မန်တလာသား
မြစ်ကလေးရိုးမှ ခွေးမုဆိုး
သူ့အမည်ရင်းက ‘စောကုလို’ ၊ အများအခေါ်က ‘ဖိုးကရင်’။ အသက်က နှစ်ဆယ်ကျော် သုံးဆယ်နီးပါး။ မျက်နှာဝိုင်းဝိုင်း နဖူးကျယ်ကျယ်၊ အသားလတ်လတ် အရပ်ပုပု၊ ကြွက်သားတွေက အဖုဖု အမြှောင်း မြှောင်းထလျက် ယောက်ျားပီသသူတစ်ဦးဖြစ်သည်။
အလုပ်အကိုင်မှာ တစ်ချိန်က ငယ်စဉ်က သစ်ထုတ် လုပ်ရေး ဆင်ဦးစီး။ အခုတော့ ဆင်ဦးစီးဘဝမှ ထွက်ပြီး ရွှေလုပ်ငန်းတစ်ဖက်၊ မုဆိုးတစ်ဖက် လုပ်ကိုင်သူ ဖြစ်သည်။
မုဆိုးလုပ်ရာတွင် အများသူငါလို သေနတ်၊ တူမီး၊ ဒူးလေးမြားဖြင့် ပစ်ခတ်သတ်ဖြတ်သူ မဟုတ်။ သူ့လက်နက်မှာ အသွား (၁၀)လက်မခန့်ရှိ ထိုး၍ ခုတ်၍ ရသော ဓားမြှောင်ကောင်းတစ်လက်နှင့် ခွေးများသာ ဖြစ်သည်။ ဒါ့ကြောင့်လည်း သူ့ကို အများတကာကခွေးမုဆိုးဟု ကင်ပွန်းတပ်ကြသည်။
သူ့တွင် ခွေးငါးကောင်ရှိပြီး ဒီခွေးများက သူ့အရှင်၊ သူ့သခင်၊ သူ့သား၊ သူ့မယားဆိုက မမှားပေ။ သူ့ခွေးများကို သူစားသလိုကျွေးပြီး သူနှင့်အတူ အိပ်သည်အထိ ခင်တွယ်သူ ဖြစ်သည်။
ခွေးများကလည်း သူ့သခင် သူ့အရှင်အတွက် အသက်ပေးဆိုက ပေးကြမည့်အသွင်။ သူလုပ်ချင်သော မုဆိုးအလုပ်တွင်လည်း ကျွမ်းကျင်လှ သည်။ အနံ့ခံခြင်း၊ သားကောင် မတွေ့ တွေ့အောင် တစ်တောဝင် တစ်တောင်တက်ခါ ရှာကြံ၍ တွေ့ သည်နှင့် ကွေ့ဝိုက်ကာဆီး လိုရာခရီး အပြီးရောက်အောင် ပို့ဆောင်တတ်ကြသည်။ သူ့ခွေးများက ဤ၍ဤမျှ အစွမ်းထက်ကြသော သတ္တဝါများပင်။
သူနှင့် ကျွန်တော်တို့ မုဆိုးအဖွဲ့ တွေ့ကြသည်မှာ မြစ်ကလေးရိုး ဓာတ်တော်စခန်းအောက်နားမှ ‘ရုံး ပင်ခုံ’ ရွှေလုပ်ကွက်တွင် တွေ့ဆုံကြခြင်းဖြစ်သည်။ ဆုံကြပုံမှာကား ကျွန်တော်တို့ မုဆိုးအဖွဲ့ နဂါးမြစ်သို့ တောလည်သွားရာ တောကျွမ်းသော ဆင်ဦးစီးဟောင်းဖြစ်သူ ဖိုးကရင်အား လမ်းပြအဖြစ် ခေါ်သွားရာက သိကျွမ်းခင်မင်ခဲ့ကြခြင်း ဖြစ်သည်။
နဂါးမြစ်တောတွင် ဖိုးကရင်၊ ကိုအောင်သန်း၊ အမင်းနှင့် တပ်ကြပ် လွင်အောင်တို့က တစ်ဖွဲ့၊ ကျော်မိုးက
