မီး

Posted on

မီး(စ/ဆုံး)
————-
မီးသင်္ဂြိုဟ်စက်ထဲကို ဝင်သွားသော အလောင်းကိုကြည့်ကာ သူတို့အားလုံး ငိုနေကြသည်။

“ကိုထွန်းခင်ရေ … သွားတော့နော်”

မနှင်းမြက ဆွေးဆွေးမြည့်မြည့်လေးပြောလိုက်ကာ မျက်ရည်ကို သုတ်နေသည်။ တံခါးကြီးက “ဂျိုင်း” ခနဲ ပိတ်သွားသည်။

ပြီးပြီ

လူတစ်ယောက်၏ဘဝသည် ပြီးဆုံးသွားပြီ။ သေသူနှင့် ရှင်သူကြားတွင် တံခါးတစ်ချပ် ခြားသွားသည်။ ထို့နောက် မီးခိုးငွေ့တွေ ခေါင်းတိုင်ကထွက်လာသည်။ မနှင်းမြက မီးခိုးခေါင်းတိုင်ကြီးကို မော့ကြည့် နေသည်။

“အမေ … လာလေ … သွားကြမယ်”

သမီးဖြစ်သူက လက်ကိုလာဆွဲသည်။ သူတို့ကားပေါ်တက်လိုက်ကြသည်။ သင်္ချိုင်းထဲကထွက်လာကြသည်။

ပြီးသွားပြီ

အိမ်ပြန်ရောက်ကြသည့်အခါ။ မနှင်းမြက သင်္ချိုင်းမှယူလာသော ခွေးသေးပန်းပင်ကိုင်းလေးကို ကိုထွန်းခင် ဓာတ်ပုံဘေးတွင် ချလိုက်သည်။

“ကိုထွန်းခင်ရေ …” ဟု ယခုမှ အော်ငိုနိုင်တော့သည်။

ရက်လည်နေ့ရောက်လာသည်။ မနက်စောစော ဘုန်းကြီး ငါးပါးပင့်ကာ တရားနာ၊ ရေစက်ချ၊ အမျှဝေသည်။ မနှင်းမြ မျက်ရည်ကျရပြန်သည်။

“ကိုထွန်းခင်ရေ … အမျှ … အမျှ … အမျှ … ဒီအမျှဟာ ရှင့်ကို နှင်ထုတ်သလိုများ ဖြစ်နေသလား … စိတ်မကောင်းလိုက်တာရှင်”

“အမေ … ဘာတွေပြောနေတာလဲ” သားဖြစ်သူက အော်သည်။

အားလုံးရှင်းသွားပြီ။ ငှားထားတာတွေကို ပြန်ပို့ကြသည်။ တစ်အိမ်လုံး တိတ်ဆိတ်သွားသည်။ မနှင်းမြအနီးတွင် သားသမီး သုံးယောက်ဝိုင်းနေကြသည်။ သမီးကြီးက စပြောသည်

“အမေ”

“ဘာလဲ”

“အမေလည်း ဒီအိမ်မှာ တစ်ယောက်တည်း နေလို့မဖြစ်ဘူး”

“နင့်အဖေ သေသွားတာ တစ်ယောက်တည်း မနေလို့ ဘယ်လိုနေရမလဲ”

“သမီးပြောတာ အဲဒီလိုမဟုတ်ဘူး … အမေတစ်ယောက်တည်း ဘာမှလည်း ရှာဖွေစားသောက်နိုင်မှာ မဟုတ်ဘူးလေ”

“အဲဒီတော့ ဘာဖြစ်လဲ … ငါဘာသာငါ ရှာကြံပြီး အသက်မွေးရမှာပေါ့”

“သမီးပြောတာ အဲဒါမဟုတ်ဘူး … အမေ ဒီအိမ်ကြီးကို ရောင်းလိုက်ပါလား … ပြီးတော့ သမီးတွေ သားတွေနဲ့ လိုက်နေလေ”

