သစ္စာဖောက်အတွက်ကလဲ့စား(စ/ဆုံး)
————————————-
မြို့ပြနေရာနဲ့ အနည်းငယ်ကွာဝေးတဲ့ မြို့အစွန်မှာ ‘ဇော်ဇော်’နဲ့ ‘အိဝါ’တို့နှစ်ယောက်က ငယ်စဉ်ကတည်းက ရင်းနှီးကျွမ်းဝင်ခဲ့ကြသူတွေပါ။
‘အိဝါ’က မြို့ကြီးသူမဟုတ်ပေမယ့် မျက်နှာလေးက အတော်ကို လှပတင့်တယ်သူလေးဖြစ်ပါတယ်။
‘ဇော်ဇော်’ကတော့ မိသားစုကိုက ဆင်းရဲနွမ်းပါးကြတယ်.. ဒါပေမဲ့ အိုးချင်းထားတော့ အိုးချင်းထိဆိုတဲ့အတိုင်း သူတို့နှစ်ယောက် မေတ္တာရည်ငံသွားကြလေရဲ့…
ငယ်ချစ်ဦးလည်းဖြစ်တဲ့ ‘ဇော်ဇော်’က ‘အိဝါ’ကိုလက်ထပ်ခွင့်တောင်းတော့ ‘အိဝါ’အလွန်ကို ပျော်ရွှင်ကျေနပ်သွားရတယ်။
မိစုံဖစုံနဲ့ပဲ ဖြစ်သလိုလက်ထပ်လိုက်ကြပြီးနောက် မိဘတွေထောက်ပံ့ပေးထားတဲ့ အိမ်တစ်အိမ်မှာ ဇနီးမောင်နှံ ၂ ယောက်အတူနေကြတာပေါ့။
နှစ်အနည်းငယ်ကြာလာတော့ ‘အိဝါ’မှာ ကိုယ်ဝန်ရလာတယ်.. ဆင်းရဲပေမယ့်လည်း ကလေးရတော့မယ့်အဖြစ်ကိုတွေးပြီး ကျေနပ်တာပါပဲ။
ဒါပေမဲ့ အချိန်ကုန်ဆုံးလာတာနဲ့အမျှ စီးပွားဥစ္စာ မကြွယ်ဝတာကို ‘ဇော်ဇော်’မကျေမနပ်ဖြစ်လာတယ်.. စိတ်ဓာတ်လည်းကျ ဒေါသလည်းထွက်..
ဇနီးဖြစ်သူ ကိုယ်ဝန်လွယ်ထားရတဲ့အချိန်မှာ ‘ဇော်ဇော်’တစ်ယောက် တော်တော်လေး အလိုမကျဖြစ်လာပါတယ်။
ပိုဆိုးတာက ငယ်ရွယ်ချမ်းသာတဲ့ ‘ဆုမီ’ဆိုတဲ့မိန်းကလေးကို သဘောကျသွားလေတယ်။
ချစ်ကြိုက်ကြောင်းတွေ မကြာခဏဖွင့်ပြောလာတော့ တဖြည်းဖြည်းနဲ့ ‘ဆုမီ’ကလည်း ‘ဇော်ဇော်’ကို ပြန်ချစ်မိသွားတယ်။
‘ဇော်ဇော်’က အိမ်ထောင်လည်းရှိတယ်၊ ဆင်းလည်းဆင်းရဲတယ်ဆိုပေမယ့် ‘ဆုမီ’က သူ့ကို အတော်ကိုသံယောဇဉ်ဖြစ်နေပြီ။
……………………..
တစ်နေ့တော့ ‘ဆုမီ’ရဲ့အဖေက ‘ဇော်ဇော်’ကိုခေါ်တွေ့တယ်..
