#ဆင်ဖြူကျွန်းအောင်သိန်း
(မြေအောက်မုဆိုး)
ဟိုးအဝေးမှ တုံးကြီးခေါက်သံထွက်ပေါ်လာသည်။ အမေနိုးမည်စိုး၍ ခြေဖော့နင်းကာ အိမ်ပေါ်မှဆင်းခဲ့ပြီးမှ နွားစာရေနှင့် အေးဆောင်မျက်နှာသစ်သည်။ ခါတိုင်းမျက်နှာသစ်နေကျအိုးမှာ မီးဖိုထဲတွင်ရှိ၏ ။
ထိုနေရာသို့ အေးဆောင်၏အိပ်ရာနေရာမှ ထသွားလျှင် အသွားအပြန်ဆယ်လှမ်းခန့်ဝေးသည်။
အိမ်တွင်ခင်းထားသော ဝါးကြမ်းတွေကဆွေးနေပြီး အကွပ်ခပ်များများလည်း ပြုတ်နေပြီး သည်အခြေအနေနှင့် ဆယ်လှမ်းလှမ်းလျှင် မည်မျှပင်ခြေချ
ညင်သာငြား အမေနိုးလိမ့်မည်။
သို့ကြောင့် အေးဆောင်သည် အိမ်ပေါ်မှအရအမိ
ဆင်း၏ ။နွားစာခွက်ထဲထည့်ရန် အသင့်ခပ်ထားသော ဘဲဥအိုးထဲမှ ရေဖြင့်မျက်နှာသစ်ကာ
ခါးမှပုဆိုးဖြင့် မျက်နှာသုတ်၏ ။ အေးဆောင်သည် မျက်နှာသုတ်လျှက်တန်းလန်းဖြင့်ပင် နွားတင်းကုပ် အစပ်သို့ဝင်ခဲ့၏၊
ခိုင်းနွားကြီးနှစ်ကောင်သည် ငြိမ်သက်စွာရပ်၍ စားမြုံ့ပြန်နေကြသည်။ နွားတွေကို သူမကြည့်အား
ယာပြင်သို့ အချိန်မီရောက်ရန် စိတ်စောနေသည်။ လက်ခံဒေါင့်တိုင်တွင်ချိတ်ထားသော လွယ်အိတ်ကို ဖြုတ်၍လွယ်ကာ၊ ထုတ်တန်းတွင်ထိုးထားသော
သုံးခွမှိန်းနှင့် တံစက်မြိတ်တွင်ညှပ်ထားသော ဓားမတိုကိုယူ၍ တဲထဲမှထွက်ခဲ့သည်။
ထိုအခါကျမှ ခေါင်းကို တံစက်မြိတ်နှင့်ထိုးမိသည့်
အတွက် ခေါင်းမှာအဆောင်းအအုပ်မပါသေးပါ
ကလားသတိရသည်။ ထို့ကြောင့် နှမ်းဖတ်စိမ်ထားသောအိုးဖက်သို့ လှမ်းလိုက်သည်။ နှမ်းဖတ်စိမ်သော အိုးကို ခမောက်ဖြင့်အုပ်မြဲဖြစ်ငြား ယနေ့မရှိ။
ထန်းပလတ်ကပ်ပြား ဖုံးထားသည့်အတွက်
ကြပြင်တွင်လှမ်းထားသော ပုဆိုးစုတ်တစ်ထည်ကို ဆွဲယူခဲ့သည်။
လမ်းလျှောက်ရင်း ခေါင်းပေါင်းလိုက်သည်။ အရှေ့ဘက် တံတိုင်းမည်းကြီးတွင် အာရုဏ်ရိပ် အစင်းအစက်များ ထင်စသာရှိသေး၏ ။ ကျီးကန်းများပင် မနိုးသေး။ သို့ဖြစ်ငြား လှုပ်ရှားမိသည်ဆိုရုံဖြင့်
အေးဆောင် ချွေးပြန်လာ၏ ။
ဝိုးတဝါး မြင်ကွင်း အတိုင်း အေးဆောင် လျှောက်လာသည်။ လျှောက် နေကျလမ်းမို့ ရွာပြင်သို့ သွက်သွက်လှမ်းလာနိုင်သည်။ ဖိုးအုပ်ကျော်ယာစပ်အရောက် တွင် လင်းရောင်ပြေးလာပြီး၊ လှည်းလမ်းကိုပင် ရေးရေးမြင်ရပြီး၊ လွယ်အိတ်ထဲမှ ပြောင် ဖူးဖက်ဆေးလိပ်ထုတ်ကာ မီးညှိယင်း အေးဆောင် ချိန်ဆသည်။
တောင်ဖက်သွားရကောင်းနိုး၊ မြောက်ဖက် သွားရကောင်းနှိုး၊ ယမန်နေ့က သူလိုက်လံလေ့လာထားခဲ့သော “ပွေးစုံ့” များကို ပြန်လည်စီစစ်လိုက်သည်။
တောင်ဖက်တွင် နံနက်ပွေးသုံးကောင်နှင့်
မွှန်းတည့်ပွေးလေးကောင်။
မြောက်ဖက်တွင် နံနက်ပွေးနှစ်ကောင်နှင့်
မွန်းတည့်ပွေး နှစ်ကောင်သာ
သို့ဆိုလျှင် အေးဆောင်သွားရမည့်လမ်းသည်
တောင်ဖက်လမ်းခွဲဖြစ်ရမည်။ လူကလည်း
တောင်ဖက်လမ်းခွဲသို့ ခြေလှမ်းပြင်မိပြီးပြီ။
သို့တစေ ခြေတစ်လှမ်းပင်မလှမ်းရသေး
ခြေတစ်ဖက်ကြွခါစတွင်ပင် အေးဆောင်၏
ခေါင်းထဲသို့ မြသွယ်ဝင်ရောက်လာသည့်အတွက် ဟန်ချက်ပျက်သွားသည်။
တစ်ဆက်တည်းပင် မြသွယ်၏ စူနေသော နှုတ်ခမ်းခဲထားသော မျက်လုံးအစုံကိုမြင်လာသောအခါ လက်ကနဲ့တစ်ချက်ပြုံးရင်း မြောက်ဖက်လမ်းခွဲသို့ ခြေဦးလှည့်လိုက်လေတော့၏ ။
ပွေးကောင်ရေနည်းသော်ငြား၊ အေးဆောင်