တစ်ဖွဲ့၊ ကျွန်တော်က တစ်ဖွဲ့၊ အဖွဲ့ သုံးဖွဲ့ ခွဲလည်ကြရာ ဆရာလွင်အောင်နှင့် အမင်းတို့အဖွဲ့က ကျားသစ်တစ်ကောင်ကိုတွေ့၍ ဆရာလွင်အောင်က G-3
နှင့် ပစ်သော်လည်း ကျည်မထွက်သဖြင့် အမင်းက နှစ်လုံးပြူး နှင့် ပစ်လိုက်ရသည်။ အတွေ့အကြုံ မရှိ ကြောက်ကြောက်လန့်လန့်နှင့် ပစ်လိုက်သောကြောင့် အကောင်မမှန်၊ အပေါ်ယံက ရှပ်သွားဟန်ရှိသည်။
သို့သော် သူတို့တစ်တွေ နောက်နားက ချောင်းရိုးကမ်းပါးမှ ကျစ်ကို ဝင်စားနေသော တောဆင်ရိုင်းတစ်ကောင်မှာ လူနံ့များ မီးရောင်များကြောင့် ငြိမ်မြုံနေရာက သေနတ်သံကြောင့်လန့်၍ နှာအိုးစွဲ အစ်ထိုးလိုက်ထိုးရာ မုဆိုးများမှာလည်း မထင်မှတ်ဘဲ အနီးကပ်ကြားလိုက်ရသော ဆင်သံကြောင့် အကြောက်ကြီးကြောက်ခါ တစ်ချိုးတည်း ပြေးခဲ့ကြရတော့သည်။ စခန်းပြန်ရောက်သည့်အထိ အမင်းနှင့် ကိုအောင် သန်းမှာ အကြောက်မပြေသေးဘဲ အသံများ၊ အသားများ တဆတ်ဆတ်တုန်နေဆဲဖြစ်သည်။
“ငါတို့တော့ ဒီနဂါးတောမှာ ဆက်မလည်ရဲတော့ဘူး။ ကံကောင်းလို့ မသေ၊ သံချောင်းတို့အဖေ ဆိုသလို ကံကောင်းသလို အပြေးမြန်လို့ မသေတာ”
စခန်းသို့ လူစုံတက်စုံ ပြန်ရောက်ကြသောအခါ ဆင်ကြောက်သော ကိုအောင်သန်းက စပြောလိုက်ခြင်း ဖြစ်သည်။
“ဟုတ်တယ် … ကျွန်တော်လည်း ဦးအောင်သန်းလို ` ဒီတောတော့ မလည်ရဲတော့ဘူး။ စိုင်၊ ပြောင်၊ ကျား၊ ကျားသစ် ဘယ်လောက်ပဲ ပစ်ရ ပစ်ရ၊ မလည်ရဲတော့ဘူး။ အောက်တော ဂျီကလေး၊ ဆတ်ကလေး ပစ်ရတာက အန္တရာယ်ကင်းတယ်”
စိုင်၊ ပြောင်၊ ဆင်၊ ကျား မတွေ့ဘူးသော အမင်းကလည်း အကြောက်ကြီးကြောက်ပြီး ကိုအောင်သန်းအဆိုကို ထောက်ခံပြောလိုက်သည်။
“ဟ အမင်းရ၊ စိုင် ပြောင် ကျား ကျားသစ် အမဲကြီးပစ်ချင်လို့မှ ဒီနဂါးတောကို ခဲရာခဲဆစ် လာခဲ့ကြရတာကွ။ ဆင် ဘာကြောက်စရာရှိလဲ။ မင်းတို့မှာ G-3 ရော၊ နှစ်လုံးပြူးပါ ပါနေတာပဲ။ ငါတို့လို ပွိုင့်တူးတူး မဂ္ဂနစ်လေးလောက်နဲ့ လည်ရရင် ဘယ်လိုနေမလဲပဲ”
ကျော်မိုးက သူပစ်ချင်သော စိုင်၊ ပြောင်၊ အမဲကြီးပစ် အစီအစဉ် ပျက်မှာစိုး၍ ပြောလိုက်ခြင်းဖြစ်သည်။
