သရဲတစ်လှည့် အောက်လမ်းတစ်လှည့်

Posted on

သရဲတစ်လှည့် အောက်လမ်းတစ်လှည့်(စ/ဆုံး)

————————————————

အေးရွာရှိ ဆရာကြီး ဘိုးရှိုင်းအိမ်သို့ အသက်ငါး
ဆယ်ဝန်းကျင် လူနှစ်ယောက် တက်လာသည်။

“လာကြဟေ့ ဒီကို”

ဆရာကြီးက ထိုင်နေရာအနီးသို့ ဧည့်သည်များ
လာရန် အသံပြုလိုက်သည်။

“ဆရာကြီးရှိမှ ရှိပါ့မလားလို့ စိုးရိမ်နေတာ၊
ဆရာကြီးကို တွေ့လိုက်မှပဲ စိတ်ထဲက အလုံး
ကြီး ကျသွားတော့တယ်”

“ဘာအကြောင်းကိစ္စပေါ်လို့လဲကွဲ့”

“ကျတော်တို့က မိုးမခ ရွာကပါ”

“အင်း…ကြားဖူးတယ်…ပေါက်တစ်ပင်ရွာနား
က မိုးမခရွာ မဟုတ်လား”

“ဟုတ်ပါတယ်…ဆရာကြီး၊ ပေါက်တစ်ပင်နဲ့
တစ်မိုင်ခွဲလောက်ပဲ ဝေးပါတယ်”

“လွန်ခဲ့တဲ့နှစ်က ပေါက်တစ်ပင်ရွာကို ဆရာကြီး
ရောက်ဖူးတယ်၊ အဲဒီရွာကလူတွေ မိုးမခရွာ
အကြောင်း ပြောတာကြားလိုက်လို့ မှတ်မိနေ
တာ”

“လာရင်းကိစ္စပြောပါဦး”

“အဖြစ်ကဒီလိုပါ ဆရာကြီး ကျတော့်တူမ
ကိစ္စပါ၊ တူမက အိမ်ထောင်ကျတာ သုံးနှစ်
ရှိပါပြီ၊ တစ်နှစ်ကျော်တဲ့အထိ ဘာမှမထူးခြား
ပါဘူး။ တစ်နှစ်ကျော်တော့ သားဦးလေး
ကိုယ်ဝန်ရလာပါတယ်

ကိုယ်ဝန်သုံးလေးလ အရောက်မှာ ထူးဆန်း
တဲ့ စကားတွေ ဆိုလာပါတယ်၊ ဆရာကြီး
ကလေးကို ငါမလိုချင်ဘူး ကလေးသေ
အောင် ငါလုပ်မယ်လို့ ပြောလာပါတယ်။

သူအဲဒီလိုမကြာ မကြာပြောလာတာနဲ့ ဆွေမျိုး
တွေရော မိဘတွေရော ခင်ပွန်းဖြစ်တဲ့သူရော
မျက်ခြေမပြတ် စောင့်ကြည့်ထားတာပေါ့
ဆရာကြီး။ အားလုံးစောင့်ကြည့်နေတာနဲ့
ကလေးက ဘာမှ မဖြစ်ဘဲ နေ့စေ့လစေ့
မွေးလာခဲ့တယ်။ ကလေးမွေးပြီး သတ်ပြစ်
မှာစိုးတာနဲ့ အလစ်မပေးပဲ စောင့်ကြည့်နေ
ရင်း ကလေးခြောက်လ အရွယ်မှာ ဆုံးသွား
တာလဲ မသိဘူး”

“သူတို့အိမ်ထောင်ရေးကရော ဘယ်လိုရှိလည်း”

“ယောက်ျားလေးရှင်က ရွာမှာ အချမ်းသာဆုံး
စာရင်းဝင်ပဲ၊ မိန်းကလေးနဲ့ ကြိုက်တော့ လူ
ကြီးတွေက သဘောမတူတာနဲ့ အတင်းဖျက်
သေးတယ်၊ ဒါပေမယ့် ယောက်ျားလေးက
သိပ်ချစ်တော့ ခွဲလို့မရဘူး…ဒါနဲ့ သူတို့ခိုးပြေး
ရင်း လက်ထပ်ဖြစ်သွားကြတယ်

ယောက်ျားလေးရဲ့မိဘတွေက သဘောမတူ
တာနဲ့ သီးသန့်အိမ်ကလေး ဆောက်ပြီး နေ
လာခဲ့ကြတာ ကလေးကိုယ်ဝန်မရခင် အထိ
သိပ်ချစ်ခဲ့ကြတယ်။ ကိုယ်ဝန်ရပြီး မကြာ
ပါဘူး မိန်းကလေးက ယောက်ျားကို ဘယ်
လိုမှ ကြည့်မရသလို ဖြစ်လာတာ ဆရာကြီး

အခုနောက်ပိုင်း အဲဒီမိန်းကလေးက လူတွေ
အလစ်မှာ သားစိမ်း ငါးစိမ်းတွေ ခိုးခိုးစား
တယ်။ အိမ်မှာ မိန်းကလေးရဲ့အဒေါ်က လာ
နေပေးတယ်၊ သူ့အဒေါ်လည်း ဘယ်လိုဖြစ်
သွားတာလဲ မသိဘူး ဆရာကြီး။ ရူးသလို
ဖြစ်သွားတယ်။

ဘယ်လိုဖြစ်တာလဲ မေးလို့ကိုမရဘူး။
ကြောက်တယ်ပြောလိုက် ငိုလိုက် ရီလိုက်
နဲ့ စိတ်မူမမှန်တဲ့ ပုံမျိုးဖြစ်သွားတော့တာပဲ
ဆရာကြီး”

အင်း…သားစိမ်း ငါးစိမ်း စားတယ်ဆိုတော့
ဟင်းဆိုလည်း အသား ငါးပဲ စားတော့မှာပေါ့”

“ဟုတ်ပါတယ် ဆရာကြီး ရွာမှာရှိတဲ့ လူကြီး
တွေကလည်း စိုးရိမ်စိတ်တွေ ပိုပြီး ဆရာကြီး
ကို ပင့်ပေးဖို့ လွှတ်လိုက်တာပါပဲ၊ မောင်ကံ
စိန်ရဲ့ မိဘတွေကလည်း အောက်လမ်းဆရာ
တစ်ယောက်က သူချွေးမကို ပြုစားထား
တာလို့ ထင်နေပါတယ် တစ်ချို့ကလည်း
ဖုတ်ဝင်နေတယ်လို့ ပြောကြပါတယ်”

“ဒီအချိန်သွားရင် မိုးမခကိုမှောင်မှ ရောက်
မယ်ထင်တယ်”

“ကားသိပ်မစောင့်ရဘူးဆို လှည်းဆိပ်ရွာကို
တစ်နာရီလောက်ပဲစီးရမှာပါ။ လှည်းဆိပ်
ရွာကနေ ပဲ့ထောင်ကို နာရီဝက်လောက်ပဲ
စီးရင် ရောက်ပြီ။ လှည်းနဲ့ သွားလို့လဲ ရပါ
တယ်။ပဲ့ထောင်က သွားရလာရတာ သက်
သောင့်သက်သာ ရှိတယ် ညနေ လေးနာရီ
လောက်ဆို ရွာကိုရောက်မှာပါ”

“ကဲ…ဒါဆိုဆရာကြီး ယူစရာရှိတာ ယူလိုက်
ဦးမယ် ခဏစောင့်ကြ”

သိပ်မကြာခင်မှာပင် ဆရာကြီးလည်း ဆေး
လွယ်အိတ်ကြီးလွယ်ပြီး ရှေ့မှထွက်သွား
သဖြင့် လာခေါ်သူ လူကြီးနှစ်ယောက်လည်း
နောက်မှလိုက်ဆင်းခဲ့သည်။

အေးရွာနှင့် ကားလမ်းမ သိပ်မဝေးသဖြင့်
ငါးမိနစ်ခန့်လျှောက်ရင် ရောက်ပြီဖြစ်သည်။

“မောင်ရင်တို့ နာမည်တောင် မမေးမိသေးဘူး
ဆရာကြီးကို ပြောထားဦးကွဲ့”

“ဟုတ်ပါရဲ့ ကျတော်တို့လည်း လူမမာ အ
ကြောင်းပြောပြနေတာနဲ့ နာမည်တွေတောင်
ဆရာကြီးကို ပြောမပြရသေးဘူး ကျတော်
က သင်းမောင်၊ သူက ထွန်းအေးပါ ဆရာကြီး”

“အေး ကွဲ့ နာမည်သိထားတော့ ခေါ်ရပြောရ
အဆင်ပြေတာပေါ့ ဆရာကြီးနာမည်ရော
သိကြလားကွဲ့”

“ဆရာကြီးနာမည်ကို သည်ရွာထဲ သတင်းမေး
တော့မှ မင်းတို့မေးတာ ဆရာကြီးဘိုးရှိုင်း
မဟုတ်လားလို့ ပြောတာနဲ့ သိခဲ့ရပါတယ်”

“ဆရာကြီးမှာ တပည့်တစ်ယောက်လည်း ရှိ
သေးတယ်၊ သူ့နာမည်က မောင်ကျော်သိုက်
တဲ့၊ သူက ပယောဂနဲ့ သရဲတစ်ဆေနှင်တဲ့ ကိစ္စ
တွေမှာ အတော်လေးကျွမ်းတယ်ကွဲ့”

“ဟုတ်ကဲ့ဆရာကြီး”

ထိုစဉ် အတော်လှမ်းလှမ်းမှ ခရီးသည်တင်
ကား တစ်စီးလာနေသည်ကို တွေ့လိုက်သဖြင့်
ကားတားစီးရန် အသင့်ပြင်ဆင်နေလိုက်သည်။
ကားရပ်ပေးသည်နှင့် ကားပေါ်တက်ပြီး လိုက်
ခဲ့ကြသည်။ ကားပေါ်ရောက်တော့ အချိန်က
တစ်နာရီခွဲ ပြီးပြီ။

လှည်းဆိပ်ရွာထိပ်မှာ ဆင်းလိုက်ကြသည်။
လှည်းဆိပ်ထိပ်ဆင်းသည့်နေရာအထိ ကား
ကို တစ်နာရီခွဲနီးပါးမျှ စီးခဲ့ရသည်။ လှေဆိပ်
ရောက်တော့ ပဲ့ထောင်နှစ်စီးရှိသည်။ မိုးမခ
သို့ သွားမည့်ပဲ့ထောင် ရောက်မလာသေးသ
ဖြင့် လှေဆိပ်အနီး ဆောက်ထားသော ဝါးတဲ
မှာ ထိုင်ရင်း စောင့်နေကြသည်။

