” ဘွားမယ်စိန်နှင့် ကလေးသရဲ ” (စ/ဆုံး)

Posted on

” ဘွားမယ်စိန်နှင့် ကလေးသရဲ ” (စ/ဆုံး)

==================================

 

“ကျော်ဦး…ဟဲ့…ကျော်ဦး…လာစမ်း…
တော်နေဆို နင့်ပထွေးက ရောက်လာတော့မယ်…
ထမင်းလေးတစ်အိုးတည်ခိုင်းတာ
ဒီလောက်ကြာရသလားဟဲ့…”

“ဖြန်း…”

“အမယ်လေးဗျ…”

မိတူးက သားဖြစ်သူရှစ်နှစ်သားလေး၏ကျောပြင်အား
ဖြန်းခနဲရိုက်လိုက်သည်။
ထင်းမီးလေးဖြင့် ထမင်းတစ်အိုးကျက်စေဖို့
အရွယ်လေးနဲ့မမျှအောင် လုပ်ကိုင်နေရသောကျော်ဦး၏
မျက်နှာသည် မည်းညစ်နေယုံမက မျက်ရည်များကလည်း
အကြောင်းလိုက်ဖြစ်နေခဲ့၏။

“ဟဲ့…အကောင်…ငါပြောတာကြားလား…
မြန်မြန်ချက်…မြန်မြန်ငှဲ့…နင့်ပထွေးကငါ့ကိုဆူရင်
နင်သေမယ်မှတ်…”

မိတူးက ထိုသို့ကျော်ဦးကိုပြောဆိုပြီးနောက် တဲထဲသို့ဝင်သွားတော့သည်။

ကျော်ဦးသည်က ပွက်ပွက်ဆူနေသော ထမင်းအိုးကို
မနိုင်မနင်းမယူ၍ ထမင်းရည်များငှဲ့နေရှာတော့၏။

မိတူးနှင့် စံလင်းတို့၌သားသမီးနှစ်ယောက်ရှိ၏။
တစ်​ယောက်က ကျော်ဦးဖြစ်သလို…ကျန်တစ်ဦးမှာ
လေးနှစ်အရွယ်မိန်းကလေးဖြစ်သည်။
စံလင်းက အလုပ်မယ်မယ်ရရဟူ၍မရှိဘဲ…
ကြက်တိုက်…ဖဲရိုက်နှင့်သာအချိန်ကုန်တတ်သူဖြစ်သည်။
မိတူးကသာ ရွာထဲလှည့်အဝတ်လျော်၍ရသောငွေကြေးလေးဖြင့် စားဝတ်နေရေးဖြေရှင်းနေရသည်။

“တောက်…ဟေ့…မိတူး…မိတူး…ထွက်ခဲ့စမ်း”

စံလင်းမူးမူးရူးရူးဖြင့်ပြန်ရောက်လာသည်။

“ဘာလဲတော်…အော်ကြီးဟစ်ကျယ်နဲ့…
ဘာလဲပြော…”

“အောင်မယ်…ကောင်မ…ငါ့ကိုတောင်
ပြန်ပြောနေတယ်ပေါ့”

“အောင်မလေး… ကိုယ်စားဖို့ထမင်းတောင်
ကိုယ့်ဘာသာရှာစားနေရတာကို ငါကနင့်ကို
ကြောက်ရဦးမှာလားစံလင်းရဲ့…”

“​တောက်…နင်တော့သေတော့မယ်…”

မိတူးကလည်း စံလင်းကိုပြန်၍အော်ဟစ်လေသည်။
အရက်သောက်လာ၍သွေးများဆူနေသော စံလင်းက
မိတူးကိုဒေါသထွက်ကာဆံပင်များဆွဲ၍ပါးကိုရိုက်​လေသည်။

“ဖြန်း…”

“ကောင်မ…နင်ငါ့ကိုနောက်ပြန်ပြောကြည့်…
ဒီထက်နာမယ်…”

“နင်ကငါ့ကိုရိုက်တယ်…မသာ…နင်သေပြီသာမှတ်…”

ဟု…တစ်ယောက်နဲ့တစ်​ယောက်အော်ဟစ်၍
လုံးသတ်ကြတော့သည်။
ကျော်ဦးကတော့ညီမငယ်​လေး၏လက်ကိုဆွဲ၍
ရွာထဲသို့ထွက်သွားတော့၏။

ထိုသို့တစ်ရက်မှာတော့ …

‘ဟေ့ကောင်ကျော်ဦး….လာ…ကိုစိန်တိုးအရက်ဆိုင်က
တစ်လုံးသွားယူချေ…အရက်ဖိုးကို
အကြွေးမှတ်ထားလို့လည်းပြောလိုက်…ကြားလား”

ဟု…စံလင်းက မလှမ်းမကမ်း၌ ရွံ့များနဲ့ဆော့ကစားနေသော ကျော်ဦးကိုခေါ်၍အရက်သွားယူခိုင်းသည်။
အဖေဖြစ်သူ၏မျက်နှာကိုကြည့်ကာခေါင်းတစ်ချက်ညိတ်၍ ကျော်ဦးအရက်ဆိုင်သို့ထွက်လာခဲ့၏။

“ဦးစိန်တိုး…အဖေက အရက်တစ်လုံးယူခိုင်းလိုက်လို့”

ဟု…ကျော်ဦးပြောလေတော့ အရက်ဆိုင်ပိုင်ရှင်
စိန်တိုးက ကျော်ဦးကို မျက်မှောင်ကျုံ့ကာကြည့်ပြီး…

“ဟေ့…မင်းအဖေအရင်ယူထားတဲ့အကြွေးတွေကို
အရင်လာဆပ်ဦးလို့ပြောလိုက်…နောက်အကြွေးတော့ထပ်မပေးနိုင်ဘူးကွာ…”

ဟု…ပြောလေတော့…

“အခုတော့အကြွေးလေးပေးလိုက်ပါဦးစိန်တိုးရာ…
အဖေလာသောက်မှအကြွေးတောင်းပါဗျ…
ကျုပ်ကိုယူခိုင်းတဲ့အရက်မပါရင်
အရိုက်ခံရမှာဦးစိန်တိုးရဲ့….”

