#မောင်သိက္ခာ
အကိုက်မတော်တစ်သက်
(၁)
သည်နေ့သည် ကြွက်နီအတွက် အားလပ်သော နေ့တစ်နေ့။ အဘိုးဖြစ်သူ အဘဉာဏ်သည် ငါးသလောက်ပိုက်မှ ပေါက်ပြဲနေသည့်နေရာများကိုအိမ်ရှေ့မန်ကျည်းပင်အောက်တွင် ဖာထေးနေ၏။
ကြွက်နီ၏ညီမ ပူတူးမက အဘဉာဏ်ကို ကူညီပြီး ရှုပ်ထွေးနေသောပိုက်များကို ရှင်းလင်းပေးနေ၏။ မန်ကျည်းပင်အထက်မှ တောကျီးကန်းတစ်ကောင်သည် ပျင်းရိလေးတဲ့စွာ တအာအာနှင့်အော်မြည်နေသည်။
“ဟေ့ ကြွက်နီ … ကြွက်နီ ငါးဆောင်းလိုက်မလားဟေ့”
အိမ်ရှေ့မှ လှမ်းခေါ်လိုက်သောအသံကို ကြားကတည်းက တက်ပု၏အသံမှန်း ကောင်းကောင်းသိသည်။
ဘယ်နှယ့် မသိဘဲ နေနိုင်ပါမည်နည်း။ မွေးကတည်းက အတူပေါင်းသင်းလာသည့် တစ်ရပ်တည်းသား ငယ်သူငယ်ချင်းတွေကိုး။
ထွေခင်းဖက်၊ ဒိုးပစ်ဖက်၊ လေးခွပစ်ဖက်။
ဒါပေမဲ့ ဒီကောင်နှင့် တယ်ပြီး အလုပ်မလုပ်ချင်။ တက်ပုက ဘာအလုပ်မဆို အလွန်ဖြစ်ကတတ်ဆန်း အလျင်စလို လုပ်တတ်သည်။
ကြည့်ပါ။
ယမန်နှစ် မိုးတွင်းက ဖြစ်သည်။
ကြွက်နီနှင့် တက်ပုတို့လယ်ကွင်းဆင်းပြီး ပုစွန်လုံးရှာ သွားကြသည်။ သူတို့အဖို့ ပုစွန်လုံးကို ဆားကလေးနှင့်လူးပြီး နီနေအောင် ကြွပ်ကြွပ်ကလေး လှော်လိုက်ပါက ဟင်းတစ်နပ်တော့ရသည်။ အဆာပြေ လည်း စားလို့ရသည်။
အခါတိုင်း လယ်ထွန်ချိန်ဆိုလျှင် ထွန်တုံးနောက်က လိုက်ရုံမျှနှင့် ပုစွန်လုံးတစ်ဟင်းစားတော့ အလွယ်ကလေးရသည်။
တက်ပုနှင့် ကြွက်နီတို့ ပုစွန်လုံးရှာသည့်အချိန်က လယ်ထွန်ချိန်ပင် လွန်နေပြီ။ ကောက်ပင်တို့ပင် တစ်တောင်ခန့် ရှိနေပြီ။ သည်တော့ ကန်သင်းရိုးဘေးမှ ပုစွန်လုံးတွင်းများကို လိုက်နှိုက်ရုံမျှသာ ရှိသည်။
ပုစွန်လုံးတွင်း၏ ကျစ်စာများအပေါ်မှ ပုစွန်လုံးခြေရာကလေးများ တွေ့သည်နှင့် တွင်းကိုနှိုက်လိုက်လျှင် ပုစွန်လုံးတစ်ကောင်တော့ရစမြဲ။ တစ်ခါတစ်ခါ ခြေရာပင် ကြည့်ရန်မလို၊ ဖမ်းသူရောက်မှ စုတ်ခနဲ ငုပ်သွားသော၊ တွင်းဝတွင် ထွက်နေတတ်သည့် ပုစွန်လုံးများကလည်း အများအပြား။
မိလိုက်သော ပုစွန်လုံးသည် လက်မှတကားကား၊ ပါးစပ်မှ မြှုပ်တစီစီဖြင့်၊ သူ့တွင်ရှိသော အင်အားရှိသမျှနှင့် ရန်သူလူသားကို ခုခံတတ်သည်။ မိသည့်နေရာကို စွဲစွဲမြဲမြဲ သူ၏လက်မဖြင့် ညှပ်၏။ ညှပ်မိလျှင် အတော်တော့နာသည်။
ထို့ကြောင့် ပုစွန်လုံးကိုကိုင်လျှင် အရမ်းကိုင်၍မရ။ လက်မနှင့် လက်ညှိုးနှစ်ခုကို အသုံးပြုပြီး ပုစွန်လုံး၏ လက်မနှစ်ဖက်အပေါ် ကျောခွံစောင်းကိုကိုင်လျှင် ဒီကောင်တွေ ဘာမှမတတ်နိုင်တော့။
ပုစွန်လုံး၏အောက်ပိုင်းဗိုက်သားကို လှန်ကြည့်လိုက်လျှင် အထီး အမကိုလည်း ခွဲခြားသိနိုင်သည်။ ပုစွန်လုံးတိုင်းတွင် လက်မနှစ်ခုနှင့် တစ်ဖက်လေးချောင်းရှိသော ခြေထောက်ရှစ်ချောင်း ရှိကြသည်။ အောက်ဆုံးခြေချောင်း၏ အလယ်ဗိုက်သားတွင် အဖတ်တစ်ခုရှိသည်။ ထိုအဖက်က ပုဝိုင်းဝိုင်းလျှင် ပုစွန်လုံးအမ။ သားပေါက်လာလျှင် ပုစွန်လုံးကလေး အများအပြားကို ဤအဖတ်ကြားတွင် ထားသည်။
