မောင်ရေခဲ နှင့် လူဝင်စား

Posted on

မောင်ရေခဲ နှင့် လူဝင်စား(စ/ဆုံး)
——————————–

ရွာထဲမှထွက်လာပြီးဘုရားကုန်းပေါ်ရောက်လျှင် တန်ဆောင်းထဲမှ တပည့်ဖြစ်သူမောင်ထင်ပေါ်နှင့်အတူ တခြားအမျိုးသမီးတစ်ယောက်ကိုတွေ့ရ၏။ မောင်ထင်ပေါ်က သူ့ကိုတွေ့လိုက်သည်နှင့်

” ဟော…ဆရာပြန်လာပြီ…”

” ဪ…. သီရိရောက်နေတာလား…”

” ဟုတ်ပါတယ်ဆရာ …ဆရာတို့ကိုအကူညီတောင်းစရာရှိလို့ပါ…”

” ကဲပါလေ ကူညီရမှာပေါ့ ကိုယ့်နှမဘဲ… နှမကိုယ်တိုင်ရောက်လာပုံထောက်ရင် နဂါးပြည်ကိစ္စဖြစ်ပုံရတယ်….”

” သိပ်မှန်ပါ့ဆရာရယ်… လူ့ပြည်က လူသားတစ်ယောက်နှင့် နဂါးပြည်ကနဂါးမတစ်ယောက်ချစ်ကြိုက်နေကြလို့ပါ….”

” ဒါပေါ့လေ အချစ်ဆိုတာကဆန်းကြယ်သားကွ ….အေးလေကိလေသာမကုန်သေးသ၍တော့ မွေးဖွားခြင်း၊သေဆုံးခြင်းဆိုတာရှိနေအုံးမှာဘဲ…ဒီလိုဘဲမွေးဖွားခြင်းရှိနေသ၍တော့ တပ်မက်မှုတဏှာဆိုတာရှိနေအုံးမှာဘဲ…”

” အမှန်ဘဲဆရာရယ်…ကိလေသာကင်းစင်တဲ့ နိဗ္ဗာန်ကိုမရောက်သေးသ၍ဒါကိုကြုံရအုံးမှာဘဲ…ခုဟာကပိုပြီးဆန်းကြယ်လို့ဆရာရေ…ဘဝမတူတဲ့လူနှစ်ယောက်ကပေါင်းစပ်ဖို့ဘယ်လိုမှမဖြစ်နိူင်ဘူးလေ…ဒါကိုဘိုးဘိုးကြီးက သူတို့ရဲ့အချစ်စစ်မှန်ရင် ပေါင်းဖက်ခွင့်ရနိူင်တယ်တဲ့….”

” အင်းလေ စစ်မှန်သောချစ်မေတ္တာဟာ အခက်ခဲမှန်သမျှကို ကျော်လွှားနိူင်ပါတယ်လေ….ဒီကိစ္စရဲ့အစအဆုံးကိုပြောပြပါအုံး…”

” ပြောပြပါ့မယ်ဆရာ…”

စလွန်ရွာ၏တောင်ဘက်ရှိ တောနက်ကြီး။ ထိုတောအားတစ်ရွာလုံးက ဝမ်းစာအတွက်အလွန်အားထားကြရသည်။ သည်တောမှထွက်သည့် သစ်ဥသစ်ဖုများ၊အဖိုးတန်သစ်ခွများ၊ဆေးမြစ်ဆေးဥများ၊သစ်ဝါးများ၊တောကောင်ကြီးငယ်များ၊ဝါးရုံမှထွက်သည့်မျှစ်စို့များအစရှိသည်တို့ကို ရှာဖွေပြီး မြို့သို့တက်ရောင်းကြရသည်။ လရာသီတိုင်းဝင်ရောက်ရှာဖွေကြသည်ဖြစ်ရာ ကာလကြာလာသော် ထိုတောထဲ၌ အဖိုးတန်ပစ္စည်းများမရှိသလောက်ရှားလာ၏။တောဝင်သူများပြားလာသည့်အလျောက် တောထွက်ပစ္စည်းများလည်းရှားပါးလာသည်။

ပဒိန်တစ်ယောက်သောက်ရေခပ်ပြီးသည်နှင့် မိခင်ချိုးရန်အတွက် ရေစည်ပိုင်းထဲသို့ခပ်ထည့်နေသည်။

” ပဒိန်…ဝေး…ပဒိန်…”

အိမ်ရှေ့မှခေါ်သံကြောင့် အသံပြန်ပြုလိုက်၏။

” အေး…ငါဒီမှာကွ ဝင်ခဲ့လေ မုဆိုးကြီး”

” အေးအေး…”

ရေစည်ပိုင်းပြည့်သွားသည်နှင့် အိမ်ရှေ့သို့ထွက်လာ၏။

” စောစောစီးစီး ပါလားကွ…”

” အေးကွာ စောဆိုအိမ်မှာရိက္ခာပြတ်နေပြီလေ…ဒါကြောင့်တောတက်ဖို့မင့်လာခေါ်တာကွ….”

” ဒီရာသီက တောတက်လည်းဘာမှထွေထွေထူးထူးအဖိုးတန်တာမရလောက်ဘူးနော်မုဆိုးကြီး…”

” မရဘဲရှိမလားကွ ဒီရာသီက သစ်ရွက်နုတဲ့ဝေတဲ့အချိန်လေ တောကောင်တွေက ဒီရွက်နုတွေစားဖို့အစာရှာထွက်ကြမှာကွ…”

” အင်းနော်…ဟုတ်သားဘဲ…ဒါနဲ့ဒီနေ့တက်မှာလားဗျ…ကျုပ်အမေအတွက် ရေစည်၊ထင်းခြောက်တွေ လုံလုံလောက်လောက်ဖြည့်ပေးခဲ့မလို့ဗျ…”

” ဒီနေ့မတက်သေးဘူးလေကွာ… နောက်နှစ်ရက်နေမှ မင့်ငါလာခေါ်မယ် အသင့်ပြင်ထားကွ…”

” ဟုတ်ပြီဗျာ…”

မုဆိုးကြီး တီးဒေါင်လည်း ပဒိန်ကိုနူတ်ဆက်ပြီးပြန်သွား၏။ ဒေါ်အိုလိန်းက ဆန်ရွေးနေရင်းမှသားဖြစ်သူအား

” လူကလေး…”

” ဗျာ အမေ…”

” တောထဲရောက်ရင် တွေ့ကရာနေရာမှာမအိပ်ရဘူးနော်၊ နောက်ပြီးဆဲရေးတိုင်းထွာတာတွေမလုပ်ရဘူး…”

” သားသိပါတယ်အမေရာ… သားတို့တစ်ရွာလုံးသိနေတဲ့ဥစ္စာ…”

” အသိခေါက်ခက်အဝင်နက်တဲ့သားရဲ့…သိပြီးမလိုက်နာရင် အကျိုးမရှိဘူးလေ…ကဲကဲ လူလေးအလုပ်တွေပြီးရင် ထမင်းစားကြရအောင်…”

” ဟုတ်အမေ….”

နောက်နှစ်ရက်ပြည့်သဖြင့် မုဆိုးကြီးတီးဒေါင်ကလက်နက်ရိက္ခါအကည့်အစုံဖြင့်ရောက်လာခဲ့၏။ ပဒိန်လည်း မိခင်ကိုကန်တော့ခဲ့ပြီး လိုအပ်သည့်ရိက္ခါထုပ်ကိုကျော၌လွယ်ကာ နှစ်ဦးသားတောထဲဝင်သွားကြ၏။

” ဒီတောအစက တောဝင်တဲ့သူများလို့လားမသိဘူးနော် ငှက်အော်တဲ့အသံလေးတောင်မကြားရတော့ဘူး….”

” အေးလေကွာ တဖြည်းဖြည်းနဲ့လူဦးရေကတိုးလာတော့ ဝမ်းစာတွေကလည်း ပိုပြီးလိုအပ်ချက်ရှိလာတာကိုး….ဒီတော့ဒီတောထဲဝင်တဲ့လူဦးရေကများလာတယ်…တောကပေးနိူင်တဲ့အရာနဲ့ မမျှတော့ရရာယူရင်း တဖြည်းဖြည်းတောပြုန်းလာတယ်၊ တောပြုန်းလာတာနဲ့ တောကောင်တွေတောထွက်ပစ္စည်းတွေရှားပါးလာတယ်လေ…ဒီတော့လူတွေအမြဲရောက်နေတဲ့ဒီတောစပ်တဝှိုက်က ဘာကောင်မှကိုမနေရဲကြတော့ဘူးကွ….”

