မြေစာ(စ/ဆုံး)
————-
” ဟ ကြာမယ် “” ညည်း လှေခပေးနိုင်မှ လှေပေါ်တက်”
” ဘယ့်နှယ့်ဗျာ•••အခေါက်ပေါင်းလည်း မရေတွက်နိုင်တော့ဘူး”
” တစ်ခေါက်မှလည်း လှေခ ရသယ်မရှိဘူး”
ကိုရင်သာဟန့်စကားကြောင့် လှေပေါ်တက်ဖို့ ပြင်နေတဲ့ မကြာမယ့်ခြေလှမ်းတွေ နောက်ကို တွန့်ဆုတ်သွားသည်။မြက်ထုံးတွေကဖြင့် လှေပေါ်တောင်ရောက်နေပြီ။ ကိုရင်သာဟန်ပြောတာလည်း ဟုတ်ပါရဲ့။
မကြာမယ်ကလည်း မကြာမယ်ပါပဲ။ ကိုရင်သာဟန့်
လှေကို ဘယ်နှခေါက်စီးစီး ကူးတို့ခရယ်လို့ ပေးတဲ့အခါက ခပ်ရှားရှားရယ်။ မပေးချင်လို့ မဟုတ်ပေမယ့် ငွေဆိုတာ ကြာမယ် မကိုင်ရတာများ ရှေးပေါ့။
” ကိုရင်သာဟန်ရယ် ကျုပ်က ကိုရင့်လှေ မစီးလို့ ဘယ်သူ့လှေ သွားစီးရမတုန်းတော့်။ ကူးတို့ခလည်း
ပေးနိုင်သဲ့အခါ ပေးမှာပါ။ ကျုပ် ကိုရင့်လှေကို အလကားစီးသာ မဟုတ်ပါဘူး”
မကြာမယ် ကိုရင်သာဟန့်ကို အပ်ကြောင်းထပ်နေတဲ့
လျှောက်လဲချက်တွေပဲ ပေးဖြစ်တယ်။ ဟုတ်လည်း
ဟုတ်ပါတယ်။ ကြာမယ် အလကားမစီးပေါင်။ ငွေကိုင်နိုင်တဲ့အခါ ပေးမှာပေါ့။ မြက်ရိတ်ခဆိုတာကလည်း
ဒေါ်တင်လှ ဆိုင်မှာ ဆန်လေးဆီလေး နဲ့ လဲရတာဆို
တော့ ကိုရင်သာဟန်ကြီးကိုပဲ ဆန်ရင်းနာနာဖွပ်
နေတော့တာပါပဲ။
” နောက်ကျအောင် မလုပ်စမ်းပါနဲ့ ကိုရင်ရယ်။
တင်မှာသာ တင်ခဲ့စမ်းပါ။ တကတည်းမှ။
မတင်သာလည်း မဟုတ်ဘဲနဲ့။
မခင်မြကလည်း စိတ်မရှည်နိုင်တော့သလို ဝင်ထောက်သည်။ ဟုတ်ပါရဲ့။ လှေပေါ်မှာ လူက စုံနေပြီ။
ကြာမယ် တစ်ယောက်ပဲ ကျန်တော့တာရယ်။ အိမ်ပြန်ရောက်ရင် လုပ်ရကိုင်ရ ချက်ရပြုတ်ရဦးမှာဆိုတော့
ပြန်ချင်ကြရော့မပေါ့။
သဖန်းရွာတစ်ရွာလုံးက ကုန်းတစ်ပိုင်း ကျွန်းတစ်ပိုင်း ရွာငယ်လေးပါ။ရွာအနောက်ဘက်က တောင်တန်းတွေကို အခြေပြုရင်း ၊ ဧရာဝတီမြစ်ကြီးရဲ့ နုန်းတင်မြေနုကျွန်းကို ခေါင်းအုံးလုပ်ပြီး တည်ထားတဲ့ ကျေးလက် ဇနပုဒ်လေးပေါ့။ တစ်ရွာလုံးဟာ ကိုင်းထဲ ကျွန်းထဲမှာပဲ
နွားနဲ့အပြိုင် ရုန်းကြရင်း အသက်မွေးဝမ်းကျောင်း
ပြုကြရတာလေ။
နွားရှိသူက နွားနဲ့ ရုန်းကြရသလို ၊ ကြာမယ်တို့လို
လယ်မဲ့ယာမဲ့တွေကတော့ နေထွက်က နေဝင်အထိ ကူလီလိုက်ရတာပေါ့။ ကူလီမခေါ်တဲ့အချိန်ဆိုရင်
မြက်ရိတ်ပြီး ရောင်းတာ။ ကြာမယ်က မြက်ရိတ်
လည်း ဖြစ်သလား မမေးနဲ့။ ဘုန်းကြီးတွေမှ
ဆွမ်းဘုန်း ချိန်မရောက်သေးဘူး။ မြက်လေးငါး
ခြောက်ထုံးကတော့ အသာလေး ရနေပေါ့။
အခုလည်း ကိုရင်သာဟန့်လှေပေါ်မှာ မြက်ခြောက်ထုံး
ရောက်နေပြီ။ မခင်မြနဲ့ မစိန်လှကလည်း လှေပေါ်
ရောက်နေပါ့။
