*ဘုရားပျံဦးအောင်ရှိန်နှင့် ဝါးစိမ်းတောင်ဝှေး*📖📖📖
*********************************************
(၁)
ကျုပ်တို့ရဲဘော်တွေပုန်းအောင်းနေကြတဲ့ ရွှေညောင်ပင်ကျောင်းတိုက်ကို ဂျပန်တွေကဝိုင်းလိုက်ပြီဗျ၊ မီးတုတ်တွေ၊ ဓါတ်မီးအလင်းရောင်တွေလည်း ထိန်လင်းနေတာပဲဗျာ၊ ဆရာတော်တွေလည်း ရုတ်ရုတ်သဲသဲဖြစ်ကုန်တယ်၊ ကျုပ်ကတော့ ဒါက သာဒင်လက်ချက်လို့ထင်တာပဲ။
“ပြောင်ရှင်း၊ ဒါခင်ဗျားလက်ချက်မဟုတ်လား၊ ခင်ဗျားကျုပ်တို့အနောက်ကနေလိုက်လာမယ်ဆိုကတည်းက ကျုပ်သတိထားခဲ့မိသင့်တာ၊ အခုတော့ ခင်ဗျားကြောင့် ကျုပ်တို့အားလုံးဖမ်းခံထိတော့မယ်မဟုတ်လား”
“မျောက်ခေါင်း၊ မင်းထင်နေတာတွေတစ်ခုမှမဟုတ်ဘူး၊ မင်းစွပ်စွဲတာတွေက တစ်ခုမှမမှန်ဘူးကွ၊ ငါကဖြူစင်တယ်၊ ငါဖြူစင်ကြောင်း သက်သေပြနိုင်တယ်”
“တော်စမ်းဗျာ၊ ခင်ဗျားပါးစပ်က အပိုတွေပြောမနေနဲ့တော့၊ ခင်ဗျားကိုကျုပ်တို့မကျေနပ်ဘူး”
ရဲဘော်တွေအကုန်လုံးဒေါသထွက်လာကြတယ်ဗျ၊ ဗလကြီးက ထလာတာနဲ့ ကျုပ်လည်း ဗလကြီးကိုအတင်းဝင်လုံးလိုက်တော့တယ်၊ ရဲဘော်လေးငါးယောက်လောက်ဖမ်းချုပ်လိုက်တော့ ဗလကြီးလည်း မလှုပ်နိုင်တော့ပါဘူးဗျာ၊
“သစ္စာဖောက်ကို သတ်ပစ်”
ရဲဘော်တွေက အော်ဟစ်ပြီးတော့ ရဲဘော်တစ်ယောက်က တစ်တောင်လောက်ရှိတဲ့ ဓါးကိုယူလာတယ်ဗျ၊ ပြီးတော့ ပြောင်ရှင်းရဲ့အရှေ့မှာ မတ်တပ်ရပ်လိုက်တယ်။
“ခင်ဗျားကြောင့်၊ ဒါတွေအားလုံးဖြစ်ရတာ ခင်ဗျားကြောင့််၊ ကျုပ်တို့အကုန်လုံးအဖမ်းခံရတယ်ဆိုရင်တောင်မှ သစ္စာဖောက်ဖြစ်တဲ့ ခင်ဗျားက အရင်ဆုံးသေရမယ်”
ရဲဘော်နှစ်ယောက်က ပြောင်ရှင်းခေါင်းကိုသေချာချုပ်ကိုင်လိုက်ပြီးတော့ ခေါင်းမော့လိုက်တယ်ဗျာ၊ ပြောင်ရှင်းကတော့ မဟုတ်ဘူးလို့ အကြီးအကျယ်ငြင်းနေတာပေါ့၊ ကျန်တဲ့ရဲဘော်တစ်ယောက်ကတော့ ဓါးနဲ့ပြောင်ရှင်းရဲ့ လည်ပင်းကိုဖြတ်ဖို့လုပ်နေတယ်။ ဒီအချိန်မှာပဲ ကတုံးက မတ်တပ်ထရပ်တယ်ဗျ။
“ခင်ဗျားတို့အားလုံးမှားနေပြီ၊ ခင်ဗျားတို့လုပ်နေတာတွေကို ရပ်လိုက်ကြပါတော့”
ကတုံးကိုအားလုံးက စိုက်ကြည့်လိုက်ကြတယ်၊ ကတုံးက ခေါင်းကိုငုံ့လိုက်ပြီးတော့
“ကိုပြောင်ရှင်းမှာ ဘာအပြစ်မှမရှိပါဘူး”
“ဟ၊ ဟေ့ကောင်ရ၊ ရန်သူကိုသတင်းပေးတာ အပြစ်မရှိဘူးတဲ့လား”
ကျုပ်မေးလိုက်တော့ ကတုံးက ခေါင်းခါရင်း
“ရန်သူကိုသတင်းပေးတာ အပြစ်ရှိပါတယ်၊ ဒါပေမယ့် ကိုပြောင်ရှင်းက သတင်းပေးတဲ့လူမဟုတ်ပါဘူး၊ သတင်းပေးတဲ့လူက ကျုပ်ပါ”
ကျုပ်တောင်မျက်လုံးတွေပြူးထွက်သွားတယ်။
“ဘာကွ၊ မင်းဘာပြောတယ် ကတုံး”
“ဟုတ်ပါတယ်၊ ကျုပ်သတင်းပေးတာပါ၊ ပွဲရုံကိုရောက်တော့ ကျုပ်က မိသားစုနဲ့တွေ့ချင်တာနဲ့ ကိုပြောင်ရှင်းကိုခွင့်တောင်းပြီးတော့ အိမ်ကိုပြန်ခဲ့ပါတယ်၊ ဒါပေမယ့် ကျုပ်အိမ်ကိုပြန်ရောက်တာကို ရပ်ကွက်လူကြီးက တွေ့သွားပြီးတော့ ဂျပန်တွေကိုသတင်းသွားပေးပါတယ်၊ ကျုပ်လည်း အိမ်ရောက်တုန်း မိန်းမနဲ့ကလေးကိုကြည့်ပြီး မှာစရာရှိတာ မှာနေတုန်းမှာ ဂျပန်တွေက ကျုပ်တို့အိမ်ကိုဝိုင်းပြီး ကျုပ်ကိုဖမ်းလိုက်ကြပါတယ်”
“တောက်၊ မင်းကွာ”
“ပြီးတော့ ကျုပ်သာ ကျန်တဲ့ရဲဘော်တွေရှိတဲ့နေရာကိုပြောပြမယ်ဆိုရင် ကျုပ်ကိုမဖမ်းတဲ့အပြင် လွှတ်ပေးမယ်လို့ပြောပါတယ်”