” မှန်တယ်နော်ဗျာ….ကျုပ်အမေတို့ငယ်ငယ်တုန်းကဆို ဒီတောထဲကတောကောင်တွေများ ရွာထဲထိတောင်ရောက်လာတယ်ဆိုဘဲဗျ…”

” အဟုတ်ဘဲဗျာ…. ကျုပ်အဖေမုဆိုးကြီးတီးမောင်ရှိတုန်းကဆို ရွာထဲကိုဝင်လာတဲ့ဝက်စွယ်ကွင်းပိတ်တောင် ရခဲ့သေးတာဗျ…အဲတုန်းက ကျုပ်ဆိုငယ်ငယ်လေးဘဲ ရှိသေးတော့ တောကောင်တွေရွာထဲဝင်လာပြီဆို အိမ်ထဲတံခါးပိတ်ပြီးနေနေရတာကွ…”

” အဲလောက်ထိတောင်လားဗျာ….ဒါနဲ့ဝက်စွယ်ကွင်းပိတ်က ဆောင်ထားရင်ဓားမတိုးကျည်မဖောက်မီးမကူးဘူးဆိုဗျ….”

” အဲလို့တော့ဆိုကြတာဘဲကွာ…ငါတော့အဲဥစ္စာကြီးကို ကောင်းကောင်းတောင်မမြင်ဖူးခဲ့ပါဘူး အဲဥစ္စာကြီးကျုပ်တို့အိမ်ကိုရောက်လာတာနဲ့ ကံဆိုးမှုတွေကအပေါင်းအပါနဲ့ကိုဝင်လာပါသော်ကောလားကွာ….ကျုပ်အမေဆိုအကောင်းကြီးကနေ ကောက်ကာငင်ကာဖျားတယ်…အသက်ဆုံးရှုံးရတဲ့အထိဘဲကွ…”

” အဲဒါနဲ့ဆိုင်ပါ့မလားမုဆိုးကြီးရာ…”

” မဆိုင်ဘဲလားကွာ ….အဲဝက်စွယ်ကြီး အိမ်ရောက်လာကတည်းက မုဆိုးကျော်ကျု​ပ်အဖေ တောတက်တိုင်း ဘာမှကိုမရဘူး…တောကောင်ဆို ကြွက်ကလေးတောင်မရဘူးတဲ့ဗျာ…”

” တောကောင်မရှိတဲ့ရာသီဖြစ်နေလို့နေမှာပေါ့ဗျ…”

” ဘယ်ကသာကွာ…အဲတုန်းကတောကောင်တွေအရမ်းပေါခဲ့တာပါဆို… မိန်းမတွေတောထဲဝင်ပြီးမျှစ်ချိုး၊ဟင်းရွက်ရှာရင်တောင် တောကောင်တွေ့တဲ့ဥစ္စာ…ဒီလိုနဲ့နောက်ပိုင်းကျုပ်အဖေလည်း တဖြည်းဖြည်းစိတ်ဓာတ်တွေကျ၊စီးပွားရေးလည်းကျ…မကျဘဲနေမလား သူကမုဆိုးဆိုတော့ ဒီမုဆိုးအလုပ်ကဘဲသူ့ကိုရှာကျွေးနေတာလေ… တောကောင်ကမရတော့ သူလည်းစိတ်ညစ်တာပေါ့…ဒါနဲ့မြို့တက်ပြီး ဝယ်လက်ရှာရတယ်ပေါ့ကွာ…”

” အဲဒါနဲ့ရောင်းလိုက်ကြတာပေါ့ဟုတ်လား…”

” အေးပေါ့ကွာ ကိုယ့်ကိုမှအကျိုးမပေးတဲ့ပစ္စည်းဘဲ ကိုယ့်လက်ထဲထားပြီး ဘာလုပ်မှာလဲ….နောက်တော့သတင်းပြန်ကြားရတယ် ကျုပ်အဖေ့ဆီကဝယ်တဲ့သူဋ္ဌေးတစ်ယောက် အိမ်မီးလောင်ပြီး ဆုံးသွားတယ်တဲ့ကွ…”

” အဲလောက်ထိတောင်လားဗျာ…”

” အေးကွ…အစွမ်းရှိတဲ့ပစ္စည်းဆိုတာ ကောင်းကျိုးထက်ဆိုးကျိုးကပိုများတယ်ကွ….”

စကားတပြောပြောဖြင့် ဝင်လာခဲဲ့ကြရာ ချောင်းတစ်သွယ်အနားသို့ရောက်လာခဲ့ကြ၏။

” ဒီနားမှာခရီးတစ်ထောက်နားကြစို့ကွ… နေကကျစ်ကျစ်တောက်ပူနေတော့ ရေသောက်ဆင်းလာတဲ့ အကောင်တွေတွေ့ရနိူင်တယ်…”

ချောင်းစပ်၌ခရီးတစ်ထောက်နားရင်းထမင်းထုပ်ကိုဖြေ၍စားကြ၏။ ပဒိန်ကထမင်းထုပ်ထဲမှ အနည်းငယ်ကိုယူပြီး သစ်ရွက်ထဲထည့်ကာ ကျောက်တုံးပေါ်သို့တင်လိုက်၏။ မုဆိုးကြီးက ပဒိန်လုပ်နေသည်ကိုကြည့်ပြီး

” မင်းလည်းအယူသီးတာဘဲလားကွ…”

” အယူသီးတာမဟုတ်ပါဘူးဗျာ တောစောင့်နတ်တွေကိုပူဇော်ပသတာပါ…ကျုပ်အမေပြောဖူးတယ် တောစောင့်နတ်တွေကိုပူဇော်ပသရင် ဒုက္ခရောက်တဲ့အခါ သူတို့ကပြန်ပြီးကူညီတယ်တဲ့….”

” အပိုတွေပါကွာ…ငါ့မုဆိုးသက်တမ်းတစ်လျှောက်လုံးတောထဲဝင်လာတာဘယ်နတ်ဘယ်ပုဂ္ဂိုလ်မှ မပသဖူးဘူး…လက်ဖြောင့်ရင်တောကောင်ရမယ်…သတိဝီရိယမရှိရင် ဘေးတွေ့မယ်ဒါပါဘဲကွ…”

ပဒိန်ကမုဆိုးကြီးပြောသည်ကို ဘာမှပြန်မပြောဘဲ ထမင်းသာဆက်စားနေလိုက်၏။ စားသောက်ပြီးသည်နှင့် မုဆိုးကြီးက ဖက်ကြမ်းဆေးလိပ်ကြီးကိုခဲရင်း သူ၏လက်စွဲတော်နှစ်လုံးထိုးလက်လုပ်သေနတ်ကြီးကိုပွတ်သပ်နေ၏။ ထိုခဏ၌ဆတ်ကြီးတစ်ကောင်သည် လှပသောချိုကားကားကြီးကိုဝင့်ကြွားရင်း ဟိုဟိုသည်သည်ကြည့်ကာ စိတ်ချရတော့မှ ရေစပ်ဆီသွားပြီး ရေကိုငုံ့ကာသောက်လိုက်၏။ နားအလွန်ပါးသောမုဆိုးကြီးသည် ချောင်းစပ်ရှိဆတ်ထီးကြီးကိုတွေ့လျှင် ဝမ်းသာစွာပြုံးလိုက်ရင်း ​စနစ်တကျထိုင်ကာ ဆတ်ကြီး၏လည်ပင်းတည့်တည့်ကိုဆင့်ကာပစ်ထည့်လိုက်၏။

” ဒိုင်း…”

” ဒိုင်း….”

သေနတ်သံကြားမှာ အိပ်ပျော်ရာကနိူးလာသောပဒိန်တစ်ယောက်မျက်လုံးမျက်ဆံပြူးဖြင့် မုဆိုးကြီးရှိရာခြုံပုတ်ဆီသို့လာရန်ပြု၏။ မုဆိုးကြီးကလက်ဟန်ခြေဟန်ပြုကာ ထိုအကွယ်၌သာထိုင်နေရန်ပြော၏။

” ေဟာ…ဒီကောင်ကြီးမသေသေးဘူးဟ..”

