သေကွဲ(စ/ဆုံး)
———-
မင်းတောသူဌေးတစ်ယောက်နဲ့ လက်ထပ်သွားပြီဆိုတုန်းက ငါအဲဒီသတင်းကိုကြားကြားခြင်း မကွေးတံတားပေါ်မှာ တစ်ယောက်ထဲရပ်ပြီး ဆွေးဆွေးကြီးပေါ့။ ငါ့လွယ်အိတ်သိုင်းကြိုးမှာ မင်းအမည်ကို မှတ်ကျောက်တင်ခဲ့ဖူးတဲ့အရွယ်ကနေ ငါ့မင်္ဂဆောင်ချိန်အထိ မင်းကိုသတိရနေခဲ့မိတာလေ။
“ငါမိန်းမယူတော့မယ် ”
အရင်တိုင်းပဲ မင်းကငါ့ကိုရယ်သံတွေနဲ့ မယုံသလိုကြည့်တယ်။
“အမယ်နင်က ဟားဟား ယုံအောင်ပြော ”
မင်းပုခုံးပေါ်က ငါ့လက်တွေ ကမ်းနားလမ်းကခုံတန်းလျားပေါ် ချက်ချင်းပြုတ်ကျသွားတယ်။
“ဟုတ်တယ် ငါအတည်ပြောနေတာဟ မနေ့ကနင့်ဆီမလာဖြစ်တာ ဖိတ်စာကိစ္စနဲ့ အလုပ်ရှုပ်နေလို့လေ ”
ငါ့ကို ဒုတိယအကြိမ်ပြန်ကြည့်တဲ့ မင်းအကြည့်တွေဟာ ပထမအကြည့်လို ပျော်ရွှင်စရာတွေမပါခဲ့ဘူး။
“ငါ့ကို အဆောင်ပြန်ပို့တော့ ”
ငါတို့ အပြန်လမ်းတစ်လျှောက်လုံး သစ်ရွက်တွေကြွေနေတာ မင်းသတိထားမိလား ။ သစ်ရွက်တွေနဲ့အတူ မင်းမျက်ရည်တွေကောလေ။
ကန်သာထဲက အဆောင်ရောက်တော့ မင်းကနှေးတုံ့လေးကန်တဲ့ ခြေလှမ်းတွေနဲ့ ဝင်သွားတယ်။ ငါ့ကိုလှည့်မကြည့်ဘူး။ လမ်းဘေးမီးတိုင်အားလုံးက အဝါရောင်တွေချည်းပဲ။
အဲဒီမှာငါတို့ဝေးကြတော့တာပဲ။
အဲနေ့ညက ငါတစ်ညလုံးအိပ်မပျော်ခဲ့ဘူး။ မနက်မင်းကိုတောင်းပန်ဖို့ ငါမင်းအဆောင်ကိုရောက်တော့ အစောထွက်တဲ့ကားနဲ့ရွာကိုပြန်သွားပြီတဲ့။ ကြေကွဲစရာပဲ။ မင်းရှက်သွားပြီလား ။ ဒါမှမဟုတ်ငါ့ကိုစိတ်နာသွားပြီလား။ နှစ်ခုလုံးမဟုတ်ပါစေနဲ့လို့ ဆုတောင်းဖို့ ငါအေးစေတီဘုရားကိုသွားတယ်။ မင်းနဲ့ထိုင်ခဲ့ဖူးတဲ့ ညောင်ပင်အောက်က အုတ်ခုံပေါ်အကြာကြီးထိုင်နေမိသေးတယ်။ ဘုရားကအပြန် “ရှားလူ ” အာပူလျှာပူဆိုင်သွားတယ် ။ တစ်ယောက်ထဲထိုင်ပြီး နှစ်ပွဲမှာတယ်။ တစ်ပွဲစားပြီး နှစ်ပွဲစာရှင်းခဲ့တယ်။ ပြောရအုံးမယ် ငါထိုင်နေစားနေတုန်း