သင်္ချိုင်းမှ ဧည့်သည်

Posted on

“သင်္ချိုင်းမှ ဧည့်သည်”
ဒီနေ့ညအတွက် စပြောပြတော့မယ်နော်
“ည”
အဲဒီညက ကိုညီ တို့ အုပ်စု ကန်ဘောင်မှာသွားထိုင်ကြတယ်။ ရည်ရွယ်ချက်က ကန်ဘောင်နားက ဘုရားကိုလာတဲ့ ကောင်မလေးတွေကို သွားငေးကြတာ ။ အပြန်ကြတော့ ဘီယာတွေ ဖာလိုက် ကားပေါ်တင်ပြီး မြို့ထဲ ကားပတ်မောင်းကြတယ် ။ သူငယ်ချင်းတွေ အခုလို လူစုံတက်စုံ မဆုံတာဖြစ်တာကြာပြီဆိုတော့ ပြောစရာကလည်း မကုန်နိုင်ဘူး ။ တစ်ယောက်နဲ့တစ်ယောက် စကား လုပြောရင်း ကားပေါ်မှာလည်း ပွက်ပွက်ညံနေကြတာ ။
အဲလိုနဲ့ ပြောစရာ ခေါင်းစဉ်တွေကုန်သလောက်ဖြစ်သွားတော့ ‘သရဲကြောင်း’ ဘက် စကားဦးလှည့်သွားတယ် ။ ဇေယျကလည်း သူသင်္ဘောလိုက်ရင်း သရဲအခြောက်ခံရတဲ့အကြောင်းတွေ တောက်လျှောက်ပြောလာတာ ။ အဖွဲ့ထဲလည်း တစ္ဆေသရဲကို ယုံတဲ့သူကယုံ ၊ မယုံတဲ့သူကလည်း မယုံနဲ့ ငြင်းကြခုန်ကြပေါ့ ။ ကိုညီက မယုံတဲ့ဖက်မှာပါတယ်လို့ပြောရမှာ … ပရလောက ရှိတာကို လက်ခံပေမယ့် အဲလို ပရလောကဘုံသားတွေက လူတွေကို ကြောက်အောင်ခြောက်လှန့်နိုင်တဲ့အထိ ကိုယ်ထင်ပြနိုင် ၊ ကမ္မဇိဒ္ဓိရှိနိုင်တယ် ဆိုတာမျိုးကြ လက်မခံချင်ဘူး ။
ဒါနဲ့ ဇေယျာပြောသမျှကို ကိုညီ ဒိုင်ခံပြီးအကန်တွေပြောတာ … အဲလို နှစ်ဖွဲ့ကွဲပြီး ငြင်းကြရင်းကနေ နောက်ဆုံး စိန်ခေါ်တဲ့အထိဖြစ်လာတယ် ။
ယုံတဲ့သူတွေက “မင်းတို့ မယုံဘူးဆိုရင် သင်္ချီုင်းထဲ ဒီအချိန်သွားရဲလား … သတ္တိရှိရင် သွားကြည့်ကြမလား”ပေါ့…မယုံတဲ့ ကိုညီတို့ဘက်ကလည်း သွေးကကြွနေတော့ ” ရတယ် သွားမယ် … ဒါမျိုး ကတော့ လာစိန်မခေါ်နဲ့…လူဆိုတာ သေမျိုး …သင်္ချီုင်းသွားရတာ ဘာဆန်းသလဲ”ပေါ့
အဲလိုနဲ့ ည ၁၁ ကျော်လောက်ကြီး သင်္ချီုင်းဘက်ရောက်သွားကြပါလေရော ။