ရှည်လျားလျား၊ အဖျားသွယ်သွယ် အဖတ်ဆိုလျှင်တော့ ပုစွန်လုံး အထီး၊ ထိုအဖတ်ကိုလှန်ပြီး လက်မနှင့် အတွင်းသို့ထိုးလိုက်လျှင် ပုစွန်လုံးခမျာ တစ်ချက်တည်း ကိစ္စချောသည်။
ပုစွန်လုံးအမက အထီးထက်ပိုဆူသည်။ ပိုပြီး စားကောင်းသည်။ အဲ လတ်လတ်ဆတ်ဆတ် စားချင်သပဆိုလျှင် အိမ်ရောက်မှစားရန် အရှင်လည်း ယူသွားချင်သည်။ လမ်းတစ်လျှောက်တွင် ပုစွန်လုံးက ကိုယ့်ကိုလည်း ရန်မမူစေချင်ပါက ပုစွန်လုံးကို ထူးခတ်ရမည်။ လက်ထိတ်ခတ်ရမည်။
ပုစွန်လုံးကို ခတ်ရန် လက်ထိတ်တော့ မလိုပါ။ နည်းနည်းတော့ ရက်စက်ရန်လိုသည်။
ပုစွန်လုံး၏ အောက်ဖက်ခြေရှစ်ချောင်းအနက် ခြေနှစ်ချောင်း၏ အဖျားကလေးများကို ချိုးလိုက်ပါ။ ပုစွန်လုံး၏လက်မတွင် ညှပ်ရန် ပြုတ်တူကဲ့သို့ နှစ်ခုအနက်တစ်ခုက လှုပ်ရှားမရသော အသေ။ တစ်ခုက အရှင်။ ကတ်ကြေးကဲ့သို့ နှစ်ဖက်သွားပြိုင်တူညှပ်သည်မဟုတ်။
လှုပ်ရှား၍ရသော အရှင်တစ်ခုက လှုပ်ရှား၍ မရသော အသေဘက်သို့ ဖိကပ်ပြီး ညှပ်ခြင်းဖြစ်သည်။
ထိုအရှင်လှုပ်ရှားသည့် လက်မနှင့် လက်မကြီးအကြား အသားပေါ် နေသည့်အပိုင်းကြားသို့ ချိုးထားသော ပုစွန်လုံးခြေသည်းဖျား၊ ဆူးချောင်း
ကလေးကဲ့သို့သောအရာကို သပ်လျှိုသလို ထိုးထည့်ပြီး လျှိုထားလိုက်ပါက လက်မများ ညှပ်၍မရတော့။
ဒါကို ပုစွန်လုံးဖမ်းနေကျ လူတိုင်းသိသည်။ အလွန်လည်း လွယ်ကူသည့် အလုပ်ဖြစ်သည်။
ထိုကဲ့သို့ လွယ်ကူသည့်အလုပ်ကိုပင် တက်ပုက မလုပ်ချင်။ ပြီးကပစ်လုပ်ပြီး ဖမ်းမိသည့် ပုစွန်လုံးကို ပုဆိုးစခါးပုံထဲတွင် ထုပ်ထားတတ်သည်။
“အမလေးဗျ … အမလေး”
နာလွန်း၍ရှုံ့မဲ့ကာ အော်လိုက်သော တက်ပု၏အသံကြားမှ ကြွက်နီက လှည့်ကြည့်လိုက်သည်။
လား..လား.. ပုစွန်လုံးတစ်ကောင်က တက်ပု၏ခါးပုံစကြားမှ ထွက်ပြီး တက်ပု၏ဝမ်းဗိုက်ကို အားရပါးရညှပ်ထားပေသကိုး။
ဤမျှ ဖြစ်ကတတ်ဆန်းလုပ်တတ်သည့် တက်ပု။ သူနှင့်အတူ ဝိုင်းပိုက်မဆွဲနှင့်။ လယ်ကြွက်မလိုက်နှင့်။ လွတ်သွားလျှင် တက်ပုဘက်ကဖြစ်ကြောင်း ဗေဒင်မေးစရာမလို။
ဟော ယခုလည်း
“ဟေ့ ကြွက်နီ၊ ငါးဆောင်းလိုက်မလား” တဲ့။
(၂)
“တက်ပု ဘယ်သူတွေပါသေးသလဲကွ”
တက်ပုကို မြင်လျှင်မြင်ချင်း ကြွက်နီက မေးလိုက်၏။ တက်ပု၏လက်တစ်ဖက်တွင် ဆောင်းတစ်ခုကို ကိုင်ထားသည်။
ဖဲထီးသံချောင်းချွန်၏ နဖားပေါက်တွင် ကြိုးတပ်ပြီး တက်ပု၏ခါးတွင် ပတ်ထားသည်။ ဖဲထီးသံချောင်းကိုတော့ ပုဆိုးကြား၌ ထိုးထား၏။
ဤဖဲထီးသံချောင်းနှင့် ကြိုးကား ဆောင်း၍ရသော ငါးများကို တွဲချိတ်ရန်ဖြစ်သည်။ ကိရိယာပစ္စည်းများက အပြည့်အစုံ။
တက်ပုက ကြွက်နီကို ပြန်ပြောလိုက်သည်။
“ငါရယ်၊ ငခွေးရယ်၊ တောက်ထွန်းရယ်၊ မင်းပါဆိုရင် လေးယောက်ပေါ့ကွ”