ကျည်မှာဆတ်ကြီး၏လည်ကိုမမိဘဲ လက်ပြင်ကိုသာမိသဖြင့် အလန့်တကြားထွက်ပြေးလေ၏။ မုဆိုးကြီးလည်း ကျည်အမြန်ထိုးလိုက်ရင်း

” ဟေ့ကောင်ပဒိန်…. ဒီကောင့်နောက်ကိုအမြန်လိုက်ရမယ်ကွ….သွေးစက်ကျတဲ့အတိုင်းငါကလိုက်မယ်…မင်းကဟောဟိုတောင်ကုန်းလေးအတိုင်းဖြတ်ပြီးပိတ်ထားကွ…”

” ဟုတ်ပြီမုဆိုးကြီး….”

ထို့နောက်နှစ်ဦးသား ဆတ်ကြီးပြေးသွားသည့်လမ်းကြောင်းအတိုင်းလိုက်ခဲ့ကြ၏။ တောကောင်ရလိုသည့်စောဖြင့်လိုက်ခဲ့ကြရာ တောနက်ပိုင်းအထိရောက်မှန်းမသိရောက်လာခဲ့ကြ၏။
တစ်ယောက်တစ်နေရာစီဖြစ်လေရာ ဘယ်နေရာမှန်းမသိဘဲဖြစ်နေ၏။

” ကျလိ…ကျလိ….”

” ဥဩ…ဥဩ…ဥဩ…”

” ဟင်…ငှက်တွန်သံတွေတောင်ကြားနေရပါလား…မုဆိုးကြီးရောဘယ်ရောက်သွားတာလဲ…”

” ဝူး….”

” ဝူး…”

မုဆိုးကြီး၏တည်နေရာအားသိစေရန်အတွက်အချက်ပြအသံအားပြုလိုက်သော်လည်း တစ်ဘက်ကဘာသံမှပြန်မလာခဲ့ချေ။

” ခက်ချေပြီ….ဒီတောနက်ထဲအထိလည်းငါတစ်ခါမှမရောက်ခဲ့ဖူးဘူး ဘယ်လိုပြန်ထွက်ရပါ့…နေရောင်လည်းသိပ်မရတော့ဘူး ငါ့အထင်၄၊၅နာရီလောက်ရှိပြီထင်ပါ့….ဟူး…”

ပဒိန်လည်းစိတ်ပျက်ပျက်ဖြင့် တောအထွက်လမ်းရှိမည့်အရပ်ကိုမှန်းဆကာသွားနေမိ၏။ သို့သော်ထိုနေ့၌ ထွက်လမ်းရှာမရဘဲ တောထဲသာအချိန်ကုန်ဆုံးနေလေ၏။ ​

နောက်တစ်နေ့နေထွက်လာချိန်၌ပဒိန်လည်းအပင်ပေါ်မှဆင်းပြီးထွက်လမ်းကိုတွေ့လိုတွေ့ငြား ရှာပြန်၏။ သို့သော်ရှာမတွေ့ဖြစ်နေ၏။ သို့ကြောင့်စိတ်ညစ်ညစ်ဖြင့်မြေပေါ်သို့
ထိုင်ချလိုက်ပြီး

” ဟူး…မုဆိုးကြီးလည်းဘယ်ရောက်နေတာလဲနော်…တကယ်လို့ဒီတောထဲကနေပြန်မထွက်နိူင်ခဲ့ရင် ငါ့အမေကိုဘယ်သူရှာကျွေးမှာလဲ…..”

မိခင်ကိုသတိရပြီး ဝမ်းနည်းစိတ်ဝင်လာပြန်၏။

” ကဲ…ဖြစ်ချင်ရာဖြစ်ကွာ…ထွက်လမ်းကိုရအောင်ငါရှာမယ်…”

ထိုသို့သံဓိဌာန်ချပြီး လမ်းရှိနိူင်မည့်နေရာကိုမှန်းဆရင်းသွားနေမိ၏။

” ဟေဝန်စုံမြိုင်×××××××××

တောဂနိုင်ဆန်းကြယ်××××××××

မမောနိူင်လှမ်းမယ်××××××××

မောင်ရယ်….လိုက်ခဲ့ပါလားကွယ်…..×××××××××”

သာယာသောသီချင်းသံကြောင့် ပဒိန်၏ခြေလှမ်းတို့တုံ့ခနဲရပ်သွား၏။

” ဟင်…ဘယ်ကသီချင်းသံလဲ…ငါ့ကိုတောခြောက်နေပြီထင်တယ်…”

ဆိုကာကျောချမ်းသလိုပင်ဖြစ်သွား၏။ ထို့နောက်ဖြစ်ချင်ရာဖြစ်ဆိုကာ သီချင်းသံလာရာအတိုင်းလိုက်လံရှာဖွေနေမိ၏။

” ဟင်…မိန်း…မိန်းကလေးတစ်ယောက်ပါလား..ဒီတောကြီးမျက်မည်းထဲမှာ လူရှိတာမဖြစ်နိူင်ဘူးထင်တယ်…”

တောင်ကုန်းလေးပေါ်၌ မိန်းကလေးတစ်ယောက်သည် တောပန်းကလေးများကိုခူးရင်း သီချင်းသီဆိုနေခြင်းပင်။ မိန်းကလေးမှာ ပျော်ရွှင်စွာသိချင်းဆိုနေရင်း လောကကြီးကိုမေ့ထားနေဟန်ရှိ၏။ ထိုမိန်းကလေး၏ကျောပေါ်မှ ဖြန့်ချထားသောဆံနွယ်တို့မှာ လေအဝှေ့၌ လူးလူးလွန့်လွန့်လွင့်ပျံနေလေ၏။ ထိုမြင်ကွင်းကြောင့် ပဒိန်မှာငေးမောကြည့်နေရင်း ရင်ထဲမှအပူမီးများတဒဂ်ပြေပျောက်သွားသလိုပင်ရှိ၏။ သို့ကြောင့်ရှင်းလင်းစွာမြင်နိူင်ရန်အတွက်အရှေ့သို့ တိုးရန်လှမ်းလိုက်စဥ် သစ်ကိုင်းခြောက်တစ်ခုကို နင်းမိသွား၏။

” ဂျောက် ”

ထိုအသံကြောင့်သီချင်းသံမှာရပ်သွားပြီး မိန်းကလေး၏အကြည့်တို့မှာသူ့ဆီသို့ပုံကျလာ၏။

” တောင်း…တောင်းပန်ပါတယ်ဗျာ…ကျုပ်…ကျုပ်တောထဲလမ်းပျောက်နေလို့ မိန်းကလေးကိုမြင်တော့ လမ်းမေးမလို့လာတာပါ ”

ဟုရှက်အမ်းအမ်းဖြင့် ပြောလာရာ မိန်းကလေး၏ မျက်နှာမှာပြုံးလာပြီး

” ကျွန်မဖြင့် သရဲခြောက်တာအောက်မေ့လို့ လန့်သွားတာဘဲရှင့်…ဟင်းဟင်း…”

ဆိုကာ ပန်းပွင့်ကလေးများအားအမှုမဲ့ကိုင်နေမိ၏။ ပဒိန်က ထိုမိန်းကလေးအားသေချာကြည့်ပြီး

” မိန်းကလေးက… လူ…လူအစစ်ဟုတ်…ဟုတ်ပါတယ်နော်…”

” မဟုတ်ဘူးရှင့် သရဲပါ…ဟင်းဟင်း…”

” သိပ်နောက်တာဘဲဗျာ… သရဲကဒီလောက်လှပါ့မလား…တကယ့်သရဲဆိုရင်လည်းဒီလောက်ချောတဲ့လှတဲ့သရဲမလေးဆိုရင်တော့ အယောက်တစ်ရာရှိနေလည်းမကြောက်ပေါင်ဗျာ…”

ဘယ်ကလာမှန်းမသိသောသတ္တိကသူ့ရင်ထဲခိုအောင်းလာပြီး ထိုစကားအားပြောထွက်သဖြင့် သူ့ကိုယ်သူအံ့ဩနေလေ၏။ သို့ကြောင့်စကားလမ်းကြောင်း လွှဲကာ

” ဟို…ဟိုလေ….ဒီတောကအထွက်လမ်းသိတယ်မလားဟင်…အစ်ကိုပြန်ထွက်မရတာနှစ်ရက်ရှိပြီမို့ပါ….”

