မြားတစ်စင်းနဲ့ အောက်ချင်းကြယ်

Posted on

လကျ်ာလင်းပြာ
မြားတစ်စင်းနဲ့ အောက်ချင်းကြယ် (အပိုင်း ၁)

(ကညင်မီးတိုင်ငယ်သည် တောင်တန်းကြီးတစ်ခုလုံး
လင်းထိန်သွားအောင် အလင်းမပေးနိုင်သော်လည်း
တောင်ပေါ်သားများအတွက်တော့ အကောင်းဆုံးအဖော်မွန်ပင်။)

(အဖွင့်)

တောခွေးအော်သံလိုလို ကြားလိုက်ရသဖြင့် တဲထဲမှ ငေါက်ခနဲထကာ ဘေးတံခါးကို လက်နှင့် တွန်းဖွင့်ကြည့်လိုက်၏။ ဝါရော်ရော် လရောင်အောက်ရှိ စပါးခင်းထဲ မြင်လိုက်ရသော မြင်ကွင်းကြောင့် သူ ထိတ်ခနဲ ဖြစ်သွားမိ၏။

ခုနစ်ပေနီးပါးရှိသည့် သတ္တဝါ မည်းမည်းကြီးတစ်ကောင်။ ကုန်းကုန်းကွကွနှင့် တောင်စောင်းအတိုင်း တက်လာသည်ကို တွေ့ လိုက်ရသဖြင့် ဇခူးမား ထအော်မိမတတ် ဖြစ်သွား၏။

သတ္တဝါကြီးက သူတို့ရွာဘက် သွားနေသည့်အသွင်ပင်။ ထို့ကြောင့် တဲထဲမှ အလျင်အမြန် ခုန်ထွက်ကာ အရေးပေါ်တုံးကို အလျင်အမြန် ခေါက်လိုက်လေ၏။

“တုတ်. . . တုတ်. . . တုတ်.. တုတ်”

ဇခူးမား၏ တုံးခေါက်သံကြောင့် ရွာဘက် တလှုပ်လှုပ်သွားနေသော သတ္တဝါကြီးသည် ဖျတ်ခနဲ လှည့်ကြည့်လာ၏။ သတ္တဝါကြီး၏ အခြေအနေကို မြင်လိုက်သည်နှင့် ဇခူးမား တဲမျက်နှာစာတွင် ထောင်ထားသော လှံကြီးကို အပြေးလှမ်းယူလိုက်၏။

ထိုအချိန်တွင် သတ္တဝါကြီးသည် သူ့ဘက်ကို ဆတ်ခနဲ လှည့်လာ၏။ လှေကားထစ် စပါးခင်းအတိုင်း တဲဆီသို့ ဒရောသောပါး ပြေးလာ၏။

“ဂူး … ဂူး”
“ဝေး … ဝေး”
“တုတ်. . . တုတ်. . . တုတ်”

သတ္တဝါကြီးအော်သံ ကြားလိုက်သည့် ဇခူးမားသည် လက်တစ်ဖက်မှ လှံကို တမြှောက်မြှောက်လုပ်၍ အော်ဟစ်ရင်း ကျန်လက်တစ်ဖက်ကလည်း တုံးခေါက်သံ အဆက်မပြတ် ပေးလိုက်၏။

သတ္တဝါကြီးက နောက်မဆုတ်။ တောင်စောင်း လှေကားထစ်တွေအတိုင်း တစ်ထစ်ပြီးတစ်ထစ် လွှားခနဲ လွှားခနဲ ကျော်တက်လာကာ သူနှင့် ဝါးတစ်ရိုက်အကွာသို့ ရောက်လာ၏။

လရောင်ကြောင့် အမွေးစုတ်ဖွားဖွား၊ သွားစွယ်အဖွေးသား၊ နဖူးဖြူဖြူ မျက်နှာကြီးကို ထင်ထင်ရှားရှား မြင်လိုက်ရ၏။

“ဂီး … ဂီး”
“ဟေး”
“ဝှစ်”

ကြောက်စရာကောင်းလှသော ဝက်ဝံညိုကြီး။ သူ့လက်ထဲက လှံကြီးနှင့် ဝက်ဝံကြီး၏ရင်ဘတ်ကို အားကုန် ပစ်ထည့်လိုက်၏။ ဝက်ဝံကြီးက ဂီးခနဲအော်ကာ ရှေသို့ ခြေတစ်လှမ်း နှစ်လှမ်း တိုးရင်း သူ့ဆီသို့ လွှားခနဲ ခုန်ဝင်လာ၏။ သူ ပစ်လွှတ်လိုက်သည့် လှံကိုလည်း ဝက်ဝံကြီးက ဘယ်လက်နှင့် ရိုက်ထုတ်ပစ်လိုက်၏။

ဝါးလုံးထိုး ခုန်ဝင်လာသော ဝက်ဝံကြီးကြောင့် သူ နောက်သို့ ပက်လက်လန်ကျသွား၏။ သူ အတင်း ကုန်းရုန်းထစဉ် ဝက်ဝံကြီး၏လက်တစ်ဖက်က သူ့မျက်နှာ ညာဘက်သို့ ဝင်လာ၏။

“ဝေါင်း”

“အား … အား”

“ဝေါင်း … ဂီး… ဂီး … ဂီး”

ရုတ်တရက်မို့ သူ ဘယ်လိုမှ ရှောင်မရ။ တဲဘက်သို့ သုံးလေးပတ် လိမ့်သွား၏။ ဝက်ဝံကြီးက တဂီးဂီး အသံပေးပြီး လွှားခနဲ ခုန်လိုက်လာရာ သူ အတင်းလူးလဲထပြီး တောင်ပေါ် တက်ပြေးခဲ့ရ၏။ မျက်နှာတစ်ခုလုံးလည်း သွေးတွေနှင့် ထူပူနေ၏။

ဝက်ဝံကြီးက သူ့ခန္ဓာကိုယ်ကြီးကို မနည်းထိန်းပြီး နောက်မှ အတင်းလိုက်လာ၏။

စပါးခင်းထဲ ဆင်းရင်း မြောက်ဘက် တောင်စောင်းလှေကားထစ်အတိုင်း လွှားခနဲ ခုန်ရင်း ထွက်ပြေးခဲ့၏။

လှေကားထစ်တစ်ခုပေါ် ခုန်အဆင်း ခြေချော်ပြီး တလိမ့်ခေါက်ကွေး ပြုတ်ကျသွားခဲ့၏။ နာရ ကျင်ရမှန်းလည်း မသိတော့။ တောင်ခြေသို့ ရောက်သည်နှင့် ရွာဘက်သို့ ဒရောသောပါး ထပြေးလာ၏။

ရွာနားရောက်တော့ ရွာတံခါး ပိတ်ထားပြီ ဖြစ်၏။ ပါးစပ်က အော်ဟစ်ရင်း စည်းရိုးတံခါးကြီးပေါ် အတင်း ကုပ်ကပ်တွယ်တက်လိုက်၏။

“ဝေး ဝေး တံခါးဖွင့် … အား”

ပါးစပ်က အော်ရင်း စည်းရိုးထိပ်ပေါ်အရောက် တစ်ဖက်သို့ ခြေလွတ်လက်လွတ် ပြုတ်ကျသွား၏။ မြေပြင်ပေါ်ရောက်တော့ သူ တော်တော်နှင့် မထနိုင်။ ထိုစဉ် ရွာသားတချို့ သူ့အော်သံကြောင့် ပြေးလာ၏။

“ဟာ- ဇခူးမား၊ ဇခူးမား”

သူ့နာမည်ခေါ်သံကို ကြားတစ်ချက် မကြားတစ်ချက်။ နောက်ဆုံး သူ သတိလစ်သွားခဲ့ရ၏။

ထိုစဉ် ရွာသားများသည် သူ့ကို ပွေ့ချီကာ ဆေးဆရာအိမ်သို့ ခေါ်သွားကြ၏။ တစ်ရွာလုံး ပွက်စီပွက်စီ ဖြစ်နေ၏။ အော်သံ ဟစ်သံ တုံးခေါက်သံတွေကလည်း ပွက်လောထနေ၏။ ရွာထဲရှိ တဲတွေအားလုံး တံခါးများကို အလျင်အမြန် ပိတ်ကုန်ကြ၏။ ရွာလမ်းမပေါ်မှာတော့ လှံတွေ မြားတွေ တူးမီးသေနတ်တွေ ကိုင်ထားသည့် ယောက်ျားကြီး လေးငါးဆယ်ယောက်သာ ရှိ၏။

