မြင်းမိုရ်ထက် မြင့်သော

Posted on

မြင်းမိုရ်ထက် မြင့်သော(စ/ဆုံး)

——————————

နန်းလွဲတောင်ဒေသ။
နန်းလွဲ ရွာ….

ရွာလေးမှာ ကျယ်ဝန်းပေမဲ့ လူနေအိမ်မထူထပ်။
ခြံစိုက်စားကြပြီး ခြံကျယ်များကြောင့် တစ်အိမ်နှင့်တစ်အိမ်အလှမ်းဝေးကြသည်။
များသောအားဖြင့် နတ်ကိုးကွယ်သူများသည်။
ထိုဒေသကို ပိုင်စိုးသည်က
နန်းလွဲအရှင်ကြီးဟု တစ်နယ်လုံးကယူဆကြသည်။

ပညာသည်လဲပေါများသဖြင့် ထိုဒေသတွင်
ခြံမလုံသော်လည်း မည်သူမျှဝင်မခူးဝံ့တဲ့ဒေသဖြစ်သည်။
လူသေလျင် နေ့ချင်းမြှုပ်ကြပြီး
ရက်လည်တရားနာသည်ဓလေ့မရှိပေ။

“အဟင့်…အဟင့်…”
“.အီးဟီးဟီး…”
မလှရီတစ်ယောက်….ငှက်ပျောခြုံတွင်းမှနေ၍
တဲကုပ်လေးဘက် လှမ်းကြည့်နေမိသည်။
ရင်ထဲမှာတော့ ကမ္ဘာ ပြိုမတတ် တုန်လှုပ်နေမိသည်။

“ငါ့…ငါ့သားသမီးတွေကိုဘယ်သူစောင့်ရှောက်မှာလဲ”
ဆောက်တည်ရာမရတဲ့အတွေးတွေနဲ့
ပါးပြင်ထက်ကိုမျက်ရည်များကတစ်လိမ့်လိမ့်။
မှောင်မဲနေတဲ့တဲငယ်လေးအတွင်းကငိုရှိုက်နေသံများ
ကြောင့် သူ့ရင်ထဲမှာနေဆယ်စင်းလိုပူလောင်လှပေစွ။

“မို့မို့အေး တို့ မအိပ်ရဲရင် ဖွားလေးအိမ်လာအိပ်ကြဟေ့”
“နေပါစေတော့ဖွားလေး နောက်လဲသမီးတို့မောင်နှမပဲ
နေရမှာပဲ”
“ညီးတို့တွေကပြောရတယ်ခက်သကော အေ့
ရွာတောင်ပိုင်းက မယ်ဆင့်ကညီးမောင်ကို မွေးစာမယ်လို့ပြောတာဘာလို့ မပေးချင်ရသလဲ
ညီးမောင်မရှိရင် ဖွားလေးကလဲညီးကိုခေါ်မွေးမှာ
ညီးတို့ခြံကြီးကိုတော့ ညီးတို့ကြီးမှ ခွဲယူကြပေါ့လေ”

“နေပါစေဖွားလေး အမေကမှာခဲ့တယ် မောင်လေးကို
သမီးကစောင့်ရှောက်ရမယ်တဲ့”
“မို့မို့အေးရယ် ညီးက ညီးမောင်ကိုစောင့်ရှောက်နိုင်လို့လားညီးကိုယ်တိုင်ကလဲ လူလားမမြောက်သေးပါဘူး”

“ဘာပဲဖြစ်နေပါစေ ကျမရုန်းကန်မယ်”
“ညီးသဘောအေ ခေတ်ကာလသားသမီးတွေများ
ပြောရတယ်ခက်”
တဲကုပ်လေးရှေ့ကအော်ပြောနေတဲ့ အဒေါ်ဖြစ်သူရဲ့စကားတွေကို လှရင်အတိုင်းသားကြားနေရပြီး
သမီးမို့မို့ရဲ့ပြန်ပြောနေသံကိုပါကြားနေရတော့
စိတ်မချသဖြင့် အိမ်အနီးတိုးကပ်လာခဲ့မိသည်.။

လှရင်တို့မှာ သွေးသားရင်းရယ်လို့ထိုဒေသတွင်မရှိ။
အနေကြာသဖြင့် ဆွေမျိုးရနေခြင်းပင်။

“ဟဲ့နင်နဲ့ဒီအိမ်နဲ့မသက်ဆိုင်တော့ဘူး အနားမကပ်နဲ့”
အိမ်ကလူကြီးတစ်ယောက်ပြေးထွက်လာပြီး
လက်ထဲကတုတ်တံနဲ့ရွယ်လေရာ…
လှရင်တစ်ယောက် ကြောက်လန့်ပြီး အိမ်နောက်ဖေးက
ငှက်ပျောခြုံ ထဲပြန်ပြေးဝင်ခဲ့သည်။
ဘာ့ကြောင့်မှန်းမသိ
ထိူလူကြီးကိုသူမအလွန်ကြောက်သည်။

ရိုက်ရန်ရွယ်လိုက်တဲ့တုတ်တံမှာ မီးစုန်းတွေလိုလင်းလက်နေတာကို သူမမြင်နေရသည်လေ။
ထိမိရင်မီးလိုပူမယ်ဆိုတာ သိနေပြီးသား။
ထို့ကြောင့်အိမ်အနီးမကပ်တော့ပဲ ခြုံပုတ်ထဲကနေဘဲ
လှမ်းကြည့်နေရတော့သည်။

လှရင်တို့သည်ထိုဒေသဇာတိမဟုတ်ကြ…
လင်မယားနှစ်ယောက်လုံး ရပ်ဝေးကဖြစ်ပြီး ဗုဒ္ဓ ကိုကိုး
ကွယ်ကြသူများပင်ဖြစ်သည် လွန်ခဲ့တဲ့ငါးနှစ်ခန့်က
လှရင်ယောက်ျားအောင်ထိန်မှာသေဆုံးသွားသဖြင့်
ကလေးနှစ်ယောက်နှင့်လှရင်မှာ ကိုယ်ပိုင်ခြံလေးတွင်
လုပ်ကိုင်စားရင်း သောင်တင်ခဲ့ခြင်းသာ။

ဒီဒေသကိုရောက်တာကြာသဖြင့် ငယ်ဘဝကိုမေ့နေသည့်အထဲ..ယခုလိုသေသွားသည့်နောက်တွင်တော့
အသိစိတ်ကဘာမှသတိမရ စဉ်းစားမရတော့ပဲ ကလေး
နှစ်ယောက်ကို စိတ်မချခြင်းတွေသာကြီးစိုးနေသည်။
သူမရဲ့ခြံသည်တော်တော်လေးကျယ်ဝန်းပြီး
သီးပင်စားပင်မျိုးစုံရှိသည်။