” ကျွန်မတော့အထွက်လမ်းမသိဘူးရှင့်… ကျွန်မအဖိုးကတော့သိလောက်ပါရဲ့….”

” ဟင်ဟုတ်လား… အဲဆိုညီမအဖိုးကဘယ်မှာလဲဟင်… ”

” အိမ်မှာပေါ့ရှင့်…. ကျွန်မကပန်းခူးထွက်လာတာလေ….”

” အင်းနော်…ဟုတ်သားဘဲ…ဟဲဟဲ…ဒါဆိုညီမဘယ်တော့ပြန်မှာလဲဟင် ညီမပြန်ရင် အစ်ကိုလိုက်ခဲ့မယ်လေ ညီမအဖိုးဆီကတောအထွက်လမ်းမေးချင်လို့ပါ….”

” ကျွန်မခုဘဲပြန်မှာရှင့်… အစ်ကိုလိုက်ချင်လိုက်ခဲ့လေ…”

ထိုသို့ဖြင့်နှစ်ယောက်သား တောက်ကျောပေါ်မှဆင်းလာခဲ့၏။ သူ့နှာခေါင်းထဲ၌ မွှေးကြိုင်သောရနံ့ကိုရနေ၏။ မိန်းကလေး၏ကိုယ်သင်းရနံ့လား၊မိန်းကလေး၏လက်၌ပွေ့ထားသောတောပန်းရနံ့လေလားမသိချေ။ တအောင့်အကြာ၌ ရွာကိုလှမ်းမြင်ရ၏။

” ရှေ့ကညီမတို့နေတဲ့ရွာဘဲရှင့်… ပန်းတမာရွာတဲ့… ”

” ဪ…ဒီဖက်မှာရွာတွေရှိသေးတာအစ်ကိုမသိခဲ့ဘူးဘဲ…”

” ရှိတာပေါ့ရှင့်…ကျွန်မတို့ရွာရဲ့ဟိုဘက်တွေမှာလည်းရွာတွေရှိသေးတယ်လေ…”

” ဪ…”

စကားပြောလျှင်ပြုံးပြီးပြောတတ်သောသူမ၏ အမူအရာလေးကိုပဒိန်၏မျက်လုံးထဲမှစွဲနေမိ၏။ စကားပြောရင်းလာကြရာရွာထိပ်ရှိချောင်းကလေးကိုကန့်လန့်ဖြတ်ထိုးထားသော ချောင်းကူးတံတားတစ်စင်းပေါ်ရောက်လာခဲ့ကြ၏။ ချောင်းရေ၏ကြည်လင်မှုကြောင့် ချောင်းထဲရှိကူးခပ်သွားလာနေသော ငါးကလေးများကိုအတိုင်းသားမြင်နေရ၏။

ရွာထဲဝင်လာသည်နှင့် ကလေးလူကြီးအားလုံးတို့မှာ သူ့အားအထူးအဆန်းသဖွယ်ကြည့်နေကြ၏။ နေအိမ်အတော်များများကိုဖြတ်ကျော်လာပြီးနောက် ကြီးမားသောအိမ်ကြီးတစ်အိမ်ရှေ့သို့ရောက်လာခဲ့၏။ သူမသည် အိမ်ရှေ့တံခါးကိုဖွင့်လိုက်ပြီး အိမ်ဝန်းထဲဝင်သွားလေရာ သူလည်းအနောက်မှလို​က်၍ဝင်လာခဲ့၏။ ထိုခြံထဲ၌လူများအလုပ်ကိုယ်စီလုပ်နေကြ၏။ ထိုလူတို့မှာ မိန်းကလေး၏အလုပ်သမားများဖြစ်ဟန်ရှိ၏။

” ပန်းဥ…ပန်းဥရေ….”

” ရှင့်မမလေး လာပြီ…”

” အင့်ဒီမယ် ဘုရားပန်းတွေလဲလိုက်နော်…ကျန်တာတွေဘဘအခန်းထဲကဘုရားပန်းအိုးထိုးလိုက်ချေ…”

” ဟုတ်ကဲ့ရှင့် မမလေး…”

ပန်းဥဆိုသောမိန်းကလေးက အမျိုးသမီး၏လက်မှ ပန်းများအားလက်ပြောင်းယူလိုက်ပြီးသူ့ကိုတချက်ကြည့်ကာ ထိုနေရာမှထွက်ခွာသွား၏။
မိန်းကလေးက လက်နှစ်ဖက်ကိုအကြောဆန့်ရင်း

” လာအစ်ကို ဒီမှာထိုင်ပြီး သစ်သီးဝလံတွေသုံးဆောင်ပါနော်…ခနနေကျရင် အဘိုးလာလိမ့်မယ်…ခုကတရားအဖြုတ်သေးလို့ပါ….”

” ဟုတ်ကဲ့ပါဗျာ…ကျုပ်စောင့်ပါမယ်…”

မိန်းကလေးကသူ့အားကွပ်ပျစ်ပေါ်ထိုင်ခိုင်းပြီး အိမ်ပေါ်သို့တက်သွား၏။ သူလည်းကွပ်ပျစ်ထက်ရှိခုံပုလေးပေါ်၌တည်ခင်းထားသော သစ်သီးဝလံများထံမှ ငှက်ပျောသီးတစ်လုံးကိုယူလိုက်၏။

” အား….မွှေးနေတာဘဲ ဘာငှက်ပျောအမျိုးအစားပါလိမ့်…”

ဆိုကာမြိန်ရေယှက်ရေစားနေမိ၏။
နာရီဝက်ခန့်အကြာ၌ မိန်းကလေးသည် လူကြီးတစ်ယောက်နှင့်အတူဆင်းလာကာကွပ်ပျစ်၌လာထိုင်၏။

” လူကလေးက မြေးလေးခေါ်လာတဲ့တောအထွက်လမ်းရှာနေတဲ့သူထင်တယ်….”

မျက်လုံးစူးရဲပြီးမျက်နှာဖြူဝင်းကာ လောဘဒေါသမောဟကင်းသော ပုံပေါ်သည့်လူကြီးက ချိုသာသောအသံဖြင့် မေးလာ၏။ ဘာကြောင့်မှန်းမသိ ထိုလးကြီး၏အသံသည်ဩဇာသံလွှမ်းနေသကဲ့သို့ရှိနေ၏။ ပဒိန်လည်း

” ဟုတ်…ဟုတ်ပါတယ်ဗျာ…ကျုပ်က စလွန်ရွာကပါ တောထဲဝင်တုန်းအဖော်နဲ့ကွဲသွားလို့ပြန်မထွက်တတ်တော့လို့ပါ….”

” ဪ…တောရဲ့ဟိုးဘက်ရွာကကိုး…အေးကွယ် အဘက အဲဒီဘက်ကိုတစ်ခေါက်နှစ်ခေါက်လောက်ရောက်ဖူးပါတယ်.. ဒီရောက်တုန်းတစ်ရက်၊နှစ်ရက်လောက်နေအုံးပေါ့ကွယ်…”

” နေချင်ပါတယ်ဗျာ…ဒါပေမဲ့ ကျုပ်အိမ်မှာကလည်း အမယ်အိုကြီးရှိနေသေးတော့ သူ့ရဲ့ဝေယျာဝစ္စတွေလုပ်ပေးရအုံးမှာဗျ…ကျုပ်တို့မှာကအမေတစ်ခုသားတစ်ခုဘဝမို့ လက်လွှဲပေးရမဲ့လူမရှိလို့ဗျာ….”

” အေးကွယ်…အဘလည်း လူကလေးကိုဒီတောကအထွက်လမ်းပြောပြချင်ပါရဲ့…ဒါပေမဲ့ အဲဒီဘက်ကိုတစ်ခါနှစ်ခါဘဲရောက်ဖူးလေတော့ ရေးတေးတေးဘဲမှတ်မိနေတယ်ကွဲ့….”

” ဗျာ! ဒါဆိုအဘကလည်း ကျုပ်ကိုတောအထွက်လမ်းမပြောပြနိူင်ဘူးပေါ့နော်….”

