မြို့အပြင်ကည(စ/ဆုံး)
——————
အရေပြားကို ဖောက်ထွင်းကာ ရိုးတွင်းခြင်ဆီထိတိုင် အောင် အေးစိမ့်လှသော ဆောင်းရာသီပေတကား။ ဖြတ်သန်းခဲ့ရ သော ဆယ်စုနှစ်အတွင်း အအေးဆုံး ဆောင်းရက်များမှ တစ်ရက် ဖြစ်လိမ့်မည်။ အရေပြားနှင့် အရိုးတွေ ကွဲရှမည့် ဆောင်ရက်များ ပေတကား။
ဓားသွားပမာ စူးရှလှသော ဆောင်းလေသည် ဟူးဟူး လောင်လောင် တိုက်ခတ်နေလေ၏။ အဝေးပြေးလမ်းမကြီးတစ်ဖက် တစ်ချက်ရှိ ဈေးဆိုင်များ၊ စတိုးဆိုင်များပင် စောစီးစွာကပင် ပိတ်သိမ်းသွားကြပြီ။ ညရှစ်နာရီခန့်ထိ ကြားနေရတတ်သော ဈေးခေါ်သံ၊ ဆိုက်ကားသံ၊ မြင်းလှည်းသံများလည်း စောစော စီးစီး ပိတ်သိမ်းသွားကြလေပြီ။
မြို့အပြင်ရှိ အဝေးပြေးကားလမ်းမကြီးဝဲယာရှိ သစ်ပင် ကြီးများသည် ဆောင်းရာသီအောက်တွင် တဖြည်းဖြည်း ထူထဲ နက်ရှိုင်းလာကာ အမှောင်အောက်တွင် ငိုက်မျဉ်းနေကြသည်။ လမ်းဘေးဓာတ်မီးတိုင် ရှည်ရှည်ကိုင်းကိုင်းကြီးများသည် နီကျင် ကျင် မီးလုံးများဖြင့် အေးစက်စက် အမှောင်ထုကြားထဲမှ တစ္ဆေ မျက်လုံးများပမာ ငေးငေးငူငူ စိုက်ကြည့်နေကြသည်မှာ အထီး ကျန်ဆန်လွန်းလှသည်။ မြို့အဝင် ချောက်ကမ်းပါးထိပ်ပင် မီးရောင် မမြင်ရတော့။ ညသည် မှုန်ရီအေးစက်လျက်ရှိသည်။
သွားဘက်ဆိုင်ရာ ဆရာဝန် ဒေါက်တာသက်မြင့်ဇော် သည် သူ၏ ကိုယ်ပိုင်ဆေးခန်းကလေးကို ည ၉ နာရီ မထိုးမီက ပင် ပိတ်လိုက်ပြီဖြစ်သည်။
သူ၏ဆေးခန်းသည် မြို့အဝင်လမ်းမကြီးဘေးတွင်ရှိသဖြင့် လူဦးရေ မနည်းမများမို့ အဆင်ပြေသည်ဟု ဆိုရပေမည်။
တစ်ကိုယ်ရေတစ်ကာယ လူပျိုကြီးဖြစ်သဖြင့် အစစအရာရာ ပူပန်နေစရာ မလို။ ဆေးခန်းနှင့်အိမ် တွဲဖက်ဖွင့်ထားသဖြင့် ပတ်ဝန်းကျင်နှင့် သဟဇာတ ဖြစ်လှသည်။ ဆေးခန်းကို အိမ်၏ ရှေ့တွင် တစ်ထပ်တိုက်ပုကလေးနှင့် တွဲ၍ဆောက်ထားသည်။ မြို့ကလေး၏ လူထုအတွက် သွားရောဂါနှင့် ပတ်သက်လာလျှင် ဒေါက်တာသက်မြင့်ဇော်ကို အားကိုးရသဖြင့် သူ့အဖို့ အဆင်ပြေ သည် ဟု ပြောနိုင်ပါသည်။
ဒါပေမဲ့ သည်လိုကြောက်မက်ဖွယ် ကောင်းလှသော အအေးဒဏ် ပြင်းထန်လွန်းလှတဲ့ ညမှာ ဆေးခန်းကိုပိတ်ပြီး အနားယူလိုက်တာ အကောင်းဆုံးဟု သူထင်သည်။ ဆေးခန်းပိတ် ပြီး တစ်ခုခုစား၊ ရုပ်မြင်သံကြားအစီအစဉ် တစ်ခုခုကြည့်ပြီး ဇိမ်ကျကျ အိပ်စက်အနားယူမည်ဟု စိတ်ကူးလိုက်လေသည်။ ဒါမှမဟုတ် အခွေတစ်ခုခုပေါ့ ။
ဒေါက်တာသက်မြင့်ဇော်သည် ဆေးခန်းတံခါးကိုပိတ်၊မီးတွေမှိတ်ကာ အိမ်ပေါ်သို့ တက်ခဲ့လေသည်။
သူသည် တစ်ယောက်တည်းသမားဖြစ်သည့်အတိုင်းဆေးခန်းပိတ်ပြီးမှသာ ညစာကို စားလေ့စားထရှိရာ သည်ညတွင်အပြင်သို့ထွက်၍ စားသောက်လိုစိတ် မရှိတော့ပေ။ သည်အချိန်မှာ
တော့ မည်သည့်စားသောက်ဆိုင်မှ ရှိမည်မထင်။
ပြီးတော့ သည်မြို့ကလေး၏ အဝင်ဝမှာ စားသောက်ဆိုင် က ပေါများလှသည် မဟုတ်။ “ထို့ကြောင့် ဝယ်ယူထားသော ကြက်ဥသုံးလုံးခန့်ကြော်၊ ကော်ဖီခါးခါးတစ်ခွက်ဖျော်၊ ပေါင်မုန့် မီးကင်ဖြင့်သာ ကျေနပ်ရပေတော့မည်။
သူ လေတစ်ချက် ချွန်လိုက်သည်။ ထို့နောက် လမ်းမကြီးနှင့် ဆက်ထားသော လှေကားထစ်
အတိုင်း အိမ်ပေါ်သို့ စိတ်လက်ပေါ့ပါးစွာ ပြေးတက်လိုက်လေ သည်။ ရုတ်တရက် ခပ်ဝေးဝေး အဝေးပြေးလမ်းမကြီးဆီမှတရကြမ်း မောင်းနှင်သွားသော ကုန်တင်ကားတစ်စီး၏ အသံကို ကျယ်လောင်စွာ ကြားလိုက်ရသည်။ “တော်တော် ကြမ်းရမ်းတဲ့ ကားမောင်းသမားပဲ၊…
တောက် …”
သူ မကျေမနပ် ရေရွတ်လိုက်သည်။
ကားမောင်းသမားသည် အရက်သေစာ သောက်စားထား သလား၊ ဒါမှမဟုတ် တခြားမြို့တစ်မြို့ဆီသို့ အချိန်မီရောက် အောင် သွားရမည်လား မပြောတတ်။ ကားကိုယ်ထည်ကို တပ် ဆင်ထားသော ကလီစာများပင် ပြုတ်ထွက်လွင့်စဉ်ကျမတတ် အောင် မောင်းနှင်သွားခြင်းဖြစ်သည်။