ဘာ့ကြောင့်မှန်းမသိ လှရင်သည် ချုံနွယ်ပိတ်ပေါင်းတွေရဲ့ တစ်ဖက်ကတဲလေးကို ဖောက်ထွင်းမြင်နေရပြီး
သူမကြားလိုသောအသံကို ကောင်းစွာကြားရသည်။
ငှက်ပျော်ခြုံပုတ်သည် သူမကိုလုံခြုံမှုပေးသည်။
…….
“မောင်လေးရေ မမကြံရောင်းသွားအုံးမယ်နော်.
“ဟုတ်ကဲ့မမ သားလဲလိုက်မယ်”
“အို…နင်ကနိုင်တာလဲမဟုတ်ဘူး မမခု ဟိုးဘက်ရွာထိသွားမှာ မောင်မောင်မလိုက်နိုင်ဘူး
နေခဲ့နော် မိုးဇော်တို့နဲ့သွားဆော့ ”
“ဟုတ်ကဲ့မမ”

မို့မို့အေးသည် ကြံ ဆယ်ချောင်းကိုအရှည်လိုက်စည်းကာ
ထမ်းလာခဲ့သည်။

“ဟေ့ာဒီက ကြံသည်…”
“ကြံသည်လာပါအုံး”
“ဟုတ်ကဲ့ကြီးကြီး”
“နေစမ်းပါအုံး နက်ကလှရင်သမီးလေးမဟုတ်လား”
“ဟုတ်ကဲ့ကြီးကြီး”

“အေးဟယ် နင့်အမေအကြောင်းကြားရတာစိတ်မကောင်းဘူး ကြီးကြီးလဲ အာ့တုန်းကနေမကောင်းလို့မလာနိုင်ခဲ့တာ”
“ဟုတ်ကြီးကြီးရပါတယ်ရှင့် ကျန်ကဘယ်နှစ်ပင်ယူမလဲ”
“အေးအေးတစ်ပင်တစ်ဆယ် ပဲမဟုတ်လား”
“ဟုတ်ကဲ့”

“နှစ်ပင်ယူမယ်ကွယ်….ဒါနဲ့သမီးတို့နေရတာအဆင်ပြေရဲ့လား”
“ဟုတ်ကြီးကြီး ပြေပါတယ်”
“မပြေရင်ကြီးကြီးတို့နဲ့လာနေပါလား လယ်တောမှာ
ထမင်းချက်ပေးရင် ရွှေဆင်ပေးမယ်
နင့်မောင်လေးကိုဘုန်းကြီးကျောင်းကိုပို့လိုက်ပေါ့”

“မနေဘူးကြီးကြီး မောငိမောင့်ကို တခြားအိမ်ကလဲတောင်းတယ် ဘယ်သူ့မှမပေးချင်လို့ ကျွန်မတို့ဘာသာနေမယ်”
“အမလေးအေ ကြီးကျယ်တာ… လူလေးတွေကလက်တောက်လောက်ရှိကြသေးလို့သာတော်တော့တာ
ရော့ရော့ဒီမှာပိုက်ဆံ”

လက်ထဲဆောင့်အောင်ထိုးထည့်လာတဲ့ပိုက်ဆံအကြွေစေ့
ကိုသူ့အိတ်လေးထဲထည့်ရင်း
ကြံစည်းကိုထမ်းထွက်ခဲ့သည်။
…….
ဝေါ….ဝေါ….
ဒိန်း….ဂလိန်း..လိန်း…
သည်းထန်လွန်းတဲ့မိုးနှင့်အတူ လေပြင်းတွေသာမက
မိုးကြိုးပါ ပစ်ချနေသည်။
တဲကုပ်ကလေးကား မီးလေးမှိတ်တုတ်မှိတ်တုတ်ဖြင့်
အမှောင်ထဲကနေ လှရင်တစ်ယောက်
သားနဲ့သမီးကိုစိတ်မချနိုင်သဖြင့် တဲကုပ်လေးကိုသာ
ထိုင်ကြည့်နေမိသည်။

ထိုစဉ်……
တဲကုပ်လေးဘက်တိုးကပ်လာတဲ့ အရိပ်တစ်ခု။
လှရင်မျက်စိပြူ းကျယ်သွားရသည်။
အမှောင်ကိုဖောက်ပြီး စူးစိုက်ကြည့်လိုက်တော့..
“သြော် လက်စသတ်တော့ရွာနောက်ပိုင်းကဖိုးတုတ်ပဲ”
ဖိုးတူတ်ကအရက်သမားဖြစ်ပြီး သးများသားပျိုသမီးပျိုတွေ
ဖျက်ဆီးနေကျမို့
ဆယ့်ခြောက်နှစ်အရွယ်သမီးလေးမို့မို့ကို စိတ်ပုသွားပြီး
ငှက်ပျော်ပုတ်ထဲက ပြေးထွက်ခဲ့ရသည်။
……….
ဖိုးတုတ်မှာ မို့မို့ကိုချောင်းနေတာကြာပြီ။
ဒီနေ့တော့လေရောမိုးရောဝုန်းဒိုင်းကြဲနေသဖြင့်
သူ့အကြံကိုအထောက်အကူပြုမှာသေချာတယ်။
အတွေးတွေဖြင့် ဘိနပ်မပါတဲ့ခြေကိုဖော့နင်းပြီး
မြင်နေရတဲ့တဲကုပ်လေးဆီတိုးကပ်လိုက်စဉ်..

ဟင်…မို့မို့က တံစက်မြိတ်အပြင်ဘက်မှာရပ်နေပါလား။
ဝင်းခနဲလက်သွားသည့်လျပ်ရောင်ကြောင့်
မိုးရေထဲထွပ်ရပ်နေတဲ့အရိပ်တစ်ခုကိုသူမြင်လိုက်ရသော
ကြောင့်ဝမ်းသာလုံးဆို့သွားရသည် ဧကန္တ
မိုးရေထွက်ချိုးနေတာပဲဖြစ်ရမည်။

ဟန်ကျသဟေ့ ။
နောက်ဘက်ကနေအသာအမြန်ပြေးဝင်ပြီး သိုင်းဖက်လိုက်သည် လက်တဖက်ကပါးစပ်ကိုအုပ်လျက်သား။
မိုးရေထဲရပ်နေသည်မှာကြာပြီထင့် အေးစက်နေသည်။

ကောင်မလေးမမအော်ဘဲ သူ့ရင်ခွင်မှာခေါင်းဝှက်ထားသဖြင့် နောက်ကသိုင်းဖက်ထားရင်း မို့မို့ရဲ့မျက်နာလေးကိုနမ်းဖို့ရန် ဆွဲမော့လိုက်သည်။
ဒီလောက်ဆိုစားနေကျမို့ အခြေနေဟန်ပြီဟု
သူတွက်လိုက်သည် လေ။
လျှပ်စီးရောင်ကမျက်နာကိုအထိုးတွင် မြင်လိုက်
ရသည်က…

