သေစေရှင်စေ ကိုသေမင်း(စ/ဆုံး)
~~~~~~~~~~~~~~~~~
ကျုပ်နံမည် တောက်ထွန်းလို့ ခေါ်သဗျ။ မွေးထဲက မိဘဆိုတာဘာမှန်း
မသိရတဲ့ ဥတစ်လုံးတစ်ကောင်ကြွက် တောက်ထွန်းပေါ့ဗျာ။ ဒါပေမဲ့
အရပ်ထဲကတော့ ကျုပ်ကို တောက်ထွန်းလို့မခေါ်ကြဘူး…သေမင်းတဲ့ဗျာ။ ဒီနံမည် ကျုပ်ဘယ်လိုရလာလဲဆိုတာ ခင်များတို့ကို အရင်ဆုံးအကျဉ်းချုံးပြောပြဦးမယ်။
ကျုပ် ဆယ့်လေး ငါးနှစ်သားအရွယ်လောက်မှာ ရုတ်တရက်အပြင်းဖျားပီး သေလုမျောပါး ဖြစ်ခဲ့ဖူးတယ်ဗျ။ အဲဒီတုန်းကကျုပ်အဖျားတွေကြီးပီး သတိလစ်သွားခဲ့တာ ငါးရက်တိတိပါပဲဗျာ။ သတိလစ်နေတဲ့ချိန်မှာ ကျုပ်
ရဲ့ ဝိဥာဉ်က ခန္ဓာ ကိုယ်ကနေ စွန့်ခွာပီး ကြိုးပြတ်တဲ့ စွန်တစ်ချောင်းလို မျောချင်ရာမျောနေခဲ့တယ်။
တစ်နည်းအားဖြင့်ပြောရရင်တော့ ကျုပ်ရဲ့ရုပ်ကြမ်းခန္ဓာကိုယ်ကြီးထဲက လူတို့သာမန်မျက်စိနဲ့မမြင်နိုင်တဲ့ရုပ်နုကိုယ်ပွားထွက်သွားတဲ့ သဘော
ပေါ့ဗျာ။ အဲဒီအတောတွင်း ထူးဆန်းပီး အလွန်ကြောက်စရာကောင်းတဲ့
မြင်ကွင်းမျိုးစုံတွေကိုကြုံခဲ့ရတယ်။
ကျုပ်ရဲ့ လွင့်မျောနေတဲ့ ရုပ်နုလိပ်ပြာကို လိုက်ဆွဲ…ဖမ်းချုပ်ကြတဲ့ ပုံဆိုး
ပန်းဆိုး မိစ္ဆာကြီးတွေလက်ကလွတ်အောင်ပြေးခဲ့ရသလို…ကျုပ်ကိုအနိုင်
ကျင့်ချင်တဲ့ သရဲသဘက်ကြီးတွေရဲ့လက်ထဲကနေလည်း ရှောင်းပုန်းခဲ့ရ
တာဗျ။ တစ်ချို့ ဝိဥာဉ်ပရလောက သားများကတော့ ကျုပ်ကို အနှောင့်
ယှက်မပေးကြပါဘူးဗျာ။ ကျုပ်တို့လူ့လောကမှာလို သူတို့လောကမှာလည်း ကောင်းတဲ့သူရှိသလို…မကောင်းတဲ့ သူလည်းရှိတယ်ဆိုတာကို
ကျုပ် ကိုယ်တိုင်သိလိုက်ရတာဗျ။
တစ်ကြိမ်မှာတော့ ဦးခေါင်းမှာ ဂျိုကြီးတွေပါပီး အမွှေးနီကြီးတွေ တစ်
ကိုယ်လုံး ဖုံးလွှမ်းနေတဲ့ မိစ္ဆာကြီးတွေရဲ့ ဝိုင်းအုံရန်ပြုခြင်းကိုခံရတော့တာဗျ။ ဒီတစ်ခါတော့ ထွက်ပေါက်ကို ဘယ်လိုမှ ရှာမတွေ့နိုင်အောင်
ဖြစ်ပီး ဒုက္ခတွေ့တော့တာပဲဗျို့။ ကြောက်စရာပုံသဏ္ဍာန်နဲ့မိစ္ဆာကြီးတွေက လည်းကျူပ်ကို ပြေးပေါက်မရှိအောင် ဝိုင်းပိတ်ထားကြတာဗျ။
အဲဒီချိန်မှာပဲ ယောဂီရောင်ဝတ်စုံဝတ်ထားပီးတောင်ဝှေးတစ်ချောင်းဆွဲ
ကိုင်ထားတဲ့ အဖိုးအိုတစ်ဦးရောက်ချလာပီး ကျုပ်ကိုအမဲဝိုင်းဖျက်တော့
မဲ့ မိစ္ဆာကောင်ကြီးတွေရဲ့ လက်ထဲကနေ ကယ်တင်ပေးသွားတာဗျ။ ပီးတော့ ကျုပ်ကိုသနားဂရုဏသက်တဲ့ မျက်ဝန်းအစုံနဲ့ကြည့်ပီးပြော
တယ်။
” မင်းဒီလောကထဲ ဘယ်လိုရောက်လာတာလဲ…သွား…သွား အခုပြန်
တော့ ဒါမင်းလာရမဲ့နေရာမဟုတ်ဘူး…ငါ မင်းကို လက်ဆောင်တစ်ခုလည်းပေးလိုက်မယ်…မျက်စိမှိတ်ထားဆိုပီး ” သူ့လက်ထဲမှာကိုင်ထားတဲ့တောင်ဝှေးနဲ့ ကျုပ်ခေါင်းကိုတို့လိုက်တာဗျ။
အဖိုးအို တောင်ဝှေးနဲ့တို့လိုက်တော့ ကျုပ်မျက်လုံးထဲ ရုတ်တရက်
မှောင်ကျသွားတယ်။ အတန်ကြာတော့မှ နားထဲမှာ ဆူဆူညံညံသံတွေ
ကြားရလို့ မျက်လုံးကိုကမန်းတန်း ပြန်ဖွင့်ကြည့်လိုက်တယ်။ ဒီတော့မှ ကျုပ်က ရွာသုသာန်ကိုရောက်နေမှန်းသိလိုက်ရတာဗျို့။ ကျုပ်ကို သေပီအထင်နဲ့ ရွာသူ/ရွာသားတွေက မြေမြုပ်ဖို့ လုပ်နေတဲ့ ချိန်ကြီးမှာ ကံ
ကောင်းထောက်မစွာနဲ့ သတိပြန်ဝင်လာခဲ့လို့ သေကံမရောက်အသက်
မပျောက်ခဲ့တာပါဗျာ။
အဲဒီနောက်ပိုင်း ကျုပ် ထူထူထောင်ထောင်ဖြစ်လာပီး ကျန်းမာလာတော့
ထူးခြားမူတွေကို စပီးကြုံတွေ့လာခဲ့ရတယ်။ အဲဒါတစ်ခြားမဟုတ်ဘူး
ကိုယ့်မျက်စိနဲ့မြင်လိုက်ရတဲ့ လူတစ်ယောက်ရဲ့ ရှေ့ဖြစ်တော့မဲ့ အနာ
ဂတ်ကို ကြိုတင်ခံစား သိရှိနိုင်တဲ့ အမြင်ထူးကို ရနေတာပဲဗျ။
ပထမတော့ အမူမဲ့အမှတ်မဲ့ပဲ…ကိုယ့်စိတ်ထဲသိတာ ထင်တာနဲ့ တိုက်
ဆိုင်သွားတယ်ပဲထင်မိတာ။ နောက်တော့မှ သတိထားမိတာဗျို့။ ပထမဆုံး ကျုပ်စတင်အာရုံခံမိတဲ့သူက ရွာလယ်ပိုင်းမှာနေတဲ့ လယ်သူဌေး ဦးချစ်တီးဗျ။ အဲဒီနေ့က သူနဲ့ ကျုပ်အမှတ်မထင် လမ်းမှာ မျက်နှာချင်း
ဆိုင်တွေ့မိကြတယ်။
ဦးချစ်တီး မျက်နှာကို မြင်လိုက်တာနဲ့ ကျုပ်ရဲ့ အာရုံထဲမှာ ဦးချစ်တီး ကို
နွားနီကြီးတစ်ကောင်က အတင်းလိုက်ခွေ့နေတဲ့ အမြင်ကထင်းခနဲ ပေါ်လာတာဗျ။ ပီးတော့လူသေကောင်တွေဆီကရတတ်တဲ့ စိမ်းရွှေရွှေအနံ့
ကြီးကိုလည်း ကျုပ်နှာခေါင်းထဲမှာ ရလိုက်တယ်။ အဲဒီတုန်းက ကိုယ့်ကိုကိုယ် ဘာမှန်းမသိလေတော့ စိတ်ထင်လို့ပဲနေမှာပါလေဆိုပီး အမူမဲ့အမှတ်မဲ့ ထားလိုက်တယ်။
ဘာကြာလို့လဲ ညနေပိုင်းရောက်တော့ ဦးချစ်တီး နွားသိုးဝှေ့လို့ သေပီဆိုတဲ့ သတင်းက နားထဲကို တန်းပီးဝင်လာတော့တာပဲဗျ။ နောက်တစ်
