မီး(စ/ဆုံး)
————-
မီးသင်္ဂြိုဟ်စက်ထဲကို ဝင်သွားသော အလောင်းကိုကြည့်ကာ သူတို့အားလုံး ငိုနေကြသည်။
“ကိုထွန်းခင်ရေ … သွားတော့နော်”
မနှင်းမြက ဆွေးဆွေးမြည့်မြည့်လေးပြောလိုက်ကာ မျက်ရည်ကို သုတ်နေသည်။ တံခါးကြီးက “ဂျိုင်း” ခနဲ ပိတ်သွားသည်။
ပြီးပြီ
လူတစ်ယောက်၏ဘဝသည် ပြီးဆုံးသွားပြီ။ သေသူနှင့် ရှင်သူကြားတွင် တံခါးတစ်ချပ် ခြားသွားသည်။ ထို့နောက် မီးခိုးငွေ့တွေ ခေါင်းတိုင်ကထွက်လာသည်။ မနှင်းမြက မီးခိုးခေါင်းတိုင်ကြီးကို မော့ကြည့် နေသည်။
“အမေ … လာလေ … သွားကြမယ်”
သမီးဖြစ်သူက လက်ကိုလာဆွဲသည်။ သူတို့ကားပေါ်တက်လိုက်ကြသည်။ သင်္ချိုင်းထဲကထွက်လာကြသည်။
ပြီးသွားပြီ
အိမ်ပြန်ရောက်ကြသည့်အခါ။ မနှင်းမြက သင်္ချိုင်းမှယူလာသော ခွေးသေးပန်းပင်ကိုင်းလေးကို ကိုထွန်းခင် ဓာတ်ပုံဘေးတွင် ချလိုက်သည်။
“ကိုထွန်းခင်ရေ …” ဟု ယခုမှ အော်ငိုနိုင်တော့သည်။
ရက်လည်နေ့ရောက်လာသည်။ မနက်စောစော ဘုန်းကြီး ငါးပါးပင့်ကာ တရားနာ၊ ရေစက်ချ၊ အမျှဝေသည်။ မနှင်းမြ မျက်ရည်ကျရပြန်သည်။
“ကိုထွန်းခင်ရေ … အမျှ … အမျှ … အမျှ … ဒီအမျှဟာ ရှင့်ကို နှင်ထုတ်သလိုများ ဖြစ်နေသလား … စိတ်မကောင်းလိုက်တာရှင်”
“အမေ … ဘာတွေပြောနေတာလဲ” သားဖြစ်သူက အော်သည်။
အားလုံးရှင်းသွားပြီ။ ငှားထားတာတွေကို ပြန်ပို့ကြသည်။ တစ်အိမ်လုံး တိတ်ဆိတ်သွားသည်။ မနှင်းမြအနီးတွင် သားသမီး သုံးယောက်ဝိုင်းနေကြသည်။ သမီးကြီးက စပြောသည်
“အမေ”
“ဘာလဲ”
“အမေလည်း ဒီအိမ်မှာ တစ်ယောက်တည်း နေလို့မဖြစ်ဘူး”
“နင့်အဖေ သေသွားတာ တစ်ယောက်တည်း မနေလို့ ဘယ်လိုနေရမလဲ”
“သမီးပြောတာ အဲဒီလိုမဟုတ်ဘူး … အမေတစ်ယောက်တည်း ဘာမှလည်း ရှာဖွေစားသောက်နိုင်မှာ မဟုတ်ဘူးလေ”
“အဲဒီတော့ ဘာဖြစ်လဲ … ငါဘာသာငါ ရှာကြံပြီး အသက်မွေးရမှာပေါ့”
“သမီးပြောတာ အဲဒါမဟုတ်ဘူး … အမေ ဒီအိမ်ကြီးကို ရောင်းလိုက်ပါလား … ပြီးတော့ သမီးတွေ သားတွေနဲ့ လိုက်နေလေ”
