#တွင်းကြီးဝမ်းမောင်
ဟင်းစားရှာသမား
(၁)
ငတောတို့ ငရုတ်ခင်း ပေါင်းပေါက်သောအဖွဲ့သည် ပေါင်းကိုသာ မဲတင်းပေါက်နေကြသဖြင့် ပေါက်တူးပေါက်သံ၊ မြေတောင်မြှောက်သံ၊ ခြေရွှေ့သံမှအပ မည်သည့်အသံမှ မကြားရ။
ပေါက်ရသော ပေါင်းက ငရုတ်ဖို့ပေါင်း။
ငရုတ်ဖို့ပေါင်းပေါက်ရာ၌ သတိကြီးစွာ ထားရသည်။ စေတနာ ထားရသည်။ စိတ်ရင်းကောင်း ထားရသည်။ ပေါင်းပြောင် ပေါင်းရှင်းရုံမျှဖြင့် ဖို့ပေါင်းသမား တာဝန်မပြီး။ မိုးနှောင်း ဆောင်းဦး အစိုဓာတ်တို့ ကြာရှည်စွာ ကျန်ရှိစေရန် ငရုတ်ပင်ခြေရင်းကို ပေါင်ခတ်တင်သကဲ့သို့ အမြှောင်ကြီးများ ဖြစ်လာသည်အထိ ပေါက်တူးစာကို ဖို့ပေးရသည်။
ပေါင်းရှင်းပြီးရော၊ မြေဖို့ပြီးပြီးရော၊ အရမ်းကာရော လုပ်မဖြစ်။ ဖို့ပေါင်းပေါက်ချိန်၌ ငရုတ်တို့ ကိုင်းထွက်၊ ခွထွက်၊ အတက်ဝေလျက် ခွသီးခေါ် ပထမအသီးသီးနေပြီ။ အပွင့်ငွေ ခေါင်းလောင်းတို့ အပြိုင်အဆိုင် ထွက်နေပြီသည်အချိန်မှာ အပွင့်အကြွေနည်းဖို့၊ အသီးအကြွေမများဖို့ ကိုင်းပဲ့ခွပဲ့ မဖြစ်ဖို့ အထူးသတိထားပေါက်မှ တော်ရုံသာရှိသည်။
ငရုတ်ခင်းရှင်ကလည်း ဖို့ပေါင်းမှာ လူကောင်း ရွေးရသည်။ လူရွေး မှန်ရသည်။ သည်လို လူရွေးမှန်မှသာ ပေါင်းပြောင်၊ မြောင်းကောင်း၊ ငရုတ်ပင် အထိအခိုက် နည်းမည် ဖြစ်မည်။
လူရွေးရာ၌ နေ့စားလူနှင့် ပုတ်ပြတ်ငှားလူဟု လူငှား နှစ်မျိုးရှိသည်။ အချိန်ပိုင်းဖြင့် ငှားရမ်းက နေ့စား။ ငရုတ်ခင်းကွက်ကို ပြသလျက် အခကြေးငွေ ဈေးဖြတ်ကာ ငှားရမ်းသူကို ပုတ်ပြတ်ဟု ခေါ်သည်။
နေ့စားပေါင်းပေါက်ရာ၌ ရောရောထွေးထွေး။ ကြိုးစားသူ မကြိုးစားသူ၊ စိတ်ကောင်းရှိသူ မရှိသူ၊ တာဝန်သိသူ မသိသူ၊ စုပြုံအုံပါလာရာ ခွဲခြားရန်မလွယ်။
ယာခင်းရှင်ကိုယ်တိုင် ပေါင်းပေါက်ရာတွင် အတူ ပါလာမှသာ ဘယ်သူ လူကောင်း၊ ဘယ်သူ လူယုတ်မာဟု အတိအကျ သိသည်။
ပေါင်းပေါက်ရာတွင် ယုတ်ညံ့သူသည် ပေါက်တူးချက် နာအောင်မပေါက်။ ပေါင်းပြောင်အောင် မပေါက်။ စိုက်ပျိုးထားသော စိုက်ပင် ပျိုးပင်ကို မထိခိုက်အောင် အတတ်နိုင်ဆုံး မရှောင်။ သူ့တာ သူ့ငန်း ကိုယ်တာ ကိုယ်ငန်း ခွဲခြားထားသည့်အထဲမှ ငန်းကို မသိမသာ ကျဉ်းကျဉ်း လိုက်လာသည်။ အခိုအကတ် အတွက်အချက် အားကြီးပြီး ရေသာခို အချောင်လိုက်သည်။ ထိုသို့ ယုတ်ညံ့သောသူမှာ ကျားမ မဟူကြီးငယ် မရွေး ရှိတတ်သည်။ ယာခင်းရှင်ခမျာ ငှားရမ်းခပေးရ၍လည်း နာ၊ ပေါင်း မပြောင်၊ စိုက်ပင်လည်း အထိနာ၍ ဆုံးရှုံးရသေးဟု မိအေးနှစ်ခါနာ ဖြစ်တတ်သည်။
အထိနာသော ယာခင်းရှင်ကလည်း ယုတ်ညံ့သော နေ့စားကို မမေ့။ ထိုလူမျိုးကို ရာသက်ပန် မငှားတော့။ နေ့စား အခသမားသည် ယာခင်းရှင် ထမင်းလုတ်ကို ပုတ်ချရာမှ မိမိထမင်းအိုး ကွဲကျသွားသော ဘဝမျိုးအထိ ကိုယ့်စေတနာက ကိုယ့်ကို ချက်ချင်း လက်ငင်း ပြန်အကျိုးပေးခံရတတ်သည်။
ပုတ်ပြတ်ခေါ် အကွက်ပြတ်ငှားရာ၌ တာဝန်အရှိဆုံးလူမှာ ခေါင်းဆောင်။ အဖွဲ့မကောင်းက ခေါင်းဆောင်ခေါင်း၊ အဖွဲ့ကောင်းမှ ခေါင်းဆောင်နာမည်ရပြီး ငှားသူဝိုင်းဝိုင်းလည်။
ပုတ်ပြတ်ခေါင်းဆောင်သည် လူကောင်း ရှာရသည်။ စိတ်ကောင်း နှလုံးကောင်း ရှိသူ၊ ယာခင်းရှင်ကို ကိုယ်ချင်းစာနာတတ်သူ၊ အတူတူတွဲပေါက်သော လုပ်ဖော်ကိုင်ဖက်များကို ငဲ့ညှာတတ်သူ၊ အလုပ်ကို မခိုမကတ် လုပ်တတ်သူမှ ပုတ်ပြတ်ပေါက်ရာ၌ လူကောင်းဟု သတ်မှတ်သည်။
ချိုင့်ကြီးဒေသ၌ ရှေးကရော ယခုအချိန်ထိပါ မင်းကို ယုံကြည်လို့ တို့က ပုတ်ပြတ်ပေးတာနော်။ လူကောင်းရွေးရှာပြီးမှ အဖွဲ့ဖွဲ့ဟု ပုတ်ပြတ်ခေါင်းဆောင်အား ယာခင်းရှင်များက မှာကြားသော ထုံးစံရှိသည်။ ထမင်းအိုး ရေရှည်တည်နိုင်ဖို့ ပုတ်ပြတ်ဖွဲ့ရာ၌ စိတ်တူ ကိုယ်တူ လက်ရည်တူ စေတနာမှန်ကို ရွေးဖွဲ့ရသည်မှာ ထုံးစံ။
ငတောသည် ပုတ်ပြတ်အဖွဲ့ခေါင်းဆောင်။
ပေါင်းပေါက်ရာ၌ ပုတ်ပြတ်ငှားလာပါက ယာခင်း အကျဉ်းအကျယ် ပေါင်း ထူ မထူ၊ ရာသီဥတု အခြေအနေကို တွက်ရဆရသည်။ မျက်ခြည်ပြတ်မရ။
မြေပဲ၊ နှမ်း၊ ငရုတ်နှင့် ပဲမျိုးစုံသည် မိုးထဲရေထဲ လုလုပ်ရသော သီးနှံများ။ ပေါင်းပေါက်ချိန်ရောက်က မိုးကျော်မခံ။ မိုးကျော်သည် ဆိုခြင်းမှာ ယခုပေါင်းပေါက်သင့်သော စိုက်ခင်းကို မပေါက်လိုက်ရဘဲ နောက်မိုး ရွာလာခြင်းမျိုး ဖြစ်သည်။ စိုက်ပင်ပျိုးပင်သာ မဖြစ်မထွန်း ရှိချင်ရှိမည်။ မိုးကျော်လိုက်ခဲ့သော ပေါင်းပင်က စိုက်ပင်ကို ချက်ချင်း ဝါးမျိုသည်။
မနိုင်က စိုက်ခင်းဆုံးနိုင်သည့်တိုင်အောင် ပေါင်းပေါက်လိုက်ရသော ပေါင်းရှင်း ယာခင်းလောက် ပေါင်းပေါက် နောက်ကျသည့် ယာခင်းသည် မည်သည့် သီးနှံမှ အထွက်မကောင်း။ ပေါင်းရှင်းရာ အချိန်လု၊ မိုးလု လုပ်ရသည်မှာ ဒေသယာများ၊ သီးနှံများ ထုံးစံ။
ပုတ်ပြတ်ခေါင်းဆောင်က ငွေရပြီးရော သဘောမျိုးဖြင့် လာငှားသမျှကို လက်ခံမရ။ အချိန်မီ ပြီးနိုင် မပြီးနိုင်၊ ချိန်ဆပြီးမှသာ လက်ခံရသည်။ လောဘ ကြီးကာ ပေါက်ပေးပါမည်ဟု ပါးစပ်လွယ် ကတိပေးက မိုးဆော့လေဆော့လျှင် ပုတ်ပြတ်လုပ်သားက မနစ်နာ။ ယာခင်းရှင်မှာ လိုက်မမီတော့အောင် အလွန် နစ်နာသည်။
သည်သို့ မဖြစ်စေရန် ငတော အမြဲ ကြိုးစားသည်။ ယာခင်းကျယ်ကြီးများ ဖြစ်ခဲ့လျှင် လူ မည်မျှပေါက်မှ ပြီးမည်ဟု အရင်ခန့်မှန်းသည်။ လိုအပ်သော လူကို မှန်းဆပြီးမှ အိမ်က လိုက်နိုင်သော သူတွက်၊ ကျန်လူကို ဘေးမှရွေးကာ ခေါ်ပြီး မိုးလွတ်လေလွတ်စေရန် တက်သုတ်ရိုက်လုပ်သည်။ အိမ်သားဖြင့် ပြီးနိုင်သော ခြေနိုင်လက်နိုင် ယာခင်းမှသာ အိမ်သားချည်း လုပ်ကိုင်သည်။
ထိုသို့ ငတောက စည်းကမ်းထား အလုပ် လုပ်သောအခါ မိုးလွတ် လေလွတ် ပေါင်းရှင်း ယာချော ဖြစ်ခဲ့ရသည်။ ထို့ကြောင့် ပုတ်ပြတ်ဆိုလျှင် ငတောမှ ငတော အငှားများ ကြသည်။ အများပြောသော စကားမှာ ငတောက စိတ်ချရတယ်တဲ့။
စိတ်ချရတယ်ဟူသော စကားတစ်လုံးကြောင့် ငတော အလုပ်များစွာ အငှားအရမ်း ခံခဲ့ရသည်။ အိမ်သားဖြင့်နိုင်က အိမ်သားချည်းလုပ်၊ အိမ်သား မနိုင်က လက်တွဲဖော် လက်တွဲဖက်များကို ခေါ်လျက် ခွဲဝေကျွေးကာ အလုပ်လုပ်ခဲ့၏။ သူများ အကျိုးဆောင် ကိုယ်ကျိုးအောင်ခဲ့၏။
