မှောင်မိုက်မှာငို(စ/ဆုံး)
—————————-
ယနေ့မနက် ကျောင်းကိုရောက်ရောက်ချင်း စိတ်မကောင်းစရာသတင်း ကြားရသည်။
“ဆရာ … ဆရာမ ဒေါ်နှင်းမြအေးသမီးလေး ဆုံးသွားပြီ”
“ဟယ် …. ဘယ်တုန်းကလဲ”
“ညက ဆေးရုံမှာဆရာ … သွေးလွန်တုပ်ကွေးဖြစ်လို့ ညတွင်းချင်း ဆေးရုံတင်ထားတာ”
သမီးလေးနေမကောင်းသဖြင့် ကျောင်းကိုမရောက်သည်မှာ နှစ်ရက်ရှိပြီ ။
“ဟေ … ဒါဆိုရင် ငါဆေးရုံကို လိုက်သွားဦးမယ်”
“မနက်အစောကြီးကပဲ အိမ်ကိုပြန်ယူလာပြီဆရာ … အိမ်ပဲသွားလိုက်တော့”
ဆရာမဒေါ်နှင်းမြအေးသည် Single Mother တစ်ယောက်ဖြစ်သည်။
သူက အိမ်ထောင်ရေး ကံမကောင်းပါ။ သမီးလေး တစ်နှစ်အရွယ်ကတည်းက ယောက်ျားကစွန့်ပစ်သွားသည်။ လေးနှစ်အရွယ်သမီးလေးကို တစ်ယောက်တည်း မွေးခဲ့ရသည်။ ကျောင်းကိုခေါ်လာသည်။ ရုံးခန်းထဲ ပုခက်ဆင်သည်။ ဆရာတွေ ဆရာမတွေလက်ထဲ ကြီးပြင်းလာရသူလေးဖြစ်သည်။ ကျွန်တော်တို့အားလုံးက ကလေးကို “မွှေးလေး” ဟု ခေါ်ကြသည်။
ကလေးက အလွန်ချစ်မွှေးပါသူဖြစ်သည်။ သူ့ဘဝက အမေ တစ်ယောက်တည်းအပေါ် အားကိုးရတော့မည်ကို သိသောကြောင့်လားမသိ။ မဆိုးတတ်၊ မနွဲ့တတ်၊ သိပ်မငိုတတ်။ မည်သူခေါ်ခေါ်လိုက်သည်။ ကျွန်တော်ကလည်း ကလေးချစ်တတ်သူဖြစ်နေသောကြောင့် မွေးလေးကို မျက်စိအောက်ကပျောက်မှာ ကြောက်နေသူဖြစ်သည်။
မွှေးလေးက ကျွန်တော့်ကို “ဖေဖေ”ဟုခေါ်လိုက်သည့်နေ့က ရင်ထဲ နှင့်သွားသည်။
“ဆရာမ မွှေးလေးက ဖေဖေတဲ့ … ဆရာမ သင်ထားတာလား”
“မဟုတ်ဘူးဆရာ … မနက်ကတည်းက ဖေဖေ …. ဖေဖေဆိုပြီး အော်နေတာ … ကျွန်မကိုခေါ်တာ မဟုတ်ဘူး …. ခုဆိုရင် ကျောင်းကိုခေါ်လာမှ ဆရာ့ကို ပထမဆုံးခေါ်လိုက်တာ”
“ဖေဖေ”
ရင်နင့်အောင် ခံစားခဲ့ရပါသည်။
ကျွန်တော် ဆရာမ ဒေါ်နှင်းမြအေးအိမ်ကို ရောက်သည့်အခါတွင် အိမ်ရှေ့ခန်းထဲ၌ သမီးလေးအလောင်းကို ပြင်ထားသည်။ သူ့အဘိုး၊ အဘွားတွေက အလောင်းဘေးတွင် ထိုင်နေကြသည်။
“ဆရာ .. လာ … လာ”
“ဆရာမရော”
“အိမ်ခန်းထဲမှာ ဆေးတိုက်ထားရတယ် … မအိပ်တာ နှစ်ရက်ရှိနေပြီ … သွားခေါ်လိုက်မယ်”
“နေပါ”
ဒေါ်နှင်းမြအေးက အိမ်ခန်းထဲက ထွက်လာသည်။ ကျွန်တော့်ကို တွေ့သည့်အခါ ပြေးဖက်လိုက်သည်။ ။
“ဆရာရယ် … ဆရာ … ကယ်ပါဦး … သမီးလေး … သမီးလေး”
ဆရာမဒေါ်နှင်းမြအေး မေ့သွားသည်။ ကျွန်တော်က ပွေ့ထားရသည် ။
“လုပ်ပါဦး … ဘာလုပ်ရမလဲ ကျွန်တော်ဘာလုပ်ရမလဲ”
အားလုံး ပိုင်းပြုစုကြသည် ။ ဆရာမ သတိရလာသည်။
“ဆရာ … ကြည့်ပါဦး ၊ သမီးလေး …. အိပ်နေတာနော် ဆရာ …. သမီး … ဖေဖေကြီးလာပြီလေ မွှေးလေး ဖေဖေကြီးလာနေပြီ”