“အလိုတော် ဘာဖြစ်လို့ အိမ်ကိုရောင်းရမှာလဲ”
သားလတ်က ဝင်ပြောသည်
“အိမ်ကိုရောင်းလိုက်ပါအမေရယ် … ပြီးတော့ သားတွေ သမီးတွေကို ခွဲပေးလိုက်ပေါ့ … ပိုယူတဲ့သူက အမေ့ကိုခေါ်ပြီး ပြုစုစောင့်ရှောက်မယ်လေ”
“ဪ … လက်စသတ်တော့ အမွေလာခွဲနေကြတာကိုး … အမလေး ကိုထွန်းခင်ရေ … ရှင့်သားသမီးတွေက ဒီမှာ အမွေလာခွဲနေကြပြီတော့ … ကျွန်မ ငုတ်တုတ်ကြီးကို”
သမီးငယ်က ဝင်ပြောသည်
“အမေရယ် … မအော်ပါနဲ့ ရှက်စရာ။ အမေသေလည်း ပြဿနာရှင်းရမှာ မဟုတ်ဘူး။ ဒါကြောင့် ခုတည်းက ရှင်း အောင်လုပ်ပေးပါ”
“အလိုတော် … ငါက သေပေးရဦးမှာလား”
အသုဘအိမ်က ယခုမှ ပိုပြီး အသက်ဝင်လာသည်။ အော်သံ ငိုသံများနှင့် ငြင်းခုံသံများနှင့် ဖြစ်သည်။
“အစ်မကြီး အမိအရာတဲ့ အမေ့ကို အစ်မပဲခေါ်သွား”
“အလိုတော် … ဘယ်သူက နင်တို့နဲ့ လိုက်နေမယ်ပြောလို့လဲ … မလိုက်ရေးချမလိုက်၊ ဟောဒီ အိမ်ကိုလည်း မရောင်းရေးချမရောင်း။ ဒီအိမ်ကို နင်တို့ပဲ ဆိုင်တာလား၊ ငါ့သားကြီးလည်း ဆိုင်တယ်ဟဲ့”
မနှင်းမြက အော်တော့သည်။
“အမေကလည်း … အစ်ကိုကြီး အိမ်ပေါ်က ဆင်းသွားတာ နှစ်ပေါင်း ၂၀ လောက်ရှိနေမှဟာ … ခုချိန်ထိ ပြန်မလာပုံထောက်ရင် သေနေလောက်ပြီ”
“ငါ့သားကြီးကို သေတယ်မပြောနဲ့ … မသေဘူး … ငါ့သားကြီး မသေဘူး။ ဒီအိမ်ကို နင်တို့ အမွေတောင်းရင် ငါ့သားကြီးနဲ့လည်း ဆိုင်တယ်။ သူပြန်မလာမချင်း ဘယ်သူမှမရဘူး။ သူကသားကြီးဖြစ်လို့ သူစီမံတဲ့အတိုင်းပဲ ဖြစ်ရမယ်”
“သူ့သားက ဘယ်ဆီနေမှန်းမသိဘူး … အမေ အဲသည်လို မလုပ်ပါနဲ့။ အိမ်ကိုရောင်းပြီး သမီးနဲ့ လိုက်နေတော့”
“မနေရေးချမနေ … မရောင်းရေးချမရောင်း … ငါ့သားကြီးသဘော”
“အစ်ကိုကြီးက မရှိတော့ဘူးလေ … နှစ်ပေါင်း ၂၀ လောက်ရှိနေမှ သေပြီပေါ့ … အမေခေါင်းမမာပါနဲ့။ တစ်ယောက်တည်း ဘာမှလည်း အဖြစ်ရှိအောင် လုပ်နိုင်မှာ မဟုတ်ဘူး။ အစ်မကြီးနဲ့ လိုက်နေ”
