လူယုတ်မာ ဘစီ

Posted on

လူယုတ်မာ ဘစီ ( စ၊ ဆုံး)
ရေးသားသူ ထမံ ( တောင်ငူ)
*******
မင်းခေါင် ခြေလှမ်းကျဲကျဲ လှမ်းရင်း ရွာထဲကို ပြန်လည် ဝင်ရောက်လာခဲ့တယ်။
ရွာထဲရောက်တော့ အမှောင်ထုတို့က သိပ်သည်းစပြုနေပြီ။
အအေးဓာတ်က ကဲကဲပိုပိုဖြစ်လာတယ်။ အချိန်ကလည်း သက်ကြီးခေါင်းချချိန်ဖြစ်နေကာ တစ်ရွာလုံးကလည်း တိတ်ဆိတ်လွန်းနေခဲ့ပါပြီ။
မင်းခေါင်လည်း ရွာထဲကို ရောက်ပြီးနောက် ဦးဘစီရဲ့ အိမ်ဆီကို ခြေဦးတည်လိုက်တယ်။
အိမ်ဆီကို မီးရောင်တွေက ထိန်ထိန်ညီးနေတယ်။ မင်းခေါင်လည်း အနီးက သစ်ပင်တစ်ပင်ဆီကို ပေါ့ပါးစွာ ခုန်တက်လိုက်ပြီး အခြေအနေကို အကဲခတ်တယ်။
ဦးဘစီရဲ့ လူတွေက ခြံတစ်ခုလုံးကို လှည့်ပတ်ရင်း နိုးနိုးကြားကြား ရှိနေလေတယ်။ လက်နက်ကိုင် ပုလိပ်တို့ကိုလည်း တွေ့ရတယ်။
‘ ဒီလူကြီးက သူ့လုပ်ရပ်တွေအတွက် ဖြစ်လာမယ့် ဘေးကို ကြိုတွေးပြီး အကာအကွယ်ကောင်းကောင်းကိုတောင် ယူထားပြီပဲ…’
မင်းခေါင် ခပ်တိုးတိုး ရေရွတ်လိုက်တယ်။
ပြီးတော့ ခြံထဲဆီကို ဝင်ရောက်ရမယ့် လမ်းကို ရှာဖွေတယ်။
အစောင့်တွေကတော့ နေရာအစေ့ပဲ။ အတင်းဝင်တိုးမှသာ ရတော့မယ့် အခြေအနေဖြစ်နေပြီ။
‘ ဟူး…လုပ်စရာရှိတာကိုတော့ ဒီကနေ့ညမှပဲ အပြီးသတ်လုပ်ရမှာပဲ…’
ကိုယ့်ကိုယ်ကို အားပေးတဲ့အနေနဲ့ ရေရွတ်ပြီး မင်းခေါင် ခပ်ဖွဖွပြုံးလိုက်တယ်။ တစ်ခါတစ်ရံ ပြုံးလိုက်တာမျိုးက ခွန်အားဖြစ်စေတယ်လို့ မင်းခေါင် ခံယူထားမိတယ်။
မင်းခေါင် မျက်နှာကို ပါလာတဲ့ ပုဝါအနက်နဲ့ စည်းနှောင်လိုက်ပြီး ဓားမြှောင်လေးကို ထုတ်လိုက်ကာ သစ်ပင်ထက်ဆီကနေ ခြံထဲဆီကို ခုန်ချလိုက်တယ်။
မင်းခေါင် ခုန်ချလာတာကို ဦးဘစီရဲ့ လူတွေက မြင်မိသွားပြီးတော့…။
‘ ဟေ့…ဘယ်သူလဲ…’
‘ ငါပဲ…’
မင်းခေါင်က ခပ်ရွှင်ရွှင်ပဲ ဖြေလိုက်တယ်။
‘ ဟေ့ကောင်တွေ ဘာတွေမေးနေတာလဲ။ အဲ့ဒါ ရန်သူ…’
အနောက်ပါးဆီက ထွက်ပေါ်လာတဲ့ ဦးဘစီရဲ့ အော်သံ။ ဒီအသံအဆုံး ဦးဘစီရဲ့ လူတွေဟာ တွေဝေမှုမရှိတော့ဘဲ လက်နက်တို့ကို ကိုင်မြှောက်လို့ မင်းခေါင်ဆီကို ပြေးဝင်တိုက်ခိုက်ပါတော့တယ်။
ဒီအခါမှာတော့ မင်းခေါင်ကလည်း စောင့်ဆိုင်းမနေတော့ဘူး။
သူ့ဆီ ပြေးဝင်လာတဲ့ လူအုပ်ဆီကို တရှိန်ထိုး ပြေးဝင်ပြီး တိုက်ခိုက်ပါတော့တယ်။
******
ဦးဘစီရဲ့ ခြံထဲဆီမှာ တိုက်ပွဲငယ်တစ်ခု ဖြစ်ပေါ်လာတယ်။
ကြုံးဝါးသံ၊ ဆူညံဆဲဆိုသံတွေအကြားမှာ တိုက်ခိုက်သံတွေကလည်း ရွာတစ်ခွင်ကို ဆူညံနေလေတယ်။
ဒါပေမယ့်လည်း သူကြီးကိုတောင် ဂရုမထားဘဲ သူကြီးက ရှိန်နေရတဲ့ ဦးဘစီလိုလူမျိုးရဲ့ အိမ်ဆီကဆိုတော့ ဘယ်သူကမှ ထွက်မလာရဲဘူး။
ဒီကနေ့ မတိုင်ခင်ကလည်း ဦးဘစီက သူ့အိမ်နဲ့ ပက်သက်ပြီး ဘယ်သူကမှ စပ်စပ်စုစု မလုပ်ဖို့ ရာဇသံပေးထားလေတယ်။ ဒါကြောင့်လည်း ကမ္ဘာပျက်သလို ဆူညံနေတဲ့ ဦးဘစီအိမ်က အသံတွေကို ထွက်ကြည့်ဝံ့သူတောင် မရှိခဲ့ဘူး။
မင်းခေါင်ရဲ့ လှုပ်ရှားမှုတွေက အစီအရင်ကြောင့် သာမန်နဲ့မတူဘဲ လျှင်မြန်လွန်းနေတယ်။ ဦးဘစီရဲ့ လူတွေ လက်နက်တွေနဲ့ အသည်းအသန်တိုက်ခိုက်ပေမယ့် မင်းခေါင်က လျှင်မြန် ပေါ့ပါးလွန်းနေတော့ ထိခိုက်အောင် မစွမ်းနိုင်ကြဘူး။
မျက်နှာကို ပုဝါစည်းနှောင်ထားတာမို့ မင်းခေါင်မှန်းလည်း သူတို့မသိကြဘူးလေ။
‘ ဒီကောင်က သာမန်မဟုတ်ဘူး။ ဒီကောင်က ကြောင်တစ်ကောင်လိုပဲ လျှင်မြန်လွန်းနေတယ်…’
‘ ဟုတ်တယ် သူ့ကို ထိအောင် မလုပ်နိုင်ဘဲ ငါတို့ပဲ သူ့လက်က ဓားစာကို မိခံနေရတယ်…’
မင်းခေါင်နဲ့ တိုက်ခိုက်သူတွေဆီက ဟစ်အော်ပြောသံတွေ။ မြေပြင်ဆီမှာလည်း သူတို့လူတွေ လဲကျနေကြတာ လေးငါးယောက် မကတော့ဘူး။
မင်းခေါင်အနားဆီကို မကပ်ဝံ့ကြတော့ဘူး။ တဖြေးဖြေး အနောက်ကို ရှဲပြီး ဆုတ်လာကြတယ်။
‘ ဟေ့ကောင်တွေ ဝင်တိုက်ကြလေကွာ…’
ဦးဘစီထံပါးက ဟစ်အော်သံ ထွက်ပေါ်လာတယ်။
‘ ဆရာကြီး…တိုက်မရဘူးဗျ။ ဒီကောင်က ကြောင်တစ်ကောင်လိုပဲ လျှင်မြန်ပြီး သွက်လက်လွန်းနေတယ်…’
‘ ဟာ…ဒါဖြင့်လည်း သေနတ်နဲ့ ပစ်ကြကွာ…’
ဦးဘစီစကားကြောင့် ရပ်နေကြတဲ့ ပုလိပ်တွေက မင်းခေါင်ကို သေနတ်တွေနဲ့ ထိုးချိန်လာကြပြီ။