“အား……သ…သရဲ….မ…သရဲပါဗျို့…သရဲသရဲ..”
လျှပ်စီးရောင်နှင့် သူမြင်လိုက်ရတာကတော့
မျက်နာတခြမ်းအသားမရှိတော့တဲ့ သရဲမကြီး။
ဖိုးတုတ်မှာ အော်ဟစ်ရင်းထိုနေရာက ပြေးထွက်သွားလေရာဘိနပ်တစ်ဖက်ကျွတ်ကျန်ခဲ့လေသည်။

နီးနီးကပ်ကပ်မြင်လိုက်ရပြီး အေးစက်တဲ့အတွေ့အထိတွေကြောင့် ရူးပင်ရူးကြောင်ချင်သွားရသည်။
သူ့အော်သံသည် မိုးလေများကြားတွင် ပျောက်ကွယ်သွား
သဖြင့် ပတ်ဝန်းကျင်ကလဲ မကြားမသိလိုက်ကြပါ။

ဂလောင်….
“ဘာဖြစ်တာလဲမမ”
“ငါ….အော်သံလိုလိုကြားလိုက်သလားလို့…”
“မဖြစ်နိုင်တာမမကလဲ နားကြားလွဲတာနေမှာပါ”
“ကဲပါစားစား”

မို့မို့က ကြားလိုကိရသောအသံကိုမေ့ပစ်ကာ ချလိုက်မိတဲ့
ထမင်းဇလုံကိုပြန်ကောက်ကိုင်ပြီးငုံ့စားလိုက်သည်။
“မမ…သား…ဝက်သားဟင်းစားချင်တယ်”
“အေးပါမောင်မောင်ရယ်…မနက်ဖြန်စျေးရောင်းကောင်းရင်မမဝယ်ကျွေးပါ့မယ်
ခုတော့ဒီမန်းကျည်းသီးထောင်းနဲ့ဟင်းချိုလေးနဲ့စားအုံး”

“ဟုတ်မမ..ဟင်းချိုလေးကချိုတယ်မမ”
“အင်းပါအများကြီးစားနော်…”
တဲကုပ်လေးထဲကပျံ့လွင့်နေတဲ့အသံများကို လှရင်
အတိုင်းသား ကြားနေရလေသည်။
…………
နောက်တနေ့ ညနေ
“ဟင်…ဝက်သားတွဲကြီးပါလား..မမလာထားသွားတာလား ”
ဝက်သားတွဲမှာ ကြွပ်ကြွပ်အိပ်နှင်လုံအောင်ထုပ်ပိုးထားသည်။
မောင်မောင်သည် ဟင်းအိုးချောင်ထဲကဝက်သားတွဲကိုကိုင်ကြည့်ပြီးဘေးဘီကြည့်လိုက်သည်။
“ငါတို့ကိုတရွာလုံးကစေတနာမထားကြဘူး
မမဝယ်လာပြီး ပြန်ထွက်သွားတာဖြစ်ရမယ်”

ဆယ်နှစ်အရွယ်ကလေးလေးမောင်မောင်သည် ဝက်သားကိုအတုံးလေးတွေတုံးကာ ချက်လေတော့သည်။
သူတို့မောင်နှမသည် အမေကသင်ပေးထားသဖြင့်
ထမင်းဟင်းကောင်းကောင်းချက်တတ်ကြသည်။
ခဏအကြာတွင် ဟင်းမှာအဆီပြန်လာသဖြင့် ဆားအပေါ့အငံမြည်းကာ ချလိုက်သည်။
“မမလာမှအတူတူစားရမယ်”

မောင်မောင်သည်ပြောရင်း ဟင်းအိုးကိုချလိုက်ကာ
သရက်တောဘက်ဆင်းခဲ့လေသည်။
ခြံထဲတွင်..သရက်ပင်ကလည်းအများကြီးရှိသည်။
ထင်းအတွက်မပူရပေ…ထိုသရက်တောမှာထင်းခြောက်ပေါသည်မို့ မမပြန်လာရင်သုံးရန်ထင်းခြောက်များ
ကောက်နေလိုက်သည်။

ဖျောက်…ချွတ်…
အနောက်က သစ်ကိုင်းနင်းသံကြောင့် မောင်မောင်ကလှည့်ကြည့်လိုက်ရာ
ရိပ်ခနဲပျောက်သွားသောအရိပ်တစ်ခုကိုသာ တွေ့ရသဖြင့်
ကျောထဲစိမ့်တက်လာပြီး ထင်းများကိုပစ်ချကာ
ပြန်ပြေးခဲ့တော့သည်.။
……
“ဘာ…ဝက်သားဟုတ်လားမောင်မောင်”
“ဟုတ်တယ်လေမမလာထားထားတာမဟုတ်လား”
“မဟုတ်ဘူး…ပြစမ်း”
မို့မို့ပြန်လာသည်မှာအတော်နောက်ကျပါသည်။
လက်ထဲတွင်ဝက်သားတွဲတစ်တွဲကိုင်ထားသောကြောင့်
အိမ်ရှေ့တွင်မောင်မောင်ကဆီးမေးခြင်းသာ။

မောင်နှမနှစ်ယောက်အိမ်ပေါ်လဲရောက်ရော…
ဂလုန်း…
မဲမဲကောင်ကြီးသည် ဝက်သားအိုးကိုပစ်ချကာ
အမှောင်ထဲပြေးဝင်သွားရာ ။
မောင်နှမနှစ်ယောက်လန့်ပြီးဖက်လိုက်ကြသည်။

“မောင်…မောင်မောင်…ဘာကြီးလဲ..”
“မသိဘူးမမ အကောင်ကြီး…သားကြောက်တယ်”
“အေးအေးလာလာမမမီးညှိလိုက်မယ် စောနမမတို့မျက်စိမှားတာနေမှာ ကြောက်တကောင်ကောင်ဖြစ်မယ်
မမတို့ဟင်းချက်စားကြမယ်နော် လာလာ”

ကလေးနှစ်ယောက်မှာ…ရေနံဆီမီးခွက်လေးထွန်းပြီး
အားတင်းလိုက်ကြလေသည်။
ဝေါ…ဝရော….
အိမ်အပြင်ဘက်တွင်…လေရောမိုးရောသဲလာပြန်သည်။
.,…..
ဖုန်း…ဒုန်း…..ဝုန်းဝုန်း…
တဲကုပ်လေးနဲ့အတော်ဝေးသည့်နေရာတွင်တော့
အမဲကောင်ကြီးနှင့်အဖြူ ကောင်ကြီးတို့မှာ
နဘမ်းသတ်နေကြလေသည်။