“မင်းက လက်ထပ်ပြီးသားဆိုပေမယ့် ငါ့သမီးကလည်း မင်းကိုအတော်ချစ်နေတာ ခက်တော့ခက်သား.. ဘယ်လိုပဲဖြစ်ဖြစ်ကွာ ငါ့သမီးဖြစ်ချင်တာကိုပဲ ဖြစ်စေချင်တယ်.. မင်းသူ့ကို လက်ထပ်မယ်ဆိုရင် စည်းစိမ်ဥစ္စာတွေရော အောင်မြင်မှုတွေရော ရအောင် ငါသေချာပေါက်ဖန်တီးပေးမယ်”
မတော်ရသေးတဲ့ ယောက္ခထီးလောင်းကြီး ပြောသွားတဲ့စကားကို ‘ဇော်ဇော်’လေးလေးနက်နက် တွေးတောနေမိတယ်။
ဒီနောက် သူ့အတွေးထဲမှာ အကြံဆိုးကြီးတစ်ခု ပေါ်လာတယ်.. သူနဲ့ ‘ဆုမီ’ကြားမှာ ‘အိဝါ’က ဆူးညှောင့်ခလုတ်ဖြစ်နေတယ်လို့ ယူဆလိုက်တယ်။
‘အိဝါ’နဲ့ သူ့ဗိုက်ထဲက ကလေးကိုရှင်းပစ်နိုင်ရင် ‘ဆုမီ’နဲ့လက်ထပ်လို့ရပြီပေါ့။
ဒီတော့ ဇနီးဖြစ်သူကို အဆိပ်ခတ်ပြီး သတ်ပစ်ဖို့ ‘ဇော်ဇော်’ဆုံးဖြတ်လိုက်ပြီ။
သနားစရာ’အိဝါ’ကတော့ သူ့ယောက်ျားကြံစည်နေတဲ့ အကြံဆိုးကြီးကို ဘယ်သိရှာမလဲ…
ကြမ္မာဆိုးလာတော့မှာကို မသိဘဲ ကလေးရတော့မှာကိုပဲ တွေးပြီး ကြိုတင်ပြင်ဆင်နေချည်ရဲ့…
တစ်ညနေမှာ လင်မယားနှစ်ယောက် ညစာစားဖို့ စားပွဲဝိုင်းထိုင်ကြတယ်၊ ခင်ပွန်းဖြစ်သူ ထူးထူးဆန်းဆန်း ငြိမ်သက်တိတ်ဆိတ်နေတာကို ‘အိဝါ’သတိထားလိုက်မိတယ်။
“ယောက်ျား.. ထမင်းမစားဘူးလား?”
“မင်းဘာသာမင်း ဆာရင်စားပါလား.. ငါစားချင်မှ စားမှာပေါ့”
‘အိဝါ’ဘာမှပြန်မပြောပါဘူး.. ကလေးအတွက် ကြံ့ကြံ့ခံနေထိုင်မှ ဖြစ်မှာမဟုတ်လား?
ဒီတော့ ‘ဇော်ဇော်’စားစား/မစားစား ‘အိဝါ’ကတော့ အဟာရဖြစ်အောင် ညစာစားလိုက်တော့တယ်။
………………………….
သိပ်ပြီး မကြာလိုက်ပါဘူး.. ‘အိဝါ’နေမကောင်းဖြစ်ပြီး အိပ်ရာထဲ လဲတော့တာပါပဲ။
‘ဇော်ဇော်’ကတော့ သူခတ်လိုက်တဲ့အဆိပ် အာနိသင်ပြပြီဆိုပြီး ဇနီးဖြစ်သူကို ဘေးကနေပဲ ကြင်နာခြင်းမရှိ အေးစက်စွာ ကြည့်နေပါတယ်။
ဒါပေမဲ့ အဆိပ်က လူကိုသေစေတဲ့အထိတော့ မဖြစ်စေခဲ့ဘူး.. အဆိပ်ရဲ့အာနိသင်ကြောင့် ‘အိဝါ’ရဲ့လှပတဲ့မျက်နှာလေး ယိုယွင်းပျက်စီးလာရပြီး နောက်ဆုံး အဆိပ်ဒဏ်ကိုမခံနိုင်ဘဲ သတိလစ်သွားခဲ့တယ်။
သူရဲဘောကြောင်တဲ့’ဇော်ဇော်’ ၊ သူစလုပ်ခဲ့တဲ့ဇာတ်လမ်းကို လက်စမသတ်နိုင်ပါဘူး။
သတိလစ်နေတဲ့ ဇနီးကို အိပ်ရာထဲမှာပဲ ဆက်ပြီးပစ်ထားတယ်၊ ရက်အနည်းငယ်ကြာတော့ ‘အိဝါ’ပြန်ပြီးသတိရလာတယ်။
