မိနစ်ပိုင်းလေးပါပဲ

Posted on

မိနစ်ပိုင်းလေးပါပဲ(စ/ဆုံး)
————————-

“အချစ်
ကိုကို အလုပ်သွားတော့မယ်နော် ”

ကျွန်မ ကိုကို့ ကို ဘာမှပြန်မဖြေဘဲ အိပ်ချင်ယောင်ဆောင်နေလိုက်သည်။ ကိုကို သည် မနေ့ညက နောက်ကျမှ အလုပ်ကပြန်လာသည်။ မနေ့က ကျွန်မမွေးနေ့ ဖြစ်ပါလျက် ကိုကို အပြန်နောက်ကျတာမို့ ကျွန်မစိတ်ဆိုးမိသည်။ ကိုကို ဝယ်လာသည့် ကိတ်မုန့်ဟာ ရေခဲ‌ေ သတ္တာထဲမှာ ဒီအတိုင်းရှိသည်။ ကိုကို မွေးနေ့လက်ဆောင်ပေးသည့် ဖိနပ်ကလေးကိုလည်း ခုတင်ခြေရင်းက မဖယ်ရသေးပေ။

” အချစ် ကိုကို့ ကို စိတ်မဆိုးပါနဲ့ ၊ ကိုကိုတောင်းပန်ပါတယ် ဒီညနေ စောစောပြန်ခဲ့မယ်နော် ”

ကိုကိုသည် ကျွန်မ၏ ဘယ်ဘက်ပါးလေးကို တစ်ချက်ညာဘက်ပါးလေးကို တစ်ချက် နှင့် ကျွန်မ၏ နှုတ်ခမ်း‌ေလးကို တစ်ချက် နမ်းရှိုက်သွားပြီး ကျွန်မဘေးမှ ထွက်သွားသည်။

ကျွန်မသည် တံခါးကိုဖွင့်ကာ ထွက်သွားသော ‌ကိုကို၏ ကျောပြင်လေးကို ဆွေးဆွေးငေးငေး လှမ်းကြည့်လိုက်မိသည်။ ကိုကိုကတော့ မျက်နှာပြန်လှည့်မလာတော့ပါ။ကျွန်မသည် ဘေးမှာ အိပ်ပျော်နေသော သမီးကလေးကို ဖက်၍သာ ပြန်အိပ်နေလိုက်သည်။ ကိုကိုပြောဖူးတာ ရှိသည် ။

” အချစ် ကိုကိုကလေ အချစ် စိတ်ဆိုးတိုင်း ချော့မယ်ကွာ ၊ အချစ် ကြိုက်သလောက် ဆိုးလို့ရတယ် ၊ ဘာလို့ဆို ကိုကို အမှားရှိလို့ အချစ်က စိတ်ဆိုးတာလေ ၊ ဒါပေမဲ့ ကိုကို အမှားလုပ်ချင်လို့ လုပ်မိနေတာ မဟုတ်ဘူးဆိုတာ အချစ် နားလည်ပေးပါနော် ၊ ကိုကို ရုံးမှာ အလုပ်တွေများတာ အချစ်သိပါတယ် ၊ အဲ့တာကြောင့်လေ ကိုကို ချော့ရင်လည်း အချစ်က စိတ်ဆိုးပြေ‌ပေးပါနော် ”