မင်းခေါင်က သူရင်ဆိုင်နေရတဲ့ လူနှစ်ယောက်ကို မြေဆီမှာ အမှောက်သိပ်လိုက်ပြီး ဦးဘစီတို့ ရှိရာဆီကို လှည့်ကြည့်လာလိုက်လေတယ်။
‘ ဟေ့…ပစ်ကြလေကွာ။ အဲ့ဒီ့ကောင်ကို မွစာကြဲအောင် ပစ်ကြစမ်း…’
ဦးဘစီက ထအော်တော့ ပုလိပ်တို့က မင်းခေါင်ကို သေနတ်နဲ့ ပစ်ကြလေပြီ။
သေနတ်ငါးလက် မီးပွင့်တို့က တစ်လက်ပြီးတစ်လက် စဉ်ဆက်မပြတ် လက်ထွက်လာတယ်။
မင်းခေါင်ကလည်း မခေ။
သေနတ်တို့ဆီက မီးပွင့်တို့ ထွက်မလာခင် မောင်းခလုတ်ကို မဆွဲနိုင်မှီကတည်းက နေရာဆီကနေ ခုန်ထွက်သွားပြီး အိမ်ကြီးရဲ့ ဝရံတာဆီကို လှမ်းတက်သွားလေတယ်။
‘ အိမ်ထဲ ဝင်ပြေးပြီ။ လိုက်ကြ…လိုက်ကြ…’
ဦးဘစီက အလွန်အမင်း သွေးဆူခြောက်ခြားနေလေပြီ။
လက်ရှိ သူ့ဆီကို ရောက်ရှိလာတဲ့ရန်သူက အနှစ်နှစ်ဆယ်နီးပါးသူစောင့်ရှောက်လာခဲ့တဲ့ ဘမင်းဖြစ်မယ်လို့ ရည်မှန်းထားခဲ့တာပါ။
ဘမင်းကို သူ တစ်မြန်နေ့က ကိစ္စတုံးဖို့ တပည့်တွေနဲ့ စေခိုင်းခဲ့တယ်။
ဘမင်းနဲ့ သူ့တပည့်တို့ ရွာအပြင် ထန်းတောထဲမှာ ထန်းရည်သောက်ဖို့ အကြောင်းပြုပြီး စီရင်ပစ်ခဲ့ဖို့ သူစီစဉ်ခဲ့တာပါ။ ဒါပေမယ့်လည်း ထင်မှတ်မထားဘဲ သူ့ကို မောင်တိုးဆိုတဲ့ တပည့်က သစ္စာဖောက်ခဲ့ပြီး ဘမင်းကို လွတ်မြောက်စေခဲ့တယ်။
မောင်တိုး ကောင်းမှုကြောင့် ဘမင်း လွတ်မြောက်သွားခဲ့ပြီး မောင်တိုးလက်ချက်ကြောင့်ပဲ သူတပည့် ဒဏ်ရာအပြင်းအထန် ရရှိခဲ့တယ်။
ဒီအကြောင်းကို သူသိသိချင်းပဲ လူအင်အားနဲ့ မောင်တိုးကို မြေလှန်ရှာဖွေခဲ့ပြီး သုတ်သင်ခဲ့ပြီးပြီ။
ဒါပေမယ့် ဘမင်းလွတ်မြောက်သွားတာမို့ သူ့အတွက်ကိုက လုံခြုံမှုမရှိတော့ဘူးလို့ ခံစားနေရတယ်။ ဘမင်းကလည်း သူ့ရဲ့ နောက်ကွယ်က အတိတ်ဖြစ်ရပ်တွေကို သူ့အမေ အေးသီက ပြောပြထားပြီးတာမို့ သိပြီးခဲ့ပြီ။
ချစ်ရသူကို လုယူထားပြီး မအေဖြစ်သူကိုလည်း သူက သေကောင်ပေါင်းလဲ ရိုက်နှက်ထားတဲ့အတွက် ဘမင်းက သူ့ကို ဘယ်လိုမှ အစာကြေမှာမဟုတ်ဘူး။
ဒါကြောင့်လည်း တစ်နည်းနည်းနဲ့ လက်တုန့်ပြန်လာမှာကို မျှော်လင့်ပြီး သူ့အတွက် လုံခြုံမယ့် လက်ရှိအစီအမံတွေကို သူ လုပ်ဆောင်ထားရတာရယ်။
အခုတော့ ဘမင်းမဟုတ်နိုင်တဲ့ ထင်မှတ်မထားတဲ့ ရန်သူက ရောက်လာခဲ့တယ်။
ဒီရောက်လာသူဟာ မျက်နှာပုဝါစည်းထားတဲ့အပြင် လှုပ်ရှားလုပ်ကိုင်ပုံတွေကလည်း ထူးထူးကြွယ်ကြွယ်ဖြစ်နေလေတော့ ဘယ်သူဘယ်ဝါဖြစ်မယ်ဆိုတာ သူ မသိနိုင်ဘူး။
ဒါပေမယ့်လည်း ဘယ်လိုဖြစ်ဖြစ် သူ့ကို အန္တရာယ်ပြုဖို့ ရောက်လာခဲ့တယ်ဆိုတာကတော့ သေချာလွန်းနေပြီမို့ မရအရ သုတ်သင်မှသာ ဖြစ်လိမ့်မယ်။ မဟုတ်ရင် သူ့ဘဝ နိဂုံးတန်သွားရလိမ့်မယ်။
အိမ်အပေါ်ဆီကို သူ့လူတွေ အပြေးတက်သွားကြတော့ ဦးဘစီလည်း အနောက်က လိုက်လေတယ်။
အိမ်အရှေ့အခန်းကို ဖြတ်တော့ နံရံဆီက ဓားရှည်ကို သတိရမိသွားပြီး သူ့လူတွေနဲ့ ခွဲလို့ အမြန်သွားလို့ ဖြုတ်ယူကာ အိမ်အပေါ်ကို အပြေးတက်တယ်။
အိမ်ပေါ်ကို ရောက်တော့ ဦးဘစီရဲ့ မျက်လုံးတွေ ဝိုင်းစက်တဲ့အထိ အံ့သြသွားရလေပြီ။
ပုလိပ်တွေတင်မက သူ့လူတွေအားလုံး အခန်းတစ်ခုထဲဆီမှာ အလဲလဲအပြိုပြို၊ သွေးအလိမ်းလိမ်းနဲ့ဖြစ်နေတာကို သူ မြင်လိုက်ရတယ်လေ။
ဦးဘစီ လုံးလုံးလျားလျား သွေးပျက်သွားခဲ့ရပြီ။
လက်ရှိ ရင်ဆိုင်နေရတဲ့သူက သူ့အတွက် တင်တင်ထိုးထိုး ယှဉ်ပြိုင်တိုက်ခိုက်ဖို့ရာ မဖြစ်နိုင်တဲ့သူဆိုတာ ဦးဘစီ နားလည်သွားရလေတယ်။
သူက တိုက်ရေးခိုက်ရာကို ကျွမ်းကျင်ပါးနပ်သူမဟုတ်ဘူး။
သူက တပည့်တပန်းတွေအပေါ် ဆိုင်ရာပိုင်ရာတွေအပေါ်ကိုသာ ငွေပုံအပ်ပြီး ထင်တိုင်းကြဲခဲ့တဲ့သူ။
အခုရန်သူက တိုက်ခိုက်မှုရေးရာမှာ တစ်ဖက်ကမ်းခပ်နေတယ်ဆိုတာက သူ့မျက်မြင်ပဲ။
ဦးဘစီ ခြေလှမ်းတွေကို အနောက်ဆုတ်လိုက်လေတယ်။
ဒိအခိုက်မှာပဲ သူ့အရှေ့ အခန်းအပြင်ဆီက ရိပ်ခနဲ လှုပ်ရှားမှုတစ်ခုကို မြင်လိုက်ရလေပြီး သူ့အရှေ့ဆီမှာ ပိတ်ရပ်လာတဲ့ ရန်သူ။
‘ မင်း…မင်း ဘယ်သူလဲ…’
ဓားအလွတ်ကို အရှေ့မှာ ကာကိုင် ကိုင်ပြီး မေးခွန်းထုတ်လိုက်တဲ့ ဦးဘစီရဲ့ အသံတွေက သိသိသာသာ လှိုင်းခတ်နေသလို ဓားကိုင်လက်ကလည်း တုန်ယင်နေတယ်။
တစ်ဖက်ဆီက ရယ်သံ ထွက်ပေါ်လာတယ်။ ပြီးတော့…။
‘ ဘယ်လိုလဲ ဦးဘစီ။ သိပ်ကို ကြောက်နေပြီလား…’
‘ ငါ ငါ မေးနေတယ်လေ။ မင်း မင်း ဘယ်သူလဲ…’