ဒေါက်တာသက်မြင့်ဇော်သည် ကြက်ဥသုံးလုံးကို ကမန်း ကတန်းကြော်၊ ပေါင်မုန့်ကို မီးကင်၊ ကော်ဖီကို ခပ်သွက်သွက် ဖျော်ကာ ဧည့်ခန်းဆီသို့ ယူလာသည်။ ထို့နောက် ကုလားထိုင် တစ်လုံးတွင်ထိုင်ကာ တီဗွီခလုတ်ကို ဖွင့်လိုက်လေသည်။ ““အားဟား ……ဇိမ်ပဲကွာ”
တံခါးကြား တရုတ်ကပ်မှန်ကြားမှ စိမ့်ဝင်လာသော လေသည် အသည်းခိုက်ဖွယ် အေးချမ်းလှသည်မို့ ဒေါက်တာ သက်မြင့်ဇော် ဂျင်းအင်္ကျီကို ဝတ်လိုက်ရသည်။ ပြင်ပမှာဆို ရေပင်ခဲချင်ပြီလား မသိ။ အိမ်ထဲမှာ နေရသည်လျှင်ပင် အသား တွေ ပဲ့ကြွေသွားမည်လားဟု ထင်မှတ်ရလောက်သော ဆောင်း ရာသီပေတကား။
သည်လောက် ချမ်းအေးလှသော ဆောင်းကြောင့် ချက် ချင်းအိပ်ပျော်မည် မထင်။ ပြင်ပတွင် အသံဗလံများ လုံးဝတိတ် ဆိတ်သွားပေပြီ။ သူသည် ခေါင်မိုးပေါ်သို့ တဖြောက်ဖြောက် လာမှန်သော နှင်းစက်ကျသံကို နားထောင်ရင်း တီဗွီဖန်သားပြင် ပေါ်သို့ အာရုံကို ရွှေ့လိုက်မိသည်။ သက်မွန်မြင့်၏ အပြုံးနုနုသည် သူ့ဆီသို့ နူးညံ့စွာ ခုန်
ဆင်းလာသည်။ သူ အလိုလို ပြန်ပြုံးပြလိုက်သည်။
““အစ်ကိုရေ ညဉ့်နက်ပြီ၊ မအိပ်သေးဘူးလား၊ မနက် ခရီးသွားဖို့”
သူ တစ်ခုခုပြန်ပြောမည်အပြု . . . ““ဒီလောက်အလုပ်ရှုပ်နေတာ အိပ်လို့မရသေးပါဘူး၊
ဟာ…ရှုပ်တယ်ကွာ” စိုင်းစိုင်းခမ်းလှိုင်၏ ကြားဖြတ်အိပ်ချင်မူးတူးအသံ။
“ကျုပ်ကတော့ မအိပ်နိုင်သေးဘူးဗျို့၊ ချမ်းချမ်းစီးစီးထဲမှာ၊ ပြီးတော့ ဘာမှမစားရသေးဘူး၊ ဆေးခန်းက စောစောကမှ ပိတ်တာ”
သူ ငေါ့တော့တော့ပြောရင်း ပေါင်မုန့်မီးကင် တစ်ကိုက် ကိုက်လိုက်သည်။ စောစောကပင် ပူပူကျက်ကျက် ဖျော်ထားသော ကော်ဖီခွက်သည် ဆောင်းအအေးဒဏ်ကြောင့် လျင်မြန်စွာ အေး စက်စပြုလာပြီဖြစ်သည်။ ထို့နောက် ကြက်ဥကြော်တစ်ဖတ်ကို ခပ်မြုံ့မြုံ့ ဝါးလိုက်ပြီး တရုတ်ကပ်မှန်အပြင်မှ ဆောင်း ဌာသီ ညရှုခင်းကို ကြည့်လိုက်မိသည်။
ပတ်ဝန်းကျင်တွင် လူသံ၊ ကားသံတွေ လုံးဝတိတ်ဆိတ် သွားပြီ ဖြစ်လေသည်။ ခပ်ဝေးဝေး လမ်းမီးတိုင်မှ ဝါကျင်ကျင် အလင်းရောင်သည် တဖွဲဖွဲကျနေသော နှင်းမှုန်ထုထဲသို့ ရွေ့ကာ
တိုးဝင်လျက်ရှိဆဲပင်။ မီးရောင်က လူမမာမျက်လုံးလို ဖျော့တော့လှသည်။ တဖြည်းဖြည်း အေးစက်စပြုလာသော နောက်ဆုံးကော်ဖီ လက်ကျန်ကို ရှင်းလင်းရန် နှုတ်ခမ်းဆီသို့ တေ့လိုက်သည်နှင့် ဆေးခန်းအပြင်မှနေကာ တံခါးမကြီးကို တဒေါက်ဒေါက် ခေါက် လိုက်သံကို ကြားလိုက်ရသည်။ သူ့ခန္ဓာကိုယ် ဆတ်ခနဲတွန့်သွား သည်။
သူ ကော်ဖီခွက်ကို အသာပြန်ချလိုက်ကာ တစ်ခုခု မေးမည်အပြု…
“ဒေါက်…ဒေါက်…ဒေါက်… တံခါးခေါက်သံ.တိုးသဲ့သဲ့ ထွက်ပေါ်လာသည်။ သူ့စိတ်ထဲမှာ နည်းနည်းတော့ ကသိကအောက် ဖြစ်သွားသည်ကို ဝန်ခံလိုက်သည်။ ဆေးခန်းပိတ်ချိန်၊ ဆရာဝန်အနားယူချိန်၊ သည်လိုညကြီးမင်းကြီး အချိန်မှာ ရောက်လာသည့် လူနာမျိုး တွေဘဝင်မကျချင်ပေ။
“ဒေါက်…ဒေါက်…ဒေါက်….” ကျွန်းတံခါးဖြင့် ပြုလုပ်ထားသော ဆေးခန်းတံခါးမကြီးသည် တိတ်ဆိတ်နေသော ညဉ့်ယံတွင် ပိုမိုကျယ်လောင်စွာမြည်သွားခဲ့သည်။ အသံလာရာဆီသို့ သူ့မျက်ဝန်းတွေက အလိုမကျဟန်ဖြင့် ရွေ့လျားသွားသည်။ ထိုင်ရာမှ လေးကန်စွာ မတ် တတ်ရပ်လိုက်သည်။
“ဟူး…ချမ်းရတဲ့အထဲ”
မတ်တတ်ရပ်ရပ်ချင်းမှာပင် သူ၏ ဒူးခေါင်းနှစ်ဖက်စလုံး တုတ်ချောင်းတွေလို မာကျောတောင့်တင်းနေသည်ကို ခံစားလိုက်ရ သည်။ ဒါပေမဲ့ ဆရာဝန်ဆိုသော အသိတစ်ခုဖြင့် တံခါးမကြီးဆီသို့ ကြိုးစားပြီး လျှောက်လိုက်မိသည်။
ပြည်သူ့အကျိုးပြုဆရာဝန်။
ငါဟာ သွားအထူးကုဆရာဝန် ဆရာဝန် ဆရာဝန် . .။ စိတ်ထဲမှ ရေရွတ်လိုက်သည်။ ““ဆေးခန်းပိတ်နေပြီလေ၊ ဘယ်သူလဲဟင် ”
သူ တံခါးချက်ကို ညင်သာစွာဖြုတ်ရင်း တံခါးကို တွန်း ဖွင့်လိုက်သည်။ အနည်းငယ်ပွင့်သွားသော တံခါးတစ်ချပ်ကြားမှ ဟူးဟူးရိုင်းရိုင်း တိုးဝင်လာသော ဆောင်းလေကြမ်းသည် သူ့ မျက်နှာကို တရကြမ်း ကုတ်ခြစ်သွားသည်။ –