” ခနအချိန်ယူပြီး ပြန်စဥ်းစားကြည့်ရင်တော့ ပြန်မှတ်မိကောင်းပါရဲ့ကွယ်… ဒါ့ကြောင့်လူကလေးကိုတစ်ရက်နှစ်ရက်နေဖို့ပြောရတာပေါ့ကွယ်…”

ပဒိန်မှာစိတ်ပျက်အားလျော့သွားသော်လည်း မထူးတော့ပြီမို့ ပန်းတမာရွာ၌တစ်ရက်နှစ်ရက်ခန့်နေဖို့ဆုံးဖြတ်လိုက်၏။ ထိုရက်များအတောအတွင်း၌မြကျေးညိုဟူသောသူမနှင့်ခင်မင်ကျွမ်းဝင်ခဲ့ရပြီး ရင်ထဲနှလုံးသားထဲ၌လည်း အမျိုးအမည်မသိသော ခံစားမှုတစ်ခုကို ထူးထူးဆန်းဆန်းခံစားလိုက်ရ၏။ မြကျေးညိုလည်း သူ့အပေါ်၌ ပိုပိုသာသာအရေးပေးဆက်ဆံနေ၏။ မြကျေးညို၏အဖိုး ဦးသက္ကလည်း သူတို့နှစ်ယောက်၏အကြည့်ကိုသဘောပေါက်နားလည်ပြီး လွပ်လပ်စွာ နေစေလေ၏။

နှစ်ရက်ဟူသောအချိန်သည် မြန်ဆန်စွာကုန်ဆုံးသွားလေ၏။ နောက်နေ့၌ ဦးသက္ကသည် သူ့အားခေါ်ပြီး

” လူကလေးရဲ့ရွာကိုပြန်မဲ့လမ်းကို အဘမှတ်မိပြီကွဲ…လူကလေးတစ်ယောက်ထဲပြန်ခိုင်းရင် အန္တာရယ်တွေနဲ့ကြုံမှာစိုးလို့ ဟိုကဦးသိုက်မောင်ကိုအပို့ခိုင်းလိုက်မယ်ကွဲ့….

” ကျေးဇူးတင်ပါတယ်အဘရယ်…အဘတို့ရဲ့ကျေးဇူးကိုတသက်မမေ့ဘူးဗျာ…”

” အေးကွယ်….ရေစက်ရှိတော့သံသရာတကွေ့မှာ ပြန်လည်ဆုံတွေ့ကြရတာပေါ့ကွယ်…ရေစက်မကုန်သေးရင်တော့ ပြန်တွေ့ကြရအုံးမှာပေါ့….”

ပဒိန်ကရွာပြန်ရမည်ဆိုသဖြင့် ဝမ်းသာနေသော်လည်း မြကျေးညို၏မျက်နှာမှာ ပြိုတော့မဲ့မိုးလို ဖြစ်နေ၍ မသိမသာသက်ပြင်းချမိ၏။

” ကဲကဲ…ပြန်ဖို့ပြင်ထားကွဲ့… အဘကတော့ တရားထိုင်ဖို့ သွားပြီကွဲ့….”

” ဟုတ်ကဲ့ပါအဘ…”

ဦးသက္က ကကွပ်ပျစ်ပေါ်မှထပြီးအိမ်ပေါ်သို့တက်သွား၏။ ထို့နောက်သူတို့နှစ်ယောက်သည် တစ်ယောက်မျက်ဝန်းကိုတစ်ယောက်စူးစိုက်ကြည့်ရင်း ရင်ထဲမှမျက်ရည်ကျနေကြ၏။

” အစ်ကို… မြကျေးကိုမေ့မသွားပါနဲ့နော်…”

” မမေ့ပါဘူးမြကျေးရယ်…မြကျေးသာလက်ခံမယ်ဆို အစ်ကိုရွာပြန်ရောက်တာနဲ့ အမေ့ကိုပြောပြီး မြကျေးရဲ့အဘိုးထံလာပြီးနားဖောက်မယ်လေ….”

ပဒိန်၏စကားကိုမြကျေးညိုက ခေါင်းခါပြီး

” မဖြစ်နိုင်ပါဘူးအစ်ကိုရယ်…လောကမှာအစ်ကိုမသိသေးတာတွေ အများကြီးရှိပါသေးတယ်…”

” ဘာလို့မဖြစ်နိူင်ရမှာလဲ မြကျေးရဲ့ အစ်ကိုဖြစ်အောင်ကြိုးစားမယ်ကွာနော်….”

မြကျေးညိုကဘာမှပြန်မ​ပြောဘဲ သူ့လက်ချောင်းသွယ်သွယ်ကလေးထံမှ အနီရောင်နဂါးပုံလက်စွပ်ကလေးကိုချွတ်ယူပြီး ပဒိန်၏လက်ထဲသို့ထည့်ပေးလိုက်၏။

” မြ…မြကျေး…”

” ဒါကိုယူထားအစ်ကို..ဒါကလေ…မြကျေးနဲ့အစ်ကို့ရဲ့ကြားမှာ ဆက်သွယ်ပေးနိူင်မဲ့တစ်ခုထဲသောအရာဘဲ…အစ်ကို သေချာသိမ်းထားပါနော်….”

” ဟုတ်ပါပြီဗျာ.. မြကျေးကို အစ်ကို…အစ်ကိုလေ ချစ်မိနေပြီ…”

ဆိုကာမြကျေးညိုအားရင်ခွင်ထဲဆွဲသွသွင်းလိုက်၏။

” အဟမျး….အဟမျး…. ”

ချောင်းဟန့်သံကြောင့်နှစ်ယောက်သား ခွာလိုက်ပြီး ရှက်ကိုးရှက်ကန်းဖြစ်နေကြ၏။ ဦးသိုက်မောင်က

” သွားဖို့အချိန်တန်ပြီလူကလေး…”

” ဟုတ်ကဲ့ပါဗျာ…”

ဦးသိုက်မောင်ကမြင်းပေါ်သို့ခုန်တက်လိုက်၏။ ပဒိန်လည်းမြကျေးညိုကိုနူတ်ဆက်ကာ ဦးသိုက်မောင်၏မြင်းပေါ်သို့ခုန်တက်လိုက်၏။ ထို့နောက်မြင်းညိုကြီးသည် ကဆုန်ပေါက်ရင်း ထိုနေရာမှဒန်းစိုင်းပြေးထွက်သွားခဲ့၏။

ပဒိန်တစ်ယောက် စလွန်ရွာသို့ပြန်ရောက်လာခဲ့သဖြင့် လာကြည့်သူများပြည့်နေ၏။ ​မုဆိုးကြီးတီးတောင်လည်းဝမ်းသာအားရဖြင့်

” ပဒိန်ရယ် မင်းပျောက်သွားတော့ငါ့မှာအပြစ်မကင်းသလိုခံစားရပြီး နေ့တိုင်းတောနင်းရှာလိုက်ရတာကွာ….”

” ကျုပ်သုံးရက်ထဲပျောက်သွားတာပါဗျာ…”

” ဟေ…ဘယ်နှယ့်သုံးရက်ထဲတုန်းကွ မင်းပျောက်သွားတာ လဝက်ရသွားပြီ….”

” ဗျာ!…”

” ဟုတ်တယ်သားလူကလေးရယ်….အမေ့မှာလေ သားလေးကိုစိတ်ပူလွန်းလို့ အရူးတစ်ပိုင်းဖြစ်နေရတာကွယ်…ခုလိုသားပြန်ရောက်လာတော့ အမေလေ ဘယ်လိုဝမ်းသာရမှန်းကိုမသိတော့ပါဘူးကွယ်…အီးဟီးဟီး… ”

ဒေါ်အိုလိန်းကပြောပြောဆိုဆိုငိုချသဖြင့် ပဒိန်မှာမိခင်ကိုဖက်ထားရ၏။

ရွာပြန်ရောက်သည်နှင့် နေ့စဥ်နှင့်အမျှချစ်ရသူမြကျေးညိုကိုလွမ်းဆွေးနေရ၏။ အလွမ်းဒဏ်ရက်များဆက်လာသည်နှင့် ပဒိန်မှာအလုပ်အကိုင်ပျက်လာ၏။ အစားအသောက်ပျက်လာ၏။ ညစဥ်ညတိုင်းလက်စွပ်ကလေးကိုနမ်းရှုံ့ရင်းအိပ်ပျော်သွား၏။ အိပ်ပျော်သွားလျှင်အိပ်မက်ထဲမှချစ်ရသူမြကျေးညိုကလေးကိုတွေ့ရ၏။ သို့ကြောင့်အခန်းတွင်းအောင်းကာအချိန်ပြည့်မြကျေးညိုကိုသာတွေ့ချင်နေ၏။

” သား…ပဒိန်… ထွက်လာပါအုံးကွဲ့…ထမင်းစားရအောင်…”

” စားနှင့်အမေရာ သားဗိုက်မဆာသေးဘူးဗျ….”