‘ ဟူး…ခင်ဗျားကြီးက ဟန်တောင်မဆောင်နိုင်လောက်တော့တဲ့အထိကို တကယ်ကြောက်နေတာပဲ…’
‘ ငါ…ငါ မကြောက်ဘူး…’
‘ မကြောက်ဘူးသာ ပြောတယ်။ ခင်ဗျားပုံစံကိုလည်း ကိုယ့်ဘာသာ ပြန်ကြည့်ပါဦး…’
‘ ဟေ့ကောင် စကားတွေ ရှည်မနေနဲ့။ ငါ မေးနေတယ် မင်း ဘယ်သူလဲလို့…’
‘ ဒါက ခင်ဗျားရဲ့ နောက်ဆုံးဆန္ဒလား။ ကျုပ် ဘယ်သူလဲဆိုတာ သိဖို့က ခင်ဗျားရဲ့ နောက်ဆုံးဆန္ဒလား…’
‘ မင်း ဘယ်သူလဲ…မင်းဘယ်သူလဲ…’
ဦးဘစီ ဘယ်လိုမှ မာန်တင်းဖို့ရာ မစွမ်းသာတော့ဘူးထင်တယ်။ သွေးပျက်ခြောက်ခြားလွန်းစွာနဲ့ ဟစ်အော်လာတယ်။
‘ ကောင်းပြီလေ။ ကျုပ် ဘယ်သူလဲဆိုတာ ခင်ဗျားကို ပြောပြမယ်။ ပြီးတော့ ဘာအတွက်ကြောင့် ရောက်လာရတာလဲဆိုတာ ပြောပြမယ်။ ဒါပြီးရင်တော့ ခင်ဗျားလို လူယုတ်မာကို အသက်ဆက်ပြီ ရှင်သန်ခွင့်မပေးတော့ဘဲ ငရဲပြည်ဆီကို ပို့ပေးမယ်…’
မင်းခေါင် အံကို ကြိတ်လို့ ပြောလိုက်တယ်။
ဦးဘစီက သူ့အတွက် လွတ်လမ်းမရှိတော့ဘူးဆိုတာ သိလိုက်ပြီ။ ဒါကြောင့် လွတ်လမ်းကို ရှာတဲ့အနေနဲ့ အနောက်ကို ဆုတ်လေတယ်။
‘ ကျုပ်က ခင်ဗျား ယုတ်ယုတ်မာမာနဲ့ ခြေတော်တင် ဖျက်ဆီးလို့ သေဆုံးသွားခဲ့တဲ့ မြသစ်ရဲ့ ချစ်သူ။ ခင်ဗျား သတ်လို့ မသေခဲ့တဲ့ ခင်ဗျား သားတစ်ယောက်အဖြစ် မသတ်မှတ်ဘဲ ရန်သူလိုသတ်မှတ်ခံခဲ့ရတဲ့ ဘမင်းရဲ့ သူငယ်ချင်း မင်းခေါင်။ ကျုပ် မင်းခေါင်ပဲ…’
‘ မင်း…မင်းက မင်းခေါင်…’
မင်းခေါင်က မျက်နှာဆီက ပုဝါကို ဖြေချလိုက်လေတယ်။
‘ ဟုတ်တယ်။ ကျုပ် မင်းခေါင်ပဲ။ ခင်ဗျား ရက်ရက်စက်စက် ယုတ်မာတာကနေ ကယ်တင်သူရှိလို့ လွတ်မြောက်ခဲ့ရတဲ့ မင်းခေါင်ပဲ။ ဒီကနေ့ည ကျုပ် ရောက်လာရတာက ကျုပ် ချစ်သူ မြသစ်အတွက် ကျုပ် သူငယ်ချင်း ဘမင်းအတွက် ပြီးတော့ ကျုပ်အပေါ် ခင်ဗျား ယုတ်မာခဲ့တာတွေအတွက် ခင်ဗျားဆီက အသက်ကို အကြွေးလာပြန်တောင်းတာပဲ…’
မင်းခေါင် ပြောရင်းနဲ့ အရှေ့ကို လှမ်းတိုးလိုက်တော့ ဦးဘစီက အနောက်ကို ထပ်မံတိုးဆုတ်လိုက်ရင်းက…။
‘ မင်း…မင်းခေါင်။ ငါ…ငါ မှားပါတယ်ကွာ။ မြ…မြသစ်ကိုလေ ငါ…ငါ တမင် ယုတ်မာတာ မဟုတ်ပါဘူး။
အဲ့ဒီ့ညက မင်းက လွတ်မြောက်သွားတယ်။ ပုလိပ်အရာရှိမင်းကလည်း ဒီကိစ္စအတွက်ကို တမင် အနှောက်အယှက်ပေးတယ်ဆိုပြီး စိတ်ဆိုးနေတော့ ညပိုင်းမှာ စားသောက်ပွဲဖန်တီးပေးဖြစ်ရာက ငါ အသောက်လွန်သွားတယ်။ အရက်တွေ မူးနေချိန်မှာ မြသစ်ကို မင်းလာကယ်ထုတ်သွားမှာစိုးလို့ ငါ သွားကြည့်တယ်။ ငါ ရောက်သွားတော့ မြသစ်က အိပ်မောကျနေတယ်။ ငါ…ငါ သူ အိပ်နေတာကို မြင်ပြီး စိတ်က ဖောက်လွဲဖောက်ပြန်ဖြစ်သွားရာက ကျူးလွန်မိသွားတယ်…’
‘ တော်လိုက်တော့ လူယုတ်မာကြီး ဦးဘစီ။ ခင်ဗျား တော်လိုက်တော့…’
မင်းခေါင် ဆက်ပြီး နားထောင်နိုင်စွမ်းမရှိတော့ဘူး။ မင်းခေါင် ဟစ်အော်လိုက်တယ်။
မြသစ်အကြောင်းကြောင့် အံကို တင်းတင်းကြိတ်မိရင်း မျက်ဝန်းမှာ မျက်ရည်တို့က စီးကျလာရတယ်။
‘ ငါ…ငါ…မှားပါတယ်ကွာ…ငါ့ကို ခွင့်လွှတ်ပါ။ မင်းအပေါ်ကိုလည်း ဘမင်းကြောင့်နဲ့ ငါ့ကို ရွာကလူတွေ ကြောက်နေအာင်လို့ လုပ်မိတာပါ။ ဘ…ဘမင်းတို့ကိုလည်း…’
ဥိးဘစီ သွေးရူးသွေးတန်းနဲ့ ထပ်ပြောတယ်။ မင်းခေါင် ရင်ထဲက ပြင်းထန်လွန်းတဲ့ နာကျည်းမှုတို့ကြောင့် သည်းခံနိုင်စွမ်း မရှိတော့ဘူး။
ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်း မဲ့သွားရပြီ။
ဦးဘစီ ရှိရာဆီကို လှစ်ခနဲ ပြေးဝင်မိရင်း လက်ထဲက ဓားနဲ့ လည်ဆီကို လှီးဖြတ်လိုက်တယ်။
မင်းခေါင်ရဲ့ လျှင်မြန်မှုကြောင့် ကြောက်စိတ်လွန်ကဲနေပြီဖြစ်တဲ့ ဦးဘစီ မတားလိုက်နိုင်ဘူး။
လက်ထဲက ဓားဟာ ပြုတ်ကျသွားပြီး လည်ဆီကို နှစ်ဖက် အုပ်ကိုင်ရင်း ယိုင်နဲ့ညည်းတွားရင်း လဲပြိုသွားရလေတယ်။
‘ အစ်…အစ်…’
ဦးဘစီဟစ်အော်ဖို့ ကြိုးစားပေမယ့် အသံက ထွက်မလာခဲ့ဘူး။ လက်ကြားဆီက သွေးတို့က စိမ့်ကျလာတယ်။
မင်းခေါင်ကတော့ ဦးဘစီရဲ့ အနောက်ကျောဆီမှာ သွေးစက်လက်ကျနေတဲ့ ဓားကို ကိုင်ရင်း ကြက်သေသေလို့ ရပ်နေမိတယ်။
‘ ဝုန်း…’
ဦးဘစီ ခန္ဓာကိုယ်ကြီးက အရုပ်ကြိုးပြတ်လဲကျသွားရပါပြီ။
မင်းခေါင်မှာတော့ ဒီအသံကို ကြားရပါမှပဲ သတိဝင်လာရလေတယ်။
‘ အား…..’