ဆယ့်ငါးမိနစ်ခန့်ကြာတော့ မိုးမခမှလာသည့်
ပဲ့ထောင်ရောက်လာသည်။ ပါလာသည့် ခရီး
သည်များ ဆင်းပြီးသည်နှင့် အပြန်လိုက်မည့်
ခရီးသည်များ တက်လိုက်ကြသည်။ လူပြည့်
ရန် ငါးယောက်ခန့်လိုသေးသည်ဆို၍ မထွက်
သေးပဲ နေသဖြင့် ဦးသင်းမောင်က လိုသော
လူအစား သူပေးမည်၊ ပဲ့ထောင်ထွက်ရန်
ပြောမှ ခရီးသည်မစောင့်တော့ဘဲ လှေဆိပ်
က ပြန်ထွက်ခဲ့သည်။ မိုးမခရွာသို့ လေးနာရီ
မထိုးခင် ရောက်လာခဲ့သည်။

xxxxxx

မောင်ကံစိန်နှင့် အေးအေးသက်တို့ ချစ်သူ
ရည်စားနှစ်ယောက် ရွာဦးထိပ်ချောင်းစပ်ရှိ ပိတောက်ပင်ကြီးအောက်မှာ ချိန်းတွေ့နေ
ကြသည်။

“အစ်ကို အေးကိုချစ်တယ် ချစ်တယ်နဲ့ ဒီအတိုင်း
ပဲ နေတော့မှာလား ဟိုပွဲစား တိုးမြင့်ကလည်း
အမြဲပိုးပန်း ကြံစည်နေတာ အသွားအလာ အ
နေအထိုင် အင်မတန် ကျပ်တည်းတယ်၊ စိတ်
လည်း ဆင်းရဲတယ်…အစ်ကို မိဘတွေက အေး
နဲ့ သဘောမတူလို့ အစ်ကိုစိတ်တွေ ဒွိဟဖြစ်ပြီး
အင်တင်တင်လုပ်နေတာမို့လား”

“ဟာ အဲဒီလိုတော့ မပြောနဲ့ အဖေတို့အမေတို့
သဘောမတူလည်း အေးကို အစ်ကိုမခွဲနိုင်ဘူး
အေးကိုပဲ လက်ထပ်မယ် ဘာမှ စိုးရိမ်ပူပန်
နေစရာ မလိုဘူး”

“အစ်ကို့အချစ်ကို သိတယ်…ဖူးစာဆိုတာ ပြော
လို့မရတာ မဟုတ္ဘူး…အစ္ကို့မိဘေတြက
အေးကို ငွေကြေးမချမ်းသာလို့ သဘောမတူ
နိုင်ဘူးလို့ အတိအလင်းပြောပြီးသား သူတို့က
ပွဲစား တိုးမြင့်ရဲ့ညီမနဲ့ သဘောတူနေတာ
မဟုတ်လား”

“မဟုတ်ပါဘူး အဲဒီတိုးမြင့် မိသားစုကို အဖေ
တို့က ကြည့်လို့ရတာမဟုတ်ဘူး”

“အဲဒီတိုးမြင့်က အိမ်ကို ချောင်းပေါက်မတတ်
ဝင်ထွက်နေတာ လာရင်လည်း လက်ဆောင်
တွေ တစ်ပွေ့တစ်ပိုက်နဲ့ မယူချင်လို့လည်း မရ
ဘူး၊ လူကြီးတွေကို အတင်းပေးသွားတာ ဒီ
လူကြီးရဲ့ ရုပ်က ကောက်ကျစ်မယ့်ရုပ်မျိုး”

“အဲဒီကောင် ခြေလက်ပါလာရင် အစ်ကိုသွား
သတ်မယ်၊ အေးကိုတော့ လုံးဝထိခွင့် မပေးဘူး”

“အစ်ကို စကားကို ပြီးလွယ်စီးလွယ် မပြောပါနဲ့
တကယ်ရင်ဆိုင်နေရတာက အေးပါ လူကြီး
တွေက အတင်းအကျပ်စီစဉ်ရင် အေး ဘယ်
လိုလုပ်ရမလဲ အစ်ကို စဉ်းစားပါ”

“ကဲပါ သိပ်လည်းစိုးရိမ် မနေပါနဲ့ အစ်ကိုကြည့်
စီစဉ်ပါ့မယ်။ မိဘတွေကို မပြောတော့ဘူး။
အေးနဲ့ အစ်ကို နှစ်ယေက်အတူတူ နေလို့ရ
အောင် အမြန်ဆုံး စီစဉ်လိုက်မယ် ဟုတ်လား
စိတ်အေးအေးသာ နေတော့”

xxxx

ဤသို့နှင့် မောင်ကံစိန်နှင့် အေးအေးသက်တို့
လည်း ဝါမဝင်ခင်မှာပင် မောင်ကံစိန်က အေး
အေးသက် ဖန်ခါးကုန်း ရွာသို့ခိုးပြေးသွားခဲ့
သည်။ မောင်ကံစိန် မိဘများက လက်မခံပဲ
အေးအေးသက် မိဘများက လက်ခံပေးစား
ခဲ့သည်။ သူတို့နှစ်ယောက် မည်သည့်မိဘထံ
မှ မနေပဲ မောင်ကံစိန် အိမ်ထောင်မကျခင်
ကြိုတင်ဝယ်ထားသော ခြံမှာ နှစ်ယာက်သား
နေထိုင်ခဲ့ကြသည်။

မောင်ကံစိန် အိမ်ထောင်မကျခင်က ဖခင်၏
ဆန်စက်မှာ တာဝန်ယူလုပ်ကိုင်ခဲ့သည်။လယ်
သမား အတော်များများနှင့် ရင်းနှီးခဲ့သည်။

မောင်ကံစိန် အိမ်ထောင်မကျခင်က ဖခင်၏ ဆန်စက်မှာ တာဝန်ယူလုပ်ကိုင်ခဲ့သည်။ လယ်
သမား အတော်များများနှင့် ရင်းနှီးခဲ့သည်။
အိမ်ထောင်ကျသွားပြီး ထိုလယ်သမား အသိ
မိတ်ဆွေများ အကူအညီနှင့် လယ်ယာထွက်
ကုန်ကို ခေါက်ပြန်ပေး ယူပြီး မြို့ပေါ်တက်
ရောင်းသည်။

ရောင်း၍ရသော ထွက်ကုန်များကို အရင်းပြန်
ပေး အမြတ်ယူခဲ့သည်။ သို့ဖြစ်၍ ပွဲစားလော
ကထဲ ဝင်ခဲ့သည်။ သူ့အရင် တိုးမြင့်က လယ်
သမားတို့၏ ကောက်ပဲသီးနှံများကို လယ်ကွင်း
ထဲ ဆင်းမကောက်ပဲ မြို့ပေါ်မှာ ပွဲရုံထောင်ပြီး
လာသွင်းသမျှကို လက်ခံခဲ့သည်။

မောင်ကံစိန်က ကွင်းထဲအထိ ဆင်းဝယ်သည်။
လယ်သမားအတော်များများ၏ ထွက်ကုန်
ပစ္စည်းများကို ဝယ်ယူရရှိခဲ့သဖြင့် တိုးမြင့်၏
ပွဲရုံသို့ ကုန်အဝင်နည်းခဲ့သည်။ မိမိရည်ရွယ်
ထားသော မိန်းကလေးကို အရယူသွားသည့်
အပြင် မိမိ၏ စီးပွားရေးကိုပါ လု၍လုပ်ကိုင်
လာသလို ဖြစ်သည့်အတွက် မောင်ကံစိန်ကို
အငြိုးထားခဲ့သည်။

တစ်ရက် မောင်ကံစိန် အရောင်းအဝယ်သိမ်း
ပြီး အိမ်သို့ ပြန်ရောက်လာသည်။ အိမ်ရှေ့
ဝရံတာမှာ ထိုင်ရင်း ဇနီးဖြစ်သူ အေးအေး
သက်နှင့် စကားပြောနေကြသည်။ အိမ်ထောင်
ကျသည်မှာ နှစ်ဝက်ကျော်သွားပြီ ဖြစ်၍
အချစ်အကြောင်းထက် လုပ်ငန်းကိုင်ငန်း
စီးပွားရေးအကြောင်းတို့ကို နှစ်ယောက်
သား တိုင်ပင်ပြောဆို နေကြသည်။

ထိုအချိန် သူတို့နှစ်ယောက်ထိုင်နေရာနှင့် မနီး
မဝေးသို့ တစ်တောင့်ထွာ နီးပါးရှိ ကြိုးတစ်
ချောင်း ကျလာသည်ကို နှစ်ယောက်လုံး မြင်
လိုက်သဖြင့် စိုက်ကြည့်နေစဉ် ကြိုးပြတ်က
နေ ရှူးရှူးရှားရှား မြည်သံပြုပြီး မြွေတစ်
ကောင် ဖြစ်သွားသည်။

မြွေက မောင်ကံစိန်ဘက်သို့ ပါးပြင်ထောင်၍
ရွေ့လျားသွားသည်ကို အေးအေးသက်မြင်ပြီး

“အစ်ကို…ကြိုးကြီး ကြိုးကြီးလာနေပြီ”

အေးအေးသက်က ကြိုးကိုမြင်ပြီး မြွေဖြစ်
သွားပေမယ့် စိတ်စွဲကာ မြွေကြီးကို အော်ရ
မည့်အစား ကြိုးကြီးကို ထအော်လိုက်သည်။
ထိုသို့ အော်သံထွက်လိုက်သည်နှင့် မြွေကြီးမှ
ကြိုးကြီးပြန်ဖြစ်သွားသည်။

“အဲဒါ တိုက်မြွေပဲ…အေး…ကိုယ်တို့ကို သတ်
ဖို့လွှတ်လိုက်တာ မြွေလို့မအော်ဘဲ ကြိုးကြီး
လို့ ယောင်အော်လိုက်တာနဲ့ သူ့ကို နံနှိမ်လိုက်
သလို ဖြစ်ပြီး ကြိုးပြန်ဖြစ်သွားတာပဲ ဒါဘယ်
သူ့လက်ချက်လဲ မသိဘူး”

“အစ်ကို့မှာ စီးပွားရေး ပြိုင်ဘက်တွေရှိလား
အစ်ကိုကို မကျေနပ်တဲ့ လူ ဘယ်သူရှိလဲ
စဥှးစားပါဦး”

“အားလုံးနဲ့တည့်အောင် ပေါင်းနေတာပဲ ငွေ
ကြေးလည်း အရှုပ်အရှင်း မရှိပါဘူး…အေးက
အစ်ကို့ကို တိုက်ခိုက်တာလို့ ထင်နေတယ်။
အေးကို ပျက်စီးစေချင်လို့ လုပ်တာလည်း
ဖြစ်နိုင်တယ်။ မဖြစ်ဘူး၊ အေးကို ဒီအိမ်မှာ
တစ်ယောက်ထဲ ထားခဲ့လို့ မဖြစ်ဘူး…အေး
ရဲ့ အဒေါ် အပျိုကြီးကို ခေါ်ထားမှ ဖြစ်မယ်”