မြောက်ဘက်လမ်းခွဲကို ရွေးချယ်ရခြင်းမှာ
မြသွယ်ကြောင့်ဖြစ်သည်။ မြသွယ်မျက်နှာကြော တင်းနေသောကြောင့်ဆိုက ပို၍မှန်မည်။
မျက်နှာမရ ခြေကျောက်ရ
“ဟား ငါ့လခွေးမှပဲကွာ”
မြသွယ်၏အဖေဦးသက်မှာ စကားတစ်လုံးမှ
မပြောရသေးမီ အတိုင်းအထွာအဆဲအရေးကလေး
နှင့် ချီရမှ ရင်ချောင်သူဖြစ်သည်။ အဆဲကလေး ရှေ့ကမခံရလျှင်လည်း စကားမပြောတတ်။
“ဘာဖြစ်လို့လဲအရီး”
ဆဲပြီဆိုလျှင် တစ်ခုခုပြောတော့မည်ကို သိလိုက်သဖြင့် အေးဆောင်ကလမ်းခင်းပေးခြင်းဖြစ်သည်။
“မိုးမရွာလို့ ပဲပင်တွေသေကုန်မလား
သေကုန်တော့မလား ရင်မနေရတာကတစ်ဖက်
ပွေးက တစ်မှောင့် “
ယာခင်းများသည် တမျှော်တခေါ်ကြီးဖြစ်၏။
အချို့ယာများသည် ရှားစောင်းပင်များဖြင့် အကျအနခြံကာထားစေကာမူ အချို့ယာများမှု ဂျီ(ချေ)စည်းသာသာ ဆူးခက်များဝန်းအုံထားကြ၏
ကိစ္စရှိ၍ တစ်ဦးနှင့်တစ်ဦးစကားပြောချင်လျှင် ကျယ်ဝန်းသောယာခင်းကြီးကိုဖြတ်သန်းနေရသည်
ကပင် တမေ့တမောကြီး
ယနေ့မူ ယာနီးချင်း အေးဆောင်နှင့်ဦးသက်တို့
မပင်ပန်းရဘဲ ယာခရိုးစပ်တွင် ဆုံမိကြခြင်းဖြစ်၏။ အေးဆောင်မှာ’ငါ့လခွေး’ သံကြားကတည်းက
ဦးသက်မှန်း သိသည့်အတွက် မော့ကြည့်ကာ
အလိုက်သင့်မေးပြီးနောက် ဦးသက်တို့ယာဘက်သို့ မျှော်ကြည့်မိသည်။
ပွေးစုံ့တွေ။ပွေးစုံ့တွေသည် အေးဆောင်တို့ယာခင်းထဲနည်းတူ ဦးသက်၏ယာခင်းတွင်လည်း စီရီနေ၏ ပွေးသည် မြေအောက်ရန်သူဖြစ်၏။ ယာခင်းအနှံ့ မြေအောက်လမ်းများဖောက်သည်။ စိုက်ပင်
ပျိုးပင်တွေ ကောင်းသည်ဆိုကာ အရိပ်တကြည့်
ကြည့်ရှိနေစဉ် အပင်များကို မြေအောက်သို့သယ်ယူသွား၏။ ဝေဝေဆာဆာပွင့်ပြီ သီးပြီဆိုလျှင်
သူရောက်လာပြီ။ အခင်းကြားတွင် ပွေးစုံ့မြေပုံတွေထိုးကာ အပင်တွေကို ကိုက်ဖြတ်ယူငင်
သွားတော့သည်။
ပွေးသည် တစ်တောင် တစ်လွှာ မြေပဲ၊ နှစ်တောင် သုံးတောင် နှမ်း၊ တစ်လန်နှစ်လန် ဂျုံနှင့် ပြောင်းမဆိုထားဘိ နှစ်ရှည်စားပင်ကြီးတွေပါ သတ်ပစ်နိုင်စွမ်းရှိ၏ ။ ကျေးငှက်တသောသောနှင့် အရိပ်အာဝါသ ကောင်းလှသော သစ်ပင်ကြီးဖြစ်သော်ငြား
ရေသောက်မြစ်ကို ပွေးစားပြီဆိုက သုံးလေးရက်
အတွင်း ညှိုးခြောက်ကာ အနိစ္စသဘောနှင့်
ကိစ္စချောရတော့သည်။
ယခု သည်ပွေးသည် ဦးသက်၏ မြေပဲခင်းကိုမွှေပြီ။ တစ်ညလက်တစ်ဆုပ် ကိုက်ချီသွားသည်ထား၊ ပဲပင်
လက်တစ်ဆုပ်သည် မိုး လေ မှန်ပါက မြေပဲတစ်ခွဲ
ထက် မအောက်။ တစ်ညကို မြေပဲတစ်ခွဲနှုန်း
ဆုံးရှုံးပါက တစ်လဆယ့်ငါးတင်း
ယာသမားရင်ထုရ ချေပြီ။
“ကျုပ်ထဲမလဲ ပွေးစုံ့တွေရောက်လာလို့
ဘာလုပ်ရမလဲ စဉ်းစားနေတာဗျ။
ဂိုင်းနဲ့ထောင်ရ ကောင်းမလားလို့”
အေးဆောင်ထရပ်သည်၊ မီးသေနေသော သူ့ဆေးလိပ်ကို အခေါင်းသိပ်လိုက်ကာ ဦးသက်ဆေးလိပ်မှ
မီးကူးနေသည်။
“ဂိုင်းထောင်တာ မဟန်ပါဘူးကွာ၊ ပွေးကို သွားသတိပေးသလို ဖြစ်သွားမှာပေါ့”
ပွေးသည် အရွယ်အားဖြင့် လက်သီးနှစ်ဆုပ်စာမျှသာရှိငြား၊ မျက်စိအမြင်အား မကောင်းသောအကောင်
ဖြစ်ငြား ဉာဏ်များလှ၏။
ပွေးစုံ့တွေ တောင်ဘက်တွင်ပြပြီး မြောက်ဘက်လာပြီး ခိုလား ခိုနေ၏။ အစုံ့တွေ လိုဏ်ခေါင်းတွေ ထင်ရှားပြပြီးမှ လမ်းဖျောက်ပစ်ကာ သီးခင်း အလယ်တွင် ပုန်းနေတတ်၏ ။