မိုးသံလေသံကား တဖြောင်းဖြောင်းမြည်သံများကို
ဖုံးလွှမ်းပေးထားလေသည်။
“အီး…ဟီးဟီး..ငါ့ကလေးတွေကို ဒုက္ခပေးဖို့မကြိုးစားနဲ့.”
“အောင်မာ..ခုမှသေပြီး အစွဲတခုကြောင့်ဘယ်မှမသွားနိုင်တဲ့ကောင်ကငါ့ကိုအမိန့်ပေးလို့ရမလား မှတ်ထားဟေ့
နန်းလွဲတောင်သခင်ဟဲ့…”

သူ့ကိုအပေါ်စီးကနေလုံးနေသည့်အမဲကောင်ကြီးမှာ
ဘယ်ကရောက်လာသည်မသိ။
နန်းလွဲတောင်သခင်ဟုသောအသံကြောင့် လှရင်
အားတွေကုန်ခမ်းသလိုခံစားလိုက်ရလေပြီ။
ထိုအမဲကောင်ကြီးမှာ သူနဲ့မတူ ထွားကြိုင်းလှသည်။
ညနေကမောင်မောင်ချက်ထားသော ဝက်သားအိုးကို
ဝင်စားပြီး သူမနေရာကိုဝင်လုခြင်သာ။

ခြံတွင်းမှာအပင်များစွာရှိသော်လည်း လှရင်နေမရ။
ဘာ့ကြောင့်နေမရမှန်းလဲမသိပါ
ယခုတော့နေလို့ရတဲ့.ငှက်ပျောချူံလေးကိုကား လုယူသူပေါ်လာချေပြီ။
သူမအားကုန် လုံးသော်လည်း မောဟိုက်လာချေပြီမို့
မြေပေါ်ဒူးတုပ်ချလိုက်သည်။

“အဟင့်အဟင့် ကျမသားသမီးလေးတွေကို စောင့်ရှေက်နေသူပါ ချမ်းသာပေးပါအရှင်”
ထိုအမဲကောင်ကြီးကသူ့ကိုပြူ းပြူ းကြီးစိုက်ကြည့်လာပြီး။
“နင့်သားသမီးတွေလား ဒီညငါ သူတို့ကိုစားမလို့ဟေ့”

“မ…မလုပ်ပါနဲ့အရှင်ကြီးရယ် သူတို့မှာဘာအပြစ်ရှိလို့လဲ”
“ငါကငါ့ဟာငါနေနေတာကို ဟိုတဲကုပ်ထဲကကလေးမက
ဝက်သားတွဲလာချိတ်ဆွဲတယ် ငါ့အပင်မှာ
ဒါ့ကြောင့်သူတို့ကိုဒီညသတ်ရလိမ့်မယ်”
“မလုပ်ပါနဲ့ရှင်မလုပ်ပါနဲ့..သူတို့အစားကျွန်မကိုကြိုက်တာခိုင်းပါဒဏ်ပေးပါ..ကျွန်မလုပ်ပေးပါ့မယ်”

အကျီင်္ကဗလာ..ခါးတောင်းကိုမြှောင်နေအောင်ကျိုက်ထား
တဲ့ထိုကတုံးကြီးသည် လှရင်ကိုတစ်ချက်ကြည့်သည်…။
“အေးလေ..မင်းဟာ မသေခင်က ငါ့ကိုပူစော်ပသ,တဲ့အ
ထဲမှာပါလို့ ငါဒီနေ့မင်းကလေးတွေကိုမစားဘူး
ငါ့အပင်ကသွေးစွန်းကွက်ကိုသွားဖျက် နင့်လက်နဲ့ဖျက်ရမယ်နော် ပြီးရင် နင်ဟာရာသက်ပန်ငါ့အခိုင်းအစေပဲ”

“ဒါ…ဆို…ကလေးတွေကိုဘယ်သူစောင့်ရှောက်မှာလဲ
အရှင်ကြီးရယ်,.အပင်ကသွေးစွန်းကွက်ကိုပဲဖျက်ပေးလို့ရမလား”
ထိုအမဲကောင်ကြီးက တစ်ချက်ရယ်လိုက်သည်။

“မင်းဟာ..သွေးမထိရသေးတဲ့ဝိညာန်တစ်ကောင်ဖြစ်နေသေးလို့ မိစ္ဆာအသွင်မပြောင်းသေးတာပဲ
ငါလဲငါနေတဲ့သစ်ပင်မှာမင်းသမီး အသားတွဲလာမချိတ်
ခင်က သန့်စင်တဲ့ဝိညာန်ဖြစ်ခဲ့တာပဲ
ခုငါ မိစ္ဆာ ဖြစ်ပြီ မင်းငါ့အပင်ကသွေးစွန်းကွက်ကိုဖျက်
မပေးနိုင်ရင် ဟော့ဒီနန်းလွဲရွာကို ဖျက်ပစ်မယ် ကွ.”

“နေ…နေပါအုံးအရှင်ကြီး…ကျွန်မအရှင်ခိုင်းတာလုပ်ပါ့မယ် ဒါကိုလုပ်ပြီးတဲ့အခါ..ကလေးတွေနဲ့ရွာကိုဒုက္ခမပေး
ပါဘူးလို့ကတိပေးနိုင်မလား”
“မိစ္ဆာမှာလဲစည်းရှိတယ်ကွ..မင်းသာ နန်းလွဲရွာနဲ့
ဟော်လုံရွာအကြားက ထိန်ပင်ကြီးမှာစွန်းပေနေတဲ့
ဝက်သွေးကိုရအောင်ဖျက်…ခုသွား..”
“ဟုတ်…ဟုတ်ကဲ့ပါ”

လှရင်သည် ခြံထဲကနေ..အမြန်ဆုံးပြေးထွက်ခဲ့သည်။
ထိုအခါသူမတစ်ခုသတိထားမိသည်က
သူမကိုတားမြစ်သူဘယ်သူမှရှိမနေခြင်းပင်ဖြစ်သည်။
နန်းလွဲရွာပြင်ကိုရောက်လာသောအခါ..
မကောင်းဆိုးဝါးများက သူ့ကိုလိုက်ဖမ်းရန်ကြိုးစားကြသ
ဖြင့် အဝေးကြီးကနေမဲမြဲကီးမြင်နေရပြီဖြစ်တဲ့
ထိန်ပင်ကြီးဆီ အားကုန်ပြေးရတော့သည်။