” တက် တက် ••• ဗိုင်းတာမ”
” ကလေးနှစ်ယောက်ကို သနားလို့သာ ညည်းကို
နေ့တိုင်း အလကားတင်နေသာ။ ညည်းအလိုကတော့ ကျီးထိုးထိုး ခွေးစားစား ထားခဲ့သာ ကြာပေါ့”
ကိုင်း အဲလို ကိုရင်သာဟန်ရယ်။ဒါ ကိုရင်သာဟန့်ရဲ့ နေ့တိုင်း ဝတ္တရားမပျက်တဲ့ အ,မနာပ စကား။
ကြာမယ် ပြုံးသာ ပြုံးမိတော့တယ်။ ကိုရင်သာဟန့်
အကြောင်း ကြာမယ်သိတာပေါ့။ ပါးစပ်က အပေါက်ဆိုးလှပေမယ့် စိတ်ရင်းကောင်းကြီးပါ။ သူ့မိန်းမ
မခင်မ ကဆိုရင် ကြာမယ့်သမီးနဲ့ သား ဖြစ်တဲ့
ခင်ထွေး နဲ့ ငတောက်ကို အားကြီးချစ်တာရယ်။
ကိုရင်သာဟန်ကရော ဘာထူးလို့တုန်း။
ကလေးတွေ မလာရင်ကို
” ခင်မရေ•••ငတောက်ကို သွားခေါ်စမ်းဟာ။ ဒီကောင် ဒီနေ့ ငါ့အိမ်မလာသေးဘူး ” ဆိုပြီး အခေါ်ခိုင်းတာမျိုး။
ဒါလည်း မခင်မ က ပြန်ပြောပြလို့ ကြာမယ် သိရတာ။
ကြာမယ်လည်း လှေပေါ်ရောက်ရော ကိုရင်သာဟန်ကလည်း ရွက်စုံဖွင့် တက်ကုန်လွှင့်တော့တာပဲ။ ကြာမယ်တို့ရဲ့ သဖန်းရွာခေါင်းရင်းမှာ ကျွန်းပြင်ကြီးရယ်။
မြစ်ရေတက်ချိန်ဆို ကျွန်းပြင်တစ်ခုလုံး ရေတွေဖွေးလို့။
ရေကျသွားပြန်တော့ တာတူးထားကြတဲ့ မျက်စိတဆုံး ကျယ်ပြောလှတဲ့ တူးမြောင်းကြီးတွေထဲမှာ
ရေတင်ခဲ့တာပဲ။ တူးမြောင်းဆိုပေမယ့်လည်း ဝါးတစ်
ပြန်လောက်ကတော့ အသာကလေး နစ်တာရယ်။ အခုလည်း ကြာမယ်တို့ ဒီမြောင်းကြီးကို ဖြတ်ဖို့
ကိုရင်သာဟန့် လှေကို စီးရတာ မဟုတ်လား။
အခုတော့လည်း ကိုရင်သာဟန်က သူ မဟုတ်တော့ပါပဲ။ တက်မကြီးကို ဘယ်ညာလွှဲရင်း ဟန်ချက်ညီညီ
လှော်နေလိုက်တာများ တကယ့်ကို ရေလုပ်သားကြီး
တစ်ယောက်လိုပါပဲ။ရေဇလာပြင်ကြီးတစ်ခုလုံးက
လည်း ကိုရင်သာဟန့်ရဲ့ နေ့တိုင်းရွတ်ဆိုနေကျ
တေးသွားသံစဉ်တွေကို နားဆင်နေကြရပြီ။ လှိုင်းကြက်ခွပ်ကလေးတွေကလည်း ကိုရင့်ရဲ့ တေးသွားအလိုက် ကနေကြလေသလား ထင်ရသည်။ ကိုရင်သာဟန့်ရဲ့ အသံသြသြကြီးကလည်း ကျွန်းပြင်တစ်ခုလုံး ဟိန်းလို့။
” ရေဇလာ ၊ ခွေကာရစ်ပါတဲ့
ဧရာမြစ်ရဲ့ ၊ ကမ်းအခြေ။
စခန်းမြေ ၊ နန်းဗွေပန္နက်မှာလ
သဖန်းမြေ ၊ ကမ်းရေအထက်
ရပ်လျက် တည်နေ။
လွမ်းဖွယ်ပ ၊ သောင်ကမ်းခြေ
တောင်တန်းတွေ ၊ စီသွယ်တန်း။
ရိုင်းပင်း ၊ ထာဝစဉ်
ကိုင်းကျွန်း ၊ ယာပြင်နဲ့
အညာခွင် ၊ ဌာနေစခန်းကို
သဟာဆွေ ၊ ခါတစ်လေလှမ်းကာ(ကွယ်)
မြန်းလာ ကြစမ်း”
*********************************************
” အေမ့ •••”
” ကျုပ် ဘကြီးသာဟန့်အိမ် သွားမလို့”
” ဂျီးခင်မက မုန့်ပေါင်း ကျွေးမှာတဲ့”