ကိုကိုက ကျွန်မ လက်ဖဝါးကလေးကို ‌ကိုင်ကာ သူ၏ ရင်ဘက်နားမှာ ကပ်လျက် တောင်းဆိုခဲ့သည် ။ ထိုအချိန်က ကျွန်မ ခေါင်းညိတ်ခဲ့၏။ သို့ပေမဲ့လက်တွေ့မှာတော့ ကျွန်မအတွက် မလွယ်ကူခဲ့ပါ။ ကျွန်မသည် အိပ်ရာမှ ထပြီး စိတ်ကို လျှော့ချလိုက်သည်။ ကိုကိုသည် ညနေကျ အလုပ်ပင်ပန်းပြီး ပြန်ရောက်လာလိမ့်မည်။ ခါတိုင်းလိုပဲ ကိုကို့ ကို အိမ်ရှေ့မှာ ထိုင်ခုံလေးချ၍ သမီးကလေးနှင့်အတူ ထိုင်စောင့်မည်။ ကျွန်မသည် ညကနေ မနက်အထိ စိတ်ဆိုးပြီး ကိုကို အလုပ်မှပြန်လာလျှင်တော့ စိတ်ဆိုးပြေနေကျ ဖြစ်သည်။ ဒီနေ့လည်း ကိုကို ပြန်လာလျှင် အရင်ကလို ဖက်ထားရင်း သမီးကလေးကို ကိုကို့လက်ထဲ လွှဲပေးရင်း စိတ်ဆိုးပြေသွားပြီ ဖြစ်သည့် အကြောင်း ပြောပြမည် ဟု စိတ်ကူးထားသည်။

ကိုကိုကြိုက်သည့် ကြက်ဥနှင့်အာလူးကို ရောကြော်ပြီးချဉ်ရည်ဟင်းလေးချက်ထားသည်။ ငရုတ်သီးလည်း ထောင်းထားသည် ။ ကိုကို ညဘက် စာဖတ်ရင်း သောက်ဖို့ V-code အချိုရည် အနက်ရောင်လေးလည်း ဝယ်ထားသည် ။ ကျွန်မသည် အရင်နေ့များနှင့်မတူ ဒီကနေ့မှာ ကိုကို့ ကို လွမ်းဆွတ်နေမိသည်။ နေ့ခင်း ၁၂ နာရီ ၃၅ မိနစ်ပဲ ရှိသေးပေမဲ့ ကိုကို့ ကို ပြန်လာစေချင်နေပြီ ။ နာရီကို တကြည့်ကြည့်နှင့် အဝတ်တွေကိုယူကာ အဝတ်လျှော်စက်ထဲ ထည့်နေစဉ် ရုတ်တရတ် လူဟာ မိုက်ခနဲ ဖြစ်သွားသည်။ အဝတ်လျှော်စက်ကာ တုန်ယင်လာ၏ ။ နံရံမှာချိတ်ထားသော မိသားစုဓာတ်ပုံဟာ ကြမ်းပြင်သို့ ဂွမ်းခနဲ ကျကွဲချိန် ကျွန်မအသိဝင်သွားပြီး ပုခတ်ထဲက သမီးကလေးကို ပြေးချီလိုက်ရသည် ။ မီးသီးတွေ ယမ်းခါနေသည်။ မြေကြီးဟာ လှုပ်ရှားနေ၏ ။ အိမ်အပြင်ကိုလှမ်းကြည့်တော့ လူတွေ လမ်းမပေါ် ပြေးထွက်လာကြတာ မြင်ရသည် ။

” ငလျင်လှုပ်နေတယ်ဟေ့
ငလျင်လှုပ်နေတယ် ၊ အိမ်ထဲမှာမနေကြနဲ့ အိမ်အပြင်ထွက်ခဲ့ကြ”

ကျွန်မသည် အိမ်အပြင်က လူတစ်ယောက်၏ အော်သံကိုကြားမှ ငလျင် ဆိုတာကို သတိကပ်မိသွားပြီး သမီးကလေးကို ရင်မှာပိုက်၍ အိမ်တံခါးကို ဆွဲဖွင့်ကာ အိမ်အပြင်ဘက်ကွင်းပြင်ဆီ ပြေးထွက်လာခဲ့သည်။ အိမ်အပြင်ဘက် မြေကွက်လပ်မှာ ကျွန်မကဲ့သို့ ငုတ်တုတ်ထိုင်နေကြသူများ အများကြီး ရှိသည်။ တချို့က ခွေးကလေး ကြောင်ကလေးများကို ချီထားကြ၏။ တချို့က သားသမီးများကို ဖက်ထားကြ၏ ။ ကျွန်မသည် လသားလေးသာရှိသေးသော ကျွန်မ သမီးလေးကို တင်းနေအောင် ဖက်ထားရင်း သတိရလိုက်မိသည်က …