ခါက ကျုပ်နဲ့တစ်ခြံကျော်က ထိပ်နီဆိုတဲ့ ချာတိတ်လေးဗျို့။ ကျုပ်ဝိုင်း
ထဲက ကွပ်ပျစ်မှာ အဖန်ရည်ထိုင်သောက်နေတုန်း…သူက ခြံရှေ့က
ဖြတ်သွားတာလေဗျာ။ အဲဒီမှာ သူ့ရဲ့ အနောက်မှာ ကပ်ပါသွားတဲ့အရိပ်
မဲကြီးတစ်ခုကို ကျုပ်လှမ်းမြင်လိုက်ရတယ်။
နေကျလို့ ထွက်တဲ့ သူ့ရဲ့အရိပ်မဟုတ်ဘူး…အရပ်အမောင်းအတော်
အတန်ရှည်လျားတဲ့ သူတစ်ယောက်ရဲ့အရိပ်ကြီးလိုပါဗျာ။ အဲဒီအရိပ်မဲ
ကြီးက သူသွားရာကို တောက်လျောက်ကပ်လိုက်နေတဲ့ ပုံစံမျိုးဗျ။ ပီး
တော့ အာရုံထဲမှာလည်းထိပ်နီ ရေနစ်နေတဲ့ အမြင်မျိုး ပေါ်လာတယ်။
ကျုပ် ရုတ်တရက် သူ့ကို လှမ်းခေါ်ပီး သတိပေးမိတော့မလိုဖြစ်သွားတာဗျို့။ နောက်တော့မှ ကိုယ့်ကိုကိုယ် မယုံရဲသေးတာနဲ့ ပါးစပ်ကို
အသာအရှိန်သပ်ပီး နေလိုက်ရတယ်။ ဘာကြာသလဲ မမေးနဲ့ နေ့
လည်ကျော်ရုံရှိသေးတာ…ထိပ်နီ ဆိုတဲ့ ကောင်လေး ရွာထိပ်ကချောင်း
ထဲ ရေဆင်းကူးရင်းသေပီ ဆိုတဲ့ သတင်းကို ကြားလိုက်ရတယ်။
အဲဒီချိန်ကစလို့ကျုပ် ကိုယ့်ကိုကိုယ် စတင်သတိထားမိလာတာဗျ။ ကျုပ်
သေကောင်ပေါင်းလဲဖြစ်ပီး ဝိဥာဉ်ဘဝနဲ့ဒုက္ခရောက်နေတုန်း ကူညီခဲ့တဲ့
အဖိုးအိုရဲ့ စကားတစ်ခွန်းကိုလည်း သွားပီး အမှတ်ရလိုက်မိတယ်။ သူ
လက်ဆောင်ပေးလိုက်မယ်ဆိုတဲ့အရာက ဒါပဲနေမယ်လို့လည်း အတပ်
သိလိုက်ပီဗျ။
အဲဒီနောက်ပိုင်းတော့ ကျုပ်လည်း လူတွေပေါ်မြင်သမျှ ခံစားမိသမျှအရာ
မှန်သမျှကို ကာယကံရှင်တွေ သိအောင်ထုတ်ဖော်ပြောရင်း မဖြစ်သင့်
တာ မဖြစ်ရလေအောင် အတတ်နိုင်ဆုံးသတိပေးတယ်ဗျ။ အဲဒါ ကျုပ်
ရဲ့ စေတနာပါဗျာ။ ဒါပေမဲ့ လူတွေက ဒါကို စေတနာလို့ မမြင်ကျဘူး
… ကျုပ်ပြောရင် ပြောသမျှ ဖြစ်တယ်… နမိတ်မရှိတဲ့ကောင်…ကျက်သ
ရေမရှိတဲ့ ကောင်ဆိုပီး ရွံ့ရှာမုန်းတီး ကြတယ်ဗျ။ ကျုပ်ကိုမြင်တာနဲ့နှာ
ခေါင်းရှုံ့ပီး ဝေးဝေးကရှောင်ကြတဲ့ထိ လူရာမသွင်းကြတော့တာပါဗျာ။
ကျုပ်ကိုလည်းတစ်ရွာလုံးက သေစေ…ရှင်စေ ကိုသေမင်းရယ်လို့ တညီတညွှတ်ထဲ နံမည်ပေးလိုက်ကြတယ်။ သူတို့ ကျုပ်ကိုဘယ်လိုပဲမုန်းတီးနေကြပါစေဗျာ။ ကျုပ်ကတော့ ကိုယ်အာရုံခံစားမိလိုက်တဲ့ သူတစ်
ယောက်ရဲ့ ဆိုးကျိူးကို သတိမပေးပဲ မနေနိုင်ဘူး…ဒိုး ဒိုးဒက်ဒက်ပြော
ချလိုက်တာပဲ။ ဒါကို သူတို့ အမြင်မှာတော့ မသိရင် ကျုပ်ကပဲကျိန်စာ
တိုက်နေတဲ့ ပုံစံမျိုး ပေါ့ဗျာ။ အဲဒါက ကျူပ်ကို သေမင်းလို့ ခေါ်ကြရတဲ့ အကြောင်းရင်းပဲဗျို့။
⏰⏰⏰⏰
ဒီမနက်တော့ ကျုပ် ရွာထိပ်က ထုံးဖြူစေတီဘုရားလေးရဲ့ အနီးတဝှိုက်
မှာ တံမြက်စည်းလှဲ နေတာဗျ။
” ဗျို့ !! ကိုတောက်ထွန်း…ခင်များ ကိုကြီးတောက်ထွန်းမဟုတ်လားဗျ ”
ကျုပ်နံမည်ကိုခေါ်သံကြားလို့ ကြောင်သွားတာဗျ။ ဒီရွာမှာကျုပ်ကိုဘယ်
သူမှ တောက်ထွန်းလို့မခေါ်ကြဘူးလေဗျာ။ ဒါနဲ့အသံကြားရာကိုလှည့်
ကြည့်လိုက်တော့…ခရီးဆောင်အိတ်တစ်လုံးဆွဲထားတဲ့ ဆယ်ကျော်
သက်အရွယ်ကောင်လေးတစ်ယောက်ကိုတွေ့လိုက်ရလို့ အံ့သြစိတ်နဲ့
ပြန်မေးလိုက်ရတာဗျ။
” ဟင် !! မင်းက ဘယ်သူလဲ ”
” ဟာ !! ကိုတောက်ထွန်းကလဲ…ကျုပ် မောင်ညှက်လေဗျာ ”
” ဟေ !! ဖိုးလေး စိန်ထွားရဲ့ သားမောင်ညှက်လား ”
” ဟုတ်တယ်လေဗျာ ”
ဒီတော့မှ ကျုပ်လည်း သူဟာမောင်ညှက်မှန်းသိလိုက်ရတာဗျ။ ဒီကောင်
က ဖိုးစိန်ထွားရဲ့ တစ်ဥိးထဲသောသားဗျ။ ငယ်ငယ်ထဲက မြို့မှာ သွားနေ
တာလေဗျာ။ မြို့က သူ့ဘကြီးက ဒီကောင့်ကို ငယ်ငယ်ထဲက ခေါ်ထားပီး ကျောင်းထားပေးထားတာဗျ။ ခုတော့လူပျိုကြီးဖားဖားဖြစ်ပီး ငယ်ရုပ်
တွေတောင် ပြောင်းလို့ဗျာ။ ဒါ့ကြောင့်ကျုပ် ရုတ်တရက် မမှတ်မိလိုက်
တာကိုး။
ကျုပ်အဲဒီလိုတွေးနေတုန်း ဖိုးလေးစိန်ထွားရောက်လာတာဗျ။ ကျုပ်ကို
မြင်တော့မသတီသလို တစ်ချက်ကြည့်ပီး…နှာခေါင်းတစ်ချက်ရှုံ့လိုက်
သေးတယ်။ ပီးတော့မှ သူ့သားကို ကြည့်ပီးပြောလိုက်တာဗျ။
” လူလေး ရောက်နေတာကြာပီလား ”
” စောနကမှ ရောက်တာပါ အဘရဲ့…ဒီမှာ ကိုတောက်ထွန်းကို တွေ့
လို့ နူတ်ဆက်ရင်း စကားစမြည်ပြောနေတာပါ ”
” အို !! ဒီလို ကြက်သတုံးကောင်နဲ့ အဖက်လုပ်ပီး ဘာစကားမှ ပြော
နေစရာအကြောင်းမရှိဘူး…လာ သွားမယ် လူလေး ”
ဖိုးလေးစိန်ထွားရဲ့ စကားအဓိပ္ပါယ်ကို မြို့ကနေ ခုမှ ရောက်လာတဲ့
မောင်ညှက်က နားမလည်ပေမဲ့…အားနာတဲ့ အကြည့်နဲ့ကျုပ်ကိုလှမ်း
ကြည့်ရင်းပါသွားရှာတယ်။