“အလိုတော် ဘာဖြစ်လို့ အိမ်ကိုရောင်းရမှာလဲ”

သားလတ်က ဝင်ပြောသည်

“အိမ်ကိုရောင်းလိုက်ပါအမေရယ် … ပြီးတော့ သားတွေ သမီးတွေကို ခွဲပေးလိုက်ပေါ့ … ပိုယူတဲ့သူက အမေ့ကိုခေါ်ပြီး ပြုစုစောင့်ရှောက်မယ်လေ”

“ဪ … လက်စသတ်တော့ အမွေလာခွဲနေကြတာကိုး … အမလေး ကိုထွန်းခင်ရေ … ရှင့်သားသမီးတွေက ဒီမှာ အမွေလာခွဲနေကြပြီတော့ … ကျွန်မ ငုတ်တုတ်ကြီးကို”

သမီးငယ်က ဝင်ပြောသည်

“အမေရယ် … မအော်ပါနဲ့ ရှက်စရာ။ အမေသေလည်း ပြဿနာရှင်းရမှာ မဟုတ်ဘူး။ ဒါကြောင့် ခုတည်းက ရှင်း အောင်လုပ်ပေးပါ”

“အလိုတော် … ငါက သေပေးရဦးမှာလား”

အသုဘအိမ်က ယခုမှ ပိုပြီး အသက်ဝင်လာသည်။ အော်သံ ငိုသံများနှင့် ငြင်းခုံသံများနှင့် ဖြစ်သည်။

“အစ်မကြီး အမိအရာတဲ့ အမေ့ကို အစ်မပဲခေါ်သွား”

“အလိုတော် … ဘယ်သူက နင်တို့နဲ့ လိုက်နေမယ်ပြောလို့လဲ … မလိုက်ရေးချမလိုက်၊ ဟောဒီ အိမ်ကိုလည်း မရောင်းရေးချမရောင်း။ ဒီအိမ်ကို နင်တို့ပဲ ဆိုင်တာလား၊ ငါ့သားကြီးလည်း ဆိုင်တယ်ဟဲ့”

မနှင်းမြက အော်တော့သည်။

“အမေကလည်း … အစ်ကိုကြီး အိမ်ပေါ်က ဆင်းသွားတာ နှစ်ပေါင်း ၂၀ လောက်ရှိနေမှဟာ … ခုချိန်ထိ ပြန်မလာပုံထောက်ရင် သေနေလောက်ပြီ”

“ငါ့သားကြီးကို သေတယ်မပြောနဲ့ … မသေဘူး … ငါ့သားကြီး မသေဘူး။ ဒီအိမ်ကို နင်တို့ အမွေတောင်းရင် ငါ့သားကြီးနဲ့လည်း ဆိုင်တယ်။ သူပြန်မလာမချင်း ဘယ်သူမှမရဘူး။ သူကသားကြီးဖြစ်လို့ သူစီမံတဲ့အတိုင်းပဲ ဖြစ်ရမယ်”

“သူ့သားက ဘယ်ဆီနေမှန်းမသိဘူး … အမေ အဲသည်လို မလုပ်ပါနဲ့။ အိမ်ကိုရောင်းပြီး သမီးနဲ့ လိုက်နေတော့”

“မနေရေးချမနေ … မရောင်းရေးချမရောင်း … ငါ့သားကြီးသဘော”

“အစ်ကိုကြီးက မရှိတော့ဘူးလေ … နှစ်ပေါင်း ၂၀ လောက်ရှိနေမှ သေပြီပေါ့ … အမေခေါင်းမမာပါနဲ့။ တစ်ယောက်တည်း ဘာမှလည်း အဖြစ်ရှိအောင် လုပ်နိုင်မှာ မဟုတ်ဘူး။ အစ်မကြီးနဲ့ လိုက်နေ”