ရင်ထဲက ဆို့နင့်နာကျင်မှုတွေအတွက် မင်းခေါင် ဟစ်အော်လိုက်တယ်။
နောက်တော့ စိတ်ကို လျော့ချလိုက်လေပြီး နေရာမှာတင် ထိုင်ချလိုက်လေကာ ချုံးပွဲချလို့ ငိုကြွေးလိုက်ပါတော့တယ်။
******
ညက သန်းခေါင်ယံကို လွန်သွားခဲ့ပြီ။
မြသစ်ရဲ့ မြေပုံလေးနံဘေးဆီမှာ ဘမင်းတစ်ယောက် မင်းခေါင်ပြန်အလာကို စောင့်ဆိုင်းရင်း မှေးခနဲ ဖြစ်သွားရာက ပြန်လည်နိူးလာရတယ်။
သုသာန်စတစ်ခွင်ဟာ တိတ်ဆိတ်လွန်းနေတယ်။
လဆန်းရက်မို့ တစ်ခြမ်းပဲ့ လကလည်း စောစီးစွာနဲ့ အနောက်ဘက်အရပ်ဆီမှာ ငုပ်လျှိုးကွယ်သွားခဲ့လေပြီ။
‘ မင်းခေါင် ပြန်ရောက်မလာသေးပါလား။ တစ်ခုခုများ ဖြစ်နေတော့သလား…’
ဘမင်း စိတ်ပူမိသွားရပြီး အတွေးတွေက ရှုပ်ယှက်ခတ်သွားရတယ်။ သူ့အနေနဲ့ မင်းခေါင် ဦးဘစီကို သွားရောက်သုတ်သင်မယ့်အရေးကို ခွင့်မပြုသင့်ဘူးလို့ မြင်လာမိရတယ်။
သူကြောင့် မင်းခေါင် မြသစ်ကို စွန့်လွှတ်လိုက်ရပြီးပြီ။
အခုတစ်ခေါက်လည်း သူ့ကြောင့် မင်းခေါင်သာ တစ်စုံတစ်ခု ဖြစ်သွားခဲ့ရင်…။ သူ့မိခင်ဖြစ်သူကကော…။
ဘမင်း ဆက်ပြီး မတွေးနိုင်တော့ဘူး။
မင်းခေါင်အနောက်ကို လိုက်ဖို့ ဆုံးဖြတ်ပြီး အားတင်းထလိုက်တယ်။ မနေ့တစ်နေ့ကမှ ကျိုးထားတဲ့ ခြေထောက်ဆီက တဆစ်ဆစ် ကိုက်ခဲမှုကို ဘမင်း ခံစားနေရပေမယ့် အားတင်းလို့ ထလိုက်တယ်။
ပြီးတော့ သူ အားပြုရာ တုတ်ချောင်းကို ကောက်ယူပြီး သုသာန်ထဲဆီကနေ ဒယီးဒယိုင်နဲ့ ထွက်ခဲ့တာပေါ့။
သုသာန်အတွင်းက မြေပုံတွေအကြားကနေ ခက်ခက်ခဲခဲ ထွက်ခဲ့ပြီး သုသာန်အပြင်ဘက်ကို ဘမင်း ရောက်လာလေတယ်။
ခပ်ဝေးဝေးဆီက ရွာကို မှောင်နဲ့မည်းမည်းထဲမှာ သူတို့နေထိုင်ခဲ့ရာ သရဝဏ်ရွာကို သစ်ပင်အုပ်တန်းတန်းကြီးအဖြစ်နဲ့ လှမ်းမြင်ရတယ်။ ရွာနဲ့ သုသာန်က အတော်လှမ်းတယ်။
ဘမင်းတော့ မင်းခေါင်ကို စိုးရိမ်စိတ်၊ မိခင်ဖြစ်သူကို ပူပန်စိတ်တို့နဲ့ ရွာဆီကို ကျားကုတ်ကျားခဲ လှမ်းနေတယ်။
‘ ဟာ…’
သုသာန်ဆီကနေ ထွက်ခွာပြီး သိပ်မကြာလိုက်ဘူး။
ရွာအတွင်း သူတို့ နေထိုင်တဲ့ နေရာလောက်ဆီက ရဲရဲနီကာ လင်းချင်းလွန်းတဲ့ မီးရောင်တွေကို လှမ်းမြင်လိုက်ရတယ်။
‘ ဒါ…ဒါ…’
ဘမင်း ရနိုင်သလောက် ပိုမိုကြိုးစားလို့ လှမ်းပါတယ်။
တစ်ချက် အားပြုထားတဲ့ တုတ်က ချော်ပြီး လဲကျတယ်။ ခြေထောက်ဆီက မျက်ခနဲ နာကျင်မှုကို ခံစားလိုက်ရတာကြောင့် ဘမင်း တော်တော်နဲ့ ပြန်မထနိုင်ဘူး။
‘ အား…ကျွတ်…’
ဘမင်း နာကျင်လွန်းတဲ့ ခြေထောက်ကို ဖိကိုင်ပြီး အော်ညည်းမိလိုက်တယ်။
‘ မင်း နာနေလို့ မရဘူး ဘမင်း။ ပြန်ထရမယ်။ မင်းနာကျင်နေလို့ မရဘူး…’
ဘမင်း ကိုယ့်ကိုယ်ကို အားပေးတယ်။
ပြီးတော့ တုတ်ကို အားပြုလို့ ပြန်ထတယ်။ ပြန်ထပြီး ရွာဆီကို ခြေလှမ်းစတင်လိုက်ချိန်မှာတော့ ရွာဘက်ဆီကနေ တဏွေ့ရွေ့ လှမ်းလာနေတဲ့ အရိပ်တစ်ခုကို လှမ်းမြင်မိလိုက်ရလေတယ်။
‘ ဒါက…မင်းခေါင်လား…’
ဘမင်း အားစိုက်လို့ ပြန်ကြည့်တယ်။ နှစ်ညတိတိ အိပ်ရေးပျက်ကာ အစားလည်းမစားရ၊ အားအင်လည်း ပြတ်နေပြီဖြစ်တဲ့ ဘမင်း မျက်ဝန်းတွေက ဝေဝါးနေတော့ အမှောင်ထု သိပ်သည်းမှုအကြားမှာ သေသေချာချာ မမြင်နိုင်ဘူး။
ဘမင်း အရှေ့ဆီကို ဆက်လက်ပြီး လှမ်းတိုးတယ်။
‘ ဘမင်း…’
‘ သား…ဘမင်း…’
မင်းခေါင်ရဲ့ ခေါ်သံက ထွက်ပေါ်လာတယ်။ ပြီးတော့ တစ်ဆက်ထဲမှာပဲ မိခင်ဖြစ်သူရဲ့ အသံ။
‘ အမေ…’
ဘမင်း ဝမ်းသာအားရနဲ့ တုန့်ပြန်လာလိုက်ရင်း အရှေ့ကို ခပ်သုတ်သုတ် လှမ်းတိုးဖို့ လုပ်လေတယ်။
‘ ဘမင်း…မလာနဲ့။ ငါတို့ လာခဲ့မယ်…’
မင်းခေါင်က လှမ်းပြောလာပြီး ခပ်မြန်မြန်လှမ်းလာကာ ဘမင်း အနားဆီကို ရောက်ရှိလာလေတယ်။
မင်းခေါင်လက်ထဲဆီမှာ ဘမင်းရဲ့ အမေ ဒေါ်အေးသီကို ပွေ့ချီလို့…။
မင်းခေါင်က ဘမင်းအနားဆီကို ကိုယ်ကို ယို့ပေးလာတယ်။
‘ သူငယ်ချင်း ငါ့ပခုံးကို ဖက်ကိုင်လိုက်။ ပြီးရင် သုသာန် ဇရပ်ဆီမှာပဲ မင်းတို့သားအမိ စောင့်နေပေး။ ငါ ရွာထဲကို ခဏပြန်ဝက်စရာရှိသေးတယ်။ ဟို လူယုတ်မာကိုတော့ ငါ ရှင်းလင်းခဲ့ပြီးပြီ။ အိမ်ကတော့ ဒေါ်လေးအေးသီက မီးရှို့ခိုင်းလို့ ငါ ရှို့ခဲ့လိုက်တယ်…’