ကျုပ်လည်း ဘာစကားမှ တုံ့ပြန်မနေတော့ပါဘူး…လှစ်လျူရှု့ပီးသူတို့
နောက်ကျောကို ကြည့်နေလိုက်တယ်။ အဲဒီချိန်မှာပဲ ကျုပ်ရဲ့အာရုံမှာ
မောင်ညှက်နဲ့ပတ်သတ်ပီး ထူးခြားတဲ့ အမြင်တစ်ခုကိုစတင်ခံစားလိုက်
ရတော့တာပဲဗျို့။ ကျုပ်ဆိုတဲ့ ကောင်ကလည်း မြင်ရင် မပြောပဲ မနေနိုင်
တဲ့သူပါဗျာ။ ဒါ့ကြောင့်လည်း အတော်လှမ်းလှမ်းကို ရောက်နေပီဖြစ်တဲ့
မောင်ညှက်ကို လှမ်းအော်ပီး ပြောလိုက်တယ်။
” မောင်ညှက်ရေ !! အကောင်ရှည်ကို သတိထား…လမ်းသွားရင် ခြုံတွေ မြက်ပင်တွေနားကို သိပ်မကပ်နဲ့ကွ ”
” ဟာ !! ခွေးသူတောင်းစား…မင်း ငါ့သားကို ကျက်သရေမရှိတဲ့ နမိတ်
ဖတ်ပြန်ပီလား ”
ကျုပ် အဲဒီလိုပြောလိုက်လို့ ဖိုးလေးစိန်ထွားက ဒေါသတကြီးနဲ့ဆဲဆို
ရင်း ရိုက်ပုတ်ဖို့ ပြန်လှည့်လာတာဗျ။ မောင်ညှက်က သူ့အဘကို အတင်းဆွဲခေါ်သွားပေလို့သာပေါ့။ မဟုတ်ရင်ကျုပ်တော့ မချောင်ဘူးဗျို့။
ကျုပ်လည်း စိတ်ထဲတော်တော်လေး မကောင်းဖြစ်သွားတာဗျ။ လူတွေက ကျုပ်ရဲ့ စေတနာကို ဝေဒနာလို့ပဲထင်နေကြတယ်။ ဒါဟာဝဋ်ကြွေး
ဆိုရင်လည်း ဒီဘဝ ဒီအမျှနဲ့သာကျေပါစေတော့ဗျာ။ ကျုပ်လည်းဝမ်း
နည်းစိတ်ကို ဖြေဖျောက်ပီး တံမြက်စည်း ဆက်လှဲနေလိုက်တယ်။
⏰⏰⏰
” ကိုစိန် … ကိုစိန် မလုပ်ပါနဲ့တော့… စိတ် ထိန်းပါတော် ”
” ဖိုးစိန် !! မလုပ်နဲ့ …မှားကုန်မယ်နော် ”
ဟာ !! ကျုပ် ဘုရားမှာ တံမြက်စည်းလှဲ ပီးလို့ ထိုင်ပီးအမောဖြေနေ
ရုံရှိသေးတာဗျ။ ဆူဆူညံညံအသံတွေကြားရလို့ ကမန်းကတန်းခေါင်း
ထောင်ကြည့်လိုက်တော့…ဖိုးလေးစိန်ထွားတစ်ယောက် ဓားကြီးဆွဲပီး
အပြေးလာနေတာကို တွေ့လိုက်ရတယ်။ သူ့နောက်မှာ မှ ထမီစွန်
တောင်ဆွဲပီး အပြေးလိုက်လာတဲ့ အရီးပိန်သေးနဲ့ ရွာသားအုပ်ကြီးဗျ။
ရုတ်တရက်ဆိုတော့ ကျုပ်လည်း ကြောင်ပီးငေးကြည့်နေမိတာပေါ့။
” ခွေးကောင် !! သေပေတော့ကွာ ”
” ဝှီး !! ”
ဟာ !! အနားရောက်လာတဲ့ ဖိုးလေးစိန်ထွားက ကျုပ်ကို ဘာမှမမေး
မစမ်းပဲ လက်ထဲမှာကိုင်ထားတဲ့ ကိုင်းခုတ်ဓားနဲ့ ပြေးပိုင်းတာဗျ။ ကျုပ်
မြေကြီးပေါ် ကမန်းကတန်းလှိမ့်ချပီးရှောင်လိုက်ရတယ်။ ဓားက ကျုပ်
ရဲ့ဇက်ပိုးနားကနေ သီသီလေး ဖြတ်ကျော်သွားတာဗျို့။
ဖိုးလေးစိန်ထွားက လွဲသွားတဲ့ ဓားချက်ကို ချက်ချင်းပြန်ရုပ်ပီး ကျုပ်ကို
နောက်တစ်ကြိမ် ထပ်ခုတ်ဖို့ဟန်ပြင်တယ်။ အနားကို ရောက်လာတဲ့
အရီးပိန်သေးနဲ့ ရွာသားတွေ ဝင်ဆွဲလို့ ကျုပ်သက်သာသွားတာဗျ။
မဟုတ်ရင် ခေါင်းနဲ့ကိုယ် အိုးစားကွဲတာကြာလှပေါ့ဗျာ။
” ကိုစိန် !! မလုပ်ပါနဲ့ ကိုစိန်ရယ်… ကျမကို မသနားတော့ဘူးလား…
သားလေးလည်း သေသွားပီ…ရှင်ကပါ ကျမကိုထားပီးထောင်ထဲသွား
နေတော့မှာလား…အီးးးဟီးးဟီးးး ”
” ဟုတ်ပါတယ် အဖိုးစိန်ရယ် စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့ ”
အရီးပိန်သေးနဲ့ ရွာသားတစ်ချို့က ဖိုးစိန်ထွားကို ဖြောင်းဖျနှစ်သိမ့်နေ
ကြတာဗျ။ ဖိုးစိန်ထွားက တားမရဘူးဗျို့…ဓားတဝင့်ဝင့်နဲ့ကျုပ်ကိုပဲမဲ
နေတာ။
” ဖယ်ကြ…ဖယ်ကြစမ်းပါကွာ… ဒီကောင့်ကို သတ်ရမှ ကျေနပ်မယ်
… ဒီကောင် ကျက်သရေမရှိ နမိတ်ဖတ်လို့ ငါ့သားသေရတာကွ”
ဖိုးစိန်ထွား ပြောလိုက်တဲ့စကားကြောင့် ကျုပ်လည်းတအံ့နဲ့ပြန်မေးလိုက်
ရတယ်။
“ဟင် !!ဘယ်လိုအဖိုးစိန်…မောင်ညှက်…မောင်ညှက်သေပီဟုတ်လား ”
” အေးဟုတ်တယ် !! မင်းနူတ်ကပြောလိုက်တဲ့ စကားအတိုင်း ငါ့သား
အကောင်ရှည် ထိပီး ဆုံးပီကွ…ခွေးမသား…မင်းကိုငါသတ်မယ်…သတ်
မယ်ကွ ”
” ဟာ !! အဖိုးစိန် မဟုတ်ဘူးနော်…ကျုပ်က သူ့ကိုသေပါစေဆိုတဲ့စိတ်
နဲ့ပြောလိုက်တာမဟုတ်ဘူး…သူအဲလိုဖြစ်မှာကို ကျုပ်အာရုံထဲမှာ ပေါ်လာလို့ သတိပေးလိုက်တာဗျ ”
” တော်စမ်းပါကွာ…မင်း နူတ်က ကျိန်စာတိုက်လို့ ငါ့သားသေရတာ…ငါ့သားနဲ့ မင်းမှာ ဘာရန်ငြိူးတွေများရှိလို့ ခုလိုရက်ရက်စက်စက်လုပ်
ရတာလဲ…ခွေးမသားရ ”
” မဟုတ်ဘူး အဖိုးစိန်…ကျုပ် ရှင်း…ရှင်းပြ ”
” တော် !! ဘာမှ လာမရှင်းပြနဲ့…ဒီမှာ ဟေ့ကောင် မင်းက လူတွေကို စိတ်ကြိုက် သေခိုင်း…ရှင်ခိုင်းနိုင်တဲ့ သေမင်းပေါ့…ဟုတ်လား…ဒါဖြင့်
လုပ်စမ်း ငါ့ကို သေအောင်သတ်စမ်းပါကွ…မင်းပါးစပ်ကကျက်သရေတုံးတဲ့ စကားလုံးတွေနဲ့ ငါ့ကိုကျိန်စာတိုက်ပီး သတ်လိုက်စမ်းပါ…
အေး !! ငါဒီနေ့မှ မသေရင်တော့ မင်းအသေပဲကွ…ကဲကွာ !! ”