ဖြစ်ချင်တော့ အဲဒီညက ခေါစာလာပစ်တဲ့သူတွေ ရှိတာနဲ့ကြုံတယ် ။ ထမင်းဖြူ နဲ့ သွေးသံရဲရဲအသားတွေ ကလီစာတွေကို စကောတစ်ချပ်ထဲထည့်ပြီး ပါးစပ်ကပွစိပွစိတွေ ပြောနေသေးတာ … အစက ဖယောင်းကြီးတွေထွန်းထားကြပေမယ့် ပင့်ဖိတ်တဲ့ပုံစံမျိုး ပြောပြီးတဲ့အခါကျတော့ မီးတွေ ငြှိမ်းပစ်လိုက်ကြတယ် ။ကိုညီတို့လည်း အထူးအဆန်းမြင်ကွင်းဆိုတော့ အသံမထွက်ဘဲငြိမ်ကြည့်နေပြတာပေါ့ … မိနစ်ပိုင်းလောက်နေတော့ မီးတွေပြန်ထွန်းတယ် ။ ပြီးတော့ ခုနက ပွစိပွစိတွေပြောတဲ့လူကြီးကပဲ ထပ်ပြီး ပါးစပ်တလှုပ်လှုပ်နဲ့ ပြောတယ် ။ အဲလိုပြောနေတုန်းမှာပဲ ဦးလေးကြီးအနောက်မှာ ရပ်နေတဲ့ လူ၅ယောက်ထဲက အန်တီကြီးတစ်ယောက်က အန်ပါလေရော ။
အန်တာမှ ညိုပုပ်ပုပ်ကြီးတွေကို ရေပန်းဖွင့်ချသလို ဝေါခနဲ ဝေါခနဲအန်တာ
အန်တီကြီးအန်တာရပ်ပြီးသိပ်မကြာဘူး အဲဒီ အုပ်စုလည်းသိမ်းစရာရှိတာတွေ သိမ်းပြီးပြန်သွားကြတယ်
အဲဒီကိစ္စကိုလည်း ကိုညီနဲ့ ဇေယျ နဲ့ ငြင်းကြရသေးတာ … ကိုညီက အလကားလုပ်ဆင်တွေ ပါကွာ ဘာညာနဲ့ ဇွတ်ခံပြောတော့ ဇေယျက နည်းနည်းကျွဲမြီးတိုလာတယ် ။ကိုညီ့ကို ‘မင်း မျက်လုံးနှစ်လုံးနဲ့ မြင်ရတာတောင် ဖင်ပိတ်ပြီးငြင်းနေတယ်’ဆိုပြီး ပြောတယ် ။
အဲလိုနဲ့ နှစ်ယောက်သား လေသံနည်းနည်းတင်းလာကြတော့ ကြားထဲက သူငယ်ချင်းတွေကပဲ အခြေအနေ ကို ၀င်ထိန်းပြီး စကားလမ်းကြောင်းလွှဲလိုက်ကြတယ်။
သင်္ချီုင်းကနေ ပြန်ထွက်ခါနီးကျတော့ ‘မင်းထက်’ က အန်ပါလေရော … သောက်ထားတဲ့အရှိန်ရော ၊ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ရော ပါတာပေါ့လေ ။ အုတ်ဂူတွေကြား မင်းထက် အန်နေတော့ ဇေယျာက နောက်ကလိုက်သွားပြီး ကျောထုပေးတယ် ။ ကိုညီတို့ကတော့ ကားပေါ်ပြန်ရောက်နေကြပြီ ။ တစ်အောင့်လောက်နေမှ ဇေယျာနဲ့မင်းထက် ကားပေါ်တက်လာတယ် ။