“သူတို့ခိုင်းတိုင်း မင်းလုပ်စရာလားကွ ကတုံးရ”
“မလုပ်လို့မရဘူး ကိုမျောက်ခေါင်း၊ ဒီကောင်တွေက ကျုပ်မိသားစုကို ဓါးစာခံလုပ်ထားတယ်၊ တကယ်လို့ ရဲဘော်တွေကို ဖမ်းမမိဘူးဆိုရင် ကျုပ်မိသားစုကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်ထားတယ်၊ ဒါနဲ့ပဲ ကျုပ်လည်း ပွဲရုံနေရာကိုညွှန်ပြလိုက်ရတာပါပဲ၊ ဒါပေမယ့် ဂျပန်တွေက ပွဲရုံကိုဝင်ရှာပေမယ့် ခင်ဗျားတို့ကိုမတွေ့ခဲ့ပါဘူး၊ ဒါကြောင့် ကျုပ်ကိုထပ်ပြီးနှိပ်စက်အကြပ်ကိုင်ပါတယ်၊ ခင်ဗျားတို့သာ ဒီညလွတ်သွားခဲ့ရင် နောက်တစ်နေ့မနက်မှာ ကျုပ်မိသားစုကို အကုန်သတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်လာပါတယ်၊ ဒါနဲ့ကျုပ်လည်း ပွဲရုံကိုပြန်လာတာ့ ကိုပြောင်ရှင်းနဲ့တွေ့ပါတယ်၊ ကိုပြောင်ရှင်းက ကျုပ်ကိုစစ်မေးတော့ ကျုပ်အဖြစ်မှန်အားလုံးကိုဖွင့်ပြောပြလိုက်ပါတယ်”
“ဒါနဲ့များဗျာ၊ ဒီကောင်သစ္စာဖောက်မှန်းသိတာတောင်မှ ကျုပ်တို့ဆီကိုခေါ်လာရသေးတယ်လို့ ပြောင်ရှင်းရာ”
“ကတုံးက သစ္စာဖောက်ချင်လို့ တမင်သက်သက်လုပ်တာမှမဟုတ်တာကွ၊ သူ့ကိုအကြပ်ကိုင်လို့ မလုပ်ချင်ဘဲနဲ့လုပ်ရတာပါကွာ”
“ဘာပဲပြောပြော သူ့ကြောင့် အခုကျုပ်တို့ကို ဂျပန်တွေဝိုင်ထားပြီမဟုတ်လား”
“အေး၊ ဒါပေမယ့် မပူပါနဲ့ မျောက်ခေါင်းရာ အခုအကျပ်အတည်းကနေ ငါတို့ဘယ်လိုထွက်ပြေးကြမလဲဆိုတာကသာ ပိုပြီးအရေးကြီးတယ်မဟုတ်လားကွ”
ကျုပ်လည်း မကျေနပ်သေးတာနဲ့ ကတုံးဘက်ကိုလှည့်ကြည့်လိုက်ပြီး
“ဒါနဲ့ကတုံး၊ မင်းက ဘာနေ့သလားလဲ”
ကတုံးက ကျုပ်ကို တအံ့တသြနဲ့ကြည့်ပြီးတော့
“ကျုပ်၊ ကျုပ်က သောကြာသားပါ၊ နာမည်အရင်းက သိန်းထွန်းပါ”
ကျုပ်လည်း ကိုယ့်နဖူးကိုယ် လက်ဝါးနဲ့ရိုက်လိုက်မိတယ်ဗျာ။
“သွားပြီ၊ သွားပြီ ငါမှားပြီ”
ပါးစပ်ကနေ ရေရွတ်ရင်းနဲ့ ကျုပ်လက်တွေခြေတွေလည်း တဆတ်ဆတ်နဲ့တုန်ယင်လာခဲ့တယ်၊ ကျုပ်က ဆရာတော်ပြောတဲ့ ဗေဒင်တစ်ခုတည်းနဲ့ သောကြာသားကို သာဒင်တစ်ယောက်တည်းရှိတယ်ထင်ပြီး သာဒင်ကိုအထင်လွဲခဲ့မိပြီဗျ၊ အထင်လွဲခဲ့မိရုံမကဘဲ သတ်ဖို့အထိကြံခဲ့သေးတယ်မဟုတ်လားဗျာ။ ကျုပ်လည်း သာဒင်အရှေ့မှာပဲ ချက်ချင်းဒူးထောက်ထိုင်ချလိုက်တော့တယ်။
“ကျုပ်မှားတယ်၊ ကျုပ်မှားပါတယ် ဗျာ၊ ကျုပ်ခင်ဗျားကို အထင်အမြင်တစ်ခုတည်းနဲ့ မဟုတ်တမ်းတရားတွေတွေးတောပြီးတော့ စွပ်စွဲခဲ့မိပါတယ်၊ ကျုပ်ကိုခွင့်လွှတ်ပါ ပြောင်ရှင်းရာ”
ပြောင်ရှင်းက ကျုပ်လက်မောင်းနှစ်ဖက်ကို ဆွဲပြီးတော့ ကျုပ်ကိုမတ်တပ်ရပ်ခိုင်းတယ်။
“ငါ မင်းကိုအပြစ်မမြင်ပါဘူး မျောက်ခေါင်းရာ၊ မင်းစိတ်ထဲ ဘယ်လိုဖြစ်နေမလဲဆိုတာကို ငါနားလည်ပါတယ်ကွ၊ ငါသာမင်းနေရာမှာဆိုရင်လည်း ဒီလိုမလုပ်ဘူးလို့ ပြောလို့မရဘူးမဟုတ်လား”
“ကျုပ်မှားပါတယ်၊ ကျုပ်အမှားကြီးမှားခဲ့ပါတယ်ဗျာ”
“ထားလိုက်ပါတော့ မျောက်ခေါင်းရာ၊ အမှားကို အမှားမှန်းသိပြီး တောင်းပန်တာနဲ့တင် ငါကျေနပ်ပါပြီကွာ၊ ကဲ အခုတော့ ငါတို့ဒီကနေထွက်ဖို့ပဲ ကြံရတော့မယ်”
(၂)
ရဲဘော်တွေအကုန်လုံးက စုစည်းလိုက်ကြတယ်ဗျ၊