ဟာ !! ဖိုးစိန်ထွားက ပြောရင်းနဲ့ ကျုပ်ဆီကို ဒေါသတကြီးပြေးဝင်လာ
တာပါဗျာ။
” ဟဲ့ … ဟဲ့ !! လုပ်…လုပ်ကြပါဦး… ကြွက်ပုတို့…ချစ်မောင်တို့ရဲ့ဆွဲ
ကြပါဟဲ့ ”
အရီးပိန်သေး လှမ်းအော်လိုက်လို့ အနားမှာရှိနေတဲ့ ရွာသားတွေက
ဖိုးစိန်ထွားကို အတင်း ဆွဲကြ…ဖက်ကြ…တားကြပေါ့ဗျာ။
” ဟေ့ !! အာလုံးတော်ကြ… ကိုစိန်ထွား ခင်များလက်ထဲက ဓားကိုချထားလိုက်စမ်း…အသက်ကြီးမှ ထောင်ထဲသွားနေချင်လို့လား ”
ဟော !! ရွာလူကြီး ဦးဘကောင်း ရောက်လာပီး ဖိုးစိန်ထွားကို တား
လိုက်တာဗျ။ ဖိုးစိန်ထွားကလည်း ရွာလူကြီးကိုရှုတင်းတင်းကြည့်ပီး
ပြန်ပြောတယ်။
” ကိုဘကောင်း !! သားအရင်းခေါက်ခေါက်ကြီးကို မျက်စိတမှိတ်လျှပ်
တစ်ပြက် အတွင်းဆုံးရှုံးလိုက်ရတဲ့ ခံစားချက်ကို နားမလည်လို့ ခင်များ
ဒီစကားကို ပြောတာလား… ကျုပ် နေရာမှာ ခင်များသာဆိုရင် ဘယ်လို
နေမလဲ ”
” မှန်ပါတယ်…ကိုစိန်ထွား…ဒေါသဆိုတာ လူတိုင်းမှာရှိတာပေါ့…ဒါပေ
မဲ့ အဲဒီလိုဖြစ်တိုင်းသာ ကိုယ့်ဒေါသအတိုင်းဖြေရှင်းရမယ်ဆို လူတိုင်း
ထောင်ထဲရောက်ကုန်မှာပေါ့ဗျာ… ခင်များသားသေတာ တောက်ထွန်း
ကြောင့်ဆိုပီး…သူ့ကိုသတ်ရင် ခင်များကောအေးဆေးနေရမယ် ထင်
နေလား…ဥပဒေဆိုတာ ရှိတယ်ဗျ…ခင်များစိတ်ထင်တိုင်း လုပ်လို့မရဘူး…ဒီရွာမှာကျုပ်ကလူကြီး…ကျုပ်စကားကို ခင်များနားထောင်ရမယ် ”
” တောက် !! ငါကွာ ”
ရွာလူကြီး စကားကြောင့် ဖိုးစိန်ထွားက ကျုပ်ကို မီးဝင်းတောက်တောက်
မတတ် မျက်လုံးအစုံနဲ့ စူးစူးရဲရဲစိုက်ကြည့်ပီး…တောက်တစ်ချက်ခေါက်
ရင်း ဓားကို ပစ်ချလိုက်တာဗျ။ ပီးတော့ ရွာလူကြီးကိုလည်းပြောလိုက်
သေးတယ်။
” ဒီကောင့်ကြောင့် ရွာကလူတွေ ဘယ်နှစ်ယောက်တောင်သေသွားပီ
လဲဆိုတာ ခင်များအသိဆုံးဖြစ်မှာပါ ကိုဘကောင်း…ဒီတော့ ဒီကောင့်
ကို ရွာထဲလုံးဝပေးမဝင်နဲ့…ရွာနာတယ်ဗျ…ဒီကောင့်မျက်နှာကို ရွာထဲမှာနောက်တစ်ကြိမ် ထပ်မြင်ရမယ်ဆိုရင် ကျုပ်ကိုအဆိုးမဆိုနဲ့ဗျာ ”
ဖိုးစိန်ထွားက စကားဆုံးတာနဲ့ ခြေဆောင့်နင်းပီ ချာခနဲလှည့်ထွက်သွားတာဗျ။ အရီးပိန်သေးလည်း ဖိုးစိန်ထွားနောက်ကို မျက်ရည်လေးတစမ်း
စမ်းနဲ့ လိုက်သွားရှာတယ်။ ကျန်ခဲ့တဲ့သူဆိုလို့ ရွာလူကြီးဦးဘကောင်း
ရယ်…ရွာသားသုံးလေးယောက်ရယ်ပဲ ရှိတော့တာဗျ။ ရွာလူကြီးကကျုပ်
ကို စေ့စေ့ကြည့်ပီး ပြောတယ်။
” ကဲ !! မောင်တောက်ထွန်း… စိန်ထွားပြောသွားတဲ့ စကားကို မင်း
လည်းကြားတယ်မဟုတ်လား… ပီးတော့ မောင်ညှက်သေတာ မင်း
ကိုယ်တိုင်သတ်လိုက်တာ မဟုတ်ပေမဲ့…မင်းရဲ့ ပယောဂ မကင်းဘူး
ဆိုတာတော့ သေချာတယ် ”
” ဟင် !! မဟုတ်ဘူး သူကြီး အဲဒါက ဟို…ဟို…ဟို ”
” တော်ပီ !! မောင်တောက်ထွန်း… မင်းဘာမှ ဆက်မပြောနဲ့တော့…
ကျုပ် ဆုံးဖြတ်ပီးပီ…ရွာမှာ ရှိတဲ့သူတွေကလည်း မင်းကို ဘယ်သူမှ
မလိုလားတော့ဘူးကွ…ရွံရှာမုန်းတီးနေကြပီ… ဒီတော့ မင်းငါတို့ရွာ
ကနေ ထွက်သွားလိုက်ပါတော့ကွာ ”
ရွာလူကြီးရဲ့ တစ်ချက်လွှတ်အမိန့်ကြောင့် ကျုပ်လည်း ဘာစကားမှ
ဆက်မပြောနိုင်တော့ပါဘူးဗျာ။ ယောကျာ်းကြီးတန်မဲ့ မြေပြင်ပေါ်ခြေ
ပစ်လက်ပစ် ထိုင်ချပီး ငိုကြွေးနေရုံမှ တစ်ပါးမရှိတော့ဘူးပေါ့။ ကျုပ်
ဘယ်ကို သွားရမှာလဲ…ဘာလုပ်ရမှာလဲ… ဒီရွာကလွဲရင် ကျုပ်မှာ
သွားစရာ…နေစရာလည်း မရှိပါဘူးဗျာ။
ကျုပ်ဘယ်သူ့ကိုမှ မသတ်ပါဘူး…သေကြေပါစေဆိုတဲ့ စိတ်ဆန္ဒလည်း
မရှိရပါဘူးဗျာ။ ကျုပ်ရဲ့အာရုံမှာ မြင်သမျှ…တွေ့သမျှကိုစေတနာအရင်း
ခံနဲ့သတိပေးမိတာပဲရှိတာပါ။အခုတော့ ကျုပ်မှာအိုးမဲ့အိမ်မဲ့ဖြစ်ရပီပေါ့။
အေးလေ…ဝဋ်ကြွေးရှိမှတော့ ကျေအောင်ဆပ်ရမှာပေါ့ဗျာ။ ဒီညတော့ ထုံးဖြူစေတီလေးရဲ့ ရင်ပြင်ပေါ်မှာပဲ ဖြစ်သလိုအိပ်စက်ရတော့မယ်။
ကျုပ်တစ်ယောက်ထဲ ပူဆွေးသောကရောက်နေလိုက်တာ အသိပြန်ဝင်
လာတဲ့ အချိန်ကြတော့ အနားမှာ ဘယ်သူမှတောင် မရှိတော့ဘူး။ ဒါနဲ့
ပဲ ဘုရားပေါ်တက်ပီး သင့်တော်တဲ့ နေရာလေးတစ်ခုမှာ လှဲလျောင်း
လိုက်တယ်။
ခဏနေတော့ ကျုပ် မျက်လုံးကမှေးကျလာတာဗျ။ အချိန်ဘယ်လောက်
ကြာအောင် အိပ်ပျော်သွားတယ်မသိဘူး…ကျုပ်ရုတ်တရက်လန့်နိုးလာတဲ့ အချိန် ကောင်းကင်မှာ ခုနှစ်စင်ကြယ်တောင် အမြှီးထောင်နေပါပေါ့လား။ ကျုပ်လန့်နိုးလာရတဲ့ အကြောင်းရင်းကလည်း တခြားကြောင့်
မဟုတ်ဘူး…ကျုပ်တို့ရွာကြီး မီးတွေဟုန်းဟုန်းတောက် လောင်ကျွမ်း
ပြာကျပီး လူတွေ အများကြီးသတိလက်လွတ် အိပ်ပျော်နေကြလို့ သေ
