မော့လေ မြော့လေ (စ/ဆုံး)
——————
ကျွန်တော်လမ်းလျှောက်ကအပြန် ကြက်သား ၃၀၀၀ ကျပ်ဖိုးဝယ်ခဲ့သည်။
ဈေးထဲတွင် အသား ၃၀၀၀ ကျပ်ဖို့ဝယ်၍ရနိုင်သည်မှာ စီပီကြက်သားတစ်မျိုးတည်းသာရှိတော့သည်။ အရွယ်အရ တစ်ခါတစ်ရံ အသားစားပေးဖို့လိုသည်။ ဝက်သား၊ အမဲသား ၃၀၀၀ ကျပ်ဖိုး ဝယ်၍မရ။ အနည်းဆုံး ၅၀၀၀ ကျပ်ဖိုးဝယ်မှရသည်။ ကြက်သားနှင့်နှိုင်းယှဉ်လျှင် အရနည်းသည်။ ကြက်သားကလည်း ကြာကြာ မစားနိုင်။ ကြာသော် ကြက်စော်နံလာသည်။
ကြက်သားလေးကို ပြုတ်၍တစ်ဖုံ၊ ကြော်၍တစ်နည်း၊ ချက်၍တစ်မျိုးမရိုးနိုင်အောင် လုပ်စားရာမှ ရိုးလာသော် ကြက်ဥဘက်လှည့်ရသည်။ ကြက်ဥကလည်း တစ်လုံး ၅၅၀ မှ ၆၀၀ သို့ပြောင်းချင်နေသည်။ မကြာသေးမီက ၅ လုံးဝယ်ကာ အိမ်ပြန်လာသည်။ အိမ်ရောက်မှ ကြက်ဥလေးနှစ်လုံးကြော်မည်ဆိုကာ တစ်လုံးကို ဦးစွာ ဖောက်ထည့်ပြီး နောက်တစ်လုံးကို ဖောက်ထည့်လိုက်ရာ ပုပ်နေသဖြင့် တစ်အိုးလုံး ပစ်လိုက်ရသည်။
ကန်စွန်းရွက်ကားဈေးမတက်။ တရုတ်ကန်စွန်းတစ်စည်း ၁၀၀၀ ကျပ်သာဖြစ်သည်။ သို့သော် ယခင်က အစည်းထက် ယခုအစည်းက ပိုနည်းသွားသည်။ နှစ်စည်းစာကို သုံးစည်းလုပ်ရောင်းနေသည့်သဘောဖြစ်ကုန် သည်။
ဆန်ဈေးတက်
ဆီဈေးတက်
မတက်တာဘာမျှမရှိ။
မတက်တာဆို၍ စိတ်ဓာတ်ပဲဖြစ်မည်။
အောက်ခြေလူတန်းစားတွေ မည်သို့နေထိုင်၊ စားသောက်၊ ရပ်တည်နေကြရသည်ဆိုခြင်းမှာ မိမိတို့ပြဿနာသာ ဖြစ်သည်။ ကိုယ့်ဝမ်းနာ ကိုယ်သာသိ ကြံဖန်ရပ်တည်နေကြရသည့်သဘောဖြစ်သည်။
ကုန်ဈေးနှုန်းတွေတက်ပြီးရင်း တက်နေသဖြင့် ဆိုင်တွေကလည်း ညည်းကြသည်။
ဥပမာ ဝက်သားဆိုင်မှ အမျိုးသမီးက
“ခါတိုင်းဆိုရင် ၈ နာရီထိုးတာနဲ့ကုန်ရော။ ခုတော့ ၁၀ နာရီထိုးတောင် မကုန်ဘူး”
ကုန်စုံဆိုင်ကလည်း
“တစ်နေ့ တစ်သိန်းဖိုးလောက်တောင် မရောင်းရတော့ဘူး။ ရပ်တည်ဖို့ခက်လာတယ်။ ဆိုင်လခတောင် အနိုင်နိုင်ဖြစ်လာပြီ”
ဈေးထဲတွင် တစ်ခုသတိထားလာမိသည်မှာ ဆိုင်တွေတဖြည်းဖြည်း ပြုတ်ကုန်တာလား၊ မထွက်တာလား မသိ။ ပိတ်ထားတာတွေ များလာခြင်းဖြစ်သည်။
စီးပွားရေး ဦးမော့လာသလား၊ ထောင်လာသလား ဈေးထဲဝင်ကြည့် သိသာသည်။ လူတွေဝယ်ယူစားသောက် နေကြသည့် စားသောက်ကုန်တွေနှင့် ညည်းညူချက်တွေက ခေတ်ကိုထင်ဟပ်စေသည်။
အခြေခံလူတန်းစားတွေ ဆင်းရဲကျပ်တည်းနေသမျှ နောက်ဆက်တွဲဆိုးကျိုးတွေက တန်းစီနေတော့သည်။
ဝင်ငွေနည်းသူတွေက ယခင်ကလိုဝယ်စားနိုင်မှုတွေ နည်းလာသည်။