‘ ရတယ် သူငယ်ချင်း။ မင်း ဘာမှဖြစ်မလာဘဲ အမေ့ကို ကယ်ဖုတ်ပေးတာနဲ့တင် ငါ ကျေးဇူးတင်မိနေပါတယ်…’
ဘမင်း ပြန်ဖြေပြီး မင်းခေါင်ရဲ့ အစီအမံအတိုင်းပဲ လုပ်ဆောင်လိုက်တယ်။
မင်းခေါင်ကတော့ ဘမင်းကိုလည်း တွဲရင်း ဒေါ်အေးသီကိုလည်း ပွေ့ချီရင်းက သုသာန်ဇရပ်ဆီကို ဆက်လှမ်းခဲ့တယ်။
‘ မင်းခေါင်…မင်း အဆင်ပြေရဲ့လား။ ငါ တုတ်ထောက်ပြီးပဲ လိုက်ခဲ့မယ်လေ…’
‘ ရတယ် ဘမင်း။ ငါ ဘာမှမဖြစ်ဘူး…’
မင်းခေါင်ရဲ့ သန်စွမ်းမှုကို ဘမင်း အံ့အားသင့်နေမိတယ်။
သူတို့သားအမိ မှီတွယ်ကာ လှမ်းနေတာတောင်မှ မင်းခေါင်ဟာ တစ်ချက် ယိုင်မသွားခဲ့ဘဲ သုသာန်အတွင်းဆီက ဇရပ်ဆီကို ရောက်ရှိလာခဲ့ကြတယ်။
ဘမင်းလည်း မင်းခေါင်ဆီက အသာဖယ်ခွာလိုက်လေတယ်။
မင်းခေါင်က ဒေါ်အေးသီကို သင့်ရာဆီမှာ အသာအယာ အောက်ချပေးလိုက်ပြီး…။
‘ ဒေါ်လေး။ ဘမင်း…ကျုပ် ရွာထဲ ခဏပြန်သွားဦးမယ်…’
‘ သား မင်းခေါင်။ မင်း အန္တရာယ်ကင်းပါ့မလား…’
‘ ကင်းပါတယ် ဒေါ်လေး။ ကျုပ် အမေတို့ကို မှားရာရှိတာ မှာခဲ့ချင်သေးလို့…’
‘ မင်းခေါင်…’
‘ အေး…ပြော သူငယ်ချင်း…’
‘ အစစ အရာရာ ဂရုစိုက်ပါ။ ငါတို့ မင်း အန္တရာယ် ကင်းကင်းနဲ့ ပြန်လာမှာကို စောင့်နေမယ်…’
‘ အေးပါ။ စိတ်ချပါ…’
မင်းခေါင် ဇရပ်အပေါ်ဆီကနေ ဆင်းသွားခဲ့တယ်။
ဒီအခါမှာတော့ ဘမင်းလည်း မိခင်ဖြစ်သူအနားကို ချဉ်းကပ်သွားမိကာ သားအမိနှစ်ယောက် ဝမ်းနည်းနာကျင်စိတ်တို့နဲ့ ငိုကြွေးမိကြပါတော့တယ်။
******
မင်းခေါင် အိမ်ဆီကို ပုန်းလျှိုးကွယ်လျှိုးနဲ့ တစ်ဖက်လမ်းဆီကနေ ပြန်ခဲ့လိုက်ပြီး တံခါးကို ခပ်သာသာ ခေါက်လိုက်တယ်။
‘ အမေ…အမေ…’
‘ ဟေ ဘယ်သူလဲ…မင်းခေါင်လား…’
‘ ဟုတ်တယ် အမေ…’
အိမ်တွင်းဆီက ခြေသံ ထွက်ပေါ်လာပြီး တံခါးဖွင့်ပေးလာတယ်။
မင်းခေါင်လည်း ပတ်ဝန်းကျင် အရိပ်အခြည်ကို တစ်ချက်ဝေ့ဝိုက်ကြည့်လိုက်ပြီး အိမ်ထဲကို လှမ်းဝင်လိုက်တော့ မိခင်ဖြစ်သူက မင်းခေါင်ကို ပွေ့ဖက်လာလေတယ်။
ဒီအခိုက်မှာ ညီမဖြစ်သူ မိသွယ်ကလည်း ရောက်ရှိလာလေပြီး ထပ်မံ ပွေ့ဖက်လာပြန်ကာ ငိုကြွေးလာတယ်။
‘ မိသွယ်…မငိုနဲ့လေ။ ဘာလို့ ငိုနေတာလဲ…’
‘ အကို…နင် မရှိတော့ ကျုပ်တို့ အားကိုးရာ မဲ့တယ်တော့်။ အခုနကဆို ရွာထဲမှာ ဆူညံပွက်လောရိုက်နေတာ။ ဦးဘစီအိမ်ကို လူတစ်ယောက်က ဝင်ပြီး တိုက်ခိုက်တယ်ဆိုလားပဲ။ ပြီးတော့ ဦးဘစီ အိမ် မီးလောင်တယ်ဆိုပြီး ရွာထဲက လူတွေ ပြေးကုန်ကြတယ်။ ကျုပ် ကြောက်တယ်တော်။ အကိုသာ ရှိရင်တော့ ကျုပ်တို့ အတော်အားရှိရမှာ…’
မင်းခေါင် ရုတ်တရက် ရင်ထဲဆို့နင့်သွားရပြီး ဘာပြန်ပြောရမယ် မသိတတ်ဘူး။
‘ ငါ့ သား…မင်း ဘာတွေဖြစ်ခဲ့သလဲ။ ဘာတွေ လုပ်လာခဲ့သလဲ။ အခု ရွာထဲမှာ ဖြစ်နေတာတွေက မင်းနဲ့မှ ကင်းရဲ့လား…’
မိခင်ဖြစ်သူက သားဖြစ်သူအကြောင်းကို သိပြီးသူမို့ မျက်နှာမကောင်းတာကို ကြည့်ပြီး မေးလာခဲ့တယ်။
မင်းခေါင် မိခင်ဖြစ်သူကို ဘာပြန်ဖြေရမယ်မသိပြန်။ မိခင်ဖြစ်သူက…။
‘ သား အမေမေးနေတယ်လေ…’
‘ အမေ…’
မင်းခေါင် စကားက တစ်ဝက်တစ်ပျက်။ မိခင်နဲ့ ညီမက သူ့စကားကို ငံ့လင့်နေလေတယ်။ မင်းခေါင် သက်ပြင်းကို ချလိုက်တယ်။
‘ ဟုတ်တယ်…အမေ။ ရွာထဲမှာ ဒီညဖြစ်လာတာတွေက ကျုပ်ကြောင့်ပဲ။ ကျုပ် ဘစီဆိုတဲ့ လူယုတ်မာကြီးကို လက်စားချေခဲ့တယ်…’
‘ ဖြစ်မှဖြစ်ရလေ ငါ့သားရယ်…’
မိခင်ဖြစ်သူ စိတ်မသက်မသာ ဖြစ်သွားပုံရတာကို ကြည့်ရင်း မင်းခေါင် ရင်ထဲမကောင်း။
‘ အန္တရာယ်သိပ်များတာကို ငါ့သားရယ်။ ဘယ်လောက်ထိတောင်များ အရဲစွန့်လိုက်လေသလဲကွယ်…’
စိုးရိမ်မှုတို့ ပြည့်သိပ်နေတဲ့ လေသံနဲ့ ပြောလာတယ်။
‘ အမေ…ကျုပ်က သာမန်လူမဟုတ်တော့ဘူး…’
‘ ဘယ်လို…’
မင်းခေါင်စကားကို မိခင်ဖြစ်သူက နားမလည်နိုင်ဖြစ်သွားတယ်။
