ရွှေတွင်း(စ/ဆုံး)
————-
ည အိပ်ရာဝင်ခါနီးတွင် အမျိုးသမီးက ကျွန်တော့်ကို လေသံလေးဖြင့် ပြောပါသည်။
” ဆရာရေ ငါတို့အသစ်တူးတဲ့ရေတွင်းက သဲတွေကြားမှာရွှေမှုန်တွေပါလာတယ် ထင်တယ် ဆရာ”
“အေး ဟုတ်တယ်ဟ၊ ငါလည်း ကြည့်နေတာ ရေကန်ထဲမှာ ဝင်းဝါနေတာပဲ”
ဟုတ်ပါသည်။ ရေစုပ်စက်ဖြင့် စုပ်တင်ထားသောရေကန်၏ အောက်ခြေသဲကြမ်းများကြားတွင် ဝင်းဝင်း ဝါဝါ အမှုန်များမှာ ပြိုးပြိုး ပျက်ပျက် လင်းလက်နေပေသည်။ ကျွန်တော်လည်း သတိတော့ ထားမိသည်။ သူ့ကို ထုတ်မပြောဖြစ်သေးသည်သာ ရှိသည်။
“နေဦး မိန်းမ။ မင့်ကိုငါပြောမယ် ဒီကစ္စကို ဘယ်သူ့မှ မသိစေနဲ့။ ငါတို့က ရေတွင်းက မြေအောက်ကြောထဲထိ ရိုက်လိုက်တော့ ရွှေကျောကို သွားမိတာနေမယ်။ အသာလေးနေ။ တကယ့်ရွှေကျောကြီးမိရင်တော့ ငါတို့လင်မယား နေချင်း ညချင်း ကျိကျိတက် ချမ်းသာပြီသာ မှတ်ပေတော့”
“အင်းပါ ကျွန်မသိပါတယ်။ ဆရာသာ ဟိုသူငယ်ချင်းပြော ဒီသူငယ်ချင်းပြောနဲ့ မပြောမိစေနဲ့။ လူဆိုတာ လိုတဲ့သူ ရှိသလို မလိုတဲ့သူလည်း ရှိတယ် ဆရာရဲ့”
“ဟ ဒါ မောင်းတီးပြီး လှည့်ပတ် ပြောရမယ့် ကိစ္စမှ မဟုတ်တာဟ။ ကျူရှင်ဆရာပဲ အဲ့လောက် အ မလား။
တစ်ကျောင်းလုံးကို ဆရာကြီးလုပ်နေတဲ့သူကွ။ ငါတို့အိမ်ကရေတွင်းတူးတာ ရွှေထွက်လာတယ်ဆိုတာ အာဏာပိုင်တွေ သိကုန်ရင် ဇာတ်တွေရှုပ်ကုန်မှာပေါ့။ အစိုးရဆိုတာ ကိုယ့်အိမ်ထဲမှာ မူးယစ်ဆေးဝါးတွေ့ရင် ကိုယ်နဲ့ဆိုင်ပြီး၊ ရတနာ တွေ့ရင် သူတို့နဲ့ ဆိုင်သတဲ့ကွ။ ကဲကဲ အိပ်တော့ ငါကြည့်စီစဉ်မယ်။
သူ့ကိုပြောပြီး ကိုယ်လည်း တော်တော်နဲ့အိပ်မပျော်တော့ပါ။
“ကိုယ်ကလည်း အဆောင်ဖွင့် ကျောင်းဖွင့်ပြီး ကလေးအများနဲ့ နေတဲ့လူ။ ဒီကလေးတွေကရော မရိပ်မိပဲ နေမလား။ အို . . . သူတို့ ကျောင်းသွားတုန်း အိမ်ပြန်လာပြီး လုပ်ရုံပေါ့။ တကယ်လို့ အင်ဝိုင်းနဲ့ ဝိုင်းကြည့်လို့ ရွှေတွေဖြစ်နေရင် ဘယ့်နှယ့်လုပ်ပ။ ရေတွေကို ရေစင်ပေါ် အကုန် အရင်ရောက်အောင်တင်။ အဲဒီကနေ ကလေးတွေ ရေချိူးကန်ပေါ် မျောစင်စောက်ပြီးချ။ အိတ်ဖတ်ဝယ်။ သံပန်းဆရာခေါ်ပြီး လုပ်ရုံပေါ့။ သံပန်းဆရာကလည်း နှုတ်လုံတဲ့သူ ဖြစ်ဦးမှ။ ဒီကိစ္စပွ သွားရင် မကောင်းဘူး။ ဒါဆို ငါ့အိမ်အောက်မှာ ရွှေကျောကြီး ရှိနေတဲ့သဘောပေါ့။ အေး