လှေကားနှစ်စင်း

Posted on

လှေကားနှစ်စင်း(စ/ဆုံး)

———————

ကောင်းကင်သည် တိမ်ကင်းစင်နေ၏။နေမင်းကြီးသည် ကောင်းကင်တစ်ပြင်လုံး မင်းမူကာ အစွမ်းရှိသမျှ အပူကို ဖြန့်ကျက်ထားလေသကဲ့သို့ရှိသည်။ချိုသည် လေးပင်ကျင်းပေါ်မှ စက်သီးကို အားထည့်၍လှည့်နေသည်။ဟောင်းနွမ်းသော မိုးကာအမိုးငယ်အရိပ်တွင် အလုပ်လုပ်နေရသော်လည်း သူမမျက်နှာသည် ပင်ပန်းမှုနှင့်အပူရှိန်ကြောင့် ချွေးသီးငယ်များတွဲခိုနေသည်။နုငယ်ပြည့်တင်း၍ သန်စွမ်းသော သူမ၏ခန္ဓာကိုယ်သည်လည်း ထိုအလုပ်ကြမ်းနှင့်အသားကျစွာ အချက်ကျကျ လှုပ်ရှားနေတော့သည်။

“နောက်ဆုံးအိတ်ပဲ..”

စက်သီးကြိုးအားဆွဲအလှည့်တွင် ယခင်ပစ်စာမြေကြီးအိတ်များကဲ့သို့ မလေးလံဘဲ အနည်းငယ်ပေါ့နေသော ပစ်စာအိတ်အား ဆွဲတင်ရင်း တစ်ကိုယ်တည်းရေရွတ်လိုက်မိသည်။သူမသည် သွက်လက်စွာပင် နောက်ဆုံးအိတ်အား လှည့်တင်ဆွဲယူကာ တောင်စောင်းတွင်သွန်ချလိုက်သည်။ထို့နောက်တွင် ကျင်းနံဘေး၌ပုံထားသော ဂုန်နီအိတ်ခွံများအား စုချည်၍ ကျင်းအောက်သို့ချပေးလိုက်သည်။သူမ ခဏတာ နားရပေပြီ။မတ်တပ်ရပ်ရ၍ တောင့်တင်းနေသောခြေနှင့် စက်သီးလှည့်ရ၍ ကျိန်းစပ်နာကျင်နေသောလက်တို့အား အနားပေးရပေဦးမည်။အခင်းမပါသောမြေပြင်ပေါ်သို့ သူမသည် သက်တောင့်သက်သာနိုင်စွာထိုင်ချလိုက်သည်။ညစ်နွမ်းနေသောအလုပ်ဝတ်များဝတ်ထားသဖြင့် မြေမှုန်များထပ်မံပေကျံမည်ကိုလည်း စိုးရိမ်စရာမလို။သူမသည် အဝါရောင်ပသန်းလုနေသော ရေသန့်ဘူးဟောင်းမှ ရေကို သောက်လိုက်သည်။အေးမြမှုသည် ရင်တွင်းအထိ လတ်ဆတ်စွာစီးဆင်းသွားသည်။သူမသည် မျက်လုံးအစုံအား မှိတ်ထားလိုက်သည်။မျက်နှာနှင့်ကျောပြင်တို့တွင် စိုနေသောချွေးစက်တို့သည် လေအေးတစ်ချက်အဝေ့တွင် အေးမြသောအထိအတွေ့ကို ပေးစွမ်းနေပြန်သည်။ထို့နောက်တွင် ထပ်မံတိုက်ခတ်လာသော လေအေးအေးနှင့်အတူ ပူလောင်ပင်ပန်းမှုတို့သည် ခဏတာအတွင်းလွင့်စင်ပျောက်ကွယ်သွားသည်။ သူမခန္ဓာကိုယ်သည်လည်း အားအင်အပြည့်နှင့်ပြန်လည်လန်းဆန်းတက်ကြွလာလေတော့သည်။

ရုတ်တရက် သင်းပျံ့သောရနံ့တစ်ခုကို ချိုနီးကပ်စွာရှူရှိုက်မိလိုက်သည်။မျက်လုံးအစုံကိုဖွင့်လိုက်သောအခါ အဖြူရောင်ပွင့်ဖတ်များနှင့်ပွင့်ဖတ်အဖျားတွင် ခရမ်းနုရောင်ဖျော့ဖျော့သန်းနေသော ပန်းပွင့်များကိုမြင်လိုက်ရသည်။ပြီးလျှင် ပြုံးရယ်မြှူချိုစွာကြည့်နေသော ချစ်သူ့မျက်နှာအားလည်းတွေ့ရသည်။ကြည်နှူးချိုမြသော ရင်အစုံသည် ​ခုန်နှုန်းမြန်စွာနှင့်မောလျလာသည်ဟုသူမခံစားရသည်။အလုပ်လုပ်၍ပင်ပန်းရသော မောပန်းခြင်းနှင့်မတူ။တလှပ်လှပ်နှင့် တသိမ့်သိမ့်မောလျ ချိုမြိန်ခြင်း။