ထိုအချိန် ဇခူးမားသည် ဆေးဆရာ ကျင်းပေါင်ရှေ့တွင် စန့်စန့်ကြီး ဖြစ်နေ၏။ သူ့ကိုချီပွေ့လာသော နူလားတို့လူသိုက်မှာ စိုးရိမ်တကြီး ဖြစ်နေ၏။ ဆေးဆရာကျင်းပေါင်သည် ထရံတွင်ချိတ်ထားသော တို (ပလိုင်းပြား)ကို ဖြုတ်ကာ ဆေးဘူးများ ထုတ်လိုက်၏။ ဇခူးမား၏ ညာဘက်မျက်နှာတစ်ခြမ်းလုံး သွေးတွေက ရဲရဲနီနေ၏။

ဆရာကြီးကျင်းပေါင်သည် မျက်နှာပေါ်မှ သွေးများကို ဆေးရွက်အရည်နှင့် ဆေးကြောပစ်လိုက်၏။

“ဟာ- ဇခူးမားက မျက်လုံးတစ်ဖက် ထွက်သွားတာကွ”

“ဗျာ”

“ဒဏ်ရာတော်တော်ပြင်းတာပဲ”

ဆရာကြီးကျင်းပေါင်က ဟောက်ပက်ကြီးဖြစ်နေသော ဇခူးမား၏ ညာဘက်မျက်တွင်းပေါက်ထဲသို့ ဆေးရွက်စိမ်းများ ကြိတ်ထည့်လိုက်၏။ ထို့နောက် ဘူးထဲမှဆေးများကိုထုတ်ကာ မျက်နှာတစ်ဝိုက် အုံပေး၏။

ပြီးသည်နှင့် ဒဏ်ရာကို ချက်ချင်း ပတ်တီးစည်းပေးလိုက်သည်။ ဇခူးမား၏ ပါးစပ်ကိုဖွင့်၍ ဆေးရည် သုံးလေးဇွန်း တိုက်လိုက်၏။

“ဘယ်. . . ဘယ်လိုလဲ ဆရာကြီး၊ ဇခူးမား ကောင်းပါဦးမလား”

“ခဏစောင့်ကြည့်ပါဦး၊ ငါ အကောင်းဆုံးဆေးတွေ ထည့်ပေးထားပါတယ်”

ဆရာကြီးကျင်းပေါင်သည် ဇခူးမားဘေးမှ မခွာဘဲ စောင့်ကြည့်နေ၏။ သွေးကြောတွေ စမ်းလိုက်၊ ခြေဖဝါး လက်ဖဝါးတွေကို နှိပ်လိုက် လုပ်နေ၏။

နူလားနှင့် ခေါဂေတို့နှစ်ဦးမှာ ရင်တမမနှင့် စောင့်ကြည့်နေကြ၏။

ထိုအချိန်၌ ဇခူးမား၏အနူး (အမေ) အပြေးရောက်လာ၏။

“ဆရာကြီး အနူးရဲ့ သား … သားလေး”

“မပူနဲ့ အနူးငွန်ဇီး၊ ဆရာကြီး ဆေးတိုက်ထားတယ်။ ကောင်းသွားမှာပါ”

“ဝက်ဝံလိုက်ခံရတယ်ဆို”

“ဟုတ်တယ်၊ ဒီကောင် အပြေးမြန်လို့ဗျ”

“ဇခူးမား၏မိခင်ကြီး အနူးငွန်ဇီးမှာ မေ့မြောနေသော ဇခူးမားဘေး ဝင်ထိုင်ကာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေ၏။ ဆရာကြီးကျင်းပေါင်သည် ဇခူးမား၏ လက်ကောက်ဝတ်သွေးကြောကို စမ်းကာ ခေါင်းတညိတ်ညိတ် ပြောလိုက်၏။

“မပူနဲ့တော့ဟေ့၊ ငါ့ဆေးက ဦးသွားပြီကွ”

“ဟင်- ဝမ်းသာလိုက်တာ ဆရာကြီးရယ်။ အနူးရင်တွေ ခုန်လိုက်တာ။ သား… သားလေး”

“မစိုးရိမ်ပါနဲ့တော့၊ နင့်သား မသေတော့ပါဘူး။ ဒါပေမယ့် ညာဘက်မျက်လုံး ပျက်စီးသွားပြီ”

“အို- လူကလေးရယ်. . . “

“ဟာ- အနူးငွန်ဇီးကလည်း အသက်မသေတာဘဲ တော်ပါသေးတယ်ဗျာ။ စောစောတုန်းက တစ်ခေါင်းလုံး သွေးတွေနဲ့ဗျ။ ကျွန်တော်က သေပြီတောင်ထင်တာ”

ပါရှန်းက ဝင်ပြောလိုက်၏။ ဇခူးမား၏မိခင်ကြီးခမျာ ပါးစပ်က တတ်သမျှမှတ်သမျှ နတ်စာတွေကို ရေရွတ်နေ၏။ ဆရာကြီးကျင်းပေါင်က သူ့ဆေးကို သူ အတော်ကလေး စိတ်ချယုံကြည်ပုံပေါ်၏။

အချိန်အနည်းငယ်အကြာတွင် ဇခူးမားတစ်ယောက် လူးလွန့်လာ၏။ မိခင်ကြီးခမျာ သားဖြစ်သူ သတိရလာသည်ကို မြင်သည်နှင့် မျက်ရည်အဝဲသားနှင့် ပါးစပ်က တတွတ်တွတ် ခေါ်လိုက်၏။

“သား လူကလေး၊ ဇခူးမား “

“အင်း … အား၊ ကျွတ်ကျွတ်”

“မပူပါနဲ့၊ ဒီကောင် မသေတော့ပါဘူး။ ဒဏ်ရာပြင်းတယ်၊ ဒါကြောင့် ငါ အိပ်ဆေးထပ်တိုက်လိုက်ဦးမယ်”

“ဟုတ်ကဲ့ ကျေးဇူးကြီးလှပါတယ် ဆရာကြီးရယ်”

မိခင်ကြီးခမျာ သားဖြစ်သူ သတိရလာသည်မို့ ဆေးဆရာကြီး ကျင်းပေါင်ကို ကျေးဇူးတင်စကားဆိုနေ၏။

ဆရာကြီး၏စကားကြောင့် နူလားနှင့် ခေါဂေတို့ သူငယ်ချင်းနှစ်ဦးမှာလည်း သက်ပြင်းချနိုင်ခဲ့ကြ၏။

ဆရာကြီးကျင်းပေါင်သည် ဇခူးမားကို အိတ်ထဲမှ ပွတ်ချွန်းအညိုရောင် ဆေးခဲတစ်ခဲ တိုက်ကျွေးလိုက်ပြီးနောက် ဆေးလိပ်တစ်လိပ်ထုတ်ကာ မီးညှိ၍ ဖွာရှိုက်လိုက်၏။

“ဆရာကြီးရယ်၊ အနူးသားလေးဟာ ဆရာကြီးပေးတဲ့အသက်ပဲ ရှိပါတော့တယ်ရှင်။ ဆရာကြီးကို ကျွန်မ အရမ်းကျေးဇူးတင်ပါတယ်”

“မလိုပါဘူးဟာ၊ ဇခူးမား ကံကောင်းတယ်ပြောရမှာဟ။ ဟိုကောင်ကြီးက ဒီကောင့်ကို အသေသတ်ဖို့ ကြိုးစားတာဖြစ်မယ်”

“ဟုတ်တယ် ဆရာကြီး ကျွန်တော်တို့လည်း တောင်ပေါ်တဲက တုံးခေါက်သံကြားတာနဲ့ ရွာတံခါးကို အမြန်ပိတ်လိုက်ကြတာ”

“ဟင်- ဒါဆို သားလေးက ဘယ်လို ဒီကိုရောက်လာတာလဲ”

“အနူးသားက ရွာစည်းရိုးကို ကျော်ခွပြီး ဝင်လာတာဗျ။ ကျွန်တော်တို့က ဝက်ဝံကြီးဝင်လာတယ်မှတ်ပြီး ပစ်သတ်တော့မလို့။ သူ့အော်သံကြားမှ ကျွန်တော်တို့ သူ့ဆီ အပြေးရောက်သွားကြတာ။ မသေတာဘဲ တော်သေးတာပေါ့ အနူးရယ်”

