ဟင်းခေါ်ဆေး(စ/ဆုံး)
—————————
မနက်က လမ်းလျှောက်ပြီးအပြန် ဈေးတန်းလေးကို ရောက်ခဲ့သည်။ ယနေ့ ဘာချက်ရမည်မသိ။ အသားတွေ လည်းမစားချင်၊ ငါးကလည်း ထပ်နေပြီ၊ ကြက်ဥဆို မုန်းနေမိသည်။ လမ်းဘေးဈေးတန်းတွင် ဘူးသီးပုပ်လေးတွေ၊ ကြက်ဟင်းခါးသီးလေးတွေ၊ ခရမ်းသီးတွေကို သားရေကွင်းနှင့် စည်းထားသော အစည်း လေးများကိုတွေ့ရသည်။
“တစ်စည်း ဘယ်လောက်လဲဗျ”
“၂၀၀ ပါ”
ကျွန်တော်က ဘူးသီးပုပ်၊ ကြက်ဟင်းခါးသီး၊ ခရမ်းသီး တစ်စည်းစီယူလိုက်သည်။ ထို့နောက် ဈေးသည်ကို ငါးရာတန်တစ်ရွက်၊ တစ်ရာတန်တစ်ရွက်ပေးလိုက်သည်။ ဈေးသည်ကို ကျွန်တော့်ကို ၁၀၀ ပြန်ပေးသည်။
“ဘာဖြစ်လို့လဲ”
“သုံးစည်း ငါးရာနဲ့ပဲယူသွားပါ”
“ရပါတယ်ဗျာ … ယူထားလိုက်ပါ”
ကျွန်တော်က ဈေးသည်မျက်နှာကိုကြည့်ပြီး သူပြန်ပေးသည့်ပိုက်ဆံကိုမယူရက်ပါ။ သူ့နဖူးတွင် ချွေးတွေက အသီးလိုက်။ နေပူထဲတွင် ပင်ပန်းရှာလိမ့်မည်။
တို့စရာတော့ရပြီ။ ဘူးသီးပုပ်နှင့် ကြက်ဟင်းခါးသီးကင်းလေးတွေကို ပြုတ်မည်။ ခရမ်းသီးကိုနှပ်မည်။ ငါးပိရည်ကောင်းကောင်းဖျော်ကာ စားမည်။ တွေးရင်းပင် သွားရည်ယိုလာသည်။
“ဦးလေးကြီး”
လမ်းဘေးတွင် ငါးခြောက်ရောင်းနေသူက နှုတ်ဆက်သည်။
“ငါးခြောက်ဝယ်ပါဦး”
“တော်ပြီဟာ ဒီမှာ ဝယ်လာပြီးပြီ”
“လုပ်ပါ ဈေးဦးမပေါက်သေးလို့”
“ငါးနီတူခေါင်းဖြတ်ထားတာလေးက ဘယ်လောက်လဲ”
“တစ်ဘူး ငါးရာနဲ့ပဲယူ”
“ထည့်ပါကွယ် … တစ်ဘူး”
ဈေးတန်းကမြန်မြန်ထွက်မှဖြစ်မည်။ ဟင်းရွက်သည်ကိုလည်း မမြင်ချင်ယောင်ဆောင်သွားရသည်။ သူ့ထံက ကန်စွန်းရွက် ဝယ်နေကျ ဖောက်သည်ဖြစ်နေပြီ။
အိမ်ပြန်ရောက်တော့လည်း ချွေးထွက်ထွက်နှင့် မနားနိုင်သေး။ စာရေးသည့်စခန်းကို ဝင်ရသေးသည်။ မီးက စိတ်ကောင်းဝင်ပြီး လာနေသေးသည်။ သို့သော် ၁၁ နာရီထိုးသည့်နှင့် ထုံးစံအတိုင်း မီးက ပြတ်တော့သည်။ ထို့ကြောင့် ချက်ရေးပြုတ်ရေးကို ဝင်ရသည်။ ပြီးမှ ရေတစ်ခါတည်းချိုး၊ ထမင်းတစ်ခါတည်းစားရမည်။
ယနေ့ဟင်းလျာကား