“ဘာပန်းလဲတော့မသိဘူး။ငါတို့ကျင်းနားမှာပွင့်နေလို့ နင့်အတွက်ခူးလာပေးတာ။အများကြီးလည်းမပွင့်ဘူးဟ”

ချစ်သူကဆိုသည်။သူမသည် ပန်းပွင့်များကိုလှမ်းယူလိုက်သည်။မြေမှုန်များပေနေသော ကြမ်းတမ်းသည့် လက်နှစ်ဖက်တို့သည် ခဏတာမျှ ထိစပ်နီးကပ်သွားပြန်သည်။ရင်သည်ခုန်လာပြန်၏။

“နင်တို့ကျင်း အခြေအနေကောင်းလား..ချို”

“မဆိုးပါဘူးဟာ..အရင်ကထက်တော့ ရွှေပိုကျလာသလားလို့။”

“နင့်မိထွေးရော.. အခြေအနေကောင်းလား”

“မဆိုးပါဘူးဟာ..။အရင်ကထက်တော့ လက်ပိုပါသလားလို့”

ချိုသည် သူမအဖြေကို သူမသဘောကျဟန်ဖြင့်ရယ်နေသည်။သို့သော် မျက်ဝန်းလက်လက်ကလေးများသည် မှုန်မှိုင်းသွားသည်။ချစ်သူ၏ သနားခြင်းစွက်သောအကြည့်ကို ချိုမမြင်ဟန်ပြုကာ ပန်းပွင့်လေးများအား လက်ချောင်းလေးများဖြင့် ဖွဖွကလေး ထိတွေ့နေရင်း

“ခဏနေ အဖေတို့ ကျင်းပေါ်ပြန်တက်လာတော့မှာနော်”

ပြုံးစစဖြင့် ချစ်သူအား လှမ်း၍ပြောသည်။

“အေးပါဟ..ငါလည်းအခုပဲသွားတော့မလို့ပါ။”

ချစ်သူသည် ထရပ်လိုက်လေသည်။ သူမ၏ပါးပြင်ထက်သို့ အနမ်းတစ်ခုရုတ်တရက် ရောက်လာသည်။အညိုရောင်ဖျော့ဖျော့ သူမ၏ ပါးပြင်သည် ပန်းသွေးရောင် ရဲသွားသည်။အေးစက်သွားသော လက်အစုံနှင့် နံဘေးရှိမြေစိုင်ခဲတစ်ခုအားယူ၍ ပြေးထွက်သွားသော ချစ်သူ၏ကျောပြင်အား အားမပါစွာလှမ်းပစ်လိုက်သည်။ထို့နောက်ချိုသည် ပန်းပွင့်လေးများအားမွှေးရှိုက်ရင်း ပြုံးနေမိပြန်သည်။ထိုနေ့သည် နေပြင်းပြင်းပူသည်။သို့သော် ကောင်းကင်ပြင်သည် ကြည်လင်စွာလှပနေသည်။

(၂)
ခပ်တိမ်တိမ်လေးသာရှိသော ချောင်းရေသည် အသာအယာပင်စီးဆင်းနေသည်။ရှိုက်သံသဲ့သဲ့သည် ချောင်းရေစီးသံနှင့်အတူ ထွက်ပေါ်လာသည်။ဆည်းဆာသည် ကွေးဝိုက်စီးဆင်းနေသောရေပြင်ပေါ်တွင် မပီဝိုးတဝါးထင်ဟပ်နေသည်။
ချောင်းစပ်တွင်ထိုင်ရင်း ချိုသည် ချစ်သူ့ပုခုံးပေါ်တွင် မျက်နှာအပ်၍ ငိုကြွေးနေသည်။အင်္ကျီလက်ပြတ်ဝတ်ထားသဖြင့် ပေါ်နေသော လက်မောင်းသားများတွင် ညိုပုတ်နေသောအစင်းရာများမြင်နေရသည်။တစ်ဝက်တစ်ပျက်ပေါ်နေသောခြေသလုံးသားများသည်လည်း ထို့နည်းအတူတူ။

“ငါအဲ့ဒီမိန်းမကြီးဆက်နှိပ်စက်နေမှာကိုမခံနိုင်တော့ဘူးဟာ။ငါ့ကိုခေါ်သွားပါနော်။”

ငိုရှိုက်ရင်းဆိုသည်။ချစ်သူသည် သူမလက်ဖဝါးများကို တင်းကျပ်စွာဆုတ်ကိုင်ထားသည်။ချစ်သူ၏မျက်နှာသည်လည်း မှိုင်းညို့နေသည်။

“နင့်အဒေါ်ဆီ မသွားတော့ဘူးလားချို။”

ချစ်သူ၏အမေးကြောင့် သူမရှိုက်သံများတိတ်သွားသည်။ချစ်သူက စကားဆက်နေပြန်သည်။

“ငါနင့်ကို အရမ်းချစ်တာနင်သိပါတယ်ချိုရယ်။ဒါပေမယ့် ငါအခုနင့်ကိုခိုးပြေးပြီပဲထား။နင့်မိထွေးရဲ့ ရိုက်နှက်တာတွေ ဆဲဆိုတာတွေတော့ နင်မခံရတော့ဘူးပဲထား။ငါတို့နှစ်ယောက်လည်း ဘဝတစ်ခုထူထောင်နိုင်ကြမယ်။ငါရောနင်ပါ အရမ်းပျော်ရမှာဆိုတာလည်းငါသိပါတယ်။ဒါပေမယ့်ဟာ..”