ထုံးစံအတိုင်းပဲလေ ကင်းကျောက်ကုန်းကကလေး မုန့်ဖိုးလာတောင်းသေးတယ် သူ့ကိုမင်းမှတ်မိတယ်မဟုတ်လား ငါတို့ထိုင်စားတိုင်း လာတောင်းနေကြကလေးလေကွာ ။ အဲဒီကလေးပဲပေါ့ သူလဲငါ့လိုမျိုး မင်းကိုမမေ့ဘူး ။ အမကောအကိုတဲ့ မင်းအမငါ့ကို စိတ်ဆိုးနေတာ ငါ့ဆီတစ်သက်လုံးပြန်မလာတော့ဘူး လို့ငါပြောလိုက်တယ်။ အကြွေအချို့ကိုလက်ထဲဆုတ်ကိုင်ရင်း ငါ့ကိုဆွေးဆွေးကြီးပြန်ကြည့်နေတယ်။ ငါလဲမင်းမရှိတဲ့ရပ်ဝန်းက ထပြန်ခဲ့တယ်။
၂၀၁၄ ၊ ၂၀၁၅ ၊ ၂၀၁၆ ငါတို့အဲဒီသက္ကရာဇ်တွေမှာ အဆက်သွယ်မရခဲ့ဘူး။ မင်းအမေ ဆုံးပါးသွားတဲ့သတင်းကိုငါကြားတယ် ။ မင်းမောင်လေးဆိုင်ကယ်တိုက်မှုဖြစ်တာလဲ ငါသိတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ မင်းအတွက်နာကျင်စရာဖြစ်စဥ် နှစ်ခုလုံးက အခုလိုဆောင်းတွင်းကြီးမှာပဲလေ။ ငါလဲမအေးမြခဲ့ပါဘူး။ စိတ်မကောင်းစရာအကောင်းဆုံးက မင်းတက္ကသိုလ်ဆက်မတတ်တော့ဘူးဆိုတာပါပဲ။ တချိန်ကငါတို့နှစ်ယောက်ကို အားကျခဲ့ဖူးတဲ့ မင်းသူငယ်ချင်းတွေရဲ့ အကြည့်အားလုံးကို ငါဘာလက်နက်နဲ့မှ မတော်လှန်နိုင်ခဲ့ဘူး။ ဘာပဲဖြစ်ဖြစ် ငါတောင်းပန်နေခဲ့တာပါ။
“နင်ရန်သတ်လာပြန်ပြီလား ငါလဲစိတ်ညစ်တယ်နင်တစ်ယောက်နဲ့တော့ ငါတို့်လက်ထပ်ပြီးလို့ သားသမီးတွေရလာရင် ဘယ်လိုလုပ်မလဲ နင့်လိုပဲဂျစ်ကန်ကန်တွေဆိုသွားပြီ ”
နင်ယောင်ကိုင်းနေတဲ့ ငါ့လက်ခုံကိုနှိပ်ပေးနေရင်း တကယ့်အိမ်ထောင်ရှင်မကြီးလို ငါ့အပေါ်ဆရာမကြီးလာလုပ်နေတာကြည့်ပြီး ငါမှာရယ်လိုက်ရတာ။ သိပ်ပြီးကြည်နူးစရာကောင်းတာပဲနော်။
“စိတ်ချပါဟ နင်နဲ့လက်ထပ်ပြီးရင် ငါလဲအချိုးပြင်သွားမှာပေါ့ နင်လဲမြန်မြန်ကျောင်းပြီးတော့ဟာ ချိန်းတွေ့နေရတာရှက်လာပြီ ”
ငါ့ရင်ဘတ်ပေါ် နင့်လက်သီးတွေဖွဖွလေးရောက်လာတယ်။
“အမယ် သေလိုက်ပါ့လား မပြောချင်ဘူး သူကရှက်ရတယ်ရှိသေး ဟားဟား ”