ငတောက်ရဲ့ အသံကြောင့် ကြာမယ် မီးမှုတ်နေရာကနေ ခေါင်းထောင်ကြည့်လိုက်သည်။ ငတောက်ကဖြင့် ပြောသာပြောသွားတာ ကြာမယ့်ရဲ့ စကားပြန်ကိုပင်
မစောင့်။ ထွက်သွားပေါ့။
ကိုရင်သာဟန်နဲ့ မခင်မတို့လည်း သနားပါတယ်။ သားသမီးမထွန်းကားလေတော့ ခင်ထွေးနဲ့ ငတောက်ကိုပဲ သားသမီး လုပ်နေကြရတာ။ ကြာမယ့်ဒဏ်ရော ၊ ကလေးတွေဒဏ်ပါ ခံနေကြရရှာတာ။
ကလေးတွေကလည်း ကိုရင်သာဟန်တို့ကို
ခင်တွယ်ရှာသား။ ဒုတိယ အဖေနဲ့ အမေလိုပါပဲ။
ငတောက်ကဆို မခင်မထက် ကိုရင်သာဟန့်ကို ပိုစွဲတယ်။ လူလားမမြောက်ခင်ကတည်းက ဖတဆိုးလေးဖြစ်ခဲ့
လေတော့ ကိုရင်သာဟန့်ကိုပဲ အဖေလိုတစ်မျိုး ၊
ဘကြီးလို တဖုံ ချစ်ခင်ရှာတာ။
” အမေ့ ကျုပ်လည်း လိုက်သွားမယ်နော်”
” ဂျီးခင်မက ကျုပ်ရော ခေါ်ထားတာ”
ခင်ထွေးကပါ ကြာမယ့်အနားလာပြီး ပြောသည်။
“ဒေါက်”
ကြာမယ် ခင်ထွေးခေါင်းကို မီးပုလွေနဲ့ ခေါက်ထည့်
လိုက်သည်။ ပါးစပ်ကလည်း
” အမယ်လေး •••မယ်မင်းကြီးမရယ်”
” တစ်ယောက်ဆို တော်ရော့ပေါ့ဟဲ့”
” ဘယ်နှယောက်တောင် သွားပြီး ဒုက္ခ ပေးချင်ရသာတုန်း”
ကြာမယ်က ခင်ထွေးကို ခေါက်ခေါက် ပြောပြော
ဆူလိုက်တော့ ခင်ထွေးမျက်လုံးမှာ မျက်ရည်တွေ အဝဲသား။ နှုတ်ခမ်းကြီးကိုထော်ပြီး ဆောင့်အောင့် ထသွားတော့တာ။
ကြာမယ်လည်း စိတ်မကောင်းပေမယ့် ထိန်းသင့်တာ
တော့ ထိန်းရမယ်လေ။ ဟိုက သထာတယ်ဆိုပေမယ့်
ဒီက စည်းကမ်းမဲ့နေလို့တော့ မကောင်းလှဘူး။
အခွင့်အရေးယူလွန်းတယ်လို့ ငြိုငြင်သွားမှာလည်း စိုးတယ်။
ကလေးတွေကတော့ ကလေးပီပီ လက်သာရာမှာ
သွားချင် ၊ စားချင်ကြပေမယ့် စည်းကမ်းလေးတော့
လုပ်ထားရမှာပဲ။တစ်ဖက်က တွေးပြန်တော့လည်း
ကိုရင်သာဟန်တို့ မကြီးခင်မတို့ဆိုတာ အမျိုးရင်း
မဟုတ်ပေမယ့် ဆွေမဲ့မျိုးမဲ့ ကြာမယ့်အတွက်ကတော့
အစ်ကိုကြီး အစ်မကြီးတွေလိုပါပဲ။ ခင်ရာဆွေမျိုး မြိန်ရာ ဟင်းကောင်းတဲ့။ ကူကယ်ရာ မဲ့နေတဲ့ဘဝမှာ
ကောက်ရိုးတစ်ပင်ကလည်း အား ပါပဲ။
ကြာမယ် တွေးရင်း ထမိန်အောက်နားစကို ယူပြီး
ပါးပြင်က မျက်ရည်စတွေကို သုတ်လိုက်တယ်။
” တကတည်းတော်။ မီးကလည်း ခိုးလိုက်သာ။ မျက်ရည်တောင် ကျသယ်•••••”
*********************************************
” ခင်မ•••ခင်ထွေးကို သွားခေါ်စမ်းဟာ”
” မုန့်ပေါင်းတွေတောင် အေးကုန်တော့မယ်”
” ဒါ••• ဟို ဗိုင်းတာမ ကြာမယ်က မထည့်လိုက်သာပဲ
နေမှာ”
ကိုသာဟန် မနေသာတော့ပြီ။ ဖင်တကြွကြွ
လည်တရှည်ရှည်နဲ့။ ခင်ထွေးကို မျှော်နေလိုက်တာများ။
မခင်မက ကိုသာဟန့်ကို စလိုက်တယ်။
” ကိုယ့်မလဲတော်•••”
” ကိုယ့်သားသမီးတွေကျနေတာပဲ။ မျိုလို့ရော ကျရဲ့လား”