ဒါပေမဲ့ ကိုယ်ဝန်ပျက်ကျသွားပြီဖြစ်ပြီး သူ့မျက်နှာကလည်း အကျည်းတန်ပျက်စီးသွားပါပြီ။
‘ဇော်ဇော်’ဘာလုပ်ရမှန်းမသိတော့ဘူး.. အများရဲ့အမြင်မှာလည်း ဇနီးသည်ကို စိတ်ပူရတဲ့ပုံစံလုပ်ပြရဦးမယ်။
တစ်ဖက်ကလည်း ‘ဆုမီ’ကိုယူဖို့ဆိုရင် ‘အိဝါ’ကိုရှင်းထုတ်ပစ်မှ ရမယ်။
နောက်ဆုံးမှာတော့ ‘ဇော်ဇော်’ စိတ်ပိုင်းဖြတ်လိုက်ပါပြီ၊ သူ့ဇနီးကို တောင်ကုန်းထိပ်တစ်ခုဆီ ခေါ်သွားတယ်။
တောင်ကုန်းထိပ်ရောက်တော့ အနီးနားမှာ တခြားဘယ်သူတွေရှိလဲလို့ ကြည့်လိုက်တယ်.. ဘယ်သူမှမရှိတော့ ‘အိဝါ’ကို တောင်ကုန်းထိပ်ကနေ တွန်းချလိုက်ပါတော့တယ်။
ကျိုးပဲ့ပျက်စီးသွားတဲ့ အလောင်းခန္ဓာကိုယ်ကို သွားကောက်ပြီး သူ့မှာရှိသမျှငွေကြေးနဲ့ အသုဘကိုအကောင်းဆုံးဖြစ်အောင် ပြုလုပ်ပေးခဲ့တယ်။
ဒါမှ သူ့မှာ ဇနီးမယားမရှိတော့ဘူးဆိုတာ လူအများသိမှာမဟုတ်လား…
ပြီးတော့ အသုဘအတွက် ပိုက်ဆံအကုန်လုံးသုံးလိုက်ပေမယ့် ယောက္ခထီးလောင်းကြီးဆီက အထည်ကြီးရမှာကို မတွေးမိဘဲနေမလား?
……………………..
ဘယ်လိုပဲဖြစ်ဖြစ် ‘အိဝါ’ဆုံးသွားပြီဆိုတော့ စိတ်ချလက်ချနဲ့ ‘ဆုမီ’ကို လက်ထပ်လို့ရသွားပြီလေ။
လက်ထပ်ပွဲမတိုင်ခင် တစ်ညကျတော့ ‘ဇော်ဇော်’အိပ်ရာဘေးနားက မီးအိမ်မှိတ်တုတ်မှိတ်တုတ်ဖြစ်သွားတယ်။
ဘာလဲဆိုပြီး သေချာကြည့်လိုက်တော့ မီးအိမ်ခေါင်းဆောင်းကနေ တဖြည်းဖြည်းပုံသဏ္ဍာန်ပြောင်းလာပြီး အကျည်းတန်သွားတဲ့ ‘အိဝါ’ရဲ့မျက်နှာ ရုတ်တရက်ထွက်ပေါ်လာတယ်။
“သစ္စာဖောက်ကောင်”ဆိုပြီး မကျေနပ်တဲ့အသံနဲ့ ရှူးရှူးရှဲရှဲပြောတယ်။
‘ဇော်ဇော်’လည်း အနားမှာရှိတဲ့ တုတ်နဲ့ သူ့မျက်နှာကို လှမ်းရိုက်လိုက်တယ်။
အဲဒီတော့မှ ‘အိဝါ’မျက်နှာပျောက်ကွယ်သွားပြီး မီးအိမ်ကတော့ အစိတ်စိတ်အမွှာမွှာ ကွဲသွားလေရဲ့… ခဏနေတော့ အိမ်အပြင်ဘက်ကနေ မိန်းမတစ်ယောက်ရဲ့ရယ်သံလိုမျိုး ခပ်သဲ့သဲ့ကြားလိုက်ရပြီး ပျောက်ကွယ်သွားတယ်။
‘ဇော်ဇော်’ ဝေဝေဝါးဝါးဖြစ်သွားတယ်.. ကြည့်ရတာ ညနေတုန်းက အရက်သောက်တာများသွားလို့ ထင်ယောင်ထင်မှားဖြစ်တာနေမယ်ဆိုပြီး အိပ်မောကျသွားပါတော့တယ်။
နောက်တစ်နေ့ကျတော့ ညကဖြစ်ခဲ့တာတွေ မမှတ်မိတော့ဘူး။