“ကိုကို … ”

သစ်ပင်တွေ ယိမ်းထိုးနေတာ ကြောက်စရာကောင်းလှသည်။ ရေလှောင်ကန်ပေါ်က ရေတွေဘောင်ဘင်ခတ်ကာ ဖိတ်ကျကုန်၏။ လူတွေအားလုံး ပတ်ဝန်းကျင်ကို အကဲခတ်ရင်း ကေ့ာက်ခမန်းလိလိ ထိုင်နေကြရသည်။

” ဘုရားဘုရား
ရပ်ပါတော့ ရပါတော့ ”

ကျွန်မ ဘုရားစာဆိုရင်း တတွတ်တွတ်ဆုတောင်းမိသည် ။ တစ်ထပ်အိမ်လုံးချင်းလေးတွေတောင် အိမ်ထဲရှိသမျှ ပစ္စည်း အကုန်ကျကွဲလျှင် အထပ်မြင့်တွေသာဆို မတွေးဝံ့စရာ။

” ဘုရားဘုရား
ကိုကို တို့ရုံးလည်း အန္တရာယ်ကင်းပါစေ ဘာမှမဖြစ်ပါစေနဲ့ ”

ငလျင်လှုပ်တာ ရပ်သွားတော့ ကျွန်မဆီကို ဖုန်းဝင်လာသည်။

” ဟယ်လို ”
“ဟယ်လို အချစ် ၊ အချစ် အဆင်ပြေရဲ့လား ၊ ငလျင် လှုပ်သွားတာ ကြမ်းလိုက်တာ အချစ်ရယ် ၊ ကိုကို ဆိုတိုင်မှာ ပြေးကပ်နေရတယ် ”
“တော်ပါသေးတယ် ကိုကိုရယ် ကိုကို ဘာမှမဖြစ်လို့ ၊ အချစ် က ကိုကို့ ကို စိတ်ပူနေတာ ဒီမှာ မီးလုံးတွေလည်း ကျကွဲကုန်ပြီ ၊ ကိုကို နဲ့အချစ်ရဲ့ မင်္ဂလာဆောင်တုန်းကပုံလည်း ကွဲသွားတယ် ၊ မဟုတ်ဘူး မိသားစုဓာတ်ပုံရော ၊ ဟင် … ”

ကျွန်မ ဖုန်းပြောနေရင်း ကျွန်မကိုယ်ကျွန်မ သတိထားလိုက်မိတော့ သမီးလေးက ကျွန်မ လက်ပေါ်မှာ မရှိပေ။

” သမီး သမီးလေး ”

သမီးလေးကို ကျွန်မ ဘယ်နေရာမှာ ချလိုက်တာလဲ။ မဟုတ်သေးဘူး ၊ ခုနက ကျွန်မ ကွင်းပြင်မှာ သမီးလေးနဲ့အတူ ထိုင်နေခဲ့တာပါ။ ကျွန်မ ဘာလို့ အခု အိမ်ထဲမှာ ရောက်နေရတာလဲ ။

” ကိုကို ဟယ်လို ကိုကို ”

ကျွန်မ ဖုန်းထဲကနေ ကိုကို့ အသံကိုလည်း မကြားရတော့ပြန်ဘူး ။

” ကိုကို ကိုကို … ”
“သက်ထား သက်ထား သတိရလာပြီလား ”
“ဟင် ”

ကျွန်မဟာ လူနာဝတ်စုံနှင့် ဆေးရုံပေါ်မှာ ရောက်နေသည်။ အမေနှင့်အဖေဟာ ကျွန်မဘေးမှာ ထိုင်နေကြပြီး အမေ့လက်ထဲမှာ သမီးလေးကို ချီထားသည်။ ကျွန်မသည် သမီးလေးကို ပွေ့ချီလိုက်ပြီး ပါးလေးကို နမ်းလိုက်၏။ နေဦး … ။

” သမီး သမီး ဘယ်လို ဖြစ်လို့ ဆေး‌ရုံပေါ်ရောက်နေတာလဲ အမေ …
ကိုကို ကိုကို ဘယ်မှာလဲ ”