သို့ကြောင့် ပွေးဉာဏ်မကူစေရန် ဦးသက်က
သတိပေးခြင်းဖြစ်သည်။
“ဒါဖြင့် အရီးနဲ့ ကျုပ်နဲ့ နှစ်ဖက်ညှပ်ပီး လိုက်ရရင် မကောင်းဘူးလား။ နှစ်ဖက်ညှပ်ရင် ဒီကောင် ဘယ်ပြေးမလဲဗျ”
သို့လျှင် နှစ်ဖက်ညှပ်ပြီးလိုက်ပါက ပွေးကလည်း တစ်ကောင်တည်းဖြစ်ဘလမ်းကြောင်းကလည်း တစ်ခုတည်းသာရှိပါကမူ ပွေးသည် ထိတ်လန့်
ကြောက်ရွံ့လာကာ မြေပေါ်သို့ သွေးရူးသွေးတန်း ပြေးထွက်လာတတ်၏ ။ ထိုအခါ အမြင်အာရုံ
ညံ့ဖျင်းသောပွေးမှာ သမင်ချိုရှက် ပွေးတွင်းထွက် ဆိုစကားအတိုင်း သေရန်မှတစ်ပါး အခြားလမ်းမရှိတော့ချေ။ ဤသဘောကို ၄-၅ နှစ်သားမှစပြီး
ပွေးလိုက်ခဲ့သော အေးဆောင်သိသလို ယာလုပ်သက် နှစ်ပေါင်း ၄၀ ကျော်နေပြီဖြစ်သော ဦးသက်လည်းသိ၏။ ဦးသက်လည်း ချက်ချင်းအဖြေမပေး။
အေးဆောင်တို့ ခရိုးဘက် ‘ကဲ’ကြည့် လိုက်သေး၏ ။
“ငါ့လခွေး မင့်ဖက်ကပွေးစုံ့က အကောင်ငယ်လေးပဲကွ “
“အဲဒါကြောင့် ညှပ်လိုက်ရအောင်ပြောတာပေါ့
အရီးရ၊ အရီးဘက်က ပွေးက အဖေနဲ့အမေ
ကျုပ်ဘက်က ပွေးက သားသမီး”
“ဟာ ဟုတ်တယ်ဟေ့”
ဦးသက် သဘောကျသွား၏ ။ သူတို့သည် လုပ်လက်စအလုပ်များကိုချကာ ချက်ချင်းပင် ပွေးစတင် လိုက်ကြ တော့သည်။ ပွေးလိုက်သည်ဆိုခြင်းမှာ ပွေးတွင်းလိုဏ်ခေါင်းတစ်လျှောက် တူးဖော်ခြင်းဖြစ်၏ ။
သို့ဖြင့် ဦးသက်က သူ့ပဲခင်းအလယ်မှစတင်၍
တူရွင်းဖြင့် တူးသလို အေးဆောင်လည်းပွေးစုံ့ဆုံးရာ ရှားစောင်းမြင်းနားပင်နားမှ စတင်တူးဖော်လေသည်။
အေးဆောင် စတင်တူးသောပွေးစုံ့မှာ မြောက်ဖက်သို့ ဆက်မသွားချေ။ ထိုပွေးစုံ့၏ တောင်ဖက်တွင်မူ ဆယ်ကိုက်လျှင် ပွေးစုံ့တစ်ခုကျလောက်
ရှိနေပေသည်။ အေးဆောင်သည် သုံးလေးချက်တူးပြီးနောက် ပွေးစုံ့သုံးလေးခုလွန်မြောက်အောင်ပြေးသွား၏ ။ ပွေးစုံ့မြေစာများကိုဖယ်ပစ်ကာ တအားတူးသည်။ တစ်ချက်တူးရုံဖြင့် ပွေးတွင်းပေါ်လာ၏။ ချောမွေ့ သော လိုဏ်ခေါင်းကလေး။
သည်လိုဏ်ခေါင်းအတိုင်း မြောက်ဖက်သို့ လိုက်တူးသည်။ အေးဆောင်နောက်တွင် မြေစာများပြန့်ကြဲနေသော တူးမြောင်းကလေးဖြစ်ကျန်ခဲ့၏ ။
ပွေးသည် အလွန်နားပါး၏ ။ ကိုက်နှစ်ရာခန့် အကွာအဝေးမှလာနေသော လူ့ခြေသံကို ကောင်းကောင်းသိ၏ ။ သို့လျှင် သိပင်သိငြား သည်ပွေးစုံ့ရှင် ပွေးမှာ ပွေးလားမမြောက်သေးသောပွေး။ အဌာရဿပညာများ မစုံသေး။ သို့ကြောင့် နောက်ဆုံးပွေးစုံ့အောက်
တွင် ငြိမ်သက်နေချင်နေမည်။ ရှေ့ဆက်ပြီး တူးမြဲတူးနေကောင်းနေမည်တွက်ကာ ပြေးလမ်းပိတ်ရန် အတွက် ပွေးစုံ့သုံးလေးခုကျော်မှ ကျော်၍
လမ်းဖျက်ထားခြင်းဖြစ်၏ ။
ထနောင်းပင်ကိုင်းကြားမှချိုးကူသံသည် ဆွတ်ပျံ့
ဘွယ်မြူးလွင့်လာ၏။ အေးဆောင် မော့ကြည့်၏
ဆွမ်းခံဝင်ချိန်လောက်ရှိပြီ။စောသည် ခေါ်နိုင်သေးသော အချိန်ပေမင့် နေကပူလှသည်။
အေးဆောင်တစ်ကိုယ်လုံးတွင် ရေချိုးထားသည့်
နှယ် ချွေးများရွှဲနေပြီ။ ရေရှာသော ပျားများသည် အေးဆောင်အပေါ်နားပြီး ချွေးသောက်ကြ၏ ။ ကောင်းကောင်းသောက်သူလည်းရှိ၊ တုပ်သွားသော ပျားလည်းရှိ၏ ။ သို့သော် ပျားကို အေးဆောင် ဂရုမထားနိုင်ချေ။ ပွေးတွင်းကို မဲပြီးတူး၏ ။ အိမ်မှ ထွက်လာကတည်းက ဘာမျှမစားခဲ့ရ။ ယာထဲသို့
လည်း အမေ့အား ထမင်းပို့ရန် မမှာခဲ့မိ။ ကိစ္စပြီး၍