” သားဗိုက်မဆာတာနှစ်ရက်သုံးရက်ရှိနေပြီနော်…အမေမသက်ာကိုကြည့်နေတာကြာပြီ…တောထဲကပြန်ရောက်ကတည်းကငါ့သား ပုံမှန်ဟုတ်မနေဘူး…အချိန်ပြည့်အိမ်တွင်းဘဲအောင်းနေတာ…အမေ့ကိုအမှန်တိုင်းပြောပြစမ်းပါကွယ်…အမေမကြည့်ရက်လွန်းလို့ပါ….”

” အမေ.. သားလေ…မိန်းကလေးတစ်ယောက်ကိုချစ်မိနေပြီဗျ…”

” ဟေ…ဒါများ အိမ်တွင်းအောင်းပြီးထမင်းမစားဟင်းမစားလုပ်နေရသလားကွဲ့….ပြော ဘယ််ရွာကကလေးမကိုမျက်စိကျနေတာလဲ… ငါ့သားအတွက်ဆိုအမေကရှိတာအကုန်ပုံပေးပြီး သွားတောင်းပေးမယ်….”

” တကယ်နော်အမေ…”

” တကယ်ပေါ့သားရဲ့…အမေတို့မှာဒီသားအမိဘဲရှိတာလေ….အမေလည်းချွေးမလိုချင်နေတာကြာပြီ…ပြောဘယ်ရွာကလဲ…”

” ပန်းတမာရွာသူအမေ…”

” ဟေ…ဒီအနီးအနားမှာ အဲဒီရွာနာမည်ကိုအမေမကြားဖူးပါဘူးကွယ်…ငါ့သားများအမှတ်မှားနေရော့သလား…”

” မမှားဘူးအမေ… သားတကယ်ပြောတာ…”

ဆိုကာ မြကျေးညိုနဲ့စတွေ့ခဲ့သည့်ပုံနှင့်မြကျေးညိုပေးခဲ့သောချစ်သက်လက်ဆောင် နဂါးနီလက်စွပ်ကလေးကိုထုတ်ပြလိုက်၏။

” ဒါဆိုငါ့သားတွေ့ခဲ့တာ လူစင်စစ်မဖြစ်နိူင်ဘူးငါ့သား….”

” ဗျာ!…”

” ဟုတ်တယ်ငါ့သား…. ငါ့သားပြောတဲ့ပန်းတမာရွာဆိုတာ ရှေးတုန်းကရွာကြီးတစ်ရွာဘဲ…အဲဒီရွာကိုဓားပြတွေဝင်တိုက်တော့ ရွာသူရွာသားတွေအားလုံး ကိုယ့်ဥစ္စာပစ္စည်းကိုယ်ယူပြီး ကိုယ့်အိမ်ကိုမီးရှို့အသေခံခဲ့ကြတယ်လို့ပြောတယ်…ဒီနောက်ပိုင်းအဲဒီရွာပျက်ကြီးဟာအခြောက်အလန့်ကြမ်းလွန်းလို့ ဘယ်သူမှခြေမချရဲဘဲတောရဲ့ဝါးမြိုခြင်းခံလိုက်ရတယ်တဲ့….”

” မဖြစ်နိူင်တာဗျာ….အမေသားကိုညာတာ….ပန်းတမာရွာဆိုတာတကယ်ရှိတယ်…မြကျေးညိုဆိုတဲ့မိန်းကလေးလည်းလူမှလူအစစ်…”

” တရားများများနာပါသားရယ်…သားကိုမဖြစ်သင့်တာမဖြစ်အောင်လို့အမေကပြောရတာပါ….”

” မသိဘူးဗျာ…မြကျေးညိုကိုသားရအောင်ယူမှာ…ဘယ်သူမှတားလို့မရဘူး….မြကျေး….မြကျေး…ကိုယ်လာပြီ…ကိုယ့်ကိုစောင့်နေ….”

ပဒိန်က မိခင်ဖျောင်းဖျနေသည့်ကြားမှ ထွက်ပြေးပြီးတောဘက်သို့ ပြေးသွား၏။ လမ်း၌မုဆိုးကြီး တီးတောင်နှင့်တွေ့သဖြင့် မုဆိုးကြီးကဖမ်းချုပ်ကာအိမ်သို့ပြန်ခေါ်လာခဲ့ရ၏။ ပဒိန်တစ်ယောက်စိတ်ဖောက်သလိုပင်ဖြစ်သွားပြီး အိမ်မှခနခနထွက်ပြေးနေရာ ဒေါ်အိုလိန်းမှာ သားအတွက်စိတ်သောကရောက်နေရရှာလေ၏။

ထိုဇာတ်လမ်းရှည်ကြီးကိုနားထောင်ရင်းမောင်ရေခဲမှာ တစ်စုံတစ်ရာကိုတွေးတောနေ၏။ ပြီးမှ

” ဪ…လက်စသပ်တော့နှမက ပဒိန် နှင့်မြကျေးညိုကိုပေါင်းဖက်စေချင်တာပေါ့ဟုတ်လား…”

” ဟုတ်ပါတယ်ဆရာ…မြကျေးညိုကိုလူ့လောကထဲခေါ်ပြီး ပန်းတမာရွာသူရွာသားအားလုံးအတွက်ကောင်းမှုပြုပေးစေချင်တာပါ…”

” ဟုတ်ပါပြီဗျာ…ဒါဆိုစလွန်ရွာကိုဘယ်လိုသွားရမလဲသာညွှန်ပါ…”

နဂါးမင်းသမီးသီရီမာလာလည်း စလွန်ရွာကိုသွားသည့်လမ်းအားညွှန်ပြီးသည်နှင့် မောင်ရေခဲတို့ဆရာတပည့်နှစ်ယောက်ကိုနူတ်ဆက်ပြီးပျောက်ကွယ်သွားလေ၏။

မောင်ရေခဲတို့ဆရာတပည့်နှစ်ယောက်လည်း စလွန်ရွာကိုခရီးဆက်လေရာနှစ်ရက်​​မြောက်နေ့၌ စလွန်ကျေးရွာသို့ရော​က်ရှိလာခဲ့၏။ ထိုရွာရှိရွာသားတစ်ယောက်အား ပဒိန်ဆိုသောလူ၏နေအိမ်သို့လမ်းပြခိုင်း၏။ ပဒိန်၏အိမ်ရှေ့သို့ရောက်သည်နှင့်လူငယ်တစ်ယောက်သည် ​လက်စွပ်ကိုကြည့်ပြီးပူဆွေးနေသည်ကိုတွေ့လိုက်ရ၏။

” ပဒိန်ရဲ့အိမ်ဟုတ်ပါသလားခမျ….”

ထိုသို့မေးရာ အိမ်ထဲရှိအဖွားအိုတစ်ယောက်ထွက်လာပြီး

” ဟုတ်ပါတယ်ရှင်… လူလေးတို့ကဘယ်သူတွေလဲ….”

” ပဒိန်ကိုသူ့ချစ်သူနဲ့ပေါင်းဖက်ခွင့်ရအောင် ကူညီပေးဖို့လာခဲ့တာပါ…”

” ဗျာ!..”

