မိသားစု

Posted on

မိသားစု(စ/ဆုံး)
————-

ညိုညစ်ညစ်ရောင်ထနေတဲ့ ထမင်းစားပွဲခုံပုလေးပေါ်မှာ တင်ထားတဲ့ ကန်စွန်းရွက်ချဉ်ရည်ဟင်းပန်းကန်နဲ့ ထမင်းဖြူတစ်ပန်းကိုငုံ့ကြည့်လိုက်ပြီး ထမင်းစားပွဲဘေးမှာ သဲသဲဝင်ထိုင်လိုက်တယ်။ထမင်းဖြူပန်းကန်ထဲကထမင်းခဲကို နယ်ဖို့ပြင်လိုက်တော့ ထမင်းပန်းကန်အနားစွန်းမှာတင်ထားတဲ့ ငါးပိထောင်းအပုံလေးကိုတွေ့လိုက်ရတာမို့ သဲသဲဝမ်းသာသွားမိတယ်။ထမင်းကအလုံးမကွဲဘဲ မာမာခဲခဲကြီးဖြစ်နေသလိုငါးပိထောင်းကလဲဆီမပါရှာဘူး။သို့ပေမဲ့ငရုတ်သီးစိမ်းတောင့်တွေနဲ သံပရိုသီးညှစ်ထည့်ထားတော့ စားလို့ အဆင်ပြေတယ်။ဒီလိုစားနေရလို့လဲ သဲသဲစိတ်မညစ်ချင်တော့ပါဘူး။ ဘာလို့လဲဆိုတော့ သဲသဲတို့ဘေးအိမ်က ချစ်စုမတို့ဆိုရင်တစ်နေ့ကိုထမင်းတစ်နပ်ပဲ စားရတာတဲ့ ။ ဘာပဲဖြစ်ဖြစ်သဲသဲတို့ကတစ်နေ့ကိုနှစ်နပ်တော့ အမြဲစားရတယ်လေ။

“မိခိုင်ရေ ဘာချက်လဲဟေ့ ”

အိမ်ရှေ့က အသံကြောင့် သဲသဲအိမ်ဝကိုလှမ်းကြည့်လိုက်မိတော့ လမ်းထိပ်ဘက်မှာနေတဲ့ ဒေါ်ကြီးမြင့်စိန်ကို တွေ့လိုက်ရတယ်။ဒေါ်ကြီးမြင့်စိန်ကမေးရင်နဲ့ပဲ အိမ်ရှေ့မှာကန်စွန်းရွက်တွေစည်းနေတဲ့ အမေ့ဘေးနားမှာ ဝင်ထိုင်လိုက်တယ်။ဒေါ်ကြီးမြင့်စိန်ထိုင်လိုက်ချိန်မှာပဲ အမေ့ဆီက ပြန်ဖြေသံထွက်လာခဲ့တယ်။

“ထုံးစံအတိုင်း ဆီမထည့်ဘဲ ချက်လို့ရတဲ့.. ကန်စွန်းရွက်ချဉ်ရည်ဟင်းနဲ့ငါးပိထောင်းပေါ့ မမြင့်စိန်ရယ် … ဒါတောင် မိုးတွင်းမို့ကန်စွန်းရွက်ကလိုက်ခူးလို့ရနေလို့ပေါ့ … သူများ တွေလိုဖောက်သည်ယူရောင်းရတာများဆိုရင် …ကန်းစွန်းရွက် ချဉ်ဟင်းတောင်ပါနိုင်မယ်မထင်ဘူး ”

“ညည်းလိုက်တာမိခိုင်ရယ် … ငါတို့ပြောဖို့လဲထားပါအုံး..”

“မညည်းလို့ မရဘူးလေမမြင့်စိန်ရယ် ….အိမ်မှာလူကငါးယောက်လေ… မနက်အဆာပြေစာလဲမစားဘဲလျှော့စားတာတောင် .. တစ်နေ့ကို ဆန်တစ်ပြည်နဲ့တစ်လုံးကျော်ချက်ရတာလေ… ကိုကျော်ဦးတစ်နေ့လုပ်အားခကတစ်နေ့စာဆန်ဖိုးနဲ့ရေဖိုးလောက်ပဲရတာလေ…ဟင်းချက်စရာဖိုးမလောက်ဘူး….ဒီရက်ပိုင်း အမေနေမကောင်းဖြစ်နေတာတောင်..ဆေးခန်းမပြနိုင်ဘူးလေ ”