တို့စရာ ဘူးသီးပုပ်ပြုတ်နှင့် ကြက်ဟင်းခါးသီးကင်းပြုတ်
ငါးနီတူခြောက်ကို ငရုတ်သီးနှင့် အစပ်ကြော်
ခရမ်းသီးချက်
ငရုတ်သီးစိမ်းနှင့် ကြက်သွန်နီ ကြက်သွန်ဖြူတို့ကို မီးအုံးထောင်းကာ ငါးပိရည်ထဲထည့်၊ ပျစ်ပျစ်လေးဖျော် သံပုရာသီးညှစ်ထည့်
ချက်ပြုတ်ပြီးရေချိုးသည်။ ထို့နောက် ထမင်းဝိုင်းတွင် ဖင်ထိုင်ခုံခုထိုင်သည်။ ထမင်းထဲကို ခရမ်းသီးနှပ်ထည့် ငါးပိရည်ဆမ်း အားရပါးရနယ်၊ တို့စရာကလည်းကောင်း၊ ငါးခြောက်ကြော်ကလည်းစပ်နှင့် စားလိုက်သည်မှာ ချွေးတွေ ပြိုက်ပြိုက်ကျတော့သည်။ ယနေ့ဟင်းလျာကာ ကြက်သား၊ ဝက်သားတို့နှင့် မလဲနိုင်သော နေ့လယ်စာဖြစ်သည်။
မည်မျှစားကောင်းသည်ဖြစ်စေ ဤအရွယ်တွင် “မျက်စိအကျင့်၊ ဝမ်းအချင့်” ဆိုသည့်အတိုင်း တစ်ပန်းကန်နှင့် ဖြတ်ရသည်။ ကျောင်းဆရာဘဝကဆိုလျှင် ဆန်နို့ဆီဘူး တစ်လုံးချက်လောက်ကတော့ အသာလေးပင်။
ကျွန်တော်က စားနေရင်း ကျွန်တော့်ဆရာကြီး ဦးမြအောင်ကို သတိရမိသည်။
အဆိပ်တောင်ဆိုသည့် တောရွာလေးတွင် မူလတန်းကျောင်းလေး၌ စတင်အမှူထမ်းစဉ် ငစိန်ဆန်နီကိုလည်း မစားတတ်၊ ငါးပိရည်ကလည်း ထိုစဉ်က မကြိုက်သေး၊ မျှစ်ဆိုလျှင် စားရလွန်းသဖြင့် မုန်းနေချိန် ထမင်း မစားချင်သဖြင့် ထိုင်မှိုင်နေသော ကျွန်တော့်က ဆရာကြီးက ကြည့်ပြီး
“ထမင်းစားမယ်”
“မစားချင်သေးဘူး ဆရာကြီး”
“ဟင်းမလာသေးဘူးနဲ့တူတယ်”
“ဘာလဲဆရာကြီး”
“ဟင်းခေါ်ပြမယ် ကြည့်”
ဆရာကြီးက ဇလုံထဲကို ထမင်းတွေထည့်လာသည်။ ငါးပိရည်ကိုအားရပါးရဆမ်းသည်။ ငရုတ်သီးမှုန့်တွေကို ရဲနေအောင်ထည့်ကာ နယ်သည်။ သူက ကွမ်းစားသူဖြစ်သဖြင့် ကွမ်းတွေကို ရေငုံကာ ထွေးထုတ်ပစ်သည်။ ငရုတ်သီးစိမ်းတစ်တောင့်ကို ခါးချိုးကာ လျှာကို ပွတ်လိုက်သည်။
“ဘာဖြစ်လို့လဲဆရာကြီး”
“အဲဒါ ဟင်းခေါ်တာ”
ဆရာကြီးက ရှူးရှဲလုပ်ကာ ကြက်သွန်နီကို တစ်ကိုက် ကိုက်လိုက် ထမင်းတစ်လုတ် ငရုတ်သီးတွေ ရဲနေသော ထမင်းကို လက်နှင့်အုပ်ကာ ပါးစပ်ထဲထည့်လိုက်၊ ရှးရှဲမှုတ်ကာ ရေနွေးသောက်လိုက်နှင့် သူ့အဖြစ်ကိုကြည့်ပြီး ကျွန်တော် ထမင်းဆာသလိုဖြစ်လာသည်။