မခင်မ ကိုသာဟန့်ကို စလိုက်ရင်း ခင်ထွေးကို သွားခေါ်ဖို့ လုပ်နေတယ်။ လက်ကလည်း ပန်းကန်လုံးလေး
ကိုင်ထားတယ်။ ကြာမယ့်အတွက်ပါ မုန့်ပေါင်းထည့် ထားတာလေ။ ဒါကို ကိုသာဟန် မမြင်ပါဘူး။ မြင်ပြန်ရင်လည်း သူပဲ မသထာ(မသဒ္ဓါ)သလို ဗျစ်စိဗျစ်စိ
ပြောဦးမှာ။
” ခင်မ•••ဗိုင်းတာမ ကြာမယ့်အတွက်ကော ထည့်ယူသွားဦး။ ငါက ပေးခိုင်းလိုက်သာလို့ မပြောနဲ့”
” အဲ့ဒီဟာမ ကမ်းတက်လွန်းလို့”
” ငါ့ ကူးတို့ခတွေကို မနည်းတော့ဘူး”
” တောင်းရဦးမယ်”
ငတောက်ကတော့ ပလုပ်ပလောင်း စားလိုက်တာမှ
ပန်းကန်တောင် ဝါးစားတော့ မလားထင်ရသည်။
ကိုသာဟန်လည်း ပြောသာ ပြောရတယ်။ ကြာမယ်တ်ို့ သားအမိသုံးယောက်ကို သနားလှတယ်။ သူတို့ခမျာ ဆွေမရှိမျိုးမရှိ။ လင့်တစ်မျက်နှာ တစ်ရွာထင်ပြီး
သဖန်းရွာကို လိုက်လာသူကလေး။ ကိုယ့်နှမ အရင်း
လေးလိုပဲ ကရုဏာပိုရတယ်။ ခင်မကတော့ ဘာထူး
တုန်း။ ကြာမယ့်ကလေးတွေကိုဆိုရင် သဲသဲလှုပ်။
ကိုသာဟန် သိအောင်တစ်မျိုး၊ မသိအောင်တစ်ဖုံ ဆန်လေးပေးလိုက် ၊ ဆီလေးပေးလိုက်နဲ့ ပေးတတ်သေးတာ။ ကိုသာဟန်ကလည်း သိတာပါပဲ။ ဒါပေမယ့် ဘာများ ပြောခဲ့ဖူးတုန်း။ သိအောင်ပေးရင် နည်းနည်း
တော့ ဗျစ်လိုက်တာပဲ။ မသိအောင်ပေးလည်း မသိချင်ယောင်ပဲ ဆောင်နေလိုက်တာပဲလေ။
ဒါတောင် ဟိုဗိုင်းတာမက မာနခံချင်သေးတာ။
ပေးတိုင်းမယူ ကျွေးတိုင်းမစားဘူးဆိုတဲ့ မာနမျိုး
ထင်ပါရဲ့။ မရှိမာနများ တယ်ခက်သကိုး။
” ဘကြီးသာဟန်•••ကျုပ် တော်ပေါ့”
” မစားနိုင်တော့ဘူး ”
” တုံးချင်လိုက်သာ”
ငတောက်က ပြောတော့ ကိုသာဟန် ရယ်လိုက်ရတာ။
ဒီကောင် အီတော့တာ နေမှာ “တုံးချင်ပေါ့” တဲ့။
ငတောက်က တုံးချင်ပေါ့ဆိုတာ အိပ်ချင်ပြီလို့ ပြော
တာရယ်။ ငတောက်ငယ်ငယ်က ကိုသာဟန်တို့အိမ်မှာ
ဝက်တွေမွေးတော့ ခင်မက ဝက်တွေကို အိပ်ခိုင်းရင်
” တုံး တုံး ” လို့ ပြောတာကို အဲဒီကောင်ကအသေ
မှတ်ထားတာ။
” အိပ်စေဗျာ•••အိပ်စေ”
ကိုသာဟန် အိမ်ရှေ့ကိုကြည့်လိုက်တော့ ခင်မရဲ့ လက်ကိုဆွဲပြီးလိုက်လာတဲ့ ခင်ထွေးလေးကိုမြင်လိုက်တယ်။
အခုမှ ဟင်းချနိုင်တော့တယ်••••••••
*********************************************
” မခင်မ•••မခင်မ•••”
” လာစမ်းပါအုံးတော့်။ ကိုယ့်မလဲ”
” စကားမပြောရသာတောင် ကြာလှပေါ့”
မခင်မ ဆီဝယ်ပြန်လာရင်း မဝိုင်းခင်က ခေါ်တာနဲ့
ခဏဝင်လိုက်တယ်။ ဝင်ဝင်ချင်း မဝိုင်းခင်က
” ဘာတုန်း ကိုယ့်မလဲ ဝမ်းမနာသားသမီးတွေအတွက် လုံးပန်းနေရသာလား။ ကျုပ်ဆီ လာမလည်သာ
တောင် ကြာပေါ့”