ချစ်သူ၏လေသံသည် တိုးဖျော့နေသည်။

“ငါလေ အဖြူအစိမ်းလေးဝတ်ပြီး နင်ကျောင်းသွားတာ ပြန်တာမြင်ရင် အရမ်းသဘောကျခဲ့တာ။ရပ်ကွက်ထဲကလူတွေကနင် လိမ္မာတယ်၊စာကြိုးစားတယ်လို့ ပြောသံကြားရရင် ငါပျော်မိတယ်။နင်က ငါ့လိုလေးတန်းနဲ့ကျောင်းထွက်ပြီး အလုပ်ကြမ်းလုပ်နေရတဲ့ကောင်နဲ့ မတန်ပါဘူးဆိုပြီး နင့်ကိုချစ်တဲ့စိတ်တွေကို ငါမြိုသိပ်ထားရတာ။နင့်ကို ပညာတတ်ပြီး တင်တင့်တယ်တယ်နဲ့ပဲငါမြင်ချင်ခဲ့တာ။နင်ကျောင်းထွက်ပြီး ရွှေတောရောက်လာတော့ နင့်ထက်ကိုပိုပြီး ငါစိတ်မကောင်းဖြစ်ရတယ်။ဒီမှာငါတို့အတူတူအလုပ်လုပ်ရင်း နင့်ကိုဖွင့်ပြောခဲ့ရပေမယ့် ငါ့စိတ်ထဲမှာတော့ နင်က ဒီနေရာနဲ့မတန်ဘူးလို့အမြဲတွေးနေခဲ့တာ။ဖြစ်သလို မင်္ဂလာဆောင်ပြီး မိုးကာတဲလေးမှာ ဘဝစရတာမျိုး နင့်ကို မဖြစ်စေချင်ဘူးချိုရယ်။နင့်အဒေါ်ဆီသွားပြီး ကျောင်းပြန်တက်ပါ။နင်ပညာတတ်ကြီးဖြစ်လာအောင်ကြိုးစားပါ။နင်လိုအပ်တာမှန်သမျှ ငါထောက်ပံ့ပေးမယ်လေနော်။နင်ကျောင်းပြီးသွားမှ ငါတို့လက်ထပ်ကြမယ်။ငါက ပိုက်ဆံရှာမယ်။နင်ပညာတတ်ကြီးဖြစ်မှ ပညာဆိုတဲ့လှေကားနဲ့ ငါတို့သားသမီးတွေကို အမြင့်ရောက်အောင်လုပ်ပေးနိုင်မှာဟ။ငါတို့လိုအောက် အလုပ်ကြမ်းလုပ်စားရတဲ့ဘဝမျိုး ငါတို့သားသမီးတွေကျရင်မဖြစ်စေရဘူး။”

ချစ်သူသည် စကားအဆုံး၌ မောသွားဟန်ဖြင့် ငြိမ်သက်သွားသည်။အောက်ခြေအကျဆုံးသော လူတန်းစားများပေါက်ဖွားရာ ချိုတို့၏ ရပ်ကွက်တွင် လေးငါးတန်းနှင့် ကျောင်းထွက်၍ အလုပ်ကြမ်းလုပ်ရသော မိန်းကလေးများသည်။ထိုမိန်းကလေးများထဲမှ ဆယ်တန်းကျောင်းသူ ချိုသည် လူအထင်ကြီးစရာ ပညာတတ်ကြီးပမာ ဖြစ်နေပြန်သည်။

“နင်ငါ့ကို သစ္စာရှိရှိစောင့်မှာလား”

ချို့စကားသံသည် ခြောက်သွေ့ကွဲအက်နေသည်။ချစ်သူသည် ရယ်၏။

“ငါနင့်ကိုဘယ်လောက်ချစ်သလဲ နင်အသိဆုံးပါဟာ။နင်သစ္စာရှိတာထက် အဆတစ်ရာ သစ္စာရှိမှာ”

ထိုနေ့ညနေခင်းတွင် လူသားလေးနှစ်ဦးသည် စကားများစွာ ပြောဖြစ်ကြသည်။လွမ်းဆွတ်ခြင်းများလည်းပါသည်။စိတ်အားတက်ကြွစေသော မျှော်လင့်ခြင်းများစွာလည်းပါသည်။သူတို့၏အတွေးထဲ၌ ပြီးပြည့်စုံသောအနာဂတ်သည် ခလုတ်မထိဆူးမငြိစွာနှင့် လှပလင်းလက်နေပြန်သည်။

(၃)
“ငါပြောပါတယ်ဟ..နင်ကတော်ပြီးသားပါဆို”