မှင်စာများအဝေးတွင်ကျန်နေခဲ့ကြသည်။
အဘယ့်ကြောင့်ဆိုသော်
ထိန်ပင်ကြီးနှင့်နီးလာသောကြောင့်ပင် ထိုနယ်တွင်
နန်းလွဲအရှင်သခင်ရဲ့နယ်ကို ဘယ်သူမှမကျွံဝံ့ကြ။
လှရင်သည် ထိန်ပင်ကြီးအမြန်ပြေးကပ်လိုက်ရင်း
သွေးစွန်းကွက်ကိုရှာသည်။

တွေ့ပါပြီ ပင်စည်ရဲ့လူတစ်ရပ်နေရာတွင် အတက်ကလေးဖြစ်နေတဲ့နေရာတွင် စွန်းပေနေသော သွေးစက်များ
သမီးသည် ထိုနေရာတွင် အမောဖြေရင်း
ဟင်းတွဲကိုလက်လှမ်းမှီရာတွင်ချိတ်မိခြင်းဖြစ်မည်။
သူတွေးနေခိုက်။
ဝါး…..
နန်းလွဲရွာဘက်ဆီမ ှအော်သံကြီးကြောင့် တွန့်ဆုပ်မနေသာတော့ပဲ လက်နှစ်ဖက်ဖြင့် သွေးကွက်ကို
သုပ်လေရာ။

“အ…..”
ထူးဆန်းစွာလက်မှာ သွေးကွက်တွင်ဆွဲကပ်နေသဖြင့်
မနည်းဆွဲခွာရလေသည် ။
ထိန်ပင်ကနေ လက်ကွာသည်နှင့် ထူးဆန်းစွာပင် သွေး
ကွက်မှာမူမရှိတော့ပေ ။
သူ့စိတ်တွေလည်းဆောက်တည်ရာ မရတော့ဘဲ
ထိန်ပင်အောက်တွင် ယိမ်းထိူးနေတော့သည်။

ယခုမှ…
သေဆုံးသည့်ရက်မှစကာဘာမှမစားရသည်ကို သတိရလာလေသည်။
ထိူစဉ်သူ့အနီးကိူ မဲမဲကောင်ကြီးပေါ်လာပြီး..
“ဟားဟားဟား…မင်းအခုထိန်ပင်ကသွေးကိုသောက်မိလို့ သန့်စင်တဲ့ဝိညာဉ်တစ်ကောင်မဟုတ်တော့ဘူး
မိစ္ဆာတစ်ကောငိဖြစ်သွားပြီ..ခုဆာလောင်နေပြီမဟုတ်လား….သွား….နန်းလွဲရွာကို..အဲ့ဒီမှာငါတို့အတွက်
သားကောင်ပေါတယ်…မင်းရဲ့လူ့ဘဝကကလေးတွေကို
ဘယ်လောက်ကာကွယ်နိုင်အုံးမလဲလို့ ငါကြည့်မယ်”

လှရင်သည်..နန်းလွဲရွာဘက်ပြေးထွက်ခဲ့သည်။
စိတ်ထဲတွင် ကလေးတွေကိုမသိတော့ပေ။
ရင်ကွဲမတတ်ပူလောင်သော ဆာလောင်မှု့ကြောင့်
ကလေးတွေရှိရာအမြန်ရောက်ရန်အားစိုက်ပြေးနေမိသည်။

ယခုတော့အလာတုန်းကလိုက်ဖမ်းခဲ့သည့် သရဲသဘက်များသည် လှရင်ကိုရှောင်ကွင်းသွားကြလေပြီ။
ပြေးနေရင်း….လေမှာပျံဝဲလာနိုင်ပြီး အိမ်ခေါင်မိုးတွေရဲ့
အထက်ဆီမှခုန်ပျံလာခဲ့ကာ သူပိုင်ဆိုင်ခဲ့ဘူးသောခြံရှေ့
ဖုတ်ခနဲပြုတ်ကျလာလေသည်။

သူ့ကလေးတွေကိုသေပြီးသည်ထိစွဲလမ်းစိတ်က
ယခုညစ်ညမ်းသောစိတ်နှင့်သွေးဆာလာချိန်ထိ
ထိုအသိကစွဲနေသေးသဖြင့် ထိုနေရာကိုသာပြန်လာခြင်းဖြစ်သည်။
ကောင်းသောလာခြင်းတော့မဟုတ်…။
……
တဲကုပ်လေးသည်တိတ်ဆိတ်နေသည်။
လှရင်တဲပေါ်တက်လိုက်သည် ခြေထောက်မှာကြမ်း
ပြင်နှင့်လွတ်နေသဖြင့်ဘာသံမှမမြည်ပေ။
ကလေးနှစ်ယောက်သည် အိပ်ပျော်နေကြလေပြီ။
လှရင်သူတို့အနားကိုတိုးကပ်သွားသည်။

မောင်မောင်ကိုဖက်ရင်းအိပ်ပျော်နေတဲ့မို့မို့ရဲ့လည်ပင်းကို
လက်သဲရှည်ကြီးနှငိ့လှမ်းလိုက်သည်။
သူ့အသိတွင် သွေးသောက်ရရန်သာသိတော့သည်။
“အင့်……”
ထိုအချိန်မို့မို့က ပက်လက်လှန်အိပ်လိုက်သဖြင့်
လည်ပင်းက သူလူ့ဘဝကဆွဲပေးခဲ့သောဆြွဲကိုးလေးကို
တွေ့လိုက်ရသဖြင့် သူ့အသိတွေနှင့်အတူ
လှမ်းနေသောလက်မှာ တွန့်ဆုပ်သွားရသည်။

ဟင်….
သူ့အသိမှာ အတိအကျတော့မမှတ်မိတော့ပေ။
ထိုဆွဲကြိုးလေက သူ့ကိုမစားရန်တားမြစ်နေသလိုလို။
ဆြွဲကိုးကိုအကြည့်လွှဲလိုက်တော့
ဖွေးနုနေတဲ့လည်ပင်း ကြောင့်သွေးကဆာလောင်လာ
ပြန်တော့သည်။
ထိုစဉ်…

နားထဲတွင်ကြားလာရသည်က ဘယ်ဘာသာမှန်းမသိရ
ဘယ်သူကပြောနေမှန်းမသိရတဲ့အသံများ ကြောင့်
အိမ်အောက်ပြေးဆင်းခဲ့သည်။
နားဆူအောင်ပြောနေတဲ့အသံက ဘာသံလည်း။
ထိုအသံသည်ဘာမှန်းသာမသဲကွဲတာ သူမကိုမခံမရပ်နိုင်
ဖြစ်နေရသည်ကဖြင့်အမှန်။

မြေပေါ်ကနေခုန်ပျံတက်လိုက်ရာ,…
နှစ်လံသုံးလံခန့်မြင့်တက်သွားသဖြင့် ဘေးချင်းကပ်လျက်
ခြံဘက်ပြေးထွက်ခဲ့သည်။
အိမ်ပြတင်းပေါက်ကိုဖွင့်ကာအိပ်နေတဲ့အဖွားကြီး။
တစ်ယောက်…ထိုအဖွားကြီးဆီသူဦ တည်လိုက်သည်။

“သွေး…သွေးဆာတယ်…သောက်ရမှဖြစ်မယ်”
အငမ်းမရဆာလောင်စိတ်နှင့် ထိုအဖွားကြီးအနားတိုးကပ်ပြီး လည်ချောင်းကိုနိုက်ဖောက်ရန်လက်ရွယ်လိုက်သည်။
နားထဲမှာစောစောကဆူညံသံတွေကြားလာရပြန်သည်။
“အား…..”