“အား ရက်ရက်စက်စက် အေးတာပဲကိုး”
သူ တစ်ချက်မျှ ညည်းညူလိုက်ပြီး အနောက်ဘက်သို့ ခန္ဓာကိုယ် ယိမ်းယိုင်သွားသေးသည်။ ထို့နောက် အမှောင်ထု သိပ်သည်းရာ အပြင်ဘက်သို့ စောင်းငဲ့ကြည့်ရှုလိုက်လေသည်။
ကြောက်မက်ဖွယ် ထူထဲသိပ်သည်းနေသော အမှောင်ထုအောက်တွင် ပုရစ်အော်သံသာ ကြားနေရ၏။ အပြင်တွင် မည်သူမှ မရှိချေ။ သိပ်သည်းသော အမှောင် ထုသာ လွှမ်းမိုးနေဆဲဖြစ်သည်။ သူ နည်းနည်းအံ့သြသွားသည်။ တစ်ယောက်ယောက် နောက်ပြောင်သွားတာလား မသိ။ ဒီလို ကြမ်းရှတဲ့ ရာသီဥတုအမှောင်အောက်မှ ဘယ်သူမှ နောက်ပြောင် မည် မထင်။ ဒီအချိန်မှာ နောက်ပြောင်စရာကိစ္စလား။
အဝေးပြေးလမ်းမကြီးပေါ်မှာလည်း မည်သူမျှ မရှိချေ။ လူတို့ စွန့်ပစ်သွားသော စားကြွင်းစားကျန်များကို လိုက်လံရှာဖွေ စားသောက်တတ်သည့် အမွေးဖြူစုတ်စုတ် ခွေးပိန်ကလေးပင် တစ်နေရာရာမှာ ခွေနေလောက်ပြီ။ လမ်းမကြီးကတော့ ဧရာမ မြွေကြီးတစ်ကောင်လို ငြိမ်သက်လဲလျောင်းနေဆဲ။
သူ နည်းနည်းတော့ စိတ်ကသိကအောက် ဖြစ်သွားသည်။ ထို့ကြောင့် တံခါးပြန်ပိတ်ကာ အိမ်ပေါ် ပြန်တက်လာသည်။ သို့သော် ထိုင်ခုံပေါ် ထိုင်ခါစရှိသေးသည်။ လာပြန်ချေပြီ။
“ဒေါက်…ဒေါက်…ဒေါက်…”
သူ ရုတ်တရက် စိတ်တိုသွားပြီ။ ““တံခါး ခဏခဏ ခေါက်နေတာ၊ နောက်ပြောင်စရာ
မဟုတ်ဘူးဟေ့”
သူ ဆတ်ခနဲ ထလိုက်သည်။ တံခါးပေါက်ဆီသို့ လျင် မြန်စွာ လျှောက်သွားလေသည်။
သွားမခံမရပ်နိုင်အောင် နာကျင်ကိုက်ခဲနေသူပဲ ဖြစ်ရမည်။ အပြင်ကို ခေါင်းပြုကာ ကြည့်လိုက်သည်။ အပြင်ဘက် တွင် တိတ်ဆိတ်မှုက စိုးမိုးနေဆဲ။ ဘယ်သူမှ မရှိချေ။ သူ့ရင်ထဲမှာ ဖြန်းခနဲ ကြက်သီးထသွားသည်။ နည်းနည်းတော့ သံသယဖြစ် သွားသည်။ စိတ်ထဲက ကြားယောင်နေသည့် တံခါးခေါက်သံလား။ “တံခါးခေါက်နေတာ ဘယ်သူလဲ”
ဆောင်းလေတစ်ချက် သုတ်ခနဲ ဝှေ့တိုက်လိုက်ရာ ဆတ် ခနဲ တွန့်သွားသည်။ ဆေးခန်းရှေ့ ရေတမာပင်ဆီမှ သစ်ရွက် လေတိုးသံ တရှဲရှဲမြည်နေသည်။ သူ အပြင်မီးတစ်လုံး ဖွင့်လိုက်
ပြီး ဟိုဟိုသည်သည် ရှာဖွေကြည့်သေးသည်။ ရုတ်တရက် သူ့မျက်လုံးများက ဆေးခန်းရှေ့ တံခါးရွက်အစွန်တွင် အပြာရောင်လွင်လွင် အရာဝတ္ထုကလေးကို တွေ့လိုက်ရ သည်။ အံ့သြသွားသည်။
အပြာရောင် ခွာမြင့်ဖိနပ်ကလေးတစ်ဖက်။ သူ သေသေချာချာ ငုံ့ကြည့်လိုက်သည်။ ဖနောင့်သိုင်း
ကြိုးပြတ်နေသော မိန်းမစီး ခွာမြင့်ဖိနပ်လှလှကလေးတစ်ဖက်သာ။ ဖိနပ်ကလေးကိုကြည့်ပြီး သူ့အတွေးတွေ ယောက်ယက်ခတ်သွား သည်။ ဖိနပ်ပြတ်ကလေးက ဘာဖြစ်လို့ ပြတ်သွားရတာလဲ။ အင်း…ဖိနပ်ကလေး လှပသလောက် ပိုင်ရှင်ကောင်မလေးက လည်း လှပရမည်ပေါ့။ ‘ဪ.. ကောင်မလေးရယ်။
အချိန်မတော် သူ့ဆေးခန်းရှေ့ရောက်လာသော ဖိနပ်ပြတ် ကလေးက သူ့ကို မေးခွန်းတွေဖြင့် ချုပ်နှောင်လိုက်ပြီထင်သည်။ ဖိနပ်ကလေးက အကောင်းအသစ်ကလေးပါ။ ပြုပြင်လိုက်လျှင် လုံးဝကောင်းသွားမည့် ဖိနပ်ကလေးပဲ။ ဖိနပ်ပိုင်ရှင်ကောင်မလေး၊ ဘယ်မှာလဲ။
တံခါးကိုခေါက်၊ ဖိနပ်ပစ်ချ၊ ထွက်ပြေးသွားလျှင်ပင် ခြေသံတော့ ကြားရမည်။ ခုတော့ ပတ်ဝန်းကျင်သည် ကမ္ဘာပျက် တစ်ခုလို ချောက်ချားဖွယ် ငြိမ်သက်နေခဲ့သည်။ ဒါပေမဲ့ ဖိနပ် ကေလးကို တုတ်တစ်ချောင်းဖြင့် ကောက်ယူကာ တံခါးကြားမှ အသာချထားလိုက်သည်။ ပိုင်ရှင်မလာခင် အနားယူပေဦးပေါ့ ဖိနပ်ကလေးရေ။
တံခါးခေါက်သံနှင့်အတူ ရောက်လာသော ခွာမြင့်ဖိနပ်အပြာကလေးတစ်ရံကို သူ မေ့လိုက်ကာ ထိုညက နှစ်ခြိုက်စွာအိပ်ပျော်အောင် ကြိုးစားလိုက်မိသည်။
ဒါပေမဲ့…။
သူ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခါစပင် ရှိသေးသည်။ “ဒေါက် ဒေါက် ဒေါက်….”