ချစ်သူ၏အသံသည် ဖုန်းထဲမှတစ်ဆင့် ရွှင်မြူးတက်ကြွစွာ ချို့နားထဲသို့ ဝင်လာသည်။ယနေ့ ချိုပျော်သည်။ထို့အတူ ချို့အားကျောင်းထားပေးသော အဒေါ် အပျိုကြီးလည်း ပျော်သည်။ချို့အဖေနှင့် ချစ်သူကလည်းပျော်သည်။ဂုဏ်ထူးနှစ်ခုနှင့် ချိုဆယ်တန်းအောင်ခဲ့ပြီလေ။

ဝေးကွာသောတစ်နှစ်အတွင်း ချစ်သူကိုလွမ်းသောစိတ်အား ဖုန်းဆက်ရင်း ဖြေရသည်။တစ်ခါတစ်ရံ ရပ်ဝေးမှသတင်းများအား နားစွင့်ရင်း ကြည်နူးရပြန်သည်။ချစ်သူသည် ချို့အားထောက်ပံ့ပေးရန်ကြိုးစားသည်။သို့သော် ချို့မာနသေးသေးလေးနှင့် ခါးခါးသီးသီးငြင်းမြဲ။ဘဝအတွက် ကျေးဇူးရှင်တစ်ယောက်အထောက်အပံ့နှင့်လုံလောက်ပြီဟု ဆိုတတ်သည်။မပြောပလောက်သော မုန့်ဖိုးအနည်းငယ်ကိုသာ ချစ်သူစိတ်ချမ်းသာစေရန် လက်ခံတတ်သည်။

“နင်အခုဘာဆက်လုပ်မလဲချို”

“ငါ ပညာရေးတက္ကသိုလ်တက်မယ်ဟာ။ကျောင်းဆရာမလုပ်မယ်။ဒေါ်လေးကလည်း ငါ့ကို ကျောင်းပြီးအောင်ထားပေးမယ်တဲ့ဟ”

ချို့စိတ်ကူးအား ချစ်သူသည် ဝမ်းသာရွှင်မြူးစွာထောက်ခံသည်။အရာရာသည် ပျော်စရာအတိဖြစ်သည်။စိတ်ကူးမျှော်လင့်ချက်တို့သည် အပိုင်းအစငယ်ကလေးမျှ အသက်ဝင်လာသည်။

(၄)
အချိန်စက်ဝန်းသည် ခုနစ်နှစ်ဟူသော အတိုင်းအတာသို့ လျှင်မြန်စွာရောက်ရှိလာသည်။အဒေါ်နှင့်နေထိုင်ရာမြို့လေးတွင် တာဝန်ကျသောချိုသည် အထက်တန်းပြဆရာမလေးအဖြစ် အလုပ်လုပ်နေပြီဖြစ်သည်။မိထွေးဖြစ်သူနှင့်ကွဲ၍ ကျန်းမာရေးမကောင်းသောဖခင်လည်း သူမတို့နှင့်အတူ လာရောက်နေထိုင်လျှက်ရှိသည်။ချစ်သူနှင့်ဖုန်းပြောရာတွင်လည်း ယခင်ကကဲ့သို့ ချစ်ဖွယ်ရာ တီတီတာတာစကားများလည်း မပြောဖြစ်တော့။ချစ်သူသည်လည်း များစွာပြောင်းလဲခဲ့ပြီဖြစ်သည်။

“နင်အရက်တွေသောက်တတ်နေပြီဆို”

“ဟုတ်တယ်ချိုရဲ့။ငါနင့်ကိုသတိရလွန်းလို့လေ။ထပ်ပြီးတော့ ငါနင်နဲ့မခွဲနိုင်တော့ဘူး။”

“အဲ့ဒါဆို အဖေတို့ဆီမှာလာတောင်းလေဟာ။နင်နဲ့ဆိုအဖေက သဘောတူပြီးသားပဲကို”

“ငါတို့ယူပြီးရင် နင်ငါတို့မြို့ကိုလိုက်လာမှာလားချို”

“ဘယ်ဖြစ်မလဲဟာ။အဲ့ဒီမှာငါတို့နေစရာအိမ်လည်း ငါ့မိထွေးက ရောင်းစားသွားလို့ မရှိတော့ဘူး။အဒေါ်ကလည်း ဒီမှာအခြေကျနေတာလေ။အခုသူ့စီးပွားရေးက သိပ်မကောင်းတော့ ငါ့လခလေးနဲ့ထောက်ကန်နေရတာ။ငါသူ့ကို ပစ်မထားခဲ့နိုင်ပါဘူး။နင်ဒီမှာလာနေလို့ရတာပဲကို”

“ငါလည်း အမေ့ကိုပြန်ကြည့်ရသေးတယ်လေချိုရာ။ငါတို့မှာ အမေတစ်ခုသားတစ်ခုဟ။ဆွေမျိုးရင်းချာလည်းမရှိဘူး။အမေကလည်း အခုနေတဲ့မြို့မှာပဲနေချင်တယ်တဲ့။ကုန်ကုန်ပြောမယ်ဟာ။ခေါင်းချရင်တောင် သူ့အိမ်လေးမှာပဲ ခေါင်းချချင်တယ်တဲ့လေ”