“ကျုပ်တို့ဘယ်လိုထွက်မလဲဗျာ၊ ဂျပန်တွေက တပ်မတစ်ခုစာလောက်ချပြီး ကျုပ်တို့ကိုဝိုင်းထားကြတာမဟုတ်လား၊ ကျုပ်တို့ထွက်ပြေးလည်း လွတ်လမ်းမမြင်ဘူးဗျာ”
သာဒင်က သူ့ကိုယ်သူလက်ညှိုးထိုးလိုက်ပြီးတော့
“ထားလိုက်စမ်းပါ၊ မင်းတို့အားလုံး ဘာမှမဖြစ်စေရဘူးလို့ အာမခံပါတယ်၊ ငါ့မှာ အကြံရှိပါတယ်ကွ”
ရဲဘော်တွေအားလုံးရော ကျုပ်ရော တော်တော်စိတ်ဝင်စားသွားတယ်ဗျ။
“ဒါဆိုပြောပါအုံးဗျာ၊ ဘယ်လိုကြံထားသလဲ”
“ဒီအကြံက ကတုံးပါမှရမှာကွ၊ ဒီလိုကွာ ဂျပန်တွေက ကတုံးကသတင်းပေးဆိုတာကို သိထားတယ်မဟုတ်လား၊ ဒါကြောင့်မို့လို့ ကတုံးက ငါ့ကိုဖမ်းခေါ်သွားတဲ့ပုံစံမျိုးနဲ့ ဖမ်းခေါ်ပြီးတော့ ဂျပန်တွေလက်ကိုအပ်ခိုင်းမယ်ကွာ၊ ပြီးတော့ ကျန်တဲ့ရဲဘော်တွေက ထွက်ပြေးသွားတယ်လို့ ပြောခိုင်းလိုက်မယ်”
“ပြောလို့ရော ဒီကောင်တွေက ယုံမှာတဲ့လားဗျာ”
“ငါပြောတာ ဆုံးအောင်နားထောင်စမ်းပါအုံးကွာ၊ ဒီကောင်တွေ မယုံရင်လည်း ကျောင်းထဲဝင်ရှာကြမှာပေါ့၊ ဒီတော့မင်းတို့က ကျောင်းထဲက လုံခြုံတဲ့တစ်နေရာမှာ ပုန်းအောင်းနေရမယ်ကွ”
“လုံခြုံတဲ့တစ်နေရာဆိုတာ ဘာဖြစ်နိုင်သလဲ”
ရဲဘော်တွေ စဉ်းစားကုန်ကြတယ်ဗျ၊ ဒီအချိန် ကျုပ်ခေါင်းထဲကို အတွေးစတစ်ခုပေါ်လာတယ်။ ဒါနဲ့ ကျုပ်လည်းထပြီးတော့
“ဟုတ်ပြီ၊ ကျုပ်အကြံရပြီ”
ရဲဘော်တွေအားလုံး ကျုပ်ကိုလှည့်ကြည့်ကြတယ်။
“ဒီလိုပါ၊ ဂျပန်တွေဆိုတော့ ဘုန်းကြီးကျောင်းရဲ့တည်ဆောက်ပုံကို သိပ်နားလည်မှာမဟုတ်ဘူးဗျ၊ ဒီကျောင်းက ရှေးဟောင်းဘုန်းကြီးကျောင်းဆိုတော့ မျက်နှာကျက်အပေါ်ဘက်မှာ ဘုံဆောင်လို့ခေါ်တဲ့ ထပ်ခိုးလေးတစ်ခုပါတယ်ဗျ၊ အဲဒီထပ်ခိုးလေးထဲမှာ ပုန်းခိုနေရင် ဂျပန်တွေရှာတွေ့မယ်မထင်ဘူး၊ ဘာလို့လဲဆိုတော့ ဘုံဆောင်ရှိမရှိကို ဂျပန်တွေသိမယ်မထင်ဘူး”
“အေး၊ မင်းပြောတဲ့အကြံကောင်းတယ် မျောက်ခေါင်း”
ဒါနဲ့ပဲ ကျုပ်တို့အားလုံး ကျောင်းပေါ်ကိုတက်ခဲ့ကြတယ်ဗျ။ ဘုံဆောင်ဆိုတာ ဘုန်းကြီးကျောင်းရဲ့အပေါ်ဘက် မျက်နှာကျက်အပေါ်မှာရှိတာကိုး၊ ဒီလိုနဲ့ ဘုံဆောင်ပေါ်ကိုအားလုံးတက်လိုက်ကြတယ်၊ ကျုပ်နဲ့ ဗလကြီးကတော့ ကျန်နေခဲ့တာပေါ့ဗျာ။ သာဒင်က ကျုပ်တို့ကိုကြည့်ပြီးတော့
“ဟေ့ကောင်တွေ၊ မင်းတို့လည်း တက်ပြီးပုန်းနေကြလေကွာ”
ဗလကြီးက ခေါင်းကုပ်ရင်း
“ကျုပ်သာတက်လိုက်ရင် ဘုံဆောင်မျက်နှာကျက် ပြိုကျလိမ့်မယ်ဗျ၊ ဒီတော့ ကျုပ်အပေါ်မတက်တော့ဘူး”
ကျုပ်လည်း သာဒင်ကိုကြည့်ုလိုက်ပြီး
“ပြောင်ရှင်း၊ ခင်ဗျားတစ်ယောက်တည်းအဖမ်းခံရင် ဂျပန်တွေက ယုံမှာမဟုတ်ဘူး၊ ဒီတော့ ကျုပ်ကိုပါဖမ်းပြီး ခေါ်သွားဗျာ”
သာဒင်က မျက်လုံးပြူးသွားတယ်။
“ဟ၊ ငါ့ဖာသာငါဆိုတစ်ယောက်တည်း ဘယ်လိုနေနေလွတ်ပါတယ်ကွ၊ မင်းတို့ပါတော့ ဖြစ်ပါ့မလား”
“အိုဗျာ၊ ကျုပ်တို့သစ္စာဆိုထားသလိုပေါ့ဗျာ၊ သေရင်လည်းအတူတူသေကြမယ်၊ ရှင်ရင်လည်း အတူတူရှင်ကြမယ်ဗျာ”
ကျုပ်ပြောလိုက်တော့ သာဒင်က ကျုပ်ကိုမျက်ရည်ဝိုင်းနေတဲ့ မျက်ဝန်းတွေနဲ့ကြည့်ပြီးတော့ ခေါင်းညိတ်တယ်၊ ဗလကြီးကလည်း
“ကိုပြောင်ရှင်း၊ ကျုပ်လည်း ဒီကိုယ်လုံးကြီးနဲ့ ပုန်းလို့မရမယ့်အတူတူ ကျုပ်ကိုပါ ခေါ်သွားဗျာ”