ကျွန်တော် မျက်ရည်မထိန်းနိုင်တော့။ အိမ်ထဲမှ ပြေးထွက်လာပြီး အပြင်တွင် မျက်ရည်တွေ သုတ်နေရသည်။
ကျွန်တော် အိမ်ထဲပြန်ဝင်ရန် ကြောက်နေမိသည်။ သမီးလေးက ခုတင်ပေါ်တွင် ငြိမ်သက်စွာ လှဲနေသည်။ မျက်နှာလေးကို သနပ်ခါးတွေ လိမ်းထားသည်။
အရဲစွန့်ကာ သမီးလေးအလောင်းနားကပ်လိုက်ပြီး ပါးလေးကို ကိုင်ကြည့်နေမိသည် ။ သမီးလေးက သူကြိုက်သည့် နှုတ်ခမ်းနီလေးဆိုးထားပြီး ပြုံးနေသလိုပင်။
“မယုံနိုင်ပါဘူးဗျာ … တကယ့်ကို မယုံနိုင်ပါဘူး”
အသုဘကိစ္စ၊ ရက်လည်ကိစ္စ အားလုံးပြီးသည်အထိ ကျောင်းကစုပေါင်း တာဝန်ယူရသည်။ ဒေါ်နှင်းမြအေးတစ်ယောက်ကတော့ သမီးစိတ်နှင့် အိပ်ရာထဲ လဲပြီ။
တစ်လနီးပါးလောက် ကျွန်တော်က နားလည်မှုနှင့် ဆရာမကို ခွင့်ပေး ထားသည်။ သူကျောင်းကို ပြန်တက်သည့်နေ့က ရုံးခန်းထဲရောက်ရောက်ချင်း ငိုသေးသည် ။ ကျွန်တော့်မှာ ဖျောင်းဖျရုံကလွဲပြီး ဘာများတတ်နိုင်ပါမည်နည်း။
“ဆရာ … သမီးလေးမသေဘူး သိလား … အိမ်မှာရှိနေတယ်”
“ဆရာမရယ် .…. ကျွန်တော်တို့မှာ ဘုရားအားကိုးစရာရှိပါတယ်၊ သံဃာအားကိုးစရာ ရှိပါတယ် … ရတနာသုံးပါးနဲ့ တရားအားကိုးစရာရှိပါတယ် စိတ်ထဲမှာ ဖြစ်နေတဲ့ခံစားချက်တွေကို ဖြေဖျောက်ကြတာပေါ့နော်”
“ဟုတ်ကဲ့ပါဆရာ … ဆရာရော သမီးလေးကို အိပ်မက် မမက်ဘူးလား”
“အမှန်အတိုင်းပြောရရင် သမီးလေးက ကောင်းရာဘုံကိုရောက်သွားပြီပဲ … ကျွန်တော်တို့နဲ့ မနေချင်တော့လို့ ခွဲခွာသွားပြီပဲ .….. ကျွန်တော့်ကိုတော့ သမီးလေးက လာပြီး အိပ်မက်တွေဘာတွေ မပေးပါဘူး”
“ကျွန်မကိုတော့ ညတိုင်းအိပ်မက်တွေ ပေးတယ်ဆရာ”
ကျောင်းတွင်လည်း စိတ်မချမ်းသာကြပါ။ ဆရာတိုင်း ဆရာမတိုင်းကို ဒေါ်နှင်းမြအေးက လိုက်ပြီးပြောလည်း ပြော၊ ငိုလည်း ငိုသည်။ အဆိုးဆုံးက သူငယ်တန်းရှေ့သွားစောင့်ပြီး ကလေးတွေကို သမီးလေးဆိုကာ လိုက်ဖက် နေခြင်း ဖြစ်သည်။
“ဆရာ … သွားထိန်းဦး … သူငယ်တန်းရှေ့မှာ သွားသောင်းကျန်းနေပြန်ပြီ”
ဆရာတစ်ယောက်က လာပြောသဖြင့် ဒေါ်နှင်းမြအေးကို သွားချော့ပြီး ခေါ်လာရသည်။
“နေဦးဆရာ .. သမီးလေး ကျောင်းတက်နေတယ်”
“ဆရာမ … ဒီလိုပဲလုပ်နေမယ်ဆိုရင်တော့ ကျွန်တော် ခွင့်ရက်ရှည် ပေးထားရမယ်ထင်တယ် … ကိုယ့်ကြောင့် တစ်ကျောင်းလုံး စိတ်မချမ်းသာ ဖြစ်အောင်တော့ မလုပ်ပါနဲ့ ဆရာမ … ကျွန်တော်တို့လည်း သမီးရင်းလေး တစ်ယောက် ဆုံးရှုံးရသလို ခံစားရပါတယ် … ဒါပေမဲ့ ကိုယ့်စိတ်ကို ကိုယ် ထိန်းစေချင်တယ်”
“ဟုတ်ကဲ့ဆရာ … ကျွန်မထိန်းပါ့မယ်”
