးရှုံးရသလို အသားစ
အဖြေမှာလည်းမကောင်းသောကြောင့် သားအိမ်ပါ
ထုတ်ပစ်ခဲ့ရလေသည်။ထိုအချိန်မှစ၍မမသည်
အလှပြင်ဖို့ကိုလည်းစိတ်မပါတော့ချေ။အကိုကျော်အောင်
နောက်မိန်းမယူချင်ယူမယူချင်နေ ဂရုလည်းမစိုက်တော့ပဲ
နေချင်သလိုသာနေတော့လေသည်။
အကိုကျော်အောင်သည်မမဆေးရုံတက်စဉ်ရော
ဆေးရုံဆင်းပြီးအိမ်ရောက်သောအခါတွင်ပါ မမကိုပြုစု
ပေးခဲ့လေသည်။မမစိတ်ချမ်းသာသလိုနေပါစေ တစ်ခွန်း
မပြောချေ။ထမင်းချက်ချက်မချက်ချက်၊အိမ်မှုကိစ္စလုပ်လုပ်
မလုပ်လုပ်အပြစ်မပြောပေ။မမပျော်အောင်သာထားလေ
သည်။မမသည်ကလေးကြောင့်စိတ်ဓါတ်ကျတာရော
နဂိုအပျင်းထူတာပါပေါင်းပြီး နေ့စဉ်တီဗီကြည့်လိုက်
ဖုန်းကြည့်လိုက်ဖြင့်သာ အချိန်ဖြုန်းနေတော့လေသည်။
လှုပ်ရှားမှုမရှိပဲ အစားမှာလည်းအရမ်းစားသောကြောင့်
ခန္ဓာကိုယ်မှာတစ်နေ့တစ်ခြားဝလာလေသည်။
ပုံပျက်ပန်းပျက်ဖြစ်လာသောမမကို အကိုကျော်
အောင်ပစ်သွားမှာကိုမေမေအလွန်စိုးရိမ်နေလေသည်။
အကိုကျော်အောင်သည်မချမ်းသာသော်လည်း စိတ်ထား
ကောင်းလေသည်။မမအပေါ်လည်းသီးခံတတ်လေသည်။
ထိုသို့သောသူကိုလက်လွှတ်လိုက်ရမှာကို မေမေနှမြော
နေတာလည်းဖြစ်နိုင်လေသည်။မမသားအိမ်ထုတ်ထားတာ
ခုနစ်နှစ်ပင်ရှိလေပြီ။အကိုကျော်အောင်ဖောက်ပြန်မည်ဆို
တာတောင် ခင်တို့မှာအပြစ်မဆိုသာချေ။မမကိုသာ
စိတ်ဒုက္ခမရောက်အောင် မေမေနဲ့ခင်ကကူညီပေးရမည်
ဖြစ်လေသည်။ခင်သည်တစ်ခါတစ်ရံတော့
မမကိုအားကျမိလေသည်။ခင်ရဲ့သူများတွေထက်သာချင်
သည့်စိတ်က ခင့်ကိုပင်ပန်းစေတာတော့အမှန်ပင်။
ခင်ကမမထက်နောက်ကျမှအိမ်ထောင်ကျသော်လည်း
လက်ထပ်ပြီးသုံးလအကြာတွင်ကိုယ်ဝန်ခဲ့ရှိပြီး
ပထမကလေးနှင့်ဒုတိယကလေးမှာလည်းလေးနှစ်လောက်
သာကွာသဖြင့် အသက်သုံးဆယ့်သုံးမပြည့်မီမှာပင်
ကလေးနှစ်ယောက်ရနေပြီဖြစ်လေသည်။
ခင့်လက်ရာမှခံတွင်းတွေ့သည် ခင်ပြင်ဆင်ပေးတဲ့
မနက်စာမှစားချင်သည့်ကိုကို့အတွက် အိမ်မှာလုပ်ပေး
သည့်သူများရှိတာတောင် ကိုကိုစားဖို့ကိုတော့မနက်
အစောကြီးထပြီးပြင်ပေးရလေသည်။ကိုကိုအလုပ်သွားရင်
ဝတ်ဖို့ လိုအပ်တာတွေယူသွားဖို့ပြင်ဆင်ပေးရင်း
သားနှစ်ယောက်ကျောင်းသွားဖို့လည်း စီမံပေးခဲ့ရလေ
သည်။
မနက်၈နာရီထိုးလျှင်ခင်အလုပ်လုပ်သည့်
ဘဏ်သို့ရောက်အောင်သွားရသေးလေသည်။ခင်ကပုဂ္ဂ
လိကဘဏ်တစ်ခုမှာ မန်နေဂျာဖြစ်လေသည်။ကိုကိုက
အလုပ်ထွက်ခိုင်းသော်လည်း ခင်ကသင်ထားသောပညာကို
နှမြောသဖြင့်အပြင်အလုပ်ကိုရအောင်လုပ်ခဲ့လေသည်။
အလုပ်တစ်ဖက်နှင့်ကလေးနှစ်ယောက်တာဝန်လည်းကျေ
အောင်ထမ်းဆောင်ရပြန်လေသည်။ကျောင်းမှာစာတော်ဖို့
ထူးချွန်ထက်မြက်ဖို့တို့သည် ခင့်တာဝန်သာဖြစ်လေ
သည်။ကိုကိုကအိမ်စားရိတ်လုံလောက်အောင်ရှာပေးယုံ
သာပင်။အလုပ်မအားဘူးဟုလည်း အကြောင်းပြပြီး
အိမ်ကိစ္စကိုခင့်နှင့်သာလွဲထား၍အိမ့်တာဝန်ကခင့်အပေါ်မှာ။
မေမေကလည်းအသက်ကြီးလို့ သားနှစ်ယောက်ကလည်း
ငယ်သေးလို့နှင့် အိမ်ကိစ္စမှန်သမျှခင်သာစီမံခန့်ခွဲ
ညွှန်ကြားရလေသည်။
ဒီလောက်အလုပ်များသည့်ကြားမှပင် ခင့်ကိုယ့်
ကိုကိုယ်လှနေအောင်လည်းအမြဲပြင်ဆင်ရလေသည်။ပေါင်၁၂၅
ကျော်တာနှင့် ဂျင် ခန်းမသို့ပြေးပြီးလေ့ကျင့်ခန်းလုပ်
ရသေးသည်။ကိုကိုကုမ္ပဏီနှင့်မိတ်ဖက်ကုမ္ပဏီများက
ပွဲအခမ်းအနားတွေဖိတ်ရင်လည်း ပွဲတတ်မယားလုပ်ပေး
ရသေးလေသည်။ကိုကိုမျက်နှာမငယ်စေရန် ခင်သည်ဘာ
သာစကားသုံးမျိုးလောက်ကိုလည်း သင်ကြားထားရလေ
သည်။ကုမ္ပဏီဧည့်ခံပွဲများတွင်နိုင်ငံခြားသားများပါလာပါက
ကိုကို့မိန်းမအနေနဲ့သူများအထင်မသေးစေရန်ရော
ခင့်အလုပ်အတွက်ပါ သင်ထားရခြင်းဖြစ်လေသည်။
ကိုကိုတို့သူငယ်ချင်း မိတ်ဆွေအသိုင်းအဝိုင်းများ
ကြားတွင်တော့ ခင်သည်လိုအပ်ချက်မရှိသောစံပြမယား
ပြီးပြည့်စုံလွန်းသောဇနီးကောင်း အဖြစ်နာမည်ကြီးလေ
သည်။မိန်းမရကံကောင်းသောကိုကို့ကို လူတိုင်းအားကျရ
လေသည်။

“ခင်ရေဖုန်းလာနေတယ် ခင့်သူငယ်ချင်းစန္ဒာကျော်
ဆက်တာ”

ဒီနေ့တနင်္ဂနွေနေ့ ကိုကိုရောခင်ရောအလုပ်နား
ပြီး သားနှစ်ယောက်ပါကျောင်းပိတ်သဖြင့် ခင်တို့မိသား
စုအတွက် တစ်ပတ်မှာမှတစ်ရက်သာဆုံဖြစ်သောနေ့ဖြစ်
လေသည်။ကျန်တဲ့နေ့များတွင်အလုပ်ကိုယ်စီ ကျောင်း
ကိစ္စ၊ကျူရှင်ကိစ္စများကြောင့် မိသားစုဆုံရန်မလွယ်ပေ။
ဒါတောင်ကိုကိုကမနက်စာစားပြီးသည်နှင့် ဂေါ့ဖ်ရိုက်
သွားအုံးမည်ဖြစ်လေသည်။မိသားစုဆုံတုန်းအိမ်မှာအုန်းနို့
ခေါက်ဆွဲချက်စားမည် ဖြစ်သဖြင့် ခင့်လက်ရာမှစား
ချင်ကြသောကိုကိုနှင့်သားတို့အတွက် ခင်ကိုယ်တိုင်
ချက်ပြုတ်နေရာမှ ခင့်သူငယ်ချင်းဖုန်းဆက်လာခြင်းဖြစ်
လေသည်။ကိုကိုယူလာပေးသော ဖုန်းကိုခင်ယူလိုက်ပြီး

“ဟဲလိုစန္ဒာ စောစောစီးစီးဘာကိစ္စလဲ”

“ခင် နင်ဒီနေ့အားတယ်မဟုတ်လား နင့်ယောကျာ်းရော
ဂေါ့ဖ်သွားရိုက်မှာလား”

“အားတယ်လေ ကိုကိုလည်းတအောင့်နေ သွားတော့မှာ
ဘာတွေဖြစ်နေတာလဲစန္ဒာရဲ့ ခင့်ကိုပြောပြပါအုံး”

“ခင်ထွက်လာလို့ရရင်အခုထွက်လာပေးပါလားဟင်
အရမ်းအရေးကြီးနေလို့ပါ ဘာဖြစ်တာလဲဆိုတာတော့
ခင်လာမှပြောပြတော့မယ်”

“အဲဒီလောက်တောင်အရေးကြီးနေလားစန္ဒာ ခင်အခု
ချက်ချင်းထွက်လာဖို့က……”

စန္ဒာကအရေးကြီးသည်ဆို၍ခင့်မှာစိုးရိမ်သွားသော်လည်း
ကိုကိုအပြင်မသွားသေး၍ခင်အခက်တွေ့ရလေသည်။
ဘာပြန်ပြောရမှန်းမသိသောကြောင့် အခက်တွေ့နေသော
ခင့်ကိုခင်တို့ပြောတာကိုကြားနေရသောကိုကိုက ဝင်ပြောလေ
သည်။

“ခင့်သူငယ်ချင်းတော်တော်အရေးကြီးနေတယ်ခင်
အုန်းနို့ခေါက်ဆွဲကကျက်နေပြီမဟုတ်လား ဒေါ်ဆွေ့ကို
ပဲထည့်ခိုင်းလိုက်မယ်လေ ကိုကိုလည်းစားပြီးသွားတော့
မှာဆိုတော့ ခင်သွားရင်သွားလိုက်လေ”

“အင်း…sorryပါကိုကိုရယ် သူကအရေးကြီးတယ်ဆို
တော့ ခင်မငြင်းချင်လို့ပါ အဲဒါဆိုဒေါ်ဆွေ့ကိုလုပ်ခိုင်း
လိုက်နော် ခင်အပြင်သွားဖို့ပြင်လိုက်တော့မယ်”

“စန္ဒာရေခဏတော့စောင့်ပေးနော် ခင်အဝတ်လဲပြီး
ထွက်လာခဲ့မယ်”

” ခင်ကားယူမလာနဲ့ ခင့်အိမ်ရှေ့မှာကိုယ်စောင့်နေမယ်”

“အဲဒါဆိုအိမ်ထဲလာခဲ့ပါလားစန္ဒာ မုန့်စားရအောင်”

“ကိုယ်စားပြီးပြီခင် ခင်သာမြန်မြန်ထွက်ခဲ့နော်
ခင်ဖို့မုန့်ပါဝယ်ခဲ့တယ် ကားပေါ်ရောက်မှပဲစားတော့နော်”

ခင်ရေကမန်းကတမ်းချိုးပြီး မြန်မြန်ပြင်ရလေ
သည်။စန္ဒာမှာခင့်အချစ်ဆုံးသူငယ်ချင်းဖြစ်ပြီး ဘယ်လောက်
တောင်အရေးကြီးနေလို့ ခင့်ကိုမနက်အစောကြီးခေါ်မှန်း
မသိချေ။သားနှစ်ယောက်မှာကျောင်းတွေကျူရှင်တွေမတက်ရ
သဖြင့် ခုချိန်ထိအိပ်ကောင်းတုန်းပင်။ရှားရှားပါးပါးပိတ်
ရက်ကို အဖေရောအမေပါအိမ်မှာမရှိသဖြင့် သားနှစ်
ယောက်စိတ်ကောက်မှာမြင်ယောင်နေမိလေသည်။မတတ်
နိုင်ပါသူငယ်ချင်းအရေးဆိုတော့ ငြင်းလို့လည်းမကောင်း
ပေ။ပြန်လာမှသားတို့ကြိုက်သည့်မုန့်ဝယ်လာပြီး ချော့ရ
လေတော့မည်။မေမေ့ကိုမှာစရာရှိတာ မှာပြီးခင်ထွက်လာ
တော့ ကိုကိုကကားထဲမှလက်ပြကာ ခြံထဲမှထွက်သွား
လေသည်။ခင်ခြံပြင်ရောက်တာနဲ့တပြိုင်နက် စန္ဒာက

“ခင်အမြန်တက်ခင်”

ဆိုပြီးလှမ်းအော်လေသည်။ခင်ကားပေါ်သို့တက်လိုက်သည်
နှင့် စန္ဒာကကားကိုအမြန်မောင်းထွက်ခဲ့လေသည်။

“ဘာတွေဖြစ်နေတာလဲစန္ဒာရယ် ခင့်မှာရင်တွေတောင်
တုန်နေတယ် ခင်နားလည်အောင်ပြောပြပါအုံး”

စန္ဒာကခင့်ကိုဘာမှမပြောပဲ ကိတ်မုန့်နှင့်နို့ဗူးကိုသာလှမ်း
ပေးလေသည်။ခင်လည်းမနက်စာဘာမှမစားရသေးသဖြင့်
စန္ဒာပေးသောမုန့်ကိုစားပြီးနို့ကိုသောက်၍သာ လိုက်လာ
ခဲ့ရလေသည်။စန္ဒာကဘာမှမပြောသဖြင့် ဘာအကြောင်း
ရှိလည်း ဘယ်သွားမယ်မှန်းမသိပဲ စိတ်ကသိကအောင့်
ဖြင့်သာလိုက်လာခဲ့ရလေသည်။တစ်ခါတစ်ခါတွင်ခင်တို့
ကားအရှေ့ခပ်လှမ်းလှမ်းမှ ကိုကို့ကားကိုမြင်နေရ၍
လည်းခင်အံ့ဩမိလေသည်။ဂေါ့ဖ်သွားရိုက်မည့်ကိုကိုက
ဂေါက်ကွင်းကျော်လာတာတာင် ဆက်သွားနေ၍
ခင်ထူးဆန်းနေလေသည်။သူငယ်ချင်းတစ်ယောက်ယောက်
ကိုများသွားခေါ်တာလားမသိပေ။
ဒီဘက်မှာကိုကို့သူငယ်ချင်းရှိသည်ဟူ၍လည်း
ခင်မကြားမိပါလေ။စန္ဒာကိုကို့နောက်ကိုလိုက်နေသည်ဟု
လည်းထင်မိ၍ ခင်စိုးရိမ်လာမိလေသည်။ခုချိန်ထိဘာ
တွေဖြစ်နေမှန်းခင်မသိချေ။ခင်မေးတော့လည်းစန္ဒာက
မဖြေပဲကားကိုသာမောင်းနေလေသည်။ရှေ့မှသွားနေသော
ကိုကို့ကားခြံတစ်ခြံရှေ့တွင်ရပ်လိုက်တော့ စန္ဒာကသူ့
ကားကိုလည်းခပ်လှမ်းလှမ်းမှာရပ်လိုက်လေသည်။ပြီးတော့
ကိုကို့ကိုကြည့်ရန် ခင့်ကိုမေးဆတ်ပြလေသည်။ခြံဝမှ
ဘဲလ်ကို ကိုကိုနှိပ်လိုက်တော့ တိုက်ပုလေးထဲမှ
ကလေးချီထားသောမိန်းမတစ်ယောက်ထွက်လာပြီး
ခြံတံခါးဖွင့်ပေးလေသည်။
ထိုမိန်းမချီထားသောကလေးကို ကိုကိုကပြောင်း
ချီပြီးပါးကိုနမ်းလိုက်တာလည်းတွေ့လိုက်ရလေသည်။
ထို့နောက်ဘေးမှာရှိသောမိန်းမ၏ပခုံးကိုဖက်ပြီး သုံး
ယောက်သားတိုက်ပုလေးထဲကို ဝင်သွားတာခင်မြင်
လိုက်ရလေသည်။ခင်သည်မြင်လိုက်ရသောမြင်းကွင်း
ကြောင့်အံ့ဩထိတ်လန့်သွားလေသည်။ကိုယ့်မျက်စိကို
တောင်ကိုယ်မယုံနိုင်ဖြစ်ရလေသည်။

“အရေးကြီးကိစ္စဆိုတာ ခင့်ယောကျာ်းအကြောင်းအသိ
ပေးချင်လို့ပဲခင် အဲဒီမိန်းမကအရင်ကခင့်ယောကျာ်း
ကုမ္ပဏီမှာအလုပ်လုပ်ခဲ့တာ အခုတော့အလုပ်ထွက်
လိုက်ပြီ ကလေးကတစ်နှစ်ကျော်နေပြီ ခင့်ယော
ကျာ်းကိုနိုင်လင်းထွန်းရဲ့ကလေးပဲခင်”

ကြားလိုက်ရသောစကားကြောင့် ခင့်ရင်ထဲဓားနှင့်အထိုး
ခံလိုက်ရသလို နာကျင်လာလေသည်။ခင့်မျက်လုံးထဲမှ
မျက်ရည်များဒလဟောစီးကျလာလေသည်။ခင့်ဘဝတွင်
၅နှစ်ကျော်အရွယ်ကတည်းက မျက်ရည်မကျတော့
တာကြာပြီဖြစ်လေသည်။စိတ်ညစ်စရာဝမ်းနည်းစရာမရှိ
သောခင့်ဘဝတွင် ပထမဆုံးအကြိမ်ရသောဒဏ်ရာ
ဖြစ်လေသည်။