ခေါဂေ၏စကားကြောင့် ဇခူးမား၏မိခင်မှာ ရင်ကလေးဖိပြီး နားထောင်နေရှာ၏။

အမှန်မတော့ သူတို့မိသားစုက ရွာမှာ အဆင်းရဲဆုံးဖြစ်၏။ သူတို့ရွာကလေးသည် မင်းတပ်မြို့ အနောက်ဘက် မိုင်တစ်ရာခန့် အကွာတွင်ရှိသော ချင်းရွာကလေးတစ်ရွာ ဖြစ်၏။

ရွာအမည်မှာ ‘နန်ကတစ်’ ဟု အမည်ရ၏။ ရွာ၏ မြောက်ဘက်ခြမ်းတွင် မော်ပီတောင်တန်းကြီး တည်ရှိ၏။ မင်းတပ်မြို့ကိုသွားလျှင် ထိုတောင်တန်းကြီး၏ ခြေရင်းမှ ကွေ့ပတ်ကာ နှစ်ညအိပ်ခရီး သွားရ၏။ ရွာကလေးသည် တောတောင်ထူထပ်လှသည့်နေရာတွင် တည်ရှိပြီး အိမ်ခြေကိုးဆယ်ခန့်သာ ရှိ၏။

ရွာ၏ အဓိကလုပ်ငန်းမှာ စပါး၊ ဆပ်ဝါ၊ ဆပ်နီ အစရှိသော သီးနှံတို့ကို လှေကားထစ်စိုက်ပျိုးသည့် လုပ်ငန်းဖြစ်၏။ မြန်မာပြည် လွတ်လပ်ရေးရစ အချိန်အခါဖြစ်ပြီး ဘာသာရေး၊ ယဉ်ကျေးမှု အစစအရာရာ နှေးကွေးနေသည့် အချိန်ဟုလည်း ဆိုရချေမည်။။

နန်ကတစ်ရွာကလေးသည် နတ်ဒေဝါများကိုသာ ကိုးကွယ်ကြ၏။ တောစောင့်နတ်၊ တောင်စောင့်နတ်များသည် သူတို့အတွက် အရေးပါလှသော နတ်ဒေဝတာများ ဖြစ်ကြ၏။ ဇခူးမားတို့သားအမိမှာ ရွာအနောက် ဖျားတွင် တဲကလေးထိုး၍ နေထိုင်၏။

မိခင်ကြီး၏အမည်မှာ ငွန်ဇီးဖြစ်ပြီး သားနှစ်ယောက်ရှိ၏။ ဇခူးမားသည် အငယ်ဖြစ်ပြီး ဇခါးက အကြီးဖြစ်၏။ ဖခင်ကြီးမှာ လွန်ခဲ့သော သုံးနှစ်ခန့်က မင်းတပ်မြို့အသွား လမ်းတွင် တောကောင်နှင့်တိုးပြီး သေဆုံးခဲ့ရ၏။ ဖခင်ကြီး၏အမည်မှာ ဦးကီးအောင်ဟု အမည်ရ၏။

ကပါး(အဖေ) ကီးအောင်သည် မုဆိုးကြီးတစ်ဦးဖြစ်ပြီး မော်ပီတောင်ရိုးပျော်မုဆိုးကြီးဟု ဆိုရချေမည်။ တောထဲတောင်ထဲ ခွေးကြီးမိုင်းသာကိုခေါ်ကာ တစ်ယောက်တည်း သွားလာတတ်၏။ တစ်ချိန်တွင် အမဲလိုက်ရာမှ ရရှိလာသော ပစ္စည်းပစ္စယများကို ရောင်းချရန် မင်းတပ်မြို့သို့ ထွက်ခဲ့၏။

လမ်းတွင် နှစ်ညအိပ်ခရီးနှင်ခဲ့ရာ မထင်မှတ်သည့် တောကောင်အန္တရာယ်နှင့် ကြုံခဲ့ရ၏။ တောကောင်ကြီးက သူ့ကို ချောင်းမြောင်း တိုက်ခိုက်သဖြင့် နောက်ဆုံး ဦးကီးအောင်သည် မုဆိုးဘဝမှ သားကောင်ဖြစ်ခဲ့ရလေ၏။ မုဆိုးကီးအောင်၏ သတင်းကြောင့် တစ်ရွာလုံး တုန်လှုပ်ခဲ့ရ၏။

တချို့ကလည်း သူတိုက်ခိုက်ဖူးသည့် သားကောင်က အငြိုးအတေးထား၍ ပြန်လည်တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ဆိုကြ၏။ တချို့ကလည်း နတ်ဒေဝါ များကို မယုံကြည်သဖြင့် ယခုလိုဖြစ်ရသည်ဟု ပြောဆိုခဲ့ကြ၏။

မည်သို့ပင်ဆိုဆို ဦးကီးအောင် ဆုံးပါးသွားပြီးနောက် မိသားစုလေး၏ အခြေအနေမှာ ဖရိုဖရဲ ဖြစ်ခဲ့ကြ၏။ ထိုစဉ်က ဇခူးမားတို့ညီအစ်ကိုမှာ ဥမမည်စာမမြောက်သည့် အရွယ်သာရှိသေး၏။ မိခင်ကြီး ငွန်ဇီးခမျာ သားနှစ်ယောက်အတွက် ပင်ပန်းကြီးစွာ အဆင်းရဲခံ၊ အငတ်ခံကာ ရှာဖွေကျွေးမွေးခဲ့ရ၏။

ရွာကလေးက မြို့နှင့် အလှမ်းဝေးလွန်းလှသဖြင့် စားဝတ်နေရေးအတွက် အခက်တွေ့ ရ၏။ တစ်ခါတစ်ရံ ဆိုးရွားလှသော ရာသီဥတုနှင့် ကြုံတွေ့ရလျှင် တစ်ရွာလုံး အငတ်ငတ် အပြတ်ပြတ် ဖြစ်ခဲ့ရ၏။ ထို့ပြင် တောရဲတိရစ္ဆာန်တို့၏ အန္တရာယ်ကလည်း အချိန်မရွေး ကျရောက်နိုင်၏။

တစ်ရွာလုံး စားနပ်ရိက္ခာကို ပုတ်ကြီးများနှင့် လှောင်ထားနေ၏။ ငွန်ဇီးမှာ ယောက်ျားသားမရှိသည့်အချိန်မှစ၍ သူတစ်ပါးအခင်းထဲ ဝင်ရောက်လုပ်ကိုင်ခဲ့ရ၏။ သားနှစ်ယောက် အရွယ်ရလာချိန်၌ ငွန်ဇီးသည် ဝန်နှင့်အား မမျှအောင် လုပ်ခဲ့ရသည်မို့ ကျန်းမာရေးကအစ ချူချာခဲ့၏။

ဇခူးမားက ယာခင်းစောင့်အလုပ်ကို လုပ်ကိုင်ခဲ့သလို ဇခါးမှာလည်း မုဆိုးအလုပ်ကို လုပ်ကိုင်ခဲ့၏။ ယခုတော့ ဇခူးမားကြောင့် ငွန်ဇီး စိတ်ပူနေရပြီ ဖြစ်၏။ ဇခါးကလည်း မြို့တက်သွားသည်မှာ သုံးရက်ခန့်ရှိနေပြီဖြစ်၏။ အိမ်မှာ သူတစ်ယောက်တည်း။

ဇခူးမားသည် ဒဏ်ရာကြောင့် အဖျားဝင်နေ၏။ ဆရာကြီးကျင်းပေါင် ပေးထားသည့် ဆေးရွက်ကို ရေနွေးနှင့်ပြုတ်ပြီး တိုက်လိုက်မှ အနည်းငယ် သက်သာလာ၏။

“အနူး ကျွန်တော် ဘာ … ဘာဖြစ်”

“အို- လူကလေးကို ဝက်ဝံလိုက်တာလေ”

“ဟို ကျွန် … ကျွန်တော့်မျက်စိ၊ ဟာ … အနူး ကျွန်တော့်မှာ မျက်စိတစ်လုံး မရှိတော့ဘူး”