တောရေကန်နှင့် လှည်းလမ်းသာ ခြားနေသော ယခု ငရုတ်ခင်းကို ပုတ်ပြတ်လာငှားစဉ်က ယာကွက်အရောက် ငတောသွားကြည့်ခဲ့သည်။ ပေါက်ရမည့်လူ မှန်းခဲ့သည်။ ထိုယာကွက်ကလေးကို မနက်ခင်း နေ့စားပေါက်က လူရှစ်ယောက်ပေါက်ရမည်။ အခတောင်းပါက မနက်ခင်း ရှစ်ယောက်စာ တောင်းမှသာ မျှတမည်။ ထိုသို့ တွက်ဆ၏။
ရာသီဥတုကို ကြည့်ရာ တိမ်စင် လစင် ကြယ်စင်။ မိုးရိမ်မိုးငွေ့ မမြင်။ တိမ်ပုပ်တိမ်ခဲ တိမ်စိုင်မတွေ့ ။ ထိုသဘောက ချက်ချင်း မိုးမရွာနိုင်သေးသော သဘော။
မနက်ခင်း နေ့စားရှစ်ယောက် မပေါက်ဘဲ၊ တစ်နေကုန် လေးယောက်ပေါက်လျှင်ကော မဖြစ်ဘူးလား၊ မရဘူးလား။ လူအင်အားနှင့် ယာအင်အားလည်း ဝေးဝေးကွာကွာ မဟုတ်၊ အချိန်လည်း မနက်ပြီးနှင့် ညနေပြီးမျှသာ ကွာခြားမည်။ နေ့ကွာ ရက်ကွာ မဟုတ်။
ငတော အိမ်၌ လုပ်နိုင်ကိုင်နိုင်သူမှာ ငတောနှင့်ငလုံးက ပင်တိုင်။ ကျောင်းအားရက်မှာ ဝိုင်းဝန်း ကူညီနိုင်သူက ငမုံးနှင့် လေးခင်မ။ လေးယောက်တွင် လေးခင်မတစ်ယောက်သာ လက်ရည် နောက်ကျသည်။ လက်ရည်နောက်ကျသော်လည်း လေးခင်မက သပ်သပ်ရပ်ရပ်၊ စေ့စေ့စပ်စပ်၊ ပေါက်ဇွဲသန်သန် သူ့ကို လက်တွဲခေါ်ဖို့ ကူဖို့ မခက်။
ထို့ကြောင့် ယခု ငရုတ်ခင်းကို ငမုံးနှင့်လေးခင်မတို့ ကျောင်းပိတ်သောနေ့၌ ပုတ်ပြတ်ပေါက်ရန် ငတော စီစဉ်သည်။ မနက်ခင်း ရှစ်ယောက်စာ အခတွက်ကာ ငတောက အခတောင်းသည်။ ယာခင်းရှင်က ရယ်မောပြီး
“ဟေ့ကောင် ငတော၊ တို့ ငရုတ်ခင်းကွက်က မနက်ခင်း ဆယ်ယောက်ပေါက်မှ ပြီးနေကျ အကွက်နော်။ မင်းက နှစ်ယောက်စာ လျှော့တောင်းတော့ တို့ကလည်း လက်ဖက်နှင့် ထန်းလျက်ပဲ ပိုထည့်ပေးမယ်၊ တတ်နိုင်တာပေးသေးတာပေါ့” ဟု ပြောသည်။
ခိုတတ်ကတ်တတ်သူများပါက ဆယ်ယောက်ပေါက်ရမည်မှာ မှန်သည်။ တက်ညီ လက်ညီ ပေါက်ပါက သည် အကွက်လောက်ကို နေမဝင်ပင်၊ မီလျှင် ရှစ်ယောက်ပေါက် မနက်ခင်းခဖြင့်ပင်လျှင် ပြီးနိုင်သည်။ နေကုန် လေးယောက်ကို မနက်ခင်း ရှစ်ယောက်ခစားပေးလျှင်လည်း ငတော မနစ်နာ။
ချိုင့်ကြီးဒေသ၌ နေ့စားငှားငှား၊ ပုတ်ပြတ်ပေးပေး၊ ငှားရမ်းသူက အလုပ်သမားကို လက်ဖက်သုတ်နှင့် ထန်းလျက်ကို ပေးကြသည်မှာ ထုံးတမ်းစဉ်လာ ဖြစ်သည်။ ငတောတို့ ပေါင်းပေါက်ရာသို့ ယာခင်းရှင်က လက်ဖက်သုတ်နှင့် ထန်းလျက်ပါမက၊ လက်ဖက်ခြောက်ရော၊ ဗရာကြော်ငါးခုပါ သူ့စေတနာ ကိုယ့်စေတနာ တုံ့ပြန်သောအားဖြင့် ပို့လာသည်။
နေကုန် ပေါင်းပေါက်ရာ၌ တောထဲမှာပင်လျှင် ရေနွေးအိုး တည်သောက်လေ့ ရှိကြသောကြောင့် လက်ဖက်ခြောက် သုံးလေးခါခတ်မျှ ယာခင်းရှင်က ယူလာခဲ့ခြင်း ဖြစ်သည်။
အခစားလုပ်ကိုင်ရာတွင် စိတ်ကောင်း နှလုံးကောင်း စေတနာကောင်း အမြဲထားရန် သူ့သားသမီးများကို ငတော မှာလေ့ရှိသလို ငတော ကိုယ်တိုင်လည်း အခစား အငှားအရမ်း လုပ်ကိုင်ရာ၌ အခိုအကပ် မရှိ။ အတွက်အချက် မရှိ။ ဝတ်ကျေတန်းကျေစိတ် ဘယ်သောအခါမှ မမွေး။ လိမ်မယူ၊ ခိုမယူ၊ အချိန်ဆွဲ မယူ။
အနိမ့်ဆုံးအဆင့် ငှားရမ်းခနှင့် တန်အောင် ဖြစ်နိုင်က ငှားရမ်းကထက် ပိုတန်အောင် လုပ်ကိုင်ပေးသည်။ သူ့သားသမီးများနှင့် ပေါက်ပေါက်၊ အခြားလူများနှင့် ပေါက်ပေါက်၊ မည်သည့် အလုပ်လုပ် သည်စံချိန်သည် စေတနာမလျှော့အောင် ငတော အထူးဂရုစိုက်သည်၊ ဆော်သြသည်။
ငတော သားသမီးများဖြစ်ကြသော ငလုံး၊ ငမုံးနှင့် လေးခင်မတို့သည် ပေါက်တူးချက်လည်းနက်၊ ပေါင်းမြက်လည်း ရှင်း၊ အပင်ရင်း မြေဇာဖို့လည်း ဖြစ်စေရန် တက်ညီလက်ညီ ကြိုးစားပေါက်နေသည်မှာ သူ့ထက်ငါဦး အလုအယက်ပင်။ ငရုတ်ပင်များကို ထိခိုက်နိုင်လောက်သော ပေါင်းပင်များကို ငရုတ်ပင်များကြား၌ တွေ့လာပါက ဖျတ်ခနဲ ဖျတ်ခနဲ နုတ်ပစ်၊ ပေါက်တူးဖြင့် မြေစာကို ထွေးခနဲ ထွေးခနဲ ဆွဲကာ အပင်ခြေရင်း ဖို့ပေးနေသည်မှာ စနစ်တကျ။
ငတောက ပေါက်တူးပေါက်ရာ၌ ခြစ်ဖုံးကို အလွန်မုန်းသည်။ ခြစ်ဖုံးဆိုသည်မှာ ပေါက်တူးချက် နက်နက်မပေါက်ဘဲ အပေါ်ယံမြေကိုသာ ဆွဲခြစ်ကာ မြက်ကို ဖုံးရုံ ပေါင်းပေါက်သွားခြင်းကို ဆိုလိုသည်။ မည်သည့် တောင်သူကမှ ခြစ်ဖုံးကို မကြိုက်။ ပေါက်တူးချက်နက်မှ ကြိုက်ကြသည်။ တောင်သူအကြိုက် လုပ်ပေးရန်မှာ အခစားလုပ်သား၌ တာဝန်ရှိသည်ဟု ငတော အမြဲတမ်းခံယူပြီး လုပ်ကိုင်ပေးနေကြဖြစ်ရာ တောင်သူတို့ အလွန်သဘောကျသည်။ ငတောမှ တို့စီးပွားဖက်ဟု ဗြောင်ဖွင့်ပြောကြသည်။
တောရေကန်ဘေး၌ ပေါက်ရောက်နေသော ကဇာချုံတန်းများ၊ ချုံပုတ်များဆီမှ တောပန်းရနံ့တို့ လေတွင် စီးဆင်းလွင့်မျောလာရာက ငတောတို့ ပေါင်းပေါက်နေရာအထိ မွှေးရနံ့ သင်းလာ၏။ သစ်ပင်ကြီးများပေါ်မှ ချိုးကူသံ၊ ခါတုတ်သံ၊ မြေပြင်မှ ဘုတ်ပူသံ၊ ငုံးတွန်သံတို့က ဆိတ်ကျောင်းသား၊ နွားကျောင်းသားများ၏ ပလွေသံနှင့် အပြိုင်အဆိုင် တေးဖွဲ့ ဆိုသီနေသကဲ့သို့ ပီပီသသ ကြည်ကြည်မြမြ။
အဝေးဆီသို့ လှမ်းမျှော်ကြည့်လိုက်ပါက မိုးသားမြူတိမ် ရှင်းလင်းသောကာလ ဖြစ်သဖြင့် အရှေ့ဆီကြည့်လျှင် ပုပ္ပားတောင်၊ အနောက်တောင်ထောင့် အရပ်သို့ ကြည့်လျှင် ရှင်မတောင်နှင့် တောင်ဦးတောင်၊ မြောက်ကိုကြည့်လျှင် ချောင်းဦးနွယ်ခွေ တောင်ရိုးတို့ကို မှိုင်းမှိုင်းညို့ညို့ မို့မို့ရီပြာ လွမ်းမောဖွယ်ရာ မြင်ရ၏။
ငရုတ်ဖို့ပေါင်း ပေါက်နေသူများ၊ မိုးနှောင်းနေကြာ ပေါင်းပေါက် နေကြသူများ၊ ပဲမျိုးစုံ ပေါင်းပေါက်နေကြသူများ၊ မြက်ရိတ် မြက်ရှာနေကြသူများ၊ ဟင်းရွက်ခူးနေကြသူများ၊ ထင်းခုတ် ထင်းချိုး နေကြသူများ၊ လှည်းလမ်းအလိုက် သွားလာနေကြသူများ၊ အားလုံး အားလုံးသည် ဘဝဝမ်းစာအတွက် လှုပ်ရှား ရုန်းကန်နေကြရသော အညာရွာသူရွာသားများ။
သူ့ငန်း ကိုယ့်ငန်း သူ့တာ ကိုယ်တာ ခွဲခြားထားသော်လည်း ငတောတို့ ပုတ်ပြတ်အဖွဲ့သားအားလုံးသည် အိမ်သားများ ဖြစ်ကြ၏။ ရှေ့ရောက်သူက နောက်လူစောင့်၊ ငန်းကျဉ်းသွားသူက ငန်းချဲ့ယူ၊ ငန်းတူချင်း နောက်ကျသည်ထင်က ကြိုးစား၊ ကျန်လူက ကူညီနှင့် မနေမနား။