“ဟ ကိုကျော်မိုးကလည်း၊ ဆင်မကြောက် ဖိနပ်ဖြစ်သွားမှာပေါ့။ ဆီးတွန်းလို့လည်း ရတာမဟုတ်။ အရေးထဲ ဆရာလွင်အောင် သေနတ်ကလည်း ကျည်မထွက်ဘူးဗျ။ ပြေးနိုင်လို့ လွတ်တာ၊ နို့မဟုတ် မလွယ်ဘူး”
ကိုအောင်သန်းက အမင်း အစား အလောသုံးဆယ် ဝင်ပြောလိုက်သည်။
“ကဲပါ ကျော်မိုးရာ၊ သူတို့ ဒီလောက်ကြောက်နေမှတော့ အမဲကြီးအစီအစဉ်ကို လက်လျော့လိုက်ကြပါစို့။ အောက်စခန်းတစ်ခုခုမှာ ဆတ်ကလေး၊ ဝက်ကလေးလောက် တစ်ဆင့်လျှော့ပြီး လည်ကြတာပေါ့”
ကျွန်တော်က နှစ်ဦးနှစ်ဝ အဆင်ပြေအောင် ပြောလိုက်ရသည်။
“ဂျီ၊ ဆတ်၊ ဝက်လောက် ပစ်ချင်ရင်တော့ ကျွန်တော်တို့နေတဲ့ ‘ရုံးပင်ခုံ’မှာ လည်ရင်ကို ရပါတယ်။ အမဲကြီး စိုင်၊ ပြောင်၊ ဆင်၊ ကျားသာ မရှိတာပါ”
“အေး ဆတ်လောက်၊ ဝက်လောက် ပစ်ရရင် တော်ပါပြီ ဖိုးကရင်ရာ။ ဆူလွယ်နပ်လွယ်ကလေး အန္တရာယ်ကင်း ဘေးရှင်းပေါ့”
အမင်းက ဝမ်းသာကြည်နူးစွာဖြင့် ပြောလိုက်သည်။
“ကျွန်တော့်နေရာမှာ ဆတ် ဝက်လောက်တော့ ဆရာတို့တောင် အပင်ပန်းခံပြီး လည်စရာ မလိုပါဘူး။
ကျွန်တော့်ခွေးနဲ့ တာဝန်ယူ လုပ်ပါ့မယ်”
“အေး … ဒါဖြင့်လည်း မင်း စခန်း ‘ရုံးပင်ခုံ’ ပြောင်းကြမယ်ကွာ”
ကိုအောင်သန်းနှင့် အမင်းက စခန်းပြောင်းဖို့ ဆန္ဒပြင်းပျနေသဖြင့် ကျွန်တော်တို့အဖွဲ့ ဖိုးကရင်၏ ရုံးပင်ခုံသို့ ပြောင်းခဲ့ကြတော့သည်။ ရုံးပင်ခုံ ပိုင်ရှင်မှာ ဦးငွေ+ဒေါ်ဘုမ တို့ဖြစ်ပြီး စခန်းရှိ လုပ်သားများမှာ စိန်မင်း၊ ထွန်းလင်း၊ မြရွှင်+မညိုနှင့် ဖိုးကရင်တို့ ဖြစ်ကြသည်။
ခုံပိုင်နှင့် အဖွဲ့သားအားလုံးမှာ ကျွန်တော်တို့ မုဆိုးအဖွဲ့ ရောက်လာသည်ကို မငြိုမငြင် ပျူပျူငှာငှာနှင့် ဝမ်းပန်းတသာရှိကာ ချက်ပြုတ်ကျွေးကြသည်။ (ယနေ့ထက်တိုင် ကျေးဇူးတင် ဝမ်းသာမဆုံးကြောင်း မှတ်တမ်းတင်အပ်ပါသည် ခင်ဗျား)
ကျွန်တော်တို့ မုဆိုးအဖွဲ့ နံနက်စာ ထမင်းစားပြီးသည်နှင့် ရေနွေးကြမ်းဝိုင်းတွင် တိုင်ပင်လိုက်ကြ သည်။
“ငါတို့ တစ်နေကုန်အား၊ အနားယူနေမယ့်အစား တောမောင်း တောခြောက် ပစ်ကြရင် မကောင်းဘူး လား”
ကျွန်တော်က စကားစကာ အကြံပြုလိုက်သည်။