အိမ်ပြန်ရောက်မှသာ စားရမည်။
တစ်ဖာလုံခန့် တူးမိသောအခါ ပွေးလမ်းဆုံးသွား၏ ပွေးမရှိချေ။ ထိုအခါကျမှ အေးဆောင် ချွေးသုတ်
ရန်သတိရသည်။ လက်တစ်ဖက်က တူရွင်းဆွဲလျှက်
လက်တစ်ဖက်မှ ပုဆိုးဖြင့်မျက်နှာသုတ်လျက် ဆက်တူးမည့်နေရာသို့ ရွှေ့ခဲ့၏ ။
‘အေးဆောင်ရေ အရေးထဲမှာအရာပေါ်လာပြီဟေ့
ငါလခွမ်း’
ဦးသက် အသံလာရာသို့ အေးဆောင် လှမ်းကြည့်လိုက်သည်။ မောသမျှ ပန်းသမျှတို့ ရုတ်ချည်း
ကွယ်သွားသည်ထင်၏ ။ ဦးသက် ကျောဖက်တွင်
ရို့ရို့ကလေးရပ်နေသော မြသွယ်ကို မြင်လိုက်ရသောကြောင့်ပင်။
“ဘာကိစ္စတဲ့လဲ အရီး”
မြသွယ်တို့သားအဖအနီးသို့ အေးဆောင်
လျှောက်လာခဲ့သည်။
“ဆီကိစ္စပေါ့ကွာ။ ကိုင်း ငါ့ထမင်းထုပ်ကိုတော့ မင်းပဲယူထားလိုက်တော့ကွာ၊ ပွေးလဲ မင်းပဲ ဆက်လိုက်လိုက်ပေါ့။ လုံမ ဟိုဘက်ခရိုးစပ်မှာ အဘရှာထားတဲ့ ဂဇောင်းခါးတွေရှိတယ်။ အဘ သွားနှင့်မယ်”
ဦးသက်သည်မြသွယ်ကိုတစ်ဆက်တည်း ပြောအပြီး
ခမောက်ဆွဲကာ ထွက်သွားတော့သည်။ ဦးသက် ခြေဆယ်လှမ်းခန့် လှမ်းမိချိန်တွင် အေးဆောင်က
ဟီးကနဲရယ်လိုက်သည်။
‘ဘာဟီးလဲ သေနာကြီး’
ပါးစပ်ကသေနာကြီးဆိုငြားလည်း မြသွယ်မျက်နှာက ပြုံးနေသည်။ မျက်လုံးကလေးတွေက ကြည်နေသည်။ အေးဆောင် မြတ်နိုးရသောအပြုံး။
“မတွေ့သေးဘူး ဟောက်တာက အရင်ကိုးဟ”
အေးဆောင် ပြုံးပြုံးကြီး ပြောလိုက်လျှင် မြသွယ်
သူ့အဖေကို တစ်ချက် မျှော်ကြည့်၏ ။
ဦးသက်ကား တစ်ချက်မှ ပြန်စောင်းမကြည့်။
တောနာနတ်ပင်များ ဝဲယာ ညှပ်ထားသော
လမ်းကွေ့ထဲသို့ ချိုးဝင်သွားပြီ။
“တော်နဲ့အဘ အခု ဘာလုပ်နေကြတာလဲ”
“ပွေးလိုက်နေကြတာလေ၊ သမီးယောက္ခမ
နှစ်ယောက်”
“သေနာကြီး၊ တင်စီးအုံး”
မြသွယ် လက်သီးဆုပ်ကလေးသည် ချွေးရွဲနစ်နေသော ရင်အုပ်ပေါ်သို့ အုန်းကနဲ့မကျ၊ ဖုံပေနေသော အေးဆောင်လက်တွင်း ရောက်သွားသည်။
အေးဆောင်သည်ပွေးကိုသာမိအောင်မဖမ်းနိုင်ရှိမည် မြသွယ်ကို ဖမ်းရာတွင်ကား ကျင်လည်လှသည်။ မြသွယ်၏ လက်သီးဆုပ်ကိုဖမ်းမိချိန်တွင်
မြေပေါ်သို့ ထိုင်ချလိုက်သည်။ ဆောင့်ဆွဲလိုက်သော အရှိန်ကြောင့် မြသွယ်ပါလာလျှင် ရင်ခွင်တွင်းသို့ သွင်းပြီး ခေါင်းငုံ့ပြီးဖြစ်တော့သည်။
တစ်ဆက်တည်းပင် အုန်းကနဲ့ ထုရိုက်သံပေါ်လာကာ မြသွယ် ရုန်းထွက်သည်။ ရှက်မျက်လုံးကလေး
ငံ့လိုက်သည်။
“သိပ်ရမ်းကားတာပဲ၊ အမြင်ကပ်တယ်”
“ချစ်တာကိုးဟ”
“ကိုင်း အဖေ ခိုင်းထားတာ ပြီးအောင်လုပ်”
နောက်တစ်ကြိမ် အေးဆောင် မလှုပ်ရှားမှီ မြသွယ် ထသွားတော့၏ ။ သူ့အဖေ ထားပစ်ခဲ့သည်ဆိုသော ရှားစောင်းခါးပင်ကလေးများရှိသည့် ဟိုဖက်ခရိုးမှာ အတော်ဝေးသည်။
ထို့ကြောင့် အေးဆောင် တူရွင်းကိုပြန်ကိုင်သည်။
ခါးဖြတ်ထားသော နေရာကိုဆက်တူးသည်။
အေးဆောင်ထင်သည့်အတိုင်းပင် ပွေးတွင်းသည် ဦးသက်ယာထဲသို့ ဆက်သွား၏ ။ သို့သော် ပွေးတွင်း မည်မျှရှည်လျားပါစေ အေးဆောင်မမောပါ။
မြသွယ်၏ ညိုပြာညက်သော မျက်နှာကလေးကို ရှုစားလိုက်ပြီမဟုတ်ပါလား။ နီရဲသောမြေအပြင်သည် နေရင့်သည်နှင့်အမျှ တိုးဆင့်၍ပူလာ၏။ ငြိမ်နေခဲ့သောလေသည် တညင်းညင်းတိုက်ခတ်စပြုလာ၏ ။ သို့ဖြစ်ငြား အပူမလျော့မသက်သာပါ။
ပွေးတွင်းလမ်းကြောင်းသည် ပဲခင်းထဲသို့ဝင်လာပြီး။