ကြေတော့မဲ့ အဖြစ်ဆိုးကြီးကို အိမ်မက်ထဲမှာ မြင်မက်လိုက်ရလို့ပဲဗျို့။
ဒုက္ခပဲဗျာ !! ကျုပ်ဘာလုပ်ရမလဲ…လူတွေ အများကြီးသေကြေပျက်စီး
ဆုံးရှုံးကြတော့မဲ့ အရေးကနေ ကျုပ်ဘယ်လိုတားဆီးရမှာလဲဗျာ။ ကျုပ်
ရွာထဲဝင်ပီး အချိန်မှီသတိပေးရင် တော့ ဒီအဖြစ်ဆိုးကြီးကို တားဆီးနိုင်
မယ်။ ဒါပေမဲ့ ကျုပ်ကို သူတို့ ရွာထဲပေးဝင်ပါ့မလား…ကျုပ်ပြောတာကို
ကော ယုံကြည်လက်ခံကြပါ့မလားဆိုတာ မသေချာဘူးဗျ။
အိုဗျာ !! ဘာပဲဖြစ်ဖြစ် လူတွေသေကြေမဲ့ အဖြစ်ဆိုးကြီးကိုတော့ ကျုပ်
ဘယ်လိုမှ လက်ပိုက်ကြည့်မနေနိုင်ဘူး… မဖြစ် ဖြစ်တဲ့နည်းနဲ့တားရ
မှာပဲဗျ။ ကျုပ် ဆုံးဖြတ်ချက်ချပီးတာနဲ့ တွေဝေမနေတော့ဘူး…ချက်
ချင်းလှဲနေရာကထပီး တဟုန်ထိုးပြေးထွက်လိုက်တယ်။ ရွာတံခါးနား
ရောက်တော့ တံခါးကို အားကုန် ထုလိုက်ပီး အသံကုန်ခြစ်အော်ဟစ်
လိုက်တာပေါ့ဗျာ။
” ဒုန်းးး !! ဒုန်းးး !! ဒုန်းးး ”
” ကင်းသမားတွေထကြ…ထကြပါဟ… ရွာကြီး မီးလောင်တော့မယ်
… အချိန်မှီတားကြ … ရွှေ့ကြပါဟ ”
” ဟေ့ !! ဘယ်ကောင်လဲကွ … အော်ကြီးဟစ်ကျယ်နဲ့ လာအော်နေတာ ”
ဟော !! ရွာတံခါး စောင့်တဲ့ ကင်းတဲပေါ်ကနေ အိပ်ချင်မူတူးအသံနဲ့
လူတစ်ယောက်က ပြန်အော်လိုက်တာဗျ။ ကျုပ်လည်း ချက်ချင်းပြန်ဖြေ
လိုက်ရတယ်။
” ကျုပ်ပါဗျ…တောက်ထွန်းပါ… ရွာမှာ မီးအကြီးအကျယ်လောင်တော့
မယ်…ဒွေးလေး ခင်မြတို့ နွားတင်းကုပ်ကနေစလောင်မှာဗျ…အဲဒီကို
မြန်မြန်သွားကြပါဗျာ ”
” ဟာ !! ဒီကောင် သေမင်း မိစ္ဆာကောင်…ငါတို့ ရွာကို အချိန်မတော် ကျိန်စာလာတိုက်နေပြန်ပီ…ဟေ့ကောင် မင်းသွားတော့ကွာ… ငါတို့
မင်းကို ထွက်ရိုက်မိလိမ့်မယ်နော် ”
” ဟေ့လူတွေ…ကျုပ်တကယ်ပြောနေတာ…မီးလန့်သံချောင်းခေါက်ပီး
ဒွေးလေးခင်မြ တို့ဝိုင်းကိုမြန်မြန်သွားကြဗျ ”
” ဟာ !!ဒီကောင်ပြောလေဆိုးလေပါလား…ဟေ့ကောင်တွေ…ဒီကောင့်
ကို မှတ်လောက်သားလောက် ရှိအောင် ဆုံးမလိုက်ကြစမ်းကွာ ”
ကင်းစောင့်ကြတဲ့ ရွာသားတွေက ကျုပ်ရဲ့စကားကို နားမဝင်တဲ့ အပြင်
ကျုပ်ကို တုတ်တွေနဲ့ဝိုင်းရိုက်ကြတာဗျ။ အများနဲ့တစ်ယောက်ဆိုတော့
လူးလှိမ့်နေအောင်ကို ခံရတော့တာပေါ့ဗျာ။
” ကဲကွာ !! သေစမ်း…မင်းကို လုပ်ချင်နေတာကြာပီကွ ”
” ဖောင်းးး !! ဖုန်းး !! ဖုန်းး !! ”
” အောင်မလေး !! သေ…သေပါပီဗျ ”
” ချကွာ !! မသေရင်ပီးရော… ကျိုးကန်းနေအောင်ကို ဆော်ပစ်ဟေ့ ”
” အားးး !! မ…မလုပ်ကြပါနဲ့… အ့…အားးး !! ”
ခဏလေးအတွင်းမှာပဲ အညှာတာကင်းမဲ့တဲ့ ရွာသားတွေလက်ချက်
ကြောင့် ကျုပ်တစ်ကိုယ်လုံး ကွဲပြဲပီးသွေးသံတရဲရဲ ဖြစ်သွားတာဗျ။
အဲဒီချိန်မှာပဲ ဝိုင်းရိုက်နေတဲ့ ရွာသားတွေထဲကမှ တစ်ယောက်က
တစ်နေရာကိုကြည့်ပီး အလန့်တကြားနဲ့ ထပြောတာဗျို့။
” ဟာ !! ဟေ့…ဟေ့ !! ဟိုမှာကြည့်ကြစမ်း…မီးတောက်ကြီးတစ်ခု
ထိုးတက်လာတယ်ဟေ့ ”
” ဟာ !!ဟုတ်တယ်ကွ…ဟေ့ကောင်တွေ မီးလန့်သံချောင်းပြေးခေါက်
ပီး အဲဒီနေရာကို ပြေးကြစမ်း…မြန်မြန်လုပ်ကြကွ…အားလုံးမသာပေါ်
ကုန်လိမ့်မယ် ”
” တောက် !! အဲဒါ ဒီခွေးသူတောင်းစား ကျိန်စာလာတိုက်လို့ကွ…
ကိုင်းဟာ !! ”
” ဖုန်းးး !! ”
” အမလေးဗျ !! ”
ရွာသားတစ်ယောက်က မီးလောင်ရာကို မသွားခင် ဒေါသတကြီးနဲ့
ကျုပ်ရင်ဝကို ဆောင့်ကန်သွားသေးတာဗျ။ ရွာထဲမှာလည်း ချက်ချင်း
ဆိုသလို ဆူသံပူသံတွေနဲ့ ဝရုန်းသုန်းကားတွေဖြစ်ကုန်ကြတာဗျို့။
သူတို့တွေ ထွက်သွားတော့မှပဲ ကျုပ်လည်း နာကျင်မူတွေကြားက အားယူ ထထိုင်လိုက်တယ်။
ကျုပ်ဒီမှာဆက်နေလို့ မဖြစ်တော့ဘူးဗျ။ မီးငြိမ်းသွားလို့ သူတို့တွေ
ပြန်လာရင် ကျုပ်ကို အသေသတ်ကြတော့မှာ…ဒီတော့ ရွာကနေ အခု
ချက်ချင်းဝေးရာကို သွားမှ ဖြစ်တော့မှာ ဗျို့။ ခေါင်းကထွက်တဲ့သွေးတွေ
က ကျုပ်ရဲ့ မျက်လုံးထဲကို စီးဝင်ပီး ဘာဆိုဘာမှ မမြင်ရတော့ စမ်းတ
ဝါးဝါးနဲ့သွားလာနေရတာပေါ့ဗျာ။
ကျုပ် တစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက်တွေပွထပီး အလွန်အမင်းနာကျင်
ကိုက်ခဲနေတာဗျ။ ဒါပေမဲ့ကျုပ်ကျေနပ်ပါတယ်…ကျုပ်အချိန်မှီ သတိပေး
လိုက်နိုင်လို့…တစ်ရွာလုံး သတိလက်လွတ်အိပ်ပျော်ပီးသေကြေပျက်စီးရမဲ့ အရေးက လွတ်မြှောက်ခဲ့ပီဗျ။ တစ်ရွာလုံးနိုးနိုးကြားကြားဖြစ်သွားပီဆိုတော့ မီးကို အချိန်မှီငြိမ်းသတ်နိုင်ကြမှာပါဗျာ။