ဟု…ကျော်ဦးက မျက်နှာငယ်လေးဖြင့်ပြောလေတော့
စိန်တိုးလည်းသနားသွားသည်။
စံလင်းတို့လင်မယား ကျော်ဦးအပေါ်ရိုက်နှက်တာကိုလည်းမြင်တွေ့နေရသည်မလို့ ကျော်ဦးကိုသနား၍…

“ဒီတစ်ခါနောက်ဆုံးနော် ကျော်ဦး…
ငါ…မင်းကိုသနားလို့ပေးလိုက်မယ်…
မင်းအဖေကိုတော့နောက်တစ်ခါဆိုအကြွေးတွေဆပ်မှ
အရက်ရောင်းမယ်လို့ပြောလိုက်ကွာ…”

“ဟုတ်ကဲ့…ဦးစိန်တိုး…”

ကျော်ဦးပျော်သွားသည်။
စိန်တိုးပေးသောအရက်တစ်လုံးကိုပွေ့ပိုက်ပြီး
အိမ်သို့ပြန်လာခဲ့၏။
အချိန်ကညနေမှောင်ရီပျိုးစဖြစ်သည်။
အရက်ပုလင်းလေးပိုက်၍အိမ်သို့ပြန်လာသောကျော်ဦးတစ်ယောက်…ခဲတစ်လုံးကိုတက်နင်းမိပြီး…

“ဘုန်း” ခနဲလဲတော့၏။

“ဟင်…” ကျော်ဦးအလန့်တကြားဖြင့် မြေပေါ်၌မှောက်နေသောအရက်ပုလင်းကိုကောက်ယူလိုက်သည်။
အရက်များက မြေပေါ်၌ပုလင်းတစ်ဝက်ခန့်ထွက်ကျကုန်ပြီဖြစ်၏။

“အဖေတော့ငါ့ကိုရိုက်တော့မှာပဲ…”

ကျော်ဦးကြောက်လန့်သွားသည်။
အရက်ကပုလင်းထဲ၌တစ်ဝက်သာကျန်တော့၏။
ကြောက်ကြောက်လန့်လန့်ဖြင့်မြေပေါ်မှထကာ
ကျော်ဦးအိမ်ပြန်လာခဲ့သည်။
ခြံဝိုင်းဝသို့ရောက်သော်လည်း ကျော်ဦး အိမ်ထဲသို့
မဝင်ရဲဘဲရပ်နေခဲ့သည်။

“ဟဲ့…ကျော်ဦး…ဘယ်တွေသွားနေတာလဲ…
လာခဲ့စမ်း”

မိတူးက ကျော်ဦးကိုမြင်တော့အော်ခေါ်သည်။
မိတူးအသံကြောင့်စံလင်းက ဝိုင်းဝကိုကြည့်၍…

“အရက်တစ်လုံးသွားယူခိုင်းတာကို
ဒီလောက်ကြာရသလားကွ…
မြန်မြန်လာခဲ့စမ်း…ဟေ့ကောင် ကျော်ဦး
ငါခေါ်နေတာမကြားဘူးလား”

ဟု…အော်ကာခေါ်လေသည်။
ကျော်ဦးခမျာကြောက်၍ လက်များ၊ခြေများပင်တုန်ရီနေရှာသည်။

“မြန်မြန်လာခဲ့ပါဟ…တောက်…ဒီကောင်ကတော့ကွာ…”

စံလင်းက ကျော်ဦးကိုအတော်လေးဒေါသထွက်နေသည်။

“အဖေ…”

အဖေဖြစ်သူအနားသို့ရောက်တော့
ကျော်ဦးရှင်းပြချင်၍ခေါ်လိုက်သည်။

“ပေး…အရက်ပုလင်း…ပေးစမ်းကွာ…”

စံလင်းက ကျော်ဦးပြောမည့်စကားကိုမစောင့်ဘဲ
အရက်ပုလင်းကိုယူ၍ မော့သောက်လိုက်သည်။
မော့သောက်ပြီးလေမှ…

“ဟ…အရက်ကတစ်ဝက်ပဲပါတာလား…
ကျော်ဦး…မင်း…ပြောစမ်း…ငါ့အရက်တစ်ဝက်ဘယ်​ရောက်သွားတာလဲ…ပြော လို့…ဟေ့ကောင်ကျော်ဦး”

ဒေါသတကြီး ကျော်ဦး၏ပုခုံးကိုခပ်ကြမ်းကြမ်းကိုင်လှုပ်၍မေးလိုက်သည်။

“သား…သား လမ်းမှာ ချော်လဲလာခဲ့လို့ပါအဖေ…”

ဟု…ကျော်ဦးက ငိုကာယိုကာပြောတော့…

“ဘာကွ…မင်း…ဒီအရက်ပုလင်းလေးကိုတောင်
သေချာမယူခဲ့နိုင်ဘူးလား…တောက်…အေး…ငါ့အတွက်
ဒီအရက်ကဘယ်လောက်အရေးပါတယ်ဆိုတာ
မင်းသိစေရမယ်…”

“အဖေ…သားမှားပါတယ်…သားကိုမရိုက်ပါနဲ့….
အဖေ…အမေ…အမေ…အဖေ့ကိုတားပါဦး…
အီးးးးးးးးးးဟီးးးးးးးးးးးးးး”

“သွား…ငါ့အနားမလာနဲ့”

ကျော်ဦးခမျာအဖေကိုကြောက်၍အမေဖြစ်သူအနားပြေးကပ်သော်လည်း အမေဖြစ်သူက ကျော်ဦးကို
တွန်းထုတ်လိုက်သည်။
စံလင်းကလည်း သားဖြစ်သူကိုရိုက်ဖို့တုတ်လိုက်ရှာနေသည်။

“အဖေ…သား…သားမှားတာပါ…
သားတောင်းပန်ပါတယ်အဖေ…
သားကိုမရိုက်ပါနဲ့တော့နော်…”

ဟု…ကျော်ဦးသည် စံလင်း၏ညာခြေထောက်ကို
ဖက်၍ငိုယိုကာတောင်းပန်ရှာသည်။

“ဟေ့ကောင် ကျော်ဦး…
ဖယ်နော်…ငါ့ခြေထောက်ကိုအခုဖယ်…”

“သားကိုမရိုက်ပါနဲ့အဖေရယ်…”

ကျော်ဦးကအရိုက်ခံရမည်ကိုကြောက်၍
စံလင်း၏ခြေထောက်ကိုလုံးဝမဖယ်ဘဲ
ဖက်ထားလေသည်။

“မဖယ်ဦးကွာ…မဖယ်ချင်ဦး…”

စံလင်းကထိုသို့အော်ပြီး ကျော်ဦးကို ကျန်ခြေထောက်တစ်ဖက်ဖြင့်ကန်တော့သည်။

“ဘုန်း…”

“အင့်…”

ကျော်ဦးတစ်ယောက်အင့်ခနဲအော်ကာ
မြေပေါ်သို့လဲကျသွားသည်။
စံလင်း၏အားပြင်းသောကန်ချက်က
ကျော်ဦး၏ချက်ကောင်းကိုထိသွားပုံရ၏။
ခါတိုင်းအခါများ၌ရိုက်နှက်ခံရလျှင် ကျော်ဦး
ငိုယိုနေတတ်သော်လည်း ယခုတော့
မြေပေါ်၌ပက်လန်လံကာငြိမ်နေခဲ့သည်။

“တောက်…မင်း…နောက်တစ်ခါမလွယ်ဘူး”

စံလင်းက ကျော်ဦးကိုမကြည့်ဘဲ အရက်
ဆက်သောက်နေခဲ့သည်။
မိတူးက…

“ဟိုကောင်လေး…မိုးချုပ်နေပြီ ထမင်းလာစားတော့…
ဟဲ့…ငါပြောတာကြားလား…တယ်…ထပ်အရိုက်ခံချင်နေတာထင်တယ်…”

မိတူး လည်း ကျော်ဦးအနားကိုရောက်လာခဲ့သည်။

“ဟယ်…ကျော်ဦး…ကျော်ဦး….
ကိုစံလင်း…တော် ကလေးကိုဘယ်လောက်​တောင်ရိုက်လိုက်တာလဲ…ကျော်ဦးရေ…ကျော်ဦး….”

