အစောင့်ခွေးနက်ကြီး(စ/ဆုံး)
—————————–
ကျွန်တော်နာမည် မိုးထူးပါ ။ကျွန်တော်က သာယာကုန်းရွာသားတစ်ယောက်ပေါ့ဗျာ။အခု ကျွန်တော်ပြောချင်တဲ့အကြောင်းအရာကတော့ ကျွန်တော်ကြုံဖူးတဲ့အဖြစ်အပျက်လေးတစ်ခုကို ပြောပြချင်တာဗျ။
အဲ့နေ့က ကျွန်တော် အိမ်မှာ ရှိနေတုန်း ကျွန်တော်အဖေက…
“ငါ့သား…မင်းအဘိုးကျောင်းကို သွားလိုက်ဦး ။အဘိုးလိုအပ်တာ ရေခပ်တာတွေဘာတွေဝိုင်းကူလုပ်ပေးခဲ့လိုက် ကြားလား ”
ကျွန်တော့်အဖေက ခိုင်းတာဆိုတော့ မငြင်းရဲဘူးဗျ။အဖေက စိတ်ကြီးတယ် ။ကျွန်တော်တို့် မောင်နှမတွေကို သူစိတ်တိုရင် ရိုက်တတ်တယ်လေ။ဒါပေမယ့် အမြဲတမ်းတော့မဟုတ်ပါဘူးဗျာ။
အဖေက ပြောတော့…
“ဟုတ်ကဲ့ပါ အဖေ ။သားသွားလိုက်ပါ့မယ် ”
ကျွန်တော်အဖြေကြောင့်အဖေပြုံးသွားတယ်ဗျ။အဘိုးဆိုတာက အဖေ့ရဲ့အဖေပါ ။အဘိုးက ဟိုဘက်ရွာဘုန်းကြီးကျောင်းမှာ ကျောင်းထိုင်ဘုန်းကြီးဗျ။အဖေကသာ အမေနဲ့ညားပြီး ဒီဘက်ရွာကိုပြောင်းလာခဲ့တာ။
အဘိုးမှာလည်း သားသမီးဆိုလို့် ကျွန်တော် အဖေတစ်ယောက်ထဲရှိတာဗျ။
ဒါထက်ပြောရဦးမယ် ကျွန်တော့်အဘိုးက ရိုးရိုးကျောင်းထိုင်ဘုန်းကြီးမဟုတ်ဘူးဗျ။
အဖေပြောတာက အဘိုးက အထက်လမ်းပညာလည်းတတ်တယ်ဆိုပဲ။
အဲ့လိုအဖေက ပြောရင်း သူငယ်ငယ်က အဖြစ်အပျက်တစ်ခုကို ပြန်ပြောပြတယ်ဗျ။ကျွန်တော် ပြန်ပြောပြပါ့မယ်။ဒီလိုဗျ….
“ဟေ့ မောင်စိန်ရေ….”
“ဗျာ…အရီး ဘာဖြစ်လို့လဲ ”
“ဟဲ့…နင့် သားတော်မောင် ဘာတွေစားပြီ အန်နေတယ်မသိဘူး လိုက်ခဲ့ဦး ”
ဦးမောင်စိန် အရီးဖြစ်သူနောက်ကို
ခြေလှမ်းကိုခပ်ကျဲကျဲလှမ်းရင်း ပုဆိုးကိုခပ်တိုတိုပြောင်းဝတ်ရင်းလိုက်ပါလာခဲ့သည်။
အရီးအိမ်ရောက်တော့….
“အွတ်….ဝေါ့….အွတ်…..”
“ဟာ…သား ဘာဖြစ်တာလဲ… ဟင်….”
ဦးမောင်စိန်သားဖြသ်သူအတွက်စိုးရိမ်သွားသည်။
ဒါပင်မယ့် သားဖြစ်သူ အန်နေသည့်အရာများကြောင့်အခြေအနေကို နားလည်သွားကာ…
“အရီး….ရေတစ်ခွက်ပေးဗျာ….”
“သြော်….အေး အေး ခဏစောင့် ”
အရီးဖြစ်သူ က ရေတစ်ခွက်ခပ်ကာ ဦးမောင်စိန်ကိုလှမ်းပေးလိုက်သည်။
ရေခွက်လက်ထဲရောက်တော့ ဦးမောင်စိန်ပါးစပ်မှ တစ်စုံတစ်ခုကို ရွတ်ဆိုလိုက်ပြီး….