အမေသည် စ၍ ငိုတော့၏ ။ အဖေသည် မျက်ရည်ကျလျက် မျက်နှာလွှဲနေသည်။ ကျွန်မသည် စိုးထိတ်သွားပြီး အမေ့လက်ကို လှမ်းဆွဲလိုက်သည်။

” အမေ အမေ ဘာဖြစ်လို့ငိုတာလဲ ၊ သမီးကိုပြောပါဦး ၊ ကိုကို ကိုကို ဘာဖြစ်လို့လဲ ”
“သက်ထား သမီး ဘာမှမမှတ်မိဘူးလား ဟင် ”
” အမေ ဘာကိုပြောတာလဲ သမီးဘာကို မှတ်မိရမှာလဲ”

အမေသည် မျက်ရည်ကျနေရင်းက ကျွန်မလက်ကလေးကို သူ့လက်နှစ်ဖက်နှင့် ဆုပ်ညှစ်ကာ …

” သား သားတို့ရုံး ပြိုကျသွားတယ်လေ သမီး ၊ သားအလောင်းကို မနေ့က တွေ့တာလေ တိုင်အောက်မှာ ပိနေတာ ဆွဲထုတ်ပြီးပြီလေ သမီး ၊ သမီး သားအလောင်းကို ဖက်ပြီး သတိလစ်သွားတာလေ သမီးမမှတ်မိဘူးလား”
“ဘယ် ဘယ်လို …”

ကျွန်မ မှတ်ညာဏ်ထဲမှာ ပုံရိပ်တွေအပြေးအလွှားဝင်ရောက်လာသည်။ လွန်ခဲ့သည့် ၃ ရက် ၊၂၈ ရက် (သောကြာနေ့) ညနေ ၂ နာရီ ခန့် … ။

ဖုန်းလိုင်းတွေ ပြ တ်တောက်သွားတာကြောင့် သတင်းတွေ စောင့်နေရင်းက ၁နာရီခွဲသွားသည်။ အပြို ၊အပျ က်တွေများတယ်ဆိုတာ သိရပေမဲ့ ဘယ်နေရာက တိုက်တွေ ပြိုတယ်ဆိုတာ ‌ေ သချာ မသိရသေးတာမို့ ကျွန်မ တထိတ်တလန့်နှင့် Facebook သတင်းတွေရှာဖတ်နေရသည်။ ကိုကို့ ဆီကိုလည်း ဖုန်းဆက်လို့မရပါ ။ ကျွန်မ ကိုကို့ဆီက ဖုန်းကိုမျှော်နေသည်။ ကိုကို ဖုန်းဆက်မလာသည့်အဆုံး Taxi ငှား၍ လိုက်သွားခဲ့သည် ။ လမ်းတစ်လျှောက် ပြိုကျနေသော တိုက်များကို မြင်တွေ့ရတာ ရင်နင့်စရာကောင်းလှသည်။ ငါတို့မြို့ကလေး ဘာတွေဖြစ်သွားတာလဲဟု ယူကျုံးမရ ဖြစ်မိရင်း ကိုကို တို့ရုံး ဘာမှမဖြစ်ပါစေနဲ့ဟု စိတ်ထဲက အကြိမ်ကြိမ်အခါခါ ဘုရားရှင်ထံ ဆုတောင်းနေမိသည်။ သမီးကလေးဟာ ကျွန်မရင်ခွင်မှာ အိပ်မောကျနေ၏။ ကျွန်မဆုတောင်းတွေ မပြည့်ခဲ့တာမို့ ဘုရားရှင်ကို အပြစ်တင်ချင်မိသည့် အခိုက်အတန့် ။ ကိုကိုတို့ရုံးဟာ ၅ ထပ်ကနေ ၃ ထပ်ပဲကျန်သည်။ နှစ်ထပ်ဟာ မြေကြီးထဲ နစ်ဝင်သွား၏။ ကိုကို … ။ ကိုကိုဟာ ဘယ်အထပ်မှာ ရောက်နေသလဲ ။ ကျွန်မ သမီးကလေးကို ပွေ့ထားရင်းက ‌ရုံးအနီးကို ပြေးသွားတော့ လူတွေ ဝိုင်းတားကြသည် ။