အေးဆောင် လက်တွန့်မနေပါ။ သည်ပွေးကို မမိမချင်း သည်ပဲခင်းအနှိပ်အစက်ခံနေရမည်။ ပွေးကို အရေးမယူနိုင်တိုင်း ကြိတ်မနိုင်ခဲမရနှင့် နေ့တိုင်း ဒေါသဖြစ်နေရမည်။ တောစပ်ဆီက တောကြက်ဖတွန်သံကြားရ၏ ။ မောနေသောအေးဆောင်အား တောကြက်ဖသည် သာယာမှုမပေးနိုင်ပါ။ မြသွယ်တို့ယာခရိုးနား ထနောင်းပင်ထက်မှ ချိုးတစ်ကောင် ချွဲချွဲ
ပစ်ပစ်ကူငြား အေးဆောင် ပင်ပန်းလှသည်သာ။
“ဟောတော့ ကုန်ပါဘီတော်၊ ကုန်ပါဘီ”
ပြောပြောဆိုဆို အနားရောက်လာသော မြသွယ် အသံကလေး ကြားရသည့်အခါတွင်ကား အမောရော အပန်းပါပြေသွားပြီး။
“တော့်ကို အဖေဆဲတော့မှာ”
“ယောက္ခမကြီးက မဆဲပါဘူးဟ၊ ပွေးလိုက်ယင် ဒီလိုတူးရမယ်ဆိုတာ သူသိပြီးသားပါ”
“သေနာကျ”
မြသွယ် ဆဲသည်။ သို့သော် ပြုံးပြီး ထနောင်းရိပ်သို့ ထွက်သွားလေသည် ။ အေးဆောင်အဖို့ သည်ဆဲသံသည် ပျားရည်ထက်ချို၏ ။ ငွေဆည်းလည်းသံထက်လည်း သာယာ၏ ။ မြေပြင်သည်မြင့်တက်လာ၏ ။ ပွေးတွင်းကား မော့တက်မလာ။ စိုက်ဆင်းသွား၏။ အေးဆောင်မှာ ပိုပြီးနက်နက်တူးရရုံမက ကုန်းဗဟိုတွင် လိုဏ်ခေါင်းခက်လက်တွေ ဖြာနေသောကြောင့် အလိုက်ရခက်သွားသည်။
တစ်ခုတစ်လေကိုရေသာခိုပြီး မတူးမိ၍ ပွေး ခိုကပ်ကျန်ခဲ့သော် လူပင်ပန်းထားသမျှ ပစ္စည်းအပျက်ခံထားသမျှ‘ကော’ပါလေရော။
ခက်လက်တွေမှာ ပွေးမိသားစုနေထိုင်သော နေရာဖြစ်သည်။ သို့ရာတွင် နေရာဟောင်းသာဖြစ်သည်။ အစာဟောင်းများမှာ လတ်လတ်ဆတ်ဆတ် မဟုတ်ပေ။ ခက်လက်များကိုဖြိုပြီးနောက် ဆက်လက်တူးပြန်ရာ တစ်လန်သာသာတူးမိပြီးမှ လမ်းဆုံး နေသဖြင့် နောက်ကြောင်းပြန်လှည့်ကာ ပွေးစုံ့အပုံ
အတန်းများရှိသောဘက်နှင့် ညှိ၍တူးရသည်။
မွန်းတည့်ချေပြီ။ မြေကြီး ပူခြစ်နေသည်။ မလှမ်းမကမ်းသို့ကြည့်လျှင် တရှိန်ရှိန်တက်နေသော မြေငွေ့များကိုမြင်နေရသည်။ သို့သော်ငြား အေးဆောင်မနား။ အလုပ်တွင် ဇွဲကြီးသူအဖြစ် ဦးသက်မြင်စေချင်၍ အားကိုးထိုက်သူအဖြစ် မြသွယ်မြင်စေချင်၍ ဖြစ်သည်။
ပွေးတွင်းသည် စိုက်ဆင်းရာမှ ပြန်မော့လာသည်။ မြေပြင်အောက် တစ်တောင် တောင်ဆုပ်မှ သွားနေ၏ ။ အေးဆောင် တူရွင်းရိုးထိုးသွင်းပြီး မသည်။ တူးသည်ထက် လွယ်သောနည်းပါပေ။
ပွေးစုံ့များတွင် ရောနှောနေသော ချေးလုံးအရွယ်အစားများကိုကြည့်ကာ အေးဆောင်ခန့်မှန်းသည်
ပွေးတွင်းအဆုံးတွင် ပွေးကြီးနှစ်ကောင်နှင့် ပွေးကလေး အနည်းဆုံးတစ်ကောင်ရှိရမည်။ သို့သော် အေးဆောင်ကံဆိုးရှာပါသည်။ မွန်းတိမ်းတစ်နာရီခန့်တွင် ပွေးတွင်းလိုဏ်ခေါင်းသည် ထနောင်းပင်ကြီးအရှေ့ ဘက် ရှားစောင်းပြဿဒ်စည်းရိုးဘက်သို့ ထိုးဝင်သွားသည်ကို တွေ့ရသည်။ အေးဆောင် အားမလျှော့ပါ။ ပွေးဟူသည် ဉာဏ်အများသား။ သည်ကို အယောင်ပြပြီး ဟိုရောက်ချင်ရောက်သွားသည်မဟုတ်လား။ သို့ကြောင့် ဆက်တူးရာ နဖူးကိုရှားစောင်းပြဿဒ်ဆူးတွေ စူးတော့မှတံ့တော့သည်။ ခဲလေသမျှသဲရေကျရပြီး ရှားစောင်းပြဿဒ်ချုံအောက်ကို တူးချင်လျှင် ချုံများကိုခုတ်ထွင်ရမည်။ အမြစ်တွေကို တူးရမည်။ တစ်ချုံကို တစ်နေ့ရှင်း၍မပြီး ။ အေးဆောင်လက်လျှော့သံဖြင့် တောက်ခေါက်လိုက်သည်။
“ယုတ်မာတဲ့ ပွေးကွာ၊ အခုနေ ရေတစ်စည်လောက်နဲ့ လောင်းလိုက်ရရင် ဘောလောပေါ်လာမှာ”