ချစ်ခြင်းဖွဲ့သော စကားသံတို့သည် လေနှင့်အတူလွင့်ပါကုန်သကဲ့သို့ရှိသည်။ချစ်သူနှင့် ဖုန်းဆက်လျှင် ငြင်းခုန်ခြင်းတို့နှင့်သာစ၍ စိတ်ညစ်ညူးရခြင်းတို့နှင့် အဆုံးသတ်ရပြန်သည်။

“နင်က ပညာတတ်ကြီးဖြစ်သွားပြီဆိုတော့ ငါနဲ့မတန်တော့ပါဘူးချိုရာ။ငါကမှော်တကာသွားပြီး ပိုက်ဆံရှာနေရတဲ့ အလုပ်ကြမ်းသမား”

ချစ်သူ့ထံမှ စကားနာထိုးသကဲ့သို့ ညည်းညူအားငယ်သံများလည်း ကြားရတတ်ပြန်သည်။

“နင်အလုပ်ထွက်လိုက်ပါလားချို။နင်လစာတစ်လစာအတိုင်း နင့်အဖေနဲ့နင့်အဒေါ်ကို လတိုင်းထောက်ပံ့နိုင်အောင် ငါကြိုးစားပေးမယ်ဟာ”

ချစ်သူ့စကားကြောင့် သူမဆတ်ဆတ်ခါနာရပြန်သည်။

“နင်ပဲငါ့ကို ပညာတတ်ကြီးဖြစ်အောင်လုပ်ဆို။ပညာလှေကားနဲ့ငါတို့ကလေးတွေကို အမြင့်ရောက်အောင်ကြိုးစားကြမယ်ဆို။ငါကငါကြိုးစားထားသမျှကို အိမ်ရှေ့မှာဘွဲ့ပုံချိတ်ရုံနဲ့ကျေနပ်ပြီး မီးဖိုချောင်ထဲမှာဘဲဘဝဆုံးရမှာလား။ပြီးတော့နေမကောင်းတဲ့ငါ့အဖေကို သူအစ်မအိမ်မှာပစ်ထားပြီး ပိုက်ဆံပဲလှမ်းပေးရမယ်ပေါ့။ဟုတ်လား”

“နင့်ကိုငါပြောပြီးသားလေ။နင်နဲ့ငါယူပြီးရင် နင့်အဖေနဲ့အဒေါ်လည်း ငါ့အိမ်မှာအတူနေလို့ရတယ်လေ။နင်ကိုက ဆင်ခြေဆင်လက်တွေပေးနေတာ”

“မဖြစ်နိုင်တာတွေပြောမနေနဲ့လေ။နင်တို့အိမ်ပေါ် ငါ့အဖေနဲ့အဒေါ်က ဘယ်မျက်နှာနဲ့လာတက်နေရမှာလဲ။အဲ့ဒီမှာလည်း ဘာမှလုပ်စားတတ်တော့တာမဟုတ်ဘူး”

ချိုပြောသော စကားသံမာမာများအား ချစ်သူသည် လှောင်ရယ်ခြင်းနှင့်တုံ့ပြန်တတ်သည်။ချိုသည် ချစ်သူရှိလျက်နဲ့ပင် အသည်းကွဲရပြန်သည်။ချစ်သူ၏ စကားသံချိုနွေးနွေးများအား တမ်းတလှသည်။သန်မာသော လက်မောင်းအစုံအား မှီတွဲရသည့်အခိုက်အတန့်များအားလည်း လွမ်းလှသည်။ပြုံးလက်လက်ဟန်ရှိသော မျက်နှာနှင့် စူးရဲသော မျက်လုံးအစုံအားလည်း တစ်ဝကြီးငေးမောကြည့်ချင်သေးသည်။သို့သော် ထိုအရာများအား သူမနှင့်ဝေးကွာသထက်ဝေးသွားတော့မည်ကို တွေးရင်းပင် နှလုံးကွဲကြေမတတ်ရင်နာရပြန်သည်။

(၅)
“ကောင်လေးက အရက်တွေသောက်တတ်လာတယ်..”

ချစ်သူရှိရာအရပ်မှ ဆွေမျိုးနီးစပ်များက ချို့အားထိုသို့သတင်းပေးတတ်သည်။ချိုသည် မချိပြုံး ပြုံးရင်နှင့်ပင် နှုတ်ဆိတ်နေတတ်သည်။ချစ်သူသည် ချို့အားအချိန်အတော်ကြာ မဆက်သွယ်သကဲ့သို့ ချိုသည်လည်း ထို့နည်းတူစွာပင်။တစ်လ သို့မဟုတ် နှစ်လအကြာမှ ပြောဖြစ်သော စကားတို့တွင် ချစ်ခြင်းမပါ၊ငြင်းခုံခြင်းလည်းမရှိဘဲ အသက်မဲ့နေတတ်သည်။တစ်ခါတစ်ရံတွင် ပြောစရာစကားနတ္တိဖြစ်ကာ ဖုန်းနှင့်ပါးအပ်ရင်း တိတ်ဆိတ်နေတတ်ကြပြန်သည်။ထိုသို့​နေရင်းပင် အချိန်သုံးနှစ်သည် မြန်ဆန်စွာကုန်သွားရပြန်သည်။ချိုသည် ဖြစ်သင့်သောမာနတစ်ဖက် ချစ်ခြင်းတစ်ဖက်ဖြင့် ရှင်သန်နေရသည်ကို မွန်းကျပ်လာသည်။အ​တွေးစိတ်ထဲ၌ ချစ်သူအား အမျိုးမျိုးသော စွပ်စွဲချက်တို့ဖြင့် စွပ်စွဲရင်းနာကျင်ခံပြင်းရပြန်သည်။ထိုကြောင့်ပင် သူမသည် အသင့်ရှိနေသော ထွက်ပေါက်တစ်ခုကို ပျော့ညံ့အားနည်းစွာပင် အသုံးပြုခဲ့သည်။