တချိန်လုံးငိုင်နေသော ပဒိန်မှာမောင်ရေခဲ၏စကားကြောင့် ဝမ်းသာပြီး ဗျာထူးကာထခုန်၏။ ဒေါ်အိုလိန်းလည်း မောင်ရေခဲတို့ကိုကြည့်ပြီး

” လာလာလူကလေးတို့….အိမ်ထဲလာကြကွဲ့…”

ဆိုကာ အိမ်ပေါ်သို့ခေါ်လေ၏။ မောင်ရေခဲတို့လည်း အကျိုးအကြောင်းသိပြီးဖြစ်သဖြင့် ပဒိန်အား

” ညီလေးပဒိန်…အစ်ကိုတို့က ညီလေးတို့ချစ်သူနှစ်ဦးပေါင်းဖက်ခွင့်ရဖို့ ကူညီပေးတာပါ…ဒါဟာညီလေးတို့နှစ်ယောက်တင်မဟုတ်ဘူး သေလွန်ပြီးသူပန်းတမာရွာသူရွာသားရဲ့ဆန္ဒလည်းဖြစ်တယ်…”

” သေဆုံးသူပန်းတမာရွာသူရွာသားတွေဟုတ်လားအစ်ကို…ကျွန်တော်နားမလည်တော့ဘူးဗျာ…”

” ဟုတ်တယ်ညီလေး…. ညီလေးနဲ့မြကျေးညိုကဘဝခြားနေတဲ့သူတွေပါ… သူတို့က အစွဲအလမ်းစိတ်ကြောင့် သေဆုံးခဲ့ရတာမလို့ စိတ်အစွဲ​ကြောင့် ဥစ္စာစောင့်တွေဖြစ်ကြရတယ်…နဂါးမျိုးဆ​က်တွေထဲကဖြစ်လေတော့ တန်ခိုးသိဒ္ဓိတွေလည်းရှိကြသလို ဘုရားတရားလည်းလုပ်ခွင့်ရကြတယ်….”

” ဒါ…ဒါဆို… ကျွန်တော်တို့နှစ်ယောက် ဒီဘဝမှာပေါင်းဖက်ခွင့်မရှိတော့ဘူးပေါ့နော်…”

” ဒါကညီလေးအပေါ်မှာမူတည်တယ်…ညီလေးဟာသူ့အပေါ်စစ်မှန်တဲ့မေတ္တာတရားတွေနဲ့ ရှေးဘဝကရေစက်ကံတွေကိုအကြောင်းပြုပြီး ခုနှစ်ရက်တိတိသီလနှင့်သမာဓိကိုလုံအောင်စောင့်ထိန်းနိူင်ရင်သူနှင့်ထာဝရပေါင်းဖက်ခွင့်ရနိူင်ပါလိမ့်မယ်…ဘယ်လိုလဲလုပ်နိုင်ရဲ့လား…”

” သူနဲ့ပေါင်းစပ်ခွင့်ရဖို့ဆိုရင် မီးပင်ဘယ်ဘဲဖြတ်ရဖြတ်ရ ကျုပ်ဖြတ်ဝံ့ပါတယ်ဗျာ…”

” ဒါဆို ဒီနေ့ကစပြီး အိပ်ချိန်စားချိန်ကလွဲပြီး တရားထိုင်ရမယ်…သမာဓိခိုင်အောင်လုပ်ရလိမ့်မယ်ကွ…”

” လုပ်ပါ့မယ်အစ်ကို…”

မောင်ရေခဲတို့လည်း ပဒိန်၏အိမ်ပတ်ပတ်လည်၌စည်းချပြီး သမာဓိလုံအောင်တရားထိုင်စေ၏။ အထက်ဆရာသခင်တို့ထံခွင့်ပြုချက်ယူပြီး
ပဒိန်အားသိုက်နန်းအတွင်းဝင်နိုင်သည့်ဂါထာနှင့်သိုက်နန်းရှင်များအား တွေ့မြင်နိူင်သည့် ဂါထာကိုသင်ပေးလိုက်၏။ ပဒိန်တရားထိုင်နေစဥ်အတွင်း၌ အမျိုးမျိုးသောစမ်းသပ်မှုတို့ကိုကြုံတွေ့ရ၏။ အစပိုင်း၌ကြောက်ရံွ့ထိတ်လန့်မိသော်လည်း ချစ်ရသူမြကျေးညို၏မျက်နှာကိုမြင်ပြီး အခက်အခဲအားလုံးကိုအောင်မြင်စွာဖြတ်ကျော်သွား၏။ ခုနှစ်ရက်မြောက်သည့်နေ့၌ ပဒိန်တစ်ယောက် အရာရာအတွက်အသင့်ဖြစ်သွား၏။

” ကဲ…ခုနှစ်ရက်မြောက်နေ့မှာညီလေးဟာ ခက်ခဲတဲ့စမ်းသပ်မှုတွေကိုဖြတ်ကျော်နိုင်သွားပြီ…ဒီတော့ လက်စွပ်ကိုကိုင်ပြီး ပန်းတမာရွာကိုအာရုံပြုသွားကြရမယ်…”

” ကျွန်တော်လမ်းမမှတ်မိဘူးအစ်ကိ​ု…”

“ညီလေးလက်ထဲက နဂါးလက်စွပ်လေးကလမ်းပြလိမ့်မယ်… မျက်စိစုံမှိတ်ထား…”

ပဒိန်လည်း မောင်ရေခဲပြောသည့်အတိုင်းမျ​က်စိအစုံမှိတ်ထားလိုက်၏။
ထိုခန၌လေဟာနယ်ထဲရောက်ရှိသွားပြီး မျက်လုံးဖွင့်ကြည့်ရာ သူမနဲ့စတင်တွေ့ခဲ့ရသောတောင်ကုန်းလေးပေါ်သို့ရောက်ရှိနေသည်ကိုတွေ့လိုက်ရ၏။

” ဟာ….ဒီ…ဒီနေရာ…”

” ဒီနေရာကိုရောက်ပြီဆိုတော့ ပန်းတမာရွာကိုဘယ်လိုဆက်သွားရမလဲဆိုတာ သိလား…”

” သိပြီဗျို့….ပန်းတမာရွာက ဒီတောင်ကျောလေးအတိုင်းဆင်းသွားရင် ရောက်တယ်…”

” ဒါဆိုသွားကြစို့…”

ပဒိန်မှာချစ်ရသူကိုတွေ့လိုသောဆန္ဒကြောင့်ခြေလှမ်းတို့ကလျှင်မြန်နေ၏။ တအောင့်၌ ရွာကိုလှမ်းမြင်ရသည့်နေရာသို့ရောက်လာ၏။

” အရင်က ဒီနေရာရောက်ရင် ပန်းတမာရွာကိုလှမ်းမြင်ရတယ်…ခုကဘာရွာမှာမရှိဘဲမြင်လေရာရာတောတွေဘဲရှိနေတယ်ရော…”

” ဒါကညီလေးရဲ့အပိုင်းရောက်ပြီ…သီလသမာဓိကိုအားကိုးပြီး သိုက်ကိုမြင်နိုင်တဲ့ဂါထာကိုရွတ်ပါ…ဒါပေမဲ့သတိထားရမှာက တစ်လုံးမှားလိုက်တာနဲ့ မြကျေးညိုနဲ့ထာဝရဝေးသွားစေလိမ့်မယ်…”

” ဟုတ်ပါပြီဗျာ… ဒီလိုတော့အဖြစ်မခံနိူင်ဘူး…”

ဆိုကာ တစ်နေရာ၌အကျအနထိုင်လိုက်ပြီးမြတ်ဘုရားကိုအာရုံပြုကာ ဘုရားစာရွတ်ရင်းပူဇော်၏။ ဝေနေယျတို့ကိုမေတ္တာပို့၏။ အားလုံးပြီးသည်နှင့် သိုက်မြင်ဂါထာကိုရွတ်လိုက်၏။

” ဝုန်း….”