“ဘယ်မှာ သွားဆောင်းမှာလဲ”
“ဂုံမင်းကျောင်းဘေးက ရေကန်လေကွာ”
ဟုတ်ပြီ။ ဒီကန်မှာ ငါးရံ့တော်တော်ပေါသည်။ အခြားငါးများလည်း ရှိသည်။ ဒါပေမဲ့ ငါးရံ့က ပိုများပြီး အကောင်လည်းကြီးသည်။ ပြီးတော့ ကိုယ်ရကိုယ်ယူစနစ်မို့ ဖြစ်ကတတ်ဆန်းလုပ်တတ်သော တက်ပုအတွက်လည်း စိုးရိမ်စရာမလို။ ပြီးကပစ်လုပ်လျှင် သူငါးမရရုံသာ ရှိမည်။
သည်လို ရေကန်မျိုးက တစ်ယောက်တည်းသွားဆောင်းရန် မလွယ်။ ကန်ကကြီးပြီး ကန်တစ်ပြင်လုံး ဖုံးနေသည့် ကန်စွန်းပင်၊ ထိကရုံးပင်၊ ကြာပင်နှင့် ဗေဒါပင်များကို ရှင်းရဦးမည်။
ရှင်းပြီးမှ ပေါင်လယ်လောက် ရေအနက်ရှိ ကန်အတွင်းမှ ငါးများကို ဆောင်းယူရန်ဖြစ်သည်။
ငါးဆောင်းသည်ဆိုသည်မှာ ကြက်မကြီးမှ ကြက်ကလေးများ ပေါက်လျှင် ဝပ်ကျင်းမှ ကြက်သားအုပ်မကြီးကို ထုတ်ယူပြီး ခေတ္တအုပ်ထားသည့် ဝါးအုပ်ဆောင်းမျိုးဖြင့် ဖမ်းဆီးခြင်းဖြစ်သည်။
“ဆောင်း” ကို ဝါးနက်ဝါးမျိုးဖြင့် တစ်လက်မခန့်အကျဲရက်လုပ်ရသည်။ အောက်ဘက်အဝမှာ လက်တစ်ဖက်ခန့်ကျယ်ပြီး အထက်သို့ တဖြည်းဖြည်းရှူး၍ အထက်ဘက်အဝမှာ ထွာဆိုင်ခန့်ကျယ်သည်။ အနားတစ်လျှောက် ခိုင်ခံ့ရန် ကြိမ်ကြိုးများဖြင့် ကွပ်ထားသည်။
ထိုဆောင်းဖြင့် ရေထဲတွင် နေရာအနှံ့လိုက်လံအုပ်ခြင်းကို ဆောင်းသည် ဟုခေါ်၏။
ယင်းသို့ လိုက်လံအုပ်ပြီး ဆောင်းအတွင်း၌ ငါးမိနေလျှင်၊ အလန့်တကြား ငါးက ဟိုတိုး သည်တိုး၊ ဆောင်းကို လိုက်တိုးလိုက်သည်နှင့် တစ်ပြိုင်နက် ဆောင်းသူက ငါးခေါင်းနှင့် ဆောင်းနံရံထိသံကြောင့် ငါးမိနေ ကြောင်း သိရသည်။
ထိုငါးကို ဆောင်းအဝမှ လက်လျှိုပြီး ဖမ်းရခြင်းဖြစ်သည်။ အများအားဖြင့် ငါးခူ၊ ငါးရံ့၊ ငါးပတ်နှင့် ငါးပြေမ စသည်တို့ကို မိတတ်သည်။
ယခုလည်း ဂုံမင်းကျောင်းဘေးရေကန်သို့ ငါးသွားဆောင်းရန် တက်ပုက လူစုနေခြင်းဖြစ်သည်။
တက်ပုသည် ကြွက်နီကိုမခေါ်မီကတည်းက ငခွေးနှင့် တောက် ထွန်းတို့ကိုလည်း ပြောထားပြီးဖြစ်၏။
ကြွက်နီသည် ပိုက်ဖာနေသော အဘိုးဖြစ်သူ အဘဉာဏ်အား လှမ်းကြည့်လိုက်ပြီး
“အဘ ကျွန်တော် တက်ပုတို့နဲ့ ဂုံမင်းကျောင်းကန်မှာ ငါးဆောင်းလိုက်သွားဦးမယ်”
“မင်းသွားရင် ဘယ်ဆောင်းကိ ယူသွားမှာလဲ”
အဘဉာဏ်က မြေးဖြစ်သူ ကြွက်နီကိုမေးလိုက်၏။
“နောက်ဘက် ကျပ်ခိုးစင်ပေါ်က ဆောင်းကိုယူသွားမယ် အဘ”
“အေး မင်းတို့ဆောင်းမယ့် ရေကန်က ငါးရံ့ကြီးတွေရှိတတ်တယ်။ ဆောင်းခိုင်ခိုင်သာ ယူသွားဟေ့၊ မြွေပါးကင်းပါးလည်း သတိနဲ့ကြည့်ကြဦးနော်”
ဟုတ်သည်။
ဆောင်းမခိုင်၍ ကျိုးပဲ့ပြီး ငါးလွတ်သွားလျှင် ရင်နာစရာကောင်းလှသည်။
ကြွက်နီတို့အိမ်တွင် ကြက်ကလေးများပေါက်လျှင် အုပ်ရန် ဆောင်းတစ်ခုလည်း ရှိသေးသည်။ ထိုဆောင်းကို အိမ်အောက်မှ ဆင့်လုပ်ထားသော ဝါးယားလုံး၏အဖျားတွင် ဆွဲထား၏။
ထိုဆောင်းကို ကြွက်နီမယူ။