” အင်း …ငါ့အိမ်မှာလဲဘာထူးလို့လဲ မိခိုင်ရယ် … ငါးပိရည်တောင် ငရုတ်သီးခပ်ပါးပါးဖြူးပြီးစားနေရတာပါဟယ် ..ဒီနေ့တော့ ကလေးတွေအဖေက ကြက်သားမမြင်ရတာကြာပြီပြောလွန်းလို့ ကြက်သားခုနှစ်ထောင်ဖိုးချက်တာလေ … တစ်ယောက်ကို ခပ်ရွယ်ရွယ်တစ်တုံးစီပဲရလို့ ..ကလေးတွေလဲ ပူညံပူညံဖြစ်နေကြလေရဲ့ .. သူတို့အလွန်လဲ မဟုတ်တော့မဟုတ်ပါဘူးအေ.. ဟင်းသေးသေးတစ်တုံးနဲ့ ငါကိုယ်တိုင်လဲစားမဝပါဘူးမိခိုင်ရယ် ”

” ဟုတ်မယ် …မမြင့်စိန်တို့အိမ်လိုလူများရင် ..ကြက်သားကို အာလူးလေးနဲ့ရောချက်မှ အဆင်ပြေမှာပေါ့ ..ဒါမှစားလောက်မယ်လေ ”

“အမယ်လေးမိခိုင်ရယ် ..အာလူးတစ်ထောင်ဖိုးကိုအလုံးသေးသေးဆိုမှလေးငါးခြောက်လုံးရတာလေ ..ပြီးတော့အာလူးထည့်ချက်ရင်ဆီလေးလဲပါနိုင်မှဟဲ့ ..အဲ့ဒီလောက်တော့မနိုင်ဘူးလေဟယ်…ကြက်သားနဲ့ချဉ်ပေါင်ရွက်ဟင်းချိုတောင် အနိုင်နိုင်အေ့….. ညနေစာအတွက်တော့ ညည်းဆီကကန်းစွန်းရွက်ပဲဝယ်ရမှာပဲ ..”

“ဘာလဲကြော်စားမလို့လား မမြင့်စိန် ”

” မကြော်ပါဘူးအေ..ဆီမရှိဘူး..ချဉ်ရည်ဟင်းပဲချက်မှာ …ဆီကသွားတန်းစီရအုံးမှာ ..ညည်းတို့ရောမသွားဘူးလား..သဲသဲကျောင်းကပြန်လာပြီမဟုတ်လား … သွားပြီးတန်းစီခိုင်းလေမိခိုင်ရယ် ”

” မခိုင်းတော့ပါဘူး မမြင့်စိန်ရယ် .. ဆီထုတ်ဖို့ငွေလဲ မရှိပါဘူး..ပြီးတော့ မနက်ဖြန်မနက် ရောင်းဖို့ ကန်စွန်းရွက်သွားခူးရအုံးမယ်…လကုန်ဖို့နီးလာတော့ အိမ်လခပေးဖို့နီးလာပြီးလေ…ဒီကြားထဲငွေမရှိပါဘူးဆိုမှ…အိမ်လခကဈေးတက်ပြန်ပြီလေ….အင်း..အိမ်ရှင်ကလဲ အိမ်လခလေးမှီပြီးစားနေရတာဆိုတော့ ..အပြစ်လဲမပြောချင်ပါဘူးလေ ”

” ဟုတ်ပမိခိုင်ရယ် .. ငါတို့လဲ အိမ်ပိုင်လေးရှိလို့သာပေါ့ .. ဒါနဲ့ ညည်းယောက်ျားရော အလုပ်မှန်မှန်ဆင်းရတယ် မဟုတ်လား ”

” ဟုတ်ကဲ့ ဆင်းရပါတယ်မမြင်စိန်…သူအလုပ်မှန်နေလို့ပေါ့ မမြင့်စိန်ရေ ..မဟုတ်ရင်ငတ်တာကြာပေါ့ ”