အဲဒီနေ့က မိုးတွေညို့ညို့ဆိုင်းဆိုင်းနဲ့ နင်လက်လေးတွေကတော့ နွေးနေလေရဲ့။
နင်မှတ်မိသေးလား ငါတို့လက်မခွဲခင်သုံးရက်လောက်အလိုကလေ
“ဟဲ့ ငါအိပ်မက်တွေမကောင်းဘူးသိလား
ငါ့ကိုခွေးလိုက်ကိုက်တာလေသိလား နင်ကလဲငါခေါ်တာ လုံးဝလှည့်မကြည့်ဘူးတဲ့ လန့်နိုးလာတော့ နင်ကိုစိတ်တွေတိုလိုက်တာသိလား ”
ငါမရယ်ဖြစ်ခဲ့ဘူး။ နင့်ကိုဖွင့်မပြောရက်ခဲ့တဲ့ ငါ့မင်္ဂလာဆောင်ရဲ့ နိမိတ်တွေပဲလို့ ငါကြိုသိနေခဲ့တာလေ။ မင်းမျက်နှာလေးပေါ် ဆံနွယ်တွေပြေးလွှားနေကြတဲ့အထိ ကမ်းနားလမ်းရဲ့ လေရူးဟာတသုန်သုန် ။
မက်မက်စက်စက်ကြည့်ခဲ့မိတယ် နင်ကသိပ်ပြီးအပြစ်ကင်းတဲ့ အမျိုးသမီးလေးပဲ။
ငါတို့အဲနေ့က စောစောပြန်ခဲ့တယ် ။ မင်းအဆောင်ကိုလိုက်ပို့ပြီး ငါပြန်မယ်လုပ်တော့
“ဟဲ့ ညကလိုအိပ်မက်မက်ရင် ငါကနင့်ကိုပဲထပ်ပြီးအော်ခေါ်မှာနော် ဒီတစ်ခါလှည့်မကြည့်ရင်တော့ နင်နဲ့ငါပြတ်ပြီ ”
ငါ့မျက်လုံးတွေက နင့်ကိုပြောနေတဲ့စကားတွေ နင်မဖတ်တတ်တော့ဘူးထင်ပါရဲ့ ။ ခုတော့ ငါတို့ကဒဏ်ရာကိုယ်စီနဲ့ လောကရဲ့လမ်းမတွေပေါ်မှာ။
သက္ကရာဇ်တွေ ၊ လူတွေ ၊ ပတ်ဝန်းကျင်တွေ ၊ ရာသီဥတုတွေ ၊ နိုင်ငံရေးတွေ သတိရစိတ်တွေကလွဲပြီး အရာရာဟာအရင်တိုင်းမဟုတ်တော့ဘူး။ မင်းသိလား ပြောင်းလဲကုန်ကြပြီဆိုတာလေ ။ မင်းရန်ကုန်မြို့ရဲ့ စက်ရုံတစ်ခုမှာ အလုပ်ဝင်နေတယ်လို့ကြားတော့ ငါစိတ်ပူမိသေးတယ်။ စာထဲမှာဖတ်ခဲ့ဖူးတဲ့ ရန်ကုန်မြို့ဟာ မရိုးသားဘူးလေ ။ ငါ့အတွေးတိုင်းဟာ မင်းသတင်းတွေနဲ့ပဲဖုံးအုပ်ထားခဲ့ရတယ်။ ဒါပေမဲ့ ငါ့မိသားစုလေးဟာလဲ သိပ်ကိုချစ်ဖို့ကောင်းနေပါပြီ။ ငါနဲ့တူတဲ့သားလေးကို ငါ့မိန်းမက မွေးပေးထားတယ်လေ ။
မိတ်ကပ်မကြိုက်တဲ့မိန်းမတစ်ယောက်ဟာ နှုတ်ခမ်းနီနဲ့ ၊ အတိုအပြတ်တွေစိတ်မဝင်စားတဲ့မိန်းမဟာ ဂျင်းစကပ်နဲ့ ဆံနွယ်တွေအခက်လိုက်နဲ့မိန်းမဟာ သရီးစတတ်နဲ့ ။ ဟုတ်ပါတယ် မင်းဟာအရာရာပြောင်းလဲနေခဲ့ပါပြီ။