ကျပ်ခိုးစင်တွင် တင်ထားသော ဆောင်းအသစ်ကို ယူသွားမည်။ ဤဆောင်းကို အဘဉာဏ်ကိုယ်တိုင် စိတ်တိုင်းကျ ဝါးနက်ဝါးဖြင့် ရက်လုပ်ထားခြင်းဖြစ်သည်။
ကျပ်ခိုးစင်တွင် တင်ထားသည်မှာလည်း ကြာလှပြီ။ ကျပ်ခိုးများဖြင့်ဝ၍ ဆောင်းမှာ မည်းပြောင်နေသည်။ ဝါးကို ပိုးမစားနိုင်အောင် ကျပ်ခိုးက ကာကွယ်ထားသည်။ ဤဆောင်းမျိုးထဲ ရောက်တဲ့ငါး၊ ပေါင်လုံးလောက်ကြီးပါစေ၊ ဆောင်းကိုကျိုးအောင် ဘယ်သို့မျှ မတိုးနိုင်။ ဆောင်းကို ကြွက်နီက ကျပ်ခိုးစင်ပေါ်မှ ယူလိုက်၏။
ပြီးတော့ အိမ်ခေါင်းရင်း ကျူထရံတွင် ထိုးထားသော ကြိုးတန်းလန်းနှင့် ဖဲထီးတစ်ချောင်းကို ဖြုတ်ယူကာ ကြိုးကို သူ၏ခါးတွင် ပတ်လိုက်သည်။ ဖဲထီးသံချောင်းကိုမူ ခါးကြား၌ ထိုးလိုက်၏။ ငါးဆောင်းရန် လက်နက်ကိရိယာများ ပြည့်စုံပါပြီ။
“ဟေ့ တက်ပု ဟိုကောင်တွေကောကွ။ ငခွေးတို့၊ တောက်ထွန်းတို့လေ”
“သူတို့ သွားနှင့်ကြပြီ ကြွက်နီ၊ ကျောင်းသစ်ကုန်းမှာ တို့ကိုစောင့်မယ်လို့ပြောသွားတယ်”
“ကဲ ဒါဖြင့် လာကွာ၊ သွားကြမယ်”
တက်ပုနှင့် ကြွက်နီတို့နှစ်ယောက်သား ဆောင်းကိုယ်စီကိုင်ကာ သူတို့နေထိုင်ရာ ဇလွန်ဘက်တန်းရွာမှ ကျောင်းသစ်ကုန်း ငခွေးတို့ရှိရာသို့ သွားကြ၏။
မန်ကျည်းပင်ပေါ်မှ တောကျီးကန်းကြီးကလည်း မပျံသေး။ တအာအာနှင့် ပျင်းရိလေးတွဲစွာ အော်မြည်ဆဲပင် ရှိသေးသည်။
အကို(၃)
ကြွက်နီတို့ သူငယ်ချင်းလေးယောက် ရေကန်ကြီးအတွင်းမှ ကန်စွန်းပင်၊ ထိကရုံးပင်၊ ကြာပင်နှင့် ဗေဒါပင်များကို ရှင်းလင်းပြီးပေပြီ။ ရေကန်ဘေးတွင် စုပုံတင်ထားသော အပင်မျိုးစုံနှင့်အတူ ပါလာသည့် ပိုးကောင်ကလေးများ၊ ငါးသေး ငါးမွှားနှင့် ပုစွန်ဆိတ်ကလေးများကို ဗျိုင်းအောက်တစ်ကောင်က လိုက်လံဖမ်းယူစားနေသည်။
ရေပြင်တစ်ခုလုံးမှာ ရွှံ့နှစ်အရောင် နောက်ကျိနေ၏။
ရွှေဘိုတန်း ရှမ်းစုရွာဘက်ဆီမှ တိမ်မည်းညိုညိုကြီးသည် တရွေ့ရွေ့ဖြင့် အရှေ့ဘက်သို့ ရွေ့လျားနေပြီ။ မိုးသက်လေကလေးက တဖြူးဖြူး တိုက်ခတ်နေသဖြင့် သူတို့မှာ မောပန်းခြင်းမရှိလှ။
ဂုံမင်းကျောင်း ထန်းပင်တောအကြားမှ စေတီတော်သည် ဖြူဖွေး၍ သပ္ပာယ်လှသည်။ မကြာမီ မိုးဖွဲကလေးများပင် တစ်ပြိုင်နှစ်ပြိုက် ရွာကောင်းရွာပေတော့မည်။
“ကဲ တို့လုပ်ငန်း စကြရအောင်ဟေ့”
ငခွေးက လှမ်း၍ပြောလိုက်သည်။
“ဘယ်ဘက်က စဆောင်းကြမလဲကွ”
တောက်ထွန်းက မေးလိုက်၏။
“မြောက်ဘက်က စဆောင်းကြမယ်”
ကြွက်နီက လှမ်းပြောလိုက်ကာ မြောက်ဘက်ကန်အစပ်မှ ဆောင်းကိုယ်စီကိုင်ကာ တန်းစီလိုက်ကြသည်။
မကြာပါ။
ရေထဲသို့ ဆောင်းအုပ်သံတဘွမ်းဘွမ်းနှင့် လုပ်ငန်းစကြတော့သည်။ ဒုတ်ခနဲ ဒုတ်ခနဲဖြင့် ငါးတိုးသံ။
ကြွက်နီသည် ကမန်းကတန်း ဆောင်းအတွင်းသို့ကြည့်လိုက်၏။ နှုတ်ခမ်းမွှေး တထောင်ထောင်နှင့် ငါးပတ်ကြီးတစ်ကောင်။