” အင်း … သူအလုပ်မှန်မှန်ဆင်းရလို့တော်သေးတာပေါ့ မိခိုင်ရယ် .. ဒါနဲ့ ညည်းကိုပြောရအုံး မယ်….ခုတလော တို့ရပ်ကွက်ထဲက အကောင်တွေတော်တော်များများ ဖောက်ပြန်နေကြတယ်ဟဲ့ ..နင်သိလား ”

“ဟယ် ..ဟုတ်လားမမြင့်စိန် ..ဘယ်သူတွေများလဲတော့ ….ဒီလိုအချိန်များ ဖောက်ပြန်နိုင်ကြသေးတယ်လား….အံ့ဩပရှင် ”

” မအံ့ဩနဲ့ မိခိုင် .. ထမင်းနပ်မမှန်နိုင်တော့… အိမ်ကမိသားစုက ဆူပူတယ်လေ ..ဒီတော့ အပြင်မှာအပျော်ရှာကြတယ်ပေါ့… ဒီလိုအချိန်မှာ ..တချို့ဟာမတွေကလဲ ငွေလေးနည်းနည်းပါးပါးရရင်ပြီးရောဆိုပြီးလိုက်ကပ်နေကြတာကိုအေ…. ငါတို့ခြေရင်းခေါင်းရင်းနဲ့ ပတ်ပတ်လည်အိမ်ကကောင်တွေအကုန်လုံးလိုလို …. မယားငယ်တွေထားနေကြလို့ … ငါတို့နားမှာနေ့တိုင်းလိုလိုပွဲဖြစ်နေတာဟဲ့ မိခိုင်ရဲ့ … အကောင်တွေလဲ ကိုယ်မွေးထားတဲ့ကလေးတွေကိုသာ နပ်မှန်အောင်ရှာမကျွေးနိုင်ကြတာ…တကတည်း မပြောချင်ပါဘူးအေ … ညည်းလဲညည်းယောကျာ်းကို လွှတ်မထားနဲ့နော် .. တချို့ဟာမတွေက …ကျားချောင်းသလိုချောင်းနေကြတာမိခိုင်ရဲ့ …သတိမလစ်စေနဲ့ဟဲ့ ”

” ဟုတ်..ဟုတ်ကဲ့ပါမမြင့်စိန်ရယ် ”

” ငါကသတိပေးတာနော် …ကဲ..ငါ့ကိုကန်းစွန်းရွက်ပေးအေ ”

သဲသဲထမင်းစားလို့ ပြီးချိန်မှာပဲ ဒေါ်ကြီးမြင့်စိန်လဲ စကားပြောလို့၀သွားပုံနဲ့ ထပြန်သွားတယ်။ဒေါ်ကြီးမြင့်စိန် ပြန်သွားတော့ အမေတစ်ယောက်ကန်စွန်းရွက်တွေစည်းနေရင်းနဲ့ ခပ်ငိုင်ငိုင်ကြီးကျန်ခဲ့တာကို သဲသဲသတိထားလိုက်မိတယ်။ကြည့်ရတာအမေတော့ ဒေါ်ကြီးမြင့်စိန်ပြောသွားတာတွေကိုနားထောင်ပြီး အဖေ့အတွက်ပူပင်နေပြီထင်ပါရဲ့ …။

~~~~~~~~~~~~~~~~~~
“မိသဲ ..ခုတလောညည်းအဖေ အိုဗာတိုင်ဆင်းရတယ်ဆိုပြီး ..အလုပ်ပြန်နောက်ကျတာ ဘယ်နှစ်ရက်ရှိပြီလဲ သိလား ”

အမေ့ရဲ့မေးသံကြောင့် သဲသဲစိတ်ထဲပါ ပူပန်သွားမိတယ်။

“ဟို..ဟို … နှစ်ပတ်လောက်ရှိပြီထင်တယ်အမေ ”

” အေး ….ဟုတ်တယ်နော် ..ည နေကျရင် … အငယ်ကောင်ကို သူ့ဘွားအေနဲ့ထားခဲ့ပြီး…အမေတို့ ညည်းအဖေအလုပ်ကိုလိုက်သွားပြီး ချောင်းကြမလား ”

” ဟုတ်ကဲ့ အမေ ”