ကျုပ် ထွက်လာလိုက်တာ ရွာနဲ့ အတော်ဝေးဝေးကို ရောက်လာပီဗျ။
လူက ဒယိမ်းဒယိုင်နဲ့ လဲကျလိုက် ပြန်ထပီး ဆက်လျှောက်လိုက်နဲ့
သွားနေလိုက်တာ…နောက်ဆုံးတော့ ဘယ်လိုမှ မဟန်နိုင်တော့ပဲ…
မြေပြင်မှာ အရုပ်ကြိုးပြတ် ပစ်လဲပီးသတိလစ်သွားတော့တာပဲဗျ။
⏰⏰⏰⏰
” အားးးး !! ကျွတ် !! ကျွတ် ”
အချိန်ဘယ်လောက်ကြာအောင် ကျုပ်သတိမေ့သွားခဲ့လဲမသိဘူး…သတိ
ပြန်ဝင်လာတဲ့ အချိန်မှာတော့ တစ်ကိုယ်လုံး ကိုင်ရိုက်ထားသလိုနာကျင်
နေပီး…ဦးခေါင်းတစ်ခုလုံးကလည်း မခံရပ်နိုင်အောင်ကို ကိုက်ခဲလို့နေ
တာပါပဲဗျာ။
လေးလံနေတဲ့ မျက်လုံးအစုံကို အားတင်းပီး ဖွင့်ကြည့်လိုက်တော့…
ကျုပ်က ဇရပ်ကြီးတစ်ဆောင်ပေါ်ကို ရောက်နေမှန်းသိလိုက်ရတယ်။
အမှောင်ထုကြီးစိုးနေတာကိုလည်း မြင်လိုက်ရတော့ ည့အချိန်ကို
ရောက်နေပီ မှန်းလည်းသိလိုက်ရတာဗျ။
ဒါနဲ့ပဲ ဘေးဘီကိုမျက်လုံးဝှေ့ကြည့်မိတော့ ကျုပ်နဲ့မလှမ်းမကမ်းမှာ အသက်အရွယ်အလွန်အိုမင်း ရင့်လျော်နေပီဖြစ်တဲ့ အဖိုးကြီးတစ်ဦးနဲ့ ဆယ်နှစ်သားအရွယ် ကလေးလေးတစ်ယောက်ထိုင်နေတာကိုပါ တွေ့
လိုက်ရတယ်။ ကျုပ်လည်းကြိုးစားထထိုင်ပီး စကားစလိုက်ရတာဗျ။
” ကျုပ်…ကျုပ် ဘယ်ကိုရောက်နေတာလဲ…အဘတို့ကကော ဘယ်သူ
များလဲဟင် ”
” အင်းး !! မိကျောင်းမသားကတော့ နိုးလာတာနဲ့ လျှာကရှည်ပီ…အဲဒီ
ပါးစပ်ကို မထိန်းနိုင်လို့လည်း ဒုက္ခ…သုက္ခ မျိုးစုံနဲ့ ကြုံတွေ့လာခဲ့ပီ
မဟုတ်လား…ဒါလည်း အမှတ်မရှိသေးဘူးကိုး ”
ဟာ !! အဖိုးကြီးက ကျုပ်ရဲ့ အမေးကို ကွမ်းတွေတမြုံ့မြုံ့ဝါးရင်းနဲ့ပြန်
ပြောတာဗျ။ အဖိုးအိုပြန်ပြောတဲ့ စကားကို ထောက်ချင့်ရရင် ကျုပ်ဘာ
ဖြစ်လာတယ်ဆိုတာကို သူကအတပ်သိနေတဲ့ပုံမျိုးဗျ။ဒီတော့ကျုပ်လည်း
တအံ့တသြနဲ့ပြန်မေးလိုက်ရပီပေါ့ဗျာ။
” ဟင် !! အဘက ကျုပ်ကို သိနေတာလား ”
” အောင်မာ !! ဟေ့ကောင် လောကမှာ ငါမသိတဲ့အရာဆိုလို့ ဘာမှမရှိ
ဘူးကွ…အေး !! ငါမသိချင်လို့ မသိတာပဲရှိမယ် ”
ဟာ !! အဖိုးကြီးက ကျုပ်ကို ဘုကလန့်တိုက်ပီးပြန်ပြောနေတာဗျ။
ဟုတ်တော့မဟုတ်သေးဘူး… ဒီအဖိုးကြီးစကားပြောပုံကတစ်မျိုးပဲ။
ဒါနဲ့ ကျုပ်လည်း ပြောမဲ့စကားကို အသာရပ်ထားပီး သူ့ကို သေချာအကဲခတ်လိုက်တယ်။
ဆီမထည့်တာကြာလို့ မွဲခြောက်ခြောက်ရောင်ပေါက်နေတဲ့ဆံပင်ရှည်
ကို တစ်ပတ်လျှိုပီးဖြစ်သလိုထုံးထားတာဗျ။ ဟောင်းနွမ်းနေတဲ့ဖျင်ကြမ်း ပင်နီတိုက်ပုံကြီးကို ကြယ်သီးမတပ်ပဲ ရင်ဘတ်ဟပြဲဝတ်ထားတယ်။
ဒီတော့ ရင်ဘတ်မှာ စုတ်နဲ့ပေါက်ထားပုံရတဲ့ အင်း…စမကွက်တွေကို
အတိုင်းသားမြင်နေရတာပေါ့။
အောက်ပိုင်းကိုကြည့်လိုက်တော့လည်း အရောင်အဆင်းတောင်မပေါ်
တော့ပုဆိုးအကွက်ကျဲ တစ်ထည်ကို ဖြစ်သလိုဝတ်ထားတာဗျို့။ သူ့
ဘေးမှာလည်း အဖာရာဗလပွနဲ့လွယ်အိတ်အစုတ်ကြီးတစ်လုံးကိုချထားသေးတာဗျ။
အသက်အရွယ်အလွန်ကြီးရင့်နေတဲ့ပုံ ပေါက်နေပေမဲ့ အသားအရေက
တော့ လူငယ်တစ်ယောက်လို ကြည်လင်စိုပြေလို့နေတာပါပဲဗျာ။ စူးရှ
တောက်ပြောင်တဲ့ မျက်လုံးအစုံကိုလည်း ပိုင်ဆိုင်ထားသေးတာဗျ။
လေးထောင့်မကျ တကျမျက်နှာမှာ မုတ်ဆိတ်နဲ့နူတ်ခမ်းမွှေးတွေက
လည်းရှိနေသေးတော့ အတော်လေးခန့်တယ်လို့ဆိုရမှာပေါ့ဗျာ။ အဖိုး
ကြီးက ကွမ်းအတော်ကြိုက်ပုံရတယ်။ သူ့ပါးစပ်ထဲက သွားတွေမပြောနဲ့ မုတ်ဆိတ်နဲ့နူတ်ခမ်းမွှေးတွေပေါ်မှာပါ ကွမ်းဖတ်တွေပေကျံလို့နေတာဗျ။ အာလုံးခြုံငုံပီး ကြည့်လိုက်မယ်ဆိုရင် ဒီအဖိုးကြီးက အရူးလို
လို အနှမ်းလိုလို စိတ်မနှံ့တဲ့သူတစ်ယောက်လို့ ထင်ရတာပါဗျာ။
” လူလွန်မသားလေး !! ငါက မင်းကိုကယ်ထားလို့…ကျေးဇူးပြန်ဆပ်
နေတာလား…င့ါကို မင်းက အရူးလို့ထင်တယ်ပေါ့…ဟေ ကွ ”
ဟာ !! ဒီအဖိုးကြီး ကျုပ်ရဲ့အတွေးကို ဘယ်လိုများသိသွားလဲမသိဘူး…
ကျုပ်ကို လှမ်းပီး ကြိမ်းမောင်းနေတာဗျ။ ပီးတော့ ကျုပ်ကိုစိုက်ကြည့်ပီး
ခပ်တည်တည်နဲ့ဆက်ပြောတော့တာပဲဗျို့။
” ဟေ့ကောင် !! တောက်ထွန်း ခေါ် သေမင်း…မင်းတစ်ယောက်ပဲ အရာရာကိုသိတယ် တတ်တယ်မထင်နဲ့…နေစမ်းပါဦး မင်းကလူတွေရဲ့ သေခြင်း…ရှင်ခြင်းကို သိနိုင်တယ်မို့လား…ဒါဖြင့် လုပ်စမ်းကွာ ငါ့ကိုစေ့စေ့ကြည့်ပီး ငါဘယ်တော့သေမလဲဆိုတာ ပြောစမ်းပါ… ပြောနိုင်
ရင် မင်းကို ဆရာတင်ပီး ဦးသုံးကြိမ်ချလိုက်မယ်ကွ…ဟေ…ဟေ ”
အဖိုးကြီးက ကျုပ်ကိုစိမ်ခေါ်သလိုလို…ခနဲ့သလိုလိုနဲ့ပြောလိုက်တော့