“တော့်ပထွေး ရေတစ်စည်က ဘယ်ကရမှာလဲ”
ကျောနားမှကပ်၍ပြောလိုက်သော မြသွယ်ကို
လှည့်ကြည့်သောအခါ နှုတ်ခမ်းစူနေသည်။
“ကိုင်း တော်ဖျက်ပစ်လိုက်တဲ့ပဲပင်တွေကို ပြန်ကြည့်စမ်းပါအုံး”
များလှသည်။ လှည့်မကြည့်ပဲနှင့် များပြားမှန်း
အေးဆောင်သိသည်။
“ဒါကတော့ နင်တို့အကျိုးအတွက်”
အေးဆောင် စုံစေ့အောင် မပြောလိုက်ရ။ ခြေသလုံး ညိုညိုတုတ်တုတ်ကလေးပေါ်အောင် ထဘီကို စွန်တောင်စွဲလျှက် မြသွယ် ခြေစောင့်ထွက်သွားသည်ကို အေးဆောင်စိတ်ထဲတွင် မိမိရင်ဘတ်ကို
ဆောင့်နင်းသွားသည်ချည်း ထင်လိုက်မိပေ၏ ။
မကျေချမ်းသော စိတ်ဖြင့်
ထိုနေ့က မြသွယ်ထွက်သွားလျှင် ပွေးတွင်းဆက်တူးနိုင်သောလမ်းကိုအေးဆောင် ရှာဖွေသေးသည်။ ရှားစောင်းပြဿဒ်ခြံကို လှည့်ပတ်တူးဆွကြည့်သေးသည်။ မျှော်လင့်ချက်ကုန်တော့မှ ထနောင်းပင်ရိပ်
ဝင်ကာ ဦးသက်ထားခဲ့သော ထမင်းထုပ်ကို ဖြေသည်။
ထမင်းမှာ ပရွက်ဆိတ်တွေနှင့် ရဲနေသည်။
သို့တစေ ပရွတ်ဆိတ်တွေ ခဲနေကာမျှနှင့် ထမင်းထုပ်ကို အေးဆောင်မပစ်နိုင်ခဲ့ပါ။ ပရွတ်ဆိတ်ကို ဖယ်ရှားပစ်ကာ ဆီနစ်နေသော အမဲခေါင်းချဉ်ဟင်း
နှင့် ဗိုက်ကားအောင်စားသည်။ စားသောထမင်း လုပ်ထဲတွင် ပါလာသောပရွတ်ဆိတ်များ ကိုက်သည့်အတွက် ထမင်းလည်းစားပြီးရော အေးဆောင်
နှုတ်ခမ်းလည်း ရောင်ကိုင်းနေပါလေရော။
လူလည်းပင်ပန်း၊ ပါးစပ်လည်း ပရွတ်ဆိတ်ကိုက်၍ ရောင်ရမ်းနေငြား အေးဆောင် မျက်နှာကောင်း မရရှာ။ ညနေစောင်းတွင် ထနောင်းရိပ်၌ အိပ်နေသောအေးဆောင်ထံ ဦးသက်ရောက်လာသည်။
ပွေးမရဘဲ သူ့ပဲခင်း ပျက်ရပါမည်လားဟု တိုင်းထွာ၏။ ဆဲရေး၏ ။ ထိုနေ့မှအစပြု၍
မြသွယ်လည်း အေးဆောင်ကိုမြင်တိုင်း နှုတ်ခမ်း
စူနေပြီ။
သည်နေ့တော့ ဟင်းစားအတွက်ပွေးထိုးရန် ထွက်ခဲ့သည်။ လှည်းလမ်းဆုံရောက်မှ မြသွယ်ကို သတိရကာ ဦးသက်ယာရှိသောဘက်သို့ လမ်းပြောင်းရင်း နှုတ်ခမ်းကိုယောင်ယမ်းစမ်းသပ်မိသည်။
မိမိနှုတ်ခမ်း အရောင်ပျောက်ခဲ့သလို မြသွယ်
နှုတ်ခမ်းလည်း အစူပျောက်စေရန် နည်းလမ်းကို အေးဆောင်တွေးသည်။ တွေး၍ မရ။ တွေးယင်း လျှောက်ယင်းနှင့် မည်းမည်းအုပ်အုပ်အတန်းကြီး
တစ်ခုကို လှမ်းမြင်ရသည်။
ဘသန်းတင်တို့ယာဘေးက နာနတ်အုပ်ပေတည်း။
“ဟုတ်ပီ ဒီနားမှာ ပွေးတစ်ကောင်ရှိတယ်
မနက်ပွေး”
နံနက်ပွေးဟူသည် နံနက်တွင်မှ စုံ့သောပွေးဖြစ်သည်။ စုံ့သည်ဆိုသည်မှာ ပါးစပ်ဖြင့်ကိုက်ပြီး ဥမင်ဖောက်သောမြေစာများကို ခေါင်းနှင့်တွန်းပြီး မြေပြင်ပေါ်သို့ ထိုးတင်ခြင်းဖြစ်သည်။
ယမန်နေ့က ကြိုတင်လေ့လာပြီး မှတ်သားထားသောအချက်ခေါင်းထဲဝင်လာလျှင် အေးဆောင်တုံ့ကနဲ့
ရပ်သည်။ ခဏကြာမှ ခြေကြွသည်ဆိုရုံမျှသာအသာ
ကြွ၍ ရှေ့တိုးခဲ့သည်။ တွေ့ပြီ ပွေးစုံ့ အဟောင်း
တစ်ခု ၊ နောက်တစ်ခု နောက်ထပ်တစ်ခု။
ခြေလှမ်းကိုအသံမထွက်အောင်ချုပ်တည်းကာ
လှမ်းရသည့်အတွက် အေးဆောင်တစ်ကိုယ်လုံး ချွေးပျံနေသည်။ နာနတ်ရွက်ကိုတုတ်ထိုးပြီး
အေးဆောင်မှတ်ထားခဲ့သော အမှတ်အသားကို
လှမ်းမြင်ရလျှင် အေးဆောင်မှိန်းကိုအသင့်ပြင်လိုက်
သည်။ အသွားတစ်တောင်ကျော်ရှည်သော သုံးခွမှိန်းသည် အေးဆောင်လက်ထဲတွင် တုန်နေ၏ ။