ဆွမ်းခံပြန်ချိန်ခန့်တွင် မိဂျမ်း ထမင်းပို့လာသည်။ ငတောသည် နေကုန်ပေါင်းပေါက်သော နေ့တိုင်း အိမ်မှ ထွက်ကတည်းက ရေနွေးကြမ်းတည်အိုးကို အမြဲတမ်း ယူခဲ့၏။ မနက်ကလည်း နှင်းကြီးဝေနေသဖြင့် တောထဲရောက်ရောက်ချင်း ငတောတို့ ပေါင်းပေါက်မဖြစ်။ မြေကရားအိုးထဲသို့ တောရေကန်မှ ရေခပ်ထည့်ကာ ရေနွေးအိုး တည်သောက်ခဲ့သောကြောင့် ဖိုခွင်ဟောင်း ရှိ၏။ ထိုဖိုခွင်ဟောင်း၌ ရေနွေးအိုးတည်ကာ ရေနွေးပွက်မှ လက်ဖက်ခြောက် ခတ်ပြီး မိဂျမ်း နှပ်ထားသည်။ ပေါင်းပေါက်အဖွဲ့မှာ ငန်း လက်စသတ်နေသောကြောင့် ထမင်းစား ချက်ချင်း မလာနိုင်။ ငန်းဆုံးသွားမှ ထမင်းစားရန် လာကြသည်။
မိဂျမ်း ချက်ပြုတ်ယူလာခဲ့သောဟင်းမှာ သုံးခွက်ထဲပါ။ ပဲသီးတောင့်နှင့် ငရုတ်သီးစိမ်း ရောချက်ထားသည်က တစ်ခွက်၊ ချဉ်ပေါင်ဟင်းက တစ်ခွက်၊ ငါးပိနုဖုတ်က တစ်ခွက်။
ထမင်းက ဆန်တစ်ဝက်၊ ပြောင်းဆန်တစ်ဝက် ရောချက်သော ထမင်း ပြောင်း ရောရော၊ ပဲသီးတောင့်ချက်သာ ပါပါ၊ ငတောတို့အားလုံးသည် ယခုအချိန်၌ ထမင်းဆာနေသော အချိန်။ ယာခင်းရှင်က ထန်းလျှက်နှင့် လက်ဖက်သုတ်၊ ဗယာကြော် ပို့ခဲ့သည့်တိုင် သူတို့ မစားရက်၍ မစားသေး။ ထမင်းစားသော အချိန်ရောက်မှသာ တစ်ယောက်လျှင် ဗယာကြော် တစ်ခုနှုန်းကျစီ ဝေပေးပြီး ကျန်တစ်ခုကို ထမင်းပို့လာသူ မိဂျမ်းအား ပေးသည်။
သားမိသားဖ လေးဦး ထမင်းစားသောအခါ ခေါင်း မဖော်နိုင်ကြ။ ရေနွေးကြမ်းပန်းကန်ကို ငှဲ့ချိန် ယူချိန်၌သာ ခေါင်းဖော်ကြသည်။ ငတော ပင်ပန်း ဆာလောင်သလို သူ့သား သမီးများလည်း ဆာလောင်ပင်ပန်းရာ ဆာဆာပန်းပန်းနှင့် ထမင်းကို အငမ်းမရစားကြသည်။ အိုးကပ်ခွက်ကပ် ဟင်းနှင့် ထမင်းခဲသေးသေးသာ ကျန်သည်။
“ထမင်း လောက်ရဲ့လား”
“ထမင်းတစ်ခဲ ပိုသေးတယ် အမေရဲ့”
လေးခင်မက သိမ်းရင်းဆည်းရင်း ဖြေသည်။ မိဂျမ်းက သူ့အတွက်ပေးလာသော ဗယာကြော်လေးတစ်ခုကို မစားရက် မသောက်ရက်။ လက်က ကိုင်ထားရာမှ အိမ်သို့ ပြန်ယူရန်အတွက် ထမင်းထုပ်ထဲသို့ ထည့်သည်။
“မိဂျမ်းရာ … နင့်မလဲ မစားရက် မသောက်ရက်၊ စားလိုက် ပြီးနေတာပဲ၊ အိမ်ပြန်ယူနေသေး”
ငတောက ရေနွေးကြမ်းသောက်နေရာမှ လှမ်းပြော၏။ မိဂျမ်းက ပြုံးယောင်ယောင်။
“တော့သား အငယ်နှစ်ကောင်က ဗယာကြော်ဆို သိပ်ကြိုက်တာ။ ညနေကျမှ ထမင်းနဲ့ ကျွေးမလို့”
ငမုံးက သူ့အမေကိုကြည့်ပြီး စပ်ဖြဲဖြဲ။ ငလုံးကလည်း ထိုနည်းအတူပါပဲ။
“အမေက အငယ်တွေသာချစ်တာ၊ အနော်တို့ကျတော့ မသထာဘူး”
“ကြီးကျယ်လိုက်တာ ငမုံးရယ်၊ နင်ငယ်ငယ်က ညည ကျရင် ကိတ်မုန့် … ကိတ်မုန့်နဲ့ တောင်းလို့၊ ညတိုင်း ကိတ်မုန့်ကျွေးရတာ နင့်အဖေလည်း မေးကြည့်၊ နင့်အစ်ကိုလည်း မေးကြည့်”
ငမုံး ငယ်ငယ်က မုန့်ပြားသလက်ကို အလွန်ကြိုက်သည်။ မုန့်ကျွေးတိုင်း မြန်မာကိတ်မုန့်ဟု ပြောပြောကျွေးလေ့ရှိရာ မုန့်ပျားသလက် တောင်းလိုလျှင် ကိတ်မုန့် … ကိတ်မုန့်ဟု အော်တတ်သည်။ မုန့်ပျားသလက် တစ်ခုကိုဝယ်၊ ဓားဖြင့် လေးစိတ်စိတ်၊ တစ်ခါတောင်း တစ်စိတ်ပေးရသည်။
“အနော်က ကိတ်မုန့်သာ တောင်းတာနော်၊ လေးခင်မလို တရုတ်နဂါး မစားဖူးဘူး”
လေးခင်မ ထွီးခနဲ နေအောင် တံတွေး ထွေးသည်။ လေးခင်မ ငယ်ငယ်က အငိုလွန်လျှင် တက်တက် သွားလေ့ရှိသည်။
တိုင်းရင်းမြန်မာသမားတော်ကြီး ဆရာဦးစံပင်က ကင်းခြေများ အစိုကို ခေါင်းဖြုတ် ပြုတ် အသားနွှာပြီး ထမင်းနှင့်ရောခွံ့ ခိုင်းသည်။
စက်ဆုတ်ရွံရှာ အော်ဂလီဆန်သော်လည်း မိဂျမ်းသည် သမီးလေးရောဂါ ပျောက်ကင်းစေရန်အတွက် ထမင်းနှင့် ကင်းခြေများအသားကို ခွံ့ကျွေးခဲ့ရ သည်။ တစ်ကောင်မက နှစ်ကောင်မက။ သည်မျှ အနစ်နာခံလျက် မိဂျမ်း ကျွေးခဲ့မှ သမီးလေး ရွှေရည်ပန်းစက်၊ ချောညိုညက်ပြာ လေးခင်မ၏ အတက် ရောဂါ ပျောက်ခဲ့၏။ ကင်းခြေများကို တရုတ်နဂါးဟု တင်စားကာ ငလုံးတို့က လေးခင်မကြီးလာသောအခါ စခဲ့ကြ နောက်ခဲ့ကြ၏။
“တို့ကတော့ ကြိုပြောထားမှာနော်၊ ခုံဖိနပ်ကို ခုံဖိနပ်မှန်း မသိလို့ စားချင်တယ်လို့ပြောတာ ရှင်းရှင်းလေးပဲ”
ငလုံးက သူ့ဘက် လှည့်မလာစေရန် ကြိုကြိုတင်တင် ပြောသည်။
ငလုံးငယ်ငယ်က မုန့်စားချင်သောကြောင့်၊ မုန့်သည် ဟစ်သောအခါ မုန့်ဝယ်ပေးရန် တောင်းသည်။
ပိုက်ဆံပြတ်လပ်နေသည့် မိဂျမ်းက
“မုန့်သည်မဟုတ်ဘူးသားရဲ့ ခုံဖိနပ်သည် … ခုံဖိနပ်သည်”
ဟု ပြောပြောချော့ချော့၊ ချော့လည်းမရ။ ချော့မရသောအခါ ခုံဖိနပ်ကိုပြပြီး
“ဒါမျိုး ရောင်းတဲ့အသည်သားရဲ့… ခုံဖိနပ်သည်”
ဟု ပြောသောအခါ
“ဒါ မုန့်မဟုတ်ဘူး… မုန့်မဟုတ်ဘူး၊ ခုံဖိနပ် စားမယ်… ခုံဖိနပ်စားမယ်”
ဟု ခြေဆောင့်ဆောင့်ငိုရာ မိဂျမ်း ငိုရအခက် ရယ်ရအခက် ဖြစ်ခဲ့ဖူး၏။
ငတောနှင့် မိဂျမ်းတို့သည် သူတို့ သားသမီးလေးများကိုကြည့်လျက် စိတ်ချမ်းသာကြသည်။ အလုပ်လုပ်ရာ၌ ခိုညည်းသကဲ့သို့ ညည်းညူနေတတ်သူ၊ မျက်နှာသေ မျက်နှာမွဲဖြင့် အလုပ်လုပ်နေသူ၊ စိတ်မပါ လက်မပါဘဲ ဝဋ်ကျွေးခံရ နေသကဲ့သို့ လုပ်နေတတ်သူကို တွေ့ရပါက ဘေးမှကြည့်ရသူလည်း စိတ်ဆင်းရဲ၏။ ဝန်လေး၏။
အလုပ်လုပ်ရာတွင် ရွှင်ပျ ကြည်နူး မြူးထူးနေမှ ကျက်သရေရှိ၏။
လောကကြီးတွင် အသက်ရှင်ဖို့သည် အရေးကြီးဆုံး ကိစ္စ။ အသက်ရှင်သန်ရန် စားရ၊ ဝတ်ရ၊ လုံခြုံရာ နေထိုင်ကြရ၏။
ထိုသို့ နေထိုင်နိုင်ရန် လုပ်ကိုင်ခြင်းသည် စားဝတ် နေရေးကိစ္စအတွက် လုပ်ကိုင်ခြင်း၊ ဘဝဆက်လက် ရပ်တည်ရေးအတွက် အခြေခံကျသော ကိစ္စကို ဆောက်တည်ဆောင်ရွက်ခြင်း ဖြစ်၏။
ထမင်းသည် အသက်၊ အဝတ်သည် အသက်၊ နေထိုင်စရာ အဆောက်အဦးသည် အသက်၊ အသက်သည် လူ၌ရှိ၏။ လူ၌ရှိသော အသက်ကို ဆက်လက်ရှင်သန် မွေးမြူစောင့်ရှောက် ထောက်ပံ့ရသောသူမှာလည်း လူသာ ဖြစ်၏။
အသက်ကို သတ္တဝါတိုင်း ခင်တွယ်သကဲ့သို့ စားဝတ်နေရေးအတွက် လုပ်ကိုင်ဖြေရှင်းရသော ကိစ္စကြီးငယ် အလုပ်ကြီးငယ်မှန်သမျှကို တန်ဖိုးထားတတ်၊ မြတ်နိုးတတ်၊ ကြိုးစားတတ်၊ ခင်တွယ်တတ်ဖို့ လိုသည်ဟူသော အသိတို့ကို ငတောနှင့် မိဂျမ်း၏ သားသမီးများအား ဘဝအတွေ့အကြုံဆရာက သင်ကြားပြသခဲ့သည်။