“စိတ်မကောင်းပါဘူးခင်ရယ် စန္ဒာသိနေတာတစ်လ
လောက်ရှိနေပြီ ကျိန်းသေအောင်စုံစမ်းနေရတာရယ်
ခင့်ကိုပြောသင့်မပြောသင့်စဉ်းစားနေရတာမို့ကြာသွား
တာ မပြောပဲထားလိုက်ရင်လည်းခင်တစ်သက်လုံး
အလိမ်အညာခံနေရမယ်လို့ တွေးလိုက်မိတော့
စန္ဒာမပြောပဲလည်းမနေနိုင်ဘူးခင်ရယ်”

“ခင်ဘယ်လိုလုပ်ချင်လဲဟင် သူတို့ကိုသွားပြောမလား
စန္ဒာအဖော်လိုက်ခဲ့ပေးမယ်”

“ဟင့်အင်းစန္ဒာ ခင်အိမ်ပဲပြန်ချင်တယ် အဲဒီမိန်းမရဲ့
အောင်နိုင်တဲ့ပုံစံကိုလည်းခင်မတွေ့ချင်ဘူး
နောက်ပြီးလက်ခုပ်ဆိုတာနှစ်ဖက်တီးမှမြည်တာပါ
ကိုကိုမကောင်းလို့ဖြစ်ရတဲ့ကိစ္စမှာ အဲဒီမိန်းမကိုပဲ
အပြစ်မပြောချင်ဘူး ခင်ဘာလုပ်သင့်တယ်ဆိုတာပဲ
ခေါင်းအေးအေးထားပြီး စဉ်းစားချင်တယ်”

“ဒါဆိုလည်းခင့်သဘောပဲလေ ခင့်အတွက်အကောင်း
ဆုံးဖြစ်မယ့်ဟာကိုခင်စဉ်းစားပေါ့ ခင်ဘာလုပ်လုပ်
စန္ဒာကူညီပေးမယ် ခင့်နောက်မှာစန္ဒာရှိနေမယ်”

“ကျေးဇူးတင်ပါတယ်စန္ဒာရယ်”

စန္ဒာသည်ငိုနေသောခင့်ကိုကြည့်ပြီး ပြောပြမိ
တာမှားပြီလားဟုပင်တွေးလိုက်မိလေသည်။ဤအကြောင်း
တွေကိုမတော်တဆသိလိုက်မိသည့် ကိုယ့်ကိုကိုယ်ပဲ
အပြစ်တင်မိတော့လေသည်။မပြောပဲထားလျှင်လည်း
မိမိ၏အချစ်ဆုံးသူငယ်ချင်းမလေး ခင်တစ်သက်လုံး
အလိမ်အညာခံနေရမည်ဟုတွေးလိုက်မိသောအခါ
ဒေါသထွက်လာလေသည်။ဤအကြောင်းကိုစသိတုန်းကဆို
ပြောသင့်မပြောသင့်စဉ်းစားနေရ၍ အလုပ်လည်း
ကောင်းကောင်းမလုပ်နိုင် စားလည်းဒီစိတ်အိပ်လည်းဒီ
စိတ်နှင့်အလွန်ဒုက္ခများခဲ့လေသည်။ခင့်ယောကျာ်းကိုဟိန်း
သုတထွန်းအပေါ်ကိုလည်း အလွန်မုန်းတီးမိလေသည်။
ဒီလောက်ပြီးပြည့်စုံသည့်မိန်းမကိုရထားပါရက်နှင့်
ဖောက်ပြန်သောကြောင့်လည်း စက်ဆုပ်ရွံရှာမိလေသည်။

တစ်လမ်းလုံးငိုပြီးလိုက်လာသောခင်သည်
အိမ်ရှေ့ရောက်တော့အငိုကိုရပ်လိုက်လေသည်။ကိုကို
ဖောက်ပြန်သည့်ကိစ္စကို မေမေနှင့်သားတွေကိုမသိစေ
ချင်သေးပါ။ကိုကို့ကိုလည်းသေချာအောင်မေးကြည့်ချင်သေး
သလို ဘာလုပ်သင့်သလဲဆိုတာကိုလည်းစဉ်းစားချင်
သေးလေသည်။ထို့ကြောင့်တစ်ရှုးဖြင့်မျက်ရည်များကိုသုတ်
လိုက်ပြီး အိတ်ထဲမှပေါင်ဒါဗူးကိုထုတ်ခါ မျက်နှာကို
ရိုက်လိုက်လေသည်။နှုတ်ခမ်းနီကိုပြန်ဆိုးလိုက်ပြီး
စန္ဒာ့ကိုနှုတ်ဆက်ကာ ကားပေါ်မှဆင်းလိုက်လေသည်။

“တအားကြီလည်းငိုမနေနဲ့နော်ခင် ကျန်းမာရေးလည်း
ဂရုစိုက်အုံး ညကျရင်စန္ဒာဖုန်းဆက်အုံးမယ်နော်ခင်”

စန္ဒာပြောတာကိုခေါင်းပဲငြိမ့်ပြလိုက်ကာ ဟန်မပျက်စေရန်
အိနြေ္ဒကိုထိန်းကာ ခြံရှေ့ရှိကိုဘဲလ်တီးလိုက်လေသည်။
ဘဲလ်သံကြောင့် ခြံစောင့်နှင့်မာလီတာဝန်တွဲယူထား
သော ဦးလေးသန့်စင်ကတံခါးလာဖွင့်ပေးလေသည်။

“မမလေးခင်ပြန်လာပြီပဲ အကြီးကောင်နဲ့ဖိုးသား
အိမ်ဘေးကမြေကွက်လပ်ထဲမှာ ဘတ်စကတ်ဘောပုတ်တိုင်း
ကစားနေကြတယ် မမလေး”

ဦးသန့်စင်ပြောတာကိုခေါင်းပဲညိတ်ပြလိုက်ပြီး
ခင်အိမ်ထဲမသွားသေးပဲ သားတို့ဆီကိုအရင်သွားလိုက်
လေသည်။ခင့်ကိုမြင်တာနှင့်သားနှစ်ယောက်မှာပြေးလာပြီး

“မေမေပြန်လာပြီလား အန်တီစန္ဒာဘာဖြစ်လို့လဲဟင်”

ဟုမေးလေသည်။ခင်သားနှစ်ယောက်ကိုဖက်ထားလိုက်ပြီး

“ဘာမှမဖြစ်ပါဘူးသားတို့ရယ် မေမေသူနဲ့အဖော်မလိုက်
ပေးမှာစိုးလို့အရေးကြီးကိစ္စရှိတယ်ဆိုပြီး ညာပြောတာပါ
နားရက်ကိုမေမေသားတို့ကို အဖော်မပြုပေးနိုင်တဲ့
အတွက်တောင်းပန်ပါတယ်နော် အဲဒီအတွက်မေမေမုန့်
ဖိုးပေးလိုက်မယ် သားတို့ ဦလေးဇော်ဇော်ကိုခေါ်ပြီး
မုန့်သွားဝယ်စားကြလိုချင်တာရှိရင်လည်း ဝယ်ခဲ့ပေါ့”

“မေမေဦးဇော်ကဒီနေ့နားရက်လေ အိမ်မလာဘူးမေမေ
ရဲ့ မေမေပဲလိုက်ပို့လို့မရဘူးလားဟင်”

“မေမေခေါင်းနည်းနည်းမူးနေလို့ပါ သားတို့ရဲ့
ဦးဇော်ကိုမေမေဖုန်းဆက်ခေါ်ပေးမယ်လေနော်
ကဲလာကြထမင်းစားရမဲ့အချိန်ရောက်တော့မယ်မဟုတ်လား
ရေချိုးဖို့အိမ်ထဲဝင်ကြတော့ မနက်ကမေမေချက်ပေး
ခဲ့တဲ့အုန်းနို့ခေါက်ဆွဲရော ကောင်းတယ်မဟုတ်လား”

“ဟုတ်ကဲ့ကောင်းတယ်မေမေ သားတို့မေမေချက်ကျွေး
တာအကောင်းဆုံးပဲ”

ချစ်စဖွယ်ပြောနေသောသားနှစ်ယောက်ကိုကြည့်ပြီး
ခင်စိတ်ထိခိုက်ရလေသည်။သားနှစ်ယောက်မျက်နှာကို
မထောက်ပဲဖောက်ပြန်သော ကိုကို့ကိုလည်းမုန်းမိလေ
သည်။သားကြီးမှာအသက်၁၂နှစ်သာရှိသေး၍ သားငယ်
မှာ၈နှစ်သာရှိသေးလေသည်။ဒီကလေးငယ်ငယ်လေးတွေ
ကိုသားတို့ဖေဖေဖောက်ပြန်နေပါတယ်လို့ ခင်ဘယ်လို
များပြောထွက်ပါ့မလဲလေ။အိမ်ထဲရောက်တော့ ဧည့်ခန်း
မှာထိုင်နေသောမေမေ့ကိုတွေ့တာနဲ့

“ခင်ပြန်ရောက်ပါပြီမေမေ
မေမေခင်ပင်ပန်းလာလို့အနားယူချင်တာမို့
မေမေ့မြေးတွေကိုကြည့်ပေးပါအုံးနော် ”

ဟုမေမေကိုပြောပြီး သားနှစ်ယောက်ကိုပါ

“သားတို့ရေအကြာကြီးမချိုးနဲ့နော် သားကြီးကညီလေး
ကိုချိုးပေးလိုက် သားငယ်ကိုကိုချိုးပေးတာကို
မဆိုးရဘူးနော် မေမေခေါင်းမူးနေလို့မချိုးပေးတာ
ဖွားဖွားစကားကိုလည်းနားထောင်နော်
မေမေဦးဇော်ကိုဖုန်းဆက်ပြီးနေ့ခင်းလာဖို့ပြောထားလိုက်
မယ်”

“ဟဲ့ခင် ခေါင်းကဘာဖြစ်လို့မူးတာလဲ ဆေးသောက်
မလားမေမေယူပေးမယ်”

“ပင်ပန်းလို့ဖြစ်တာပါမေမေ ခင်ခဏလောက်အနားယူ
လိုက်ရင်ပျောက်သွားမှပါ ခင့်မှာလည်းခေါင်းမူးပျောက်
ဆေးရှိပါတယ် မေမေ့မြေးနှစ်ယောက်ကိုသာဂရုစိုက်
ပေးပါမေမေ ဒီနေ့သူတို့နဲခင်အဖော်မပြုပေးနိုင်လို့
စိတ်သိပ်ကြည်ကြမှာမဟုတ်ဘူး”

“အေးပါအေ ခါတိုင်းလည်းငါပဲထိန်းနေတာပါနော်
ညည်းသာအိပ်ရေးဝအောင်အိပ်လိုက် မနက်ကအစော
ကြီးထရလို့ခေါင်းမူးတာလည်းဖြစ်ချင်ဖြစ်မှာ
ညည်းသားနှစ်ယောက်ကိုစိတ်ချ”

ခြောက်ရက်လုံးမေမေ၊အိမ်မှာအလုပ်လုပ်သော
ဒေါ်ဆွေ၊သင်းသင်းတို့နှင့်သာနေရသော သားတို့သည်
တစ်ပတ်မှာတစ်ရက်သာအလုပ်နားရသော ခင့်ကို
ဒီလိုနေ့မျိုးဆိုတွယ်ကပ်ချင်လေသည်။ခင်ကလည်းခါတိုင်း
ဆိုအလုပ်ပိတ်ရက်ကို သားနှစ်ယောက်နှင့်အချိန်ဖြုန်း
နေကြဖြစ်လေသည်။အခုတော့ကိုကို့ကြောင့်စိတ်ညစ်နေ
သဖြင့်တစ်ယောက်တည်းသာနေချင်နေလေသည်။ခင်
အခန်းထဲဝင်လာပြီး စဉ်းစားနေမိလေသည်။ခင်ရော
လူအများစုပါထင်ထားကြသည်မှာ ယောကျာ်းတွေ
ဖောက်ပြန်ရင် မယားငယ်ထားရင် အိမ်ကမိန်းမက
မလှတော့လို့ ချို့ယွင်းချက်တစ်ခုခုရှိလို့ဟုထင်တတ်
ကြလေသည်။ယောကျာ်းကပစ်ပြေးမှာပေါ့ အဲဒီမိန်းမ
ကမှမကောင်းတာဟု မညှာမတာရက်စက်စွာပြော
တတ်ကြလေသည်။
ခင်ကိုယ့်ကိုကိုယ်မှန်ထဲကြည့်မိလေသည်။ခင့်
အသက်၂၇နှစ်မှာအိမ်ထောင်စကျပြီး ယခုအသက်၄၀
ရှိပြီဆိုပေမယ့် ခင်ရုပ်မဆိုးသေးပေ။အခုချိန်ထိလှနေ
ဆဲဖြစ်လေသည်။ကိုကိုတိတ်တိတ်ပုန်းယူထားသောမိန်းမ
မှာခင့်ထက်ငယ်ပေမယ့် ခင့်လောက်မလှဘူးဟုထင်မိ
လေသည်။ခင်သည်ကျန်းမာသောအမျိုးသမီးဖြစ်ပြီး
သွေးလည်းမဆုံးသေးသဖြင့် အိမ်ထောင်ရေးသုခလည်း
ပေးစွမ်းနိုင်သေးလေသည်။အိမ်မှုကိစ္စလည်းနိုင်နင်းသလို
ဝင်ငွေလည်းရှာနိုင်လေသည်။အပြင်အလုပ်လုပ်နေပေမဲ့
ကိုကိုနှင့်သားနှစ်ယောက်အပေါ်လည်း လစ်ဟင်းမှုမရှိ
အောင်ဂရုစိုက်ပေးခဲ့လေသည်။ခင့်စာရိတ္တမှာလည်းချို့ယွင်း
ချက်မရှိပေ။ဒါနဲ့များကိုကိုဘာကြောင့် ဖောက်ပြန်လည်း
ဆိုတာခင်မတွေးတတ်ပေ။ခင့်မှာဘာလိုအပ်ချက်တွေရှိ
လည်းဆိုတာ ခင်စဉ်းစားလို့မရဖြစ်နေသည်။
အတော်ကြာတော့မေမေဝင်လာသဖြင့်
ခင့်အတွေးစများပြတ်သွားလေသည်။

“သက်သားလားခင် ဘယ်လိုနေသေးလဲ”

“ကောင်းသွားပါပြီမေမေ ထမင်းစားပြီးပြီလား
သားတို့ရောဘာလုပ်နေလဲ”

“မေမေတို့အကုန်စားပြီးပြီ ကလေးနှစ်ယောက်ကဆော့
နေလေရဲ့ သက်သာရင်လည်းထမင်းထွက်စားဦးလေ
ခင် အစာမရှိရင်ဗိုက်ပါအောင့်လာအုံးမယ်
ထမင်းစားချိန်တောင်အတော်လွန်နေပြီ”

မေမေပြောမှခင်ဆာရမှန်းသိလေသည်။မနက်ကထဲက
စန္ဒာပေးတဲ့မုန့်နှင့်နို့သာဗိုက်ထဲရောက်သေးလေသည်။
ခင်စားချင်စိတ်မရှိသော်လည်း မေမေစိုးရိမ်နေမှာစိုး၍
ထမင်းကိုစိတ်မပါလက်မပါဖြင့် စားခဲ့ရလေသည်။ထမင်း
စားပြီးတော့ သားနှစ်ယောက်အားအပြင်လိုက်ပို့ပေး
ရန်မောင်ဇော်ဇော်အားဖုန်းဆက်ခေါ်ရပြန်လေသည်။
ကိုကိုကသူ့ဒရိုင်ဘာနှင့်သူကားတစ်စီးနှင့် ကုမ္ပဏီသွား
လေ့ရှိပြီး ခင်ကကားတစ်စီးကိုကိုယ်တိုင်မောင်းကာ
အလုပ်သွားလေ့ရှိလေသည်။မေမေသွားချင်ရာသွားဖို့နှင့်
သားနှစ်ယောက်ကျောင်းပို့ကျောင်းကြိုလုပ်ဖို့အတွက်တော့
မောင်ဇော်ဇော်ကိုဒရိုင်ဘာအနေဖြင့်ငှားထားရလေသည်။
တနင်္ဂနွေနေ့ဆိုခင်လည်းအလုပ်နားပြီး
သားတွေလည်းကျောင်းမရှိသဖြင့် မောင်ဇော်ဇော်ကို
တစ်ရက်အနားပေးထားလေသည်။ယခုခင်အပြင်လိုက်မပို့
နိုင်သဖြင့် အားနာနာနဲ့ပဲ သူ့ကိုလှမ်းခေါ်ရလေသည်။

“မေမေ ခင် မောင်ဇော်ကိုခေါ်ထားတယ် သားတို့ကိုမုန့်
လိုက်ဝယ်ကျွေးခိုင်းမလို့ မေမေရောအပြင်သွားစရာရှိသေး
လား ဘာမှာချင်သေးလဲ”

“မလိုက်တော့ပါဘူးသမီးရယ် ညည်းမမညနေအိမ်လာ
မယ်ပြောတယ် အသီးအနှံလေးပဲမောင်ဇော်ကိုဝယ်
လာခိုင်းလိုက်တော့”