‘ ဒီလို အမေ။ ကျုပ် ရှင်းပြမယ်နော်။ အခုတော့ အမေ မတ်တပ်ကြီးနဲ့ပြောနေရတာ။ ဟိုနား ထိုင်ပြီး ပြောကြမယ်…’
သားအမိသုံးယောက် ဘုရားကျောင်းဆောင်အရှေ့ဆီက ဖျာဆီမှာ ထိုင်လိုက်ကြတယ်။
‘ ကျုပ်ကို သူကြီးအိမ်ဆီမှာ ဖမ်းတဲ့ ညက ကိုတာနောက လာကယ်တယ်။ ပြီးတော့ ဦးဘထူးနဲ့အတူ မရှိခဏ ဘုရားကို သွားပြီးတော့ အစီအရင်တစ်ခုကို ပြုရတယ်…’
‘ ဘယ်လို အစီအရင်လဲ။ ဘယ်လိုဖြစ်ရတာလဲ။ သူတို့က သိမ်းသွင်းတာလား…’
‘ သူတို့ သိမ်းသွင်းတာ မဟုတ်ဘူး။
‘ အမေ။ ကျုပ်က အစီအရင်က အရွေးချယ်တာကို ခံရတာ…’
‘ အမေ နားမလည်ဘူး…’
‘ ရှင်းပြပါဦး အကို။ မိသွယ်လည်း နားမလည်ဘူး…’
‘ ဒီလိုပါ အမေ။ ကျုပ် သန်းခေါင်ယံပြိုင်ပွဲညတုန်းက ခိုးယူခဲ့တဲ့ ကြောင်ရုပ်က တကယ်တမ်းကျတော့ သက်ရှိကြောင်တစ်ကောင်ပဲ။ ကြောင်မျက်ရှင် အစီအရင်တစ်ခုကြောင့် အဲ့ဒီ့လိုဖြစ်နေတာ။ အဲ့ဒီ့ကြောင်က အစီအရင်ပြုရမယ့်သူကို ရွေးချယ်တယ်။ ကျုပ် အရွေးချယ်ခံရတယ် အမေ။ အဲ့ဒီ့ကေန နောက်ပိုင်းတွေမှာ အစီအရင်ကြောင်ရဲ့ ဝိဉာဉ်ဟာ ကျုပ်နောက်ကို တစ်ကောက်ကောက်လိုက်နေခဲ့တာပဲ…’
‘ ဒါကနေပဲ ငါ့သားက အစီအရင်ကို လုပ်ဖြစ်ခဲ့တယ်ပေါ့…’
‘ ချက်ချင်းတော့ မဟုတ်ပါဘူး အမေ။ ဒီအစီအရင်နောက်မှာ တာဝန်ဆိုတာတွေ ပါရှိလာတယ်။ ဒါကြောင့် ကျုပ် အချိန်ယူပြီး စဉ်းစားခဲ့တယ်။ ပြဿနာဖြစ်တဲ့ နောက်ပိုင်းမှာတော့ ကျုပ် အစီအရင်ကို လက်ခံဖို့ ဆုံးဖြတ်လိုက်တယ်။ အခုတော့ အစီအရင်အောင်မြင်ပြီးခဲ့တယ်။ ပြီးတော့ မြသစ်…မြသစ်ကလည်း အကူအညီလာတောင်းတယ်။ အဲ့ဒါနဲ့ ကျုပ် ပြန်လာခဲ့တာ အေမ။ ဒီရောက်တော့ အကြောင်းစုံသိရပြီး…’
မင်းခေါင် ပြောရင်းနဲ့ မျက်ရည်တို့ လိမ့်ဆင်းကျလာရတယ်။
‘ ငါ့သားရယ်…အမေလည်း မင်းကို အလုံးစုံ မပြောပြမိခဲ့တာအတွက် တောင်းပန်ပါတယ်နော်။ ဒီအကြောင်းတွေကို သိုးသိုးသဲ့သဲ့ ကြားမိပေမယ့် အတည်ပြုရခက်တာကော မင်း အခုလို လက်စားချေရင် မင်းအတွက် အန္တရာယ်ဖြစ်လာမှာကိုကော အေမက စိုးရိမ်လို့ ထိန်ချန်ထားမိတာပါ…’
‘ ရပါတယ် အမေရယ်။ ကျုပ် ဘာမှမဖြစ်ပါဘူး…’
‘ အကို…’
‘ ပြော ငါ့နှမ…’
‘ အခု အကို ဘာဆက်လုပ်မှာလဲ။ ဒီအခြေအနေတွေ ဖြစ်လာမှတော့ အကို ရွာဆီမှာ ဘယ်နည်းနဲ့မှ နေမရနိုင်တော့ဘူးဆိုတာ သေချာသွားပြီမို့…’
‘ အကိုက အစီအရင်ကို လက်ခံပြီးပြီလေ ငါ့နှမရယ်။ ဒါအတွက်ကို တာဝန်တွေလည်း လုပ်ဖို့ ရှိလာတယ်…’
မင်းခေါင် ပြောရင်းက မိခင်ဖြစ်သူနဲ့ ညီမဖြစ်သူအတွက် စိတ်မအေးစွာနဲ့ သက်ပြင်းချလိုက်တယ်။
‘ လတ်တလောတော့ အကို ဘမင်းတို့ သားအမိကို ပဲခူးဆီကို ပို့ပေးရဦးမယ်…’
‘ ဘမင်းက စိတ်ချရပါ့မလား။ ဘမင်းက သူ့အဖေလိုပဲ သားကို ယုတ်မာနေဦးမယ်…’
မင်းခေါင် ခပ်ဖွဖွ ပြုံးမိလိုက်တယ်။ ဘမင်းတို့သားအမိနဲ့ ဦးဘစီအကြောင်းကို ဘယ်သူကမှ မသိကြဘူးလေ။
‘ အမေ…ဘမင်းကော အန်တီအေးသီပါ ဦးဘစီလုပ်လို့ မသေရုံတမယ်ဖြစ်နေကြတယ်…’
‘ ဘယ်လို…အမေတို့ ကြားမိတာတော့ အေးသီက ကျွဲခတ်ခံရတာဆို…’
‘ မဟုတ်ဘူး အမေ။ ဦးဘစီက ရိုက်နှက်ထားတာ…’
‘ အို…ဘုရား…ဘုရား။ အေးသီရယ် ဖြစ်မှဖြစ်ရလေ။ ဘစီကလည်း ကိုယ့်မိသားစုကို ဘယ်လိုဖြစ်ပြီး…’
‘ မြသစ်ကိစ္စပေါ့ အမေရာ။ ပြီးတော့ တကယ်တမ်းမှာ ဦးဘစီက ဘမင်းရဲ့ အဖေအရင်းမဟုတ်ဘူး။ ဦးဘစီက ဒေါ်လေးအေးသီရဲ့ နောက်အိမ်ထောင်ပါ။ အရင်ယောကျ်ား ဘမင်းရဲ့ အဖေ သူဋ္ဌေးကြီးလွန်ပြီးတော့ ဦးဘစီက ပစ္စည်းဥစ္စာတွေ မက်မောမှုနဲ့ ဒေါ်လေးအေးသီကို အပိုင်သိမ်းသွင်းခဲ့တာ။ အခု မြသစ်ကိစ္စ ဖြစ်လာပါမှပဲ ဒီအကြောင်းတွေကို ဘမင်းလည်း သိခဲ့ရတယ်။
‘ ပြီးရင်ကော ဘာတွေဆက်လုပ်ရမှာလဲ။ အေမ သိချင်တယ်။ ငါ့သားအတွက်ကို စိတ်အေးချမ်းချင်တယ်…’
‘ ကျုပ်ကို စိတ်မပူပါနဲ့ အမေ။ ဘမင်းတို့သားအမိကို ပို့ပြီးတာနဲ့ ဦးဘာထူးနဲ့ ကိုတာနောကြီးဆီကို ကျုပ် ပြန်ရမှာ။ အမေတို့ကိုတော့ ကျုပ်စိတ်ပူမိတယ်။ ဒိအတောအတွင်းမှာ အမေနဲ့ မိသွယ်သာ ဂရုစိုက်ကြပါ။ ကျုပ် မကြာခင်မှာ အမေတို့ကို လာခေါ်ထုတ်မယ်နော်…’