တံခါးခေါက်သံ၊ တစ်စုံတစ်ယောက် တံခါးလာခေါက် သဖြင့် အိပ်ရာမှ သူ လန့်နိုးသွားသည်။ စောင်ကိုခွာ၊ ခုတင်ပေါ်မှ ချက်ချင်းထကာ ဆေးခန်းတံခါးပေါက်ဆီသို့ လျှောက်လာပြီး တံခါးကို ဖွင့်လိုက်သည်။
““ဘယ်သူလဲ”
ညကား အေးချမ်းလှသည်။ ထူထဲစေးပျစ်လှသော ဆောင်ညချမ်းထဲသို့ မေးရိုက်သံဖြင့် မေးလိုက်ခြင်းဖြစ်သည်။ သူ့အသံက လေထုထဲသို့ ခက်ထန်စွာ စိုက်ဝင်သွားခဲ့သည်။ “ဘယ်သူလဲလို့ မေးနေတယ်လေ”
တစ်ဖက်မှ ပြန်ထူးသံ မကြားသဖြင့် စိတ်မရှည်စွာဖြင့် ဆပ်မေးလိုက်ပြန်သည်။ “ကျွန်မပါရှင်၊ ဒုက္ခရောက်လာလို့ အကူအညီတောင်းတာပါ” သူ ဘယ်လိုမှ မျှော်လင့်မထားသည့် ကောင်မလေး
တစ်ယောက်၏အသံ။ အမှောင်ထုကြားမှ တုန်ယင်စွာ ထွက်ပေါ်လာခြင်းဖြစ်သည်။
သည်လို ညဉ့်နက်သန်းခေါင် အေးစိမ့်လှသည့်ညမှာ ကောင်မလေးတစ်ယောက်၏အသံကို ကြားရလိမ့်မည်ဟု မထင်ခဲ့ ချေ။ ဘာပဲဖြစ်ဖြစ် သူဟာ ဆရာဝန်တစ်ယောက်ပဲ မဟုတ်လား။
ပြည်သူ့ဘက်က ရပ်တည်ရမည်။
အသံလာရာ အမှောင်ထုထဲသို့ သူ ထိတ်ထိတ်ပျာပျာလှမ်းကြည့်လိုက်သည်။ အပြာရောင်ဝတ်စုံ ဝတ်ဆင်ထားသောကောင်မလေးတစ်ယောက်သည် ဆေးခန်းရှေ့ ဝိုးတဝါးအလင်း
အောက်တွင် ရပ်နေလေသည်။ ဆောင်းလေက တဟူးဟူးတိုက်ခတ်နေဆဲ။
ကောင်မလေး၏ အကြည့်ထဲတွင် တောင်းပန်တိုးလျှိုး ဟန်အကြည့်တစ်ခုက သူ့ရင်ထဲသို့တိုင် ဖောက်ဝင်သွားဟန်ရှိ သည်။
“ဒုက္ခရောက်လာလို့ ကူညီပါရှင်၊ ဆရာရယ်..စိတ်မဆိုးပါနဲ့နော်”
ကောင်မလေး၏ နှုတ်ခမ်းဖူးဖူးကလေး လှုပ်သွားသည်။ အသနားခံဟန် အသံက ပြင်းရှသော ဆောင်းလေပြည်ထဲသို့ လွင့်စဉ်သွားလေသည်။ . အရပ်မြင့်မြင့်၊ ဖြူဖြူသွယ်သွယ် ကောင်မလေးသည် အလင်းရိမ်ရှိရာ ဆေးခန်းတံခါးဝဆီသို့
တရွေ့ရွေ့ ခြေလှမ်းများဖြင့် တိုးကပ်လာသည်။
သူမ တိုးဝင်လာပုံမှာ အိပ်မက်ဆန်လှပါသည်။ သည်လောက်လှပသည့် ကောင်မလေးရဲ့ တောင်းပန်မှာ ကို ဘယ်သူငြင်းဆိုရဲမှာလဲ။ ကောင်မလေးက ဆေးခန်းဆိုင်းဘုတ် ဘေးရှိ သူ့နာမည်တပ်ထားသော ဆိုင်းဘုတ်နာမည်ကို လှမ်းကြည့် လိုက်သည်။ ကောင်မလေးသည် မဝံ့မရဲခြေလှမ်းများဖြင့် လေး ကန်စွာ ရွှေ့လိုက်သည်။
ကောင်မလေး၏ မျက်နှာတွင် ထူးခြားမှုတစ်ခု ရှိနေသည် ဟု သူ ခံစားမိသည်။ ကြောက်ရွံ့မှလား၊ ကြေကွဲမှုလား၊ ကောင်မလေး၏ အသံမှာ တစ်ခုခု ငြိစွန်းနေသည်ထင်သည်။ ဒါပေမဲ့ သည်လိုအချိန်ကြီးမှာ သူ ဆေးကုချင်စိတ် မရှိပါ။
“မနက်မှ လာခဲ့ပါလားကွယ်၊ ခု — -ဆေးခန်းပိတ်ထားတယ်လေ” သည်လိုအချိန်မှာ မိန်းကလေးတစ်ယောက်တည်းကို ဆေးခန်းထဲမှာ ဆေးကုစမ်းသပ်ဖို့ဆိုတာ မဝံ့မရဲနိုင်လှပါသည်။ အသက်အန္တရာယ် မစိုးရိမ်ရဘူးဆိုလျှင် မနက်မိုးလင်းမှလာလျှင် ပိုကောင်းလိမ့်မည်။ ကောင်မလေးမှာ ကိုင်ထားသော လက်ကိုင်ပဝါအပြာလေးဖြင့် နှုတ်ခမ်းတစ်ချက် သုတ်သည်။ “မနက် မလာနိုင်လို့ပါ ဆရာရယ်၊ ဪ..ဆရာကျွန်မကို ကူညီပါနော်” ကောင်မလေး၏အသံက ဆောင်းလေထုထဲမှာ တိုးတိတ်စွာ ခြောက်သွေ့နေသည်။ ဘာပဲဖြစ်ဖြစ် သူ့နှလုံးခုန်သံသည်ချက်ချင်းနူးညံ့သွားတာကိုတော့ ဝန်ခံလိုပါသည်။
သူ ရက်ရက်စက်စက် ငြင်းဆန်လိုက်ဖို့ မကောင်းလှပါဘူး။ အမှန်အတိုင်း ဝန်ခံရလျှင် ဆရာဝန်တစ်ယောက်ရဲ့ နှလုံးသားဟာ ဝေဒနာရှင်တစ်ယောက်ရဲ့ အကူအညီကို ငြင်းဆန်ဖို့မမာကျောလှပါဘူး။ (အထူးသဖြင့်) သည်လိုချောချောလှကောင်မလေးဆိုရင်ပေါ့။