ထမင်းစားချိန် မစားရသော ချောက်ချားဖွယ်ရာ အဖြစ်များ။ အဝတ်ကို လူတောသူတောထဲ၌ လူလိုသူလို မဝတ်နိုင်သဖြင့် ရှက်ရွံ့ သိမ်ငယ်ရသော ဘဝ အတွေ့အကြုံများ။
မိုးဒဏ်၊ နေဒဏ်၊ လေဒဏ်ကို လုံခြုံမှုအပြည့် မပေးနိုင်တော့သော တဲအိမ်ယိုင်ရွဲ့ရွဲ့အတွင်း နေကြရသောကြောင့် တောင်ပြေးမြောက်ပြေး ရွာဆော် ကြီးခွေးကဲ့သို့ ဆောက်တည်ရာမရ ဖြစ်ခဲ့ကြရသော ဘဝများ။
ထိုအဖြစ်များသည် ချောက်ချားဖွယ်၊ တုန်လှုပ်ဖွယ်၊ အားငယ်ဖွယ်၊ သိမ်ငယ်ဖွယ်ဖြစ်လင့်ကစား သူတို့ သူတို့လေးတွေသည် လူသားပီပီ လူသားမာန် မလျှော့။ လှိုင်းကြီးလှေအောက်၊ တောင်ကြီးဖဝါးအောက် စားဝတ်နေရေး ဒုက္ခမှန်သမျှ အလုပ်လုပ်လျှင် ပျောက်၊ အလုပ်လုပ်လျှင် ပြေးထုံး နှလုံးသွင်းခဲ့ကြ၏။ ဘာပဲ လုပ်ရလုပ်ရ အလုပ်လုပ်ရလျှင် ဒိုင်းသံ၊ လွှားသံ၊ ကာသံ၊ မြှားသံများ ကြားလာရသော စစ်မြင်းများ ခုန်ပေါက်မြူးထူးသလို ပီတိနှလုံး အပြုံးမျက်နှာ ခွန်အားသန်စွမ်း ခိုင်မာလာကြ၏။ မျှော်လင့်ခြင်း အနာဂတ်ပျားရည်ကို မုန်တိုင်းထဲမှ ရုန်းကန်ထကာ အားမာန်ရှိသမျှ လုံ့လ ဝီရိယ စိုက်ထုတ် ရှာဖွေနေကြ၏။ ဆင်းရဲကျပ်တည်းသော်လည်း လူမှာ အနာဂတ်ရှိသည်ဟူသော လူသားမာန် အပြည့်အဝ။
ငလုံးသည် အစ်ကိုကြီးမို့ အဖနည်းတူ အနစ်နာခံခဲ့၏။ တောသမားသား ငမုံးသည် ဆယ်တန်းကျောင်းသား။ တောသမားသမီး လေးခင်မသည် ရှစ်တန်းကျောင်းသူ။
နောင်လာမည့် ကလေးများကိုလည်း သူတို့လိုကျောင်းထားပေးမည်။ တွဲဖက် အ.ထ.က မှ ဆယ်တန်းအောင်၊ အဝေးသင် တက္ကသိုလ်တက်၊ ဘွဲ့ရ၊ အရာရှိ အရာခံဖြစ်။
သည်လိုဆိုတော့ လှပသော အနာဂတ်ကို ပိုင်ဆိုင်ရန် ငတောတို့ မခက်ခဲ။ အဆင့်မီလူသားတို့ကဲ့သို့ စားနိုင်၊ ဝတ်နိုင်၊ နေထိုင်နိုင်ရန်မှာ လုပ်နိုင်သမျှအလုပ်ကို ရိုးရိုးသားသား၊ ကြိုးကြိုးစားစား၊ နိုးနိုးကြားကြား လုပ်ဖို့သာ လိုလိမ့်မည်ဟု ငတော ယုံကြည်သည်။ မှန်ကန်သော ယုံကြည်မှုသည် အားဆေး။
(၂)
ထမင်းစားပြီး ကြာကြာမနား။ မိဂျမ်းပြန်သွားပြီး ခေတ္တမျှသာနားကာ ငတောတို့ ပေါက်တူး ဆက်ပေါက်သည်။ နေစွယ် ကျိုးမှသာ တစ်တုံ နားရမည်။
ယခုအချိန်မှ နေစွယ်ကျိုးအထိက ဆက်တိုက် ဆင်တိုက် ပေါင်းပေါက်ရမည့် အချိန်။
နေကုန် ပေါင်းပေါက်သူများသည် နေပူပူအောက်မှာ ဖြစ်သော်လည်း တဟားဟား တဟီးဟီး ရယ်မောကာ ပေါင်းပေါက်နေကြ၏။ သီချင်းဆိုကာ ရွှင်မြူး နေကြ၏။ ဆောင်းနေဟု ဆိုသော်လည်း အညာဆောင်းနေသည် နေ့လယ်နေ့ခင်း၌ ကျောကွဲအက်ခမန်းအထိ ပူပြင်းလှ၏။ နေပူသော်လည်း ဘဝဝမ်းစာမို့ ပျော်ပျော်ရွှင်ရွှင်။ အဝေးဆီမှ ပေါင်းပေါက်နေသော အဖွဲ့တစ်ဖွဲ့ ထဲမှ တစ်ယောက်သောသူက မေဓာဝီ ဇာတ်ထုတ်ကို ပြောငို၊ ငိုပြောလုပ်ကာ ဇာတ်ထုတ် ခင်းနေ၏။ သူလည်း သူဝါသနာပါရာ သူဆိုကာ ငိုတာပဲလေဟု ငတောတွေးမိသည်။
မေဓဝတီဆရာက မြှားမှန်ငိုချင်းချပြီး ရပ်သွားသည်။ သူရပ်နားသွားစဉ်၌ ထွက်ပေါ်လာသော အသံမှာ ကောင်မလေး ဆိုသံ။ သီချင်းက နပန်းဆံ သီချင်း။ နေပူပူမှာ သွက်သွက်လက်လက်၊ ဖျတ်ဖျတ်လက်လက် သီဆိုလာသော အဆိုရှင်ကို ငတော သဘောခပ်ကျကျ။
“ကြက်ဆီပြန်၊ ဝက်အသားနီလန်၊ ဝက်သားတုံးကြီး လက်သီးဆုပ်လောက် သဏ္ဌာန်… နှိပ်ဟ ” တဲ့
ကောင်းလိုက်တဲ့ သီချင်းရေး ဆရာရယ်။ ကောင်းလိုက်တဲ့ အဆိုတော်ရယ်။
ကြက်ဆီပြန် မစားရသည့်တိုင်၊ လက်သီးဆုပ်လောက် ဝက်သားတုံးကြီးကိုတော့ စားပါရစေ။ စားခွင့်သာရရင် လူပဲ၊ ချဉ်ပေါင်ရွက် ပဲသီးထက် သုံးထပ်သား ဝက်သားတုံးကြီးကို လက်သီးဆုပ်လောက် ခုတ်ထစ်ချက်ပြုတ် စားပါရစေဟု ငတော စိတ်ထဲမှ ပြောမိ၏။
ငတောမှသာ သည်ခံစားချက် ဖြစ်သည်မဟုတ်။ သည်သီချင်း တစ်ပိုင်းတစ်စကို ကြားနေရသည့် ငလုံးတို့အဖွဲ့ကလည်း ကြက်ဆီပြန်၊ ဝက်အသား နီလန်ကို စိတ်ထဲမှ မြင်နေကြသည်။ အဆိုရှင်ကလည်း ထမင်းရေချောင်းစီးအောင် ချက်ကျွေးဖို့ ဆော်သြနေပါမင့်ကလား။ ကောင်းလိုက်တဲ့စေတနာ။ ကြက်ဆီပြန်၊ ဝက်သားနဲ့ထမင်း ရေချောင်းစီးအောင် သဒ္ဓါ ထက်လှပါဘိ။
ငတောနှင့်နီးသော ငလုံးက ပေါင်းပေါက်ရင်း သူ့အဖေကို ပြောသည်။
“အဖေ”
“ဟေ”
“ကြက်ဆီပြန်ဆိုတာ လွယ်လွယ်မှတ်နေပုံရတယ်ဗျာ၊ ကြက်သားက တစ်ပိဿာ ငါးရာငါးဆယ်၊ ဆီက တစ်ပိဿာ လေးရာကျော်တာ တိန်တိန်မြည်လို့”
“အေး … အေး … အေး”
“ဝက်သားတုံးကြီး လက်သီးဆုပ်လောက်ဆိုရင်၊ အဲဒီ ဝက်သားတုံးကြီးဟာ အနည်းဆုံး အစိတ်သားတော့ ရှိလိမ့်မယ်။ ဝက်သား တစ်ပိဿာ ငါးရာဈေးဗျ၊။ ဒီဝက်သားတုံးကြီး တစ်တုံးထဲကိုပဲ ဆီဖိုး၊ ဆားဖိုး မပါသေးပဲနဲ့ တစ်တုံးကို တစ်ရာ့အစိတ် တန်နေပြီ”
“တန်လောက်တယ်… တန်လောက်တယ်”
“ဈေးတွေက တန်လိုက်တာဗျ၊ ပုစွန်ဆိတ်ကြီးရင် ကိုးရာ၊ ငါးဘတ် ရှစ်ရာ၊ အမဲ ငါးရာ၊ ကြက်ဥတစ်လုံး ဆယ့်ခြောက်ကျပ်၊ ဈေးတွေ မတန်ဘူးလားဗျာ”
“စားလို့ အလွန်ကောင်းတဲ့ ဟာတွေကိုးကွ၊ တန်ထိုက်ပါတယ်… တန်ထိုက်ပါတယ်”
“ကျုပ် စဉ်းစားတယ်ဗျ အဖေရ”
ငတောသည် ငလုံးကို ပေါင်းပေါက်ရင်း ဒီကောင်လေး ဘာသဘောနဲ့ ပြောနေတာလဲဟု စူးစမ်းကြည့်မိသည်။ အလိုက်သင့် စကားလျောလိုက်ရာမှ သူ့အဖေက သူ့ကို အကဲခတ်နေပြီဟု ငလုံး သတိမထား၊ သူ့ပေါင်း သူပေါက်ရင်း သူ့လေကြောသူ ရှည်လာပြန်၏။
“ပုစွန်ကိုးရာ၊ ငါးဘတ်ရှစ်ရာ၊ ကြက် ငါးရာ့ငါးဆယ်၊ ဝက် ငါးရာ၊ အမဲ ငါးရာ၊ ကြက်ဥ ဆယ့်ခြောက်ကျပ်၊ အဲဒါတွေကို ရောင်းမနိုင်အောင် ဖြစ်နေတယ်တဲ့ဗျ၊ မနက်ခင်းသွားလို့ ရှစ်နာရီလောက်ဆိုရင် ဝက်မရှိ၊ ကြက်မရ၊ ပုစွန်မမြင်၊ ငါးဘတ်မတွေ့ ၊ အမဲရှာမရ၊ ကြက်ဥကုန်ရောတဲ့ဗျ၊ ကျုပ်ဗျာ အဲဒါကျတော့ စဉ်းစားလို့ကို မရဘူး”
ဪ… ဖြစ်ရပေ့ ငလုံးရယ်ဟု ငတောရယ်ချင်မိ၏။ ကိုယ့်အိမ်မှာဖြင့် တစ်ခါလာ ချက်စားရ ဟင်းသီးဟင်းရွက်၊ နောက်တစ်ခါလာ ချက်စားရ ဟင်းသီးဟင်းရွက်၊ ဟင်းသီးဟင်းရွက် ထပ်ထပ်လာပါက၊ လက်ပံခေါင်းခြောက်၊ ခရမ်းသီးခြောက်၊ ဘူသီးခြောက်၊ ငရုတ်သီးတောင့်၊ ငါးပိနုဖုတ်၊ သည်လိုလူစားက ရယ်စရာ။ ဝက်၊ ကြက်၊ အမဲ၊ ပုစွန်၊ ငါး ကိစ္စကို စဉ်းစားသည် ဆိုခြင်းမှာ။