‘ဇော်ဇော်’နဲ့’ဆုမီ’တို့ မင်္ဂလာပွဲ ခမ်းခမ်းနားနား ပြုလုပ်လိုက်ကြတယ်။
မင်္ဂလာဦးညရောက်ခါနီးကျတော့ သတို့သားက သတို့သမီးကို မင်္ဂလာအိပ်ခန်းထဲ ချီပြီးခေါ်ဆောင်သွားပါတော့တယ်။
………………………
‘ဇော်ဇော်’က မီးမှိတ်လိုက်ပေမယ့် အပြင်ဘက်က လမင်းရဲ့အလင်းရောင်က အခန်းထဲကို အနည်းငယ်ကျရောက်နေပါသေးတယ်။
အိပ်ရာပေါ်က ငယ်ရွယ်လှပတဲ့ ဇနီးအသစ်စက်စက်လေးကို အနမ်းပေးဖို့ အနားကပ်သွားရာမှာ.. အဆိပ်မိခဲ့တဲ့’အိဝါ’ရဲ့မျက်နှာကြီး ဘွားခနဲပေါ်လာရော…
ပါးစပ်ကလည်း “သစ္စာဖောက်”ဆိုပြီး တရှူးရှူးတရှဲရှဲနဲ့ မာန်ဖီနေတော့တယ်။
ဇော်ဇော်ကြောက်အားလန့်အားနဲ့ ဆောင့်တွန်းပစ်လိုက်တာ အိပ်ရာပေါ်ကနေ ‘ဆုမီ’လိမ့်ကျပြီး ခေါင်းနဲ့ကြမ်းပြင်နဲ့ ဆောင့်မိပြီးတော့ ပွဲပြီးချင်းအသက်ဆုံးရှုံးသွားတယ်။
ခဏနေတော့ မိန်းမတစ်ယောက်ရဲ့ ခပ်သဲ့သဲ့ရယ်သံကို ကြားလိုက်ရပြန်တယ်။
လန့်ဖြန့်သွားတဲ့’ဇော်ဇော်’ သူအရင်နေခဲ့တဲ့အိမ်ကိုပြန်ပြီး ဘာကိုပုန်းလို့ပုန်းနေမှန်းမသိ တစ်ယောက်တည်း ပုန်းလျှိုးကွယ်လျှိုး နေနေမိတယ်။
ယောက္ခထီးကြီး တံခါးလာခေါက်တော့ သွားဖွင့်ပေးရာမှာ ‘အိဝါ’ရဲ့အကျည်းတန်မျက်နှာကြီး ထပ်ပေါ်လာပြန်တယ်။
ဒီတစ်ခါတော့ တွေ့တာနဲ့ စိတ်မထိန်းနိုင်ဘဲ လည်ပင်းညှစ်ပစ်လိုက်တာ.. ယောက္ခထီးကြီးလည်း အသက်ရှူရပ်ပြီး သေဆုံးသွားခဲ့တယ်။
ကြောက်လန့်ပြီး ခြေဦးတည့်ရာ ထွက်ပြေးလာလိုက်တာ တောင်ကုန်းထိပ်ကို ရောက်ရှိလာတယ်.. အနောက်ကလည်း ရယ်သံကြီးက ‘တဟီးဟီး’နဲ့ ထပ်ကြပ်မကွာလိုက်လာလေရဲ့…
မောမောနဲ့ ‘ဇော်ဇော်’ တောင်ကုန်းထိပ်နားမှာ ရပ်နေရင်း အောက်ကိုငုံ့ကြည့်လိုက်ကာ အတွေးတွေပြောင်းသွားဟန်တူတယ်။
………………………
ဒါဟာ ‘ဇော်ဇော်’ကို နောက်ဆုံးတွေ့လိုက်ရတာဖြစ်ပြီး အနီးနားကလူတွေ ပြောပုံအရတော့ မိန်းမပုံသဏ္ဍာန်တစ်ခုက ‘ဇော်ဇော့်’ကို တောင်ကုန်းထိပ်ကနေ တွန်းချလိုက်ပြီးတော့ သူလည်း လိုက်ပြီးခုန်ချသွားတယ်တဲ့…
ရယ်သံကြီးကလည်း ကျသွားတဲ့လေထဲတလျှောက် ‘ဟား ဟား ဟား ဟား’နဲ့ ပဲ့တင်သံထပ်သွားတယ်ဆိုပဲ…
——— The End ———
Written by.. Horror Xone (Silver Crab)
(20.11.2022)