“ပြောလေ..သွားက ဘာဖြစ်တာလဲ၊ သွားက
တော်ကိုက်နေတာလား”
ကောင်မလေးမျက်နှာပေါ်မှာ အပြုံးရိပ်သဲ့သဲ့ ရုတ်တရက်ပေါ်လာပြီး ပြန်ပျောက်သွားသည်။ ကောင်မလေး တစ်ချက်ညည်းညူလိုက်လေသလား။
..ဟိုမှာ.. ကျွန်မ ဖိနပ်ပြတ်.. ပြတ်သွားလို့ပါ
ဆရာရယ်၊ အဲ…အဲဒါ”
”ဗျာ”
မယုံကြည်နိုင်စွာဖြင့် ကောင်မလေးကို ငေးကြည့်လိုက်မိ သည်။ ကောင်မလေးရေ… နောက်နေတာလား၊ နောက်နေတာ မဟုတ်ပါဘူးနော်။
ကောင်မလေးက သူ့ကို အားနာရှက်ရွံ့ဟန်ဖြင့် လှမ်း ကြည့်လိုက်တော့ သူ့စိတ်ထဲမှာ ကသိကအောက် ဖြစ်သွားသည်။ ကောင်မလေးမျက်နှာကတော့ ချက်ချင်းဖြူဖပ်ဖြူရော် ဖြစ်သွား သည်ထင်သည်။ ကြည့်စမ်း . .ဆရာဝန်တစ်ယောက်ကို ဖိနပ် ပြတ်လို့ အကူအညီတောင်းသတဲ့။ ခြင်္သေ့ကို ပလာတာကျွေးသလို ဖြစ်နေမလားဗျာ။ ခက်တာပဲနော်။ “ကျွန်တော် ဖိနပ်မချုပ်တတ်ဘူး၊ ပြင်လည်း မပြင်တတ်ဘူးဗျ” “ကူညီပါ ဆရာရယ်၊ ဟောဒီဖိနပ်ကလေး တော်တော် ကို ဒုက္ခပေးလွန်းတယ်”
သူတစ်စုံတစ်ရာ ဆုံးဖြတ်ချက်ချပြီး ဖိနပ်ပြဿနာကို ရှင်းလင်းဖြေရှင်းရန် တံခါးတစ်ချပ်ကို ခပ်ကျယ်ကျယ် ဖွင့်လိုက်ပါသည်။ “ကဲလာ..အထဲဝင်၊ ခက်ပဲခက်ရချည်ရဲ့၊ ဆရာဝန်က ဖိနပ်ပြင်ပေးရတယ်လို့” ကောင်မလေးက ချက်ချင်းမဝင်သေးပေ။ ဆေးခန်းဆိုင်းဘုတ်အောက် မီးရောင်မှိန်မှိန်အောက်မှာ ရပ်တန့်နေသည်။ ကောင်မလေးကို အကဲခတ်လှမ်းကြည့်လိုက်တော့ မျက်နှာအမူ အရာ ပြောင်းနေပြီး ဖြူဖပ်ဖြူရော် ဖြစ်နေသည်ထင်သည်။ ကောင်မလေးကို အထဲဝင်ရန် ဆက်မခေါ်တော့ဘဲ တူနှင့်သံ ယူရန် အိမ်ပေါ်တက်မည် – စိတ်ကူးလိုက်သည်။ “ဘယ်မှာလဲ … မင်းရဲ့ဖိနပ်”
ဆေးခန်းတံခါးဝမှာ ရပ်နေသော ကောင်မလေးက အထဲ ဝင်ဖို့ အားနာနေဟန်ရှိသည်။ သူ ဆေးခန်းမီးချောင်းတစ်ချောင်း ဖွင့်လိုက်သည်။ ဖြူလင်းသော မီးအလင်းအောက်တွင် ကောင်မ လေး၏ ဖြူဖပ်ဖြူရော်မျက်နှာကို တွေ့လိုက်ရသည်။ ထိုအရာ သည် သေချာမှုတစ်ရပ်ဖြစ်သည်။
ထိုအချိန်တွင် ကောင်မလေးသည် အပြာရောင်ထဘီ အနားစကလေးကို ခြေသလုံးသားကလေးပေါ်အောင် အပေါ်သို့ ဆွဲတင်သည်။ ထို့နောက် သူမ စီးလာသော အပြာရောင် ခွာမြင့် ဖိနပ်ကလေးကို မီးရောင်တွင် သေသေချာချာ ကြည့်နေသည်ကို သူ သေသေချာချာ မြင်လိုက်ရသည်။ သူ့အသက်ရှူမှုဆိုင်ရာ ခန္ဓာကိုယ်တွင်းရှိ ယန္တရားများ ရုတ်တရက် ရပ်ဆိုင်းသွားသည်။
““ဟင်”
အံ့သြတုန်လှုပ်မှုဖြင့် သူ့တစ်ကိုယ်လုံးရှိ ခွန်အားများယိုစိမ့်ထွက်သွားသလို ခံစားလိုက်ရသည်။ သူ၏ နှလုံးခုန်သံသည်မာကျောသော ကြမ်းပြင်နှင့် အရာဝတ္ထုတစ်ခု ထိတွေ့လိုက်သကဲ့သို့ ကျယ်လောင်သွားလေသည်။
ကောင်မလေး၏ အပြာရောင်ခွာမြင့် ဖိနပ်ပြတ်ကလေးစွပ်ထားသော ခြေထောက်သည် ဒူးအောက်နေရာမှ တွဲလောင်းကြီးဖြစ်နေပြီး အရိုးဖြူဖြူကြီး ငေါထွက်နေခြင်းပင်တည်း။ ခြေဖဝါး
တစ်ဖက် ပြတ်လုပြတ်ခင်ဖြစ်ကာ တွဲလောင်းကျနေခြင်းကို သူသေသေချာချာ မြင်လိုက်ရသည်။
ဘုရား ဘုရား ကောင်မလေးရဲ့ ခြေထောက်ကြီး ပြတ်လုပြတ်တဲကြီးပါလား၊ ဘယ်လိုဖြစ်ရတာလဲ” သူ တီးတိုးရေရွတ်လိုက်မိသည်။
ထိုအချိန်တွင် ကောင်မလေးသည် ခြေဖနောင့်ကွင်းပြုတ် နေသော နွာမြင့်ဖိနပ်ကလေးကို ခြေထောက်မှဖြုတ်ပြီး ဖြစ်နေသည်။