“ကျုပ်စဉ်းစား မရတာက ဒီလောက်ဈေးတန်တဲ့ ကြက်၊ ဝက်၊ အမဲ၊ ပုစွန်၊ ငါးတွေကို ဘယ်လိုလူစားမျိုးတွေက ချဉ်ပေါင်ရွက် စားနေသလို၊ ကန်ဇွန်းရွက် စားနေသလို အလုအယက်ဝယ်၊ အလျှံအပယ် စားနေကြသလဲ ဆိုတာပဲ၊ အစဉ်းစားရ ကျပ်လိုက်တာဗျာ၊ အဖေကော စဉ်းစားမိသလား၊ ဘယ်လိုလူတွေက ဝယ်ဝယ်စားနေလို့ ရောင်းမလောက်၊ ရောင်း သလောက် ကုန်ပြတ်ပြတ် ထွက်ရတာလဲဗျ အဖေရ”
“မင်းဟာက လွယ်တာကို ခက်အောင် စဉ်းစား နေတာကိုးကွ၊ ခက်ကရောပေါ့”
“ဘယ်လိုလူတွေက ဝယ်စားသလဲဗျ အဖေရ”
“ဟ ပိုက်ဆံရှိတဲ့ လူတွေက ဝယ်စားတာပေါ့ကွ။ ပိုက်ဆံမရှိဘဲ ဝယ်စားရမလား၊ ဒီလောက် လွယ်တာကြီးကို မင်းက ဖင်မနိုင် ခေါင်းမနိုင် လှည့်ပတ်စဉ်းစား၊ ပိုက်ဆံမရှိရင် ဒါတွေ ဝယ်မစားနိုင်ဘူး။ ပိုက်ဆံရှိတယ်နော်၊ မင်းကြိုက်ရာ ဝယ်စား။ ခုန်စားစား၊ က စားစား၊ တစ်မျိုးထဲ စားစား၊ နှစ်မျိုး စားစား၊ တစ်ယောက်ထဲစားစား၊ အများနဲ့စားစား၊ အချိန်မရွေးစား ဟား… ဟား… ဟား”
ငတောက ရယ်သောအခါ ငလုံးလည်းလိုက်ရယ်သည်။ ငမုံးက …
“တို့တော့ ထီလက်မှတ်ကောက်ရလို့ ထီပေါက်ရင် ရွှေမဝယ်၊ ကားမဝယ်၊ တိုက်မတည်ဘဲ၊ ဝက်သားနီချက်၊ အမဲသားစဉ်းကောဆုပ်နှပ်၊ပုစွန်အချဉ်တည်၊ ကြက်သားဆီပြန် မဆလာများများအုပ်၊ ငါးဘတ်ချဉ်ရည်ချက်၊ ကြက်ဥ အခုလိုက်ကြော် တွယ်လိုက်ရဦးမယ်အဖေရေ။ အဖေ ကျွန်တော်ပြောတာနဲ့ လေးခင်မရယ် လျှာကြီးထွက်ပြီး သွားရည်တွေ ကျလာလိုက်တာ အများကြီးပဲ သနားပါတယ်ကွယ် ကျွတ် … ကျွတ် … ကျွတ်”
ဟု ပြောပြော ရယ်ရယ် ရယ်ရာ လေးခင်မမှ အပ ကျန်လူအားလုံး ရယ်ရယ်မောမော။ လေးခင်မက နှုတ်ခမ်းခပ်စူစူ။ ပေါင်းပေါက်ကိုမူ မည်သူမှ မရပ်။ အားလုံး ပေါက်နေမြဲ။
“ကျွန်မက မောင်မောင်လေးလို အစားမက်တာ မဟုတ်ဘူးရှင့်။ ဦးခင်မောင်ရင် ဒေါ်လှပွင့် အလှူတုန်းက ဝက်သားကျွေးရာမှာ မောင်မောင်လေးသာ တစ်ခါစားရတာ အားမရလို့ ဝက်သား နှစ်ခါပြန် စားတာ”
“ကျွတ်… ကျွတ်… ကျွတ်၊ လေးခင်မရာ ကိုယ့်နှမလေးမို့ ကိုယ်မပြောရက်လို့ ငါမပြောဘဲ နေတာပါ။ ဦးဘိုမြ ဒေါ်စန်းစန်းဝင်း အလှူတုန်းက ဝက်သား ကျွေးရာမှာ နင် အစားလွန်လို့ ရှင်လောင်းလှည့်တောင် မလိုက်နိုင်တာ ငါရော အစ်ကိုရော အသိ။ အစ်ကို မှတ်မိတယ်နော်”
“တော်ကြစမ်းပါ ငမုံးနဲ့လေးခင်မရာ။ မင်းတို့ပြောတာနဲ့ ငါတောင် ဝက်သားစားချင်စိတ်တွေ တဖွားဖွား ဖြစ်နေပြီ။ ဝက်သားကျွေးအလှူများ ခုနေတွေ့ ရင်တော့ကွာ တောက်”
ငလုံးက ငမုံးလည်း မထောက်ခံ၊ လေးခင်မကိုလည်း မဲမပေး။ မျက်စိထဲ၌ ဝက်သားကျွေးအလှူမှ ဝက်သားတုံးကြီးများကို မြင်ယောင်နေ၏။ ငတော သားသမီးများသည် လူဆင်းရဲ သားသမီးများ။
ဆင်းရဲသား သားသမီးပီပီ၊ မသေထမင်း မသေဟင်းဖြင့် ဝမ်းရေးရှင်းခဲ့ကြရ၏။ သို့သော် လူသားပီပီ စားဖူးသော အစာထဲမှ နှစ်သက်ရာအစာကို ပြန်လည် တောင့်တကြပေလိမ့်မည်။ သူတို့ စားခဲ့ရသော နှစ်သက်ရာအစာကို ကျွေးမွေးခဲ့သည့် အလှူတို့ကို သတိတရ မှတ်မိကြပေလိမ့်မည်။
ငတောအနေဖြင့် တစ်နှစ်လုံးနေမှ ပုံမှန် ဝက်သားချက်လေ့ရှိသည်က လေးကြိမ်ထဲမျှသာ။ တန်ခူးလ ရွာဘုရားပွဲ၊ သင်္ကြန်အခါ၊ ဝါဝင်အခါနှင့် ဝါကျွတ်အခါ သည်အခါသမယ လေးပွဲမှာတော့ ဝက်သား ဝယ်ချက်ဖြစ်သည်မှာ နှစ်စဉ် နှစ်တိုင်းပင်။
ဘုရားပွဲက ရွာဘုရားပွဲမို့ ရပ်ဝေးရပ်နီး ဧည့်လာ ဧည့်သွား ရှိသည်။ မွဲချင်လျှင်သာ မွဲရော့။ လူမွဲလည်းလူ၊ လူချမ်းသာလည်း လူမို့ ရှောင်တိမ်းမရ။ ဘုရားပွဲ၌ တာဝန်ကျသည့် ဆွမ်းအုပ်ကို ပို့ရမြဲဖြစ်ရာ ဝက်သားသည် ဇာတ်လိုက်ဟင်း၊ သူ့အိမ် ကိုယ့်အိမ် ချက်ကြရသောဟင်း။
သင်္ကြန်နှင့် ဝါဝင် ဝါကျွတ်၌ ဘုန်းကြီးကျောင်းကို ဆွမ်းတစ်အုပ် အမြဲပို့လေ့ရှိကြသည်မှာ ရွာထုံးစံ။ ဒုက္ခိတ၊ စိတ်ပေါသွပ်သူ၊ ကိုယ်ရေပြားရောဂါသည် အိမ်မှလွဲလျှင် အိမ်တိုင်း အိမ်တိုင်းပင်လျှင် မည်မျှမွဲမွဲ ကျပ်ကျပ် ဒါလေးမှ စေတနာမရှိလျှင် လူဖြစ်ရကျိုးနပ်မှာ မဟုတ်ဘူးဟဟု ပြောကာဆိုကာဖြင့် ဆွမ်းအုပ်ပို့ကြမြဲ ဖြစ်သည်။
မင်းမိန့်မဟုတ်၊ ရွာဆော်ဆင့်၍ မဟုတ်။ ရွာဘုန်းကြီး၊ ရွာကျောင်းကို ရွာသားက ရှေးထုံးဝတ်မပြတ် ပို့ကြခြင်းဖြစ်သည်။ ငတောတို့ ဘိုးကြီးဘွားကြီး လက်ထက်မှသည်၊ ငတောတို့လက်ထက်အထိ
လက်ဆင့်ကမ်း အမွေကို စေတနာ သဒ္ဓါတရားဖြင့် သယ်ယူခဲ့ကြသည်။ နောင်လည်း သယ်ယူ လက်ကမ်းမည့် အမွေတစ်ရပ်ပင်။
အိမ်သားများသည် သည်ပွဲသည်ရက်မှသာ ဝက်သား စားခဲ့ကြရသည်။ ကျန်ရက်များတွင် ဝက်သားနှင့် သူတို့လေးတွေသည် အလှူမင်္ဂလာ ဆွမ်းကျွေး မတွေ့က မည်သို့မှ မပတ်သက်။ ဝက်သား မချက်က အမဲသားချက်သလားဟု မေးစရာရှိသည်။
အမဲသားဈေးကလည်း ဝက်သားဈေးနှင့် မကွာလှနွားအို ကျွဲအို သေသောအချိန်နှင့် မြွေကိုက်၍ နွားသေသောအချိန်၌ ရွာဓလေ့အရ ငတောတို့ ဝိုင်းဖြတ်ကြသည်။ ထိုအချိန်အခါတွင် ငတောအပါအဝင် ခုတ်ထစ် ကိုင်တွယ်ရလျှင် လက်စာ စားရလေ့ရှိသည်။ လက်စာစားအဖြစ် ကူညီကိုင်တွယ်က ပေးသည့် အခမဲ့ရသော အမဲသား၊ အရိုး၊ အဆီ၊ အရွတ်တို့ကို ငတော ယူလာပြီး ပင်စိမ်းပင်နိုင်နိုင်ဖြင့် ချက်ကျွေးသည်တော့ ရှိခဲ့သည်။ ဝယ်ချက် မကျွေးနိုင်။
ငတောအိမ် မွေးထားသော ကြက်များကို ချက်မစားဘူးလား၊ တောလိုက်ရခဲ့သော တောကြက်သား၊ သမင်သား၊ ယုန်သား၊ ချိုးသား၊ ခါသား၊ ငုံးသားကို ချက်မစားဘူးလားဟု ဓာတ်သိတို့က မေးကြသည်။
ငတော ရယ် နေရ၏။ ငတော ကြက်မွေးသည်မှာ ကြက်သားအုပ် ငါးမအထိ ရှိသည်။ ကြက်ကလေးများမှာ မဒန်းဘဝ၊ ကြက်ပေါက်ဘဝ ရောက်ကတည်းက ဆန်ဖြစ်၊ ဆီဖြစ်၊ အဝတ်ဖြစ်၊ အိမ်စရိတ် ဖြစ်ဖြစ်သွားသည်။ ချက်စားသည်အထိ ဘယ်တော့မှ မရောက်ခဲ့။
သမင်သား တစ်ပိဿာ ခြောက်ရာ၊ ချေ(ဂျီ)သား တစ်ပိဿာ ခြောက်ရာ၊ ယုန်တစ်ထုပ် ငါးရာ .. ခြောက်ရာ၊ ခါတစ်ကောင် တစ်ရာ .. တစ်ရာ့အစိတ်၊လချိုးတစ်ကောင် ငါးဆယ် .. ခြောက်ဆယ်၊ ငုံးတစ်ကောင် နှစ်ဆယ် .. အစိတ် ရောင်းရသောအခါ မစားရက်တော့။