“ဒေါ်လေးမြကို ခေါ်ထားမယ်ဆို ခေါ်လို့ရပါ
တယ် နေ့ခင်းပဲ ခေါ်ရမလား နေ့ရောညရော
ခေါ်ရမလား”

“ဒေါ်လေးမြက အေးအေးဆေးဆေး နေတတ်
တယ်…ဖြစ်နိုင်ရင် နေ့ရောညပါ ခေါ်ထားပေါ့
ဟိုအခန်းတစ်ခန်းလုံး အားနေတာပဲ ဒေါ်လေး
မြကို ပေးအိပ်လိုက်ပေါ့”

“ဒါဆို… အေး မနက်ဖြန် သွားခေါ်လာခဲ့မယ်”

သို့ဖြင့် နောက်နေ့မှစ၍ အေးအေးသက်တို့
အိမ်သို့ အပျိုကြီး ဒေါ်မြရီ ရောက်လာသည်။
ဒေါ်မြရီက အေးအေးသက် မိခင်၏ညီမဖြစ်
သည်။ အသက်က လေးဆယ့်ငါးနှစ်ကျော်ပြီ
ဖြစ်သည်။ ဒေါ်မြ တစ်ယောက် အေးအေး
သက်တို့ အိမ်ပြောင်းလာပြီး တစ်ပတ်အတွင်း
မှာပင် အဝတ်အစားများ သိမ်းပြီးပြန်သွား
ရသဖြင့် လင်မယားနှစ်ယောက်တည်း ကျန်
ခဲ့ရပြန်သည်။

အေးအေးသက်၏ အဘိုး ရုတ်တရက် လူကြီး
ရောဂါနှင့် အိမ်ယာထဲ လဲသည့်အတွက် အနီး
ကပ် ပြုစုရန် ပြန်သွားခြင်းဖြစ်သည်။ ဒေါ်မြ
ရီက အဖေပြန်ပြီး ကျန်းမာလာသည်နှင့် လာ
ခဲ့မည်ဟု ပြောခဲ့သည်။ ကျန်းမာရေးကြောင့်
ပြန်သွားရသည့်အတွက် တား၍လည်း မဖြစ်
ပြန် အဘိုးဖြစ်သူ ပြန်ပြီး ကျန်းမာလာရန်သာ
ဆုတောင်းရုံ ရှိတော့သည်။

အေးအေးသက် တစ်ယောက် ကိုယ်လေးလက်
ဝန် ရှိလာသည်။ မိုးရာသီလည်း ဝင်စပြုပြီမို့
လယ်ယာထွက်ကုန်များလည်း မရှိသလောက်
ဖြစ်သွားပြီး မောင်ကံစိန် ပွဲစားအလုပ်ပါသွား
သဖြင့် အိမ်မှာ နေ့စဉ်လိုလိုရှိနေသည်။

ကိုယ်ဝန်ရကာစ အေးအေးသက် တစ်ယောက်
ချဉ်ခြင်းတပ်ရာ အစာမျိုးစုံ စားသဖြင့် အစာ
မကြေ လေထိုးဝေဒနာ ပြင်းစွာခံစားရသည်။
အေးအေးသက်၏ မိဘများ လာရောက်အနီး
ကပ် ပြုစုပေးသဖြင့် ဝေဒနာသက်သာပျောက်
ကင်းသွားသည်။ ရောဂါပျောက်သွားပြီးနောက်
အေးအေးသက်မှာ ရှေးကလောက် စကား
မပြောတော့ နှုတ်နည်းသွားပြီး အမြဲပင် ညှိုး
ငယ်စွာ မှိုင်တွေလျက် တစ်ခါတရံ နှုတ်ခမ်း
စူကာ တစ်ယောက်ယောက်ကို သဘောမကျ
သကဲ့သို့ ဖြစ်နေသည်ကို တွေ့ရသည်။

မောင်ကံစိန်က ဘာကြောင့် စိတ်အလိုမကျ
ဖြစ်နေတာလဲဟု မေးသည့်အခါ ပြန်လှန်ပြော
ဆိုခြင်း မပြုဘဲ စိတ်ဆိုးသည့် အမူအယာနှင့်
ထိုင်ရာမှ ထသွားတတ်သည်။

မောင်ကံစိန် ဘာကြောင့် အမူအရာပြောင်းပြီး
ဆက်ဆံရေး တင်းမာလာသလဲဟု စဉ်းစားပေ
မယ့် စိတ်ကောက်စရာ စိတ်ဆိုးစရာ…အပြစ်
အနာဟူ၍ အနည်းငယ်မျှ တွေး၍ မရရှိလေ
သည်။ တစ်ရက် သူ့အနား စိတ်ကောက်ပြီး စူ
ဆောင့်ကာ ထသွားသဖြင့် စိတ်ထဲမခံရပ်နိုင်
တော့သည့်အတွက် လက်ကိုဆွဲ၍…

“အေး…ဘာဖြစ်နေတာလဲ၊ အစ်ကို့အပေါ် ဘာ
မကျေနပ်စရာရှိနေလို့လဲ ပွင့်ပွင့်လင်းလင်း
ပြောစမ်းပါ။ ကိုယ်မင်းကို ဘယ်လောက်ချစ်
တယ်ဆိုတာ သိရက်နဲ့ အခုလို မလုပ်သင့်ဘူး
ဘာပဲဖြစ်ဖြစ် ပွင့်ပွင့်လင်းလင်း ပြောပါ”

“ပြောမယ်…ပြောမယ် ရှင့်ကို မုန်းလို့ ရှင့်မျက်
နှာကို မကြည့်ချင်လို့”

ထိုမျှပြောပြီး ထိုင်ရာမှ ထသွားသည်။ ကိုကံ
စိန်လည်း အေးအေးသက်၏ အပြုအမူကြောင့်
အံ့အားသင့်ပြီး ကျန်ရစ်သည်။ လင်မယား နှစ်
ယောက် အတူတူ တစ်ကုတင်တည်း အိပ်ခဲ့
သော်လည်း ယခုအခါ အိပ်ယာပေါ် အတူတူ
မအိပ်နိုင်ဟု ဆိုနေပြန်သည်။

သို့ကြောင့် ကိုကံစိန်က အိမ်ရှေ့ထွက်ပြီး အိပ်
ခဲ့ရသည်။ ထိုကဲ့သို့ အမူအယာ ပျက်လာခဲ့ရာ
မှ ရက်မှသည် လပြောင်း၍ ကိုယ်ဝန်က တ
ဖြည်းဖြည်း ရင့်လာသည်။လေးလခန့် အရောက်
မှာ ကိုယ်ဝန်ကို မလိုချင်ဘူး…ကလေးလည်း
မလိုချင်ဘူး…ဖျက်ချပစ်မယ်ဟု မကြာခဏ
ဆိုလာသဖြင့် မိဘဆွေမျိုးသားချင်းများနှင့်
အဒေါ်ဖြစ်သူပါ အနီးကပ် စောင့်ကြည့်နေ
သည်။

တစ်ရက် အားလုံးအလစ်မှာ အိမ်မှာ ချက်ရန်
ဝယ်ထားသည့် ငါးများကို အစိမ်းလိုက် ထိုင်
စားနေသည်ကို အဒေါ်ဖြစ်သူ တွေ့လိုက်ရသည်။
အဒေါ်ဖြစ်သူက ထိတ်ထိတ်လန့်လန့်ဖြစ်ပြီး
အေးအေးသက်၏ မိခင်ဖြစ်သော ဒေါ်လှကြည်
အား တိုးတိုးတိတ်တိတ် ပြောပြသည်။

“အစ်မ သမီးရဲ့ ကိုယ်ဝန်က ရင့်စပြုပြီး သား
စိမ်း၊ ငါးစိမ်းကိုမှ ချဉ်ခြင်းတပ်တယ်ဆိုတော့
သူမွေးလာမယ့် ကလေးက စိတ်ကြမ်း ကိုယ်
ကြမ်း ဖြစ်ရင်ဖြစ် မဖြစ်ရင် လူမမွေးပဲ၊ ဘီလူး
လေးများ မွေးမှာလား မသိဘူး”

“ဟဲ့…မြရီ နင်ပြောလိုက်ရင် အဆုံးစွန်ပဲ”

“ညည်းတူမ မွေးလာတဲ့ ကလေးက စိတ်ကြမ်း
ကိုယ်ကြမ်းဖြစ်ဖို့များတယ်၊ နောက်နေ့တွေ
လည်း သေသေချာချာ ကြည့်ထား ၊ သူ့ရှေ့မှာ
သားစိမ်း၊ ငါးစိမ်းတွေ ဝယ်ပြီး မထားနဲ့ တစ်
ခါတည်း ချက်ပစ်လိုက်”

“ဟုတ်တယ် ချက်ပြီးရင် အသားဟင်းတွေပဲ
စားတော့မယ်ဆိုရင် အခက်ပဲ”

“ကဲပါ ညည်းက အတူနေတာ အစစအရာရာ
သတိထား”

နောက်ပိုင်း ဒေါ်မြရီရော မိခင်ဒေါ်လှကြည်တို့
ကပါ မသိမသာ စောင့်ကြည့်နေသည့်အတွက်
သားစိမ်းငါးစိမ်းစားသည်ကို မတွေ့ရတော့။
ဟင်းကောင်းချက်လျှင်တော့ အားရပါးရစား
တတ်သည်။ ကိုကံစိန်ကိုတော့ လင်ယောက်ျား
ကဲ့သို့ မဆက်ဆံပဲ တစ်စိမ်းတစ်ယောက်အိမ်
မှာ လာနေသကဲ့သို့ ပြုမှုဆက်ဆံနေခဲ့သည်။

ကိုကံစိန်ကလည်း ကလေးကိုယ်ဝန်ကြီးနှင့်မို့
အစစအရာရာ သည်းခံခဲ့သည်။ အားလုံးဝိုင်း
ဝန်း စောင့်ရှောက်ထားသည့်အတွက် ကိုယ်ဝန်
က လစေ့လာကာ သားယောက်ျားလေး မွေး
ဖွားခဲ့သည်။