မင်းခေါင်ရဲ့ စကားအဆုံး မိခင်ဖြစ်သူက ခေါင်းကို ရမ်းခါလာတယ်။
‘ အမေ…မင်းတို့အဖေ ခေါင်းချခဲ့တဲ့ ဒီရွာကနေ ဘယ်ကိုမှ ထွက်သွားချင်ဘူး။ အမေလည်း မင်းအဖေ ခေါင်းချခဲ့တဲ့ ဒီနေရာမှာပဲ ခေါင်းချမယ်…’
‘ အမေ…အခုအခြေအနေက…’
‘ ငါ့သား ဘာမှမပြောနဲ့တော့။ အမေ မင်းအဖေရဲ့ မြေပုံဆီမှာ သစ္စာပြုထားတယ်။ အမေ အဲ့ဒီ့သစ္စာကို တည်ချင်တယ် ငါ့သား…’
‘ အမေရယ်…’
မင်းခေါင် ခပ်သာသာ ရေရွတ်မိလိုက်တယ်။
ဖခင်ဖြစ်သူနဲ့ မိခင်ဖြစ်သူဟာ သိပ်ချစ်ကြတယ်ဆိုတာ သူတို့အသိ။ စားအတူ သွားအတူ သိပ်ကို မခွဲတမ်းရှိခဲ့တဲ့ မိခင်နဲ့ ဖခင်။ ဖခင်ဖြစ်သူ ကွယ်လွန်တော့ မိခင်ဖြစ်သူဟာ ရက်ပိုင်းခဏ အ်ပ်ရာထဲလဲခဲ့ရတယ်။ သူတို့မောင်နှမကြောင့်သာ လိုက်မသေတာလို့ မကြာခဏပြောဖူးတယ်။
‘ အင်းပါ…အမေရယ်…’
အဝေးဆီက လင်းကြက်တွန်သံတို့ ထွက်ပေါ်လာတယ်။ ကြက်တွန်သံတို့က ဆက်လာခဲ့ပြီး အိမ်နံဘေးဆီက ကြက်ကပါ တွန်လာတယ်။
‘ ကဲ…ငါ့သား။ အချိန်က လင်းတော့မယ်။ သွား…သွားတော့…’
‘ အမေ…’
မင်းခေါင် စိတ်က မအေးနိုင်ဘူး။ နောက်ဆံတင်းသလို ခံစားရတယ်။
‘ ငါ့သား…သွားမှာသာ သွားပါ။ မင်းက သာမန်မဟုတ်တော့ဘူး။ လုပ်စရာရှိတဲ့ တာဝန်တွေ ရှိနေသေးတယ်။ အမေတို့ ကိုယ့်ကိုယ်ကို အကောင်းဆုံး စောင့်ရှောက်နိုင်ပါတယ်…’
‘ အကို…နင်သွားမယ်ဆို သွားတော့။ လင်းအားကြီးသွားလိမ့်မယ်။ အကို့ကို အခြားသူတွေ တွေ့သွားရင် အန္တရာယ်များနေဦးမယ်…’
မိသွယ်ပြောတာက မှန်လွန်းတယ်။ သူ့ကိုသာ ဒီအချိန်ကြီး တစ်ယောက်ယောက် ထပ်မံတွေ့သွားခဲ့ရင် ပြဿနာက မီးခိုးကြွက်လျှောက်လိုက်ရင်း မိခင်နဲ့ ညီမကိုပါ ထိခိုက်စေနိုင်တယ်။
‘ ဟုတ်ကဲ့ အမေ။ ကျုပ် သွားတော့မယ်နော်…’
‘ အေး…သား။ ဂရုစိုက်ပါ…ငါ့သားကို သူရဲကောင်းတစ်ယောက်အဖြစ် အမေမြင်ချင်မိတယ်။ ငါ့သားအတွက် အမေဂုဏ်ယူချင်မိတယ်…’
‘ စိတ်ချပါ အမေ…’
မင်းခေါင် တံခါးကို ဖွင့်ဖို့ ပြင်လိုက်တယ်။ ဒိအခါမှာ မိသွယ်က တံခါးကိုင်လက်ကို လာရောက်ဆုပ်ကိုင်ပြီး…။
အကို…အစစအရာရာ ဂရုစိုက်ပါ။ မိသွယ်တို့အတွက်ကို ဘာမှစိတ်မပူပါနဲ့နော်…’
‘ အင်းပါ ငါ့နှမရယ်။ အမေ့ကို နင် အကောင်းဆုံး စောင့်ရှောက်ပါ…’
‘ စိတ်ချပါ အကို…’
‘ အမေ…နှမ။ ကျုပ် သွားပြီ…’
မင်းခေါင် တံခါးကို ဖွင့်လို့ အပြင်ဆီ ထွက်လိုက်တယ်။
အပြင်ပဆီမှာ မကြာခင် ရောင်နီသန်းလာတော့မယ့် အရိပ်အယောင်တို့က ခင်းကျင်းလာနေပြီ။
မင်းခေါင်လည်း ခပ်သုတ်သုတ် ခြေလှမ်းတွေနဲ့ ထွက်ခဲ့လိုက်တယ်။ အတော်ဝေးဝေးဆီ ရောက်ပါမှ အိမ်ဆီကို လှည့်ကြည့်မိတော့ မိခင်နဲ့ ညီမက သူ့ကို လှမ်းကြည့်နေဆဲပဲ…။
မင်းခေါင်လည်း ရင်ထဲ ဝမ်းနည်းစိတ်ဖြစ်မိရတယ်။ ဒါပေမယ့်လည်း သူက မိခင်ပြောသလိုပဲ သာမန်မဟုတ်တော့တဲ့သူ မဟုတ်လား။
ဒါကြောင့် စိတ်ကို ပိုင်းဖြတ်ပြီး နောက်လှည့်မကြည့်စတမ်း ထွက်ခဲ့တော့တာပေါ့…။
******
‘ အား…ကျွတ်…’
အေးလွန်းတဲ့ အအေးဒဏ်ကြောင့် ဘမင်းတို့သားအမိ ဒဏ်ရာဒဏ်ချက်တို့က ကိုက်ခဲမှုဒဏ်ကို အပြင်းအထန် ခံစားနေရလေတယ်။
အေးလွန်းပြီဆိုပြီး မီးဖိုလို့က မရပြီ။
မိခင်ဖြစ်သူနဲ့ အတူပါလာတဲ့စောင်ကို သားအမိနှစ်ယောက် မလုံ့တလုံ လွှမ်းခြုံမိထားရတယ်။
ဘမင်းဘဝမှာ အရင့်အရင်က ဘယ်လောက်ပဲ မူးရူးပေတေနေခဲ့ပါစေ သြဇာရှိ ငွေကြေးရှိသူမို့ လမ်းနံဘေးလဲကျနေရင်တောင် ခေါ်ယူပြီး နွေးနွေးထွေးထွေး အိမ်ခေါ်သိပ်ပေးမယ့်သူက မရှားခဲ့ဘူး။
အခုတော့ ဘဝဆိုတဲ့ တည်ဆောက်မှုကြီးက မြေငချင်လှုပ်ခတ်သလို ဂျွမ်းထိုးမှောက်ခုံ ပြောင်းပြန်လန်ကာ အခုလို အခြေအနေကို ဖြတ်သန်းနေရတယ်။ မိခင်ဖြစ်သူသာဆို ပိုလို့ အနေရခက်နေရောပေါ့။ တစ်သက်လုံး ရွှေပေါ်မြတင် နေရစ်ခဲ့တဲ့သူလေ။
ဘမင်း မိခင်အတွက် တွေးမိသွားတာမို့ သူ့ကိုယ်ပေါ်က စောင်လေးကို အနည်းငယ်ဖယ်ပြီး မိခင်ဆီ သာသာထိုးထိုး လွှမ်းခြုံပေးလိုက်တယ်။
‘ သား…ဘမင်း။ မင်းကော နေရတာ အဆင်ပြေရဲ့လားကွယ်…’