သမင်သား တစ်ပိဿာက ရလာမည့် ဆန်၊ ဆီ၊ ယုန် တစ်ထုပ်က ရလာမည့် ဝတ်ဖို့စားဖို့၊ ခါတစ်ကောင်က ရလာမည့် ငပိဖိုး၊ ရေနံဆီဖိုး၊ ချိုးတစ်ကောင်၊ ငုံးတစ်ကောင်က ရမည့် သားသမီးများ ကျောင်းစရိတ်
စာအုပ်ဖိုး၊ ခဲတံဖိုး၊ မုန့်ဖိုးကို တွက်ဆမိသောအခါ လျှာတစ်ချောင်းက အကောင်းမက်သည့်တိုင် ဘဝရပ်တည်ရေးနောက်သို့ ပို့ခဲ့ရပါ၏။
သားကောင် ရောင်းချရသောငွေမှ ဆန်ပြီး ဆန်ဝယ်၊ ဆီပြီး ဆီဝယ်၊ ကျောင်းစိမ်းဝယ်၊ ကျောင်းလခပေး၊ လူမှုအထွေထွေ အသုံးစရိတ်တဲ ထည့်လိုက်သောအခါ ငတောတို့ စားနိုင်သည်မှာ ဟင်းသီးဟင်းရွက် ဖွဲနုရောသော ငပိနု။ ငတောတို့ဘဝက အိုးတော်ဖုတ်၊ လုပ်ရင်းမကျက် ဘဝမဟုတ်။ အိုးသည် အိုးကောင်း မသုံးရသော ဘဝ။
ငုံးတစ်ကောင် ရောင်းက နှစ်ဆယ် အစိတ် ရသည်။ ထိုငွေက ဟင်းသီးဟင်းရွက်ဝယ်လျှင် ချဉ်ပေါင်ရွက်လည်း ရသည်၊ ပဲသီးလည်း ရသည်။ ငုံးတစ်ကောင်ကို ချက်က တစ်နပ်စာ မရ။ ချဉ်ပေါင်ရွက်၊ ကန်စွန်းရွက်၊ ပဲသီး၊ ဘူးသီး၊ ခရမ်းသီးက ငုံးတစ်ကောင် ရောင်းရုံမျှဖြင့် တစ်အိုးချက်၊ တစ်နပ်ချက် ရသည်။ လူမွဲတွက်ကိန်းဖြင့် ထမင်းမငတ်ဖို့ အဓိက၊ ဟင်း ကောင်းဖို့က သာမည လုပ်ခဲ့ရပါ၏။ ဘဝပေး အခြေအနေကို ငတောတို့ မျက်ကွယ်ပြု မရ။
သူ့သားသမီးများရော သူရော လူသားများ။ လူသားပီပီ၊ ကောင်းသည်ကို စားချင်သည်။ ကောင်းသည်ကို ဝတ်ချင်သည်။ ကောင်းကောင်း နေချင်သည်။
လူပဲ … လူလိုမနေချင်ပဲ ရှိပါ့မလား။ လူ ဖြစ်သော်ကြောင့်လည်း ကိုယ့်ဝမ်းနာ ကိုယ်သာ သိလျက်၊ ကိုယ့်ဘဝကို ကိုယ် နားလည်ခဲ့ရ၏။ ပြောင်းနှံက ဆန်ကောင်းကို ဂုဏ်ပြိုင်မဖြစ်။
ငတောတို့ဝင်ငွေကို ကြည့်ပါ။ ယနေ့ ငရုတ်ခင်းက တစ်ခင်းလုံးပြီးမှ ငွေလေးရာကျပ်မျှသာ ရမည်။ ဒေသလုပ်ခက တစ်မနက်ခင်းလုံး လူတစ်ယောက် လုပ်မှ ကျပ်ငါးဆယ်၊ တစ်နေကုန်လုပ်မှ ကျပ်တစ်ရာ။ မနက်ခင်း ရှစ်ယောက်လုပ်ခစာ မှန်းတောင်းခဲ့သော ငွေလေးရာသည် ဘာတွေကို ဘယ်လောက် ဝယ်ရမလဲ၊ ဘယ်နှရက် စားလောက်မလဲ။
သည်ဝင်ငွေကလည်း ပုံမှန်ဝင်ငွေ မဟုတ်။ ငှားရမ်းသူ ရှိမှရသော ပျံကျ ဝင်ငွေ။ ပျံကျ ဝင်ငွေသည်၊ ဆန်ဖိုး၊ ပြောင်းဖိုး၊ ဆီဖိုး၊ ငပိဖိုး၊ ဆားဖိုး၊ နနွင်းမှုန့်ဖိုး၊ ကွမ်းသီးဖိုး၊ ကွမ်းရွက်ဖိုး၊ လက်ဖက်ခြောက်ဖိုး၊ ရေနံဆီဖိုးနှင့် ချင့်ချိန်တွက်လိုက်ပါက ခေါင်းချာချာလည်လည်။ ငတ်ပြတ် မကုန်အောင် ကုန်းကျုံး ရုန်းကန်နေသောကြောင့်သာ ငတောတို့ဘဝ ရပ်တည်ရသည်။
သို့သော် စားခွင့်ကြုံသောနေ့၊ ဝတ်ခွင့်ကြုံသောနေ့၊ လူလိုသူလို နေခွင့်ကြုံသောနေ့။ သည်နေ့ကို ရောက်ပါလိမ့်ဦးမည်။ သည်မျှော်လင့်ချက်က ငတော ဆုတ်ကိုင်ထားသော မျှော်လင့်ချက်။
“အဖေ”
“ဟေ”
“ငန်းပေါက်ရင် နားဦးမှလား”
နှစ်ငန်းပေါက်အပြီး၌ ငလုံးက မေးလာသော စကား။
“နားလေကွာ၊ လေးခင်မက ရေနွေးအိုးတည်၊ လက်ဖက်သုတ်ရော၊ ထန်းလျက်ရော စားကြတော့လေကွာ၊ နေစွယ်ကျိုးချိန် ရောက်ပါပြီ။ နေမဝင်ခင် ပြီးပါတယ်ကွ၊ ပေါက်တုန်းပေါက်၊ နားချိန်နားပေါ့”
ငန်းလက်စသတ်ပြီး မန်ကျည်းပင်ကြီးအောက် သွားရောက်နားကြသည်။ ထမင်းစားပြီးကတည်းက တစ်နေ့လယ်လုံး တမတ်မတ် တကုန်းကုန်း၊ တစ်ပေါက်တည်း ပေါက်နေခဲ့ရသဖြင့် အားလုံး ပင်ပင်ပန်းပန်း။ လေးခင်မက ရေနွေးအိုးတည်ရန် တောရေကန်သို့ ရေသွားခပ်စဉ် ငလုံးက မီးမွှေးသည်။ ငလုံးက လေးခင်မ၏ ပေါက်တူးသပ် ချောင်သွားရသည်ကို သပ်ခုတ်ပြီး ဓားနှောင့်ဖြင့် ရိုက်ပြင်ပေးနေသည်မှာ စိတ်ပါလက်ပါ။
တက်ညီလက်ညီ သည်မျှ တပင်တပန်း လုပ်ကိုင်နေရရှာသော သူ့ သားသမီးကလေးများကို အလုပ်ပင်ပန်းချိန်တွင် ဟင်းကောင်းကောင်းလေးမှ ချက်မကျွေးနိုင်သဖြင့် ငတော စိတ်မကောင်း။ အလုပ် လုပ်ရာတွင် မျက်နှာမငယ်တတ်သော အလုပ်ကို ကြိုးစားသော သူ့သားသမီးလေးများအား ဝက်သားဟင်း ကောင်းကောင်းလေးဖြင့် ချက်ကျွေးချင်သော စေတနာတို့ ငတော ရင်မှာပြည့်လျှံလာသည်။ လုပ်အားခနှင့်တော့ သူ ဝက်သား ဝယ်မချက်ကျွေးနိုင်သည်မှာ သေသေချာချာ။
တောကြီးရေကန်သွားရောက်၍ ဟင်းစားရှာက ရနိုင် မရနိုင် ငတော ချိန်ဆသည်။ ရေသောက်လာသော ပျားကို ခြေရာခံရှာက ပျားတစ်အုံ တွေ့လျှင် ဝက်သား တစ်ပိဿာဖိုး ရဖို့မခက်။ အစာရှာလာသော လင်းမြွေကြီးကြီး တွေ့ပါက ဝက်သား တစ်ပိဿာဖိုး ပိုဦးမည်။ ကြွက်တွင်း လေးငါးဆယ်တွင်း တူးရက ဆယ့်လေးငါးကောင် ရဖို့ မခက်။ ရေဘဲ၊ ရေကြက်သာ ရခဲ့လျှင် အတိုင်းထက် အလွန်ပင်။ ရေကန်ပေါင်ဘေး ချုံထဲမှာ တောဘဲ ရခဲ့ဖူးသည်။
တောဘဲငန်း ရခဲ့ဖူးသည်။ ဘာပဲရရ ရသမျှ ဝတ်သားဖိုး။ သူ့သားသမီးများ စားဖို့ရလျှင် အမြတ်။ တစ်ခုခု ရလိုရငြား ရှာမှ တော်လိမ့်မည်။
ဟင်းစားရှာသွားမည် ဖြစ်သော်လည်း သူ့သားသမီးများကို ငတောဖွင့်ပြော မဖြစ်။ အဖေ ဟင်းစားရှာသွားမည်ဆိုက သူတို့ မျှော်လင့်နေကြမည်။ ဟင်းစားက ရ မရ မသေချာ။ ဆင်အိပ်ရာ ဆိတ်နှိုးသကဲ့သို့ ဖြစ်မည်ဆိုသည့်အတွက် ငတော တိုက်ရိုက် ပြောမဖြစ်။ ရခါမှသာ သူတို့ သိချင်သိရော့။ မရမီတော့ ဟင်းရွက်ခူးဟုသာ ပြောမှကောင်းမည်။
“ငါ ရေကန်ဘေးကို ရံရွက်သွားခူးဦးမည်”
“အဖေ့ ကူခူးရအောင် ကျုပ်လိုက်ခဲ့မယ်လေ”
“မင်းနေခဲ့ပါ ငလုံးရာ။ ရံရွက် တစ်ခါချက်ကတော့ ခဏ ခူးရမှာပါ။ ရေနွေးကြမ်းအပွက်နဲ့ ငါပြန်အရောက်နဲ့ အံကိုက်နေမှာပါ။ ငမုံး ဓားရှည်ခုတ်တာ ပြီးပလား”
“ပြီးပြီ အဖေ”
“ပြီးရင် အဖေ့ကို ပေးစမ်း။ လိုရမယ်ရ သုံးရတာပေါ့”
ငမုံး လှမ်းပေးသော ဓားရှည်ကို ငတောယူကာ တောရေကန်ဘက်ဆီသို့ ထွက်ခဲ့၏။ တောရေကန်မှာ ရေကျကောင်း၊ ရေနေကောင်းရာ တန်ခူး ကဆုန် အထိ ရေမပြတ်။ ကဇဉ်းရိုးတန်း၊ ချုံပုတ် ချုံနွယ်များ၊ သစ်ကြီးဝါးကြီးများလည်း ပေါများရာ စိမ်းစိမ်းညို့ညို့ မို့မို့ မှိုင်းမှိုင်း။
ငတောသည် ရေသောက်လာသော ပျားကို ရှာ၏။ မတွေ့ ။
အစာရှာသော လင်းမြွေကို ကြည့်၏။ မမြင်။ တောဘဲ အစအန အကဲခတ်၏။ မရှိ။