လှရင်နားနှစ်ဖက်ကို မခံရပ်နိုင်စွာပိတ်ပြီး
အိမ်အောက်ပြေးဆင်းလာခဲ့ရာ…
ကွပ်..ကွပ်….ကွပ်ကတော်ကတောက်..
လှေကားရင်းအောက်က ကြက်မကထပျံလိုက်သောအခါ။
ဝှစ်..ဖတ်…ဂစ်…
လှရင်မှာကြက်ကိုလည်လိမ်ချိုးကာ သွေးစုပ်လိုက်တော့သည်။

သူ့မျက်လုံးသည် ဖြူ ရာမှအနက်ဘက်ပြောင်းသွားလေပြီ
ထိုခဏတွင် သွေးကုန်သလောက်ဖြစ်သွားသောကြက်ကိုကြည့်လိုက်မိသည်။
အရောင်….
ကြက်မကြီးရဲ့အရောင်သည် မို့မို့လည်ပင်းကဆွဲကြိုး
အရောင်နှင့်တူနေသည်ဟု စိတ်ကထင်ခိုက်..

ဘုတ်….
“အီး…အူး….”
ကြက်မကိုမြေပြင်ပေါ်ပစ်ချလိုက်ကာ
နန်းလွဲ ရွာထဲမှပြေးထွက်ခဲ့လေတော့သည်။
ဘယ်လောက်တောင်မရပ်မနားပြေးနေမိသည်မသိ.။
နန်းလွဲဒေသကိုကျော်ကာ စိမ်းညို့နေတဲ့တောအုပ်ဘက်ရောက်လာသည်။

အချိန်ကား သန်းခေါင်ယံကိုလွန်ပေတော့မည်။
သူသွေးဆာလာပြန်သည် ထို့ကြောင့်တောအုပ်ထဲပျံဝဲ
ရင်းသားကောင်လိုက်ရှာမိသည် သိပ်မကြာလိုက်….

တွေ့ပါပြီ..
သစ်ပင်ခြေရင်းတွင် စောင်အနီကြီးခြုံပြီး
ငုပ်တုတ်ကြီး ထိုင်နေတဲ့လူတစ်ယောက်။
ခေါင်းမှာတော့ နန်းလွဲသခင်ကြီးလိုပင် ဆံပင်မရှိ။
ခေါင်းတုံးကြီးနှင်။

လှရင် သွေးတွေဆူပွက်လာသည်။
မျက်စိမှိတ်ပြီး ထိုင်နေတဲ့သူအနီးတိုးကပ်လိုက်သည်။
ထိုစဉ် သူ့ရဲ့မှောင်မိုက်လုလုအသိတွေက မို့မို့ရဲ့
လည်ပင်းပေါ်ကအနီရောင်ကြိုးစကလေးကိုပြေးမြင်မိရာ
ရှေ့ကပုဂ္ဂိုလ်ကိုမျက်စိကြီးပြူ းကြည့်မိလိုက်သည်။

လှရင်မှတ်မိလိုက်ပြီ ။
မို့မို့လည်ပင်းကကြိုးစလေးသည် စင်စစ်တော့ကြိုးစ
မဟုတ်ပေ သူတို့ငယ်ငယ်က လင်မယားခိုးပြေးတော့
သူ့ယောက်ျားရဲ့ဖခင်က အဆောင်အဖြစ်ပေးခဲ့သည့်
သင်္ကန်း စကလေးသာ….

ထိုအချိန်တွင်လှရင်ရဲ့သွေးဆာနှုန်းက အထွတ်အထိပ်
သို့ရောက်ရှိနေပြီး သူ့ရဲ့အတွေးတွေကတော့..
သူငယ်စဉ်ကလေးဘဝက ရှေ့ကပုဂ္ဂိုလ်လိုအရာမျိုးကို
ဆွမ်းလောင်းလှုရပုံ မျာကိုကြားရသည့်နောက်…

ရွယ်ထားသည့်လက်က်ုရုပ်သိမ်းကာ ဆာလောင်မှူ့ငရဲနှင့်အတူ မြေပြငိပေါ်လူးလှိမ့်လေတော့သည်။
လှရင်ရဲ့ကိုယ်သည် သွေးမသောက်ရသဖြင့်
အခိုးအငွေ့များထွက်လာလေတော့သည် ။
သူမသိလိုက်ပြီ အမှောင်ကမ္ဘာကစည်းမျဉ်းကို ချိုးဖောက်
လိုက်သဖြင့် သူမ ခံစားနာကျင်ရတော့မည်ဆိုတာ။
ဝူး….ဝါး…..ဝါး….အား
အရိုးတွေအသားတွေအကြောတွေထဲကပါ ပူလောင်
ပြင်းပြသောဝေဒနာခံစားနေရသည်။
မြေပေါ်လူးလှိမ့်နေသည့်တိုင် ရှေ့ကပုဂ္ဂိုလ်သည်
တုပ်တုတ်မျှမလှုပ်။

သူထပြီးသွေးသောက်လိုက်လျှင် ရသေးသည်။
ဒါပေမဲ့သူမ မလုပ်လိုတော့.ပူလောင်ပြင်းပြစွာခံစားရင်း
ရင်မှာတော့ဆုတစ်ခုကိုသာ ထပ်တလဲလဲတောင်းသည်။

“အရှင်သူမြတ်ဘုရား ဘုရားတပြည့်တော်မရဲ့ခန္ဓာကိုယ်
လောင်ကျွမ်းရင်လောင်ကျွမ်းပါရစေ
ပြုခဲ့ဘူးသောကုသိုလ် ထားခဲဘူးတဲ့မြတ်သောမိခင်စိတ်
ဆင်ခြင်မိခွဲခြားမိတဲ့ ကုသိုလ် အ,ကုသိုလ်စိတ်ကြောင့်
ဘုရားတပြည့်တော်မရဲ့သားသမီးတို့ဘဝ အေးချမ်းပါစေဘုရား”

သူ့ကိုယ်သည်အပူလောင်ဆုံး ပူလောင်လာပြီးနောက်
အမှောင်ထဲမှ အနက်ရောင်အရိပ်ကြီးက
ဆွဲယူရန်ပြင်လိုက်စဉ်….