“စိတ်မကောင်းမဖြစ်ပါနဲ့ လူလေးရယ်”

ဇခူးမားသည် သူ့မျက်နှာကို ယောင်ယမ်းစမ်းသပ်ရင်း ထိတ်လန့်တကြား ဖြစ်နေ၏။ မိခင်ကြီးက ဇခူးမား စိတ်အားငယ်သွားမည်စိုးသဖြင့် ဘေးက ဖေးဖေးမမ ပြောဆိုခဲ့၏။

အဖြစ်မှန်ကို သိရသောအခါ ဇခူးမားတစ်ယောက် အံတကြိတ်ကြိတ် ဖြစ်နေ၏။ သူနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့သော ဝက်ဝံညိုကြီးကိုလည်း ပြန်၍ အမှတ်ရနေ၏။ အမှန်တော့ ဇခူးမားရင်ထဲ ကြောက်စိတ်ဆို၍ တစ်ရွေးမျှ မရှိ။ သူတို့ညီအစ်ကိုနှစ်ဦးစလုံးက ဖခင်ကြီး၏သွေး အပြည့်ပါခဲ့ကြ၏။

ရွာထဲတွင် သူတို့မိသားစုအပါအဝင် အိမ်ထောင်စု ခုနစ်ဆယ်ခန့်သာ ရှိ၏။ ထိုအထဲတွင်လည်း ဇခူးမား၏ဖခင်သည် တစ်ရွာလုံးက အသိအမှတ်ပြုထားရသော မုဆိုးကျော်ကြီး။ တစ်ချိန်က သူတို့နေထိုင်ရာ အိမ်ကလေးတွင် ချိတ်ဆွဲထားသည့် တိရစ္ဆာန်အရိုးခေါင်းများ၊ သားရေထည်များက သူတို့မိသားစု၏ ရဲရင့်မှုကို ဖော်ပြနေ၏။

သို့သော် ဖခင်ကြီးက လူတစ်မျိုး။ တစ်ရွာလုံး ကိုးကွယ်နေသော နတ်ဒေဝတာကို အယုံအကြည်မရှိခြင်းပင် ဖြစ်လေ၏။ သူ့လက်ထဲတွင် ဒူးလေးကြီး ရှိနေသည်။ တစ်တောလုံး တစ်တောင်လုံးရှိ သားရဲတိရစ္ဆာန် များကို အနိုင်ယူပစ်မည်ဟု ကြွေးကြော်ခဲ့၏။ သူ ကြွေးကြော်သည့်အတိုင်းလည်း သားကောင်ကြီးတွေကိုသာ အမိဖမ်းခဲ့၏။

ဖခင်ကြီး၏ ဒူးလေးက သံမဏိသားနှင့် ထုဆစ်ထားသော ဒူးလေးကြီးဖြစ်ပြီး အဆိပ်ကိုလည်း ကိုယ်တိုင်ဖော်စပ်ထား၏။ သူပစ်လိုက်သည့် သားကောင်က တစ်စွေ့နှစ်စွေ့ထက် ပိုမခုန်နိုင်ဘဲ သူ့ရှေ့ ဗိုင်းဗိုင်းလဲခဲ့ရသည်သာ ဖြစ်၏။

ဖခင်ကြီးက သားကောင်ငယ်သည်ဆိုလျှင် လှည့်တောင်ကြည့်သူမဟုတ်။

သူနှင့် အဖော်လိုက်ဝံ့သူမှာ မွေးပွခွေးကြီး မိုင်းသာပဲရှိ၏။ မိုင်းသာက တောခွေးစစ်စစ်။ ဖခင်ကြီးတောထဲမှ ဖမ်းလာစဉ်က လသားအရွယ်သာ ရှိသေး၏။ အရောင်က ဝါရော်ရော်။ အရွယ်ရလာသည်နှင့် မိုင်းသာက ကျားပေါက်ကြီးတစ်ကောင်လို ပြေးနိုင်လွှားနိုင်စွမ်း ရှိ၏။ မျက်လုံးနှစ်လုံးက အမြဲတမ်း နီရဲနေ၏။ နှုတ်သီးချွန်ချွန်၊ အစွယ်ကြီးတွေကလည်း ချွန်မြည့်နေ၏။ စားတော့လည်း သားစိမ်းငါးစိမ်းမှ စားတတ်၏။

ဖခင်ကြီးကွယ်လွန်သွားပြီးသည့်နောက် မိုင်းသာသည် တခွေခွေဖြစ်နေ၏။ ဖခင်ကြီးပြောခဲ့ဖူးသည်မှာ မိုင်းသာသည် ကျားပေါက်တစ်ကောင်နှင့် အသေအကျေ တိုက်ခိုက်ခဲ့ဖူးသည်ဟု သိရ၏။ ရောက်လာစဉ်က မိုင်းသာသည် ပင်ကိုဗီဇအရ အလွန့်အလွန်မှ ရိုင်းစိုင်းလှ၏။ လူစိမ်းတွေ သူ့အနားကို အကပ်မခံ။

ကြက်တစ်ကောင်ကို နှစ်ကိုက်သုံးကိုက်သာ ကိုက်ပြီး စားသောက်တတ်၏။ စပါးခင်းထဲရောက်လျှင် လယ်ကြွက်ကြီးတွေခမျာ မိုင်းသာလက်ချက်ကြောင့် တကျွိကျွိအော်ဟစ်ပြီး ထွက်ပြေးကြရ၏။ မိုင်းသာ၏အစွမ်းက အံ့မခန်းဖွယ်ရာပင်။

ထိုသို့ စွမ်းပကားကြီးမားလှသော ခွေးကြီးမိုင်းသာနှင့် ဖခင်ကြီးတို့ တောပစ်ထွက်ပြီဆိုလျှင် သူတို့ကို ကြည့်ရသည်မှာ စစ်ထွက်မည့် စစ်သူကြီးတွေအလား ခန့်ညားလှ၏။ ယခုတော့ မိုင်းသာမှာ သခင်ကင်းမဲ့နေသည်မို့ တဲဘေးတွင် တခွေခွေ လုပ်နေလေ၏။

ဇခူးမား၏ရင်ထဲ တတိတိ ခံစားနေရသည်က သူ့ကိုဒုက္ခပေးခဲ့သည့် ဝက်ဝံညိုကြီးပင်။ ဖခင်ပြောခဲ့သလို လက်တစ်ဖက် ပေးလိုက်ရသည့် ရန်သူကို လက်တစ်ဖက် ပြန်တောင်းရမည်ဆိုသော စကားကို ဇခူးမား ဘယ်တော့မှ မမေ့။ ဇခူးမားနှင့် အစ်ကိုဖြစ်သူ ဇခါးက တစ်မျိုးတစ်ဘာသာစီ ကွဲပြား၏။

ဇခါးက ဖခင်ကြီး၏မုဆိုးအလုပ်ကို ဆက်၍ လုပ်ကိုင်ခဲ့သော်လည်း သားကောင်ကြီးကြီးကို မဖမ်းဝံ့။ သမင်ကလေး၊ ချေကလေးလောက်သာ ဖမ်းဝံ့၏။ ဇခူးမားက အငယ်ဆိုပေမယ့် သူ့လိုမဟုတ်။ ထစ်ခနဲရှိ လက်ရဲ ဇက်ရဲ တုံ့ပြန်ချင်သူ ဖြစ်သည်။

ဇခူးမားက ဖခင်လို မုဆိုးကြီးဖြစ်ချင်သော်လည်း မိခင်လုပ်သူက ဟန့်တားခဲ့၏။ အစ်ကိုလုပ်သူ ဇခါးကလည်း သူ့ကို ငယ်သေးသည်ဟုဆိုကာ ခေါင်းခါခဲ့၏။ ထိုအခြေအနေတို့ကြောင့်လည်း ဇခူးမား မကျေမချမ်း ဖြစ်ရ၏။ မိခင်ကြီးနှင့်အတူ အခင်းစောင့်၊ နွားနောက်မောင်းအလုပ်ကို သူ မလုပ်ချင်။ ဒူးလေးဖြစ်ဖြစ်၊ တူမီးဖြစ်ဖြစ် ကိုင်ကာ တောထဲ အမဲပစ်ထွက်ချင်၏။