” အန္တရာယ်များတယ် မသွားနဲ့ ထပ်ပြိုကျလာရင် မလွယ်ဘူး”
“ကျွန်မယောက်ျား ကျွန်မယောက်ျား အထဲမှာရှိနေပါတယ် ကျွန်မယောက်ျားကို ကယ်ပေးကြပါ … ”

ကျွန်မ ငိုယို၍ တောင်းဆိုပေမဲ့ ကယ်ဆယ်ရေးတွေ ရောက်မလာသေးတာမို့ လက်ဗလာနှင့်လူတွေဟာ စိတ်မကောင်းရုံမှတစ်ပါး မတတ်နိုင်ကြပေ။ ရုံးကတခြား ဝန်ထမ်းများ၏ မိသားစုများလည်း ‌ရုံးအရှေ့ကို ရောက်လာကြပြီးကိုယ်စီ ဝမ်းနည်းပူဆွေးနေကြသည်။ ကျွန်မတို့ အထဲကလူတွေ အသက်ရှင်လျက် ကယ်ထုတ်နိုင်မှာပါ ဟု တစ်ယောက်တစ်ပြန် အားပေးနေကြပေမဲ့ ကျွန်မတို့ရင်ထဲမှာ မချိမဆံ့ခံစားနေရလေပြီ ။ ဖြစ်နိုင်ပါ့မလား ဆိုသည့် သံသရဟာ လူကို ခြောက်လှန့်နေသည်။ တဖြည်းဖြည်း မှောင်စပြုလာသည်။ ခြင်တွေ ကျွန်မတို့အနား များလာပြီ။ ကျွန်မတို့မှာ ခြင်ကိုက်လို့ ယားဖို့အချိန်မရှိ ၊ ကုတ်ဖို့ စိတ်မရောက်ပေ။ ရင်ထဲမှာ ကိုယ်စီအပူနှင့် ပိတ်မိနေသော လူများအတွက် တွေးပူရင်း ရေပင်မသောက်နိုင်ကြပါ။ ကယ်ဆယ်ရေးတွေ တစ်ယောက်ကယ်ထုတ်နိုင်လာလျှင် ကိုယ်လူလားဟု ပြေးကြည့်ရ။ လူတစ်ယောက်ပါလျှင် ကျွန်မယောက်ျားများလားဟု ပြေးမေးရနှင့် အားအင်ချိနဲ့လာသည်။မနက်မိုးလင်းသည့်အခါ မျက်ထောင့်နီနီနှင့် မငိုနိုင်တော့ပေ။ ကျွန်မမိဘတွေ ရောက်လာတော့လည်း ကျွန်မ ဘာမှမပြောနိုင်ပေ။ သမီးလေးကို ပေးထားပြီး ကျွန်မကတော့ ရုံးအရှေ့မှာ ငုတ်တုတ်။ကျွန်မကဲ့သို့သော ဘဝတူတွေ အများကြီးရှိသည်။ အလောင်းတစ်လောင်းတွေ့သည့်အခါ ကိုယ့်မိသားစုဝင်မဟုတ်ပါစေနဲ့ ဟု ဝိုင်းဆုတောင်းနေကြသည် ။ ဆုတောင်းမပြည့်သူတွေဟာ ချုံးပွဲချငိုကြရသည်။ ကျွန်မသည် သူတို့မိသားစုဝင်၏အလောင်းကိုကြည့်ကာ အဆမတန်သောနာကျင်မှုဖြင့်ငိုကြွေးနေသူများအား ငေးကြည့်ရင်း ကျွန်မ အဲ့ဒီ့လိုမဖြစ်ပါရစေနဲ့ဟု ဆုတောင်းနေမိသည်။ ဒီတစ်ခါလည်း ဘုရားရှင်ဟာ ကျွန်မလိုဘက်ကို မဖြည့်ပေးပြန်ဘူး။