“တော်တော်ဒုက္ခပေးတဲ့ဖိနပ်၊ ဒင်းကြောင့် ဒုက္ခရောက်ရတာ”
တစ်ယောက်တည်း ညည်းညည်းညူညူပြောရင်း ဖိနပ်ကလေးကို သမံတလင်းကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်လေ၏။
ဖိနပ်ကို ဒေါသထွက်နေပုံရသည်။
သူ ကောင်မလေးဖိနပ်ကို မဝံ့မရဲ ပြန်ကြည့်လိုက်ပြန်သည်။
သူ့ရင် ဖြန်းခနဲတစ်ချက်ခုန်သွားကာ မျက်လုံးပြူးသွား “ဘယ်လိုလဲဟ” ဟု ရေရွတ်ကာ ခြေထောက်ကို သေသေချာချာ ပြန်ကြည့်လိုက်မိပြန်သည်။
ဘယ်မှာလဲ၊ စောစောက သူမြင်လိုက်ရတာ ခြေထောက်တွဲလောင်းပြတ်ကြီးပါ။ ခု…ဘယ်ရောက်သွားပြန်ပြီလဲ၊ စောစောက ခြေထောက်က ပြတ်နေတာလေ။
ခု…သူမြင်နေရသည်က လှပသည့် ခြေခုံမို့မို့ ဖြူဖြူ
ဖောင်းဖောင်းနှင့် ခြေနှစ်ဖက် စုံစုံလင်လင်ပါပဲ။ ခြေခုံမို့မို့ကလေးသည်မီးရောင်အောက်တွင် ခြေဖျားကလေးထောက်ထားပုံမှာပန်းပုရုပ်ကလေးနှင့်တူသည်။ သူ သက်ပြင်းရှည်ကြီးကို မသက်မသာချလိုက်မိသည်။ အင်း…ငါ အမြင်မှားတာပဲ။ ဒီလိုပဲ ဖြစ်တတ်တာပဲလေ။ ယုန်ထင်ကြောင်ထင်ဆိုတာ ဒါမျိုးထင်ပါ့ရဲ့။ ငါကိုယ်တိုင် အိပ် ချင်မူးတူးဖြစ်နေတာကိုး။ နဂိုကလည်း မျက်စိမကောင်းတာ။
ကောင်မလေးကို ထားခဲ့ပြီး သူ အိမ်ပေါ်ပြန်တက်ကာ တူတစ်ချောင်းနှင့် သံအနည်းငယ်ယူကာ ချက်ချင်းပြန်ဆင်းလာ သည်။
“ပေး—ပေး – – -ပြတ်နေတဲ့နေရာကို သံနှင့်ရိုက်လိုက်ရင်ယာယီတော့ စီးလို့ရမှာပါ၊ ဖိနပ်အသစ်ကြီးပဲ၊ နှမြောစရာကွာ၊ မင်းကလည်း ဖိနပ်အကောင်းကို ပြတ်အောင် စီးရတယ်လို့” ဖိနပ်ပြတ်ကလေးကို သူ ဆွဲယူလိုက်ပြီး သံနှင့် ရိုက်ပေး လိုက်သည်။ ကောင်မလေး၏ ဖြူဖပ်ဖြူရော်မျက်နှာက်လေးဆီမှ အားနာဟန်အပြုံးငွေ့ငွေ့ကို တွေ့လိုက်ရတော့ သူ နည်းနည်းပျော် သွားသည်။
အဲ…သွားဆရာဝန်တစ်ယောက်က ကိုယ်နဲ့ ဘယ်လိုမှမသိကျွမ်းတဲ့ မိန်းကလေးတစ်ယောက်ရဲ့ဖိနပ်ကို ပယ်ပယ်နယ်နယ်ကိုင်ပြီး တူတစ်ချောင်းနဲ့ သံရိုက်ပေးနေရတာ နည်းနည်းတော့အူကြောင်ကြောင်နိုင်လှမယ် ထင်ပါတယ်။
“ကျေးဇူးတင်လိုက်တာ ဆရာရယ်၊ သိပ်ဒုက္ခပေးတဲ့ဖိနပ်၊ ဒင်းကြောင့် ဒင်းကြောင့် …”
ကောင်မလေးက သူ့ဖိနမ်ကလေးကို ဖျတ်ခနဲ ကောက်စွပ်လိုက်ပါသည်။ ခြေထောက်ဖြူဖြူကလေးနှင့် ဖိနပ်က သိပ်လိုက်တာပဲဟု သူပြောလိုက်မည်ပြုစဉ် ကောင်မလေးသည် တံခါး
တစ်ချပ်လှပ်ထားသော ဆေးခန်းဝဆီသို့ လျင်မြန်စွာ ရောက်ရှိသွား သည်။ သူကတော့ ကောင်မလေး၏ “ကျေးဇူးတင်လိုက်တာ “ဆရာရယ်” ဟူသော စကားအပြင် နောက်ထပ် တစ်စုံတစ်ခု ပြောလိမ့်ဦးမည်အထင်ဖြင့် နှုတ်ခမ်းထူထူဖောင်းဖောင်းကလေးကို စိုက်ကြည့်လိုက်သေးသည်။ ဒါပေမဲ့ ကောင်မလေးထံမှ မည် သည့်တုံ့ပြန်ချက်မှ ထွက်ပေါ်မလာချေ။ ထို့နောက် ကောင်မလေး သည် သူ ရပ်တန့်ငေးမောနေရာဆီသို့ တစ်ချက်ကလေးမှ ငဲ့စောင်းမကြည့်တော့ဘဲ ချာခနဲ လှည့်ထွက်သွားလေသည်။ သူ ကောင်မလေး ထွက်သွားရာဆီသို့ သိလိုသဖြင့် တံခါးဝသို့ လျင်မြန်သော ခြေလှမ်းများဖြင့် ခပ်သွက်သွက် လျှောက်သွားမိသည်။ သို့သော် မည်သည့်အရပ်ဒေသသို့ ထွက် းမှန်း မသိနိုင်လောက်အောင် ကောင်မလေး၏ ခြေလှမ်းများက လျင်မြန်လှချေသည်တကား။