ယခု သူ့ကို သားရဲတစ်ကောင်က စိန်ခေါ်လိုက်ပြီ ဖြစ်၏။ စိန်ခေါ်လာသည့် သတ္တဝါက နှယ်နှယ်ရရ မဟုတ်။ တောတွင်းဘုရင်ကြီးများပါဟု ဆိုနိုင်သည့် ဝက်ဝံညိုကြီးများပင် ဖြစ်ပေ၏။ ဝက်ဝံဆိုသည့်သတ္တဝါကို တော်ရုံမုဆိုးတွေ ရင်မဆိုင်ရဲ။ ရင်ဆိုင်ရပြီဆိုလျှင်လည်း တတ်နိုင်သမျှ လက်ရှောင်၍ သွားကြ၏။

ယခုတော့ သူ့ကို ထိပ်တိုက်စိန်ခေါ်လာပြီ ဖြစ်၏။ သူဘာလုပ်မည် မသိ။ အစ်ကိုလုပ်သူနှင့် မိခင်ကြီးတို့ကို ဖွင့်ပြောလျှင်လည်း ကျိန်းသေ ဟန့်တားကြမည်သာ။ သို့သော် မျက်လုံးတစ်ဖက် ကျွတ်ထွက်သွားရအောင် စိန်ခေါ်ခဲ့သည့် ဝက်ဝံကြီးဆီက မျက်လုံးတစ်ဖက်ကိုတော့ သူ ပြန်လိုချင်၏။

အစ်ကိုပြောသလို ငယ်သေးသည်ဟုဆိုသော်လည်း သူ့အသက် ဆယ့်ခြောက်နှစ်တင်းတင်း ပြည့်ခဲ့ပြီ ဖြစ်၏။ ဖခင်ကြီးက သူ့ကို မုဆိုးတို့ တတ်အပ်သည့် ပညာများ အမြဲတမ်း ပြောပြခဲ့ဖူး၏။ သားကောင်လိုက်သည့်နေရာတွင်လည်း ခြေရာခံသည်ကအစ၊ အနံ့ ခံသည်ကအစ သိထားဖို့လိုကြောင်း သင်ကြားခဲ့၏။ နောက်ဆုံး ခြေရာထင်နေသည့် မြေသားကိုယူပြီး အနံ့ခံလိုက်သည်နှင့် မည်သည့်သတ္တဝါမှန်း တန်းပြောနိုင်သည့် ဖခင်ကြီး၏ပညာကို ဇခူးမား အားကျနေ၏။

ဖခင်ကြီး ဆုံးပါးသွားရသည်မှာ သူ့အတွက် အဖိုးတန်ရတနာကြီး ကျပျောက်သွားသလို ခံစားနေရ၏။ လောလောဆယ် သူရင်ဆိုင်ခဲ့ရသည့် ဝက်ဝံကြီးကို တစ်နည်းနည်းနှင့် သူ အနိုင်ယူလို၏။

သူ အမြဲတမ်း အမှတ်ရနေမည့် အမှတ်အသားတစ်ခုတော့ ရှိ၏။ ထိုအမှတ်အသားမှာ တခြား မဟုတ်၊ ဝက်ဝံညိုကြီး၏ နဖူးပြင်ဖြူဖြူကြီးပင် ဖြစ်လေ၏။

သူ့ရင်ထဲ ဝက်ဝံညိုကြီးနှင့်ပတ်သက်ပြီး နေ့စဉ်ခံစားနေရ၏။ သူ အိပ်ရာထဲ လဲနေစဉ် အစ်ကိုဖြစ်သူ ဇခါး ပြန်ရောက်လာ၏။ သူ့သတင်းကိုကြားတော့ ဇခါး အတော်လေး တုန်လှုပ်သွားပုံရ၏။ မုဆိုးတိုင်း လက်ရှောင်ကြသည့် ဝက်ဝံအန္တရာယ်ကို ဇခါးလည်း လက်ရှောင်ချင်ပုံရ၏။

ထိုအချိန်တွင် ဇခူးမားတစ်ယောက် သူ၏ ပိန်လှီလှီခန္ဓာကိုကြည့်ပြီး အားမလိုအားမရ ဖြစ်နေ၏။ အရပ်ကလည်း ငါးပေသာသာ ရှိသည်မို့ ဝက်ဝံကြီးနှင့်သူ ယှဉ်လိုက်လျှင် ဆင်နှင့်ဆိတ်ပမာသာ။ သို့သော် ဖခင်ကြီး အမြဲပြောလေ့ရှိသော ကညင်ဆီမီးတစ်တိုင်နှင့် တစ်တောလုံး မလင်းနိုင်သော်လည်း မုဆိုးတစ်ဦးအတွက်တော့ အဖော်မွန်ဖြစ်သည် ဆိုသော စကားကို သူ မမေ့နိုင်။

ထို့ကြောင့် တစ်ချိန်ချိန် သူ့မျက်လုံးတစ်ဖက်ယူသွားသော ဝက်ဝံကြီးဆီမှ မျက်လုံးတစ်ဖက် ပြန်တောင်းရန် အံတကြိတ်ကြိတ်နှင့် ကြုံးဝါးနေလေတော့၏။

xxx xxx xxx

(သားရဲတွင်းထဲ ရောက်သည့်အခါ သင့်အတွက် အကောင်းဆုံး လက်နက်သည် မကြောက်တတ်သောစိတ်ပင် ဖြစ်လေ၏။)

အခန်း (၁)

အချိန်အခါမှာ မိုးအကုန် ဆောင်းဦးပေါက် အချိန်အခါ ဖြစ်၍ နန်ကတစ်ရွာကလေးမှာ နှင်းငွေ့များနှင့် မှုန်မှုန်မှိုင်းမှိုင်း ရှိနေ၏။ ရွာကလေးပတ်လည်တွင်လည်း ဝက်သစ်ချပင်၊ ထင်းရှူးပင်၊ ယူကလစ်ပင် အစရှိသော သစ်ပင်ကြီးများ ပေါက်ရောက်နေ၏။

သစ်ခက်သစ်ရွက်များပေါ်တွင်လည်း နှင်းမှုန်နှင်းပွင့်များ ကပ်ငြိစိုလက်နေ၏။ ကျေးငှက်သာရကာတို့၏ အော်မြည်သံကိုလည်း ကြားနေရ၏။ တစ်ချက်တစ်ချက် မော်ပီတောင်တန်းကြီးဘက်မှ သားရဲတိရစ္ဆာန်တို့၏ အသံဗလံများကို သိုးသိုးသဲ့သဲ့ ကြားနေရ၏။ ဤကာလသည် နတ်ကန်တော့ပွဲများ ကျင်းပသည့် ရာသီကာလဟု ဆိုရချေမည်။

သူတို့ရွာ၏ နတ်ဆရာကြီးအမည်မှာ ဦးကမ်တွဲ ဖြစ်၏။ နတ်ဆရာကြီးသည် သင်တိုင်းအမည်းကြီးကို အမြဲဝတ်ဆင်ထားလေ့ရှိပြီး သူ့လည်ပင်းတွင် တိရစ္ဆာန်များ၏ ခြေသည်းလက်သည်းများကို ဆွဲကြိုးလုပ်၍ ဆွဲထား၏။ သူ့လက်ထဲတွင် သွားလေရာပါလေ့ရှိသည့် တုတ်ကောက်နီနီကြီးတစ်ချောင်း အမြဲ ဆောင်ထားလေ့ရှိ၏။

ဦးကမ်တွဲ၏အိမ်သည် ရွာလယ်တွင်ရှိပြီး အိမ်ရှေ့မြေကွက်တွင် နတ်ကွန်းများ ရှိလေ၏။ နတ်ကွန်းအနောက်ဘက်တွင် ကတွတ်ပင်ကြီး တစ်ပင်လည်း ရှိ၏။

ဦးကမ်တွဲသည် နတ်ကန်တော့ရမည့်ရာသီ ရောက်လာလျှင် နတ်ကွန်းထဲဝင်ကာ နိစ္စဓူဝ နတ်စာတွေ ရွတ်ဖတ်နေ၏။ ထိုအချိန်အခါမျိုး၌ တစ်ရွာလုံး အလုပ်ရှုပ်နေတတ်၏။