ဒေါ်မိတူးအလန့်တကြားဖြင့် ကျော်ဦးကိုလှုပ်နှိုးတော့သည်။

“ငါမရိုက်ရသေးပါဘူးဟာ…”

စံလင်းလည်းအနားရောက်လာခဲ့ပြီး ကျော်ဦးကိုကြည့်၏။

“ကိုစံလင်း…ကျော်ဦးပါးစပ်မှာ…သွေး…
သွေးတွေ…အမယ်လေး…ကျုပ်သားသေပြီ…
ကျုပ်သားသေပြီတော့်…အမယ်လေး…လာကြပါဦး…
ကျုပ်သားလေးသေပြီတော့်”

ကျော်ဦးတစ်ယောက် မိတူး၏အသံကို
မကြားနိုင်တော့ပေ။
အဖေဖြစ်သူစံလင်း၏ကန်ချက်က ကျော်ဦး၏ရင်ညွှန့်ကို
ဆောင့်ကန်မိခဲ့၏။
ချက်ကောင်းကိုကန်မိ၍ကျော်ဦးခမျာ
သေဆုံးခဲ့ရရှာသည်။

**************************************
ဘွားမယ်စိန်သည် ကွပ်ပျစ်ခင်း၌ထိုင်ကာ…
ရေနွေးကြမ်းလေးသောက်နေခဲ့သည်။
ရေနွေးကြမ်းသောက်နေစဥ်…

“အမေ…ဒီမှာ ကျုပ်မြင်းခွာရွက်လေးသုပ်ပေးထားတယ်…
အကြမ်းရေလေးနဲ့မြည်းလိုက်နော်…”

ဟု…ပြောကာ ဒေါ်ဝင်းက မြင်းခွာရွက်ပန်းကန်လေးကို
ချပေး၏။

“ညည်းသမီးကော…မမြင်ပါလား”

“အဲ့သည်ကလေးမ စောစောလေးကမှ
ဘုန်းကြီးကျောင်းကပြန်လာတာ…
အခုအိမ်မှာမရှိပုံအရဆို ရွာထဲသွားလည်နေပြီ
ထင်ရဲ့တော်…”

“အေး…ကိုယ်မွေးထားတာမိန်းကလေးဆိုတာမမေ့နဲ့အေ့…
နောက်မှာထား…သွားတာလာတာကိုလူကြီးတွေကိုအသိပေးပြီးမှသွားလို့ပြော…ကြားလား”

“ကြားပါတယ်အမေရယ်…
ဒီစကားကအမေပြောလည်းရတာပဲဟာ…
ကျုပ်တို့ငယ်ငယ်တုန်းကဆို အမေကဒါဆိုဒါ
အတွန့်မတက်ရဲပါဘူးတော်…
အခု…အမေကိုယ်တိုင်က အမေ့မြေးမကိုအလိုလိုက်ထားတော့ ဖြစ်သမျှကျူပ်ခေါင်းပေါ်ကြီးပဲတော်…”

ဟု…ဒေါ်ဝင်းကပြောလေတော့…

“ဟဲ့…နင်တို့ခေတ်နဲ့သူတို့ခေတ်ကမတူဘူးအေ့…
နင်တို့တုန်းက ငါထိန်းနိုင်ပေမယ့်…
သူတို့တတွေကိုပြောဖို့ကျ ငါကအဘွားကြီး
ဖြစ်နေပြီလေအေ…ဒါကြောင့် အမေဖြစ်တဲ့နင့်ကို
ပြောခိုင်းတာပေါ့မိဝင်းရယ်…
ဘယ့်နဲ့သားသမီးတွေကိုထိန်းခဲ့ပြီး…မြေးတွေကိုပါထပ်
ထိန်းရမယ်ဆို…ဟောသည်က မယ်စိန် ထမိန်တောင်
မြဲမယ်မထင်ပါဘူးအေ…”

ဟု..ဘွားမယ်စိန်အော်ငြီးလိုက်တော့သည်။

“ဘွားရေ…ကျူပ်တို့ဝိုင်းထဲဝင်လာပြီနော်”

ထိုအသံနှင့်အတူဝင်လာသည်က မောင်တိုးနဲ့
မောင်အုန်းဖြစ်သည်။
သူတို့၏နောက်ပါးမှာတော့တစိမ်းတစ်ဦးလည်း
အတူပါလာခဲ့၏။

“လာကြကွဲ့…ထိုင်ကြ”

“ဟုတ်ကဲ့ဘွား…”

မောင်တိုးတို့က ကွပ်ပျစ်ခင်းပေါ်၌ဝင်ထိုင်ကြသည်။

“ဘယ်ကနေများလှည့်လာကြတာလဲ…”

“ဘယ်ကမှမလှည့်ပါဘူးဘွားရယ်…
ဘွားဆီကိုပဲလာခဲ့ကြတာပါဗျ…”

“ဒါနဲ့ဟောသည်က သူငယ်ကဘယ်ကများလဲ…
တစ်ခါမှမမြင်ဖူးလို့ကွဲ့…”

ဟု…ဘွားမယ်စိန်ကမေးတော့…

“ဒါကျုပ်သူငယ်ချင်း မင်းသိန်းတဲ့ဗျ…
ဒီကောင်က ညောင်ရိုးရွာမှာအိမ်ထောင်ကျသွားတာ
ဒီကောင့်ဇာတိရွာကတော့အင်တိုင်းရွာဗျဘွားရဲ့…”

ဟု…မောင်အုန်းကဖြေ​လေသည်။
မင်းသိန်းကလည်းခေါင်းညိတ်၍…

“ဟုတ်ပါတယ်ဘွား…
ကျုပ်ကအင်တိုင်းရွာသားပါ…
အိမ်ထောင်ကျပြီး မိန်းမမိဘများနေတဲ့ညောင်ရိုးရွာမှာပဲ
အခြေချခဲ့တာပါ…”

ဟု…ပြောလိုက်လေတော့ ဘွားမယ်စိန်ကခေါင်းညိတ်၍…

“အခုကရွာကိုအလည်ပြန်လာရင်း
သူငယ်ချင်းတွေဆီကိုလာလည်တာပေါ့…”

ဟု…ပြန်ကာမေးတော့ မောင်အုန်းက…

“ဒီကောင်ကအလည်ပြန်လာတာမဟုတ်ဖူးဗျ…
သူနေတဲ့ရွာမှာ သရဲဒုက္ခပေးနေတယ်ဆိုပြီး
ကျုပ်တို့ဆီရောက်လာတာ…
ကျုပ်တို့ကနေဘွားကိုကူပြောပေးပါဆိုပြီးလည်း
အပူကပ်နေလို့ခေါ်လာခဲ့လိုက်ရတာဗျ…”

ဟု..ပြောလိုက်သည်။

“သရဲဒုက္ခပေးတယ်…
ဘယ်လိုများဒုက္ခပေးတာလဲကွဲ့”

“ကျုပ်နေတဲ့ညောင်ရိုးရွာမှာလူတွေအတော်​လေး
စိတ်ဒုက္ခရောက်နေကြတယ်ဗျ…
ညောင်ရိုးရွာမှာဒုက္ခပေးနေတဲ့သရဲက
ရိုးရိုးသရဲမဟုတ်ဘူး ဘွားရဲ့…
ကလေးသရဲဗျ…ကလေးသရဲ…”