အမှတ်အသားလုပ်ထားသည့် နာနတ်ရွက်အောက်၌ ပွေးစုံ့ရှိသည်။ ပွေးစုံ့ဘေးတွင်ထိုင်၍ အေးဆောင် အမောဖြေလိုက်သည်။
အမှောင်ရိပ်သည် လျှင်မြန်စွာ ပျက်ပြယ်လာသည်။ အေးဆောင်အမောပြေစချွေးတိတ်စတွင် ပွေးစုံ့မြေမှုန့်များ လှုပ်ရှားလာသည် ၊ တဖြည်းဖြည်း
ကြွတက်လာသည်။ မြေကြီးထဲက ပွေးသည် မြေကြီးများကို ခေါင်းဖြင့်တွန်းပြီးတင်ခြင်းဖြစ်သည်။ မြေမှုန်များ လှုပ်ရှားမှုနှင့်မြင့်တက်မှု ငြိမ်သည်နှင့် တစ်ပြိုင်နက် အေးဆောင် မှိန်းသွားကိုဆောင့်ချလိုက်သည်။ မှိန်းရိုး ငြိမ့်ကနဲလှုပ်ရှားသွားသည်။
“ဟာ မိဘီကွ”
ပွေးသည် တစ်ချက်သာလှုပ်ရှားနိုင်ကာ အသက်ထွက်သွားခြင်းဖြစ်၏။ ပွထနေသော ပွေးစုံ့ကြီးကို လက်ဖြင့်ယက်ပြီး ဖယ်လိုက်သောအခါ မြေပေါ်သို့ ခေါင်းပြူနေသောပွေးကို တွေ့ရသည်။ မှိန်းသည် ဂုတ်ဆက်၌ စူးဝင်နေ၏ ။ ပွဲဦးထွက် ကောင်းသည့်အတွက် အေးဆောင်ဝမ်းသာသွား၏။ ပွေးကြီး တန်းလန်းနှင့် မှိန်းကိုထမ်းကာ ခရီးဆက်ခဲ့သည်။
နောက်တွေ့သော ပွေးစုံ့မှာ ခြောက်သွေ့နေသော
မွန်းတည့်ပွေးစုံ့ဖြစ်၏ ။ နောက်ထပ် နံနက်ပွေး
တစ်ကောင်ရှိသော နေရာနှင့်ဝေးသောကြောင့်
အေးဆေးစွာ ဆေးလိပ်သောက်မိသည်။
အေးဆောင် ပျော်ပြီဆိုသောအခါ ချိုးကလေးများကလည်း အလိုက်သိသည်။ မကျည်းပင်ထက်မှ သာယာစွာကူပေးကြသည်။ ဒေါသကြီးမြဲဖြစ်သော ခါသည်ပင်လျှင် သည်နံနက်တွင် ကူသံသာပါဘိ။
ဦးသက်ယာစပ်သို့ အေးဆောင် ရောက်လာသည်။ သူ့ကို ရှားစောင်းပြဿဒ်အောက် မြှားခေါ်သွားပြီး ဒုက္ခပေးသောပွေးမိသားစုကို မကျေမချမ်း၍ ဖြစ်သည်။ ပွေးစုံ့အသစ်မရှိ။
သုံးရက်လုံးလုံး သည်ပွေးမိသားစုသည် မည်သည့်
အရာကို စားနေသနည်း။ ရှားစောင်းမြစ်တွေကို စားပြီး ငြိမ်နေကြဟန်တူသည်။
‘နေနှင့်ကြအုံးပေါ့ကွာ”
ကြုံးဝါးကာ အေးဆောင်ခရီးဆက်ခဲ့သည်။
နံနက်ပွေး တစ်စုံရှိသေးသည်မဟုတ်လား။
ထိုနံနက်ပွေးကို အေးဆောင်လွတ်သွားသည်။ စိတ်အေးလက်အေးဖြင့် ထိုးသော်ငြား ထိုပွေးကို
မမိချေ။ သို့ဖြင့် ခဏတဖြုတ်နားပြီး မွန်းတည့်
ပွေးစုံ့များ ရှိသည့်ဘက်သို့ လှည့်လာချိန်ဝယ်
ရာသီဥတု ချက်ချင်းပြောင်းလဲသွား၏။
မဲချိပ်တက်လာသော မိုးသားများ၊ ငြိမ့်ငြိမ့် အိအိ
တိုက်ခတ်လာသော မိုးသက်လေကလေး။ ရာသီဥတုမသာယာလျှင် ပွေးသည် အေးမြသောသစ်မြစ်
အောက်၌ ခိုနေတတ်၏ ။ အချိန်မှန် စုံ့ချင်မှစုံ့မည်
ပွေးထိုးသူ တွက်ခြေလွဲတတ်သည်။ ပထမ
မွန်းတည့်ပွေးသည် အေးဆောင်မရောက်မှီပင်
အစုံ့နှစ်စုံ့ထိုးသွားသည်။ အေးဆောင်မောသွားသည် ဒုတိယတစ်ကောင်ကိုမူ သူမိလိုက်သည်။
ယာဘက်သို့ ပွေးနှစ်ကောင်ကို ပေလက်လျှော်ဖြင့် ဖောက်သီကာဆွဲလျှက်ပြန်လာချိန်တွင် ယာသမားတို့ တမ်းတသော မိုးကြီးရွာချလေ၏။ တအုန်းအုန်း တဝေါဝေါဖြင့် လေရောမိုးပါဆင်ကာ ရေအိုးကြီးမှောက်ချသလို ရွာခြင်းဖြစ်သည်။
“ရွာစမ်းပါဟ အမလေး ချိုလိုက်တာ”
မိုးရေထဲ၌ အေးဆောင်ခုန်ပေါက်ပြေးလွှား၏ ။
ပြေးရင်းမှ ပါးစပ်ဟကာ မော့ထားလိုက်သည်။
ချိုလိုက်သည့်မိုးရေ၊ အရသာရှိသည့် မိုးရေ
ပပ်ကြားအက်များ နူးကုန်၏။ စေ့ကုန်သည်။
ခြေသွားလမ်းများ လှည်းလမ်းကြောင်းများတွင် ရေစီးကြောင်းဖြစ်လာပြီး အမြှပ်တဖွေးဖွေးနှင့် ရေများစီးဆင်းလာ၏။