ဇခူးမား​၏ မိခင်ကြီးငွန်ဇီးပင် ခေါင်ရည်အိုးတွေကို အရိပ်တကြည့်ကြည့် ဖြစ်နေ၏၊ ခေါင်ရည်ကို အကောင်းစား ကောက်ညှင်းဆန်ဝယ်ပြီး ဖောက်ထား၏။ ငွန်ဇီး၏လက်ရာကို တစ်ရွာလုံးက နှစ်သက်၏။ နတ်ဘုရားဆက်လျှင် ငွန်ဇီး၏ခေါင်ရည်ကိုသာ အသုံးများ၏။

ငွန်ဇီးသည် ခေါင်ရည်အိုးကြီးငါးလုံးကို တဲအနောက်ဘက်တွင် ထားရှိခဲ့၏။ နတ်ကန်တော့ရာသီ မရောက်မီ နှစ်လသုံးလလောက်ကတည်းက ကြိုတင်၍ နှပ်ထားရလေ၏။

ငွန်ဇီး၏ခေါင်ရည်ကို သောက်သူတိုင်း ခေါင်းတခါခါ ဖြစ်ရ၏။ အရသာက ပြင်းရှရှ။ မူးလည်းမူးလှ၏။ ရွာလူကြီး အတော်များများကလည်း ငွန်ဇီး၏ခေါင်ရည်မှ နှစ်သက်၏။ ငွန်ဇီးဖောက်သည့် ခေါင်ရည် ကို ကြက်၊ ဝက်များနှင့် လဲ၍ ဝယ်ယူလေ့ရှိ၏။

ယခုလည်း ငွန်ဇီးတစ်ယောက် နတ်ကန်တော့ရာသီအတွက် ခေါင်ရည်အိုးကြီးများကို ကြည့်ပြီး ပီတိဖြစ်နေ၏။ ထိုအချိန်တွင် ဇခူးမားမှာလည်း အတော်ကလေး သွားနိုင် လာနိုင်ခဲ့ပြီဖြစ်၏။ ကျွတ်ထွက်သွားသော မျက်လုံးနေရာတွင် နွားနောက်သားရေပြားကို တပ်ဆင်ဖုံးကွယ်ထား၏၊

ဇခူးမားသည် မိခင်ကြီးကိုယ်တိုင် ဖောက်ထားသည့် ခေါင်ရည်အိုးကြီးများကို ကြည့်ပြီး သွားရည်တများများ ဖြစ်နေ၏။ မိခင်ကြီးကတော့ နတ်မကန်တော့ခင် ဘယ်သူ့ကိုမှ သောက်ခွင့်မပြု။

တစ်ချိန်တွင် မိခင်ကြီး နတ်ပွဲကျင်းပရန် သွားရောက်လုပ်ကိုင်နေစဉ် အိမ်သို့ နူလား ရောက်လာ၏။ နူလားက သူ့ထက် လေးနှစ်ကြီးသော်လည်း သူငယ်ချင်းသဖွယ် ပေါင်းသင်းခဲ့၏။

နူလား၏ကပါး (ဖခင်) က မုဆိုးကြီး ပါရန်း ဖြစ်၏။ ပါရန်းသည် တစ်ချိန်က ဇခူးမား၏ဖခင်ကြီးထံတွင် မုဆိုးပညာကို သင်ကြားခဲ့ဖူး၏။ သို့သော် ဖခင်ကြီးက တောကောင်ကြီးတွေကိုသာ ရွေးချယ်ခဲ့သဖြင့် ပါရန်းမှာ ကြောက်ရွံ့ပြီး ဖခင်ကြီးနှင့် လက်တွဲဖြုတ်ခဲ့ခြင်း ဖြစ်၏။

နူလားကလည်း မုဆိုးစိတ်ရှိသူဖြစ်၏။ ကပါး ပါရန်းနှင့်အတူ မော်ပီတောင်ပေါ်အထိ ရောက်ဖူး၏။ သူတို့လိုက်သည့် သားကောင်က သမင်၊ ဒရယ်လောက်သာ ဖြစ်၏။

သို့သော် နူလားက တောတွင်းအတွေ့အကြုံ ရှိထားသူမို့ ဇခူးမားက နူလားကို ဆရာတင်ခဲ့၏။ ယခုလည်း မိခင်ကြီးမရှိတုန်း တဲထဲရောက်ရှိလာရာ ဇခူးမားသည် နတ်ဘုရားအတွက် ရည်စူးထားသည့် ခေါင်ရည်ကို ထုတ်၍ တိုက်ခဲ့၏။ နူလားမှာ ခေါင်ရည် တစ်ငုံ နှစ်ငုံ စုပ်ကြည့်လိုက်သည်နှင့် ဇခူးမားမိခင်၏လက်ရာမှန်း တန်းသိလိုက်၏။

“ဒါ မင်းအနူးရဲ့လက်ရာမဟုတ်လား”

“ဟုတ်တယ်လေ၊ ဘာဖြစ်လို့လဲ အစ်ကိုနူလားရဲ့”

“ဒါဆို နတ်ကန်တော့ပွဲအတွက် ချက်ထားတဲ့အိုးထဲက မင်း ခပ်လာတာ ထင်တယ်။ ပြဿနာပဲ ဇခူးမားရာ”

“ဘာဖြစ်လို့လဲဗျ၊ အနူးလက်ရာကို ကျုပ်လည်း အရသာခံချင်လို့ဗျ”

“ဟကောင် အဲဒါ နတ်ဘုရားအတွက် ရည်စူးတာဆိုရင် ငါတို့ နတ်ကိုင်ခံရလိမ့်မယ်ကွ”

“မကိုင်ပါဘူး အစ်ကိုနူလားရဲ့”

“မသောက်ရဲပါဘူးကွာ၊ ခေါင်ရည်ကို နတ်မဆက်ရသေးဘဲသောက်ရင် တောကိုင်တတ်တယ်ကွ။ တော်ပြီ”

“အစ်ကိုနူလားကလည်း အစွဲအလမ်းကြီးလိုက်တာဗျာ။ ကျုပ်ကတော့ မမြင်ရတဲ့အရာကို မကြောက်ဘူးဗျ။ ကျုပ်အဖေက ပြောဖူးတယ်။ ကြောက်တဲ့လူဟာ နှစ်ခါသေရတယ်တဲ့ဗျ။ အဲဒီစကားကို ကျုပ် ဘယ်တော့မှ မမေ့ဘူး”

မုဆိုးတစ်ဦးဖြစ်သော်လည်း နူလားက နတ်ဒေဝတာများကို ယုံကြည်၏။ တောမတက်ခင် အတိတ်တဘောင် စမ်းသပ်ပြီးမှ တက်တတ်၏။

တစ်ခါကလည်း တောမတက်မီ ကြက်တစ်ကောင်ကို နနွင်းသုတ် ပြီး စည်းဝိုင်းထဲ လွှတ်ပေးခဲ့ဖူး၏။ ကြက်ဖကြီးက နှစ်ခါလောက် တွန်ပြီး ဝိုင်းထဲက ဖောက်ထွက်သွား၏။ သူ့စိတ်ထဲ ထင့်ခနဲ ဖြစ်သွားခဲ့၏။ တွန်သံက နိမိတ်ကောင်းလှသော်လည်း စည်းဝိုင်းထဲက ထွက်သည်ကို နူလား စိတ်တိုင်းမကျ ဖြစ်ခဲ့ရ၏။ တွန်သံကို အားကိုးပြီး တောထဲဝင်ခဲ့ရာ တောကောင်ကြီးနှင့်တိုး၍ လျှာထွက်လုမတတ် ပြေးခဲ့ရဖူး၏။

ထိုအခြင်းအရာကြောင့် နတ်ဒေဝတာတို့၏အမိန့်အာဏာကို နူလား ဂရုထားခဲ့ရလေ၏။ ဇခူးမားတို့အဖေ ဦးကီးအောင်သည် နတ်ဒေဝတာများကို ထော်လော်ကန့်လန့် လုပ်ခဲ့၍ တောကောင်ကြီး အကိုက်ခံရသည်ဟု နူလား ယူဆခဲ့၏။

ယခုလည်း ဇခူးမားစရိုက်က နတ်ဒေဝတာများကို တစ်ချက်ကလေး ဂရုမစိုက်သည့်အသွင်ပင်။ ခေါင်ရည်ကို ကျူတံတပ်၍ သောက်နေ၏။ နူလား ဘယ်လိုမှ တား၍ ရမည်မဟုတ်။