” သြော် မဝိုင်းခင်ရယ်။ မဟုတ်ပါဘူးအေ။
ကျုပ်လည်း ဘယ်မှကို မထွက်ဖြစ်သာပါ။ ကြာမယ့်
ကလေးတွေကလည်း ဝမ်းမနာရပေမယ့် သားရင်း
သမီးရင်းတွေလိုပါပဲတော်”
မခင်မ ရှင်းပြလိုက်သည်။ မဝိုင်းခင်ကတော့ မဲ့လို့ ရွဲ့လို့။
” ငါကလည်း အဲသာပြောချင်တာ ခင်မရဲ့”
” ညည်းယောက်ျား သာဟန်ကို လွှတ်မထားနဲ့အုံး”
” ညည်းလည်း နားလေးဘာလေး စွင့်ထား ”
မခင်မ မျက်လုံးပြူးသွားရတယ်။
” ဘာများတုန်း မဝိုင်းခင်ရယ်။ကျုပ်က လွှတ်မထားလို့
ချည်တုပ်ထားရမလားတော့်။ နားကရော ဘာကို
စွင့်ရမတုန်း”
” ညည်း အဲသာခက်တာပေါ့ ခင်မရယ်။
ညည်းယောက်ျား သာဟန်က မုဆိုးမ ကြာမယ့်ကို
ကြိုက်နေသာတဲ့တော့်။ ညည်း မသိဘူးလား”
မဝိုင်းခင် စကားအဆုံးမှာ မခင်မ ဟယ် ခနဲ ဖြစ်ရတယ်။ ပြီးတော့ ထောင်းခနဲ ထလိုက်တယ်။
” မဝိုင်းခင်ရယ်•••တော့်မလဲ ပေါက်ကရတွေ ပြော
လိုက်သာတော်။ ကျုပ်တို့အသက်တွေကဖြင့် ငါးဆယ်စွန်း လို့ ခြောက်ဆယ်နားတောင် ကပ်နေပါပြီတော်”
” စကားက ပြောတိုင်း ကောင်းသာ မဟုတ်ဘူး။ ကျုပ်တို့ လင်မယားနှစ်ယောက်လုံးက ကြာမယ့်ကို ညီမလို တူမလို စောင့်ရှောက်ကြသာပါ”
” တော်လည်း ဒီအရွယ်ကြီးကျမှ ဝါဒ မဖြန့်ချင်ပါနဲ့
တော့တော်”
မခင်မ ထထွက်လာခဲ့တယ်။ ဒီအရွယ်ကြီးကျမှတော်။
စကားတွေကို မထိန်းမကွပ် ပြောလိုက်တဲ့ မဝိုင်းခင်။ ကိုသာဟန့်စိတ်ကို မခင်မ အသိဆုံးပါ။ ဒီလောက်
ပေါင်းဖက်ခဲ့ကြလို့ ရိုးမြေပဲ ကျကြတော့မှာကို။
မခင်မ ပြန်သာ လာခဲ့ရတယ်။ စိတ်ထဲမှာဖြင့် မဝိုင်းခင်ကို တနုံ့နုံ့ စိတ်ဆိုးနေတယ်။ မခင်မလည်း ကိုယ့်ကိုယ်ကိုယ် နားမလည်နိုင်တော့။တွေဝေနေမိတယ်။မယုံဘူးဆိုပေမယ့်လည်း စိတ်က မဝိုင်းခင်စကားတွေကိုသာ
ကြားနေမိတယ်။ စိတ်ဆိုးနေတာကိုက မသိစိတ်က ယုံချင်နေတာများလား။
စိတ်ထဲမှာတော့ အတွေးတွေက လွန်းပျံထိုးနေတယ်။
ယောက်ယက်ခတ်နေတယ်။ ယောက်ျားဆိုတာ
” ဖွဲတစ်ဆုပ်ကို မ,နိုင်သေးရင်တောင် ကိလေသာ
ထကြွတတ်သတဲ့” ။ မဝိုင်းခင်ပြောတာ ဟုတ်များ
ဟုတ်နေရော့သလား။ သဒ္ဓါလွန်ရာကနေများ
တဏှာကျွံ ကြတော့လေသလား။
” အို မဖြစ်နိုင်ပါဘူးလေ။ အသက်တွေတောင် ကြီးကြလှပေါ့ဟာကို”
*********************************************
” မသွားရဘူး”
” မင်းသွားရင် အရိုက်ခံရမယ် မှတ်ထား ”
ကြာမယ် ငတောက်ကို တားလိုက်သည်။
သူက ဂျီးခင်မ အိမ်ကို သွားချင်သတဲ့လေ။ ကြာမယ် နေ့တိုင်း တားနေရ၊ ခြောက်လှန့်နေရတယ်။
အလိုလိုကမှ ပတ်ဝန်းကျင်က ကိုရင်သာဟန်နဲ့
ကြာမယ့်ကို သမုတ်နေကြ၊ ယိုးမယ်ဖွဲ့နေကြတာကို။