ပြန်ခါစမှတော့ ခုနက မြင်လိုက်ရတာတွေကြောင့် အားလုံး နည်းနည်းနှုတ်ဆိတ်သွားတယ် ။ ကားမောင်းနေတဲ့သူငယ်ချင်းကလည်း ရီဝေ၀ဖြစ်တဲ့ကြားကနေ ကားကိုဂရုစိုက်မောင်းနေတာဆိုတော့ ကား က ခပ်ဖြည်းဖြည်း ပဲ ။( ကိုယ့်လူတွေကတော့ မူးရင်မမောင်းနဲ့ ၊ မောင်းရင်မမူးနဲ့နော် … မြို့ထဲမှာ သတ်မှတ်ထားတာ မိုင် ၃၀၊ မြို့ပြင်ဆို မိုင် ၆၀ လို့သတ်မှတ်ထားတာလည်းသိကြတယ်မလား … ဘယ်ယာဉ် မောင်းမောင်း အသိနဲ့သတိလေးယှဉ်ထားကြပါ ၊ စိတ်ရှည်ပါ … မတော်တဆ တစ်ခုခုဖြစ်လာပြီဆို တိုက်တဲ့သူရော ၊ အတိုက်ခံရတဲ့သူရော ဆိုးကျိုးတွေပဲ ခံစားရမှာ … ကိုယ် သတိလက်လွတ်ဖြစ်လိုက်တဲ့၊ စိတ်မရှည်ဘဲ လောလိုက်မိတဲ့ အချိန် တစ်ခဏဟာ ကိုယ့်ဘဝရော ၊ တခြားတစ်ဖက်သားရဲ့ ဘ၀ကိုရော ပျက်စီးသွားစေနိုင်တာမလို့ ‘သတိရှိကြပါ’ လို့ ဆရာလုပ်ပါရစေရှင် 🖤)
သချိုင်္င်း၀န်းထဲက ထွက်ခါစမှာတင် ကားက အိခနဲတစ်ချက်ဖြစ်သွားပြီး ကားထဲမှာလည်း နနွင်းပုပ်နံ့လိုလို ၊ စိမ်းရွှင်ရွှင်အနံ့တစ်မျိုး ရလာတယ် ။ အနံ့ကတော်တော်ကိုပြင်းတော့ ခုနကမှ အန်ထားတဲ့ မင်းထက် က ‘အော့’ခနဲ ပျို့ပြန်ရော ။ ကိုညီတို့ကတော့ တစ်ယောက်ယောက် က တစ်ခုခုတက်နင်းလာမိတာနေမှာလို့ တွေးတဲ့သူကတွေး ၊ မင်းထက် အန်ဖက်နံ့လို့ တွေးမိတဲ့သူကတွေးမိပေါ့ ။
အဲလိုနဲ့ လမ်းတစ်၀က်လောက်ရောက်တော့ နောက်ဆုံးခုံမှာထိုင်တဲ့ သူငယ်ချင်းတစ်ယောက်က
“ဟေ့ကောင်တွေ…ငါ ကြက်သီးတွေ ထနေတယ်ကွ ” လို့ပြောပြီး ခေါင်းတွေ လက်တွေကို သပ်ချနေတာ… တစ်ချက်တော့ လှည့်ကြည့်လိုက်ကြပေမယ့် ဘာမှဆက်မပြောဖြစ်ဘူး
အဲလိုနဲ့ အိမ်ပြန်ကြတော့ ကိုညီ့ကိုအရင်ဆုံးလိုက်ပို့တယ် … ကိုညီ့အိမ်ရောက်တော့လည်း အပေါ့အပါးသွားကြ ပြီးမှ ပြန်ထွက်သွားကြတာ
အဲဒီရက်ပိုင်း အိမ်မှာက ကိုညီတစ်ယောက်တည်းရှိတာ … အဖေ နဲ့ အမေက ကိုညီ့အစ်မ ကလေးမွေးလို့ နယ်ဘက် ဆင်းသွားကြတာ ၄ရက်လောက်ရှိပြီ
အဲဒီညကတော့ ကိုညီ မူးမူးနဲ့ အိပ်ပျော်သွားလို့ ဘာဘာညာညာ ဘာမှမကြုံလိုက်ဘူး ။
နောက်နေ့ကျတော့လည်း နေ့ခင်းလောက်မှ အိပ်ရာနိုးပြီး နိုးနိုးချင်း အပြင်ထွက်လိုက်တာက ည ၈နာရီမှ အိမ်ပြန်ရောက်တယ် ။