ရှိနေနိူင်တာပဲလေ။ ကချင်ပြည်နယ်က ဘယ်နားတူးတူး ရွှေထွက်တာပဲကို။ အင်း သိုသိုသိပ်သိပ် လုပ်နိုင်မှတော်ကာကြမှာပဲ။ အင်း ရွှေတွေရရင်တော့ အရေးပေါ်လိုင်စဉ်ကား တစ်စီးလောက်တော့အရင်ဝယ်ရမယ်။ without ကားစီးရတာလည်း ဂျပန်ခေတ်လင်ငယ်နေရသလိုပဲ။ ရင်တမမ ဖင် တကြွကြွနဲ့။ အင်း ကျန်တာတော့ နောက်ကဏ္ဍပေါ့။ မှင်လေးနဲ့တော့ နေမှ။ ငါအိမ်ကရွှေထွက်မှန်း လူတွေ ရိပ်မိကုန်ရင်မလွယ်ဘူး။
ကျွန်တော်လည်း တောင်တောင်အီအီ စဉ်းစား၍ အတော်ကြီး ညဉ့်နက်မှ အိပ်ပျော်သွားခဲ့သည်။
မနက်မိုးလင်းလင်းချင်း ကျွန်တော့်မှာ ကပျာကယာ ရေကန်ဆီ ပြေးကြည့်ရပြန်သည်။ သေချာပါသည် အနည်ထိုင်နေသော သဲမှုန်များကြားတွင်း ရွှေမှုန်များ ပြိုးပြိုးပျက်ပျက်မြင်နေရသေးသည်။
ကျွန်တော်လည်း မြို့ထဲသို့ တစ်ယောက်ထဲ ထွက်လာပြီး အင်ဝိုင်း တစ်ချပ်နှင့် ပြဒါး အနည်းငယ် ထွက်ဝယ်ခဲ့သည်။ အင်ဝိုင်းဝယ်ပြီးအပြန် နာရီ ကြည့်လိုက်တော့ အချိန်က အနည်းငယ် စောနေသေးသည်။ သို့နှင့် ကလေးများကျောင်းသွားချိန်ကိုစောင့်ရင်း ထီးလှိုင်လ္ဘက်ရည်ဆိုင်တွင် နွားနို့တစ်ခွက်မှာကာ လမ်းမပေါ်တွင် ဖြတ်ဖြတ် သွားသော လိုင်စင်ကားများကို အရသာ ပါပါ ငေးကြည့်နေမိသည်။
ပြောရင်းဆိုရင်း Land Cruiser မျက်ပြူးကြီး တစ်စီး ကျနော့်ရှေ့က ဖြတ်သွားသည်။
“အင်း မျက်ပြူးကြီး ကျတော့ ငါတို့လို ကျူရှင်ဆရာ တစ်ယောက် အနေနဲ့ ဟုတ်ပါ့မလား မလိုက် မဖက်”
ဟော Suzuki Ertica တစ်စီး။
“Suzuki ကျတော့လည်း တော်ပါပြီလေ သံသားက ခပ်ညံ့ညံ့ရယ်၊ ကိုယ်ကလည်း ရွှေတွေ အများကြီးရမယ့်ဟာပဲကို”
ဖြတ်သန်းသွားသော ကားများနောက် အတွေးများက တသီတတန်းကြီး အမျှင်တန်းလျှက် အတွေး အရသာခံနေမိသည်။
ထမင်းတအိုးကျက်ခန့် အကြာတွင် ကျွန်တော် အိမ်ပြန်လာခဲ့တော့သည်။
ဟော ကွက်တိပဲ။ ကလေးတွေ ကျောင်းသွားလိုက်ကြပြီ။ အခန့်သင့်ချင်တော့ ဘေးပတ်ဝန်းချင်အိမ်များလည်း လူရိပ်လူယောင်မတွေ့ရ။ ကျွန်တော်လည်း အချိန်ဆွဲ မနေတော့ပဲ ဝယ်လာတဲ့ အင်ဝိုင်းကိုထုတ် ပြိုးပြိုးပျက်ပျက် သဲစာများကို အလွင့်အစင်မရှိစေရန် ဂရုတစိုက် ထည့်လိုက်သည်။
“တော်သေးတယ် ကိုယ်က ရွှေလုပ်ဖူးတဲ့ အတွေအကြုံရှိလို့။ အင်ဝိုင်း ဘယ်လိုဝိုင်းရမယ်။ ပြဒါးနဲ့ ဘယ်လို ဖမ်းရမယ်ဆိုတာ သိလို့”