“အဲတာနင့်သားလား ချစ်ဖို့ကောင်းလိုက်တာ နင်နဲ့လဲတစ်စက်မှမတူဘူး ဟားဟား ”
မင်းရယ်သံတွေ အရင်လိုအသက်မပါတော့ဘူးဆိုတာ မင်းကိုယ်တိုင်သိမှာပေါ့။
“နင်အိမ်ထောင်မပြုသေးဘူးလား ”
မင်းငါ့ကို စူးစူးရဲရဲကြည့်ပြီးဖြေသွားတဲ့ စကားလုံးတွေဟာ အခုထိငါ့ရင်ထဲကအနာတရပဲ။
“ဒီမယ် ယောက်ျားကယူရင်တစ်ယောက်ပဲရမှာလေ ရတဲ့တစ်ယောက်ကကော ငါ့အပေါ်မှာတစ်သက်လုံး သစ္စာရှိမယ်လို့နင်ထင်လား နင်တောင်ငါ့အပေါ်မှာ..ကျွတ် တော်ပြီတော်ပြီ ငါမေ့ထားခဲ့တဲ့အချိန်တွေ အလကားအဖြစ်မခံနိုင်ဘူး ငါအများကြီး ကျော်ဖြတ်ခဲ့ရပြီးပြီ ”
မင်းတစ်ယောက်ထဲ ဖြတ်ကျော်ခဲ့ရတာမဟုတ်ကြောင်း ငါရှင်းပြချင်ခဲ့မိတယ်လေ။ မင်းကျောပြင်ကို မြင်ကွင်းကနေပျောက်ကွယ်သွားတဲ့အထိကြည့်ပြီး ငါသက်ပြင်းချခဲ့မိတယ်။
ကမ်းနားလမ်းမှာ တစ်ယောက်ထဲထိုင်ဖြစ်ခဲ့တယ်။ လှိုင်ကလေးတွေဟာ စကားပြောတတ်သလားမသိပါဘူး သူတို့တွေမင်းသတင်းကို မေးနေကြတယ်လို့ ငါထင်တယ်။ မင်းသူငယ်ချင်းတွေဆီက ပြန်ကြားရတဲ့သတင်းအရတော့ မင်းကအရင်လိုမဟုတ်တော့ဘူးတဲ့ ။ ရည်းစားတွေထယ်လဲတွဲရင်း တက္ကသိုလ်မှာနာမည်ကြီးတစ်ယောက်ဖြစ်နေပြီတဲ့လေ။
“နင်ဘာတွေလျှောက်လုပ်နေတာလဲ”
ငါ့မေးခွန်းက နင့်အတွက်အထူးအဆန်းလို ဟန်မျိုးလုပ်ပြီး
“ဟယ် နင်မေးတတ်တယ်နော် နေပါအုံးနင်ငါ့ကို ဘယ်လိုများထင်နေလဲ ဒါနင်ငါ့ကိုရွေးချယ်ပေးထားတဲ့လမ်းပဲလေ ဘာလဲငါတောင်လျှောက်ရဲပြီး နင်ကမလျှောက်ရဲဘူးလား ဟားဟား တကယ်နော်နင်က အရင်တိုင်းပဲ ဘာမှမပြောင်းလဲဘူး ဟာသတွေပြောရင် ရယ်နေရတုန်းပဲ ”
နင်ပျော်ရွှင်နေတာ ငါစိတ်ချမ်းသာပါတယ်။ ဒါပေမဲ့ငါပြောနေတာ ဟာသမှမဟုတ်တာ။
လွတ်လပ်ရေးပန်းခြံထဲကခုံပေါ်ကနေ နင်ထရပ်ပြီး ဖုန်းနံပါတ်တစ်ခုကိုခေါ်တယ် အမည်ကိုဘယ်လိုမှတ်ထားလဲ သဲသဲကွဲကွဲမတွေ့ရပေမဲ့ အသည်းပုံလေးတွေကိုတော့ ငါပြတ်ပြတ်သားသားတွေ့လိုက်မိပါတယ်။