ကျုပ်လည်း စိတ်ထဲမှာ တင်းခနဲဖြစ်သွားတာဗျ။ ဒါနဲ့ အဖိုးကြီးရဲ့မျက်
နှာကို စေ့စေ့ကြည့်ပီး အာရုံခံကြည့်လိုက်တယ်။
ဟာ !! ထူးဆန်းတယ်ဗျ…ကျုပ်ရဲ့ အာရုံထဲမှာ ဘာမှ ပေါ်မလာဘူး…
ဘယ်လိုဖြစ်တာလိမ့်ဗျာ… လူတစ်ယောက်ကို စူးစိုက်ကြည့်ပီး အာရုံ
ခံလိုက်တာနဲ့…အဲဒီလူရဲ့ ရှေ့ဖြစ်မဲ့ အကြောင်းရာကို တပ်အပ်သိနိုင်
တဲ့ ကျုပ်ရဲ့ အမြင်အာရုံက ခုကျတော့ လုံးဝကို အလုပ်မလုပ်တော့ပါ
လား…အင်မတန်ဆန်းကြယ်တဲ့ အဖြစ်ပါဗျာ။ ဒါနဲ့ပဲ ကျုပ် အထိတ်တလန့်နဲ့ အဖိုးကြီးကို ခေါ်လိုက်မိတယ်။
” အ… အဘ !! ”
” ဟေ !! ဘာတုန်းကွ…လူလွန်မသားလေးရ…ဘယ်နဲ့လဲ…ငါသေမဲ့
နေ့ကို သိပီလားကွ ”
” ကျုပ်…ကျုပ် အဘကို လုံးဝ အာရုံခံလို့ မရဘူးဗျ ”
” ဟာ !! ဘယ်နဲ့ဖြစ်ရတာတုန်းကွာ…လူတွေပြောတော့လည်း မင်းက
သေမင်းဆို…ခုကြတော့လည်း မစွံပါလားကွာ ”
” ကျုပ်လည်း မသိတော့ပါဘူး အဘရယ် ”
” အေး !! ဒါဆိုလည်း ထားပါတော့ကွာ…နောက်တစ်ခုမေးဦးမယ်…
မင်းက…ငါကလွဲပီး တစ်ခြားသူတွေရဲ့ သေခြင်း ရှင်ခြင်းတွေကို ကြို
ပီး သိနိုင် မြင်နိုင်တယ်ပဲ ဆိုပါတော့… မင်းကိုယ်မင်းကောဘယ်အချိန်
သေမယ်ဆိုတာ သိနိုင်လားကွ ”
” မ…မသိပါဘူး အဘ ”
” အေး !! မင်းကိုယ်မင်း မသိဘူးဆိုရင်…သိအောင်ပြောပြမယ်…အဲ့ဒီ
လောက်ကတော့ ငါတောင်မလိုဘူး… ဟောဒီကလေးက မင်းကိုပြော
ပြလိမ့်မယ်ကွ ”
အဖိုးကြီးက သူ့ဘေးမှာတစ်ချိန်လုံး တိတ်ဆိတ်ငြိမ်သက်စွာနဲ့ထိုင်နေ
တဲ့ ဆယ်နှစ်ကျော် ခလေးငယ်ကို ညွှန်ပြရင်း ကျုပ်ကိုပြောလိုက်တာဗျ။
ကျုပ်လည်း ဒီတော့မှကလေးငယ်ကိုသေချာသတိထားမိတယ်။ကလေးဆိုပေမဲ့ ကျုပ်တွေ့ဖူးနေကျ ကလေးတွေလို မဟုတ်ဘူး…အနေထိုင်နဲ့ မျက်နှာအမူအရာယာက အရွယ်နဲ့မလိုက်အောင်အေးဆေးတည်ငြိမ်ပီး
အိနြေ္ဒသိက္ခာအပြည့်နဲ့ပါဗျာ။ မသိရင် လူကြီးလေးအတိုင်းပဲ…ခေါင်း
မှာလည်း သျှောင်ပေစူးလေး ထုံးလို့ဗျ။
ကျုပ် အဲဒီလိုတွေးနေတုန်းမှာပဲ… ကလေးငယ်က ကျုပ်မျက်နှာကိုစူး
စိုက်ကြည့်လိုက်တာဗျ။ အလိုလေးဗျာ !! ကလေးငယ်နဲ့ ကျုပ် မျက်
လုံးအကြည့်ခြင်း ဆုံတယ်ဆိုရင်ပဲ… တစ်ကိုယ်လုံးဓာတ်လိုက်သလို
တုန်ရင်သွားပီး…ရင်ထဲမှာလည်း လှိုက်ခနဲဖြစ်သွားတာဗျ။ ကလေး
ငယ်ရဲ့အကြည့်စူးစူးတွေက ကျုပ်မျက်လုံးကနေ ရင်ထဲအသည်းထဲထိ
ထိုးဖောက်ဝင်ရောက်နေသလိုလည်း ခံစားလိုက်ရတယ်။
အဲဒီချိန်မှာပဲ ကျုပ်ကို စူးစိုက်ကြည့်နေတဲ့ ကလေးရဲ့နူတ်ကနေ တည်
ငြိမ်ရင့်ကျက်တဲ့ လေသံနဲ့စကားလုံးတစ်ချို့ထွက်ကျလာတော့တာပဲဗျို့။
” ကိုကြီးတောက်ထွန်း !! ခင်များရဲ့အနာဂတ်ကို ကျုပ်မြင်နေရပီ…
ခင်များ တစ်ပတ်အတွင်းသေလိမ့်မယ်…ရိုးရိုးတန်းတန်းသေမှာ
မဟုတ်ဘူး…သူတစ်ပါးသတ်လို့ မရှုမလှ သေရမှာဗျ…အဲဒီသေခြင်း
က ရှောင်လွှဲချင်ရင်တော့…ခင်များမှာ နည်းလမ်းတစ်ခုပဲရှိတယ် ”
ဟာ !! ကလေးငယ်ပြောလိုက်တဲ့ စကားကြောင့် ကျုပ်လည်းငယ်ထိပ်
ကို မြွေပေါက်သလိုခံစားလိုက်ရပီး မျက်လုံးထဲပြာဝေသွားတယ်။ လော
ကမှာ သေမှာမကြောက်တဲ့ လူရယ်လို့ရှိလားဗျာ။ ပုထုဇဉ်မှန်ရင် သေ
ခြင်းတရားဆိုတာကို ကြောက်ရွံ့ တုန်လှုပ်ကြတာချည်းပဲ မဟုတ်လား
…ဒီတော့ ကျုပ်လည်း သေရမှာ ကြောက်တာပေါ့။
ကျူပ်အဲဒီလို ထိတ်လန့်တုန်လှုပ်သွားတာကိုမြင်တော့ အဖိုးကြီးက
ကွမ်းတမြုံ့မြုံ့ဝါးနေရာကနေ ခေါင်းကိုတဆတ်ဆတ်ညိမ့်ပီး လှမ်း
ပြောတာဗျ။
” သေမင်း…သေမင်း !! သူများကိုတော့ဖြင့် ဘယ်နေ့သေမယ်…ဘယ်
လိုသေမယ်ဆိုပီးပြောလာလိုက်တာ…အခု ကိုယ်ဘယ်အချိန်မှာ ဘယ်
လိုသေရမယ်ဆိုတာလည်းသိကော ကြောက်ချီးပန်းနေပါလားကွ…ဟေ
…ကျလည်း ကျတဲ့ကောင်ကွာ…ကံကောင်းထောက် လို့ အမြင်ထူးရလာတာကို ကိုယ့်အတွက်အကျိူး ရှိအောင် မသုံးတတ်တဲ့ အကောင်”
” အ…အဘ !! ကျုပ်…ကျုပ်ကို ကယ်ပါဗျာ ”
” ဟေ !! မင်းကိုကယ်ရမယ်ဟုတ်လား…ငါမပြောနဲ့ သုံးလောကထွတ်
ထား သဗ္ဗေညုတ ဥာဏ်တော်ရှင် ဗုဒ္ဓ မြတ်စွာဘုရားတောင် သေခြင်း
တရားကိုမလွန်ဆန်နိုင်ဘူးကွ…မှတ်ထားဟေ့ကောင် !! လူမှန်ရင်သေမျိုးချည်းပဲ… အေး !! သေချိန်တန်တာနဲ့မတန်သေးတာပဲ ရှိတယ် ”
” ဒါ…ဒါဖြင့် ကျုပ်…သေချိန်တန်ပီလား အဘ ”
” အေး !! အဲဒါက မင်းပေါ်ပဲ မူတည်တာဟ ဂန်းမသားရ… ဒီမယ်
ဟေ့ကောင် လူတွေရဲ့ သေခြင်း…ရှင်ခြင်းဆိုတာ မွေးထဲက သူတို့
ကံတရားနဲ့ယှဉ်ပီး ပါလာပီးသားကွ…အဲဒါကို မင်းလည်းပြုပြင်ပေး