ကြွက်တွင်းကို မရ ဒဿကချိုင်ရန် လုပ်၏။ တွေ့ တော့ တွေ့ ၏။ သူ့ ထက်ဦးသော တောသမားက တူးထား၊ ယက်ထားလိုက်သည်မှာ မြင်ရာမကောင်း။ ကြွက်ရှာ၍ မဖြစ်နိုင်။
ငတော အပြစ်က ငါးမရ ရေချိုး ပြန်သူကဲ့သို့ ဘာကောင်မှ မတွေ့အတူတူ ရံရွက်ခူးကာသာ ပြန်ရတော့မည်။ ချုံတန်း ချုံနွယ် ချုံပုတ်များပေါ်တွင် အနွယ်တက်ကာ ပေါက်ရောက်နေသည့် ရံနွယ်များမှ ရံရွက်နုများကို ငတော အားရပါးရ ခူးသည်။ ရံရွက်ဟင်းချိုသည် လတ်လတ်ဆတ်ဆတ် ဖြစ်ပါက
ဟင်းချိုမှုန့်လွတ် ချိုသည်။ ဆိမ့်သည်။ ရေကြောင်းအလိုက် ရံရွက်ခူးလာသော ငတော မျက်လုံးအစုံက ချုံကြီးတစ်ချုံဘေး ရောက်သည့်အခါ တစ်နေရာကို ကြည့်လျက် မျက်လုံးပြူး မျက်ဆံပြူး ။
ချုံများက မိုးနှံချုံ၊ နဘူးချုံ၊ ဂျပ်တက်ချုံ၊ ချင်းရဲချုံ အနီး၌ ပေါက်နေသော အပင်များက ဒဟတ်ပင်ပေါက်၊ သန်းပင်ပေါက်၊ ရှားပင်ပေါက်။
ရေကြောင်းထဲ၌ မုန်ညှင်းမြက်များ၊ မြက်ချဉ်များ၊ မြက်များနှင့် ချုံများက ထိကပ် ဆက်စပ်နေသည်။ နွားစားသို့ စားရာနှင့် လူသွားထားရာ၌သာ ရှင်းနေ သည်။ ကျန်နေရာများ၌ ချုံက အကိုင်းအခက် ရေကြောင်းက မြက်ပင်များနှင့် ပြည့်နေ၏။ သည်အထဲမှာ တစ်နေရာက ထူးထူးခြားခြား။
ဟုတ်မှ ဟုတ်ပါ့မလား။ သူ့ကိုယ်သူ ပြန်မေးသော ငတော အသံ။ ဟုတ်နိုင်တာပေါ့။ မြေစာပုံကို ကြည့်ပါလားဟု သူ့ကိုယ်သူ ဖြေ၏။ ချုံပုတ်ဘေးမှ မြေစာပုံကို ငတော သေသေချာချာ ကြည့်သည်။ ဟုတ်တာပေါ့၊ ဘယ်လွှဲဖြစ်မလဲ။
မြေစာပုံပေါ် မြက်မပေါက်၊ ချုံ အကိုင်းအခက် မရှိ။ သာမန်မြေထက် မောက်ယောင်ယောင်။ ပျားသလက်အိမ်ထဲမှ ပျားသလက်အပေါက် ငယ်ငယ် သေးသေးထက် သေးငယ်သော အပေါက်လေးများက မြေစာပုံပေါ်၌ အများအပြား။ မြေက ခပ်ရွရွ၊ ခပ်ရွားရွား၊ အောက်မှလာသောမြေ။ ရုတ်တရက်ကြည့်က မသိသာ၊ အာရုံပြုကြည့်မှ သိသိသာသာ။
မြေအောက်၌ ငုပ်လျှိုးပုန်းအောင်းနေသော အကောင်သည် သူ့ကိုယ်ကို လုံခြုံမှုရရှိစေရန် မြေစာများကို ယက်၊ ကျင်းဖွဲ့ပြီးမှ ပြန်ဖုံးသည်။ ပြန်ဖုံးရာ၌ ပကတိမြေနှင့် မတူတော့။ ပကတိမြေနှင့် တူးဆွထားသော မြေကို ချက်ချင်း နှိုင်းယှဉ်သလို ကွာခြားသည်။ အစိုဓာတ်ပါသော မြေဖြစ်ရာ မြေက ရွားပြေးနေသည်။ ခပ်ရွရွ ဖြစ်နေသည်။
သည်အောက်မှာ ကျစ်လိပ်ရှိသည်။ လိပ်ကျစ်ခြင်းနှင့် လိပ်ဥခြင်း မတူ။
(၃)
ကြည်း(ကုန်း)တောလိပ်သည် အုရာ၌ ရေကန်၊ ရေအိုင်ရေစီးကြောင်းနှင့် ယင်းတို့ဝန်းကျင်ကို အားကိုးသည်။ လိပ်ဥရာ၌ ရေအနက် တစ်ထွာကျော်ခန့် ရောက်အောင် ကျင်းယက်သည်။ ထိုကျင်းနေရာသည် ရေအမြဲ လွှမ်းမည့် ချိုင့်ကျကျနေရာ မဟုတ်။ ရေလည်း ရောက်နိုင် အမြင့်ပိုင်းလည်း ကျသောနေရာများ၌သာ ဥသည်။ ဥပြီး မြေပြန်ဖုံးသည်။ သူ့ခြေရာ မတွေ့စေရန် လူးလှိမ့်ပွတ်ထားပစ်ခဲ့သည်။ လိပ်ဥ ရှာရာ၌ လိပ်သမားက ထိုအချက်ကို ကြည့်ရသည်။
လိပ်ကျစ်ရာတွင် ကောင်ကွဲကျစ်သော လိပ်လည်းရှိသည်။ ခုနစ်စဉ်လိပ်လည်း ရှိသည်။ သီးခြား အုပ်ဖွဲ့ကျစ်သော လိပ်လည်း ရှိသည်။
ကုန်း(ကြည်း) လိပ်၊ ငတောတို့ ဒေသလိပ်များမှာ ယေဘုယျအားဖြင့် ထိုသို့ ကျစ်သည်။ မြစ်ချောင်းအင်းအိုင် ပင်လယ် သမုဒ္ဒရာဝန်းကျင်မှ လိပ်များနှင့် အကျင့်စရိုက် တူ မတူ၊ နေရာရွေး တူ မတူ ငတော မသိ၊ ချိုင့်ကြီးဒေသ လိပ်အကြောင်းကိုသာ ငတော သိသည်။
ကောင်ကွဲလိပ်သည် တစ်ကောင်ထဲ ကျစ်သောလိပ်။ ခုနစ်စဉ်လိပ်သည် ခုနစ်ကောင် ကျစ်သောလိပ်။
ခုနစ်စဉ်ကြယ်ကဲ့သို့ နှစ်ကောင်က ရှေ့နောက်၊ နောက်နှစ်ကောင်က ယှဉ်ပြိုင်လျက် ကျန်သုံးကောင်က ခုနစ်စဉ် ကြယ်ထဲမှ နောက်ကြယ်သုံးလုံး ပုံစံကဲ့သို့ ကျစ်သည်။ ရှေ့လေးကောင်နောက် မနီးမဝေး နေရာ၌ သုံးကောင်။ သည်သို့သော ပုံစံကျစ်၍ ခုနစ်စဉ်လိပ်ဟု ခေါ်လေသလား၊ လိပ်ခုနစ်ကောင် တွေ့လေ့ ရှိသောကြောင့် ခုနစ်စင်ကြယ်နှင့် နှိုင်းယှဉ်ခေါ် လေသလား ငတော တိတိကျကျ မသိ။
ငတောက သူ့ တောလိုက်ဆရာများကို ဘယ်လိပ်က ဘယ်နေရာဝပ်၊ ဘယ်နေရာယူလို့ ဘယ်လို အသံပေးပြီး အချက်ပြသလဲဗျ၊ ခုနစ်ကောင်မစေ့ဘဲ နေရင် ခုနစ်စဉ်လိပ် မဟုတ်ဘူးလားဟု မေးရာ ဆရာတို့က ရယ်မောနေ၏။ လိပ်ဆရာကြီး တွင်းကြီးဦးသိုက်နှင့် ဘကြည်မေးကွာ၊ အသေးစိတ် သိချင်ဟု လမ်းညွှန်၏။ ဦးသိုက်က ဘုရားလူကြီး၊ ရွာလူကြီး၊ သက်ကြီးဝါကြီး ပုတီးသမား ဖြစ်နေသောအခါ လိပ်ဆရာ မဟုတ်တော့သဖြင့် မမေးဝံ့၊ တွေ့ လာသော ခုနစ်စဉ်လိပ်ကိုသာ ငတော လေ့လာမှတ်သားချိန်ဆ ရ၏။
ကောင်ကွဲလည်း မကျစ်၊ ခုနစ်စဉ်လိပ်ကဲ့သို့လည်း မကျစ်သော သီးခြား အုပ်ဖွဲ့ကျစ်သော လိပ်လည်း ရှိသေးသည်။ ထိုလိပ်ကျစ်ပုံကလည်း စိတ်ဝင်စားစရာ ကောင်းသည်။ ထူးခြားသည်။
ထိုလိပ်များသည် လိပ်တစ်ကောင်နှင့် တစ်ကောင် ခပ်ဝေးဝေး မကျစ်၊ သူတို့ အချင်းချင်း အသံပေးက ကြားလောက်သော နေရာမျှသာ ဝေးကွာသည့် အနေအထား၌ ကျစ်သည်။ ပထမတွေ့သောလိပ်၏ ဦးခေါင်းလှည့်ရာကို အဓိက မှတ်သားရသည်။ အရှေ့အနောက် တောင် မြောက် လှည့်ချင်ရာကိုလှည့်၊ သူ ခေါင်းလှည့်ရာကို သိဖို့ ကြည့်ဖို့ အရေးကြီးသည်။
စတင်တွေ့ သောလိပ်က တောင်သို့ ခေါင်းလှည့်နေပါက လိပ်သမားသည် တောင်သို့သာ သွားရသည်။ တောင်၌ လိပ်ကျစ်စာ ရှိမည်။ ကျစ်လိပ် တွေ့မည်။
တောင်၌ လိပ်တွေ့လျှင် ခေါင်းလှည့်ရာကို ကြည့်ရသည်။ ထိုလိပ်ကလည်း တောင်သို့ ခေါင်းလှည့်လျှင် တောင်အရပ်သို့သာ ထပ်သွားရသည်။ တောင်၌ လိပ်ကျစ်စာ ရှိမည်။ လိပ်ကျစ်တွေ့မည်။
ထိုလိပ်ကလည်း တောင်သို့ ခေါင်းလှည့်ပြန်လျှင် …
နောင်တွေ့၊ နောက်တွေ့ ၊ နောက်တွေ့ လိပ်တို့ကလည်း တောင်သို့ ခေါင်းလှည့်ပြန်လျှင် တောင်အရပ်မှာ လိပ်ရှိသေးသည်ဟု မှတ်ရသည်။
တွေ့သောလိပ်က တောင်သို့ ခေါင်းမလှည့်တော့၊ လိပ် လိပ်ချင်း ကျောပေး မဟုတ်တော့။ မြောက်သို့ ခေါင်းလှည့်လာပြီ။ လိပ် လိပ်ချင်း မျက်နှာချင်းဆိုင် ဖြစ်လာပြီဆိုမှ ထိုလိပ်အုပ်ကုန်သည်ဟု သတ်မှတ်ကြသည်။ မိုးပေါ၊ ရေပေါ၊ ဖမ်းဆီးသူ နည်းပါးစဉ်က လိပ်လည်း အရမ်းပေါရာ ခုနစ်စဉ် လိပ်လည်း တွေ့သူ အများအပြား။ သီးခြား အုပ်ဖွဲ့ လိပ်လည်း တွေ့သူ အများအပြား။ ရေကြောင်းနီးသော ရွာစည်းရိုးများ၊ ရွာတွင်းဘေး ရေအိုင်များအထိ လိပ်တို့ အများအပြား။