“ဘယ်လိုကလေးသရဲဟုတ်လား”

“ဟုတ်တယ်ခင်ဗျ…
ဒီကလေးသရဲက ရွာထဲက ကလေးတွေကို
ညတိုင်းခေါ်ခေါ်ဆော့တာ…
ကလေးမိဘတွေဆိုတာ သူတို့သားသမီးတွေအတွက်
အတော်လေးစိုးရိမ်နေကြရရှာတာ…”

‘နေပါဦးကွဲ့…လာခေါ်တဲ့ကလေးကသရဲဆိုတာ
ရွာထဲက ကလေးတွေမသိကြဘူးလား…”

“ဘွားပြောသလိုပဲ…ကလေးတွေကို
ဘယ်လိုများညို့ခေါ်သလဲမသိပါဘူးဗျာ…
ညဆို ကလေးတွေက ရွာအလယ်ကွင်းမှာ
ရောက်နေကြပြီးသားဗျ…
နေ့ဆိုမိဘတွေပြောပြလို့ကလေးသရဲကို
ကြောက်ကြပေမယ့်ညဆို ရွာအလယ်ကကွင်းထဲမှာ
ဆော့ကစားနေကြပြီခင်ဗျ…”

“အထူးအဆန်းပါလားကွဲ့…ဒါမျိုးတော့
ဘွားတစ်သက်မကြားဖူးသေးဘူး…”

“ဒါကြောင့် ကျုပ်ကလည်း ညောင်ရိုးသူ၊ညောင်ရိုးသားတွေကို ဘွားကိုကျုပ်ပင့်ခေါ်ခဲ့မယ်လို့ပြောပြီး
ထွက်လာခဲ့တာခင်ဗျ…
ဒါနဲ့…ဘွားဘက်ကရော ညောင်ရိုးရွာကိုကူညီ
ပေးနိုင်မလားဗျ…”

ဟု…မင်းသိန်းကမေးတော့…

“ကူညီမှာပေါ့ကွယ်…
မောင်ရင်ကညောင်ရိုးကိုဘယ်တော့လောက်ပြန်မှာလဲ”

“ဘွားတို့လိုက်ခဲ့မယ်ဆိုရင်ဖြင့်
မနက်ဖြန်မနက်လောက် ပြန်မယ်ဗျ…”

“အေး…အေး…အေး…
ဘွားတို့်လည်း မနက်ဖြန်မနက်မောင်ရင်နဲ့
အတူလိုက်ခဲ့လိုက်မယ်…”

“ဟုတ်ကဲ့ ဘွား…ကျေးဇူးတင်ပါတယ်ဗျာ…”

ထိုသို့ဖြင့်ဘွားမယ်စိန်က ညောင်ရိုးရွာမှကလေးသရဲကိစ္စကို ဖြေရှင်းပေးဖို့သဘောတူလိုက်သည်။

 

မနက်ဖြန်မနက်ပိုင်း၌ မောင်တိုးနဲ့မောင်အုန်းတို့နှင့်အတူ
ညောင်ရိုးရွာသို့ခရီးထွက်လာခဲ့သည်။
မင်းသိန်းကတော့ သူ၏နွားလှည်းကလေးဖြင့်ရှေ့မှ
မောင်းလေသည်။
ညောင်ရိုးရွာဆီကိုရောက်တော့နေ့လယ်ခင်းအချိန်ဖြစ်သည်။
မင်းသိန်း၏ယောက္ခမများက ဘွားမယ်စိန်တို့ကို
ဝမ်းသာအားရကြိုဆိုကြသလို…
ညောင်ရိုးရွာသူ၊ရွာသားများမှာလည်း
ဘွားမယ်စိန်တို့အား ဝိုင်းအုံကာကြည့်နေခဲ့ကြသည်။

“ဟေ့…မင်းတို့ဒီလောက်လူများနေမှတော့
ဒီကအမေကြီးတို့နေရခက်မှာပေါ့…
သွားကြ…ကိုယ့်အိမ်ကိုပြန်ကြတော့…
ဟေ့…ငါပြောတာကြားကြသလား”

အရက်ပုပု…ထိပ်ပြောင်ပြောင်ဖြင့် လူကြီးက
ညောင်ရိုးရွာသူ၊ရွာသားများကို.ထိုသို့ပြောလိုက်သည်။

“ဟော…သူကြီးရောက်လာတာပဲဗျ…
ဘွား…အဲ့တာကျုပ်တို့ညောင်ရိုးရွာသူကြီး…
ဦးထိန်တဲ့ဗျ…”

“ဟုတ်ပါတယ်…ကျုပ်နာမည်ဦးထိန်ပါ…
အားလုံးခေါ်ကြတာတော့သူကြီးဦးထိန်ပေါ့ဗျာ…
နေကောင်းတယ်နော်အမေကြီး…”

ဟု…သူကြီးဦးထိန်က ဘွားမယ်စိန်နှင့်မျက်နှာခြင်းဆိုင်
ခုံတန်းရှည်၌ဝင်ကာထိုင်ရင်းပြောလိုက်သည်။

“ကောင်းပါတယ်ကွဲ့…”

“ဟုတ်ကဲ့…ကျုပ်တို့ကတော့ အမှန်တိုင်းပြောရရင်
အမေကြီးအကြောင်းကိုမကြားဖူးဘူးခင်ဗျ…
ဒါပေမယ့် ဒီအင်တိုင်းသားကပြောပြလို့
သိထားပါတယ်…လိုက်လာခဲ့ပေးတာ
ကျေးဇူးတင်ပါတယ်ဗျာ…”

သူကြီးဦးထိန်ကထိုသို့ပြောလေတော့
ဘွားမယ်စိန်ပြုံးသွားသည်။

“ဘွားအကြောင်းကဘာမှမထူးခြားပါဘူးကွယ်…
သြော်…ဒါနဲ့မောင်ရင်တို့ရွာမှာဖြစ်နေတဲ့
ကလေးသရဲကိစ္စလေးပြောပြပါဦး…
ဒီသရဲကဘယ်အချိန်လောက်က
ဒီရွာကိုရောက်လာတာလဲကွဲ့…”

ဟု…ဘွားမယ်စိန်ကမေးလေတော့…

“အင်း…ပြောရရင်တော့ ဒီသရဲက ကျုပ်တို့ရွာကပဲဗျ…
ကျုပ်တို့ရွာသားစံလင်းနဲ့မိတူးတို့ရဲ့သားအကြီးကောင်
ကျော်ဦး လို့ခေါ်တယ်ဗျ…
ဒီကလေးခမျာမိဘတွေရဲ့အရိုက်လွန်မှုကြောင့်
သေခဲ့ရရှာတာ…”

သူကြီးဦးထိန်က စိတ်မကောင်းစွာပြောလေသည်။

“သူကြီး…မနေ့က ကိစ္စ​ပြောလိုက်လေတော်…”