အိမ်ရောက်တော့ အိမ်ထဲ၀င်၀င်ချင်းမှာတင် ကျောထဲစိမ့်ခနဲ ဖြစ်သွားသလို ခံစားလိုက်မိတယ် ။ စိတ်ထဲနည်းနည်းတော့ တစ်မျိုးကြီးဖြစ်သွားပေမယ့် တစ်ယောက်တည်းမလို့ စိတ်ခြောက်ခြားတာနေမှာလို့ပဲ တွေးလိုက်တယ် ။
ရေချိုးတော့လည်း အပြင်ဘက်ကနေ ခြေသံနဲ့ တံခါးကို တဒေါက်ဒေါက်လာခေါက်တဲ့အသံလိုမျိုးကြားတယ် ။
ရေပန်း ဖွင့်ထားတဲ့အပြင် ကန်ထဲကနေလည်း တဗွမ်းဗွမ်းခပ်ချိုး နေတာမလို့ အသံကိုသဲသဲကွဲကွဲ မကြားရဘူး ။ စိတ်ထင်လို့ ရေပိတ်ပြီး နားစွင့်ကြည့်တော့လည်း ဘာသံမှမကြားရဘဲ တိတ်ဆိတ်နေတာ…ရေပြန်ဖွင့်ပြီး ဆက်ချိုးတော့လည်း အသံက ကြားရသလိုလိုရှိလာပြန်ရော ။
ကိုညီလည်း အာရုံနောက်လာတာနဲ့ ဘာမှစိတ်ထဲထားမနေတော့ဘဲ ရေပဲဆက်တိုက်လောင်းချိုးနေလိုက်တယ် ။
ရေချိုးပြီး အိမ်ရှေ့ဧည့်ခန်းမှာ တစ်ယောက်တည်းထိုင်ပြီး ဇာတ်ကားကြည့်နေတဲ့အချိန် … အိမ်ရှေ့ကနေ အသံတစ်သံထွက်လာတယ် ။
အသံက ဒန်းလွှဲနေသလို တကျွီကျွီတကြောင်ကြောင် နဲ့ .. ပြီးတော့ တစ်ချက်တစ်ချက်ဆို ငိုသံလိုလို ၊ ညည်းသံလိုလို ပါ ကြားရတော့ ကိုညီလည်း ပြတင်းပေါက်နားကနေ ဒန်းရှိတဲ့နေရာကို လှမ်းကြည့်လိုက်တယ် ။
“ဟင်”
ပြတင်းပေါက်ကနေဆို ဒန်းကို အနောက်ဖက်ကနေပဲမြင်ရတယ်… ကိုညီမြင်လိုက်ရတာက ဒန်းပေါ်မှာ မိန်းမတစ်ယောက်ထိုင်နေတာ..ဒန်းလွှဲနေတာကလဲ ရှေ့နောက်အသားကုန်ပဲ ။
အဲဒီအချိန် ကိုညီ့စိတ်ထဲ ခြံထဲ လူ၀င်တယ်လို့ပဲတွေးပြီး ထွက်ပြောဖို့ တံခါးမကြီးဘက်ကနေထွက်လာတော့ ဒန်းပေါ်မှာ ဘယ်သူမှမရှိတော့ဘူး ။ ဒန်းကတော့ အသားကုန်လွှဲနေတုန်းပဲ … ကိုညီ နားမလည်နိုင်သလိုဖြစ်ပြီး စိတ်ရှုပ်ရှုပ်နဲ့ နေရာမှာတင်ရပ်နေတုန်း ဒန်းကြီးက တိခနဲရပ်ကျသွားရော
ထူးဆန်းတဲ့မြင်ကွင်းမလို့ ကိုညီ ကြောင်သွားတုန်းမှာပဲ “ဟဲ့”ဆိုတဲ့ ခေါ်သံနဲ့ ရှေ့ဆင့်နောက်ဆင့် ဆိုသလို ကျောကိုဘုန်းခနဲ အချခံလိုက်ရတယ် ။