ထမင်းတွေကို ပန်းကန်ထဲထည့်လာသော်လည်း သူ့လို ငရုတ်သီးရဲရဲနှင့် စားဝံ့သော သတ္တိမရှိသေး။
“ထည့်ပါဗျ”
သူက ငါးပိရည်တွေကို ကျွန်တော့်ပန်းကန်ထဲ လောင်းထည့်သည်။ ထို့နောက် ငရုတ်သီးမှုန့်တွေထည့်ပြန်သည်။
“နယ်ဗျာ”
ကျွန်တော်က စိတ်မပါ့တပါနယ်နေစဉ်
“ဟာ ခင်ဗျားနယ်တာလဲ အားမရလိုက်တာ … ကျွန်တော်နယ်ပေးမယ်”
“ရပါတယ်ဆရာကြီး”
ကျွန်တော်လည်း ဈာန်ဝင်သွားပြီ။ သူ့လိုနယ်ကာ စားမည်ပြုစဉ်
“ဟိုးထား”
“ဘာလဲဆရာကြီး”
“ဟင်းခေါ် … ဟင်းခေါ်”
သူက ငရုတ်သီးတစ်တောင့်ကို ချိုးပေးပြီး ကျွန်တော့်ကို ပေးသည်။ ကျန်တစ်ပိုင်းကို ဝါးစားလိုက်ကာ
“လျှာပွတ်လိုက် … ဖိန်းတိန်း ရှိန်းတိန်းဖြစ်ပြီး ဟင်းလာလိမ့်မယ်”
ကျွန်တော်က ငရုတ်သီးစိမ်းနှင့် လျှာကို ပွတ်လိုက်သည်။ စပ်လိုက်သည်မှာ နှုတ်ခမ်းများပင်ပူလာသည်။
“ကိုင်း … နှိပ်ပေတော့”
ကျွန်တော်က ဆရာကြီးလိုပင် ကြက်သွန်နီကို တစ်ကိုက် ကိုက်လိုက်၊ ထမင်းကို တစ်လုတ်စားလိုက်၊ ရေနွေးကို မှုတ်သောက်လိုက် ထူပူပြီး ချွေးပြိုက်ပြိုက်ကျကာ ထမင်းတစ်ပန်းကန် ဘယ်ရောက်သွားမှန်းပင် မသိလိုက်၊ နောက်တစ်ပန်းကန် ထပ်ထည့်ရသည်။
“ဆရာကြီး ဟင်းခေါ်ဆေးက ကောင်းလိုက်တာ”
“ကျွန်တော် ကျောင်းဆရာ စဖြစ်ကတည်းက ဆရာ့ဆရာကြီးတွေက တောမှာ ထမင်းဝင်အောင်စားနည်း ဆိုပြီးတော့ လက်ဆင့်ကမ်းခဲ့တာ … ခု ဆရာ့ကို ကျွန်တော် လက်ဆင့်ကမ်းလိုက်ပြီ … အစပ်မစားနိုင်လည်း နည်းနည်းတော့ ကျင့်ကြည့်ဗျ … တောမှက ဘာမှရှိတာမဟုတ်ဘူး။ ကိုယ့်လျှာကို ထူပူအောင် လှည့်စားပြီး ကျွန်တော်တို့စားရတာ … ဒီနည်းက အလုပ်ဖြစ်ပါတယ်”
ကျွန်တော်သည် ထိုနေ့ကစပြီး ငါးပိရည်လည်း စားတတ်သွားသည်။ ငရုတ်သီးစိမ်းလည်း စားတတ်သွားသည်။ ဆန်ကိုလည်း ဘယ်လောက်နီနီကြမ်းကြမ်း စားနိုင်သွားသည်။
ကျောင်းဆရာဘဝက ရလိုက်သည့် ဟင်းခေါ်ဆေးကာ ယနေ့ထိတိုင်အောင်ပင် အလုပ်ဖြစ်နေသေးသည်။
#တင်ညွန့်
၂၆.၃.၂၀၂၂