မွေးလာသော ကလေးကိုလည်း မကြည့်ချင်ဟု
ဆိုကာ မျက်နှာလွှဲထားသည်။ နို့လည်း မတိုက်
သဖြင့် နွားနို့ကို ကျိုပြီး တိုက်ခဲ့ရသည်။ လူကြီး
များကလည်း ကလေးကို အန္တရယ်ပြုမည်စိုး
သဖြင့် အေးအေးသက် အနီးသို့ ခေါ်မသွားပဲ
ဒေါ်လှကြည်နှင့် ဒေါ်မြရီတို့က အနီးကပ် ထိန်း
သိမ်းပြုစုခဲ့သည်။

ကလေးကို ဝိုင်းဝန်းထိန်းသိမ်းပြုစုခဲ့သဖြင့် သုံး
လကျော် လေးလအထိ မည်သည့်အန္တရာယ်မှ
မကျရောက်ပဲ တစ်နေ့တစ်ခြား ဖွံ့ထွားကြီးပြင်း
လာသည်။ ကိုကံစိန်နှင့် အေးအေးသက်တို့၏
အိမ်ထောင်ရေးကတော့ ရေခဲတုံးကဲ့သို့ အေး
စက်ခဲ့သည်။

ကိုကံစိန်က အပြင်မှာ ပြန်ရောက်လာတိုင်း
အေးအေးသက်အနီးသို့ သွားကာ ကြင်နာမှု
စကားများ ပြောကြည့်သည်။

“အေး…နေလို့ကောင်းတယ်မို့လား ဘာစား
ချင်လဲပြော”

“နင် ငါ့နားမလာနဲ့ နင့်မျက်နှာ ငါမကြည့်ချင်ဘူး
နင်သေမှ အေးမယ်၊ နင်ကို ငါ့ချစ်လို့ ယူထား
တာ မဟုတ်ဘူး၊ နင်က ငါ့ရန်သူ နင်ရော နင့်က
လေးရော ငါသတ်မယ်”

“ဟီ…ဟီ…ဟီ….နင် ငါ့နားမလာနဲ့လေ”

အခန်းထဲမှ အေးအေးသက်၏ ငိုရှိုက်သံကြောင့်
ဒေါ်လေးမြရီ အခန်းဝသို့ လာရပ်ကာ….

“သမီး မငိုပါနဲ့… ဒီကောင် သမီးကို ဘာလုပ်လဲ
အဒေါ်ဆုံးမမယ်”

ဒေါ်မြရီက ကိုကံစိန်ကို မျက်ရိပ်ပြပြီး ဆူမည့်
ဟန်ပြုသည်။အေးအေးသက်က အနီးသို့ ရောက်
လာသော ဒေါ်လေးဖြစ်သူအား ရုတ်တရက်
ပါးကို လက်ဝါးနှင့် ရိုက်လိုက်သည်။

“ဖျန်း”

“ဟဲ့ ကောင်မကြီး သွား၊ ငါ့နားမလာနဲ့ နောက်
ဆုတ်နော် ပါးထပ်ရိုက်ပစ်မယ်”

ယုတ်ရင်ကြမ်းတမ်းစွာ ပြောဆိုအော်ဟစ်လုပ်
နေသဖြင့် ဒေါ်မြရီအပြင်သို့ ပြန်ထွက်သွား
သည်။ ကိုကံစိန်လည်း အပြင်သို့ လိုက်သွား
ပြီး ဒေါ်မြရီအား တောင်းပန်ရသည်။

“အင်း…တူမအဖြစ်ကတော့ တစ်နေထက် တစ်
နေ့ စိတ်ဝေဒနါသည် ဖြစ်နေပြီလား မသိဘူး”

“ကျနော်လည်း ဆေးရုံခေါ်သွားပြီး ပြတာ
နှစ်ကြိမ်ရှိပြီ ဟိုရောက်တော့ အကောင်းပဲ
ဆရာဝန်တွေတောင် မျက်စေ့လည်သွားတယ်။
ဘယ်လိုမှ လူမမာပုံ မဟုတ်တာနဲ့ ပြန်ခေါ်လာ
ရတယ်…အခုလည်း သူ့ပုံက မူမမှန်ပြန်ဘူး”

“ဒါဆို သူ့အမေနဲ့ အဖေပြောသလို မနာလိုတဲ့
တစ်ယောက်ယောက်ကများ ပြုစားထားတာ
လား…သူတို့ကတော့ ဆရာသမား တစ်ယောက်
လောက်ရှာပင့်ပြီး ပြကြည့်ချင်တယ်တဲ့ မင်း
သဘောထားကို မသိသေးလို့”

“ခဏလောက် စောင့်ကြည့်လိုက်ဦးမယ် သည့်
ထက်ပိုပြီး အမူအယာ ပြောင်းရင်တော့ ဆရာ
ကောင်း သမားရှာပြီး ပြမယ်”

အေးအေးသက်အကြောင်း တိုင်ပင်နေစဉ်
အေးအေးသက်အပြင်သို့ ထွက်လာသဖြင့်
စကားစကို ဖြတ်ပြီး ဒေါ်မြရီက ကလေးအိပ်
ပျော်နေရာသို့ ထွက်ခဲ့သည်။

ထိုကဲ့သို့ အခြေအနေစောင့်ကြည့်နေစဉ် တစ်
ည အိပ်ယာထဲမှ အေးအေးသက် အပြင်သို့
ထွက်လာသည်ကို အပြင်မှာ အိပ်နေသော
ကိုကံစိန်က မြင်လိုက်သဖြင့် အိပ်ချင်ယောင်
ဆောင်နေလိုက်သည်။

အချိန်က ညဆယ်နာရီခန့်ရှိပြီ၊ ဒေါ်မြရီက
ခြေရင်းခန်းမှာ ကလေးနှင့် အိပ်နေသည်။
အပြင်မှာ မှန်အိမ်မီး မှိန်မှိန်လေး ထွန်းထား
သည်။ အေးအေးသက် မီးဖိုထဲဝင်သွားသည်
နှင့် ကိုကံစိန် ခြေဖွနင်းပြီး နောက်မှ လိုက်
သွားသည်။ ညစာစားသောက်ပြီး ဟင်းအိုး
ထဲမှာ ဝက်သားဟင်း အိုးတစျဝကျခနျု့ ကျန်
သေးသည်။

အေးအေးသက်လည်း ဟင်းအိုးအဖုံးဖွင့်ပြီး
အိုးထဲမှ ဟင်းတုံးများကို လက်နှင့် အားပါးတရ
နှိုက်စားနေသည်ကို တွေ့လိုက်သည်။ ကိုကံ
စိန်လည်း လှမ်းပြီးအသံပြုရင် ကောင်းမလား၊
ဝင်သွားရရင် ကောင်းမလား ဝေခွဲရခက်စွာ
ရပ်ကြည့်နေစဉ် အေးအေးသက်က စားပြီး
ပေကျံနေသော လက်ချောင်းများကို ပါးစပ်
နှင့် စုတ်နေသည်။ အဖုံးကို ပြန်ပိတ်ပြီး
အိမ်ထဲပြန်ဝင်မည်အပြု ကိုကံစိန်က မီးဖိုထဲ
ဝင်လိုက်သည်။

“ဟင်…အေး အိပ်မပျော်လို့လား”

“ဟုတ်တယ် အေး အိပ်မပျော်သေးပဲ မျက်လုံး
ကြောင်နေတယ် မီးဖိုထဲမှာ အသံကြားတာနဲ့
ထကြည့်တာ ခွေးတက်တာလား၊ ကြောင်ဝင်
တာလား မသိဘူး ဟင်းတွေ အကုန်စားသွား
ပြီ”

“တောက်…ခွေးတော့ မဖြစ်နိုင်ဘူး၊ ကြောင်ပဲ
ဖြစ်မယ်၊ အေးအိပ်ချင်သွားအိပ်တော့၊ ကြောင်
ကို လိုက်ရှာလိုက်ဦးမယ်”

“အခုလောက်ဆို ခြေသံကြားလို့ ထွက်သွား
ရောပေါ့”

အေးအေးသက်အမူအယာက ကိုကံစိန်
မျက်စိနှင့်သာ မမြင်ပါက ကြောင်စားသည်
ဟု ထင်မိသည်။ ကိုကံစိန်ကလည်း မသိ
မမြင်သလို ဟန်ဆောင်ပြီး မီးဖိုထဲ ဝင်ခဲ့သည်။

အေးအေးသက်က အိပ်ခန်းထဲ ပြန်ဝင်သွား
သည်။ ခဏနေပြီ ကိုကံစိန် အိပ်ယာဆီ ပြန်
လာပြီး တုံးလုံးလှဲလိုက်ရင်း ဇနီးသည်၏ အ
မူအယာ အပြုအမူတို့ကို ပြန်စဉ်းစားနေမိသည်။
ဟိုအရင်ကလည်း သားစိမ်း၊ ငါးစိမ်းတွေ
မြိန်ယှက်စွာ စားသည်ကို မြင်ဖူးခဲ့သည်။

ယခု ထမင်းစားသောက်ပြီး ဟင်းတွေသွားနှိုက်
စားပစ်သည်။ ဖုတ်ဝင်နေတာများလား။ နောက်
ရက် ငါးဖြစ်ဖြစ် ကြက်ဖြစ်ဖြစ် အစိမ်းလိုက်
ထားကြည့်ပြီး အကဲခတ်ရရင် ကောင်းမလား
ဒီလိုထားပေးမှ နေ့တိုင်းတောင်းဆိုနေရင်အ
ခက် မဖြစ်သေးပါဘူး…. ဟု အကြောင်းအရာ
မျိုးစုံ စဉ်းစားရင်း သန်းကောင်ယံ ကြက်တွန်
ပြီးမှ အိပ်ပျော်သွားတော့သည်။

xxxxx

အဘိုးအဘွားနှင့် အဒေါ်တို့ သေချာစောင့်ရှောက်
နေသည့်သားလေး ခြောက်လအရွယ်အရောက်
မည်သည့် ရောဂါမှမဖြစ်ပဲ မနက်အိပ်ယာ အထ
မှာ အသက်ကင်းမဲ့နေသည်ကို အားလုံးတွေ့
လိုက်ရသည်။

ကလေး၏ ခန္ဓာကိုယ်မှာလည်း ဒဏ်ရာဟူ၍
မည်သည့်အရာမှ မရှိ၊ အိပ်နေသည့် အမူအ
ယာအတိုင်း အသက်ပျောက်နေသည်။ က
လေးသေသည်ကို အေးအေးသက် သိသွား
သည်နှင့် ပျော်တယ်ဟေ့ ပျော်တယ် ဝမ်းသာ
တယ် တစ်ကောင်တော့ သေပြီ နောက်တစ်
ကောင်ပဲ ကျန်တော့သည်ဟု ဆိုကာ အော်ဟစ်
ခုန်ပေါက်နေတော့သည်။