~~~~~~~~~~~~~~~~~~~~
ညနေရောက်တော့ အမေနဲ့ သဲသဲ ညနေဈေးစောစောသိမ်းပြီးတာနဲ့ မောင်လေးနဲ့အဘွားကိုထားခဲ့ပြီး အဖေ့အလုပ်ကိုလိုက်လာခဲ့ကြတယ်။အမေ့ခမျာ သိမ်းထားတာကြာပြီးဖြစ်တဲ့ ခပ်လတ်လတ် ဝတ်စုံလေးကိုထုတ်ဝတ်လာခဲ့ပြီး မလိမ်းနိုင်တာကြာပြီဖြစ်တဲ့ သနပ်ခါးခပ်ပါးပါးလေးလဲ လိမ်းထားတယ်။ပြီးတော့ ခေါင်းလျှော်ရည်ထုပ်နဲ့ မလျှော်ဘဲဆပ်ပြာကြမ်းနဲ့ပဲ လျှော်နေတဲ့ဆံပင်ကိုလဲ ခေါင်းလျှော်ရည်ထုပ်လေးဝယ်ပြီး လျှော်လာခဲ့တာ။ ဒီလိုတော့လဲ အမေ့ပုံစံကမြောင်းတကာမှာ ကန်စွန်းရွက်လိုက်ခူးနေတဲ့ပုံစံနဲ့မတူတော့ဘဲ ကြည့်ကောင်းနေတယ်လို့ သဲသဲထင်မိတယ်။
~~~~~~~~~~~~~~~~~~~~
သဲသဲနဲ့အမေတို့ အဖေ့အလုပ်ရုံရိုရာ စက်ရုံရှေ့ကိုရောက်တော့ အဖေတို့ အလုပ်ဆင်းလာချိန်နဲ့ကွက်တိပါပဲ။စက်ရုံထဲက ထွက်လာတဲ့ အဖေ့ကိုကြည့်ပြီး အမေက ကလက်သီးကိုဆုပ်ပြီး အံကိုကြိတ်ထားတယ်။ အဖေတို့ အလုပ်သိမ်းပြီးထွက်လာကြတာ ညနေငါးနာရီပဲရှိသေးတယ်လေ။နေ့တိုင်းအဖေအိမ်ကိုပြန်ရောက်ချိန်က ညဆယ်နာရီကျော်မှဆိုတော့ အမေစိတ်တိုနေပြီမှန်း သဲသဲသိလိုက်ပါတယ်။

အဖေက အလုပ်ရုံကထွက်လာပြီးတော့ အိမ်ကိုပြန်ရမဲ့ကားမှတ်တိုင်ဆီကို မသွားဘဲ လမ်းကြားတစ်ခုထဲကို ဝင်သွားတာမို့ အမေနဲ့သဲသဲလဲ အဖေ့နောက်ခပ်လုမ်းလှမ်းကနေ မသိအောင်လိုက်သွားခဲ့ကြတယ်။

~~~~~~~~~~~~~~~~~~~
အဖေက လမ်းကြားရဲ့အဆုံး အိမ်တစ်အိမ်ရှေ့ကို အရောက်မှာ အိမ်ထဲကိုခပ်မြန်မြန်ဝင်သွားခဲ့တယ်။အမေလဲအံကိုကြိတ်ထားပြီး အဖေ့ကိုခဏစောင့်ကြည့်ပြီး အိမ်ထဲကိုလိုက်ဝင်ဖို့ခြေလှမ်းကိုပြင်လိုက်တယ်။ ဒီအချိန်မှာပဲအိမ်ထဲကနေ အဖေပြန်ထွက်လာတာကိုတွေ့လိုက်ရတယ်။အိမ်ထဲက ပြန်ထွက်လာတဲ့ အဖေဟာ လွတ်လွတ်လပ်လပ်ထွက်လာတာတော့ မဟုတ်ပါရှာဘူး။အဖေ့ခေါင်းပေါ်မှာ ဒန်အိုးကြီးတစ်လုံးရွက်လို့ပေါ့။အဖေ့နောက်မှလဲ မိန်းမကြီးတစ်ယောက်ပါလာပြီး အသံခပ်ကျယ်ကျယ်နဲ့ အဖေ့ကို စကားပြောလိုက်သံကိုကြားလိုက်ရတယ်။