ဒါနဲ့ နောက်ဆုံးတော့ ကျုပ်တို့သုံးယောက်စလုံးကို ဖမ်းခေါ်သွားဖို့သဘောတူလိုက်ကြတယ်၊ ဂျပန်တွေက ဘုန်းကြီးကျောင်းဝန်းထဲဆိုတော့ ချက်ချင်းတော့ မဝင်ရဲသေးဘူးဗျ၊ နောက်ပြီးတော့ ကျုပ်တို့တွေမှာ လက်နက်တွေပါမပါကိုလည်းမသိတော့ ချက်ချင်းမဝင်သေးဘဲ စောင့်နေတယ်ပေါ့ဗျာ၊
“အခုတွေ့နေတဲ့အခက်အခဲကို ဒီတုတ်ကလေးက ဖြေရှင်းနိုင်လိမ့်မယ်လို့ ဦးလူနီက ပြောတယ်ဆိုတော့ ဧကန္တ ဒီအကြောင်းတွေကို ဦးလူနီက ကြိုသိနေခဲ့တာများလား”
ကျုပ်လည်း ဦးလူနီပေးခဲ့တဲ့ ဝါးစိမ်းတောင်ဝှေးကလေးကို လက်တစ်ဖက်ကနေ ကိုင်ခဲ့တာပေါ့ဗျာ။ ဒီလိုနဲ့ ကျုပ်တို့လေးယောက် ဘုန်းကြီးကျောင်းထဲကနေထွက်ခဲ့ကြတယ်၊ ဘုန်းကြီးကျောင်းအဝင်လမ်းအတိုင်း လျှောက်လိုက်တော့ ဂျပန်စစ်သားတွေရဲ့ မီးဆိုင်းတွေက ကျုပ်တို့ကိုဦးတည်ပြီး ထိုးလိုက်ကြသဗျ၊ ကျုပ်တို့ဖြင့် မျက်စိကျိန်းလိုက်တာ ပြောမနေပါနဲ့ဗျာ၊ ဂျပန်တပ်ကြီးတစ်ခုလုံးက ကျုပ်တို့ကိုသေနတ်တွေနဲ့ ထိုးချိန်လိုက်ကြတယ်၊ ကတုံးကိုမြင်လိုက်လို့ဖြစ်မယ် ကျုပ်တို့ကို သေနတ်နဲ့မပစ်ဘဲနဲ့ ချိန်ရုံပဲချိန်ထားတယ်။
“အားလုံးလက်နက်ချကြပါ”
စကားပြန်က အော်ပြောတယ်ဗျ၊ သာဒင်က လက်နှစ်ဖက်ကို မိုးပေါ်ထောင်ပြလိုက်တယ်။ ကျုပ်တို့လေးယောက်ထဲမှာ လက်နက်ဆိုလို့ဘာတစ်ခုမှ မပါဘူးကိုးဗျ၊ ကျုပ်ကသာ ဝါးတောင်ဝှေးလေးတစ်ခု ကိုင်ထားတယ်မဟုတ်လား၊ ဂျပန်စစ်တပ်နဲ့ ခြေလှမ်းသုံးဆယ်လောက်အကွာရောက်တော့ ကျုပ်တို့ရပ်လိုက်ကြတယ်၊ ဒီအချိန်မှာ ဂျပန်စစ်ဗိုလ်က မြင်းစီးပြီးတော့ ကျုပ်တို့အနားကိုလျှောက်လာတယ်ဗျာ၊ သူ့လက်ထဲမှာလည်း ပစ္စတိုသေနတ်ကလေး ကိုင်ထားရင်း ကျုပ်တို့ကိုထိုးချိန်ထားတယ်၊ ပြီးတော့ ဂျပန်ဗိုလ်က သူ့အနားက စကားပြန်ကို ဂျပန်လို ကွိကွိကွကွနဲ့ပြောတယ်ဗျ။
“မာစတာကြီးက ပြောတယ်၊ ခင်ဗျားတို့လူတွေအကုန်ထွက်ခဲ့ကြတဲ့”
ဒီအခါ ကတုံးက အရှေ့တက်သွားပြီး
“ဒီလူတွေက အကုန်ပါပဲဗျာ၊ ရဲဘော်တွေက ခြေဦးတည့်ရာထွက်ပြေးပြီးတော့ အခုဒီကျောင်းမှာ ဒီလူတွေပဲ ကျန်ခဲ့တော့တာပါ”
စကားပြန်က ကတုံးစကားကို ဗိုလ်ကြီးဆီဘာသာပြန်ပေးလိုက်တော့ ဂျပန်ဗိုလ်က ယုံပုံမရဘူးဗျ။ ဒါနဲ့ သူ့အနောက်က စစ်သားတွေကို တစ်ခုခုအော်ပြောလိုက်တော့ စစ်သားအယောက်နှစ်ဆယ်လောက်က ကျောင်းတိုက်ထဲကို ပြေးဝင်သွားတယ်ဗျ၊
“မင်းတို့တွေပြောတာကို မာစတာကြီးက မယုံဘူး၊ တကယ်လို့ ကျောင်းထဲမှာတစ်ယောက်ယောက်တွေ့တာနဲ့ မင်းတို့တွေအကုန်လုံးကို သတ်ပစ်မယ်တဲ့ကွ”
ကျုပ်ဖြင့် ဘုံဆောင်ပေါ်မှာ ပုန်းအောင်းနေကြတဲ့ ရဲဘော်တွေကို ဂျပန်တွေရှာမတွေ့ပါစေနဲ့လို့ပဲ ဆုတောင်းနေမိတယ်ဗျာ၊ ဂျပန်ဗိုလ်က ကျုပ်ကိုသေနတ်နဲ့ထိုးချိန်ပြီးတော့ အော်တယ်ဗျ၊ စကားပြန်က အနားရောက်လာပြီး
“ခင်ဗျားဘာတွေရွတ်နေတာလဲတဲ့၊ ခင်ဗျားပါးစပ်ကို ပိတ်ထားလို့ ပြောနေတယ်”
“ကျုပ်ဘုရားစာရွတ်နေတာလို့ ခင်ဗျားရဲ့ ပထွေးကိုပြန်ပြောလိုက်စမ်းပါ”
ကျုပ်ပြောလိုက်တော့ စကားပြန်က တော်တော်စိတ်တိုသွားတယ်ထင်တယ်၊ ဒါနဲ့ ဂျပန်ဗိုလ်ကိုပြန်ပြောလိုက်တော့ ဂျပန်ဗိုလ်က နှစ်နှစ်ကာကာပြုံးတယ်ဗျ၊ ပြီးတော့ ဂျပန်လိုပြန်ပြောပြန်ရော။
“မာစတာကြီးကပြောတယ်၊ မဟုတ်တာတွေ လုပ်မနေနဲ့တဲ့၊ မင်းတို့ဘုရားဘယ်လောက်စွမ်းစွမ်း ငါ့ကျည်ဆန်ကိုမတားနိုင်ပါဘူးတဲ့”