ငါးပတ်မှာ ရွှံ့နှစ်ရေများနောက်ကျိပြီး အသက်ရှူမဝသဖြင့် ရေအောက်တွင် ကြာကြာမနေနိုင်။ ကြွက်နီ၏ဆောင်းအတွင်း ရေပေါ်၌ ဟိုကူး သည်ကူးဖြစ်နေသည်။
ကြွက်နီသည် ဆောင်းထိပ်ဝမှ လက်လျှို၍ ငါးပတ်ကြီးကို အသာပင် ဖမ်းလိုက်၏။ ပါးစပ် ဟပ် ဟပ်နှင့် ငါးပတ်ကြီးမှာ ကြွက်နီ၏ လက်ထဲတွင် တလူးလူး တလွန့်လွန့်ပါလာသည်။
ကြွက်နီသည် ကျန်လက်တစ်ဖက်ဖြင့် ခါးကြားမှာ ဖဲထီးသံချောင်းကို ဆွဲယူလိုက်ပြီး ငါးပတ်ကြီး၏ ပါးဟက်ထဲသို့ ထိုးထည့်လိုက်သည်။
ဖဲထီးသံချောင်းအဖျားသည် ငါးပတ်ပါးစပ်အတွင်းမှ ထိုးထွက်လာသည်။ သံချောင်းကိုအဖျားမှ ဆွဲယူလိုက်သောအခါ ငါးပတ်သည် ကြိုးသီပြီးဖြစ်သွားသည်။
ငါးပတ်ကြီးမှာ ကြိုးတန်းလန်းနှင့် ကြွက်နီ၏ခါးတွင် ပြန်၍ ပတ်ထားသောကြောင့် ကြွက်နီ၏တင်ပါးကို သူ၏အမြီးဖြင့် တဖတ်ဖတ် ရိုက်နေသည်။ သို့သော် သူ့အတွက် လွတ်လမ်းတော့ မမြင်ပါ။
မကြာမီ ကြွက်နီ ငါးပြေမနှစ်ကောင်၊ ငါးရံ့တစ်ကောင်၊ ငါးခူတစ်ကောင် ထပ်မံရသည်။
ကြွက်နီသည် တက်ပု၊ ငခွေး၊ တောက်ထွန်းတို့ကို လှမ်းကြည့်လိုက်၏။
သူတို့၏ခါးပတ်လယ်မှာလည်း ငါးမျိုးစုံ စီရရီနှင့်။
“ဟေ့ကောင်တွေ လာကြပါဦးကွ … လာကြပါဦး”
တောက်ထွန်း၏ ငယ်သံပါအောင် အော်လိုက်သံကြောင့် ကြွက်နီ၊ တက်ပု၊ ငခွေးသုံးဦးမှာ မိမိတို့ဆောင်းများကို ရေထဲသို့ ပစ်ချထားရစ်ခဲ့ပြီး တောက်ထွန်းအနားသို့အပြေးအလွှား ရောက်လာကြသည်။
“ဘာဖြစ်လို့လဲဟေ့ တောက်ထွန်း”
ငခွေးက လှမ်းမေးလိုက်သည်။
“ငါ့လခွေး၊ ငါးကျည်းဆူး ငါ့ကို စူးသွားပြီကွ”
တောက်ထွန်းက ပြန်ပြောရင်း သူ့ညာလက်ဝါးကို ဘယ်လက်ဖြင့် ဖိထားသည်။
ရွှံ့အလူးလူးဖြင့် ပေနေသော တောက်ထွန်းမျက်နှာမှာ ရှုံ့မဲ့နေသောအခါ အရုပ်ဆိုးလှသည်။
တက်ပုက
“အဲဒီ ငါးကျည်းကော မိလိုက်သေးလားကွ”
“ဒီမှာလေကွာ ဒီမှာ၊ ဘာလွှတ်မလဲ၊ ငါးဆူးတောင်တွေအားလုံးချိုးပစ်ပြီး သီထားလိုက်ပြီ”
သူ့ခါးကို ညွှန်ပြရင်း တောက်ထွန်းက ရှုံ့မဲ့ပြီး ပြန်ပြောသည်။
တောက်ထွန်း၏ခါးတွင် လူးလွန့်နေသော ဆူးတောင်များမရှိတော့သည့် ငါးကျည်းတစ်ကောင်။
တောက်ထွန်းသည် ဒဏ်ရာရသော လက်ဝါးကို ကျန်လက်တစ်ဖက်ဖြင့်ဖိထားရင်း ရေကန်ပေါင်ပေါ်သို့ တက်လာသည်။ ထို့နောက် သူ၏လက်ဝါးကို ဖြန့်ခံလိုက်၏။
ကြွက်နီတို့သုံးယောက်က သူတို့၏ပုဆိုးကလေးများကို အသီးသီး လှန်ပြီး တောက်ထွန်း၏လက်ဝါးဘေး၌ ဝိုင်း၍ရပ်လိုက်ကြ၏။
“ကဲဟေ့ သေးပန်းကြ … ပန်းကြ”
ကြွက်နီ၊ တက်ပု၊ ငခွေး၏ ကျင်ငယ်ရည်တန်းကလေးများသည် တောက်ထွန်း၏လက်ဝါးပေါ်သို့ သွန်၍ကျလာသည်။
တောက်ထွန်းက မရွံမရှာ၊ ကျလာသော ကျင်ငယ်ရည်များကို လက်နှင့်လိုက်ခံကာ ကျင်ငယ်ရည်ဖြင့် ငါးကျည်းစူးသော ဒဏ်ရာကို လက်မနှင့်ဖိနှိပ်ပေးသည်။
ငါးကျည်းဆိပ်က အတော်နာသည်။ တဖျဉ်းဖျဉ်းနှင့်ကိုက်သည်။
အနာသိလျှင် ဆေးရှိရမည်။