မောင်ဇော်ဇော်ရောက်လာတော့ သားနှစ်ယောက်ကို
သေချာဂရုစိုက်ဖို့မှာကြားရင်း သားတို့စားချင်တာစား
ဝယ်ချင်တာဝယ်ရန်ပိုက်ဆံကို သူ့လက်ထဲပေးလိုက်ရ
လေသည်။သားတို့ကငယ်သေးတာမို့ ပိုက်ဆံပေးမသုံး
ချင်သေးပေ။ပိတ်ရက်ကိုခေါ်ခိုင်းရသဖြင့် သူ့အတွက်
လည်းစားချင်တာစားဖို့မုန့်ဖိုးပေးလိုက်ရသေးလေသည်။
မှာစရာရှိတာတွေမှာပြီး သားတို့ကိုသွားချင်သည့်နေရာ
လိုက်ပို့ခိုင်းလိုက်ရလေသည်။ညနေစောင်းတော့
မမတို့လင်မယားခင့်အိမ်သို့ရောက်လာလေသည်။
မနက်ကအလှူသွားစားသဖြင့် အိမ်မှာဘာမှ
မချက်ပဲ ခင်တို့အိမ်မှာညစာလာစားတာဖြစ်လေသည်။
သားတို့ပြန်လာပြီး မရှေးမနှောင်းမှာပင်ကိုကိုလည်း
ပြန်လာလေသည်။မိသားစုတွေစုပြီး ထမင်းစားကြတော့
ကိုကိုကပုံမှန်ပင်။အပြစ်လုပ်ထားသည့်လူတစ်ယောက်ဟု
ထင်စရာအကြောင်းကိုမရှိပေ။ခင်သာမျက်မြင်ကိုယ်တွေ့
မဟုတ်ပါက ယုံနိုင်ဖွယ်မရှိပေ။ခင်နှင့်စညားကတည်း
ကကိုကိုတနင်္ဂနွေနေ့တိုင်း ဂေါ့ဖ်သွားရိုက်လေ့ရှိသည်မို့
ကိုကိုတနင်္ဂနွေနေ့တိုင်းအိမ်မှထွက်သွားသည်ကို ခင်သံသ
ယမဝင်ခဲ့ပေ။အရင်တုန်းကခင်ကိုယ်တိုင်ပင် ဂေါက်ကွင်း
သို့လိုက်လေ့ရှိလေသည်။
သားတို့မွေးလာတော့ ပိတ်ရက်ကလေးကို
သားတို့ကိုအချိန်ပေးနေရသဖြင့် မလိုက်နိုင်တော့ပေ။
ဒါတောင်တစ်ခါတစ်လေသားတို့လိုက်ချင်သည်ဆိုရင်
ခင်တို့သားအမိလိုက်ဖြစ်သေးလေသည်။ကိုကိုတို့ဂေါ့ဖ်ရိုက်
ကြ သူငယ်ချင်းတွေဆိုင်ထိုင်ပြီးပြောကြဆိုကြနှင့်
တစ်နေကုန်တတ်သည်မို့ သားတို့လည်းပျင်းပြီး
ကိုကို့နောက်ကိုမလိုက်ဖြစ်ကြတာကြာပြီဖြစ်လေသည်။
ဒီနှစ်နှစ်အတွင်း ခင့်ကိုညာပြီးနောက်မိန်းမယူလိမ့်
မည်ဟု ခင်မထင်ထားမိတာလည်းပါလေသည်။
ညစာစားပြီးတော့ ကိုကိုကပင်ပန်းသည်ဆိုကာ
အခန်းထဲဝင်သွားလေသည်။မမကမပြန်သေးပဲမေမေနှင့်
စကားပြောနေ၍ အကိုကျော်အောင်ကသားနှစ်ယောက်
နှင့်ဆော့ပေးနေလေသည်။သားနှစ်ယောက်နှင့်ဆော့ပေး
နေသော အကိုကျော်အောင်ကိုကြည့်ပြီး မနက်ကကိုကို
ဟိုမိန်းမကလေးကိုချီလိုက်တာကို ပြန်မြင်ယောင်၍
ပိတ်ရက်ကလေးတစ်ရက်ကိုတောင် သားတွေအတွက် အချိန်မပေးပဲ မယားငယ်မသားကိုသာအရေးလုပ်နေ
သောကိုကို့နာကြည်းမိလေသည်။ညမိုးချုပ်လို့ မမတို့
ပြန်သွားသည့်တိုင် ခင်သည်ကိုယ့်အခန်းထဲမဝင်သေးပဲ
သားတို့အခန်းထဲမှာပင် အချိန်ဖြုန်းနေမိလေသည်။
အပြစ်လုပ်ထားသူကဘာမှမဖြစ်သလိုနေနိုင်ပေ
မယ့်ခင်ကတော့ကိုကိုနှင့်မျက်နှာချင်းမဆိုင်ချင်ပေ။
တစ်နေ့လုံးသားတို့ကိုပစ်ထားသလိုဖြစ်နေ၍လည်း
ပုံပြင်ဖတ်ပြရင်း ခင်ငယ်ငယ်ကအကြောင်းပြောပြ
ရင်းနဲ့သာ သားတို့အိပ်သွားသည်အထိအခန်းထဲမှ
မထွက်ပေ။သားတို့အခန်းမှခင်ထွက်လာတော့ ၁၁နာရီ
တောင်ကျော်နေလေပြီ။အိမ်သားအားလုံးအိပ်နေကြပြီထင်
လေသည်။ခင်ကိုယ့်အခန်းထဲကိုမဝင်ချင်ပေ။
မိမိအပေါ်သစ္စာမရှိသူနှင့် အတူအိပ်ရမှာဝန်လေးနေလေ
သည်။ဧည့်ခန်းထဲတွင်ထိုင်ရင်း ခင်ဘာလုပ်သင့်သလဲပဲ
စဉ်းစားနေမိလေသည်။

“အခန်းထဲလာမအိပ်ပဲ ဒီမှာဘာထိုင်လုပ်နေတာလဲခင်
လာလေအခန်းထဲသွားကြရအောင်”

ဟုပြောလာသောကိုကို့ကိုခင်ဘာစကားမှ ပြန်မပြောဖြစ်
ပဲအခန်းထဲသို့ဝင်သွားလိုက်လေသည်။အပြင်မှာဆိုတော့
အိမ်သားတစ်ယောက်ယောက်တွေ့သွားမှာစိုး၍လည်း
ဖြစ်လေသည်။ခုတင်ပေါ်ထိုင်လိုက်သောခင့်ကို နောက်
ကသိုင်းဖက်လိုက်သောကိုကို့လက်ကိုခင်ခပ်ကြမ်းကြမ်းပဲ
ပုတ်ထုတ်လိုက်လေသည်။ရုတ်တရက်ခင့်အပြုအမူကြောင့်
ကိုကိုအံ့ဩသွားလေသည်။

“ဘာတွေဖြစ်နေတာလဲခင် ”

“မယားငယ်မနဲ့တစ်နေ့လုံးပျော်ပါးလာတဲ့ ရှင့်ကိုမသတီ
လို့” ဟုပြောလိုက်ချင်စိတ်ကို ခင်မနည်းထိန်းထားရ
လေသည်။ဟင့်အင်းခင်သိနေကြောင်းကိုကို့ကိုပြောလိုက်
လို့မဖြစ်သေးပေ။ခင်သိနေတယ်ဆိုရင် မှားသွားပါပြီ
တောင်းပန်ပြီး ဟိုမိန်းမကိုအဆက်ဖြတ်မယ်လို့ပြော
ရင်တော်သေးလေသည်။ထိုသို့မဟုတ်ပဲခင်နဲ့မပေါင်းချင်
တော့လို့ကွာပေးပါဟု ပြောလာလျှင်ခင်ဘယ်လိုလုပ်ရ
မှာလဲကွယ်။ခင်ကိုကို့ကိုရွံရှာမုန်းတီးတဲ့စိတ်ကတစ်ဖက်
ချစ်သည့်စိတ်ကတစ်ဖက်နှင့် ဗျာများနေရလေသည်။

“ခင်ဘာတွေစဉ်းစားနေတာလဲ ဒီနေ့ခင့်ကြည့်ရတာတစ်
မျိုးပဲ ခင့်သူငယ်ချင်းစန္ဒာကျော်ကရောဘာတွေအရေး
တကြီးဖြစ်နေတာလဲ ကိုကိုကိုပြောပြအုံးလေ
ကိုကိုကူညီနိုင်စရာရှိရင်ကူညီမှာပေါ့”

“အလုပ်မအားတာကိုမပြောချင်ပေမယ့် ဒီနေ့လိုအားတဲ့
နေ့မျိုးဆို သားတွေအတွက်အချိန်ပေးပါဦးလားကိုကို
အပတ်တိုင်းဂေါ့ဖ်ပဲသွားရိုက်နေတာပဲ ကိုကို့မှာသားနှစ်
ယောက်ရှိသေးတယ်ဆိုတာရောသတိရသေးရဲ့လား
ခင်မွေးထားတာတွေက ကိုကိုနဲ့ရတဲ့ကိုကို့သားတွေပါ
သားတွေထက်အရေးကြီးတဲ့သူ ကိုကို့မှာရှိသေးသလား”

အဆက်အစပ်မရှိဗြုန်းစားကြီးပြောလိုက်တဲ့ ခင့်စကား
ကြောင့်ကိုကိုမျက်နှာပျက်သွားလေသည်။

“အဖေတစ်ယောက်လုပ်နေပြီး ငါပိုက်ဆံရှာပေးထားတာ
ပဲ နေချင်သလိုနေကြတွေးနေရင်တော့ တစ်ချိန်ချိန်
မှာသားနှစ်ယောက်ကအဖေကို မခန့်လေးစားလုပ်လာရ
အဲဒါခင်မဆုံးမလို့ဖြစ်တာမဟုတ်ဘူးနော် ကိုကိုကိုယ်
တိုင်ကသားတွေအပေါ်မေတ္တာမထားလို့ မေတ္တာပြန်မရ
တာလို့ပဲမှတ်ထား ခင်အိပ်တော့မယ်”

ကိုကို့စိတ်ထဲဘာဖြစ်သွားလဲခင်အရေးမစိုက်တော့
သိလည်းမသိချင်ပါ။ခင့်ဒေါသကိုထိန်းထားပေမယ့်
ဆက်ပြောရင်အကုန်ပြောဖြစ်တော့မည်ကို သိနေ၍
ခင်စကားစဖြတ်ကာအိပ်ချင်ယောင်ဆောင်နေလိုက်တော့
လေသည်။ခင်သည်နောက်ရက်ကစပြီး ကိုကို့အတွက်
မနက်စာကိုမပြင်ပေးတော့ပေ။ဒေါ်ဆွေပြင်ပေးတာမကြိုက်
ရင်မစားနဲ့ဟုသားတွေးထားလိုက်လေသည်။နေ့စဉ်လုပ်နေ
ကြအလုပ်များကိုဝတ္တရားမပျက်လုပ်နေရပေမဲ့ စိတ်တွေ
သေနေလေသည်။လူတွေအားလုံးရှေ့မှာ ဘာမှမဖြစ်သလို
နေရပေမယ့် ရင်ထဲမှာတော့ကြိတ်ငိုနေရလေသည်။အထူး
သဖြင့်ကိုကို့ရှေ့တွင် ဘာမှမဖြစ်သလိုဟန်ဆောင်နေရတာ
ပိုပင်ပန်းလေသည်။ကိုကိုဖောက်ပြန်နေတာကို သူများ
တွေသိသွားပါက ကဲ့ရဲ့ခံရမလား၊သနားတဲ့အကြည့်နဲ့
အကြည့်ခံရမလားတွေးပြီးရှက်နေမိလေသည်။
ကွာရှင်းလိုက်ရင်လည်းသားနှစ်ယောက်အဖေ
မရှိတော့မှာကိုတွေးပူမိနေပြန်သည်။ဒီအတိုင်းကြီးဆက်နေ
ဖို့ကလည်း တနင်္ဂနွေနေ့တိုင်းမယားငယ်မနှင့်ပျော်ပါး
နေမည့် ကိုကို့ကိုရွံမိလေသည်။ကိုယ့်အပေါ်သစ္စာမရှိ
ဖောက်ပြန်သူကိုလည်း ခွင့်မလွှတ်နိုင်ပေ။တစ်ပတ်လုံးလုံး
ခင်စဉ်းစားရလွန်းလို့ ခေါင်းတွေပူနေလေသည်။ဦးနှောက်
တွေလည်းခြောက်နေပြီဖြစ်လေသည်။နောက်ဆုံးခင်မခံ
နိုင်တဲ့အဆုံးမှာတော့ မေမေ့ကိုဖွင့်ပြောလိုက်လေတော့
သည်။

“သေချာရဲ့လားခင်ရယ် ညည်းဘယ်သူပြောလဲမေမေဖြင့်
ကြားရတာမယုံချင်ဘူးဖြစ်နေတယ်”

“ခင်စုံစမ်းပြီးပါပြီမေမေ ခင်ကိုယ်တိုင်လည်းမျက်စိနဲ့
တပ်အပ်တွေ့ခဲ့ပြီးပါပြီ ”

ဒေါ်ရွှေစင်ရတနာစိုးမှာ ကြားလိုက်ရသောစကား ကိုမယုံကြည်နိုင်ပေ။ပြောသောသူမှာသူမသမီးခင်မဟုတ်ပဲ
တစ်ခြားသူသာဆို သူမသားမက်အားမနာလို၍ဂုန်းချော
တာဟုပင်ထင်မိမှာအမှန်ပင်။ခင်ကိုယ်တိုင်ပြောတာဆိုတော့
မယုံလို့လည်းမရပေ။ခင့်ယောကျာ်းဖောက်ပြန်မည်ဆိုတာ
ကို သူမစိတ်တောင်မကူးဘူးချေ။သူမထင်နေသည်က
သမီးအကြီးမာလာ၏ယောကျာ်းသည်သာ ဖောက်ပြန်
လိမ့်မည်ဟုထင်ခဲ့သောကြောင့် သမီးကြီးကိုသာအမြဲ
စိုးရိမ်နေခဲ့မိလေသည်။ခင့်လို လိုအပ်ချက်မရှိသောသူ၏
ယောကျာ်းကဖောက်ပြန်လိမ့်မည်ဟု ဘယ်တုန်းကမှ
မတွေးခဲ့သောကြောင့်လည်းဖြစ်လေသည်။

” ခင်ကွာရှင်းဖို့ဆုံးဖြတ်ပြီးပြီမေမေ အဲဒါမေမေ့ကိုအသိ
ပေးတာပါ”

“ဘုရား ဘုရား ” ကွာရှင်းမယ့်စကားကိုအေးအေးဆေး
ဆေးပြောနေသောခင့်ကိုကြည့်ပြီး သူမဘုရားတလိုက်မိ
လေသည်။သွေးတိုးချင်သလိုဖြစ်လာ၍ စားပွဲပေါ်မှ
သွေးကျဆေးကိုယူသောက်လိုက်ရလေသည်။ခင့်ပုံစံက
သူမနှင့်တိုင်ပင်ချင်သည့်ပုံမပေါ်ပဲ ဆုံးဖြတ်ပြီးပြီမို့
အသိပေးသည့်သဘောပြောသည့်ပုံပေါ်နေလေသည်။

“အရမ်းမဆုံးဖြတ်ပါနဲ့အုံးခင်ရယ် ညည်းယောကျာ်း
ကိုကောမေးစမ်းပြီးပြီလား ဘာကြောင့်ဖောက်ပြန်တဲ့
အကြောင်းကို ယောကျာ်းလေးပဲလေ တစ်ကြိမ်တစ်ခါ
မှားမိတာလည်းရှိရင်ရှိမှာပေါ့ မေးစမ်းပြီးမှကွာသင့်
မကွာသင့်စဉ်းစားပါခင်ရယ် စိတ်လိုက်မာန်ပါမလုပ်စမ်း
ပါနဲ့”

“ဖောက်ပြန်တဲ့အကြောင်းကိုမေးတော့မေးမှာပါ
ဒါပေမယ့်ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ခင်ကတော့
ခွင့်မလွှတ်ပါဘူး ခင့်မှာအားနည်းချက်ရှိလို့ဖောက်ပြန်
ပါတယ်ဆိုရင်တောင် ခင်ကအဲဒီအားနည်းချက်ကို
ပြင်မှာမဟုတ်ဘူးမေမေ”

“လူတိုင်းလူတိုင်းမှာပြီးပြည့်စုံတဲ့လူရယ်လို့ ဘယ်သူမှမရှိ
ပါဘူး လူတိုင်းမှာချို့ယွင်းချက်ကိုယ်စီရှိကြတာပဲလေ
သွေးမတော်သားမစပ်တဲ့လူနှစ်ယောက်ပေါင်းဖက်ရင်
နားလည်သည်းခံပေးရမှာပဲကို ချစ်နေတုန်းကအပြစ်
မမြင်ပဲ ဖောက်ပြန်ချင်တော့မှ မယားကြီး၊လင်ကြီး
ကအသက်ကြီးလို့၊ရုပ်မလှတော့လို့၊နုံလို့အလို့၊လူရာမဝင်
လို့၊ချို့ယွင်းချက်ရှိလို့ ဘာညာဆိုပြီးပြောနေကြတာ
တကယ်ကသူတို့ဖောက်ပြန်တဲ့အပြစ်၊သူတို့သစ္စာမရှိတာ
ယုတ်မာတာ၊စိတ်ဓါတ်အောက်တန်းကျတာကို ဖုံးကွယ်
ချင်လို့ပြောကြတာပါ”

“အဲဒီလိုတွေအပြစ်ရှိရင်အစကတည်းကမယူခဲ့နဲ့လေ
အကြောင်းမသိလို့ယူမိရင်လည်း ပြန်ကွာလိုက်လို့
ရတာပဲလေ အဲဒါကိုအချိန်အကြာကြီးပေါင်းပြီးမှ
နောက်တစ်ယောက်တွေ့ပြီးဖောက်ပြန်တော့မှ အပြစ်
လုပ်တာကတရားသတဲ့လား အဲဒီဖောက်ပြန်တဲ့လူတွေ
မှာရောချို့ယွင်းချက်မရှိလို့ တစ်ဖက်လူကမဖောက်ပြန်
ပဲသည်းခံပေးတယ်ထင်နေကြသလားမသိဘူး”

“ကိုယ့်ရဲ့ဂုဏ်သိက္ခာ၊တစ်ဖက်လူအပေါ်စောင့်ထိန်းရမဲ့
ဝတ္တရား၊သားသမီးအပေါ်ငဲ့ညှာမှုတွေကြောင့်သည်းခံပြီး
နေကြတာကို သူဖောက်ပြန်တဲ့အပြစ်၊သူတို့သစ္စာမရှိတာ
ယုတ်မာတာ၊စိတ်ဓါတ်အောက်တန်းကျတာကို ဖုံးကွယ်
ချင်တိုင်း တစ်ဖက်လူအပေါ်လျှောက်ပြောနေတာပါ”