တော်တော်နာသွားတာမလို့ ကိုညီ စိတ်တိုတိုနဲ့ ချာခနဲလှည့်ကြည့်တော့ နောက်မှာ ဘယ်သူမှမရှိဘူး ။ မထင်ထားတဲ့အနေအထားတွေကြောင့် ကိုညီ ဆွံ့အအ ဖြစ်နေတုန်းမှာပဲ ဒန်းကြီးက အသားကန်ြပြန်လွှဲလာပါလေရော ။
ကိုညီလည်း ဘာလို့ဘာမှန်းသေချာမစဉ်းစားနိုင်တော့တာနဲ့ အိမ်ထဲပဲ ခပ်သုတ်သုတ်ပြန်၀င်ခဲ့လိုက်တယ် ။
အိမ်ထဲရောက်တော့ အိမ်မကြီးတံခါးပိတ်ပြီး အာရုံပြောင်းသွားအောင် သူငယ်ချင်းတွေဆီ ဖုန်းခေါ်ကြည့်တယ် ။ တစ်ယောက်မှမကိုင်ဘူး ။
ဒါနဲ့ အဖေ့ဆီဖုန်းဆက်ပြီး အစ်မ နဲ့ ကလေးနေကောင်းလားမေးရင်း ဟိုဟိုဒီဒီပြောနေတုန်းမှာပဲ
“ဟ”
ကိုညီ ပါးစပ်အဟောင်းသားဖြစ်သွားတယ် ။
မြင်လိုက်ရတာက အိမ်အနောက်ဖက် ရေချိုးခန်းဘက်ကနေ မီးဖိုခန်းဘက်ကို တရွေ့ရွေ့လျှောက်သွားတဲ့မိန်းမတစ်ယာက် … မိန်းမမှ ရိုးရိုးမိန်းမ မဟုတ်ဘူး ။ ခရမ်းရောင် အင်္ကျီဖားဖားကြီး၀တ်ထားတဲ့ ဗိုက်ကြီးသည် … ဗိုက်ကြီးသည်တွေလမ်းလျှောက်သလို ခါးတစ်ဖက်ထောက် ၊ တစ်ဖက်က ဗိုက်ပေါ်လက်တင်ပြီး ကော့ကော့ ကော့ကော့ နဲ့ လျှောက်သွားတာ ။
မျက်နှာတော့မမြင်ရပေမယ့် တစ်ကိုယ်လုံးဝါထိန်ပြီး … ဆံပင်က ခါးလယ်လောက်ရှိတယ် … မသိစိတ်မှာတော့ ဒါဘာလဲဆိုတာသိနေပေမယ့် သိစိတ်ကလက်မခံနိုင်ဘူး ။
လူများဖြစ်နေမလားဆိုပြီး အဲဒီမိန်းမ၀င်သွားတဲ့ မီးဖိုခန်းဘက် လိုက်ကြည့်လိုက်တော့ မီးဖိုထဲမှာ လူမပြောနဲ့ အိမ်မြောင်တစ်ကောက်တောင်မရှိဘူး ။
ဒီအချိန်တော့ ကိုညီ ကြောက်စိတ်တွေစ၀င်လာပြီ ။ ဘာလုပ်လို့လုပ်ရမှန်းလဲမသိတာနဲ့ နောက်ကြောင်းပြန်လှည့်ပြီး ဧည့်ခန်းထိပ်ရောက်ခါစရှိသေး … ရေချိုးခန်းဘက်ကနေ ရေသံနဲ့ ငိုသံကြီး ထွက်လာပါလေရော ။
ကိုညီလည်း ထပ်သွားကြည့်ဖို့ သတ္တိမကောင်းတော့တာနဲ့ သွားမကြည့်တော့ပဲ ဧည့်ခန်းက TV မှာ DVD စက်မှာ ပဲ တရားခွေခပ်တိုးတိုးဖွင့်ပြီး အောက်ထပ်က သူ့အခန်းထဲသူ ၀င်နေလိုက်တယ် ။