ငါးကျည်းဆိပ် ဘယ်လောက်ပြင်းပါစေ။
ကျင်ငယ်ရည်နှင့်ထိလိုက်က အဆိပ်ပြေသည်။ ဘိုးစဉ်ဘောင်ဆက် ကုသခဲ့သော မိရိုးဖလာ ပွဲတွေ့ ဆေးမြီးတိုတစ်လက်။
မကြာမီ တောက်ထွန်း ငါးကျည်းအဆိပ်ပြေသွားသည်။
“ဟေ့ကောင် မင်းလက်ဝါးမစူးဘဲ မျက်နှာများစူးရင် သိပ်ကောင်းမှာကွ၊ ဟား ဟား ဟား”
တက်ပုက တောက်ထွန်းကို နောက်ပြောင်လိုက်၏။
“မင်းကြီးဒေါ်မျက်နှာကို ငါးကျည်းစူးမှ ငါ့ကိုလာခေါ်ကွ”
ရတောက်ထွန်းကလည်း အားကျမခံ ပြန်ပြောလိုက်သည်။
မိုးဖွားကလေးများ တဖွဲဖွဲကျလာ၏။ ပတ်ဝန်းကျင်သည် မှုန်မှိုင်းနေသည်။ ဧရာဝတီမြစ် အနောက်ဘက်ကမ်းမှ မိုးကြိုးထစ်သံနှင့်အတူ မိုးဖွဲကလေးများ ပို၍ ပို၍ကျလာသည်။
မကြာမီ မိုးရွာပေတော့မည်။
“ကဲဟေ့ … ကဲ ငါးပြန်ဆောင်းကြမာ် ။ အတော်ကြာ မိုးသိပ်ရွာလာရင်”
သူတို့လေးယောက်သား ငါးများဆက်ဆောင်းကြသည်။ ရေကန်တွင် ငါးကျည်း၊ ငါးခူတို့၏ တစ်ချက်တစ်ချက်ထပြီးပွက်မှုကြောင့် ဂယက်ငယ်ဝိုင်းဝိုင်းကလေးများ ဟိုမှ သည်မှ ထနေသည်။ ရေကန်ပေါင်အစပ်မှ ဗျိုင်းအောက်မှာလည်း ယခုတိုင် အိပ်တန်းသို့ မပြန်နိုင်သေး။ အလွန် အလုပ်များနေဆဲ။
(၄)
ကြွက်နီသည် တစ်ချက်အဆောင်းလိုက်တွင် သိမ့်သိမ့်ခါသွားအောင် ငါးက တိုးလိုက်၏။
ဒုတ်ခနဲ-ဒုတ်ခနဲ ဆောင်းကို ငါးခေါင်းနှင့် တိုးမှုကြောင့် ကြွက်နီသည် ဆောင်းကို မြဲမြဲကိုင်ထားရသည်။ ပြီးတော့ ဆောင်းကိုပိုမြဲရန် ရေအောင်သို့ဖိ၍ မြှုပ်လိုက်သည်။ ဆောင်းဝမှ လက်လျှို၍ ရေထဲသို့တဖြည်းဖြည်းလိုက်စမ်း၏။ ဟာ ငါးက တစ်ကောင်တည်း မဟုတ်နှစ်ကောင်တောင်။ အတော်ကလေးကြီးသော ငါးရံ့ကြီးနှစ်ကောင်။
ကြွက်နီသည် ငါးရံ့တစ်ကောင်ကို ရွှံ့ကြားမှာ လက်ဖဝါးနှင့် စမ်းမိလိုက်သည်။
ငါးရံ့က အသာငြိမ်နေ၏။
သည်အတိုင်း အလောတကြီးဖမ်းလိုက်က ငါးလွတ်သွားမည်။
လက်မောင်းခန့် ငါးရံ့ကြီးမို့ အားသန်သည်။ အကြမ်းပတမ်း ဖမ်း၍မရ။ ပြီးတော့ ဖမ်းဆုပ်ထားဖို့ကလည်း ငါးရံ့ကိုယ်လုံးက ချောနေသည်လွတ်သွားနိုင်သည်။
ကြွက်နီက ငါးရံ့ကို ရေထဲတွင် အရှင်လိုက်ဖမ်းရန် မလွယ်မှန်းသိသည်။ သည်တော့ ရေထဲမှာတွင် ဤငါးရံ့ကို အသေသတ်ရမည်။
ကုန်းပေါ်မှာလို ငါးခေါင်းကို အလေးဖြင်ထု၍ ငါးစိမ်းသည်လို သတ်၍မရ။ ဤသို့သော အခက်အခဲမျိုးတွင် ကြွက်နီတို့က လုပ်နေကျ။ လက်နှစ်ဖက်ဖြင့် ငါးရံ့ကို ဖွဖွကလေး ဖမ်းအုပ်လိုက်သည်။ ဖြည်းဖြည်းချင်း ငါးရံ့၏ခေါင်းအပေါ်နှင့် ဇက်ပေါ်သို့လက်နှစ်ဖက်ရောက်သွားသည်အထိ ချော့၍ကိုင်လိုက်သည်။
ငါးရံ့က ငြိမ်သက်မြဲ ငြိမ်သက်လျက်ရှိ၏။ ငါးရံ့၏ခေါင်းနှင့်ဇက်ကို လက်ဖြင့်အုပ်မိသည်နှင့် တစ်ပြိုင်နက် ဖျတ်ခနဲ ဆုပ်လိုက်ကာ၊ ငါးရံ့ခေါင်းကို ရုတ်တရက် လှန်ချိုးလိုက်တော့သည်။
ဤကိစ္စမှာ တစ်စက္ကန့်မျှသာ ကြာသည်။