ကောင်မလေးသည် သူမကို အကူအညီပေးခဲ့သည့် ကို ပင် နောက်သို့ တစ်ချက်ကလေးမှ လှည့်မကြည့်ဘဲ အမှောင် ဟူးဟူးရိုင်းရိုင်းထဲသို့ ဝင်ရောက်ပျောက်သွားခြင်းဖြစ်သည်။ မြင်ကွင်းထဲမှ ကောင်မလေး ပျောက်ကွယ်သွားမှ သက် ပြင်းတစ်ချက် ချလိုက်မိပြီး တံခါးရွက်ကို ကိုင်လိုက်သည်။ ကောင်မလေးနာမည်ကို မမေးလိုက်မိ၍ နောင်တရနေသေးသည်။
သူ တံခါးကို သေသေချာချာပိတ်လိုက်ပြီး ပဟေဠိဆန် စွာ သူ့မျက်မှောက်မှ ပျောက်ကွယ်သွားသော ကောင်မလေး အကြောင်းကို စဉ်းစားနေဆဲမှာပင် ကြမ်းပေါ်တွင် ကျကျန်နေ သော အရာတစ်ခုကို မြင်လိုက်ရပါသည်။
မိန်းမသုံး လက်ကိုင်ပဝါ အပြာရောင်လေးတစ်ထည်။ “ဒါ…ဟိုကောင်မလေး ကျကျန်ရစ်တာပဲ”
သူ ဆတ်ခနဲ ကောက်ယူလိုက်မိသည်။ လက်ကိုင်ပဝါ ဆီမှ အကောင်းစား ရေမွှေးရနံ့ကို သင်းသင်းကလေး ရလိုက်၏။ “လက်ကိုင်ပုဝါ ကျန်ရစ်ခဲ့လို့ မင်းကလေး လှည့်ပြန်လာ ဦးမလား”
သူ တီးတိုးရေရွတ်လိုက်သည်။
သူ လက်ကိုင်ပဝါကလေးကို ကောက်ကိုင်ကာ လမ်းမ ဘက်ဆီသို့ ထွက်လိုက်သည်။ ညသည် နက်မှောင်ကာ ပတ်ဝန်း ကျင်သည် အေးခဲတိတ်ဆိတ်လျက်ရှိဆဲ။ ကောင်းကင်မှာ လခြမ်း စိမ်းစိမ်းရေးရေးကလေး ရှိနေသေးသည်။ သူ့အာရုံထဲတွင် အလျင် အမြန် ပြေးထွက်သွားသော ကောင်မလေး၏ ပုံရိပ်ကို မြင်နေပြီး လက်ကိုင်ပဝါကိုကိုင်လျက် တွေဝေနေမိသည်။ ကောင်မလေး၏ အရိပ်အယောင် လုံးဝမတွေ့ရတော့။
သူ အိမ်ထဲပြန်ဝင်ရန် ဆုံးဖြတ်လိုက်သည်။ ဒါပေမဲ့
လက်ကိုင်ပဝါလေးကိုတော့ ကောင်မလေး ပြန်လာလျှင် တွေ့လို တွေ့ငြား ဆေးခန်းရှေ့ ယုဇနပန်းချုံပေါ်တွင် မြင်သာထင်သာ တွေ့သာအောင် တင်ထားလိုက်သည်။ ထို့နောက် အိမ်ထဲပြန်ဝင် ရန် တံခါးပေါက်ကို ခပ်ဖွဖွ တွန်းဖွင့်လိုက်စဉ်မှာပင် ဆူဆူညံညံ အသံများကြောင့် အိပ်ရာမှ ဖျတ်ခနဲ လန့်နိုးသွားရသည်။ သူ အိပ်မက်မက်နေတာပဲ။ ဟုတ်တယ်၊ ဆောင်းအိပ်မက်။ ကယောက်ကယက်အိပ်မက်။ ညအိပ်ရာဝင်ခါနီး တံခါးခေါက်သံနှင့်အတူ မြင်လိုက်ရသော ခွာမြင့်ဖိနပ်ကလေးတစ်ဖက်ကြောင့် သူ့စိတ်က စွဲလမ်းပြီး အိပ်မက် မက်တာပဲဟု တွေးလိုက်လေသည်။
အိပ်ရာထဲမှာ ဆက်၍မှိန်းနေချင်သေးသော်လည်း ရပ်တန့် သွားခြင်း မရှိသော ဆူဆူညံညံအသံများကြောင့် အိပ်ရာမှ မာချင် ဘဲ သူ ထလိုက်ရပါသည်။
လမ်းမပေါ်တွင် အလင်းရောင် စူးစူးရှရှပင် နေရာယူနေ ပြီကော။ သူ့ခုတင်ခေါင်းရင်းရှိ ပြတင်းပေါက်ကို ဖွင့်လိုက်ပြီး အသံကြားရာဆီသို့ လှမ်းကြည့်လိုက်ရာ လမ်းမပေါ်မှာ လူတွေ ဟိုတစ်စု သည်တစ်စုကို တွေ့လိုက်ရသည်။ တချို့က တီးတိုးပြောနေကြသည်။
လူတွေ စုစုဝေးဝေးနဲ့ ဘာဖြစ်နေကြပါလိမ့် သူ အသာငြိမ်ပြီး နားစွင့်လိုက်မိသည်။
“သနားစရာကွာ၊ လှလှပပကောင်မလေးကိုမှ ကားကကြိတ်ပြီး ပြေးရတယ်လို့ ”
သူ့ခန္ဓာကိုယ်သည် ဆတ်ခနဲ တုန်ခါသွားသည်။ မျက် မှောင်တစ်ချက် ကြုတ်လိုက်မိသည်။ သံသယတစ်ခုဖြင့် သူ့ အတွေးက တစ်နေရာဆီသို့ လွင့်စဉ်သွားသည်။
“ဟုတ်တယ်နော်၊ ဘာမှကြီးကြီးကျယ်ကျယ် ဒဏ်ရာ မရဘဲနဲ့ သွေးလွန်ပြီး သေရတာ၊ မသေသင့်ဘဲ သေရတာပါဗျာ၊ နှမြောစရာပဲ”
သူ မျက်နှာတစ်ချက် ပျက်သွားသည်။ သူ့မျက်ဝန်းများ သည် သံသယစိတ်ဖြင့် မှုန်မှိုင်းအေးစက်သွားခဲ့သည်။
ဝတ်စုံအပြာနဲ့ ကောင်မလေး မဟုတ်ပါစေနဲ့။ “ဘုရား ဘုရား ဝတ်စုံအပြာနဲ့ ကောင်မလေး မဖြစ်
လူအုပ်ထဲမှ တစ်ယောက်က..