(၆)
“ငါလက်ထပ်တော့မယ်..”

ချို့စကားကြောင့် ချစ်သူသည် အချိန်အတော်ကြာသည်အထိ နှုတ်ဆိတ်သွားသည်။

“အင်း..ကောင်းပါတယ်။ဘယ်သူနဲ့လဲ”

“ဒီကပဲ။အစိုးရရုံးတစ်ရုံးက အရာရှိတစ်ယောက်ပဲ”

“ကောင်းတာပေါ့။ပညာ ပညာချင်းထပ်တော့ မြတ်တာပေါ့နော့”

“နင်ငါ့ကို မခနဲ့ပါနဲ့။ငါနင့်ကို အချိန်တွေအများကြီးပေးခဲ့ပြီပဲ။အခုကလည်း သူကငါ့အဒေါ်နားစကားကမ်းထားတာကြာပြီ။ငါ့အဖေရောအဒေါ်ရောကလည်း သဘောတူတယ်..”

“အဲ့ဒါနဲ့ ငါနဲ့မယူရတော့ ရတဲ့လူကိုယူလိုက်တာပေါ့ ဟုတ်လား။”

“နင်စကားကို သေးသေးသိမ်သိမ်လာမပြောနဲ့နော်။ဒီနှစ်တွေအတွင်း အဖေ့ကျန်းမာရေးရောအဒေါ့်စီးပွားရေးအဆင်မပြေတာရော သူကပဲ ကူညီပေးနေတာ”

“ငါ့ဆီကတောင်အကူအညီမယူဘဲ ကြီးကျယ်ခဲ့တဲ့နင်က သူ့အကူအညီတော့ယူတယ်ပေါ့။”

“ငါယူတာမဟုတ်ဘူးလေ။ငါ့အဒေါ်နဲ့ခင်နေတော့ ငါ့အဒေါ်ကိုကူညီရင်းနဲ့……”

“တော်တော့ ချို။နင်နဲ့ငါ မတွေ့ရတာလည်းကိုးနှစ် ဆယ်နှစ်ရှိပြီဆိုတော့ နင့်စိတ်လည်း အနည်းနဲ့အများပြောင်းလဲနေမယ်ဆိုတာ ငါသိပြီးသား။နင့်ဘဝသာယာပျော်ရွှင်ပါစေလို့ပဲငါဆုတောင်းပေးလိုက်တယ်”

စကားကိုယတိပြတ်ပြောကာ ဖုန်းချသွားသော ချစ်သူ့အသံအား ချိုသည် ဝေဝါးစွာနားထောင်နေမိသည်။စီးကျလာသော မျက်ရည်များအား လက်ခုံနှင့်ခပ်ကြမ်းကြမ်းပွတ်သုတ်ရင်း အိမ်အပြင်ဘက်အားကြည့်လိုက်မိသည်။မြူများသိပ်သည်းနေသော လမ်းမကြီးသည် အလင်းဖျော့စွာနှင့်အရာရာသည် ပုံရိပ်မပီဖြစ်နေသည်။သူမ၏ ထုံကျင်လေးလံနေသော စိတ်အာရုံသည်လည်း မပီမသဝေဝါးနေကာ အိပ်မက်ပမာခံစားနေရပြန်သည်။သို့သော် စူးနစ်နာကျင်နေသောနှလုံးသားသည် အိပ်မက်မဟုတ်သည်ကို သက်သေပြနေပြန်သည်။

ထိုနေ့ညတွင် သူမချစ်သည်သည် နှင်းမှုန်များအောက်၌ မူးယစ်ရီဝေစွာထိုင်ရင်း သူမအမည်အားတမ်းတမ်းတတရေရွတ်ငိုကြွေးနေသည်ကိုတော့ သူမ မသိပေ။ထိုနေ့ညတွင် သူမတို့နှစ်ယောက်သည် လွမ်းဆွတ်နာကျင်ရင်း ငိုကြွေးရင်း တစ်ယောက်နှင့်တစ်ယောက် အပြစ်တင်ရင်းနှင့်ပင် နှလုံးသားနှစ်ခုသည် ကမ္ဘာခြားခဲ့လေတော့သည်။