” ဒီမှာအလောင်းတစ်လောင်း တွေ့ပြီဟေ့၊ ခြေထောက်တွေက တိုင်အောက်မှာပိနေတာ ၊ကြည့်ရတာ တိုင်နားမှာ ကပ်နေရင်းက တိုင်ပြိုကျလို့ ပိတာ ထင်တယ် ”

ကျွန်မသည် မျက်ရည်များပြည့်အိုင်လာကာ အရူးတစ်ပိုင်းပြေးသွားလိုက်မိသည်။ ‌ကျွန်မဝယ်ပေးထားသော အနက်ရောင်‌သားရည်ဖိနပ်ကလေးဟာ သူ့ခြေထောက်မှာ တစ်ဘက်ပဲပါတော့သည်။ မနေ့က မနက်ကဝတ်သွားသည့် အပြာရောင်အင်္ကျီလေးဟာ ဖုန်များသဲမှုန်များကြောင့် အရောင်မထွက်တော့ပေ။ သူ့လက်ကလေး … ။

” ကို …
ကိုကို ”

ကျန်မသည် တုန်ယင်နေသော ကျွန်မလက်တွေနှင့် လက်ထပ်လက်စွပ်ဝတ်ထားသော ကိုကို၏ လက်ကလေးကို ဆုပ်ညှစ် ကိုင်လိုက်မိသည် ။ ကျွန်မ အသည်းတွေကွဲရပါပြီ ။

” ကိုကို ”

ကျွန်မ ကြီးစွာသောနာကျင်မှုမျိုးနှင့် အော်ဟစ်လိုက်မိသည်။ ကိုကို့လက်ကလေးဟာ အရင်လို ကျွန်မကို ပြန်လည်ဆုပ်ကိုင်မလာတော့ဘူးဆိုသည့် အတွေးဟာ ကျွန်မကို ကမ္ဘာပျ က်စေခဲ့သည် ။

” ကိုကိုရေ
ငါ နင့်ကို စိတ်ဆိုးပြေပြီဆိုတာ မပြောရသေးဘူးလေ ၊ ငါနင့်ကို ချစ်လို့တောင်မဝသေးပါဘူး ၊ ငါ့သမီးလေးက နင့်ကို ဖေဖေလို့တောင် မခေါ်ရသေးပါဘူး ကိုကိုရယ် ”

ကျွန်မ တသိမ့်သိမ့်ရှိုက်ရင်း ရင်ဘက်ဟာ အဆမတန်နာကျင်လာသည် ။ ကျွန်မအသက်ရှုရပ်မတတ် ငိုကြွေးနေရင်း မွန်းကြပ်ပိတ်လေှာင်သောခံစားမှုအဆုံးမှာ အရာရာဟာ အမှောင်အတိ ။

” နင်ပြောတော့ တစ်သက်လုံးငါ့နားမှာရှိမှာဆို ကိုကို ”

အခေါင်းထဲမှာ ထည့်ထားသော ကိုကို့ရုပ် အလောင်းကိုကြည့်ရင်း ကျွန်မ အပြစ်တင်ချင်မိသည်။ ကျွန်မသူ့ကို ခုမှတကယ် စိတ်ဆိုးလာသည် ။

” ငါစိတ်ဆိုးတိုင်းချော့မှာဆို ၊ ကြိုက်သလောက်ဆိုးလို့ရတယ်ဆိုကိုကို ဒီတစ်ခါ စိတ်ဆိုးရင် နင့်ကို တစ်သက်လုံးမပြေဘူးနော် ၊ နင် ပြော ထမှာလား မထဘူးလား ။”

ကျွန်မဘာပြောပြော မလှုပ်တော့သော ကိုကို ခန္ဓာကိုယ်၊ ပွင့်ဟမလာတော့သော ကိုကို့ မျက်လုံးများကိုကြည့်ကာ ကျွန်မ ရင်တွေ အစိတ်စိတ်အမွှာမွှာ ကွဲကြေမတတ်။