မြန်မြန်လုပ်မှရသည်။ အချိန်ကြာ၍ မရ။ ငါးရံ့၏ခေါင်းနှင့်ကိုယ် ဆက်စပ်မှုတွင် ပါးဟပ်နှင့်မေးအောက်ဘက်အစွန်းနှင့် ငါးဗိုက်သားအစွန်းမှာ လက်တစ်လုံးခန့်သာ ဆက်နေသည်။
ထိုနေရာကို ပြုတ်သွားအောင်ပြတ်သွားအောင် တစ်နည်းအားဖြင့် ခေါင်းနှင့်ကိုယ် အိုးစားကွဲသွားအောင် လွယ်ကူသည့်အလုပ်မှာ ငါးရံ့ခေါင်းကိုလှန်ချိုးမှ ဖြစ်သည်။ နည်းလမ်းမရှိ။
နည်းသိတော့လည်း အလွယ်ကလေး။ ငါးရံ့မှာ ထွန့်ထွန့်လူး ရုန်းကန်ရင်း ခေါင်းအောက်ပိုင်းပြတ်သွားသည်။
ငါးရံ့၏သွေးများမှာ ရေပေါ်ကို ရဲခနဲတက်လာ၏။ ကြွက်နီ ငါးရံ့တစ်ကောင်ကို အသေရလိုက်ပါပြီ။
ငါးရံ့ကို ဖဲထီးသံချောင်းမှတစ်ဆင့် ကြိုးဖြင့်လည်း သီပြီးပါပြီ။ ငါးရံ့တစ်ကောင်ကိုဖမ်းရန် ကျန်သေးသည်။
ဟာ ဒီငါးရံ့က ပထမမိလိုက်တဲ့ ငါးထက်ကြီးသည်။ ပိုသတိထားပြီး ကိုင်ရမည်။
ငါးခေါင်းကို အသာစမ်းလိုက်၏။ ဒီငါးရံ့က ပထမငါးရံ့ကဲ့သို့ အငြိမ်မနေ။ ဆောင်းအတွင်း ဗြောင်းဆန်အောင် ရုန်းကန်လိုက်၍ ရေမှာပွက်ပွက်ထသွားသည်။
ငါးရံ့ဘယ်ရောက်သွားသည် မသိ။ ဆောင်းအတွင်း လက်နှင့်မွှေလိုက်သည်။ ဟော ငါးရံ့ကိုဘယ်မှာမှ ရှာမတွေ့တော့။ ဆောင်းကိုဖောက်၍တော့ ဒီငါးရံ့ မပြေးနိုင်။ ကြွက်နီ စိတ်မကျေ ပြန်စမ်းသည်။ သို့သော် ငါးရံ့ကိုရှာမတွေ့တော့။
မြေလျှိုး၍ မိုးပျံသည့် ငါးရံ့တော့ မဟုတ်တန်ရာ။
သို့သော် လက်တွေ့က ငါးရံ့ကိုဆောင်းအတွင်း ဘယ်မှာမှ ရှာမတွေ့ တော့။ ပျောက်ချက်သား ကောင်းလှသည်။ ဟော တွေ့ပြီ။ ငါးရံ့၏ လွတ်ပေါက်။
ဆောင်းမှာ ရေထဲမှာ ဘယ်လိုပင် ဖိထားဖိထား နွံအကြားတွင် နစ်မြုပ်နေသော အုတ်ခဲကျိုးတစ်ခုပေါ်တွင် ဆောင်း၏နှုတ်ခမ်းတစ်ဖက်က တင်နေသည်။ ဆောင်းမှာ ဤနေရာ၌ အုတ်ခဲပေါ် တင်နေမှုကြောင့် ဟာနေသည်။
ဤနေရာမှာပင် ငါးရံ့ကြီးမှ လွတ်မြောက်သွားပါပြီကော။
“တောက် ကြီးတဲ့ငါးရံ့ကြီးမှ လွတ်တတ်ပလေ”
ကြွက်နီသည် တစ်ချက်ကြိမ်းဝါးလိုက်ပြီး
“ဟေ့ တက်ပု၊ ငခွေး၊ တောက်ထွန်းတို့ ငါ့ဆောင်းထဲက ငါးရံ့ကြီးလွတ်သွားပြီ၊ နည်းတဲ့ငါးကြီးမဟုတ်ဘူးကွ။ အနည်းဆုံး ငါးဆယ်သားရှိမယ်။ ဒီနေရာမှာဝိုင်းပြီး ပိုက်ဆောင်းကြဟေ့”
ကြွက်နီက အော်လိုက်စဉ်ပင် သူတို့ဝိုင်းလာကြသည်။ သည်နေရာ ဟိုနေရာ မြန်မြန်လိုက်၍ ဆောင်းကြအုပ်ကြသည်။
ငါးရံ့ကြီးကတော့ လွတ်မြဲလွတ်နေသည်။
သူတို့ကလည်း အားမလျော့။
“ဟေ့ မိပြီကွ မိပြီ”
တက်ပု၏ အားရဝမ်းသာ အော်လိုက်သံ။
တက်ပုသည် ဆောင်းအတွင်းသို့ လက်လျှိုကာ ဖမ်းလိုက်သည်။ သူတို့မျှော်မှန်းထားသည့် ငါးရံ့ကြီးတော့မဟုတ်။ ဆူးတောင်တကားကားနှင့် ငါးပြေမကြီးတစ်ကောင်။
“ငါးရံ့ကြီးလည်း မိနေတယ်ကွ၊ ဒီငါးက အဆစ်ပေါ့ကွာ”
အားရဝမ်းသာပင် တက်ပုက လှမ်းပြောလိုက်သည်။ ထို့နောက် ဖမ်းမိသော ငါးပြေမကို ကြိုးနှင့်မသီ ပါးစပ်ဖြင့်ဖမ်းကိုက်လိုက်ပြီး ငါးရံ့ကိုဖမ်းရန် ဆောင်းအဝသို့ လက်လျှိုလိုက်ပြန်သည်။