ကျုပ်လည်း ဟက်ဟက်ပက်ပက်ထရယ်လိုက်တယ်၊ ပြီးတော့ ဂျပန်ဗိုလ်ကို မထုံတတ်တေးမျက်နှာပေးနဲ့စိုက်ကြည့်ရင်း
“ခင်ဗျားမယုံရင် ပစ်ကြည့်လိုက်စမ်းပါ”
ကျုပ်ပြောလိုက်တော့ စကားပြန်က ဗိုလ်ကြိးကိုပြန်ပြေတယ်ဗျ၊ ဂျပန်ဗိုလ်မျက်နှာကြီး ဒေါသထွက်ပြီးတော့ နီရဲတက်လာတာပါပဲဗျာ၊ နောက်တော့ ကျုပ်ကိုကြည့်ပြီး အော်ငေါက်တယ်၊ ကျုပ်ကလည်း မကြောက်တဲ့ပုံစံနဲ့ ကျုပ်ကိုပစ်ဆိုပြီးတော့ ရင်ကော့ပေးလိုက်တာပေါ့ဗျာ၊ ဂျပန်ဗိုလ်က ကျုပ်ကိုဆဲရေးတိုင်းထွာပြီးတော့ သေနတ်နဲ့ပစ်လိုက်တာပါပဲဗျာ။
ဒါပေမယ့် ထူးဆန်းတာက ဂျပန်ဗိုလ်ကိုင်ထားတဲ့ ပစ္စတိုက ကျည်ဆန်မထွက်ဘဲ တချောက်ချောက်နဲ့ အသံမြည်နေတာပဲဗျာ၊ နောက်တော့ သူ့သေနတ်ကိုသေချာကြည့်ပြိး မောင်းတွေဘာတွေစစ်ပြီးထပ်ပစ်တယ်၊ သူဘယ်လောက်ပစ်ပစ် သူ့သေနတ်က ကျည်ဆန်ကိုမထွက်ဘူူးဗျာ၊ ဂျပန်ဗိုလ်လည်း နည်းနည်းတော့ ဖြုံသွားပုံရတယ်ဗျ၊ ဒါနဲ့ သူ့အနောက်က စစ်သားတွေကိုလှည့်အော်ပြီး အမိန့်ပေးလိုက်တော့ စစ်သားတွေအကုန်လုံးက ကျုပ်တို့ကိုသေနတ်နဲ့ထိုးချိန်ပြီး ပစ်ကြပါရောဗျာ၊ သူတို့စစ်တပ်တစ်တပ်လုံးလည်း သေနတ်ကျည်မထွက်ဘူးဗျ၊ ကျုပ်လည်း ရင်ကိုကော့ပြီး တဟားဟားနဲ့အော်ရယ်လိုက်တယ်။
“ဟား၊ ဟား မင်းတို့သေနတ်တွေက တော်တော်စုတ်တာပဲကွ၊ သေနတ်ကောင်းတာ မပါဘူးလား”
ကျုပ်ရယ်နေတုန်း ဂျပန်စစ်သားတွေရဲ့ သွေးပျက်နေတဲ့မျက်နှာတွေကိုမြင်ရတယ်ဗျ၊ ပြီးတာနဲ့ ရွှီးခနဲအသံကြီးနဲ့အတူ ကောင်းကင်မှာ အဖြူရောင်အလင်းလုံးကြီးတစ်လုံးက ဝင်းလက်လာတာပဲဗျာ၊ ဂျပန်စစ်သားတွေက ဒီအလင်းလုံးကြီးကိုကြည့်ပြီးတော့ အံ့သြမှင်တက်နေကြတယ်၊ သာဒင်က ကျုပ်လက်ကိုကုပ်ပြီး
“ဒါအချိန်ကောင်းပဲ၊ ပြေးကြစို့ဟေ့”
ကျုပ်လည်း အဲဒီတော့မှ သတိဝင်ပြီးတော့ ထွက်ပြေးဖို့သိလိုက်တာဗျ၊ သာဒင်တို့က မြို့ခံတွေမဟုတ်တော့ ဘယ်ပြေးရမှန်းမသိဘူးဖြစ်နေတယ်ဗျာ၊ ဒါနဲ့ ကျုပ်ကဦးဆောင်ပြီးတော့ ကျုပ်တို့လေးယောက် အပြေးထွက်ခဲ့ကြတာပေါ့ဗျာ၊ ကျုပ်တို့ကျောင်းပေါက်ဝကနေ ဆင်ခြေဖုံးရပ်ကွက်ကလေးကို ဖြတ်လိုက်ပြီး ဆက်ပြေးကြတယ်၊ နောက်တော့ မြို့ထဲဈေးကိုရောက်သွားကြတယ်၊ ဂျပန်တွေလည်း ကျုပ်တို့အနောက်က လိုက်လာသလား၊ မလိုက်လာသလားတော့ မသိတော့ပါဘူးဗျာ။
“ဒီလောက်ဆိုရင် တော်လောက်ပြီ”
သာဒင်ပြောတော့မှ ကျုပ်တို့လည်း ပြေးနေတဲ့ခြေလှမ်းတွေကို ရပ်လိုက်တော့တယ်။ လူကလည်း မောပန်းလိုက်တာ ပြောမနေပါနဲ့ဗျာ။ သာဒင်က သူ့အိပ်ကပ်ထဲကနေ ဂျပန်ငွေစက္ကူတွေကို ကတုံးဆီကိုထုတ်ပေးလိုက်တယ်။
“ရော့ကတုံး၊ အချိန်ရှိသေးတယ်၊ မင်းရဲ့မိသားစုဝင်တွေဆီကိုပြန်ပြီးတော့ တစ်နေရာရာမှာ ပုန်းအောင်းနေတော့ကွာ”
ကတုံးက ခေါင်းညိတ်ပြီးတော့ ပိုက်ဆံတွေကိုလှမ်းယူတယ်၊ ပြီးတော့ ကျုပ်တို့ကိုနှုတ်ဆက်ပြီး မြို့ထဲတစ်နေရာကို ပြေးသွားတော့တာပါပဲဗျာ၊ ကျုပ်လည်း သာဒင်ကိုကြည့်လိုက်တယ်။
“ကဲ၊ ကျုပ်တို့ရော အခုဘာဆက်လုပ်ကြမလဲ၊ စခန်းပြန်ကြမလား”
သာဒင်က ခေါင်းခါပြီးတော့
“စခန်းပြန်လို့မဖြစ်သေးဘူးကွ၊ ဒီအတိုင်းဆို အခုမနက်မှာတင် ဂျပန်တွေက မြို့ဝင်မြို့ထွက်ဂိတ်တွေကိုပိတ်ပြီး စစ်ဆေးလိမ့်မယ်၊ ဒီတော့ ငါတို့အခုမှစခန်းပြန်ရင် မြို့ပြင်လောက်မှာ သူတို့ဖမ်းတာကိုထပ်ခံရနိုင်တယ်ကွ”