ကလေးသေဆုံးပြီး နှစ်လအရောက်မှာ ဒေါ်မြ
ရီ သွက်သွက်ခါအောင် ရူးသွားခဲ့သည်။ ယခင်
ကတည်းက တူမအဖြစ်ကို မြင်ပြီး စိမ်မကောင်း
သည့် အခံလည်းရှိ၊ မြေးလေးကလည်း သေ
ချာပြုစုစောင့်ရှောက်ရင်း မျက်စေ့အောက်မှာ
သေဆုံးသွားခဲ့ရသည်။ စိတ်မကောင်းစရာတွေ
အဒေါ်အပျိုကြီးအပေါ် သက်ရောက်နေခဲ့သည်။

တစ်ရက် ညနေစာချက်ရန် ရွာထဲမှာ လှည့်ပြီး
ရောင်းသည့် ငါးစိမ်းသည်ထံမှ ငါးခူ ငါးဆယ်
သား ဝယ်လိုက်သည်။ ထိုအချိန် ကိုကံစိန်က
လည်း အရောင်းအဝယ် ကိစ္စနှင့် အပြင်ရောက်
နေသည်။ ငါးခူ ငါးဆယ်သားကို ဝယ်ပြီး ငါး
ခူကြော်နှပ်ချက်မည် စိတ်ကူးထားသည်။ ငါး
ကိုကြော်ရန် ဆီလောက်မလောက် ထကြည့်
လိုက်သည်။

“ဟင် ဆီက တစ်ခါချက်စာပဲရှိတော့တယ်၊ ငါး
ခူ ငါးဆယ်သားကြော်လို့ မရတော့ဘူး၊ တော်
သေးတယ် မီးမမွှေးခင် သိလိုက်လို့”

ဒေါ်မြရီလည်း အိမ်နှင့်သိပ်မဝေးသော ကုန်စုံ
ဆိုင်မှာ ဆီသွားဝယ်ရန် အပြင်ထွက်ခဲ့သည်။
အေးအေးသက်က အကြောင်းကိစ္စမရှိလျှင်
မည်သူနှင့်မှ ရောရောနှောနှောမနေ အိပ်ခန်း
ထဲမှာ ထိုင်၍သော်လည်းကောင်း တုံးလုံးလှဲ
၍လည်းကောင်း နေတတ်သည်။

ဒေါ်မြရီသည် အပြင်မထွက်ခင် အေးအေးသက်
ကို ချောင်းကြည့်လိုက်သည်။ ကုတင်ပေါ်မှာ
လှဲနေသည်ကို တွေ့လိုက်သဖြင့် အသံမပြုပဲ
စျေးဝယ်ရန် ထွက်သွားသည်။ ဆီဝယ်ပြီး အိမ်
ပြန်လာခဲ့သည်။ ဆီအဆင်သင့်ရှိပြီမို့ ငါးကိုင်
ရန် ဒန်အိုးကို အဖုံးဖွင့်လိုက်သည်။

“ဟင်”

ငါးခူ ငါးဆယ်သား ထည့်ထားသော ဒန်အိုးထဲမှာ
ငါးတစ်ကောင်မှ မရှိတော့။ အိမ်ထဲမှာ ခွေးလည်း
မရှိ၊ ကြောင်လည်းမရှိမို့ ဒေါ်မြရီ အေးအေးသက်
အခန်းထဲ ခပ်သွက်သွက်လျှောက်ပြီး သွားကြည့်
လိုက်သည်။

“ဘုရား ဘုရား ဘယ်လိုဖြစ်တာပါလိမ့်”

“ဘာကြည့်နေတာလဲ လာစမ်း”

ဒေါ်မြရီ ကြောင်ပြီးကြည့်နေသည်ကို မြင်လိုက်
သော အေးအေးသက်က သူ့ရှေ့လာထိုင်ရန်
ခေါ်လိုက်သဖြင့် ခြေလှမ်းတို့က နောက်ပြန်
မလှည့်ဖြစ်ပဲ အေးအေးသက် ရှေ့သွားပြီး
ကုတင်ပေါ်တက်ထိုင်လိုက်ရသည်။ ဒေါ်မြ
ရီ၏ ရှေ့မှာ ငါးခူများကို တစ်ကောင်ပြီးတစ်
ကောင် အရိုးပါမကျန် ကိုက်စားနေသည်။

“ဟား…ဟား…ဟား…. ကောင်းမှကောင်း”

အေးအေးသက်၏ အသံက ပုံမှန်အသံမဟုတ်
ပဲ အသံသြသြယောက်ျား အသံကြီးဖြစ်သည်။
မျက်လုံးနှစ်လုံးကလည်း ရဲရဲနီနေသည်။

“စား ….စားစမ်း၊ ရော့ …တစ်ကောင်”

ဒေါ်မြရီ ပါးစပ်ထဲ တစ်ကောင်ထိုးထည့်ပြီး
အတင်းစားခိုင်းသည် ဒေါ်မြရီ အတင်းရုန်း
သည်။

“စား…ငါးတစ်ကောင်ထဲ ပြိုမကျဘူး၊ စားစမ်း
ဒီတစ်ကောင်….ဟီး….ဟီး”

ကြောက်စရာ အပြုအမူနှင့် ကြောက်စရာ
အသံကြီးကြောင့် ရုန်းကန်နေသော ဒေါ်မြရီ
အသည်းတွေ တဆတ်ဆတ်တုန်သည်။ နှလုံး
က တဒိတ်ဒိတ်ခုန်နေသည်။အေးအေးသက်
က လွှတ်လိုက်သည်နှင့် ထိုင်ရက်က လဲကျ
သွားသည်။

“ဟား…ဟား…ဟား…အတော်ရှုပ်တဲ့ အဖွားကြီး
ကောင်းတယ် မှတ်သွားပြီး…ဟီး….ဟီး….ဟီး”

အသံသေး အသံကြောင်နှင့် ရီလိုက် ငါးခူကြီး
များ စားလိုက်နှင့် ငါးခူ ခုနှစ်ကောင် အားလုံး
ကုန်သွားသည်။ ညမိုးချုပ်သည့်အချိန် ကိုကံ
စိန် အိမ်ပြန်လာတော့ ဘာမှမေးလို့မရ ကြောင်
စီစီဖြစ်နေသော ဒေါ်မြရီကို တွေ့လိုက်သည်။

အေးအေးသက်ကတော့ ဘာမှမဖြစ် ပုံမှန်
အတိုင်းရှိနေသည်။ ကိုကံစိန်က အေးအေး
သက်၏ မိဘတို့ကို သွားခေါ်သည် ဒေါ်မြရီ
ကို မြင်ပြီး ဒေါ်လှကြည်က ငိုပါတော့သည်။
ဒေါ်မြရီက အစ်မနှင့်ခဲအိုကိုလည်း မသိတော့။

“မဖြစ်တော့ဘူး မောင်ကံစိန် ဒါရိုးရိုးတော့
မဟုတ်တော့ဘူး ထိတ်လန့်စရာ တစ်ခုခုကို
မြင်ပြီး သည်းခြေပျက်သွားတာဖြစ်မယ်
ငါတို့ ဆရာရှာဖို့ အချိန်ဆွဲနေလို့ မဖြစ်တော့
ဘူး”

“အဖေတို့ အမေတို့ သင့်သလိုစီစဉ်ပါ။ ကျ
နော်အားလုံးကို သဘောတူပါတယ်”

သို့ဖြင့် အေးအေးသက်၏ ဖခင်ဦးစံညွန့်က
အချိန်ဆိုင်းမနေတော့ပဲ ဆရာရှာရန် အပူတ
ပြင်း စုံစမ်းလေတော့သည်။ကံအားလျော်စွာ
အေးရွာမှ ဆရာကြီးဘိုးရှိုင်း၏ သတင်းကို
ပေးသူနှင့် တန်းတိုးမိသွားသည်။ ထိုသူ၏
လမ်းညွှန်မှုနှင့် ဦးစံညွန့်က သူ၏တူ ဦးထွန်း
အေးနှင့် ဦးသင်းမောင်တို့ကို ဆရာပင့်ရန်
အေးရွာသို့ လွှတ်လိုက်သည်။

xxxxxxx

ဆရာကြီး ဘိုးရှိုင်းလည်း ရွာဦးလှေဆိပ်မှ ရွာ
ထဲဝင်လာရင်း ဦးသင်းမောင်အား…

“အခုကိစ္စက အတော်ရှုပ်ထွေးတယ် အောက်
လမ်းအတိုက်အခိုက်တင်မကပဲ သရဲတစ်ဆေ
တွေပါ… ပါနေပုံရသကွဲ့…ဒါကြောင့် ဒီရွာမှာ
ငှက်ပျောဖီး ရနိုင်ရင် လိုချင်တယ်၊ ဘုရားပွဲ
တရားပွဲနဲ့ ဘိုးတော်ပွဲ သုံးပွဲပြင်ရမယ်၊ အုန်း
သီး သုံးလုံးလည်း လိုတယ်”

“ရွာမှာ ငှက်ပျော၊ အုန်းသီး၊ အလွယ်တကူ
ရပါတယ်ဆရာကြီး”

“ကိုထွန်းအေး ဆရာကြီးကို ဦးလေးစံညွန့်တို့
အိမ်ကိုပင့်သွား…ကျတော်ပွဲပြင်ဖို့ အုန်းငှက်
ပျောတွေ သွားရှာယူခဲ့မယ်”

သို့ဖြင့် ဦးထွန်းအေးက ဆရာကြီးအား ဦးစံညွန့်
၏အိမ်သို့ ပင့်သွားခဲ့သည်။ ဦးစံညွန့်နှင့် ဒေါ်လှ
ကြည်တို့လည်း ဆရာကြီးအား ခေါင်းရင်းခန်း
မှာ နေရာပေးသည်။

“လူမမာက ဘယ်မှာလဲ…ကွဲ့”

“နောက်လမ်းမှာပါဆရာကြီး ဒီမှာက စိတ်မနှံ့
တဲ့ ညီမတစ်ယောက်ရှိပါတယ်…တစ်ဆေသရဲ
ကို မြင်ပြီး အခုလို ဖြစ်သွားတယ်လို့ထင်ပါ
တယ် ဆရာကြီး”

“ခေါ်ခဲ့ပါဦး ဆရာကြည့်ပါဦးမယ်”

အခန်းထဲက ဆံပင်ဖားလျားနှင့် ဒေါ်မြရီကို
တွဲပြီး ခေါ်လာသည်။ ဆရာကြီးက အကဲခတ်
ကြည့်လိုက်သည်။