“မနေဘူး … သူ့ယောက်ျား အရက်သမားနဲ့ တစ်နာရီ တစ်မိနစ်တောင် မနေဘူး။ ကိုထွန်းခင် ဆောက်ပေးထားတဲ့ ဟောဒီအိမ်က တစ်လှမ်းတောင်မခွာဘူး”
“အမေ့ကို ဘယ်သူက လာကျွေးမှာလဲ”
“အေး … ငါ့ကို ဘယ်သူကျွေးမလဲဆိုတာ နင်တို့အပူမဟုတ်ရင် … ငါ့ဘာသာပူမယ် … သွားကြ … ပြန်ကြတော့”
ထိုစဉ် အိမ်ရှေ့ကို ကားတစ်စီးဆိုက်သံကြားရလိုက်သည်။ တက္ကစီတစ်စင်းပေါ်မှာ ရဟန်းတစ်ပါးက ဆင်းလာသည်။ အိမ်ကိုသေသေချာချာကြည့်ပြီး တက်လာသည်။
ရဟန်းက
“ဒကာမကြီး” ဟု ဆွေးမြည့်စွာ ခေါ်လိုက်သည်။
မနှင်းမြက မော့ကြည့်ပြီး
“အလို … အမလေး … ဟယ်တော် … သားကြီး … ဟုတ်ပေါင် … ဦးဇင်း”
မနှင်းမြက ပြောပြောဆိုဆို ကုလားထိုင်ပေါ်တွင် တင်ထားသည့် ခေါင်းအုံးတွေကို ဖယ်လိုက်ပြီး
“ကြွပါဘုရား” ဟုဆိုလိုက်သည်။ ထို့နောက် ဦးဇင်းထံသွားကာ ဝတ်ဖြည့်ပြီး စိုက်ကြည့်နေသည်။ မျက်ရည်တွေ က တပေါက်ပေါက်ကျနေသည်။
“ဦးဇင်းဘုရား … ခုမှပဲတွေ့ရတော့တယ် … နေနိုင်လိုက်တာဘုရား” ဟုဆိုကာ ခြေထောက်ကိုကိုင်ပြီး ငိုတော့ သည်။
“ဒကာမကြီး ဦးဇင်းနေတာ ဝေးတယ် … ဒကာကြီးဆုံးတာ သိလို့မဟုတ်ဘူး။ စိတ်ထဲထင့်နေလို့။ အိပ်မက်တွေ မကောင်းဘူး။ ဒကာကြီးက မင်းအမေကို သွားကြည့်ပါဦးလို့ လာပြောနေသလိုပဲ။ စိတ်ထဲ တစ်ခုခုပဲထင်လို့ တစ်သက်လုံး ပြန်မလာတော့ဘူးလို့ ဆုံးဖြတ်ထားပေမယ့် ဒကာမကြီးကြောင့် ပြန်လာဖြစ်သွားတာ”
“ဦးဇင်းဘုရား … ဦးဇင်းအဖေကတော့ဆုံးပြီဘုရား။ ဒီနေ့ ရက်လည်လေ”
“အင်း … လမ်းခရီးကကြာသွားတယ်”
ဦးဇင်းက ညီအစ်ကို မောင်နှစ်မတွေကို ကြည့်လိုက်ပြီး
“အားလုံးနေကောင်း ကျန်းမာကြတယ်မဟုတ်လား” ဟု နှုတ်ဆက်သည်။ အားလုံးက ကန်တော့ရန် မေ့နေသည်။
မနှင်းမြက
“ကဲ … ငါမပြောဘူးလား … ငါ့သားပြန်လာမှာပါလို့ … ကဲ … သားကြီးပြန်လာပြီ … သူ့သဘော”
“ဘာလဲ ဒကာမကြီး”
“ဒီမှာလေ အမွေလာခွဲနေကြတာ”
“အင်း … လူ့ကိစ္စတွေ တယ်ရှုပ်တာပဲ။ ဒါကြောင့် ဦးဇင်း ပြန်မလာချင်တာ”