ရွာသူတစ်ယောက်က စိတ်မရှည်စွာဖြင့်
သူကြီးဦးထိန်ကိုပြောလိုက်သည်။

“ငါပြောမှာပေါ့အေးပုမရယ်…
နင်ကဘာဝင်ပြီးလျှာရှည်တာလဲ…
ငါကဒီရွာရဲ့သူကြီးပါဟ…”

ဟု…သူကြီးဦးထိန်က အေးပုမကို ငေါက်ငမ်းလိုက်၏။

“မနေ့ညက ဘာများဖြစ်လို့လဲကွဲ့…”

ဟု…ဘွားမယ်စိန်ကမေးလေတော့မှ သူကြီးဦးထိန်သည်…

“မနေ့က ကလေးတချို့ ရွာလယ်မှာရှိတဲ့
ကွင်းထဲထွက်ဆော့ကြတယ်ဗျ…
ကြည့်ရတာ ဟိုကလေးသရဲကသူတို့ကို စိတ်ညို့ပြီး
ခေါ်သွားပုံရပါတယ်… အဲ့သည်ကလေးတွေထဲက
ဖိုးထွေးဆိုတဲ့ကောင်လေးတစ်ယောက် မိုးလင်းတော့
ခေါ်မရနိုးမရနဲ့ ကွင်းထဲမှာတစ်ယောက်ထဲကျန်ခဲ့တယ်
အမေကြီးရဲ့…”

ဟု…ပြောလိုက်သည်။

“ဒါဖြင့်…ဘွား ကို အဲ့သည် ကလေးဆီလိုက်ပို့ပေးကွယ်…
ဘွား ကြည့်ပေးချင်တယ်…”

“ဟုတ်ကဲ့…ကျုပ်ကိုယ်တိုင်လိုက်ပို့ပေးပါ့မယ်…”

သူကြီးဦးထိန် က ဘွားမယ်စိန်တို့ကို
ကလေးငယ်အိမ်သို့ခေါ်သွားသည်။

“ဒီအိမ်ပဲဗျ…ဟေ့…ငထွန်း…ငထွန်းရှိလား”

“သူကြီးဝင်ခဲ့ဗျ..ကျုပ်တို့အားလုံးရှိတယ်…”

ဘွားမယ်စိန်တို့အိမ်ထဲဝင်လာခဲ့တော့ အိမ်အတွင်း၌
လူများအတော်စုံနေသည်။

“ကဲ…ဒီကလေးမှာရှိတဲ့မကောင်းတဲ့အရာတွေကို
ဖယ်ရှားပေးလိုက်ပြီ…ဒီကလေးအသက်ရှင်နိုင်ပြီကွဲ့”

ကုတင်ပေါ်၌ ကလေးလေးက ငုတ်တုပ်ထ
ထိုင်နေသည်။
ဘေး၌လည်း အသက်ငါးဆယ်အရွယ်လူကြီးရှိ၏။

“သူကြီး…ဖိုးထွေးလေးကို ဟောသည်က ဆရာထူး
ကုပေးလိုက်ပြီဗျ…ဒါနဲ့…ဆရာထူးက ညကျရင် ရွာထဲမှာ
သောင်းကျန်းနေတဲ့ကလေးသရဲကိုလည်း
ရှင်းပစ်မယ်တဲ့ဗျ…”

“ဟေ…ဟုတ်လား…ငါလည်းမသိရပါလား”

သူကြီးဦးထိန် အံ့သြသင့်စွာ​ပြောလိုက်သည်။

“ဟုတ်တယ်ဗျ…ဒီညပဲ ဒီကလေးသရဲကို
ကျုပ်ရှင်းပစ်တော့မယ်…
ခင်ဗျားတို့ခေါ်လာတဲ့ဧည့်သည်တွေကိုတော့
အားနာပါရဲ့ဗျာ…ကျုပ်ရွာကိစ္စကျုပ်ပဲရှင်းလိုက်ပါ့မယ်”

ဟု…ဆရာထူးကပြောလေသည်။

“ဟုတ်မှလည်းပြောပါကိုထူးရာ…
ကျုပ်နဲ့ခင်ဗျားကငယ်ပေါင်းတွေပါဗျ…
ကိုယ့်ဘာသာဆေးလေးကုစမ်းပါဗျာ…”

“ဟ…ဘိုးထိန် မင်းကငါ့ကိုအထင်သေးလှပါလား…
အေး…ညကျရင် မယုံတဲ့သူတွေ ရွာလယ်ကကွင်းမှာ
လာကြည့်လှည့်ကြကွာ…ငါကိုယ်တိုင် ဒီကလေးသရဲကို
အားလုံးရဲ့အရှေ့မှာတင်နှိမ်နင်းပြမယ်…”

ဟု…ဆရာထူးကပြောလေတော့ သူကြီးဦးထိန်လည်း
​ခေါင်းညိတ်သဘောတူလိုက်သည်။
ထိုသို့ဖြင့်ဘွားမယ်စိန်တို့လည်း မင်းသိန်း၏နေအိမ်သို့
ပြန်လာခဲ့ကြသည်။

“ဘွား…ကျုပ်တော့အားနာစရာတွေ
ဖြစ်ကုန်ပြီထင်ပါရဲ့ဗျာ…”

ဟု…မင်းသိန်းကပြောရှာသည်။

“ဘယ်ကအားနာရမှာလည်း ငါ့သားရယ်…
မင်းစောင့်ကြည့်လိုက်စမ်းပါ…
ဒီအကောင်ငထူးက ဆေးဆရာယောင်ယောင်
ဘာယောင်ယောင်နဲ့လုပ်စားနေတာကြာပြီ…
ဒီတစ်ခါတော့ဒင်းကလေးသရဲကိုအကြောင်းပြပြီး​
ငွေရှာဦးမယ်ထင်တယ်…သရဲကိုမနိုင်ရင်
ဒင်းတော့မလွယ်ဘူး…”

ဟု…မင်းသိန်း၏ယောက္ခမကြီးကဝင်ကာပြောလိုက်သည်။

“ဟုတ်တယ်ကွ…အမေကြီးပဲ ဒီကလေးသရဲကို
ရှင်းပစ်နိုင်မှာ…
ငထူးဆိုတာငါတို့နဲ့ငယ်ပေါင်းကြီးဖော်တွေကွ…
ဒီကောင်က ဟိုဆရာနောက်လိုက်…ဒီဆရာနောက်လိုက်နဲ့
ဘာမှအဖြစ်မရှိတဲ့ကောင်ကွ…”

မင်းသိန်း၏ယောက္ခမ များက ဆရာထူး၏
အကြောင်းများကိုပြောသော်လည်းဘွားမယ်စိန်ကတော့
မည်သည့်စကားမှဝင်မပြောခဲ့ပေ။
ညစာစားပြီးလေတော့ဘွားမယ်စိန်သည်.ဘုရားခန်း၌
တရားထိုင်ပုတီးစိပ်ခြင်းကိုပြုလုပ်နေခဲ့၏။

“အမေကြီး…သားကိုကယ်ပါအမေကြီးရယ်…”

“ဟင်…မင်းကဘယ်သူလဲ…”

ဘွားမယ်စိန်၏အာရုံ၌ကလေးငယ်လေးတစ်ဦး
ပေါ်လာခဲ့သည်။
ထိုကလေးငယ်က ဘွားမယ်စိန်ကိုအားကိုးတကြီးပင်
အကူအညီ​တောင်းနေရှာသည်။