“ဟာ သိပ်ကောင်းတာပေါ့၊ တောမောင်းပစ်လို့ရရင်။ နို့မဟုတ်ရင် ကျွန်တော်က တစ်ယောက်ယောက် အဖော်ခေါ်ပြီး ခြေလျောက်လည်ရမလားလို့ စိတ်ကူးနေတာ”
ဆရာလွင်အောင်က ကျွန်တော့အကြံကို ထောက်ခံရင်း သူ့စိတ်ကူးကိုလည်း ပြောလိုက်ခြင်းဖြစ်သည်။
ကျန်အဖွဲ့သားများကလည်း တောမောင်း တောခြောက်ပစ်ရန် သဘောတူကြသဖြင့် ဖိုးကရင်ကိုခေါ် ၍ တောမောင်းပစ်ရန် တိုင်ပင်လိုက်သည်။
“ကိုင်း ဖိုးကရင်ရေ၊ ငါတို့ ဒီမှာ တောမောင်းတောခြောက်ပစ်ချင်တယ်။ ဒီစခန်းက လူတွေနဲ့ မင်းနဲ့ ခြောက်ပေးလို့ ရမလား”
“ရတော့ ရပါတယ်။ ဒါပေမယ့် ဆရာတို့ ပင်ပန်းခံမနေကြပါနဲ့။ ကျွန်တော့်ဆီမှာတော့ ကျွန်တော့်တာဝန် ထားပါ။ ကျွန်တော့်ခွေးတွေနဲ့ ဒီတော ဒီတောင် တစ်ပတ်လောက် ပတ်လိုက်ရင် ဆတ်လောက်ကတော့ မဲမတင်းရပါဘူး။ ဆရာတို့ အေးအေးဆေးဆေး စခန်းမှာ အနားယူကြပါ”
“ဟ … ငါတို့က တစ်နေ့လုံး ပျင်းနေမှာစိုးလို့ လုပ်ချင်ကြတာကွ။ အဲတော့ ဒီလိုလုပ်ရအောင်။ မင်းက စခန်းကလူတွေနဲ့ ခွေးတွေကိုခေါ်ပြီး တောထဲဝင်မွှေ။ ငါတို့က ပြေးလမ်း ထွက်လမ်းတွေက သေနတ်နဲ့ စောင့်မယ်။ မကောင်းဘူးလား”
“အင်း … ဆရာတို့က လုပ်ချင်တယ်ဆိုရင်တော့ ဒီလိုလုပ်ရအောင်။ ကျွန်တော်တို့ ခွေးတွေနဲ့ မွှေလိုက်ရင် ဆတ်က မောတာနဲ့ ဒီမြစ်ကလေးထဲ ကျရတာပဲ။ ဒီဘက်ကမ်းက အကောင်က ဟိုဘက်ကမ်းဆီ ပြေးကူးတာဆိုတော့ ဆရာတို့ဆီ ပြေးတက်လာတာနဲ့ ဆီးပစ်ကြပေါ့။
တစ်ခုတော့ သတိပေးရဦးမယ်။ ဒီဘက်ကမ်းက သားကောင် ရေထဲကျကျခြင်း၊ မြင်မြင်ခြင်း လှမ်းမပင်ကြပါနဲ့။ နောက်က ခွေးတွေနဲ့ ကျွန်တော်တို့ ကပ်ပါချင် ကပ်ပါလာမှာ။ ကျွန်တော်တို့ ကပ်ပါမလာလို့ ရေဖြတ်ကူးချင်လည်း မြစ်လယ်ကျော်
မလာမခြင်း မပစ်ကြပါနဲ့။ အေးအေးငြိမ်ပြီး စောင့်ပါ။ ဆရာတို့နား ကပ်လာမှ အပိုင်ပစ်ကြပါ”
ဖိုးကရင်က အကျိုးအကြောင်း စီစဉ်တင်ပြပြီးသည်နှင့် သူ့လူ သူ့ခွေးများကိုခေါ်လျက် ထွက်သွားကြသလို ကျွန်တော်တို့ မုဆိုးအဖွဲ့သားများမှာလည်း နေရာချထားပေးမယ် ခုံပိုင်ဦးငွေနှင့် မြစ်တစ်ဖက်ကမ်းသို့ ကူး၍ မြစ်ရိုးကမ်းတစ်လျောက် စကားတပြောပြောနှင့် စီတန်းလမ်းလျှောက်ခဲ့ကြသည်။