ကုတင်ပေါ်ရောက်တော့လည်း အခန်းပြင်ကနေ တံခါးလာခေါက်လိုက် ၊ ခြေသံပေးလိုက် ငိုသံပေးလိုက်နဲ့ … ကိုညီလည်း သိသာသိစေ မမြင်စေနဲ့ ဆိုသလို သရဲခြောက်တာကို သိနေပေမယ့် သရဲကိုတော့ မမြင်ရဲတာကြောင့် အခန်းတံခါးဘက်ကျောပေးပြီး ခွေခွေလေးလှဲနေလိုက်တယ် ။
အဲလိုနဲ့ တအောင့်လောက်နေတော့ အပြင်ကအသံတွေ တိတ်သွားတယ်
ချိုးချိုးချွတ်ချွတ်တွေကြားနေရတာကနေ ရုတ်တရက် တိတ် ကျ သွား တော့ လည်း တစ်မျိုးခြောက်ခြား စရာကောင်းလာတယ် ။
ကိုညီလည်း ကိုယ့်အသက်ရှူသံကိုယ်ကြားနေရတာတောင်နည်းနည်းလန့်ချင်သလိုဖြစ်နေတဲ့အချိန် … အခန်း၀ ကနေ ကိုညီ့ကုတင်ဆီ လျှောက်လာတဲ့ခြေသံကြားလိုက်ရတော့ ကိုညီ လည်း ကြောက်ကြောက်လန့်လန့်နဲ့ ဝုန်းခနဲ ထထိုင်ပြီး ခြေသံကြားတဲ့ဘက်ကြည့်လိုက်တယ် ။
“ဟာ”
အခန်ထောင့် မှောင်ရိပ်ကျတဲ့နေရာမှာ ခါးကြီးထောက်ပြီး ကိုညီ့ကို ရပ်ကြည့်နေတာ …နနွင်းတွေအထူကြီး လိမ်းထားသလို အသားဝါ၀ါကြီးနဲ့ မျက်လုံးကြီးက ရဲလို့ … နဖူးမှာလည်း သနပ်ခါးပါးကွက်လို ဖြူဖြူအဝိုင်းကြီးကပါသေး
ကိုညီ တော်တော်လန့်သွားတာနဲ့ ပြန်လှဲချပြီး ခေါင်းအုံးကြီး ခေါင်းပေါ်တောင်ပြီး မှောက်လျက်ကြီး ကြောက်နေတာ … ဖုန်းကလည်း ဘေးကခုံပေါ်တင်ထားတာဆိုတော့ အလွယ်တကူလှမ်းယူလို့မရပြန်ဘူး ။
ဘာလုပ်လို့လုပ်ရမှန်းမသိတဲ့အချိန် ကြားလိုက်ရတဲ့အသံက
“ကျုပ် ကို ပြန် ပို့ ပေး”
အသံက ခြောက်ကပ်ပြီး အက်ရှနေနေတာ…
“နေ လို့ မ ရ တော့ ဘူး … ပြန် ပို့ ပေး ”
ကိုညီလည်း ဒီလိုကြီးပြောတာ ကြားရတော့ ကြောက်တဲ့ကြားကနေပဲ ပြန်မေးမိတာက
“ဘယ် .. ဘယ်ပြန်ပို့ပေးရမှာတုန်း”
“သချိုင်္င်း … သချိုင်္င်း ပြန်ပို့ပေး…နင့်ကောင်တွေ ကျုပ်ကိုခေါ်လာတာ ”
လို့ ဖြေတယ်
ကိုညီ သိပ်သဘောမပေါက်တာနဲ့ နှုတ်ဆိတ်သွားတုန်း … အခန်းအပြင်ဘက် လျှောက်သွားတဲ့ ခြေသံကြားရတယ် ။ ပြီးတော့ ရေချိုးခန်းဘက်ကနေ ရေသံ နဲ့ ငိုသံထွက်လာရော ။