အဝတ်အထည်၊ ဆေးဝါး၊ လောင်စာ စသည့် မရှိမဖြစ် လိုအပ်သောအရာများ ဈေးနှုန်းတွေ တက်ပြီးရင်း တက်နေသဖြင့် ဆင်းရဲမွဲတေမှုထဲကို ပြည်သူတွေ ပိုပြီးနစ်မွမ်းကုန်တော့သည်။
ပြည်သူတွေ စားဝတ်နေရေး ဖူလုံခြင်း မရှိလျှင် အာဟာရချို့တဲ့လာမည်။ ကြာလျှင် ကျန်းမာရေး ပြဿနာတွေ ဖြစ်လာနိုင်သည်။ အထူးသဖြင့် ဖွံ့ဖြိုးမှုကို အားယူနေကြသည် ကလေးသူငယ်များ ကောင်းစွာ မစား မသောက် ရလျှင် ကာယအားချို့တဲ့သလို ဉာဏအားလည်း ယုတ်လျော့လာနိုင်သည်။
သက်ကြီးရွယ်အိုတွေလည်း အာဟာရဖြစ်စေနိုင်သည့် အစားအသောက်တွေကို မစားသောက်နိုင်လျှင် စောစီးစွာ လူ့ဘဝကြီးကို စွန့်ခွာရလိမ့်မည်။
ကျွန်တော်တို့ ဆင်းရဲသားရပ်ကွက်တွေထဲတွင် တစ်နှစ်ပြီးတစ်နှစ် လူတွေရင်ဆိုင်လာနေရသည်မှာ နေထိုင် စရာ ပြဿနာ၊ လျှပ်စစ်မီးနှင့် ရေရရှိရေး အခက်အခဲတွေဖြစ်သည်။ စားဖို့တောင်အနိုင်နိုင် ရှာဖွေနေရသူတွေမှာ အိမ်ငှားခတွေမြင့်တက်ခြင်းနောက်ကို မလိုက်နိုင်သည့်အဆုံး မိသားစု နှစ်စုတစ်အိမ်တည်းပေါင်းနေကြရသည့် အနေအထားတွေကို တွေ့လာသည်။ ရလဒ်မှာ လူမှုရေး ပြဿနာတွေ ရှုပ်ထွေးလာခြင်းပင်။
ဆင်းရဲခြင်းသည် ပညာရေးကိုပါ ထိခိုက်စေသည်။ ကလေးတွေကို အရွယ်လေးရောက်လာသည်နှင့် ကျောင်း ဆက်မနေခိုင်းတော့။ ရရာအလုပ်ကို လုပ်စေကာ မိဘတွေကို ထောက်ပံ့စေခြင်းက ပညာတတ်သူရှားပါး၊ အနာဂတ်ကို သင်းသတ်သလိုဖြစ်ကာ ဆင်းရဲတွင်းကိုပိုနက်စေနိုင်သည်။
ကုန်ဈေးနှုန်းကြီးမြင့်မှုကို ရင်ဆိုင်နေရင်း အခြားလုပ်ငန်းသစ်တွေကို တီထွင်၊ ရှာဖွေ၊ ဖော်ဆောင်လုပ်လို စိတ်တွေအစား လခစားအလုပ်လောက်နှင့် ပေးတာယူ၊ ကျွေးတာစားဘဝတွေမှာ ကျေနပ်ကာ ကျွန်သက် ရှည်နေရသူတွေလည်း ပေါလာသည်။
စားဝတ်နေရေး မပြေလည်ခြင်းသည် စိတ်ဓာတ်ကျစေပြီး မကျေနပ်မှုတွေကိုများလာစေသည်။ မိန်းမတွေက ယောကျ်ားထံက ဝင်ငွေကိုလက်ဖြန့်တောင်း၊ ယောက်ျားက ထင်သလောက်မရှာနိုင်၊ စိတ်ညစ်လို့အရက် သောက်၊ အရက်သောက်တော့စိတ်ညစ်၊ အကြောင်းရှာတော့ ခေါင်းချာချာလည်နေသည်မှာ ယောကျ်ား တွေသာမက၊ မိန်းမတွေပါဖြစ်လာသည်။ မိန်းမအရက်သမား ပိုများလာသည်။
ရပ်ကွက်ထဲ ရန်ပွဲတွေကလည်း ပိုများလာသည်။
ပိုဆိုးသည်က ခိုးဆိုးလုနှိုက်တွေ ယခင်ကထက်ပေါလာခြင်းဖြစ်သည်။
“ကုန်ဈေးနှုန်းတွေတက်တယ်”
ပေါ့ပေါ့လေးပြောပြီး ပေါ့ပေါ့လေးတွေးလျှင် ပေါ့ပေါ့လေးဖြစ်သည်။
သို့သော်
နောက်ကွယ်တွင် ဇာတ်လမ်းတွေက မှတ်တမ်းမဲ့စွာဖြင့် မလှမပ နိဂုံးချုပ်နေကြရသည်ကများသည်။
တင်ညွန့်
၆.၅.၂၀၂၅
#crd_to_owner_with_respect
#𝗠𝘆𝗮𝗻𝗺𝗮𝗿𝗕𝗼𝗼𝗸𝗦𝗵𝗲𝗹𝗳