“အိမ်ကိုရောင်းပြီးတော့ အမွေခွဲပေးဖို့ တောင်းဆိုနေကြတာ ဘုရား”
“ဟုတ်ပြီ … ဒါကြောင့်လည်း ဒကာကြီးက မင်းအမေကို သွားကြည့်ပါဦးဆိုပြီး အိပ်မက်လာပေးတာပဲ”
“ဪ … ကိုထွန်းခင်ရယ် … သားကြီးကို သတိသွားပေးရှာတယ်နော်”
“ဒကာမကြီး”
“ဘုရား”
“ဦးဇင်းနဲ့လိုက်ခဲ့”
“ဘယ်ကိုလဲ ဘုရား”
“မေးမနေပါနဲ့ လိုက်ခဲ့ဖို့ပြင်”
“လိုက်မယ်ဘုရား … ခုလား”
“ဟုတ်တယ်”
“ခဏလေးဘုရား”
မနှင်းမြက သားရဟန်း၏စကားကို နားထောင်ပြီး အိမ်ခန်းထဲဝင်သွားကို လွယ်အိတ်လေးကိုင်ပြီး ထွက်လာသည်။
“ဘာတွေလဲဒကာမကြီး”
“အဝတ်အစားတွေ”
“ကိုင်း ဒကာတို့ ဒကာမတို့ အမေ့ကို ဦးဇင်းပဲ ခေါ်သွားတော့မယ်။ ဘယ်တော့မှလည်း ပြန်မပို့ဘူး ဟုတ်ပြီလား။ မင်းတို့လိုချင်တဲ့ အမွေကိုလည်း ကြိုက်သလိုသာလုပ်ကြ။ အမေ ဦးဇင်းစီမံတာ သဘောကျလား”
“သားကြီးသဘော”
သားလတ်ကမေးသည်
“ဦးဇင်းကဘယ်မှာနေသလဲ”
“သိစရာမလိုပါဘူး … အေးချမ်းတဲ့နေရာ … ငြိမ်းချမ်းတဲ့နေရာကို အမေ့ကို ခေါ်သွားမှာ ဘာမှ ပူစရာ မလိုဘူး … လာဒကာမကြီး”
“ဦးဇင်း နေဦး … ကူငွေတွေ ဖလားထဲမှာ”
“ထားခဲ့လိုက်ပါ ဒကာမကြီး … အားလုံးကို စွန့်ခဲ့လိုက်ပါ။ အပူတွေကို ကိုယ်နဲ့အတူ ယူမလာနဲ့။ တတ်နိုင်ရင် လက်ထဲက အထုပ်ကိုပါထားခဲ့”
မနှင်းမြက ကိုင်ထားသော လွယ်အိတ်လေးကို ယောင်ပြီး လွှတ်ချလိုက်သည်။ ဦးဇင်းက
“ကောင်းလိုက်တာ … ရှင်းသွားတာပေါ့ … ပေါ့သွားတာပေါ့ … လာအမေ”
ဦးဇင်းက သူ့မိခင်လက်ကိုဆွဲကာ ထွက်သွားသည်။ အပြင်တွင် တက္ကစီကရှိနေသေးသည်။ ဦးဇင်းက သူ့အမေကို ခေါင်းခန်းကတင်သည်။ ထို့နောက် ကားနောက်ကိုဝင်ထိုင်လိုက်သည်။ ကားက ထွက်သွားသည်။ ဘေးနားအိမ်တွေက ဝိုင်းကြည့်နေကြသည်။
မကြာမီ
ကိုထွန်းခင် နှင့် မနှင်းမြတို့၏ အိမ်ပေါ်တွင် မီးလောင်သည်
လောဘမီး၊ ဒေါသမီး၊ မောဟမီးတွေ လောင်နေခြင်းဖြစ်သည်။
မနှင်းမြအား သားရဟန်းက အချိန်မီ မီးဘေးမှလာကယ်တင်သွားသည်။
#တင်ညွန့်
၃.၉.၂၀၂၁