“ဒါဖြင့် ဘယ်လိုလုပ်ကြမလဲ”
“ငါတို့ ဒီအနီးအနားမှာပဲ လေးငါးရက်လောက် ပုန်းခိုနေပြီးတော့ စခန်းပြန်ဖို့ အခြေအနေစောင့်ကြည့်ကြတာပေါ့ကွာ”
သာဒင်ပြောမှ ကျုပ်လည်း တစ်ခုသတိရသွားတော့တယ်ဗျာ။
“ဟာ၊ ဟုတ်ပြီ၊ ဒါဆိုရင် ကျုပ်တို့ရွာကိုသွားလို့ရတာပဲ၊ ကျုပ်တို့ရွာက ဒီကနေဆို မဝေးဘူးဗျ”
သာဒင်က မျက်မှောင်ကြုတ်ပြီး
“ဂျပန်တွေက လမ်းပိတ်ပြီးစစ်ရင်ရောကွာ”
“အိုဗျာ၊ သူတို့တွေ လမ်းကိုပဲပိတ်ရင်ပိတ်လို့ရမယ် မြစ်ကိုတော့ ပိတ်လို့မရပါဘူးဗျ”
ဒါနဲ့ပဲ ကျုပ်ရဲ့ဦးဆောင်မှုနဲ့ ကျုပ်တို့သုံးယောက် မြစ်ဆိပ်ကိုဆင်းခဲ့တာပေါ့ဗျာ။ မနက်နေထွက်တဲ့အချိန်ကျတော့ ကျုပ်တို့သုံးယောက် မြစ်သာမြစ်ထဲကို စုန်ဆင်းနေတဲ့ လှေငယ်ကလေးတစ်ခုအပေါ်ရောက်နေပြီပေါ့ဗျာ၊ မနက်ခင်းနေမင်းကြီးက အရှေ့ဘက်တောင်တန်းတွေပေါ်ကနေ တဖြည်းဖြည်းနဲ့ ထွက်လာတာနဲ့ ရွှေဝါရောင်အလင်းရောင်တွေကို ဖြန့်ကျက်နေတာ့တာပါပဲ။
ဗလကြီးက ကျုပ်ရဲ့ဝါးတောင်ဝှေးလေးကို တအံ့တသြနဲ့ကိုင်ကြည့်တယ်။
“ကိုမျောက်ခေါင်းရဲ့ ဒီတောင်ဝှေးလေးက တော်တော်ထူးဆန်းတာပဲဗျနော်”
“အေးပေါ့ကွ၊ ဒီတောင်ဝှေးက နှယ်နှယ်ရရမှ မဟုတ်တာ ဝိဇ္ဖာကြီးတစ်ယောက်က ငါ့ကိုလက်ဆောင်ပေးခဲ့တဲ့ တောင်ဝှေးလေးပဲ”
“ကျုပ်တို့ ဂျပန်တွေလက်က လွတ်လာတာလည်း ဒီတောင်ဝှေးလေးကြောင့်လို့ ပြောလို့ရတယ်ဗျာ၊ သိပ်အံ့သြဖို့ကောင်းတာပဲ ကိုမျောက်ခေါင်းရာ”
သာဒင်ကတော့ ဘာမှမပြောဘဲ မြစ်ဘေးနားက ရှှုခင်းတွေကိုကြည့်နေတဲ့ပုံပါပဲ၊ ဒီလိုနဲ့ ကျုပ်တို့ယာခင်းဘေးနားက သဲသောင်ပြင်တွေဆီမှာ လှေကိုကပ်ခိုင်းလိုက်ပြီးတော့ ကျုပ်တို့သုံးယောက် ယာခင်းထဲကိုတက်လာခဲ့ကြတာပေါ့ဗျာ၊ ပြုစုမယ့်သူမရှိတော့ ကျုပ်တို့ယာခင်းမှာ သီးနှံပင်တွေက ခြောက်သွေ့နေပြီးတော့ မြက်တွေတောထနေပါရော။ ကျုပ်ရဲ့ယာတဲကလေးဆိုရင်လည်း တခြားလူတွေလုယက်ကြလို့ထင်ပါတယ်၊ ဟောင်းလောင်းဖြစ်နေတယ်၊ တဲကတော့ ခိုင်ခိုင်ခံ့ခံ့ရှိနေပါသေးသဗျာ။
“ကဲ၊ ပြောင်ရှင်း၊ ဗလကြီး မင်းတို့ကို ငါ့ရဲ့တဲနန်းတော်ကလေးကနေ ကြိုဆိုပါတယ်ကွာ”
သာဒင်က ပြုံးရင်း
“ကိုယ်ထင်ရင် ကုတင်ရွှေနန်းဆိုတာပေါ့ကွာ၊ ဒီတဲကလေးက ငါတို့စခန်းက တဲထက် ပိုကောင်းတာပေါ့ကွ”
ကျုပ်တို့တွေ အနားယူလိုက်ကြတယ်၊ တဲကလေးနဲ့မလှမ်းမကမ်းမှာ အရင်က ရှိခဲ့ဖူးတဲ့ အိမ်တန်းကလေးကလည်း အခုတော့ အိမ်ပျက်တွေဘဲ ရှိတော့တယ်ဗျ၊ ဒါနဲ့ ညနေခင်းရောက်တော့ ကျုပ်တို့ရွာထဲ ပတ်ကြည့်ဖို့စိတ်ကူးလိုက်တယ်၊ ခေါင်းပေါင်းတွေပေါင်းပြီး ရုပ်တွေဖျက်လိုက်တော့ ကျုပ်ကိုမှတ်မိမယ့်လူ ခပ်ရှားရှားဗျ၊ ရွာထဲပတ်ရင်း ကျုပ်တို့အိမ်ရှေ့ကိုရောက်တော့ ခြံဝန်းထဲမှာ ရက်ကန်းခတ်တဲ့အသံကိုကြားရတယ်၊ ကျုပ်လည်း ခြံရှေ့မှာရပ်လိုက်ပြီး
“အမေ၊ အမေ၊ ကျုပ်ပြန်လာပြီလေ”
ကျုပ်က ခပ်တိုးတိုးရေရွတ်လိုက်တော့ သာဒင်နဲ့ ဗလကြီးက ကျုပ်ကိုတစ်ယောက်တစ်ဖက်စီဆွဲပြီး အတင်းခေါ်ကြတယ်။
“မျောက်ခေါင်းရေ၊ စိတ်လိုက်မာန်ပါမလုပ်စမ်းနဲ့ဟ၊ ငါတို့က ဝရမ်းပြေးတွေနော်”