“မနေဘူး … သူ့ယောက်ျား အရက်သမားနဲ့ တစ်နာရီ တစ်မိနစ်တောင် မနေဘူး။ ကိုထွန်းခင် ဆောက်ပေးထားတဲ့ ဟောဒီအိမ်က တစ်လှမ်းတောင်မခွာဘူး”
“အမေ့ကို ဘယ်သူက လာကျွေးမှာလဲ”

“အေး … ငါ့ကို ဘယ်သူကျွေးမလဲဆိုတာ နင်တို့အပူမဟုတ်ရင် … ငါ့ဘာသာပူမယ် … သွားကြ … ပြန်ကြတော့”

ထိုစဉ် အိမ်ရှေ့ကို ကားတစ်စီးဆိုက်သံကြားရလိုက်သည်။ တက္ကစီတစ်စင်းပေါ်မှာ ရဟန်းတစ်ပါးက ဆင်းလာသည်။ အိမ်ကိုသေသေချာချာကြည့်ပြီး တက်လာသည်။

ရဟန်းက

“ဒကာမကြီး” ဟု ဆွေးမြည့်စွာ ခေါ်လိုက်သည်။

မနှင်းမြက မော့ကြည့်ပြီး

“အလို … အမလေး … ဟယ်တော် … သားကြီး … ဟုတ်ပေါင် … ဦးဇင်း”

မနှင်းမြက ပြောပြောဆိုဆို ကုလားထိုင်ပေါ်တွင် တင်ထားသည့် ခေါင်းအုံးတွေကို ဖယ်လိုက်ပြီး

“ကြွပါဘုရား” ဟုဆိုလိုက်သည်။ ထို့နောက် ဦးဇင်းထံသွားကာ ဝတ်ဖြည့်ပြီး စိုက်ကြည့်နေသည်။ မျက်ရည်တွေ က တပေါက်ပေါက်ကျနေသည်။

“ဦးဇင်းဘုရား … ခုမှပဲတွေ့ရတော့တယ် … နေနိုင်လိုက်တာဘုရား” ဟုဆိုကာ ခြေထောက်ကိုကိုင်ပြီး ငိုတော့ သည်။

“ဒကာမကြီး ဦးဇင်းနေတာ ဝေးတယ် … ဒကာကြီးဆုံးတာ သိလို့မဟုတ်ဘူး။ စိတ်ထဲထင့်နေလို့။ အိပ်မက်တွေ မကောင်းဘူး။ ဒကာကြီးက မင်းအမေကို သွားကြည့်ပါဦးလို့ လာပြောနေသလိုပဲ။ စိတ်ထဲ တစ်ခုခုပဲထင်လို့ တစ်သက်လုံး ပြန်မလာတော့ဘူးလို့ ဆုံးဖြတ်ထားပေမယ့် ဒကာမကြီးကြောင့် ပြန်လာဖြစ်သွားတာ”

“ဦးဇင်းဘုရား … ဦးဇင်းအဖေကတော့ဆုံးပြီဘုရား။ ဒီနေ့ ရက်လည်လေ”

“အင်း … လမ်းခရီးကကြာသွားတယ်”

ဦးဇင်းက ညီအစ်ကို မောင်နှစ်မတွေကို ကြည့်လိုက်ပြီး

“အားလုံးနေကောင်း ကျန်းမာကြတယ်မဟုတ်လား” ဟု နှုတ်ဆက်သည်။ အားလုံးက ကန်တော့ရန် မေ့နေသည်။

မနှင်းမြက

“ကဲ … ငါမပြောဘူးလား … ငါ့သားပြန်လာမှာပါလို့ … ကဲ … သားကြီးပြန်လာပြီ … သူ့သဘော”

“ဘာလဲ ဒကာမကြီး”

“ဒီမှာလေ အမွေလာခွဲနေကြတာ”

“အင်း … လူ့ကိစ္စတွေ တယ်ရှုပ်တာပဲ။ ဒါကြောင့် ဦးဇင်း ပြန်မလာချင်တာ”