“ဝဋ်နာကံနာလည်း မဟုတ်ဘူး သရဲတစ်ဆေပူး
ကပ်နေတာလဲ မဟုတ်ဘူး၊ အောက်လမ်းနဲ့
အတိုက်အခိုက် လုပ်ထားတာလဲ မဟုတ်ဘူး၊
ကြောက်စရာ တစ်ခုခုကို မြင်ပြီးကြားပြီး
သည်းခြေပျက်နေတာ ဆရာကြီး ဆေးပေး
ခဲ့ပါ့မယ်။ အခုတစ်ခွက်တိုက် ညအိပ်ရာဝင်
ကာနီး ညစဉ်တစ်ခွက်ပဲတိုက်သွား တစ်ပတ်
အတွင်း သည်းခြေ ပြန်ကောင်းပြီး လူကောင်း
အတိုင်း ပြန်ဖြစ်လာလိမ့်မယ်…ကဲ…ဒီမှာ လူ
နာကို အစောင့်ထားခဲ့ပြီး ဟိုဘက်လမ်းကို
သွားကြမယ်၊ အမှန်က နေတက်ချိန်ဆို လူနာ
ကို ကိုင်ရတာ ပိုကောင်းတယ်၊ အခု အောက်
လမ်း အတိုက်အပြင် သရဲ တစ်ဆေ အတိုက်
လည်း ရှိနေတယ်၊ သရဲတစ်ဆေကိုတော့ ညနေ
ဘက်နှင်တာ ကောင်းတယ်”

ဆရာကြီးက ထိုင်ရာမှ ထနေသဖြင့် ဦးစံညွန့်
နှင့် ဒေါ်လှကြည်တို့လည်း ဒေါ်မြရီအား အိမ်
ထောင်သည် သားသမီးများကို ကြည့်ရှုထား
ရန်မှာကြားပြီး သမီးနှင့် သားမက်တို့၏ အိမ်
သို့ ဆရာကြီးအား လမ်းပြကာ ခေါ်ဆောင်ခဲ့
သည်။ ဆရာကြီး ကိုကံစိန်တို့ အိမ်သို့ ရောက်
၍ မကြာခင်မှာပင် ငှက်ပျောဖီးများနှင့် အုန်း
သီးများကို ဦးသင်းမောင်နှင့် လူငယ်နှစ်
ယောက်ယူပြီး ရောက်လာကြသည်။

ဆရာကြီးက ဦးဆောင်ပြီး ပွဲများကို ပြင်လိုက်
သည်။ ဆီမီး၊ ဖယောင်းတိုင်များ ထွန်းညှိပူ
ဇော်လိုက်သည်။ သပြေပန်းများကို ကန်တော့
ပွဲများမှာ ထိုးလိုက်ပြီး ပွဲများကို တစ်ပွဲချင်း
လှူဒါန်းနေသည်။

“ကဲ…လူမမာကို ဆရာကြီးရှေ့ကို ခေါ်လာခဲ့”

“ဟေ့ မလာဘူးကွ”

“ငါဘယ်သူလဲ…မင်းမသိဘူးလား…မင်းဆရာ
ဆို ငါဘယ်သူလဲသိရမှာပေါ့…ဟီ…ဟီ..ဟီ”

အေးအေးသက်၏ ပါးစပ်မှ ယောက်ျားသံ
သြသြကြီး ထွက်လာသည့်အတွက် အိမ်ပေါ်
က လူများ မျက်လုံးပြူးကုန်တော့သည်။

“ကဲ…နောက်ဘက်ကို ထွက်တဲ့တံခါးတွေ သွား
ဖွင့်ထားလိုက် လူတွေက ဘေးတစ်ဖက်စီမှာ
ထိုင်ကြ”

ဆရာကြီးက ပြောလိုက်သည်နှင့် ကိုကံစိန်က
ထသွားပြီး မီးဖိုထဲမှ အပြင်ထွက်သည့် တံခါး
များ သွားဖွင့်လိုက်သည်။ အချိန်က ခြောက်
နာရီထိုးကာနီးပြီ၊ မှောင်စပြုနေပြီ။

“ကဲ မင်းဘယ်သူလဲ ငါသိတယ်၊ မင်းလိုတစ်ဆေ
သရဲကောင်ကို ဆရာ၊ မေတ္တာနဲ့ နှင်မယ်…နှင်
လို့မရရင် သရဲတစ်ဆေနိုင်တဲ့ အစောင့်အရှောက်
တွေနဲ့ နှင်မယ်၊ အေးအေးသာသာ ဖြစ်စေရမယ်
အခုအပြင် ထွက်ခဲ့ပါ”

“မထွက်ဘူးကွာ…ငါမင်းကို မကြောက်ဘူး”

“အေး…မင်းက အောက်လမ်းစုန်း ကဝေလောက်
သာ စွမ်းတယ် ထင်နေတာကိုး”

ဆရာကြီးက ပြောပြီးသည်နှင့် လွယ်အိတ်ထဲ
က တစ်တောင်သာသာခန့် ဆေးကြိမ်လုံးကို
ထုတ်ယူလိုက်သည်။

“လာမလား မလာဘူးလား”

“မလာဘူး”

“အေးအေး… မလာချင်လည်း ရပါတယ်”

“ဖျန်း” “အား”

ဆရာကြီးက ဆေးကြိမ်လုံးကို ကြမ်းပြင်အား
တစ်ချက်ရိုက်လိုက်စဉ် အခန်းထဲမှ နာကျင်၍
အော်လိုက်သော အသံကြီးထွက်လာသည်။

“ဖျန်း” “အား… အား” “ဝုန်း”

အခန်းထဲမှ အေးအေးသက် တစ်ယောက် အပြေး
ထွက်လာပြီး ဆရာကြီးနှင့် ဆယ်ပေခန့်အကွာ
မှာ ပစ်ထိုင်ချလိုက်သည်။

“ကြောက်ပြီလား”

“ဆေးကြိမ်လုံးနဲ့ မရိုက်ပါနဲ့”

“အေး မရိုက်ဘူး…ဆရာမေးတာဖြေ မမှန်မကန်
တာ မလုပ်နဲ့ မင်းဘေးနှစ်ဘက်ကို ကြည့်လိုက်
စမ်း…ပထမံအစောင်ကြီးတွေကို တွေ့လား”

အေးအေးသက်မှာ ဝင်ပူးကပ်နေသော နာနာ
ဘာဝကောင်က ဘေးဘက်ဝဲယာ လှည့်ကြည့်
ပြီး ခေါင်းကိုငိုက်စိုက် ထားလိုက်သည်။

“မင်း ဒီမိန်းခလေးမှာ ဘာကြောင့် ပူးကပ်ပြီး
နေတာလဲ”

“အောက်လမ်းဆရာက ကျုပ်ကို ဆေးနဲ့ချုပ်
နှောင်ထားပြီး မကြာခဏ စေလွှတ်ပြီး ပူး
ကပ်ခြောက်လှန့်စေပါတယ်”

“အမြဲတန်း ပူးကပ်နေစေတာ မဟုတ်လား”

“မဟုတ်ပါဘူး အောက်လမ်းဆရာက ဒီမိသား
စုကို ကြီးကြီးကျယ်ကျယ် အကျိုးယုတ်စေ
ချင်တဲ့အခါမှ မိန်းခလေး ခန္ဓာကိုယ်မှာ ပူးကပ်
စေပြီး သူခိုင်းတဲ့အတိုင်း လုပ်ခဲ့ရတာပါ
သူခိုင်းလို့ ဒီမိန်းခလေးရဲ့သားကိုလည်း
သတ်ခဲ့ရပါတယ်၊ သူ့အဒေါ်ကိုလည်း ခြောက်
လှန့်လိုက်လို့ အခုရူးနေပါတယ်…သူ့ယောက်ျား
က ကုသိုလ်ကံမြင့်လို့ အခုထိ ဘာမှမဖြစ်
သေးတာပါ”

“ကဲ…ဆရာကြီးက အောက်လမ်းဆရာရဲ့ အ
ချုပ်အနှောင်ကို ဖြည်ပေးမယ်ဆိုရင် ဒီရွာနဲ့
ဝေးရာထွက်သွားမလား”

“ထွက်သွားပါ့မယ်”

“အေး ဆရာကြီး ရေမန်းတစ်ခွက်တိုက်မယ်
ကဲ ဒီရေမန်းကို မင်းသောက်ပြီးတာနဲ့ အောက်
လမ်းရဲ့ အချုပ်အနှောင်တွေ ပျက်ပျယ်သွား
မယ်။ မင်းသွားလိုရာသွားလို့ရလိမ့်မယ် ကြား
လားကွဲ့”

သရဲကြီးလည်း အားမတန်၍ မာန်လျော့သည့်
လေသံနှင့် ပြန်ဖြေကြားလိုက်သည်နှင့် ဆရာ
ကြီးက ရေခွက်တစ်ခွက် ခပ်ယူလာခိုင်းသည်။
ရေခွက်ရောက်လာသည်နှင့် ရေခွက်ကို ကိုင်
ကာ ဂါထာများ မန်းမှုတ်၍ ပြီးသွားသည်နှင့်

“ကဲသောက်လိုက် သောက်ပြီးရင် ဟောဒီ
နောက်ဘက်က အပေါက်အတိုင်း ထွက်
သွားတော့”

ရေမန်းတစ်ခွက်လုံး ကုန်အောင် သောက်ပြီး
သည်နှင့် အေးအေးသက်၏ ခန္ဓာကိုယ် ဆတ်
ကနဲ တွန့်သွားပြီး နောက်ဖက်သို့ထွက်သွား
သည့် ခြေသံကြီးကိုကြားလိုက်သည်။

“ဝုန်း”

အိမ်ပေါ်မှ အောက်သို့ ခုန်ချသံကို အားလုံးကြား
လိုက်သည်။ အိမ်ပေါ်ကလူတွေ အိမ်နောက်ဘက်
သို့ အာရုံရောက်နေစဉ်…

“ဟား…ဟား…ဟား”

အေးအေးသက်ထံက ယောက်ျားတစ်ယောက်
အော်ရီသံ ကြားလိုက်ရသဖြင့် အားလုံး အကြည့်
က အေးအေးသက်ထံ ရောက်သွားကြပြန်သည်။

“သရဲကို နှင်နိုင်တယ်ဆိုတော့ တော်တော်စွမ်း
တဲ့ ဆရာပေါ့”

“မင်းဘယ်သူလဲ”

“ဘယလို့ပြောရမှာလဲကွ”

“အင် ချိုချိုသာသာနဲ့ ပြောတာမရဘူးဆိုရင်
ဆရာရအောင် လုပ်ရတော့မှာပေါ့”

“လာ မောင်ကံစိန် ဒီဘေးမှာထိုင် မင်းရဲ့ဇနီးကို
အောက်လမ်းဆရာက သရဲနဲ့ ပူးကပ်ခိုင်းလိုက်၊
သူကိုယ်တိုင် ပူးကပ်လိုက် အပင်းလည်း သွင်း
ထားတယ် ဒီနေ့ ဆရာကြီးက အားလုံး ဖြေ
ရှင်းပေးမယ်။ ဘာမှ စိတ်မပူနဲ့ ကြားလား”