ကြာမယ် ကလေးတွေကို ခွင့်မပြုနိုင်ဘူး။ မကြီးခင်မ
စိတ်ကွက်မှာကို ပိုပြီး မဖြစ်စေချင်ဘူး။
သူတို့ဟာ ကြာမယ်တို့မိသားစုရဲ့ ကျေးဇူးရှင်တွေပါ။
ကြာမယ် စိတ်နဲ့တောင် မပြစ်မှားပါဘူး။ ဖောက်ပြန်ဖို့
နေနေသာသာ စိတ်တောင် မကူးခဲ့မိပါဘူး။ ကိုရင်သာဟန်နဲ့ မကြီးခင်မကို အစ်ကို အစ်မတွေလို အားကိုး
ချစ်ခင်ခဲ့တာပါ။
ကြာမယ် မကြီးခင်မကို သွားပြီး ရှင်းပြချင်ပေမယ့်
မျက်နှာပူမိတယ်။ လက်မခံဘူး မယုံဘူးလို့ ပြောလိုက်မှာကိုလည်း ကြာမယ်ကြောက်လှသတော်။
မကြီးခင်မလို အရိုးခံကြီးကိုမှ သွေးထိုးရက်ကြပလေတယ်တော်။ ပတ်ဝန်းကျင်များ ကြောက်ဖို့ ကောင်း
လိုက်တာ။ လိုလျှင် သကာပျား ၊ မလိုလျှင် တမာခါး ဆိုတဲ့ ရှေးစကား မှန်လွန်းလှပါရဲ့။
ကြာမယ့်စိတ်တွေ လေးလိုက်တာ။ ဖြစ်နိုင်ရင်
ကလေးနှစ်ယောက်နဲ့အတူ ဒီရွာကနေ ဝေးရာကို
ထွက်ပြေးလိုက်ချင်စမ်းပါရဲ့။
ခင်ထွေးနဲ့ ငတောက်ကလေးကတော့ ဘာမှ မသိကြ
ပေမယ့် သူတို့ချစ်တဲ့ ဘကြီးသာဟန် နဲ့ ဂျီးခင်မ တို့
အိမ်ကို မသွားရလို့ စိတ်မကောင်း ဖြစ်နေကြပုံ ပေါ်ပါတယ်။
” သားနဲ့ သမီးရေ•••မင်းတို့တွေ ချစ်တဲ့
ဘကြီးသာဟန် နဲ့ ဂျီးခင်မတို့အိမ်ဟာ မင်းတို့အတွက် တဖြည်းဖြည်း ဝေးပြီထင်ပါရဲ့ကွယ် ”
*********************************************
” ဟို ဗိုင်းတာမ လှေပေါ် တက်တော့လေ”
” ဘာလုပ်နေသာတုန်း ”
ကြာမယ် မြောင်းစပ်မှာ တွေတွေကြီး ရပ်နေမိတယ်။
မြက်ထုံးတွေကလည်း များသည်။ အခါတိုင်း
ကိုစိန်ဝမ်းရဲ့ လှေကိုပဲ စီးဖြစ်နေတော့တာ။ ကိုရင်သာဟန့်လှေကို မစီးဖြစ်တာ ကြာပေါ့။ဒီနေ့မှ ကိုစိန်ဝမ်းရဲ့ လှေမထွက်တာနဲ့ ကြုံနေသည်။ လှေပေါ်မှာ မခင်မြနဲ့ မလုံးတင် တို့ကရောက်နေပြီ။
” ကြာမယ်ရယ်•••တက်စမ်းပါအေ ညည်းနှယ်”
” ဘယ်သူတွေ ဘာပြောပြော ညည်းတို့ရိုးသားတာ ငါတို့အသိဆုံးပါအေ့”
မလုံးတင်က ဝင်ပြောသည်။ မခင်မြကလည်း
” ဟုတ်ပါ့အေ ညည်းနှယ်”
” နေရာတိုင်းသာ ပတ်ဝန်းကျင်စကားကို ဂရုစိုက်နေ
ရရင် နေစရာကို ရှိမှာ မဟုတ်တော့ဘူး။
” ကိုယ်က ရိုးသားဖို့ လိုသာအေ့။ ညည်းတို့ မှန်သာ ငါတို့သိနေတာပဲ”
” မကြီးခင်မကို ငါတို့လည်းသွားပြောမယ်။
ညည်းလည်း သွားရှင်းပြ။ ”
” မကြီးခင်မက အရိုးကြီးပါအေ။ စိတ်ထဲ ရှိမှာတောင် မဟုတ်ဘူး။ ညည်းသာ ပတ်ဝန်းကျင်စကားကို
နားယောင်နေသာ။ အခု လှေပေါ်တက်တော့”
ကြာမယ် မခင်မြနဲ့ မလုံးတင်ကို ကျေးဇူးတင်လိုက်တာ။ အမှန်တရားဘက်မှာ ရပ်တည်ပေးသူလည်း ရှိပါသေးရဲ့လားလို့ အားတက်ရပါတယ်။