‘ပွေးသားအမိ သုံးကောင်’ သည်အကြောင်း
သူ့ခေါင်းထဲဝင်လာသောအခါ အေးဆောင်
ခြေကုန်သုက်ပြေးသည်။ ဝှက်ထားသော သံတူရွင်းကိုယူခဲ့ကာ ဦးသက်တို့ယာထဲပြေးသည်။
လှည်းလမ်းကြောင်းမှ ရေစီးကြောင်းကိုပိတ်သည်။ ရှားစောင်းပြဿဒ်ချုံစပ် ပွေးတွင်းအဝသို့ သွယ်ယူသည်။ မိုးကားသဲကြီးမဲကြီး အော်ချနေသည်။
အေးဆောင် ထနောင်းရိပ်သို့ပြေးခဲ့သည်။
ပွေးတွဲနှင့် လွယ်အိတ်ကိုချိတ်သည်။ ထိုအခါကျမှ ဦးသက်တို့သားအဖကို သတိပြုမိသည်။ ဦးသက်ကမှ “နှစ်နပ်စာတော့ ဖူလုံပြန်ဘီပေါ့ကွာ” ပြောဖော်ရသေးသော်ငြား မြသွယ်ကား စူသောမျက်နှာဖြင့် တစ်ဖက်လှည့်သွား၏ ။
နာလိုက်တာ။ နုနယ်သည့်နှလုံးသားကို အဆိပ်ပြင်းသော ကျားလျှာဆူး စူးသည့်နှယ် အေးဆောင်ရင်မှာ နာကျင်လိုက်ရတာ။ သို့သော် အေးဆောင် တစ်ချက်
တွေကနဲ ဖြစ်သွားရုံမှအပ ဦးသက်ရှေ့တွင်
မည်သည့်စကားမှ မပြောနိုင်ချေ။ သို့ကြောင့် ခရိုးရှိ ရှားစောင်းပြဿဒ်ချုံသို့ ပြန်ပြေးလာ၏။
မိုးကား မလျှော့သေး။ အေးဆောင် လွှဲယူထားသော ရေစီးကြောင်းသည် ချုံအောက်သို့ အားနှင့်အင်နှင့် စီးဝင်နေ၏ ။ ရေထဲတွင်ပါလာသော အမှိုက်များကို အေးဆောင်ဖယ်ပစ်သည်။ ရေအီနေလျှင် မှိန်းဖြင့် ဆွပေးသည်။ မကြာပါချေ။အေးဆောင် မျှော်လင့်
သော ကိစ္စသည် ဖြစ်ပွားလာ၏။
ယင်းမှာ ပွေးဖြစ်သည်။ လက်သီးဆုပ်သာသာ
အရွယ်ရှိပွေးကလေးသည် နှာခေါင်းဖော်လျှက် ရေပေါ်သို့ ပေါလောကြီးပေါ်လာ၏ ။ အေးဆောင် ဝမ်းသာသည်မှာ ပြောစရာမရှိတော့။ မျှော်လင့်ချက် သုံးပုံတစ်ပုံပြည့်သွားသော်ငြား အေးဆောင်
မလှုပ်ရှားသေး၊ နှစ်ခြိုက်စွာပြုံးရင်း ပွေးငယ်ကို
ပြုံးကြည့်နေ၏ ။ ပွေးကလေးသည် ရေစီးကြောင်း ဘေးမှကပ်လျှက် မြေပေါ်တက်လာကာ
ယောင်လည်လည်ဖြစ်နေ၏ ။
ဤသို့ရှိနေဆဲတွင် နောက်ထပ် ပွေးနှစ်ကောင် ရေပေါ်သို့ ပေါ်လာကြသည်။ ထနောင်းခေါက်ရောင် အမွှေးများမှာ ရွှဲနစ်နေ၏ ။ သူတို့သည် ရေလွတ်ရာ ကုန်းပေါ်သို့ ပြေးတက်သည်။ အမွှေးကို တစ်ချက်ခါလိုက်ပြီးရှားစောင်းပြဿဒ် ဆူးချုံထဲ ပြေးဝင်လိုက်
သည်။ အေးဆောင်၏ မှိန်းကြီး နှစ်ကြိမ်လှုပ်ရှား
လိုက်သည်။ အသွားတစ်တောင်ခန့် ရှည်သော
မှိန်းသွားတွင် ပွေးနှစ်ကောင် ထပ်လျှက်
တံစို့လျှိုပြီး ဖြစ်သွားတော့လေ၏ ။
အေးဆောင်သည် ပွေးငယ်ကိုမူ ထနောင်းပင်
အောက်သို့ ခေါ်လာ၏။
“အရီး ဟောဒီမှာ ခင်းဗျားတို့ပဲခင်းကို
ဖျက်တဲ့ကောင်တွေ”
“ဟေ ကောင်းသဟေ့”
ဦးသက်သည် တစ်ချက်ပြုံးကြည့်ပြီး
ပင်စည်အကွယ်တွင်ကပ်ကာ ဆေးလိပ်မီးညှိ နေ၏။
“ဟုတ်ပါ့ကော သုံးကောင်တောင်ပါကလား”
သာယာသောအသံကလေးဖြင့် သူ့ရှေ့သို့
ရောက်လာသောမြသွယ်အား အေးဆောင်
လှည့်မကြည့် မသိကျိုးကျင်ပြုနေ၏ ။
ပဲခင်းကလေးအနည်းအပါးပျက်သည်ကို
အကျယ်ချဲ့ပြီး မျက်နှာပုပ်နေသောမိန်းမ။
နှုတ်ခမ်းစူကာ မခေါ်မပြောလုပ်နေသော မိန်းမ။
သို့တစေ အေးဆောင် ကြာရှည်တင်းမခံနိုင်ပါ။
“ကိုရင်အေးဆောင်က သိပ်တော်တာပဲ ဒါကြောင့်”
စကားကို တစ်ပိုင်းတစ်စဖြတ်ကာ မြသွယ်
ညှို့မျက်လုံးကလေးကို တစ်ချက်ဝင့်လိုက်သောအခါ အေးဆောင် သွားကြီးတွေဖော်၍ ဟီးကနဲ့ အသံထွက်လာရတော့၏။
ဆင်ဖြူကျွန်းအောင်သိန်း