“ဟုတ်ကဲ့ ဆရာကြီး ဆရာကြီးရဲ့ လက်ကို
ကျတော့်ဇနီး အပ်ပါတယ်”

“ကဲ ကြားတယ်မဟုတ်လား သူ့ယောက်ျားက
သူ့ဇနီးကို အောက်လမ်းအတတ်တွေနဲ့ ပြုစား
ထားသမျှ ရှင်းလင်းပေးဖို့ ဆရာကြီးကို အပ်
လိုက်ပြီ မင်းဘာကြောင့် ဒီမိန်းခလေးကို
ပြုစားထားတာလဲ”

မေးသော်လည်း မဖြေ…

“ပါးစပ်နဲ့ မေးလို့မဖြေတော့လည်း ဖြေအောင်
လုပ်ရတော့မှာပေါ့”

ဆရာကြီးက ဆေးလွယ်အိတ်ထဲမှ အမွှေးပေါင်း
စုံ ထည့်ထားသော ဖန်ဘူးကလေးကို ဖွင့်လိုက်
ပြီး အထဲမှ လက်ဖွဲ့ကြိုးလေးကို သောက်ရေ
ခွက်ထဲ စိမ်၍ အေးအေးသက်ရှေ့သို့ လက်
ကမ်းပြီး သောက်ရန် ပေးလိုက်ရာ အဆိပ်ရေ
ကို သောက်ခိုင်းသည့်အလား…

“မသောက်ဘူး…မသောက်ဘူး…ပြန်ယူသွား”

ခါးခါးသီး ငြင်းဆန်နေလေသည်။

“မသောက်လို့မရဘူး မောင်ကံစိန်က သူ့မိန်းမ
ကို ပြန်ကောင်းဖို့ ဆရာလက်ကို အပ်ထားပြီးပြီ ဆရာကုသပေးရတော့မယ်။ ဒါကြောင့် သူတစ်
ပါးကို မတရားသဖြင့် ဘယ်နှယ်ကြောင့် နှောက်
ယှက်ထားရတာလဲ”

“အေးအေးသက်ကို ချစ်လို့ပါ ကံစိန်နဲ့ မယူခင်
ကတည်းက လူကြီးတွေကို ပြောပြီး စေ့စပ်
ခိုင်းတာပါ။ အေးအေးသက်က ပြန်မကြိုက်
ပဲ ကံစိန်ကို လက်ထပ်သွားလို့ သူတို့အိမ်ထောင်
ရေး မမြဲအောင် လုပ်ခဲ့တာပါ။ ဒါမတရား
တာ မဟုတ်ပါဘူး သူ့ကို ချစ်လို့ပါ”

“ကာမပိုင်လင်ယောက်ျားရှိနေပြီး ဒီလိုကြံတာ
မသင့်တော်ဘူးဆိုတာ မသိဘူးလား သူတစ်
ပါးကို မဖျက်စီးချင်ပါနဲ့”

“အဲဒါတွေ မသိဘူး သူ့ကို ချစ်တာပဲ သိတယ်
အေးအေးသက် သူများနဲ့ ရသွားကတည်းက
အသည်းကျွမ်းပြီး သေရမလောက်ဖြစ်ခဲ့ရ
ပါတယ်။ ဒုက္ခရောက်ခဲ့ပါတယ်။ ဒါကြောင့်
အခုလို ကြံရခြင်းဖြစ်ပါတယ်။ မတရားဘူး
လို့ မထင်ပါနဲ့”

“ကဲ မဖြစ်နိုင်တာကို မကြံစည်ချင်ပါနဲ့ မင်း
ကြောင့် သူတို့ရဲ့ ကလေးလည်း အသက်ဆုံး
သွားရပြီး ဒီတော့ အခုရေကို သောက်ပါ”

“အဲဒီလို အကြပ်မကိုင်ပါနဲ့ တောင်းပန်ပါတယ်”

အေးအေးသက်လည်း ထဘီကို ဆတ်ကနဲ့မပြီး
ဆောင့်ကြီးအောင့်ကြီး ထသွားသည့်အတွက်
ဆရာကြီးကလည်း ဆေးကြိမ်လုံးနှင့် ကြမ်းကို
တစ်ချက် ဖြန်းကနဲ ရိုက်လိုက်သည်။

ထပြီးထွက်သွားသော အေးအေးသက်ကို တစ်
စုံတစ်ယောက်က ဆံပင်ကို ဆောင့်ပြီး ဆွဲခေါ်
လာသကဲ့သို့ ဒရွတ်တိုက် ပါလာပြီး ဆရာကြီး
ရှေ့မှာ ဒူးထောက်လျက်ရှိနေသည်။ ထို့နောက်
ဆရာကြီးက ဆေးကြိမ်လုံးကိုပြ၍ ရေခွက်ကို
အတင်းသောက်ခိုင်းရာ ဆူဆူဆောင့်နှင့်သောက်
လိုက်ပြီး ကြမ်းပြင်ပေါ်မှာ လူးလှိမ့်နေလေသည်။

“ဆရာကြီးကို ပညာမတူလို့ အရှုံးပေးပြီး ကျေ
ကျေ အေးအေး တောင်းပန်နေတာပါ။ အထက်
လမ်း ဆရာဆိုတော့ ဒီလောက် ဂရုဏာနည်း
တာတော့ သည်းမခံနိုင်ဘူး အေးအေးသက်ရဲ့
အသက်ဟာ ကျုပ်လက်ထဲမှာ ရှိတယ်သိရဲ့လား
မစားရတဲ့အမဲ သဲနဲ့ပတ်ရတော့မှာပဲ ဆရာကြီး
က ကျုပ်ကို သေအောင်လုပ်လည်း အသေ
ခံပြီး အေးအေးသက်ရဲ့ လိပ်ပြာကိုလည်း
နှုတ်ယူသွားရမှာပဲ”

“အင်း မင်းက ဆရာကို ခြောက်လုံးလှန့်လုံးတွေ
လာပြောပြနေတာ ဆရာကတော့ မင်းကို အ
ကြမ်းမဖက်ချင်ပါဘူးကွယ် အသိတရားရစမ်း
ပါ”

“ဘယ်လိုမှ အသိတရား မရနိုင်ဘူး၊ အင်မတန်
စုံမက်လွန်းလို့ အသက်နဲ့လဲပြီး ကြံယူရတာပါ၊
အလွယ်တကူ လက်မလျော့နိုင်ဘူး နှစ်လောင်း
ပြိုင် အသေခံဖို့ စိတ်ကူးထားပြီးသားပါ”

“အင်း တယ်ခေါင်းမာတာပဲ ဆရာ့ကို အဆိုး
မဆိုနဲ့ကွဲ့”

ဟု ဆိုပြီး ဆေးဖယောင်းတို့ကို ထွန်းလိုက်သည်။
သိမ်ဝင် သပိတ်ကွဲ အဖုံးပိတ် စီရင်ထားသည့်
အင်းကြီးတစ်ခုကို ဆေးဖယောင်တိုင်ထိပ်တွင်
တင်လိုက်ရာ အေးအေးသက်မှာ အပူပေါ် ထိုင်
နေရသလို ဖင်တကြွကြွ ဖြစ်လာသည်။တစ်
ခဏအတွင်း လွန်စွာ ပူပြင်းလာသည်။ တစ်
ကိုယ်လုံး မခံမရပ်နိုင်အောင် ဖြစ်လာပြီး
တုန်တုန်ရီရီ ဖြစ်လာသည်။

“အမယ်လေး ပူလိုက်တာ ဆရာကြီး မလုပ်ပါနဲ့
ပူလိုက်တာဒုက္ခဝေဒနာ မခံစားနိုင်ချင်လို့ မြန်
မြန်သာ သတ်လိုက်ပါ”

ဆရာကြီးက သိမ်ဝင်သပိတ်ကို အပူပေးပေး
မြဲ ပေးထားသည်။ ဝေဒနာကို ဆယ့်ငါးမိနစ်
မျှ ဆက်လက်ခံစားနေရာမှ မချိမဆန့် ဖြစ်လာ
သဖြင့်…

“အမလေး…ကြောက်ပါပြီး ဆရာ့ကို အေး
အေးသက် ပြန်အပ်ပါတော့မယ်”

ဟု ပြောလေမှ ဆရာကြီးက အင်းကို ရေစင်
နှင့် ဖျန်းလိုက်ရာ အေးအေးသက်မှာ လူးလှိမ့်
နေရာမှ ငြိမ်သက်သွားလေသည်။

“ကဲ မြန်မြန်အပ် အစက ပြောတဲ့အတိုင်း လိုက်
နာရင်း ဒီလောက် ဝေဒနာခံစားရမှာ မဟုတ်ဘူး”

ဆရာကြီးလည်း အေးအေးသက်အား ရေမန်း
များနှင့် ပက်ဖျန်း၍ ဂါထာမန္တန်များ မန်းမှုတ်
ပေးရာ မေ့မြောသလို ဖြစ်နေရာမှ အားယူ၍
ထလာသည်။

ထိုအချိန် အေးအေးသက်၏ မျက်နှာမှာ ကြမ်း
တမ်းခက်ထန်သော မျက်နှာမျိုး မဟုတ်တော့
ပဲ အပြစ်ကင်းမဲ့သည့် မျက်နှာနှင့် ကိုကံစိန်ကို
လှည့်ကြည့်လိုက်လေသည်။

“ကဲ…တပည့် ဒီမိန်းကလေးကို ခွင့်လွှတ်တယ်
ဆိုရုံနဲ့ မရဘူး ဒီ မိန်းကလေးကို ရရှိဖို့အတွက်
အောက်လမ်းပညာတွေ လေ့လာဆည်းပူးထား
တာ ဆရာကြီးကို အပ်ခဲ့ရမယ် သဘောတူလား”

“ကျတော် ဘယ်သူကိုမှ အောက်လမ်းပညာနဲ့
ပြုစားနှောက်ယှက်တာတွေ မလုပ်တော့ပါဘူး
ဒီပညာကိုတော့ မစွန့်လွှတ်ပါရစေနဲ့ ဆရာကြီး”

“ဒါဆို ဘုရားရှင် ရှေ့တော်မှောက်မှာ သစ္စာ
ရေသောက် သွားမလား”

“သောက်ပါမယ် ဆရာကြီး”

“အေး ဆရာကြီးရှေ့ကဆိုပေးမယ် တပည့်က
နောက်က လိုက်ဆိုပေတော့”