” ကြာမယ် ငါ့နှမ•••”
” ညည်း သေချာနားထောင် ”
” အဲလိုသာ ပတ်ဝန်းကျင်ရဲ့ စကားကို နားထောင်နေ
ရင် ညည်းတို့သားအမိတွေနဲ့ ငါ့တို့မိသားစုနဲ့ ပိုဝေးကြရုံပဲ
ရှိတော့တယ်”
” ငါ့တို့အိမ်ကိုလည်း ကလေးတွေ မလွှတ်တာ ကြာပေါ့”
” ခင်မကဖြင့် ကလေးတွေ မလာလို့ တငိုငို တရီရီ ဖြစ်နေသာ။ သွားခေါ်မယ် တကဲကဲ လုပ်နေသာ”
” ငါ တမင် တားထားသာရယ်။ ညည်း ငါတို့ စေတနာ
တွေကို နားလည်လာတဲ့နေ့ကျရင် အလိုလို လာမှာပဲလို့ ငါထင်ထားသာ ”
ကြာမယ် မျက်ရည်တွေ ကျရပြီ။
” ကျေးဇူးရှင်တွေကို မာနခံနေတာ မဟုတ်ပါဘူး
ကိုရင်ရယ်။ ကျုပ် လာပြီး ရှင်းပြချင်သာပေါ့တော်”
” မကြီးခင်မ ကသာ မယုံရင်ဆိုပြီး ကျုပ် ကြောက်နေခဲ့သာပါတော့် ”
ကြာမယ် ပြောလည်းပြော။ ငိုလည်းငိုမိပြီ။
” ကိုရင်တို့ ကျေးဇူးတွေကို မမေ့ပါဘူးတော်။
အားလည်း ကိုးပါသတော့်”
ကြာမယ် မြောင်းစပ်မှာပဲ ကိုရင်သာဟန့်ကို ထိုင်ကန်
တော့ လိုက်တယ်။ မခင်မြ နဲ့ မလုံးတင်တို့ကလည်း
ကိုရင်သာဟန်နဲ့ ကြာမယ့်ကို ကြည့်ပြီး တရှုံ့ရှုံ့။
” ကိုင်း ကိုင်း ငါ့နှမ ”
” ညည်း မြက်ထုံးတွေ လှေပေါ်တင်တော့။
ကလေးတွေလည်း မျှော်နေကြရော့ပေါ့”
ကိုရင်သာဟန့် စကားအဆုံးမှာ ကြာမယ် မြက်ထုံး
တွေကို လှေပေါ်တင်တော့သည်။ ကြာမယ့် စိတ်တွေ
ကြည်လင်သွားခဲ့ပြီ။ လငပုပ်ဖမ်းရာက လွတ်မြောက်သွားတဲ့ စန္ဒာလမင်းကြီးလို ဝင်းပ သွားပြီလေ။
အိမ်ရောက်မှ မကြီးခင်မကို ရှင်းပြရင်း ကန်တော့ရဦးမယ်။ကြာမယ် မြက်ထုံးငါးထုံးကို လှေပေါ်တင်လိုက်သည်။ ခြောက်ထုံးမြောက်ကိုတော့ ကြာမယ့်လက်က ပွေ့ရင်းလှေဘောင်ပေါ်ကို ခြေလှမ်းတက်လိုက်တယ်။
ကြာမယ် သတိထားရတယ်။ မြောင်းစပ်ဆိုပေမယ့် တူးမြောင်းဆိုတော့ ရေစပ်ကအစ အနက်ကြီးရယ်။
အဲဒီအခိုက်မှာပဲ အတားအဆီးမဲ့တဲ့ ကွင်းလေကြမ်း တစ်ချက် ဆောင့်ခနဲ တိုက်ချလိုက်တယ်။
” ဝုန္း ”
” ဟာ ကြာမယ် ငါ့နှမ ”
” ကြာမယ် ”
ကိုရင်သာဟန်နဲ့ မခင်မြတို့ မလုံးတင်တို့ အသံတွေ
ဆူညံသွားတယ်။
ကြာမယ် မြက်ထုံးကြီးကို လှမ်းဆွဲလိုက်တယ်။ မမိပါဘူး။ မွန်းလိုက်တာ။ ကြာမယ် မွန်းလိုက်သာတော်။
ကိုရင်သာဟန်က လှော်တက်ကြီး ထိုးပေးနေပေမယ့် ကြာမယ် မဆွဲလိုက်နိုင်ဘူး။
” ကယ်ကြပါဦး။ ကိုရင် သာဟန်••••”
” မလုံးတင် ••••••မခင်မြ•••••”
” လုပ်ကြပါဦး”
” ကြည့်နေကြတော့မှာလားတော် ”
ကြာမယ် အော်သည်။ အသံမထွက်ပါဘူး။ ပါးစပ်ထဲကို
ရေတွေဝင်သည်။ ကြာမယ် မောလိုက်သာ။