“ဟယ်လို ကို စောင့်နေမှာစိုးလို့ သဲကဒီနေ့အတန်းချိန်မတက်ဘူးလေ သူငယ်ချင်းတစ်ယောက် နာရေးကိုခဏရောက်နေတာ အဲတာလေ…. ”
နင်တို့ပြောနေတဲ့စကားတွေ ငါ့နားထဲမှာကြားတစ်ချက် မကြားတစ်ချက်ပါပဲ။ နာရေးတဲ့လား မင်းကသိပ်ပြီးအကွက်ကျလွန်းတယ် အရာရာကိုချိန်သားကိုက်ပစ်ခတ်တတ်တယ် ။ ဖုန်းချခါနီး ငါ့ကိုကြည့်ပြီး အသံမြည်တဲ့အထိ ဖုန်းကိုနမ်းပြသွားပုံက ငါအိပ်ရေးပျက်စေတဲ့ အဓိကအကြောင်းရင်းတစ်ခုပါပဲ။ မင်းသိပ်တော်ပါတယ်။
အဲဒီနောက်ပိုင်း စိတ်ကိုအနာတရဖြစ်စေမဲ့ အကြောင်းရာတွေကိုရှောင်ရှားရင်း မင်းရှိရာအရပ်ကို ငါခြေဦးမလှည့်ခဲ့ဘူး။ ကျောင်းပြီးတော့ မင်းပြန်သွားပြီပေါ့။ ငါလဲမကွေးမှာ ကြာကြာမနေဖြစ်တော့ပါဘူး ငါ့မိသားစုလေးကိုထားခဲ့ပြီး အလုပ်ကြောင့်အခြားမြို့ကိုထွက်သွားခဲ့ရတယ်။ မင်းအိမ်ထောင်ကျသွားပြီဆိုတဲ့သတင်းကို ငါကြားပါတယ်။ မင်းစိတ်နဲ့ဖြစ်ချင်တိုင်းဖြစ်နေတဲ့ ငါ့သတင်းကိုသာမင်းမကြားခဲ့တာပါ။ ဒါပေမဲ့အချိန်တစ်ခုပါပဲ မင်းကိုမေ့နိုင်ဖို့အတွက် အလုပ်ထဲမှာအာရုံပိုစိုက်ဖြစ်တယ် ။ အဝေးကနေ ငါ့မိသားစုလေးကို နွေးထွေးစေခဲ့တယ်။ အမှန်တိုင်းဝန်ခံရရင် မင်းပုံရိပ်တွေဟာ ဝိုးတဝါးပါပဲ ။ လုံးဝတော့ပြယ်လွှင့်မသွားခဲ့ဘူးပေါ့လေ ။
၂၀၂၀ ခုနစ်မှာ ရောဂါကပ်ဆိုးတွေ နေရာအနှံ့မှာ လူတွေရဲ့အသက်ကိုဝါးမျိုနေခဲ့ပြီ။ တကယ်ဆိုရင် မင်းကိုလဲမေ့လျောဆပြုနေပါပြီ။ ငါတို့လဲအလုပ်ကနားနေချိန်ဆိုပေမဲ့ မကွေးကိုတော့ပြန်ခွင့်မရခဲ့ဘူးလေ ။ ဖုန်းတစ်လုံးနဲ့ပဲ လိုင်းသုံးလိုက် ဇာတ်လမ်းတွဲတွေကြည့်လိုက်နဲ့ပဲ အချိန်တွေကုန်ဆုံးခဲ့ရတယ်။