ကိုအောင်သန်းကိုတော့ စခန်းတွင် စခန်းစောင့်ရင်း ညနေစာ ချက်ပြုတ်ထားရန် နေခဲ့စေသည်။
ရေအီသော မြစ်ကွေ့တစ်နေရာအရောက် ရှေ့ကသွားနေသော ကျော်မိုးက ဘာမပြောညာမပြောနှင့် သေနတ်မောင်းတင်ခါ ရေကမ်းနှင့် မလှမ်းမကမ်းနေရာဆီသို့ ထိုးချိန်လိုက်သဖြင့် ကျွန်တော်က ဘာများလဲဟု ကြည့်လိုက်သည်။
ချက်ချင်းတော့ ဘာသားကောင်မှ မမြင်။ အသေအချာ ကြည့်လိုက်မှ ငါးကြီးတစ်ကောင်၏ ကျောကုန်းကြီး ပေါ်နေမှန်း မြင်ရပြီး ကျော်မိုးကို သေနတ်နှင့် မပစ်ရန် တားလိုက်ရသည်။
ငါးကြီးမှာ ကမ်းစပ်နှင့် မဝေးသည့်အပြင် ငြိမ်နေသဖြင့် ဦးငွေ ကို ပါလာသောမှိန်းနှင့် ထိုးခိုင်းလိုက်ပြီး မနိုင်သဖြင့် ဝိုင်းမတင်ကြရသည်။ ငါးကြီးမှာ (ငါးမီးနေသည်ခေါ်) ငါးမောင်းမကြီးဖြစ်ပြီး ခေါင်းကြီးကိုက အရှည်တစ်တောင် တစ်မိုက်ရှိကာ ဗျက်မှာ တောင်ဆုပ်ခန့် ရှိသည်။ အချိန်အနေဖြင့် (၁၈)ပိဿာ (၂ဝ)ပိဿာခန့်ဟု မှန်းကြသည်။
ဦးငွေမှာ ကျွန်တော်တို့တစ်တွေကို မြစ်ကလေးရိုးကမ်းတစ်လျှောက် သားကောင်ကူးတတ်သည့် နေရာများကိုချပေးပြီး ငါးကြီးအား ထမ်းလျက် စခန်းပြန်သွားတော့သည်။
“ကိုင်း ဆတ် ရတာ မရတာ အပထား။ လောလောဆယ် ဟင်းစားငါးတော့ ရပြီ။ စခန်းပြန် ခုတ်ထစ်ချက် ပြုတ်ထားနှင့်မယ်။ ဆရာတို့ရေ … လာဘ်ကတော့ တိုက်ပါတယ်၊ ဆတ်လည်း ရမှာပါ”
နေ့လယ်နေက ခေါင်းပေါ် တည့်တည့်လောက်ရောက်နေသဖြင့် ပူပြင်းလှသည်။ မြစ်ဘေးတွင် အရိပ် ရသစ်ပင် ကြီးကြီးမားမား မရှိသဖြင့် ကျူတော ကိုင်းတောကိုသာ ကြံဖန်ပြီး အရိပ်ရအောင် ဖန်တီးနေနေရတော့သည်။ တစ်ချက်ချက် မြစ်တစ်လျှောက် တိုက်ခတ်လာသော လေကလေးကြောင့် နေသာထိုင်သာရှိသွားလို့ တော်သေးသည်။
နာရီလက်တံတိုက တရွေ့ရွေ့ပြောင်းနေသလို နေကလည်း တဖြည်းဖြည်း စောင်းလာသည်။ အချိန်အနေနှင့် (၃)နာရီပင် ထိုးသွားပြီမို့ လူတွေက ငါးခြောက်လှမ်းထားသလို ဖြစ်နေပြီး အိပ်တောင်ငိုက်ငိုက် ကျသွားသည်။