လို့မရဘူး…အေး !! ငါပြောတာကိုလက်မခံပဲ မင်းရဲ့အရင်ပုံစံအတိုင်း
ထပ်ပီးလုပ်နေဦးမယ်ဆိုရင်တော့…လူတိုင်းက မင်းကို မျက်မုန်းကျိူးပီး ရန်ပြုကြမှာအသေချာပဲ… နောက်ပီး မင်းကအပြောဆိုလည်းမတတ်…
ကိုယ်မြင်ရင် မြင်တဲ့အတိုင်းကို ဘွင်းဘွင်းကြီး ပြောနေမှတော့ လူတွေ
က မင်းရဲ့စကားကို ကျိန်စာလိုပဲသတ်မှတ်ပီး ကြောက်ရွံ့ထိတ်လန့်
ကြတာလည်း မဆန်းပါဘူးကွာ ”
အလိုလေးဗျာ !! ဒီအဖိုးကြီး ပုံစံကသာ အရူးအပေါပုံ ပေါက်နေတာ…
ပြောနေတဲ့ စကားတွေက အင်မတန်မှ လေးနက်ပီး ကျုပ်တောင်လိုက်
မမှီနိုင်ပါဘူးဗျာ။ ကျုပ် သူ့ကို လုံးဝ အထင်မသေးရဲတော့ဘူး…သူဟာ ဘယ်နည်းနဲ့မှ သာမန်လူတစ်ယောက်မဖြစ်နိုင်ဘူးဆိုတာ အတပ်သိ
လိုက်ပီဗျ။ သူ့ကိုမပြောနဲ့ သူနဲ့အတူပါလာတဲ့ ကလေးငယ်လေးက
တောင် သာမန်မဟုတ်နိုင်ဘူးဗျို့။ ကျုပ် အဲလိုတွေးမိလိုက်တာနဲ့ ဒီ
အဖိုးကြီးကို တလေးတစားပြောလိုက်ရပီပေါ့။
” အဘ !! ကျုပ်ရဲ့ အမှားတွေကို ထောက်ပြ သွန်သင်ဆုံးမပေးပါဗျာ ”
ဒီတစ်ခါတော့ အဖိုးကြီးက ကျုပ်ကို ချက်ချင်းပြန်မပြောဘူးဗျ။ သူရှေ့
မှာ ချထားတဲ့ လွယ်အိတ်အစုတ်ကြီးထဲကနေ ကွမ်းအစ်တစ်လုံးကို
နိူက်ထုတ်လို့ကွမ်းတစ်ယာကို စိမ်ပြေ နပြေယာနေသေးတယ်။ အဲဒီ
ကွမ်းကို ယာပီးတော့မှ ပါးစပ်ထဲထိုးထည့်ရင်း ကျုပ်ကိုပြန်ပြောတာ။
” အေး !! ဒီလိုဆိုရင်ဖြင့် မင်း ငါ့နောက်ကို လိုက်ခဲ့ရမယ် ကွ ”
” ဗျာ !! ကျုပ်က အဘနောက်ကို လိုက်ခဲ့ရမယ် ဟုတ်လား ”
” ဟုတ်တယ် !! တောက်ထွန်း… မင်းကငါနဲ့ ပဌာန်းဆက်ပါပီးသား
လူတစ်ယောက်ပဲ…ဒါ့ကြောင့်လည်း ငါမင်းဆီကို တကူးတကလာခဲ့
တာ… ဘာလဲ… မင်းက ငါနဲ့ဆုံရတာကို မတော်တဆတိုက်ဆိုင်မူလို့များထင်နေတာ လားကွ ဟေ… ”
” ဟာ !! မထင်ပါဘူး အဘရယ်…မထင်ပါဘူး ”
” အေး !! ဒါဖြင့် မနက်မိုးလင်းပီဆိုတာနဲ့ ခရီးစထွက်ကြမယ်…
ငါ့မှာ မြန်မာပြည်အနှံ့အပြား သာသနာပြုရမဲ့ ကိစ္စကြီးတွေ ရှိသေး
တယ် တောက်ထွန်းရ … အဲဒီသာသနာပြု ခရီးစဉ်တွေမှာ မင်းလည်း
ငါနဲ့ လိုက်ပီး ပါဝင်ကုသိုလ်ယူရမယ်…ကြားလား ဟေ့ကောင် ”
” ဟုတ်…ဟုတ်ကဲ့ ကြားပါတယ် အဘ…ဒါနဲ့ ကျုပ်မှာ အခုလောလောဆယ် ဒဏ်ရာဗလပွနဲ့ဆိုတော့ ဖြစ်…ဖြစ်ပါ့မလား အဘ ”
” ဟေ !! ဟုတ်သားပဲကွ… ငါ အဲဒါကို မေ့သွားတယ်…ကိုင်း !! လာ
စမ်းကွာ…ရှေ့ကို တိုးခဲ့ ”
ကျုပ်လည်း အဘရဲ့စကားတိုင်း ရှေ့ကို တိုးသွားပီး ခေါင်းငုံ့ထားလိုက်
တယ်။ အဘက မန္တန်တစ်ပုဒ်ကို ခပ်တိုးတိုးရွတ်ဆိုပီး ကျုပ်ခေါင်းကို
သူ့ ပါးစပ်ထဲက လေနဲ့သုံးချက်တိတိမူတ်လိုက်တာဗျ။ ပီးတော့ လွယ်
အိတ်ထဲက ကြေးနီပြားလေးတစ်ပြားကို ထုတ်ပီး ကျုပ်ကို ရေစိမ်တိုက်
လိုက်သေးတယ်။
ထူးခြားချက်ကတော့ ပြောမနေပါနဲ့တော့ဗျာ။ တစ်ကိုယ်လုံး ဖူးရောင်
နေတဲ့ ဒဏ်ရာဒဏ်ချက်တွေ ချက်ချင်းဆိုသလို လျော့ကျသွားပီး…နာ
ကျင်မူတွေလည်း လုံးဝမရှိတော့ဘူးဗျ။ လူကောင်းတိုင်းကို ဖြစ်သွား
တာဗျို့။ ကျုပ် ဝမ်းသာအားရနဲ့ အဘကို ဦးကုန်းချလိုက်တယ်။ အဘ
က တည်ငြိမ်အေးချမ်းပီး မေတ္တာဓာတ်အပြည့်ပါတဲ့အသံနဲ့ဆုတွေပေး
ရှာတာဗျ။
အဲဒီညက ကျုပ် နှစ်နှစ်ခြိုက်ခြိုက်နဲ့ကောင်းကောင်းကြီး အိပ်စက်အနား
ယူနိုင်ခဲ့တယ်။ မနက်မိုးလင်းတော့ အားအင်အပြည့်နဲ့ လူကလန်းဆန်း
လို့နေတာပေါ့ဗျာ။ ခရီးထွက်ခါနီးတော့ အဘက အင်းတွေရေးဆွဲထားတဲ့ မတ်စေ့လေးတစ်စေ့ကို ထုတ်ပီး…ဇရပ်ပေါ်မှာထားခဲ့တယ်။
ပီးတော့ မီးသွေးခဲလေးတစ်ခဲနဲ့ ” ထိုက်သူတွေ့ပီး ဥာဏ်ရှိသလိုအသုံး
ပြုစေ ” ဆိုတဲ့ စာကြောင်းလေးတစ်ကြောင်းကိုလည်းရေးခဲ့သေးတာဗျ။
အဲဒီနောက်တော့ အဘက အရပ်ရှစ်မျက်နှာကို မေတ္တာပို့ရင်း သူအလို
ရှိရာ အရပ်ကို စတင်ထွက်ခွာခဲ့တယ်။ ကျုပ်ကတော့ ကလေးငယ်ရဲ့
လက်ကို ဆွဲပီး အဘနောက်က အမှီလိုက်ရတော့တာပဲပေါ့ဗျာ။
×××××××××××××××××××××××××××××××××××××××
ပြီးပါပီ။
မှတ်ချက် ။ ။ ဤ ဖြစ်ရပ်မှန်ဇာတ်လမ်းကို တစ်ဆင့်ခံပြောပြသူ၏ ပြော
ပြချက်တွင်… ကိုတောက်ထွန်း ( ခေါ် ) သေစေ…ရှင်စေ
ကိုသေမင်းနှင့် တွေ့ဆုံခဲ့သည့် လူထူးဆန်း အဘ၏ဘွဲ့
အမည်မပါခဲ့…မသိခဲ့ရပါသော်လည်း…စာရေးသူ၏ထင်မြင်
ယူဆချက်နှင့် အနီးစပ်ဆုံးခန့်မှန်းရလျှင်…ထိုပုဂ္ဂိုလ်ကား
အင်း/စမ ဝိဇ္ဇာထိုရ် ” ပထမံ ဦးအောင် ( ခေါ် )အဘဘိုး
ဘိုးအောင် ပင်ဖြစ်လိမ့် မည်ဟု ထင်မြင်မိပါသည်။
✍️✍️ ~ M T