အရေးခင်းကာလမစခင်အချိန်လို့ထင်တယ်။ ငါ့သူငယ်ချင်းကိုဆန်းဖုန်းဆက်လာတယ်။ နင်ကိုဗစ်ရောဂါနဲ့ ဆုံးသွားပြီတဲ့လေ ။ တင်းခံထားတဲ့ကြားကနေ မျက်ရည်တွေဟာ ငါ့ပါးပေါ်သူ့ထက်ငါ အပြေးအလွှားခုန်ဆင်းလာကြတယ်။ ငါ့အနားမှာလုပ်ဖော်ကိုင်ဖက်တွေရှိတာကြောင့် အဲဒီဝန်းကျင်ကနေ ငါပြေးထွက်သွားတယ်။ ကိုဆန်းအသံတွေက ဝေးလိုက်နီးလိုက်ပါပဲ။ ငါ့အခန်းလေးထဲရောက်တော့ ငါတအားအော်ငိုမိတော့တာပဲ ။ ဘာကြောင့်မှန်းမသိဘူး နင့်နာမည်ကိုခေါ်ခေါ်ပြီး ငါ့ကိုခွင့်လွတ်ဖို့ အကြိမ်ကြိမ်တောင်းပန်နေခဲ့တာ အရူးလိုပဲ။ ဒီလောက်ထိချစ်ခဲ့ကြတာ ဘာကြောင့်လမ်းခွဲခဲ့သလဲဆိုတဲ့ အဖြေကိုမေးသူမရှိပဲငါဖြေခဲ့ရတယ်။ နင်ကြားနိုင်သေးရဲ့လား ။ မိဘအတွက် သားလိမ္မာဖြစ်ခဲ့ပေမဲ့ နင့်အတွက်တော့ ငါကသမိုင်းတရားခံပါပဲ။
မင်းဆဒ္ဒန်အတွက် အင်ကြင်းပန်းဆိုပေမဲ့
သုဘဒ္ဒါအတွက်တော့ ခါချဥ်ကောင်ပဲလေ။
ရှင်ကွဲဆိုတဲ့ လမ်းကိုငါကရွေးချယ်ခဲ့ပြီး သေကွဲဆိုတဲ့လမ်းကို နင်ကရွေးချယ်သွားခဲ့တယ်။ ပြီးပါပြီလို့စာတမ်းမထိုးပေမဲ့ ငါတို့ဇာတ်လမ်းကဆုံးသွားခဲ့ကြပြီပဲမဟုတ်လား ။
ဒီနေ့ဆိုမင်း လူလောကကြီးထဲက ထွက်ခွာသွားတာ သုံးနှစ်နဲ့တစ်လပြည့်တဲ့နေ့ပဲ။ နင့်အတွက်ရည်စူးပြီးကပ်ချင်လို့ စျေးကနေ နင်ကြိုက်တဲ့လီလီပန်းတွေဝယ်ခဲ့တယ်။
ဘုရားရောက်တော့ အလှူခံဌာနမှာ နင့်နာမည်နဲ့ငါ့နာမည်ကို အလှူခံဖြတ်ပိုင်းမှာ ရေးခိုင်းလိုက်တယ်။ ပြောရအုံးမယ် နင့်နာမည်ကို ငါကွင်းစကွင်းပိတ်ထဲ မထည့်ခိုင်းဘူးဆိုတာလေ နင်သိရင်တော့ သေချာတယ် အရင်လိုအသံထွက်ပြီး ရယ်နေအုံးမှာမလား ။ ဘုရားရင်ပြင်ပေါ်ရောက်တော့ အင်္ဂါထောင့်မှာ နင့်အတွက်ပန်းတွေကပ်ပြီး အချိန်တွေဘယ်လောက်ကြာကြာရပ်နေမိတယ်မသိတော့ပါဘူးဟာ ငါ့ကိုယ်ငါသတိထားမိတဲ့အချိန်မှ ငါ့ပါးမှာမျက်ရည်တွေနဲ့လေ ။
နင်ကောင်းရာမွန်ရာရောက်ပါစေ ။