ရေသေမြောင်းကြီးထဲမှာ ကြာမယ် လှုပ်လေ မြုပ်လေ။ ကြာမယ် ဟိုးအောက်ခြေအဆုံးကို ရေမြောင်း
ကြီးရဲ့ ကြမ်းပြင်အထိ ရောက်သွားပြီ။
ကြာမယ် သိနေတယ်။ ဒါပေမယ့် ကြာမယ် မသိတော့ပါဘူး။
” ကိုရင်သာဟန် မဆင်းနဲ့”
” နှစ်ယောက်လုံး ဒုက္ခရောက်မယ်”
” ရေမြောင်းက အနက်ကြီးရယ် ”
လုံးတင်နဲ့ ခင်မြက ဝိုင်းတားသည်။ အသက် ခြောက်ဆယ်နားနီးနေတဲ့ အဖိုးကြီးက ဘာများတတ်နိုင်မှာတဲ့လဲ။ ဝါးတစ်ထောက်စာနစ်တဲ့ မြောင်းကြီးထဲမှာ ဘယ်လောက်များ နစ်ငုပ်နိုင်မတဲ့လဲ။
” ရင်နာလိုက်သာ ငါ့နှမရယ်”
” သေလူကို စောင့်ကြည့်နေလိုက်ရတဲ့ အဖြစ်ဟာ
ဘယ်လောက်များ ရင်နာစရာ ကောင်းလိုက်
သတုန်းကွယ်”
********************************************
“နောင်••••••”
” ဒူ•••••••••”
ကြေးစည်သံတွေ မောင်းသံတွေ။ မကြားချင်ပေမယ့်
ကြားခဲ့ကြ ရတယ်။ နားပိတ်ထားလို့တောင် နှလုံးသား ထဲမှာ လွင့်ပြန့်နေလေပြီ။
လမ်းတစ်လျှောက်လုံးမှာလည်း တစက်စက်ကျထားတဲ့ ရေစက်တန်းလေးက စိုစွတ်နေဆဲ။ ဒီရေစက်တန်းလေးက တစပြင်ရဲ့ မြေပုံမို့မို့လေးပေါ်မှာ အဆုံးသတ်သွားတယ်။
လူ့တစ်ရပ်စာရှိတဲ့ မြေစာပုံပေါ်မှာ တိုင်ထောင်ပြီး
ချိတ်ထားတဲ့ ရေဘူးလေး တစ်ဘူး။ သံတစ်ချောင်း
ရိုက်စာ ဖောက်ထားတဲ့ အပေါက်ကလေးကနေ
ရေတွေက မြေပုံပေါ်ကို တစ်စက်ချင်း ကျနေတယ်။
” ငါ့ နှမရေ•••ဘဝဆက်တိုင်း ရေဘေးက ကင်းလွတ်
စေဖို့ ကိုရင် ရေစက်ချပေးပါတယ်ကွယ်”
ကိုရင်သာဟန် မျက်ရည်တွေကို မတားနိုင်တော့ပါဘူး။
မြင်လျက်နဲ့ ကြည့်နေလိုက်ရတဲ့ အဖြစ်ဟာ မျက်လုံးထဲက ဖျောက်လို့ ရနိုင်တော့မယ် မထင်ဘူး။
” ငါ့ညမရေ•••ညည်း စိတ်ချစမ်းပါအေ”
” ညည်းသားနဲ့ သမီးကို မကြီးခင်မ တစ်သက်လုံး
စောင့်ရှောက်သွားပါ့မယ်အေ့”
” ညည်းနဲ့ လမ်းခွဲရပုံက ခံရခက်လှသအေ ”
” နှုတ်ဆက်ချိန်မရလိုက်အောင် ဝေးကွာသွားကြတဲ့
ဆက်ဆံရေးကြောင့် မကြီးခင်မ ယူကြုံးမရ
ဖြစ်ရပါသအေ့”
အရာအားလုံးဟာ တိတ်ဆိတ်နေတယ်။ တစပြင်ကြီးတစ်ခုလုံးမှာ သက်ရှိလူသားရယ်လို့ ခြောက်ယောက်ပဲ
ရှိတော့တယ်။
” ကိုရင်သာဟန်•••မကြီးခင်မ•••”
” ပြန်ကြရအောင် ”
မလုံးတင်နဲ့ မခင်မြက တိတ်ဆိတ်မှုကို ဖြိုခွင်းရင်း ပြန်ဖို့ ခေါ်လိုက်သည်။ လူကြီးလေးယောက်ဟာ ကလေး
နှစ်ယောက်ရဲ့ လက်ကို ဆွဲရင်း မြေပုံလေးကို
ကျောခိုင်းခဲ့ကြပြီ။ ထွက်ခွာခဲ့ကြပြီ။ ကျန်ရစ်ခဲ့လေပြီ။
မြေပုံမို့မို့လေးထက်က ရေဘူးလေးကတော့
ရေတစက်စက် ကျနေဆဲ••••••
ကျောခိုင်းထွက်ခွာလာကြတဲ့ သူတွေရဲ့
ပါးပြင်မှာလည်း••••••••
လင်းရောင်နီ(စဘေ)
12th Jan , 2020