ဒီအတိုင်းကြီးနေလို့ မဖြစ်တဲ့အတူတူ ကိုညီလည်း သတ္တိမွေးပြီး ထထိုင်လိုက်တယ် … ပြီးတော့ ဖုန်းယူပြီး မင်းထက်ဆီ ဖုန်းတောက်လျှောက်ခေါ်တယ်…တော်တော်နဲ့မကိုင်ဘူး
၄/၅ ခါလောက် ခေါ်ပြီးမှ ကိုင်တယ်… ကိုညီက ဒီလို ဒီလိုတွေဖြစ်နေတယ် … မင်းဘာသိတာရှိလဲဆိုတော့
မင်းထက်က ရယ်ကျဲကျဲနဲ့
“ငဇေ မင်းကို ပညာပြလိုက်တာ… မနေ့က ငါအန်လို့လိုက်နှိပ်ပေးတုန်း ခဲတစ်လုံးကောက် ၊ ဘေးက အုတ်ဂူကို ခဲနဲ့ ခေါက်ပြီး ဒီခဲနဲ့အတူ လိုက်ခဲ့ဆိုပြီး ခေါ်လာတာပဲကွာ … တကယ် ပါ မပါတော့ ငါလည်းသေချာမသိဘူး…မင်း ကို ခြောက်တယ်ဆိုရင်တော့ ပါလာလို့နေမှာပေါ့”လို့ပြောတယ်
ဒါနဲ့ ကိုညီလည်း ဖုန်းချပြီး ဇေယျဆီဆက်တယ်… ဇေယျလည်း တော်တော်နဲ့မကိုင်ဘူး ။ ကိုညီ ‘အရေးကြီးလို့’ ဆိုပြီး msg တွေတောက်လျှောက်ပို့မှ ပြန်ဆက်တယ် ။
“မင်း ခဲလုံးဘယ်မှာထားခဲ့တာလဲ… ငါဒီမှာ သောက်ကျိုးနည်းနေပြီ ခွေးသားရ”လို့ အော်ဆဲတော့ ဇေယျက ခွက်ထိုးခွက်လန်ရယ်တယ် ။
ရယ်လို့အားရမှ “ရေချိုးခန်းထဲက ဘေစင်အောက်မှာ… မင်းပြန်ပို့လိုက် … သရဲတစ္ဆေကိုမယုံရင်တော့လည်း မပို့နဲ့ပေါ့ကွာ” လို့ အငေါ်တူးပြောတယ် ။
ကိုညီလည်း ပြန်ချေဖို့မအားသေးတာနဲ့ ဖုန်းချပြီး ရေချိုးခန်းထဲက ခဲလုံးရှာတယ် ။ ဟိုကောင်ပြောတဲ့အတိုင်း ဘေစင်အောက်ကနေ ခဲလုံးတစ်လုံးတွေ့တာနဲ့ ချက်ချင်းကောက်ပြီး ကားသော့ယူထွက်လာခဲ့တယ် ။
အိမ်တံခါးတွေသေချာပိတ်ပြီး ကားမောင်းထွက်လာတော့ စိတ်က အတော်လေးတိုနေပြီ ။ စိတ်တိုနေတော့ ကြောက်စိတ်ကနောက်ရောက်သွားတယ်။
အချင်းချင်းကို ဒီလောက်ကြီး လုပ်ရမလားဆိုပြီး ဒေါသကငယ်ထိပ်ရောက်နေပြီ ။
အဲလိုနဲ့ ကားမောင်လာရင်း မြို့ပြင်ရောက်ခါစကျတော့ စထူးခြားလာတယ် ။ နှာခေါင်းထဲမှာ နနွင်းပုပ်နံ့လည်း စူးခနဲနံလာပြီး…တဟင်းဟင်း ညည်းသံလည်း ထွက်လာတယ် ။
ဒါနဲ့ ကိုညီလည်း စိတ်ထဲမလုံမလဲပြန်ဖြစ်လာပြီး နောက်ကြည့်မှန်ကနေ ကြည့်မိတော့ အနောက်ခန်း(ခဲတင်ထားတဲ့နေရာ)မှာ ဗိုက်ကြီးသည် မိန်းမ … မလှုပ်မယှက်ထိုင်ရင်း ကိုညီ့ကိုစိုက်ကြည့်နေတာ