လိပ်ကို ရှာဖွေရာတွင် ကြည်းတောသားဖြစ်သည့်တိုင် ကိုယ့်ကုန်းလိပ်၊ ကြည်းတောလိပ်ကို ရှာဖွေရာ၌ ရှာနေကြဖြစ်၍ ကျွမ်းကျွမ်း ကျင်ကျင်။ ရှာကြ ဖွေကြ ရောင်းကြသည့်တိုင် လိပ်တို့ အများအပြား ရှိဆဲပင်။
။ မြစ်ချောင်း အင်းအိုင်၊ ပင်လယ် သမုဒ္ဒရာ အနီးမှ လိပ်ဓလေ့လိပ်စရိုက်ကို ငတောတို့ ဒေသလိပ် နေရာ၊ လိပ်စရိုက်နှင့် နှိုင်းယှဉ်က ဒေသမတူ၊ လိပ်မျိုး မတူ၍ ကွဲပြားနိုင်သည်။ တူညီသည့် အချက်များလည်း ရှိနိုင်သည်။ ငတောသည် သူတွေ့ သော လိပ်ကို မည်သည့်လိပ် ဖြစ်နိုင်သည်ဟု ချိန်ဆနေသည်။
ငတော တွေ့သော လိပ်သည် ခုနစ်စဉ်လိပ်လည်း မဖြစ်နိုင်၊ ကျောပေး မျက်နှာချင်းဆိုင် ကျစ်သော သီးခြား အုပ်ဖွဲ့သည့် ကျစ်လိပ်လည်း မဖြစ်နိုင်။ သူကျစ်နေရာ တောင်ဘက်၌ ရေကြောင်း၊ မြောက်ဘက်၌ ယာခင်းဖြစ်ရာ ကောင်ကွဲကျစ်သော လိပ်သာ ဖြစ်ရမည်။
အုပ်လိုက်အဖွဲ့လိုက် ကျစ်သောလိပ် ဟုတ် မဟုတ် သိသာရန်၊ ကြည့်နိုင်သမျှ အပြေးအလွှား လိုက်ကြည့်သည်။ လိပ်ကို သီးသန့် လာရောက် ရှာဖွေသူကဲ့သို့ စိတ်ရှည်လက်ရှည် အချိန်ယူ ရှာမရ။ သူ တွေ့ထားသော လိပ်ကျစ်စာရှိသည့် ကန်ဇာရိုးလိုက်၊ ရေကြောင်းနှုတ်ခမ်းလိုက်သော လျှောက်ကြည့်ခွင့်သာသည်။ အခြားလိပ်ကျစ်စာကို မတွေ့ ။ ထို့ကြောင့် မူလလိပ်ကျစ်စာ တွေ့ထားရာသို့ ငတော ပြန်လာပြီး တွေ့လာသော လိပ်ကျစ်စာ၌ လိပ် ရှိ မရှိ စမ်းသပ်ကြည့်ပြီး ရှိပါက ဖမ်းရန် လုပ်ရသည်။
ငတောသည် ဟင်းစား ရှာသမား။ လိပ်ရှာလာခဲ့သော နေ့ကဲ့သို့ လိပ် ရှိ မရှိ သိသာစေရန် ထိုးထမ်းရမည့် ခက်ရင်းတိုလေး ပါမလာ။ ခက်ရင်းတိုအစား တွေ့ရာ သစ်ပင်ကိုခုတ်၍ တုတ်ချွန်လုပ်မှ တော်မည်။ ဟင်းစား ရှာသမားပဲ။ ဖြစ်သလို လုပ်ရတော့မည်။
လိပ်ကျစ်ရာ အနီး၌ ရှိသော ချုံထဲမှ ဒဟတ်သား ခပ်မာမာ၊ ခပ်တုတ်တုတ် အစိုတစ်ချောင်းကို ငတော ရွေးခုတ်သည်။ ခုတ်ပြီးသည့် ဒဟတ်သားအား အချောသတ်ကာ ထိပ်ဖျားကို ချွန်လိုက်သည်။ ဒဟတ်သား တုတ်တုတ် ထိပ်ဖျားချွန်ချွန်ဖြင့် လိပ်ကျစ်စာပုံပေါ်သို့ ငတော ဆောင့်ဆောင့် ထိုးသည်။ လိပ်ကျစ်စာသည် တစ်မိုက်ကျော်ကျော်ခန့်မျှသာ အပေါ်မြေရှိတတ်ရာ ငတော ဆောင့်ထိုးသောအခါ လိပ်ခွံအထိ ဒဟတ်သားတုတ်ချွန်က ပေါက်သည်။
ဟုတ်သည်။ ဒုတ်ခနဲ နေအောင်ပင်လျှင် လိပ်ကျောကုန်းကို ထိုးမိသည်။ သေချာသည်ထက် သေချာစေရန် တုတ်ချွန်ဖြင့် ဒုတ်ခနဲ ၊ ဒုတ်ခနဲ၊ ဒုတ်ခနဲဖြစ်အောင် စဉ်တိုက်ဆက်တိုက် ထိုးထိုးစမ်းရာ အောက်မှလိပ်က ရှူးခနဲ ရှူးခနဲ မြည်သလိုလို၊ ဖူးခနဲ ဖူးခနဲ မြည်သလိုလို၊ မြွေနှာမှုတ်သံလိုလို မြေသံနှင့် ရောထွေးပေါ်လာသည်မှာ ထိုးလိုက်တိုင်းပင်။ သေချာပြီ။ လိပ်မှာ ကောင်ကွဲကျစ်လိပ်။ကုန်း(ကြည်း)လိပ်။
ငတော ယက်ထုတ်ဖော်လိုက်သာ လိပ်မှာ ကုန်း(ကြည်း)လိပ်၊ လိပ်ခွံအရောင်က အနက်ရောင်။ မြစ်နီး ချောင်းနီး လိပ်ကြီးများကဲ့သို့ မကြီး။ ငါးဆယ်သားကျော် ဝန်းကျင်မျှသာရှိသော လိပ်အမျိုးအစား။
လိပ်ရသောအခါ ဆောင်းလာသည့် ခမောက်အား ဖြုတ်၊ အိတ်ထောင်ထဲမှ ရံရွက်အား ခမောက်စုတ်ထဲထည့်၊ လိပ်ကို အိတ်ထဲထည့်၊ ထိပ်စည်းပိတ်ကာ နားနေရာ မန်ကျည်းပင်ကြီးရိပ်သို့ ငတော ပြန်ခဲ့သည်။
သူ ပြန်ရောက်ချိန်၌ ရေနွေးကြမ်းခပ်ပြီးပြီ။ လက်ဖက်သုတ်နှင့် ထန်းလျှက်များကို ချထားသော်လည်း သူ့သားသမီးများက သူမလာ၍ မစားကြ မသောက်ကြသေး။ သူက ဘာမှမပြော၊ မန်ကျည်းပင်ကိုင်းငုတ်၌ အိတ်ထောင် စုချည်လာသည့် ကွင်းမှချိတ်၊ ခမောက်စုတ်ကို မန်းကျည်းပင် ခြေရင်းချပြီး မင်မပျက်ပင် ရေနွေးကြမ်း ငှဲ့သောက်သည်။ ရေနွေးနှစ်ခွက်သောက်ပြီးမှ သူ စကားစသည်။
“ငလုံးနှင့် ငမုံး”
“ဗျာ”
“ဗျာ အဖေ”
“လေးခင်မ”
“ရှင် အဖေ”
“နပန်းဆံ သီချင်းထဲမှာ ဆိုထားတာက ဘာတဲ့၊ ကြက်ဆီပြန် ဝက်အသားနီလံတဲ့၊ ဟုတ်လား”
တစ်ယောက်မှ မဖြေ။ တို့အဖေ ဘာပြောချင်လို့ပါလိမ့်ဟု စူးစမ်းကြည့်နေကြ၏။
“ကြာပါတယ်ကွာ။ တစ်ယောက်ချင်း မေးမယ်၊ နပန်းဆံသီချင်းထဲက ပါတဲ့ ဝက်သားတုံးကြီး လက်သီးဆုပ်လောက်သဏ္ဌာန် မင်းတို့စားမလား၊ ကဲ… ကြီးစဉ်ငယ် လိုက်ဖြေ”
“စားမှဗျ”
“စားမယ် အဖေ”
“စားမယ်ရှင့်၊ အဖေက အဟုတ်ပြောတာလား”
ငတောက တဟားဟား ရယ်သည်။
“အဟုတ် ပြောတာပါဟာ၊ ငါက ဝယ်မကျွေးနိုင်တော့ ငတ်လိုက်ကြတာ၊ ငါ့အတိုင်းပဲ၊ ကဲ…ငါရော မင်းတို့ရော စားချင်လှတဲ့ဝက်သား စားနိုင်ဖို့အတွက် သစ်ပင်ခွကြားကဟာကို ငလုံးက ရွာပြန်ရောက်ရင် သွားရောင်း၊ တစ်ဝက်က တို့ဝက်သားဖိုး၊ တစ်ဝက်က မင်းတို့အမေ ဆန်ဖိုး၊ ဆီဖိုး ကြက်သွန်ဖိုး”
ငလုံးက ဦးအောင် ပြေးကြည့်သလို၊ ငမုံးနှင့် လေးခင်မလည်း နောက်ကလိုက်ကြည့်၏။
“ဟာ အဖေ လိပ်… လိပ်ကြီး၊ အနည်းဆုံး ငါးဆယ်သားပဲ၊ ရှယ်လိပ်ဗျ၊ ထောင့်သုံးလေးရာတော့ ရမှာ သေချာပေါက်ပဲ၊ အဖေ ဟင်းစားရှာတာ ရုံရွက်သာမက လိပ်ပါ ရလာတော့ ကျုပ်တို့ ပွပေါက် စားပေါက်ပဲ”
ငလုံးစကား အဆုံး၌ ငမုံးက စပ်ဖြဲဖြဲ။
“လေးခင်မ ဟိုသီချင်းဆိုဟာ”
“နပန်းဆံလား မောင်မောင်လေး”
“ဟာ နလိုက်တာ ငါ့နှမရာ၊ ရေဒီယိုက လာလာနေတဲ့ သီချင်းဟာ၊ ဖေဖေကြီး … ဖေဖေကြီးကို ချစ်တယ် ဆိုတဲ့ သီချင်း”
သားအဖလေးယောက်စလုံး ရယ်မောသံက တောယံကို ဖုံးလွှမ်းသွား၏။ မိသားစု ကြည်နူးပြုံးရွင် ရယ်မောခြင်းသည်၊ ကောင်းမြတ်သော ကျက်သရေ မင်္ဂလာရှိသည့် အသံဖြစ်ကြောင်းနှင့် ထိုအသံကို ကြားရသူ မှန်သမျှသည်လည်း ကြည်နူးပြုံးပျော်ခြင်း ဖြစ်ရကြောင်းကို အဓိပ္ပာယ်ဖွင့်ဆိုသည့် အလား၊ ထနောင်းပင်ထက်မှ ချိုးသည် ကြည်နူးပျော်မြူးစွာ ကူသံပေးလိုက်သည်မှာ ချိုတနွဲ့နွဲ့ အေးတမြမြ။
– ပြီး –
စာရေးသူ – တွင်းကြီးဝမ်းမောင်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