အဲဒီအချိန်မှာပင် မြစ်အရှေ့ဘက်ကမ်း တောင်ရိုးတွေဆီက ခွေးသံ လူသံ သဲ့သဲ့ကလေး ကြားလိုက်ရ သဖြင့် အိပ်ချင်စိတ်တွေကို တင်းထားပြီး အသံကိုသာ အာရုံစိုက် နားစွင့်နေလိုက်မိသည်။
“ဝေါင်း ဝေါင်း”
“ဝုတ် ဝုတ်”
“အု အု”
“အိုင် အိုင်”
ဟူသော ခွေးဟောင်သံ အမျိုးစုံက ကြားလိုက်ရသလို …
“ဟေ့ ဟေ့”
“ဟို ဟို”
“ဟ ဟ”
‘”လိုက်ဟေ့ … လိုက်ဟ”
ဟူသော လူသံများကိုလည်း ကြားလိုက်ရသည်။
တအိုင်အိုင် အဆက်မပြတ် အော်နေသော ခွေးသံများ နေရာရွေ့သဖြင့် သားကောင်ကိုတွေ့ကာ လိုက် နေကြောင်း မှန်းဆသိလိုက်ရသည်။ ဒါ့ကြောင့် ဘေးတွင်ချထားသော သေနတ်ကို ကောက်ကိုင်၊ အရံသင့် လုပ်လိုက်ရသည်။
ခွေးသံ၊ လူသံများက အမြင့်မှ အနိမ့်သို့ တဖြည်းဖြည်း ဆင်းလာကြသည်။ လူများ၏ ညာသံပေးသံ များကို ပြတ်ပြတ်သားသား ကြားလာရသည်။
“ကျားဘို၊ ဝမ်ချိုင်း၊ မိုက်ခဲ၊ ဇော်မတို့ ကိုက်ပါတော့လား၊ လိုက်ပါတော့လား၊ ဘာဟောင်နေတာလဲ၊ ဝင်ဆွဲလေ”
အစရှိသည့် အားပေးသံ၊ အမိန့်ပေးသံတို့က အတိုင်းသား။
ခွေးများမှာလည်း သခင်၏ အားပေးသံ၊ အမိန့်ပေးသံကို ကြားရသည်နှင့် ပို၍ အားတက်ခါ ရှေ့ကပြေး
နေသော အမဲသားကောင်ကို ဝင်ဆွဲလိုဆွဲ ခဲလိုခဲနှင့် ဖြစ်နေတော့သည်။
ဆတ်သတ္တဝါမှာလည်း ပြေးရလွန်းလို့ မောနေသည့်ပုံ ပေါက်နေသည်။ မြစ်ကမ်းပါးခပ်ပြောင်ပြောင်နေရာရောက်သည်နှင့် ရှေ့ဆက်မပြေးတော့ဘဲ ခွေးများကိုလှည့်ပြီး မျက်နှာချင်းဆိုင်လိုက်သည်။ ဇွတ်အတင်းဝင်၍ ကိုက်ကြ ဆွဲကြသော ရန်သူခွေးများကို ဦးချိုနှင့်ခတ်၍တစ်မျိုး နောက်ခြေနှင့် ကန်၍တစ်သွယ် တတ်နိုင်သမျှ ခုခံကာကွယ်တိုက်ပွဲဝင်နေရှာသည်။
သို့သော် ခွေးများမှာ တစ်ကောင်တည်း မဟုတ်သည့်အပြင် အတွေ့အကြုံကလည်း ရှိပြီးသားမို့ ရှေ့ ကခတ်လျှင် နောက်ကဆွဲ၊ နောက်က ကန်လျှင် ဘေးကကိုက်နှင့် ချာလည်ပတ်လည်ဖြစ်နေသည်မှာ တရုတ်သိုင်းကားထဲမှ တစ်ယောက်နှင့်အများ သတ်ပုတ်နေသည့်အလားပင်။
တစ်ကောင်နှင့် အများမို့ အချိန်ကြာကြာ မခုခံနိုင်ရှာတော့ဘဲ ကမ်းပါးထိပ်မှ ရေထဲသို့ ခုန်ချပြီး ရေကူးနေပါတော့သည်။