“ဟုတ်ပါတယ် ကိုမျောက်ခေါင်းရယ်၊ ဒီအချိန်မှာ ပြဿနာမဖြစ်တာ အကောင်းဆုံးပါပဲ”
ကျုပ်စိတ်ထဲကအတိုင်းဆိုရင်တော့ အိမ်ထဲပြေးဝင်ပြီး အမေနဲ့တွေ့ချင်တာပေါ့ဗျာ၊ ဒါပေမယ့် အခွင့်မသင့်သေးတော့လည်း လက်လျှော့နေလိုက်ရတော့တယ်။ ရွာထဲမှာ ဆက်သွယ်စရာလူဆိုလို့ ကိုသုန်တစ်ယောက်ရှိတယ်ဗျ။ ဒါနဲ့ကျုပ်လည်း ကိုသုန်ရဲ့အိမ်ကိုလာခဲ့တာပေါ့ဗျာ၊ ကိုသုန်ရဲ့အိမ်က ဘကြီးပြုံးရဲ့အိမ်ဆိုတော့ အိမ်ရှေ့ရပ်လိုက်တဲ့အခါ ကျုပ်ဖြင့် ဘကြီးပြုံးကို သိပ်သတိရမိတာပါပဲဗျာ။
“ဗျို့၊ အိမ်ရှင်တို့၊ အိမ်ရှင်တို့”
ခေါ်လိုက်တော့ ကိုသုန်တစ်ယောက်ထွက်လာသဗျ၊ လက်ထဲမှာလည်း ချိုင်းထောက်ကြီးနဲ့ဗျာ၊ ခြေထောက်တစ်ဖက်က ပေါင်လယ်လောက်ကနေ ပြတ်ထွက်နေတယ်၊ ကိုသုန်က ကျုပ်ကိုသေသေချာချာကြည့်ပြီးတော့
“ဘယ်သူလဲမသိဘူး”
ကျုပ်က ကိုသုန်အနားကိုကပ်လိုက်ပြီးတော့
“ကိုသုန်၊ ကျုပ်ပါဗျ၊ အောင်ရှိန်ပါ”
ခေါင်းပေါင်းဖြေပြလိုက်တော့မှ ကိုသုန်က မှတ်မိသွားပုံရပြီး မျက်လုံးတွေပြူးသွားတယ်။
“အောင်ရှိန်၊ မင်း . . . မင်း၊ ရုပ်ပြောင်းသွားလိုက်တာကွာ၊ ငါမနည်းရုပ်ဖမ်းယူရတယ်ကွ”
“ကိုသုန်၊ အိမ်ပြင်မှာစကားပြောလို့မကောင်းဘူးဗျ”
ဒီတော့မှကိုသုန်က သတိဝင်သွားပြီး
“အေး၊ လာလာ၊ အိမ်ထဲဝင်ခဲ့ဟေ့”
ကျုပ်တို့အားလုံး အိမ်ထဲဝင်ပြီးတော့ ကိုသုန်က ခြံတံခါးကိုပိတ်လိုက်ပြီးတော့ ကလန့်ထိုးချလိုက်တယ်ဗျ၊ ပြီးတော့ ကျုပ်တို့အနောက်ကိုလိုက်လာတာပါပဲဗျာ၊ ကိုသုန်အိမ်က ထူးထူးဆန်းဆန်း တိတ်ဆိတ်နေသဗျ၊ အရင်ကဆိုရင် ကိုသုန်တို့ညီအကိုတွေ၊ သူတို့မိန်းမတွေ၊ ကလေးတွေနဲ့ စည်ကားပြီး ရှုပ်ယှက်ခပ်နေတဲ့အိမ်က အခုတော့ ချောက်ကပ်ကပ်နဲ့ဗျ၊ ကျုပ်တို့လည်း အိမ်အောက်ထပ်က အရှေ့ခန်းမှာထိုင်ချလိုက်ရင်း
“ကိုသုန်၊ ဒါနဲ့ အိမ်ကဘယ်လိုဖြစ်တာလဲ၊ ဘယ်သူမှလဲ မရှိပါလား”
ကိုသုန်က ရေနွေးကြမ်းခရားအိုးကလေးပြေးယူပြီးတော့ ချပေးတယ်။
“အိမ်ကတော့ မင်းမြင်တဲ့အတိုင်းပဲဟေ့”
“ကိုသုန်ရဲ့အကိုတွေ၊ ညီတွေရော၊ ကိုသုန်ရဲ့ မိန်းမနဲ့ ကလေးတွေရော”
ကိုသုန်က အကြမ်းပန်းကန်လုံးကလေးတွေထဲကို ရေနွေးငှဲ့ထည့်ပေးရင်း
“မင်းပထွေးကြီးကတော့ တော်တော်ဆိုးနေတာကွ၊ တော်ကြာ ချွေးတပ်အတွက် လူလိုလို့ ဆွဲပြန်ပြီ၊ တော်ကြာ ထောက်ပံ့ကြေးဆိုပြီး ငွေကောက်လိုက်၊ စပါးတွေ၊ ပဲတွေယူလိုက်နဲ့၊ ဂျပန်နဲ့ပေါင်းပြီးတော့ ရွာကိုဓါးပြတိုက်နေတာပေါ့ကွာ၊ ဒါနဲ့ ရွာကလူတွေလည်း ကြောက်လန့်ပြီးတော့ ဟိုးတောင်ကြောဘက်က တောတွေတောင်တွေထဲ ဆွေမျိုးသားချင်းတွေ စုပြီးနေကြသကွာ၊ ဘယ်ကိုရောက်သွားသလဲဆိုတာတော့ ငါလည်းမပြောပါရစေနဲ့”
ကိုသုန်က အကြမ်းပန်းကန်လုံးလေးတွေကို ကျုပ်တို့အရှေ့ကိုချပေးတယ်၊ ကျုပ်လည်း ရေငတ်လို့ကောက်သောက်လိုက်တော့ ရေနွေးကြမ်းတွေက အေးစက်နေတာပဲဗျာ၊ ကိုသုန်တို့မိသားစုသတင်းကိုကြားပြီး ကျုပ်ဖြင့်စိတ်မကောင်းဖြစ်သွားတယ်၊ နောက်တော့ ကိုသုန်က ချိုင်းထောက်နှစ်ဖက်ချပြီးတော့ ကျုပ်အနားမှာလာထိုင်တယ်ဗျ၊ ပေါင်လယ်အထိပြတ်နေတဲ့ ညာဖက်ခြေထောက်ကို အတိုင်းသားမြင်နေရတာပေါ့ဗျာ။
“ကိုသုန်၊ ဒါကရော ဘာဖြစ်တာလဲ”