“သားက ကျော်ဦးပါ…”

“ကျော်ဦးဆိုတော့ မင်းက ဒီရွာမှာသောင်းကျန်းနေတဲ့
ကလေးသရဲပေါ့…”

“သားလုပ်ချင်လို့လုပ်ရတာမဟုတ်ပါဘူးအမေကြီးရယ်…
သားကိုအတင်းအကြပ်ခိုင်းလို့…မလုပ်ချင်ဘဲလုပ်ရတာပါ”

“အတင်းအကြပ်ခိုင်းတယ်ဟုတ်သလား…
ဘယ်သူကခိုင်းတာလဲ”

“ဟို…ဆရာထူးဆိုတဲ့ဘိုးတော်ကြီးပါ…
သားရဲ့ ဦးခေါင်းခွံကိုယူပြီး သားကိုခိုင်းနေတာပါ…
သူခိုင်းတာမလုပ်ရင် သားကိုနာကျဥ်အောင်အပြစ်ပေးလို့
သူခိုင်းတာတွေလုပ်ခဲ့ရတာပါ…”

“ဒါဆ်ို…ရွာကလူတွေကိုအိမ်မွေ့ချပြီး…
ကလေးတွေကို စိတ်ညို့ခေါ်သွားတယ်ဆိုတာကရော…”

“အဲ့တာလည်းသူခိုင်းတာပါ…
ကလေးတွေရဲ့ဝိညာဥ်ကို မြောအောင်လုပ်ပေးရင်
သားကိုလွှတ်ပေးမယ်ပြောလို့လုပ်မိတာပါ…
ဒါပေမယ့် ဒီဘိုးတော်ကြီးက လူယုတ်မာကြီးဗျ…
သားကိုဒီတစ်ခါ ရွာကလူတွေရှေ့မှာရှင်းထုတ်ပစ်ဟန်ဆောင်မယ်…သူခိုင်းသလိုလုပ်ဆိုပြီး
ထပ်လိမ်ညာပြန်ဦးမယ်…”

“အင်း.. ဘွားရိပ်မိပါတယ်ကွယ်…
ဒါနဲ့ မောင်ရင်လေးက ဘွားကိုဘယ်လိုသိတာလဲကွဲ့”

“ဘိုးဘိုးကြီးတစ်ယောက်ကပြောပြလို့ပါအမေကြီး…
သားကိုအမေကြီးဆီအကူအညီတောင်းချေဆိုပြီး
လွှတ်လို့​ရောက်လာခဲ့တာပါ…
ဒီည သားကိုကယ်ပေးပါနော်…
သားရဲ့ဦးခေါင်းခွံက အဲ့ဘိုးတော်ကြီးလွယ်တဲ့
အိတ်ထဲမှာရှိပါတယ်…သားကိုကယ်ပေးမယ်မဟုတ်လားအမေကြီး…”

ကျော်ဦးက မျက်ရည်လေးတရွဲရွဲဖြင့်ပြောရှာသည်။
ဘွားမယ်စိန်ကခေါင်းညိတ်၍…

“စိတ်ချပါ…ဘွား မောင်ရင်လေးကိုကယ်ပေးပါ့မယ်
ဒါပေမယ့်…မောင်ရင်လေးကိုမကယ်ခင်…
ဟိုဆရာခိုင်းတဲ့အတိုင်းသရုပ်ပြလိုက်ပါ…
ပြီးမှဘွားကိုယ်တိုင်မောင်ရင်လေးကိုခေါ်လိုက်မယ်…”

“ဟုတ်ကဲ့ အမေကြီး…
ရွာလယ်ပိုင်းက ကွင်းပြင်ကိုဆက်ဆက်လာခဲ့ပေးပါနော်…
သားသွားပြီ…”

ဟု…နှုတ်ဆက်ကာကျော်ဦးသည်ဘွားမယ်စိန်၏
အာရုံမှပျောက်ကွယ်သွားခဲ့တော့၏။
ဘွားမယ်စိန်လည်းတရားထိုင်ခြင်းကို
အဆုံးသတ်ပြီး…

“ဘွားတို့တတွေလည်းသူများနည်းတူ
သွားကြည့်ကြတာပေါ့ကွယ်…”

ဟု…မောင်တိုးတို့အားပြောလိုက်လေတော့
မောင်တိုးတို့မှာအံ့သြသွားကြသည်။

“မောင်မင်းသိန်း…လိုက်ပို့ပါဦးကွယ်…”

“ဟုတ်ကဲ့ဘွား…ကျုပ်လိုက်ပို့ပေးပါ့မယ်…”

မင်းသိန်းက ဘွားမယ်စိန်တို့ကို ရွာလယ်ပိုင်းရှိ
ကွင်းပြင်ဆီသို့ခေါ်သွားလေသည်။
နေရာက ကလေးများဆော့ကစားလို့ကောင်းသော
နေရာပင်ဖြစ်၏။
ဘွားမယ်စိန်တို့ရောက်တော့ ရွာမှလူများပင်
စုံလင်နေပြီဖြစ်သည်။
ဆရာထူးကတော့ အားလုံးနဲ့အနည်းငယ်ကွာဝေးသော
နေရာ၌ တစ်ဦးထဲမတ်တပ်ရပ်နေခဲ့သည်။
ဆရာထူး၏ကိုယ်၌ ချည်လွယ်အိတ်ကြီးတစ်လုံးကိုလည်း
လွယ်ထားလေသည်။
ဘွားမယ်စိန်က ဆရာထူး၏ချည်လွယ်အိတ်ကို
ကြည့်နေစဥ် ဆရာထူးက ကောင်းကင်ကိုအကဲခတ်
ဟန်ပြပြီး…

“ကဲဗျာ…မကြာခင်ဆိုရင်သန်းခေါင်အချိန်ကိုရောက်ပါ​တော့မယ်…ဒီတော့ ခင်ဗျားတို့အားလုံးအထင်မကြီးခဲ့တဲ့
ကျုပ်က ဒီရွာမှာသောင်းကျန်းနေတဲ့ကလေးသရဲကို
ခေါ်ပါတော့မယ်…ဟေ့…ဟိုနားက စံလင်းနဲ့မိတူးမလား…
နင်တို့ရဲ့ဆိုးသွမ်းနေတဲ့သားကို ငါဘယ်လို
အပြစ်ပေးမလဲဆိုတာ စောင့်ကြည့်ပေကြတော့…”

ဟု…သြဇာအပြည့်ပါသောအသံဖြင့်​ပြောလိုက်သည်။

“တော်ကြားလား…တော့်ကြောင့်ကျုပ်သားအပြစ်ပေးခံရတော့မယ်…တော့်ကြောင့်ကိုစံလင်းရဲ့”

“ငါ့အမှားပါဟာ..
ငါ့အမှားပါ…ငါ့သားက ငါ့ရဲ့မိုက်ပြစ်ကြောင့်
သေခဲ့ရတာပါမိတူးရယ်…”