” ရှဲ…ရှဲ…”

ထိုခန၌ပင် ဝုန်းဟောသောတောပြိုသံနှင့်အတူ သစ်ပင်ကြီးငယ်တို့ရွေ့သံကိုကြားလိုက်ရ၏။ ပဒိန်လည်းရင်ခုန်စွာဖြင့်မျက်လုံးကိုဖြည်းညင်းစွာဖွင့်ကြည့်ရာ ရွာထိပ်ရှိချောင်းကလေးနှင့်ရွာအဝင်တံတားတို့ကိုတွေ့လိုက်ရ၏။

” ဟာ….ဟုတ်တယ်… ဒီရွာဘဲ …ဒါမြကျေးတို့နေတဲ့ပန်းတမာရွာဘဲဗျ…”

ဆိုကာတံတားကလေးဆီသို့ပြေးသွား၏။ တံတားပေါ်၌ကား သူ့အားစောင့်ကြိုနေသောချစ်ရသူမြကျေးညို။

” အစ်ကို….အစ်ကိုရောက်လာခဲ့ပြီနော်…”

” ဒါပေါ့မြကျေးရယ်…မြကျေးကိုကိုယ်မှမခွဲနိူင်တာ…”

” ဟုတ်ပါပြီ…အစ်ကိုတို့ကိုအဘိုးကစောင့်နေတယ်…လာကြအစ်ကိုတို့…”

မြကျေးညိုဆိုသောမိန်းကလေးကဖော်ရွေပျူငှာစွာဖြင့်မောင်ရေခဲတို့အား ဖိတ်မန္တကပြု၏။ သူတို့အားလုံးရွာထဲဝင်လာခဲ့ကြပြီး အိမ်ကြီးဆီသို့ရောက်လာခဲ့ကြ၏။ ဦးသက္ကက ထွက်ကြိုရင်း

” သခင်လေးတို့တောင် ရောက်လာပြီကိုး…လာကြလာကြကွယ်…”

ဆိုကာမောင်ရေခဲအားဦးညွှတ်အရိုအသေပေးနေ၏။ အိမ်ထဲရောက်သည်နှင့် စားဖွယ်အစုံတို့ကဆီးကြိုနေ၏။

” ထိုင်ကြဗျာသခင်လေးတို့…စားဖွယ်အစုံကို သုံးဆောင်ကြကွဲ့…”

” သက်သာသလိုနေပါဦးသက္ကရယ်…ကျုပ်ကဘဝဟောင်းက နဂါးမင်းသားဖြစ်ခဲ့ပေမဲ့ ဒီဘဝဒီခန္ဓာရောက်လာခဲ့ပြီဖြစ်တဲ့အတွက် ဘဝဟောင်းကိုအပြီးတိုင်စွန့်ခွာခဲ့ပြီးပါပြီ…”

” သခင်လေးကတော့ အေးချမ်းရာအစစ်အမှန်ကိုရှာတွေ့နိူင်ခဲ့….ကျွန်တော်မျိုးကတော့ဟောဒီကမြေးမလေးနှင့် ရွာသူရွာသားတွေအပေါ်စိတ်မချနိူင်းေသးလို့ အေးချမ်းရာရှာမတွေ့သေးပါဘူးကွယ်…”

” ကျုပ်လည်း အေးချမ်းမှုအစစ်အမှန်ကိုမရသေးပါဘူးဗျာ…ဇာတိနိရောဒါ ဇရာမရဏ နိရောဒေါ လို့ဆိုတဲ့
မွေးဖွားခြင်းရပ်ဆိုင်းမှသေဆုံးခြင်းရပ်မဲ့ အေးချမ်းမှုကိုဆက်ပြီးရှာဖွေရအုံးမှာပါ….”

” ဘယ်လိုဘဲဖြစ်ဖြစ်ဗျာ…ခုတော့သခင်လေးတို့ရောက်လာတော့ ကျုပ်ဖြင့်အင်မတန်ဝမ်းသာတာဘဲ…ကျုပ်ရဲ့မြေးမလေးကိုလည်းဟောဒီကလူကလေးရဲ့လက်ထဲစိတ်ချလက်ချထည့်ပေးနိူင်ခဲ့ပြီ…ဒီလူငယ်လေးကဘဝအဆက်ဆက်ဆုတောင်းကောင်းမှုကြောင့် သူဟာကံငါးပါးနှင့်သီလသမာဓိကိုစောင့်ထိန်းနိူင်ခဲ့တယ်…ဒါဟာကျုပ်တို့တစ်ရွာလုံးစောင့်စားနေတဲ့ မဟာမဂ်လာအချိန်ကောင်းပါဘဲ…ဒီမယ်လူကလေး ကျုပ်မြေးမလေးကို သားမှတ်မှတ်မယားမှတ်မှတ်ချစ်ခင်ပေးပါ…ဒါတွေကိုယူပြီးကျုပ်တို့တစ်ရွာလုံးအတွက်ရည်စူးဒါနပြုပေးပါ….”

ဦးသက္က က အထုပ်မဲကြီးအား ပဒိန်လက်ထဲသို့ထည့်ပေးရင်း သေချာစွာအမှာတော်ပါးနေ၏။ ပဒိန်လည်း

” စိတ်ချပါအဘ….အဘတို့အတွက်ကျွန်တော်သေချာလုပ်ပေးပါ့မယ်…မြကျေးကိုလည်းအသက်နဲ့ရင်းပြီးကာကွယ်ပါ့မယ်…”

” ဟုတ်ပါပြီကွယ်…ကဲသခင်လေး ကျုပ်မြေးမလေးကိုလူ့ပြည်ခေါ်ပေတော့….ကျုပ်ခွင့်ပြုတယ်…”

” ဟုတ်ပြီဦးသက္က…ကျုပ်ပြုသမျှကောင်းမှုကိုသင်တို့တစ်ရွာလုံးကိုအမျှပေးတယ်…”

” သာဓု…သာဓု..သာဓု…”

ထိုအခါမောရေခဲက ရွှေကျုတ်ထဲမှ ရွှေရောင်တောက်နေသည့်ရွှေအပ်လေးတစ်ချောင်းကိုထုတ်ယူပြီး မြကျေးညို၏ ဦးခေါင်းထိပ်တည့်တည့်ကိုထိုးစိုက်ပေးလိုက်၏။ ထိုသို့ပြုလုပ်ပေးလိုက်ရာ မြကျေးညိုမှာ လူဝင်စားတစ်ယောက်ကဲ့သို့ဖြစ်သွားပြီး ဘဝဟောင်းကိုမမှတ်မိတော့ဘဲ လူ့ဘဝကိုရရှိသွားလေ၏။

” မြကျေးညို…မြေးလေး…ဘယ်တော့မှဘုရားတရားမမေ့နဲ့နော်….အဖိုးအပါအဝင်ပန်းတမာရွာသူရွာသားအားလုံးကိုရည်စူးပြီးမေတ္တာပို့အမျှဝေပေးပါ…ဘဝတစ်လျှောက်လုံးအေးချမ်းပါစေမြေးလေး…”

” ဟုတ်ကဲ့ပါအဘ…သမီးသေချာမှတ်သားထားပါ့မယ်…”

တဒဂ်မှတ်ဉာဏ်လေးအတွင်း၌ မြကျေးညိုသည် အဘိုးဖြစ်သူအား ရိုသေစွာဦးခိုက်ကန်တော့လိုက်၏။

စလွန်ကျေးရွာရှိတောင်ကုန်းကလေးပေါ်၌ စေတီတစ်ဆူသည်အရံစေတီများခြံရံလျှက် သပ္ပယ်စွာစံနေတော်မူ၏။ စေတီရေစက်ချပွဲနှင့်ထီးတော်တင်ပွဲအား ခုနှစ်ရက်ခုနှစ်လီကျင်းပရင်း ဘဝဟောင်းကတော်စပ်ခဲ့သော မိဘဆွေမျိုးများအားအမျှပေးဝေ၏။ စေတီ၏​မုဥ်ဦး၌ နဂါးနှစ်ကောင်ရစ်ပတ်နေပုံကိုထုလုပ်ထား၏။
စေတီ၏အရှေ့မျက်နှာစာရှိ ကမ္ဗည်းကျောက်စာထက်၌ကား ဦးသက္ကနှင့်မြေးလေးမြကျေးညိုတို့အမှူးပြုသည့် ပန်းတမာရွာသူရွာသားအားလုံး၏ ကောင်းမှုဟူသော ကျောက်ထက်အက္ခရာသည် ငွားငွားစွင့်စွင့် ရှိနေလေ၏။

ပန်းတမာစေတီကြီးအား ထီးတော်တင်ရေစက်ချပွဲပြီးသည်နှင့် မောင်ရေခဲတို့ဆရာတပည့်လည်း အားလုံးကိုနူတ်ဆက်ကာ စလွန်ရွာမှ ထွက်သွားခဲ့ကြလေတော့၏။……။

# ပြီး
# ခွန်း