“လာသား….ဒီရေ ကုန်အောင်သောက်လိုက် ”
သားဖြစ်သူက အန်နေသည့်ကြားမှ ဖခင်ဖြစ်သူတိုက်သော ရေကို ကုန်အောင်သောက်လိုက်တော့သည်။
ခဏကြာတော့ ထိုးထိုးအန်နေသော သားဖြစ်သူ မအန်တော့ဘဲ အကောင်းပကတိအတိုင်းဖြစ်သွားတော့သည်။
“ငါ့သား…မင်း ဘာတွေစားထားလို့လဲ ”
“အဲ့တာ…အဲ့တာ…သား ဒေါ်ပုမဆီက အချဉ်ပေါင်း ဝယ်စားတာအဖေ ”
“သြော် ဒေါ်ပုမ…တွေ့ကြသေးတာပေါ့ကွာ ”
“ဟဲ့….ဟဲ့….မောင်စိန်ဘယ်တုန်း…. ”
အရီးဖြစ်သူက စိုးရိမ်တကြီးလှမ်းခေါ်လေသည်။
“အရီးရေ…ဒေါ်ပုမဆီ သွားမလို့ ခဏပါ ”
ဦးမောင်စိန် ထိုမျှသာပြောပြီး ရှေ့ဆက်လျှောက်လာခဲ့သည်။
ဒေါ်ပုမ အိမ်ရှေ့ရောက်တော့…
“ဒေါ်ပုမ….ဒေါ်ပုမ…ခုထွက်ခဲ့…ခင်ဗျား အခုထွက်လာခဲ့ပါ ”
ဒေါ်ပုမတစ်ယောက် အိမ်ထဲတွင်ရှိပေသည်။
သို့သော် အိမ်ပြင်ကို မထွက်ရဲပေ။
“ဒေါ်ပုမ ထွက်လာရင်သက်သာမယ်နော်…။ခင်ဗျား…မထွက်လာရင် ကျုပ်အကြောင်းသိမယ် ”
“လာပါပြီတော်…လာပါပြီ ”
ဒေါ်ပုမ အိမ်အပြင်ကို ထွက်လာခဲ့တော့သည်။
“ပြော..ကျုပ်သားစားတဲ့ အချဉ်ပေါင်းထဲ ခင်ဗျား ပညာတွေထည့်လိုက်တယ်မလား….”
“အဲ့….အဲ့တာက ဆရာရယ်…သားလေးကိုချစ်လို့ပါတော် ”
“သြော်….ချစ်လို့ မုန်းလို့ဆိုပြီး တစ်ပါးသူ အသက်ကို ထိပါးတယ်ပေါ့ ”
“အဲ့…အဲ့တာကေလ…..”
“ခင်ဗျား ပညာ ကျုပ်ကို လှူ…လှူမလား မလှူဘူးလားပြော….”
“ကျုပ် ပညာတော့ မလှူပါရစေနဲ့ဆရာ။ ဒီပညာသာမရှိရင် ကျုပ်သေမှာ .. ”
“တော်စမ်း…..ခင်ဗျား ကျုပ်နဲ့ ပညာပြိုင်ချင်တာလား ဟမ် ။လှူမလား ကျုပ်နဲ့ပြိုင်မလား ရွေး….”
“ဆရာနဲ့မပြိုင်ရဲပါဘူးဆရာရယ်….”
“ကဲ…အဲ့တာဆို လှူ…”
ဒေါ်ပုမတစ်ယောက် ဦးမောင်စိန်ပညာကို မယှဉ်ရဲပေ။အထက်နှင့်အောက် အမှောင်နဲ့အလင်းမို့ သူ မယှဉ်ရဲ။
ထို့ကြောင့် ရှိသမျှပညာအား ဦးမောင်စိန်ကို လှူလိုက်တော့သည်။
ဦးမောင်စိန်ဆိုတာ ကျွန်တော့်အဖိုးပေါ့ဗျာ။ဒေါ်ပုမကြီးလည်း ခုထက်ထိ အဘိုးတို့ရွာမှာရှိသေးတယ်ဗျ။အသက်ကလည်းတော်တော်ရလာပြီလေ။ အဘွားကြီးက ဘုရားတရားတော့မြဲရှာတယ်ဗျ။
အဲ့တာ ထားပါလေ ကျွန်တော် အဖိုး ရွာကို သွားရမှာဗျ။ နှစ်ရက် ၊သုံးရက်လောက်နေရမှာဆိုတော့ ညနေစောင်းမှ သွားဖို့ စဉ်းစားတာပေါ့။
ဒီလိုနဲ့ ညနေရောက်လာတော့ အဖေနဲ့အမေ့ကို ပြောပြီး လွယ်အိတ်လေးထဲ အဝတ်အစားလေးနှစ်စုံထည့်ပြီး ထွက်လာခဲ့လိုက်တယ်။
ိုအဘိုးတို့ရွာနဲ့ ကျွန်တော်တို့ရွာနဲ့ လမ်းက လမ်းသစ်ဖောက်ထားတာဆိုတော့ ဖြောင့်လို့ဖြူးလို့ပေါ့ဗျာ။