စံလင်းနဲ့မိတူးတို့လင်မယားက ပြောရင်းငိုနေကြသည်။
သားဖြစ်သူကျော်ဦးသေဆုံးခဲ့ရခြင်းကြောင့်
သူတို့လင်မယား အတော်လေးနောင်တရနေကြ၏။

“ကဲ…ခေါ်မယ်ဟေ့…
သြောင်းးးး…ဟောသည်ညောင်ရိုးရွာတစ်ခွင်ကိုအစိုးရပါတဲ့ ငါဆရာ ထူး အမိန့်…ခေါ်တဲ့အကောင်အရောက်လာပြီး
မခေါ်တဲ့အကောင်တွေ​ ဘေးကိုဖယ်စေ…ရှားကြစေဟဲ့…
ကျော်ဦးလို့အများခေါ်တဲ့…ဟဲ့….တနင်္လာသား…
ကြားရာ အရပ်ကနေငါဆရာရဲ့ရှေ့မှောက်
အရောက်လာ ခစားစေ…”

ဟု…အမိန့်ပေးကာ ခေါ်လေသည်။
ဆရာထူးအမိန့်ပေးပြီးနောက် လာရောက်ကြည့်သူများဆီမှ အသံများဆူညံစွာထွက်လာခဲ့သည်။

“ဟယ်…ဟိုဟာ ကျော်ဦးမလား…”

“ဟုတ်ပ ကျော်ဦးတော့်…ဆရာထူးကတကယ်စွမ်းတာပဲ”

“သေပြီးတဲ့သူကိုဆရာထူးကအမိန့်ပေးနိုင်တယ်တော့်
တော်လိုက်တာ…”

ကျော်ဦး၏ဝိညာဥ်ကိုအားလုံးမြင်လိုက်ကြသည်။
ကျော်ဦး၏ဝိညာဥ်သည် ဆရာထူး၏အရှေ့၌ဒူးလေးထောက်ကာ ခေါင်းအားငုံ့ထားရှာသည်။

“အားလုံးမြင်ကြတယ်နော်…
ဟောသည်က ကလေးသရဲကို ကျုပ်ရှေ့မှောက်အရောက်ခေါ်ခဲ့သလို…ကျုပ်အမိန့်ကိုလည်း ဒင်းနာခံတာကို
မြင်ကြပြီနော်…ကဲ…ဒီတော့ ဟဲ့…ကလေးသရဲ…
နင့်ကိုငါဆရာ ဖယ်ရှားပစ်မယ်…
ဘုရားငါးဆူရဲ့အမိန့်…
ငါဆရာထူးရဲ့အမိန့်နဲ့ သင့်ကို ဟောသည်နေရာမှာတင်
အငွေ့ဖြစ်သွားစေရမယ်…”

ဟု…​ပြောကာ ကျော်ဦး၏ခေါင်းပေါ်သို့လက်တင်ကာ
ဂါထာများရွှတ်နေခဲ့သည်။
ထိုသို့ရွှတ်နေစဥ်မှာပင် ကျော်ဦးသည် ဆရာထူး၏အရှေ့မှ ဖြေးဖြေးခြင်းပျောက်ကွယ်သွားခဲ့တော့၏။

“ဟယ်…ပျောက်သွားပြီ…”

“ဟုတ်ပ…ပျောက်သွားပြီတော့်…”

ညောင်ရိုးရွာသူ၊ရွာသားတို့ဆီမှ အံ့သြ သံတွေထွက်ပေါ်လာခဲ့ပြန်သည်။
ဆရာထူးကတော့ အားလုံးကိုပြုံး၍ကြည့်နေခဲ့သည်။

“ဆရာထူးတော်လိုက်တာ…
ဒါဆိုကလေးသရဲကိုဆရာထူးရှင်းပစ်လိုက်ပြီပေါ့နော်…”

“ဒါပေါ့ဗျာ… ကျုပ်ရဲ့အမိန့်နဲ့ ဒီသရဲကို
ပျောက်ကွယ်သွား​အောင်ရှင်းပစ်လိုက်ပါပြီ…
ခင်ဗျားတို့အားလုံးအခုဆိုစိတ်ချလက်ချနဲ့
နေနိုင်ပါပြီဗျာ…”

ဟု…ဆရာထူးကပြောလိုက်သည်။

ရွာသူ၊ရွာသားတွေက ဆရာထူးကိုချီးကျုးနေချိန်
ဘွားမယ်စိန်က မောင်တိုးနဲ့မောင်အုန်းကို အနားကပ်၍
စကားပြောနေခဲ့သည်။
ခဏလောက်ကြာလေတော့ မောင်တိုးနဲ့မောင်အုန်းတို့လည်း ဆရာထူးအနီးသို့သွားကြလေသည်။

“ဆရာကတကယ်တော်တာပဲဗျာ…
ကျုပ်တို့ဖြင့်ဆရာ့ပညာကိုအတော်လေးစားနေပြီဗျာ…”

ဟု…မောင်တိုးကပြောရင်း ဆရာထူးနှင့်ရင်းနှီးမှုယူနေ၏။

“ဆရာ…လွယ်အိတ်ကြီးလွယ်ထားရတာလေးမှာပေါ့
ကျုပ်လွယ်ထားပါ့မယ်…ဆရာတပည့်လို့ ကျုပ်ကိုသဘောထားပေးပါဗျာ…”

မောင်အုန်းကလည်းပြောပြောဆိုဆိုဖြင့်
ဆရာထူး၏လွယ်အိတ်ကိုယူကာလွယ်လိုက်လေတော့
ဆရာထူးမှာတားချိန်ပင်မရခဲ့။

မင်းသိန်းသည်က မောင်တိုးနဲ့မောင်အုန်းတို့ကိုကြည့်ရင်း
နားမလည်ဖြစ်နေရှာသည်။

“ကလေးသရဲကိုရှင်းပစ်နိုင်ခဲ့တယ်ဆိုတာ သေချာရဲ့လား”

ဘွားမယ်စိန်ရဲ့အသံက အားလုံးကိုတိတ်ဆိတ်သွားစေသည်။

“အမေကြီး.. ခင်ဗျားမျက်စိများမှုန်နေသလား…
ဟောသည်ကလူတွေတောင်မြင်ပါရဲ့နဲ့ ခင်ဗျားက
မမြင်ဘူးလားဗျ”

ဟု…ဆရာထူးက ပြန်ကာပြော​လေသည်။

“အင်း…ခက်တော့ခက်သား…
တချို့လူတွေက အမှန်တရားကို ဖုံးကွယ်ထားတော့
ကြည့်တဲ့သူတွေကဘယ်အမှန်မြင်မလဲကွယ်…”

“ခင်ဗျားကြီး ဘာစကားပြောတာလဲဗျ”

ဘွားမယ်စိန်နဲ့ဆရာထူးတို့သူတပြန်ငါတပြန်ပြောဆိုနေကြစဥ် မောင်တိုးနဲ့မောင်အုန်းက ဘွားမယ်စိန်အနောက်သို့
သွားလိုက်ကြသည်။

“ဟေ့…နင်ရှင်းပစ်လိုက်ပြီဆိုတဲ့ ကလေးသရဲကို
ငါခေါ်ပြချေမယ်…နင်ကြည့်လိုက်…”