“အိမ်ကိုရောင်းပြီးတော့ အမွေခွဲပေးဖို့ တောင်းဆိုနေကြတာ ဘုရား”

“ဟုတ်ပြီ … ဒါကြောင့်လည်း ဒကာကြီးက မင်းအမေကို သွားကြည့်ပါဦးဆိုပြီး အိပ်မက်လာပေးတာပဲ”

“ဪ … ကိုထွန်းခင်ရယ် … သားကြီးကို သတိသွားပေးရှာတယ်နော်”

“ဒကာမကြီး”

“ဘုရား”

“ဦးဇင်းနဲ့လိုက်ခဲ့”

“ဘယ်ကိုလဲ ဘုရား”

“မေးမနေပါနဲ့ လိုက်ခဲ့ဖို့ပြင်”

“လိုက်မယ်ဘုရား … ခုလား”

“ဟုတ်တယ်”

“ခဏလေးဘုရား”

မနှင်းမြက သားရဟန်း၏စကားကို နားထောင်ပြီး အိမ်ခန်းထဲဝင်သွားကို လွယ်အိတ်လေးကိုင်ပြီး ထွက်လာသည်။

“ဘာတွေလဲဒကာမကြီး”

“အဝတ်အစားတွေ”

“ကိုင်း ဒကာတို့ ဒကာမတို့ အမေ့ကို ဦးဇင်းပဲ ခေါ်သွားတော့မယ်။ ဘယ်တော့မှလည်း ပြန်မပို့ဘူး ဟုတ်ပြီလား။ မင်းတို့လိုချင်တဲ့ အမွေကိုလည်း ကြိုက်သလိုသာလုပ်ကြ။ အမေ ဦးဇင်းစီမံတာ သဘောကျလား”

“သားကြီးသဘော”

သားလတ်ကမေးသည်

“ဦးဇင်းကဘယ်မှာနေသလဲ”

“သိစရာမလိုပါဘူး … အေးချမ်းတဲ့နေရာ … ငြိမ်းချမ်းတဲ့နေရာကို အမေ့ကို ခေါ်သွားမှာ ဘာမှ ပူစရာ မလိုဘူး … လာဒကာမကြီး”

“ဦးဇင်း နေဦး … ကူငွေတွေ ဖလားထဲမှာ”

“ထားခဲ့လိုက်ပါ ဒကာမကြီး … အားလုံးကို စွန့်ခဲ့လိုက်ပါ။ အပူတွေကို ကိုယ်နဲ့အတူ ယူမလာနဲ့။ တတ်နိုင်ရင် လက်ထဲက အထုပ်ကိုပါထားခဲ့”

မနှင်းမြက ကိုင်ထားသော လွယ်အိတ်လေးကို ယောင်ပြီး လွှတ်ချလိုက်သည်။ ဦးဇင်းက

“ကောင်းလိုက်တာ … ရှင်းသွားတာပေါ့ … ပေါ့သွားတာပေါ့ … လာအမေ”

ဦးဇင်းက သူ့မိခင်လက်ကိုဆွဲကာ ထွက်သွားသည်။ အပြင်တွင် တက္ကစီကရှိနေသေးသည်။ ဦးဇင်းက သူ့အမေကို ခေါင်းခန်းကတင်သည်။ ထို့နောက် ကားနောက်ကိုဝင်ထိုင်လိုက်သည်။ ကားက ထွက်သွားသည်။ ဘေးနားအိမ်တွေက ဝိုင်းကြည့်နေကြသည်။

မကြာမီ

ကိုထွန်းခင် နှင့် မနှင်းမြတို့၏ အိမ်ပေါ်တွင် မီးလောင်သည်

လောဘမီး၊ ဒေါသမီး၊ မောဟမီးတွေ လောင်နေခြင်းဖြစ်သည်။

မနှင်းမြအား သားရဟန်းက အချိန်မီ မီးဘေးမှလာကယ်တင်သွားသည်။

#တင်ညွန့်

၃.၉.၂၀၂၁