(၇)
“မန္တလေးနေကလည်း ပူလိုက်တာ အလွန်ပဲ”

“နင်တို့က အအေးပိုင်းမှာပဲနေသားကျနေတော့ ဒီအပူဒဏ်ဘယ်ခံနိုင်ပါ့မလဲ။ငါတို့ကတော့ ဒီမှာအခြေချတာမကြာသေးပေမယ့် အကျင့်ဖြစ်နေပါပြီ”

အဒေါ်ဝမ်းကွဲဖြစ်သူ၏ စကားအား နားထောင်ရင်း ချိုပြုံးလိုက်မိသည်။ဖခင်ဖြစ်သူ၏ ကျန်းမာရေးကိစ္စကြောင့်သာ မန္တလေးသို့လာရသော်လည်း သူမစိတ်ကမဖြောင့်။အိမ်၌ကျန်ခဲ့သော ယောက်ျားနှင့်သားဖြစ်သူဆီသာ စိတ်ကရောက်နေသည်။

“ညည်းက တကယ်ဆို ဟိုကောင်လေးကိုယူရမှာ”

အဒေါ်ညွှန်းသည် ဟိုကောင်လေးသည် သူမ၏ချစ်သူဟောင်းဖြစ်သဖြင့် သူမမျက်နှာသည် ပူခနဲဖြစ်သွားရ၏။

“တကယ်တော်တဲ့ကောင်လေးပါဟယ်။ငါတို့ရွှေတောမှာ အလုပ်လုပ်ကတည်းက သူကငွေကိုကျစ်ကျစ်ပါအောင်စုတာ။မသုံးသင့်တာမသုံးဘူး။စီးပွားရေးနဲ့ပတ်သတ်ရင်တော့ လာဘ်လည်းမြင်သလိုစွန့်လည်းစွန့်ရဲပါ့။ရွှေတောကနှင်လို​့ လုပ်စားမရတော့ ပယင်းဆိုလည်းရောက်သွားတာပဲ။အဲ့ဒီအချိန်သူမိန်းမလည်းရပြီးပေါ့။ကောင်မလေးကလည်း ခါးကျိုးအောင် အလုပ်လုပ်တယ်။စျေးရောင်းတယ်။လင်မယားနှစ်ယောက်ညီလည်းညီပါ့။မှော်ထဲမှာ လက်ဖက်ရည်ဆိုင်နဲ့ကုန်စုံဆိုင်ဖွင့်ပြီး ကောင်မလေးပဲဦးစီးတာ။ကောင်လေးက အပြင်အလုပ်လုပ်တာ။ကျောက်စိမ်းတွေခေတ်ကောင်းတော့လည်း လင်မယားနှစ်ယောက်ရောက်သွားတာပဲ။အခုဒီမှာ အခြေချနေလေရဲ့။သုံးထပ်တိုက်ကြီးမှဟီးလို့။စီးပွားရေးလည်းအခြေကောင်းကောင်းကျနေပြီ..”

အဒေါ်ဖြစ်သူ၏ အာပေါင်အာရင်းသန်သန်နှင့်စကားများအားနားထောင်ရင်း သူမသိမ်ငယ်စိတ်ဝင်ကာ စိတ်ရှုပ်ထွေးလာသည်။ထိုကဲ့သို့ပင်ဖြစ်စေရန်လည်း အဒေါ်ကရည်ရွယ်ဟန်တူသည်။နောင်အခါများတွင် တည်းခိုခန်း၌ပင်တည်းရန် ဖခင်အားပြောတော့မည်ဟု ချိုဆုံးဖြတ်လိုက်သည်။

“ဒီမနက်တောင် ငါ့သားဆီဖုန်းဆက်ရင်း ညည်းရောက်နေကြောင်းပြောလိုက်သေးတယ်။”

အဒေါ့်သားသည် ချစ်သူဟောင်း၏အရင်းနှီးဆုံးသူငယ်ချင်းတစ်ယောက်ဖြစ်သည်ကို ချိုသတိရသွားသည်။သူမစိတ်ထဲတွင် အမျိုးမည်မတိကျသော အရာတစ်ခုအားတွေးရင်း ထိတ်ခနဲဖြစ်သွားသည်။ထိုခံစားချက်ပင် မပြေပျောက်သေးသော အချိန်ခဏလေးအတွင်းဝယ် အိမ်ရှေ့တံခါးမကြီးမှပေါ်လာသော ချစ်သူဟောင်း၏မျက်နှာအား တွေ့လိုက်ရတော့သည်။သူသည် ရင့်ကျက်သောရုပ်သွင်နှင့်ဝဖိုင့်သောခန္ဓာကိုယ်ရှိလာသည်မှအပ များစွာမပြောင်းလဲသေးပေ။ထို့ပြင် ချို့အား ကြည်လင်စွာပင် ပြုံးကြည့်နေသည်။သူ့နံဘေးတွင် ခြောက်နှစ်အရွယ်ကလေးငယ်တစ်ယောက်သည် လက်ဆွဲ၍ ရပ်နေသည်။

“ချိုရောက်နေတယ်ဆိုလို့ ဒီဘက်ရောက်တုန်းဝင်လာတာ”