ရုတ်တရက်မျက်လုံးဆုံသလို ဖြစ်သွားတော့ ကိုညီလည်း ကြက်သီးတွေထပြီး ချွေးစေးတွေပြန်လာတယ် ။ မကြည့်ရဲတာနဲ့ အကြည့်ပြန်လွှဲပြိး ကားဂရုစ်ုက်မောင်းတယ် ။ ဒါပေမယ့် စိတ်ထဲက မနေနိုင်မထိုင်နိုင်ဖြစ်တာနဲ့ ထပ်ကြည့်မိတော့ ဟိုကလည်း ကြည့်နေတုန်းပဲ ။
ကိုညီလည်း သရဲနဲ့ကားအတူစီးလာရတဲ့အဖြစ်ကိုတွေးပြီး ကြောက်စိတ်တွေ တရိပ်ရိပ်တက်လာတာနဲ့ စိတ်နဲ့လူတောင်သိပ်မကပ်ချက်တော့ဘူး ။
ပါးစပ်ကနေလည်း “တောင်းပန်ပါတယ်…ပြန်ပို့ပေးပါ့မယ် … မခြောက်ပါနဲ့တော့ တောင်းပန်ပါတယ်”လို့ တတွတ်တွတ်ပြောလာမိတာ ။
ဒါပေမယ့်လည်း နောက်မှာ အဲဒီမိန်းမ ထိုင်လိုက်လာတယ်ဆိုတာကိုတော့ မကြည့်ဘဲ ခံစားမိနေတာ…သချိုင်္င်းရှေ့ရောက်တော့ ခဲကို သချိုင်္င်း၀န်းထဲ လှမ်းပစ်ပြီး တောင်းပန်တတ်သလို တစ်မျိုးပြီးတစ်မျိုးပြောရင်းတောင်းပန်လာရတာ ။
အပြန်ကျတော့ ကားပေါ်မှာ ဘာအနံ့၊ ဘာအသံမှ ထွက်မလာတော့ဘူး … ဒါပေမယ့်လည်း စိတ်လုံခြုံအောင် တရားခွေလေးဖွင့်လာလိုက်တာ
အဲဒီညက အိမ်ပြန်မအိပ်ရဲတော့တာနဲ့ သူငယ်ချင်း အိမ် မှာ ပဲ သွားအိပ်လိုက်တယ် … နောက်ရက် ဇေယျနဲ့ တွေ့တော့ ကိုညီလည်း ငါကိုင်တုတ်ပြီး ဇွန်းတပ်ဆဲတော့တာ ။
ဇေယျကတော့ ကိုညီ့ကို ပညာပေးလိုက်နိုင်ပြီဆိုပြီး အဆဲခံရတာကိုလည်း မဖြုံတော့ဘူး…ကိုညီကတော့ ဆွဲထိုးချင်တာမှ လက်ကိုယားနေတာပဲ ။
အဖေနဲ့အမေကိုပြောပြတော့ အဖေတို့က အိမ် နဲ့ ကားကို ပြန်သန့်ဖို့ပြောလို့ ဘုန်းကြီးပင့်ပြီး အန္တရာယ်ကင်းဆွမ်းကပ်လုပ်လိုက်ရသေးတယ်
တကယ်ကို မှတ်မှတ်ရရကြောက်ခဲ့ရတဲ့ အဖြစ် အပျက် ပါ ပဲ တဲ့
ကဲ…ဒီညတော့ ဒီလောက်ပါပဲနော် … အခန်းထောင့်မှာ ငုတ်တုတ်ကြီးဗျ မကြည့်မိစေနဲ့ဦး
Page ကို like မလုပ်ရသေးတဲ့ owls တွေက like လေးလုပ်ထားပေးဦးနော်
Don’t forget to like,share & support “The Midnight Diary”.