“ငါ့ကို မချောချင်တော့တာပေါ့ ဟုတ်လား ကိုကို ”
” သမီးရယ် ”

ကိုကို့အမေဟာ ကျွန်မကို ပွေ့ဖက်၍ သည်းထန်စွာ ငိုတော့သည်။

” နင်ပြောတော့ ငါမရှိလို့မဖြစ်ဘူးဆို ၊ ငါကတော့ နင်မရှိလို့ဖြစ်တယ် လို့ နင်ထင်တယ်ပေါ့ ၊ဟုတ်လား ကိုကို နင် ပြောဦး”
“သမီး စိတ်ထိန်းမှပေါ့ သမီး ကလေးအတွက် စိတ်ထိန်းဦးမှပေါ့”

ကျွန်မအမေက ကျွန်မခေါင်းလေးကို သူ့ရင်ခွင်ထဲထည့်ကာ ငိုကြွေးရင်းက နှစ်သိမ့်သည်။ ဘယ်သူပဲ ဘယ်လိုနှစ်သိမ့်ပါစေ ကျွန်မစိတ်မပြေ။
ကိုကို့ အလောင်းကို အသုဘချတော့ မချခင် ကိုကို့ ပါးကလေးနှစ်ဘက်နှင့် နှုတ်ခမ်းလေးကို ကျွန်မ နမ်းသည်။

“ဒီတစ်ကြိမ်က နင့်ခန္ဓာကိုယ်နဲ့ထိတွေ့တာ နောက်ဆုံးအကြိမ်ဖြစ်တော့မယ် ကိုကို နင်သိလား … ၊ ငါဘာလို့ အရင်က နင့်ကို ခဏခဏ မနမ်းခဲ့မိပါလိမ့် ကိုကိုရယ် ၊ ဒီလိုမှန်းသိရင် နင့်ကို ငါလေ ယူပြီးကတည်းက ငါ့အနားမှာပဲ ထားပါတယ် ၊ ခုတော့ နင်ငါ့ကို ဘယ်တော့မှမနမ်းတော့ဘူးပေါ့ ”

ကိုကို့အလောင်းကို မီးသဂြိုဟ်စက်ထဲ ထည့်သည့်အချိန်မှာ ကျွန်မနှလုံးသားပါ မီးလောင်တိုက်အသွင်းခံရသကဲ့သို့ ပြင်းပြစွာ နာကျင်ပူလောင်ရပါသည်။
သမီးကလေးကို နို့တိုက်လျှင် ကျွန်မကို အနောက်မှသိုင်းဖက်ပြီး ပါးကိုနမ်းမည့် ကိုကို မရှိတော့ပါလား။ ကျွန်မသည် သမီးလေးကို ရင်ခွင်မှာဖက်ရင်း ပါးချင်းအပ်ကာ ကိုကို့ ပုံလေးကို ကြည့်၍ မျက်ရည်ကျမိသည်။

မိနစ်ပိုင်းလေးပါလား ကိုကို ။ မိနစ်ပိုင်းလေးပဲ လှုပ်တဲ့ငလျင်က နင်နဲ့ လူပေါင်းများစွာရဲ့ အသက်ကို ဆွဲနှုတ်သွားသတဲ့လား ။ မိခင်သဘာဝကြီးက အရက်စက်ဆုံးကွင်းဆက်လူ သ တ်သမား တဲ့ ။ ငါသူ့ကို မုန်းတယ် ကိုကို ။ သူက မိနစ်ပိုင်းလေးနဲ့ ငါ့တစ်သက်စာ မမေ့နိုင်အောင် လုပ်သွားတာ ။ ငါတို့ နောင်ဘဝပြန်ဆုံကြဦးမယ်နော် ၊ အဲ့ဒီ့အခါ ငါ စိတ်ဆိုးတာလည်းလျှော့ပါ့မယ် ။

+
ပြီးပါပြီ ။
#မေကျော်

ချစ်တဲ့သူတိုင်း ဘဝဆုံးတိုင်း အတူပေါင်းဖက်ရပါစေ ။