ခွေးများကလည်း ဆတ် ခုန်ချသလို ကမ်းပါးမှ ရေထဲသို့ လိုက်ခုန်ချလိုက်ပြီး ဆတ်နှင့် ထပ်ချပ်မကွာ ကူး၍လိုက်ကြပါသည်။
သေနတ်သမား ကျွန်တော့်မှာ ဦးတည်ကူးလာသော ဆတ်ကို သေနတ်နှင့် ချိန်ရုံသာ ချိန်ထားပြီး ပစ်လို့ကမရ။ ခွေးများက ပတ်ချာလည် ဝိုင်းနေကြသောကြောင့် ဖြစ်သည်။
ဒီအချိန်အတွင်းမှာပင် ဖိုးကရင်တစ်ယောက် မြစ်ကမ်းပါးသို့ ရောက်လာပြီး
“ဟုတ်ပြီ၊ သားတို့ သမီးတို့ ဝိုင်းထား … ဝိုင်းထား မလွတ်စေနဲ့၊ ငါလာပြီ”
ဟု အော်ပြောရင်း ရေထဲ ဒိုင်ပင်ထိုးချလိုက်သည်။
မြစ်လယ်လောက်တွင် ခွေးများနှင့် ဆတ် ခမြာ ပတ်ချာ ပတ်ချာ ဖြစ်နေချိန်မှာပင် ဖိုးကရင်တစ် ယောက် ဆတ်နားရောက်လာပြီး ဆတ်ကျောကုန်းပေါ် တက်စီးလိုက်ပါသည်။ လက်တစ်ဖက်က ချိုကိုဖမ်းကိုင်ပြီး ကျန်တစ်ဖက်က သူ့လက်သုံးတော် ဓားမြှောင်နှင့် ဆတ်ကျောကို ခပ်ဆဆလေးဆွရင်း ကျွန်တော်တို့ရှိရာ ကမ်းပါးသို့ ဦးတည်ကူးလာကြ ပါတော့သည်။
ဒီမြင်ကွင်းက ကျွန်တော် ငယ်ငယ်က ကြည့်ခဲ့ မြင်ခဲ့ဖူးသည့် (TARZAN)တာဇံဇာတ်ကား ပြန်ကြည့် ရသလိုပင် မြင်ကွင်းက တဖြည်းဖြည်း ကျွန်တော်တို့နှင့် နီးသထက် နီးလာသည်။ ဆတ်ခမြာ ခွေးများ ပတ်ချာရံလျှက် ကမ်းစပ်ရေတိမ်သို့ ရောက်လာသည်နှင့် ကျောပေါ်မှ လူသားကို ဦးခေါင်းရမ်းပြီး ခါချနေတော့သည်။
သို့သော် ကျောပေါ်မှ ပါလာသော လူသားမှာ အတွေ့အကြုံမရှိသူမဟုတ်။ အပွဲပွဲနွှဲလာခဲ့သော မုဆိုးသာ ဖြစ်သောကြောင့် ဆတ် ခမြာ ကံမကောင်းရှာ။ဦးခေါင်းနှင့် လည်တိုင် တစ်ခုလုံး ရေပေါ် ပေါ်လာသည်နှင့် လူသားမုဆိုးက သူ့လက်ထဲရှိ ဓားနှင့် လည်တိုင်နေရာကို အဆုံးထိုးသွင်းလိုက်ပါတော့သည်။ အထိုးခံရသော ဆတ်မှာ တစ်ချက်သာ အော်နိုင်ပြီး ခုန်ပေါက်လူးလွန့်ရင်း မြစ်ပြင်သောင်စပ်တွင် လဲကျ သေဆုံးသွားတော့သည်။
ဒီတော့မှ သေနတ်မပစ်ရဘဲ ပွဲကြည့်ပရိသတ်သာ လုပ်ခဲ့ရသော ကျွန်တော်တို့အဖွဲ့သားများ ဆတ်သေရှိရာသို့ စုရုံးရောက်ရှိလာကြပြီး ဖိုးကရင်အား လက်ဆွဲနှုတ်ဆက် ချီးမွမ်းသြဘာပေးလိုက်ကြပါသည်။