“အကျင့်မကောင်းတဲ့ယောကျာ်း စရိုက်ကြမ်းတဲ့မိန်းမ
ကိုတောင်သူတို့အိမ်ထောင်ဖက်တွေက သည်းခံပေါင်း
သင်းနေကြတာပဲ လူတစ်ယောက်မှာချို့ယွင်းချက်ရှိလို့
ဖောက်ပြန်ကြမယ်ဆို ကမ္ဘာပေါ်မှာရှိသမျှအိမ်ထောင်
သည်တိုင်းဖောက်ပြန်တဲ့သူတွေချည်းပဲဖြစ်နေမှာပေါ့
ဘာဖြစ်လို့လဲဆိုလူတိုင်းမှာအားနည်းချက်ကိုယ်စီရှိနေလို့ပဲ
လေ”

“အသက်ကြီးတဲ့အထိမဖောက်ပြန်ပဲ သစ္စာရှိရှိနေသွားကြ
သူတွေဟာ သူတို့အိမ်ထောင်ဘက်မှာချို့ယွင်းချက်မရှိ
လို့မဟုတ်ပဲ တစ်ယောက်အားနည်းချက်ကိုတစ်
ယောက်ကသည်းခံပြီးပေါင်းသင်းနေကြတာပါ”

“ကိုယ့်ဖောက်ပြန်တဲ့အပြစ်ကို တခြားလူမကောင်းလို့
ဖောက်ပြန်ရပါတယ်ဆိုတာကတော့ အင်မတန်အရှက်
နည်းပြီးအောက်တန်းကျတာပဲ”

“ယောကျာ်းလေးမို့တစ်ကြိမ်တစ်ခါမှားသွားပါတယ်ဆိုရ
အောင် အဲဒီအမှားမလုပ်ခင် ငါလုပ်တာသင့်တော်
မသင့်တော်ဘူးမစဉ်းစားတတ်ဘူးလားပဲ မေးချင်တယ်
မေမေ ဆယ်ကျော်သက်အရွယ်မဟုတ်ပဲ အိမ်ထောင်
ရှင်ယောကျာ်းတစ်ယောက်က အမှားလုပ်သင့်သလား
အမှားမလုပ်ခင် ကိုယ့်ရဲ့ဂုဏ်သိက္ခာကိုမငဲ့ကွက်ရင်တောင်
ကိုယ့်ရဲ့ဇနီး၊ကိုယ့်သားသမီးတွေရလာမယ့် စိတ်ဒဏ်ရာ
ကိုတော့မြင်အောင်ကြည့်တတ်ရမှာပေါ့”

“ကိုယ့်သာယာမှုကိုပဲကြည့်ပြီး မိန်းမနဲ့သားသမီးတွေ
ဘာဖြစ်ဖြစ်ဂရုမစိုက်တတ်တဲ့ လူမျိုးကိုတော့အမှား
သေးသေးလေးပဲဖြစ်ဖြစ် ခင်ခွင့်မလွှတ်နိုင်ဘူးမေမေ”

“မနက်ကျရင်ခင်တို့သားအမိတွေ စန္ဒာ့အိမ်မှာသွားနေကြ
မယ်မေမေ မေမေကမမတို့အိမ်မှာခဏသွားနေပေးပါလား
ခင်အိမ်ဝယ်ပြီးရင်မေမေ့ကိုပြန်ခေါ်ပါ့မယ် အိမ်အကျယ်ကြီး
မဟုတ်တောင်အိမ်ခန်းကျဉ်းလေးတစ်ခန်းတော့ ခင်ဝယ်နိုင်ပါ
တယ်မေမေ”

အိမ်မှာဦးနိုင်လင်းထွန်းမိဘတွေ ဝယ်ပေးထားတာမို့
ခင်မပိုင်ပေ။ကွာရှင်းရန်ဆုံးဖြတ်ပြီးပြီမို့ သည်အိမ်တွင်ဆက်နေ
ရန်အကြောင်းမရှိတော့ပေ။ထွက်သွားရန်သာဆုံးဖြတ်ထားလေ
သည်။သူမကိုပြောပြီးအခန်းထဲမှထွက်သွားသည့်
ခင့်နောက်ကြောကိုကြည့်ပြီး ဒေါ်ရွှေစင်ရတနာစိုး
သက်ပြင်းချလိုက်မိလေသည်။ခင့်ပုံစံကအေးသည့်ပုံစံ
ပေါက်ပေမယ့် ခေါင်းမာလေသည်။ဆုံးဖြတ်ချက်ချပြီး
ရင် ပြန်မပြင်တတ်သောကြောင့်ဘယ်လိုတားတားရမည့်
ပုံစံမရှိပေ။အရွယ်မရောက်သေးသည့် မြေးလေးနှစ်
ယောက်အတွက်စိတ်ထိခိုက်ရလေသည်။ေဩာ်ဖောက်ပြန်
တဲ့သူတွေဟာ ဘာကြောင့်များကိုယ့်အတ္တပဲကိုယ်ကြည့်
ပြီး သားသမီးတွေရမဲ့စိတ်ဒဏ်ရာအတွက် မတွေးကြ
တာလဲမသိပေ။
ဦးနိုင်လင်းထွန်းည(၇)နာရီအချိန်တွင်အိမ်သို့
ပြန်လာခဲ့လေသည်။ခါတိုင်းသူပြန်လာရင်ထွက်ကြိုနေကြ
ဖြစ်သောခင်သည် ဒီနေ့ထွက်မကြိုပဲခုတင်ပေါ်တွင်
ထိုင်နေသည်ကိုတွေ့လိုက်ရ၍

“နေမကောင်းဘူးလားခင် ဘာဖြစ်နေတာလဲ
မျက်နှာလည်းမကောင်းပါလား”

ရှင့်ကိုပြောစရာရှိလို့စောင့်နေတာ ဦးနိုင်လင်းထွန်း”

“ခင်ဘယ်လိုတွေဖြစ်နေတာလဲ ကိုကို့ကိုအခေါ်အဝေါ်
တွေကအစပြောင်းနေပါလားဟင်”

“ရှင်ဖောက်ပြန်နေတာကိုခင်မသိဘူးများ မှတ်နေလား
ဦးနိုင်လင်းထွန်း ရှင့်မှာနောက်မိန်းမနဲ့ရတဲ့တစ်နှစ်
အရွယ်ကလေးရှိတယ် ရှင်သူတို့ကိုဘယ်မှာထားတယ်
တနင်္ဂနွေနေ့တိုင်းဂေါ့ဖ်ရိုက်တာကို အကြောင်းပြပြီး
သူတို့ဆီသွားနေတယ်ဆိုတာကအစ ခင်အကုန်သိပြီးပြီ”

“ဒါ့ကြောင့်ရှင်နဲ့ဆက်မပေါင်းတော့ဖို့ ကွာရှင်းဖို့ကျွန်မ
ဆုံးဖြတ်လိုက်ပြီ”

ခင့်ဆီကမမျှော်လင့်သောစကားကိုကြားလိုက်ရ၍
ဦးနိုင်လင်းထွန်းအလွန်အံ့ဩသွားလေသည်။သူနောက်
မိန်းမယူထားတာကိုသူ့ဒရိုင်ဘာကိုတောင်ပေးမသိတာ
ခင်ဘယ်လိုသိသွားမှန်းမသိချေ။

“ကိုကိုတောင်းပန်ပါတယ်ခင်ရယ် ကိုကိုမှားမှန်းသိပေမယ့်
ခင့်ကို ကိုကိုမကွာပေးနိုင်ဘူး”

“ခင့်ကိုမကွာပေးနိုင်ရင်အဲဒီမိန်းမနဲ့ မပတ်သက်ပဲရှင်
နေနိုင်လား”

ဦးနိုင်လင်းထွန်းဘာဖြေရမှန်းမသိဖြစ်သွားလေသည်။

“ရှင်တော်တော်အတ္တကြီးပါလား ခင့်ကိုလည်းမကွာနိုင်
အဲဒီမိန်းမကိုလည်းအဆက်မဖြတ်နိုင်နဲ့ ဘာလဲဟိုဒီ
ကူးပြီး သာယာနေမယ်ပေါ့ တတ်နိုင်တတ်နိုင်ပါပေတယ်

“ရှင့်လိုပဲခင်လည်း တခြားယောကျာ်းနဲ့ပျော်ပါးနေပြီး
ရှင်နဲ့ဆက်ပေါင်းနေမယ်ဆိုရင် ရှင်လက်ခံမှာလား”

“ခင် မင်း”

သူမစကားကြောင့်ဒေါသထွက်သွားသော ဦးနိုင်လင်းထွန်း
ထွန်းကိုကြည့်ပြီး ခင်နာကြည်းစွာရယ်လိုက်လေသည်။

“အဟင်း…..ဟင်း ရှင့်ကျတော့နှစ်နှစ်ကျော်လောက်
တခြားမိန်းမနဲ့ဖောက်ပြန်နေပြီး ခင်ကျတော့အပြော
လေးနဲ့တောင်ဒေါသထွက်ရတယ်တဲ့လား ဘာလဲ
ရှင်ကယောကျာ်းဖြစ်နေပြီး ခင်ကမိန်းမဖြစ်နေလို့လား”

“ပြောကြည့်စမ်းပါအုံးလေ ခင့်မှာဘာတွေများချို့ယွင်း
နေလို့ရှင်က ဖောက်ပြန်ရတာလဲ”

“မဟုတ်ဘူးခင် ခင့်မှာအပြစ်ရှိလို့ကိုကိုဖောက်ပြန်တာ
မဟုတ်ပါဘူး အားလုံးက ကို့ကို့အမှားတွေပါ
သိင်္ဂီကအရင်က ကိုကို့ကုမ္ပဏီကဝန်ထမ်းတစ်ဦးပါ
ကုမ္ပဏီရဲ့အချက်အလက်တစ်ချို့ ပြိုင်ဘက်ကုမ္ပဏီဆီ
ရောက်သွားလို့ သက်သေတွေကလည်းသူ့ကိုညွှန်ပြ
နေလို့သိင်္ဂီရောင်းစားတယ်ထင်ပြီး ကိုကိုအလုပ်ဖြုတ်မိ
ခဲ့တယ်”

“သူ့ကိုအမည်ပျက်(black list)စားရင်းသွင်းပြီး ကုမ္ပဏီ
တော်တော်များများကိုလည်းပို့လိုက်မိတယ် နောက်မှ
သိရတာက အချက်အလက်တွေရောင်းစားတာ သူမဟုတ်
ပဲတခြားတယောက်ဖြစ်နေပြီး သူ့ကိုအပြစ်ပုံချထားတယ်
ဆိုတာသိလိုက်ရတယ် ကိုကိုအမည်ပျက်စာရင်းသွင်း
ထားလို့ဘယ်ကုမ္ပဏီကမှလည်း သူ့ကိုအလုပ်မခန့်တော့
ဘူး”

“အလုပ်မရှိလို့ရောဂါသည်အမေကိုလည်း ဆေးမကုပေး
နိုင်ပဲသေသွားတယ်ကြားရတော့ ကိုကို့အပြစ်မကင်း
သလိုခံစားရပြီး သနားလို့ကူညီပေးရာကနေ
သိင်္ဂီ့ကိုချစ်သွားမိတာပါ”

“ချစ်မိသွားတယ်ဟုတ်လား ရှင့်ကိုယ်ရှင်လူပျိုများမှတ်
နေလား အိမ်ထောင်ရှိတဲ့လူတစ်ယောက်ဟာ
သူစိမ်းတစ်ယောက်ကို သနားလို့ရတယ်၊ဂရုဏာထား
လို့ရတယ်၊မေတ္တာနဲ့ကူညီပေးလို့ရတယ် ချစ်လို့တော့မရဘူး အိမ်ထောင်ရှိတဲ့သူဟာ ကိုယ့်ဇနီး
ကိုယ့်သားသမီးနဲ့မိသားစုဆွေမျိုးကလွဲရင် သူစိမ်းတစ်
ယောက်ကိုဘာအကြောင်းနဲ့မှချစ်ခွင့်မရှိဘူး
ချစ်မိပြီဆိုရင်လည်းအဲဒါဟာဖောက်ပြန်တာပဲ
ကိုယ့်ရဲ့သစ္စာမရှိအောက်တန်းကျတဲ့စိတ်ကို ဖုံးကွယ်
ချင်တာနဲ့ပဲ အချစ်ဆိုတဲ့ခေါင်းစဉ်မတပ်ပါနဲ့
ရွံဖို့ကောင်းတယ်”

“ကာမဂုဏ်ရဲ့အရသာကိုရှင်တို့ယောကျာ်းလေးတွေပဲ
ခံစားတတ်တယ်မှတ်နေသလား ဦနိုင်လင်းထွန်း
ခင်တို့မိန်းမတွေဟာလည်းသွေးနဲ့သားနဲ့တည်ဆောက်ထား
တဲ့လူတွေပါ ကာမဂုဏ်ကိုခံစားတတ်တယ် ကိုယ့်
ယောကျာ်းထက်ချောတဲ့ယောကျာ်းကိုတွေ့ရင်သာယာတတ်
တယ် ကိုယ့်အပေါ်အရေးစိုက်တဲ့သူရှိရင်ပျော်တတ်တာပဲ”

“အဲဒီလိုလူမျိုးတွေခင့်ပတ်ဝန်းကျင်မှာ မရှိလို့
မဖောက်ပြန်တာမဟုတ်ဘူး ဆန္ဒနဲ့သိက္ခာကိုမလဲနိုင်လို့
ကိုယ့်အိမ်ထောင်ဖက်အပေါ်သစ္စာမမဲ့ချင်လို့
ကိုယ်မွေးထားတဲ့သားသမီးတွေအရှက်မရစေဖို့၊စိတ်ဒဏ်
ရာမပေးချင်လို့ အပျော်မရှာတာ”

“မိန်းမတွေမှာ အိမ်ထောင်သည်ဖြစ်သွားရင်ကြိုက်မဲ့သူမရှိ
တော့လို့မဖောက်ပြန်တာလည်းမဟုတ်ဘူး
ကိုယ့်ယောကျာ်းထက်သာတဲ့သူမတွေ့လို့ ကိုယ့်ယောကျာ်း
မှာအားနည်းချက်မရှိလို့သည်းခံနေတာ မဟုတ်ဘူး
စောင့်ထိန်းရမယ့်ဝတ္တရားတွေကြောင့်မဖောက်ပြန်တာ”

ဦးနိုင်လင်းထွန်းမှာအပြစ်လုပ်ထားသူမို့ခင့်အားပြန်ပြော
စရာစကားမရှိပေ။

“ယောကျာ်းတွေဟာမိန်းမတွေကိုဆို အရမ်းအထင်သေး
ကြတာပဲ ငါတို့ကပိုသိတယ်၊ပိုတတ်တယ်
မိန်းမတွေဟာအားနွဲ့တယ် တစ်ခုခုဆိုငိုဖိုသာသိတယ်
ဆိုပြီး အထင်သေးတယ်မဟုတ်လား”

“အားနွဲ့တဲ့ခင်တို့မိန်းမသားတွေတောင် သာယာမှုကို
ကိုယ့်ရဲ့ဂုဏ်သိက္ခာ၊တစ်ဖက်လူအပေါ်စောင့်ထိန်းရမဲ့
ဝတ္တရား၊သားသမီးအပေါ်ငဲ့ညှာမှုတွေနဲ့ ဆန္ဒကိုထိန်းသိမ်း
နိုင်သေးတာပဲ ရှင်တို့ယောကျာ်းတွေကဘာကြောင့်များ
ဖောက်ပြန်ချင်ရတာလဲဟင်”

“မနက်ဖြန်ကျွန်မသားနှစ်ယောက်ကိုခေါ်ပြီး ဒီအိမ်က
ထွက်သွားတော့မယ်
တနင်္လာနေ့ကျရင်ရှေ့နေကတစ်ဆင့် ကုမ္ပဏီကို
ကွာရှင်းစာချုပ်ပို့လိုက်ပါ့မယ် မကွာပေးရင်တရားရုံး
ကနေပဲဆက်စကားပြောပါ့မယ် ရှင့်မှာမရှိတော့တဲ့သိက္ခာ
ကျစရာအကြောင်းမရှိပေမဲ့ ခင့်သိက္ခာရှိသေးတယ်
တရားရုံးထိမရောက်ချင်ဘူး ဒါကြောင့်ကွာရှင်းပေးပါလို့ပဲ
တောင်းဆိုချင်တယ်”

ဦးနိုင်လင်းထွန်းမှာခင်ရတနာစိုးကို မကွာရှင်း
နိုင်ပေ။သိင်္ဂီ့ကိုချစ်လို့ယူထားတာမှန်သော်လည်း ခင့်ကို
ကွာပြီးယူရလောက်အောင်တော့ သူ့တွင်သတ္တိမရှိပေ။
ခဏတာသာယာမှုကို မက်မောမိသောသူ
သူ့အမှားတွေကိုသိမြင်လာ၍ နောက်ဆုတ်ဖို့ကြိုးစား
ချိန်တွင်သိင်္ဂီ့တွင်ကိုယ်ဝန်ရှိလာလေသည်။တာဝန်မယူလို့
မရသည့်အခြေအနေမို့ အိမ်တစ်လုံးဝယ်ကာသိင်္ဂီတို့
သားအမိကိုပေးနေခဲ့လေသည်။ခင်သိမှာစိုး၍ ဒရိုင်ဘာ
မောင်စိုးကိုပင်အသိမပေးခဲ့ပဲ တနင်္ဂနွေနေ့တိုင်းအနားပေး
ကာသူကိုယ်တိုင်ကားမောင်းသွားခြင်းဖြစ်လေသည်။
ထိုသို့မသွားပါကလည်းသိင်္ဂီကသူ့ကိုပြဿနာရှာနိုင်သော
ကြောင့်သွားနေရခြင်းဖြစ်လေသည်။