ငါဆုတောင်းပါတယ်။ မေတ္တာစစ်ရင်ပေါင်းဖက်နိုင်တဲ့ဘဝမျိုးပေါ့ဟာ ။ လူ့ဘဝဆိုတာဒုက္ခတောကြီး နင်ထွက်သွားလဲကောင်းပါတယ်။ နင်သိပ်ချစ်တဲ့ နင့်အမျိုးသားကိုငါတွေ့ဖြစ်ပါတယ်။ နောက်တစ်ယောက်နဲ့လေ။ ဒီစကားတွေကို ငါရင်နာနာနဲ့ပြောနေရတာနားလည်ပါ။ နင်ငါ့ကိုပြောဖူးတယ်မဟုတ်လား ယူရင်တစ်ယောက်ပဲရမှာ ရတဲ့တစ်ယောက်ကကော တစ်သက်လုံးသစ္စာရှိရှိနဲ့ အနားမှာနေသွားမယ်လို့နင်ထင်လား ဆိုတာလေ။
လွမ်းမိအခါတိုင်း နင်ဘယ်ဘဝရောက်နေပြီလဲလို့အမြဲတမ်းတွေးနေဖြစ်တယ်။ ငါလဲမကွေးကိုမပြန်ချင်တော့ပါဘူး။ အဓိကတော့ကမ်းနားလမ်းကို မသွားချင်တော့တာပါ။ မကွေးတံတားပေါ် တစ်ယောက်ထဲသွားပြီး ရပ်မနေချင်တော့တာပါ။ ဒေါ်ထားအသုတ်ဆိုင်ကိုမသွားချင်တော့တာပါ ။ ဖူဂျီမုန့်ဟင်းခါးဆိုင်မှာ သွားမစားချင်တော့တာပါ။ အေးစေတီဘုရားကအုတ်ခုံမှာသွားမထိုင်ချင်တော့တာပါ။ ရှားလူဆိုင်မှာ အာပူလျှာပူသွားမသောက်ချင်တော့တာပါ။ ကင်းကျောက်ကုန်းကကလေးကို ထပ်မတွေ့ချင်တော့တာပါ။ ကန်သာထဲကရွှေနိုင်ငံလမ်းကြားကို ထပ်မသွားချင်တော့တာပါ။ အချစ်ရွာမှာနွားနို့သွားမသောက်ချင်တော့တာပါ။
ငါနင့်ကိုသိပ်သတိရတာပဲ နင်သိနိုင်သေးရဲ့လား။
အိပ်မက်ဝင်လမ်းတွေကို အကျယ်ကြီးချဲ့ထားပါတယ်။မင်းရောက်လာမယ်အထင်နဲ့လေ ။ မင်းကတော့ရောက်မလာခဲ့ဘူး။ ဘဝသစ်မှာငါ့ကိုမေ့သွားပြီထင်ပါရဲ့။ ဒီလိုမှန်းသာသိရင် မင်းကိုယ်စား အဲဒီခရီးမျိုး ငါသာထွက်သွားမိမှာပါ။ ဝေးခဲ့ပြီလို့တွေးတွေးပြီး ဆွေးနေရတဲ့အဖြစ် မင်းမြင်ရင် အရင်လိုရယ်နေအုံးမှာလား။ ငါကတောင်းပန်နေခဲ့တာပါ။ ခွင့်လွှတ်ပါလို့တော့ ငါမပြောလိုတော့ပါဘူး။ မင်းပြောသလို ဒီလမ်းကငါရွေးချယ်ခဲ့တဲ့လမ်းပဲလေ။
ငါကရှင်ကွဲကိုရွေးချယ်ပြီး နင်ကတော့သေကွဲကိုရွေးချယ်သွားခဲ့တယ်။ နင်သိပ်ကိုတရားပါတယ်။ ဒါပေမဲ့ငါ့မှာတော့ ဘယ်တရားနဲ့ဖြေဖြေခုထိမပြေနိုင်သေးဘူး။
ဟိုး….အမြင့်ဆုံးမှာ ပျံသန်းနိုင်ပါစေ ငှက်ကလေးရေ…..။
#ကျီးကန်း_မကွေး