“ခြေထောက်ကို ကြိတ်မိပြီး လမ်းဘေးမှာ သတိလစ် လဲကျပြီး ကယ်သူမရှိ သွေးလွန်ပြီး သေရတာဖြစ်မှာ၊ ကောင်မလေး က ဝတ်စုံ အပြာကလေးနဲ့ ”
သူ ရုတ်တရက် လန့်ဖျပ်ကာ အိမ်အောက်သို့ ပြေးဆင်း လိုက်သည်။ လမ်းမပေါ်တွင် လူအုပ်က တစ်ယောက်တစ်မျိုး ပြောဆိုနေကြဆဲ။ လူအုပ်ထဲမှ သူနှင့်ရင်းနှီးသော လူတစ်ယောက်ကိုအူယားဖားယား မေးလိုက်သည်။
“ဘယ်လိုဖြစ်ကြတာလဲဗျ”
ညကဗျာ မိန်းကလေးတစ်ယောက်ကို ကုန်ကားတစ်စီး က တိုက်သွားတယ်လို့ ပြောကြတယ်၊ တရကြမ်းမောင်းသွားတဲ့ ကားတစ်စီးတဲ့ဗျ၊ ခြေထောက်ကို ကြိတ်မိသွားတာလေ၊ ညကလည်းမှောင်၊ ချမ်းကလည်းချမ်းဆိုတော့ လူနေအိမ်တွေနည်းတော့ ဘယ်သူမှ ထွက်မကြည့်ကြဘူး၊ အော်သံက တချို့လည်း ရုပ်ရှင်ထဲကအသံတီဗွီထဲကအသံတွေနဲ့ရောပြီး ဂရုမပြုမိကြတာပါ တစ်ညလုံး အေးလိုက်တာဗျာ။ ဆရာသိတဲ့အတိုင်းပဲ. အအေးမိ သွေးလွန်ပြီး လမ်းဘေးချုံပုတ်ထဲမှာ သေသွားတာနေမှာပါ။ ဆရာ၊ ဆရာ သွားကြည့်ပါလား၊ အလောင်းကို ရဲတွေစစ်နေကြပြီ၊ ကောင်မလေးက ချောချောလေးပါဗျာ”
“နေပါဦး၊ ကလေးမလေးက ဘာအင်္ကျီဝတ်ထားတာလဲ”
“အပြာရောင်ဝမ်းဆက်ကလေးဗျာ၊ ညဘက်ဧည့်ခံပွဲတစ်ခုက ပြန်လာတာ ထင်ပါရဲ့၊ အင်း.. ခွာမြင့်ဖိနပ်အပြာကလေးတစ်ဖက် ပြတ်နေတယ်၊ သနားပါတယ်ဗျာ” သူ့ရင်ထဲမှာ ကြောက်မက်ဖွယ် ငလျင်တစ်ခု လှုပ်သွား သည်။ သူ ကောင်မလေး လဲကျရာနေဆီသို့ ဘယ်လိုရောက်ရှိ သွားသည်ကိုပင် မသိလိုက်။ အပြာရောင်ဝတ်စုံနှင့် ကောင်မလေး သည် လမ်းဘေးမြက်ပင်ရှည်ကြီးများကြားတွင် အင်္ဂလိပ်အက္ခရာ ”S” ပုံသဏ္ဌာန် လဲကျနေသည်။ ညာဘက်ခြေထောက်တစ်ဖက်မှာ ကားကြိတ်ဒဏ်ရာကြောင့် ကြေမွနေပြီး ပြတ်လုပြတ်ခင် ဖြစ်နေ သည်။ ဖိနပ်ကလေးကတော့ ဖနောင့်ကြိုးပြတ်ကာ ခြေထောက်မှ ကျွတ်ကျနေသည်။ ““ကောင်မလေးရယ်… ဖြစ်မှဖြစ်ရလေ”
ဒါဟာ အံ့သြဖွယ်တိုက်ဆိုင်မှုပဲလား။ လောကမှာ ဒီလို ဖြစ်ရပ်မျိုးတွေ ရှိတတ်သလား။ ဒါ.. ညက အိပ်မက် မက်ခဲ့တဲ့ ကောင်မလေးပဲပေါ့။ ဒါဖြင့် ညက သူ အိပ်မက် မမက်ခင် တံခါးခေါက်သံနှင့်အတူ ရောက်လာတဲ့ ဖိနပ်ကလေးကရော။ တံခါးကြားမှာ ညှပ်ထားတဲ့ ဖိနပ်ကလေးပေါ့။
… ဒေါက်တာ သက်မြင့်ဇော် ဆေးခန်းသို့ ပြန်လာသည်။ တံခါးကြားတွင် ညှပ်ထားသည့် ဖိနပ်ကလေး မရှိတော့ပါ။ အား– ဘာတွေဖြစ်ကုန်ပြီလဲ။ ဒါဟာ အိပ်မက်လား၊ တိုက်ဆိုင်မှုလား၊ တကယ့်ဖြစ်ရပ်မှန်လား။ ကဲ…ဘယ်လိုဆုံးဖြတ်ကြမှာလဲ။
ရုတ်တရက် ပန်းချုံပေါ်တင်ကျန်ရစ်ခဲ့သည့် ကောင်မ လေး၏ လက်ကိုင်ပဝါကို ရုတ်တရက် သတိရလိုက်သည်။ ဆေးခန်းအပြင်သို့ လျင်မြန်စွာ သူထွက်ကြည့်လိုက်သည်။
ဘုရားရေ ..
အပြာရောင်လက်ကိုင်ပဝါလေးက ဆောင်းလေနှင့်အတူ တရွေ့ရွေ့လွင့်ကာ လမ်းတစ်ဖက် ချောက်ကမ်းပါးဆီသို့ လွင့်ပါး နေပြီကော။ ပတ်ဝန်းကျင်မှာတော့ နှင်းတွေကို နေရောင်ခြည်က ဝါးမျိုစပြုကာ မြို့ကလေးပေါ်သို့ ခုန်ချနေပေပြီ။ ချောက်ကမ်းပါး၏ထိပ်သို့ လေအဟုန်ဖြင့် လွင့်ပါးနေ သော အပြာရောင်လက်ကိုင်ပဝါလေးကို နှမြောတသစွာ ငေးကြည့် နေမိသည်။ ထိုစဉ် ကုန်တင်ကားတစ်စီး အဟုန်ပြင်းစွာ ဖြတ်မောင်း သွားသည်။ ကား၏ လေအဟုန်ဖြင့်ပင် လက်ကိုင်ပဝါကလေး သည် ချောက်ကမ်းပါးအောက်သို့ လွင့်စဉ်ကျသွားတော့သည်။ လက်ကိုင်ပဝါလေးကို လက်ဝယ်ရရှိဖို့ အခွင့်အရေး ရပါတော့ မလား။
သူ ချောက်ကမ်းပါးထိပ်သို့ လျင်မြန်စွာ ပြေးလိုက်သည်။ လက်ရန်းကိုကိုင်ရင်း ချောက်ကမ်းပါးအောက်သို့ ငုံ့ကြည့်လိုက်မိ သည်။ လေတိုးသံ တဝေါဝေါ မြည်နေသည်။ အပြာရောင်လက်ကိုင်ပဝါကလေးသည် မပျံသန်းတတ်သော ငှက်ကလေးတစ်ကောင်ပမာ တရွေ့ရွေ့ နိမ့်ဆင်းဝဲပျံကာ တောင်နံရံနှင့် တိုက်ကာရိုက်ကာ အောက်ခြေသို့ ကျဆင်းနေသည်။ ထို့နောက် မြင်ကွင်းထဲမှ ပျောက်သွားလေသည်။
သူ့ရင်ထဲမှာ ကွက်လပ်ကြီးတစ်ခုလို လစ်ဟာသွားခဲ့ရပြီ။ မြို့အပြင်ဘက် အဝေးပြေးလမ်းမဟာ ပုပ်သိုးနေသည့် နာကျင်ကြေကွဲဖွယ် စိတ္တဇအိပ်မက်တွေကို ပွေ့ပိုက်ရင်း အစာမျို ထားတဲ့ မြွေကြီးတစ်ကောင်လို တိတ်ဆိတ်ငြိမ်သက်နေလေရဲ့။
ပြီးပါပြီ