“မြန်မြန်လျှောက်ပါ မောင်ကျော်ဦးရယ် ….ဆိုင်ခင်းတာနောက်ကျနေပြီကွဲ့ …(၆)နာရီလောက်ဆိုလူက တအားကျနေပြီ…မင်းဆရာက မင်းတို့မိသားစုအဆင်မပြေလို့ပါဆိုပြီး အကူအညီတောင်းလို့သာ လက်ခံလိုက်ရတာ..အရင်ခေါ်ထားတဲ့အလုပ်သမားကောင်လေးဆို…. ညနေလေးနာရီခွဲလောက်ဆို အိမ်ရှေ့ရောက်လာပြီပဲ ..ကဲ ..ကဲ..ခပ်မြန်မြန် လျှောက်…ခေါင်းပေါ်ကအိုးလဲ သတိထားအုံးနော် ..မှောက်ကုန်မှဖြင့် မင်းတစ်လစာဝင်ငွေအပြုတ်ဖြစ်သွားမယ်… ”

အဒေါ်ကြီးက ဖျစ်တောက်ဖျစ်တောက်ပြောနေပေမဲ့ အဖေကဘာမှပြန်မပြောဘဲ ဒန်အိုးကြီးကိုရွက်လို ခပ်သုတ်သုတ်သွားနေတယ်။ အဖေ့ခေါင်းပေါ်က ဒန်အိုးကြီးထဲမှာ ဘာတွေရှိနေမှန်းမသိပေမဲ့ ကြည့်ရတာ အတော်လေးကို လေးပုံရတယ်။အမေနဲ့သဲသဲလဲ အဖေတို့နောက်ခပ်ဝေးဝေးကနေ လိုက်လာခဲ့လိုက်ကြတယ်။

~~~~~~~~~~~~~~~~~~~~~
အဖေနဲ့အဒေါ်ကြီးက လမ်းကြားထဲက ထွက်သွားကြပြီး လမ်းထိပ်ညဈေးတန်းကို ရောက်တဲ့အခါ ဆိုင်တစ်ဆိုင်ရှေ့မှာရပ်လိုက်ကြတယ်။ပြီးတော့ အဖေ့ခမျာ ခေါင်းပေါ်ကဒန်အိုးကြီးကို ဆိုင်ခုံပေါ်မနိုင်မနင်းနဲ့ချလိုက်တယ်။ဒန်းအိုးကြီး ခုံပေါ်ရောက်သွားတာနဲ့ ဆိုင်မှာရောက်နှင့်နေပြီဖြစ်တဲ့အမျိုးသမီးတစ်ယောက်က အသံခပ်မာမာနဲ့ အော်လိုက်တာကို ကြားရပြန်တယ်။

“မြန်မြန်လုပ်ပါ မောင်ကျော်ဦး ရေ … ဖောက်သည်တွေလာတော့မယ် .. အဲ့ဒီအိုးချပြီးမီး မြန်မြန်မွှေး …ပန်းကန်တွေလဲ အမြန်ဆေးအုံး ….”

မိန်းမကြီးနှစ်ယောက် ပြောနေသမျှကို အဖေကခေါင်းမဖော်တမ်းနားထောင်နေပြီး မီးဖိုမှာ မီးမွှေးတယ်။ပန်းကန်တွေကိုဆေးတယ်။ ဒီမြင်ကွင်းကို ချောင်အကွယ်တစ်နေရာကနေ အမေနဲ့ သဲသဲငေးကြည့်နေမိကြတယ်။

~~~~~~~~~~~~~~~~~~~
အိမ်အပြန်လမ်းမှာ အမေက ဘာမှမပြောဘဲ နှုတ်ဆိတ်နေခဲ့ပေမဲ့ သဲသဲကတော့အဖေ့ကို သနားလွန်းလို့ ငိုပြီးပြောလိုက်မိတယ်။

” အဖေသနားပါတယ်နော် အမေရယ် … ဟိုမိန်းမကြီးတွေကလဲအဖေ့ကိုပြောဆိုနေတာပဲ…မနက်ဖြန်ကစပြီး ကန်စွန်းရွက်များများရအောင်သမီးလိုက်ခူးပေးပါ့မယ်နော်အမေ ”

သဲသဲပြောလိုက်တော့ အမေ့ဆီက သက်ပြင်းချသံနဲ့ရှိုက်သံတိုးတိုးလေးကို ကြားလိုက်ရတယ်။ ။
======================
ဧကြည်ဖြူ
၁.၁၀.၂၀၂၃
(တနင်္ဂနွေ)