“ကိုကိုသူ့ကိုအဆက်ဖြတ်နိုင်အောင် ကြိုးစားပါ့မယ်
ခင်ရယ် ကိုကိုတောင်းပန်ပါတယ်နော် ချက်ချင်းကြီး
မဆုံးဖြတ်ပါနဲ့ဦး ခင်တို့သားအမိလည်းဘယ်မှမသွားပါ
နဲ့နော် သွားစရာလည်းမရှိပဲထွက်သွားရင် သားတွေ
လည်းဒုက္ခရောက်ကုန်မှာပေါ့ကိုကို့ကိုအချိန်တစ်ခုလောက်
ပေးပါလားခင် ကိုကိုခင်စိတ်ကျေနပ်အောင်ဖြေရှင်းပေး
ပါ့မယ်”

“ဟင့်အင်း ခင်တစ်ပတ်လုံးလုံးစဉ်းစားပြီးမှဆုံးဖြတ်
ချက်ချခဲ့တာပါ ခင့်ဆုံးဖြတ်ချက်ကိုမပြင်နိုင်တော့ပါဘူး
သားတွေကိုစိတ်မပူပါနဲ့ သားတွေကိုခင်မွေးနိုင်ပါတယ်”

ဦးနိုင်လင်းထွန်းခင့်အကြောင်းကောင်းကောင်းသိ
လေသည်။ခင်သည်ရိုးသားအေးဆေးပြီး သဘောကောင်း
သည်ဟုထင်ရသော်လည်း ခေါင်းမာသည့်မိန်းကလေးဖြစ်
လေသည်။ဆုံးဖြတ်ချက်တစ်ခုကိုချပြီးရင်ဖြစ်အောင်လုပ်
တတ်လေသည်။ထွက်မသွားဖို့သူတားသော်လည်းရမည်
မထင်ချေ။ခင်ဒီအိမ်ကထွက်သွားပါက ပြန်ခေါ်၍ရမှာမ
ဟုတ်တော့ပေ။အမှားလုပ်သူကခင်မဟုတ်ပဲ သူဖြစ်နေ
သဖြင့်ခင်တို့သားအမိကိုဒုက္ခခိုင်းခံရန် မသင့်သောကြောင့်
လည်း သူပဲကုမ္ပဏီတွင်သွားနေရန်ဆုံးဖြတ်လိုက်လေ
သည်။

“ခင်ဘယ်မှထွက်မသွားပါနဲ့ကွာ အမှားလုပ်တဲ့သူက
ကိုကိုပဲခင်မမြင်ချင်ဘူးဆိုရင်ကိုကိုထွက်သွားပေးပါ့မယ်
နော်”

“မလိုပါဘူးဒီအိမ်ကရှင့်မိဘတွေ ပေးထားတဲ့အိမ်ပဲ
ရှင်ပိုင်တဲ့အိမ်မှာရှင်ပဲနေပါ ခင်တို့သားအမိပဲထွက်သွား
လိုက်ပါ့မယ်”

“ကိုကိုအနူးအညွတ်တောင်းပန်ပါတယ်ခင်ရယ်
နောက်ဆုံးတစ်ကြိမ်လောက်ပြန်စဉ်းစားပေးပါနော်
စဉ်းစားပြီးလို့မှလက်မခံနိုင်ရင် ခင့်သဘောအတိုင်း
လုပ်ပါကွာ ဒီရက်ပိုင်းအတွင်းကိုကိုကုမ္ပဏီမှာသွားနေ
ပေးပါ့မယ် ခင်စိတ်ဆိုးပြေရင်ကိုကိုပြန်လာခဲ့မယ်ခင်”

ဦးနိုင်လင်းထွန်းသည်ခင်ထွက်သွားမည်စိုးရိမ်သဖြင့်
ခင်မထွက်သွားမီသူကအရင်ဦးအောင်အိမ်မှထွက်လာခဲ့လေ
တော့သည်။
ခင်သည်ထွက်သွားသောကားကို အိမ်ပေါက်ဝမှ
ကြည့်နေပြီး မျက်ရည်မကျအောင်အံကြိတ်ထားလိုက်
လေသည်။ရင်ထဲမှာလစ်ဟာသွားသလို ကိုကို့အား
ဆုံးရှုံးလိုက်ရပြီဆိုသောအသိက ရင်ထဲလှံနှင့်အချက်
ပေါင်းများစွာအထိုးခံရသကဲ့သို့နာကျင်လာလေသည်။
သားနှစ်ယောက်နှင့်ရှေ့ဆက်ရမည့်လမ်းက မှောင်မည်း
နေသည်ဟုခံစားရလေသည်။သို့သော်ဖောက်ပြန်သည့်
ကိစ္စအားခွင့်လွှတ်ပေးဖို့ကိုတော့ စိုးစိမျှတောင်မတွေးဖြစ်
ပါချေ။

အိမ်ပေါက်ဝတွင်ရပ်နေသောခင့်ကို ဒေါ်ရွှေစင်
ရတနာစိုးလက်စွဲကာ အခန်းထဲသို့ခေါ်လာခဲ့လေသည်။

“ဘာတဲ့လဲခင် မောင်နိုင်လင်းထွန်းကညည်းကိုကွာပေးမတဲ့လား”

“မကွာပေးဘူးလို့ပြောတယ် ဒါပေမယ့်ခင်ရအောင်
ကွာမှာပါ သူမကွာပေးရင်တရားရုံးကနေရအောင်ကွာမှာ
သက်သေအပြည့်အစုံရအောင်လုပ်ထားနိုင်ရင်ခင်နိုင်မှာပါ
သူ့အကြောင်းလူသိမခံချင်ရင် ခင်ပြောတဲ့အတိုင်းသူ
လုပ်ရမှာပဲ”

“အလိုက်တာခင်ရယ် ညည်းကိုမကွာပေးဘူးဆိုရင်
ဟိုတစ်ယောက်ကိုရအောင်အဆက်ဖြတ်ခိုင်းလိုက်ပေါ့
ကွဲမယ်ကွာမယ်လို့ ဟန်ဆောင်ခြိမ်ခြောက်ပြီးတော့
မနိုင်ချင်ယောင်ဆောင်ပြီးဆက်ပေါင်းနေလိုက်တာ
မဟုတ်ဘူး”

“ခင်အဲဒီလိုမလုပ်ချင်ဘူးမေမေ ဖောက်ပြန်တဲ့သူ့
မျက်နှာကိုခင်ကြည့်တောင်မကြည့်ချင်ဘူး
ဟိုမိန်းမကိုလည်းသူဖြတ်နိုင်မှာမဟုတ်ဘူး ဟိုမိန်းမက
လည်းသူ့သွေးသားကိုမွေးပေးထားသူမဟုတ်လား
ကလေးအကြောင်းပြပြီး ပြန်ဆက်ရင်ဆက်နေအုံးမှာ”

“ရှုပ်ပါတယ်မေမေရယ် ဖောက်ပြန်တဲ့သူကထပ်ပြီး
ဖောက်ပြန်နေမှာပဲ ခင်ကလည်းသူဘယ်တော့ထပ်
ဖောက်ပြန်မလဲဆိုတဲ့သံသယစိတ်တွေနဲ့ ပူလောင်နေအုံး
မှာပဲ ကွာလိုက်တာကအကောင်းဆုံးဖြစ်မှာပါ”

“ဟဲ့ခင်ရဲ့ ကွာရှင်းတာကိုလွယ်လွယ်မတွေးနဲ့
ညည်းတစ်ခုလပ်ဖြစ်သွားရင် လူတွေကမလေးစားချင်ကြ
တော့ဘူး အချောင်သမားတွေကသွေးတိုးစမ်းကြတော့
မှာ တစ်ချို့ကလည်းမိန်းမတစ်ယောက် ယောကျာ်း
ဖောက်ပြန်လို့ကွာရှင်းပြီဆို အဲဒီမိန်းမအသုံးမကျလို့လား
ဘာလားဆိုပြီးဝေဖန်ကြအုံးမှာ ကလေးနှစ်ယောက်ရဲ့
ရှေ့ရေးကလည်းရှိသေးတယ်လေ သူတို့အဖေဖောက်ပြန်
တာသိသွားရင် စိတ်ဆင်းရဲကြအုံးမှာ ကွာရှင်းဖို့ကို
စဉ်းစားပါအုံးခင်ရယ်”

“ခင့်သားနှစ်ယောက်စိတ်ဒဏ်ရာမရအောင်ခင်ကြိုးစားမှာပါ
သားနှစ်ယောက်ကိုငဲ့ပြီး သူဖောက်ပြန်တာကိုခွင့်လွှတ်ရ
မှာတော့မဟုတ်သေးဘူးလေ ခင့်မှာလည်းခင့်စိတ်နဲ့
ခင်ရှိသေးတယ်လေမေမေရယ်”

“သူဖောက်ပြန်လို့ခင်ကွာတာကို ဘယ်သူကအပြစ်ပြော
မှာလဲမေမေ ခင်အသုံးမကျဘူး ခင့်မှာအပြစ်ရှိတယ်
ဆိုင်ရင်တောင်သူဖောက်ပြန်လို့မရဘူးလေ”

“ခင်မှမဟုတ်ပါဘူး အိမ်ထောင်ရှိတဲ့လူတိုင်းယောကျာ်း
ပဲဖြစ်ဖြစ်မိန်းမပဲဖြစ်ဖြစ် သူတို့လက်တွဲဖော်မှာ
ချို့ယွင်းချက်အားနည်းချက်ရှိနေရင် ပြင်ပေးရမယ်
ပြုပြင်လို့မရလို့စိတ်ကုန်သွားရင်လည်း နင့်အကျင့်တွေ
မပြင်လို့နင်နဲ့မပေါင်းနိုင်ဘူးဆိုပြီး ကွာရှင်းလို့ပဲရမယ်
ဖောက်ပြန်လို့တော့မရဘူး”

“သူတို့ဖာသာစိတ်ဓါတ်မကောင်းတိုင်း အရှက်နည်းတိုင်း
ဖောက်ပြန်ပြီးမှ နင်မကောင်းလို့ဖောက်ပြန်ရပါတယ်
ဆိုတာကတော့ သူ့အပြစ်ကိုသူများအပြစ်ဖြစ်အောင်
ပြောတဲ့ အောက်တန်းကျသူတွေအလုပ်ပဲမေမေ”

“ဖောက်ပြန်တဲ့သူဟာ အမှားလုပ်တဲ့သူပဲ
သူတို့အမှားအတွက်သူတို့မှာပဲ အပြစ်ရှိတယ်
ဒါ့ကြောင့်ခင်ကတော့ရအောင်ကိုကွာရှင်းမှာပဲ မေမေ”

“ဟင်း……”ဒေါ်ရတနာစိုးသက်ပြင်းရှည်ကြီးကိုသာ
ချလိုက်လေသည်။ခင်ကားဘယ်လိုပြောပြောဆုံးဖြတ်ချက်
ပြင်မည့်ပုံမပေါ်တော့ချေ။

ခင်သည်ဆုံးဖြတ်ချက်ကို မပြင်တော့ဟု
စိတ်ပိုင်းဖြတ်လိုက်ပြီး စန္ဒာတို့အိမ်သို့ပြောင်းနေရန်
သာပြင်ဆင်လိုက်လေသည်။ခင့်ပစ္စည်းများနှင့်သားတို့
ပစ္စည်းများကိုတစ်နေ့လုံးထုတ်ပိုးရာ ညအိပ်ခါနီးမှပင်
ပြီးသွားလေတော့သည်။

“မေမေသားတို့က ဘာကြောင့်အန်တီစန္ဒာတို့အိမ်ပြောင်း
နေရမှာလဲဟင်”

သားအမေးကို ခင်ချက်ချင်းပြန်မဖြေနိုင်ပေ။အတော်ကြာ
ငေးနေပြီးမှ

“ဖေဖေနဲ့မေမေကနောက်ဆိုအတူမနေတော့ပဲ သက်
သက်စီခွဲနေတော့မှာမို့ မေမေတို့ကအန်တီစန္ဒာအိမ်
ပြောင်းနေရမှာသားတို့ရဲ့ ဒါကဖေဖေ့အိမ်လေ”

“ဖေဖေနဲ့မေမေကရန်ဖြစ်ထားလို့လားဟင်”

“ဟုတ်တယ်သားဖေဖေနဲ့မေမေရန်ဖြစ်ထားတယ်
သားတို့ကမေမေနဲ့လိုက်မနေချင်ဘူးလား ဟင်”

“လိုက်နေမှာပါမေမေ ဖေဖေနဲ့တည့်သွားရင်ပြန်လာမှာ
မဟုတ်လားဟင်”

ခင်ဘာဖြေရမလဲ။ဦးနှောက်အပြေးအလွှားစဉ်းစားပေမယ့်
အမှန်အတိုင်းပြောဖို့တော့ဝန်လေးနေလေသည်။ငယ်သေး
တဲ့ကလေးတွေ ဖောက်ပြန်တယ်ဆိုတာကိုရောနားလည်
ပါအုံးမလား။လောလောဆယ်တော့အလိုက်သင့်ဖြေထားရင်း
ဖြေးဖြေးချင်းတော့ နာလည်အောင်ရှင်းပြရလေမည်။
မပြောပဲထားလိုက်လို့ပြီးသွားမည့်ကိစ္စမဟုတ်၍ အခက်
တွေ့ရလေသည်။

“ဟင်မေမေ ဖေဖေနဲ့စိတ်ဆိုးပြေသွားရင်သားတို့
ပြန်လာမှာမဟုတ်လားဟင်”

ခင်ဝဲလာသည့်မျက်ရည်တို့ကို မကျအောင်ထိန်းထားရင်း
သားတို့ကျေနပ်အောင်ဖြေပေးလိုက်လေသည်။

“ဒါပေါ့တို့ရဲ့ ပြန်လာမှာပေါ့ ခုကခဏသွားနေမှာ
သားတို့ဖေဖေနဲ့ပြန်ခေါ်ရင် ဒီအိမ်ကိုပြန်လာကြမယ်နော်

“ဟုတ်ကဲ့မေမေ”

“ကဲသားတို့မိုးချုပ်နေပြီ အိပ်ကြရအောင်လေ
မနက်ကျောင်းသွားရမှာဆိုတော့ ဒီညစောစောအိပ်ကြရ
အောင်နော် လာမေမေပုံပြင်လိုက်ပြောပြမယ်”

ကလေးနှစ်ယောက်ကိုသိပ်ပြီးတော့ တစ်နေ့လုံးစိတ်ပင်
ပန်း၊လူပင်ပန်းနေသည်မို့အိပ်သော်လည်း အိပ်မပျော်
ချေ။မနက်ခင်အလုပ်သွားရမှာမို့ အလုပ်ကပြန်လာမှ
သာစန္ဒာတို့အိမ်သို့ပြောင်းဖြစ်လေမည်။မေမေ့ကိုတော့
မမတို့လင်မယားလာခေါ်ကြမည်ဖြစ်လေသည်။
သားနှစ်ယောက်ကprivate school
တက်သည်မို့၇နာရီကျောင်းတက်မီအောင် မနက်၆နာရီခွဲ
ထဲကမောင်ဇော်ဇော်လိုက်ပို့လေသည်။နောက်နေ့တွင်တော့
စန္ဒာကကြိုပို့ပေးလေမည်။သူမသမီးလည်းထိုကျောင်းမှာ
တက်သောကြောင့်လမ်းကြုံလေသည်။နောက်နှစ်တွင်တော့
အိမ်နှင့်နီးသောနေရာတွင် အစိုးရကျောင်းသာပြောင်း
ထားရလေမည်။အပြင်ကျောင်းထားနိုင်ရန် ခင်တတ်နိုင်
မည်မထင်တော့ချေ။သားတို့ကိုပြင်ဆင်
ပေးပြီးတော့ မနက်၈နာရီဘဏ်ကိုသွားရန်ခင်ပြင်ရ
လေသည်။ဒီနေ့တော့ကားယူသွားပြီးနောက်နေ့တွင် အသွားကို
Taxiငှားစီး၍ အပြန်တွင်ဖယ်ရီစီးပြီးပြန်လာရလေမည်။
ခင်တို့နေသောတိုက်နှင့်ကားနှစ်စီးမှာ
ဦးနိုင်လင်းထွန်းမိဘများကမင်္ဂလာလက်ဖွဲ့အဖြစ်ဝယ်ပေး
ထားပေမဲ့ ဦးနိုင်လင်းထွန်းအမည်သာဖြစ်၍ ခင်စီးနေ
သောကားမှာလည်းဦးနိုင်လင်းထွန်းသာပိုင်လေသည်။
တော်သေးသည်ကခင်အလုပ်လုပ်ရသမျှလစာတွေ
ခင့်နာမည်နှင့်ဘဏ်မှာအပ်ထားလေသည်။ဦးနိုင်လင်းထွန်း နှင့်ညားကတည်းကခင့်လစာကိုမသုံးပဲ စုထားမိ၍
တော်သေးလေသည်။လက်ဝတ်ရတနာတွေလည်းထိုက်သင့်
သလောက်ရှိသည်မို့ အိမ်နှင့်ကားတစ်စီးတော့ဝယ်နိုင်
သေးလေသည်။ဒီနေ့တနင်္လာနေ့မို့ဘဏ်တွင်လူရှင်းမည်ဖြစ်
သဖြင့် ဆယ်နာရီတွင်ရှေ့နေနှင့်တိုင်ပင်ရန်သွားရပေ
အုံးမည်။စန္ဒာကအဖော်လိုက်ပေးမည်ဆိုသဖြင့် တော်သေး
လေသည်။လောလောဆယ်တော့ရှေ့နေကတစ်ဆင့်
ကွာရှင်းစာချုပ်ပို့ပြီး လက်မှတ်ထိုးခိုင်းရလေမည်။
မကွာပေးဘူးတင်းခံနေပါက သက်သေတွေစုပြီးမြို့နယ်
တရားရုံးမှာကွာရှင်းလိုကြောင်း ဦးတိုက်လျှောက်ထား
ရမည်ဖြစ်လေသည်။
ခင့်အလိုကတော့ရှေ့နေနှင့်ပဲ ကိစ္စပြတ်သွား
ချင်လေသည်။တရားရုံးတွင်အမှုရင်ဆိုင်ရပါက ခင့်အ
တွက်လည်းမကောင်းလှပေ။ရုံးချိန်းသွားရတိုင်း အလုပ်
ပျက်ရမည်ဖြစ်သဖြင့် အခက်တွေ့မှာသေချာလေသည်။
ရှေ့နေမှတစ်ဆင့်ကွာရှင်းစာချုပ်ပို့ထားသော်လည်တစ်ပတ်
ကျော်သွားတာတောင်အကြောင်းမပြန်သဖြင့် နောက်ဆုံး
ရာဇသံကိုပို့ရလေသည်။ဒီအတောအတွင်းခင့်ကို
ဦးနိုင်လင်းထွန်းလာတွေ့သော်လည်း ခင်အတွေ့မခံပဲ
ခင့်ဆုံးဖြတ်ချက်ကိုသာ မပြင်နိုင်ကြောင်းအသိပေးခဲ့
လေသည်။သူကတော့ခင့်ကိုမကွာရှင်းပေးနိုင်ကြောင်း
ငြင်း၍အိမ်သို့ပြန်လာရန်သာခေါ်လေသည်။စန္ဒာတို့အိမ်
ရောက်ပြီးတစ်ပတ်ကျော်သည်အထိ အိမ်ရှာမတွေ့သေးသ
ဖြင့်မေမေနှင့်မမရောက်လာပြီး ခင်တို့သားအမိကိုမမအိမ် ပြောင်းနေရန်ခေါ်လေသည်။