ဆရာကြီးလည်း အေးအေးသက်အား တစ်ဖက်
သတ်အား ကြိုက်ပြီး အောက်လမ်းပညာနှင့်
လုပ်ထားသော ဆရာအား ဘုရားရှင်ရှေ့မှောက်
မှာ သစ္စာဆိုခိုင်းပြီး သစ္စာရေကို တိုက်လိုက်ရာ
ပြန်ထွက်သွားခွင့်ပြုလိုက်သည်။

အေးအေးသက်၏ ခန္ဓာကိုယ်ကို ဝင်စီးထား
သော အောက်လမ်းပညာသည်လည်း အား
မတန်၍ မာန်လျော့ကာ ထွက်ခွာသွားပြီး ဖြစ်
သည်။ အချိန်ကလည်း ခုနှစ်နာရီခွဲခန့်ရှိပြီ
ဖြစ်သည်။ ဆရာကြီးက အေးအေးသက်၏
မိဘများအား အနီးသို့ ခေါ်ပြီး အကျိုးအ
ကြောင်း ရှင်းပြသည်။

“ကဲ… မြင်တဲ့အတိုင်းပဲ သမီးလေးကို ပြုစား
ထားတဲ့ အောက်လမ်းဆရာ သစ္စာရေ သောက်
ခိုင်းလိုက်ပြီး ထွက်သွားပြီ ဒါပေမယ့် အောက်
လမ်းပညာနဲ့ သွင်းထားတဲ့ အပင်းတွေ ဝမ်း
ဗိုက်ထဲမှာ ကျန်သေးတယ် မနက်ဖြန် မနက်
ပိုင်း ရောက်မှ အပင်းအားလုံး ချပေးမယ်
ဟုတ်လား”

“ဆရာကြီး ကောင်းမယ်ထင်သလိုသာ လုပ်
ကိုင်ပေးပါ။ သမီးလေးရောဂါ ကင်းကင်းရှင်း
ရှင်း ပျောက်သွားရင် ဝမ်းသာရမှာပါ”

“စိတ်ချ ဒီည ဆေးဝါးအချို့ တိုက်ထားလိုက်
မယ်၊ မိန်းကလေးကို တစ်ဖက်သတ်ကြိုက်ပြီး
အောက်လမ်းနည်းနဲ့ တိုက်ထားတဲ့ သူငယ်ကို
တော့ သိပြီးရောပေါ့”

“ဟုတ်ကဲ့ သိပါတယ် ရွာတောင်ပိုင်းက တိုးမြင့်
ဆိုတဲ့ ကောင်ပါ၊ သူ ဒီပညာတွေ ဘယ်လိုတတ်
သွားတာလဲ စဉ်းစားလို့ကို မရဘူး ဆရာကြီး”

“အဆက်အသွယ်လဲရှိ ကိုယ်ကလည်း သင်ယူ
ချင်တယ်ဆိုရင် သင်ယူလို့ရတဲ့ ပညာတွေပဲ
ကောင်းတဲ့ပညာလား၊ မကောင်းတဲ့ပညာလား
ဆိုတာတော့ ခွဲခြားတတ်ဖို့ လိုတယ်”

“သူ ဆရာကြီး ရွာပြန်သွားရင် ပြန်ပြီး အနှောင့်
အယှက်များ ပေးဦးမလား”

“စိတ်သာချနေ အောက်လမ်းပညာကလည်း
စွမ်းသလို ဆရာကြီး သောက်ခိုင်းလိုက်တဲ့
သစ္စာရေကလည်း ဖောက်ဖျက်မိရင် သူ့အ
သက်နဲ့ ရင်းရတဲ့အထိ စွမ်းတယ်ကွဲ့ သေပြီး
အဝီစိကို ချက်ချင်း ရောက်ချင်မှ မဟုတ်ဘူး
မိန်းကလေးကို စိတ်ချလက်ချနဲ့ ပြောဆို
ဆက်ဆံလို့ ရပါပြီကွယ့်။ မနက်ဖြန်ဆို အ
ရင်လိုပဲ လူကောင်းစိတ်ကောင်းပြန်ဖြစ်သွား
ပါလိမ့်မယ်”

“ဟုတ်ကဲ့ ဝမ်းသာလိုက်တာ ဆရာကြီးရယ်”

“ကဲ လုပ်စရာရှိတာ သွားလုပ်ကြတော့ ဆရာ
ကြီး တရားထိုင် ပုတီးစိပ်လိုက်ဦးမယ်၊ ဆရာ
ကြီးက ရာသက်ပန် ဥပုသ်စောင့်လို့ ညစာ
မစားဘူးကွဲ့ ….ရေနွေးကြမ်းတော့ ထားပေး
လို့ရပါတယ်။ ဆရာကြီးအတွက် ဘာမှ
အားမနာကြနဲ့”

“ဟုတ်ကဲ့ ဆရာကြီး အဆင်ပြေသလို နေပါ။
ကျတော်တို့ ညစာကိစ္စ စီစဉ်ပါဦးမယ်”

“အေး…အေး သွားကြ သွားကြ”

ဦးစံညွန့်တို့လည်း ဆရာကြီးကို ရှိခိုးလိုက်ပြီး
အသီးသီး ထသွားကြတော့သည်။ ဆရာကြီး
လည်း ဘုရားစင်မှာ အမွှေးတိုင်၊ ဆီးမီး၊
သောက်တော်ရေချမ်းကပ်ပြီး ဘုရားရှိခိုး
ကာ ပုတီးစိပ်နေပါတော့သည်။

မနက် ကိုးနာရီထိုးပြီးသည်နှင့် ဆရာကြီးက
အေးအေးသက်”အပင်း”ချရန် အစီအရင်ပြု
နေသည်။ အေးအေးသက်အား ရတနာသုံးပါး
မိဘဆရာ စသည်များနှင့် သဗ္ဗာဒေဝ၊ နတ်
ကောင်းနတ်မြတ်များ၊ အထက်ဆရာကြီး
များအား ကန်တော့ ပူဇော်စေပြီးနောက်
ပိတ်ဖြူစတောင်း၍ စကောချပ်ပေါ် တင်
ထားစေသည်။

အေးအေးသက်အား အပင်းချဆေးတိုက်ပြီး
ဆရာကြီးက ဂါထာမန္တန်များ ရွတ်ဖတ်၍ ဝမ်း
ဗိုက်ကို ဆေးကြိမ်ဖြင့် ရွယ်ကာ အမိန့်ပေးပြီး
ဝမ်းထဲက အပင်းများကို အန်ထုတ်စေသည်။
ဆရာကြီး၏ အမိန့်ပေးစေခိုင်းပြီး မကြာခင်
မှာ ဝေါခနဲ ဝေါခနဲ ပျို့အန့်နေလေသည်။

“ငါ့တပည့် မမောစေ မပန်းစေနဲ့ နဂိုမူလ
သဏ္ဍာန်အတိုင်း ထွက်စေ ဘုရား တရား
သံဃာ အမိန့်တော် အထက်ဆရာကြီး
များ အမိန့်တော်”

စသဖြင့်…ပြောလေမှ…ပိတ်ဖြူပေါ် ငုံ့ပြီး ပါးစပ်
ကို ဟလိုက်ရာ ပါးစပ်တွင်းမှ ပိတ်ဖြူပေါ်သို့
ကြောက်စရာ၊ ရွံစရာကောင်းသည့် အရာဝတ္ထု
များ၊ ဆံခြည်ထွေးများ၊ ဖိနပ်စုတ်၊ အသားတစ်
များ၊ ပုပ်ဟောင်နေသော ကြွက်သေများ တစ်
မျိုးပြီး တစ်မျိုး ကျနေသည်။

ဆိုးဝါးသော အနံ့အသက်များကြောင့် အနီးက
လူများ နှာခေါင်းတရှုပ်ရှုပ်ဖြစ်နေသည်။ ထိတ်
ထိတ်လန့်လန့် ရှိနေသည်။ ထို့နောက် ဝမ်းထဲ
မှာ ကုန်သွား၍လား ထပ်၍ကျမလာတော့ ဆ
ရာကြီးက ရေခပ်ပြီး ပလုတ်ကျင်းစေသည်။

ပလုတ်ကျင်းပြီးသည်နှင့် ရေမန်းကို သောက်
စေလိုက်သည်။ ရေမန်းကို သောက်လိုက်ပြီ
သည်နှင့် လန်းလန်းဆန်းဆန်း ပြုံးပြုံးရွှင်ရွှင်
ဖြစ်လာလေသည်။ ထို့နောက် ပိတ်စကို ထုတ်
ခိုင်းလိုက်ပြီး ရွာပြင်က ချောင်းအလယ်သို့
သွားပြီး ပစ်ခိုင်းလိုက်သည်။

ဦးစံညွန့်က သူ၏တူတစ်ယောက်ကို စကော
အတိုင်း မယူသွားစေပြီး စွန့်ပစ်ခိုင်းလိုက်သည်။
အေးအေးသက် တစ်ယောက် မည်သည့်ရော
ဂါမှ မရှိတော့သလို ခင်ပွန်းဖြစ်သူ ကိုကံစိန်
ကို အနီးသို့ခေါ်ပြီး လက်ကို တင်းတင်းဆုတ်
ကိုင်ထားလေသည်။

တစ်နှစ်ကျော်ကျော်ခန့် သူစိမ်းတွေလို နေခဲ့
သော ချစ်ဇနီးအား တစိမ့်စိမ့်ကြည့်ရင်း ဝမ်း
သာနေလေသည်။

အားလုံးသော လူများလည်း ဆရာကြီးအား
ကြည်ညိုမဆုံး ရှိကြလေသည်။ ထို့နောက်
ဆရာကြီးအား နေ့လယ်စာ ကျွေးပြီး တစ်နာ
ရီခန့် စကားပြောဖြစ်ကြသည်။

ဆရာကြီးက ပြန်ချိန်သင့်ပြီဟု ပြောလာသည့်
အတွက် ဦးစံညွန့်တို့မိသားစု အားလုံး ဆရာ
ကြီးအား ကန်တော့ကြသည်။

နေ့တစ်နာရီခန့် ဆရာကြီး နေထိုင်ရာ ‘အေးရွာ’
သို့ ဦးထွန်းအေးနှင့် ဦးသင်းမောင်တို့ကပြန်၍
ပို့ပေးကြလေတော့သည်။

ပြီးပါပြီ

မူရင်းရေးသူ ဆရာ ဧကန်မင်း
စာဖတ်သူကို ကူးယူဝေမျှသူ လက်ခ(ရွှေပေါက္ကံ)
credit

အိမ်နီကြီးပေါ်က သရဲများ စာအုပ်မှ ကောက်
နုတ်တင်ပြထားသည်။

စာဖတ်သူများ ချစ်တဲ့သူနဲ့ ညားနိုင်ကြပါစေ