“သောက်စမ်းပါ အစ်ကိုနူလားရာ၊ အမေ့ခေါင်ရည်က သောက်ရခဲပါဘိဗျာ”

“ဟာကွာ၊ မင်းက ပြဿနာရှာနေပါလား။ ငါက ဒီတစ်ပတ်ထဲ တောတက်ရမှာကွ။ မသောက်တော့ဘူးကွာ”

“တောတက်မယ် ဟုတ်လား၊ ဒါဆို ကျုပ်လည်း လိုက်မယ်ဗျာ။ ကျုပ်တို့ နဖူးဖြူဖြူကြီးကို ရှာမယ်။ ကျုပ်ကို ဒုက္ခပေးသွားတဲ့ ကောင်ကြီးကို ကျုပ် ပြန်လက်စားချေမှ ဖြစ်မယ်”

“ဘယ်က နဖူးဖြူကြီးလဲကွ”

“ကျုပ်မျက်စိ ယူသွားတဲ့ ဝက်ဝံကြီးဗျ”

“မင်းကွာ. . . မင်းပြောပုံဆိုပုံက ဇခါးနဲ့တော့ တခြားစီပဲ။ ကြာလေ မင်း ကပါး ဦးကီးအောင်နဲ့ တူလေပဲ”

“အဖေတူသားပဲဗျာ”

ဇခူးမား၏အပြောကြောင့် နူလား လက်လျှော့လိုက်ရ၏။ ဇခူးမားက သူနှင့် တောလိုက်မည် တကဲကဲ လုပ်နေ၏။ နူလားစိတ်ထဲ မတင်မကျ ဖြစ်နေရ၏။

“ဟကောင် ဇခူးမား မင်း ငယ်ပါသေးတယ်ကွာ”

“ဟာဗျာ အစ်ကိုနူလားကလည်း ကျုပ်ဆယ့်ခြောက်နှစ် ပြည့်သွားပါပြီဗျ။ ကျုပ်က ပွတ်ချွန်းတောင် သောက်လို့ရပါပြီ”

“ဘာကွ မင်းနော် … မင်းအနူးနဲ့ တိုင်လိုက်ရမလား”

“ဟဲဟဲ အစ်ကိုကလည်းဗျာ”

ပွတ်ချွန်းသောက်သည့်အရွယ်ဆိုသည်မှာ တစ်နည်းအားဖြင့် ပြောရလျှင် ရည်းစားထားသည့် အရွယ်ရောက်ပြီဟု ဆိုရချေမည်။ ချင်းလူမျိုးတို့သည် တစ်ရွာ ဓလေ့တစ်ခု ရှိသည်ဟု ဆိုရချေမည် ဖြစ်၏။ တီးတိန်ချင်း၊ ဟားခါးချင်း၊ မင်းတပ်ချင်း စသည်ဖြင့် အမျိုးကွဲများစွာရှိသလို ပြောဆိုသည့် နေရာတွင်လည်း မတူညီကြ။ ရွာမှာ ဩဇာအာဏာ အကြီးဆုံးက နတ်ဆရာများပင် ဖြစ်လေ၏။

တစ်ခါတစ်ရံ မင်းတပ်မြို့ဘက်မှ သင်းအုပ်ဆရာများ ရောက်လာတတ်၏။ သင်းအုပ်ဆရာများ ရောက်လာပြီဆိုလျှင် တစ်ရွာလုံး ပျော်မြူးနေကြ၏။ သင်းအုပ်ဆရာများ၌ ရွာအတွက် ဆားကအစ ပါလာတတ်၏။ အမှန်မတော့ တောင်ပေါ်ရွာများတွင် အဓိက မီးဖိုချောင်သုံးပစ္စည်းမှာ ဆားဖြစ်လေ၏။ တောင်ပေါ်သားတို့၏အသက်ဟု ဆိုရချေမည်။ နွားနောက်ကြီးများကိုပင် ဆားကျွေးရ၏။

သင်းအုပ်ဆရာတို့သည် သူတို့နှင့်ပါလာသော လက်ဆောင်ပစ္စည်းများကို ကလေးငယ်ကအစ ပေးကမ်းတတ်၏။ စားနပ်ရိက္ခာအစုံအလင်ကိုလည်း ဝေငှတတ်၏။ ထို့နောက် ရွာလယ်တွင် လူအများအား စုဝေးစေကာ သင်းအုပ်ဆရာ၏ တရားပွဲကို တက်ရ၏။ သင်းအုပ်ဆရာက ဘုရားသခင်၏ ကောင်းခြင်းများကို ဌာန်နှင့်မာန်နှင့် ပြောဆိုတတ်သဖြင့် တစ်ရွာလုံးက သင်းအုပ်ဆရာတို့ကို မျှော်လေ့ရှိကြ၏။

တစ်ခါတစ်ရံ သင်းအုပ်ဆရာတို့နှင့်အတူ ကမ္ဘာလှည့်ပြီး အမဲလိုက်သည့် မျက်နှာဖြူ တောမုဆိုးကြီးများလည်း ပါလာတတ်၏။ သူတို့လက်ထဲ အမြဲကိုင်ဆောင်လေ့ရှိသော ပြောင်းရှည်သေနတ်ကြီးများကို ကြည့်ပြီး တစ်ရွာလုံးက သဘောကျနေကြသည်။

တစ်ချိန်တွင် ဇခူးမား၏အဖေနှင့် မျက်နှာဖြူသုံးယောက် တောလိုက်သွားခဲ့ရာ တောကောင်ကြီးတစ်ကောင်ကို အသေဖမ်းဆီးခဲ့မိ၏။ တောကောင်ကြီးက ဝက်ဝံတစ်ကောင်လောက်ကို အသာကလေး ခုန်အုပ်ဖမ်းစားနိုင်သည့် တောကောင်ကြီး ဖြစ်၏။ အစွယ်ကလည်း ထက်မြည့်နေ၏။ အံသွားကြီးတွေမှာ ပေါက်ခါစရှိသေးသဖြင့် ကျားပျိုတစ်ကောင်ဟု ဆိုရမည်။

ထိုစဉ်က သားကောင်ကြီးကိုဖျက်ပြီး တစ်ရွာလုံး ဝေငှခဲ့၏။ မျက်နှာဖြူတွေကိုယ်တိုင် တောကောင်သားကို ချက်ပြုတ်ပြီး စားသောက်ခဲ့ကြ၏။

နူလားကိုယ်တိုင်လည်း ကျားသားကို စားခဲ့ဖူး၏။

ထို့ပြင် မျက်နှာဖြူတစ်ဦး၏ ပြောင်းရှည်သေနတ်ကိုလည်း ကိုင်တွယ်ခဲ့ဖူး၏။ မျက်နှာဖြူတွေက ဇခူးမား၏ကပါး ဦးကီးအောင်၏ အစွမ်းသတ္တိကို ချီးကျူးနေ၏။

ဦးကီးအောင်သည် ကြောက်စိတ်တစ်ရွေးသားမျှ မရှိသည့် မုဆိုးကြီး။ ယခုလည်း ဦးကီးအောင်၏သား ဇခူးမား၏အပြုအမူများက ဖခင်ခြေရာကို တစ်ထပ်တည်းကျအောင်နင်းမည့်အသွင်ပင်။

တောထဲလိုက်မည်ဆိုတော့ ဇခူးမား၏အနူးကို ခွင့်မပန်၍မဖြစ်။ ခွင့်ပြုလိမ့်မည်ဟု သူ မထင်။ ထို့ကြောင့်လည်း ဇခူးမား၏စကားကို သူ ပယ်ချလိုက်ခြင်း ဖြစ်၏။

“ဟာ အစ်ကိုနူလားကလည်းဗျာ၊ ကျုပ်ဆီမှာ တစ်ဆွေ့ခုန်မြားတွေ ရှိပါတယ်။ ကပါးက ကျုပ်ကို မြားလုပ်နည်းကအစ သင်ပေးခဲ့တာဗျ။ ပြီးတော့ ကပါးရဲ့ဒူးလေးကြီးကို ကျုပ် ကောင်းကောင်းနိုင်ပါပြီ။ ကျုပ် လိုက်ပါရစေဗျာ”

“မင်း တော်တော်ခက်တဲ့ကောင်ပဲကွာ။ မင်းအနူးက မင်းကို ထည့်မှာမဟုတ်ဘူးကွ”