မိခင်ဖြစ်သူက မေးမြန်းလာတယ်။ ဘမင်းလည်း အေးနေပေမယ့် မိခင်ကို စိတ်မပူစေလိုတာကြောင့်…။
‘ ဟုတ်ကဲ့ အမေ။ ကျုပ် အဆင်ပြေပါတယ်ဗျာ…’
‘ ရာသီဥတုက သိပ်ကို အေးတာပဲ သားရယ်။ အဟွတ်…ဟွတ်…’
‘ အမေ…ရရဲ့လား…’
ဘမင်းလည်း ချက်ချင်းထရင်း မိခင်ဖြစ်သူကို စိုးရိမ်တကြီး ကြည့်လိုက်တယ်။
‘ အဟွတ်…အမေ အဆင်ပြေပါတယ် ငါ့သားရယ်…’
‘ အမေရယ် ဟုတ်မှလည်း ပြောပါ။ အမေ့ကို ကြည့်ရတာ ကျုပ်ရင်ထဲ မချိဘူးဗျာ…’
‘ ဘာမှမဖြစ်ဘူး အမေ အဆင်ပြေတယ်နော်…အဟွတ်…’
သားဖြစ်သူကို ဒေါ်အေးသီ ပြောသာပြောနေရပေမယ့် တကယ်တမ်းတော့ မဟန်နိုင်ဘူး။ ပထမခင်ပွန်းသည်နဲ့ အိမ်ထောင်ကျပြီးနောက်ပိုင်းကစလို့ အခုထိ လုံခြုံနွေးထွေးရာမှာ ရွှေပေါ်မြတင်နေလာခဲ့တဲ့ သူမဘဝ။
ယခုမှသာ ရိုက်နှုက်ခံရတဲ့ ဒဏ်ရာတွေကို ခံစားနေရချိန် ဆောင်းကာလရဲ့ အအေးဒဏ်ပြင်းပြင်းကို ခံစားရပြန်ရာ တကယ့်ကို နေရထိုင်ရ မသက်သာလှဘူး။
အသက်ရှုရ ခက်လွန်းနေသလို ရင်ထဲကလည်း မွန်းကျပ်မှုကို ခံစားရရင်း ချောင်းဆိုးလေတိုင်း ကလီစာတို့ ပြုတ်ထွက်လာတော့မလိုကို ခံစားနေရတယ်။
တစ်ကြိမ်မှာတော့ ချောင်းဆိုးချိန် ပါးစပ်ထဲက ထွေးခနဲ ခံစားရမှုကြောင့် လက်နဲ့ ပါးစပ်ကို အုပ်လိုက်မိချိန် စိုစိစိ အသိကို ရရှိလိုက်တယ်။
သူမ သိလိုက်လေပြီ။
သွေး…။ သွေးခဲသွေးစတို့ ပါလာလေပြီ။ စိတ်က ကိုယ့်ဘာသာ မဟန်တော့တာကို သတိထားမိလိုက်တယ်။ သားဖြစ်သူ မသိစေဖို့ လက်ကို အမြန်ဖယ်လိုက်ပြီး နံဘေးကြမ်းဆီကို မသိမသာ သုတ်လိုက်လေတယ်။
‘ သား…အမေ့ချမ်းတယ်ကွယ်။ အမေ့ကို ဖက်ထားပေးပါဦး…’
‘ ဟုတ်…ဟုတ် အမေ။ ကျုပ် ဖက်ထားမယ်နော်…’
ဘမင်းလည်း မိခင်ကို စောင်နဲ့ ထွေးလိုက်ပြီး ထွေးဖက်ထားလိုက်လေတယ်။ စိတ်ကလည်း မင်းခေါင် အမြန်ဆုံး ပြန်လာပါစေလို့ ဆုတောင်းနေမိလေရဲ့။
အချိန်တချို့ ဖြတ်သန်းသွားခဲ့ပြီ။
မင်းခေါင် ပြန်ရောက်လာချိန်မှာတော့ ဘမင်းတို့ သားအမိ ဇရပ်ဆီမှာ အိပ်စက်နေတာကို မြင်လိုက်ရတယ်။
‘ ဘမင်း…ဘမင်း…’
‘ ဟေ…အေ မင်း…မင်းခေါင်လား…’
‘ အေး…ဟုတ်တယ်။ ငါ ပြန်လာပြီ…မကြာခင် ရောင်နီလာတော့မှာဆိုတော့ သွားကြစို့ကွာ…’
‘ ဪ…အေး…’
ဘမင်း မင်းခေါင်ကို တုန့်ပြန်ရင်း မိခင်ဖြစ်သူကို လှုပ်နှိုးလိုက်တယ်။
‘ အမေ…အမေ…’
မိခင်ဖြစ်သူဆီက တုန့်ပြန်မှု မရှိဘူး။
‘ အမေ…အမေ…’
ဘမင်း ထပ်လှုပ်ပြီး ခေါ်တယ်။ မင်းခေါင်က နံဘေးက ကြည့်ရင်း မနေသာပြီ။ ဒေါ်အေးသီအနားကို သင်္ကာမကင်းစိတ်နဲ့ သွားလိုက်ပြီး အသက်ရှူမရှူကို စမ်းသပ်လိုက်လေတယ်။
‘ ဟာ…ဘ…ဘမင်း…’
‘ မင်းခေါင်…’
‘ ဘမင်း…မင်း အမေ…သေ…သေပြီ…’
‘ ဘာ…’
မင်းခေါင် စကားကြောင့် ဘမင်းတစ်ယောက် အထိတ်တလန့်ဖြစ်သွားပြီး မိခင်ဖြစ်သူကို ဟိုစမ်းဒီစမ်း လုပ်လေတယ်။
အသက်ရှူမှု လုံးမဝမရှိ၊ နှလုံးလည်း မခုန်တော့သလို ခြေလက်တို့က အေးစက်စပြုနေလေပြီ။ ဘမင်း ကောင်းကင်ကြီးတစ်ခုလုံး ပြိုပျက်သွားသလို ခံစားလိုက်ရတယ်။
‘ အမေ…အမေ…ကျုပ်ကို ထားရစ်ပြီလားဗျာ…အီး…ဟီး…’
ဘမင်းရဲ့ အော်ဟစ်ငိုသံက သုသာန်တစပြင်ကို လွှမ်းရစ်သွားခဲ့တယ်။
မင်းခေါင်လည်း ဘမင်းကို ဘယ်လိုအားပေးရမယ် မသိတတ်တော့ဘူး။
ဘမင်းကတော့ မိခင်ဖြစ်သူရဲ့ အလောင်းကို ဖက်ကာဖက်ကာနဲ့ ရင်ကွဲမတတ် ဟစ်အော် ငိုယိုနေတယ်။
မင်းခေါင် ဘမင်းနဲ့ ထပ်တူနီးပါး ခံစားမိပါတယ်။
လောကကြီးမှာ ဒီလိုအဖြစ်အပျက်တို့ဆိုတာကို ဘယ်သူက စီရင်တယ်တော့ မင်းခေါင် မပြောပါပြီ။
ကံကြမ္မာကိုပဲ ယိုးမယ်ဖွဲ့ရလေမလား။ ဒါမှမဟုတ် လောကကြီးကိုပဲ ဦးဘစီလို လူယုတ်မာတို့ကို လက်ခံထားပေးလို့ အပြစ်တင်ရလေမလား။
မင်းခေါင် မသိနိုင်ပါ။
ဒါပေမယ့်လည်း သေချာတာတစ်ခုကို ပြောနိုင်တာကတော့ ဘယ်အရာကိုမှ လက်ညှိုးစေမထိုးပါဘဲ ဆိုရရင်ဖြင့် အခုအဖြစ်အပျက်တွေအားလုံးဟာ ‘ လူယုတ်မာ ဦးဘစီ’ ရဲ့ လောဘ၊ မောဟ၊ အတ္တတွေကြောင့် ဖြစ်ပေါ်လာတာတွေပဲ ဖြစ်ပါတယ်။
ပြီးပါပြီ။