ကျုပ်က ကိုသုန်ရဲ့ခြေပြတ်ကိုလက်ညှိုးထိုးပြီးမေးလိုက်တော့ ကိုသုန်က သူ့ပုဆိုးစနဲ့ ခြေပြတ်ကိုဖုံးလိုက်ပြီးတော့
“ဒီလိုပါပဲကွာ”
“မဟုတ်တာပဲကိုသုန်ရာ၊ ကိုသုန်ဒီကြားထဲမှာ တစ်ခုခုဖြစ်ခဲ့တယ်မဟုတ်လား”
ကိုသုန်က ဘာမှမပြောဘဲ အိမ်အပြင်တစ်နေရာကိုကြည့်နေတယ်ဗျ၊
“ကိုသုန်၊ ကျုပ်ကိုပြောပြပါဗျာ”
“မပြောပါရစေနဲ့ အောင်ရှိန်ရာ၊ ပြောလို့လည်း ကောင်းတဲ့အရာတွေမဟုတ်ဘူး၊ ဒါနဲ့ မင်းရွာကိုဘာလာလုပ်တာလဲကွ”
“ကိုသုန်မေးခွန်းက ဘာလဲဗျ၊ ဒီရွာက ကျုပ်ရွာလေဗျာ၊ ကျုပ်မိဘတွေရှိတဲ့ရွာဗျ၊ ကျုပ်ရွာကို ကျုပ်ပြန်လာတာကို ဘာလာလုပ်တာလဲတဲ့လား၊ မေးရက်ပါပေ့ဗျာ”
“ငါက မင်းအတွက်ပြောတာပါကွာ၊ တခြားကိစ္စမရှိဘူးဆိုရင်တော့ မင်းဒီရွာကနေ မြန်မြန်ထွက်သွားတာကောင်းလိမ့်မယ်”
“ကျုပ်ထွက်သွားမှာပါဗျာ၊ ဒါပေမယ့် အမေ့ကိုတော့ တစ်ခါလောက်တွေ့ချင်သားဗျ”
ကိုသုန်မျက်နှာပျက်သွားတယ်ဗျ။
“တွေ့မနေပါနဲ့တော့ကွာ”
“ဘာပြောတယ်ဗျ၊ ကျုပ်အမေ့ကိုတွေ့ချင်လို့ ဒီအထိအရဲစွန့်ပြီးလာတာ ခင်ဗျားသိရဲ့လားကိုသုန်”
“တွေ့မနေပါနဲ့တော့ဆိုကွာ”
“ဘာပြောတယ်ဗျ၊ ကျုပ်ဒီရွာကိုရောက်ပြီးမှ အမေ့ကိုမတွေ့ရရင် ဘယ်လိုနေမလဲ၊ နေပါအုံး ကိုသုန်စကားက တစ်မျိုးပဲ၊ တွေ့မနေပါနဲ့တော့ဆိုတော့ အမေ . . . အမေဘာများဖြစ်လို့လဲ”
ကျုပ်မေးတော့ ကိုသုန်မျက်ရည်တွေစီးကျလာတယ်ဗျ။
“ကိုသုန်၊ ကျုပ်မေးနေတယ်လေ၊ အမေဘာဖြစ်လို့လဲလို့”
ကိုသုန်က ခေါင်းပဲခါပြတယ်။ ကျုပ်ရင်တွေပူလိုက်တာဗျာ၊ ဒါနဲ့ ကိုသုန်ဆီကိုထသွားပြီးတော့ ကိုသုန်ရဲ့လက်တွေကိုဆွဲလိုက်တယ်။
“ကိုသုန်၊ တခြားကိစ္စကို မပြောချင်နေပါဗျာ၊ အမေ့အကြောင်းတော့ ကျုပ်ကိုပြောပြစမ်းပါ၊ အမေ၊ အမေဘာများဖြစ်လို့လဲဗျာ”
ကျုပ်သုံးလေးခါလောက် တောင်းတောင်းပန်ပန်နဲ့ပြောတော့မှ ကိုသုန်က မျက်ရည်စတွေကို လက်ဖမိုးနဲ့သုတ်လိုက်ပြီးတော့
“အောင်ရှိန်၊ မင်းအမေ . . . မင်းအမေ ဒေါ်လုံး ဆုံးသွားပြီကွ”
“ဗျာ”
ကျုပ်အသံအကျယ်ကြီးနဲ့ အော်လိုက်မိတယ်၊ ကိုသုန်ရဲ့စကားက ကျုပ်နှလုံးသားကို ဓါးနဲ့ဆောင့်ထိုးခံလိုက်ရသလို ခံစားရတယ်ဗျ၊ ကျုပ်ဖြင့် ကိုသုန်ပြောတဲ့စကားကို မယုံနိုင်သေးဘူးဗျာ။
“မဟုတ်ဘူးကိုသုန်၊ ကိုသုန်ညာပြောနေတာ၊ ကိုသုန်ပြောတာမဖြစ်နိုင်ဘူးဗျ၊ ခုနက အိမ်ရှေ့ကနေဖြတ်သွားရင်း အမေရက်ကန်းခတ်နေတဲ့အသံကိုကြားလိုက်ရတယ်၊ အဲဒီအိမ်မှာ အမေကလွဲလို့ တခြားရက်ကန်းခတ်တဲ့လူမှ မရှိဘဲကို”
“ဘုရားပေးပေး ကျမ်းပေးပေးပါကွာ၊ ငါမင်းကို မလိမ်ပါဘူးအောင်ရှိန်ရ၊ မင်း အမေဒေါ်လုံး သေသွားပြီကွ”
“မဟုတ်ဘူး၊ ခင်ဗျားညာနေတာ၊ ခင်ဗျားရူးနေတာပဲကိုသုန်၊ ခင်ဗျားကျုပ်ကိုမညာနဲ့၊ ခင်ဗျားကျုပ်ကိုအရူးမလုပ်နဲ့”
ကျုပ်မတ်တပ်ထပြီး အော်ကျယ်အော်ကျယ်လုပ်တော့ သာဒင်က ကျုပ်ကိုထဆွဲတယ်ဗျ၊ ကျုပ်ဖြင့်အမေသေတယ်ကြားတော့ ဖြေမဆည်နိုင်ပါဘူးဗျာ၊ ဒါနဲ့ပဲ အသံကုန်ဟစ်ပြီးအော်ငိုနေမိတာပေါ့၊ အမေဘာကြောင့််သေရတယ်ဆိုတာတော့ သိပ်ရှည်ရှည်ဝေးဝေး ပြောနေစရာမလိုပါဘူးဗျာ၊ အဲဒါဟိုလူကြီးကြောင့်၊ ဦးဖိုးစီဆိုတဲ့ လူယုတ်မာကြီးကြောင့်နေမှာဗျ။
“ကျုပ်မကျေဘူး၊ ကျုပ်ဒီလူကြီးကိုသတ်မယ်၊ ကျုပ်အခုသွားသတ်မယ်”
ဆက်ရန်။
အဂ္ဂဇော်