“မထည့်ရင် ခိုးလိုက်မှာပေါ့ဗျ”

“ဟကောင် မင်းမျက်နှာက ဒဏ်ရာတောင် မပျောက်သေးဘူးနော်”

“အဲဒါကြောင့် ပြောတာပေါ့။ ကျုပ်မျက်လုံးယူသွားတဲ့ နဖူးဖြူကြီးကို ကျုပ် သူ့ဆီက မျက်လုံးပြန်လိုချင်တာဗျ”

“မင်းဥစ္စာ မလွယ်ပါလားကွ”

“အိုဗျာ ခင်ဗျားသွားရင် ကျုပ် ရွာထိပ်က စောင့်နေမယ်။ အနူးကို မပြောနဲ့”

“မင်းက ပြောလေ ကဲလေပါလား”

“အစ်ကိုနူလားကလည်းဗျာ၊ ကျုပ်တို့က မုဆိုးမျိုးရိုးတွေဗျ။ အခင်းစောင့်ရတာ ကျုပ်ပျင်းတယ်ဗျာ။ ပိုက်ဆံလေး ခြောက်ပြား တစ်ပဲနဲ့ လူမလုပ်ချင်ဘူးဗျ။ ကျုပ်သာ မုဆိုးဖြစ်ရင် သားကောင်ကြီးကြီးရအောင် ပစ်မယ်။ မင်းတပ်မှာ တက်ရောင်းပြီး ကောင်းကောင်းစား ကောင်းကောင်းနေမှာဗျ။ လိုက်ခဲ့မယ်ဗျာ”

“တော်ကြာ မင်းအနူးက ငါ့ကို ပြဿနာရှာနေဦးမယ်။ ပြီးတော့ မင်းအစ်ကို ဇခါးကလည်း မင်းကို ခွင့်ပြုမှာ မဟုတ်ဘူး။ မလိုက်စမ်းပါနဲ့ကွာ”

သူတို့နှစ်ဦး အချီအချ ပြောဆိုနေစဉ် တဲရှေ့သို့ အနူးရောက်လာ၏။ ဇခူးမား ခေါင်ရည်စုပ်နေသည်ကိုမြင်တော့ ပွက်လောရိုက်လေတော့၏။ ဇခူးမားကတော့ ပြုံးဖြီးဖြီး။ နူလားတစ်ယောက်လည်း အနူးကို တောင်းပန်ပြီး ဒရောသောပါး ထွက်သွားလေတော့၏။

“မင်း တော်တော်မိုက်မဲတာပဲ။ နတ်ဒေဝတာတွေကို မခန့်လေးစား မလုပ်စမ်းပါနဲ့ကွယ်။ မင်းကပါးလည်း အဲဒီလို မထီမဲ့မြင်လုပ်လို့ ဒုက္ခတွေ့ရတာ သားရဲ့။ အနူးစကားကို နားထောင်စမ်းပါကွယ်”

“အနူးကလည်းဗျာ၊ ခေါင်ရည်သောက်တာပဲ”

“တိတ်စမ်း”

အနူး အတော်ကလေး ဒေါသထွက်နေသဖြင့် ဇခူးမား တဲထဲမှထွက်ခဲ့၏။ ထိုအချိန်တွင် နတ်ဆရာ ဦးကမ်တွဲ၏ တဲရှေ့တွင် နွားနောက်ကြီးတစ်ကောင် ကြိုးနှင့်ချည်ထား၏။ နတ်ဆရာကြီးက နွားနောက်ကြီးကိုယ်ပေါ်သို့ အမွှေးနံ့သာများ ပက်ဖျန်းကာ နတ်စာများ ရွတ်ဖတ်နေ၏။

ဇခူးမား၏အစ်ကို ဇခါးက ဇခူးမားလို မဟုတ်။ မိခင်ကြီးနှယ် နတ်ဒေဝတာများကို ယုံကြည်လှသူ ဖြစ်၏။ နတ်များကိုပူဇော်ပသလျှင် သားကောင်များများရသည်ဟု အယူရှိနေ၏။ ယခုလို နတ်ပွဲများ ကျင်းပတော့မည်ဆိုလျှင် ဇခါးတစ်ယောက် တောမတက်တော့ဘဲ နတ်ဆရာကြီးနား ရစ်သီရစ်သီ လုပ်နေတတ်၏။ သူတို့ကိုယ်တိုင် ပစ်ခတ်ဖမ်းဆီးလာသည့် ဆတ်ပေါက်ကလေးတစ်ကောင်ကိုလည်း နတ်ဆရာကြီးဆီ အပ်ထား၏။ နတ်ဆရာကြီး ခိုင်းသမျှ တစ်သွေမတိမ်း လုပ်ကိုင်ပေးနေ၏။

နတ်ပွဲရောက်လာပြီဆိုလျှင် ဇခူးမား၏မိခင် ငွန်ဇီးတစ်ယောက် လင်တော်မောင် ဦးကီးအောင်ကို သတိတရ ဖြစ်နေမိ၏။ နွားနောက်ဖျက်ရာတွင် သူ့ကို ဘယ်သူမှ မမီ။ ဓားမြှောင်နှစ်ချောင်းကို စုံကိုင်ပြီး နွားနောက်၏နံကြားထဲ ထိုးသွင်းလိုက်သည်မှာ အသည်းယားစရာပင်။

နွားနောက်ကြီး ရုန်းကန်နေစဉ် ချိုကြီးကိုကိုင်ကာ ငြိမ်ကျသွားအောင် ဖျက်နိုင်စွမ်းရှိသည်မို့ တစ်ရွာလုံးက ဦးကီးအောင်ကိုပဲ လက်ဆွဲ ဖြစ်ခဲ့ကြ၏။ နတ်ဒေဝတာတွေကို မယုံသော်လည်း ယဇ်ပူဇော်ပွဲတွင် ဦးကီး အောင်မရှိလို့မဖြစ်။ ယခုတော့ ဦးကီးအောင်ကိုယ်စား ဇခါး ဝင်ရတော့မည် ဖြစ်၏။

ဇခါးက ချိုကားကားနှင့် နွားနောက်ကြီး ကြည့်ပြီး တွန့်နေ၏။ သားကောင်ကြီးကြီးဖြစ်လျှင် ဇခါး အမြဲ လက်ရှောင်တတ်၏။ ယခုလည်း ယဇ်ပွဲတွင် နွားနောက်ကြီးကို သူကိုယ်တိုင်ဖျက်ရမည်မို့ ဝန်လေးနေ၏။ ရွာထဲမှာလည်း ဖျက်ပေးမည့်သူမရှိ။ ခွန်အားကြီးလှသော နွားနောက်ကြီးကိုကြည့်ပြီး ဇခါး လက်တွန့်နေရလေ၏။

နတ်ဆရာသည် နွားနောက်ကြီးကို ကျောသပ်ရင်း ဇခါးကို အသင့်ပြင်ထားရန်လှမ်းပြောလိုက်၏။ သို့သော် မျက်စိမျက်နှာပျက်နေသည့် ဇခါး၏အသွင်ကိုမြင်တော့ နတ်ဆရာ မှုန်တုန်တုန် ဖြစ်သွား၏။

“ဘာဖြစ်တာလဲ ဇခါးရ ”

“ဟို ကျုပ် အဲဒါ …”

“ဘာလဲ မင်း ကြောက်နေသလား။ မင်းကပါး ခြေဖျားတောင် မမီပါလားကွယ်။ ဒါဆို နွားနောက်ဖျက်ရဲတဲ့လူ ဘယ်သူရှိသတုံး။ နူလား တို့ ခေါဂေတို့ရော ခေါ်မလား”

“ဟာ ဒီကောင်တွေလည်း မဖျက်ရဲဘူး”

“ဒုက္ခပါပဲ ဒီညပဲ ယဇ်ပွဲစတော့မှာ။ မဖြစ်ဘူး ငါ ရွာထဲသွားဦးမယ်”

နွားနောက်ဖျက်သည့်အလုပ်က လက်ရဲဇက်ရဲရှိမှ ဖြစ်ချေမည်။ ရွာထဲတွင် ဇခါး၏ကပါး ဦးကီးအောင်လောက် သွေးရဲသူမရှိ။

– ဆက်ရန် –

စာရေးသူ – လကျ်ာလင်းပြာ
စာစီစာရိုက် – မုဆိုး တံငါ စာပေများ