ချိုသည် ခေါင်းညိတ်ပြရုံမှလွဲ၍ တုံ့ပြန်ရန်စကားမရှိ။

“ကလေးရနေပြီဆို။အသက်ဘယ်လောက်ရှိပြီလဲ”

“သားသားက ခုနစ်နှစ်ကျော်ပြီ”

“ငါ့သားထက်တစ်နှစ်ကြီးတာပဲ။သားသားကခြောက်နှစ်။အခုပဲကျောင်းကဝင်ကြိုလာတာ။ငါဦးလေးကိုလာကန်တော့တာ။ရွှေတောမှာတုန်းက ငါ့ကျင်းပြိုသေးတယ်လေ။နင်မှတ်မိလား။အဲ့ဒီတုန်းက ဦးလေးအကယ်မြန်လို့ ငါအသက်ရှင်ရတာ”

ထို့နောက်ပိုင်းပြောသော စကားများအား ချိုသည်ဝေဝေဝါးဝါးဖြစ်လာသည်။အိပ်ခန်းထဲမှ ဖခင်ဖြစ်သူထွက်လာသည်။ပိုက်ဆံအထပ်လိုက်နှင့်သူကန်တော့သည်။ဖခင်ဖြစ်သူသည် ချို့နံဘေးတွင်ထိုင်ရင်း သူနဲ့စကားပြောနေပြန်သည်။ထိုအဖြစ်အပျက်များသည် ဆက်တိုက်ဖြစ်သွားသည်။ အနေရခက် ကျဥ်းကျပ်လှစွာဖြင့် ချိုသည် စကားသံများအား ကြားတစ်ချက် မကြားတစ်ချက်။စိတ်အာရုံနှင့်အသိသည် ကပ်တစ်ချက်မကပ်တစ်ချက်ဖြစ်နေသည်။သို့သော် ပြန်ခါနီးတွင် သူပြောလိုက်သောစကားတစ်ခွန်းသည် ချို့နားထဲသို့ ကြည်လင်စွာဝင်လာတော့သည်။

“ဟုတ်​တယ် ဦးရေ။ကျွန်တော်လည်း ဒီသားတစ်ယောက်ကို အကောင်းဆုံးဖြစ်အောင် ပျိုးထောင်နေရတာပဲ။မိဘဆိုတာ သားသမီးတွေအမြင့်ရောက်အောင် တတ်နိုင်သမျှလှေကားထောင်ပေးရတာပေါ့ဗျာ။သူအမြင့်ရောက်ဖို့အရေး ကျွန်တော့်မှာလည်း စီးပွားက ကုန်းရုန်းရှာနေရတာ။သားကဉာဏ်ကလည်းကောင်းတော့ လုပ်ပေးနိုင်ရင်လုပ်ပေးသလောက် ထွန်းပေါက်မယ့်ကလေးဗျ”

ချိုသည် နားထဲဝင်လာသော သူ့အသံအားနားထောင်ရင်းပင် ကလေးငယ်အား သေချာကြည့်မိသည်။ကိုယ်ပိုင်ကျောင်းတစ်ခု၏ ယူနီဖောင်းဖြစ်ဟန်တူသော လှပသော ဝတ်စုံအားသပ်ရပ်စွာဝတ်ထားသောကလေးငယ်သည် ရှင်းသန့်နေသည်။လွယ်ထားသောကျောပိုးအိတ်နှင့် ရေဘူး၊ထမင်းချိုင့်မှအစ တန်ဖိုးကြီးပစ္စည်းများဖြစ်မှန်းသိသာနေသည်။ချိုသည် မြို့​ငယ်လေးရှိ ကျောင်းတစ်ခုတွင် ဖုန်အလိမ်းလိမ်းနှင့်ဘောလုံးကစားနေသော သားဖြစ်သူအားမြင်ယောင်လာမိသည်။သားအမြင့်ရောက်ရန်အတွက် ဝန်ထမ်းလစာနှစ်ခုသည် လုပ်ပေးနိုင်စွမ်းမည်မျှရှိမည်ကိုလည်း ချိုတွေးမိနေပြန်သည်။ချို့နားထဲတွင်တော့ လွန်ခဲ့သောနှစ်များစွာက စကားသံအချို့ကို ပြန်လည်ကြားယောင်လာသည်။

“နင်ကပညာတတ်ကြီးဖြစ်မှ ပညာဆိုတဲ့လှေကားနဲ့ငါတို့သားသမီးတွေကို အမြင့်ရောက်အောင် လုပ်ပေးနိုင်မှာဟ”

ထိုစကားကိုပြန်ကြားယောင်ရင်းပင် ချိုသည်မဲ့ပြုံးတစ်ချက်ပြုံးလိုက်မိပြန်သည်။ချို့စိတ်ထဲတွင်တော့ မတူညီသော လှေကားနှစ်စင်းအား မြင်ယောင်ရင်းပင် မွန်းကျပ်ဆို့နင့်လာလေတော့၏။ ။

#ခင်နေခြည်စိုး (1.5.2023)11:40pm