သီချင်းတွေထဲက မြေနီလမ်းဆိုတာ ကျွန်တော်အခုသွားနေတဲ့ လမ်းလေးပေါ့။
အိမ်က ထွက်လာတာ အရမ်းအမှောင်သေးဘူးဗျ။ခုတော့တော်တော်မှောင်လာပြီ ။ကျွန်တော်က သရဲတွေဘာတွေမကြောက်တတ်ဘူးဗျ။အကောင်ပလောင်တွေပဲ ဂရုစိုက်ရတာ ။
ဒါပေမယ့် ကျွန်တော့် လွယ်အိတ်ထဲ မှာ လောက်လေးတွေပါတယ်လေ ဘာမှကြောက်စရာမလိုတော့ဘူးပေါ့။
သွားရင်းသွားရင်းနဲ့ အဖိုးတို့ရွာနားရောက်လာတော့တယ်ဗျ။
တစ်ခုပြောဖို့မေ့နေတာဗျ။ အဘိုးတို့ရွာနားမရောက်ခင် ကျွန်တော် ရှေးဟောင်းကျောင်းပျက်ကြီးကိုကျော်ရဦးမှာဗျ။
လူတွေပြောတာတော့ သရဲ အခြောက်ကြမ်းတယ်တဲ့။
ဒါပေမယ့် ကျွန်တော်မကြောက်ပါဘူး ခုဆိုရင်အဲ့ကျောင်းပျက်ကြီးနားရောက်တော့မယ်လေဗျာ။
ကြောက်တတ်သူအဖို့တော့ ခြောက်ခြားဖို့ကောင်းတာပေါ့။
ကျွန်တော်လည်း ခြေလှမ်းမှန်မှန်လျှောက်လာရင်း အဲ့ကျောင်းပျက်ကြီးကိုကျော်လာတာပေါ့ ။
အဲ့မှာဗျာ…ကျွန်တော် စိတ်ထဲ တစ်ခုခုက လှုပ်ဆော်သလိုမို့နောက်ကိုပြန်လှည့်ကြည့်လိုက်တယ်ဗျ။
တွေ့လိုက်ရတာက ခွေးနက်ကြီးဗျ နည်းတဲ့ကောင်ကြီးမဟုတ်ဘူး အဲ့ကောင့်ကြီးကိုကြည့်ပြီး ကြောက်စိတ်တွေဝင်လာရတယ်ဗျ။
အဲ့တာနဲ့ ကိုယ့်လည်း ရန်ပြုမှာကြောက်ရတာမို့လွယ်အိတ်ထဲက ဘက်ခွကိုထုတ်ပြီး ချိန်ထားရတယ်။ဒါပေမယ့် ခွေးနက်ကြီးက ကျောင်းပျက်ကြီးရဲ့အုတ်တံတိုင်းအကျိုးကြီးပေါ်မှာထိုင်နေပြီး ကျွန်တော့်ကိုပြူးကြည့်နေတာ။
အချိန်တော်တော်ကြာအောင် ကြည့်နေပြီး ကျွန်တော် အဲ့သည်အနားက ထွက်လာခဲ့လိုက်တယ်။
နောက်ကိုကြည့်တော့ ခွေးနက်ကြီးက ကျွန်တော့်နောက်ကို လိုက်လာတယ်ဗျ။
ကျွန်တော်ခြေလှမ်းရပ်လိုက်ရင် သူလည်းရပ်လိုက်ပြီး ကျွန်တော် ဆက်လှမ်းရင် သူလည်းနောက်ကပါလာခဲ့တာဗျ။
ကျွန်တော်လည်း နောက်ကိုကြည့်လိုက်ဆက်လျှောက်လိုက်နဲ့ အဘိုးကျောင်းကိုရောက်လာခဲ့တော့တယ် ။
အဲ့တော့မှ.စိတ်နည်းနည်းသက်သာသွားရတယ်။
ခွေးနက်ကြီး ကြည့်တော့ ဘယ်ဆီရောက်သွားလဲမသိတော့ဘူးဗျ။
ပျောက်ခြင်းမလှကိုပျောက်သွားတော့တာပဲ။
အဲ့နောက်မှသိလိုက်ရတာက ကျွန်တော့်အဘိုးကကျွန်တော်လာတာသိလို့ အစောင့် ခွေးကြီးလွှတ်ပေးတယ်ဆိုပဲဗျ။
ခုတော့ ဒီလောက်ပါပဲ။ကျွန်တော့်အဘိုးကြောင်းပြောပြဖို့နောက်ဇာတ်လမ်းတစ်ပုဒ်
ကိုစောင့်ပေးကြပါဦး။
Yim Min (KBU)…
ဒီဇာတ်လမ်းလေးကို ကျွန်မ အမေရဲ့ ဦးလေးနေရာကနေရေးပေးထားတာပါ။
ဖြစ်ရပ်မှန်လေးတွေပါရှင်။
#crd