“ခင်အိမ်မဝယ်ပဲမမတို့အိမ်ပြောင်းလာပါလား”

“ဟုတ်တယ်ခင်အိမ်ဝယ်ပြီးရင်လည်း သမီးကအလုပ်သွား
ကလေးတွေကျောင်းသွားဆိုမေမေတစ်ယောက်ထဲကျန်ခဲ့မှာ
မာလာနဲ့အတူနေတော့ မေမေလည်းအဖော်ရတာပေါ့”

“အကိုကျော်အောင်ကိုအားနာစရာမေမေရယ်
ပြီးတော့မမအိမ်မှာကနှစ်ခန်းထဲရှိတာမဟုတ်လား
သမီးတို့နေဖို့အခန်းဖြင့်မရှိပဲနဲ့”

“ညည်းအကိုကျော်အောင်ကခေါ်ခိုင်းတာခင်ရေ
သူများအိမ်မှာအကြာကြီးကပ်နေတာမကောင်းဘူးတဲ့
သူ့မှာလည်းယောကျာ်းရှိတော့မသင့်တော်ဘူးတဲ့လေ
သူကအိမ်ရှေ့ခန်းမှာထွက်အိပ်ပြီးတော့ မမနဲ့မေမေက
တစ်ခန်း ခင်တို့သားအမိတွေတစ်ခန်းနေလို့ရတာပဲ
တဲ့လေ အခုတောင်အိမ်ရှေ့ခန်းကိုရှင်းလင်းနေလေရဲ့”

“ကလေးတွေကိုမမလည်းဝိုင်းထိန်းပေးလို့ရတယ်လေ
ကိုကျော်အောင်ကလည်းခင့်သားတွေကို ချစ်တာပဲ
သူလည်းအလုပ်အားရင်ကြည့်ပေးမှာပေါ့
ထမင်းချက်ရမှာပျင်းတိုင်းခင့်အိမ်မှာလာစားနေတာ
ခုမမကတစ်လည်းပြန်ချက်ကြွေးမယ်လေ”

“ကျုပ်တို့ကိုချက်ကြွေးမှာလား ညည်းဟာညည်းချက်ပြီး
ညည်းဟာညည်းစားလို့ကုန်မှာတော့ မြင်ယောင်ပါသေး
တယ်မာလာရယ်”

မေမေ့စကားကြောင့်ခင်တို့ညီအမရယ်လိုက်မိလေသည်။

“သမီးအဲလောက်လည်းအစားမပုပ်ပါဘူးမေမေရယ်”

ဟုမမကမေ့မေ့ကိုပြန်ပြောလေသည်။
နောက်တစ်ပတ်ပိတ်ရက်အထိအိမ်ရှာမရရင်လာနေမည်ဟု
ပြန်ပြောလိုက်ရလေသည်။စန္ဒာ့အိမ်မှာနေရတာကြာတော့
ခင်လည်းအားနာမိလေသည်။သူစိမ်းအိမ်ထက် ကိုယ့်အမ
အိမ်ကကောင်းမှန်းတော့ခင်သိလေသည်။သို့သော်မမတို့က
အိပ်ခန်းနှစ်ခန်းသာရှိ၍ ခင်သွားမနေခြင်းဖြစ်လေသည်။
ယခုအကိုကျော်အောင်ကလိုလိုလားလားခေါ်သဖြင့်ကျေးဇူး
တင်ရလေသည်။အပျိုတုန်းကလည်းခင်နဲ့မေမေ မမတို့အိမ်မှာ
နေခဲ့ဖူးလေသည်။အိမ်ဝယ်ဖြစ်ရင်တော့ အခန်းသုံးခန်း
ပါတာဝယ်ပြီးမမတို့လင်မယားကိုခေါ်ထားရလေမည်။
မေမေအတွက်ရော သားနှစ်ယောက်အတွက်ပါမမတို့နှင့်
အတူနေတာကပို၍ အဆင်ပြေမည်ဖြစ်လေသည်။
ခင်အလုပ်တွင်ရှိနေခိုက်စန္ဒာဖုန်းဆက်လာလေသည်။

“ခင် သားတို့ကိုဦးနိုင်လင်းထွန်းမနက်၁၀နာရီကလာခေါ်သွား
တယ်တဲ့ စန္ဒာလည်းကျောင်းသွားကြိုတော့မှသိရတာ”

သားတို့ကျောင်းကမနက်(၇)နာရီတက်ပြီး(၁၀)နာရီတွင် နာရီဝက်
အနားပေးလေသည်။နေ့လည်(၁နာရီခွဲ)တွင်အပြီးလွှတ်လေသည်။
အနားပေးသည့်အချိန်တွင်လာခေါ်သွားခြင်းဖြစ်လေသည်။
ခင်အိမ်မှာအလုပ်လုပ်သည့်ဒေါ်ဆွေ့ကိုဖုန်းဆက်မေးရလေသည်။

“ဒေါ်ဒေါ်ဆွေ ခင်ပါ သားတို့ကိုသူ့အဖေကျောင်းကနေလာခေါ်
သွားလို့ အခုသားတို့အိမ်မှာရောက်နေလား”

“ဟင့်အင်းမမလေးခင် ကလေးတွေအိမ်မှာမရှိဘူး
အကိုလေးကုမ္ပဏီများခေါ်သွားလားမသိဘူး”

“ဟုတ်ကဲ့ကျေးဇူးပါ ဒေါ်ဒေါ်ဆွေ”

“ဟင်း…..”ခင်စကားမပြောချင်သူကို ပြောရအုံးလေမည်။
ဦးနိုင်လင်းထွန်းဆီသို့ဖုန်းဆက်လိုက်လေသည်။

“Hello ဦးနိုင်လင်းထွန်းရှင်ဘာလို့သားတွေကို ကျောင်းကနေ
ခေါ်ထုတ်သွားရတာလဲ အခုကလေးတွေကုမ္ပဏီမှာလား
အခုချက်ချင်းကျွန်မဆီကိုပြန်လာပို့ပေးပါ”

“ခင်ရယ်သားတွေတောင်အိမ်ပြန်လာပြီပဲ ခင်လည်းရုံးဆင်းရင်
အိမ်လာခဲ့ပါလား ကိုကိုတို့မိသားစုလေးယောက်ညနေစာအတူ
မစားရတာတောင်ကြာနေပြီပဲ အတူစားကြရအောင်
ခင်စားချင်တာရှိရင်ဒေါ်ဆွေ့ကို ချက်ခိုင်းထားလိုက်လေ”

“အပိုတွေပြောမနေနဲ့ဦးနိုင်လင်းထွန်း ကျွန်မသားတွေအိမ်မှာ
မရှိဘူးဆိုတာကျွန်မသိပြီးပြီ ကုမ္ပဏီမှာလားဘယ်ကိုခေါ်သွား
လဲပဲပြော”

“ခင်…………

“ကျွန်မဘာမှမကြားချင်ဘူး ကျွန်မသားတွေဘယ်မှာလဲပဲပြော”

ခင်ဒေါသထွက်ပြီး ဦးနိုင်လင်းထွန်းပြောမည့်စကားကို
မစောင့်တော့ပဲ အော်မေးလိုက်လေသည်။

“ဒယ်ဒီနဲ့မာမီဆီ့ပို့ထားတယ်ခင် သားတို့လည်းအဖိုး
အဖွားတွေနဲ့တွေ့ချင်ရှာမှာပေါ့ ညနေအလုပ်ဆင်းရင်
ခင့်ကို ကိုကိုလာခေါ်မယ်လေ သားတို့ကိုအတူတူ
သွားခေါ်ရအောင်”

“တွေ့ချင်ရအောင်မကြာသေးမီကပဲ ရှင့်မိဘတွေအိမ်
သွားခဲ့သေးတယ်မဟုတ်လား ရှင်သက်သက်ယုတ်မာ
တာပဲ ကျွန်မတို့ပြဿနာထဲဘာလို့ရှင့်မိဘတွေကို
ဆွဲထည့်ရတာလဲအဟီး……ဟီး…. ဟီး…….”

ခင်စိတ်တိုဒေါသထွက်ပြီးငိုမိလေသည်။သားတို့ရှိသည့်
နေရာကိုသိလိုက်ရပြီဖြစ်၍ စကားဆက်မပြောတော့ပဲ
ဖုန်းချလိုက်လေသည်။သားတို့ကိုအပြေးသွားပြီး ခေါ်ချင်
စိတ်ကိုထိန်းထားရလေသည်။မန်နေဂျာရာထူးမို့
တာဝန်ကြီးသူတစ်ယောက်ဖြစ်ပြီး အလုပ်ချိန်အတွင်း
အပြင်ထွက်သွား၍မကောင်းပေ။ပြဿနာတစ်စုံတစ်ခုပေါ်
ခဲ့လျှင်ခင့်ခေါင်းပေါ်သာပုံကျလာလိမ့်မည်ဖြစ်လေသည်။
ဦးနိုင်လင်းထွန်းနှင့်ခင်၏ပြဿနာထဲ ဦးနိုင်
လင်းထွန်းမိဘများပါမလာစေရန် ဆုတောင်းတာ
ခင့်ဆုတောင်းမပြည့်တော့ပေ။ဦးနိုင်လင်းထွန်း၏အဖေ
ဦးဇော်လင်းထွန်းသည်ကုမ္ပဏီ၏ဥက္ကဌသူဌေးဖြစ်ပြီး
ခင်ကတော့ ဖေဖေကျန်းမာရေးကောင်းစဉ်ကသာ
ချမ်းသာခဲ့ပြီး ယခုတော့ခင့်လစာသာရှိလေသည်။
ဖေဖေနေမကောင်းဖြစ်ပြီးအိပ်ရာထဲလဲတော့ မမမှာ
အကိုကျော်အောင်နှင့်လက်ထပ်ပြီးသော်လည်း ကုန်
သည်အလုပ်ကိုမကျွမ်းကျင်သောကြောင့် ဖေဖေ့စီးပွား
ရေးကိုဆက်မလုပ်ခဲ့ပေ။မေမေကလည်းမလုပ်တတ်
ခင်ကလည်းကျောင်းတက်တုန်းမို့ စီပွားရေးလုပ်ငန်း
များရပ်ကုန်ပြီး ဖေဖေ့ကင်ဆာရောဂါကိုပြန်ကောင်း
လာနိုးဖြင့်စင်္ကာပူအထိဆေးသွားကုခဲ့ရသဖြင့် ငါးနှစ်အတွင်း
မှာပင်ဖေဖေရှာခဲ့သမျှ အကုန်ကုန်ခဲ့လေသည်။ဖေဖေဆုံး
တော့ခင်တို့ပိုင်ဆိုင်သမျှ တိုက်၊ကား၊အတွင်းပစ္စည်းများ
ဘာမှမကျန်တော့၍ ခင်နဲ့မေမေ မမတို့တိုက်ခန်းမှာ
သွားနေခဲ့ရလေသည်။
အထည်ကြီးပျက်ဘဝရောက်သွားသောခင့်ကို
ဦးဇော်လင်းထွန်းကအစပိုင်းမှာ သူ့သားနှင့်သိပ်သဘော
မတူချင်ပေ။ခင့်ကိုမိတ်ဆက်ပေးပြီးမှ ခင်၏သွက်လက်
ထက်မြက်မှုကိုသဘောကျပြီးပေးစားခဲ့ခြင်းဖြစ်လေသည်။
ဦးဇော်လင်းထွန်းကငွေကြေးအင်အားဖြင့် ကလေးနှစ်
ယောက်အား ခင့်ကိုမပေးပါက ခင်ဘယ်လိုလုပ်ရ
မှန်းမသိတော့ချေ။ခင့်ရင်တွေပူလာလေသည်။အလုပ်ဆင်း
ချိန်မရောက်သေး၍ အလုပ်လုပ်နေရသော်လည်း
စိတ်ကမပါတော့ချေ။အလုပ်ဆင်းမည့်အချိန်ကိုသာ
မျှော်နေမိလေသည်။

ဦးနိုင်လင်းထွန်းနှင့်အတူတူ သူ့မိဘအိမ်သို့
မသွားချင်တာရော သားနှစ်ယောက်ကိုပါစိတ်မချသ
ဖြင့် ခင်အလုပ်မှစောစောထွက်လာခဲ့လေသည်။စိုးရိမ်
စိတ်တွေများနေသဖြင့် အလုပ်လုပ်ရတာလည်းမဖြောင့်
ပေ။ဦးနိုင်လင်းထွန်းမိဘအိမ်သို့ ခင်ရောက်သွားတော့
ဒယ်ဒီနှင့်မာမီနှစ်ယောက်စလုံး ဧည့်ခန်းထဲတွင်ရှိနေလေ
သည်။သားနှစ်ယောက်ကိုကားမတွေ့ချေ။ခင့်စိတ်ကိုအ
တတ်နိုင်ဆုံးငြိမ်အောင်ထားပြီး ဦးနိုင်လင်းထွန်း၏မိခင်
သူမ၏ယောက္ခမဒေါ်သက်ထားသူဇာကိုမေးလိုက်လေသည်

“မာမီ ခင်သားတို့ကိုလာခေါ်တာပါ
သားတို့ရောဟင်”

“မြေးလေးတွေအပေါ်ထပ်မှာရှိတယ်ခင် ထိုင်အုံးလေ”

ဦးဇော်လင်းထွန်းကလည်းထိုင်ဖို့ ပြောလေသည်။

“လာသမီးခင်ထိုင် ဒယ်ဒီပြောစရာရှိလို့”

ခင်မကောင်းတတ်၍ဆိုဖာမှာဝင်ထိုင်လိုက်လေသည်။

“ဟုတ်ကဲ့ဒယ်ဒီ”

“ဒယ်ဒီသားအမှားအတွက် ဒယ်ဒီတို့တောင်းပန်ပါတယ်
ဒယ်ဒီ့သဘောကတော့ သားနဲ့ကွာရှင်းဖို့ကိစ္စကို
သမီးဖက်ကပြန်စဉ်းစားစေချင်တယ် ခင့်လိုမိန်းကလေး
မျိုးကိုကွာပြီး နောက်မိန်းမယူမှာကိုဒယ်ဒီတို့လည်း
သဘောမကျပါဘူး ဒါ့ကြောင့်ဒယ်ဒီ့မျက်နှာကို
ထောက်ပြီးသားနဲ့ပြန်ပေါင်းပါလို့ ဒယ်ဒီအနူးအညွတ်
တောင်းဆိုပါတယ်ကွယ်”

“ခင်တို့ကိစ္စကြောင့်ဒယ်ဒီနဲ့မာမီစိတ်ဆင်းရဲနေရတဲ့အတွက်
ခင်စိတ်မကောင်းပါဘူးရှင် နှစ်ယောက်လုံးကိုလည်း
ခင့်မိဘလိုသဘောထားပြီးချစ်ခင်လေးစားပါတယ်
ဒါပေမဲ့ခင့်ဆုံးဖြတ်ချက်ကိုခင်မပြင်နိုင်ပါဘူးရှင်”

“စဉ်းစားပါအုံးခင် အခုနေသမီးသားနဲ့ကွာလိုက်ရင်
နောက်မိန်းမကအိမ်ပေါ်ရောက်လာမှာ ကလေးနှစ်
ယောက်နဲ့ဒုက္ခရောက်မှာကခင်ပဲ ဒယ်ဒီတောင်းဆို
နေတာတောင်သမီးဆုံးဖြတ်ချက်ကိုမပြင်နိုင်ဘူးလား”

“ခင်သေသေချာချာစဉ်းစားပြီးမှဆုံးဖြတ်ထားတာပါ
ဒယ်ဒီ နှစ်နှစ်လုံးလုံးခင့်ကိုလိမ်ညာပြီးနောက်မိန်းမ
ယူထားတာကိုခွင့်မလွှတ်နိုင်သလို တိတ်တိတ်ပုန်းကလေး
မွေးထားပြီး အလုပ်နားရက်လေးမှာတောင် ခင့်သား
နှစ်ယောက်ကိုပစ်ထားပြီး နောက်မိန်းမကလေးကိုပဲ
ချစ်ပြနေတဲ့အတွက် ခင်သူ့ကိုနာကြည်းမိပါတယ်
ဒါကြောင့်ခင့်ဆုံးဖြတ်ချက်ကို ဒယ်ဒီမဟုတ်ဘူး
သိကြားမင်းဆင်းတားရင်တောင် ခင်မပြင်နိုင်တော့ပါဘူး
ရှင်”

ခင့်အဖြေကြောင့် ဦးနိုင်လင်းထွန်း၏ဖခင် ဦးဇော်လင်း
ထွန်းမှာ ဒေါသထွက်သွားလေတော့သည်။

“ခင်တစ်လပဲစောင့်ပါ့မယ် သူ့ဘက်ကမကွာရှင်းပေးရင်
သူဖောက်ပြန်ထားတဲ့ သက်သေအပြည့်အစုံနဲ့ တရားရုံးကိုကွာရှင်းပေးဖို့ ဦးတိုက်လျှောက်ထားမှာပါ”