သူမအနီးသို့…
ပန်းရောင်ဝတ်မိန်းကလေးတစ်ဦပေါ်လာပြီး
သူမလက်ကကိုင်လာသော ရေအိုးထဲကရေဖြင့်
လှရင်ကိုဖျန်းလေရာ မီးခိုးများတိတ်သွားလေသည်။

အမှောင်တွင်းမှ အနက်ရောင်လှိုင်းမှာလဲပျောက်သွားပြီး
လှရင်မှာလဲဝေဒနာသက်သာပြီး လူလှိမ့်ခြင်းမှာ
ရပ်တန့်သွားလေသည်။
မိန်းကလေးသည်ဘာမှမပြော ဘုန်းကြီးကိုသာကန်တော့နေလေသည်။

ထိုအခါမှ…
မှိတ်နေတဲ့ သူ့ရှေ့ကပုဂ္ဂိုလ်ရဲ့မျက်လုံးမှာဖြေးညှင်းစွာဖွင့်
လာပြီး လှရင်ကိုကြင်နာစွာကြည့်လာသည်။
ပါးစပ်မှလည်း..
“ဒကာမကြီး…ဒကာမကြီးဟာ..အတိတ်ဘဝကံမကောင်းလို့အခုလို အနာရောဂါနဲ့သေဆုံးခဲ့ရပေပြီ
ဒါပေမဲ့…ဒီဘဝမှာပြုဘူးတဲ့ကောင်းမှုအစုစုကြောင့်
ငရဲမလားနိုင်တော့ပါဘူး…စောစောက သားသမီးတွေ
ကိုစားတော့မဲ့ဆဲဆဲမှာကြားနေရတဲ့အသံတွေကတော့
ဒကာမကြီး ငယ်ဘဝဆွမ်းလောင်းလှူတုန်းက ပေးခဲ့ဘူး
တဲ့တရားသံတွေပဲ..မကောင်းမှုပြုတော့မှာကို
ကောင်းမှုကတားဆီးခြင်းတမျိုးပေါ့ကွယ်”

ထိုအခါလှရင်မှာ မြေပြင်ပေါ်ထထိုင်ပြီး ဒူးတုပ်ရှိခိုးလေရာ မဲနက်နေရာမှ အဖြူ ရောင်ပြန်ဖြစ်လေသည်။
သွေးဆာလောင်ခြင်းလဲမရှိတော့ပေ။

“ဒကာမကြီး…သံသရာဆိုတာရှည်လျားလွန်းလှပေတယ်
သေဆုံးသွားရတဲ့ ဒီဘဝဒီခန္ဓာအနားမှာ ရပ်တန့်နေလို့
မရပေဘူး…ခရီးဆက်စရာရှိသည်ကို ဆက်လော့…”

“မှန်လှပါအရှင်သူမြတ်ဘုရား ဘုရားတပြည့်တော်မရဲ့
မကောင်းစိတ်ရိုင်းကိုပင် ကြိုးစလေးတစ်စမျှနဲ့
ထိန်းသိမ်းပြုပြင်ပေးနိုင်စွမ်းလို့…ဗုဒ္ဓ ရဲ့တရားတော်ကိုအကြွင်းမရှိယုံကြည်ပါတယ်..ဒါပေမဲ့…ဘုရားတရား
မသိရာဤအရပ်တွင် ထားရစ်ခဲ့ရမဲ့ လူမမယ်ကလေး
ငယ်တွေကို မထားခဲ့ရက်နိုင်တာတော့အမှန်ပါဘုရား”

တရားထိုင်နေတဲ့..ဘုန်းကြီးမှာ သက်ပြင်းချရင်း…
“အင်း…သံယောဇဉ် အပူမီးကိုဒီတင်ငြိမ်းတော့ဒကာမ
ကြီး..ဒကာမကြီးသားသမီးတွေကို သူစောင့်ရှောက်လိမ့်မယ် ဒီဆုလာဒ်ဟာဘာ့ကြောင့်ရသလဲဆိူတော့
ကိုယ့်ဘဝဘယ်လောက်နာကျင်ရပါစေ သားသမီးကိုအနာမခံဘူး ရင်ထဲကဘုရားတရားစိတ်ကိုအပျက်မခံဘူးဆိုတဲ့စိတ်စွမ်းအားကပေးလိုက်တာပဲဒကာမကြီး”

ထိုအခါမှ လှရင်မှာမိန်းကလေးကိုကြည့်လိုက်သည်။
သူမလေးက လှရင်ကိုတချက်ပြုံးပြလာပါသည်။
လှပ အေးချမ်းလွန်းပေစွ ။
လှရင်ဘာမှမမေးတော့ပါ။
ဘုန်းကြီးကိုသာ ကန်တော့လိုက်သည်။
ထိုအခါသူမကိုယ်လေးသည် အလင်းတချက်ဖြာလက်ပြီး
တောအုပ်တွင်းမှ ပျောက်ကွယ်သွားလေသည်။

ပန်းရောင်ဝတ်မိန်းကလေးမှာလဲ တောအုပ်ထဲမှာ
ကွယ်ပျောက်ကာ နန်းလွဲရွာအဝင်ဝတွင်ပေါ်လာပြီး
ရွာလမ်းအတိုင်းလျောက်လာကာ အိမ်တစ်အိမ်ရှေ့အရောက်တွင် ရပ်တန့်လိုက်သည်။

ရွာလူကြီးရဲ့အိမ်ရှေ့ဖြစ်သည်။
“ဒီကဦ ကြီးကိုတစ်ခုမေးလိုရမလား”
“ဘယ်သူလဲဝေ့ စောစောစီးစီး…”
“သြော်…ကျွန်မက လှရင်ရဲ့မိတ်ဆွေပါဦ ကြီး
သူမသေခင် သူ့သားသမီးတွေကို စောင့်ရှောက်ဖို့မှာခဲ့လို့
မို့မို့တို့မောင်နှမကိုလာခေါ်တာပါ သူတို့အိမ်လေးကို
တဆိတ်လမ်းညွန်ပေးနိုင်မလားရှင့်”

ထိုလူကြီးမှာ လက်ထဲကဆပ်ပြာခွက်ကိုချလိုက်ပြီး
အိမ်ရှေ့ကမိန်းကလေးကိုတိုးကပ်ပြီးကြည့်လာသည်။
နှင်းမှုံကြားမှာရပ်နေတဲ့ ပန်းရောင်ဝတ်မိန်းကလေးကို
မြင်ရသောအခါ စိတ်ချယုံကြည်သွားလေသည်။