“ဟေ့ တက်ပု၊ မင်းငါးရံ့ဘယ်မှမပြေးနိုင်ပါဘူး၊ ငါးပြေမကို ကြိုးသီလိုက်ကွာ”
ငခွေးက စိုးရိမ်တကြီး လှမ်းပြောလိုက်သည်။ တက်ပုက ငခွေးပြောသည်ကို မကြား၍ပင်လော၊ ဂရုမစိုက်၍ပင်လော မသိ။ ငါးရံ့ကြီးကိုသာ ခေါင်းငုံပြီး ဖမ်းမြဲဖမ်းနေသည်။
သိပ်တော့ မကြာလှ။
“အား”
အော်သံတစ်ချက်သာ တက်ပုထံမှ ကြားလိုက်ရသည်။ တက်ပုသည် ငါးဖမ်းနေရာမှ ရုတ်တရက် နောက်သို့လန်ကျသွားသည်။ သူနှင့်အတူ ဆောင်းမှာလည်း မြောက်တက်လာ၏။ ငါးရံ့ကြီး လွတ်သွားပြန်ချေပြီ။
တက်ပုကိုက်ထားသော ငါးပြေမမှာ တက်ပုပါးစပ်အတွင်းတွင် အမြီးမျှသာ မြင်ရတော့သည်။
ငါးပြေမမှာ တက်ပုသွားဖြင့်ကိုက်ထားရာမှ လွတ်သွားပြီး တက်ပု၏ ပါးစပ်အတွင်းသို့ တိုးဝင်နေပါပကော။
“ဟေ့ကောင်တွေ လာကြလာကြ ၊ တက်ပုအာခေါင်ထဲ ငါးပြေမဝင်သွားပြီကွ”
ကြွက်နီက စိုးရိမ်တကြီး လှမ်းအော်လိုက်၏။ ငခွေးနှင့်တောက်ထွန်းတို့ ပြေးလာကြသည်။ ကြွက်နီက ငါးပြေမ၏ အမြီကိုဆွဲပြီး ပြန်ထုတ်သည်။
သူ၏ ကြိုးစားမှုသည် အလဟဿမျှသာ။ တက်ပု၏မျက်လုံးအစုံမှာ ပြူးလာသည်။ မျက်နှာမှာ ညိုမဲလာသည်။ လည်ပင်းကြောကြီးများ ထောင်လာသည်။ ငါးပြေမက တဖြည်းဖြည်း တက်ပု၏ လည်ချောင်းအတွင်းသို့တိုးဝင်နေ၏။
“လာဟေ့ ဆကာကြီးဆေးခန်းကို အမြန်ဆုံးသယ်သွားကြမယ်”
တက်ပုကို သူတို့သုံးယောက် တစ်လှည့်စီကျောပိုးပြီး ဆကာကြီးဆေးခန်းသို့ အချိန်မီကုသရန် သယ်ဆောင်သွားကြ၏။ ရေကန်အတွင်းမှ သူတို့၏ဆောင်းများမှာမူ ပက်လက်လန်၍ ကျန်ရစ်ခဲ့ကြသည်။
(၅)
တက်ပု ရေတိမ်နစ်ခဲ့ရချေပြီ။
ဘာမဟုတ်သည့် ငါးပြေမတစ်ကောင်ကြောင့် အသက်ဆုံးရသည်။ ဆကာကြီးဆေးခန်းသို့ရောက်သောအခါ တက်ပု၏ကိုယ်ကာယသာ ပါလာပါသည်။ အသက်တော့ ပါမလာတော့ပါ။ ငါးပြေမသည် တက်ပု၏ အသက်ရှုလမ်းကြောင်းကို ပိတ်ဆို့ပစ် လိုက်ပါချေပြီ။
တက်ပု၏အပြစ်လည်းပါသည်။ သူ၏ ဖြစ်ကတတ်ဆန်း အလျင်စလိုလုပ်တတ်သော အကျင့်က သူ၏အသက်ကို သတ်ခဲ့ခြင်းဖြစ်ပါသည်။
သည်ငါးပြေမကို ကြိုးဖြင့်သီလိုက်ပါလျှင် ဤအဖြစ်ဆိုးမျိုးကို တွေ့ရမည်မဟုတ်။ ငါးရံ့ကြီးလည်း တက်ပု၏ဆောင်းအတွင်းမှ မလွတ်နိုင်။
တက်ပု၏ အိမ်ဘက်ဆီမှ ကြေးစည်သံကို ကြားလိုက်ရသည်။ တက်ပု၏ဈာမနကို ယနေ့သုသာန်သို့ပို့ရမည်။ အသက်ငယ်ငယ်ရွယ်ရွယ်၊ မီးစာမကုန် ဆီမခန်းမီ တက်ပုသေရသည်။
တက်ပု၏မိခင် မချိတင်ကဲ အော်၍ ငိုလိုက်သံကို စိတ်မချမ်းမသာ ကြားရသည်။
ရှေးက လူကြီးသူမများ ပြောသော စကားများကတော့
အသွားမတော် တစ်လှမ်း
အစားမတော်တစ်လုတ်
ယခုတက်ပုအဖို့မှာမူ သူ၏ဖြစ်ကတတ်ဆန်း အလျင်စလို လုပ်တတ်သောအကျင့်ကြောင့်
“အကိုက်မတော် တစ်သက်”
(ရှုမဝရုပ်စုံမဂ္ဂဇင်း၊ အတွဲ ၃၃၊ အမှတ် ၃၉၅၊
ဧပြီ ၁၉၈ဝ)
– ပြီး –
စာရေးသူ – မောင်သိက္ခာ
စာစီစာရိုက် – မုဆိုး တံငါ စာပေများ