ဘွားမယ်စိန်က ဆရာထူးကိုပြောကာ ကလေးသရဲကို
သူ၏ရှေ့မှောက်သို့အရောက်လာဖို့ခေါ်လေသည်။
ဘွားမယ်စိန်၏အရှေ့၌ ကလေးသရဲ၏ဝိညာဥ်သည်
ရောက်လာခဲ့၏။

“ဟင်…မင်း…မင်း…”

ဆရာထူးလန့်သွားသည်။
သူ၏လွယ်အိတ်ကိုစမ်းတော့ မရှိ၍မောင်အုန်းယူလွယ်ထားသည်ကို အမှတ်ရ၍ မောင်အုန်းကိုရှာတော့
ဘွားမယ်စိန်၏အနောက်၌ရှိနေသည်ကိုတွေ့လိုက်ရတော့သည်။

“လက်စသတ်တော့ ခင်ဗျားတို့ကတစ်ဖွဲ့ထဲကိုးဗျ…”

“ဘယ်နဲ့ရှိလေစ…မတောက်တစ်ခေါက်ပညာနဲ့
ကလေးသရဲကိုချုပ်…ရွာကိုဒုက္ခပေးခိုင်းပြီးမှ
ဆရာအယောင်ပြ…ပညာတွေသုံးပြပြီး…
အတော်လေး ဘဝတွေမြင့်နေတယ်ပေါ့လေ…”

ကလေးသရဲ…ကျော်ဦးသည်က ဆရာထူးကိုဒေါသကြီး
စိုက်ကြည့်နေခဲ့သည်။
ညောင်ရိုးရွာသူ၊ရွာသားတွေကလည်း ဘွားမယ်စိန်ပြောတာကိုနားထောင်ပြီးနောက် ဆရာထူးလိမ်နေတာကို
သိသွားကြ၏။

“လူလိမ်….ငါတို့ကိုလိမ်ရဲတယ်…”

“ဟုတ်ပ…လူလိမ်ဟဲ့…”

ညောင်ရိုးရွာသူ၊ရွာသားတွေက ဆရာထူးကိုဝိုင်းရိုက်ဖို့
လုပ်လေတော့ ဆရာထူးမှာ ​ကြောက်လန့်ပြီး
အော်ဟစ်ငိုတော့သည်။
ထိုအခါ ဘွားမယ်စိန်ကအားလုံးကိုတားရ၏။

“ကဲ…သူလည်းသူ့အမှားသူသိလောက်ပါပြီ…
သူ့အမှားအတွက်သူအပြစ်သူခံယူလိမ့်မယ်…
မောင်ရင်တို့တွေအင်အားနဲ့ရိုက်နှက်လိုက်ရင်လည်း
ဒီလူအသက်သေတာပဲအဖက်တင်လိမ့်မယ်ကွဲ့….”

“ဒီအတွက်မပူနဲ့ဗျ…ကျုပ်ရှိပါတယ်…
ဟေ့…ရွာသားတွေလာကြစမ်း…
ဒီလူလိမ်ကောင်ကိုငါ့အိမ်ကထိပ်တုံးမှာ
သွားချုပ်ထားကြ…”

ဟု…သူကြီးဦးထိန်က လူအုပ်ကြားမှထွက်လာပြီး
ဆရာထူးကိုဖမ်းလေသည်။

ကျော်ဦး၏ဝိညာဥ်သည်က လူတွေကပ်လာ၍
ပျောက်ကွယ်သွားလေသည်။
ဆရာထူးကိစ္စကိုရှင်းလင်းပြီးလေတော့
ဘွားမယ်စိန်သည် မိတူးတို့လင်မယားနှင့် ရွာသူကြီး
ဦးထိန်ကိုခေါ်ကာ…

“ဟောဒါက မောင်ကျော်ဦးရဲ့ ဦးခေါင်းခွံပဲကွဲ့…
ဒီဦးခေါင်းခွံကို ဆရာထူးက ယူပြီး အကြပ်ကိုင်လို့
မောင်ကျော်ဦးခမျာ…သူခိုင်းတာတွေလုပ်ပေးနေရတာ…
အခုတော့ဖြင့် ဟောသည်ဦးခေါင်းခွံကိုမီးရှို့ပေးပြီး
မောင်ကျော််ဦးအတွက်ကုသိုလ်ကောင်းမှုလေးလုပ်..
အမျှအတန်းပေးဝေဖို့ပဲကျန်တော့တယ်…
ဒါကြောင့်လည်းမောင်ကျော်ဦး မိဘများနဲ့ရွာသူကြီးကို
ခေါ်ပြောရတာပါ…”

ဟု…ဘွားမယ်စိန်ကပြောတော့ မိတူးတို့လင်မယားမှာ
သားဖြစ်သူ၏ဦးခေါင်းခွံကိုကိုင်၍ငိုကြရှာသည်။

“သားဖြစ်သူက အတော်လေးကံကြီးပါရဲ့ကွယ်..
သူရောက်နေတဲ့ဘုံမှာလည်း တခြားသော
ဝိညာဥ်တွေထက် မြင့်တဲ့နေရာမှာရှိပါတယ်…
သူ့အတွက်အမျှအတန်းလေးပေးဝေပေးရင်တော့ဖြင့်
သူလည်းဒီဘဝက ကျွတ်လွှတ်နိုင်ပါတယ်ကွယ်…”

“စိတ်ချပါအမေကြီး…ကျုပ်တို့သားအတွက်ကုသိုလ်လုပ်ပေးပါ့မယ်…ကျုပ်လည်းသူရှိစဥ်ကလိုမျိုးအရက်သောက်ပြီး မူးရူးမနေတော့ပါဘူးဗျာ…ကျူပ်သားလေးကို
ကျုပ်ကိုခွင့်လွှတ်ပေးပါလို့ပြောပေးပါနော်…”

ဟု…စံလင်းကပြောလေသည်။
ရွာသူကြီးဦးထိန်ကလည်း သူဦးဆောင်ပြီးကုသိုလ်လုပ်ပေးပါမည်ဟုပြောရှာ၏။
ထိုသို့ဖြင့် ဘွားမယ်စိန်လည်း ကျော်ဦး၏ဦးခေါင်းခွံအား
မီးရှို့ပေးလိုက်တော့သည်။
ညောင်ရိုးတစ်ရွာလုံးကတော့ ကျော်ဦးအတွက်
စိတ်မကောင်းဖြစ်ကြသလို…ဘွားမယ်စိန်ကိုလည်းကျေးဇူးတင်နေကြရှာသည်။
အားလုံးရွံမုန်းသွားကြသည့်ဆရာထူးကတော့
ကတုံးကြီးတုံးပြီး ဘုန်းကြီးကျောင်း၌
တံမြတ်စည်းလှည်း၊ကြမ်းတိုက်အပြင်…ရွာထဲရှိ
မြောင်းဖော်ခြင်း…ခြံစည်းရိုးခတ်ခြင်းများ၌ ကူညီကာလုပ်ကိုင်ပေးနေရတော့သည်။

ထိုသို့ဖြင့်ကလေးသရဲစာမူလေးပြီးဆုံးသွားခဲ့ပါသည်။

ရေးသားသူ – ယဥ်မင်း(ကန့်ဘလူ)

#crd