“ဘယ်လိုပြောလိုက်တာလဲခင် ငါ့သားကိုတရားရုံးမှာ
အမှုလုပ်မလို့လား ငါ့တို့မျက်နှာကိုလည်းနည်းနည်း
လောက်ထောက်ပါအုံး ငါတို့ကဘယ်လိုလူတွေလည်း
ဆိုတာညည်းသိရဲ့သားနဲ့ ငါတို့သိက္ခာကျအောင်လုပ်
တော့မလို့လား”

တစ်ချိန်လုံးဘေးနားတွင်ငြိမ်ပြီး နားထောင်နေသော
ယောက္ခမဖြစ်သူ ဦးနိုင်လင်းထွန်းအမေဒေါ်သက်ထား
သူဇာကဝင်ပြောလေသည်။

“ဒယ်ဒီနဲ့မာမီတို့ဂုဏ်သိက္ခာကိုထောက်လို့ ခင်သူ့ကိုတလ
အချိန်ပေးထားတာပါ ခင့်ဆန္ဒလိုသာဆိုတစ်နာရီတစ်စက္ကန့်တောင်စောင့်ချင်တာ
မဟုတ်ဘူး မာမီ”

“ကောင်းပြီလေ မင်းဘက်ကဒီလောက်ဖြစ်နေမှတော့
ငါမတားတော့ပါဘူး မင်းသဘောပဲ ဒါပေမယ့်
ငါ့မြေးနှစ်ယောက်ကိုတော့ မင်းနဲ့ပြန်မထည့်လိုက်နိုင်ဘူး
ငါတို့ပဲခေါ်ထားမယ်”

“ဘာအတွက်နဲ့ဒယ်ဒီကခင့်ကလေးနှစ်ယောက်ကို
ခေါ်ထားမှာလဲ အခုဖြစ်တဲ့ကိစ္စမှာ အပြစ်လုပ်တဲ့သူက
ဒယ်ဒီသားပါ သူနဲ့နေစဉ်တစ်လျှောက်လုံးခင့်ဘက်က
ဝတ္တရားကျေခဲ့တယ် ဘာအမှားမှမလုပ်ခဲ့ဘူး
ခင့်သားနှစ်ယောက်ကခင်နဲ့ပဲဆိုင်တယ် ဖောက်ပြန်တဲ့သူရဲ့
လက်ထဲခင့်ကလေးတွေကိုမထားခဲ့နိုင်ဘူး”

“မိထွေးနှိပ်စက်မှာကိုလည်းကြည့်မနေနိုင်ဘူး
ခင့်သားနှစ်ယောက်ကိုခင်ပဲမွေးမှာ
ဒယ်ဒီတို့မတရားလုပ်လာရင်ခင်လည်းခံမနေဘူးနော်
ခင့်ကလေးတွေကိုအသက်နဲ့ရင်းပြီးကိုကာကွယ်မှာ”

ဦးဇော်လင်းသည်ခင့်ကိုခြိမ်းခြောက်၍ မရကြောင်းသိလေ
သည်။ခင်တို့ဖေဖေမှာလည်းတစ်ချိန်က လုပ်ငန်းရှင်
စီးပွားရေးသမားမို့လူသိများလေသည်။ခင်တို့ဖေဖေအိပ်ရာ
ထဲလဲသွားပြီး စီးပွားရေးဆက်လုပ်မည့်သူမရှိ၍သာ
အထည်ကြီးပျက်ဖြစ်သွားပေမယ့် တော်ရုံအသိုင်းအဝိုင်း
တော့မဟုတ်ချေ။ငွေပေါတယ်ဆိုတိုင်းသွားလုပ်၍မရပေ။
တစ်ခုခုဆိုသူတို့မိသားစုနာမည်ပျက်နိုင်လေသည်။
ခင်မှာသားအိမ်ခေါ်လာပြီး မိတ်ဆက်ပေးကတည်း
ကထက်မြတ်သည့်မိန်းကလေးမှန်းသူသိလေသည်။ထို့ကြောင့်
လည်းခင်နှင့်သားကိုမကွဲစေချင်ပါ။သို့သော်ခင့်ဘက်က
သားအပေါ်တူးတူးခါးခါးဖြစ်နေတာတွေ့ရတော့လည်း
ကိုယ့်သားအမှားမှန်းသိပေမယ့် ဒေါသထွက်မိလေသည်။

“ကောင်းပြီလေခင့်ဘက်ကဒီလောက်ဖြစ်နေရင်လည်း
သားကိုခင်နဲ့ကွဲဖို့ဒယ်ဒီနားချလိုက်ပါ့မယ် အဲဒီအစား
ခင့်ဘက်ကနစ်နာကြေးတွေဘာတွေတောင်းပိုင်ခွင့်မရှိဘူး
ကလေးနှစ်ယောက်ကိုတာဝန်မယူနိုင်လို့ ဒယ်ဒီတို့ကို
ပေးမယ်ဆိုရင်တော့ တာဝန်ယူပေးမယ် ဒါပေမယ့်
ခင်ကသားနှစ်ယောက်ကို စွန့်လွှတ်ပေးရလိမ့်မယ်”

“ရပါတယ်ခင်လိုချင်တာ ကွာရှင်းပေးဖို့ပဲ ကွာရှင်းပေး
မယ်ဆိုရင်ကျန်တာဘာမှမလိုပါဘူး သားနှစ်ယောက်
ကိုတော့ခင်ပဲမွေးမှာပါ ဒယ်ဒီတို့တာဝန်ယူပေးစရာမလိုပါ
ဘူး”

ဦးဇော်လင်းထွန်းမှာစကားကုန်သွားသည့်အလား အခန်း
ထဲဝင်သွားလေသည်။ဒေါ်သက်ထားသူဇာမှ

“လုပ်ငန်းလုပ်နေတဲ့ယောကျာ်းလေးပဲအေ
မိန်းမကိစ္စတော့အနည်းအကျဉ်းရှိမှာပဲလေ ညည်းတို့
ဒယ်ဒီလည်း ငယ်ငယ်တုန်းကပွေရှုပ်ခဲ့တာပဲ
ကျုပ်တော့ကွာဖို့မပြောနဲ့ သားတောင်မသိလိုက်ရဘူး
ကိုယ့်ဘက်ပြန်ပါလာအောင်လုပ်ပြီး ဖုံးဖိလိုက်တာ
ညည်းကျမှပဲ တစ်ခါလေးကိုဆတ်ဆတ်ထိမခံဖြစ်နေ
တယ်”

“တစ်ခါကနေဘယ်နှစ်ခါလောက် သည်းခံလိုက်ရလဲ
မာမီအသိဆုံးဖြစ်မှာပါ တစ်ခါဖောက်ပြန်ဖူးတဲ့သူက
ထပ်ပြီးလည်းဖောက်ပြန်နေအုံးမှာပဲ ခင်ကတော့
သည်းမခံနိုင်ဘူးမာမီ ခုတစ်ခါကိစ္စကိုဖုံးပေးလိုက်လို့
နောက်တစ်ခါမဖြစ်စေရပါဘူးလို့ မာမီအာမခံပေးမလား”

ခင်မေးတာကိုတော့ဒေါ်သက်ထားသူဇာ မဖြေနိုင်ပါချေ။
ဦးဇော်လင်းတုန်းကလည်း ကလေးတော့မရခဲ့ပေမယ့်
အတွင်းရေးမှူးမလေးတွေရော ktvကကောင်မလေးတွေ
သာမက စီးပွားဖက်အလုပ်အတူတူလုပ်သည့်မိန်းမတွေ
နှင့်ပါပွေရှုပ်ခဲ့လေသည်။ထိုအခါတိုင်းဒေါ်သက်ထားသူဇာ
မယားကြီးပီပီအာဏာပြ၍ ခြိမ်းခြောက်ခွဲခဲ့ရလေသည်။
ဦးဇော်လင်းထွန်းကလည်းပါးလေသည်။ပွေရှုပ်ပေမယ့်
နာမည်တော့အပျက်မခံပေ။အတည်ယူဖို့စိတ်မကူးပဲ
အပျော်သာတွဲသောကြောင့် သူမနှင့်ကွာဖို့အထိမဖြစ်ခဲ့
ပေ။မိန်းကလေးတွေလည်းခက်လှပေသည်။တစ်ချို့က
ပိုက်ဆံလိုချင်သောကြောင့်သူဌေးကိုချဉ်းကပ်ကြသလို
တစ်ချို့လည်းပိုက်ဆံလည်းမလိုပဲ သူများယောကျာ်းမှန်း
သိရက်နှင့်ကိုယ့်သိက္ခာကိုယ်မထိန်းပဲ အိမ်ထောင်သည်
နှင့်ဇယားရှုပ်ကြလေသည်။

“မာမီခင်ပြန်တော့မယ် သားနှစ်ယောက်ကိုခင်ပြန်ခေါ်
သွားချင်တယ် သားတို့ဘယ်မှာလည်း”

“ကလေးတွေအပေါ်ထပ်မှာ မသီရေ မသီ”

“ရှင်မေမေကြီး”

“ခင့်ကလေးတွေကိုသွားခေါ်လာခဲ့ အိမ်ပြန်ဖို့သူတို့အမေ
လာခေါ်နေတယ်လို့”

“ဟုတ်ကဲ့မေမေကြီး”

“သေသေချာချာဆုံးဖြတ်ဖို့တော့အကြံပေးချင်တယ်ခင်
ကလေးနှစ်ယောက်ကိုလူတစ်လုံးသူတစ်လုံးဖြစ်ဖို့က
မလွယ်ဘူးနော် သားနဲ့ကွာရှင်းပြီးရင် ကလေးစားရိတ်လည်း
ရချင်မှရမှာ ညည်းတို့ဒယ်ဒီကသူ့သားနဲ့ကွာရှင်းထားတဲ့
ချွေးမရဲ့သားတွေကို အမွေပေးမှာမဟုတ်ဘူး
ညည်းမှာဘာမျှော်လင့်ချက်မှမရှိဘူးနော်”

“လူကိုတောင်စွန့်လွှတ်ဖို့ဆုံးဖြတ်ထားပြီပြီပဲ ဘာမှမရ
လည်းခင့်သားတွေကိုခင်ပညာတတ်ဖြစ်အောင်တော့
ပြုစုပျိုးထောင်ပေးနိုင်ပါတယ် မာမီတို့လိုပြည့်စုံအောင်
မထားနိုင်ပေမယ့် ထိုက်သင့်သလောက်ဖြစ်အောင်တော့
ခင့်ခွန်အားနဲ့ကြိုးစားမှာပါ ”

“မေမေ သားတို့ကိုလာခေါ်တာလား”

သားနှစ်ယောက်ရောက်လာသဖြင့် မာမီနှင့်စကားဆက်
မပြောတော့ပဲ ကလေးတွေကိုခေါ်ကာခင်ပြန်လာခဲ့လေ
သည်။ခင်ကတော့ယောကျာ်းဖောက်ပြန်တာကို ကလေး
ကြောင့်၊စားဝတ်နေရေးအခက်အခဲကြောင့် မိသားစု
ကြောင့် အလွန်အမင်းချစ်ပြီးယောကျာ်းမရှိရင်မနေနိုင်
သောကြောင့်မကွာပဲသည်းခံနေရသောမိန်းမများကိုအလွန်
သနားမိလေသည်။ဖောက်ပြန်သောယောကျာ်း ၁၀၀တွင်
၉၀လောက်သည် မိန်းမကမကွာနိုင်မှန်းသိလေ
အနိုင်ယူချင်လေ ထပ်ပြီးဖောက်ပြန်ကြလေသည်။
၁၀လောက်ကသာသူတို့အမှားကိုသိပြီး အပျော်ထပ်မရှာ
တော့ပဲ မိသားစုကိုသစ္စာရှိစွာချစ်ပေးကြလေသည်။
ဦးနိုင်လင်းထွန်းသည်လည်း ဘမျိုးဘိုးတူ
စကားအတိုင်း သူ့အဖေကဲ့သို့ထပ်ကာထပ်ကာ
မဖောက်ပြန်ဘူးဟူ၍ အတတ်မပြောနိုင်ပေ။တစ်ခါ
သစ္စာဖောက်တာခံရတာကိုပင် ဒီလောက်နာကျင်နေရ
တာနောက်တစ်ခါဆိုရင်တော့ ခင်ဆက်မတွေးချင်တော့
ပေ။အမြဲတမ်းပူလောင်နေပြီး မယုံသင်္ကာစိတ်ဖြင့်နေရ
မည့်အစား ပြတ်သားလိုက်တာကမှတော်သေးသည်
ထင်လေသည်။
ညရောက်တော့ဦးနိုင်လင်းထွန်းမမတို့အိမ်လိုက်လာ
လေသည်။မေမေနှင့်မမတို့လင်မယားကိုအားနာ၍ ခင်
အပြင်မှာထွက်တွေ့လိုက်လေသည်။

“မင်းလွန်လွန်းတယ်ခင် ငါဒီလောက်တောင်းပန်နေတာ
ကို ဒယ်ဒီပြောပေးရင်ရမှာပဲဆိုပြီးသားနှစ်ယောက်ကို
ဒယ်ဒီအိမ်ခေါ်သွားပြီး မင်းနဲ့ဒယ်ဒီတွေ့ရအောင်လုပ်
တာ မင်းဒယ်ဒီပြောတာကိုပါ ခါးခါးသီးသီးငြင်းပစ်
လိုက်ရလား ဒယ်ဒီစိတ်ဆိုးပြီးငါ့ကိုကွာရှင်းခိုင်းနေပြီ”

“နောက်ဆုံးအနေနဲ့မေးမယ်ခင် မင်းငါနဲ့ကွာမှကိုဖြစ်
မှာလား မင်းဆုံးဖြတ်ချက်ကိုမပြင်တော့ဘူးလား”

ခင်ခေါင်းပဲညိတ်ပြလိုက်လေသည်။

“တောက်”

ဦးနိုင်းလင်းထွန်းဒေါသကြောင့် တောက်ခေါက်ပစ်လိုက်
လေသည်။

“ရတယ်လေမင်းဘက်ကဒီလောက်ထိဖြစ်နေမှတော့
ကွာရှင်းပေးမယ် ခုပဲအိမ်ပြန်ပြီးစာချုပ်မှာလက်မှတ်ထိုး
ပေးမယ် ငါ့ကိုကွာရှင်းလိုက်တဲ့အတွက်မင်းနောင်တရ
နေစေရမယ်ခင်”

ပြောပြီးဦးနိုင်လင်းထွန်းထွက်သွားလေသည်။နောက်နေ့
ခင်အလုပ်ကပြန်လာတော့ ဦးနိုင်လင်းထွန်း၏ရှေ့နေမှ
ပို့လိုက်သော ကွာရှင်းစာချုပ်ကအိမ်တွင်ရောက်နေလေ
သည်။နောက်တစ်နေ့ခင်အလုပ်ဆင်းချိန်တွင် သတင်းစာ
ကိုင်ကာစန္ဒာရောက်လာလေသည်။

“ငါ့နှယ်အံ့ဩလွန်းလို့ခင်ရယ် ကြည့်ပါဦး”ဆိုပြီးပြ၍
ကြည့်လိုက်ရာ အများသိစေရန်ဆိုပြီး ဦးနိုင်လင်း
ထွန်းနှင့်ခင်တို့ကွာရှင်းပြီးကြောင်းကို သူတို့ဘက်မှ
သတင်းစာထဲထည့်ကြေငြာထားခြင်းဖြစ်လေသည်။
ခင်တို့နေခဲ့သောတိုက်၊ကား၊ရွှေ့ပြောင်းမရွှေ့ပြောင်းနိုင်
သောပစ္စည်းများအားလုံးသည် ခင်၊သားနှစ်ယောက်နှင့်
ပါမသက်ဆိုင်ကြောင်းကိုလည်း ထည့်ကြေငြာထားပြန်
လေသည်။

“ကြေငြာချင်းကြေငြာနင်က ကြေငြာရမှာကို ငပြူးကငပြဲ
လုပ်လို့ခင်ရယ် ခင်နင်လည်းယောကျာ်းကဖောက်ပြန်လို့
ကွာရှင်းရပါတယ်ဆိုပြီး သတင်းစာထဲပြန်ထည့်မလား
ငါထည့်ပေးမယ်လေ”

“နေပါစေတော့စန္ဒာ ပြီးတာတွေပြီးပါစေတော့
ခင်သူတို့နဲ့ရန်ဖြစ်နိုင်တဲ့ခွန်အားမရှိဘူးစန္ဒာ
သားနှစ်ယောက်ကိုပဲ သူတို့အဖေနဲ့ကွာရှင်းလိုက်တဲ့
အကြောင်းဘယ်လိုပြောရမလဲပဲတွေးနေတယ်”

“သားကြီးကနည်းနည်းကြီးနေလို့အခြေအနေတွေကိုရိပ်မိ
နေတယ်ဆိုပေမဲ့ ဖိုးသားကငယ်သေးတော့
ခင့်ကိုနားလည်ပေးပါ့မလားမသိဘူး မနေ့ကတောင်
မေးနေသေးတယ် ဖေဖေနဲ့မေမေပြန်မခေါ်ကြသေးဘူး
လား ဖေဖေ့ကိုသတိရတယ် ဖေဖေ့ဆီပြန်ချင်ပြီတဲ့
လေ”