“ကိုင်း … ဆရာတို့ ကျွန်တော့်တာဝန် ကျေပါတယ်နော်”
“အေး ကျေပါတယ်ကွာ ဖိုးကရင်ရာ။ ဒါပေမယ့် ငါတို့မှာ သေနတ်ကြီးတွေ တကားကားနဲ့ ပစ် ရမလား အောက်မေ့ပါတယ်။ အခုတော့ ပွဲကြည့်ပရိသတ်သက်သက်ဘဝနဲ့ ကျေနပ်ကြရတော့မှာပေါ့”
ဤသို့ ပြောဆိုကြည့်ရှုနေကြတုန်း နောက်လိုက်တောခြောက်အဖွဲ့သားများလည်း ရေကူးပြီး ရောက်လာကြသဖြင့် ဆတ်သေကို အရေခွာ ဖျက်လိုက်ကြသည်။
ပြီးသည်နှင့် လေးဘက်ချ နှစ်ယောက်တစ်တွဲ ထမ်း၍ စခန်းဆီသို့ သယ်ဆောင်ခဲ့ကြရသည်။
စခန်းရောက်သောအခါ ကိုအောင်သန်းနှင့် ဦးငွေတို့က အခြောက်လှန်းထားသော နနွင်းရောင် ငါး မောင်းမသား အမြှောင်းများကို မြင်ကြရသဖြင့် တောခြောက်အဖွဲ့မှ ဝမ်းသာအံ့ဩစွာနှင့် ဘယ်သူ ဘယ်လိုလုပ် ရတာလဲဟု မေးမြန်းကြပါသည်။
“မင်းတို့ ဦးကျော်မိုးပေါ့ကွာ။ တောကောင်ရှာပါဆိုမှ ရေကောင်ငါး မီးနေသည်ပဲတွေ့တယ်။ ဘယ်လောက် တော်သလဲ”
“အောင်မယ် … အဲဒီလိုတော်လို့ အခု ရေကောင်သားရော၊ ကုန်းကောင်သားပါ နှစ်မျိုးစလုံး စားကြရမှာ မဟုတ်လား”
“ဟုတ်တယ် … ဟုတ်တယ်၊ ကျုပ်တို့ကတော့ ဦးကျော်မိုးစကားကို ထောက်ခံတယ်”
တောခြောက်အဖွဲ့သားအားလုံး၏ ထောက်ခံချက်ကိုရလိုက်သော ကျော်မိုးတစ်ယောက် လက်မထောင်၍ မိုးမမြင် လေမမြင် ဖြစ်သွားပါတော့သည်။
မှန်ပါသည်။ ဘာပဲပြောပြော ဒီတစ်ပွဲမှာတော့ သေနတ်တစ်ချက်မှ မဖောက်ရဘဲ ခွေးမုဆိုး ဖိုးကရင်လုပ် ကျွေးသော ဆတ်သားနှင့် ကျော်မိုးကြောင့်ရသော ငါးမောင်းမသားကိုတော့ မုဆိုးအဖွဲ့သားအားလုံး ဝဝကြီး စားကြရမည်ကတော့ ဧကန်အမှန်ပင် ဖြစ်ပါတော့သည်။
စာကြွင်း။
(ကျော်မိုးတစ်ယောက် သူ့ ကြောင့်ရသော ငါးမောင်းမ အူစုံ အသဲစုံများကို သူတစ်ယောက်တည်း ငတ်ကြီးကျ မတရားစားပြီး တစ်ကိုယ်လုံး ယားယံ၊ အဖုအပိမ့်တွေ ထွက်ကုန်ပါတော့သည်)
လျှို့ဝှက်ဆန်းကြယ်မဂ္ဂဇင်း
အတွဲ ၄ ၊ အမှတ် ၁၂
အောက်တိုဘာလ ၊ ၂၀၁၀
– ပြီး –
စာရေးသူ – မန္တလာသား
စာစီစာရိုက် – မုဆိုး တံငါ စာပေများ