“သြော်..လှရင်ရဲ့မိတ်ဆွေလား သူတို့အိမ်က ဒီအိမ်ရဲ့
လေးခြံမြောက်မှာပါကွယ်”
“ကျေးဇူးပါ ဦ ကြီး ခွင့်ပြုပါအုံးရှင်”
“အေးအေးစောစောသွား…တော်နေမို့မိုကစျေးရောင်းထွက်တတ်လို့”
“ဟုတ်ကဲ့ပါ…”

“အိမ်ရှင်တို့…အိမ်ရှင်တို့…ဒါမို့မို့တို့အိမ်လားဟင်”
“မမအိမ်ရှေ့ကခေါ်သံကြားသလိုလိုပဲ”
“အင်းမမသွားကြည့်လိုက်မယ်”
မောင်မောင်က အိပ်ယာထဲမှလှမ်းပြောသဖြင့်
မို့မို့ကထမင်းအိုးတည်နေရာမှ အိမ်ရှေ့ထွက်ခဲ့သည်။

“အိုး…မမကလှလိုက်တာ…ဘယ်သူများလဲ”
ညကမိုးသည် ပြတ်သွားဟန်တူပါသည်။
နန်းလွဲဒေသသည် မိုးသားကင်းစင်လျင် နှင်းဝေပြီး
အအေးပိုင်းဒေသဖြစ်မို့..
အိမ်ကရှေ့နှင်းမှုံကြားတွင်ပြုံးပြုံးလေး ရပ်နေသော
လှကညာတပါးကိုတွေ့ရသဖြင့်
မို့မို့ကမနေနိုင်ပဲထုတ်ပြီး ချီးကျူး လိုက်ခြင်းဖြစ်သည်။

“မမကိုပြဲကည့်နေတော့မှာလား အထဲမခေါ်တော့ဘူးလား”
“အိုးဟုတ်သားပဲ…မမကလာလာ…တဲကစုတ်တယ်”
မိန်းမလှလေးမှာ.. တဲကုပ်လေးထဲငုံ့ဝင်လိုက်သည်။

“မမကဘယ်သူလဲဟင်…သိပ်လှတာပဲ…”
မောင်မောင်က အိပ်ယာထရင်းပြောလိုက်သည်။
“မမက သားတို့သမီးတို့ရဲ့မေမေ လှရင်ရဲ့သူငယ်ချင်းပဲ”
“ဟင်မမက မေမေ့မိတ်ဆွေလား”
ပြောရင်းမို့မို့မှာမျက်ရည်ကျလာရလေသည်။
“မမအလာနောက်ကျသွားပြီ မေမေဆုံးတာ တစ်ပါတ်
ကျော်သွားပါပြီ…အဟင့်..အဟင့်”

ကူကယ်မဲ့ဘဝလေးထဲက လူသားနှစ်ယောက်ကို
ဟေသာထွေးဖက်လိုက်သည်။
“အို..မငိုကြနဲ့လေကွယ်…လှရင်မရှိတော့ပေမဲ့
ကလေးတို့ကိုမမ စောင့်ရှောက်မှာပေါ့ မငိုကြနဲ့နော်”
“တစ်ကယ်လားမမ မမကသားတို့နဲ့အတူနေမှာလား”
“ဒီမှာတော့မမ မနေဘူးလေ…ကလေးတို့ကိုမမလာခေါ်တာ…”

“ဟင်..ဘယ်ကိုလဲမမ…မို့မို့တို့ကဒီခြံကိုထားပစ်ခဲ့ရမှာလား”
“မို့မို့ရယ်..ခြံမြေတွေ ပစ္စည်းတွေ ဆိုတာ
လူ့ဘဝအတွက် အခိုက်အတန့်လေးသာအသုံးဝင်တာပါ
ဒါတွေကိုကလေးတို့ခုနားမလည်သေးလို့ မမ
မပြောတော့ဘူး သေချာတာတော့ မမနောက်ကိုလိုက်ခဲ့ရင်သူငယ်ချင်းကောင်းတွေနဲ့နေရမယ် စိတ်ကောင်းရှိသူတွေနဲ့သာမေထိုင်ရမယ်”

“ဒါဆိုမောင်မောင်ကတော့ လိုက်မယ်…”
“မို့မို့လဲလိုက်မယ်မမ တစ်ကယ်တော့မို့မို့တို့မောင်နှမအတွက် ခြံအကျယ်ကြီးမလိုပါဘူး
လူပီသပြီး နွေးထွေးမဲ့ရင်ခွင်တစ်ခုသာလိုပါတယ်”
“ဒါဆိုဘာလိုသေးလဲ ခုပဲသွားကြစို့”

“မို့မို့တို့ပစ္စည်းတွေသိမ်းရမလားမမ”
“မသိမ်းနဲ့မို့မို့…မလိုဘူး ခုသွားကြရအောင်”
“ဟုတ်ကဲ့မမ…လာမောင်မောင်”
ထိုအချိန်မှစ၍
နန်းလွဲတောင်ရွာလေးကနေ မို့မို့တို့မောင်နှမမှာ
ပျောက်သွားလေသည်။
ဘယ်သူကမှစိတ်မပူကြပေ။
ရွာအုပ်ချုပ်သူက သူတို့မောင်နှမရဲ့အမျိုးကလာခေါ်သွားသည်ဟု ပြောပြ မည်သာ…..

လူမနေသောခြံကလေးကိုဘယ်သူမှမနေဝံ့သဖြင့်
ဘေးမဲ့ပေးထားရသည်။
အကြောင်းမှာ အရက်သမားဖိုးတုပ်မှာ မူးလာတိုင်း
သရဲ မရဲ့ ဒဏ္ဍာရီကိုသာ တွင်တွင်ပြောနေသောကြောင့်ပင်။

နှစ်ကြာညောင်းလာသောအခါ
ထိုခြံလေးသည် ကျောင်းသင်္ခန်းလေးတစ်ခုဖြစ်လာပြီး
ထိုဒေသသည်လဲ နတ်မကိုးကွယ်တော့ဘဲ ဘုရားတရားသံဃာကိုယုံကြည်ကိုးကွယ်သူများသာဖြစ်လာခဲ့လေတော့သည်။
ထိုဒေသကိုသာသနာပြုသူကား
လှရင်တွေ့ခဲ့တော့ တောအုပ်ထဲမှရဟန်းတစ်ပါးပင်ဖြစ်တော့သည်။

ပြီးပါပြီ..

မကြာမှီ
ပုလဲနက် ကျိန်စာ
အခန်းဆက် ဝတ္ထုရှည် လာပါအုံးမည်။

ယခုတင်ဆက်ပေးနေတဲ့ အခန်းဆက်ဝတ္ထု တို/ရှည်
များသည် ကျွန်မ ဧကရီ(မနောမြေ)ရဲ့မူပိုင်ဖြစ်သည်။
ဧကရီ (မနောမြေ)