နောက်တစ်နေ့ ဒေါ်နှင်းမြအေးတစ်ယောက် ကျောင်းလာတက်သည်မှာ တည်ငြိမ်နေသည်။
နောက်တစ်နေ့လည်း တည်ငြိမ်နေသည်။
ရုံးခန်းထဲဝင်ပြီး လက်မှတ်လာထိုးသည့်သူ့ကို ကျွန်တော်က
“ဆရာမ နေကောင်းတယ်နော်”
“ဟုတ်ကဲ့ဆရာ”
“ဒီမှာ အားဆေး … . ဒါက မိဘတစ်ယောက် လာကန်တော့ထားတာ … ကျွန်တော်က မသောက်ဘူး … ဆရာမသောက်ဖို့ ပေးတာပါ … အားဆေး လေးသောက်ပါဦး … ဆရာမ ခုတစ်လော သိသိသာသာ ပိန်သွားတယ် ”
“ဆရာ”
“ဗျာ”
“ကျွန်မနေကောင်းပါတယ် … သမီးလေးက ကျွန်မကို မငိုနဲ့ဆိုလို့ မငိုတော့ပါဘူး”
“သမီးလေးက မငိုနဲ့လို့ပြောတယ် ဟုတ်လား”
“ဟုတ်တယ်ဆရာ … တစ်ည ကျွန်မအခန်းထဲမှာ ရှိုက်သံလေးကြား ရတယ်။ အဲဒီညက မီးမလာဘူး။ ကျွန်မက ရှိုက်သံဟာ သမီးလေး ရှိုက်သံ ဖြစ်မယ်ဆိုတာ သိနေတယ်။ သမီးလေးကို မြင်ချင်တယ်။ ဒါပေမဲ့ မှောင်လွန်း တော့ မတွေ့ရဘူး။ ကျွန်မလက်ထဲမှာ မီးခြစ်တော့စမ်းမိတယ်။ ဖယောင်းတိုင် တော့ ရှာလို့မရဘူး”
“မေမေဘာရှာနေတာလဲ”
သေချာပြီ သမီးလေးအသံပဲ။
“သမီး … သမီး … ဘယ်မှာလဲ … မေမေ သမီးလေးကို မြင်ချင်တယ်”
“ရော့မေမေ … ဒီမှာ ဖယောင်းတိုင်”
“ကျွန်မလက်ထဲကို ဖယောင်းတိုင်းတစ်တိုင်လာထည့်တယ်။ ကျွန်မ မီးခြစ်ကို ခြစ်တယ် ။ ဖယောင်းတိုင်ကို ထွန်းတယ်မရဘူးဆရာ။ ဖယောင်းတိုင်က မီးညှိလို့မရဘူး။ စိတ်ဆိုးလိုက်တာလေ”
“သမီး နေဦးနော် .. နေဦး .. မေမေဖယောင်းတိုင်ထွန်းလိုက်ဦးမယ် … နေဦး … အရေးထဲ ဒီဖယောင်းတိုင်ကလည်း”
“ကျွန်မဒေါသထွက်လိုက်တာဆရာရယ် … သမီးလေးကို တွေ့ချင်တာ ဖယောင်းတိုင်က မီးညှိလို့မရဘူး”
“သမီး … သမီး ဖယောင်းတိုင်က မီးညှိလို့မရလို့ နေပါဦး”
“မေမေ … မထွန်းနဲ့တော့ … ဖယောင်းတိုင်က မျက်ရည်တွေနစ်နေတာ … မေမေငိုထားတဲ့ မျက်ရည်တွေကြောင့် ဖယောင်းတိုင်က မီးထွန်းလို့မရဘူး ဖြစ်နေတယ် ။ သမီးကြောက်တယ်မေမေ ။ သမီးအမှောင်ထဲမှာ တစ်ယောက်တည်း ထိုင်နေရတာ။ မေမေက ဘာလို့ နေ့တိုင်းငိုနေရတာလဲ။ မေမေငိုလေ ဖယောင်း တိုင်ကစိုလေ။ သမီးအမှောင်ထဲမှာ ထိုင်နေရတာ ကြောက်တယ်မေမေ”
ကျွန်တော်က တစ်ဖက်ကိုလှည့်ပြီး မျက်ရည်တွေကို လက်ကိုင်ပဝါနှင့် သုတ်လိုက်ပါသည်။
“ဆရာမရယ် …… သမီးလေးက ဆရာမကို တရားလာပြသွားတာ … ဟုတ်တယ် …. သူအမှောင်ထဲမှာရောက်နေရင် ဆရာမက ဒီကနေ ဆုတောင်း ပေးရမှာ။ မေတ္တာတွေပို့ပေးနေရမှာ။ သမီးလေး ဘယ်လောက်များ ကြောက်နေ လိုက်မလဲနော်”
“ကျွန်မ မငိုတော့ပါဘူးဆရာ”
အမှန်တော့ ယနေ့ ငိုနေမိသည်က ကျွန်တော်။
#တင်ညွန့်