ခင်ပြောရင်းဖြင့် သားနှစ်ယောက်အတွက်စိတ်ထိခိုက်
ကာမျက်ရည်များကျလာလေသည်။စန္ဒာသည်ခင့်အတွက်
လိုအပ်တာကူညီပေးယုံ နှစ်သိမ့်ပေးယုံကလွဲပြီး
ထပ်မလုပ်ပေးနိုင်သဖြင့် စိတ်မကောင်းဖြစ်ရလေသည်။
ခင်နှင့်ကွာပြီးတစ်လလောက်အကြာတွင်
ဦးနိုင်လင်းထွန်း နောက်မိန်းမယူလိုက်ပြီဟုကြားရလေ
သည်။သူနှင့်ဖောက်ပြန်သောမိန်းမနှင့် မနက်ပိုင်းတွင်
တရားရုံးမှာလက်မှတ်ထိုးပြီး ညပိုင်းတွင်ခင်နေခဲ့သော
တိုက်ကြီး၏ခြံဝန်းကျယ်ထဲတွင် ဧည့်ခံပွဲအကြီးအကျယ်
ကျင်းပကြောင်း သိလိုက်ရလေသည်။ထိုသို့ခင်သိအောင်
လည်း ဦးနိုင်လင်းထွန်းဘက်မှခင်မကြားကြားအောင်
သတင်းစကားပါးမည့်သူများ ဘဏ်မှာငွေလာအပ်သလိုလို
နှင့်ရောက်လာပြီး ပြောပြကြလေသည်။ထိုသတင်းတွေ
ကြောင့်ခင့်အကြောင်းက သူငယ်ချင်း၊မိတ်ဆွေအပေါင်း
အသင်းနှင့် လုပ်ဖော်ကိုင်ဖက်များအကြားတွင် အတင်း
ပြောစရာတစ်ခုဖြစ်သွားခဲ့လေသည်။သနားသည့်အကြည့်
များကိုလည်းခံခဲ့ရလေသည်။
ခင်ကတော့အစကတည်းကသံယောဇဉ်ဖြတ်
ပြီးသားမို့ မခံစားရပေမယ့် သားနှစ်ယောက်အတွက်
တော့စိတ်မကောင်းဖြစ်မိလေသည်။အဖေရှိရဲ့နှင့်အဖမဲ့
သားများဖြစ်ခဲ့ရပြီဖြစ်လေသည်။အိမ်ဝယ်ပြီးသွား၍
မေမေနှင့်မမတို့လင်မယားလည်း ခင်တို့သားအမိနှင့်
လာနေပေးလေသည်။အလုပ်ကြိုးစားလုပ်ပြီး ကျန်အချိန်
များတွင် သားနှစ်ယောက်ကိုအချိန်ပေးရင်း ဘဝကို
အကောင်းဆုံးဖြတ်သန်းခဲ့လေသည်။သားကြီးကမိဘနှစ်ပါး
ကွာရှင်းသည့်အကြောင်းကို သူ့အဖွားကိုသာမေးပြီး
ခင့်ကိုတော့မမေးပေ။သူ့စိတ်ထဲမကောင်းသော်လည်း
ခင်စိတ်ဆင်းရဲမှာစိုးပြီး မသိချင်ယောင်ဆောင်နေလေသည်။
ဖိုးသားကဖေဖေဆိုပြီးမေးရင်တောင် ခင်အဖြေခက်နေမှာ
စိုးသဖြင့်သူ့ညီလေးကိုချော့မော့ပြီး စိတ်ပြောင်းသွား
အောင်လုပ်ပေးလေသည်။
ခင်အလုပ်မှာဘယ်လောက်ပင်ပန်းပင်ပန်း
လူတွေအပြောကြောင့်စိတ်ဒဏ်ရာဘယ်လိုရရ သားနှစ်
ယောက်နှင့်မိသားစုများကြောင့် အားလုံးကိုကျော်ဖြတ်
နိုင်ခဲ့လေသည်။တစ်နှစ်ကျော်အတွင်းမှာပင် ဦးနိုင်လင်း
ထွန်း၏သတင်းများကမကြားချင်လည်းကြားနေရလေသည်။
၁၃နှစ်လောက်ပေါင်းသင်းခဲ့သူတွေမို့ သူ့ဘက်ကိုယ့်ဘက်
ရင်းနှီးသူများထံမှ အသံများဖြစ်လေသည်။

“ခင်နင်နဲ့ကွာရှင်းပြီးကတည်းက နိုင်လင်းတစ်ယောက်
ပျက်စီးသွားတာဟ ခုနောက်ပိုင်းအရက်တွေလည်း
အရမ်းသောက်လာတယ် ktvကကောင်မလေးတွေနဲ့
လည်းရှုပ်နေတယ်ကြားတယ် ကုမ္ပဏီမှာလည်းရှယ်ယာ
ရှင်တွေအပေါ်မချေမငံဆက်ဆံလို့ ရာထူးကထုတ်ပစ်
ဖို့တောင်တောင်းဆိုနေကြတာ သူ့အဖေဥက္ကဌတားထား
လို့ကုမ္ပဏီကမထွက်ရတာ”

စသည်ဖြင့်မကောင်းသတင်းများက ခင့်နားထဲသို့
ခဏခဏရောက်လာလေသည်။သူတို့အိမ်ထောင်ရေး
မှာအဆင်မပြေဟုလည်းကြားရလေသည်။ခင်နှင့်မဆိုင်
တော့ပေမယ့်သားတို့အဖေဆိုတော့ ထိုသို့မဖြစ်စေချင်ပေ။
ခင့်ဘဝနှင့်ခင် ကောင်းကောင်းရှိနေသည်ဆိုတော့
သူလည်းသူ့ဘဝနှင့်သူ ကောင်းစွာရှိနေစေချင်လေ
သည်။ခင်တို့ကားဖူးစာပါလို့ညားခဲ့ကြပြီး ဒီလောက်ပဲ
ရေစက်ပါလို့လမ်းခွဲခဲ့ခြင်းဖြစ်လေသည်။
မနက်အစောကြီးခင်အိပ်လို့ကောင်းနေတုန်းမှာပင်
ဖုန်းသံမြည်လာခဲ့လေသည်။ဒီလောက်အစောကြီးဘယ်သူ
ပါလိမ့်ကြည့်လိုက်တော့ ခင်မသိသည့်နံပါတ်စိမ်းဖြစ်
နေလေသည်။နှစ်ခါသုံးခါခေါ်နေတာဆိုတော့ ဘယ်သူပဲ
ဖြစ်ဖြစ်ဆိုကာကိုင်လိုက်လေသည်။

“hello”

“ခင် ကျွန်တော် မင်းမင်းဦးပါ နိုင်လင်းသူငယ်ချင်း”

“ဟုတ်ကဲ့”

“နိုင်လင်းဆုံးပြီခင် ညကအရက်တွေအရမ်းမူးပြီးကားကို
သူကိုယ်တိုင်မောင်းပြီးပြန်သွားတာ ကုန်ကားကိုသူ့ကား
ကအရှိန်နဲ့ဝင်ဆောင့်မိပြီး ပွဲချင်းပြီးဆုံးသွားတယ်”

“ရှင်”

မထင်မှတ်ထားသောသတင်းကြောင့်ခင်တုန်လှုပ်မိလေ
သည်။ဘယ်လောက်တောင်မူးနေလို့ သူများကားကို
တောင်ဝင်တိုက်ရတာလဲမသိပေ။ခင့်ရင်ထဲမှာတော့
ဦးနိုင်လင်းထွန်းနှင့်ပတ်သက်၍ နာကျင်ပြီးရင်းနာကျင်ရ
လေသည်။
အသုဘချမည့်နေ့တွင်သားနှစ်ယောက်အားခေါ်
ခဲ့ရန်ဒယ်ဒီဖုန်းဆက်ခေါ်လေသည်။ဖြစ်နိုင်လျှင်ခင်မသွား
ချင်ပါ။စိတ်မကောင်းပေမယ့် ခင်ပွန်းဟောင်းအသုဘကို
အရင်မယားဟောင်းကလာတာ အမွေလိုချင်လို့လာတာ
ဆိုပြီးအပြောမခံနိုင်ပေ။သို့သော်သားတို့အဖေဆိုတော့
နောက်ဆုံးခရီးကို သားတို့အားမပို့ပေးလို့လည်းမဖြစ်ပေ။
သူတို့အဖေကိုနောက်ဆုံးကန်တော့ရမည်ဖြစ်လေသည်။
အဖေသေတာတောင်မသွားရရင် တစ်ချိန်ခင့်အပြစ်
ဖြစ်လေမည်။
ခင်တို့သားအမိရောက်သွားချိန်မှာတော့ အသု
ဘချရန်အချိန်နီးနေပြီမို့ အိမ်တွင်ဧည်သည်အများ
အပြားရောက်နေပြီဖြစ်လေသည်။ခင်ရှိနေရမည့်နေရာတွင်
ဦးနိုင်လင်းထွန်း၏ဒုတိယမယားက ဧည့်သည်များကို
ဧည့်ခံနေလေသည်။ခင်တို့သားအမိကိုအရေးလုပ်သူမှာ
ဒေါ်ဆွေနှင့်သင်းသင်းသာရှိလေသည်။ဒေါ်သက်ထား
သူဇာမှာခင့်ကိုမြင်လျှင် ပူဆွေးနေရာမှဒေါသ
အကြီးအကျယ်ထွက်ပြီး

“ဖြန်း”

ခင့်မှာပါးတစ်ဖက်ပူထူသွားလေသည်။ရုတ်တရက်ဆိုတော့
အသုဘလာသူလူအားလုံးကြောင်သွားကြလေသည်။

“ညည်းမာနကအဲလောက်တောင်အရေးကြီးလားဟင်
ငါ့သားကမကွာပါရစေနဲ့လို့အထပ်ထပ်အခါခါတောင်းပန်
နေတာကို ညည်းကြောင့်ငါ့သားအရက်သမားဖြစ်ပြီး
ခုတော့အသေဆိုးနဲ့သေရပြီ အခုဘာလာလုပ်တာလဲ
ဘာလဲငါ့သားလေးသေတာကိုကြည့်ပြီး ညည်းပျော်မလို့လား”

ခင်သည်စိတ်ရှိတိုင်းပြောချလိုက်ချင်ပေမဲ့ သားတစ်
ယောက်ဆုံးရှုံးထားတဲ့မိခင်ပါလားဆိုတဲ့အသိကြောင့်
ဒေါသကိုထိန်းလိုက်ရလေသည်။

“ဒယ်ဒီခေါ်လို့လာတာပါ ဒယ်ဒီကသူ့မြေးတွေကိုသူ့တိုအဖေ
ကိုနောက်ဆုံးအနေနဲ့လာကန်တော့ခိုင်းပါဆိုလို့ ခင်လာတာပါ”

ဒယ်ဒီခင်တို့အနားရောက်လာပြီး ခင့်ဘက်မှဝင်ပြောပေးလေ
သည်။

“ဧည့်သည်တွေအများကြီးရှိနေတာကို မင်းဘယ်လိုဖြစ်နေတာ
လဲသူဇာ ခင့်ကိုငါခေါ်ထားတာ သားကခင်နဲ့မပတ်သက်
တော့ဘူးဆိုပေမယ့် မြေးနှစ်ယောက်ကသူတို့အဖေကိုတော့
နောက်ဆုံးနှုတ်ဆက်ရမှာပေါ့”

ဒယ်ဒီ့စကားကြောင့်မာမီခင့်ကိုရန်မတွေ့တော့ပေမယ့်
ခင့်အပေါ်မှာဒေါသပြေဟန်တော့မတူပေ။အသုဘကားများထွက်
ဖို့အချိန်ရောက်ပြီဖြစ်၍ ကားပေါ်တက်ကြရန်အသံကြားမှ
ခင့်ကိုဝိုင်းကြည့်နေကြသူများ ထွက်သွားကြလေသည်။
အသုဘလိုက်ပို့သူ
များက နေအိမ်မှရေဝေးသုဿန်သို့တိုက်ရိုက်သွားမည်
ဖြစ်ပြီး မိသားစုတွေကဆေးရုံမှအလောင်းကိုယူပြီးမှ
သုဿန်သို့သွားရမည်ဖြစ်လေသည်။အလောင်းမှာ
ကားမှောက်ထားသဖြင့် မျက်နှာများပျက်စီးနေသည်ဟု
လည်းသိရလေသည်။ထို့ကြောင့်အိမ်သို့မသယ်လာတော့ပဲ
ဆေးရုံမှတန်းပြီးသင်္ချိုင်းသို့ပို့ခြင်းဖြစ်လေသည်။
ဆေးရုံရောက်တော့အလောင်းမှာ အခေါင်းထဲ
ထည့်ထားပြီးဖြစ်လေသည်။ရုပ်ပျက်ဆင်းပျက်မို့ မည်သူ့
ကိုမှမပြတော့ပေ။အခေါင်းဘေးတွင်

“ဦးနိုင်လင်းထွန်း”
“အသက် ၄၃နှစ်”
ဟူသောစာတန်းကအထင်အရှားပင်။

ဦးနိုင်လင်းထွန်း၏ဒုတိယမယားနှင့်သား၊
ခင့်သားနှစ်ယောက်တို့ နောက်ဆုံးအနေနှင့်ကန်တော့ကြ
လေသည်။
မိသားစုတွေအကုန်ငိုနေပေမယ့် ခင်ကတော့မငိုပါ။
သူ့မိန်းမနှင့်အပြိုင်ငို၍မသင့်ဟု တွေးမိသောကြောင့်
လည်းဖြစ်လေသည်။ငိုချင်စိတ်ကိုထိန်းထားရသဖြင့်
ရင်ထဲမွန်းကျပ်နေလေသည်။ဆေးရုံမှသုဿာန်သို့ရောက်
လာလေသည်။မီးသဂြိုလ်စက်ခေါင်းတိုင်မှ မီးခိုးများ
ထွက်လာသည်အထိ ခင်စောင့်ကြည့်ပြီးသားတို့ကို
ခေါ်ကာပြန်ရန် ခင်ပြင်လိုက်လေသည်။နောက်နားဆီမှ
ခင့်အကြောင်းပြောနေသံများကို အတိုင်းသားကြား
လိုက်ရလေသည်။

“အဲဒါနိုင်လင်းအရင်မိန်းမပေါ့ တော်တော်အသည်းမာတဲ့
မိန်းမလေ ယောကျာ်းသေတာငိုတောင်မငိုဘူး။
နိုင်လင်းကသူ့မိန်းမနဲ့ကွာချင်တာမဟုတ်ဘူး
အဲဒီမိန်းမကိုအရမ်းချစ်တာ အရက်မူးလာတိုင်း
ခင် ခင်ဆိုပြီးနာမည်ကိုတပြီးခေါ်နေတာ သနားစရာပဲ”

ခင်မကြားချင်ယောင်ဆောင်ပြီး သားနှစ်
ယောက်ကိုခေါ်၍ ကားမောင်းပြီးထွက်လာခဲ့လေသည်။
လူတွေ၏စိတ်ကဆန်းကြယ်လေသည်။ဟိုအရင်ကတော့
ခင်ဟာယောကျာ်းဖောက်ပြန်လို့သနားစရာကောင်းသတဲ့
ခုတော့ခင်ကရက်စက်သူတစ်ယောက်ဖြစ်သွားပြန်လေသည်
အိမ်ထောင်တစ်ခုတည်ဆောက်ပြီးရင် ဘယ်မိန်းမမှ
မကွာချင်ပေ။ကိုယ်ချစ်တဲ့သူနဲ့သက်ဆုံးတိုင်ပေါင်းဖက်ချင်
သူများသာဖြစ်လေသည်။မလွှဲသာလို့မတတ်နိုင်တဲ့အဆုံး
မကွာချင်ပဲကွာခဲ့ရသူများသာဖြစ်လေသည်။ပတ်ဝန်းကျင်
တွင်တစ်ခုလပ်ဆိုတာထက် အိမ်ထောင်ရှိတဲ့မယားက
ပိုတင့်တယ်ကြောင်းခင်လည်းသိလေသည်။
ဒါပေမယ့်နောက်ကျောဓါးနဲ့အထိုးခံရသလို
သစ္စာဖောက်ခံရတာကိုတော့ ခင်ခွင့်မလွှတ်နိုင်ပေ။
ကွာရှင်းလိုက်သည့်အတွက်ခင့်မှာများစွာနစ်နာခဲ့ရလေသည်။
စိတ်ဒဏ်ရာများလည်းရခဲ့လေသည်။သူငယ်ချင်းမိတ်ဆွေ
တွေကြားမှာ ခင့်သိက္ခာကျခဲ့ရလေသည်။ခင်ပိုင်ဆိုင်ရ
မည့်ပစ္စည်းဥစ္စာများလည်းဆုံးရှုံးနစ်နာခဲ့ရသည်။
သားတွေလည်းမွေးကတည်းကချမ်းချမ်းသာသာနေလာပြီး
မှ ယခုမပြည့်မစုံနေရတော့ သူတို့ဘဝမှာငွေကြေး
အခက်အခဲရှိလာရင် ခင့်ကြောင့်ဆိုပြီးစိတ်နာတာကို
လည်း ခံရနိုင်လေသည်။ဒါတွေကိုသိရက်နဲ့ခင်ရအောင်
ကွာရှင်းခဲ့ခြင်းဖြစ်လေသည်။
ယောကျာ်းများသည်ဖောက်ပြန်စဉ်က
ကိုယ့်မိန်းမစိတ်ဒဏ်ရာရမှာတော့ မတွေးပဲကိုယ့်သာယာ
မှုကိုသာရှာတတ်ပြီး မိန်းမကပြတ်သားတော့မှရက်
စက်သူဖြစ်သွားတာကိုတော့ရယ်ချင်မိလေသည်။

“ငါ့ကိုကွာရှင်းလိုက်တဲ့အတွက်မင်းနောင်တရ
နေစေရမယ်ခင်”

တစ်ချိန်ကဦးနိုင်လင်းထွန်းပြောခဲ့တဲ့စကားကို ပြန်ကြား
ယောင်မိလေသည်။ခင်နောင်တမရပါ။အချိန်တွေနောက်
ပြန်လှည့်လို့အနာဂတ်ကိုကြိုသိနေရင်တောင် ခင့်ဆုံးဖြတ်
ချက်ကိုပြင်မှာမဟုတ်ပေ။ဖောက်ပြန်တဲ့သူကအမှားလုပ်သူ
ဖြစ်၍ သူ့မှာသာအပြစ်ရှိလေသည်။နစ်နာသူမှာခင်သာဖြစ်
လေသည်။ထို့ကြောင့်ခင်သည်လောကကြီးတစ်ခုလုံးက
လူတွေကြားအောင်

“ဖောက်ပြန်သူမှာသာ အပြစ်ရှိလေသည်”

လို့အော်ပြောလိုက်ချင်လေသည်။

“ဖောက်ပြန်သူမှာသာ အပြစ်ရှိလေသည်”

ဇာတ်သိမ်းပိုင်းပြီးပါပြီ။

crd-ယုယုငယ်