သဲစာများ အင်းဝိုင်းထဲထည့်၊ ရေထည့်ပြီး ရွှေများ အင်ဝိုင်းချက်တွင်ထိုင်စေရန် အနည်းငယ် လှည့်ပြီး ရှေ့တိုး နောက်ငှင် ဘယ်ညာ ဝေ့ဝိုက်လိုက်သည်။ ပုံမှန်အားဖြင့် ထိုသို့ ပြုလုပ်လိုက်လျှင် ရွှေမှုန် ရွှေမွှား ရွှေခဲများသည် အင်းဝိုင်း၏အလည်(အင်ဝိုင်းချက်) နေရာတွင် တဖြည်းဖြည်း စုစု သွားကြသည်။
သို့သော် . . . ယခုမူကား ဤသို့မဟုတ်ပေ။ ဝင်းဝင်း ဝါဝါ အဖတ်များသည် ဝေ့ခနဲ ဝေ့ခနဲ ရှေ့ ထွက်ထွက်လာနေသည်။
“ဟိုက် ဘယ့်နဲ့တုန်းဟ။ ဒီရွှေတွေက ပေါ့လှချည်လား။ အင်း . . . မြို့ထဲက ရွှေမို့များလား”
ကျွန်တော် အလျော့မပေးပါ။ ထပ်မံကြိုးစားပါသည်။ ၄င်းတို့သည် ရှေ့သို့သာ ချော်တော့ငေါ့၍ ပြေးပြေးလာနေချေပြီ။ တစ်ခုခုတော့ တစ်ခုခုပဲ။ ကျွန်တော် သေချာထပ်ကြိုးစားပါသည်။ မရပါ။ မောင်မင်းကြီးသား ဝါဝါ ဖတ်များသည် မြင်းဇောင်းမှ လွှတ်သော မြင်းများ အပြေးပြိုင်နေသလား အောက်မှတ်ရအောင် ရှေ့သို့သာ ချီတက်နေကြသည်။
ကျွန်တော် ပိုသေချာသွားအောင် သူတို့ကို သီးသန့်စုပြီး ပြဒါးဖြင့် ဖမ်းကြည့်ပါသည်။ မရပါ။
သွားပြီ။ မှားလေပြီ။ အနှီ ဝါဝါဖတ်များသည် သဲ၌ပါသော အလကား ဘာမှသောက်သုံးမကျသည့် ဝါဝါမှုန်များသာ ဖြစ်ချေသည်။ ဘာတန်ဖိုးမှမရှိ။ ဘာရွှေမှ မဟုတ်။ ဒင်းတို့နဲ့ဖြင့် လိုင်စင်ကား မပြောနဲ့ ကြိုးနဲ့ဆွဲရတဲ့ကားရုပ်တောင် ဝယ်လို့မရ။
ကျွန်တော်လည်း တွေးရင်း တွေးရင်း ဒေါသတွေ အလိပ်လိုက် အလိပ်လိုက် ထွက်လာပေပြီ။
“တောက် ဒီမိန်းမတွေ ဘူမသိ ကိုးမသိနဲ။ လိုချင် ရချင်တာပဲသိတာ။ ဘာမှမသိပဲနဲ့ဝါဝါမြင်တိုင်း ရွှေထင်နေတာ။ ဒီက အတွေ့အကြုံရှိ သမ္ဘာရင့် ဝါရင့် ရွှေ ရှုံးခဲ့တဲ့ လောပန်းပြုတ် ပြောတာကို နားမထောင်ဘူး။ မဟုတ်လောက်ဘူးနော်။ မဟုတ်လောက်ဘူးနော် ပြောတာကို”
အခုတော့ ငွေငါးသောင်းရှုံး၍ အင်ဝိုင်း တစ်ချပ်သာ အဖတ်တင်လေသည်။
ကျွန်တော်လည်း စိတ်ပေါက်ပေါက်ဖြင့် without ကား အဟောင်းလေးပေါ်တက်ကာ ဘေးဘီ မကြည့်ပဲမောင်းလာလိုက်တော့သည်။
စိမ်းမြဧရာ ပန်းခြံနားအရောက်တွင်တော့ ပြည်သူကိုငဲ့ညှာတတ်သော ငွေဗျိုင်းဖြူများမှ ခရာတုတ်၍ ဖမ်းပါလေတော့သည်။
ထွဏ်းမင်းလူ (မြစ်ကြီးနား)
(ဇူလိုင်လ ၅ ရက်နေ့ ၂၀၂၅)